Novel

အချစ်လှလှတစ်လှ

———————–ငြိမ်းကျော်

 

(၁)

 

သီသီသင်နှင့် ကျွန်တော်တို့ စေ့စပ်ကြောင်းလမ်းတော့မည့် သတင်းသည် မြို့အနှံ့ ပျံ့လောက်ပေပြီ။ အရင်းနှီးဆုံး သူငယ်ချင်းတွေက ကျွန်တော့်ကို ချီးကျူးဂုဏ်ယူစရာ စကားတွေ ပြောကြသည်။ “ မင်း ဂုဏ်ယူထိုက်ပါတယ် ဝေဟန်” ဟု ဝမ်းသာစကား ပြောသူက ပြောသည်။ “အလှဆုံး မိန်းကလေးတစ်ယောက်ကို မင်း လက်တွဲခွင့်ရပြီ သူငယ်ချင်း” ဟု အားရစကား ဆိုသူက ဆိုကြသည်။

 

ကျွန်တော့်အဖေနှင့် အမေတို့သည် ချွေးမလောင်းချောချောကို သဘောကျစကား ဆိုခဲ့သည်။

 

“ မိန်းမလှတစ်ယောက်ကို မင်း ရပြီ ဆိုပါတော့၊ ဇနီးလှတစ်ယောက် ဖြစ်ပါစေလို့ ငါဆုတောင်းတယ်ကွာ ”

 

သန်းဖေညွန့်က ကျွန်တော့်ကို ပြောသည်။ စေ့စပ်သောနေ့က ဓာတ်ပုံတွေကို ကျွန်တော်ကြည့်ရင်း …

 

“ သီက အိမ်ထောင်ရှင်မကောင်း ပီသပါလိမ့်မယ် ”

 

“ မင်းကို ငါ တစ်ခု ပြောချင်တယ် ”

 

သူ့အသံသည် ဆတတ။ ရောင်စုံဓာတ်ပုံထဲတွင် ပို၍လှသည်ဟု ထင်ရစေသော သီသီသင့်ပုံကို ကျွန်တော်ကြည့်နေသည်။ ထို့နောက် သန်းဖေညွန့်ကို …

 

“ ရပါတယ်၊ ပြောပါ… မင်းကလည်း…”

 

“ မင်း သီသီသင့်ကို အရာခပ်သိမ်း ခေါင်းညိတ်လွန်းအားကြီးတယ် ”

 

“ ချစ်တာကိုး ”

 

ပြုံးစစနှင့်ဖြေသော ကျွန်တော့်ကို …

 

“ တစ်သက်လုံး ခေါင်းတစ်ချက်မှ မခါဘဲ အလိုလိုက်နိုင်ရင်တော့ ကောင်းတာပေါ့ ”

 

ကျွန်တော် ပြုံး၍ နေလိုက်သည်။

 

“ ငြင်းနေကျ၊ စောဒကတက်နေကျ မဟုတ်တဲ့ လူတစ်ယောက်က တစ်ကြိမ် ငြင်းမိ၊ တစ်ခါ စောဒကတက်မိရင် ဘာဖြစ်မယ်ဆိုတာ တွေးကြည့်ပေါ့ ”

 

သူပြောသည်ကို ကျွန်တော် သဘောပေါက်သည်။

 

( ၂ )

 

“ မောင်ရေ…”

 

သီသီသင်ကို “ဘာလဲသီ” ဟု ကျွန်တော်မေးသည်။ သီသီသင်၏အစ်မက ကျွန်တော်တို့နှစ်ယောက်ကို လှမ်းကြည့်နေသည်။

 

“ မင်္ဂလာဧည့်ခံပွဲကို ကရဝိတ်အစား အင်းလျားလိတ်‌ဟိုတယ်မှာဆိုရင် မကောင်းဘူးလား ”

 

“ ကောင်းသားပဲ ”

 

မေးသံနှင့် ဖြေသံကြားတွင် လေဟာနယ် မရှိသလောက် ဖြစ်နေသည်။

 

“ မောင်ဝေဟန်ကလည်း သီပြောရင် ကောင်းသားချည်းပဲ ”

 

သီသီသင်၏အစ်မက ပြုံးရယ်၍ ပြောသည်။ သီသီသင်သည် အစ်မကို လှမ်း၍ ပြုံး၏။ သီ တကယ်လှတာပဲဟု ကျွန်တော်ကြည့်ကာ တွေးနေသည်။ ပြည့်ဖောင်းနီမြန်းသော နှုတ်ခမ်း၏ အရေးအစင်းလေးတွေကအစ လှသည်။ မသွယ့်တသွယ် မျက်နှာကျ။ ပင်ကိုမျက်ခုံးသည် သေးသွယ်သွယ်၊ ဆေးခြယ်စရာ မလို။

 

နှာတံစင်းသည်။ နှာသီးဖျားသည် ထူခြင်း၊ ပြားခြင်း၊ အမ်းခြင်း ကင်းသည်။ ပါးနှစ်ဘက်သည် ပြေပြေမို့မို့။ မေးရိုးနှင့် ပါးချိတ်တွင် သွေးကြောစိမ်းစိမ်းလေးတွေ မထင့်တထင်။ အထပ်ထပ် ကောင်းစွာကျိုထားသော နို့နှစ်ကဲ့သို့သော အသားအရေ…။

 

“ ဖိတ်စာက ဘယ်လောက်တန်လဲ မောင် ”

 

“ ကုန်ချင်သလောက် ကုန်ပေစေလေ၊ အော့ဖ်ဆက်နဲ့ ရိုက်မှာပဲ ”

 

“ အဖုံးနဲ့ အတွင်းစာရွက်ကို ရွှေချည်ကြိုးနဲ့ တွဲချည်နော်၊ ကော်မကပ်နဲ့ ”

 

“ ဒါပေါ့… သီရဲ့ …”

 

“ ကျေးဇူးတင်လွှာကို ရောင်ပြန်ပြားနဲ့ လက်ရေးစာလုံးနဲ့ ရိုက်မယ်နော် ”

 

“ ဟုတ်တယ်လေ… ”

 

သီသီသင်သည် အပြုံးမျက်လုံးဖြင့် ကျွန်တော့်ကို တစ်ချက်ကြည့်သည်။ ညှို့သော မျက်လုံးအစုံဟု ကျွန်တော့်အသည်းနှလုံးက ခံစားရလေ၏။

 

အချစ်သည် အလှဟု ရင်ထဲမှာ ဖြစ်လာလေသည်။

 

(၃)

 

လက်ထပ်သောနေ့က ရိုက်ထားသော ဗွီဒီယို အခွေကို နှစ်ယောက်အတူ ကြည့်ကြသည်။ တစ်နေ့က အကြောင်းတွေကို ကျွန်တော်နှင့် သီသီသင်တို့ ပြောကြသည်။

 

ဘိသိက်ဆရာ လေကြောရှည်လွန်း၍ မျက်လုံးရာထောင်၏ ရှေ့တွင် ချွေးပြန်ခဲ့ကြပုံတွေ၊ လက်ဆွဲနှုတ်ဆက်ရလွန်း၍ သူတကာ၏ လက်ဆီတွေ လက်မှာ ကပ်ငြိပုံတွေ၊ အိပ်ရာခမ်းနား ပြင်ဆင်ထားရာ အခန်းထဲတွင် ဟိုဘက်သည်ဘက် သူငယ်ချင်းတွေ ခဲဖိုး ညှဉ်းပုံတွေ၊ ရင်ခုန်ရှက်မောရသော အကြောင်းတွေ၊ အိပ်ချင်စိတ်ကို အခိုးခံရပုံတွေ ပြောကြသည်။

 

“ သီက သိပ်လှတာပဲ။ အလှမျဉ်းကောက်တွေက ဝေနုဒေဝီ ရှုံးလောက်တယ် ”

 

ကျွန်တော့လက်မောင်းကို အရှက်လက်ဖြင့် ဆွဲလိမ်လေသည်။

 

(၄)

 

“ ဘယ့်နှယ်လဲ… အိမ်ထောင်ရေးဆိုတာ …”

 

သန်းဖေညွန့်က ပိန်ရှည်ရှည်ခါးကို ကိုင်းပြီး မေးသည်။ ကျွန်တော်သည် ရသုံးငွေစာရင်း ကိန်းဂဏန်းတွေကို စစ်ဆေးရာမှ ရပ်ကာ …

 

“ အိမ်ထောင်ရေးဆိုတာ အိမ်ထောင်ကျတာပေါ့ ”

 

“ မစေ့စပ်ခင်၊ လက်မထပ်ခင်တုန်းကနဲ့ အခုနဲ့ ဘယ်လိုနေလဲ ”

 

အဖြေရခက်သော အမေးဟု ရုတ်တရက်သော် ထင်စရာမရှိ။ သူ့ကို ဖြေရမည့်နှုတ်သည် ဆိုင်းငံ့သွားသည်။ ကွာခြားမှုကို ဖြေရမည့် ဝေါဟာရ ရှာမတွေ့နိုင်အောင် ကျွန်တော့်မှာ ဖြစ်ရလေသည်။

 

တစ်ယောက်တည်း နေစဉ်ကနှင့် မတူသည်တို့ကို ပြောပြရန်မှာ မဆီလျော်ဟု နားလည်သည်။ နှစ်ယောက်အတူတူ နေရခြင်းကြောင့် စိတ်ချမ်းသာလာပုံတွေ၊ ရုပ်ချမ်းသာလာပုံတွေကို ပြောပြလျှင်လည်း အဖြေမထူးခြားဟု သဘောရသည်။

 

ထို့ပြင်… ကျွန်တော့်စိတ်ထဲတွင် ပြောမပြတတ်သော အခြေအနေတစ်ရပ်ကို သူသိစေချင်သည်။ လက်မထပ်မီကမူ… လက်ထပ်နိုင်ရေးကို ကြီးမားသော အကြောင်းအရာကြီးတစ်ခုဟု ထင်ခဲ့သည်။ မရပန်းကို အရလှမ်းရသော ဧရာမ မဟာကြိုးပမ်းတည်‌ဆောက်ချက်ဟု အောက်မေ့ခဲ့သည်။

 

လက်ထပ်ပြီးခဲ့သည့်နောက် ကျွန်တော့်တည်ဆောက်ချက်သည် မျက်စိအောက်တွင်ပင် ကွယ်ပျောက်သွားသကဲ့သို့ ခံစားရသည်။ တစ်စုံတစ်ရာ ပျောက်သွားမှန်း သိသော်လည်း အမည်နာမ ရုပ်ဒြပ်ကို ရည်ရွယ်ကာ မဆိုတတ်…။

 

“ ငါ့စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်နေတယ်၊ ငါလည်း မပြောတတ်ဘူး ”

 

သန်းဖေညွန့်က စားပွဲပေါ်တွင် လက်ထောက်ကာ မျက်မှောင်တစ်ချက် ကြုတ်သည်။ ထို့နောက် …

 

“ မင်း မြန်မာစကား မတတ်ဘူးလား ”

 

“ အပြစ်တင်စရာပဲ သန်းဖေညွန့်၊ ခက်တာက ရင်ထဲက ကိစ္စ၊ ဒီလိုကွာ … လက်ထပ်ပြီးတော့ ငါ ဘာပြောမလဲ၊ တစ်လလောက်အထိတော့ မိုးမမြင် ‌လေမမြင် ပျော်တယ်။ ကိုယ့်ဘဝကို ကျေနပ်တယ်။ သီ့ကိုလည်း ပိုင်ဆိုင်မြတ်နိုးစွာ ချစ်တယ်ပေါ့။ စာသံ ပေသံနဲ့ ပြောကြည့်ရတာ။

 

အဲ.. ဒါပေမဲ့ ခုလို သုံးလခရီး၊ သီ့ကို ဟိုအရင်က ချစ်သူတုန်းကလိုပေါ့ကွာ။ ရုံးဆင်းချိန် စောင့်ရတာမျိုး၊ စကားပြောဖို့ ချိန်းရ၊ ချိန်းတာပျက်ရင် မျှော်ရ တမ်းတရတာမျိုး မဖြစ်တော့ဘူး။

 

သူ့စာတစ်စောင် ဖတ်ရဖို့ အတန်တန် ပြောရတာမျိုးတို့၊ စေ့စပ်ဖို့ မနည်း ကြိုးစားရတာမျိုး။ လက်ထပ်တော့… မင်းသိပါတယ်။ နှစ်ဖက်မိဘဆွေမျိုး ညှိရနှိုင်းရ ၊ ပြဿနာမတက်အောင် ထိန်းရတာတွေ ဇောချွေးကို ပြန်ရော။ အဲဒီဟာတွေက အခု ပျောက်သွားတယ် ”

 

သန်းဖေညွန့်က ကုလားထိုင်တွင် ထိုင်လိုက်သည်။ စဉ်းစားနေသည်။

 

“ ဟိမဝန္တာတောင်ထိပ်ကို ခက်ရာခဲဆစ် တက်ရတဲ့ သူလို တောင်ထိပ်အမြင့်ဆုံးနေရာလည်း ရောက်ရော… ကမ္ဘာ့အမြင့်ဆုံးနေရာကို ငါရောက်ပြီလို့ ဝမ်းသာအားရဖြစ်ပြီး သိပ်မကြာခင် ရောက်ပြီးတော့လည်း ဘာမှမဟုတ်ပါလားလို့ ဖြစ်တာမျိုးလား ”

 

ကျွန်တော် ခေါင်းညိတ်လိုက်ကာ …

 

“ အဲဒီ ဥပမာအတိုင်းပဲ သူငယ်ချင်း …”

 

“ နမ်းဖန်များတော့ ပြယ်၊ မြင်ဖန်များတော့ ငယ်ဆိုတဲ့ သဘာဝပဲ ဝေဟန် ”

 

” ဟုတ်မလား… မပြောတတ်ဘူး ”

 

“ သီသီသင့်ကို လှတယ်လို့ မထင်တော့တာလား ”

 

“ အဲသလိုတော့ မဟုတ်ပါဘူး ” ဟု ကျွန်တော် ပြောလိုက်သည်။ “လေသံက ဖျော့တော့တော့ပါလား” ဟု သူ ပြုံး၍ နောက်သည်။

 

“ ဒီလို… ဝေဟန်၊ ဥပမာ ပြောမယ်။ လူနှစ်ယောက်၊ မင်းနဲ့ မလှမ်းမကမ်းမှာ တစ်ယောက်ရဲ့ နားနားကို တစ်ယောက်က လက်ဝါးကာပြီး တစ်ပါးသူ ကြားမှာစိုးလို့ ပြောတယ်။ နားထောင်နေတဲ့သူက ခေါင်းညိတ်လိုက်၊ အံ့ဩဟန်ပြလိုက်၊ ထိတ်လန့်တကြားမျက်နှာနဲ့နေလိုက် ဆိုရင်.. ‘ဘာတွေ ပြောနေကြပါလိမ့်’ လို့ မင်းစိတ်ထဲ ဖြစ်မယ်။

 

သိချင်မယ်၊ စူးစမ်းချင်မယ်။ ပြောနေတဲ့သူနဲ့ နားထောင်နေတဲ့သူ နှစ်ယောက်စလုံးဟာ မင်းအသိထဲကဆိုရင် ‘ဘာတွေ ပြောနေတာလဲ’ လို့ ‌မင်း မေးချင်မေးမိမယ်။ တကယ်လို့ ခုနစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ပြောကြည့်၊ မင်း စိတ်မဝင်စားတဲ့အပြင် နားငြီးကောင်း ငြီးမိမယ်။ ဒီသဘောပဲလေ ”

 

‘ နီးစပ်သောအဖြေ ’ ဟု ကျွန်တော် စဉ်းစားမိ၏။

 

(၅)

 

လက်ထပ်နေ့ တစ်နှစ်ပြည့်သောနေ့က ကျွန်တော်တို့နှစ်ယောက် ဘုရားဖူးသွားကြသည်။ ကုန်းတော်မှအဆင်းတွင် ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်၊ ဈေးဟောင်းသို့ သွားကြသည်။ ရုပ်ရှင်ကြည့်ကြသည်။

 

အသိမိတ်ဆွေတွေနှင့် လမ်းမှာ ဆုံသည်။ ဘုရားမှာ ဆုံသည်။ ဈေးမှာ ဆုံသည်။ သီသီသင်ကို “စိတ်ချမ်းသာတယ်နဲ့ တူတယ်။ နည်းနည်း ဝလာသလိုပဲ။ မေးနှစ်ထပ် ဖြစ်ချင်သလိုလိုနော်။ လှလည်း ပိုလှလာတယ်” ဟု ရယ်မော ပြောဆိုကာ နှုတ်ဆက်စကား ဆိုကြသည်။ သီသီသင်သည် နှစ်ခြိုက်ပျော်ရွှင်ပြုံးဖြင့် ပြန်လည် နှုတ်ဆက်သည်။

 

“ သီ သဘောကျတဲ့ အဆင်နဲ့ အသားက အတော်ရှာရမှာပဲ မောင် ”

 

ကျွန်တော် ခေါင်းညိတ်ကာ …

 

“ ရှေ့လဆန်းဆို ရောက်မှာပါ၊ ပုံကတော့ သီ့ဘာသာသီ ဒီဇိုင်းပေးပြီး ချုပ်ခိုင်းပေါ့ ”

 

“ ဂျပန်အမျိုးသမီး အင်္ကျီပုံစံနဲ့ ပြင်သစ်အမျိုးသမီး အင်္ကျီပုံစံ စာအုပ်ထဲကဟာတွေကိုလည်း ခေတ်ရှေ့ သိပ်ရောက်လွန်းတော့ မဝတ်ရဲဘူး မောင်ရဲ့ …”

 

“ တချို့အမျိုးသမီးတွေ ဝတ်ထားတာကို သီနဲ့လိုက်အောင် ပုံစံပြုပြင်လိုက်ရင် လိုက်ပါတယ်။ မောင်လည်း အဝတ်အစားပုံစံတွေ သတိထားမိနေပါပြီ ”

 

(၆)

 

ဈေး၊ လမ်း၊ ပွဲသဘင်တို့တွင် အမျိုးသမီးလေးတွေကို ကျွန်တော်ကြည့်သောအခါ ထမီ အင်္ကျီ အမျိုးအစား၊ အဆင်အသွေးနှင့် ပုံစံကို လေ့လာသည်ဟု သီသီသင် ထင်နေသည်။ သူ့ထက် လှသူတွေ နေ့စဉ် တိုးနေသည်ဟူသော အမှန်ကိုကား ကျွန်တော် တစ်သက်လုံး ပြောဝံ့လိမ့်မည် မဟုတ်။ ။

 

_____________**********____________

 

#ငြိမ်းကျော်

#အချစ်လှလှတစ်လှ

 

မေတ္တာဖြင့်

#shared_by_louis_augustine ပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်

 

shared_by_louis_augustine ပေ့ခ်ျအား အထူးကျေးဇူးတင်ပါသည်။

 

စာပေချစ်မြတ်နိုးသူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..

Leave a Reply

Your email address will not be published. Required fields are marked *