Story

ကျွန်တော်နှင့် တော်မီကျော်နိုင်

 

✡️ နိုင်ဇော် (Lazy Club)

💢 ကျွန်တော်နဲ့သိကျွမ်းခင်မင်ဘူးတဲ့
L.P.J တေးဂီတအဖွဲ့မှာ
ဘေ့စ်ဂီတာတီးခတ်တဲ့(ကိုတော်မီလို့ ကျွန်တော်ခေါ်လေ့ရှိတဲ့)
တော်မီကျော်နိုင်ကတော့
ပရိသတ်ချစ်မွှေး တော်တော်ကိုပါပါတယ်။

◾️ငယ်စဉ်ကတည်းက
L.P.J စတိတ်ရှိုးတွေကို
တိုးဝှေ့ကြည့်ကြရရင်
ကိုယ့်ဘေးပတ်ဝန်းကျင်က
ကြည့်ကြတဲ့ လူငယ်အားလုံးလိုလိုက
ကိုတော်မီကိုကြိုက်ကြလို့
(ဘာကြောင့်ကြိုက်ကြသလဲ မသိ)
ဝိုင်းအော်ကြတာကို အမြဲကြားရပါတယ်။

“ကိုတော်မီ၊ ဟိုင်းဝေးစတား ဆိုပါဗျို့” ဆိုပြီး

ပွဲတိုင်း
Highway Star ဆိုတဲ့
သီချင်းမဆိုရင်၊ မရလောက်အောင်ကို
လူချစ်လူခင်များပါတယ်။
ကိုတော်မီစင်ပေါ်မှာ
Bass တီးရင်း သီချင်းဆိုလို့
ဖိနပ်မပါရင်လည်း ကြိုက်ပါတယ်။
ပက်လက်လန်လဲကျသွား
(အိုက်တင်ပါဖောမင့်) လုပ်ပြရင်လည်း
ကြိုက်ကြပါတယ်။သူဆိုသမျှ
သီချင်း ခပ်ကြမ်းကြမ်းတွေ
(သဘောင်္သားကား)
SMOKE ON THE WATER
တို့ကိုလည်း လူငယ်တွေ
ကြိုက်ကြပါတယ်။

◾️အဲဒီလို
သီချင်းဆိုပြမှ ပရိသတ်တွေက
ကိုတော်မီကိုဝိုင်းပြီး လက်ခုပ်တီးအားပေးရင်း
အိမ်အပြန်လမ်းမှာပါ
ကိုတော်မီအကြောင်းပြောပြီး ပြန်ကြပါတယ်။

(L.P.J ခေတ်လွမ်းစရာပေါ့)

◾️ဒီလိုနဲ့
L.P.J အဖွဲ့လည်းမရှိတော့ဘဲ
ကျွန်တော်ဂစ်တာသမား ပေါက်စဘဝမှာ
ကိုတော်မီနဲ့ တွဲတီးခွင့်ရခဲ့ပါတယ်။

◾️Metal Seven
ဆိုတဲ့အဖွဲလေးတစ်ခုကို
(တီးဝိုင်းမန်နေဂျာ) ဖြစ်ချင်တဲ့
ကိုစန်း(ယခုသြစတေးလျ)
ဆိုတဲ့ပုဂ္ဂိုလ်ကြီးက
ပိုက်ဆံအကုန်ခံပြီး ဖွဲ့ခဲ့တာပါ။သူ့ရဲ့ငွေကြေးအကုန်ကျခံ
စိုက်ထုတ်မှုကြောင့်
အဖွဲ့သားတွေ သီချင်းစုတိုက်၊
ဂီတအကြောင်းဆွေးနွေး၊
ဂီတဗီဒီယိုတိတ်ခွေတွေကို
သူ့အိမ်မှာနေပြီး လေ့လာခွင့်ရခဲ့ပါတယ်။
ဂစ်တာသမားဖြစ်တဲ့ ကျွန်တော်ကတော့
အားလုံးထဲမှာ အငယ်ဆုံးပေါ့။
သူတို့လူကြီးတွေ စုရုံးပြီး၊
(၁၉)လမ်းမှာသွား၊
ဘီယာသောက် အပြင်းသောက်ကြရင်လည်း
ကျွန်တော်က ဘေးကလိုက် ထိုင်ရပါတယ်။
◾️အဲဒီမှာကျမှ

ကိုတော်မီရဲ့
တကယ့်ပရိသတ်တွေနဲ့
တွေ့ရတော့တာပဲ။

အမြည်းလိုက်ရောင်းသူ၊
စီးကရက်-ကွမ်းယာရောင်းသူ၊
အချဉ်ပေါင်းရောင်းသူ၊
မြေပဲပြုတ်ရောင်းသူ စတဲ့
ဘဝသမားတွေဟာ
ကိုတော်မီကိုတွေ့ရင်
တအားကို ခင်မင်လေးစားပြီးကို
လာနှုတ်ဆက်ကြပါတယ်။

ကိုတော်မီ့ပုံစံကိုက
သူတို့အမြင်မှာ
ဟီးရိုးဖြစ်နေတယ်ထင်ပါရဲ့။
ကိုတော်မီက
သူ့ကိုလာနှုတ်ဆက်တဲ့
အမာခံပရိသတ်တွေကို
တွေ့တိုင်း
ဖော်ဖော်ရွေရွေ ပြန်စကားပြောပါတယ်။

တစ်ခါတစ်ခါ အဲဒီပဂ္ဂိုလ်တွေက
“ကျွန်တော့်ကို မှတ်မိရဲ့လား” စသဖြင့်
ပြန်မေးရင်လည်း
တော်တော့်ကို (အတိအကျ)
ပြန်ပြောနိုင်ပါတယ်။
ဒါကြောင့်
လူတော်တော်များများကို
မှတ်မိတဲ့ ကိုတော်မီကြီးကို
ကျွန်တော် လေးစားမိလို့
မေးမိပါတယ်။

“ကိုတော်မီ တွေ့သမျှပရိသတ်တွေကို
မှတ်မိပြီး စကားပြန်ပြောနိုင်အောင်
မှတ်ဉာဏ်အရမ်းကောင်းပါလား။
ကျွန်တော်ဆိုရင်
အဲဒီလိုသာ လူအများကြီးနှုတ်ဆက်ရင်
မှတ်မိမှာ မဟုတ်ဘူး ” လို့ မေးမိပါတယ်။
သူက
“ ကိုယ်လည်း မမှတ်မိပါဘူး။
သူတို့နဲ့ တိုက်ဆိုင်မယ့်
စကားတွေပြန်ပြောပြီး
သိချင်ယောင်ဆောင်နေတာပါ” လို့
ရိုးရိုးသားသား ဝန်ခံပါတယ်

သူတို့ကို
တကယ်မှတ်မိတယ်ထင်ရအောင်ကို
ပရိယာယ်ကောင်းကောင်းနဲ့
စကားပြန်ပြောနိုင်တဲ့
ကိုတော်မီကြီးကြောင့်
သူ့ကိုနှုတ်ဆက်တဲ့
ပရိသတ်တွေကတော့ ဝမ်းသာကြတာပေါ့။
အဲဒါလည်း သူ့ရဲ့ပညာရပ် တစ်ခုပါပဲ။

◾️ဒီလိုနဲ့
ကျွန်တော်တို့ “မယ်တယ်ဆဲဗင်း”
အဖွဲလေးဟာ အလုပ်သိပ်မဖြစ်ပေမယ့်
အတွေ့အကြုံရအောင်ဆိုပြီး
သန်လျင်မြို့က
ဘုန်းကြီးကျောင်းတစ်ခုမှာ ပြုလုပ်တဲ့
အလှူပွဲတစ်ခုမှာ သွားတီးကြပါတယ်။
ညနေပိုင်းလောက်မှာ
သန်လျင်ဘုန်းကြီးကျောင်းကို
ရောက်ခဲ့ပြီး ခဏအနားယူကြတယ်။

တီးရမယ့်ညပိုင်းအချိန်ရောက်လာတော့
အဝတ်အစားလဲကြပေါ့။

ကိုတော်မီကတော့
သူ့ရဲ့ဝတ်စုံတိုင်း PEACE တံဆိပ်ကြီးပါတဲ့
အကျီင်္ တောင်ဝတ်ပါသေးတယ်။

( L.P.J) တေးဂီတအဖွဲ့
မရှိတော့တာကြာပေမယ့်
သူက
သူ့ဝတ်စုံကိုတော့
သိမ်းထားပုံရပါတယ်)

အဲဒီပွဲမှာ
ပွဲသိမ်းသီဆိုသူကတော့
ကိုတော်မီပဲပေါ့။

“Smoke on the water”
“High Way Star” စတဲ့
Deep Parple အဖွဲ့ရဲ့
Rock သီချင်းတွေကိုဆိုပြီး
ပွဲသိမ်းလိုက်ပါတယ်။

သူကလည်း
မဆိုရတာကြာပြီဖြစ်လို့
မုဒ်အပြည့်နဲ့ အားကုန်ဟစ်တာပါပဲ။
ပရိသတ်တွေကလည်း
အရမ်းအားပေးကြတာပေါ့။

ပွဲပြီးလို့
စင်ပေါ်ကအဆင်း
ဘုန်းကြီးကျောင်ကိုပြန်ကြတော့
လမ်းမှာလူငယ်တစ်ဖွဲ့ ထိုင်စောင့်ပြီး
ကိုတော်မီကို လာနှုတ်ဆက်ကြပါတယ်။

သူကလည်း
ထုံးစံအတိုင်း စကားပြန်ပြောပါတယ်။
အဲ့ဒီ လူငယ်တွေက
ကိုတော်မီကိုကြည့်ပြီး…
အားမလို၊ အားမရဖြစ်နေကြပုံရပါတယ်။

“ ကိုတော်မီ ကြိုးစားစမ်းပါဗျာ၊
ဇော်ဝင်းထွဋ် လေးဖြူတို့ကို
ကျော်နိုင်အောင် လုပ်စမ်းပါ။
တက်လမ်းရှိပါတယ်” ဆိုပြီး……

အခုမှ
ဒီလောကထဲ
စတီရီယိုသီချင်းစဆိုမယ့်
ဘိုးတော်ကြီးထင်ပြီး
(သူတီးခဲ့တဲ့ L.P.J ခေတ်ကို
မသိကြသူ ကလေးတွေပီပီ)
အတင်းတိုက်တွန်းနေကြတော့ကိုတော်မီကြီး
ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေတာကို
ကျွန်တော်က ကြိတ်ရယ်နေမိပါတယ်။

◾️ဒီလိုနဲ့ကျွန်တော်လည်းစတီရီယိုလောကထဲ
တစတစနဲ့ရောက်မှန်းမသိရောက်ခဲ့ရပြီး
ဂွတ္တလစ်ရပ်ကွက်မှာ ပြုလုပ်တဲ့
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ
ညပိုင်းစတိတ်ရှိုးမှာ
ကိုတော်မီနဲ့ပြန်တီးခွင့်ရခဲ့ပါတယ်။

ကျွန်တော်တို့တီးဝိုင်းတီးဖို့
(တီးခတ်မယ့်)လူ စုံနေချိန်နာရီဝက်လောက်အကြာမှာ
ပွဲစမယ်လို့ ပွဲစီစဉ်သူကပြောတုန်း၊
သူကဝေဘာဂီမြို့သစ်မှာနေတဲ့
သူ့မိသားစုကိုသွားခေါ်မယ်ဆိုပြီး
လုပ်ပါလေရော။

ပွဲလုပ်သူ
တာဝန်ခံတွေကလည်းတောင်းပန်၊
အချိန်နီးလို့မသွားပါနဲ့ဆိုလည်း မရ။သူကိုယ်တိုင်သွားခေါ်မယ်၊
ပွဲအမှီပြန်လာမယ်ဆိုပြီး
(မဖြစ်နိုင်မှန်းသိလျက်နဲ့)
အတင်းကိုတောင်းဆိုတော့တာပါပဲ။

ဒါနဲ့
စက်ဆရာတစ်ယောက်ကသူဘေ့စ်တီးတတ်ပါတယ်။
ကိုတော်မီမရောက်ခဲ့ရင်
ဝင်တီးပေးပါ့မယ်ဆိုတာနဲ့
စိတ်မချစွာသူ့ကိုပြန်လွှတ်လိုက်ပါတယ်။

နာရီဝက်လောက်
ကြာတော့လည်းမရောက်လာ။တစ်နာရီလောက်အထိ ကြာလာတော့
ပွဲစီစဉ်သူတွေက
စ,တီးခိုင်းပါတော့တယ်။

ကျွန်တော်လည်း
ဘေ့စ်သမား မရောက်လာသေးတော့ကိုရွှေစက်ဆရာကိုပဲဘေ့စ်တီးခိုင်းရပါတော့တယ်။
ကိုတော်မီ့ကိုလည်း စိတ်ဆိုးတာပေါ့။

အဖွင့်တီးလုံး
စ,တီးလို့ “ဆိုလို” အပိုဒ်ကျွန်တော်လည်း
စင်အရှေ့ကိုသွားပြီး အပီအပြင်တီးရော
ဘေ့စ်သံလုံးဝမကြားရတော့ပါဘူး။

ဒါကြောင့်…
ကျွန်တော်လည်းစိတ်ပူပြီး
နောက်လှည့်ကြည့်လိုက်တော့
ဘေ့စ်ဂစ်တာကြီးက
စင်ပေါ်မှာထောင်ရက်သားကြီးနဲ့ ရှိနေပြီး
တီခတ်ပေးတဲ့
ကိုရွှေစက်ဆရာကစင်အောက်မှာ
အသံတွေကို စိတ်ပါလက်ပါ ချိန်နေပါတယ်။
(ဘေ့စ်တီးတာ သူ့အလုပ်မဟုတ်တော့
ပစ်ထားခဲ့တာပေ့ါ)

ကျွန်တော့်မှာဘေ့စ်အသံမကြား၊ တီးမယ့်သူမရှိဘဲ
လည်ပင်းရှည်မတတ်
သူ့ကိုမျှော်ရပါတော့တယ်။

လာတာကလည်းကြည့်ပါဦး။
ဟီးနိုးကားကြီးတစီးလုံးအပြည့်
သူတို့ဝေဘာဂီမြို့သစ်က
ဝါသနာရှင်ပွဲကြည့်မယ့်သူတွေကို
သူကဦးဆောင်ပြီး ခေါ်လာတာပါ။

◾️ပွဲပြီးချိန်မှာသူ့ကိုကျွန်တော် စိတ်မကြည်မလင်ဖြစ်ပြီး”ဘာလို့ ဝေဘာဂီ ပြန်သွားတာလဲ” လို့
မေးမိပါတယ်။

သူက (ပြန်ဖြေပါတယ်)

“ ကိုယ်ပြန်ခေါ်မှဖြစ်မှာ၊
တီးဝိုင်းကြည့်ချင်တဲ့ ဝေဘာဂီက
သူငယ်ချင်းအပေါင်းအသင်းတွေကို
ကိုယ်ပြန်မခေါ်ရင်
ဘယ်သူမှဒီလောက်အများကြီး
ခေါ်လာခွင့်ပေးမှာမဟုတ်ဘူး။
ခေါ်ချင်ကြမှာ မဟုတ်ဘူး” လို့
မျက်နှာညိုးငယ်စွာ ပြန်ပြောပါတယ်။

◾️အဲဒီလို
သူငယ်ချင်းဝါသနာရှင်တွေကို
ခင်မင်တတ်တဲ့
သူ့ကိုကြည့်ပြိး
ကျွန်တော် တော်တော့်ကို
စိတ်မကောင်းဖြစ်သွားမိပါတယ်။

ကျွန်တော်တို့ရဲ့အငြိုအငြင်ကိုခံပြီး
စတိတ်ရှိုးကြည့်ချင်တဲ့သူ့ရပ်ရွာကလူတွေကို
အလေးပေးဂရုစိုက်တဲ့သူ့ကိုဘာကြောင့်ပရိသတ်တွေ ချစ်ကြသလဲဆိုတာကိုကျွန်တော်ကိုယ်တိုင်
အတွေ့အကြုံအရသိခွင့်ရခဲ့ပါတယ်။

(မတွေ့ဖြစ်တာ တော်တော်ကြာပြီဖြစ်တဲ့
ဝေဘာဂီမြို့နေ ဘေ့စ်ဂစ်တာသမားကြီး
ဆရာ(ကို)တော်မီကျော်နိုင်အတွက်
အမှတ်တရ)

✡️ နိုင်ဇော်(Lazy Club)

✡️ (၇)ရက်၊ မေလ၊ ၂၀၀၈ ခုနှစ်ထုတ်၊
✡️ နံနက်ခင်းသတင်းဂျာနယ်
✡️ အမှတ်စဉ် Vol.3 No.241

✡️ Photo – ၇၀ ၈၀ ၉၀ ခုနှစ် သီချင်းသည်များ

Art Diary Myanmar မှ ကူးယူသည်

Leave a Reply

Your email address will not be published. Required fields are marked *