ပြောင်းဖူးပြုတ်
——————မစန္ဒာ
“ဟောတော့”
မြသူဇာက ယခုလကုန်လျှင် ကုမ္ပဏီရုံးချုပ်မှနေပြီး လှိုင်သာယာစက်ရုံကို ပြောင်းပြီး အလုပ်ဆင်းရတော့မည်ဟု ပြောတော့ အမေ မျက်လုံးပြူးသွားသည်။ သူ့လက်မှ ခြွေလက်စချဉ်ပေါင်ရွက်အကောင်းများကို အမှိုက်တွေ ထည့်ထားသော ဆန်ကာထဲသို့ ယောင်ယောင်မှားမှားနှင့် ပစ်ထည့်လိုက်သည်။
“လှိုင်သာယာကိုတဲ့လား ဟယ်”
“ဟုတ်တယ် အမေ”
အမေ့ရှေ့က စားပွဲဝိုင်းလေးတွင် ထိုင်ကာ ပဲပြုတ်ထမင်းကြော် စားနေသော မောင်ငယ်ဖြစ်သူ ဖိုးတီးက “ဒါဆိုရင် မြွေကိုက်ပြီပေါ့”ဟု ရယ်ဟဟနှင့် ပြောသည်။ သူတို့က အခက်အခဲတွေ့ခြင်း၊ ဒုက္ခရောက်ခြင်းကို မြွေကိုက်သည် ဟု ပြောလေ့ရှိကြသည်မို့ မြသူဇာက နားယဉ်နေပြီ ဖြစ်သည်။
“အေးဟယ်၊ မြွေမှ မြွေပွေးအကြီးကြီးဟဲ့”ဟု ပြန်ပြောလိုက်သည်။ အမေကတော့ မကြိုက်ဟန်နှင့် “ဖွဟဲ့ လွဲပါစေ”ဟု ရေရွတ်ပြီး ချဉ်ပေါင်ရွက်အကောင်းတွေကို အမှိုက်ထဲ ထည့်လိုက်ပြန်သည်။
” ဒီလောက်အဝေးကြီးဟယ်၊ နေ့စဉ်သွားရလာရမှာ”
“ဟုတ်ပါရဲ့ အမေရယ်၊ သမီးလည်း စိတ်ကိုညစ်နေတာပဲ”
“ဒီကနေဆိုရင် ဘယ်နှနာရီများ ကားစီးနေရမလဲ မသိဘူးနော်”
အမေက သူ့ထက်ပင် ပိုပြီးစိတ်ညစ်နေဟန်ရှိ၍ မြသူဇာ တော်တော် သနားသွားသည်။ ဖိုးတီးကမူ “မြွေပွေး၊ မြွေပွေး”ဟု မကြားတကြားပြောကာ ညာတာပါတေးနှင့် ထပြေးသွားသည်၊ သူ့ပန်းကန်ကိုပင် သူ မဆေးသွားချေ။
“ကားခလည်း မနည်းမနော ကုန်မှာနော်”
“ခရီးစရိတ်တော့ ထပ်ဆောင်းပြီး ပေးမယ်ပြောတာပဲ အမေရယ်”
မြသူဇာက ခပ်ပျော့ပျော့ပြောသည်။ သူ ယခုလုပ်နေရသောရုံးချုပ်က ဗဟိုစည်မှာ ဖြစ်သည်။ ဒဂုံဆိပ်ကမ်းမြို့ ကနေပြီး သွားရသည်မှာ အတန်ငယ်ဝေးသော်လည်း မြို့ထဲပိုင်းမို့ သွားရလာရ လွယ်ကူသေးသည်။ ဝယ်စရာ၊ ခြမ်းစရာများ ရှိရင်လည်း ပြေးပြေးလွှားလွှားလေး ဝယ်နိုင်သည်။ နေ့ခင်းတုန်းကတော့ လှိုင်သာယာစက်ရုံတွင် ပြောင်းရွှေ့ အမှုထမ်းရမည့်သူများ၏ အမည်စာရင်းကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည်။ စုစုပေါင်း ဆယ့်ငါးဦး ဖြစ်ပြီး သူလည်း ပါလေသည်။
“အဘွားရေ၊ လှိုင်သာယာစက်ရုံကို ပြောင်းရမှာမို့တဲ့၊ မမရယ် နောက်ဖေးမှာ ငိုနေတယ်”
ဖိုးတီး၏အသံကို ကြားရသည်။ အိမ်ရှေ့ဝရန်တာတွင် ဘုရားပန်းအိုး လဲနေသော အဘွားကို ပိုပိုသာသာ တွန်းတွန်းထိုးထိုးလေး သွားပြောနေခြင်း ဖြစ်သည်။
“အမေ့သားကတော့ လုပ်ပြီ”
အသက်ခုနစ်ဆယ်နားနီးနေပြီ ဖြစ်သော်လည်း အဘွားက သန်တုန်း၊ မြန်တုန်း၊ ဖျတ်လတ်တုန်း ဖြစ်သည်။ ရှိရှိသမျှကိစ္စတွေကိုလည်း အကုန်သိချင်တုန်း၊ ဒိုင်ခံဖြေရှင်းပေးချင်တုန်းလည်း ဖြစ်သည်။
“ဗေဒင်ဆရာကတော့ အပြောင်းအရွှေ့ မြင်တယ်ပြောသား၊ ငါက အခန်းရှင်က လခတိုးတောင်းနေလို့ တိုက်ခန်းများ ပြောင်းရမှာလားလို့ ထင်နေတာ၊ ငါ့မြေး သူဇာမရဲ့ အလုပ်ကို သတိမရဘူး”
“ဟောလာပါပြီ”
နောက်ဖေးဘက်သို့ အဘွား၏အသံက အလျင်ရောက်လာပြီး အသံနောက်မှ လူလိုက်လာသည်။ ဆံပင်ပါးပါးလေးကို ကော်ဘီးကြီးကြီးနှင့်ပတ်ထားသော အဘွား၏ပုံစံက အဆင်မပြေလှချေ။
“အဘွားက ကော်ပေါက်တွေ့အောင် ကော်ဘီးကြီးပတ်ပြီး ယတြာချေထားတာလား”ဟု ဖိုးတီးက နောက်တော့ အဘွားက “မသိရင် အသာနေစမ်းပါဟယ်”ဟု ခပ်ပြုံးပြုံး ပြောဖူးလေသည်။
သူတို့၏အဘွားက ဗေဒင်ယတြာတွေကို ဝါသနာပါလွန်းသဖြင့် မြသူဇာလည်း ထိုကော်ဘီးကြီး စွဲစွဲမြဲမြဲပတ်နေသည်ကို မသင်္ကာလှ၊ တစ်ခုခုတော့ တစ်ခုခုပဲဟု ထင်မိသော်လည်း ဘာတစ်ခုခုမှန်းတော့ မသိပေ။
“တောင်ဒဂုန်ဆိပ်ကမ်းမြို့ ကနေပြီး လှိုင်သာယာစက်မှုဇုန်ကို နေ့တိုင်းသွားရမယ်ဆိုတာ လွယ်တယ်အောက်မေ့လို့၊ ကိုယ့်အခက်အခဲကိုလည်း ကိုယ်က ပြောပြဦးပေါ့”
“ဪ…. အဘွားရယ်”
မြသူဇာက တဖျစ်တောက်တောက်နှင့် ဒေါသထွက်ရန် အရှိန်ယူနေသော အဘွားကိုကြည့်ရင်း သက်ပြင်းလေး မသိမသာချမိသည်။ စိတ်ထဲမှာတော့ “ဘယ်သူ့ကို သွားပြီးပြောရမှာလဲ အဘွားရယ်”ဟု တိုးတိုးပြောမိလေသည်။
သူက အဘွား၏အတွေးမျက်စိထဲတွင် မြင်ယောင်နေသလို ပြောရေးဆိုခွင့်ရှိသော အရာရှိမကြီးမဟုတ်၊ မူရင်းလစာနှစ်သောင်းခွဲနှင့် လမ်းစရိတ်ငါးထောင်ပေါင်းပြီး တစ်လလျှင် သုံးသောင်းရရှိသော ရာထူးအခေါ် အဝေါ်အားဖြင့် ရုံးဝန်ထမ်းအဆင့် (၂) ဟု သတ်မှတ်ထားခံရသော သူ့ကိုယ်သူလည်း ဘာကောင်မှန်း အသေအချာမသိချေ။ ရုံးရောက်စက ထွက်စာ၊ ဝင်စာ မှတ်ရသည်။ ရုံးဖိုင်တွေ တွဲ ရသည်။ သို့သော် သိပ်မကျွမ်းလှတော့ အမှားအယွင်း၊ အကျအပေါက်များလေသည်။
အဘွားကတော့ “ဗေဒင်က ငါ့မြေးသူဇာမကို စက်နဲ့အကျိုးပေးမယ်လို့ ဟောတယ်ကွဲ့”ဟု ပြောသည်။
ထို့ကြောင့် ကွန်ပျူတာကိုများ အပီကိုင်ရလေမလားဟု ထင်မိသည်။ စာစီစာရိုက်သင်တန်းကို နောက်တစ်ပြန်ထပ်ပြီး တက်ရလျှင်ကောင်းမလားဟု ကြံရွယ်နေစဉ် မိတ္တူကူးနေကျကောင်ကလေး အလုပ်ထွက်သွားသည်။
“ဗေဒင်ဆရာကတော့ မမှားပါဘူးလေ”
ဟုတ်ပါသည်၊ ဗေဒင်ဆရာက မမှားပါ၊ မြသူဇာမျှော်လင့်သလို ကွန်ပျူတာမကိုင်ရသော်လည်း စက်အမျိုးအနွယ်ထဲတွင် အကျုံးဝင်သော မိတ္တူကူးစက်ကို ကိုင်ခဲ့ရသည်။
သူတို့ကုမ္ပဏီက ဆောက်လုပ်ရေးရော၊ စိုက်ပျိုးရေးရော၊ ဆီ ဆန်နှင့် အိမ်သုတ်ဆေးတွေကိုပါ ဆောက်လုပ်၊ စိုက်ပျိုး၊ ရောင်းဝယ် ထုတ်လုပ်သော ရောသမမွှေကုမ္ပဏီ ဖြစ်သည်။ ဒီတော့လည်း ဌာနခွဲတွေ အတော်များလေသည်။ ထိုအတော်များလှသော ဌာနခွဲများမှ လာသမျှ စာရွက်စာတမ်းများကို မိတ္တူကူးစက်နှင့် အချိန်မီအောင် ဒိုင်ခံကူးပေးရသည်။ တဂျီဂျီ မြည်နေသော မိတ္တူကူးစက်ကြီး၏ဘေးတွင် ကုပ်ချိချိလေးရပ်ရင်း စာရွက်တွေ ထည့်လိုက် ပြန်ထုတ်လိုက်နှင့် လုပ်နေရသောသူသည် ကုမ္ပဏီ၏ အမ်ဒီဟူသော အဓိကပုဂ္ဂိုလ်ကြီးကိုလည်းကောင်း၊ ဒါရိုက်တာဟူသော အစုရှယ်ယာဝင်များကိုလည်းကောင်း၊ ဂျန်နရယ်မန်နေဂျာဟူသော အဆင့်မြင့်ဝန်ထမ်းကြီးများကို လည်းကောင်း စကားပြောဖူးဖို့နေနေသာသာ မျက်နှာချင်းပင် အသေအချာ မဆိုင်ခဲ့ဖူးချေ။ သူနှင့် မျက်မှန်းတန်းမိသူများက ဌာနခွဲအသီးသီးမှ မိတ္တူကူးစရာများကို ပျာယာပျာယာနှင့် ယူလာကြပြီး သူ့အား “မြန်မြန်နော် မြန်မြန်”ဟု လောလေ့ရှိသော လတလတ(လက်တိုလက်တောင်း) ဝန်ထမ်းများသာ ဖြစ်သည်။ ထိုလတလတတွေကလည်း သူနှင့်အဆင့်တူတွေမို့ သွားပြီး ညည်းပြနေလျှင် “ငါတို့လည်း အတူတူပါပဲ”ဟု ပြန်ပြောရုံအပြင် ဘာကိုမှလည်း တတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။
“ကိုယ့်မှာ တကယ့်ကို အခက်အခဲရှိနေတာပဲဟာ၊ အသေအချာ ပြောပြရင် လူကြီးတွေက နားလည်ပေးမယ်ထင်ပါရဲ့ သမီးရယ်”
အမေက မျက်နှာငယ်လေးနှင့် ပြောသည်။ အမေက အစိုးရရုံးမှ ဝန်ထမ်းဖြစ်သည်။ လခတွေ တိုးလာတော့ အမေ့ဝင်ငွေကလည်း မနည်းလှချေ၊ သူတို့အိမ်တွင် အမေနှင့် သမီးက အလုပ်လုပ်ပြီး အဘွားက အိမ်စောင့်ကာ ဖိုးတီးက ဒဂုံတက္ကသိုလ် နေ့ကျောင်းသား ဖြစ်လေသည်။ သွားရေးလာရေး အခက်အခဲကို သူတို့သားအမိက အများဆုံးခံစားရလေသည်။
“ဒီလောက်ဝေးနေတာကွယ်၊ မိန်းကလေးတစ်ယောက်အနေနဲ့ နေ့တိုင်း သွားပြန်နေရမှာ လူကြီးတွေကို ပြောပြကြည့်ပါဦး”
မြသူဇာ သက်ပြင်းချရပြန်သည်။ အမေက မျှော်လင့်နေသော်လည်း လူကြီးဟုဆိုသူတွေက မြသူဇာဟူသည့်သူ့ကို ဖုတ်လေသည့်ငါးပိ ရှိမှန်းပင် သိကြမည်မဟုတ်သည်က ခက်လှသည်။ သူ့ကို တစ်စုံတစ်ခု ရည်ညွှန်းပြောဆိုစရာရှိလျှင်ပင် “မိတ္တူကူးသည့်ကလေးမလေး”ဟု ပြောဆိုမည်ကို သူသိသည်။ ဒေါက်မြင့်ဖိနပ်ကို ရှပ်တိုက်စီးပြီး မိတ်ကပ်တွေ ထူပိတ်နေအောင် လိမ်းထားတတ်သော အရောင်းမြှင့်တင်ရေး အရောင်းမမကြီးကမူ “ဟို မိတ္တူကူးတဲ့ ပိန်တိန်တိန် ပုတုတုကောင်မလေး မမြင်ပါလား၊ ဘယ်သွားနေလဲဟဲ့”‘ဟု မေးဖူးလေသည်။
“ဗေဒင်ဆရာက အပြောင်းအရွှေ့ မြင်ပါတယ်လို့ ပြောရက်နဲ့ ငါပေါ့သွားတာဟဲ့”
အဘွား၏အာရုံက ထုံးစံအတိုင်း ဗေဒင်ဆရာဆီသို့ ရောက်သွားသည်။ ထိုနောက်တော့လည်း ထုံးစံအတိုင်း “ယတြာတော့ ချေဦးမှပါပဲအေ”ဟု ပြောလေသည်။
ဤကမ္ဘာဤလောကကြီးထဲတွင် အဘွားလို ဗေဒင်ယတြာ ဝါသနာပါသူတွေ အတော်များများရှိမည် ဖြစ်သော်လည်း အဘွားလောက် စွဲလမ်းသူကား ရှားလိမ့်မည် ထင်သည်။ အဘွားက ခလုပ်တိုက်မိလျှင်ပင် ဗေဒင်ဆရာဆီမေးပြီး ယတြာချေချင်သူ ဖြစ်သည်။ အဘွား ခဏခဏ ရှာခိုင်းသည့်အတွက် အုန်းလက်၊ ဆီးခက်၊ ကံ့ကော်ညွန့်စသည်များကို မြသူဇာတို့ မောင်နှမနှစ်ဦးစလုံး ကျွမ်းကျင်စွာ ရှာဖွေခူးယူတတ်နေပြီ ဖြစ်သည်။ ဒါတင်မကသေးပါ၊ ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင် ပေါက်ပေါက်လှူရမည်၊ ထပ်၍ပေါအောင် ထောပတ်တင်ရမည်၊ ကြာဖြစ်ရအောင် ကြာဆံချက်ရမည်၊ ဘေးဘယာတွေ ကျော်လွှားနိုင်အောင် ဘယာကြော် ဝေရမည်၊ ကိုယ် မနှစ်သက်သူတွေ ဆုတ်၍ ပြန်လေအောင် ဆန်ပြုတ်ဆွမ်းကပ်ရမည် စသည် စသည်များကို အဘွားသာမက မြသူဇာပင်လျှင် တော်တော် ကို တီးမိခေါက်မိနေပြီ ဖြစ်လေသည်။
“ပြောင်းမိန့်ထုတ်ထားတာက လကုန်မှဆိုတော့ အချိန်တွေ ကျန်ပါသေးတယ်။ ဒီကြားထဲ အပြောင်းအလဲဖြစ်လာအောင် အဘွား လုပ်ပေးမယ် သိလား မပူနဲ့”
အဘွားက သူ၏ဗေဒင်ယတြာများ အားကိုးနှင့် အာမခံရဲနေလေသည်၊ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ မြသူဇာအားတက်လာသည်ကတော့ အမှန်ပင်။
အဘွားတစ်ယောက် ဗေဒင်ကိုအားကိုးယုံကြည်လိုက်ပုံက အမေနှင့် အဖေ မေတ္တာမျှနေကြောင်းကို အမေက အဘွားဆီမှာ ဖွင့်ပြောတော့ “သမီးလူကို ဗေဒင်ဆရာဆီ ခေါ်သွားကြည့်မယ်၊ ဗေဒင်ဆရာကြိုက်မှ အမေကသဘောတူမှာနော်” ဟုပြောခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့်လည်း အဖေက “ငါ့ကိုများ ဗေဒင်ဆရာက မကြိုက်လိုက်ရင် မင်းတို့မောင်နှမ လူဖြစ်ရမှာ မဟုတ်တော့ဘူး”ဟု ပြောတတ်လေသည်။
အမေနှင့် အဖေ အိမ်ထောင်သက် ဆယ်နှစ်ကျော်လာတော့ အဖေ ခြေလှမ်းစ၍ ပျက်လာသည်။’
“ဗေဒင်ဆရာအကြိုက်ချည်းပဲ လိုက်လုပ်နေတာ ဆယ်နှစ်ကျော်လာပြီကွ၊ တစ်ခါတလေတော့ သူ မကြိုက်တာလေးတွေ ရွေးလုပ်ရရင် အတော် အရသာရှိမယ်”‘ဟု ရယ်ရယ်မောမော ပြောနေတတ်သည်။
အမေက အဖေ နောက်ပြောင်၍ပြောနေသည် ထင်သော်လည်း နောက်မိန်းမတစ်ယောက်ကို ကောက်ခါငင်ခါ ယူလိုက်ပြီး အိမ်ပေါ်မှဆင်းသွားသောအခါကျတော့မှ ရင်ကွဲရတော့သည်။ အဘွားကလည်း တွေ့ဆွေ့ခုန်နေသည်။ နောက်မိန်းမ၏ နာမည်က ‘ပပဝင်း’မို့ နေ့နံတူသော ‘ဖန်ပုလင်းတစ်လုံး’ကို အဘွားက ‘မီးလို ပူပါစေ’ဟု ရေရွတ်ကာ မီးပုံထဲသို့ ပစ်ထည့်တတ်သည်ကို သုံးလေးခါလောက် မြင်ခဲ့ရသည်။ မီးလိုပူလား မပူလားတော့မသိ။ အဖေကတော့ ထိုနောက်အိမ်ထောင်နှင့် မြဲနေတာကတော့ အခုထိပင်။
အဖေ့ကို အရင်တုန်းက အတော်စိတ်နာသော်လည်း ယခုတော့ ‘ငါတို့မောင်နှမရဲ့ ကံကိုက မိစုံဖစုံ နေရမယ့်ကံ မပါဘူးထင်ပါရဲ့ ‘ဟုတွေးပြီး စိတ်သက်သာအောင် နေတတ်လာပြီဖြစ်သည်။ အမေကမူ ‘သမီးတို့အဖေက နည်းနည်း ရွတ်တတ်တယ်၊ အဘွားရဲ့ ယတြာတွေက သိပ်များတော့ သူက စိတ်ချဉ်ပေါက်သွားတယ်ထင်ပါရဲ့ ‘ဟု ပြောပြီး ရီနေတတ်လေသည်။ အဖေ့ကို ပြန်လာအောင် မလုပ်နိုင်သော်လည်း ‘ယတြာကောင်းရင် မင်းလောင်းတောင်ပျောက်သတဲ့’ဟု ရေရွတ်နေမြဲ ဖြစ်လေသည်။
နောက်တစ်နေ့ မြသူဇာ အိမ်ပြန်ရောက်တော့ အိမ်ရှေ့ဝရန်တာတွင် ပန်းအိုးတစ်လုံးချပြီး အပင်တစ်ပင်ကို ယုယုယယစိုက်နေသော အဘွားကို တွေ့ ရသည်။ မြသူဇာက မြက်နှင့်စပါး၊ ကြံနှင့်ဝါးကိုပင် ခွဲခြားပြီးသိသူမဟုတ်၍ ဘာပင်မှန်းမသိ၊ အဘွားက ပန်းအိုးနှုတ်ခမ်းကို လက်နှင့် ပုတ်ကာ ‘ပြောင်းဖူး ဟိုပြောင်းဖူး၊ ပြောင်းဖူးဆိုမှ ပြောင်းဖူး’ဟု ဒေါမာန်ပါပါနှင့် ရေရွတ်နေတော့မှ သူ့အတွက် ယတြာချေနေမှန်း သိတော့သည်။
“အဘွားရဲ့ ပြောင်းပင်လေးက ချစ်စရာလေး”
ဖိုးတီးက ဘုမသိဘမသိနှင့် လာပြောတော့ ခေါင်းခေါက်ခံရသည်။
“ဘာပြောင်းပင်လဲ၊ ပြန်ပြောစမ်း၊ ပြောင်းဖူးပင်၊ ပြောင်းဖူးဆိုမှ ပြောင်းဖူးပင်”ဟု ပြင်ပြောခိုင်းရာ ဖိုးတီးခမျာ ခေါင်းကိုသာ ရှုံ့ရှုံ့မဲ့မဲ့နှင့် ပွတ်ရင်း “ပြောင်းဖူးဆိုမှ ပြောင်းဖူး”ဟု လိုက်အော်နေရလေသည်။
“မနက်တစ်ခါ၊ ညတစ်ခါ သူဇာမကိုယ်တိုင် ရေလောင်းရမယ်နော်၊ ခုနတုန်းက အဘွားရွတ်သလို ‘ပြောင်းဖူးတဲ့ ပြောင်းဖူး၊ ပြောင်းဖူးဆိုမှ ပြောင်းဖူး’ ဆိုပြီး ထန်နဲ့မာန်နဲ့ ပြောရမယ်၊ အပင်လေးဝေဆာ အမြစ်ဖြာပြီး အခြေခိုင်လာရင် အောင်ပြီတဲ့”
“အဘွားရယ် အခုလလည်တောင် ရောက်နေပြီ။ နှစ်ပတ်လောက်အတွင်းမှာ အဘွားရဲ့ ပြောင်း၊ အဲ အဲ ပြောင်းဖူးပင်လေးက ဝေဆာလာနိုင်ပါမလား၊ သမီးက လကုန်ရင် ပြောင်းရတော့မှာ”
လျှာရှည်မိပြီးခါမှ မြသူဇာ နောင်တရသည်။ အဘွားက ဗေဒင်ဆရာဆီထပ်ပြီး ပြေးပြန်သောကြောင့် ဖြစ်လေသည်။
မနက်ရုံးသွားခါနီး အိမ်မှအထွက်တွင်တော့ အဘွားက ပြောင်းဖူးပြုတ်ဝယ်၍ လှမ်းပေးသည်။ အညိုရောင် ပလို့ပြောင်းလေးက ပူပူနွေးနွေး၊ အိအိထွေးထွေးနှင့် စားဖွယ်ပင်။
“ရော့ ငါ့မြေး၊ အိမ်ကထွက်ကတည်းက ရုံးရောက်တဲ့အထိ နည်းနည်းချင်း စားသွား၊ ရုံးပေါက်ဝရောက်ရင် ကွက်တိကုန်အောင် ချိန်ပြီးစား၊ ရုံးထိဝင်တော့မယ်ဆိုရင် ပြောင်းဖူးရိုးကို နောက်ပြန်ပစ်ထည့်လိုက်ပြီး ‘ပြောင်းဖူး ဟဲ့၊ ပြောင်းဖူး’လို့ ဒေါမာန်ပါပါ ရွတ်ရမယ် တဲ့”
“ဘယ်နှရက်ဆက်ပြီး စားရမှာလဲ အဘွား”
“‘ဆယ်ရက်တဲ့၊ ဆယ်ရက်အတွင်း ထူးမယ်တဲ့”
“အခုလိုပဲ ပြောင်းဖူးနုနု၊ချိုချိုစေးစေးလေး ကျွေးနော်၊ အဘွားနော်”
သူလုပ်ဖူးသမျှယတြာထဲတွင် ဒီယတြာက အကောင်းဆုံးမို့ မြသူဇာ တော်တော်သဘောကျသွားသည်။ ပြောင်းဖူး တစ်နေ့တစ်ဖူး နေ့တိုင်းစားသော ယတြာမို့ ဆယ်ရက်နှင့်ပင် မပြီးချင်၊ တစ်လလောက် ဆက်လုပ်ရလျှင် ပိုကောင်းဦးမည်။
“ရုံးပေါက်ဝမှာ ပြောင်းဖူးရိုးကြီး နောက်ပြန်ပစ်ရမှာဆိုတော့ လွယ်ပါ့မလား သမီးရယ်၊ အရမ်းလည်းမလုပ်နဲ့ဦး။ နောက်ပြီး ပါးစပ်ကလည်း ရွတ်ရဦးမှာတဲ့”
လမ်းကျတော့ အမေက သတိပေးရှာသည်။ အမေပြောသည်က ဟုတ်သည်၊ စဉ်းစားကြည့်လျှင် အတော်ကြောင်သော အလုပ်ဖြစ်၍ မြသူဇာလည်း မလုပ်ချင်ပေ။
“စားတာကတော့ စားသွားလိုက်မယ် အမေရယ်။ ပစ်တာကတော့ အခြေအနေအရပေါ့၊ လူမရှင်းရင်လည်း အမှိုက်ပုံးထဲထည့်ပြီး ‘ပြောင်းဖူးနော် ပြောင်းဖူး’လို့ တိုးတိုးလေး ရွတ်လိုက်မယ်လေ”
“ကြည့်သာလုပ်ပေတော့ဟယ်”
အမေက စိတ်ရှုပ်သလိုပြောသည်။ ထို့နောက် ကားပေါ်သို့ အတူတက်ခဲ့ကြသည်။ ကားကလည်း ထုံးစံအတိုင်း တဖြည်းဖြည်းကြပ်လာသည်။ ကြပ်လာတော့လည်း ထုံးစံအတိုင်း လူတွေ ကြားထဲတွင် အမေ တစ်နေရာ၊ သမီးတစ်နေရာ ညပ်နေကြသည်။ ကိုယ့်ကိုယ်ကိုယ် မပြိုမလဲရအောင် ယိမ်းတန်လျှင် ယိမ်း၊ တိမ်းတန်လျှင် တိမ်း၊ ဆွဲတန်လျှင် ဆွဲ၊ ခိုတန်လျှင် ခိုနှင့် လက်နှစ်ဖက်လုံးကိုလည်း ဟန်ချက်ညီညီ အသုံးပြုနေရသဖြင့် ပြောင်းဖူးကို ဂရုမစိုက်အားတော့။ တဖြည်းဖြည်းချင်း ခြွေစားဖို့နေနေသာသာ အဖူးလိုက် ကိုက်၍ပင် မစားနိုင်၊ ပလတ်စတစ်ခြင်းတောင်းထဲသို့ ထိုးထည့်ထားလိုက်ပြီး မေ့သွားသည်မှာ ရုံးရောက်သည်အထိပင်။ ရုံးရောက်တော့လည်း နောက်ကျမည် စိုး၍ အပြေးအလွှားဝင်ကာ လက်မှတ်ထိုးရသည်။ ခြင်းတောင်းထဲမှ ဘောပင်ကို လှမ်းဆွဲကာမှ ပြောင်းဖူးကိုဆွဲမိပြီး သတိရတော့သည်။ ရုံးထဲသို့ ရောက်နေပြီမို့ ‘ပြောင်းဖူးတဲ့ ပြောင်းဖူး’လို့လည်း မအော်နိုင်တော့ချေ။
သို့နှင့်ပင် သုံးရက်လုံးလုံး ကုန်ခဲ့သည်။ အဘွား၏ယတြာကို ပီပြင်အောင် မလုပ်နိုင်သေးပေ၊ တတိယနေ့ညနေကျတော့ အဘွားက မထူးခြားသေးဘူးလားဟု မေးသည်။ အရင်က ပြောင်းမိန့်ကျထားပြီးသူများ၏ စာရင်းကို ပယ်ဖျက်ကာ စာရင်းအသစ်ထွက်လာလိမ့်မည်ဟု မျှော်လင့်နေပုံရလေသည်။ ဘာမှမထူးခြားသေးဟုဆိုတော့ မြသူဇာကို မသင်္ကာသောမျက်နှာနှင့် အသေအချာကြည့်ကာ “အဘွားလုပ်ခိုင်းတာတွေကိုရော အပီအပြင်လုပ်ရဲ့ လား”ဟုမေးသည်။ မြသူဇာက “ဟာ အဘွားကလည်း အပီအပြင်မှ တကယ့်ကို အပီအပြင်ပေါ့”ဟု ပြောရသော်ငြားလည်း စိတ်ထဲတွင် မလုံလှချေ။
စတုတ္ထနေ့တွင်တော့ ကံကောင်းသည်။ ကားပေါ်ကဆင်းကတည်းက ပြောင်းဖူးကို နည်းနည်းချင်း ကိုက်စားလာသည်မှာ ရုံးပေါက်ဝသို့အရောက်၊ ကုန်လည်းကုန်မို့ ကွက်တိပင်၊ ပိုပြီးကံကောင်းသည်က လူရှင်းနေခြင်းပင်၊ ဒီတော့လည်း သူက ‘ပြောင်းဖူးတဲ့ နော်၊ ပြောင်းဖူး’ဟု ဒေါမာန်ပါပါနှင့် ရေရွတ်ကာ ပြောင်းဖူးရိုးကို နောက်ပြန်ပစ်ထည့်လိုက်သည်။ ထိုအချိန်တွင် ခုနတုန်းက ကံကောင်းသည်ထင်သမျှသည် ကံဆိုးဖို့ ဖြစ်လာလေသည်။
သူ လှည့်ကြည့်တုန်းက ဘယ်သူဘယ်ဝါမှ မရှိပါဘဲနှင့် သူ ပြောင်းဖူးရိုးကို နောက်ပြန်ပစ်ထည့်လိုက်ကာမှ လျှောခနဲ လှိမ့်ဝင်လာသော မှန်လုံကားကြီးကြောင့် ကံဆိုးဖို့ ဖြစ်လာခြင်း ဖြစ်သည်။ ပြောင်းဖူးရိုးက မှန်လုံကား၏ဘေးမှန်ကို ဒုတ်ခနဲ ထိမှန်သွားလေသည်။ ပို၍ ကံဆိုးသည်က ထိုကားကြီးသည် ‘အမ်ဒီ’ဟူသော ပုဂ္ဂို လ်ကြီး၏ကား ဖြစ်နေသောကြောင့်ပင်။ ထိုပုဂ္ဂိုလ်ကြီးက ထိုကားထဲတွင် ကိုယ်တိုင်ပါလာခြင်းကတော့ မြသူဇာအတွက် ကံအဆိုးဆုံး ဖြစ်လေသည်။
သူ့နားထဲတွင် ဒုတ်ခနဲအကြား၊ ရိပ်ခနဲအမြင်တွင် ရုံးထဲသို့ သုတ်ခနဲ ပြေးဝင်လိုက်သော်လည်း ကိုယ်ပျောက်ပညာကိုမတတ်သည့်အတွက် သူ၏ပိန်ပိန်ပုပု ခန္ဓာကိုယ်လေးကို မြင်လိုက်လိမ့်မည်ဟု ထင်မိသည်။ စိတ်တွေလည်း တစ်နေ့လုံး လေးလံနေသည်။ အမေနှင့်အဘွားကို မပြောရဲသည့်အတွက် ညကျတော့မှ ဖိုးတီးကို တိုးတိုးပြန်ပြောရသည်။ ဖိုးတီးက တဟားဟား ထရယ်တော့မှ ရင်ထဲတွင် သက်သာသွားသည်။ ဖိုးတီးကတော့ ထုံးစံအတိုင်းပင် “ဟာမမရာ၊ မြွေဗျ မြွေ။ မြွေအကြီးကြီးကို ကိုက်တော့မယ်”ဟု ပြောလေသည်။
ပဉ္စမရက်မှစ၍ မြသူဇာခမျာ ပြောင်းဖူးရိုး ပစ်ရန် မစဉ်းစားရဲရှာတော့ပေ။ ထို့ကြောင့် အဘွားပေးလိုက်သော ပြောင်းဖူးပြုတ်ကို မှန်မှန်စားရင်း ပြောင်းဖူးရိုးကိုတော့ အမှိုက်ပုံးထဲသို့သာ မှန်မှန်ထည့်နေရသည်။
ရှစ်ရက်မြောက်သောနေ့အထိ ဘာမှမထူးခြားသောအခါ အဘွားသည် ဗေဒင်ဆရာဆီသို့ ပြေးပြန်လေသည်။ ထို့နောက် မြသူဇာကို အကြီးဆုံးပုဂ္ဂိုလ်ဆီသို့ တိုက်ရိုက်စာတင်ရမည်ဟု ပြောလေသည်။
“သူဇာမအနေနဲ့ စက်ရုံကို ဘယ်နည်းနဲ့မှ မပြောင်းနိုင်ဘူးဆိုတာကို ပြတ်ပြတ်သားသား ရေးဖို့လိုတယ်တဲ့၊ ပြောင်းရမယ့်အစား ထွက်တန်ရင် ထွက်မည်ဆိုတာ သူတို့သိဖို့လိုတယ်တဲ့”
“အဘွားကလည်းလေ၊ သမီးက အဲဒီလို ထွက်မယ် သွားလုပ်လို့ကတော့ သူတို့ ထွက်ပါ၊ ထွက်ပါလို့ ပြောမှာပေါ့ အဘွားရဲ့ ”
ကိုယ့်ကိုယ်ကိုယ် သိသည်။ သူက ကုမ္ပဏီတွင် အရေးပါသော အရေးကြီးသောပုဂ္ဂိုလ်မဟုတ်၊ မရှိမဖြစ်ဝန်ထမ်းလည်း မဟုတ်၊ ထို့ပြင် ထို့ပြင် သနားကြင်နာစဖွယ် ကရုဏာသက်စဖွယ် နုနွဲ့သော၊ ညင်သာသော၊ ယဉ်ကျေးသော အလှအပတရားများကို ပိုင်ဆိုင်ထားသူလည်း မဟုတ်ချေ။
“အဘွားပြောတဲ့အတိုင်း လုပ်စမ်းပါ သူဇာမရယ်၊ တွန့်ဆုတ် တွန့်ဆုတ် လုပ်မနေစမ်းပါနဲ့”
အမေကတော့ ဘာမှမပြောပေ၊ လမ်းကျတော့မှ “ထွက်ရရင်လည်း အခြားကုမ္ပဏီတွေ အများကြီးရှိပါတယ် သမီးရယ်၊ သမီး ကွန်ပျူတာစာစီစာရိုက်ကလေးကို ကျွမ်းကျင်အောင် ပြန်လုပ်ပေါ့”ဟု ပြောရှာလေသည်။
“အဘွားပြောသလို စာတော့တင်ကြည့်လိုက်မယ်နော်”
‘အင်း …. လုပ်ကြည့်ပေါ့လေ”
အမေက သက်ပြင်းချသည်။ နောက်ကျမှ မြသူဇာ တဖြည်းဖြည်း ပြန်စဉ်းစားသည်က သူ့မိခင်သည် ထိုအချိန်ထိုအခါကတည်းက သူပြုတ်တော့မည်ကို ကြိုသိပြီးသား ဖြစ်နေဟန်တူသည်ဆိုသည့်အကြောင်းပင်။ လမကုန်မီ တစ်ရက်အလိုတွင်တော့ ကုမ္ပဏီမှ ပိုလျှံဝန်ထမ်းများကို တစ်လခစာကြိုပေးပြီး ဖြုတ်လေသည်။ ထိုအထဲတွင် မြသူဇာလည်း ပါလေသည်။ အမ်ဒီကြီးက အစည်းအဝေးခန်းထဲတွင် “မပြောင်းဘူးဆိုတော့လည်း ပြုတ်ပေါ့ဗျာ”ဟု ပြောသည်ဟူသော စကားကိုတော့ လက်ဖက်ရည် ကော်ဖီသွားပို့ရသော လဲ့လဲ့ဝင်းဆီမှ ကြားရသည်။
* * *
၀ရန်တာပန်းအိုးထဲက ပြောင်းပင်၊ အဲ ပြောင်းဖူးပင်ကလေးလည်း ရေလောင်းမည့်သူ မရှိတော့သည့်အတွက် ညှိုးခြောက်လာနေပြီ ဖြစ်သည်။
“အမှန်က ရုံးမသွားခင် အစ်မစားသွားရမှာက ပြောင်းဖူးကြော်၊ ဒါမှ မပြောင်းဘူးဆိုတဲ့အတွက် ကျော်ကျော်ကြားကြားရှိမှာ၊ အခုတော့ ပြောင်းဖူးပြုတ် စားသွားတာကိုး၊ ပြုတ်တော့တာပေါ့” ဖိုးတီးက ခပ်တိုးတိုးပြောရင်း ရယ်နေတတ်လေသည်။ ။
_______________************_______________
#မစန္ဒာ
#ပြောင်းဖူးပြုတ်
ကလျာမဂ္ဂဇင်း ၂၂ပြည့်၊ ဇွန်နဝါရီ၊ ၂၀၀၇
#ရသလွင်ပြင်ပေ့ခ်ျ_မှကူးယူဖော်ပြပါသည်။
#စာပေဟောပြောပွဲ