“ဂျင်ဂျာအေး သောက်ချင်တယ်”
~~~~~~~~~~~~~~~~~
မိုးမိုး(အင်းလျား)
ပူအိုက်ဆူညံပြီး ကွာစေ့ခွံတွေ၊ ဖရုံစေ့ခွံတွေ၊ အမှိုက်သရိုက်တွေ ခြေချ မလွတ်သော ရုပ်ရှင်ရုံထဲမှ နှစ်ယောက်သား ထွက်ခဲ့ကြစဉ် မောင်က မြ လက်ကလေးကို ကိုင်ထားဆဲပင် ဖြစ်သည်။
ကလပ်စ်ပြီးချိန် အခန်းဝမှာ မောင့်ကို တွေ့ရတော့ မတိုင်ပင်ဘဲ နာရီကို ကြည့်မိကြသည်။ ရုပ်ရှင် မီသေးတယ်ဟု နှစ်ယောက်ပြိုင်တူ ပြောကာ မာလာဆောင် ဘတ်စ်ကားဂိတ်ဘက် အသော့နှင်ခဲ့ကြလေ၏။
မြို့ထဲထိသွားရင် မီမှာ မဟုတ်ဘူးဆိုကာ နှစ်ဦးသဘောတူ မြေနီကုန်း ရုပ်ရှင်ရုံမှာ ဆင်းပြီး မြ အလွန် ကြည့်ချင်နေသော ဒေါက်တာဇီဗားဂိုး ရုပ်ရှင်ကို ဆန်းသီရိရုံမှာ မောင်က ဒုတိယအကြိမ် ထပ်ကြည့်သည်။ ဘာမဆို တစ်ယောက်အကြိုက် တစ်ယောက်လိုက်ဖို့ အဆင်သင့် နေတတ်သော ပျိုမျစ်နုနယ်သည့် ချစ်သူတွေရဲ့ ဘဝပေပဲ။
ရုပ်ရှင်ရုံထဲမှာ မြက တစ်ချိန်လုံး ကွာစေ့လှော်ကို ကိုက်နေပြီး မောင်က ဖရုံစေ့ကို ခွာနေသည်။ ဖရုံစေ့က စားကောင်းသော်လည်း မြက အသားမကျေအောင် မခွာတတ်။ အခွံရော အသားပါ အားလုံး လုံးထွေး ဝါးပစ်ပြီးမှ အခွံကို မှုတ်ထုတ်ပစ်ရတတ်သည်။
မောင်ကတော့ ကွာစေ့ကို သွားနှင့်ကိုက်ပြီး မခွာတတ်ဘူးတဲ့။ မြက ဒိုက်ဦးသူဆိုတော့ ကွာစေ့ကို ကောင်းကောင်း ခွာတတ်သည်။ အပေါ်သွား အောက်သွားသုံးပြီး အခွံကို မကျိုး မကြေစေဘဲ အတွင်းသားကို လျှာဖြင့် ထုတ်ယူတတ်သည်။ ပြီးတော့ ခွာပြီးသား အသားလေးတွေကို မောင့်လက်ထဲ ထည့်ပေးသည်။ မောင်က ဖရုံစေ့တွေ ခွာပြီး မြ လက်ထဲ ပြန်ထည့်ပေးသည်။ ထို့ကြောင့် မောင်က ကွာစေ့ကို စားရပြီး မြကလည်း ငန်ငြိ ချိုဆိမ့်သော ဖရုံစေ့ကို စားရလေသည်။
ရုပ်ရှင်တစ်ဝက်မှာတော့ ဘာမျှ မစားတော့ဘဲ လက် မအားရဘူးကွာ ဆိုကာ ဖရုံစေ့ လက်ကျန်တွေကို လွှင့်ပစ်ပြီး မြ လက်ကိုသာ ဆုပ်ကိုင်တော့သည်။ မြက ရုပ်ရှင်ထဲမှာ နစ်မြော အရသာခံဆဲ မောင်က မြ ပခုံးကိုမှီကာ ဆံပင်စတွေကို ရွရွနမ်းလေသည်။
“ရေ သိပ်ငတ်တယ် မောင်ရယ်”
ရုပ်ရှင်ရုံ အပြင်ဘက် ရောက်ရောက်ချင်း မြက မောင့်လက်ကို ခေတ္တ ဖြတ်ချဖယ်ရှားကာ ပြောတော့..“အအေး သွားသောက်မယ်လေ” ဟု မောင်က ပြောသည်။ ပြီးတော့ ကားလမ်းကူးရသည်ကို အကြောင်းပြကာ လမ်းဟိုဘက် ရောက်အောင် မြလက်ကို ဆွဲကူးလေသည်။
မြေနီကုန်း ဈေးထဲထိ လျှောက်သွားပြီး အအေးဆိုင်ရှာတော့ စားသောက်ခန်းထဲက လူတွေက မြတို့အတွဲကို အတွဲတစ်တွဲအဖြစ် ကြည့်ကြလေသည်။ မြက ရှက်သလိုလို ရှိသား။ သို့သော် တက္ကသိုလ် ကျောင်းသူကျောင်းသား အတွဲတွေက မြေနီကုန်းဈေးကိုလည်း မကြာမကြာ လာတတ်ကြသည်ပဲ။ သည်တုန်းက ကန်တော်ကြီးတို့၊ တိရစ္ဆာန်ရုံတို့ သွားဖို့ စိတ်မကူးမိခဲ့ကြ။ အလွန်ရိုးသားစွာ လူမြင်သူမြင် လျှောက်လည်ပြီး ရုပ်ရှင်ကြည့်ရ၊ အစား စားရ၊ လက်ကလေး ကိုင်ရုံနှင့် ကျေနပ်နေတတ်ခဲ့သည်ပင်။
“မြ.. ဘာသောက်မလဲ”
အအေးဆိုင်မှာ ထိုင်စဉ် မောင်က မေးတော့ “ဖာလူဒါ သောက်မယ်” ဟု နောက်လိုက်သည်။ မောင်က တောသူမမို့ ဖာလူဒါကြိုက်တယ်ဟု စတတ်သဖြင့် တမင်ပြောခြင်း ဖြစ်ပြီး တကယ်တော့ ဖာလူဒါ မသောက်ချင်။ ရင်ထဲမှာ အေးမြလန်းဆန်း သွားစေမည့် အရည်အေးအေးလေး တစ်ခုကိုသာ တောင့်တနေမိ၏။
“တကယ်လား”
မောင်က မေးတော့ ခေါင်းခါပြပြီး …
“ဟင့်အင်း၊ အေးအေးလေးတစ်ခု သောက်ချင်တယ်၊ လိမ္မော်ရည် ဖြစ်ဖြစ်၊ ကရင်ဆိုဒါ ဖြစ်ဖြစ်”
“ကရင်ဆိုဒါက လူမမာစော် နံပါတယ် မြရယ်၊ လိမ္မော်သောက်”
“ဒါပေမယ့်.. မြက အမြှုပ်လေးတွေ ဆူထနေတာကို ကြိုက်လို့”
“ဒါဆို.. ဂျင်ဂျာအေး သောက်ပါလား”
“ဂျင်ဂျာအေး.. ဟုတ်လား၊ ဂျင်ဂျာဘီယာကို ပြောတာလားဟင်၊ ဂျင်ဂျာဘီယာ မြ ကြိုက်တယ်”
“ဂျင်ဂျာဘီယာ မဟုတ်ဘူး၊ ဂျင်ဂျာအေး၊ တောသူမ ဘာမှလည်း မသိဘူး၊ မြ သောက်ကြည့်၊ ကြိုက်သွားလိမ့်မယ်”
စားပွဲနားမှာ စိတ်ရှည်စွာ လာရပ်စောင့်နေသော စားပွဲထိုး ကောင်လေးကို မောင်က ဂျင်ဂျာအေး နှစ်ပုလင်းဟု မှာလိုက်သည်။ မကြာခင် ပိုက်တံကလေးတွေ တပ်ထားသော အမြှုပ်လေးတွေ ဆူဝေနေသည့် ဂျင်ဂျာအေးပုလင်းတွေ ရောက်လာပြီး မြက အငမ်းမရသောက်သည်။
“ဟား သိပ်ကောင်းတာပဲ၊ အဲဒီလိုဆူပြီး ရှတတ ဖြစ်နေတာလေးကို ကြိုက်တာ၊ လိမ္မော်ရည်လိုလည်း မစပ်ဘူးနော်”
“ဒါကြောင့် ပြောတာပေါ့၊ နောက် မသိရင် ဘာမဆို မောင့်ကို မေးနော်”
“ကောင်းပါပြီတဲ့ရှင်”
သေးငယ်သော အကြောင်းလေးကိုပင် အကြီးအကျယ် ရယ်မောကြပြီး မောင်က မြကို အဆောင်သို့ ပြန်လိုက်ပို့သည်။ မောင် သူ့အိမ်ရှိရာ မြို့ထဲ ပြန်သွားတော့ အဆောင်ပိတ်ချိန်လည်း ရောက်ပြီမို့ ရေချိုးပြီး သူငယ်ချင်းတွေ ယူထားပေးသော ထမင်းကို စားရသည်။ စားပြီး စာကျက်ချိန် ရောက်သော်လည်း နေ့လယ်က မောင်နှင့် ကြည့်ခဲ့ရသည့် ရုပ်ရှင်အကြောင်း သူငယ်ချင်းတွေကို ပြန်ပြောပြပြီး ညကျတော့ ဒိုင်ယာရီထဲမှာလည်း ရေးမှတ်ထားသည်။
မောင်နဲ့ ရုပ်ရှင်ကြည့်တယ်။
ဂျင်ဂျာအေး သောက်တယ်။
* * *
ဒေါက်တာဒေါ်ခင်ညွန့်၏ ဆေးခန်းမှ ထွက်လာတော့ တစ်ကိုယ်လုံး အိုက်စပ် ပူလောင်ပြီး ရေလည်း ငတ်နေသည်။ မောင်က ဆေးခန်းအပြင်ဘက်မှာ ဟိုသည်လျှောက်ရင်း စောင့်နေသည်။
“ရေငတ်လိုက်တာ မောင်ရယ်၊ လူနာတွေကလည်း များလိုက်တာနော်၊ စောင့်ရတာ ညောင်းနေတာပဲ၊ အိုက်လည်း သိပ်အိုက်တာပဲ”
မြက ရှေ့ကို ချွန်စုထွက်နေသော ဗိုက်ကို ပွတ်သပ်ပြီး ညည်းညည်းညူညူ ပြောကာ လက်ထဲမှ ဆေးမှတ်တမ်းတွေ၊ ပိုက်ဆံအိတ်တွေကို မောင့်လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ဘာမျှ ကိုင်ထားလိုစိတ် မရှိ။ အရည်အေးအေး တစ်ခွက်သာ သောက်လိုစိတ် ပြင်းပြနေသည်။
“ဒါဆို.. လာလေ၊ မြေနီကုန်းဈေးမှာ အအေး သွားသောက်မယ်”
ဟုတ်ပေသားပဲ။ ဆေးခန်းနှင့် မြေနီကုန်းဈေးက အနီးကလေး။ လမ်းတစ်ဖက်ကို ဖြတ်ကူးတော့ ကားတွေ များပြားလွန်းသဖြင့် မောင့်လက်ကို လှမ်းချိတ်မိအောင် မနည်းလိုက်ကာ လျှောက်ရသည်။
“မြန်မြန်ကူးပါ မဗိုက်ရယ်၊ ကားတွေက သိပ်မြန်တာ”
လမ်းဟိုဘက် ရောက်တော့ မောင်က မြလက်ကို မသိမသာ ဖယ်ချပြီး နောက်ထပ် လမ်းမကြီးတစ်ခုကို ဖြတ်ကူးဖို့ ကားရှင်းအောင် စောင့်သည်။ မီးပွိုင့်မှာ ကားတွေရပ်မှ ‘လာ’ ဟု ဆိုကာ လက်မောင်းကို ဆွဲခေါ်သွားသဖြင့် တရွတ်ဆွဲ ပါသွားသည်။
မြေနီကုန်းဈေးထဲ ဝင်မိတော့ အဝင်စပ်က အအေးဆိုင် တစ်ဆိုင်မှာ မောင်က ထိုင်မည်ပြုစဉ်မှာပင် မြက ဟိုထဲအထိ သွားမည်ဟု ပြောမိသည်။ အတွင်းကျကျ အအေးဆိုင်လေးကို မြ မှတ်မိနေသည်။ မောင်ကတော့ ဘာမျှ ထူးခြားဟန် မပြဘဲ .. “မြ ဘာသောက်မလဲ” ဟု မေးပြီး ခုံတစ်ခုံဆွဲကာ မြကို အလျင်ထိုင်စေသည်။ ပြီးမှ အလွန်ပူအိုက်သည့် ဒဏ်ကို စိတ်မရှည်ဟန်ဖြင့် အင်္ကျီလည်ပင်းကို ဟကာ လေမှုတ်သွင်းနေသည်။
“ဂျင်ဂျာအေး ရှိလား”
မြက စားပွဲထိုးကောင်လေးကို လှမ်းမေးတော့ ကောင်လေးက ကြောင်ကြည့်နေပြီး…
“လိမ္မော်၊ ဇီး၊ သစ်ခွရည်၊ လီမွန်၊ ဘာလီ ရှိတယ် အစ်မ” ဟု ပြောသည်။
“ဂျင်ဂျာအေး မရှိဘူးလားဟယ်”
“မရှိဘူး အစ်မ”
သည်တစ်ခါ ကောင်လေးက သွက်လက်စွာ ဖြေသည်။
“ဂျင်ဂျာအေးက ရှားသွားပြီလေ မြရဲ့၊ လီမွန်ဘာလီ သောက်ပါလား၊ သူလည်း ဂျင်ဂျာအေးလိုပဲ သောက်လို့ ကောင်းပါတယ်”
ဪ … မောင် သတိရသားပဲဟု တွေးမိပြီး မြ ပြုံးမိသည်။
“လီမွန်ဘာလီပဲ ပေးပါ” ဟု ပြောပြီး အနည်းငယ် ကျေနပ်စွာဖြင့် မောင့်ကို လှမ်းကြည့်မိသည်။ မြတို့ တခါက ရုပ်ရှင်ကြည့်ပြီး ဒီဆိုင်လေးမှာ ဂျင်ဂျာအေး လာသောက်တာ မောင် မှတ်မိလားဟု ပြောချင်လှသော်လည်း ဒုတိယကလေးပင် မွေးတော့မည့် အိမ်ထောင်သက်ကို ချင့်တွက်ကာ ရင့်ကျက် ဟန်ဆောင်နေလိုက်ရသည်။
“လီမွန်ဘာလီ ကြိုက်ရဲ့လား”
မောင်က ဂရတစိုက် မေးပြန်တော့ အားရဝမ်းသာဖြင့် “ကောင်းတယ်၊ သူလည်း ဂျင်ဂျာအေးလိုပဲနော်၊ ဂျင်ဂျာအေးလောက်တော့ ရှတတ သိပ်မဖြစ်ဘူး” ဟု အလွန် မှတ်မှတ်သားသားရှိစွာ ဖွင့်ပြောရလေသည်။
ဆေးလက်မှတ်တွေ ကိုင်ပြီး နှစ်ယောက်သား ပြန်လာကြတော့ မြို့လယ် တိုက်ခန်းကျဉ်းလေးထဲမှာ ကလေး အကြီး တစ်ကောင်နှင့် အမေက စောင့်နေသည်။
ပူလောင်အိုက်စပ်ပြီး ဗိုက်နှင့် လူနှင့် ကျဉ်းကျပ်လှသဖြင့် တော်တော်နှင့် အိပ်မပျော်။ မောင့်ဘေးမှာ အိပ်ရင်း မြေနီကုန်းဈေးက အအေးဆိုင်လေးအကြောင်း မောင် ဘာကြောင့် အမှတ်တရ မပြောတာလဲဟု စဉ်းစားနေသည်။ အေးလေ … ဘဝမှာ ရပ်တည်နေနိုင်ဖို့ ရုန်းကန်နေရတာ အရာရာကို အသေးစိတ် ဘယ်မှတ်မိနိုင်ပါ့မလဲ။ မြကိုက အစွဲအလမ်းကြီးတာပါ။
သို့သော် မြ အစွဲအလမ်းကြီးတာ ဘယ်သူမျှ မသိ။ သူငယ်ချင်း အပေါင်းအသင်းများကြားမှာ ရယ်ရယ်မောမော ကျယ်ကျယ်လောင်လောင် နေတတ်ပြီး အိမ်မှုကိစ္စတွေကို အားတက်သရော လုပ်ကိုင်ကာ ရုံးနှင့်အိမ် ပြေးလွှားနေတတ်သော မိန်းမတစ်ယောက်ကို စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်ရှိနေဖို့ အချိန်ရမည်ဟု မည်သူက ထင်မှာလဲ။
သို့သော် Married woman needs romance ဆိုသည့် စကားလေးကို သတိရနေသည်။ ဘာသာတော့ မပြန်တတ်ပေ။
ခွင့်ယူထားပြီး အိမ်မှာ နားနေခိုက်မို့ ရုံးဒိုင်ယာရီလေး အိမ်မှာ ရှိနေသည်။ ယခင်ကလို ခံစားမှုဒိုင်ယာရီလည်း မရေးတာ ကြာပြီပဲ။ ရုံးကိစ္စတွေ ရေးမှတ်ရသော ဒိုင်ယာရီထဲမှာ ဈေးဖိုးစာရင်းတွေ ရောထွေး ပါသွားတတ်သည်။ နောက်တစ်ကြိမ် ဆေးခန်းပြမည့်ရက်ကို ရေးမှတ်ရင်း အောက်နားကစာကို စာလုံးသေးသေးဖြင့် တစ်ကြောင်းရေးမိသည်။
ဒေါ်ခင်ညွန့် ဆေးခန်းပြ။
နောက်တစ်ပတ် ချိန်း။
အပြန် မြေနီကုန်းဈေး ဝင်။
ဂျင်ဂျာအေး သောက်။
* * *
သားသမီး သုံးယောက် လူလားမြောက်စ အချိန်မှာတော့ ဒေါ်မြမြခင် တစ်ယောက်လည်း နားနားနေနေ နေနိုင်ပြီ။
“အမေ ကျန်းမာရေး မကောင်းဘူး၊ ပင်စင်ယူပါ” ဟု သားကြီးက ပြောသဖြင့် အိမ်မှာ နားနေခဲ့ရတာ တစ်နှစ်လောက် ရှိပြီပဲ။ မြမြခင် ယခင်က စကားများသလောက် ယခု စကားအလွန်နည်းသော မြမြခင် ဖြစ်နေသည်။ စကားနည်းသည်ထက် နည်းလာပြီး မပြောဘဲ နေသလောက် ရှိသည်မှာ ဘယ်နှနှစ်တောင် ရှိပြီလဲ မသိ။ ကလေးတွေအဖေ အလုပ်အကြောင်းပြကာ နိုင်ငံခြားကို ထွက်ခွာသွားကတည်းက ဖြစ်မည်။ သားသမီးတွေက အဖေ နိုင်ငံခြားသွားတော့ ပျော်ကြသည်။ ပို့ပေးသည့် ပစ္စည်းတွေကို ကြည့်ပြီး ကြည်နူး ဝမ်းသာကြသည်။
အဖေက လုပ်ငန်း အဆင်ပြေသည် ဆိုကာ နောက်ထပ် တစ်နှစ်၊ နှစ်နှစ် တိုးတိုးပြီး နေလိုက်သည်မှာ ပြန်လာမည့် အရိပ်အယောင်တောင် မမြင်ရတော့သလောက်ပါပဲ။ ဘာလိုလို သတင်းစကားတွေကြောင့် လိုက်လည်းမသွားချင်ဘဲ ပေတေတေနေရင်း သားသမီးတွေ၏ ပညာရေးမှာပဲ စိတ်ကို နှစ်မြုပ် ထားလိုက်တော့သည်။
မြမြခင် စကားနည်းသည်ထက် နည်းလာပြီး အလုပ်မှာ အာရုံစူးစိုက်မှုကြောင့် အရာရှိမကြီး ဖြစ်လာပေမယ့် ဘဝ၏ ပျော်ရွှင်မှုကို ရှာမရတော့။ ဟန်မပျက် ဆက်လက် ရှင်သန်နေရခြင်းတည်း ဟူသော ဝဋ်ဒုက္ခကြားမှာ မလူးသာ မလွန့်သာ အေးချမ်းရာကို ရှာဖွေပြီး အရာရာ ပြည့်စုံနေသည့် ဘဝကိုပဲ အိုဇာတာ ကောင်းတယ် ဟု ဖြေသိမ့်ရသည်။
ကလေးတွေကတော့ အမေ့ရင်ထဲက သောကကို မမြင်။
“အဖေ ပြန်မလာလည်း သားတို့ ရှိသားပဲ အမေရာ၊ အမေ့မှာ ဘာများ လိုအပ်သလဲ၊ အားလုံး ပြည့်စုံတာပဲ” ဟု ရွှင်လန်း တက်ကြွနေသော သားက ဖြေသိမ့်သည်။ ပြည့်စုံခြင်းဆိုတာ ဘာလဲဟု မြမြခင် မေးချင်သည်။ အသက်အရွယ် ကြီးရင့်ခြင်းနှင့် ဘဝ၏ ဖူလုံပြည့်ဝခြင်းမှာ အချစ်ဆိုတာ မလိုတော့ဘူးလို့ ဆိုလိုတာလား။
အမေ၏ ညင်သာအေးချမ်းသော လှုပ်ရှားမှုများကို ကြည့်ပြီး သားသမီးတွေက အမေက စိတ်မာတယ်၊ မာနကြီးတယ်ဟု ဂုဏ်ယူ ဝင့်ကြွားကြသည်။ အမေ၏ မျက်ရည်တစ်စက်ကိုပင် သူတို့ မမြင်ဖူးချေတကား။ ညှိုးငယ် နွမ်းလျနေတာလည်း မတွေ့ဖူး။ တယ်လီဖုန်းတစ်လုံးနှင့် မိတ်ဟောင်းဆွေဟောင်းများနှင့် စကားပြောနေရသည့်အခါ အမေက တဟဲဟဲ တဟက်ဟက် ရယ်နေတတ်သည်။
ညတိုင်ကျလျှင် အဖေ ဝယ်ပေးသော တယ်လီဗေးရှင်းရှေ့မှာ ဒရင်းဘက်ပေါ် အခန့်သားထိုင်ပြီး ရွှေကိုင်း မျက်မှန်နှင့် အမေ ရုပ်ရှင်ကြည့်သည်။ အင်္ဂလိပ် ကားဟောင်းတွေ ပြန်ကြည့်ရတော့ “ကားဟောင်းတွေ ကြည့်ရတာ သိပ်ကောင်းတယ်၊ ဒေါက်တာဇီဗားဂိုး ပြန်ပြရင် ကောင်းမယ်” ဟု အမေက ပြောသည်။ သားသမီးတွေက ဘယ်လိုကားမျိုးလဲဟု မေးဖို့ သတိမရကြ။ သူတို့က လှုပ်ရှား တက်ကြွသော တီဗီဇာတ်လမ်းတွဲတွေကိုသာ စိတ်ဝင်စားသည်။
စနေနေ့ည အစီအစဉ်ကိုပဲ ကြိုက်ကြသည်။ ကိုတင်လှိုင် သီချင်းတွေ ပြန်နားထောင်ရတော့ အမေက“ကျောင်းနေစဉ် အင်းလျားဆောင်ကို သတိရတယ်” ဟု ပြောသည်။ “အဖေ့ကိုကော သတိရလား” ဟု မည်သူမျှ မမေးကြ။
ညင်သာသိမ်မွေ့စွာ နေတတ်ပြီး တစ်ခါတစ်ရံ စီးကရက် သောက်နေတတ်သော၊ တစ်ခါတစ်ရံ အဖေပို့သော ကားကို ကိုယ်တိုင်မောင်းပြီး ဗိုလ်ချုပ်ဈေး သွားတတ်သော၊ တစ်ခါတစ်ရံ အပေါင်းအသင်းများ ဖိတ်ကာ အိမ်မှာ ဝိုင်းဖွဲ့တတ်သော အမေ့ကို… “အမေဟာ လောကမှာ စိတ်ချမ်းသာအောင် နေတတ်တယ်” ဟု သမီးလတ်က မှတ်ချက်ချသည်။
သားကြီးကတော့ အဖေ့ဆီလိုက်ဖို့ ဟန်ပြင်နေပြီး “ငါ နိုင်ငံခြားရောက်မှ မိန်းမယူမယ်” ဟု ပြောသည်ကို သမီးက မျက်စောင်းထိုးသည်။ ထိုအခါမျိုးမှာ နေရာက ဆတ်ခနဲ ထသွားတတ်သော အမေ့ကို ကြည့်ပြီး သမီးက အစ်ကိုဖြစ်သူကို တိုးတိုးတိတ်တိတ် ကြိမ်းမောင်းလေသည်။
မနေ့ကတော့ အမေ အထူး ငြိမ်သက်တိတ်ဆိတ်နေပြီး ညနေစောင်းမှာ “မူးလိုက်တာ” ဟု ပြောသဖြင့် အမေ့ကို ဆရာဝန် ခေါ်ပြရသည်။
နောက်နေ့မှာ အမေ့ကို ဆေးရုံတင်ရလေသည်။
“သိပ်စိုးရိမ်စရာ မရှိပါဘူး၊ သွေးအားနည်းပြီး အသည်းလည်း ရောင်နေတယ်” ဆို၍ ဆေးရုံပေါ်မှာပဲ နားနားနေနေ နားလိုက်သည်။ သားသမီးများက ဆေးရုံကို အချိန်မရွေး ဝင်ထွက်နေတော့သည်။ သမီးကလည်း အိမ်အတွက် ဘာမျှ စိတ်မပူဖို့ ပြောသည်။ သိတတ်သည့် သားသမီးများပါပဲလေ။ အဖေ့ဘက်က ဆွေမျိုးများကလည်း အမေ့ဆွေမျိုးလို ဖြစ်နေပြီး အရေးအကြောင်းရှိတော့ ဝိုင်းဝန်း ဖေးကူကြပါရဲ့။
မြမြခင် ဘဝမှာ ဘာမျှ မလိုတော့ပါဘူး။ အားလုံး ပြည့်စုံသလောက်ပါပဲ။
“မေမေ ဘာစားချင်သလဲ” ဟု သားက တဖွဖွမေးပြီး သမီးက “မေမေ.. အရည်များများ သောက်ပေးဖို့ လိုတယ်တဲ့” ဟု ဆိုကာ ဘာလီရည်ပုလင်းတွေ၊ ဟောလစ်တွေ ဝယ်လာပေးသည်။ အထူးဆရာမက အပူတစ်မျိုး၊ အအေးတစ်လှည့် ဖျော်ကာ တိုက်သော်လည်း မြမြခင်ဗိုက်ထဲ အရည်သိပ်မရောက်။ လက်မောင်းသွေးကြောက သွင်းသော ဆေးရည်စက်တွေကြောင့်သာ ပြန်လည် လန်းဆန်းလာခဲ့ရသည်။
“အမေ့ရောဂါ ကြီးကြီးကျယ်ကျယ် မရှိပါဘူး အမေရာ၊ အသည်း နည်းနည်းရောင်တာပါ၊ ခု ပျောက်နေပါပြီ၊ မကြာခင် ဆေးရုံက ဆင်းရမှာ” ဟု သားက ပြောပြီး “မနေ့ကပဲ အဖေက အိမ်အတွက် ဗီဒီယိုစက်တစ်လုံး ပို့လိုက်တာ သွားရွေးရတယ်၊ အမေကြည့်ချင်တဲ့ အင်္ဂလိပ်ကားဟောင်းတွေ ကြည့်လို့ရပြီ” ဟု ပြောလေသည်။ မြမြခင် ယဲ့ယဲ့ပြုံးပြီး “ဟုတ်လား” ဟု ပထမဆုံး ရွှင်ရွှင်လန်းလန်း ပြန်ပြောသည်။
“ဒေါ်မြမြခင်တို့ကတော့ ကုသိုလ်ထူးပါတယ်နော်၊ သားသမီးတွေလည်း လိမ္မာ၊ ယောက်ျားကလည်း နိုင်ငံခြားက လိုသလောက် ပို့ပေးနေတာ၊ ကျွန်မတို့ဖြင့် တစ်နေ့တစ်နေ့ ပြေးလွှားနေရတာ အသက်တောင် မှန်မှန်မရှူနိုင်ဘူး” ဟု ကရင် ဆရာမလေးက ရယ်မော အားကျစွာ ပြောပြီး သူ့တာဝန်အရ အရည်အေးအေးတစ်ခွက် တိုက်ဖို့ပြင်သည်။
“မင်းတို့အမေကို အရည်များများ သောက်ခိုင်းစမ်းပါဦးကွာ” ဟု သားသမီးတွေဘက် လှည့်ပြောလေသည်။
“ဟုတ်သားပဲ အမေကလည်း၊ အမေ အအေးကြိုက်သား မဟုတ်လား၊ ဘာသောက်ချင်လည်း ပြောလေ၊ ဘာလီ မကြိုက်လည်း တခြားဟာ ဝယ်ပေးပါ့မယ် အမေရယ်”
ဟု သားကြီးက ဂရုစိုက်စွာ ပြောလေသည်။ ဒေါ်မြမြခင်က ပြုံးပြန်သည်။
တစ်သက်လုံး တပြုံးပြုံးနှင့် အသည်းမာစွာ နေနိုင်ခဲ့တဲ့ မြမြခင်ပဲ။ ရုပ်ရှင်ရုံထဲမှာ ဖရုံစေ့နှင့် ကွာစေ့လှော် လဲစားခဲ့သော မောင့်ကို မှတ်မှတ်ရရ သတိရလာပြီး “မြ ဘာကြိုက်သလဲဆိုတာ သားက မေးနေတယ်” ဟု အဝေးရောက် ခင်ပွန်းကို စိတ်ထဲက တမ်းတနေမိ၏။
မြကို အစွဲအလမ်းကြီးသည်ဟု မောင်ကိုယ်တိုင်လည်း သိလိမ့်မည် မဟုတ်ပါ။ မြကလည်း မသိအောင် နေတတ်ခဲ့သည်ပဲ။ “မောင် မရှိလည်း မြ နေလို့ဖြစ်တယ် မဟုတ်လား၊ မြက အစစ အရာရာ စီမံ ခန့်ခွဲတတ်သူပဲ” ဟု ပြောစဉ်က နိုင်ငံခြားကို လိုက်ဖို့ ငြင်းဆန်ခဲ့၍ စကားနာထိုးသော စကားလားဆိုတာ မတွေးမိခဲ့။ သားသမီးတွေကို ဆွေမျိုးတွေနှင့် ထားရမှာ စိတ်မချနိုင်သည် တစ်ကြောင်း၊ မိမိအလုပ်မှာ တွယ်တာ သံယောဇဉ်ကြီးမိတာလည်း တစ်ကြောင်း ဖြစ်သည်။
သည်ကနေ့တော့ နှစ်အတန်ကြာ ရင်မှာ အောင့်အည်းထားရသော အလိုဆန္ဒကို ထုတ်ဖော်ပြမည်ဟု ဆုံးဖြတ်ကာ သားဘက် လှည့်ကာ တိုးတိုးပြောပြသည်။ သားမျက်နှာကလည်း သူ့အဖေနှင့် တူလိုက်တာ။
“ဂျင်ဂျာအေး သောက်ချင်တယ်”
သားက ဖျတ်ခနဲ ကြည့်သည်။ ဆရာမက ကြည့်သည်။ သမီးက မျက်လုံးဝိုင်းနေသည်။
“ဂျင်ဂျာအေး ဟုတ်လား၊ ဘယ်လိုဟာမျိုးလဲ”
“သောက်လိုက်ရင် ရှတတလေး နေတယ်”
“ဂျင်ဂျာအေးက အခု မရှိတော့ဘူး ဒေါ်မြမြခင်ရဲ့၊ စပါကလင်ပဲ ခေတ်စားနေတာ”
ဆရာမက ဝင်ရှင်းပြသည်။ မြမြခင် သိသားပဲလေ။ ဒါပေမဲ့ ဘာသောက်ချင်သလဲဆိုလို့ သောက်ချင်တာ ပြောပြကြည့်ခြင်းသာပါပဲ။
“ဟုတ်သားပဲ အမေကလည်း သားဖြင့် ကြားတောင် မကြားဖူးဘူး၊ စပါကလင်ကလည်း အမေပြောသလို ရှတတလေးပါပဲ၊ စပါကလင် သောက်ပါလား၊ သားဝယ်ခဲ့ပေးမယ်၊ အအေးစိမ်ပြီးမှ ယူခဲ့မယ်”
မြမြခင် ယဲ့ယဲ့ပြုံးပြန်သည်။
“နေပါစေ သားရယ်၊ ယူမလာပါနဲ့တော့၊ အမေက ဂျင်ဂျာအေးပဲ သောက်ချင်တာ”
သားက နားမလည်စွာ ကြည့်နေလေသည်။
မြမြခင် ဆေးရုံက ဆင်းလို့ အိမ်ပြန်ရောက်ရင်တော့ ဒိုင်ယာရီဟောင်းလေးမှာ စာတစ်ကြောင်း ရေးရဦးမည်။
“ဂျင်ဂျာအေး သောက်ချင်တယ်” လို့။
#မိုးမိုး (အင်းလျား)
ရှုမဝ မဂ္ဂဇင်း၊
မတ်လ ၊ ၁၉၈၇ ခုနှစ် ။