နွေးသောနှင်း
📚📚📚📚📚📝သုမောင်📝
သည်မနက် နှင်းထုက သိပ်သည်းစွာ ကျနေသည်။ တက္ကသိုလ် ပရိဝုဏ် အတွင်းမှာ ကျန်းမာရေးအတွက် လမ်းလျှောက် လာကြသော လူနှင့် ခွေးများ မနည်းလှပါ။ မှုန်ဝါးဝါး နှင်းထု အကြားမှာ အရွယ်လွန် ဂျူးလီးယက်ကို ကျွန်တော်က စ၍ တွေ့ပါသည်။ သူ့ကို ရုတ်တရက် ချာတိတ်မ ခပ်ဝဝကလေးအဖြစ် ပထမ ကြည့်မိခြင်း ဖြစ်သည်။ လုံးဝ မမှတ်မိ။
သို့ရာတွင် သူကတော့ ကျွန်တော့်ကို မြင်မြင်ချင်း မှတ်မိသွားပါသည်။ ကျွန်တော့်ကို နှုတ်ဆက်ပြုံး ပြုံးပြသော သူ့အပြုံး သည်ကား အရင်တုန်းဆီက အတိုင်း မူမပျက်”နောက်တွဲဆံထုံး အပြုံး”။ ပြုံးလိုက်လျှင် ကြေးစည်ကလေးကဲ့သို့ စူသွား တတ်သော သူ့နှုတ်ခမ်းကို ကျွန်တော် ချက်ချင်း မှတ်မိသွားပါသည်။
ရုပ်ရှင်မင်းသမီး တင်တင်အေး၏ နှုတ်ခမ်းနှင့်တူသည်ဟု ကျွန်တော် ပြောခဲ့စဉ်က “အို …ပေါက်တတ်ကရ” ဟူ၍ ရှက်ပြုံး ဖြင့် ပြောခဲ့သော သူ့စကားသံကိုပင် အဆစ်အနေဖြင့် ပြန်လည်ကြားလိုက်မိ သွားပါသည်။ မှုန်ဝါးသော နှင်းထုကြားမှာပင် အတိတ်ကာလသည် ကြည်လင်ပြတ်သား လာပါတော့သည်။
“ဟင် … သိန်းသိန်း”
သူ့နာမည်ရင်း`မခင်ချစ်´ ဖြစ်သော်လည်း တော်တော်ကလေး ရင်းနှီးကျွမ်းဝင် လာကတည်းက သူ့ကို သိန်းသိန်းဟုပင် ကျွန်တော် ခေါ်ခဲ့ပါသည်။ အကြောင်း ရှိပါသည်။ အဘွားဒေါ်သိန်းကို ကျွန်တော်သည် ဘာကြောင့်မှန်း မသိ၊ သိန်းသိန်း ဟုပင် ငယ်ငယ် ကတည်းက နှုတ်ကျိုးခဲ့ပါသည်။ ထို ကျွန်တော့်အဘွား `သိန်းသိန်း´ အသုံးပြုလေ့ရှိသော ဘော်ကြယ်သီး အလုံးကြီးမျိုးကို `မခင်ချစ်´ ရင်ခွင်ဆီ၌ ရှေးဆန်စွာ မြတ်မြတ်နိုးနိုး တပ်ဆင်အသုံးပြုလေ့ ရှိခဲ့သည်ကို အကြောင်းပြု၍ သူ့ကို “သိန်းသိန်း” ဟု ကျီစယ်ခေါ်ခြင်းပါ။
နှုတ်ဆက်လိုက်သော ကျွန်တော့် လေသံတွင် ရုတ်တရက် သူ့ကို မမှတ်မိကြောင်း ဝန်ခံသည့် အရိပ်အယောင် ပါသွား သလား မသိ။ မထီသော အပြုံးဖြင့် ကျွန်တော့်ကို တုံ့ပြန်ပါသည်။ သူ့အပြုံးသည် အရင်ကလိုပင် ကျွန်တော့်အပေါ် စိုးမိုးသော၊ အနိုင်ယူသော အထင်သေးသော၊ ဂရုမထားသော ကြေးစည်အပြုံးပင်။
“ဆံပင်တွေ ဖြတ်ထားလို့ ကျွန်မကို မမှတ်မိဘူးမို့လား”
ကျွန်တော်က အမှန်အတိုင်း ဖြေလိုက်လျှင်
“လူဆိုတာ တစ်ခါတလေ စိတ်ထင်ရာတွေ လုပ်ကြမြဲပဲ။ ခုလို ကျွန်မ ဆံပင်ကို ဖြတ်လိုက်တော့ ဘယ်သူ့ကို ထိခိုက်မှာလဲ။ ပြီးတော့ ဘယ်သူနဲ့ကော ဆိုင်လို့လဲ” စသည်ဖြင့် စကားချီပြီး သဘောတရားတွေရော၊ အခြေအနေတွေရော ဘာညာ ကွိကွ စကားလုံး အကြီးကြီးများဖြင့် ကျွန်တော့်ကို ထုပေလိမ့်မည်။
“ဆံပင်ဖြတ်လိုက်လို့ မမှတ်မိတာ မဟုတ်ပါဘူး” ဟု ဖြေမိပြန်လျှင်လည်း “ဒီလိုပဲ မေ့ပစ်တတ်သလား” ခနဲ့ နေပေဦးမည်။ ကျွန်တော် ရယ်ပြလိုက်ပါသည်။ ထိုအခါ တက္ကသိုလ်၏ နှင်းလေအေးသည် ကျွန်တော့်သွားနှင့် သွားဖုံးကိုလာ၍ ထိဟပ် လိုက်ရာ ပါးစပ် ချမ်းသွားပါသည်။
“မနက်တိုင်း ခုလိုပဲ သိန်းသိန်း လမ်းလျှောက် တတ်သလား”
“ဟင့်အင်း၊ ခုမနက်မှ နှင်းတွေ ပိတ်ကျလာလို့ နှင်းတောထဲ လမ်းလျှောက်ချင်လို့ပါ”
အရင် လေးငါးခြောက်နှစ် တစ်မနက်တုန်းဆီက ကျခဲ့သော နှင်းသည် ဒီနေ့ မနက်ကျသော နှင်းနှင့် မည်သို့ ဆွေမျိုး တော်စပ်သနည်းဟု ကျွန်တော် တွေးမိသည်။ သိန်းသိန်း တစ်ယောက် ငယ်မူပြန်နေသည်လား။ သို့မဟုတ် ငယ်စဉ်က ခံစားမွေ့လျော်ဖွယ်များကို လျစ်လျူရှုခဲ့မိသဖြင့် ခုမှ အတိုးချနေခြင်းပေလား။ သူ့စိတ်နှင့် သူ့ရုပ်သည် လိုက်ဖက်နေပါ သည်။ ဂျူးလီးယက်ကြီးသည် နှင်းတောထဲ စိတ်ကူးယဉ် နေပါသည်။
“ကိုဦးကော လမ်းလျှောက် ထွက်တာပဲလား”
“မဟုတ်ပါဘူး၊ ရွှေဘိုဆောင်ဘေးကို သွားမလို့ပါ”
“ရှင်”
“အော် … သင်္ဘောမဲဇလီပင်အောက် သွားမလို့ပါ”
သူ ဖျတ်ခနဲ မျက်နှာပျက်သွားပါသည်။ ကျွန်တော်က ကျွန်တော့ကိစ္စနှင့်ကျွန်တော် ရိုးရိုးသားသားပြောခြင်း ဖြစ်သော်လည်း သူက အရင်တုန်းဆီကို မှတ်မိသွားပုံရသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော်လည်း မှတ်မိသွားပါသည်။ ဟုတ်ပေသားပဲ။ နှင်းကျသော မနက်သည် လည်းကောင်း၊ ကျွန်တော် ခုသွားမည့် နေရာသည် လည်းကောင်း အတိတ်ကို အမှတ်ရစေသည် မဟုတ်ပါလား။ မှတ်မှတ်ရရ နေရာလေး။ ထို မှတ်မှတ်ရရ နှင်းတစ်မနက်ကို ပြိုင်တူ သတိရလိုက်မိသည်။ ဤတွင် နှစ်ယောက်လုံး အနေရခက်မိသလို ဖြစ်မိကြပါသည်။ အတိတ်ဟူသည် ပြန်မရနိုင်တော့သော ကာလများဆီသို့ စိတ်ကူးဖြင့် အရောက် သွားနိုင်သောအရာပင် ဖြစ်သည် မဟုတ်လား။ ကျွန်တော်၏ စိတ်သည် ပျော့ပျောင်းနူးညံ့ လာသည် ထင်၏ ။ သိန်းသိန်းကို ကြင်နာစွာ ကြည့်မိသည်။ သိန်းသိန်းသည်လည်း အတိတ်ကို လွမ်းသောအပြုံးဖြင့် စကားဆိုပါသည်။
“သွားချင် သွားလေ”
သူ့စကားကို ကျွန်တော် နားလည်လိုက်သည်မှာ ကျွန်တော် သွားချင်သွားတော့၊ သူလည်း လမ်းဆက်လျှောက်တော့မည် ဟူ၍ မဟုတ်ပါ။ သူ၏ ခြေဦးကို နောက်ကြောင်း ပြန်လှည့်၍ ကျွန်တော်နှင့် ဘေးချင်းယှဉ် လိုက်လာပါသည်။ ထိုနေရာသို့ နှစ်ယောက်အတူ သွားကြမည့် သဘော။ အလွမ်းပြေ သဘော။ အတိတ်က မရခဲ့သော တကယ့်အရှိ ပစ္စုပ္ပန်၌ ဖန်တီး၍ ဖြေသိမ့်လိုသည့် သဘော။ ကျွန်တော် သိန်းသိန်းကို သနားသွားပါသည်။ တစ်ဆက်တည်းမှာပင် ကျွန်တော်က အလိုလို ရိုမီယို၊ အိမ်က ထွက်လာစနှင့် မတူပါ။ ခြေချောင်းကလေးများကို မြက်ရွက်ဖျားမှာ သီးနေသော နှင်းဥကလေးများ စိမ့်ခနဲ စိမ့်ခနဲ လာပြီး ထိကြသည်ပင် နှင်းတောထဲ လမ်းလျှောက်ရသော အရသာပါကလားဟု ထင်တတ်လာသည်။ ကျွန်တော့် ဘေးဆီမှာ ဟော့(ခ်)ရေမွှေးနံ့သည် ရင်ခုန်မြန်လာစေသည်။
“ကိုဦးက အမှတ်သညာ ကြီးတယ်နော်”
“ခင်ဗျာ”
“ဪ … အစွဲအလန်း ကြီးတယ်လို့ပါ။ ဒီနေရာလေးကို ဒီလိုပဲ ခဏခဏ ရောက်တတ်သလားဟင်”
ကျွန်တော် ပြုံးနေလိုက်ရ ပြန်ပါသည်။ သူ့အမေးအတွက် ကျွန်တော့်မှာ ချက်ချင်း ဖြေနိုင်စွမ်းမရှိ။ အမှန်တော့ အလွမ်းပြေ သဘောဖြင့် သည်နေရာကို ကျွန်တော် လာခဲ့ခြင်း မဟုတ်။ သို့သော် အမှန်အတိုင်း ဖြေလိုက်လျှင် သူစိတ်မကောင်း ဖြစ်မည်မလွဲပါ။ ကျွန်တော်သည် သူနှင့်ပတ်သက်လျှင် အမြဲတမ်း အလျှော့ပေးခဲ့သည်သာ။ သူ့အတွက် ငဲ့ကွက်တတ်သော အကျင့်သည် ယခုတိုင် မပျောက်သေးပါလား။ ထိုနေရာကလေးနှင့် ပတ်သက်၍ ကျွန်တော့်တွင် အကြီးအကျယ် အစွဲအလန်း ထားခဲ့စဉ် ဟိုအရင်ကာလတုန်းဆီက ထိုနေရာကလေးနှင့်ပတ်သက်၍ ကျွန်တော့်စကားများကို ရယ်မောစရာ အဖြစ် သဘောထားခဲ့သည်။ ကျွန်တော့်အဖြစ်ကို သနားစရာကောင်းသည်ဟု သူ ယူဆခဲ့သည်။ ကျွန်တော့် အစွဲအလန်း ကိုတော့ စိတ်ကူးမယဉ်ပါနဲ့လေဟု ပေါ့ပေါ့တန်တန် ဆိုခဲ့သည်။
ဤနေရာလေးနှင့် ပတ်သက်၍လည်း “နေရာဌာန ဆိုတာ အဓိက မကျပါဘူးရှင်၊ ပင်လယ်ကမ်းခြေပေမယ့်လည်း မုန်တိုင်း လာရင် ဘယ်မှာ လမ်းလျှောက် ကောင်းပါ့မလဲ၊ ဟုတ်ဘူးလား” ဟု အထက်စီးနင်း ပြောခဲ့သည်။
ထိုစဉ်တုန်းက သူ့စကား၊ သူ့အယူအဆမျိုးကို ကျွန်တော် ချေပနိုင်စွမ်း ရှိခဲ့ပါသည်။ သို့ရာတွင် မေတ္တာတရားကို စကား အရာဖြင့်သာ အနိုင်ယူ၍ မရစကောင်းမှန်း ကျွန်တော် သိပါသည်။
ထို့ကြောင့် မတုံ့ပြန်ခဲ့။ ခု ဤနေရာလေးနှင့် ပတ်သက်၍ သူမကပင် မှတ်မှတ်ထင်ထင် စကားဆိုလာသောအခါ ကျွန်တော် ကလဲ့စားချေလိုက ချေနိုင်ပါသည်။ သို့ရာတွင် ကျွန်တော်သည် သူမ မဟုတ်ပါ။
ကျွန်တော့် နှလုံးသားနှင့် သူ့နှလုံးသားသည် မတူကြပါ။ ထို့ကြောင့်ပင် ဤနေရာသို့ ကျွန်တော် အလွမ်းပြေ ရောက်လာခြင်း မဟုတ်ကြောင်းကို သူ့အား ငဲ့ညှာစွာဖြင့်ပင် ကျွန်တော် ထိန်ဝှက်ထားလိုက် ရပါသည်။
တကယ်တော့ ခုချိန်တွင် ထိုနေရာလေးကို သူက ကျွန်တော့်ထက် စွဲလန်းနေကြောင်း စောစောက သူမေးသော မေးခွန်း ကပင် သက်သေပြနေသည် မဟုတ်ပါလား။ ယခုတိုင်ပင် မိမိသဘောကို တစ်ပါးသူ၏ သဘောဖြစ်ခဲ့ရလေအောင် သူ၏ ဆန္ဒကို ကျွန်တော်နှင့် ကာဗာလုပ်၍ ထုတ်ဖော်ပြီးသား ဖြစ်ရလေအောင် ပြုမူတတ်သော အကျင့်သီလသည် သူ့၌ စွဲကပ် နေတုန်းပင်တကား။
* * *
အချစ်ဆိုသော အရာနှင့် သက်ဆိုင်သည် မသက်ဆိုင်သည်တော့ဖြင့် မသိ။ ကျွန်တော်နှင့် အိမ်ထောင်ရေးသည် ရိုးသားမွန်မြတ်သည်တော့ အမှန်ပါ။
“နေကောင်းပါတယ်၊ ခု သူ တောသွားတယ်”
“ကလေးတွေကော”
“အငယ်ကောင်တော့ သူ့အမေနဲ့ တောပါသွားတယ်။ အကြီးကောင်ကတော့ ကိုယ်နဲ့ကျန်နေခဲ့တယ်”
သိန်းသိန်းသည် ယခုတိုင် အိမ်ထောင် မပြုသေးပါ။ ဘာကြောင့်မှန်းတော့ မသိပါ။ မည်သို့ရှိစေ ကျွန်တော် အိမ်ထောင် ပြုခြင်းနှင့် ပတ်သက်၍ မိမိကိုယ်မိမိ စိတ်သန့်ပါသည်။
လူသည် အချိန်တန်လျှင် အိမ်ထောင်ပြုသည်၊ မည်သူက အပြစ် ဆိုမည်နည်း။ အချစ်နှင့် ပတ်သက်၍ ကျွန်တော် ဥပေက္ခာထားခြင်း မဟုတ်ပါ။ ဘဝတစ်ခု၏ အစသည် အချစ်ဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။
သို့ရာတွင် ဘဝတစ်ခု ဖြစ်လာသော အခါ၌ အချစ်သည် ဘဝ၏ အစိတ်အပိုင်းသာ ပြန်ဖြစ်သွားတတ်သည် ဟူ၍လည်း ယုံကြည်ပါသည်။
မည်သို့ပင် ရှိပါစေ၊ ဘဝ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သော အချစ်သည်လည်း သူ့ အင်အားနှင့်သူ ရှိကြောင်း သေချာပါသည်။ ခုပင်ကြည့်တော့၊ ကျွန်တော်၏ စိတ်သည် မအေးမိနှင့် ပတ်သက်၍ သန့်ရှင်းရိုးသားသည်မှာ တစ်ပိုင်း၊ နေရာဟောင်းမှ ငယ်ချစ် (ကျွန်တော်က ချစ်ခဲ့ခြင်းကို ဆိုလိုပါသည်) ဟောင်းနှင့် ပြန်လည်ဆုံစည်းရသော အခိုက်မှာတော့ နည်းနည်း စိတ်လှုပ်ရှားချင်သည်။ အနေရ အထိုင်ရ ခက်သလိုလို၊ ရင်ခုန်သလိုလို၊ တက္ကသိုလ်၏ နှင်းသည် ရုပ်ရှင်ကား တစ်ကား၏ ဇာတ်လမ်းကို နောက်ခံတီးလုံးဖြင့် ပို့ပေးနေသကဲ့သို့။
* * *
“တစ်ချိန်က ကျွန်မပြောခဲ့တဲ့ စကားကို”ကိုဦး” မှတ်မိမလား မသိဘူး။ နေရာဌာန ဆိုတာ အဓိက မကျဘူးလို့လေ။ ပင်လယ် ကမ်းခြေ ဆိုပေမယ့် မုန်တိုင်းကျရင် ဘယ်မှာ လမ်းလျှောက်လို့ ကောင်းပါ့မလဲ လို့လေ။ မှတ်မိရဲ့လား။ တကယ်တော့ ကျွန်မ မှားပါတယ်။ မုန်တိုင်းဆိုတာ အမြဲတမ်း ကျနေတတ်တာမှ မဟုတ်ဘဲရှင်”
ကျွန်တော် အံ့ဩ သွားပါသည်။ သည်မျှအထိ သူပြောရဲ ဆိုရဲလိမ့်မည်ဟု ကျွန်တော် မထင်ခဲ့။ ဤနေရာတွင် အတိတ်ကို သတိရရင်း အာလာပ သလ္လာပ စကားများ ပြောရင်းဖြင့်ပင် ရင်မောစွာ ကိုယ့်လမ်းကိုယ် ပြန်ကြရမည်ဟုသာ ကျွန်တော် ထင်ခဲ့ပါသည်။ ခုတော့ သူ့စကားသည် ရဲတင်းလွန်းသည်။ ဆက်၍ ပြောသည်ကို ကြည့်ပါဦး။
“ကိုဦး စိတ်ထဲမှာ ကျွန်မနဲ့ပတ်သက်လို့ အရင်လိုပဲလား”
ဤမေးခွန်းကို ဖြေဆိုရန် ပိုခက်ပါသည်။ သူ့ကိုရော မအေးမိကိုပါ ငဲ့ကွက်၍ ဖြေရပါလိမ့်မည်။ ထို့ကြောင့် သည်တစ်ခါ ကျွန်တော် ပြုံးမနေပြတော့ပါ။ သူ့မေးကို အမေးဖြင့်ပင် ရှင်းလင်းရပါတော့မည်။
“ဘာပြုလို့ မေးတာလဲ သိန်းသိန်း”
“ဟင့်အင်း၊ ဘာမှ မဖြစ်ပါဘူး၊ သိချင်ရုံ တစ်မည်တည်းပါ။ ထားပါလေ၊ မဖြေချင်လည်း မဖြေပါနဲ့၊ တကယ်တော့ ဒီမေးခွန်း မျိုး မေးအပ်တဲ့အချိန် မဟုတ်တော့ဘူး ဆိုတာ ကျွန်မ နားလည်ပါတယ်”
သူ့ကို ကျွန်တော် သနားသွားပါသည်။ မိုးလွန်မှ ထွန်ချချင်လာသော ဝေဒနာသည် အခံရခက်လှပါသည်။ ထို့ကြောင့် သူ့ စကားလမ်းကြောင်းကို ကျွန်တော်မသိမသာ ဆက်ပေးရပါသည်။ ပြောလိုက ပြောပါလေ သိန်းသိန်း။
“သိန်းသိန်း စိတ်ထဲမှာတော့ ကိုယ့်ကို အရင်လိုပဲ သဘောထားသလား”
ကျွန်တော်၏ မေးခွန်းသည် သူ့မေးခွန်းထက် ထိရောက်ပါသည်။ အဘယ်ကြောင့် ဆိုသော် သူ့မေးခွန်းသည် တိုက်ရိုက် ပြောရပါက “ကျွန်မကို ချစ်တုန်းပဲလား၊ မချစ်ခဲ့ဘူးလား” ဟူသော အဓိပ္ပါယ် ဆောင်ပါသည်။ ကလေးငယ်ကဲ့သို့ သနားစဖွယ် ချက်ချင်းဖြေ ပါသည်။
“ကျွန်မကိုယ်ကျွန်မ သိပ်အထင်ကြီးခဲ့တယ် ကိုဦးရယ်။ အရှက်အကြောက် ကြီးတဲ့ ဗီဇကလည်း ရှိနေတော့”
ကျွန်တော်ပင်လျှင် တစ်ချိန်က မိမိဘာသာ မသိလိုက်ရဘဲ ဆုလာဘ်တစ်ခု ရခဲ့ခြင်းကို ခုမှသိရသဖြင့် အသုံးချ၍ မရနိုင်တော့သော်လည်း ဂုဏ်ယူမိသလိုဖြင့် ကြည်နူးမိပါသည်။ မိုးလွန်မှ ထွန်ချခြင်း ဖြစ်သော်လည်း ဝတ္တရားတစ်ခု ပြီးမြောက်သွား သလိုတော့ စိတ်လက် ပေါ့ပါးသွားသည်။
သိန်းသိန်းသည် ကျွန်တော့်ဘေးတွင် ရှက်ရွံ့စွာ ပြုံး၍ ခေါင်းငုံ့လျက် နေပါသည်။ လုံမပျိုလေးပမာ သူ့ပေါင်ထဲကို သူ့လက်ဖဝါးဖြင့် ပွတ်သပ်နေပါသည်။ ကျွန်တော်သည် သူ့ကို သနားပြီးရင်း သနား ဖြစ်သွားပါသည်။ သူနှင့် ပတ်သက်၍ ဘယ်တုန်းကမျှ အနိုင် မယူတတ်ခဲ့သော ကျွန်တော်သည် အခုလို အနိုင်ရနေသည့် အချိန်၌ပင် သူ့ကို အရှုံးမပေး လိုသည့်တိုင် တန်းတူတော့ ထားချင်ပါသည်။ ကျွန်တော့် မေးခွန်းကို ကျွန်တော် ဖြေမိပါတော့သည်။
“သိန်းသိန်းကို ကိုယ်ချစ်ပါတယ်”
ဘယ်လောက်များ ထူးဆန်းနေပါသနည်း။
တစ်ချိန်က သည်နေရာလေးကို အလေးအမြတ်ထားပြီး သည်အချိန်ကလေးကို တယုတယ စောင့်ဆိုင်းရင်း ပြောအပ်သော ပြောချင်သော စကားလုံးပေါင်း များစွာကို စီစဉ်သီကုံးတိုင်း အလဟဿ ဖြစ်ခဲ့ရသည်။ ချစ်ရေးဆိုမည့် ကျွန်တော်က စကား အလှအပများဖြင့် ဝေ့သီဝန်းဝိုက်ပြီး လိုရင်းရောက်အောင် မပြောဖြစ်ခဲ့သလို ချစ်ရေးအဆိုခံရမည့် သိန်းသိန်းကလည်း သူ့ကိုသူ အထင်ကြီးခြင်း၊ အရှက်တရားကြီးခြင်းတို့ကြောင့် ကျွန်တော့်စကားတိုင်းကို ဂျူဒို၊ ကရာတေး၊ ကိုယ်ခံကစားတို့ဖြင့် ဖယ်ရှားပုတ်ထုတ်ပစ်ခဲ့သည်။ ပြောမည့် ပြောဖြစ်တော့လည်း လျှောခနဲ။
* * *
ခေါင်းငုံ့ရှက်နေသော အရွယ်လွန် ဂျူးလီးယက်သည် ကျွန်တော်၏ ပြန်လည်ဆန်းသစ် နေသော အချစ်စကားကို ကြားရသောအခါ မျက်ရည်ငွေ့ဖြင့် ပြုံးပါသည်။ သက်ပြင်းချရင်း ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ကျွန်တော့်ကို တွေတွေ ကြည့်ပါသည်။
“ကျွန်မ ပျော်လိုက်တာကွယ်”
သူ မတ်တပ် ထရပ်လိုက်ခြင်းမှာ ပြန်ကြစို့ဟူသော အဓိပ္ပါယ်ဟု ကျွန်တော် နားလည်ပါသည်။
ဟုတ်ကဲ့။ သည့်ထက် စကားအားဖြင့်လည်း ကျွန်တော်တို့ ရှေ့မဆက်သင့်ကြတော့ပြီ။ ပြန်ကြမည်ဟု ခြေလှမ်းပြင်ရ တော့သည်။ သည်တော့မှ သည်နေရာကလေးကို ကျွန်တော် လာခဲ့ရင်း အကြောင်းကို သတိရသည်။
“သိန်းသိန်း ခဏနော်”
သိန်းသိန်းသည် လက်ကလေး ပိုက်လျက် ပြုံးရင်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြပါသည်။ ကျွန်တော်သည် ခပ်လှမ်းလှမ်းရှိ ကွမ်းယာသည်ထံမှ ဝါးလုံးတိုတစ်ချောင်း သွား ငှားပါသည်။ ကျွန်တော်တို့ စောစောက စကားထိုင်ပြော ခဲ့ကြသော မဲဇလီပင် ခြေရင်းသို့ ခပ်သွက်သွက်ကလေး ပြေးသွားပါသည်။ သင်္ဘောမဲဇလီရွက် လေးငါးဆယ်ရွက်ကို ခူးလိုက်ပါသည်။ ကျွန်တော်၏ လှုပ်ရှားမှုတိုင်းကို သိန်းသိန်း မျက်ခြည်မပြတ်။ ကျွန်တော် ခူးပြီးသော သင်္ဘောမဲဇလီရွက် ကလေးများကို အသေအချာ တစ်ရွက်ချင်းထပ်ပြီး သိန်းသိန်းနားသို့ ပြန်ရောက်လာပါသည်။
“သွားကြစို့”
ကျွန်တော်တို့ အတူတွဲပြီး လမ်းလျှောက်ခဲ့ကြပါသည်။ သိန်းသိန်းက ကျွန်တော့် လက်ထဲမှ သင်္ဘောမဲဇလီရွက်များကို နားမလည်သလို ကြည့်ရင်း မေးပါသည်။
“ဘာလုပ်ဖို့လဲ ဟင်”
ခုချိန်တွင် အမှန်အတိုင်းဖြေဖို့ ဝန်မလေး။ ကျွန်တော်ရော သူပါ အတိတ်ဆီက မကြေခဲ့သော စကားကြွေးကို ပေးချေပြီးပြီမို့ စိတ်လက် သန့်ရှင်းနေပြီ မဟုတ်လား။ အတိတ်သည် ပစ္စုပ္ပန် မဟုတ်။ စိတ်ကူးသည် တကယ့်ဘဝ မဟုတ်ချေတကား။
“ကိုယ့်သား အကြီးကောင် အတွက်ပါ။ ဒီကောင်က ဘောင်းဘီ ဘယ်တော့မှ ဝတ်ပေးလို့ မရဘူး။ ဖင်တုံးလုံးနဲ့ အမြဲတမ်း လျှောက်ဆော့နေတဲ့ကောင်။ တစ်ဖင်လုံး ပွေးတွေချည်းပဲ။ အဂ်လိပ်ဆေးလည်း မနိုင်ဘူး။ အဲဒါ ဟိုတလောတုန်းက ဆေးနည်းတစ်ခု ရလာတယ်။ ဒီသင်္ဘောမဲဇလီရွက်နဲ့ တအားပွတ်ချလိုက်ရင် ပွေးရော၊ ပွေးဘကြီးပါ မခံနိုင်ဘူး။ ပြေးရောတဲ့။ အဲဒါ လာခူးမယ် ခူးမယ်နဲ့ ခူးတဲ့စခန်းကို မရောက်ခဲ့ဘူး”
“ဒါဖြင့် ပွေးဝဲကုနည်း စာအုပ်တစ်အုပ်လောက် ရေးပေါ့ ကိုဦးရဲ့”
“ကိုယ့်ကို သိပ်အထင်မကြီးနဲ့ သိန်းသိန်းရေ။ ဒီနည်းက သူ့အမေ မအေးမိ ရလာတဲ့ နည်းဗျ။ အဲဒါ သူခရီးမသွားခင် ကတည်းက ခူးပြီး လုပ်ပေးပါ၊ လုပ်ပေးပါနဲ့ ခိုင်းနေတာ၊ ခု ခရီးထွက်သွားတော့လည်း အလုပ်များတာနဲ့ မေ့နေလို့။ ဒီနေ့တော့ မခူးလို့ မဖြစ်တော့ဘူး သိန်းသိန်းရဲ့”
“ဘာလို့လဲ”
“မအေးမိ ဒီမနက် ပြန်ရောက်မှာဗျ။ ဒီကအပြန် သင်္ဘောဆိပ် ဆင်းကြိုရဦးမယ်။ ပြန်ရောက်လာလို့ ဒီအရွက်ကလေးမှ ခူးမထားမိရင် သူ့စကားဆိုရင် ဘယ်တော့မှ အလေးမထားဘူး ဘာညာနဲ့ ပွက်လောရိုက်ဦးမှာ သေချာတယ်။ ဟဲဟဲ … ကိုယ်က မိန်းမ ကြောက်ရတယ် သိန်းသိန်းရဲ့”
“ချစ်ရတယ် မဟုတ်ဘူးလား”
ကျွန်တော်ရော သူပါ ဟက်ဟက်ပက်ပက် ရယ်မိပါသည်။ တက္ကသိုလ် ပရိဝုဏ်အတွင်း နှင်းထု မကွဲသေးပါ။ သို့ရာတွင် ကျွန်တော့်သွားနှင့် သွားဖုံးကို လာ၍ ထိရိုက်ကြသော နှင်းငွေ့သည် မအေးတော့ပါဟု ထင်ပါသည်။ ကျွန်တော့်ပါးစပ် မချမ်းတော့ပါ။ နှင်းသည် နွေး၏။
#သုမောင်
crd to နေမင်းနေနေ