Novel

ဆန်နို့ဆီဗူးတစ်ဗူး

“အစအဆုံးဝတ္ထုတို”

 

“ဝေါ….”

 

“လေယာဉ်တွေလာနေပြီအကြီးမရေ…

မောင်လေးကိုချီပြီးဗုံးခိုကျင်းကိုအမြန်

လိုက်လာခဲ့နော်….အမေတို့အရင်သွားနှင့်ပြီ”

 

အမေကကောင်းကင်ကိုအလန့်တကြားမော့ကြည့်ရင်းအလောတကြီးအော်ပြောလိုက်ချိန်တွင်

အကြီးမသည် အရေးအကြောင်းဆိုလျှင်တစ်ပါတည်းသယ်ဆောင်မသွားနိုင်သောအစားအစာများကို အိမ်အနောက်ဘက်လျှို

အတွင်း၊ အဘတူးထားပေးခဲ့သောမြေကျင်းထဲသို့မြှုပ်လက်စတန်းလန်းဖြစ်နေလေသည်။

 

အခါတိုင်းလာနေကျ ညအချိန်မဟုတ်ပဲ နေ့ခင်းကြောင်တောင်ကြီး၌ လေယာဉ်သံကြားရသောအခါ အကြီးမသည်ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး မြေကြီးကိုအမြန်ဆုံးပြန်ဖုံးလိုက်ကာ အနားတွင်ထိုင်ကစားနေသော သုံးနှစ်အရွယ်မောင်လေးကို စောင်ဖြင့်သိုင်းပြီးကျောပိုးလိုက်ပါသည်။

အမေကတော့နို့စို့အရွယ်အငယ်ဆုံးမလေးကိုပွေ့ချီကာ၊ အထုပ်ပါပိုက်ပြီးသုတ်သီးသုတ်ပြာဖြင့်အရင်သွားနှင့်ချေပြီ။ အဘကတော့ မနက်စောစောကတည်းက ယာထဲသွားနေသည်မှာပြန်မရောက်သေးသည်မို့ အကြီးမစိတ်ထဲတွင်ထင့်ကနဲဖြစ်သွားရသည်။ အဘစပါးစိုက်နေသောတောင်ယာသည်ပုန်းခိုစရာနေရာရယ်လို့မရှိသောကွင်းပြင်ကြီးဖြစ်သောကြောင့် အဘရှိရာအရပ်ဆီသို့ အကြီးမ

လှမ်းမျှော်ကြည့်မိချိန်မှာ နားကွဲမတတ်အုန်းကနဲအသံကျယ်ကြီးကြားလိုက်ရပြီး မီးခိုးလုံးမဲမဲကြီးတွေ ကောင်းကင်ယံပေါ်သို့တလူလူလှိမ့်တက်လာသည်ကိုတွေ့လိုက်ရတော့စိုးရိမ်ပူပန်စိတ်ကြောင့်

ရင်တွေပေါက်ကွဲထွက်မတတ်နှလုံးကတဒိုင်းဒိုင်း

ခုန်လာရသည်။

 

“ဘုရား… ဘုရား … အဘဘာမှမဖြစ်ပါစေနဲ့”

 

ရှစ်နှစ်အရွယ်အကြီးမသည် မောင်ငယ်ကိုကျောပိုးပြီး အမေတို့ရှိရာ တောင်စောင်းတွင်တူးထားသော ဗုံးခိုကျင်းဆီသို့အပြေးလေးလှမ်းဖို့ပြင်လိုက်သော်လည်းမမှီတော့ပါ‌ချေ။

နောက်ထပ်ဗုံးကွဲသံကြားရချိန်မှာတော့ လျှိုထဲပြန်ခုန်ချ၍မြေကြီးပေါ်၌ပြားနေအောင်မှောက်လိုက်ပြီး နားကိုလက်နှစ်ဖက်ဖြင့်ပိတ်လိုက်ရင်း မောင်လေးကိုအော်ပြောလိုက်ပါသည်။

 

“မောင်လေး… နားကိုလက်နှစ်ဖက်နဲ့ပိတ်ထားလိုက်.. ပါးစပ်ကိုဟထားပြီးအသက်ရှုနော်…”

 

တတ်နိုင်သလောက်ကျယ်ကျယ်အော်ပြောလိုက်

ပေမယ့် နားတွေအူနေပြီး ကိုယ့်အသံတောင်ကိုယ်

မကြားရတော့တာကြောင့် မောင်လေးရောကြားပါ့

မလားမသိပါ။ ဒုတိယအကြိမ်ဗုံးကျသည့်နေရာမှလည်းမီးခိုးတွေအူထွက်လာပြန်ရာ အမေတို့ရှိရာတောင်စောင်းဘက်မှဖြစ်နေပြန်သည်မို့ စိုးရိမ်စိတ်ကအထွတ်အထိပ်သို့တိုင်လေပြီ။

အပြေးသွားကြည့်လိုက်ချင်ပေမယ့် လေယာဉ်တွေက ခေါင်းပေါ်မှာဝဲနေဆဲမို့ ပုဝပ်နေရာကတုတ်တုတ်မျှမလှုပ်ရဲပါ။ ဒီကြားထဲ မောင်လေးကကြောက်လန့်ပြီးအကျယ်ကြီးအော်ငိုကာ သေးတွေပါထွက်ကျလာသည်မို့ အကြီးမကျောပြင်တစ်ခုလုံးရွှဲရွှဲစိုကုန်ပေမယ့် မောင်လေးအငိုတိတ်စေရန်ခပ်တိုးတိုးချော့မြှုရင်း နေမြဲအတိုင်းသာအတော်ကြာအောင်ဆက်နေမိပါသည်။

 

ဆယ့်ငါးမိနစ်ခန့်အကြာမှာတော့ လေယာဉ်တွေ

လှည့်ပြန်သွားကြပြီး ရွာသူရွာသားများပုန်းအောင်းနေရာမှ တစ်စတစ်စထွက်လာကြကာ မီးလောင်နေသောအိမ်တွေကိုလူစုပြီးမီးဝိုင်းငြှိမ်းကြ၊ လူပျောက်ရှာကြ၊ အော်ကြဟစ်ကြနှင့် တစ်ရွာလုံးပွက်လောရိုက်ကုန်ကြလေသည်။

 

အကြီးမလည်းဝပ်နေရာမှကျုံးရုန်းထပြီး

မောင်လေးကိုအရင်စစ်ဆေးကြည့်တော့ ဘာမှအထိအခိုက်မရှိ၍တော်ပါသေးရဲ့ဟု သက်ပြင်းချရသည်။ ပြီးနောက်မောင်လေးကိုမနိုင့်တနိုင်ချီပိုးပြီး အမေတို့ရှိမည်ထင်ရာဗုံးခိုကျင်းဘက်သို့အပြေးကလေးသွားခဲ့မိသည်။

 

“ဟင်….”

 

ဗုံးခိုကျင်းရှိရာနေရာမှာမြေကြီးတွေဖွာလန်ကျဲထွက် ကာကျင်းနက်ကြီးဖြစ်နေပြီး၊ ရုပ်ပျက်ဆင်းပျက်အလောင်းတွေက နေရာအနှံ့ပြန့်ကျဲနေတာမြင်လိုက်ရတာမို့ အကြီးမမျက်လုံးတွေပြာဝေသွားခါ အမေနှင့်ညီမငယ်လေးကို အလောင်းတွေကြားမှာသွေးရူးသွေးတန်းနှင့်လိုက်ရှာရင်းအော်ခေါ်နေမိပါသည်။ လေယာဉ်ပေါ်မှာကျဲချလိုက်သောဗုံးတွေ သည် ကံဆိုးစွာနှင့်ပဲ ဗုံးခိုကျင်းအနီးသို့ကျရောက် ပေါက်ကွဲခဲ့လေပြီ။

 

“အမေ… အမေရေ… အီးဟီး… ညီမလေးရေ…”

 

အော်ဟစ်ငိုယိုရင်း သူ့လိုပဲ မိသားစုဝင်တွေကိုရှာဖွေနေကြတဲ့တစ်ခြားရွာသားတွေကြားထဲတိုးဝှေ့ပြီး

အမေနဲ့ညီမလေးကိုတွေ့နိုးနိုးလိုက်ရှာမိပါသည်။

 

“ဟဲ့… လုံမလေး… ညည်းအမေရော၊ အငယ်မလေးရောဗုံးထိလို့ဆုံးသွားကြပြီ….. ဟိုဘက်အလောင်းတွေကောက်ပြီးပုံထားတဲ့နေရာမှာတွေ့ခဲ့တယ်ဟဲ့…”

 

ခေါင်းမှာပေါင်းထားသည့်ဖျင်သဘက်ကြမ်းကိုချွတ်ပြီးမျက်ရည်တွေသုတ်နေတဲ့အရီးမြကငိုသံပါကြီးနဲ့ အကြီးမရဲ့လက်ကိုလှမ်းဆွဲပြီးအသိပေးတော့ အကြီးမခေါင်းတွေချာချာလည်သွားရကာ အရီးမြညွှန်ပြရာဆီသို့ကမူးရှူးတိုးပြေးထွက်လာခဲ့ပါသည်။

 

အို… ရွာသူရွာသား….ကလေး၊ လူကြီးအလောင်း

တွေမြင်မကောင်းရှုမကောင်းအောင်စီထပ်လို့အတုံးအရုံးပါပင်။ သမီးကြီးသည် တစ်လောင်းပြီးတစ်လောင်းတုန်တုန်ရီရီဖြင့်လိုက်ကြည့်နေပါသည်။ နောက်ဆုံးတော့ ဝါးရုံပင်အုပ်အောက်မှာချထားသောကိုယ်အင်္ဂါမစုံတော့သည့်အမေနှင့်

သူကျစ်ကျစ်ပါအောင်မလွှတ်တမ်းရင်ခွင်ထဲပွေ့ဖက်ထားသည့်ညီမလေး၏အလောင်းကို

ရင်နင့်ဖွယ်ရာတွေ့လိုက်ရပါတော့သည်။

 

“အမေ…အမေရေ… ညီမလေး… ညီမလေးရေ..

အီးဟီးဟီးဟီး…အီးဟီးဟီး….”

 

အစ်မလုပ်သူကရင်တွေပွင့်ထွက်မတတ်ငိုကြွေးနေတာတွေ့ရတော့ မောင်လေးကလည်းအတူလိုက်၍ငိုပါလေတော့သည်။

အချိန်တွေဘယ်လောက်ကြာသွားသည်မသိတော့၊ ရွာလူကြီးတွေက အလောင်းတွေကိုမီးသင်္ဂြိုလ်တော့မည်ဟုဆိုကာ သူတို့မောင်နှစ်မနှစ်ယောက်ကိုချော့မော့နှစ်သိမ့်၍ ခပ်ဝေးဝေးဆီသို့ဆွဲခေါ်သွားကြလေသည်။ အကြီးမသည် သူ့ပခုံးကိုကိုင်ထားသော ဘကြီးမှည့်ကိုမော့ကြည့်ရင်း အားကိုးတကြီးမေးလိုက်မိသည်။

 

“ဘကြီးမှည့်…ကျုပ်အဘကိုရောတွေ့မိသေးလားဟင်… ကျုပ်အဘ ဒီမနက်ခင်းစောစောကတည်းကယာထဲဆင်းသွားတယ်တော့..”

 

ဘကြီးမှည့်က မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းအစုံနဲ့ အကြီးမကိုငုံ့ကြည့်ရင်း သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ မပြောမဖြစ်ပြောရပုံနှင့်…

 

“လုံမလေးရဲ့အဘလည်းဗုံးသင့်တဲ့အထဲပါသွားပြီကွဲ့… အလောင်းတောင်ပြန်မရလိုက်ပါဘူးကွယ်…”

 

ဘကြီးမှည့်အဖြေကိုကြားလိုက်ရတော့ အကြီးမ သည် မတ်မတ်ရပ်တည်နိုင်စွမ်းမရှိတော့ပဲ မြေကြီးပေါ် ခြေပစ်လက်ပစ်ဖင်ထိုင်လျက်ကျသွားရလေတော့သည်။

သူမသည် မောင်လေးကိုချီပိုးထားရာမှ စောင်ကိုဖြည်လိုက်ပြီး ရင်ခွင်မှာပြောင်း၍တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်ကာ အမေနှင့်ညီမလေးအပါအဝင်အလောင်းများစွာတို့ကိုတစ်ပြိုင်နက်တည်းမီးပုံရှို့ထားရာနေရာမှ မီးလျှံမီးတောက်တွေထွက်ပေါ်လာနေသည်ကိုသာ မျက်ရည်တွေတွေစီးကျရင်းငူငူငိုင်ငိုင်ကြီးငေးစိုက်ကြည့်နေမိသည်။ သူမ၏ရင်ထဲမှာအသည်းနှလုံးကလီစာတွေများ

တစ်စစီပြတ်ကျကုန်ကြလေပြီလားမသိ၊ အသည်းခိုက်အောင်ဆို့နင့်နာကြင်ရပါသည်။

 

သူမတို့မိသားစုနှင့်ရွာသားတွေသည်မည်ကဲ့သို့ သောအမှားများကျူးလွန်မိကြပါသနည်း။

မိဘနှစ်ပါးသည် အတန်းပညာမတတ်ကြပါသော်လည်း စိတ်နှလုံးဖြူစင်ပြီးသဘောမနောကောင်းသူများဖြစ်ကြကာ ရိုးရိုးသားသားသမ္မာအာဇီဝလုပ်ကိုင်စားသောက်နေကြသည့်လယ်သမား၊ ယာသမားများဖြစ်ခဲ့ကြပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာအောင်လုပ်ခဲ့ကြဖူးသူများလည်းမဟုတ်ခဲ့ပါ။

ဒီလိုလူတွေကိုဘာကြောင့်များရက်ရက်စက်စက်သတ်ပစ်ကြပါသနည်း။ အကြီးမသည် ဉာဏ်မမှီနိုင်သောအကြောင်းအရာတွေကိုစဉ်းစားနေရင်းက

ရင်ဝမှာအပူလုံးဆို့ပြီးသတိလစ်မေ့မြောသွားရပါတော့သည်။

 

************

 

အကြီးမကောင်းစွာသတိပြန်လည်လာချိန်မှာတော့ ခေါင်မိုး‌ရော၊ ဘေးပတ်ပတ်လည်ကိုပါ တာပေါ်လင်မိုးကာစများမိုးထားသော တောထဲရှိယာယီတဲကြီးတစ်တဲအတွင်းမှာရောက်ရှိလို့နေခဲ့လေပြီ။

မိမိတို့တဲကဲ့သို့သောအခြားတဲကြီးသုံးလုံးကိုလည်းအနီးအနားမှာတွေ့ရပါသည်။

ရွာသူရွာသားများသည် လောလောဆယ်ရွာထဲပြန်

မဝင်ရဲသေးသည့်အတွက် တောထဲတွင် တဲကြီးများထိုးကာစုဖွဲ့နေထိုင်ရင်း လတ်တလောနေရေးကိုဖြေရှင်းကြကာ၊ ပါလာသောရိက္ခါများကိုဝေမျှ၍စားကြရပါသည်။ တဲကြီးတစ်တဲတွင်မိသားစုဆယ်စု (လူဦးရေခုနှစ်ဆယ်နီးပါးခန့်) နေထိုင်ကြရကာ အမျိုးသမီးများကချက်ရေးပြုတ်ရေးတာဝန်ယူပြီး၊ အမျိုးသားများကထင်းခွေ၊ ရေခပ်တာဝန်ယူကြလေသည်။

 

အကြီးမ၏မိဘများသည်တစ်နယ်သားများဖြစ်ကြ၍ အိမ်ထောင်ကျပြီးကာမှ ဤရွာတွင်သူရင်းငှားလာလုပ်ရင်းဇာတိမပြန်ဖြစ်တော့ပဲအခြေချနေထိုင်လာခဲ့ကြသည်မို့ ရွာ၌ဆွေမျိုးရင်းချာများမရှိကြပါ။ ယခုမိဘများမရှိတော့သည့်နောက် ရပ်ဆွေရပ်မျိုးများကသာ သူတို့မောင်နှစ်မနှစ်ဦးကိုကြည့်ရှုစောင့်ရှောက်ထားလေသည်။

 

အကြီးမတို့မိသားစုသည် ဆင်းရဲသောလက်လုပ် လက်စားများဖြစ်ကြပေမယ့် ဟင်းမကောင်းလျှင်၊ တစ်ခါတစ်ရံ ဟင်းတောင်မှမပါလျှင်သာနေမည် ဆန်ကိုတော့ဆန်ချောသာချက်စားလေ့ရှိကြတာမို့ သူတို့စားပုံသောက်ပုံကို ရွာခံများကအထူးအဆန်းအဖြစ်တအံ့တဩပြောဆိုလေ့ရှိခဲ့ကြသည်။

ရွာသားများက ဆန်ချောစားလျှင် ရင်ပြည့်သည်၊

အီသည်ဟုဆိုကာ ဆန်ကြမ်းကိုသာမက်မက်မောမောစားလေ့ရှိကြပါသည်။ ထို့ကြောင့် အကြီးမတို့မောင်နှစ်မသည် ဤစစ်ရှောင်စခန်းမှာစားရသောဆန်ကြမ်းကိုမြို၍မကျနိုင်ကြပါ။ ဆန်ကမည်မျှတောင်ကြမ်းပါသနည်းဆိုလျှင် ချက်ပြီးခါစပူပူလောလောစားလျှင်တောင် ရေနှင့်မျှောချမှ လည်ချောင်းထဲချောချောချူချူဝင်ပါသည်။ သို့သော် တစ်နေ့ထမင်းနှစ်နပ်စားရသည်ကိုပင်ကျေးဇူးတင်ဝမ်းမြောက်ကြရမည့်အခြေအနေမှာ အကြီးမကအရွယ်နှင့်မမျှအောင်ရင့်ကျက်ကာအလိုက်သိသူလေးမို့ ဆန်ကြမ်းမစားနိုင်၍ဂျီကျနေသောမောင်လေးကိုစိတ်ရှည်လက်ရှည် ချော့မော့ဖြောင်းဖျပြီးနှစ်သိမ့်ထားရပါသည်။ ယခုဆိုလျှင် မိဘနှစ်ပါးစလုံးမရှိကြတော့ပဲ လောကကြီးမှာမောင်လေးနှင့်သူနှစ်ယောက်တည်းသာကျန်တော့သည်မို့ မိမိတို့စားသည့်အထဲမှဖဲ့ရွဲ့ကျွေးမွေးထားသောရပ်ရွာလူကြီးများကြည်ဖြူအောင်နေထိုင်မှရမည်ကို အကြီးမကကောင်းစွာနားလည်လေသည်။

 

တောထဲတွင်တစ်လခန့်ကြာလာသောအချိန်မှာတော့ အသက်အရွယ်ကြီးရင့်သူများနှင့်၊ ကလေးသူငယ်များသည် အဟာရမပြည့်ဝမှု၊ သောက်သုံးရေမသန့်ရှင်းမှု၊ ဖြုတ်မှက်ခြင်ယင်အစရှိသောပိုးမွှားများကိုက်ခဲခံရမှု၊ ဆေးဝါးရိက္ခာမလုံလောက်မှုအစရှိတဲ့အခက်အခဲတွေကိုရင်ဆိုင်လာကြရပါသည်။ သူတို့တစ်တွေကိုကူညီကယ်ဆယ်ပေးမည့်သူလည်းတစ်ဦးတစ်ယောက်မှရောက်မလာကြတာကြောင့် အမျိုးသားကြီးတစ်ချို့ကရွာဘက်သို့ပြန်ကာ အခြေအနေလည်းအကဲခတ်ရင်း ရိက္ခါ၊ ဆေးဝါး၊ အဝတ်အထည်များရသလောက်ပြန်ယူကြရန်တိုင်ပင်ကြပါသည်။ သူတို့တောထဲရောက်ပြီးနောက်နှစ်ရက်အကြာတွင် လေယာဉ်တစ်ခါပြန်လာပြီးဗုံးကျဲခဲ့သေးသည်မို့ ရွာဘက်ကမီးညွန့်မီးတောက်တွေကိုတောထဲမှလှမ်းတွေ့ကြရ၍ ရွာ၌အိမ်ကောင်းဘယ်နှစ်အိမ်မှမကျန်နိုင်တော့သည်ကိုတွက်ဆမိသော်လည်း ဤနည်းလမ်းတစ်ခုသာစဥ်းစားမိကြသောကြောင့် သတ္တိရှိသောအမျိုးသားတစ်ချို့မှ ရွာသားများအားလုံးကိုယ်စားအရဲစွန့်၍ကြိုးစားကြည့်ကြမည်ဖြစ်သည်။

 

ဤသို့လူကြီးများတိုင်ပင်နေကြသည်ကို အကြီးမကနားစွန်နားဖျားကြားတော့ သူမ ချော့လိုက်ခြောက်လိုက်နှင့်ကျွေးပါသော်လည်းအစားမဝင်၍

အာဟာရပြတ်ကာအားနည်းပြီး မျက်တွင်းဟောက်ပက်ကလေးဖြစ်နေရှာသောမောင်လေးကိုသနားလွန်းတာကြောင့် သူမပါ လူကြီးများအနောက်မှတိတ်တဆိတ်လိုက်သွား၍ မောင်လေးအတွက်

အိမ်နောက်ဖက်လျှိုထဲတွင်ဖွက်ထားခဲ့သောဆန်နှင့်စားစရာတစ်ချို့ပြန်သွားယူရန်စိတ်ကူးရခဲ့ပါသည်။ သို့နှင့် လူကြီးတွေရွာသို့တိတ်တဆိတ်ပြန်ကြည့်သောနေ့တွင် မောင်လေးအားအရသာရှိသည့်အစားအစာတွေသွားယူပေးမည်ဟုနှစ်သိမ့်ထားခဲ့ကာ သူမလည်းတောထဲထင်းခွေထွက်သလိုမျိုး မယောင်မလည်နှင့်နောက်မှလိုက်ပါသွားခဲ့လေတော့သည်။

 

************

 

အကြီးမသည် ကံကောင်းထောက်မစွာနှင့် အိမ်သို့အခက်အခဲအတားအဆီးမရှိပဲပြန်ရောက်သွားခဲ့သော်လည်း သူမတို့အိမ်ကလေးနှင့်အခြားအိမ်အတော်များများမှာပြာပုံဖြစ်နေခဲ့လေပြီ။

တစ်ပါတည်းခေါ် ဆောင်မသွားနိုင်ခဲ့သောအိမ်မွေး

တိရိစ္ဆာန်တစ်ချို့မှာလည်းမြင်မကောင်းအောင်ပုပ်ပွသေဆုံးနေကြတာကိုစိတ်မကောင်းစရာတွေ့ရှိရပါသည်။

 

အကြီးမသည် အိမ်အနောက်ဖက်လျှိုထဲသို့ကျင်လည်စွာဆင်းသွားကာ ပစ္စည်းတွေမြှုပ်ထားခဲ့သည့်နေရာကိုလက်ဖြင့်ယက်၍တူးဖော်ပါလေတော့သည်။ ပထမဦးဆုံးဆန်ကိုသယ်နိုင်သလောက်သာခွဲ၍ပလပ်စတစ်အိတ်ထဲကဲ့ထည့်လိုက်သည်။ ပြီးနောက်ဆန်ပုံးကိုသေချာစွာပိတ်ပြီးကျင်းထဲပြန်ထည့်လိုက်သည်။ ဆီနှင့်ဆားအနည်းငယ်ပါခွဲ၍ယူလိုက်သည်။ ထိုစဉ် မထင်မှတ်ပဲ အဘမြို့သွားတုန်းကဝယ်လာပေးသောသီးစုံဂျယ်လီအထုပ်လေးကိုတွေ့လိုက်ရ၍ အကြီးမအလွန်ပျော်သွားသည်။

ဂျယ်လီပါပါလာတာသိရလျှင်မောင်လေးဘယ်လောက်တောင်ပျော်သွားမည်နည်း။

 

သူမပစ္စည်းတွေအားလုံးကိုစောင်ထဲထည့်၊ သေချာထုတ်ပိုးချည်နှောင်ပြီးကျော၌လွယ်ကာပြန်ရန်ပြင်လိုက်စဉ်မှာပဲ ဆူညံသံတွေထွက်ပေါ်လာတာကြောင့် ဝါးရုံအုပ်နံဘေးမှာဝပ်ပြီးမှောက်နေလိုက်ပါသည်။ မြေကြီးပေါ်နားကပ်၍နားထောင်ကြည့်တော့

လူအတော်များများလမ်းလျှောက်လာသောခြေသံကိုကြားလိုက်ရ၍ သူမတုပ်တုပ်မျှမလှုပ်ရဲတော့ပါ။ အော်ဟစ်ဆဲဆိုသံ၊ ခြိမ်းခြောက်မေးမြန်းစစ်ဆေးသံ၊ ရိုက်နှက်ထိုးကြိတ်သံ၊ တိုးလျှိုးတောင်းပန်သံတွေဆက်တိုက်ကြားရအပြီး တစ်ခဏအကြာမှာတော့ သေနတ်သံငါးချက်ဆက်တိုက်ကြားရပြီးနောက် လူတွေပြန်လည်ထွက်ခွာသွားတဲ့ခြေသံကိုကြားလိုက်ရပါတယ်။

 

အကြီးမသည်ခေါင်းမထောင်ရဲပဲအတန်ကြာအောင်စောင့်နေပြီးမှ ဝါးရုံပင်နောက်ကထွက်ပြီး ခပ်လှမ်း လှမ်းရွာလယ်လမ်းမကြီးဆီမျှော်ကြည့်လိုက်ချိန်မှာတော့ ဒီမနက်စစ်ရှောင်စခန်းကထွက်လာတဲ့ရွာသားဦးလေးကြီးငါးယောက်စလုံးလက်ပြန်ကြိုးတုပ်

လျှက်အနေအထားအမျိုးမျိုးနှင့်သွေးအိုင်ထဲမှာလဲကျသေဆုံးနေတာတွေ့လိုက်ရတော့ကြက်သီးမွှေးညှင်းတွေထောင်ထသွားအောင်ကြောက်ရွံ့တုန်လှုပ်သွားရပြီး နောက်လှည့်မကြည့်ရဲတော့ပဲ တုန်နေတဲ့ဒူးကိုအနိုင်နိုင်သယ်ရင်း တောထဲသို့ဒယိမ်းဒယိုင်နှင့်ပြန်ဝင်လာခဲ့ပါတော့သည်။

 

စိတ်ချရတဲ့နေရာအရောက်မှာ အကြီးမသည်

အမောဖြေရင်း အိတ်ထဲမှ ဂျယ်လီနှစ်ခုကိုသာထုတ်ယူလိုက်ကာ ကျန်တဲ့စားစရာတွေကိုတော့ ကြိုတင်တူးဆွထားခဲ့တဲ့ကျင်းထဲကိုထည့်ပြီးဖုံးထားခဲ့လိုက်ပါသည်။ သူတစ်ပါးကိုဝေမျှကျွေးရလျှင် မောင်လေး စားဖို့လျော့သွားမှာစိုးရိမ်၍သာဖွက်ထားခဲ့ရပေမယ့်တစ်ကိုယ်‌ကောင်းဆန်သောသူမရဲ့လုပ်ရပ်အတွက်တော့ သမီးကြီးကိုယ့်စိတ်ကိုယ်မလုံပါပေ။ သမီးကြီးစခန်းပြန်ရောက်တော့ အရီးမြတို့က သူမပျောက်နေ၍စိတ်ပူပြီးဆူပူကြိမ်းမောင်းကြတော့ တစ်နေ့ကကောက်ထားတဲ့ထင်းချောင်းလေးတွေယူလာတာကိုပြပြီး ထင်းသွားခွေတာဖြစ် ကြောင်းလိမ်ပြောလိုက်ရသည်။

 

သေနတ်သံသဲ့သဲ့လည်းကြားလိုက်ရပြီး ရွာသို့လွှတ်လိုက်သောသူများလည်းပြန်မလာကြ၍ အမျိုးသားတစ်ဖွဲ့ထပ်လိုက်သွားကြပြီးနှစ်နာရီခန့်

အကြာမှာတော့ မျက်နှာအပျက်ပျက်တောက်တစ်ခေါက်ခေါက်နှင့်ပြန်ရောက်လာကြကာ သေဆုံးသွားသူတွေကို ကောင်းမွန်စွာသင်္ဂြိုလ်ပြီးပြန်လာခဲ့ကြကြောင်း၊ နောက်တစ်ခါရွာထဲသွားဖို့မလုံခြုံတော့ကြောင်း၊ စစ်ရှောင်စခန်းကို ဒီထက်ပို၍တောနက်သောနေရာသို့ပြောင်းရွှေ့ရန်စီစဉ်ရမည်ဖြစ်ကြောင်းတိုင်ပင်ပြောဆိုနေသံကြားရပါသည်။ ရင်ကွဲပက်လက်ငိုယိုနေကြတဲ့‌ သေဆုံးသွားသူ‌တွေရဲ့မိသားစုဝင်တွေကိုကြည့်ရင်း အကြီးမသည် သူမတွေ့မြင်ခဲ့ရတဲ့အနိဌာရုံမြင်ကွင်းတွေကိုပြန်မြင်ယောင်ကာ မောင်လေးကိုဖက်ထားရင်းရင်တွေတဆတ်ဆတ်တုန်လို့နေပါသည်။ မောင်လေးကတော့ကလေးပီပီ အစ်မဖြစ်သူသိုဝှက်ယူလာကျွေးသောဂျယ်လီလေးကိုမြုံ့ကာကျေနပ်ပြုံးရွှင်နေသည်ကို

ခပ်လှမ်းလှမ်းမှာတစောင်းလေးလှဲနေတဲ့အရီးမြရဲ့မြေးလေးကလည်းအားကျသည့်ဟန်ဖြင့်ငေးကြည့်နေတာမို့ အကြီးမမှာမမြင်ချင်ယောင်ဆောင်ထားရပါသည်။

 

“ကျုပ်မှာပိုက်ဆံတွေရှိရင်ညည်းကိုလည်းဂျယ်လီတွေတစ်ဝကြီးဝယ်ကျွေးပါ့မယ်မိတုတ်ရယ်…

မသထာလို့တော့မဟုတ်ပါဘူး….

အခုကကျုပ်မောင်လေးတစ်ယောက်စာပဲရှိလို့ပါအေ”

 

လို့သာစိတ်ထဲကတောင်းပန်နေမိလေသည်။

 

အကြီးမသည် တစ်ပါတ်လျှင်နှစ်ကြိမ်လောက် လူကြီးတွေလစ်ချိန်မှာ တောထဲသွားပြီး ဝါးဆစ်ဗူးလေးဖြင့် မောင်လေးတစ်ယောက်စာထမင်းချက်၍ ဆီ၊ ဆားနယ်ကာထမင်းလက်ဆုပ်ကလေးတွေလုပ်ပြီး ငှက်ပျောဖက်၊ အင်ဖက်တို့နှင့်ထုပ်၍ပြန်သယ်လာကာ ဘယ်သူမှမတွေ့အောင်ခိုးကျွေးတော့ ထမင်းမွှေးမွှေးလေးကိုမြုံ့ဝါးရင်းထွက်လာတဲ့

အချိုရည်တွေကိုနှစ်ခြိုက်စွာမြိုချစားသုံးနေတဲ့မောင်လေးကိုကြည့်ကာစိတ်ချမ်းမြေ့ရပါသည်။ သူမကတော့ စခန်းကကျွေးတဲ့ဆန်ပြုတ်ကိုသာသောက်ပါသည်။ ရွာသို့မပြန်ရဲကြ၍စခန်းတွင်ဆန်မလုံလောက်တော့တာမို့ ထမင်းမချက်နိုင်တော့ပဲ ဆန်ပြုတ်ကိုသာ မဝရေစာစားသောက်နေကြရပြီဖြစ်ပါသည်။ တစ်ညနေမှာတော့ ရွာနီးချုပ်စပ်အခြေအနေလှည့်ကြည့်ပြီးပြန်လာတဲ့ဘကြီးမှည့်တို့လူစုက ချက်ချင်းပဲတဲတွေကိုဖျက်ယူပြီးတောနက်ထဲပြောင်းကြရန်နှိုးဆော်တော့ အားလုံးပဲတက်ညီ လက်ညီသိမ်းဆည်းပြီးရွှေ့ပြောင်းရန်ပြင်ဆင်ကြလေတော့သည်။ ထိုအချိန်တွင် ဘာမှသိမ်းဆည်းစရာမရှိသောအကြီးမသည် မောင်လေးအတွက်

နှစ်ခါချက်စာကျန်သောဆန်နို့ဆီဗူးတစ်ဗူးခန့်နှင့်

ဂျယ်လီငါးတောင့်ကိုသတိရသွားသောကြောင့် လူအရိပ်အခြေကြည့်ပြီး မောင်လေးကိုကျောပိုးကာ စားစရာများဖွက်ထားသောနေရာသို့မှောင်ကြီး မည်းကြီးထဲကျင့်သားရစွာဖြင့်အလျင်အမြန်ပြေးလေတော့သည်။

 

စခန်းမှခွာရန်လူစစ်ကြတော့ အကြီးမတို့မောင်နှစ်မနှစ်ယောက်မရှိတော့တာကိုသတိထားမိကြပေမယ့် အရေးပေါ်အခြေအနေမို့ ဘကြီးမှည့်က လိုက်မရှာတော့ရန်ဆုံးဖြတ်ပြီး ညကြီးမိုးချုပ်ဖြစ်သော်လည်း မီးတုတ်၊ မီးတိုင်၊ ဘာဆိုဘာမှမထွန်းရဲပဲ လူအုပ်စုကြီးသည် မှောင်‌မှောင်မည်းမည်းတောနက်ထဲသို့ခပ်သုတ်သုတ်တိုးဝှေ့ဝင်ရောက်ပျောက်ကွယ်သွားကြလေတော့သည်။

 

************

 

“ရောက်တေးဘူးယားမမရဲ့…”

 

မောင်လေးရဲ့အမေးကို ဟောဟဲလိုက်အောင်မောနေသည့်ကြားကအကြီးမကပြန်‌ဖြေလိုက်လေသည်။

 

“ရှေ့ဆိုရောက်ပြီမောင်လေးရေ…”

 

အားတင်းပြေးရင်း ဖွက်ထားတဲ့နေရာအရောက်မှာ မောင်လေးကိုကျောပိုးထားရာမှခဏချကာ နဖူးကချွေးတွေကိုလက်ဖြင့်သပ်ချလိုက်ပြီး အသင့်တွေ့တဲ့တုတ်ချောင်းနဲ့ မြေကျင်းကိုအားစိုက်တူးလိုက်ကာလက်ကျန်ဆန်နို့ဆီဗူးတစ်ဗူးစာလောက်ထည့်ထားတဲ့အိတ်နဲ့သီးစုံဂျယ်လီငါးခုကိုရှင်မီးအင်္ကျီထဲကပြာကယာထိုးထည့်၍ မောင်လေးကိုကျောပြန်ပိုးရန်ပြင်လိုက်ချိန်မှာပဲ….

 

“ဝေါ….. ရွှီး…. အုံး…”

 

ကျယ်လောင်လှတဲ့လေယာဉ်သံနဲ့အတူ တစ်ဆက် တည်း ဗုံးကျဲသံကြောင့် မောင်လေးကိုကျစ်ကျစ်ပါအောင်ဖက်ပြီးမော့ကြည့်လိုက်ချိန်မှာတော့ အလွန်လျင်မြန်လွန်းလှစွာဘာဖြစ်လို့ဖြစ်သွားမှန်းတောင်

မသိလိုက်ရပဲ မောင်နှစ်မနှစ်ယောက်စလုံးလေပေါ်သို့အမြင့်ကြီးမြောက်တက်သွားပြီးမှပြန်ပြုတ်ကျလာခဲ့တော့သည်။ အကြီးမသည်ခန္ဓာကိုယ်မှ ပြောမပြနိုင်လောက်အောင်နာကြင်လွန်းလှပါသော်လည်း သွေးစီးကြောင်းတွေကြားက မျက်လုံးကိုမရအရ

ဖွင့်၍ ‌မောင်လေးကိုသာပူပန်ခြင်းကြီးစွာဖြင့် အားစိုက်ရှာဖွေနေပါသည်။ ခပ်ဝေးဝေးမှာပျော့ခွေငြိမ်သက်သွားရှာပြီဖြစ်တဲ့ သွေးအလိမ်းလိမ်းနှင့်မောင်လေးထံသို့အကြည့်အရောက်မှာ နောက်ဆုံးသွေးတစ်ပွက်အန်ထွက်ရင်းမျက်လုံးပွင့်လျှက်သားလောကကြီးကိုနှုတ်ဆက်ထွက်ခွာသွားရလေတော့သည်။ သူတို့အနီးအနားတစ်ဝိုက်မှာတော့ သွေးစွန်းနေတဲ့ဆန်စေ့လေးတွေ၊ အပိုင်းပိုင်းအစစစုတ်ပြတ်သတ်သွားတဲ့ဂျယ်လီလေးတွေပြန့်ကျဲလွင့်စင်လို့……

 

************

 

အကြီးမသည် ပေါ့ပါးလွင့်မျောနေသောသူမရဲ့ခန္ဓာကိုယ်ကိုတအံ့တဩငုံ့ကြည့်စမ်းသပ်ရင်း သူချီပိုးစရာမလိုပဲသူ့လက်ကိုဆွဲကာမြူးတူးခုန်ပေါက်နေတဲ့မောင်လေးကိုကြည့်ကာသဘောတကျရယ်မောလိုက်မိသည်။ ရှေ့တူရူကိုလှမ်းကြည့်လိုက်တော့ သူတို့အိမ်ကလေးကိုအကောင်းပကတိအတိုင်းမြင်ရပြီး အဘနှင့်အမေတို့ကအိမ်ထဲမှ

ပြုံးပြုံးကြီးလက်လှမ်းပြနေကြလေသည်။

 

“ဟယ်တော့ … မောင်လေးရေ… တို့တွေအိမ်ပြန်ရောက်ပြီဟေ့… ဟိုမှာ အဘ၊ အမေနဲ့ညီမလေး…

မမတို့ကိုထမင်းစားဖို့လှမ်းခေါ်နေတယ်တော့…

လာလာ…. အမြန်သွားကြရအောင်နော်..”

 

မောင်နှစ်မနှစ်ယောက်တို့သည် ပျော်ရွှင်စွာလက်ချင်းတွဲရင်း အငွေ့တစ်ထောင်းထောင်းထနေတဲ့ကော့ကော့စင်းစင်းထမင်းဖြူဖြူနှင့်ငါးပိရည်ကျို၊ တို့စရာမျိုးစုံပန်းကန်ကြီးထမင်းပွဲအလယ်မှာချလို့ ပြုံးပြုံးရွှင်ရွှင်ဝိုင်းဖွဲ့စားသောက်နေတဲ့မိသားစုရှိရာကိုတလွင့်လွင့်တရွေ့ရွေ့ဦးတည်လျှက်…..

 

“စစ်ပွဲတို့ကင်းစင်သောကမ္ဘာကြီးမှာ

အပြစ်မဲ့ကလေးသူငယ်များအားလုံး

အာဟာရပြည့်ဝဖူလုံစွာစားသောက်၍၊

ကောင်းမွန်လုံခြုံစွာနေထိုင်ကြရပြီး၊

ကျန်းမာပျော်ရွှင်စွာပညာသင်ကြားရင်း

ငြိမ်းငြိမ်းချမ်းချမ်းရှင်သန်နိုင်ကြစေရန်

ရည်သန်လျှက်…..”

 

“ပြီးပါပြီ”

 

#Way

၂၄၁၀၂၀၂၄

 

Photo crd. to Pinterest

 

#Crd

Leave a Reply

Your email address will not be published. Required fields are marked *