Story

ထူးဆန်းသော ဥပဒေ

တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ.. ထူးဆန်းတဲ့ဥပဒေတစ်ခုကို ပြဌာန်းထားခဲ့တယ်…

ဥပဒေအရ.. ယောက်ျားတိုင်းဟာ ဘုရင်ဖြစ်နိုင်ပြီး တိုင်းပြည်ကို (၅) နှစ်အုပ်ချုပ်ခွင့်ရှိတယ်… အဲဒီနောက်ဘုရင်သက်တမ်းကုန်ဆုံးတဲ့အခါမှာတော့ သူ့ကို တုပ်နှောင်ပြီး သားရဲထူထပ်ပြီး လူတစ်ဦးတစ်ယောက်မှမရှိတဲ့.. ကျွန်းတစ်ကျွန်းကို (တစ်ကျွန်းပို့) စေတာပဲဖြစ်တယ်..

 

အဲဒီလိုနဲ့ တိုင်းပြည်မှာရှိတဲ့ ယောက်ျားများဟာ ဘုရင်အဖြစ်ကို တစ်ယောက်ပြီးတစ်ယောက် ရယူခဲ့ကြတယ်…

ပထမဘုရင်တစ်ယောက်နန်းတက်ခဲ့တယ်… သူဟာဘုရင်မဖြစ်ခင်ကတည်းက.. စည်းစိမ်ခံစားဖို့ ရည်ရွယ်ထားခဲ့တယ်…သူဟာ ခမ်းနားတဲ့ကပွဲသဘင်တွေဆင်ယင်တယ်… လှပခမ်းနားတဲ့.. နေရာတွေတည်ဆောက်အပန်းဖြေတယ်… မိန်းမတွေအများကြီးကို လက်ထပ်တယ်.. ဇိမ်ခံပစည်းတွေနဲ့ သူ့စိတ်တောင်းဆိုရာအရာမှန်သမျှကို အတားအဆီးမရှိလုပ်ခဲ့တယ်…

အဲဒီလို ထင်သလိုလုပ်ခဲ့ပြီး အချိန်ငါးနှစ်တာဟာ သူသတိမထားမိဘဲ.. စည်းစိမ်ချမ်းသာတွေကို ခံစားရင်း ကုန်ဆုံးသွားခဲ့တယ်…

 

နောက်တစ်နေ့မနက်မှာတော့ ဘုရင်အိပ်ရာကနေနိုးလာတုန်း စစ်သည်တွေရောက်လာခဲ့တယ်

“ကျွန်ုပ်တို့ဟာ တိုင်းပြည်ရဲ့ ဥပဒေအရ သင့်ကိုလာရောက် ခေါ်ဆောင်တာဖြစ်တယ် သင်ဟာ ငါးနှစ်တာကာလဘုရင်လုပ်ပြီးပြီဖြစ်တဲ့အတွက်… သင့်ကိုဖမ်းဆီးပြီး တစ်ကျွန်းပို့ရလိမ့်မယ်”

ဘုရင်ဟာ အံ့သြခြင်းတော့မဖြစ်ခဲ့ဘူး..သူဒီလိုပဲအဆုံးသတ်ရမယ်ဆိုတာ အစကတည်းကသူ သိထားခဲ့တယ်.. ဒါကြောင့်လည်း သူဟာ ငါးနှစ်အတွင်း အမြင့်မားဆုံးစည်းစိမ်တွေကို ခံစားခဲ့ပြီးပြီဖြစ်တယ်.. ဒါပေမယ့် သားရဲတိရစာန်ထူပြောတဲ့ကျွန်းမှာနေရမှာကိုတော့ သူကြောက်နေခဲ့တယ်.. သူသေကြေပျက်စီးရတော့မယ်..

 

အဲဒီလိုနဲ့ ဘုရင်ဟာ..ကြောက်ရွံ့ပြီး ငိုကြွေးခဲ့တယ်.. သူငိုနေပေမယ့်လည်း ဘယ်သူမှမရှိတဲ့ သားရဲကျွန်းမှာ တစ်ယောက်တည်းပဲအော်ဟစ်ရင်းနေခဲ့ရတော့တယ်..

ဒီလိုနဲ့ နောက်ထပ်ဘုရင်တစ်ပါးတက်ပြန်တယ်… သူဟာလည်းပဲ.. အသုန်းအဖြန်းကြီးစွာနဲ့ပဲ စည်းစိမ်ခံစားရင်း ကုန်လွန်ခဲ့ပြန်တယ်.. ပထမဘုရင်သွားရာနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်ခဲ့ရပြန်တယ်…

 

ဒီလိုနဲ့ ဘုရင်တွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲလာခဲ့တယ်.. အစပိုင်းမှာ ရယ်ရွှင်မြူးထူးခြင်းန့စပြီး.. ငိုကြွေးခြင်းနဲ့အဆုံးသတ်ရတဲ့.. ခရီးတွေပဲပေါ့..

 

အဲဒီနောက်မှာတော့ လူငယ်လေးတစ်ဦးဟာ.. ဘုရင်အဖြစ်ကိုရောက်လာခဲ့တယ်… သူလည်းပဲ ပထမဘုရင်တွေလိုပဲ တူညီတဲ့အခွင့်အရေးရခဲ့တယ်..။ စည်းစိမ်ခံစားခွင့်လည်းရလာခဲ့တယ်။ ဒါပေမယ့် သူဟာ ငါးနှစ်ဆိုတဲ့အချိန်ကို အဓိပါယ်ရှိစွာ ကုန်လွန်ဖို့ပဲတွေးတောခဲ့တယ်.. သူ့ဘ၀အဆုံးသတ်ရမယ့် သားရဲထူးထပ်တဲ့ကျွန်းကို သူရောက်တဲ့အခါ အဆင်ပြေစေဖို့ ကြိုတင်စီစဉ်မှုတွေ ပြုလုပ်ခဲ့တယ်….

 

ပထမနှစ်မှာ ဘုရင်ကြီးဟာ စီမံကိန်းတစ်ခု ချမှတ်ခဲ့တယ်.. သူဟာ စစ်သည်ရဲမက်တွေ.. တိရစာန်လေ့ကျင့်ပေးတဲ့နေရာမှာကျွမ်းကျင်သူတွေ ကိုအတူတွဲပြီး သားရဲကျွန်းကိုလွှတ်ခဲ့တယ်.. အဲဒီလိုနဲ့သားရဲကျွန်းက တိရစာန်ရိုင်းတွေ ပပျောက်ပြီး လူတွေအတွက် အကျိုးရှိမယ့် အိမ်မွေးတိရစာန်တွေ ဖြစ်လာကြတယ်… သူ့ရဲ့စီမံကိန်းဟာ ငွေကြေးကုန်ကျ များပြားခဲ့ပေမယ့်လည်း.. ပထမဘုရင်တွေသုံးဖြုန်းတာကိုတော့ မမှီသေးဘူး..

ဘုရင်ကြီးဟာ စနစ်တကျ စီမံကွပ်ကဲခဲ့တာကြောင့် စီမံကိန်းဟာ စနစ်တကျပဲအောင်မြင်ခဲ့တယ်..

 

ဒုတိယနှစ်မှာတော့ ဘုရင်ကြီးဟာ လယ်ယာစိုက်ပျိုးသူတောင်သူတွေကို သားရဲတွေမရှိတော့တဲ့ သားရဲကျွန်းကိုပို့ပြန်တယ်.. တောင်သူတွေဟာ ကြီးမားတဲ့သီးနှံစိုက်ခင်းတွေ၊ လယ်ယာတွေကို စိုက်ပျိုးလုပ်ကိုင်ကြတယ်။

 

တတိယနှစ်မှာတော့ သူဟာ ကျွန်းရဲ့အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဓါတ်အားပေးဌာနတွေ၊ လမ်းတွေ၊ တံတားတွေကို တည်ဆောက်တယ်…

 

စတုတနှစ်ကိုရောက်တဲ့အခါမှာတော့.. အင်ဂျင်နီယာ၊ စာရင်းကိုင်၊ ဆရာ၀န် စတဲ့ အတတ်ပညာရှင်တွေအကုန်လုံးကို.. ကျွန်းကိုပို့ပြန်တယ်…

နောက်ဆုံးနှစ်မှာတော့သူဟာ.. သူ့ရဲ့အဆွေအမျိုးအပေါင်းအသင်း မိတ်ဆွေတွေကို တစ်ကျွန်းပို့ခဲ့တယ်..

နောက်ဆုံးတော့ သူ့ရဲ့အလှည့်လည်းရောက်လာခဲ့တယ်… ငါးနှစ်တာကာလ ကုန်ဆုံးပြီဖြစ်လို့ရဲမက်တွေဟာ သူ့ကို တုပ်နှောင်ပြီးတစ်ကျွန်းကို ပို့ခဲ့ကြတယ်..

အဲဒီအခါဘုရင်ကြီးက ကျေနပ်စွာ ပြုံးပျော်ပြီး လိုက်ပါသွားခဲ့တယ်..။ သူ့အတွက်သာယာတဲ့ နိုင်ငံသစ်တစ်ခုက အသင့်စောင့်ကြိုနေလို့ပါပဲ…။

 

အဲဒီပုံပြင်လေးက ကျွန်တော်တို့ကို သတိပေးထားတာတွေရှိတယ်.. ကျွန်တော်တို့တွေဟာ.. ပထမဘုရင်တွေလိုပါပဲ.. ဘ၀ကို ကိုယ်စိတ်တိုင်းကျ သာယာစွာဘဲဖြတ်သန်းချင်ကြတယ်.. စိတ်အလိုကိုလိုက်ရင်းပျော်ရွှင်မှုတွေနဲ့သာကုန်လိုကြတယ်.. အဆုံးသတ် ဘ၀ကူးချိန်မှာတော့ မောဟနဲ့ဖြတ်သန်းခဲ့ခြင်းရဲ့ ဒဏ်ကို ခံကြရတယ်။ အကုသိုလ်တွေကို နောင်ဘ၀ တစ်ကျွန်းအထိ ယူဆောင်သွားကြတယ်…။ ပညာရှိတွေကတော့ ဒီလိုမဟုတ်ဘူး.. ကုသိုလ်တရားကို အမြဲတမ်းလက်ကိုင်ထားပြီး နောင်ဘ၀အတွက် အနာဂါတ်အတွက်ပြင်ဆင်ကြတယ်…အဲဒီအတွက် အချိန်၊ ငွေကြေးကုန်ကျမှုတွေတော့ ရှိကောင်းရှိမယ်.. ဒါပေမယ့် သူတို့အတွက် ကောင်းသောအနာဂါတ်.. ကောင်းသောဘုံဘဝတွေလည်း စောင့်ကြိုနေပေလိမ့်မည်။

 

Credit – မူရင်း

Leave a Reply

Your email address will not be published. Required fields are marked *