“လူကြောက်သူ”
#ဟမ်စိုင်း(ဆေး-မန်း)
တစ်ဆောင်လုံး တိတ်ဆိတ်ငြိမ်သက်နေတယ်။ ဒီလို ညအချိန်ဆိုရင် အဆောင်ကျောင်းသူတွေအပြည့်နဲ့ အမြဲ ဆူညံနေခဲ့တာမို့ တိတ်ဆိတ်နေတော့လည်း မေသူ့စိတ်ထဲ တစ်ခုခု လိုနေသလိုလို ခံစားမိတယ်။ တခြားလူတွေ ရှိနေတော့ရော မေသူက သူတို့နဲ့ စကားပြောတာ မှတ်လို့ဆိုပြီး တွေးမိတော့ မေသူ ရယ်ဖြစ်သေးတယ်။ မေသူ မရယ်ဖြစ်တာ ကြာပါပြီ။တစ်ဆောင်လုံးမှာ သင်္ကြန်ပိတ်ရက် နယ် မပြန်တဲ့ သူဆိုလို့ မေသူရယ်၊ ညာဘက်ထောင့် အခန်းမှာနေတဲ့ မဝါရယ်သာ ကျန်ခဲ့တယ်။မဝါက ကေတီဗွီမှာအလုပ်လုပ်တာမို့ ညအဆောင်ပြန်လာတဲ့အချိန် နောက်ကျတတ်တယ်။
တိုက်ခန်းကျယ်တစ်ခုမှာ သုံးထပ်သားတွေကာ၊အခန်းဖွဲ့ကာ ငှားထားတဲ့ ဒီအဆောင်မှာ မေသူနေတာ သုံးနှစ်ပြည့်တော့မယ်။ ဒီအဆောင်မှာနေတဲ့ သုံးနှစ်အတွင်း ဇာတိရွာကို မပြန်တဲ့ မေသူ့ကို အဆောင်သူတစ်ချို့နဲ့ လုပ်ဖော်ကိုင်ဘက်တစ်ချို့က အံ့သြသလို ကြည့်ကြတယ်။ကွယ်ရာမှာ အတင်းပြောကြတယ်။
“မေသူက ပြစ်မှုတစ်ခုခုကျူးလွန်ပြီး ဒီရန်ကုန်မြို့မှာ လာပုန်းနေသလားပဲ”
“သူ့မိသားစု မရှိတော့လို့နေမှာ။ မေသူကြည့်ရတာ အမြဲ ကြောက်လန့်နေသလိုပဲနော်။ စကားလည်း သိပ်မပြောဘူးနော်
“အမြဲ မှုန်ကုပ်နေတာပဲနော်”
မေသူ အိမ်ကို မပြန်ချင်ပါဘူး။ မေသူ့ဇာတိရွာကိုလည်း မေ့ထားချင်တယ်။ရွာမှာ မေသူ မမြင်ချင်တဲ့လူ
ရှိတယ်။မေသူ ရွာကို မပြန်တော့ဘဲ ဒီရန်ကုန်မြို့မှာပဲ နေဖို့ ဆုံးဖြတ်ထားတယ်။ ရှားရှားပါးပါး မေသူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်က ပိတ်ရက်ရှည်ဆိုလို့ ဒီသင်္ကြန်တွင်းပဲ ရှိတာ။ဖုန်းဖွင့်၊အင်တာနက်ဖွင့်ပြီး ဖေ့ဘွတ်ခ်ကြည့်နေပေမဲ့ မေသူ့ စိတ်တွေက ဖုန်းမျက်နှာပြင်မှာ ရှိမနေခဲ့။
#######
အဖြူအစိမ်းဝတ်နဲ့ ကိုးနှစ်အရွယ်ကောင်မလေး တစ်ယောက်ကို ကျောင်းသားကြီး တစ်ယောက်က ဆံပင်မွှေးဆွဲကာ ဆဲဆိုနေတဲ့ မြင်ကွင်းက မေသူ့ အတွေးအာရုံထဲ ပေါ်လာတယ်။ကောင်မလေးက ငိုနေတယ်။ကောင်မလေး လွယ်အိတ်ထဲက ပိုက်ဆံ ထုတ်ပေးမှ ကျောင်းသားက ဆံပင်ဆွဲတာကို ရပ်တယ်။
“ခွေးကောင်”
မေသူ့ ပါးစပ်က ဒေါသတကြီး ဆဲမိလိုက်တယ်။ဒီကမ္ဘာပေါ်မှာ မေသူ အမုန်းဆုံး လူသားကို ပြပါဆိုရင် ဒီခွေးကောင် ကို ပြရမယ်။ခွေးကောင်ရဲ့ နာမည်က ကိုငရဲတဲ့။ကိုငရဲဆိုတာက မေသူပေးထားတဲ့ နာမည်။ ကိုငရဲရဲ့ နာမည်အရင်းက ကိုမင်းသူ။ မေသူ မှန်ကို ကြည့်မိတိုင်း ကိုငရဲကို မုန်းတဲ့ အမုန်းက ဒီဂရီတစ်ခုတိုးတယ်။
မေသူ့ နဖူး အလယ်တည့်တည့်မှာ အမာရွတ်တစ်ခုရှိတယ်။ဒီအမာရွတ်က မေသူ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့က ကိုငရဲပေးခဲ့တဲ့ လက်ဆောင်။
“ခွေးမ။ဆယ်တန်းမှာ အလေလိုက်ပြီး ကျတဲ့ခွေးမ”
လို့ အော်အော်ပြောပြီး မေသူ့နဖူးကို ကိုငရဲက နှစ်တစ်တိုနဲ့ ထုခဲ့တာ။ကိုမင်းဦးနဲ့ ကြီးတော်ခင် ဝိုင်းဆွဲကြလို့သာ မေသူ မသေခဲ့တာ။ မေသူလည်း ဆယ်တန်းအောင်ချင်တာပေါ့။ကျူရှင်မတတ်နိုင်၊အထူးထုတ်စာအုပ်တွေ မဝယ်နိုင်ဘဲ ချို့ချို့တဲ့တဲ့နဲ့ မေသူ ကျောင်းတက်ခဲ့ရတာပါ။ကျောင်းက ဆရာတွေသင်သလောက်၊ မေသူ ဉာဏ်မှီသလောက် ကြိုးစားခဲ့တာပါပဲ။ အဖြူအစိမ်း နှစ်စုံတည်းနဲ့ ဆယ်တန်းတစ်နှစ်လုံး ပြီးအောင် မေသူ ကျောင်းတက်ခဲ့ရတာ။မေသူ့ကို ရိုက်တဲ့ ကိုငရဲကရော ဆယ်တန်းအောင်လို့လားလို့ မေးပြီး မေသူ ရယ်လိုက်ချင်တာ။ ဆယ်တန်းသုံးခါကျပြီး ကျောင်းထွက်ခဲ့ရတဲ့ ကောင်ကများ။
တကယ်တော့ ကိုငရဲက မေသူ့အစ်ကိုအရင်းပါ။ဘုရားစူးအစ်ကိုအရင်းလို့ ပြောရမဲ့ အစ်ကိုပါ။မေသူ့ ငယ်ဘဝက ဝတ္ထုတွေထဲက ဘဝတွေထက် ဇာတ်နာတယ်။ တစ်အူတုံဆင်း အစ်ကိုရင်းက ရန်သူတွေလို ဆက်ဆံခံနေရတဲ့ မေသူ့ဘဝက ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ မပြောတတ်ပေမယ့် ကိုငရဲ မေသူ့ကို မုန်းသလို မေသူလည်း ကိုငရဲကို မုန်းတယ်။ကိုမင်းဦးကို ကိုငရဲ အမြဲပြောလေ့ ရှိတဲ့စကားရှိတယ်။
“မင်းဦးရာ ငါ ဒီကောင်မကို ဘယ်လို မုန်းလို့ မုန်းနေမှန်းကို မသိဘူး။ မွေးကတည်းက အသေလေးမွေးလာရမှာ”
မေသူတို့ ဘေးအိမ်က ကိုမင်းဦးက ကိုငရဲနဲ့ ရွယ်တူ။
ကိုငရဲ မေသူ့ကို ရိုက်တိုင်း ဝင်ဝင် ဆွဲတတ်တဲ့အစ်ကိုပေါ့။ မေသူ့ ကိုမွေးပြီး အမေက မီးတွင်းထဲမှာ ဆုံးတယ်။ မေသူ့ကြောင့် အမေသေရတယ်ဆိုပြီး ကိုငရဲက ငြိုးခဲ့တာလို့ အဖေ ပြောတာ ကြားဖူးတယ်။
“သမီးရယ် သမီးအစ်ကိုက ငါးပြားလိုနေတဲ့သူပဲ။
သမီးက လူကောင်းမို့ သူ့ကို ခွင့်လွှတ်ပေးရမယ်။
သမီးက ကြည့်ရှောင်ပါ”လို့ အဖေက အမြဲ ပြောတတ်တယ်။အဖေ့ရှေ့ဆိုရင် ကိုငရဲက လူကောင်းပဲ။ကျပ်မပြည့်တဲ့လူက ဘာလို့ဉာဏ်နီဉာဏ်နက်တွေ များရတာလဲ။အဖေ ရှိတဲ့အချိန်ဆို ကိုငရဲက မေသူ့ကို မနှိပ်စက်ရဲပါဘူး။အဖေ့ကိုတော့ ကိုငရဲက ကြောက်တယ်။ဒါကြောင့် ကိုငရဲကို ငရဲ အရူးပါးကောင်လို့ မေသူ အမြဲ ကျိန်ဆဲတတ်တယ်။ဒါပေမဲ့လည်း အဖေက အမြဲ လယ်တော သွားနေရတာ။ အဖေ အိမ်မှာ မရှိတဲ့ အချိန်တိုင်း ကိုငရဲက မေသူ့ကို အမြဲရွဲ့ပြီးဆဲတယ်။တစ်ခါတလေ ရိုက်တယ်။နှိပ်စက်တယ်။ ကိုမင်းဦး ရှိနေလို့သာ၊ကိုမင်းဦး ရောက်ရောက်လာပြီး အဆွဲမြန်လို့သာ မေသူ အခုချိန်ထိ အသက်ရှင်နေခဲ့ရတာ။
ယောက်ျားနှစ်ယောက်ကြား ကြီးပြင်းခဲ့ရတဲ့ မေသူ့ဘဝကို မေသူ စိတ်နာတယ်။ကိုငရဲရဲ့ သိမ်ဖျင်းတဲ့ အဆဲအဆို၊ကြမ်းတမ်းတဲ့ ရိုက်နှက်မှုတွေကြားမှာ မေသူ ကြီးပြင်းခဲ့ရတာ။ကိုငရဲက အချိန်ရှိသမျှ မေသူ့ကို ရန်ရှာချင်နေတာ။ ဘာကိစ္စ ဖြစ်ဖြစ် မေသူ့ကို ပုံချပြီး ရန်လုပ်ချင်တာ။ မေသူ ငယ်ငယ်လေးကတည်းကဘုရားကန်တော့တိုင်း တောင်းတဲ့ဆု တစ်ခုရှိတယ်။
“ကိုငရဲ မြန်မြန် သေပါစေဘုရား”လို့ အမြဲ ဆုတောင်းတယ်။
မေသူ အပျိုဖော်ဝင်တဲ့ နေ့က မေသူ ရှစ်တန်းတက်နေတဲ့အချိန်။သွေးတွေ ဘာလို့ဆင်းလာမှန်း မသိလို့ ကြောက်ပြီး အိမ်ပြန်လာခဲ့တယ်။ အဲဒီ အချိန် အဖေက လယ်တောသွားနေရာက ပြန်မလာသေးဘူး။ ကိုငရဲက ကြမ်းပြင်ပေါ်က သွေးတွေ တွေ့သွားပြီး “ခွေးမ မဟုတ်တာတွေ လုပ်နေပြီ”ဆိုပြီး မေသူ့ကို ထိုးတယ်။မေသူက ပြန်အော်တယ်။ ထုံးစံအတိုင်း ဘေးအိမ်က ကိုမင်းဦး ရောက်လာပြီး ဝင်ဆွဲတယ်။
“လာလာ ညီမလေး။ မကြောက်နဲ့ ဒါ ရာသီလာတယ်လို့ ခေါ်တယ်”
ကိုမင်းဦးက သူ့ကြားဖူးနားဝ ရှိသမျှအကြောင်းတွေ ရှင်းပြတယ်။ ရာသီလာရင် သုံးရတဲ့ ဂွမ်းထုပ်အကြောင်း ရှင်းပြတယ်။ ကိုငရဲက ဆယ်တန်း မအောင်ပေမယ့် ကိုမင်းဦးက ဆယ်တန်းအောင်ပြီး တက္ကသိုလ် ဆက်တက်နေခဲ့တယ်။ကိုမင်းဦးမှာ အဖေ မရှိတော့ဘူး။ အမေပဲ ရှိတော့တယ်။ ကိုမင်းဦးရဲ့အမေ ကြီးတော်ခင်က စပါးပွဲစား။
မေသူ အတိတ်ကိုတွေးရင်း ပါးပြင်မှာ မျက်ရည်စတွေ စီးကျလာတယ်။ မေသူ့ကို အလုပ်က လူတွေ၊အဆောင်ကလူတွေက လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ မိန်းကလေးလို့ သမုတ်ကြတယ်။ မေသူ့ အတိတ်တွေက
ပျော်စရာမှ မကောင်းတာ။ ဒီအတိတ်တွေကို ပြန်လည်တူးဆွပြီး စားမြုံ့ပြန်နေရင် မေသူ့ရင်တွေ နာနေရမှာပေါ့။သက်ပြင်းချရင်း ဖေ့ဘွတ်ခ်ကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သတင်းတစ်ခု တက်လာတယ်။
မေသူ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်။ မှတ်မှတ်ရရ အဖေ ဆုံးပြီး ဆယ်ရက်ပြည့်တဲ့နေ့က ပါ။မေသူ ဆယ်တန်းတက်နေတဲ့အချိန်ပေါ့။အမေဆုံးတဲ့အချိန်ကတည်းက အဖေ့ကြင်ဖော်က အရက်ဖြစ်သွားတယ်။ ဆုံးတော့လည်း အရက်ကြောင့် အသည်းကင်ဆာရောဂါနဲ့ ဆုံးခဲ့ရတာ။ မေသူ ဒီအိမ်ကြီးမှာ နေတာ အဖေရှိနေသေးလို့၊ လုံခြုံတဲ့ ခံစားချက်ရလို့ နေနေရတာ။ အဖေ မရှိတော့တာနဲ့ ကိုငရဲက မေသူ့ကို အိမ်က ဆင်းခိုင်းတယ်။
“ခွေးမ နင့်မျက်နှာ ငါ မကြည့်ချင်ဘူး။ အိမ်ကဆင်းတော့”
ဆယ်တန်းကျောင်းသူ မေသူက ဘယ်ကို ဆင်းရမှာလဲ။
ဘယ်ကို သွားရမှာလဲ။
“ဆင်းလို့ပြောနေတာ မဆင်းဘူးလား။ ”
မူးရူးနေတဲ့ ကိုငရဲက မေသူ့ကို အဆဲပေါင်းစုံဆဲတယ်။
“လာလာ သမီးလေး အိမ်ကိုလာ”
ဘေးအိမ်က ကြီးတော်ခင်က မေသူ့ကို လှမ်းခေါ်တယ်။
မေသူ မသွားချင်ဘဲ သွားရတယ်။
“အီး ဟီး ဟီး”
“ငါလည်း ဘယ်လို လုပ်ပေးရမလဲ မသိဘူး မေသူရယ်။
တခြားအမျိုးတွေက အဝေးမှာဆိုတော့ နင့်အစ်ကိုကို ထိန်းမယ့်လူက ရှာမရပြန်ဘူး။နင့်အစ်ကိုက တခြားလူတွေနဲ့ ဆို အကောင်းပါ။ အခု မူးနေတုန်းမို့ ခဏလွှတ်ထားလိုက်။ ဒီည ဒီမှာပဲ အိပ်လိုက်နော်။ မနက်ကျ ရပ်ကွက်လူကြီးတွေနဲ့ တိုင်ပင်ပြီး တစ်ခုခု စီစဉ်ပေးမယ်”
ကိုငရဲက တကယ်အရူးပါးပါ။လယ်လေးဧကကို မေသူ့ခွဲ မပေးချင်တာနဲ့ ရပ်ကွက်လူကြီးတွေရှေ့မှာ နောက် မဖြစ်စေရပါဘူးပြောပြီး မေသူ့ကို အိမ်ပြန်ခေါ်တယ်။ အိမ်ကိုရောက်တာနဲ့ ထုံးစံအတိုင်း အပြစ်မရှိဘဲ အပြစ်ရှာပြီး ဆဲတယ်။ရိုက်တယ်။မေသူ ညတိုင်း ကြိတ်ငိုရတယ်။ဒါတွေကို သိတာကမင်းဦးနဲ့ သူ့အမေပဲ ရှိတယ်။ မေသူ ကိုယ့်ကိုယ့်ကိုယ် ကြိုးကွင်းစွပ်ပြီး သေကြောင်း ကြံစည်နေတာကို ဘေးအိမ်က ကိုမင်းဦး မြင်သွားပြီး အချိန်မီ လာကယ်တယ်။မေသူ ကိုငရဲကိုလည်း မကြည့်ချင်ဘူး။ ကိုမင်းဦးကိုလည်း မကြည့်ချင်ဘူး။ မေသူ သေချင်တာပဲ သိတယ်။
ကြီးတော်ခင်ရဲ့ စီစဉ်ပေးမှုနဲ့ ဆယ်တန်းအောင်စာရင်းထွက်ပြီး နှစ်လအကြာမှာ ရန်ကုန်မြို့ကို မေသူ တက်လာခဲ့တယ်။ ရောက်စက အိမ်ဖော်လုပ်တယ်။နောက်ပိုင်း စားသောက်ဆိုင်ကြီးတစ်ခုမှာ စားဖိုမှူးအကူအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေခဲ့တယ်။ ဒီလိုနဲ့ မေသူ ရွာကို မပြန်ဖြစ်တာ ငါးနှစ်နီးပါးရှိပြီ။ ရွာထဲကလူ ဘယ်သူနဲ့မှ အဆက်အသွယ်မရှိဘူး။ယုတ်စွအဆုံး ကြီးတော်ခင်တို့သားအမိနဲ့တောင် အဆက်အသွယ် မရှိတော့ဘူး။
#####
နှစ်ဆန်းနှစ်ရက်နေ့။
မေသူ ရန်ကုန်ဆေးရုံကြီးရဲ့ သွေးလှူဌာနကို သွားခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်လလောက်က အလုပ်ပိတ်ရက်မှာ အဆောင်ကလူတွေနဲ့အတူ သွေးလာလှူဖူးတာမို့ နှစ်ကူးမှာ အလှူလုပ်ဖို့ တွေးမိပြီး မေသူထွက်လာမိတာ။ သွေးလှူဌာနမှာ သွေးလာလှူသူတွေနဲ့ ပြည့်နှက်နေတယ်။ စာရင်းဖြည့်တဲ့ အခန်းထဲ အရင်ဝင် စာရွက်ယူပြီး ဖြည့်ရတယ်။ နောက် ကွန်ပျူတာဘက်မှာ စာရင်းသွင်းတော့ ဝန်ထမ်းကောင်မလေးက ပထမတစ်ခါလှူထားဖူးလား မေးတယ်။မေသူ ခေါင်းညိတ်ပြတော့
“ဆရာဝန် အခန်းထဲ ကြွပေးပါ”လို့ပြောပြီး ဧည့်ကြို မိန်းကလေးကို လိုက်ပို့ခိုင်းတယ်။ဧည့်ကြိုမိန်းကလေးက ဆရာဝန်လက်ထဲ စာရွက်တစ်ရွက် ထည့်သွားတယ်။
ဆရာဝန်က မေသူ့ကို တစ်ချက်ကြည့်တယ်။
“လာ ထိုင်ပါ။”
မေသူ ထိုင်ခုံကို ဆွဲပြီးဝင်ထိုင်ရတယ်။
“ညီမ အရင်တစ်ခါ လှူထားတဲ့ သွေးမှာလေ ကာလသားပိုးတွေ့ထားလို့။ အဲဒါ သွေးလှူလို့ မရတော့ဘူးနော်။ စိတ်မကောင်းပါဘူး။ ကာလသားရောဂါကုတဲ့ဌာနကို လွှဲပေးမယ်နော်”
ဆရာဝန်က လုပ်နေကျအလုပ်ကို လုပ်သွားသလို ခပ်မြန်မြန်ပြောတယ်။ မေသူ စိတ်ဆင်းရဲ လိုက်တာ။
ကာလသားရောဂါတဲ့။ ဒီရောဂါကြီးက မေသူ့ဆီဘယ်လိုလုပ် ရောက်လာရတာလဲ။ ဆရာဝန် လမ်းညွှန်တဲ့ ခုခံကျကာလသားဌာနကို မေသူ ရောက်ခဲ့ရတယ်။
#######
“ဒီရောဂါက အကာကွယ်မဲ့ လိင်ဆက်ဆံတာ ကနေ အဓိကကူးတယ်။ ရောဂါဖြစ်လာရင် နှစ်ဦးလုံး အတူကုရမယ်။ချစ်သူရှိလား”
ဆရာဝန်က မေးနေပေမယ့် မေသူ့မှာ ချစ်သူလည်း မရှိဘူး။လိင်ဆက်ဆံဘက်လည်း မရှိဘူး။ ရည်းစားလည်း တစ်ခါမှ မထားဖူးဘူး။
“အရင်ကရော ဒီရောဂါ ဖြစ်ဖူးလား။ကုခဲ့ဖူးလား”
မေသူ ခေါင်းခါမိတယ်။ မေသူ မှ မဟုတ်တာ ဘာမှ မလုပ်တာ ဒီရောဂါကြီးက ဘယ်လိုလုပ်ပြီး မေသူ့ဆီ ရောက်နေရတာလဲ။
“တစ်ခါမှ မကုခဲ့ဖူးဆိုရင် ဒီသွေးအဖြေအရ ဒီရောဂါ ညီမဆီမှာ ရှိနေတာ နှစ်အတော်ကြာပြီလို့ ပြောလို့ရတယ်”
“နှစ်အတော်ကြာ” မေသူ ပါးစပ်က တီးတိုး ရေရွတ်ရင်း မတွေးချင်တဲ့ အတိတ်ကို တွေးရတယ်။ မေသူ ရာသီစလာတဲ့ ပထမဆုံးနေ့က ကိုငရဲ မေသူ့ကို ရိုက်နေတာ မျက်လုံးထဲ ပေါ်လာတယ်။ နောက်ပြီး ကိုမင်းဦး ရောက်လာတယ်။ ကိုမင်းဦးက သူ့အိမ်ကို ခေါ်သွားတယ်။ သူ့အမေ သုံးတဲ့ ဂွမ်းထုပ်ကို ယူလာပြီး ဘယ်လို သုံးရမလဲဆိုတာကို ပြတယ်။နောက်ပြီး ငိုနေတဲ့မေသူ့ကို…..။
မေသူ မျက်ရည်တွေ စီးကျလာတယ်။ကိုမင်းဦးကို ရှောင်နေတဲ့ကြားက မေသူ သုံးလေးခါလောက် အနိုင်ကျင့်ခံခဲ့ရတယ်။
“မကြောက်ပါနဲ့ ဒီရောဂါက ကုလို့ ပျောက်ပါတယ်”
ဆရာဝန်က အားပေးစကားဆိုတယ်။ မေသူ ကြောက်တယ်။ကိုငရဲကိုလည်း ကြောက်တယ်။ ကိုမင်းဦးကိုလည်း ကြောက်တယ်။ကိုယ်ဝန်ဖျက်ချတဲ့ နေရာထိလိုက်ပို့ပြီးကိုယ်ဝန်ဖျက်ချခိုင်းတဲ့ကြီးတော်ခင်ကိုလည်း ကြောက်တယ်။ အခု အားပေးစကားပြောနေတဲ့ ဆရာဝန်ကိုလည်း ကြောက်တယ်။ ဒီတစ်ကမ္ဘာလုံးက လူတွေ အကုန်လုံးကို မေသူ ကြောက်တယ်။
ဟမ်စိုင်း(ဆေး-မန်း)
July,2019 ငွေတာရီမဂ္ဂဇင်း