Novel

ဒုတိယမေမေ

————-

ဆရာ ကိုခင်ထွန်းက ကျွန်တော့်ကို နောက်ထပ်အိမ်ထောင်ပြုတော့မည်ဟု ပြောသည့်အခါတွင် အတော်လေး အံ့အားသင့်သွားမိပါသည်။

 

“ခင်ထွန်းရယ် … မင်းမိန်းမသေတာမှ တစ်နှစ်တောင် မပြည့်သေးတာ။ အိမ်ထောင်ထပ်ပြုရတယ်လို့ကွာ”

 

“ဆရာ ကျွန်တော်က မိန်းမ မရှိရင် မနေတတ်ဘူး။ တစ်မျိုးမထင်ပါနဲ့ဆရာ … မအေးချစ် သေသွားပြီးကတည်းက ကျွန်တော်နဲ့ သမီးလေး ဒုက္ခအရမ်းရောက်တယ်ဆရာ။ နေရေး ထိုင်ရေး စားရေး သောက်ရေး တစ်ခုမှ အဆင်မပြေဘူး။ ကျွန်တော့်ကြောင့်လို့ မထင်ပါနဲ့ဆရာ။ သမီးလေးအတွက် နောက်ထပ် အိမ်ထောင်ပြုလိုက်ရတာပါ”

 

“ရှိပါစေတော့ကွာ … ငါကတော့ သမီးလေး မြနှင်းပုံကိုပဲ သနားနေတာ”

 

“ဟုတ်ပါတယ်ဆရာ ကျွန်တော်လည်း သမီးလေးက သူ့မိခင်ကို လွမ်းနေမယ်ထင်လို့ အိမ်ထောင်ပြုလိုက်ရ တာပါ”

 

“အေး တစ်ခုပဲ … မင်း နောက်မိန်းမက မြနှင်းပုံလေးကို ကြည်ဖြူရဲ့လားကွယ်”

 

“ကြည်ဖြူပါတယ်ဆရာ … သူက သမီးလေးတစ်ယောက်လို ချစ်တာပါ”

 

“အေးပါ … ကလေးအတွက် နောက်အိမ်ထောင်ပြုလိုက်ရတယ်ဆိုရင် သမီးလေး မြနှင်းပုံ စိတ်ဒုက္ခမရောက် ပါစေနဲ့ကွာ”

 

“ဟုတ်ကဲ့ပါဆရာ”

 

ဆရာကိုခင်ထွန်းတစ်ယောက် ပြောင်းလဲသွားသည်။ သူ့ပထမဇနီးကွယ်လွန်သည့်အခါတွင် ဖြစ်သလိုနေ၊ ဖြစ်သလိုစားသည့်အပြင် အရက်သမားဘဝရောက်သွားမည်လားဟုပင် စိုးရိမ်ရသည်။ ယခု နောက်ထပ် အိမ်ထောင်ကတော့ စည်းကမ်းရှိပုံပေါ်သည်။ သူ့အနေအထိုင် ပြောင်းလဲသွားသည်။ အဝတ်အစားတွေလည်း သပ်သပ်ရပ်ရပ်နှင့် ဖြစ်လာသည်။

 

သမီးလေး မြနှင်းပုံသည် အသက် ၇ နှစ်သာရှိသေးသည်။ ကိုခင်ထွန်း ကျောင်းကို မကြာခဏခေါ်လာတတ် သည်။ ကလေးက သူတို့အိမ်နားက ကျောင်းတွင်ထားသည်ဖြစ်ရာ ကျွန်တော်က ကိုခင်ထွန်းကို ဤကျောင်းတွင် ပြောင်းထားရန်ပြောသည်။ သို့သော် မိုးတွင်းကာလ သမီးလေးကို စက်ဘီးနှင့် ခေါ်လာရ မည်မှာ ဝေးသည့်အပြင် အအေးမိမည်စိုးသည်ဆိုကာ ကျောင်းပြောင်းထားခြင်း မရှိပေ။

 

ကိုခင်ထွန်းက သူ့မိခင်ကြီးကို ပထမဇနီးကွယ်လွန်ပြီးနောက်သူနှင့်အတူ ခေါ်ထားသည်။ ယခု နောက် အိမ်ထောင် ပြုလိုက်သည့် အခါတွင် မိခင်ကြီးက နောက်မိန်းမကို သဘောမကျဆိုကာ ပြန်သွားသည်။

 

တစ်နေ့ ဆရာကိုခင်ထွန်းက

 

“ဆရာ … ဒီညနေ ကျွန်တော်တို့အိမ်မှာ ထမင်းလိုက်စားပါလား”

 

“ဘာဖြစ်လို့လဲ”

 

“ကျွန်တော့် မိန်းမနဲ့လည်း မိတ်ဆက်ပေးချင်တာကြောင့်ပါ”

 

“အေးပါ … ငါလည်း မြနှင်းပုံလေးနဲ့ မတွေ့ရတာကြာနေပြီ။ ငါ့သမီးလေးကို တွေ့ချင်နေတာနဲ့ အတော်ပဲ”

 

ထိုနေ့က ကျွန်တော် ကိုခင်ထွန်းအိမ်ကို ညစာလည်းစားရင်း၊ သူ့ဇနီးနှင့်လည်း တွေ့ရင်း၊ သမီးလေး မြနှင်းပုံ ကိုလည်း လက်ဆောင်ပေးရင်း ရောက်လာသည်။ ကိုခင်ထွန်း ဒုတိယအိမ်ထောင် မင်္ဂလာပွဲကို အကျဉ်းရုံးကာ ရုံးတွင် လက်မှတ်ထိုးကြသည်။ ထိုပွဲကို ကျွန်တော် မတက်ခဲ့။ သင်တန်းတစ်ခုကို ရောက်နေသောကြောင့် ဖြစ်သည်။

 

ကိုခင်ထွန်းအိမ်တွင် သူ့ဇနီးနှင့်တွေ့ကြသည်။ သူ့အမည်က မဝေဝေမြင့်ဖြစ်သည်။ ကိုခင်ထွန်းထက် အသက်ကြီးပုံပေါ်သည်။ မျက်နှာတည်တည်နှင့် ဖော်ရွေပုံသိပ်မပြ။ ဝတ်ကျေတန်းကျေ နှုတ်ဆက်ပြီး ကျွန်တော်တို့ကို ညစာကျွေးသည်။

 

ကျွန်တော်ကလည်း သမီးလေး မြနှင်းပုံအတွက် ဝယ်လာသော အရုပ်ကိုပေးပြီး

 

“သမီးလေး အရုပ်ကြိုက်လား”

 

“ကြိုက်တယ် ဘဘ … ကျေးဇူးတင်ပါတယ်”

 

ကျွန်တော်က ဘေးပတ်လည်ကိုကြည့်ရင်း

 

“သမီးလေးကို တစ်ခုလောက် ဘဘမေးမယ်”

 

“ဟုတ်ကဲ့”

 

“သမီး ပထမ မေမေနဲ့ ခုမေမေ ဘယ်သူ့ကို ပိုချစ်သလဲ”

 

သမီးလေးက တုံ့ဆိုင်းခြင်းမရှိ ဖြေလိုက်သည်။

 

“ဒီမေမေကို ပိုချစ်တယ်”

 

ကလေးက သူ့အဖေကိုကြည့်ပြီး ပြောလိုက်ခြင်းဖြစ်သည်။ ကျွန်တော့်ဘေးတွင် ထိုင်နေသော ကိုခင်ထွန်းက ပြုံးပြုံးကြီးဖြစ်သွားသည်။ ကျွန်တော်ကလည်း ဝေဝေမြင့် မရှိသဖြင့် ကလေးကို ဆက်မေးသည်။

 

“ဘာဖြစ်လို့ ဒီမေမေကို ပိုချစ်ရတာလဲကွယ်”

 

“မေမေချစ်က လိမ်တတ်တယ် … မေမေဝေကတော့ မလိမ်တတ်ဘူး”

 

“ဟုတ်လား … မေမေချစ်ကလိမ်တယ်”

 

“ဟုတ်တယ် … မေမေချစ်က သမီး အိမ်အောက်ဆင်းကစားရင် ထမင်းမကျွေးဘူးလို့ ပြောတယ်။ ဒါပေမဲ့ အဲဒါ မေမေချစ်လိမ်တာ။ သမီးကို ခဏနေရင် အိမ်ပေါ်ကို ပြန်ခေါ်လာပြီး ထမင်းကျွေးတာပဲ”

 

“ဟုတ်လား … ဒီမေမေကရော”

 

“ဒီမေမေက မလိမ်တတ်ဘူး … သူက သမီးကို အိမ်အောက်ဆင်းဆော့ရင် ထမင်းမကျွေးဘူးလို့ ပြောတယ်။ သူပြောရင် မလိမ်ဘူး။ သမီးက မနက်တုန်းက အိမ်အောက်ဆင်းဆော့တယ်။ သမီးကို မနက်ကလည်း ထမင်း မကျွေးဘူး။ နေ့လယ်ကလည်း ထမင်းမကျွေးဘူး။ ခုလည်း ညစာမစားရဘူးတဲ့။ ဒီမေမေက လိမ်မပြောဘူး”

 

“ဒါဆို သမီးခုထိ ဘာမှ မစားရသေးဘူးပေါ့”

 

“မစားရသေးဘူး … စားရင် ရိုက်မှာတဲ့ … ဒီမေမေက မလိမ်ဘူး … တကယ်ရိုက်မှာ သမီးကြောက်တယ်”

 

ကျွန်တော်က ကိုခင်ထွန်းကို ကြည့်လိုက်သည်။

 

“ခင်ထွန်းရေ … ကလေးဆိုတာ ဘယ်တော့မှ မလိမ်ဘူးကွ … သိလား။ ငါပြန်တော့မယ်။ မင်း နားလည်ပါ။ ငါ့သမီးလေးကို စိတ်မဆင်းရဲပါစေနဲ့”

 

ကျွန်တော် စိတ်မကောင်းစွာနှင့် ပြန်လာခဲ့ပါသည်။

 

တင်ညွန့်

 

၂.၁၀.၂၀၂၄

Leave a Reply

Your email address will not be published. Required fields are marked *