Novel

ထိုင်ပါရစေ

———————မင်းလူ

 

“မြန်မာလူမျိုးတွေဟာ အားရင် လက်ဖက်ရည်ဆိုင်ပဲ ထိုင်နေကြတာပဲ”ဆိုသောစကားကို မကြာခဏ ကြားရသည်။ နိုင်ငံခြားသားတွေက ပြောခြင်းတော့မဟုတ်။ မြန်မာအချင်းချင်းက ပြန်ပြောခြင်းသာဖြစ်၏။ အထူးသဖြင့် အလုပ်နှင့်လက်မပြတ်အောင် လုပ်ရင်း တိုးတက်ကြီးပွားဖို့ အမြဲကြံစည်နေသူများနှင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖူးသူတချို့က ပြောကြခြင်းဖြစ်၏။

 

နိုင်ငံခြားသားတွေကတော့ မြန်မာများ လက်ဖက်ရည်ဆိုင်ထိုင်ကြခြင်းနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုံ့ချတာမျိုး သိပ်မရှိလှဘူး ထင်၏။ ရှိချင်းရှိလျှင် လက်ဖက်ရည်ဆိုင်မှာ အေးအေးဆေးဆေးထိုင်နိုင်လောက်အောင် အချိန်တွေချမ်းသာနေသော မြန်မာတွေကို အားကျခြင်း၊ မနာလိုခြင်းတို့သာ ဖြစ်နိုင်ဖို့များသည်။ သူတို့ခမျာ တစ်နေကုန် မနားမနေ အလုပ်လုပ်နေကြရှာတာမဟုတ်လား။

 

လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် နိုင်ငံခြားယဉ်ကျေးမှုမှ ကူးစက်လာခြင်းဟု အတိအကျ စွပ်စွဲလို့မရ။ မြန်မာ့ယဉ်ကျေးမှုစစ်စစ်ရယ်လို့လည်း အခိုင်အမာမပြောနိုင်။ ဆက်နွယ်ပတ်သက်မှုတော့ရှိသည်ဟု ဆိုကောင်းဆိုနိုင်သည်။

 

ရှေးအစဉ်အဆက်ကတည်းက လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့် ခပ်ဆင်ဆင်တူသော အလေ့အထတစ်ခုရှိခဲ့၏။ တောရွာများတွင် အိမ်ရှေ့တွေမှာ ကွပ်ပျစ်ကြီးတွေ ထားတတ်သည်။ ညဘက် လသာချိန်ကျလျှင် လူကြီးပိုင်း၊ လူလတ်ပိုင်းတို့သည် ကွပ်ပျစ်ပေါ်မှာထိုင်၍ လက်ဖက်၊ မြေပဲကြော်၊ ထန်းလျက်၊ ငါးခြောက်ဖုတ် စသည်တို့ကို ရေနွေးကြမ်းနှင့်မြည်းရင်း ဝိုင်းဖွဲ့စကား ပြောတတ်ကြသည်။ ဘာသာရေး၊ ဗေဒင်ယတြာ၊ လောကဓာတ်ပညာနှင့် ရပ်ရေးရွာရေးတို့ကို ဆွေးနွေးတတ်ကြသည်။ ကောင်းကင် ကြည်လင်သောညများမှာ နက္ခတ်တာရာများအကြောင်း ပြောကြသည်။

 

ခပ်လှမ်းလှမ်းမှာ မိန်းမပျိုလေးတွေက ဗိုင်းငင်ရင်း၊ ဝါဖန့်ရင်း သူတို့ချင်း စကားတွတ်ထိုးချင်ထိုး၊ လူကြီးဝိုင်းကစကားကို တစေ့တစောင်း နားထောင်ချင်ထောင်၊ တလင်းပြောင်ပြောင်မှာတော့ ကလေးတွေက ထုပ်စည်းထိုးတမ်း၊ ဖန်ခုံတမ်း ကစားနေကြသည်။

 

မြန်မာတို့၏အပန်းဖြေနည်းတစ်နည်းပင်ဖြစ်၏။ ဒီလိုနဲ့ အသိပညာတွေ၊ ဗဟုသုတတွေကို ဖလှယ်ကြ လက်ဆင့်ကမ်းခဲ့ကြသည်။ ခုချိန်ထိ ဒီလိုဓလေ့မျိုးတွေ ကျေးလက်ဒေသတချို့မှာ ရှိနေသေး၏။

 

မြို့ကြီးတွေမှာတော့ လူနေမှုစနစ်တွေ ပြောင်းကုန်သဖြင့် ထိုဓလေ့မှာ ခေတ်နှင့်အညီ တစ်မျိုးတစ်ဖုံ ဆန်းသစ်သွားသည်ဟု ဆိုနိုင်သည်။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအလေ့အထသည် မြန်မာ့ရိုးရာလက်ဖက်ရည်ကြမ်းဝိုင်းမှ အသွင်ပြောင်း ဆင်းသက်လာလေ သလားဟု ယူဆစဉ်းစားစရာရှိပါသည်။

 

 

 

 

* * *

 

 

 

 

မြန်မာတို့သည် အိမ်နီးနားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်ဝိုင်းဖွဲ့ပြီး ထွေရာလေးပါး စကားပြော ရသည်ကို အလွန်ခုံမင်တတ်ကြ၏။ ခုချိန်ထိလည်း အများစုက ဒီသဘောအတိုင်းရှိနေသေးသည်။ ထိုဆန္ဒကို အကောင်းဆုံး ဖြည့်စွမ်းပေးနိုင်တာက လက်ဖက်ရည်ဆိုင်များပဲဖြစ်၏။

 

တကယ်တော့ ဒီလိုဓလေ့စရိုက်မျိုးသည် မြန်မာတစ်နိုင်ငံတည်းမှာရှိတာမဟုတ်။ အာရှနိုင်ငံ အတော်များများမှာရှိ၏။ အမေရိကားမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်လောက်အထိ ရှိခဲ့သေးသည်ဟု စာအုပ်တွေထဲမှာ ဖတ်ရသည်။ နောက်တော့မှ တိုးတက်ဖြစ်ပေါ်လာသော ရုပ်၀တ္ထုပစ္စည်းတွေနောက်ကို အမီလိုက်နိုင်ရန် အလုပ်ကို မနားမနေလုပ်ရင်း ငွေကို အသည်းအသန် ရှာကြရာမှ အချိန်တွေရှားပါးကုန်ခြင်းသာဖြစ်သည်ဟု ဆို၏။

 

ပြင်သစ်နိုင်ငံမှာတော့ ခုချိန်ထိ လက်ဖက်ရည်ဆိုင်ထိုင်သော အလေ့အထရှိနေတုန်းပင်ဖြစ်၏။ ပါရီမြို့တော်၏ နာမည်ကျော် ရှောင်ဇလီဇေလမ်းမကြီး၏ ပလက်ဖောင်းပေါ်တွင် လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးတွေရှိ၏။ ကျွန်တော်တို့ဆီကဆိုင်တွေလိုပင် ပလက်ဖောင်းပေါ်မှာ အမိုးအကာမပါဘဲ ခင်းကျင်းထားသည်။ လွတ်လွတ်လပ်လပ်ထိုင်နိုင်သည်။ စာရေးဆရာ၊ ပန်းချီဆရာ စသော အနုပညာသမားများသည် ထိုဆိုင်ကလေးများမှာ ဆုံတတ်ကြသည်။

 

တချို့ဆိုင်တွေဆိုလျှင် သူတို့ဆိုင်သည် သက်တမ်းဘယ်လောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဘယ်စာရေးဆရာကြီး၊ ဘယ်ပန်းချီဆရာကြီး၊ အယ်ဒီတာဆရာကြီးတို့သည် ဘယ်စားပွဲမှာ ပုံမှန်လာထိုင်လေ့ရှိကြောင်း စသည်ဖြင့် ဂုဏ်ယူတတ်ကြသည်။ ဒါကို ကဖီးဆိုင်ယဉ်ကျေးမှုဟု ခေါ်ကြကြောင်း စာအုပ်တွေထဲမှာ ဖတ်ဖူးသည်။

 

“ဂျပန်တို့၊ စင်္ကာပူတို့မှာ ခုလို လက်ဖက်ရည်ဆိုင်ထိုင်ပြီး အချိန်ဖြုန်းနေတာ မတွေ့ဖူးပေါင်”

 

ဟု ပြောသူကပြောသည်။ သူတို့ဆီမှာ အလုပ်ဆင်းချိန်ကျလျှင် အိမ်တန်းမပြန်နိုင်သေးဘဲ ဘီယာဆိုင်၀င်ထိုင်ကြတာ၊ စနေနေ့တစ်ညလုံး လဲအောင်၊ ကွဲအောင်သောက်ပြီး တနင်္ဂနွေတစ်နေ့လုံး အရက်နာကျပြီး မထနိုင်ကြတာမျိုးကိုတော့ အလုပ်ချိန် အပမှာပဲဆိုပြီး ချွင်းချက်ထားလေသလားမသိ။

 

 

 

 

* * *

 

 

 

 

တချို့က မြန်မာတွေ လက်ဖက်ရည်ဆိုင်ထိုင်တာ အလဟဿအချိန်ဖြုန်းနေတာ၊ အလုပ်မလုပ်ချင်လို့ အပျင်းထူနေတာဟု စွပ်စွဲချင်သည်။ ဟုတ်သင့်သလောက်တော့ ဟုတ်ပါသည်။ လက်ဖက်ရည်ဆိုင်မှာ တစ်ချိန်လုံးလိုလိုထိုင်ပြီး အရည်မရ၊ အဖတ်မရ စကားတွေပြောလိုက်၊ ထီဂဏန်းတွေတွက်လိုက် လုပ်နေသူတွေရှိပါသည်။ အလုပ်အကိုင် မည်မည်ရရလုပ်ဖို့မကြိုးစားဘဲ ဆိုင်မှာထိုင်ပြီး အချိန်ဖြုန်းတတ်သူတွေလည်းရှိပါသည်။ ဒါတွင်မက ညနေဘက်ကျတော့ အရက်ဆိုင်ပါ ပြောင်းထိုင်တတ်သူတွေလည်း ရှိပါသည်။ သို့ရာတွင် ဒီလိုလူမျိုးက လူနည်းစုသာဖြစ်၏။

 

အများစုအတွက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းတွင် သူ့အကြောင်းပြချက်နှင့်သူ အသီးသီးဖြစ်နိုင်၏။

 

ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုလျှင် လူကြီးပိုင်းတွေသာ လက်ဖက်ရည်ဆိုင်ထိုင်ကြသည်။ အထူးသဖြင့် အဘိုးကြီးတွေ ဖြစ်၏။ သူတို့သည် အိမ်မှာနေရတာ အထီးကျန်ဆန်သောကြောင့်လည်းကောင်း၊ နားပူသက်သာချင်သောကြောင့်လည်းကောင်း၊ အငြီးပြေ အာရုံပြောင်းလဲမှုရစေရန်အတွက်လည်းကောင်း ထိုင်ကြခြင်းဖြစ်၏။ တချို့က သတင်းစာဖတ်သည်။ တချို့က ရေဒီယို နားထောင်၊ တချို့ကတော့ တိုင်းရေးပြည်ရေး ဘာသာရေးအကြောင်း ဆွေးနွေးကြသည်။ တချို့ကလည်း မိသားစုအရေးကိစ္စများ ရင်ဖွင့်ကြသည်။ ကျားထိုးသူ၊ စစ်တုရင်ထိုးသူများလည်းရှိ၏။

 

လူငယ်တွေတော့ လက်ဖက်ရည်ဆိုင်ထိုင်လေ့မရှိ။ ဆံပင်ညှပ်ဆိုင်မှာသာ စုရပ်လုပ်လေ့ရှိ၏။ ညဘက်ကျလျှင်တော့ လမ်းထိပ်က အုတ်ခုံတို့၊ ဘုရားကုန်းတော်တို့၊ မီးကင်းတို့မှာထိုင်ပြီး ထွေရာလေးပါးပြောကြ သီချင်းဆိုကြသည်။

 

ကျွန်တော်သည် ဆယ်တန်းအထိ လက်ဖက်ရည်ဆိုင် မထိုင်တတ်သေး။ ခြံထိပ်ကအုတ်ခုံမှာ ညဘက် ဂစ်တာတီး သီချင်းဆိုတာတော့ရှိနေပြီ။ တက္ကသိုလ်ရောက်တော့ ဦးချစ်လက်ဖက်ရည်ဆိုင်ဆိုတာ နာမည်ကြီးလွန်း၍ သွားထိုင်ကြည့်သည်။ ထိုအခါမှစ၍ လက်ဖက်ရည်ဆိုင်ထိုင်တတ်သောအကျင့်ကို စွဲခဲ့ရာ ခုချိန်ထိပင်ဖြစ်၏။

 

ခုခေတ်မှာတော့ လူငယ်တော်တော်များများ လက်ဖက်ရည်ဆိုင်ထိုင်နေကြပြီ။ ဒီအလေ့အထက စတီရီယိုသီချင်းများ၏ အစဦးပိုင်းနှင့်အတူ ခေတ်စားလာခြင်းဖြစ်သည်ဟု ထင်ရ၏။ ကက်ဆက်ရီကော်ဒါလေးတွေ ပေါ်ဦးစက ရှားပါးပစ္စည်းမို့ လူတိုင်း မ၀ယ်နိုင်ကြ။ စတီရီယိုသီချင်းတွေကလည်း အချိန်ရစပြုလာပြီ။ ထိုအခါ လာဘ်မြင်သော လက်ဖက်ရည်ဆိုင်တွေက ကက်ဆက် ၀ယ်ပြီး စတီရီယိုသီချင်းတွေဖွင့်ကြသည်။ လူငယ်တွေက သီချင်းနားထောင်ချင်သောကြောင့် သွားထိုင်ကြသည်။

 

မှတ်မိသလောက်ဆိုလျှင် ကျွန်တော်တို့ရပ်ကွက်ထဲက ကိုခင်မောင်သန်းတို့ညီအစ်ကိုတွေက မိုးပြာကဖီးဆိုသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်သည်။ သူတို့ဆိုင်မှာ မင်းမင်းလတ်၊ ပလေးဘွိုင်းသန်းနိုင်တို့၏သီချင်းတွေ ဖွင့်ပေးသည်။ သူတို့ဆိုင်သည် မြန်မာပြည်တွင် စတီရီယိုသီချင်းတွေ ပထမဆုံးစဖွင့်သောဆိုင်တွေထဲမှာ တစ်ဆိုင်အပါအ၀င်ဖြစ်ခဲ့၏။ ထို့ကြောင့် ကျွန်တော်တို့သင်္ဃန်းကျွန်းမှသာမက တောင်ဥက္ကလာ၊ သု၀ဏ္ဏ၊ တာမွေဘက်မှ လူငယ်တွေတောင် လာထိုင်ကြသည်။

 

နောက်ပိုင်းကျတော့ သီချင်းနားထောင်ရုံသက်သက်အတွက် မဟုတ်တော့။ ခေတ်တွေပြောင်းလာတော့ လူနေမှု ပုံစံတွေလည်း ပြောင်းလာသည်။ လူဦးရေကများလာပြီး နေရာထိုင်ခင်းက ကျဉ်းလာသည်။ အိပ်ခန်းသေးသေး၊ တိုက်ခန်းကျဉ်းကျဉ်းတွေထဲမှာ စုပြုံနေကြရသည်။ လူငယ်တွေအတွက် အနေကြုံ့သလို လူကြီးအတွက်လည်း နားအေးပါးအေးမရှိ။ ဒီကြားထဲ ဧည့်သည်လာလျှင် မဆိုင်သူက ရှောင်ပေးရ၏။ အိမ်အတွင်းခန်းထဲ ၀င်နေချင်နေ၊ အိမ်ပြင်ထွက်ချင်ထွက်၊ ဒီတော့ လူငယ်များသည် လှေကားရင်းမှာဖြစ်စေ၊ လမ်းထိပ်အုတ်ခုံမှာဖြစ်စေ၊ လက်ဖက်ရည်ဆိုင်မှာဖြစ်စေ သွားထိုင်ပြီး လွတ်လပ်မှုကို ရှာရတော့သည်။

 

ထို့အတူ လူကြီးတွေအဖို့လည်း ဧည့်ခန်းကို သားသမီးမြေးမြစ်တွေက အပိုင်စီးထားလိုက်သောအခါ လွတ်ရာ ကျွတ်ရာဖြစ်သော လက်ဖက်ရည်ဆိုင်သို့ “စတေး”ရှောင်ထွက်ရလေသည်။

 

လက်ဖက်ရည်ဆိုင်တွေမှာ လူကျတတ်သည့်အချိန်သည် သူ့အရပ်ဒေသကိုလိုက်၍ အမျိုးမျိုးရှိတတ်၏။ ရန်ကုန်မြို့လယ်က ဆိုင်တွေကတော့ အမြဲလိုလို လူများနေလေ့ရှိ၏။ ထို့ကြောင့် ရန်ကုန်မြို့လယ်တွင် အလုပ်မရှိ အကိုင်မရှိသူတွေ ပိုများသည်ဟု ပြောလို့ မရပါ။ မြို့လယ်ခေါင်တွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည်လည်း အလုပ်တစ်ခုလုပ်နေခြင်းပင်ဖြစ်တတ်လေ၏။

 

မြို့ထဲမှာ ရုံးခန်းတစ်နေရာရဖို့ မလွယ်လှ။ ထို့ကြောင့် သာမန်လူတို့သည် ပြောစရာ ဆိုစရာကိစ္စရှိလျှင် လက်ဖက်ရည်ဆိုင် ကိုသာ ရုံးခန်းလုပ်ကြရ၏။ လူချင်းဆုံလျှင် လက်ဖက်ရည်ဆိုင်ကိုသာ ချိန်းဆိုကြရ၏။ အလုပ်ပင်ပန်းလို့ အမောဖြေချင်လျှင် လက်ဖက်ရည်ဆိုင်မှာ ၀င်နားရ၏။ ငွေ ဆယ်ဂဏန်းအနည်းငယ်အကုန်ခံရုံဖြင့် နာရီပေါင်း အတန်ကြာထိုင် နားထောင်ခွင့်လည်းရ၊ လက်ဖက်ရည်လည်းသောက်ရ၊ ရေနွေးကြမ်းလည်း တစ်အိုးပြီးတစ်အိုး၊ ကြိုက်သလောက် သောက်လို့ရတဲ့နေရာမျိုး ကမ္ဘာမှာ မရှိသလောက်ရှားပါလိမ့်မည်။

 

ဆင်ခြေဖုံးအရပ်မှာရှိသော လက်ဖက်ရည်ဆိုင်တွေကတော့ မနက်ပိုင်းနှင့် ညပိုင်းလောက်မှာသာ လူစည်ကားတတ်သည်။ နေ့လယ်ပိုင်းမှာတော့ ခြောက်ခြောက်ကပ်ကပ် ဖြိုးဖြိုးဖြောက်ဖြောက်သာဖြစ်၏။ မနက်ပိုင်းမှာ အချိန်လု၍ လက်ဖက်ရည်ဆိုင် ထိုင်ကြရ၏။ မနက်စောစောအတွက် ၀မ်းကိုဖြည့်ရင်း နေ့သစ်အတွက် အားယူကြရ၏။ ပြီးတော့ အလုပ်ခွင်သို့ အမီပြေးကြရသည်။ ညဘက်ကျတော့မှ အေးအေးဆေးဆေး အချိန်ယူထိုင်ရင်း အနားယူကြရခြင်းဖြစ်လေ၏။

 

ကျွန်တော်တို့ရပ်ကွက်ထဲမှ သူငယ်ချင်းတစ်ယောက်သည် ဒဂုံမြို့သစ်တောင်ပိုင်း အစွန်အဖျားသို့ ပြောင်းရွှေ့သွားပြီးနောက် လက်ဖက်ရည်ဆိုင်ဖွင့်သည်။ သူ့ဆိုင်မှာ တစ်နေကုန် လူနှစ်ယောက်သုံးယောက်သာ ထိုင်တဲ့လူရှိ၏။ ည၈ နာရီလောက်ကျမှ ဝိုင်းတွေ ပြည့်လျှံလောက်အောင် လူစည်ကားလာသည်ဟု ဆို၏။ မနက်အစောကြီးကတည်းက အလုပ်သွားကြပြီး ညမိုးချုပ်မှ ပြန်ရောက်။ ဒီတော့မှ ထမင်းဟင်းချက်စားပြီးမှ လက်ဖက်ရည်ဆိုင်ထိုင်တဲ့လူက ထိုင်၊ ဗီဒီယိုရုံသွားတဲ့လူကသွားကြရတာကိုး။

 

 

 

 

* * *

 

 

 

 

အရက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်တို့တွင် လူပေါင်းစုံလာသည်ဟု ဆိုကြ၏။ တကယ်တော့ သဘောသဘာ၀ချင်း ထပ်တူမဟုတ်။

 

အရက်ဆိုင်မှာ သူ့အလွှာအလိုက် ကွဲပြားမှုရှိနိုင်သည်။ ငွေကြေးတတ်နိုင်သူတွေက ဟိုတယ်တက်၊ ကာရာအိုကေ သွား၊ ပန်းကုံးစွပ်၊ အလယ်အလတ်သမားက ရက်စတောရင့်ထိုင်၊ စည်ဘီယာဆိုင်သွား၊ အခြေခံလူတန်းစားက ဘီအီးသောက်၊ အောက်ဆုံးလွှာတွေကတော့ တောအရက်ကိုင်။

 

လက်ဖက်ရည်ဆိုင်ကျတော့ ဒီလိုမဟုတ်။ စျေးအလွန်ကြီးသောဆိုင်အနည်းငယ်မှလွဲလျှင် အများစုမှာ စျေးနှုန်းချင်း မတိမ်းမယိမ်းဖြစ်၏။ လူအများစု လက်လှမ်းမီနိုင်သောအခြေအနေ။ ပြီးတော့ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ ခမ်းခမ်းနားနား ရှိမှမဟုတ်။ လွတ်လွတ်လပ်လပ် ကျယ်ကျယ်၀န်း၀န်းရှိပြီး လက်ဖက်ရည်ကောင်းဖို့၊ မုန့်မျိုးစုံဖို့သာ အရေးကြီးသည်။ လက်ဖက်ရည်သမားစစ်စစ်တို့သည် လက်ဖက်ရည်သာ ကောင်းပါစေ ကုက္ကိုလ်ပင်ရိပ်မှာ ခွေးခြေကလေးနှင့်ထိုင်ရလည်း ကျေကျေနပ်နပ်ထိုင်မှာပါပဲ။

 

လက်ဖက်ရည်ဆိုင်များမှာ လူတန်းစားခွဲခြားမှုလည်းမရှိ။ အလုပ်လက်မဲ့များ၊ လက်လုပ်လက်စားများ၊ ပျံကျစျေးသည်များ၊ ဆိုက္ကားဆရာများ၊ တက္ကစီဆရာ၊ အနုပညာသမား၊ ၀န်ထမ်းများ၊ အရာရှိများ၊ ရှေ့နေများ၊ ဆရာ၀န်များ၊ ကျောင်းဆရာများ၊ လုပ်ငန်းရှင်များ၊ ပွဲစားများ စသဖြင့် လူတန်းစားပေါင်းစုံ ရောနှောထိုင်ကြသည်။ လက်ဖက်ရည်ကို ရိုးရိုးနဲ့ ရှယ်ခွဲထားတာ တစ်ခုသာပြောစရာရှိ၏။ သို့တိုင်အောင် ရှယ်သောက်သူက ရိုးရိုးသမားကို အထင်အမြင်သေးခြင်းမရှိ။ တစ်ဝိုင်းတည်းမှာပင် ရှယ်နှင့် ရိုးရိုး ကိုယ် ကြိုက်ရာမှာကြသည်။ ဘာမှပြဿနာမရှိ။

 

 

 

 

* * *

 

 

 

 

ကျွန်တော်သည် နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည်ဆိုင် ပုံမှန်ထိုင်တတ်သည်။ သူငယ်ချင်းတွေ၊ ရပ်ကွက်ထဲကမိတ်ဆွေတွေနှင့်ဆုံလျှင် ထွေရာလေးပါး စကားပြောသည်။ တစ်ယောက်တည်းဖြစ်နေလျှင် စဉ်းစားသည်။ စိတ်ကူးနှင့် စာရေးကြည့်နေသည်။

 

လက်ဖက်ရည်ဆိုင်မှာက လူစုံသည်။ စကားစုံသည်။ စရိုက်မျိုးစုံကို မြင်ရ တွေ့ရ၊ လေ့လာရသည်။ တကယ့်အဖြစ်အပျက် ဇာတ်လမ်းပေါင်းစုံကို ကြားရသည်။ ကျွန်တော့်၀တ္ထုတွေထဲမှာ ဒါတွေကို ပြန်သုံးရသည်။ ကျွန်တော့်အတွက် လက်ဖက်ရည်ဆိုင် ထိုင်ခြင်းသည် အပျင်းပြေ၊ အနားယူအပန်းဖြေခြင်းဖြစ်သလို စာရေးဖို့ကုန်ကြမ်းရှာခြင်း၊ စိတ်ကူးစိတ်သန်းထုတ်ခြင်း၊ ရေးလက်စကို ရှေ့ဆက်ဖို့ အားမွေးခြင်းလည်းဖြစ်၏။ ကျွန်တော့်အဖို့တော့ လက်ဖက်ရည်ဆိုင်ထိုင်ရတာ အကျိုးရှိသည်ဟု ဆိုရမည်။ လက်ဖက်ရည်ကျစိမ့်တစ်ခွက်ကို ဇိမ်ခံသောက်ရတာ အရသာရှိသလို ထွေရာလေးပါးစကားပြောရ၊ တွေး ငေးရတာကလည်း စွဲမက်စရာကောင်းသည့် ခံစားမှုတစ်မျိုးဖြစ်ကြောင်း လက်ဖက်ရည်သမားချင်းတော့ ကိုယ်ချင်းစာနိုင်ကြလိမ့်မည်ထင်၏။

 

ဒီနေရာမှာ လက်ဖက်ရည်သောက်ခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိ စဉ်းစားရန်ရှိလာပါသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး မဂ္ဂဇင်းတစ်အုပ်ထဲမှာပါသော ကျန်းမာရေးပြဿနာအမေးအဖြေကဏ္ဍတစ်ခုကို သတိရမိ၏။ ဖြေကြားသူမှာ နာမည်ကျော် ဆရာ၀န်စာရေးဆရာကြီးတစ်ဦးဖြစ်၏။

 

ပထမမေးခွန်းမှာ လက်ဖက်ရည်၊ ကောက်ဖီသောက်ခြင်း၏အကျိုးအပြစ်များကို မေးထားသည်။ ဆရာ၀န်ကြီးက လက်ဖက်ခြောက်နှင့် ကော်ဖီမှုန့်တို့ထဲတွင် ပါ၀င်သော ဓာတ်သဘာ၀များအကြောင်းကို အရင်ရှင်းပြသည်။ ထို့နောက် လက်ဖက်ရည်၊ ကော်ဖီတို့ကို အသင့်အတင့်သောက်လျှင် ကိုယ်စိတ်နှစ်ပါး လန်းဆန်းတက်ကြွပြီး အပန်းဖြေစေနိုင်ကြောင်း၊ လွန်လွန်ကဲကဲ သောက်လျှင်တော့ ရင်တုန်ခြင်း၊ ညဘက်မျက်စိကြောင်ပြီး အိပ်ရေးပျက်စေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ရင်ခံပြီး အစားအသောက်မမှန်သဖြင့် အစာအိမ်ရောဂါ၊ လေနာရောဂါတို့ဖြစ်နိုင်ကြောင်း၊ လက်ဖက်ခြောက်တွင် အညံ့စားဆိုးဆေးများ ထည့်ထားခြင်း၊ နို့ဆီထဲတွင် ဆေးသကြားနှင့် တာရှည်ခံဓာတုပစ္စည်းများလွန်ကဲစွာ ပါ၀င်နေတာမျိုးဆိုလျှင် အန္တရာယ်ရှိနိုင်ကြောင်း၊ လက်ဖက်ခြောက်နှင့် ကော်ဖီသက်သက်ကြောင့်တော့ တိုက်ရိုက်အားဖြင့် ရောဂါအန္တရာယ်ဖြစ်ပွားမှုနည်းပါးကြောင်း၊ ဆင်ဆင်ခြင်ခြင် သောက်လျှင် ကန့်ကွက်ရန်မရှိကြောင်း ဖြေကြားထားသည်။

 

နောက်မေးခွန်းတစ်ခုကတော့ လက်ဖက်ရည်၊ ကော်ဖီကိုမသောက်ဘဲ ဖြတ်ပစ်သင့်ပါသလားဟူ၍ဖြစ်၏။ ထိုမေးခွန်းကိုတော့ ဆရာ၀န်ကြီးက တိုတိုရှင်းရှင်းပင်ဖြေပါသည်။

 

“ကိုယ့်မှာ လက်ဖက်ရည်၊ ကော်ဖီနဲ့မတည့်တဲ့ရောဂါဖြစ်နေရင်တော့ ဖြတ်ရမှာပေါ့။ ကျန်းမာနေတဲ့လူတစ်ယောက် အနေနဲ့ကတော့ လက်ဖက်ရည်လေး၊ ကော်ဖီလေးမှ မသောက်ရတော့ဘူးဆိုရင် (လောကကြီးမှာ)ဘာလုပ်တော့မှာလဲဗျာ”

 

ထိုဖြေကြားချက်ကို တော်တော်သဘောကျမိ၏။ လက်ဖက်ရည်နှင့်ပတ်သက်၍ ပြောတဲ့ဆိုတဲ့အခါတိုင်း ထိုစကားလေးကို ကိုးကားမိ၏။

 

 

 

 

* * *

 

 

 

 

လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် ကောင်းသလား၊ မကောင်းဘူးလား ဆိုသောကိစ္စမှာ ကိုယ့်အယူအဆနှင့်ကိုယ်သာ ဖြစ်၏။ လက်ဖက်ရည်ဆိုင်ထိုင်ရသည့်အရသာကို မခံစားဖူးသူများအတွက်တော့ မပြောတတ်။

 

ပင်လယ်ကမ်းခြေမှာလည်း အနားမယူနိုင်၊ အပန်းဖြေခရီးလည်း မသွားနိုင်၊ ဟိုတယ်လည်း မတက်နိုင်၊ ကာရာအိုကေ မှာလည်း ပန်းကုံးမစွပ်နိုင်၊ စားသောက်ဆိုင်ကြီးတွေမှာလည်း မသုံးနိုင်၊ မဖြုန်းနိုင်ကြရှာသော သာမန်အခြေခံလူတန်းစားတွေအဖို့တော့ လက်ဖက်ရည်ဆိုင်များကိုသာ နားခိုရာအဖြစ် အားကိုးကြရပါသည်။ ထို့ကြောင့် ထိုင်ပါရစေဟု မေတ္တာရပ်ခံရခြင်း ဖြစ်ပါသည်။

 

______________************_______________

 

#မင်းလူ

#Crd

 

#ခိုင်နီလာမောင်ပေ့ခ်ျထဲမှ ထပ်ဆင့်ကူးယူမျှဝေပေးပါသည်။

 

#စာပေဟောပြောပွဲ

Leave a Reply

Your email address will not be published. Required fields are marked *