Novel

နွံအိုင်ထဲမှကြာပန်းလေးများ

————————————ပုညခင်

 

[ကြေးမုံသတင်းစာ (၁၃.၃.၂၀၁၇)]

 

ဝေ့ခနဲ တိုက်ခတ်လိုက်သော နွေလေရူးက ပြွတ်ခဲနေသော တဲစုလေးများအကြားမှ ဖြတ်သန်းလျက် ပုပ်အဲ့အဲ့ အနံ့တချို့ကို သယ်ဆောင်လာသည်။ ပူပြင်းသော နေရောင်အောက်မှာ တဲစုလေးများက တစ်မျှော်တစ်ခေါ်။ ကျွန်မရှေ့တည့်တည့်မှာတော့ နောက်ကျိသော ရေမြောင်းတစ်ခု။ ထိုရေမြောင်းကိုဖြတ်ဖို့ ခနော်ခနဲ့ တံတားလေးတစ်ခုထိုးထားသည်။ ထိုတံတားလေးကို ကျော်လိုက်လျှင် ကျူးကျော်နယ်မြေကို ခြေချမိပြီ။ ထိုတဲစုလေးများကြားက တစ်ခုသော တဲတစ်လုံး မှာတော့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှိနေပါသည်။ ကျွန်မ၏ ”အရှေ့တံခါးအဝင်” ဝတ္ထုကို ရိုက်ကူးသည့် ”ရွှေကြာ” ရုပ်ရှင်ရိုက်ကွင်းဖြစ်သည်။ ကျွန်မဝတ္ထုထဲက ဇာတ်ကောင် အမည်မှာ ရွှေကြာဖြစ်သဖြင့် ထိုနာမည်ကို ရုပ်ရှင်နာမည် အဖြစ်ယူလိုက်ခြင်းပင်။

 

ထိုဝတ္ထုကိုမရေးခင်က ဒီလိုကျူးကျော်တဲတန်းတွေကို ကျွန်မရောက်ခဲ့ဖူးပြီ။ ယခုအကြိမ်က ဒုတိယအကြိမ်ဖြစ်သည်။ စာရေးဖို့က တစ်ကြိမ်၊ အခုရုပ်ရှင်ရိုက်တော့ တစ်ကြိမ်။

 

မညီညာသောမြေသားများကိုနင်းကာ တဲစုလေးများကြားရှိ လူသွားလမ်းလေးအတိုင်း ကျွန်မလျှောက်လာခဲ့ရင်း ပတ်ဝန်းကျင်ကိုလေ့လာ စူးစမ်းလာခဲ့သည်။ အလို .. ကလေးတွေကများလှပါလား။ တဲငယ်လေးတွေ၏ တံခါးဝမှာ။ လမ်းပေါ်မှာ။ ကလေးတွေ ကလေးတွေ။ တချို့က ရုပ်မလှ။ တချို့က ရုပ်သန့်သန့်။ သို့သော် အနည်းငယ်ညစ်နွမ်းပေရေလျက်။ သူတို့၏ မျက်လုံးတွေကတော့ အသွင်သဏ္ဌာန်နှင့် ကွဲပြားစွာ ကြည်လင်တောက်ပလျက်။

 

ရိုက်ကွင်းတည်ရာ တဲတစ်ဝိုက်မှာတော့ ကလေးတွေရော လူကြီးတွေပါ စုဝေးရောက်ရှိနေခဲ့ကြသည်။ သူတို့မဆူညံကြပါ။ သူတို့မတိုးဝှေ့ကြပါ။ သူတို့အလိုက် သိစွာပင် ရိုက်ကွင်းကို စိတ်ဝင်တစားကြည့်နေခဲ့ကြသည်။ ကျွန်မကတော့ သူတို့ကိုသာ စိတ်ဝင်တစားကြည့်နေခဲ့မိ ပါသည်။ ကျူထရံကွက်ကျဲ၏ အနောက်ဘက်ဆီမှ ချောင်းကြည့်နေသော မျက်လုံးလေးများ။ ရယ်မောနေသော မျက်နှာလေးများ။ ကျွန်မက ဆံပင်ဆေးဆိုး ထားသည့် ကလေးတစ်ယောက်ကို ပြုံးပြပြီး လက်ယပ် ခေါ်လိုက်သည်။ သူကခပ်ရဲရဲပင် ကျွန်မရှေ့သို့ရောက်လာသည်။ သူ့ဆံပင်က ခရမ်းရောင်တစ်ရစ်၊ ရွှေဝါရောင် တစ်ရစ်။ အသားအရည်က ညိုညစ်ညစ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကလေးဆိုတာကတော့ နှစ်လိုဖွယ်ရှိမြဲ။ ကျွန်မ သူ့ကို မေးခွန်းထုတ်လိုက်သည်။

 

”သား မင်းဆံပင်က ဘယ်မှာဆိုးတာလဲ”

 

”ကိုယ့်ဘာသာဆိုးတာ”

 

”ဟုတ်လား။ ဆေးက ဘယ်ကရလဲ”

 

”ဝယ်တာပေါ့။ တစ်ရောင် သုံးရာ၊ နှစ်ရောင် ခြောက်ရာ။ ခြောက်ရာဖိုးဆိုးထားတာ”

 

”ပိုက်ဆံဘယ်ကရလဲ”

 

”မုန့်ဖိုးစုထားတာပေါ့”

 

”မုန့်ဖိုးကဘယ်လောက်ရလို့လဲ”

 

”တစ်ရာ”

 

”သားကျောင်းနေလား”

 

”နေတယ်”

 

”ဘယ်ကျောင်းမှာလဲ”

 

”အမှတ် (၇) ကျောင်းမှာ”

 

ကျွန်မသူ့ကို မေးခွန်းတွေဆက်မေးနေမိသည်။ သူကလည်း သွက်သွက်လက်လက်ပင် ဖြေသည်။ သူ့အဖေက ပန်းရန်လုပ်သည့်အကြောင်း၊ ဧရာဝတီတိုင်း ဘက်ကနေ ပြောင်းရွှေ့လာသည့်အကြောင်း၊ သူ့နာမည်မေးတော့ ‘ချစ်ရင်ထူး’ဟုဆိုသဖြင့် ကျွန်မပြုံးလိုက်မိသည်။

 

နောက်တစ်ယောက်က ‘ကျော့ကျော့ဝေ’တဲ့။ ဆယ်နှစ်သမီး၊ စတုတ္ထတန်းကျောင်းသူဖြစ်သည်။ သူကတော့ မုန့်ဖိုးလေးရာရသည်ဟုဆိုသည်။ သူ့အဖေက ကျောက်ထမ်းသမား။ သူက အနည်းငယ်ပိန်လှီသော်လည်း မျက်လုံးတွေကတော့လှပသည်။

 

နောက်တစ်ယောက်ကတော့ ‘စွဲမက်ဖြိုး’တဲ့။ နာမည်က အလန်း။ လူကလည်း လန်းဆန်းသွက်လက် စကား ကြွယ်သည်။

 

”သမီးတို့က မောင်နှမသုံးယောက်၊ နို့မို့ လေးယောက် ဖြစ်မှာ။ တစ်ယောက်ကအဖတ်မတင်လို့”

 

အံမယ် .. ကိုးနှစ်သမီးစကားပြောတာက အသက်ထက်ပိုပြီး ရင့်ကျက်သလိုပါပဲလား။ ကျွန်မသူ့ကို သဘော ကျသွားသည်။ ကျွန်မသူ့ကို မေးခွန်းတွေထုတ်နေဆဲမှာ ကလေးတစ်ယောက်က ဖုန်းလေးကိုင်ကာ ကျွန်မကိုဓာတ်ပုံ လာရိုက်သဖြင့် ကျွန်မမျက်ခုံးပင့်သွားမိသည်။ သူဖုန်းကိုင် ပုံက အသားတကျရှိလှသည်။ ကျွန်မ သူ့ကို မေးခွန်းထုတ်မိ ပြန်သည်။ သူကလည်း သွက်သွက်လက်လက်ပင်ဖြေသည်။ သူ့အသက်က ၁၄ နှစ်။ စတုတ္ထတန်းနှစ်မှာ ကျောင်းထွက် ထားသည်။ သူတို့ရပ်ကွက်နှင့် မဝေးလှသော စက်မှုဇုန် ထဲက ဗလာစာအုပ်စက်ရုံမှာ အလုပ်လုပ်သည်။ တစ်နေ့ လုပ်ခ သုံးထောင်ရသည်။ သူကိုင်ထားသည့်ဖုန်းကို သုံးသောင်းနှင့် ဝယ်ခဲ့သည်ဟု ဆိုသည်။

 

ခဏကြာတော့ အမျိုးသမီးတစ်ယောက် ကျွန်မကို စကားလာပြောသည်။

 

”အစ်မတို့ ဒီအချိန်မို့ ရိုက်လို့ရတာ။ ညနေဆို တစ်ရပ်ကွက်လုံး ကက်ဆက်သံ၊ တီဗွီသံတွေ ဆူညံနေတာ။ အစ်မတို့ ရိုက်လို့ အဆင်ပြေမှာမဟုတ်ဘူး”

 

”ဟုတ်လား။ အိမ်တိုင်းမှာ တီဗွီရှိတာလား”

 

”ရှိတယ်လေ”

 

သူက တီဗွီရှိတယ်သာပြောသော်လည်း ကျွန်မ မျက်စိထဲမှာတော့ ဘာတီဗွီမှမမြင်။ ကျွန်မတို့ထိုင်နေသည့် တဲထဲကို ဝေ့ဝဲကြည့်မိတော့ ဘာပစ္စည်းမှ မည်မည် ရရမရှိလှ။ သို့သော် ဘုရားစင်လေးကိုတော့ ကျကျနန လုပ်ထားသည်။ ပြီးတော့မြင်းဖြူရှင်နတ်စင်တစ်ခု။ အိမ်ပြင်မှာ ပဲခူးမယ်တော်နတ်စင်တစ်ခုကိုလည်း တွေ့ခဲ့ရသည်။ အိမ်တစ်အိမ် ဘုရားစင်တစ်ခု၊ နတ်စင်နှစ်ခု၊ အိမ်တိုင်း အိမ်တိုင်းမှာ နတ်စင်တွေရှိကြသည်ဟု ဆိုပါသည်။

 

”ဟိုမှာလေ အဲဒါတီဗွီပေါ့”

 

သူလက်ညှိုးညွှန်ရာကို ကြည့်မိတော့မှ portable တီဗွီ အပြားလေးကို သွားတွေ့သည်။ သူတို့ခေတ်မီကြသားပဲ။

 

”ကျွန်မတို့ရပ်ကွက်က ညနေ ၅ နာရီကနေ ၁၁ နာရီ အထိ မီးစက်မောင်းပေးတယ်လေ။ မီးထွန်းရုံပဲဆို တစ်နေ့ တစ်ရာပေးရတယ်။ ဖုန်းအားသွင်းရင် တစ်နေ့ ၂ဝဝ၊ တီဗွီကြည့်၊ ကက်ဆက်ပါဖွင့်မယ်ဆို တစ်နေ့ လေးရာပေး ရတယ်။ ပိုက်ဆံရှိတဲ့သူတွေက မီးစက်ဝယ်ပြီး မောင်းကြတာပေါ့။ တစ်ရပ်ကွက်လုံးအတွက် မီးပေးဖို့ မီးစက် လေးလုံးရှိတယ်”

 

”ဒီရပ်ကွက်က အိမ်ခြေဘယ်လောက်ရှိတာလဲ”

 

”သုံးထောင်လောက်ရှိတယ်”

 

အိမ်ခြေသုံးထောင်ရှိသော ကျူးကျော်ရပ်ကွက်ကြီး တစ်ခု။ မီးစက်လေးလုံး၊ ရေတိုင်က သုံးတိုင်၊ ရေတစ်တိုင်ကီကို ငါးရာကျပ်။ မီးဖိုးက တစ်ရက်တစ်အိမ် ၄ဝဝ တော့ အသာလေး။ ကျူးကျော်များနှင့် စီးပွား ရှာတတ်သူများလည်း အဆင်ပြေကြသားပင်။

 

”ကျွန်မတို့က ဧရာဝတီတိုင်း ဖျာပုံဘက် ရွာက ပြောင်းလာကြတာလေ။ ရွာမှာစပါးအပြင် တခြားဘာ စိုက်လို့မှ အဆင်မပြေဘူး။ ဒီရောက်တော့ အိမ်တစ်နေရာအတွက် တစ်သိန်းနှစ်သောင်းကို ရပ်ကွက်လူကြီးကို သွင်းလိုက်တယ်။ ပိုက်ဆံသုံးသိန်းနဲ့ အိမ်တစ်လုံး ဆောက်လိုက်တော့ အဆင်ပြေပါတယ်။ တချို့ဆို ငှားနေ ကြတာအစ်မရဲ့။ ဟိုဘက်မှာတွေ့လား၊ အဲဒီအိမ်တွေက အိမ်ငှားတွေ၊ ပိုက်ဆံရှိတဲ့လူတွေက နေရာဝယ်၊ အိမ်ဆောက်ပြီး ငှားစားထားတာလေ။ တစ်လ နှစ်သောင်းခွဲတဲ့”

 

ကျူးထဲမှာတောင် သူ့ခွင်နှင့်သူ ရှိနေတတ်သည်။ သို့သော် သူတို့ကျူးတွေအားလုံး ဧပြီလမှာ ပြောင်းရွှေ့ ရတော့မည်ဟုလည်း ဆိုသည်။ အန်အယ်လ်ဒီ အစိုးရတက် လာပြီးနောက်မှာ ကျူးကျော်တဲတွေမှာနေသည့် အိမ်ထောင်စုတွေကို စာရင်းကောက်ပြီး စမတ်ကတ်တွေ ထုတ်ပေးသွားသည်ဟုဆိုသည်။ ငှားနေရသည့် အိမ်ထောင် စုတွေလည်း စမတ်ကတ်ရသည်။ သူတို့ စမတ်ကတ် တွေကို ကျွန်မကိုထုတ်ပြသည်။ ထိုစမတ်ကတ်ပြပြီး လက်ဗွေနှိပ်လျှင် သူတို့အိမ်ထောင်စုဝင်တွေ၏ ဓာတ်ပုံတွေ ပေါ်လာမည်ဟုဆိုသည်။ နေရာအစားပေးပြီးမှ ပြောင်းရွှေ့စေမည်ဆို၏။ သူတို့အနည်းငယ်စိတ်အေးပုံ ရလေသည်။

 

”နင် လုပ်စားစရာရှားလို့ ဒီအလုပ်ကိုမှ လုပ်ရသလား ဟဲ့။ နင့်ကြောင့် ငါသေချင်တယ်ဟဲ့”

 

တစ်ဖက်တဲရှိ ရိုက်ကွင်းပေါ်မှ သရုပ်ဆောင် အမျိုးသမီးကြီး၏ အသံက ဒေါသတကြီးလွင့်လာသည်။ ကလေးအားလုံးက ထိုမြင်ကွင်းကို မမှိတ်မသုန်ငေးကြည့် နေကြသည်။

 

ပြည့်တန်ဆာမိန်းကလေးအဖြစ် သရုပ်ဆောင်နေသော ဖွေးဖွေး၏ အသံကတိုးရှိုက်ရှိုက်။ ဆင်းရဲမွဲတေမှု၏သားကောင်ဖြစ်ခဲ့ရသော မိန်းမငယ်လေး၏ ဇာတ်ရုပ်ကို သရုပ်ဆောင်နေသည့် ဖွေးဖွေးကို ကျွန်မငေးကြည့်ရင်းက ကလေးများဆီသို့ အကြည့်ရောက်မိတော့ ဘာကြောင့်မှန်း မသိ ကြက်သီးစိမ့်ဖြာသွားရသည်။ ကျွန်မဘာကို စိုးရိမ်နေမိပါလိမ့်။

 

ဟိုအဝေးက မလုံ့တလုံ ကျူးကျော်တဲငယ်လေးထဲမှာ ငါးနှစ်အရွယ်ကလေးက သုံးနှစ်အရွယ်ကလေးကို ထိန်းနေသည်။ လူကြီးတွေမရှိ။ သူတို့ရပ်ကွက်မှာ လူကြီး ဦးရေထက် ကလေးဦးရေက ပိုများသည်။ အိမ်တစ်အိမ်တွင် ပျမ်းမျှကလေးသုံးယောက်လောက်တော့ ရှိမည် ထင်သည်။ မွေးဖွားနှုန်းမြင့်သည်ဟုဆိုသည်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာတော့ ကလေးတစ်ယောက်သာ ယူမည်ဟု ဆုံးဖြတ်ထားသူများ၊ ဖန်ပြွန်သန္ဓေနည်းဖြင့် ကလေးရရန် ငွေကုန်ကြေးကျခံ၍ နိုင်ငံခြားဆေးရုံများသို့ သွားရောက် ကြိုးပမ်းကြရသူများ။ ကျွန်မကိုယ်တိုင်၌ပင် ကလေး မရှိပါ။

 

ကျွန်မသည် ကျွန်မအနီးတွင်ရှိနေသည့် ကလေး တစ်ဦးချင်းစီ၏ မျက်နှာလေးတွေကို စူးစူးစိုက်စိုက် လိုက်ကြည့်နေခဲ့မိသည်။ အနာဂတ်အတွက် မျှော်လင့် စရာပန်းကလေးတွေပါလား။ လှပသော ရုပ်ရည်လေး များ၊ တောက်ပသောမျက်လုံးလေးများ၊ သွက်လက် ချက်ချာသော၊ သူစိမ်းတွေကို မကြောက်သော၊ ရဲရင့် ဖျတ်လတ်သူလေးများ။ သူတို့သည် ဆင်းရဲသော်လည်း ထူးပြီး ထုံထိုင်းမနေ။ ဉာဏ်ရည်နိမ့်သည်ဟုလည်း ထင်စရာမရှိ။ စုတ်ချာသော ကျူးကျော်တဲလေး များအကြားတွင် သွားလာဆော့ကစားရင်း၊ ရယ်မောရင်း အချိန်တန်ထမင်းစားကာ ညဆို တီဗွီကြည့်ရင်း သူတို့၏ကလေးဘဝကို ပေါ့ပါးစွာ ဖြတ်သန်းနေခဲ့ကြသည်။ သူတို့လည်း လူသားကလေးငယ်တွေပဲလေ။ တခြား ကလေးတွေလိုပဲ သူတို့မှာလည်း အနာဂတ်ရှိသည်။

 

သူတို့ ရုပ်ရှင်မင်းသားမင်းသမီးတွေကိုသိသည်။ စာရေးဆရာတွေကိုတော့ မသိပါ။ သူတို့ တီဗွီကြည့်ကြသည်။ သို့သော် စာမဖတ်ကြပါ။ အနီးအနားမှာ စာကြည့်တိုက်မရှိပါ။ ကျောင်းများတွင် စာကြည့်တိုက် ရှိသည်ဆိုသော်လည်း ဆရာမကိုကြောက်၍ စာအုပ် မငှားရဲဟုဆိုသည်။ ဘာကြောင့်ကြောက်သလဲဆိုတာ ကျွန်မစဉ်းစားမရပါ။ ကျောင်းစာကြည့်တိုက်တွေကို ကလေးတွေက ကောင်းကောင်းအသုံးမချနိုင်တာလား။ ဆရာဆရာမတွေက ကောင်းကောင်းအသုံးမချနိုင် တာလား။ အသုံးချဖို့အတွက် ဘာအခက်အခဲရှိသလဲ။ ကျွန်မ ဆက်တွေးနေခဲ့မိသည်။ သူတို့ရပ်ကွက်ထဲမှာ စာအုပ်အငှားဆိုင်လေးတစ်ဆိုင်ရှိသည် ဆိုသဖြင့် ဝမ်းသာရသေးသည်။

 

တဖြည်းဖြည်းနှင့်ပင် နေရောင်ခြည်သည် ဖျော့တော့လာကာ ညနေစောင်းချိန်သို့ ရောက်ရှိလာခဲ့သည်။ ရိုက်ကွင်းသည် ကျူးကျော်ရပ်ကွက်ထဲတွင် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေခဲ့သည်။ နောက်မှလိုက်ကြည့်နေသည့် ကလေးတွေ ပိုမိုများ လာသည်ဟု ထင်ရသည်။

 

ကျွန်မသည် ဆည်းဆာရောင်အောက်တွင် အပြစ်ကင်းစင်စွာ လှနေကြသော ကလေးတစ်ယောက် ချင်းစီ၏ မျက်နှာလေးတွေကိုကြည့်ရင်း ဒီကလေးတွေ ထဲကရော နွံထဲမှာကြာပေါက်သလို တစ်နေ့မှာ ထွန်းပေါက်အောင်မြင်သူတွေ ပေါ်ပေါက်မလာနိုင် ဘူးလားဟု တွေးသည်။ မျှော်လင့်သည်။ ပြီးတော့ အငဲ၏ သီချင်းစာသားတစ်ပိုင်းတစ်စကို သတိရလာမိသည်။

 

”နွံအိုင်တွေအလယ်မှာ မနစ်မြုပ်နဲ့ ကလေးလေး ××× နွံအိုင်တွေကို ဖောက်ထွက်ခဲ့ ကလေးလေး”

 

ကျွန်မ မျှော်လင့်ခြင်းများစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။

 

______________*************______________

 

#ပုညခင်

#နွံအိုင်ထဲမှကြာပန်းလေးများ

 

ဝတ္ထုတိုဝတ္ထုရှည်-မှ

Leave a Reply

Your email address will not be published. Required fields are marked *