Novel

ကျွန်တော်နှင့်သတ္တဝါတစ်ခု  

 

 

 

————————————-မင်းလူ

 

 

 

 

ညမှု ညလူ သူခိုးများပူသဖြင့် နိုးနိုးကြားကြားအိပ်ရသည်။ သို့တိုင်အောင် အိပ်ပြီဆိုမှတော့ ပျော်သွားသည်ချည်းပင် ဖြစ်သည်။ တစ်ရေးနိုးသည့်အချိန်ကျမှသာ နားစွင့်နိုင်သည်။ ခုတစ်လော ရပ်ကွက်ထဲမှာ ဟိုအိမ် သည်အိမ်တို့မှ စိန်တံချူမိသွားကြောင်း၊ လူကပ်ကြောင်း စသည်တို့ကြားနေရသည်။

 

 

 

 

ကိုယ့်အိမ်မှာ ခိုးစရာပစ္စည်း ကြီးကြီးကျယ်ကျယ်ရှိသည်တော့မဟုတ်ချေ။ သို့ရာတွင် ဆင်းရဲသားနှင့် လူလတ်တန်းစား ကပြားတို့များသောရပ်ကွက်တွင် လူလတ်တန်းစားအစစ်ဖြစ်သော ကျွန်တော်တို့အိမ်ကို မျက်စိကျကောင်း ကျနိုင်သည်ဟု တွက်ရသည်။ ပုဆိုးတစ်ထည်၊ ထဘီတစ်ကွင်း စိန်တံချူမိသွားလည်း နည်းတာမဟုတ်။

 

 

 

 

* * *

 

 

 

 

တစ်ညသ၌ တစ်ရေးနိုးနေတုန်း အိမ်နောက်ဖေးဘက်မှ အသံတစ်သံကြားရသည်။ ထရံကို တစ်စုံတစ်ခုနှင့်ခြစ်သလိုလို၊ သစ်သားကို လှီးဖြတ်နေသလိုလို တတောက်တောက်၊ တဂျီဂျီအသံ။

 

 

 

 

ကုတင်ပေါ်မှ အသာလျှောဆင်းသည်။ နံရံမှာကပ်ထောင်ထားသော ပျဉ်းကတိုးသားတုတ်ကို ယူသည်။ မီးဖိုဘက်သို့ ခြေသံမကြားအောင်သွားသည်။ သွားရင်းက တစ်ခုစဉ်းစားမိ၏။

 

 

 

 

သူခိုးကိုတွေ့ပြီဆိုလျှင် တုတ်နှင့်ရိုက်ရတော့မည်။ မတော်တဆ လက်လွန်သွားနိုင်သည်။ နောက်တစ်ခုက သူခိုးဆိုသည်မှာ မှောင်ထဲ၌ မျက်စိကျင့်ရပြီးသား။ ကိုယ်ကမမြင်မီ သူက ကိုယ့်ကို အရင်မြင်နိုင်သည်။ ဒါဆို သူက အရင်ဦးအောင်လုပ်ထည့်လိုက်လျှင်။

 

 

 

 

ခြေလှမ်းတုံ့သွားသည်။ အကြံတစ်ခုရသည်။ မီးခလုတ်ကိုဖွင့်လိုက်သည်။ လူနိုးလာပြီဟု သတိပေးလိုက်ခြင်းဖြစ်သည်။ သူခိုးက သူ့ဘာသာသူ ပြန်လစ်ပြေးလိမ့်မည်။

 

 

 

 

တဂျီဂျီမြည်နေသောအသံ ရပ်သွား၏။ ချောင်းတစ်ချက်ဟန့်လိုက်သည်။ အိမ်သာဘက်သွားသည်။ ရေအိုးအဖုံးကို အသံမြည်အောင်ဖွင့်ပြီး ရေသောက်သည်။ ပြီးမှ မီးပြန်ပိတ်ပြီး အိပ်ခန်းထဲပြန်၀င်သည်။ မအိပ်သေးဘဲ နားစွင့်နေလိုက်သည်။

 

 

 

 

အတော်ကြာအောင် ငြိမ်သက်နေသည်။ ထို့နောက် တဂျီဂျီမြည်သံ ပြန်ပေါ်လာပြန်သည်။ ကုတင်ပေါ်ကဆင်း၊ တုတ်ကို ပြန်ကိုင်သည်။ ပြီးမှ တွေးလိုက်မိ၏။

 

 

 

 

သူခိုးဆိုလျှင် လူနိုးနေမှန်းသိလျက်နှင့် နောက်တစ်ကြိမ်ထပ်ပြီး မိုက်မိုက်မဲမဲစွန့်စားမည်မဟုတ်။ ကျွန်တော် မီးပြန်ပိတ်လိုက်တာ ဆယ်မိနစ်လောက်သာရှိသေးမည်။ တစ္ဆေ သရဲများလား၊ ဒါတော့ ကျွန်တော်မယုံ။ သို့ဆိုလျှင်။

 

 

 

 

တုတ်ကိုကိုင်လျက် နောက်ဖေးဘက် အသာလျှောက်သွားသည်။ မီးလည်းမဖွင့်၊ ခြေလှမ်းကိုလည်း ဖော့နင်းသည်။ မီးဖိုခန်းနားရောက်လာသည်။ တဂျီဂျီအသံကို ကြားရတုန်း။ နားကို အစွမ်းကုန်စွင့်သည်။ အသံလာရာကို မှန်းကြည့်သည်။ မီးဖိုကြမ်းပြင်ဆီမှ မြည်နေသောအသံ။

 

 

 

 

ဖျတ်ခနဲ မီးဖွင့်လိုက်သည်။ အသံရပ်သွား၏။ ငါးမိနစ်လောက်ငြိမ်နေလိုက်သည်။ ပြန်မြည်လာ၏။

 

 

 

 

အသံမြည်ရသည့်အကြောင်းရင်းကိုတော့ ခန့်မှန်းလို့ရပြီ။ ကြမ်းပြင်က ဆွေးနေသောနေရာ တစ်နေရာကို ကြွက်ဖောက်နေခြင်းဖြစ်မည်။ ဘယ်နေရာဆိုတာကတော့ အတိအကျမသိရ။ ဖောက်နေသော ကြွက်ကလည်း နားလိုက်၊ ဖောက်လိုက်လုပ်နေသဖြင့် အသံက ပေါ်လာလိုက် ပျောက်သွားလိုက်။

 

 

 

 

အသံမြည်နေသည်ဟု ထင်နေရသောနေရာကိုမှန်း၍ တုတ်နှင့် နှစ်ချက် သုံးချက်ရိုက်လိုက်သည်။ သတ္တဝါငယ်တစ်ကောင်ထွက်ပြေးသွားသောအသံကို ကြားရသည်။

 

 

 

 

ကျွန်တော်လည်း အိပ်ခန်းထဲပြန်၀င်ပြီး အိပ်သည်။ နောက်တစ်ကြိမ်မြည်သံလိုလို ကြားရသော အချိန်တွင် ကျွန်တော် အိပ်တစ်၀က်နိုးတစ်၀က်ဖြစ်နေပြီ။ ထမကြည့်ဖြစ်တော့။

 

 

 

 

နောက်နေ့မနက် အိပ်ရာမှနိုးသောအခါတွင် အတိအကျသိရသည်။ မိန်းမက ခေါ်ပြသည်။ မီးဖိုကြမ်းပြင်မှာ ချထားသည့်ဆန်ခြောက်ပြည်ထည့်ထားသောအိတ်ကို ဆွဲဖယ်သည်။ ကြွက်က ဆန်အိတ် အောက်တည့်တည့်ကကြမ်းပြင်ကို ဖောက်ထားခြင်းဖြစ်သည်။ အပေါက်က လက်ဖက်ရည်ပန်းကန် တစ်လုံးစာလောက်ရှိသည်။ ဆန်အိတ်ကိုလည်း အောက်ကလှိုက်ပြီး ဖောက်စားထားသဖြင့် ပေါက်ပြဲပြီး ဆန်တွေထွက်ကျနေသည်။

 

 

 

 

“အိတ်ကအသစ်ကြီး။ ဟိုတစ်နေ့ကမှ ၀ယ်ထားတာ”

 

 

 

 

ဟု မိန်းမက နှမြောသံဖြင့်ပြောသည်။ ပြီးတော့ ဆန်က သူတို့ရုံးမှရသည့် ဆန်ကောင်း၊ ဧည့်မထဖြစ်သည်။ သမဝါယမဆိုင်ကပေးသော ငစိန်ဆန်နှင့်ရောပြီးစားရသည်။ လူကိုသာ အစော်ကားခံချင် ခံနိုင်မည်။ ဆန်ကိုတော့ အထိမခံနိုင်။

 

 

 

 

“ဒီကြွက် ဒုက္ခပေးနေတာကြာပြီ။ ဆန်ကာထဲထည့်ထားတဲ့ခရမ်းချဉ်သီးတွေ ချီသွားလိုက်၊ အာလူးတွေ စားသွားလိုက်နဲ့ အုပ်ထားလဲမရဘူး။ ဆန်ကာပါ ဖောက်ပြီးနှိုက်တယ်။ ဟိုနေ့ကလည်း ထဘီတစ်ထည် ကိုက်သွားပြီးပြီ”

 

 

 

 

ဟု ဆက်ပြောသည်။ ကျွန်တော်သည် ထိုကြွက်ကို တော်တော်စိတ်ဆိုးသွားလေပြီ။ အပြတ်ရှင်းပစ်မည်ဟု ဆုံးဖြတ်လိုက်၏။

 

 

 

 

ကြွက်ထောင်ချောက်တစ်ခု၀ယ်သည်။ လှောင်အိမ်ပုံစံပြုလုပ်ထားသော ထောင်ချောက်ဖြစ်သည်။ စပရိန်နှင့်ဆွဲထားသောတံခါးကို အစာချိတ်သည့်သံချိတ်နှင့်ချိတ်ထားရသည်။ ကြွက်က အစာကိုဆွဲလျှင် မောင်းပြုတ်ပြီး တံခါးပိတ်၊ ထောင်ချောက်လှောင်အိမ်ထဲပိတ်ပြီးသားဖြစ်သွားသည့်စနစ်။

 

 

 

 

ကြွက်တို့သည် လာနေကျလမ်းကြောင်းအတိုင်း လာတတ်သည်ဟု ကြားဖူးသည်။ ထို့ကြောင့် မနေ့ညကဖောက်ထားသော ကြမ်းပေါက်အ၀မှာ ထောင်ချောက်ကို ချထားသည်။ မျှားစာအဖြစ် အာလူး ခပ်သေးသေးတစ်လုံးကို သံချိတ်မှာ ချိတ်ထားလိုက်သည်။

 

 

 

 

ထိုညက တော်တော်နှင့်အိပ်မပျော်။ ထောင်ချောက်မောင်းကျသံ ဂျိမ်းခနဲ ကြားရမလားဟု နားစွင့်နေသောကြောင့်ဖြစ်သည်။ ညဉ့်နက်သည်ထိ ဘာသံမှမကြား။ ထိုညက သူ မလာချေ။

 

 

 

 

နောက်တစ်နေ့ညတွင် အစာအသစ်လဲသည်။ ငါးခြောက်သေးသေးလေးတစ်ကောင်ချိတ်သည်။ ကြမ်းပေါက်ထဲသို့ ဆန်စေ့အနည်းငယ် ချသည်။ ထောင်ချောက်လှောင်အိမ်ထဲတွင်လည်း ဆန်စေ့နည်းနည်း ထည့်ပြီး လမ်းကြောင်းလုပ်ပေးထားသည်။ ကြွက်ကို ပိုပြီးမြူဆွယ်နိုင်စေရန် ငါးခြောက်မှာ ဟင်းဆီ နည်းနည်းသုတ်ထားလိုက်သေးသည်။

 

 

 

 

* * *

 

 

 

 

မှေးခနဲအိပ်ပျော်သွားချိန်တွင် ဂျိမ်းခနဲမြည်သံကြောင့် ဖျတ်ခနဲပြန်နိုးလာသည်။ ကြွက်၏အော်သံ တကျွီကျွီကိုလည်း ကြားရသည်။ ကြွက်မိနေပြီ။

 

 

 

 

အိပ်ရာမှ လူးလဲထပြီး နောက်ဖေးဘက်သွားသည်။ မီးဖွင့်လိုက်၏။ မှန်သည်။ ထောင်ချောက်ထဲမှာ မိနေပြီ။ မြေကြွက်ကြီး။ အကောင်တော်တော်ကြီးသည်။ လှောင်အိမ်နှင့်ပြည့်လုနီးပါ။ သူ့အမြီးကတော့ လှောင်အိမ်တံခါးနှင့်ညပ်ပြီး အပြင်မှာ တန်းလန်းထွက်နေသည်။

 

 

 

 

သူသည် တကျီကျီအော်ရင်း ရုန်းကန်နေသည်။ အတော်သန်သည့်အကောင်။ သူ ရုန်းလိုက်တိုးလိုက်လျှင် လှောင်အိမ်က တဝုန်းဝုန်းမြည်ပြီး လှုပ်ခါသွားတတ်သည်။ သူ့ထံမှ ညှီစို့စို့အနံရသည်။ ကျွန်တော် စက်ဆုပ်စွာ နှာခေါင်းရှုံ့လိုက်၏။

 

 

 

 

ထိုစဉ်မှာပင် တစ်ချိန်လုံးကျွန်တော်မစဉ်းစားခဲ့မိသည့်အချက်တစ်ချက်ကို သတိရလိုက်သည်။ ကြွက်ကိုတော့မိပြီ။ ဘာလုပ်မလဲ။ သတ်ဖို့ပဲရှိသည်။ ဘယ်လိုနည်းနှင့်သတ်မလဲ။

 

 

 

 

သံချွန်တစ်ခုခုနှင့်ထိုးသတ်။ တွေးသာတွေးသည်။ ကျွန်တော် ဒီလောက်ထိတော့ လက်မရဲချေ။ ပြီးတော့ တစ်ချက်တည်းနှင့်မသေဘဲ အော်နေလျှင် ခက်မည်။ တခြားနည်း စဉ်းစား။

 

 

 

 

လှောင်အိမ်ကို ရေထဲနှစ်ထားလျှင် ရေမွန်းပြီး သေသွားလိမ့်မည်။ သို့ရာတွင် ရက်စက်လွန်းရာ ကျသည်။

 

 

 

 

တစ်ခုတွေးမိပြန်သည်။ လှောင်အိမ်ထဲမှာ သံတန်းကလေးတွေပါသည်။ ထိုသံတန်းမှာ ဓာတ်ကြိုးစ တစ်ခုကို သွယ်ထားမည်။ သံတန်းကို ကြွက်ထိမိသည့်အချိန်တွင် မီးခလုတ်ဖွင့်ပြီး လျှပ်စစ်ဓာတ်လွှတ်လိုက်မည်။

 

 

 

 

မဖြစ်သေး။ ဓာတ်လိုက်ပြီး ဆန့်ငင်ငင်ဖစ်နေသည်ကို ကြည့်ရဲမည်မဟုတ်။ မချိမဆန့်အော်သည့် အသံကိုလည်း မကြားချင်။

 

 

 

 

အညင်သာဆုံးအသက်ထွက်မည့်နည်းကို ရှာကြည့်သည်။ ဘာမီတွန်နှစ်ပြားလောက် အရည်ဖျော်ပြီး တိုက်လိုက်လျှင် အိပ်ပျော်သွားလိမ့်မည်။ ထိုအခါကျမှ လှောင်အိမ်ထဲကထုတ်ပြီး တုတ်နှင့်ရိုက်သတ်လျှင်ကော။ ဟုတ်တော့ဟုတ်ပါပြီ။ ထိုဘာမီတွန်အရည်ကို ကြွက်ပါးစပ်ထဲကို ဘယ်နည်းနဲ့ လောင်းထည့်မလဲ။

 

 

 

 

ပြီးတော့ သွားတွေးမိတာတစ်ခုရှိသေးသည်။ ဒီကြွက်မှာ အပြစ်ရှိ၊ မရှိဆိုတာ။

 

 

 

 

သူတစ်ပါးပိုင်နက်ကို ဖောက်ထွင်း၀င်ရောက်ခြင်းမပြုရ ဆိုသောဥပဒေကို သူ နားမလည်။ သူတစ်ပါး၏ပစ္စည်းဥစ္စာကို ပိုင်ရှင်မသိအောင် ယူငင်ခြင်းသည် ခိုးမှုမြောက်ကြောင်း သူမသိ။

 

 

 

 

သူသိသည်မှာ သူ့အသက်ဆက်လက်ရှင်သန်နေဖို့ အစာရှာရမည်။ အစာရှာရဖို့အတွက် မြေကြီးကိုသော်လည်းကောင်း၊ ကြမ်းပြင်ကိုသော်လည်းကောင်း၊ ခြင်းတောင်း၊ ဆန်ကာ စသည်တို့ကိုလည်းကောင်း ဖောက်ချင်ဖောက်ရမည်။ ဒါ ကြွက်တို့၏သဘောသဘာ၀။

 

 

 

 

ပြီးတော့လည်း ဥပဒေကို သိနားလည်လျက် ခိုးမှုကိုကျူးလွန်သောသူတို့ကိုပင် သေဒဏ်ပေးသည်ဟူ၍ မရှိချေ။

 

 

 

 

ကျွန်တော်သည် သူ့ကို အခွင့်အရေးတစ်ခုပေးရန်ဆုံးဖြတ်လိုက်သည်။ လှောင်အိမ်ကိုဖွင့်ပေးမည်။ သူထွက်လာလျှင် တုတ်နှင့်ရိုက်မည်။ ထိလျှင်လည်းသေ။ မထိလျှင်လည်းလွတ်။ ဒါ တရားမျှတသည်ဟု တွက်သည်။

 

 

 

 

လှောင်အိမ်နားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ညာဘက်လက်က တုတ်ကို အသင့်ကိုင်ထားသည်။ ဘယ်ဘက်လက်က လှောင်အိမ်တံခါးလက်ကိုင်ကို ကိုင်မည်အပြု

 

 

 

 

ကြွက်သည် အမြီးကို တံခါးညပ်သည့်ဒဏ်ကို ခံစားနေရပါလျက်၊ လှောင်အိမ်ထဲမှာပိတ်မိပြီး အကျဉ်းအကျပ်ကျနေပါလျက် သံချိတ်မှာချိတ်ထားသော ငါးခြောက်ကို တရှိုက်မက်မက် ကိုက်ဖဲ့စားနေသည်ကို တွေ့လိုက်ရလေသည်။

 

 

 

 

ကျွန်တော်သည် လက်ထဲကတုတ်ကို အလိုလိုလွှတ်ချလိုက်မိသည်။ ထို့နောက် လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်သည်။ သူသည် အမြီးလွတ်လပ်သွားသောအခါ အပေါက်၀ဘက်သို့ ကိုယ်ကို ခဲယဉ်းစွာလှည့်သည်။ ချက်ချင်းမထွက်သေး။ ခေါင်းတစ်ခြမ်းလောက် အပြင်ကိုထုတ်ကြည့်သည်။ ကျွန်တော်က လှောင်အိမ်ကို လှုပ်ပေးလိုက်သည်။ ထိုအခါကျမှ ဝှီးခနဲနေအောင် တစ်ဟုန်ထိုး ထွက်ပြေးသွားလေသည်။

 

 

 

 

ကျွန်တော်ပြုံးမိသည်။ သူ့ကိုလွှတ်ပေးလိုက်သည့်အတွက် ကျွန်တော် ကုသိုလ်ရမည်လား မပြောတတ်ချေ။

 

 

 

 

_____________************_____________

 

 

 

 

#မင်းလူ

 

#သဘင်မဂ္ဂဇင်း (ဒီဇင်ဘာ၊ ၁၉၉၆)

 

ကျွန်တော်ချစ်သောစာအုပ်များ မှ

 

 

 

 

မေတ္တာဖြင့်

 

ခိုင်နီလာမောင်ပေ့ခ်ျထဲမှ ထပ်ဆင့်ကူးယူမျှဝေပေးပါသည်။

 

 

 

 

စာပေဟောပြောပွဲ

Leave a Reply

Your email address will not be published. Required fields are marked *