Novel

မှန်းတော့ မင်းသား ဖြစ်တော့ ကားဆွဲ ၊ မှန်းတော့ မင်းသမီး ဖြစ်တော့ ယိမ်းသမ “

 

 

 

အညတရရုပ်ပုံလွှာများ – ၄ //မြသန်းတင့်

 

သူ့အသက်မှာ အစိတ်နှင့် သုံးဆယ်ကြားဟု ခန့်မှန်းရသည် ။ မျက်ခုံးမွေးထူထူ ၊ မေးရိုး လေးထောင့် နှာတံပေါ်ပေါ်နှင့် ဖြစ်ပြီး သန့်ပြန့်သည့် ရုပ်ရည် ရှိသည် ။ ကျွန်တော်နှင့် တွေ့သည့် အချိန်တွင် ခဲသားရောင်တီရှပ်ကို ဝတ်ထားပြီး ခါးတွင် ချည်လုံချည်တစ်ထည်ကို ဝတ်ထားသည် ။ လည်ပင်းတွင် ဘတ်ကြိုးတစ်ကုံး ဆွဲထားပြီး လက်တွင် ဆီကိုနာရီကို ပတ်ထားသည် ။ ရုပ်ရည်သန့်ပြန့်သလို အဝတ်အစားလည်း သန့်သန့်ပြန့်ပြန့် ဝတ်တတ်ဟန်ရှိသည် ။ ဆံပင်က ဆံပင်ရှည်ပြီး နားပန်းဆံများသည် မေးရိုးအထက် လောက်အထိ ဝဲကျနေသည် ။ သူ့ကို ဇာတ်ရုံတစ်ရုံ၏ နောက်ဘက် ဇာတ်သမားများ၏ အခန်းထဲတွင် တွေ့ခဲ့ခြင်း ဖြစ်သည် ။

 

ကျွန်တော့်နာမည် သောင်းတန်ပါ ။ မူရင်းနာမည်ကတော့ သောင်းတန် မဟုတ်ပါဘူး ။ သောင်းရွှေပါ ။ ကျွန်တော်တို့မှာ ညီအစ်ကို မောင်နှမ လေးယောက် ရှိပါတယ် ။ ကျွန်တော့်အစ်ကိုရဲ့ နာမည်က သောင်းငွေ ၊ ကျွန်တော်က သောင်းရွှေ ၊ ကျွန်တော့် အစ်မနဲ့ ညီမ နာမည်က သောင်းငွေ ၊ သောင်းခင်လို့ ခေါ်ပါတယ် ။ ကျွန်တော့်အဖေက မလှိုင်နယ်ထဲက ထန်းသမားပါ ။ အဘိုးတို့ လက်ထက်တုန်းကတော့ ထန်းပိုင်ရဲ့ ထန်းမှာ ထန်းတက်ရပါတယ် ။ ထန်းစုအဖြစ် သုံးဖို့တစ်ဖို့ ပေးရပါတယ် ။ သုံးဖို့တစ်ဖို့ ဆိုတာက ထန်းတောက ထွက်တဲ့ ထန်းလျက်ကို ထန်းစုအဖြစ် ထန်းရှင်ကို သုံးပုံတစ်ပုံ ပေးရပါတယ် ။ ကျွန်တော်တို့က နှစ်ပုံ ရပါတယ် ။ ထန်းတက်တဲ့အခါမှာ ကုန်ကျတဲ့ စရိတ်တွေကို ကျွန်တော်တို့ ထန်းသမားက စိုက်ရပါတယ် ။ ကုန်ကျစရိတ် ဆိုတာ ထန်းလျက်ကျိုဖို့အတွက် ထန်းလျက်ကျိုတဲ့ မြေအိုးကြီးတွေ ၊ ထန်းလျက်ခံဖို့ မြူအိုးတွေ ၊ မြူအိုးတွေကို ချိတ်ဆွဲဖို့ မြေအိုးကြီးဖိုးတွေ ၊ ရင်းထောင်တို့ ၊ ရင်းဆွဲလုပ်ဖို့ ဝါးတွေ ၊ သစ်တွေ ၊ ထန်းလျက်ကျိုဖို့ ထင်း စတဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ ထန်းသမားက စိုက်ရပါတယ် ။ ထန်းရှင်ကတော့ ဒီစရိတ်တွေကို ဘာမှ မစိုက်ပါဘူး ။ ထန်းတောပဲ စိုက်ပါတယ် ။ ကျွန်တော်တို့က သူ့ဆီမှာ ထန်းအငှား တက်ရတဲ့ သဘောပေါ့ ဆရာ ။ အောက်မှာ လယ်သမားက မြေရှင်ဆီက မြေငှားပြီး မြေရှင်ကို သီးစားပေးရသလိုပေါ့ ။ ကျွန်တော်တို့ကလည်း ထန်းရှင်ကို ထန်းစုအဖြစ် ထွက်သမျှ ထန်းလျက်ရဲ့ သုံးပုံတစ်ပုံကို ပေးရတယ် ။ ထန်းလျက် ဘယ်လောက် ထွက်သလဲ ဘာလဲ ဆိုတာတော့ ကျွန်တော်တို့ကလည်း မလိမ်ပါဘူး ။ ထန်းရှင်ကလည်း သူ့ ထန်းတောက တစ်နှစ်မှာ ထန်းလျက် ဘယ်လောက် ထွက်သလဲဆိုတာ သိပြီးသားပါ ။ ထန်းလျက် ဝေစု ယူရတာကလည်း တစ်နှစ်ကုန်မှ စုယူတာ မဟုတ်ပါဘူး ။ ညှပ်သားရောင် ပေါ်ချိန်လောက်က စပြီး ထန်းလျက်ထွက်တဲ့ ရာသီတစ်ခုလုံးမှာ ခွဲဝေယူရတာပါ ။ ထန်းလျက်က နေ့တိုင်း ကျိုပြီး နေ့တိုင်း ထွက်နေတော့ နှစ်ရက်ကို ကျွန်တော်တို့က ယူတယ် ။ တတိယရက်ကျတော့ ထန်းရှင်ဆီကို အဲဒီရက်မှာ ထွက်တဲ့ ထန်းလျက် ပို့လိုက်ရတယ် ။ သုံးရက်မှာ ကျွန်တော်တို့က နှစ်ရက် ၊ ထန်းရှင်က တစ်ရက် ။ တစ်နည်းပြောရရင် တစ်လမှာ ကျွန်တော်တို့က အရက် နှစ်ဆယ် ထွက်တဲ့ ထန်းလျက်ကို ယူရတယ် ။ ထန်းရှင်က ဆယ်ရက် ထွက်တဲ့ ထန်းလျက်ကို ယူတယ် ။ သုံးရက်မှာ တစ်ရက် သူတို့ကို ပေးရတာပေါ့ ။ ညှပ်သားရောင် ဆိုတာကတော့ တပို့တွဲလလောက်မှ ထန်းဆော်လေ စတိုက်ပြီး ထန်းလျက် စထွက်တဲ့ ရာသီကို ပြောတာပါ ။ အဲဒီ ညှပ်သားရောင် ပေါ်ခါစက နေပြီး ရာသီကုန်လို့ ထန်းလျက် တုံးသွားတဲ့အထိ ကျွန်တော်တို့ အဲဒီနှစ်ထွက်တဲ့ ထန်းလျက်ကို ကျွန်တော်တို့ နှစ်ရက် ၊ သူတို့ ထန်းရှင် တစ်ရက် အလှည့်ကျ ယူသွားတာပဲ ။ ကျွန်တော့်အဘိုးတို့ လက်ထက်မှာ ဒီအတိုင်း ထန်းရှင်ကို သုံးဖို့တစ်ဖို့ ထန်းခပေးပြီး ထန်းတက်ခဲ့ကြပါတယ် ။ ကျွန်တော့်အဖေ လက်ထက်ကျတော့လည်း ဒီလိုပဲ သုံးဖို့တစ်ဖို့ ထန်းခပေးပြီးထန်းတက်ခဲ့ကြတာပါပဲ ။ ဒါပေမဲ့ အဖေ့လက်ထက်မှာ နောက်ပိုင်းကျတော့ ထန်းရှင်ကို ထန်းစု ပေးစရာ မလိုတော့ဘူး ဆရာ ။ အစိုးရ မြေယာကော်မတီတို့ ဘာတို့ ဖွဲ့ပြီး တကယ်လုပ်တဲ့ သူတွေကိုသာ မြေယာ ချပေးမယ်ဆိုတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့ တက်နေတဲ့ ထန်းတောမှာ ဆက်ပြီး လုပ်ခွင့်ရတယ် ။ ထန်းရှင်ကို ထန်းစု မပေးရတော့ပေမယ့် အစိုးရကိုတော့ မြေခွန် ပေးရတာပေါ့ ။

 

ဒါနဲ့ အဖေ့လက်ထက် နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ထန်း ဆက်လုပ်ခွင့် ရတယ် ။ စီးပွားရေးလည်း နည်းနည်း ကောင်းလာတယ် ။ အစ်ကိုသောင်းငွေကတော့ မြို့မှာ ကျောင်းတက်တယ် ။ ဆယ်တန်းတော့ မအောင်ဘူး ။ ဒါပေမဲ့ လယ်ထွန်စက်မောင်းသင်တန်းတက်ပြီး မိတ္ထီလာ လယ်ထွန်စက်စခန်းမှာ အလုပ်ရသွားတယ် ။ အဖေကလည်း နည်းနည်း အသက်ကြီးလာတော့ အရင်ကလို ထန်း ကောင်းကောင်း မတက်နိုင်ဘူး ။ ကျွန်တော်ပဲ ဆက်ပြီး ထန်းတက်ရတယ် ။ ဒါပေမဲ့ ကျွန်တော်က အရဲစွန့်လွန်းလို့ အဖေက ကျွန်တော့်ကို သိပ်ပြီး ထန်းမတက်စေချင်ဘူး ။ သိပ်မမြင့်တဲ့ ထန်းပျိုကလေးတွေ ၊ ထန်းရိုင်းကလေးတွေလောက်ပဲ အတက်ခိုင်းတယ် ။ အဖေကတော့ ထန်းယဉ်တွေ ၊ ထန်းအိုတွေကို သူ တက်တယ် ။ အဲဒီထန်းအိုတွေက မြင့်တော့ ကျွန်တော့်ကို စိတ်မချဘူးတဲ့လေ ။ ကျွန်တော့်အစ်မ သောင်းမေ လည်း ထန်းသမားနဲ့ပဲ အိမ်ထောင်ကျတာပဲ ။ ကျွန်တော့်ညီမ အငယ်ဆုံး သောင်းခင်တော့ အဖေနဲ့ ကျွန်တော် ထန်းတက်ရင် ကျွန်တော်တို့နဲ့ အတူလိုက်ပြီး မြူအိုး ကောက်ရတယ် ။ မြူအိုး ကောက်တယ်ဆိုတာ ထန်းပင်ပေါ်က ထန်းရည်ခံထားတဲ့ မြူအိုးတွေကို ထန်းပင်အောက် ရောက်တော့ အဲဒီ ထန်းပင်ခြေရင်းမှာပဲ ချပစ်ခဲ့တယ် ။ ကျွန်တော်တို့ ထန်းတက်တဲ့လူက ဒါတွေ မလုပ်နိုင်ဘူး ။ ရင်းထောင်ကြီးကို ကိုင်ပြီး နောက်တစ်ပင်ကို တက်ရတယ် ။ ကိုယ့်ခါးမှာ ချိတ်ထားတဲ့ မြူအိုးတွေကို ထန်းပင်ပေါ် ချိတ်ခဲ့ ။ မနေ့ညက ထန်းရည်ခံထားတဲ့ မြူအိုးတွေကို အောက်ပြန်ချခဲ့ ။ ထန်းပင်ရင်း ရောက်တော့ ခါးက ဖြုတ်ချခဲ့ ။ သောင်းခင်က လိုက်ပြီး အဲဒီ ထန်းရည် ထည့်ထားတဲ့ မြူအိုးတွေကို စုသိမ်းပြီး ထန်းလျက်ကျိုတဲ့ ဖိုထဲကို သွားပြီး အမေနဲ့ ထန်းလျက်ကျို ။

 

တစ်နေ့တော့ အဖေ သိပ်နေမကောင်းဘူး ။ ခေါင်းနည်းနည်း မူးနေတယ် ။ အဲဒီနေ့က တက်ရမယ့် ထန်းကလည်း ထန်းယဉ်တွေ ၊ ထန်းအိုတွေ ထန်းအိုဆိုတော့ အပင်က အသက်ကြီးတာပေါ့ မြင့်တာပေါ့ ။ ကျွန်တော်က တက်မယ်လုပ်တော့ အဖေက မတက်နဲ့တဲ့ ။ ထန်းပင်တွေက မြင့်တယ် တဲ့ ။ သူ တက်မယ် တဲ့ ။ နင်က အတင့်ရဲတယ် တဲ့ ။ ကျွန်တော်ကလည်း ရပါတယ် ကျွန်တော်တက်မယ်အဖေ နေမကောင်းရင် နေပါလို့ ပြောတယ် ။ မရဘူး ။ အဖေက သူ တက်မယ်ဆို ပြီး ခါးတောင်းမြှောင်အောင် ကျိုက် ၊ ဆေးကလေး တစ်ဖဲ့ငုံ ထန်းလှီးဓားနဲ့ ထန်းကလိုင်ကို ခါးမှာ ချိတ်ပြီး တက်သွားတယ် ။ ဒါနဲ့ ကျွန်တော်လည်း ထန်းလျက်ကျိုဖို့ ခုတ်လာတဲ့ ထင်းတွေကို ရွေးနေတယ် ။ တချို့ ထင်းတွေက အကိုင်းအခက်တွေ အခက်အလက်တွေ မဖြတ်ရသေးဘူးလေ ။ ဒီတော့ အဲဒီ အကိုင်းအခက်တွေကို ဖြတ်နေရတာပေါ့ ။ ဘာကြာလိုက်သလဲ ထန်းယဉ် နှစ်ပင်လောက်ပဲ တက်ပြီးဦးမယ် ‘ အုန်း ’ ဆိုတဲ့ အသံကြီးကို ထန်းတောဘက်ဆီက ကျွန်တော် ကြားလိုက်ရတယ် ။ ကျွန်တော် ကြားသလို အမေနဲ့ သောင်းခင်လည်း ကြားလိုက်တယ် ။ အမေ က မျက်စိမျက်နှာပျက်ပြီး ဟဲ့တို့ထန်းတောက အသံ မဟုတ်လားတဲ့ ။ နင့်အဖေများ ထန်းလျှောသလား မသိဘူးလို့ ပြောပြီး ထန်းတောဆီကို ပြေးတယ် ။ သောင်းခင်ကလည်း အော်ပြီး ထန်းတောဆီကို ပြေးတယ် ။ ဒါနဲ့ ကျွန်တော်လည်း လက်ထဲက ဓားမလေးကို ချပြီး သူတို့နောက်ကို ပြေးလိုက်သွားတယ် ။ ဟုတ်တယ် ။ အဖေ ထန်းလျှောတာ ။ ထန်းလျှောတယ် ဆိုတာ ထန်းပင်ပေါ်က လိမ့်ကျတာကို ပြောတာ ။ ကျွန်တော်တို့ ရောက်သွားတော့ မြင်ရက်စရာ မရှိဘူး ။ အသက်လည်း မရှိတော့ဘူး ။ ပွဲချင်းပြီးပဲ ။ အေးလေ ပေသုံးဆယ် မြင့်တဲ့ ထန်းပင်ကြီးပေါ်က လိမ့်ကျတာ ဘယ်သက်သာမလဲ ။

 

အဖေ ထန်းလျှောလို့ သေတော့ ထန်းကို ကျွန်တော်ပဲ ဆက်လုပ်နေရတာပေါ့ ။ ဒါပေမဲ့ ကျွန်တော် မပျော်ဘူးလေ ။ နဂိုကတည်းက ကျွန်တော်က ထန်းတက်ချင်တဲ့ ကောင် မဟုတ်ဘူး ။ အစ်ကိုသောင်းငွေလို အစိုးရလခစားတို့ ဘာတို့လည်း မလုပ်ချင်ဘူး ။ ကျွန်တော် ဝါသနာပါတာက တခြား ။ ဇာတ်သဘင်တို့ ဘာတို့ကို ဝါသနာပါတာ ။

 

ကျွန်တော် ဇာတ်သဘင်လောကထဲ ရောက်လာပုံကလေး ပြောရဦးမယ် ။ အဲဒီတုန်းက အဖေ မဆုံးသေးဘူး ။ ကျွန်တော်ကလည်း ငယ်ငယ်ကလေးပဲ ရှိသေးတယ် ။ ငယ်ငယ်ကလေးကတည်းက သီချင်းဆိုတာတို့ ဘာတို့ကို ဝါသနာပါတယ် ။ ဇာတ်ငိုချင်းတွေကိုလည်း ကျွန်တော် တော်တော်များများ ရတယ် ။ လူပြက်တွေ ဆိုတဲ့ ခွန်းတောက်တို့ဘာတို့ကိုလည်း ကျွန်တော် ရတယ် ။ ထန်းပင်ပေါ် မတက်နိုင်ခင် မြူအိုး ကောက်ရတဲ့ ဘဝကတည်းက ကျွန်တော် ထန်းတောမှာ တေး တကြော်ကြော်နဲ့ မြူအိုး ကောက်နေတာပဲ ။

 

နောက်တော့ ခေတ်ပေါ်သီချင်းတွေ ဘာတွေလည်း ဝါသနာပါတယ် ။ ခေတ်ပေါ်သီချင်းဆိုတာ ခုခေတ် ဆိုနေကြတဲ့ စတီရီယို သီချင်းကို ပြောတာ မဟုတ်ပါဘူး ။ အနှစ်နှစ်ဆယ်လို့ ခေါ်နေကြတဲ့ ကိုမြကြီးတို့၊ ကိုချစ်ဆွေတို့၊ ကိုမောင်မောင် ကြီးတို့၊ ကိုမင်းနောင်တို့၊ တွံတေးသိန်းတန်တို့ ဆိုတဲ့ သီချင်းတွေပါ ။ ထန်းပင်တက် တတ်လို့ ထန်းတက်ရင်လည်း ကျွန်တော် ပျင်းပျင်းရှိရင် ထန်းပင်ပေါ်က နေပြီး ဟစ်နေတာပဲ ။ အမေက ပြောတော့ အသံကောင်းတယ်လို့ ပြောတာပဲ။ ကျွန်တော် ဟစ်လိုက်ရင် ထန်းတောတစ်ခုလုံး ဟိန်းသွားတာပဲတဲ့။ ဟုတ်မယ် ။ ကျွန်တော်တို့ ထန်းတောနားက ရေတွင်းကို ရေလာခပ်တဲ့ ကောင်မလေးတွေက ဆိုရင် ကိုသောင်းရွှေကြီး ထန်းပင်ပေါ်ကနေ ဟဲလိုက်တဲ့ အသံက တကယ့်ကို တွံတေးသိန်းတန် ကျနေတာပဲလို့ ကျွန်တော့်ကို မကြာခဏ ပြောဖူးတယ် ။ သူတို့ကတော့ ပြောင်တာ နောက်တာ ဖြစ်ချင်ဖြစ်မှာပေါ့လေ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အသံ မဆိုးဘူး ဆိုတာကတော့ ကိုယ့်ဘာသာ ကိုယ် သိပါတယ် ။

 

တစ်ခါကျတော့ ကျွန်တော်တို့ ရွာနားက ပန်းအိုင်ဘုရားပွဲမှာ တွံတေးသိန်းတန် လာ က တယ် ။ အသံကောင်း ၊ ရုပ်ချော ပြဇာတ်မင်းသားကိုး ခင်ဗျ ။ ဒီတော့ ကျွန်တော် သူ့ကို သိပ်သဘောကျသွားတယ် ။ ရေခပ်လာတဲ့ ကောင်မလေးတွေကလည်း “ ရှင် ၊ ကိုသောင်းရွှေဆိုတဲ့ နာမည်ကြီးက မကောင်းပါဘူး ။ တွံတေးသိန်းတန် ရဲ့ ဇာတ်ထဲလိုက်ပြီး ပန်းအိုင်သောင်းတန် ” ဆိုပြီး နာမည်ပြောင်းပါလား ဘာလား နဲ့ စပြီး ကျွန်တော့်ကို ကိုသောင်းတန်လို့ ခေါ်ကြတယ် ။

 

အဲဒီတုန်းက တွံတေးသိန်းတန်က ထွေးညိုကို ဟစ်တော့ ကျွန်တော် သဘောကျလိုက်တာလေ ။ ပြီးတော့ ကျွန်တော်ကလည်း ထူးတာလား ၊ ရူးတာလားတော့ မသိဘူး ။ သီချင်းတို့ ဘာတို့ ဆိုရင် ချက်ချင်း ရလွယ်တယ် ။ နှစ်ခေါက် ၊ သုံးခေါက်လောက် သေသေချာချာ နားထောင်ပြီးရင် အဲဒီသီချင်းကို အလိုလို ရသွားတာပဲ ။ တွံတေးသိန်းတန် ပန်းအိုင်ပွဲကို လာတော့ ကျွန်တော် ညတိုင်းလိုလို သွားကြည့်တာပေါ့ ။ ကျွန်တော်တို့ ရွာနဲ့ဆိုရင် သုံးလေးမိုင်လောက် ဝေးမယ် ။ ဒါပေမဲ့ ညနေ ထန်းပင်ပေါ်က ဆင်း ၊ ရေမိုးချိုးပြီးတာနဲ့ တုတ်ဓားကလေးတွေ ကိုယ်စီကိုင်ပြီး သူငယ်ချင်းတွေနဲ့ ဇာတ်ပွဲသွားတာပဲ ။ အဲဒါ တစ်ည မဟုတ်ဘူး ၊ ညတိုင်း ။

 

အမေကတော့ ကျွန်တော် သီချင်းဆိုရင် သိပ်သဘောကျတာပဲ ။ တစ်ခါတလေ အမေက သူ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ အောင်မောင်းတို့ အောင်ငြိမ်းတို့ အကြောင်း ကို ပြောပြတတ်တယ် ။ အောင်မောင်းကြီးက ဘယ်ဇာတ်မှာ နိုင်တယ် ၊ အောင်ငြိမ်း က ဘယ်ဇာတ်မှာ နိုင်တယ် ဆိုတာတွေကို ပြောပြတတ်တယ် ။ ကျွန်တော်က ဇာတ်ငိုချင်းတွေ ဘာတွေကို ဟဲရင် အမေကလည်း သဘောကျတယ် ။ အဖေကတော့ ကျွန်တော့်ကို ဇာတ်ပျက်တဲ့ ။ ဇာတ်ရူးတဲ့ ။

 

အဖေက ခေါ်မယ်ဆိုရင်လည်း ခေါ်စရာပဲ ။ ကျွန်တော်ကလည်း ဇာတ်ဆိုရင် မနေနိုင်ဘူး ။ ကြည့်ချင်တယ် ။ အထူးသဖြင့် ပြဇာတ်တို့ ဘာတို့ကို သိပ်သဘောကျတယ် ။ အနားက မြို့တွေမှာ လွတ်လပ်ရေးပွဲတို့ ဘာတို့ ရှိတယ် ။ ဘုရားပွဲတို့ ဘာတို့ ရှိလို့ ဇာတ်ပါတယ်ဆိုရင် ကျွန်တော် သွားတာပဲ ။ မလိုင်ပွဲတို့၊ ပန်းအိုင်ပွဲတို့ရုပ်ကြီးစင်ပွဲတို့ ဘာတို့ ဆိုရင်လည်း ကျွန်တော် သွားတာပဲ ။ ရထားမီရင် ရထားနဲ့ သွားတယ် ။ ရထားမမီရင် မော်တော်ကားကြုံနဲ့ လိုက်သွားတယ် ။ ဘာမှ မရဘူးဆိုရင်လည်း သူငယ်ချင်းတွေနဲ့ ခြေကျင် သွားကြည့်တယ် ။ အဲဒီလောက် ဝါသနာ ပါတာ ။

 

ပြီးတော့ ခက်တာက ကျွန်တော်က ပွဲကြည့် ဝါသနာပါရုံတင် မကဘူး ။ ပိုးပါတယ်လို့ ခေါ်ရမလား မသိဘူး ။ ပွဲကြည့်ရုံနဲ့ မကျေနပ်ဘူး ။ ဇာတ်ကချင်တယ် ။ အထူးသဖြင့် ပြဇာတ်မင်းသားတို့ ဘာတို့ ဖြစ်ချင်တယ် ။

 

တစ်ခါကျတော့ မိတ္ထီလာ ဆုတောင်းပြည့် ဘုရားပွဲမှာ ရွှေမန်းအောင်ငွေရဲ့ဇာတ် လာကတယ် ။ ဇာတ်က ဗလာပွဲ ။ ရုံသွင်းတာ မဟုတ်ဘူး ။ ဒါနဲ့ ကျွန်တော် အဲဒီဇာတ်ကို သွားကြည့်တော့ အဲဒီထဲက ပြဇာတ်မင်းသမီး နေခြည်ဆန်းကို သဘောကျသွားတာကိုး ဆရာရဲ့ ။ ကျွန်တော်ကလည်း အသက်က ဆယ့်ကိုးနှစ် ၊ နှစ်ဆယ်လောက် ရှိသေးတယ် ။ နေခြည်ဆန်းကလည်း ကျွန်တော်နဲ့ ရွယ်တူလောက်ပဲ ရှိဦးမယ် ။ ကျွန်တော့်ထက် ကြီးရင် တစ်နှစ် ၊ နှစ်နှစ်ပေါ့လေ ။ နေခြည် ဆန်းက ရုပ်ကလည်း ချော ၊ အပြောအဆိုကလည်း ကောင်း ၊ အိုက်တင်တို့ ဘာတို့ကလည်း ကျွန်တော့် စိတ်ထဲမှာတော့ ပြောစရာ မရှိဘူး ထင်တာပဲ ။

 

ဒီတင် ပြဇာတ်မင်းသမီး နေခြည်ဆန်းကို သိပ်သဘောကျသွားတယ် ။ ဒါနဲ့ ကျွန်တော် ညတိုင်း ရွှေမန်းအောင်ငွေကိုချည်းပဲ .. ကြည့်တော့တာပဲ ။ ဘုရားပွဲ ခြောက်ညမှာ ခြောက်ညစလုံး အိမ်ကို မပြန်တော့ဘဲ ဇာတ်ပွဲ ကြည့်နေလိုက်တယ် ။ အဲဒီ ပြဇာတ်ထဲက သီချင်းတွေ ဆိုရင် အကုန်လုံး ရသလောက်ပဲ ။ ပြန်လာတော့ ဘာပြောကောင်းမလဲ ။ အဖေက ဆဲလိုက် ဆူလိုက်တာ ။ ထန်းသမားက ထန်းသမားလို မနေဘူး ၊ သူဌေးသားလို နေတယ် ဘာဖြစ်တယ်နဲ့ စုံလို့ပေါ့ ဆရာရယ် ။ ကျွန်တော် ပြောချင်တာက ကျွန်တော် ဇာတ်သဘင်ပိုး ရှိပုံကလေးကို ပြောချင်တာပါ ။ အဖေ ဘယ်လောက်ဆူဆူ ကျွန်တော်ကလည်း မပြင်ပါဘူး ။ ဆိုင်းသံ မကြားနဲ့ ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ဇာတ်ခုံနားကို ကျွန်တော် ရောက်နေပြီ ။ ကျွန်တော့်စိတ်ထဲမှာ ပြဇာတ်မင်းသား ဖြစ်ချင်တယ် ။ သီချင်းဆိုချင်တယ် ။ ဇာတ်ခုံပေါ်မှာ အိုက်တင် လုပ်ချင်တယ် ။ ကျွန်တော်တို့ မျိုးရိုးထဲမှာ ဇာတ်သမား မရှိပါဘူး ။ ဒါပေမဲ့ အဲဒီပိုးက ဘယ်ကနေပြီး ဘယ်လို ဝင်လာမှန်းမသိဘူး ။ ကျွန်တော့် ကိုယ်ထဲမှာတော့ တော်တော်လေးကို ရောက်နေပြီ ။

 

အသက်ကြီးလာလို့ အဖေ ထန်း ကောင်းကောင်း မတက်နိုင်တော့ ကျွန်တော် ထန်းတက်ရတယ်အစ်ကိုသောင်းငွေကလည်း မိတ္ထီလာမှာ ထွန်စက်မောင်း ဖြစ်နေပြီကိုး ။ အဖေရှိတုန်းကတော့ ကျွန်တော်လည်း ဇာတ်ထဲ လိုက်ချင်ပေမယ့် မလိုက်ရဲဘူး ။ လိုက်လို့ မဖြစ်ဘူး ။ သူ နေမကောင်းရင် ကိုယ်ပဲ လုပ် ၊ ကိုယ် နေထိုင် မကောင်းရင် သူလုပ်ဆိုတော့ ထန်းတောတစ်တောလုံးမှာ သားအဖနှစ်ယောက်တည်း တက်ရတာကိုး ။ ဒီတော့ ခွာလို့ မရဘူး ။ ထန်းလျှောလို့ ဆုံးသွားတော့ ကျွန်တော်ပဲ ဒီထန်းကို ဦးစီးပြီး လုပ်ရတာပေါ့ ။ အရင်ကထက်တောင် အနေရ ကျပ်သွားတယ် ။ အရင်တုန်းက အနား တစ်ဝိုက်မှာ ဘုရားပွဲတွေ ရှိရင် ကျွန်တော် လျှောက် ပွဲကြည့်လို့ ရတယ် ။ ကျွန်တော် ထန်းမတက်ရင်လည်း ဖြစ်တယ် ။ အဖေက သူ တက်နိုင်သလောက် တက်လုပ်သွားတာပဲ ။ အဖေ နည်းနည်း ပင်ပန်းတယ် ထင်ရင် ကျွန်တော်က ရင်းထောင် လိုက်ရွှေ့ပေးရုံလောက်ပဲ ရှိတယ် ။ ဒါလည်း အဖေက အရွှေ့ မခံပါဘူး ။ ရင်းထောင်ကို ထန်းပင်က ခွာလိုက်တာနဲ့ သူကိုင်ရမှ ကျေနပ်တာ ။ နောက်ထန်းပင် ရောက်အောင် သူ့ဘာသာသူ ကိုင်ရွှေ့သွားတာ များပါတယ် ။ ဒီတော့ အဖေရှိတုန်းက ကျွန်တော် ပွဲများများ ကြည့်ဖြစ်တယ် ။ အဖေ ထန်းလျှောပြီးတဲ့ နောက်တော့ ပွဲကြည့်တာ နည်းနည်း ကျဲသွားတယ် ။ ဒါပေမဲ့ ကျွန်တော့်ကိုယ်တွင်းက ပိုးကတော့ မပျောက်ဘူး ။

 

ဒီတုန်းမှာ ကျွန်တော့်ညီမ သောင်းခင်က အိမ်ထောင်ကျတယ် ။ အတော်ပဲ ။ သူ့ယောက်ျားကလည်း ကျွန်တော်တို့လို ထန်းတောနားက ထန်းသမားသား ။ သူတို့မှာ ညီအစ်ကိုတွေ များတော့ သူတို့ ထန်းတောတက်မယ့် သူတွေ တစ်ပုံကြီး ။ ဒီတင် သူလည်း ကျွန်တော်တို့ ထန်းတောထဲကို ပြောင်းလာပြီး နေတယ် ။ ကျွန်တော်နဲ့လည်း သူငယ်ချင်းဆိုတော့ အထူးပြောစရာ မလိုဘူး ။ ကျွန်တော်တို့ ထန်းတောကို သူပါ လုပ်တယ် ။ ဒီတော့ ကျွန်တော်တို့ ထန်းတောမှာ ထန်းသမားနှစ်ယောက် ရှိနေပြီပေါ့ ။

 

နောက်နှစ် ပန်းအိုင်ဘုရားပွဲလည်း ရောက်ရော ကျွန်တော် ပန်းအိုင်ပွဲကို သွားတာပေါ့ ။ ဘုရားပွဲမှာပဲ အိပ်လိုက် ၊ စားလိုက်နဲ့ ပွဲကြည့်နေတယ် ။ အဲဒီတုန်းက စိန်ဝင်းအောင်ရဲ့ ဇာတ် ။ ပျော်ဘွယ်က ဇာတ် ။ ဇာတ်ကတော့ ဇာတ်ကလေးပါ ။ ဒါပေမဲ့ ပြဇာတ်ဒါရိုက်တာက တော်တော် ကောင်းတယ် ။ သူ့ဇာတ်က နောက်ပိုင်း ဇာတ်ထက် ရှေ့ပိုင်းပြဇာတ် အော်ပရာက လူကြိုက်များနေတာ ။ စိန်ဝင်းအောင်က နှစ်ပါးသွားကျတော့လည်း ဒီလောက် အက မကောင်းဘူး ။ အသံလည်း သိပ်မရဘူး ။ အဲ ၊ အဆိုကတော့ ပါးတယ်လို့ ဆိုရမယ် ။ မရတဲ့ အသံကလေးနဲ့ နှစ်ပါးသွားမှာ နားထောင်ကောင်းရုံတော့ ဆိုတတ်တယ် ။ ဒါပေမဲ့ နောက်ပိုင်းဇာတ်ကျတော့ သူ့အသံ လုံးလုံး မရတော့ဘူး ။ နောက်ပိုင်း ငိုချင်းဆိုတာ ပစ်ခတ်ဆိုရမယ် မဟုတ်လား ။ ငိုစရာရှိရင်လည်း ရင်ဘတ်ကို ထုပြီး ပစ်ခတ်ငိုရမယ် ။ ဟဲစရာရှိရင်လည်း ပစ်ခတ်ပြီး ဟဲနိုင်ရမယ် ။ ဒါပေမဲ့ သူ့အသံကပစ်ခတ် ဆိုလို့ရတဲ့ အသံမျိုး မဟုတ်တော့ နောက်ပိုင်းမှာ သိပ်မကောင်းဘူး။ သူ့ဇာတ်မှာ ဟန်နေတာက ရှေ့ပိုင်း ဇာတ်နဲ့ အော်ပရာ ။

 

အော်ပရာကတော့ ထားပါတော့ဗျာ ။ ကြာဖူးထဲက မင်းသမီး ထွက်ကတာ ။ မင်းသားနဲ့ မင်းသမီး စောင်းကြီးပေါ် တက်ကတာ ။ စန္ဒရားအကြီးကြီးပေါ်မှာ တက်ပြီး နှစ်ယောက် စုံတွဲသီချင်း ဆိုပြီး ချစ်တင်းနှီးနှောတာတို့ ဘာတို့က သိပ်မခက်ပါဘူး ။ လတ်ဖ်ဆင်းပေါ့လေ ။ ဒါက ပိုက်ဆံနည်းနည်း သုံးနိုင်ပြီး ပစ္စည်းကောင်းရင် မီးကောင်းရင် ကြည့်လို့ ကောင်းသွားတာပါပဲ ။

 

ဒါပေမဲ့ အကောင်းဆုံးကတော့ ပြဇာတ် ခင်ဗျ ။ ပြဇာတ်က တော်တော့်ကို ကောင်းတယ် ။ ဇာတ်လမ်းတွေကလည်း ခေတ်နဲ့ ဟပ်မိတယ် ။ မင်းသားကလည်း ရုပ်ဖြောင့်တယ် ။ အပြောအဆိုလည်း မဆိုးဘူး ။ စုံစမ်းကြည့်တော့ မင်းသားက တောင်တွင်းကြီးဘက်ကတဲ့ ။ သူလည်း ဒီလိုပဲ ဝါသနာပါရာက ဇာတ်ထဲ လိုက်လာပြီး ပြဇာတ်မင်းသား ဖြစ်သွားတာတဲ့ ။ မင်းသမီးကလည်း ဘာပြောကောင်းမလဲ ။ ကျွန်တော် အလွန် သဘောကျတဲ့ နေခြည်ဆန်း ခင်ဗျ ။ သူကလည်း ရွှေမန်း အောင်ငွေက ထွက်ပြီး စိန်ဝင်းအောင်နဲ့ ပါလာတယ် ။ ဒီတင် ကျွန်တော် မနေနိုင်တော့ဘူး ။ ဇာတ်ထဲကို လိုက်လာခဲ့ပါတယ် ။ ဇာတ်ထဲကို လိုက်တယ်ဆိုလို့ မင်းက အခြေခံပညာ မရှိ ဘာမရှိနဲ့ ဘယ့်နှယ်လုပ်လိုက်သလဲလို့ ဆရာက မေးကောင်း မေးမယ် ။ ဟုတ်ပါတယ် ။ ကျွန်တော့်မှာ ဝါသနာပါတာက လွဲပြီး တခြား ဘာမှ အခြေခံ မရှိပါဘူး ။ သူများက ဇာတ်ထဲ လိုက်တယ်ဆိုတာ ငယ်ငယ်က ယိမ်းတို့ ဘာတို့မှာ ပါဖူးကြတယ် ။ ကျောင်းကပွဲတို့အရပ်ပွဲတို့မှာ စင်ပေါ်ကို တက်ဖူးကြတယ် ။ ကျွန်တော်ကတော့ ဘယ်မှာမှ မပါခဲ့ဖူးပါဘူး ။ ကျွန်တော့်မှာ ထန်းပင်ပေါ် ထန်းတက်ရင်း သီချင်းဆိုခဲ့တဲ့ အတွေ့အကြုံပဲ ရှိပါတယ် ။ တခြား ဘာမှမရှိပါဘူး ။

 

ကျွန်တော် သိပ်လိုက်ချင်တော့ နောက်တစ်နေ့မှာ ဇာတ်ဆရာကို ဝင်တွေ့ပါတယ် ။ ဇာတ်ဆရာက စိန်ဝင်းအောင်ပါ ။ ဇာတ်စီး မင်းသားပေါ့လေ ။ ဇာတ်ဆရာနဲ့ တွေ့ရတာကလည်း သိပ်မလွယ်ပါဘူး ။ သူ အိပ်နေတာနဲ့၊ ဘုရားရှိခိုးနေတာနဲ့ ပိုကာ ကစားနေတာနဲ့ ဆိုတော့ ပထမရက်မှာ မတွေ့ရပါဘူး ။ ဒုတိယရက်ကျတော့မှ သူ ရေချိုးခါနီးမှာ အသာချောင်းနေပြီး သူ့ကို ဝင်တွေ့ရပါတယ် ။

 

“ ဒီတော့ သူက ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံး ကြည့်ပြီး မင်းက ဘာလုပ်တတ်သလဲလို့ မေးပါတယ် ။ ဒီတော့ ကျွန်တော်က သီချင်း နည်းနည်းပါးပါး ဆိုတတ်တဲ့ အကြောင်းလောက်ပဲ ပြောပါတယ် ။ ဒီတော့ သူက ပြုံးပြီး “ သဘင်ပညာကို ကလေး ကစားစရာ အောက်မေ့နေလားကွ ” လို့ ပြောလွှတ်လိုက်ပါတယ် ။ ကျွန်တော်လည်း ဘာမှမပြောဘဲ ပြန်လာတော့ ခပ်လှမ်းလှမ်းမှာ အရိပ်အကဲကြည့်နေတဲ့ လူပြက် ဦးဒတ်ဆန်းရဲ့ မိန်းမက ကျွန်တော့်ကို သနားတာနဲ့ ‘ ဟဲ့ကောင်လေး ။ နင် ဇာတ်သဘင်ပညာကို ဘာမှ မတတ်ဘဲ ဇာတ်ထဲ လိုက်ချင်လို့ ဖြစ်မလား ။ ဒီလောက်တောင် ဝါသနာပါရင် ရှေ့ပိုင်းပြဇာတ်မှာ ဇာတ်ရံတို့ဘာတို့ လိုက်လုပ်ကြည့်ပါလား ။ သွား ဟောဟိုမှာ ပြဇာတ် ဒါရိုက်တာ မောင်ကရုဏာ ရှိတယ် ။ သူ့ဆီကို သွားပြီး မေးကြည့် ’ ဆိုပြီး ကျွန်တော့်ကို ပြဇာတ်မင်းသမီး နေခြည်ဆန်းတို့တစ်တွေနဲ့ ဇာတ်တိုက်နေတဲ့ ဒါရိုက်တာ မောင်ကရုဏာဆီကို ခေါ်သွားပါတယ် ။ ဦးဒတ်ဆန်း မိန်းမက “ ဆရာလေး ဇာတ်ရံတစ်ယောက်လိုတယ်ဆို ။ ဟောဒီမှာ ဟောဒီ ကောင်လေးက ပြဇာတ်ထဲ လိုက်ချင်တယ်လို့ ပြောနေလို့ ခေါ်လာတယ် ” လို့ ပြောပါတယ် ။ ဒီတင် ပြဇာတ်ဒါရိုက်တာ မောင်ကရုဏာက ကျွန်တော့်ကို ခဏနေဦး ဆိုပြီး ဇာတ် ရုံအပြင်ဘက်မှာ အစောင့်ခိုင်းထားပါတယ် ။ ဇာတ်တိုက်ပြီးတော့မှ မင်း ပြဇာတ်ထဲမှာ ဘာဖြစ်ဖြစ် လုပ်မလားလို့ မေးပါတယ် ။ ကျွန်တော်ကလည်း လုပ်မယ်လို့ ပြောလိုက်တော့ အဲဒီပြဇာတ်မှာ မင်းသမီး နေခြည်ဆန်းရဲ့ အိမ်မှာ အိမ်စေ လုပ်ရပါတယ် ။ ဒါရိုက်တာ မောင်ကရုဏာက ကျွန်တော့်ကို သနားတာနဲ့ ပြဇာတ်ထဲကို ထည့်လိုက်တာပါ ။ နောက်တော့ ပြောပါတယ် ။ အမှန်က ဇာတ်ထဲမှာ ဒီနေရာကို ဘယ်သူဝင်လုပ်လုပ် ရပါတယ် ။ ဘာခက်တာမှတ်လို့ ဆရာရယ် ။ “ ဟုတ်ကဲ့ မမ ။ လာပါပြီ မမ ” လို့ ပြောပြီး လက်ဖက်ရည်ပွဲကလေး လာချရတာပဲ ။ လူတိုင်း လုပ်နိုင်တာပေါ့ ။

 

ကျွန်တော်ကလည်း သူ သင်ပေးတဲ့အတိုင်း ရဲရဲတင်းတင်း လုပ်တယ် ။ အမှန်ကတော့ ကျွန်တော် လုပ်ချင်တာက ပြဇာတ်မင်းသား ဆရာရဲ့။ ပြီးတော့ ဇာတ်ရံ ဆိုတော့ ကျွန်တော့် ညကြေးကလည်း ဘာမှ ဖြစ်လောက်တာ မဟုတ်ဘူး ။ ဒါရိုက်တာ မောင်ကရုဏာက ကျွန်တော့်ကို သဘောကျသွားတယ် ။ ဘယ်ခွင်ကို သွားမယ် ။ အဲဒီကနေ ဘယ်ပွဲကို ဝင်မယ်လို့ ပြောပြီး လိုက်နိုင်မှာလားတဲ့ ။ ကျွန်တော်က လည်း ဘယ်သွားသွား လိုက်မယ် ဆိုပြီး အိမ်ကို မပြန်တော့ဘဲ တစ်ခါတည်း ဇာတ်ထဲကို လိုက်လာခဲ့တာပဲဆရာ ။ အိမ်တော့ ဘယ်လိုနေမှန်း မသိဘူး ။

 

အဲဒီတော့ ကျွန်တော် ဘာရှိဦးမှာလဲ ။ အသက်နှစ်ဆယ်လောက်ပဲ ရှိဦးမှာပေါ့ ။ နောက်ခွင်တွေကျတော့ ကျွန်တော်က မောင်ကရုဏာကို ဖြစ်နိုင်ရင် ကျွန်တော့်ကို အရံပြဇာတ်မင်းသားလေး ဘာလေး လုပ်ပါရစေ ဆရာရယ် ။ ကျွန်တော် ပိုက်ဆံမရချင်လည်း နေပါစေ ။ ထမင်းစားရရင် တော်ပါပြီလို့ ပြောလိုက်တယ် ။ ဒါနဲ့ မောင်ကရုဏာက ကျွန်တော့်ကို အသံစမ်းကြည့်တယ် ။ အသံစမ်းကြည့်တော့ ကျွန် တော်လည်း အားရပါးရ ဟဲတာပေါ့ ဆရာရယ် ။

 

ဒီတော့ ဒါရိုက်တာက အသံကတော့ မဆိုးပါဘူးတဲ့ ။ ဒါပေမဲ့ မင်းအသံကို သိပ်လွှတ်တာကိုးတဲ့ ။ ခုခေတ်မှာ လော်စပီကာနဲ့ ဆိုရတာကွတဲ့ ။ ဒီလောက် ပစ်ခတ်ဆိုနေရင် လော်စပီကာတွေ ကွဲထွက်ကုန်မှာပေါ့တဲ့ ။ တိုးတိုး ဆိုကြည့်စမ်းလို့ ပြောတယ် ။ ဒါပေမဲ့ ဘယ်လောက်ပဲ တိုးတိုး ဆိုကြည့်ကြည့် ကျွန်တော့်အသံက သိပ်ကျယ်နေတယ် ။ ပြီးတော့ ကျွန်တော်က သီချင်းသာ ဆိုပေမယ့် စည်းတို့ ဝါးတို့ လည်း နားလည်တာ မဟုတ်ဘူးလေ ဆရာရဲ့ ။ အခါခါစမ်းပြီးတော့ မောင်ကရုဏာ က မင်းအသံနဲ့ မဖြစ်ပါဘူးကွာတဲ့ ။ မင်းက အဆိုတော် လုပ်ရင်တောင် ဆိုင်း နောက်ထိုင် အဆိုပဲ လုပ်မှ ဖြစ်မယ့် အသံမျိုး တဲ့ ။

 

ဒီလိုနဲ့ ကျွန်တော် ပြဇာတ်မင်းသား မဖြစ်တော့ဘူးပေါ့ ဆရာရယ် ။ နောက်တော့ ဇာတ်ရံက ညကြေး မဖြစ်စလောက်နဲ့ ဆိုတော့ ကျွန်တော့်ကို ကားဆွဲလုပ် ဆိုပြီး ကားဆွဲတာဝန် ပေးတယ် ။ ပြဇာတ်ထဲမှာ ရဲသားတို့ ဘာတို့လိုရင် ၊ အိမ်စေတို့ ဘာတို့လိုရင်လည်း လုပ်ရတာပေါ့လေ ။

 

ကားဆွဲဆိုတာက ကြိုးတွေကို ကောင်းကောင်း မှတ်မိရတယ် ။ အပျိုတော် ထွက်မှာ ဘယ်က ကြိုးပြီးရင် ဘယ်က ကြိုးဝင်မလဲ ၊ ဘယ်ဟာက နောက်ဆုံးက ကြိုးလဲဆိုတာ သိထားရတယ် ။ အော်ပရာထွက်ရင်လည်း ဘယ်သီချင်းအချမှာ ကားလိပ် ချရမယ် ဆိုတာမျိုးကို သိရတယ် ။ မှတ်မိနေရတယ် ။ ပြဇာတ်ထွက်ရင်လည်း ဘယ်စကား အဆုံးမှာ ကားလိပ်ချမယ် ။ ဘယ်တီးလုံး အဆုံးမှာ ကားလိပ်ဖွင့်မယ် ၊ ဘယ်အခန်း ပြီးရင် ဘယ်အခန်း လာမယ် ၊ ဘယ်ကားကို အဆင်သင့် လုပ်ထားရမယ် စသည်ဖြင့် ဇာတ်လမ်းကို အလွတ်နီးပါး ရနေရတယ် ။ ဇာတ်လမ်းစဉ် ဆိုပါတော့ ။ ဒါမှ နောက် ဘယ်အခန်းအတွက် ဘယ် ကားလိပ်ကို အဆင်သင့် ပြင်ထားရမယ် ဆိုတာကို သိမှာပေါ့ ။ ဝန်ထွက်ရင်လည်း ဝန်ကြီးလေးပါး ဘယ်နေရာမှာ ဘယ်စကားကို ပြောပြီဆိုရင် ဆိုင်းဆင့်ပြီး ကားလိပ် ချရတော့မယ် ဆိုတာကို သိနေရတယ် ။ နှစ်ပါးကျတော့လည်း ဒီအတိုင်းပဲ ၊ မင်းသားက နှစ်ပါးသီချင်း ဘယ်နှပုဒ် ဆိုမယ် ၊ တစ်ပုဒ်ကို ဘယ်နှခါ ကျော့မယ် ၊ မင်းသမီးက ဘယ်နှပုဒ် ဆိုမယ် ၊ ဘယ်နှကျော့ ဆိုမယ် ၊ ဘယ်သီချင်းပြီးရင် ကားလိပ်ချရမယ် ဆိုတာတွေကို သိနေရတယ် ။

 

အမှန်ကတော့ ဒီ ကားဆွဲတဲ့ အလုပ်ဟာ ကြိုးကလေးကိုင်ပြီး ကားတင်ကားချ လုပ်တတ်ရုံနဲ့ မပြီးဘူး ဆရာ ။ ဇာတ်ဆိုရင်လည်း ဇာတ်သဘော ၊ ပြဇာတ် ဆိုရင်လည်း ဇာတ်ညွှန်းရဲ့ သဘောကို ကောင်းကောင်း နားလည်ရတယ် ။ ဇာတ် ဆရာတို့၊ ဒါရိုက်တာတို့ လိုချင်တဲ့ အထာကို သိနေရတယ် ။ ခုတော့ ကျွန်တော် ကားဆွဲ လုပ်လာတာ ရှစ်နှစ် ရှိပါပြီ ။ စိန်ဝင်းအောင် ဇာတ်ထဲမှာ နှစ်နှစ်လောက် ကြာတယ် ။ နောက်တော့ စိန်ဝင်းအောင်ဇာတ် ပေါင်းတည် စွယ်တော်ပွဲ အပြီးမှာ ဇာတ်ခေါင်း ကွဲသွားတယ် ။

 

အဲဒီနှစ်က ဇာတ်ကလည်း ရှုံးလိုက်တာ ဆရာရယ် မပြောပါနဲ့တော့ ။ ဒါနဲ့ စွယ်တော်ပွဲ ပြီးတော့ ကျွန်တော်တို့အဖွဲ့တွေ ဇာတ်ရုံထဲမှာ နေကြရတယ် ။ တချို့ မင်းသား ၊ မင်းသမီး စတဲ့ ဇာတ်သူဇာတ်သားတွေလည်း ပြန်စရိတ် မရှိလို့ ဒီမှာ သောင်တင်နေကြတယ် ။ ပြန်စရိတ် ရှိတဲ့လူကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြတာပေါ့ ။ ကျွန်တော်လည်း ပြန်စရိတ် မရှိတာနဲ့ ပေါင်းတည် စွယ်တော်လှည့်ပွဲမှာ သောင်တင်နေတယ် ။ ပြန်ရင်လည်း ဘယ်လို ပြန်ရမယ်လို့ ကျွန်တော် မသိဘူး ။ အိမ်မရောက်တာ နှစ်နှစ်သုံးနှစ် ရှိပြီလေ ။ အမေ့ဆီလည်း မပြန်ဘူး ။ အစ်ကိုတွေ ၊ ညီမတွေ အစ်မတွေဆီကိုလည်း မပြန်ဘူး ။ ပြန်ရင်လည်း ကျွန်တော် ဘာလုပ်စားတော့မှာလဲ ။ ထန်းလည်း မတက်ချင်တော့ဘူး ။ အဲဒီမှာ သောင်တင်နေရင်း ကျွန်တော် အိမ်ထောင်ကျတယ် ဆရာ ။

 

ကျွန်တော့်အိမ်ထောင်က ပေါင်းတည်နယ်ထဲကပဲ ။ သူ့နာမည်က မဌေးဝင်းတဲ့ ။ သူက သူ့အမေနဲ့ ပွဲဈေးမှာ အကြော်ရောင်းတယ် ။ ဘူးသီးကြော်တို့၊ ငှက်ပျောကြော်တို့ ဘာတို့ပေါ့ ဆရာရယ် ။ အရင်တုန်းကလည်း သူတို့ဆိုင်မှာ ကျွန်တော် အကြော်စားနေကျ ။ နည်းနည်း ရင်းနှီးလာတော့ ကျွန်တော်က နေ့လယ်မှာ အားလို့ရှိရင် သူတို့ဆိုင် သွားပြီး ကူညီလုပ်ပေးတယ် ။ ဘာရယ်လို့ မဟုတ်

Leave a Reply

Your email address will not be published. Required fields are marked *