Novel

နီဂရိုး (ဝတ္ထုတို)

✍️ ခင်ခင်ထူး

 

(မဟေသီမဂ္ဂဇင်း၊ ၂၀၀၂ခုနှစ်၊ ဇန်နဝါရီလ)

 

ရပ်ကွက်ကလေးထဲက လူတွေကတော့ သူ့ကို “ဗြဲကြီး” လို့ ခေါ်ကြတယ်။ အမှန်က ပြဲကြီးဆိုတာကို အသံထွက်အတိုင်း ခေါ်လိုက်တော့ ဗြဲကြီးဖြစ်သွားတာပါ။ သူ့နာမည်အရင်းကတော့ အောင်သိန်းထွန်းတဲ့။ ဒါပေမဲ့ အောင်သိန်းထွန်း ဆိုလို့ ကတော့ ဘယ်သူဘယ်ဝါမှန်းတောင် သိကြတာ မဟုတ်ဘူး။ သည်တော့ သူ့ကို လူတွေက ဗြဲကြီးခေါ်လိုက် ကြတာပဲ။ သူကလည်း ထူးတာပဲ။ ဘာပြဿနာမှမရှိဘူး။

 

သူ့နာမည် ဗြဲကြီးလို့ တွင်သွားရတာကလည်း သူ့မျက်နှာပေါ်မှာ အဖြေက ရှိပြီးသားပါ။ မျက်နှာတစ်ခုလုံး ကန့်လန့်ဖြတ် ပါးစပ်ကြီးက ထည်နေတော့တာလေ။ နှုတ်ခမ်းထူရတဲ့အထဲ ပါးစပ်ကလည်း ပြဲသေးတာကိုး။ ထုကြီး ဗျက်ကျယ် ဆိုတာမျိုးပေါ့။ သူမို့ ရယ်လိုက်ရင် ပါးစပ်ကြီးက မျက်နှာအောက်ပိုင်းတစ်ခုလုံး ဖုံးသွားတော့တာပါ။ တစ်ခါတလေအော်ဟစ်ပြီးများ ရယ်လိုက်ရင် သူ့ပါးစပ်ထဲက တစ်ခုခု ခုန်ထွက်လာလေမလား အောက်မေ့ယူရတယ်။ ကျယ်လိုက်သမှ ပလာတာတစ်ချပ်လောက်များ လိပ်ခေါက်ပြီး ပါးစပ်ထဲ မဖိတ်မစင် ပစ်သွင်းလိုက်တာသာ ကြည့်တော့။ သူ့ပါးစပ်ကြီးကို လူတွေက ကဲ့ရဲ့ရင် ဗြဲကြီးက

 

“အမေပေးထားခဲ့တဲ့အမွေကလေးပါဗျာ” တဲ့။

 

ဗြဲကြီးရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကဘာတုံးဆိုရင်လည်း ပြောဖို့ ရာခက်ပြန်ရော။ သူက မြစ်ဆိပ်ကမ်းသွားပြီး ကုန်တင်ကုန်ချလည်း လုပ်တယ်၊ အရပ်ထဲက သစ်ပြန်စိတ်စက်တွေ လည်ရတဲ့နေ့ဆိုလည်း စက်ထဲဝင်ပြီး ဒလိမ့်တုံးလှိမ့်တယ်။ သံရည်ကျိုရုံကိုအလုပ်ဆင်းချင်လည်း ဆင်းလိုက်တာပဲ။ သည်ကြားထဲ အရပ်ထဲကအလုပ်ပေါ်လို့ ဘောက်လေး ဘာလေး အငှားလည်းလိုက်တယ်။ တခြားခေါ်ကောက် အလုပ်ကလေး ဘာလေးဆိုလည်း သူက လုပ်ပေးတာပါပဲသည်တော့ သူက ပျံကျသမား နေရာစုံ၊ အပေါက်စုံတယ်။ ဗြဲကြီးဆိုလိုက်ရင် ကလေးကအစ ခွေးကအစ သိတယ်လို့ပြောရင် ဒါ စကားအဖြစ် ပြောတာမဟုတ်ဘူး။

 

ကလေးတွေ သိတာက ဗြဲကြီးက ပါးစပ်ကြီး ဖြဲဖြဲချောက်တတ်လို့ပါ။ သူ့ပါးစောင်နှစ်ဘက်ကို လက်ညှိုးနှစ်ချောင်းနဲ့ ချိတ်ပြီး ဟိုဘက် သည်ဘက် ဆွဲဖြဲ “ ဝဲဟဲဟဲ ” ဆိုတဲ့ အသံသြကြီးနဲ့ချောက်လိုက်ရင် ကလေးတွေက ငိုကုန်ကြရော၊ ကလေးမအေတွေက

 

“သွားစမ်းပါဟယ် … သေချင်းဆိုးပါးစပ်ကြီးက… ကလေးမပြောနဲ့ ငါတောင် ကြောက်ရဲ့”

 

နဲ့ ပြောရင်လည်း သူက နာတာမဟုတ်ဘူး။

 

ခွေးတွေ သိတယ်ဆိုတာ ဗြဲကြီးနဲ့ ခွေးတွေက ရန်သူဖြစ်လိုက် မိတ်ဆွေဖြစ်လိုက်မို့ပါ။ ဗြဲကြီးက အရပ်ထဲ က ခွေးတွေကို ခဲနဲ့ထုပြီး တမင်စချင်စတယ်။ လက်ထဲပါလာတဲ့မုန့်ကို ချကျွေးချင်လည်း ကျွေးလိုက်တာပဲ။ တစ်ခါတလေ သူ့ကို ခွေးတွေကတောင် မျက်စိလည်တယ်။ လက်ထဲ စားစရာတစ်ခုခု ပါလေဟန်ဆောင် “အို့ – အို” ခေါ်ပြီး အနားရောက်လာတော့မှ ခြေထောက်နဲ့ နံဘေး လှိမ့်ကန်ပစ်လိုက်တာမျိုး။ ညဘက် လည်ရာကပြန် လူခြေတိတ်ချိန်မှာ ဗြဲကြီးက ပုဆိုး ခေါင်းမြီးခြုံပြီး အရှေ့ပြေးလိုက် အနောက်ပြေးလိုက် တဝုန်းဝုန်း လုပ်ချင်လုပ်နေတာမျိုး။ ခွေးဟောင်သံ တဝေါဝေါနဲ့ အရပ်က ကောင်းကောင်း မအိပ်ရဘူး။ တစ်ခါတလေ ရပ်ကွက်လူကြီးကိုယ်တိုင်က သူ့ကိုခေါ်ပြီး ဒဏ်ရိုက်ယူရတယ်။ ဒဏ်ငွေဆောင် မဆောင်တော့ မသိဘူး။ ဗြဲကြီးကတော့ ခွေးတွေကို စမြဲတိုင်း စတာပဲ။ သူစိတ်ကူးရတဲ့နေ့တွေကျပြန်တော့လည်း အရပ်ထဲ ထမင်းရည် လည်စုပြီး၊ လမ်းထိပ်က စဉ့်အိုးကွဲ ပက်လက်တွေထဲ ထည့်ပြီး ခွေးတွေကို တအို အို့ နဲ့ခေါ်တိုက်တယ်။

 

“စားကြ စားကြ၊ အဲ သောက်ကြ၊ သောက်ကြ မင်းတို့ သောက်ရရင် ငါငတ်သလိုပါပဲကွာ” တဲ့။

 

စိတ်ကူးမရတဲ့နေ့ ၊ အမူးလွန်လာတဲ့နေ့ တွေမှာတော့ သူ့ဆီပြေးလာပြီး အမြီးနန်ပြတဲ့ခွေးကို “ကိန်” ခနဲ ကန်ထည့်ပစ်လိုက်တာပဲ။ သည်တော့ ဗြဲကြီးဆိုတဲ့ကောင်က ခွေးတောင် မျက်စိလည်အောင်လုပ်တယ်ဆိုတာ မလွန်လောက်ဘူး။

 

ဗြဲကြီးမှာ အမေမရှိတော့ဘူး။ အိုကြီး အိုမ ဖအေကြီးနဲ့ ညီအစ်ကိုမောင်နှမက ကိုးယောက်တိတိ ရှိတယ်။ အကြီးငါးယောက်က အိမ်ထောင်ခွဲတွေ။ အိမ်ထောင်ခွဲတွေဆိုပေမယ့် တစ်ဝန်းတည်း အတူနေတွေ မဟုတ်လား။ ဆီပျောက်၊ ဆားပျောက်ပြဿနာကလည်း နေ့တိုင်းရှိတယ်။ သူ့ပိုက်ဆံ ငါချေး၊ ငါ့ပစ္စည်း သူယူသုံးဆိုတဲ့ ဗလောင်းဗလဲတွေကလည်းအမယ်ဘုတ်ကယ့် သူ့ချည်မျှင်ပါပဲ။ ညီအစ်မချင်း စကားများကြတဲ့အသံ၊ သမီးယောက်ဖချင်း နပန်းထလုံးတဲ့အသံတွေကလည်း ရပ်ကွက်ကလေးထဲမှာ တစီစီနဲ့ပါ။

 

ဗြဲကြီးက လူလွတ်ဆိုတော့ သူ့အောက်က အငယ်သုံးကောင်နဲ့ ဖအေပန်းနာသည်ကြီးက သူ့တာဝန်လို ဖြစ်နေတာပေါ့။ သည်ငါးယောက်မှာက သူလူကြီး၊ သူဦးစီးပဲ။ ဗြဲကြီးအသက်က ရှိလှမှ နှစ်ဆယ်၊ အစိတ်ပေါ့။ သည်ငါးယောက်အိုးကြီး သူထိန်းထားရတာ လွယ်တော့မလွယ်ဘူး။ မနက်စာ ညစာ နပ်မှန်အောင် မနည်းရုန်းကန်နေရတာပါ။ ဒါပေမဲ့ ထမင်းနပ် မှန်မှန် မမှန်မှန် ဗြဲကြီးကိုယ်တိုင်ကတော့ အရယ်အပြုံး မပျက်ဘူး။ ပါးစပ်ပြဲကြီးနဲ့ ကြုံရာကျပန်း အလုပ်မရွေးကိုလုပ်တယ်။ ဖင်ကလည်း ပေါ့တာကိုး။ အရပ်ထဲ ကူညီစရာရှိလို့ ကတော့ပိုက်ဆံရရ မရရ သူလုပ်ပေးတယ်။ အလှူ၊ မင်္ဂလာဆောင်ရှိလို့ပန်းကန်ခွက်ယောက် ဆေးပေးရမလား။ ကြုံလို့ ထင်းခွဲပေးရဦးမလား။နာရေးပေါ်လို့ အလောင်းစင် ပြင်ပေးရမလား။ ဟိုနား သည်နားလွှတ်လို့ပေါ့ပေါ့ပါးပါး သွားပေးရမလား။ ရတယ်။ လုပ်ပေးတယ်။

 

“ဗြဲကြီးရေ … သင်ပန်းကုန်းက ဝါးကပ်ရက်တဲ့ အောင်လှကို သွားခေါ်ပေးစမ်းပါကွာ။ ရော့ စက်ဘီးယူသွား”

 

ဆိုပြီး လွှတ်လိုက်။ငါးမိုင်လောက်ဝေးတဲ့ သင်ပန်းကုန်းက အောင်လှကို မရရအောင် ရှာခေါ်လာတာပဲ။ သည့်ထက်ဝေးတဲ့ တစ်ရပ်တစ်ကျေးကို ညအိပ်ညဉ့်နေလွှတ်ဦးမလား။ သွားတာပဲ။ သည်တော့ သူ့တစ်ဝမ်းတစ်ခါး အရက်ကလေး၊ လက်ဖက်ရည်ကလေး၊ ဆေးလိပ်၊ ကွမ်းယာကလေးအစမပူရဘူးပေါ့။ ဒါပေမဲ့ ဗြဲကြီးက လူတွေကို မျက်စိလည်အောင် ရှုပ်သွားအောင် လုပ်တတ်တဲ့အကျင့်ကလေးတော့ ရှိရဲ့၊ တစ်ယောက်ယောက်ကများ

 

“ဗြဲကြီးရေ … ဟောသည်သံကလေးတွေ သုံးရာနဲ့ရအောင် ရောင်းပေးကွာ၊ ပိုတာ မင်းယူ”

 

လို့ ခိုင်းလိုက်ရင် ဗြဲကြီးက သံတိုသံစတွေထမ်းချသွားတာပဲ။ ဝယ်တဲ့သူက သူပြောတဲ့သုံးရာ ပေးနေပေမယ့် သူကရောင်းတဲ့သူဆီ ပြန်သွားပြီး

 

“နှစ်ရာ့ငါးဆယ်ပဲ ပေးနေတယ်ဗျ”

 

နဲ့လုပ်တယ်။ ရောင်းခိုင်းတဲ့သူက

 

“ဟာကွာ … သုံးရာမှ မရရင် နေပစေကွာ … ရှီးတဲ့”

 

ဆိုရင် အဲသည့်သံတွေကို အပင်ပန်းခံပြီး ပြန်ထမ်းလာတယ်။ သုံးရာနဲ့ရတာကို ရောင်းမပစ်ခဲ့ဘူး။ အဲသည်လိုကောင်၊ ရောင်းလိုက်ကွာလို့ သဘောတူလိုက်ရင်လည်း သူ့အတွက် ငါးဆယ်ချန်တယ်။ အကျိုးဆောင်ခ တစ်ပြားမှ မရချင်လည်းနေ။ သည်ကိစ္စ ပေါ်သွားရင်တော့သူက ပါးစပ်ပြဲကြီးနဲ့ ရယ်နေလိုက်တာပါပဲ။ သူ့ကို ဆဲဆဲဆိုဆို ငြိမ်ခံနေတာပဲ။ တစ်ခါတလေကျ ပစ္စည်းပါ ဆုံးတတ်ကြတယ်။ ရောင်းခိုင်းလိုက်တဲ့ပစ္စည်းကို သူ့ဟာသူ ရောင်းသုံးပြီး ရှောင်နေလိုက်တာမျိုးလည်းရှိတယ်။ ပက်ပင်းတိုးလို့ ထိုးဟယ် ကြိတ်ဟယ်လုပ်ရင် သူက

 

“ကျွန်တော်ပြန်လျော်ပါ့မယ်ဗျာ။ အဲသည်နေ့ က အိမ်မှာ ဆန်ချက်စရာမရှိလို့ သုံးလိုက်တာပါ။ အဖေကလည်းချောင်းဆိုးရင်းသွေးတွေပါလာတော့ ဆေးထိုးပေးရသေးတယ်ဗျာ။ ခင်ဗျားဟာ ပြန်ရပါစေ့မယ်”

 

လို့ နှုတ်ခမ်းထူကြီးတလှုပ်လှုပ်နဲ့ တတွတ်တွတ် တောင်းပန်တယ်။ ဒါပေမဲ့ သူ့စကားကအဲသည့်နားတင် ပြီးသွားတာပါ။ ကြာလာတော့လည်း အဆုံးခံလိုက်ကြရတာပါပဲ။ ဒါကလည်း အမြဲတမ်းတော့ မဟုတ်ဘူး။ သူ့ကို အဲသည်လို ညာဉ်ရှိမှန်းသိရက်နဲ့လူတွေကလည်းခိုင်းနေကြရတာပါ။ ရောင်းလို့ မစွံတဲ့ပစ္စည်းတို့၊ မရိုးမသားပစ္စည်းတို့ ထွက်ချင်လို့ ကတော့ သူမှတတ်နိုင်တာ မဟုတ်လား။ သူမှ လိုင်းသိတာ။ သူမှပဲ အလှိမ့်အဖိန့်ကောင်းတာပါ။ လှိမ့်လုံးတွေ ပေါ်သွားလည်း သူကတော့ အရှက်ရှိတာမှ မဟုတ်တာကိုး။ ပါးစပ်ပြဲကြီးနဲ့။

 

“ငို့ ဘကလေးလောက်တော့ ကျွန်တော့်ကို သဒ္ဓါကြဦးမှပေါ့”

 

လို တောင် ပြောလိုက်သေးရဲ့၊ သူပြောလည်း ပြောစရာပါ။ လူတွေက သူ့ဆို အလကားမတ်တင်းလောက် သဘောထားခိုင်းကြတာကိုး။ ထားချင်သလိုထား ဗြဲကြီးကတော့ မမှုဘူး။ ခိုင်းလို့ ကတော့ လုပ်ပေးတယ်။ လုပ်ပေးရရင် အုပ်တာပဲ။ သူ့ကို အဲသလို မညစ်ဖို့ ပြောကြည့်ပါလား။

 

“ကျွန်တော် မရိုးမသားမလုပ်ချင်ပါဘူးဗျာ။ ဒါပေမဲ့ ခင်ဗျားတို့ ပဲ စဉ်းစားကြည့်။ ဗြဲကြီး အမှန်အတိုင်း လုပ်လာလို့ ဘယ်သူကများ ကျုပ်ကို အသိအမှတ်ပြုတဲ့ အမှန်ကြေးကလေး ပေးဖူးသလဲ။ ကျွန်တော့်အတွက်ကလေး ကျွန်တော်ရိတ်တာပါ။ ဒါလေးမှ မသဒ္ဓါရင် မခိုင်းကြနဲ့ပေါ့ဗျ” တဲ့။

 

သူကတောင် ခပ်မာမာရယ်။

 

“ဟ …. ဗြဲကြီး တယ်ဟုတ်ပါလားကွ။ ကလပ်ဆဲဗင်းတွေဘာတွေနဲ့ သက်တံရောင်တွေများ ထွက်လို့ ကွာ”

 

လက်ဖက်ရည်ဆိုင်ထဲ ဝင်ချလာတဲ့ ဗြဲကြီးကို ကျောက်ပွဲစား မောင်ဝင်းက ဆီးပြောတော့ လူတွေက လှမ်းကြည့်လိုက်ကြတယ်။ မောင်ဝင်းပြောလည်း ပြောချင်စရာလေ။ ခါတိုင်း အင်္ကျီဗလာ၊ ချွေးတရွှဲရွှဲ၊ အဆီတပြောင်ပြောင်နဲ့လူက နှစ်ထောင်ကျော်တန် ကလပ်ဆဲဗင်းစပို့ ရှပ်ကြီး ဝတ်လာတော့ မယုံနိုင်စရာကြီးကိုး။ အသားမည်းမည်း ပါးစပ်ပြဲပြဲ ဆံပင်ဘုတ်သိုက်နဲ့ သူ့ကိုယ်ပေါ်က ဆင်စွယ်နှစ်ရောင် ဥနေတဲ့စပို့ ရှပ်နဲ့က ဘယ်လိုမှကို သဟဇာတ မဖြစ်တာပါ။

 

“မြင်းနဲ့ပါးချပ် မလိုက်လိုက်တာကွာ”

 

ထင်းလက်ကား မောင်တင်က အနားလာထိုင်တဲ့ ဗြဲကြီးကို မှိုချိုးမျှစ်ချိုး ပြောတယ်။ ဒန်အိုးစက်မှာလုပ်တဲ့ မောင်မြင့်က

 

“ဟေ့ကောင် မင်း ဘယ်ကဖန်လာတာတုံး”

 

နဲ့ ဝိုင်းမေးကြတော့ ဗြဲကြီးက တဟဲဟဲ ရယ်ရင်းနဲ့

 

“ကျွန်တော် ဖဲနိုင်လာလို့ ပေါ့ဗျာ” တဲ့။

 

လူမှာအဝတ်၊ တောင်းမှာအကွပ်ဆိုတဲ့စကားက ဗြဲကြီးနဲ့ကျမှ ပိုမှန်သွားတယ်။ အဲသည့်ညက ခွေးတွေကတောင် သိပ်မဟောင်ကြဘူး။ လူတွေကလည်း ဘာထူးလို့ တုံး။ ငွေစ ငွေနကလေး ရွှင်နေတဲ့ ဗြဲကြီးကိုလက်ဖက်ရည်တိုက်ခိုင်းကြ၊ အရက်တိုက်ခိုင်းကြနဲ့၊ ဗြဲကြီးကလည်းလက်ထဲ ပိုက်ဆံရှိလို့ များ အိမ်အတွက် ဆန်ကလေး ပြေးဝယ်ထားဖို့စိတ်ကူးတဲ့အကောင် မဟုတ်ဘူး။ သူ့အပေါင်းတွေ အသင်းတွေကို ကျွေးဟယ် မွေးဟယ်နဲ့ အရပ်ထဲမှာ တဝါးဝါး တဟားဟား လုပ်နေတော့တာပါ။ သူ့ကိုယ်ပေါ်က ကလပ်ဆဲဗင်းကြီးကလည်း ဆယ်ရက်လောက်ပဲခံတယ်။ လက်ထဲ သုံးစရာပြတ်သွားတော့ လမ်းထိပ်မုန့်ဟင်းခါးသည် ဒေါ်ကုလားမဆီမှာ ငါးရာနဲ့ ပေါင်လိုက်ရရော။ ဒေါ်ကုလားမက အပေါင်တွေ ဘာတွေ ခံနေကျတော့ မဟုတ်ဘူး။ သူ့သား ကြွက်နီက အမေတန်တယ်။ သူမရွေးနိုင်ရင် ကျုပ်ဝတ်ရတာပေါ့ဆိုလို့ ယူလိုက်ရတာပါ။ ဗြဲကြီးကလည်း ကျုပ် တစ်လအတွင်း ရွေးမယ်ဗျာ။ မရွေးနိုင်ရင် အဆုံးထားလိုက်ဆိုတော့ မရှိမယ့် ရှိမယ့် ငွေကလေးငါးရာ ပေးလိုက်တာပါ။

 

တစ်လပြည့်တော့ ဗြဲကြီးတစ်ယောက် ကျောက်ပွဲစား မောင်ဝင်းဆီကို ပြေးကပ်တယ်။

 

“ခင်ဗျား ခြောက်ရာနဲ့ရွေးလိုက်ပါလား။ ကျွန်တော်တော့ မရွေးနိုင်တော့ဘူးဗျ” တဲ့။

 

မောင်ဝင်းကလည်း နှစ်ထောင်ကျော်တန် စပို့ ရှပ်ကြီး ခြောက်ရာနဲ့ရွေးယူဆိုတော့ သဘောတွေ့သွားတာပေါ့။ ရွေးမယ်ဆိုတော့ ဗြဲကြီးက

 

“ခင်ဗျားသွားရွေးလို့ ဒေါ်ကုလားမက ပေးမှာမဟုတ်ဘူး။ ကျုပ်ကို ပိုက်ဆံပေးလိုက်၊ အခုလာပို့ လှည့်မယ်” တဲ့။

 

မောင်ဝင်းက ဗြဲကြီးကို ယုံတာ မယုံတာထက် ဆင်စွယ်နှစ်ရောင် စပို့ ရှပ်ကြီး သူ့လက်ထဲရောက်ဖို့ ပဲ စိတ်လောနေတော့ ဗြဲကြီးကို ငွေခြောက်ရာ လွယ်လွယ်ပဲ ပေးလိုက်တယ်။ ဗြဲကြီးက ခဏစောင့်ဆိုတဲ့ပြီးထွက်သွားတာ ဒေါ်ကုလားမဆီကို မဟုတ်ဘူး။ ထင်းလက်ကား မောင်တင်ဆီကိုပါ။ မောင်တင်ကလည်း ဗြဲကြီးဝတ်လာကတည်းက ကလပ်ဆဲဗင်းကြီးကို မျက်စိကျနေတဲ့သူမဟုတ်လား။ ဒေါ်ကုလားမဆီ ပေါင်ထားတာလည်း သူအသိဆိုတော့ ငွေခြောက်ရာ ဗြဲကြီးလက်ထဲ ထည့်ပေးလိုက်တယ်။

 

“သည်မိန်းမကြီးဆီ မတန်မရာနဲ့ အဆုံးမခံချင်လို့ ပါ အစ်ကိုရာ”

 

လို့ တောင် ခပ်တည်တည်နဲ့ ပြောသွားလိုက်သေးရဲ့၊ ဗြဲကြီးကတော့ ဒေါ်ကုလားမဆီ တန်းမသွားသေးပါဘူး။ မောင်မြင့် အလုပ်လုပ်တဲ့ ဒန်အိုးစက်ထဲ ဝင်သွားတယ်။

 

“အစ်ကိုစဉ်းစားကြည့်။ သည်ကလပ်ဆဲဗင်းကြီး နှစ်ထောင်ကျော်တန်တာ အစ်ကိုအသိ၊ ငွေကလေးခြောက်ရာနဲ့အဆုံးခံလိုက်ရမှာ နှမြောလွန်းလို့ ပါဗျာ။ ဝတ်ချင်းဝတ် အစ်ကိုဝတ်ရရင် ကျွန်တော် ကျေနပ်သေးတယ်”

 

မခံချင်တဲ့ပုံနဲ့ မကျေမနပ် ပြောတော့ မောင်မြင့်လို လူအေးကလည်း ဘာခံနိုင်မှာတဲ့တုံး။ စက်ပိုင်ဆီသွားပြီး ငွေသုံး ကြိုထုတ်ပေးလိုက်တယ်။ ဗြဲကြီးမှာတော့ လူသုံးယောက်ကို မနားမနေ တရစပ် ယုံအောင်ပြောရတာနဲ့ပဲ ဖတ်ဖတ်ကိုမောလို့ ။ စုပေါင်းစပ်ပေါင်း ငွေတစ်ထောင့်ရှစ်ရာကို လက်ထဲဆုပ်ပြီး ဗြဲကြီးကတော့ ဖဲဝိုင်းရောက်သွားပြီ။

 

မောင်ဝင်းတို့ သုံးယောက်သား တစ်နေကုန် ဗြဲကြီးကို တမျှော်မျှော်နဲ့ပေါ့။ ညနေစောင်းလာတော့ စပ်ပူစပ်လောင် ဖြစ်ကုန်ကြပြီ။ ဘယ်သူ့မှလည်း မပြောရဲ မမေးရဲသေးဘူး။ အတော်ကလေး မိုးချုပ်တော့ လက်ဖက်ရည်ဆိုင်မှာ ဆုံမိ စကားစပ်မိကြရော ပြောပါတော့။ ဗြဲကြီး သည်လိုလုပ် တတ်မှန်းသိရက်နဲ့ ယုံစားမိတဲ့ သူတို့ ကိုယ်သူတို့ လည်း ရှက်လို့ မဆုံးတော့ဘူး။ မုန့်ဟင်းခါးသည် ဒေါ်ကုလားမကို သွားမေးတော့

 

“မလာပါဘူးတော်။ သေချင်းဆိုး တစ်လတည်းပါပြောပြီး”

 

လို့ပြောလိုက်တော့ မောကုန်ကြရော။ တစ်ယောက်နဲ့တစ်ယောက် ငွေခြောက်ရာစီ ပေးလိုက်ရပုံချင်း တူနေတာကိုက ရှက်စရာ။ ဒေါသထွက်စရာ ပိုဖြစ်ကြရတယ်။

 

“တောက် … သည့်ပြင်လူလိမ်တာထက် ဗြဲကြီးလိုအကောင်ရဲ့ အလိမ်ခံရတာ ငါပိုရှက်တာ”

 

မောင်တင်ကပြောတော့ ကျောက်ပွဲစား မောင်ဝင်းက

 

“ငါက ပိုဆိုးသေး။ သူတကာလှည့်ပြီး ကျောက်ပြစားလာတဲ့ အကောင်က ကလပ်ဆဲဗင်းကျမှ ခံလိုက်ရတယ်လို့ ။ အိမ်ကမိန်းမသိရင် ပွက်လို့ ဆုံးမှာမဟုတ်ဘူး”

 

မောင်မြင့်ကတော့ လူအေးဆိုတော့ သည်အကြောင်းကို လူကြားသွားမှာ စိုးတယ်ထင်ပါရဲ့၊ အံကြိတ်ပြီး မျက်နှာကြီး နီရဲနေတာကလွဲလို့ တစ်ခွန်းမှ မပြောဘူး။ နောက်ဆုံးတော့ ဗြဲကြီးကိုတွေ့မှ ဖြစ်မယ်ဆိုပြီး သူ့အိမ်ရှေ့မှာ သွားထိုင်စောင့်နေလိုက်ကြတယ်။ ဗြဲကြီးအိမ်ကလူတွေကတော့ ဘာပြောတတ်မှာတဲ့လဲ။ သည်ကိစ္စကို သူတို့ ပြောလို့ သာသိကြရတာကိုး။

 

နေ့စဉ်ရက်ဆက် သွားစောင့်ပေမယ့် ဗြဲကြီးကတော့ ပျောက်ချက်သားကောင်းသွားလိုက်တာ ပေါ်ကို မလာတော့ဘူး။

 

ပေါ်လာမယ့်လာတော့ လူသူလေးပါး မသိနိုင်တဲ့အချိန်ကြီး။ ရက်နှစ်ပတ်လောက်အကြာ လကွယ်ညဆိုပါတော့။ မှောင်လိုက်တာမှ ပိန်းပိတ်လို့ ။ လက်ဝါးထောင်ကြည့်လို့ တောင်မှ မမြင်ရတဲ့ ညပါ။ ဗြဲကြီးကသက်ကြီး ခေါင်းချချိန်သာသာလောက်မှာ သူ့အိမ်ကို တိတ်တိတ်ကလေး ပြန်လာတယ်။ ဖဲရှုံးလို့ လက်ထဲလည်း ငွေတစ်ပြားမှ မကျန်တော့ဘူး။ ဒါပေမယ့် ဒေါ်ကုလားမဆီက ကလပ်ဆဲဗင်းကိုတော့ ရအောင် ရွေးယူလိုက်တယ်။ မောင်ဝင်းတို့ တစ်တွေ သူ့ကို ချောင်းဖမ်းတော့မှာ သူသိနေတယ်။ ဒါနဲ့ပဲဒေါသကလေးမှ လျော့လျော့ ရက်နှစ်ပတ်လောက်တခြားသွားရှောင်နေလိုက်တာပါ။

 

ဗြဲကြီးက တိတ်တိတ်ကလေး ပြန်လာတာပေမယ့် သူပြန်ရောက် လာတာကို လိမ်လို့ မရဘူး။ သူရောက်လာတာကို ဖော်ကောင်လုပ်တာ အရပ်ထဲကခွေးတွေပဲ။ ခွေးတွေက လူသူလေးပါး ဟောင်ပုံနဲ့ဗြဲကြီးကို ဟောင်ပုံချင်း တူမှမတူတာကိုး။ တခြား ဖြတ်သွားဖြတ်လာတွေကို ယောင်ယမ်း ဟောင်တတ်တဲ့ခွေးတွေက ဗြဲကြီးကိုတော့ ထိုးထိုးပြီး ဟောင်တယ်။ ဗြဲကြီးက လက်ဖျောက်တီးပြီး အို့ အို့ လုပ်ပေမယ့် မရဘူး။ ညကြီးမှောင်မှောင် ခိုးကြောင်ခိုးဝှက်နဲ့ဆိုတော့ ခွေးတွေက ပိုဟောင်တော့တာပဲ။ သည်လို ခွေးတွေထိုးဟောင်တာကိုပဲ မောင်ဝင်းတို့ က သိလိုက်ပြီ။ သိသိချင်း ဗြဲကြီးအိမ်ရှေ့ရောက်လာတော့တာပါ။

 

“ဟေ့ကောင် ဗြဲကြီး ထွက်ခဲ့စမ်း လူလိမ်”

 

“ခေါ်နေတာ မကြားဘူးလား။ ထွက်မလာရင် တို့ အဆိုးမဆိုနဲ့ဟေ့”

 

“ကြာတယ်ကွာ တံခါးဆွဲဖွင့်စမ်း”

 

မောင်ဝင်းတို့ တစ်တွေရဲ့ ဝုန်းဒိုင်းကြဲသံက ညမှာ ဟိန်းထွက်လာတယ်။ ခွေးတွေကလည်း တဝေါဝေါနဲ့ ထိုးဟောင်တော့ အရပ်က ခေါင်းထောင်ကြည့်ကြတယ်။ ဗြဲကြီးကတော့ အိမ်ထဲကနေ တုတ်တုတ်တောင်မလှုပ်ဘူး။ စိတ်တိုလာတာနဲ့ပဲ မောင်မြင့်က အိမ်ကို ခဲနဲ့ကောက်ထုတယ်။ လေးငါးချက်လောက် အိမ်ပေါ်ခဲကျတော့မှ အစ်မလုပ်သူက

 

“ဟဲ့ ဗြဲကြီး၊ နင့်ပြဿနာ နင်ထွက်ရှင်းလေ။ ဘာအောင်းနေတာတုံး၊ ငါတို့ ခဲမှန်မခံနိုင်ဘူး။ သွား”

 

ဆိုပြီး အော်ရော။ အဲသည်ကျမှ ဗြဲကြီးက အိမ်ထဲကနေ ပျာပျာသလဲ ထွက်ချလာတယ်။

 

“အဖေ သိပ်နေမကောင်းလို့ ပါ အစ်ကိုတို့ ရာ နော်။ ကျွန်တော် တောင်းပန်ပါတယ်။ ဒီမှာ အင်္ကျီ။ ရော့ ရော့”

 

ဆိုပြီး ထရံပေါက်ကနေ အင်္ကျီထုပ်ကြီးကို လှမ်းပေးတယ်။ မောင်ဝင်းတို့ သုံးယောက်သား ကြောင်သွားပြီး အထုပ်ကြီးကို လှမ်းကြည့်လိုက်ကြတယ်။ သည်အထုပ်ကြီးကို ဘယ်သူယူမှာတုံး။ ဘာလုပ်ရမှန်းမသိတာနဲ့ဘဲဝင်းထရံကြားက ထွက်လာတဲ့ ဗြဲကြီးရဲ့လက်ကြီးကို မောင်တင်က တုတ်နဲ့ရိုက်ချလိုက်တယ်။

 

“ဟေ့ကောင် ဘာမှပြောမနေနဲ့။ ထွက်ခဲ့။ မင်းကလပ်ဆဲဗင်းလည်းတို့ မလိုချင်ဘူး။ တို့ ပိုက်ဆံ တို့ ပြန်ပေး”

 

“နောက်တော့ ကျွန်တော် ရှင်းပေးပါ့မယ် အစ်ကိုတို့ ရာ။ လောလောဆယ် သည်ဟာကို ခဏယူထားကြပါဦး။ ကျွန်တော် … ဟော အဖေ”

 

“အဟွတ် အဟွတ် အဟွတ်”

 

အိမ် မှောင်မှောင်မည်းမည်းကလေးထဲက ဗြဲကြီးအဖေရဲ့ချောင်းဆိုးသံ အဟွတ်ဟွတ်က ဆက်တိုက်ထွက်လာတယ်။ ဗြဲကြီးက ဖအေကိုစိုးရိမ်ဟန်နဲ့နောက်ကို လှည့်ကြည့်တယ်။ အရပ်ထဲက လူသုံးလေးယောက်ကလည်း လက်နှိပ်ဓာတ်မီး တဝင်းဝင်းနဲ့ ထွက်လာကုန်ကြပြီ။ ရပ်ကွက်လူကြီး ဦးတင်ဖေကလည်း အရပ်ထဲဆူဆူညံညံ မလုပ်ကြဖို့ တောင်းပန်တယ်။ အကျိုးအကြောင်းကို မနက်လင်းတော့ သူရှင်းပေးမယ် ပြောတယ်။ မောင်ဝင်းတို့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားတယ်။ သည်ကောင့်ကိုဆွဲထိုး ဆွဲရိုက်လုပ်ရင်လည်း ပေခံမယ့်ကောင်။ သူ့အပြစ် ကိုယ့်အပြစ်ဖြစ်သွားဦးမယ်။ နောက်တော့ ကျွန်တော် ရှင်းပေးပါ့မယ်ဆိုတာကလည်းဘယ်တော့မှ ရှင်းမယ့်ကောင်မဟုတ်ဘူး။ မတော်တဆ သူ့ဖအေကြီးအသက်ထွက်သွားရင်တောင် ကိုယ့်ကြောင့်လိုလို ဖြစ်ဦးမယ်။ လူကြီးတွေကလည်း တောင်းပန်နေတော့ မောင်ဝင်းလည်း အထုပ်ကြီးကိုပဲ ဆတ်ခနဲဆွဲယူလိုက်တယ်။

 

အထုပ်ကြီးကို ဖြည်ကြည့်လိုက်တော့ ကလပ်ဆဲဗင်း စပို့ ရှပ်ကြီးက စိစိညက်ညက်ကို ကျေလို့ ပါ။

 

အဲသည်အကြောင်းစုံကို မနက်လင်းတော့ တစ်ရပ်ကွက်လုံး သိကုန်ကြတယ်။ ဟိုလူကမေး၊ သည်လူကပြောနဲ့ မောင်ဝင်းတို့ လည်း ကိုယ့်အရှက်ကိုယ်ခွဲသလို ဖြစ်မှာစိုးတာနဲ့ သည်အတိုင်းပဲ နေလိုက်ကြရတော့တာပဲ။ ကလပ်ဆဲဗင်းကြီးကိုတော့ ကျောက်ပွဲစား မောင်ဝင်းက အမ်းယူလိုက်တယ်။ မောင်တင်နဲ့ မောင်မြင့်ကို ငါးရာစီ အမ်းလိုက်ရတာဆိုတော့သည်စပို့ ရှပ်ကြီးက တစ်ထောင်နဲ့ခြောက်ရာ ကျသွားတာပေါ့။ ဒါတောင်ဗြဲကြီးကပြောသေးတာ။

 

“ကျွန်တော်က ဖဲနိုင်ရင် သူတို့ ပိုက်ဆံတွေ ပြန်ပေးမလို့ ပါဗျာ။ သည်အင်္ကျီက ကျွန်တော်ဝယ်ရတာ နှစ်ထောင်ကျော်ပါတယ်။ ကျွန်တော်ရတာ တစ်ထောင့်ရှစ်ရာဆိုတော့ ကျွန်တော်ဝတ်ခလျှော့လိုက်ရတဲ့သဘောပေါ့” တဲ့။

 

သူကတောင် မှန်နေသလိုလို။ တကယ်ငွေပေးဝယ်ကြစတမ်းဆိုရင် သူဝတ်ပြီးသားကြီး ဘယ်သူမှ ပေးဝယ်မှာမဟုတ်ပါဘူး။ ငွေခြောက်ရာနဲ့ အချောင်ရမလားလို့ လိုချင်အားကြီးတဲ့ မောင်ဝင်းတို့ ကပဲလောဘသားကောင်တွေ ဖြစ်သွားရတော့တယ်။ တစ်ယောက်တစ်ရာစီဆုံးလိုက်ရတဲ့ မောင်တင်နဲ့ မောင်မြင့်က ခံသာပါသေးတယ်။ ငွေအမ်းယူလိုက်ရတဲ့ မောင်ဝင်းရဲ့မိန်းမ တင်တင်မာကတော့ ဆူလို့ ဆောင့်လို့မဆုံးတော့ဘူး။

 

“သေချင်းဆိုး၊ မြွေပွေးကိုက်၊ လိမ်စရာ ညာစရာ ရှားလွန်းလို့ တော်။ ငွေအလိမ်ခံလိုက်ရတာ တော်သေး။ ခုတော့ သင်း ချေးတွေ ညှော်တွေကို ငါ့အလာအလျှော်ခိုင်းတာနဲ့ အတူတူပဲ။ ငါပါ အဆစ်အလိမ်ခံရတာ။ အိမ်ကလူ ကိုမောင်ဝင်းတို့ များ ကျောက်ပွဲစားလုပ်နေပြီး ညံ့ချက်တော့။ သည်ဗြဲကြီးပါးစပ် လိမ်တတ်ညာတတ်မှန်းသိရက်နဲ့ သည်နီဂရိုးပါးစပ်ကြီးကို ယုံတာ အံ့ပါရဲ့တော်”

 

ဒါပေမယ့် လူတွေကတော့ အမှတ်အတေးများ ရှိကြမယ်ထင်သလား။ ဝေးပါသေးရဲ့။ ဗြဲကြီးမို့ အရပ်ထဲမမြင်ရင်

 

“ဟေ့ကောင် မင်းတို့ ဗြဲကြီးများ မတွေ့မိဘူးလားကွ။ ငါ ခိုင်းစရာရှိလို့ ”

 

“မတွေ့ဘူးကွ။ ငါတောင် ပိုက်ဟောင်းတွေ ရောင်းချင်လို့ သည်ကောင့်ကို မျှော်နေတာ”

 

နဲ့ရှာနေကြသေးတာပဲ။ ဘယ်သူက ဘာပြောနေနေ ဗြဲကြီးရဲ့ပါးစပ်ကြီးကတော့ ထူထူအန်းအန်းကြီးနဲ့ဟိုတုန်းကအတိုင်းပါပဲ။ လူတွေကလည်း ဗြဲကြီးကို မျှော်မြဲမျှော်နေကြတာပဲ။ သည်ရပ်ကွက်ကလေးကလည်း ဗြဲကြီးမရှိလို့ မဖြစ်ဘူး။ ဗြဲကြီးဘက်ကလည်း သည်ရပ်ကွက်ကလေး မရှိလို့ မရပြန်ဘူး။ ဗြဲကြီးကတော့ ကလေးတွေကို စတုန်းနောက်တုန်း။ ခွေးတွေကို ခြောက်တုန်း လှန့်တုန်း။ ကျွေးတုန်း မွေးတုန်း။ လူကြီးတွေကိုတော့ ဗြဲကြီးက ထည့်ကို မစဉ်းစားတာ။ သည်လူတွေတစ်နည်းနည်းနဲ့ လာပတ်သက်ကြဦးမယ်ဆိုတာ သူသိနေတာကိုး။ ဗြဲကြီးကတော့ ပျော်ပျော်ပဲ။

 

#ခင်ခင်ထူး

#နီဂရိုး

 

Crd- ဆိုင်း၊ အငြိမ့်၊ သီချင်းနှင့် ဟာသများ

Leave a Reply

Your email address will not be published. Required fields are marked *