Novel

အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၁၊၂

– ပတ္တမြားခင်

အပိုင်း (၁)

အတိတ်ဆိုတာ တကယ်ကတော့ စိတ်အာရုံနဲ့ အသည်းနှလုံးမှာ စွဲထင်ကျန်ခဲ့ရစ်တဲ့ ဘ၀ရဲ့ပုံရိပ် အစိတ်အပိုင်း ကလေးတွေကို မှတ်မှတ်ရရ ဖြစ်နေခြင်းပါပဲ။
လူတိုင်း လူတိုင်းမှာ စွဲလမ်းမက်မောစိတ်နဲ့ တသသ ဖြစ်စရာကောင်းတဲ့ လှပတဲ့ အတိတ်ကလေး တွေ ရှိသလို အိပ်မက်ဆိုးလို ပြန်ပြီးတွေးချင်စရာ မကောင်းတဲ့ ချောက်ချားစရာအတိတ်မျိုးတွေ လည်းရှိကြတာပါပဲ။
လူ့ဘ၀ ဆိုတာ နေရတဲ့ နှစ်ကာလတွေ ကြာလာလေ မှတ်မှတ်ရရ ဖြစ်နေတဲ့ အတိတ်ပုံရိပ် ပန်းချီ ကားတွေ အမြောက်အမြား စုမိဆောင်းမိ ဖြစ်လာလေ မဟုတ်လားနော်။ အခု ကျွန်မရဲ့ အသက်က လည်း (၇၀)ကျော်လာပြီ ဆိုတော့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်လမ်း၊ အတိတ်ခရီး၊ အတိတ်နယ်မြေက ရှည်းလျား ကျယ်၀န်းရုံမကဘူး။ မှတ်မှတ်ရရ ပုံရိပ်ပန်းချီကားတွေကလည်း အမြောက်အမြား ဖြစ်လာပြီး ပြောရရင် ဧရာမ အနုပညာ ပန်းချီပြခန်းကြီးတစ်ခုကို ပိုင်ဆိုင်ထးသလို ခံစားမိပါတယ်။

အဲဒီ ကျွန်မတစ်ဦးတည်းပိုင် အတိတ်လမ်း၊ အတိတ်နယ်မြေလေးဟာ နှစ်ကာလ ဘယ်လောက်ကြာသွားလည်း အပျက်အစီးမရှိ အစဉ်တည်မြဲလျက်ပါပဲ။ ဘ၀ပုံရိပ် ပန်းချီကားတွေကလည်း ကျွန်မရဲ့ ဘဝပြခန်းကြီးထဲမှာ သူ့နေရာ နဲ့သူ အထားအသိုမပျက် ချိတ်ဆွဲလျက်ပဲ စိတ်ကူး ရတဲ့အခါတိုင်း အတိတ်လမ်းကို ပြန်လျှောက်ရင်း ဘ၀ပုံရိပ် ပန်းချီကားတွေ ရဲ့ ရှေ့ကို ရောက်သွား တတ်ပါတယ်။
ကြည်နူး ချမ်းမြေ့စရာကောင်းတဲ့ ပန်းချီကားရှေ့ ရောက်တဲ့အခါလည်း ဘ၀ရဲ့လှပခဲ့တဲ့ ပုံရိပ်က လေး ပါလားဆိုပြီး ရင်မှာ နှစ်သိမ့်ပီတိတွေ စိမ့်ရ၊ မုန်တိုင်းတွေထန် လှိုင်းလုံးတွေထပြီး ကိုယ့်လှေ ကလေး မှောက်တော့မယ့် မြင်ကွင်း တွေ့ရပြန်တော့လည်း လွတ်မြောက်အောင် အားသွန်ရုန်းကန် လှုပ်ရှားခဲ့ရ တဲ့ ပုံရိပ်ကလေးဖြစ်လို့ ရင်တွေတုန် နှလုံးခုန် ဖြစ်ရတာလည်း ရှိရဲ့ပေါ့။

ပန်းချီကားရဲ့ ပုံရိပ်တိုင်းဟာ ကိုယ့်ဘ၀ရဲ့ အတွေ့အကြုံ၊ အမှတ်အသား သင်္ကေတတွေပဲလေ။ အောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေ၊ ယူကျုံးမရ ကြေကွဲရင်နာရမှုတွေ၊ ဆုံစည်း ရခြင်း၊ ကွေကင်းရခြင်းတွေ၊ ချမ်းသာသုခနဲ့ ဆင်းရဲဒုက္ခရောက်ရခြင်းတွေ၊ မကျွမ်းကျင်မှု၊ ကိုယ့်ရဲ့ ညံ့ဖျင်းမှုတွေ၊ ဆင်ခြင်တုံတရား ကင်းမဲ့ ခဲ့တဲ့ အမှားအယွင်းတွေနဲ့ လောကဓံတရားရဲ့ အစမ်းသပ် ခံအဖြစ် စာမေးပွဲ၀င်ရင်း အမှတ်ကောင်းကောင်း နဲ့ အောင်ခဲ့တာလည်းရှိ၊ ခွက်ခွက်လန်အောင် ရှုံးခဲ့ တာလည်းရှိ။ ကျွန်မရဲ့ အတိတ်လမ်းပေါ်က ပန်းချီပြခန်းကြီးက အခါခါကြည့်လေ၊ စိတ်အာရုံမှာ ရသစုံ အမျိုးမျိုး ခံစားရလေပါပဲ။

အတိတ်လမ်းကို ပြန်လျှောက်ရင်း အသိတရားတွေလည်း တစ်နှစ်ထက် တစ်နှစ်ပိုပြီးရင့်ကျက်လာတာပေါ့။ ငယ်ငယ်တုန်းကလည်း ကြောင်းကျိုးဆက်စပ်နေတဲ့ ဗုဒ္ဓရဲ့ တရားတော်ကို လေးလေးနက်နက်သိထားတာ မဟုတ်တော့ ကိုယ်ခံလိုက်ရရင်ပဲ အမယ်လေးဟဲ့၊ ရက်စက်လိုက်ကြတာဆိုပြီး သူတစ်ပါးကိုသာ အပြစ်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သနားနေလိုက်သေးတာနော်။ တကယ်ကတော့ အားလုံးသော ဖြစ်ပျက်မှုတွေဟာ မိမိပြုခဲ့ဖူးတဲ့ ကံတရားလည်းပါ၊ ကိုယ်ကိုယ်တိုင်ရဲ့ အသုံး မကျမှု၊ ညံ့ဖျင်းမှု၊ ဆင်ခြင်တုံတရားမဲ့မှုတွေရဲ့ အကြောင်းရင်းဆိုတာအခုမှ မြင်တတ်သွားတော့ အကုသိုလ်မပွားဘဲ ခံနိုင်ရည်စွမ်းလည်း ပိုရှိလာပါတယ်။ ရင့်ကျက်ဖို့ဆိုတာကလည်း အတွေ့အကြုံနဲ့ အချိန်ကာလသာ အကျိုးပြုနိုင်တာ မဟုတ်လားနော်။

ဘာလိုလိုနဲ့ ကျွန်မရဲ့မွေးနေ့ကို ရောက်ဖို့ တစ်လပဲ လိုပါတော့တယ်။ မွေးနေ့ဆိုတာ ကိုယ်တစ်ဦးတည်းနဲ့ သက်ဆိုင်တဲ့ နှစ်သစ်လို့ ဆိုထားတာမို့ နှစ်ဟောင်းက မကောင်းတာတွေအားလုံးကို စွန့်ပစ်ပြီး နှစ်သစ် နဲ့ညီစွာ ကောင်းတာတွေ ရှာကြံဦးတည်ရမယ်လေ။ ပညာရှင် “ဆိုကရေးတီး”က ကိုယ်လျှောက်ခဲ့တဲ့ ဘ၀ခရီး ကို ပြန်ပြီး မလေ့လာ၊ မသုံးသပ်သူဟာ လူဖြစ်ရှုံးခြင်းပဲတဲ့။
သူပြောသလို လူဖြစ်ရှုံးမခံနိုင်တာနဲ့ အတိတ်လမ်းကို ကျွန်မခဏခဏပြန်လျှောက်ရင်း သုံးသပ်မိ တယ်ဆိုရင် မမှားပါဘူး။ အတိတ်လမ်းပေါ်မှာ ရှိခဲ့ဖူးတဲ့အမုန်းတွေ၊ မကျေနပ်မှုတွေ၊ ခံရခက်ခြင်းနဲ့ တေးထားတဲ့ အတွေးတွေ၊ မာနရောက်မှုတွေ ဆိုတဲ့ စိတ်ရဲ့ အမှိုက်သရိုက်တွေကို လိုက်ကောက်ပြီး အမှိုက်ပုံးထဲ အကုန်လုံး ကျုံးပြီး ထည့်၊ ခွင့်လွှတ်ခြင်းဆိုတဲ့ တံမြက်စည်းနဲ့ ကျွန်မရဲ့ စိတ်လည်း ကြင်လင်ရွှင်လန်းသွားတာပါပဲ။

ကျွန်မရဲ့ မွေးနေ့သစ်မှာ ဆက်လျှောက်ရဦးမဲ့ “အနာဂတ်”ဆိုတဲ့ မှတ်တိုင်လေးနဲ့လမ်းကို လှမ်း မျှော်ကြည့်လိုက်တော့ ၀င်ရမဲ့ လမ်းထိပ်မှာ “သင် လုပ်ဆောင်ရန်”ဆိုတဲ့ ဧရာမ ဆိုင်းဘုတ်ကြီးကို မြင်လိုက်မိပြန်ပါရော။
“ဟောတော့….လုပ်ဆောင်ရမဲ့ တစ်၊ နှစ်၊ သုံး၊ လေးတွေကလည်း အများကြီးပါလား။ ငါ့မှာ နေရမဲ့ အချိန်ကလည်း ဘာမှမကျန်တော့ဘူး။ အဲဒါ ဒုက္ခလို့ တစ်ယောက်တည်း ညည်းညူမိရပါတော့ တယ်။”
“ပေးထားဖူး တဲ့ ကတိစကားတွေ၊ တာ၀န်ယူစောင့်ရှောက်ရမဲ့၀တ္တရားတွေ၊ တုံ့ပြန်ရမယ့် ကျေးဇူး တရားတွေ၊ မေတ္တာအကြင်နာတွေနဲ့ လူသားချင်း ရိုင်းပင်းရမဲ့ ကိစ္စတွေ၊ ကိုယ်ကိုယ်တိုင် အသိဥာဏ် တိုးတက် ရင့်ကျက်မှုအတွက် လေ့လာလိုက်စားရမယ့် ပညာဗဟုသုတတွေ၊ ကိုယ်ခန္ဓာရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် စောင့်ရှောက်ရမဲ့ ဆောင်ရွက်မှုတွေ၊ နောက်ဆုံး ဘ၀ကူး ကောင်းဖို့ ကျင့်ကြံအားထုတ်ရမဲ့ ဘာ၀နာတွေ”
“အလိုလေး…ငါဘယ်လိုလုပ် အချိန်ရှာရပေါ့”လို့ စာရင်းကြီးကို ကြည့်ပြီး စိတ်မောရပါတော့တယ်။

“နံပါတ်တစ်၊ ပေးထားပြီးသား ကတိစကားတွေ”

ဟုတ်ပါရဲ့။ ကျွန်မမှာ ပေးထားပြီးသား ကတိစကားကြွေးတစ်ခု ရှိနေပါတယ်။ ပထမဦးဆုံးကတိပေးမိသူ ကတော့ ကျွန်မရဲ့ကျေးဇူးရှင်လည်းဖြစ်၊ မောင်ငယ် တစ်ယောက်ကိုလည်း ချစ်ရတဲ့ စန္ဒာမဂ္ဂ ဇင်းပိုင်ရှင် ရုပ်ရှင်မင်းသား ကို၀င်းဦးပါ။
စန္ဒာမဂ္ဂဇင်းမှာ ဆောင်းပါးတွေ လစဉ်မပြတ် ရေးပေးနေချိန်မှာ ကို၀င်းဦးက တောင်းဆိုမှု တစ်ခုပြု ပါတယ်။ ကျွန်မရဲ့အတိတ်လမ်း၊ အတိတ်ခရီး၊ အတိတ်နယ်မြေကို ကျွန်မတစ်ယောက်တည်းချည်း ပြန်လျှောက်ရင်း ခံစားမနေပါနဲ့။ ကျွန်မကို ချစ်ကြတဲ့ ချစ်ပရိသတ်ကိုလည်း ခွဲဝေခံစားသင့်ပါတယ်။ အတူတူခေါ်သွားပြီး ကျွန်မရဲ့ ဘ၀ပုံရိပ်အကောင်းအဆိုး၊ အမှားအမှန်တွေကို ဝေဖန်သုံးသပ်ခွင့် ပေးပြီး သင်ခန်းစားယူသင့်တာတွေ ယူကြပါစေပေါ့တဲ့။
စာဖတ်သူများအပေါ် စေတနာကောင်းနဲ့ တောင်းဆိုလာတဲ့ စကားမို့ ကျွန်မကလည်း လက်ခံသဘောတူခဲ့ ပါတယ်။ စာဖတ်သူများနဲ့ ခွဲဝေခံစားဖို့ “အတိတ်လမ်းကို ပြန်လျှောက်ခြင်းကို ရေးပေးပါမယ်လို့လည်း ကတိပြုတဲ့ စကား ဆိုခဲ့မိပါတယ်။”

ဒါပေမဲ့ ခက်တာတစ်ခုက ကျွန်မက စာရေးဆရာ မဟုတ်ဘဲ စာရေးသူသက်သက်သာ ဖြစ်နေတာ က တစ်ကြောင်း၊ ကလေးတွေ တစ်လှေကြီး မွေးထားတဲ့ ကြီးမားတဲ့မိသားစုရဲ့ အမေတစ်ယောက် ဖြစ်နေတာက တစ်ကြောင်း ဆိုတော့ စာရေးဖို့ အချိန်ရှာလို့ မရရင်းနဲ့ ကို၀င်ဦးသာ ကွယ်လွန်သွား ပါတယ်။ ကျွန်မတစ်လုံးမှ မရေးဖြစ်ခဲ့ပါဘူး။
စာရေးဆရာ နဲ့ စာရေးသူကိုလည်း ခွဲခြားပြီး ရှင်းပြရပါဦးမယ်။ စာရေးဆရာဆိုတာက စာတစ်ပုဒ်ကိုဘယ်အချိန်၊ ဘယ်အခါ ဘယ်နေရာမှာပဲဖြစ်ဖြစ် ချရေးနိုင်တဲ့သူကို စာရေးဆရာလို့ သတ်မှတ် ရမယ်လို့ ထင်ပါတယ်။ ကို၀င်းဦး ဆိုရင် ဧရာမထူတဲ့ “မိန်းမလှအမုန်း၀တ္ထုရှည်ကြီးကို ကားရိုက်ရင်းတစ်ဖက်နဲ့ ရိုက်ကွင်းထဲမှာ ရေးပေးခဲ့တာလို့ ကျွန်မစာစောင်တစ်ခုမှာ ဖတ်မိဖူးပါတယ်။”
ကျွန်မ ကတော့ တစ်သက်လုံး စာရေးဆရာဖြစ်ဖို့များတော့ ဝေးပါသေးရဲ့။ မိသားစုကများတဲ့အပြင် အပေါင်းအသင်း ကလည်း များသေးတာဆိုတော့ ကျွန်မအိမ်မှာ ဧည့်သည်ကလည်း ပြတ်ခဲပါဘိ ခြင်း။ တစ်ယောက် မဟုတ် တစ်ယောက်နဲ့ အ၀င်အထွက်တွေကလည်း ရှုပ်ယှက်ခတ်နေတာ။ ကျွန်မက အဲလို လူတွေအနား မှာရှိနေရင် ဘာစာမှ ရေးဖို့မထွက်တော့ဘူး။ ကိုယ့်ဟာကိုယ် တစ်ယောက် တည်း အေးအေးဆေးဆေး ရှိမှ စာရေးဖို့ စိတ်သွင်းလို့ရတာပါ။

အချိန်အခါတွေ၊ နေရာတွေ ရွေးပြီးမှ စာရေးနိုင်သူဆိုတော့ တစ်သက်တာလုံး စာရေးဆရာအဖြစ်ကို ရောက်မှာမဟုတ်တာ သေချာလှပါတယ်။ ဝါသနာပါလို့အပြင် စာရေးနေခြင်းက အမိမြေကို စိတ်အာရုံ နဲ့ ပြန်ပြီးအလည်ရောက်နေရသလို ခံစားရပြီး အလွမ်းပြေလို့သာ ရေးဖြစ်နေပေမဲ့ တကယ်က ကျွန်မ မှာ အချိန် ရှားပါး လွန်းတာကြောင့် ကိုယ်က ရေးချင်သလောက် စာများများ မရေးဖြစ်ခဲ့ပါဘူး။
ကို၀င်ဦး မရှိတော့ဘူး ဆိုတော့ ကျွန်မလည်း ဒီကိစ္စကို မစဉ်းစားတော့ဘဲ အေးအေးဆေးဆေးပဲ နေလိုက်ပါတယ်။ ဒီအချိန်မှာ ကျွန်မကို တဂျီဂျီနဲ့ ရေးဖို့ တိုက်တွန်းသူ တစ်ဦးပေါ် လာပြန်ပါရော။ ဘယ်သူလဲဆိုတော့ ကျွန်မရဲ့ စာဖတ်ပရိသတ်လည်းဖြစ်၊ ရေးဖော်ရေးဖက် စာပေမောင်ငယ်လည်း ဖြစ်တဲ့ ဦးကျော်သန်းမြင့်(ဗန်းမော်)ပါပဲ။

သူဂျီကျတာကို နားအေးအောင် “အေးပါ၊ အေးပါ၊ ရေးပါမယ်၊ လာမယ်၊ ကြာမယ်ပေါ့”လို့ ခပ်ရွှန်းရွှန်းနဲ့ပဲ သူ့ကိုချွေးသိပ်ထားလိုက်ပြီး အစမ်းသဘောနဲ့လေး ငါးရွက်တော့ ရေးဖြစ်ပါသေးရဲ့။ နောက်တော့လည်း ဟိုကိစ္စ၊ ဒီကိစ္စနဲ့ ဆက်မရေးဖြစ်တော့ပါဘူး။ ဒီလိုနဲ့ ၁၉၉၃ခုနှစ်မှာ ကျွန်မနဲ့ သမီးလတ် ကေသီခန့် တို့ မြန်မာပြည် အလည်ပြန်သွားဖြစ်ပါတယ်။ ရွှေအမြုတေ မဂ္ဂဇင်း စာတည်းချုပ် ကို၀င်းငြိမ်း နဲ့ အတူသွားကြ လာကြရင်း စာပေအကြောင်းတွေ ပြောကြရင်း ဒီအကြောင်းလည်း ပြောဖြစ်ပြန်ပါရော။ အဲဒီတော့ ကို၀င်းငြိမ်းက “ဒါဆို အန်တီခင်ကျွန်တော့်ကို ပေးပါ၊ ရွှေမှာ ထည့်ရအောင်” လို့ တောင်းပါတယ်။
ကို၀င်းငြိမ်းကလည်း ကျွန်မရဲ့ ၀မ်းမနာသားလို ဖြစ်နေတာနဲ့ ဒီတစ်ခါလည်း “အေးပါ၊ အေးပါ”နဲ့ ကတိက၀တ်ပြုခဲ့တာ အခုဆိုရင် လေးနှစ်ပြည့်ဖို့ လေးလပဲလိုပါတော့တယ်။ ကို၀င်းငြိမ်းဖုန်းဆက် လာတိုင်း အားနာစိတ်နဲ့ တောင်းပန်ရတာလည်း အခါပေါင်းများစွာ ရှိနေပြီမို့ ကျွန်မအနေရခက်နေမိပါတယ်။

“ဟော…အခုတော့ ကျွန်မလုပ်ဆောင်ရမယ့် စာရင်းမှာ ထိပ်ဆုံးက ပါ၀င်နေတာမို့ မဖြစ်မနေ ရေး ပါတော့မယ် ဆိုပြီး ကတိစကားကြွေးကို ဆပ်ဖြစ်ပါတော့တယ်။ ကို၀င်းဦးကို ကတိပြုထားမိတာကနေ ဆယ်နှစ်ကျော်ကြာမှ၊ ကိုကျော်သန်းမြင့်ကို ကတိပြုထားမိတာလည်း ခြောက်နှစ်ကျော်ကြာမှ၊ ကို၀င်းငြိမ်းကို ကတိပေးထားတာ လည်း လေးနှစ်နီးပါးရှိမှ ကတိစကားတစ်လုံးကို ဖြည့်စွမ်းနိုင်တဲ့ ကျွန်မရဲ့ ချို့ယွင်းပေါ့ဆမှုများကို ခွင့်လွှတ်ဖို့ ဒီနေရာ ကပဲ အနူးအညွတ်တောင်းပန်ပါရစေနော်။”

ကျွန်မကို အခုလို မြန်မာစာ ကောင်းကောင်းရေးနိုင်အောင် ပျိုးထောင်ပေးခဲ့သူက ကျွန်မ ရဲ့ဘိုးလေး ကျောင်းအုပ်ဆရာကြီး ဦးအောင်ညွန့်ပါ။ ကျွန်မပုံစံကို ကြည့်ပြီး တော်တော် များများက မြန်မာစာ ရေးနိုင့်လိမ့်မယ်လို့ မထင်ကြပါဘူး။ အဖေက သြစတေးလျလူမျိုး အမေက အင်္ဂလိပ်မြန်မာ ကပြား ဆိုတော့ မြန်မာသွေး လေးပုံးတစ်ပုံပဲ ပါတာမို့ ရာခိုင်နှုန်းပြည့် မြန်မာရုပ် မထွက်ရတဲ့အထဲ အနုပညာသမားတစ်ယောက်လို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့လည်း မရှိပြန်၊ ၀တ်တာစားတာက လည်း ခေတ်ဆန်၊ အဲဒီတော့ မြန်မာစာပေနဲ့ ဘယ်လိုလုပ်ပြီး ဆက်စပ်နိုင်ပါတော့မလဲ။
တစ်ခါက ကျွန်မရဲ့ စာဖတ်ပရိသတ်တစ်ဦးဆီက စာကိုဖတ်ပြီး တစ်ယောက်တည်း ရယ်ရပါသေး တယ်။ စာရေးသူက သုသု၀ဏ္ဏ၊ ဂန့်ဂေါ်မြိုင်လမ်းက ဦးသန်းထွန်းအောင် ဆိုသူပါ။ သူက ၁၉၇၀ ၀န်းကျင် စန္ဒာမဂ္ဂဇင်း မှာ ရေးနေတဲ့ “ပတ္တမြားခင်”ရဲ့ ၀တ္ထုတွေကို နှစ်သက်လို့အမြဲ စောင့်ပြီး ဖတ်နေသူပါတဲ့။ ၁၉၇၇ခုနောက်ပိုင်း ပတ္တမြားခင် စာပေနယ်က ပျောက်သွားလို့ ဘာများ ဖြစ်တာလဲဆိုပြီး တွေးဆနေမိတာ အခု စန္ဒာမဂ္ဂဇင်းမှာ ပြန်တွေ့ရတော့ “ပတ္တမြားခင်”ဆိုတာ “ခန့်ခန့်ကြီး”လို့ သိရတဲ့အတွက် အံ့သြမကုန်နိုင်ဖွယ် ဖြစ်သွားရပါသတဲ့။

“ခန့်ခန့်ကြီး”ဆိုတာ မင်္ဂလာဆောင်တကာ၊ အလှူပွဲတကာမှာ ကင်မရာတစ်လုံးနဲ့ ဓာတ်ပုံရိုက်နေတဲ့ အင်မတန်ခေတ်ဆန်တဲ့ ကပြားမတစ်ယောက်ပဲ။ ဒီကပြားမ ဟာ မြန်မာစကားတောင် လေးလုံးကွဲအောင်ပြော တတ်မယ် မထင်ဘူးလို့ အောက်မေ့မိတာ။ အခုသူ အလွန်နှစ်သက်တဲ့ စာရေးသူ ပတ္တ မြားခင် ဆိုတော့ ဘယ်လို မှ မယုံကြည်နိုင်ရအောင် ဖြစ်ရပါတယ်တဲ့လေ။
နောက်တစ်ဦး ကတော့ ကျွန်မ အမေရိကား မသွားခင် ကိုယ်တိုင်ကြုံခဲ့ရတာပါ။ ကုန်သွယ်ရေးက အရာရှိ ဗိုလ်ကြီးသန်းထွန်း ပါ။ ကိစ္စတစ်ခုနဲ့ သူတို့အိမ်ကို ရောက်သွားတော့ တခြားဧည့်သည် တွေလည်း ရှိနေပါတယ်။ ပြောလက်စ စကားဝိုင်းက စာပေအကြောင်းပါ။ ပြောရင်းက စန္ဒာမဂ္ဂဇင်း မှာပါတဲ့ ပတ္တမြားခင်ရဲ့ “ညူကလီးယား နဲ့ တွေ့ပါစေ”၀တ္ထုအကြောင်းဖြစ်နေပါရော။ ကျွန်မလည်း အသာလေး ငြိမ် နားထောင်နေတာပေါ့။ ဘာတွေများ ဝေဖန်မလဲ သိချင်သေးတာကိုး။

စကားပြတ်တော့ ကျွန်မရဲ့ ခင်ပွန်းက “ပတ္တမြားခင်ကို သိလား။ ဒီမှာလေ”လို့ ကျွန်မရဲ့ ပခုံးကို ပုတ်ပြတော့ အရွှန်းပြက်လုံး တစ်ခု ပြောတယ်ထင်ပြီး ဝါးခနဲ ရယ်ကြပါတယ်။ ဘုန်းကြီးနဲ့ ဘီးလို ကျွန်မနဲ့ “ပတ္တမြားခင်” ဘာမှမဆိုင်ဘူး လို့ တကယ်ထင်ကြတာပါ။
နောက် အတည်ပေါက် ပြောမှန်းသိမှ လုံး၀ကို မယုံကြည်နိုင်အောင် ဖြစ်သွားပါတယ်။ အဲဒီဗိုလ်ကြီး သန်းထွန်းက ကျွန်မ စာတွေ ကို ဘယ်လောက် ဖတ်ထားမှန်း မသိပါဘူး။ ရေးခဲ့တဲ့ ကျွန်မကတောင် မမှတ်မိတော့ဘူး။ သူက စာပုဒ်တချို့ ကို အလွတ်ရွတ်ပြနိုင်တဲ့ထိ မှတ်မိနေသူပါ။ ဒါကြောင့် တစ်ခါ တလေလည်း “စာအုပ်အဖုံးကို ကြည့်ပြီး အတွင်း က ရေးထားတဲ့ စာသားကို မခန့်မှန်းနိုင်ဘူး”ဆိုတဲ့ စကားကမှန်သလိုလိုပါပဲလေ။

စောစောက စကားဆက်ရရင် ဘိုးလေးဦးအောင်ညွန့်က ကျွန်မကို မြေးတစ်ယောက်အနေနဲ့ အလွန် ချစ်မြတ်နိုး ပါတယ်။ သိစေ တတ်စေချင်တဲ့ စေတနာလည်း အလွန်ရှိ၊ စည်းကမ်းလည်း အင် မတန်ရှိသူပါ။ တကယ်က ဘိုးလေး နဲ့ ကျွန်မ သွေးတစ်စက်မှ စပ်တာ မဟုတ်ပါဘူး။ ဘိုးလေးက မုံရွာခရိုင် ကျည်းကန်ရွာသား။ ကျွန်မတို့ ဆယ်တန်းတုန်း က သင်ခဲ့ရတဲ့ ကျည်းကန်ရှင်ကြီးရဲ့ ဇာတိ ရွာပေါ့။ မြန်မာဆန်တာလည်း ပြောမနေနဲ့။ ဆံပင်ကို အရှည်ထားပြီး သျှောင်ထုံး တာပါ။ ပြီးမှ ပိုးပဝါကို နှစ်စတုပ်ပြီး ကိုယ်တိုင် ခေါင်းပေါင်းပါတယ်။ ဟိုခေတ် က မောင့်ကျက်သရေ ခေါင်းပေါင်းလို အဆင်သင့် လုပ်ပြီးသား ခေါင်းပေါင်းကလည်း ပေါ်သေးတာ မဟုတ်ဘူးလေ။

အဲလို အလွန့်အလွန် မြန်မာဆန်တဲ့ တောက ဘိုလေးနဲ့ ဗိုလ်ကတော် ကျွန်မရဲ့ ဘွားလေး နဖူးစာ ဆုံကြတာတော့ “ရွာလည်လွန်းသော ဖူးစာ” ပဲလို့ ပြောရမယ် ထင်ပါရဲ့။ ဘိုးလေးက ထက်မြက်သလို စာသင် စာပြလည်းတော် ပါတယ်။ ဒါကြောင့်လည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စိန့်အင်ဒရူး ကျောင်းအုပ်ကြီး ဖြစ်တာနေမှာပေါ့။ ဘိုးလေးက ကျည်းကန်ရွာကနေ မိဘညီအစ်ကို မောင်နှမတွေ နဲ့ ခွဲပြီး မန္တလေး မှာ အလုပ်လာလုပ်တဲ့ လူပျိုလူရွယ်ဆိုတော့ အိမ်မှာထမင်းလခ ပေးစားပြီး အခန်း ငှားနေပါ တယ်။

ကျွန်မရဲ့ ဘွားလေးကလည်း ဗိုလ်ကတော် မုဆိုးမ။ ကလေးနှစ်ယောက် မိခင်။ ကပ်ရက်အိမ်မှာ နေတဲ့ ဘိုးလေး နဲ့ အထိအတွေ့များကြပြီး တွေ့သွားကြတာ ထင်ပါရဲ့။ ဘွားလေးရဲ့အမေ ကျွန်မ တို့ရဲ့ ဘွားမေက လုံး၀ သဘောမတူဘူးဆိုပဲ။ ဒါပေမဲ့ ဖျက်မရတော့လည်း လက်ခံလိုက်ရတော့တာပေါ့။ ဘွားလေးတို့ လက်ထပ်ပြီးတော့ ခြံ ထဲမှာပဲ နောက်ထပ် အိမ်တစ်လုံးဆောက်ပြီး ဘွားလေးနဲ့ ဘိုးလေးတို့ တစ်အိမ်နေကြ ပါတယ်။

ဘွားလေးရဲ့ သားနဲ့သမီးကို ကျွန်မတို့ရဲ့ ဘွားမေက သူ့အိမ်မှာပဲ နေစေပြီး စောင့်ရှောက်ထားပါ တယ်။ ကျွန်မ အမေ အိမ်ထောင်ကျတော့ ဘွားလေးရဲ့သမီး ခင်ခင်လှကို မာမီက အတူခေါ်သွားပြီး သားကြီး ကိုကျော်ကို ဘွားလေး တို့က ဘော်ဒါကျောင်းပို့ပြီး အပ်ထားလိုက်တယ်။ မာမီတို့က ပြင်ဦးလွင်ကနေ ရန်ကုန်ပြောင်း၊ ရန်ကုန် ကနေ နယ်တကာ ပြောင်းပြီး မန္တလေးရောက်တဲ့အချိန်ကျမှ ကျွန်မကို မွေးတာပါ။
မာမီရဲ့ဘ၀ထဲ ကို ကျွန်မက ဂြိုလ်ကောင်လေးအဖြစ်နဲ့ ရောက်လာတာလား မပြောတတ်ပါဘူ။ ဒယ်ဒီနဲ့ ရပြီးကတည်းက ခြောက်နှစ်လုံးလုံး သာယာစိုပြည်နေခဲ့တာ ကျွန်မကို မွေးလာပြီး လေးလ လည်းရရော၊ ဒယ်ဒီ အိန္ဒိယပြည် ပူနားကို ပြောင်းမိန့်ကျပါတယ်။ အဲဒီတုန်းက အင်္ဂလိပ်အစိုးရ လက်အောက်မှာ မြန်မာရော၊ အိန္ဒိယပါ ပူးတွဲအုပ်ချုပ်မှုအောက်မှာ အတူရှိခဲ့တာကိုး။ ဖြစ်ပုံက လည်း ဒယ်ဒီက မဟုတ်မခံစိတ်ရှိတော့ တစ်ညနေ ကလပ်မှာ အရာရှိတွေစုကြရင်း အထက်အရာ ရှိနဲ့ စကားများကြတယ်တဲ့။ ဒယ်ဒီက ဒေါသကို မထိန်းနိုင်ဘဲ လက်သီးနဲ့ ဆွဲထိုးတော့ ချက်ချင်း အဲဒီအပြစ်ကြောင့် ပူနားကို ပြောင်းမိန့်ထွက်လာတာပဲတဲ့လေ။

ပြဿနာကို ပိုပြီးကြီးထွားစေတာက ကျွန်မရဲ့ ဘွားမေက ဘာမှန်းမသိတဲ့ ကုလားပြည်ကို သူ့မြေးနဲ့မြစ် လိုက်ခွင့် မပြုနိုင်ဘူး ဖြစ်ပါလေရော။ အဲဒီမှာ မာမီ့ခမျာ မျက်ရည်နဲ့ မျက်ခွက်၊ ယောက်ျားကိုလည်းမခွဲနိုင်၊ မိဘမရှိ လို့ တစ်သက်လုံး စောင့်ရှောက်ခဲ့တဲ့ အဘွားရဲ့ အမိန့်ကိုလည်း မလွန် ဆန်ရဲရှာဘူး။ ဒယ်ဒီကလည်း သူ့ဇနီး နဲ့ သမီးကို ထားခဲ့ရမှာကို မကျေနပ်။ နောက်ဆုံးတော့ ဒယ်ဒီ တစ်ယောက်တည်းပဲ ပူနားကို ထွက်သွားဖြစ် ပါတော့တယ်။

အခုချိန်မှာ သိပ္ပံပညာတွေ ထွန်းကားလာတာ ကမ္ဘာကြီးကို ချုံ့နိုင်တဲ့အထိပါပဲ။ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချင် ရင် ဖုန်းကလေး ကောက်ကိုင်လိုက်ရုံနဲ့လည်း စကားပြောလို့ရ၊ ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်သေးသပ ဆိုရင် လည်း လေယာဉ်ပေါ် တက်လိုက်သွား၊ နာရီပိုင်းအတွင်းလိုရာ ခရီးကို ရောက်၊ စာတွေပေတွေ ရေးချင်ရင် E-mailနဲ့ ကွန်ပျူတာပေါ်မှာ တင်လိုက် စက္ကန့်ပိုင်းအတွင်း သက်ဆိုင်ရာကို ရောက်သွားပြီမို့၊ အကျိုးအကြောင်းကို အချိန်တိုတိုနဲ့ သိရပြီလေ။ ကျွန်မကို မွေးခါစ ၁၉၂၄ ခုနှစ်၀န်းကျင် ဟိုဘက်ခေတ်ကတော့ ဘယ် ဒီလိုဟုတ်ပါ့မလဲ။ မာမီတို့ ဒယ်ဒီနဲ့ အင်္ဂလန်ပြည်ကို အလည်လိုက်သွားတုန်းက သင်္ဘောနဲ့ တစ်လ ကိုးသီတင်းကြာအောင် စီးခဲ့ရတာ တဲ့။ ဒီတော့လည်း နိုင်ငံရပ်ခြားကို အဘွားလုပ်တဲ့သူက မထည့်ချင်တာကို ကျွန်မ ကိုယ်ချင်းစာ နားလည်နိုင်ပါတယ်။

အဘွားရဲ့ စကားကို နားထောင်ပြီး မာမီက လတ်တလော မလိုက်နိုင်သေးဘူး ဆိုတော့ဒယ်ဒီက အလုပ်က ပေးထားတဲ့ အိမ်ကနေပြီး သူ့မိတ်ဆွေရင်းတစ်ဦးရဲ့ ဘေးနားကအိမ်ကို ငှားပြီး ပြောင်းပေးခဲ့ပါတယ်။ အဲဒီအိမ် က ရန်မျိုးလုံရပ်ကွက်မှာ ရှိတဲ့အခု ဗထူးဘောလုံးကွင်းထိပ်က နှစ်ထပ်ဗိုလ်အိမ်ကြီးပါပဲ။ သူ့မိတ်ဆွေ ဇနီးမောင်နှံကိုလည်း ကျွန်မတို့ကို စောင့်ရှောက်ပေးဖို့ အပ်နှံထားခဲ့သေးတယ်တဲ့လေ။
ကျွန်မကို ထိန်းတဲ့ နာနီက ကုလားလူမျိုး၊ နာမည်က နာဒီပါတဲ့။ နေတာကဘောလုံးကွင်းရဲ့ထိပ်မှာ ရှိတော့ ညနေတိုင် ဘောလုံး ကစားကြပြီဆိုရင် နာဒီးက သူ့ကိုယ်သူလည်း ရှိုးတွေပြင်၊ ကျွန်မကို လည်း အကျအန ဆင်ပြီး ဘောလုံးကွင်းထဲ ခေါ်သွားကလေးထိန်းတာပါ။ အဲဒါရဲ့ရလဒ်ကတော့ တွေ့တွေ့သမျှ လမ်းပေါ် က ကျောက်ခဲမှန်သမျှကို “ဂိုး”ဆိုပြီး ခြေထောက်နဲ့ လိုက်ကန်တတ်တာပဲ တဲ့လေ။ ဂိုးအသွင်းကောင်းလို့ ၀ယ်ပေး သမျှ ရှူးဖိနပ်တွေ ကြာကြာမခံဘဲ ထိပ်ကွဲ ထိပ်ပေါက်တွေ ဖြစ်လို့ မာမီရဲ့အဆော်ကို ခဏခဏ ခံရလည်း မမှတ်ပါဘူး။ အကျင့်ကပါနေတော့ ခုအသက်အရွယ်ထိ ပါးစပ်ကသာ “ဂိုး”လို့ မပြောရဲလို့ မပြောတော့ပေမဲ့ ခဲလုံးတွေ့ရင် ခြေထောက်က အမှတ်မထင် နဲ့ ကန်လိုက်ချင်မိသေးတာပါပဲနော်။

နာဒီကလည်း တော်တော်ခြေရှည်ပါတယ်။ တစ်ခါကျတော့ ကျွန်မကို လက်ဆွဲပြီးနန်းတော်ရှိရာ ကျုံးဘက်ကို လမ်းလျှောက် ထွက်လာတာတဲ့။ ကျုံးရေပြင်မှာ ပွင့်နေတဲ့ ကြာပန်းတွေတွေ့တာနဲ့ ဝါကျတစ်စုံ လုံးတောင် ပြည့်စုံအောင် မပြောတတ်သေးတဲ့ ကျွန်မက “လှလှ” “လှလှ”ဆိုပြီး နာဒီ လက်က ရုန်းထွက်ပြီး ကျုံးထဲ ပြေးဆင်းလိုက်တာ လိုက်ဆွဲလို့ မမီလိုက်တာနဲ့ ရေနစ်ပါလေရော။ အနီးအနားက လူတွေ ဝိုင်းဆယ်ကြလို့ အသက်မသေခဲ့တာတဲ့လေ။ စကားတောင် ပြည့်ပြည့်စုံစုံ မပြောတတ်သေးတဲ့ မတ်တတ်ပြေး အရွယ်ကတည်းက အလှအပ ကြိုက်တာကတော့ လွန်လွန်းလှချည့်ရဲ့လို့ မာမီ ပြောပြတဲ့ ငယ်ဘ၀ကို နားထောင်ရင်း ကိုယ့်ဟာကိုယ်အပြစ်ဆို ရှုတ်ချလိုက်မိ ပါသေးတယ်။

အဲလို အထိတ်တလန့် ဖြစ်ရတဲ့သတင်းကို ကြားတော့ ဘွားမေက ထဘီကို ခါးတောင်းမကျိုက်ရရုံ တစ်မည်နဲ့ မာမီဆီ လိုက်လာပါရောတဲ့။ ကလေးကို နာနီနဲ့ ယုံကြည်စွာ ပစ်ထားရကောင်းလားနဲ့ ဒေါသတွေထွက်၊ ဆူဆူပူပူတွေ လုပ်ပြီး ရန်မျိုးလုံအိမ်မှာ ခွဲမနေရဘူး။ သူ့မျက်စိအောက် ပြန်လာ နေရမယ်လို့ တစ်ချက်လွှတ် အမိန့်ချလိုက်တာ နဲ့ ကျွန်မတို့အားလုံးဘွားမေရဲ့ ခြံထဲကို ပြောင်း လာကြပါတယ်။ ကျွန်မရဲ့ အသက်က နှစ်နှစ်လောက်ပဲ ရှိဦးမှာပါ။
ဒါကြောင့် ငယ်ငယ်ကတည်းက ဘိုးလေးရဲ့ လက်ပေါ်မှာ ကြီးတယ်လို့ ပြောနိုင်လောက်ပါတယ်။ ဘိုးလေးတို့ မှာကလည်း သားသမီး မထွန်းကားဘူးလေ။ ဒီတော့ ကျွန်မကအိမ်နှစ်အိမ်ရဲ့ ဆည်း လည်းလေး ဖြစ်နေတော့ တာပေါ့။ ဘွားမေရဲ့ အိမ်မှာကလည်း အဲဒီအချိန်က အလွန်စည်ပင်ပါ တယ်။ အတောင်မစုံသေးလို့ သိုက်မြုံက မခွာကြသေးတဲ့ တူတွေ၊ တူမတွေ၊ မြေးတွေ၊ မြစ်တွေနဲ့ တသိုင်းတဝိုင်းပါပဲ။

မေသင်္ဂီရပ်မှာရှိတဲ့ ဘွားမေရဲ့အိမ်ကို ကျွန်မတို့ ပြောင်းနေကြပြီဆိုတဲ့ သတင်းကိုကြားတော့ ဒယ်ဒီက တစ်ခါ မကျေနပ်ပြန် ဘူး။ ကျွန်မတို့ကို ပူနားလိုက်ခဲ့ဖို့ ပြန်လာခေါ်ပါတယ်။ ဘွားမေနဲ့ အကျောက်အကန် ငြင်းကြ ခုံကြတယ် ဆိုပဲ။ ဒီတော့ ဘွားမက တစ်၀က်အလျှော့ပေးလိုက်ပြီး မာမီ တော့ခဏလိုက်ချင်လိုက်သွား။ ကျွန်မ ကိုတော့ သိပ်ငယ်သေးတာမို့ ခုမထည့်နိုင်သေးဘူး။ ကျောင်းသွားတဲ့ အရွယ်ကျ မှ ခေါ်ပါလို့ ပြောလိုက်ပါတယ်။
ဒယ်ဒီကလည်း ဘွားမေကို မိခင်တစ်ယောက်လို ဖြစ်နေတာနဲ့ စကားနားထောင်ပြီး မာမီ့ကိုပဲ အတူခေါ်သွားပြီး ပြန်သွားတယ်တဲ့။ ပူနားမှာမာမီ လုံး၀မပျော်ပါဘူး။ သမီးကို ထားခဲ့ရလို့ လွမ်းတာကလည်းတစ်ကြောင်း၊ တစ်ပါးနိုင်ငံမှာ ဆွေမရှိ မျိုးမရှိ၊ မိတ်ဆွေငယ်ပေါင်းမရှိနဲ့ အားငယ်တာ လည်းပါတယ် ထင်ပါရဲ့။ ကြာကြာမနေနိုင်ဘဲ သုံးလေးလ နေပြီးပြန်လာပါတယ်။ အဖေကို ဒီတစ်ခါပဲပြန်တွေ့လိုက်ရတာအပြင် ငယ်ကလည်း ငယ်သေးတာမို့ ဒယ်ဒီရဲ့ပုံရိပ်ကို ကျွန်မ လုံး၀မမှတ်မိပါ ဘူး။

ကျွန်မ စိတ်ထဲမှာ အခုထိ မှတ်မိနေတဲ့သူ တစ်ဦးတော့ရှိပါတယ်။ အဲဒီသူကို ကျွန်မကအဖေလို့ ထင်နေ မိတာ။ ခေါ်တော့လည်း “ပါပါ”တဲ့လေ။
ကျွန်မ အမေ နောက်အိမ်ထောင်ပြုလိုက်လို့ အဖေအသစ်ရတယ်လို့တော့ မထင်လိုက်ပါနဲ့နော်။ မာမီက သူ့ယောက်ျားကို ချစ်မြတ်နိုးလိုက်တာမှ ဒယ်ဒီနဲ့ ပတ်သက်သမျှ ပစ္စည်းတွေကိုတောင် အမြတ်တနိုးနဲ့ အရိပ်ကြည့်နေတဲ့ သူပါ။ ဒယ်ဒီပူနားက ရေးသမျှစာတွေကို အားလုံးစုထားပြီး My Love လို့ ပုတီးစေ့တွေနဲ့ စာလုံးဖော်ထားတဲ့ ကတ္တီပါအိတ်ထဲမှာ တရိုတသေ သိမ်းထားတာ ကျွန်မ အင်္ဂလိပ်စာ ဖတ်တတ်တဲ့အရွယ်မှာ ထုတ်ပြလို့ ဖတ်ရဖူးပါတယ်။

ကျွန်မရဲ့ စိတ်မှာ သူတစ်ပါးကို အဖေလို့ ပုံရိပ်ထင်စရာကောင်းတဲ့ အကြောင်းကလည်း ရှိတာကိုး။ အဲဒီ ကျွန်မ “ပါပါ”လို့ ခေါ်ပြီး သူလာတိုင်း ပြေးကြိုတဲ့သူက “စာပို့လုလင်” ကုလားအဘိုးကြီး တစ်ယောက်ပါပဲ။ ဟိုခေတ်က စာပို့လုလင်က စက်ဘီးနဲ့ လာပါတယ်။ ၀တ်ထားတာကလည်း သားသားနားနား ခံ့ခံ့ညားညားပါ။ ကာကီရောင် ဘောင်းဘီတိုပေါ်မှာ ဘွတ်ရှပ်လို့ခေါ်တဲ့ အပေါ်က ကာကီအင်္ကျီ ခပ်ရှည်ရှည်၀တ်ထားပြီး စလွယ်က အနီရောင်နဲ့ အလယ်မှာ ကြေးပြားဝိုင်းတစ်ခုလည်းပါလိုက်သေးတယ်။ အဘိုးကြီးရဲ့ နှုတ်ခမ်းမွှေး နှစ်စ ကလည်း ကော့ထောင်နေတာပဲ။
ခြံပေါက်၀ မှာ စက်ဘီးဘဲလ်သံ ပေးလိုက်တာနဲ့ ကျွန်မကြားရာ နေရာကနေ ခုန်ပေါက်ပြီး ပြေးကြို တာပါပဲ။ အဘိုးကြီးကလည်း “ဘေဘီ”ဆိုပြီး ကျွန်မကို ကောက်ချီလိုက်သေးတယ်။ သူလာတိုင်း ကျွန်မအတွက် စားစရာ၊ အရုပ်တွေ၊ ဂါ၀န်လှလှလေးတွေ၊ ဖိနပ်တွေ၊ ဦးထုပ်တွေ တစ်ပုံတစ်ပင် ပါလာတတ်ပါတယ်။ အဲဒီပါဆယ်ထုပ်တွေက ပူနားကနေပြီး ဒယ်ဒီက တစ်ချိန်လုံး ပို့ပေးနေတာ မဟုတ်လား။

ပို့ပေးသူကို ကျွန်မက ငယ်သေးလို့ ဘယ်သိနိုင်မှာလဲ။ ယူလာပေးတဲ့သူကပဲ ပေးတယ်လို့ ထင်မိ တာပေါ့။ ဒါကြောင့် လည်း အဖေလို့ ထင်ပြီး “ပါပါ”လို့ ခေါ်တာနေမှာပါ။ ဒယ်ဒီက သူနဲ့အတူမနေ ရတဲ့ သမီးမို့ သနားလည်း သနား၊ အကြင်နာလည်းပိုပြီး လိုအပ်တာထက် ပိုဂရုစိုက်ပါတယ်။ အပတ်တိုင်းလို ရောက်နေတဲ့ ပါဆယ်ထုပ်တွေက ကျွန်မ သုံးမကုန်နိုင်အောင်များပါတယ်။ ချောကလက်တွေ၊ သကြားလုံးတွေ၊ ကစားစရာ ဆိုတာလည်း အမျိုးစုံပါပဲ။ ဆောင်းတွင်းအခါကျရင် နွေးနွေးထွေးထွေး ၀တ်ဖို့ သိုးမွေး၀တ်စုံတွေ၊ ယုန်ရုပ်ပုံစံနဲ့ သိုးမွေး ဖိနပ်လေးတွေကအစ သေသေချာချာကရိကထခံ ရွေး၀ယ်ပြီး ပို့နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဖခင်တစ်ယောက် ရဲ့ ကြီးမားသောမေတ္တာကို ကျွန်မအဝေးကနေ ထိတွေ့ခံစားရခြင်း အဖြစ်ပါပဲ။

အဲဒီမေတ္တာ ကို ကျွန်မကြာကြာခံစားခွင့်မရလိုက်ပါဘူး။ လေးလသမီးက ရှင်ကွဲကွဲသွားတဲ့ အဖေ နဲ့ လေးနှစ်သမီးမှာ သေကွဲကွဲရတဲ့ အဖြစ်ကို ကြုံရတော့တာပါပဲ။ ရုတ်တရက်ဒယ်ဒီ ဆုံးပြီဆို တဲ့ ကြေးနန်းကိုရတော့ ဘယ်လိုမှ မယုံနိုင်ကြဘူးပေါ့။ ဒယ်ဒီကနမိုးနီးယား အဆုတ်အအေးမိတဲ့ရောဂါ နဲ့ဆေးရုံ မှာ ကွယ်လွန်သွားခြင်းပါ။ မာမီက လိုက်သွားချင်ပေမဲ့ အသုဘကလည်း မမီနိုင်။ ဘွားမေ ကလည်းပေးမလွှတ်တာနဲ့ ပူနားကို လိုက်မသွားဖြစ်ပါဘူး။ ဒယ်ဒီရဲ့ဘတ်တလာကပဲ ပစ္စည်းတွေ သိမ်းပြီး ပို့ပေးလိုက်ပါတယ်တဲ့။
ဒါကြောင့် မာမီ့ ရဲ့ ဘ၀ထဲကို ကျွန်မက ဂြိုလ်ကောင်မလေးအဖြစ်နဲ့ ရောက်လာသလားလို့ တွေး ကြည့်မိတာပါ။ မာမီ မုဆိုးမဖြစ်တော့ အသက်သုံးဆယ်တောင် မပြည့်သေးပါဘူး။ ကျွန်မမှာ အဖေ မရှိတော့တာကလွဲပြီး အခြေအနေ ဘာမှ မပျက်သွားပါဘူး။ ဘွားမေရဲ့အိမ်မှာ တသိုက်တ၀န်း စည်စည်ပင်ပင် ရှိမြဲပါပဲ။

×××××××××××××

အပိုင်း (၂) ဆက်ရန်…..

ပတ္တမြားခင်
#ရွှေစင်ဦး ဘလော့ဂ်မှ

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင်

အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်

အပိုင်း -(၂)

ဘိုးလေးအောင်ညွန့်က ကျွန်မကကို အလွန်ချစ်ပါတယ်။ မနက် အိပ်ရာက ထတာနဲ့ မာမီက ည၀တ်အင်္ကျီချွတ်၊ ကိုယ်လက် သန့်စင်ပေးပြီး အ၀တ်သစ်လဲပြီးတာနဲ့ ဘိုးလေးအိမ် ရောက်သွားတာ ပဲလေ။ ကျွန်မ ရောက်မလာမချင်း ဘိုးလေးက နံနက်စာမစားဘဲစောင့်နေတတ်ပါတယ်။ တစ်ခါ တလေ ကျွန်မ နောက်ကျနေရင်….
“မလာသေး ဘူးလားဟေ့။ ပဲပြုတ်တွေ အေးကုန်ပြီ၊ နံပြားတွေ အေးကုန်ပြီ”နဲ့ လှမ်းအော်ခေါ်တော့ တာပါပဲ။ ညနေစာလည်း ကျွန်မဘိုးလေးနဲ့အတူ စားဖြစ်တာများပါတယ်။ ဘိုးလေးကျောင်းဆင်း ချိန် ရောက်ခါနီးပြီဆိုရင် ဘွားလေး အိမ်ပေါက်၀ ကနေ ဘိုးလေးကျောင်းပြန်အလာကို ထွက်မျှော် စောင့်ရတာလည်း အမောလေ။ ဘိုးလေးက ကျွန်မကို တွေ့တာနဲ့ ကောက်ချီပြီး “ဒီနေ့ ဘာတွေ လုပ်လဲ” ဘာညာနဲ့ စပ်စုတယ်ပေါ့။

ကျွန်မကလည်း အေးအေးမနေဘူး။ ကုန်းလည်း တိုက်တတ်သေးတယ်။ နေ့လယ် နေ့ခင်းဘွားမေ တို့၊ ဘွားလေးတို့၊ မာမီတို့စကားဝိုင်းမှာ ဘိုးလေးအကြောင်း မကောင်းပြောနေကြတာကြားရင် မှတ်ထားပြီး ဘိုးလေးပြန်လာတော့ တစ်လုံးမကျန် အကုန်ပြန်ပြောပြတာပေါ့။ ဒါဆိုညနေကျ ဘိုးလေးတို့ လင်မယား စကားတွေများကြ၊ သတ်ကြပါလေရော။ ဘိုးလေးက “ဒီအိမ်မှာ မနေ တော့ဘူး၊ ဆင်းမယ်”ဆိုပြီး အိပ်ရာတွေ လိပ်၊ သေတ္တာတွေပြင်နဲ့ သွားမယ်လုပ်တာတွေ့တာနဲ့ ဘာရမလဲ၊ ကျွန်မက အဲဒီသေတ္တာပေါ် ပြေးမှောက်ပြီး “ဘိုးလေး မသွားရဘူး”နဲ့ အော်အော်ငိုတာ တစ်ရပ်ကွက်လုံး ကြားလောက်ပါတယ်။ ကျွန်မလုပ်တာနဲ့ ဘိုးလေးလည်း အိမ်ပေါ်က မဆင်းဖြစ်တော့ဘူးပေါ့။ နောက်ဆို ကျွန်မရဲ့ရှေ့မှာ ဘိုးလေးအကြောင်း ဘယ်သူမှ မပြောရဲကြတော့ဘူး လေ။ ဘိုးလေးနဲ့ ပတ်သက်ပြီး အိမ်သားတွေက ကျွန်မကို အော့ကြောလန် သွားကြ မှာ သေချာပါ ရဲ့။

ကျွန်မကို ဦးဆုံး စာသင်ပေးတဲ့သူက ဘိုးလေးမဟုတ်ဘူး။ ဘွားလေးပါ။ ကျောက်သင်ပုန်းပေါ်မှာ ၀လုံးကို စရေးခိုင်းပြီး ပစောက်ဖြစ်အောင် အပေါ်က အပေါက်ဖောက်လိုက်၊ ဂငယ်ဖြစ်အောင် အောက်က အပေါက်ဖောက် လိုက်၊ ငဖြစ်အောင် ဘေးက အပေါက်ဖောက်လိုက်နဲ့ အဲလိုမျိုး ကစားတဲ့အနေနဲ့ စပြီး သင်ပေးရင်းနဲ့ သင်ပုန်းကြီး ကုန်သွားတာလို့ ပြောပြပါတယ်။
ကျွန်မ ငါးနှစ်သမီး ရောက်တော့ အိမ်မှာသင်ပေးထားပြီး ဖြစ်လို့ စာက ဖတ်တတ်နေပါပြီ။ ဘိုးလေး နဲ့ ကျောင်း စလိုက်ရမယ် ဆိုတော့ ကျွန်မမှာ ပျော်လိုက်ရတဲ့ ဖြစ်ခြင်းလေ။ ဘိုးလေးလက်ကိုဆွဲပြီး ကော့ခနဲ လိုက်သွား တာပေါ့။
ဒါပေမဲ့ ကျောင်းစပြီးတက်တဲ့နေမှာပဲ ပြဿနာ အကြီးအကျယ်ဖြစ်တော့တာပါပဲ။

ကျွန်မကို မူလတန်းက ဆရာမဒေါ်ရှုရဲ့ အတန်းမှာ အပ်ထားခဲ့ပြီး နေ့လယ်မုန့်စားဆင်းတဲ့အခါကျ လာခေါ်မယ် လို့ ဘိုးလေးက ပြောသွားတာနဲ့ မုန့်စားဆင်းချိန်ရောက်တော့ ကျွန်မ ဘိုးလေးကို မျှော်တယ်ပေါ့။ တခြားကလေးတွေက အမေတွေ လာခေါ်တာနဲ့၊ ကျောင်းမှာရှိတဲ့ အစ်ကို အစ်မ ကြီးတွေနဲ့ အတူပါသွားကြတာနဲ့ ဘယ်သူမှ မရှိတော့ဘဲ ကျွန်မနဲ့ ဆရာမနှစ်ယောက်တည်း ကျန် ခဲ့တော့တယ်။ ဒါနဲ့…..
“ဘိုးလေးရော” လို့ သွားမေးပါတယ်။
“သမီး ဘိုးလေး မရှိဘူး၊ ကုလားမကြီးနောက် ထည့်လိုက်ပြီ”တဲ့။

ဆရာမ ကလည်း အိမ်မှာ အ၀င်အထွက်လည်းရှိ၊ ခင်မင်ရင်းနှီးနေတာလည်း ဖြစ်လို့ ကျွန်မကိုလည်း ချစ်တာနဲ့ စနေကျမို့ တမင်မခံချင်အောင် စလိုက်တာပါ။ ကလေးဆိုတော့ စလို့စမှန်းလည်း မသိဘူးလေ။ ပထမနေ့ မို့ ကျောင်းကစိမ်းနေရတဲ့အထဲ အားကိုး တဲ့ ဘိုးလေးကို ကုလားမ ကြီးနောက် ထည့်လိုက်ပြီ ဆိုတော့ ဒေါသ ထွက်ထွက်နဲ့ ဆရာမစာပွဲဘေး မှာ ထောင်ထားတဲ့ ထီး နဲ့ ဆရာမ ခေါင်း ကို ရိုက်ချလိုက်တာပေါ့။

ရှေးရှေးခေတ်က ဆရာမတွေက ခေါင်းနဲ့အပြည့် ဘီးဆံထုံး မြင့်မြင့်ကြီးတွေ ထုံးကြတာမဟုတ်လား။ အဲလို ဆံထုံးကြီး ဖြစ်အောင်လည်း ဆံစုတွေ သုံးလေးချောင်းထည့်၊ ဘီးတွေဆံညှပ်တွေ အဆင့်ဆင့် ခံပြီးမနည်းထုံး ထားရတဲ့ ဆံထုံး၊ ကျွန်မရဲ့ ထီးချက်မိပြီး ပြိုကျတော့ဆံစုတွေရော၊ ဘီးတွေ ဆံညှပ် တွေအဆင့်ဆင့်ခံပြီး မနည်းထုံးထားရ တဲ့ ဆံထုံး၊ ကျွန်မရဲ့ ထီးချက်မိပြီး ပြိုကျတော့ဆံစုတွေရော၊ ဘီးတွေ၊ ဆံညှပ်တွေရောကြမ်းပေါ် မှာ ပြန့်ကျဲကုန်တာပေါ့။
အဲဒီအချိန် မှာမှ ဘိုးလေးကတည်း အခန်းထဲ၀င်လာတော့ ဆရာမ ဒေါ်ရှုခမျာ ရှက်ရှက်နဲ့ မျက်နှာ လက်ဝါး နဲ့အုပ်ပြီး ရှိုက်ကြီးတငင် ငိုပါလေရော။ တရားခံကျွန်မကလည်း လက်ထဲမှာ ထီးကြီး ကိုင်ရက် တန်းလန်းနဲ့လေ။

“ဘယ်လိုဖြစ်တာလဲ” လို့ ဘိုးလေးက ဒေါသထွက်တဲ့ ပုံစံနဲ့ ခပ်ထန်ထန် မေးတော့……
“ခင်မကြီး လုပ်တာ” လို့ ငိုမဲ့မဲ့နဲ့ ဝန်ခံလိုက်ရတာပေါ့။
“ဘာလို့ လုပ်ရတာလဲ ဟင် ဒေါ်ရှု့က နင့်ဆရာမ” ဘိုးလေးက ဒေါသထွက်လွန်းလို့ စကားတောင် ဆက် မပြောနိုင်ရှာ ပါဘူး။
“ဘိုးလေး ကို ကုလားမကြီးနောက် ထည့်လိုက်ပြီလို့ ပြောတာနဲ့ ထီးနဲ့ရိုက်ပလိုက်တာ” ပြောရင်း ကျွန်မလည်း ဝမ်းနည်းလာတာနဲ့ ချုံးပွဲချ ငိုချလိုက် တာပေါ့။
ဘိုးလေး က ကျွန်မပခုံးကနေ ဆောင့်ဆွဲပြီး “ကန်တော့ နင် ထိုင်ကန်တော့၊ ဆရာမကို ပြစ်မှားတာ ခွင့် လွှတ်ပါ။ ခင်မကြီး မှားပါတယ်ပြော” ဆိုပြီး ကျွန်မကို ထိုင်ကန်တော့ခိုင်းပါတယ်။
ဟုတ်တာပေါ့။ ငယ်ငယ်လေး ကတည်းက လူကြီးမိဘကို ရိုသေရမယ်လို့ သင်ထားဆုံးမထားပါရက်နဲ့ အနန္တောအနန္တ ဂိုဏ်းဝင် ဆရာမကိုမှ ထီးနဲ့ တက်ချတယ် ဆိုကတည်းက ကျွန်မလောက် မိုက်မဲသူ ဘယ်ရှိပါ့ မလဲနော်။

နုနယ်တဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဗြုန်းခနဲ ရိုသေရမယ်ဆိုတဲ့ ကောင်းမြတ်တဲ့ အသိဥာဏ်က ဝင်မ လာဘဲ ဗုဒ္ဓဟူးသမီး ပီပီ စိတ်က မြန်တာ၊ စိတ်ဆိုးပြီဆိုရင် ဘာမှမစဉ်းစားဘဲ ရှူးရှူးဒိုင်းဒိုင်း လုပ်တတ် တာလည်း ပါတယ်၊ အဖေ့သွေးလည်း ပါသလားမသိပါဘူး။ စိတ်မြန်သလို လက်ကလည်း မြန်တတ် တာကြောင့် မဖြစ်သင့် တာတွေ ဖြစ်ရခြင်းပါပဲ။
ဆရာမ ကလည်း သူ မ စသင့်တဲ့အချိန်မှာ သွားစမိတာ မှားပါတယ်ဆိုပြီး ကျွန်မကို ဖက်ပြီး ပြန်ချော့ပါ တယ်။
ကျွန်မ ရဲ့ ပထမဆုံး ကျောင်းစတက်ရတဲ့နေ့က အမှတ်တရပါပဲ။

ဘိုးလေးရဲ့ ကျောင်းမှာ နေခဲ့ရတဲ့ တခြား အမှတ်တရအဖြစ်တွေလည်း ရှိပါသေးတယ်။ စိန်အင်ဒရူး ကျောင်းက ကျုံး နဲ့ မျက်နှာချင်းဆိုင် လမ်းပေါ်မှာ တည်ရှိတာပါ။ ကျွန်မတို့အိမ်နဲ့ သိပ်မဝေးလှပါဘူး။ အဲဒီတော့ ကျောင်းကို ဘိုးလေး က ရပ်ကွက်ထဲက တပည့်ကျောင်းသားတွေနဲ့ အတူစုပြီး လမ်းလျှောက် သွားလေ့ ရှိပါတယ်။ အဲဒီအထဲ မှာ ကျွန်မက အငယ်ဆုံး ကျောင်းသားပေါ့။
တစ်ခါတလေလည်း ဘိုးလေး ကို လက်တွဲလို့၊ တစ်ခါတလေလည်း ကျောင်းသားကြီးတွေကို လက်တွဲ ပြီး သွားနေကျ ပါ။ အဲဒီနေ့ကတော့ တွဲနေကျလက်ကို ဖြုတ်ပြီး ကျွန်မဘာသာ လျှောက်တယ်ပေါ့။ ငယ်ငယ်က ကျုံးထဲ က ကြာပန်းခူးချင် လို့ ရေထဲပြုတ်ကျပြီး သေမလိုဖြစ်တာကို မမှတ်သေးဘူးလေ။

မမှတ်တာကိုလည်း အပြစ်မဆိုစေချင်ပါဘူး၊ မန္တလေးနန်းတော်ရဲ့ မြို့ရိုးနီနီကြီးတွေရယ်၊ ကျုံးရေပြင် ရယ်၊ ကျုံးထဲ မှာ ရောင်စုံပွင့်ဖူးနေတဲ့ ကြာကပန်းတွေရယ်၊ ကောင်းကင်ပြာပြာနဲ့ နေသာသာရဲ့ အောက် မှာ နံနက်ခင်းရှုခင်းကို ငယ်ငယ် ကတည်းက ခုံခုံမင်မင် နှစ်နှစ်သက်သက်နဲ့ စွဲစွဲလမ်းလမ်း ခံစားတတ် တာပါ။
ကျောင်းသွား ကျောင်းပြန်တိုင်း အဲဒီရှုခင်းကို ငေးနေကျပါ။ ဘယ်လိုပဲငေးငေး ကိုယ့်ကို လက်တွဲမဲ့သူ ပါတော့လည်း ဘေးကင်းရန်ကင်းပေါ့။ ခုတော့ လက်တွဲဖြုတ်ပြီး တစ်ယောက်တည်း အငေးကောင်း လိုက်တာ လမ်းဘေး မှာ ဗျပ်ခင်းပြီး ချရောင်းနေတဲ့ မုန့်စိမ်းပါင်း အလုံးတစ်ခုလုံးကို မမြင်မိဘဲ တက်နင်း လိုက်တာ ခြေထောက် တစ်ဖက်လုံး မုန့်စိမ်းပေါင်းထဲ ဝင်သွားလို့ ပူပူလောင်လောင် ဖြစ်ပြီး လဲကျတာ၊ မုန့်စိမ်းပေါင်း သည်ပေါ် ကျမိတော့ နှစ်ယောက်စလုံး မြေကြီးပေါ်မှာ လုံးထွေးပြီး ပုံပျက်ပန်းပျက်ပေါ့။

ဘိုးလေးခမျာ ကျွန်မခြေထောက်ကိုလည်း သုတ်သင်ရှင်းလင်းရ၊ မုန့်စိမ်းပေါင်းသည် ကိုလည်း လျော်ကြေးပေးရ နဲ့ အတော် အလုပ်ရှုပ်သွားပါတော့တယ်။ နမော်နမဲ့နဲ့ ကျွန်မလောက် ရှပ်ပျာတာလည်း ကျွန်မပဲ ရှိမယ် ထင်ပါရဲ့။
ဒီထဲမှာ ကျွန်မ က အင်မတန် အဆော့သန်ပါသေးတယ်။
တစ်ဦးတည်းသော သမီးမို့ ကစားဖော် ညီအစ်ကို မောင်နှမလည်းမရှိ။ ရပ်ကွက်ထဲက ကလေးတွေနဲ့ လည်း ဆက်ဆံ ခွင့်မရ။ ခြံဝင်းထဲမှာပဲ ခွေးတစ်ကောင်ကို အဖော်ပြုပြီး နေရတာပါ။ ကျွန်မအတွက် အိမ်အပေါ်ထပ်မှာ ကစားခန်း တစ်ခုတော့ ပေးထားတာ သီးသန့်ရှိပါရဲ့။ အဲဒီကစားခန်းထဲမှာ ကစားစရာ ပစ္စည်းမျိုးစုံလည်း ရှိပါတယ်။ ဒယ်ဒီ ပို့ပေးခဲ့တဲ့ အရုပ်ပေါင်းက တစ်သက်စာ ကစားလောက်အောင် များပြားတဲ့အပြင် မွေးနေ့တို့၊ ခရစ်စမတ် တို့လို ပွဲတော်အခါတွေ ကျတော့လည်း ဦးလေးတွေ၊ အဒေါ်တွေ၊ အဘွားတွေ၊ အမေတွေက လက်ဆောင် ဝယ်ပေးထားတာကလည်း ရှိသေးတာမို့ ကျွန်မမှာ ကလေး တစ်ယောက်အနေနဲ့ ပြည့်စုံတယ် ဆို ရမှာပေါ့။

ဒါပေမဲ့ ခွေးရုပ်၊ ကြောင်ရုပ်၊ ဝက်ဝံရုပ်၊ ဒေါ်လီရုပ်တွေဆိုတာက သက်မဲ့တွေလေ။ အဲဒါတွေနဲ့ပဲ တစ် ချိန်လုံးနေ ရတော့ ကျွန်မ ငြီးငွေ့တာ အမှန်ပါပဲ။ ရပ်ကွက်ထဲက ကလေးတွေလို လသာတဲ့ ညတွေမှာ မီးတိုင်အောက် ထွက်ကြပြီး လမ်းဘေးမှာ ထုပ်ဆီးတွေတိုးကြ၊ ရွှေစွန်ညိုလိုက်ကြ၊ ညောင်ပင်တစ္ဆေ ဝေလေလေ လုပ်ကြတာမျိုး ကျွန်မလည်း ကစားချင်တာပေါ့။ ဝရန်တာကနေ မျှော်ကြည့်ရုံကလွဲပြီး ကျွန်မမှာ ထွက်ကစားခွင့် မရှိပါဘူး။
တစ်နေ့ကျ မိုးကြီး သည်းထန်စွာ ရွာပါလေရော။ ရေမြောင်းတွေက လျှံပြီးလမ်းပေါ်မှာရေတွေ ဖွေးနေ တော့ ရပ်ကွက်ထဲက ကလေးတွေက ကိုယ်လုံးတီးနဲ့ထွက်ပြီး ရေထဲမှာဆော့ကြ၊ အော်ကြဟစ်ကြ ကစားတာ မြင်မိတာ နဲ့ ကျွန်မလည်း အားကျပြီး အဝတ်တွေ အကုန်လုံး အတွင်းခံဘောင်းဘီလေးပါ မကျန်ဘဲ ချွတ်ပစ်၊ “လာဟေ့ နီပါ” ဆိုပြီး ခွေးကိုပါ ခေါ်၊ မိုးသည်းထဲခြံဝင်းထဲဆင်း၊ လမ်းထဲက ကလေးတွေလို ပါးစပ်ကလည်း “ဟေး… ဟေး၊ ဝါး…. ဝါး…”အော်ပေါ့။ အိမ်ကို ပတ်ပြီး ပြေးလိုက်တာ ပျော်လွန်းလို့လေ။ သုံးလေးပတ်ပဲ ပတ်လိုက် ရပါသေးတယ်။

“ဟေး…လာခဲ့စမ်း”ဆိုပြီး ဘိုးလေးက အိမ်ပေါက်ဝကနေ ကြိမ်လုံးကိုင်ပြီး ထွက်စောင့်နေပါတယ်။
“မိန်းကလေး ဆိုတာ ဘယ်အရွယ်မှာဖြစ်ဖြစ် ကိုယ်လုံးတီး မနေရဘူး။ ဟီရိသြတ္တပ္ပဆိုတဲ့ အရှက် တရား ရှိရ တယ်။ မှတ်ထား၊ နောက် အဝတ်ချွတ်ပြီး လူမြင်ကွင်းမှာ ပြေးဦးမလား” ဆိုပြီး ကြိမ်လုံးနဲ့ ဆော်လိုက်တာ တင်ပါးမှာ ကြိမ်ရာတွေ၊ အရှိုးအရှိုး ဖြစ်ကျန်ရစ်တဲ့အထိပေါ့။ အဲဒီတုန်းက ကျွန်မ ဆယ်နှစ်သမီး လောက်ပဲ ရှိဦးမှာပါ။ အတောင်အလက် စုံသေးတဲ့ အရွယ်လည်းမဟုတ်၊ တကယ်ကလေး ပီပီပြင်ပြင် အရွယ်ကို ဘိုးလေးက အဲလိုစည်းကမ်းကြီး စွာနဲ့ ဆုံးမခဲ့တာပါ။
ဘိုးလေးတို့ တောင်အိမ်နဲ့ ဘွားမေတို့ မြောက်အိမ်က မိသားစုတွေ မတည့်ကြတာလည်း ဘာမှမဆန်း ပါဘူး။ ဒီဘက်မိသားစု က နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ကျကြပြီး အားလုံးက အနောက်နိုင်ငံ အလေ့အထနဲ့ ကြီးပြင်းကြ ရတော့ ဘိုဆန်ကြ၊ ဘိုးလေးက အလွန်မြန်မာဆန်နဲ့ကြားထဲက ခံရသူက ကျွန်မပါပဲ။

ညအိပ်ရာဝင်ခါနီးရင် ငယ်ငယ်ကတည်းက အိမ်သားအားလုံးကို တစ်ဦးစီ တစ်ယောက်စီလိုက်ပြီး Night Night လို့ နှုတ်ဆက် ရင်း မွှေးမွှေးပေးပြီးမှ အိပ်ရပါတယ်။ ဘွားလေးတို့အိမ်ကိုလည်း ကူးပြီး နှုတ်ဆက်ရင်း Night Night လုပ်တော့ ဘိုးလေးက ..”လာခဲ့” ဆိုပြီး ဦးသုံးကြိမ်ချ ရှိခိုးခိုင်းပါတယ်။ အားလုံးကိုလည်း အဲလိုပဲ ရှိခိုးပြီးမှ အိပ်ရမယ် လ်ို့ ပြောလိုက်တော့ ကျွန်မမှာ အိမ်က ရှိရှိသမျှ လူတကာကို မွှေးမွှေးလည်းပေးရ၊ Night Night လည်း နှုတ်ဆက်ရ၊ ထိုင်လည်းရှိခိုးရနဲ့ မသက်သာတဲ့ ဖြစ်ခြင်းပါ ပဲလေ။
အဲလို ဘိုးလေးက အလေ့အကျင့် လုပ်ပေးလိုက်တဲ့ အဖြစ်ကြောင့် ကျွန်မ ဂါရဝတရားကို ကျင့်သုံးတတ် ပြီး အသက်ကြီး ဝါကြီး သူများကို ရိုသေဦးခိုက် ရှိခိုးသွားတတ်တာ ကျွန်မတင်မကဘူး၊ သားသမီးများထိ ကောင်းမြတ် တဲ့ အလေ့အကျင့် ရသွားတာမို့ ဘိုးလေးကို ပြန်တွေးမိတိုင်း ကျေးဇူးတင်မိပါတယ်။

ဘိုးလေးက စည်းကမ်းကြီးပေမဲ့ အလိုလိုက်တဲ့နေရာတွေမှာလည်း ကရိကထခံပြီး အလိုလိုက်ပါတယ်။ ကျွန်မတို့ ငယ်ငယ်က သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ချိန်တွေဆိုရင် သိပ်ပြီးစည်ကားတာပါ။ အိမ်တိုင်းက အပြိုင်အဆိုင် ဆီမီးတွေထွန်းကြ၊ ၊ မီးပုံတွေလည်း ရောင်စုံဆီစိမ်စက္ကူတွေနဲ့ ကိုယ်တိုင် မီပုံးချိုးကြတာ မျိုးပါ။ ဆိုင်တွေမှာ ရောင်းတာတွေလည်း ရှိရဲ့ပေါ့။ ကြယ်ပုံတွေ ကြီးငယ်ရွယ် လတ် အရောင်စုံ အရွယ်စုံ အပြင် ဂျပန်မီးပုံးလိုမျိုးလည်း စိတ်ကူးရှိ၊ ရှိသလို လှအောင်ပအောင် ထွင်ပြီး လုပ်ကြတာ ညမှောင်တာ နဲ့ အိမ်တိုင်းက ထွန်းထားတဲ့ မီးပုံးရောင်စုံတွေ လင်းလက်နေတာ သိပ်ကိုလှပ တဲ့ ရှုခင်းတစ်ခုပါပဲ။

နောက်ပြီး သီတင်းကျွတ် လပြည့်ပြီဆိုတာနဲ့ ဘုရားပွဲတွေကလည်း စကြပြီလေ။ ရပ်ကွက်တိုင်းမှာ ဆွမ်းတော်ကြီး ပွဲတွေ ပြင်ပြီး ဘုရားရှင်ကို ကပ်လှူပူဇော်ဖို့ အလှူခံတွေလည်း ရပ်ကွက် လူငယ်အုပ်စု တွေက အတီးတွေ၊ အမှုတ်တွေ နဲ့ အလှူခံကြတာအပြင် ကိုယ့်ဟာကိုယ်အိမ်စေ တစ်ဦးက ဆွမ်းတော် ကြီးပွဲအတွက် အသီးအနှံတွေကို ပန်းပုံစံ လှအောင်ထွင်ပြီး ကိုယ်တိုင်ကိုယ်ကျ ဘုရားမှာ သွားကပ်ရ တာလည်း တပျော်တပါးရှိတာ မှတ်မိ ပါတယ်။ ဘုရားဆင်းတုတော် ရှေ့မှောက်မှာ ဧရာမစားပွဲကြီး ခင်း ထားပြီး ဆွမ်းတော်ကြီး ပွဲတွေ ပြင်ထားတာများ လှပလွန်း၊ စုံလင်လွန်းလို့ ကြည်ညိုသူတွေက လက်အုပ် တချီချီနဲ့ သာဓုခေါ်ကြ။

ကျွန်မတို့ ကလေးတွေတစ်သိုက်ကတော့ အဲလို ကြည်ညိုရမှန်း၊ သာဓုခေါ်ရမှန်း ဘယ်သိပါ့မလဲ။ ရင် ပြင်ပေါ် မှာ ပြေးကြ ဆော့ကြ တိုင်ဦးတမ်း ကစားကြပေါ့။ ဘွားမေက အဲလို လူများတကာနဲ့ ရောတာ မကြိုက်လို့ ကျွန်မကို ပေးမလွှတ်ပေမဲ့ ဘိုးလေးက ပခုံးပေါ်တင်ချီခေါ်သွားပြီး ဆွမ်းတော်ကြီးပွဲ ပို့ပေးရင်း တခြားရွယ်တူ ကလေးတွေ နဲ့ ကစားခွင့်ရတာအတွက် ကျွန်မမှာ ပျော်လွန်းလို့လေ။
ညတိုင်ကျပြီ ဆိုရင် မီးပွဲလိုက်ကြည့်တဲ့သူတွေ လမ်းပေါ်မှာ ကြိတ်ကြိတ်တိုးစည်ကားပါတယ်။ ဘုရားပွဲ ကြောင့် ဇာတ်တွေ၊ အငြိမ့်တွေကလည်း ရှိတော့ ပွဲဈေးတန်းလည်း လျှောက်ရင်း မီးပွဲလည်း ကြည့်ရင်း ပေါ့။ ကျွန်မတို့ အရွယ် ကလေးတွေက မီးပန်းတွေလွှတ်ကြ၊ ဗြောက်တွေဖောက်ကြ၊ နောက်ပြီး မီးဒလိမ့် လည်း တွန်းကြသေး တယ်။

ကျွန်မက ကိုယ့်ရဲ့ ငယ်ဘဝကို သားတွေ သမီးတွေ ပြောပြရင်း “သီတင်းကျွတ်ပွဲတော်ဆို မာမီတို့ ငယ်ငယ်က မီးဒလိမ့်တွန်းတာ”ဆိုတော့…. “ဘာလဲ မီးဒလိမ့် ဆိုတာ”တဲ့။ အူကြောင်ကြောင်ပုံစံနဲ့ ပြန်မေးကြတယ်။
ဟုတ်ပါရဲ့။ သူတို့ခေတ်မှာ ဒါတွေက ရှိမှ မရှိတော့တာလေနော်။ ကျွန်မတို့ခေတ်တုန်းကတော့ ဈေးထဲ မှာလည်း သံဖြူနဲ့ နို့ဆီခွက်တွေ ဘာတွေက ဖျက်လုပ်ထားတဲ့ မော်တော်ကားပုံစံ၊ လှည်းပုံစံ၊ မီးရထား ပုံစံ၊ စကြာပုံစံ အရုပ်လေးတွေမှာ အလယ်က ဖယောင်းတိုင်ထွန်းလို့ရတဲ့ ခွက်ကလေးလည်း ပါသေး တယ်။ အဲဒီအရုပ်ကို တွန်းသွား လို့ရအောင် ဘီးလုံးလေးလုံး တပ်ထားပြီး တုတ်တံရှည်ရှည် တစ်ခု လည်း စွပ်ထားတာ ဆိုတော့ အဲဒီတုတ်ကိုကိုင်ပြီး တွန်းရင်း လမ်းတကာကို လျှောက်ကြတာလေ။

ဘိုးလေးကတော့ကျွန်မကို အဲလိုဈေးထဲက ရောင်းတန်းမီးဒလိမ့်ကို ဝယ်ပေးတာမဟုတ်ဘူး၊ သူကိုယ် တိုင် ပန်းပဲဆိုင်မှာ ဒီဇိုင်းဆွဲပြီး အခိုင်အမာ မီးဒလိမ့်ကို သွားအပ်တာပါ။ ဘီးလေးလုံးပေါ်မှာ Base သံပြားတစ်ခု ခံပြီး အပေါ်က ဂျပန်မီးပုံးလို မီးပုံးလှလှလေး တင်ထားပေးပါတယ်။ အဲဒီမီးပုံးထဲမှာ ဖယောင်းတိုင်ထွန်း ဖို့ နေရာလေးလည်း ပါတယ်ပေါ့။ တွန်းရတဲ့ တုတ်ကိုင်းကလည်း သံပိုက်လုံး ခိုင်ခိုင် မာမာ ထည့်ထားတာ ဆိုတော့ ခနော်ခနဲ့ မဟုတ်ဘူးလေ။
နောက်ပြီး တွန်းလိုက်လို့ ဘီးလှိမ့်တာနဲ့ မီးပုံးလေးက ပတ်ချာလည်သွားအောင်လည်း အောက် Base မှာ Ball ထည့်ပေး ထားတာ ကျွန်မရဲ့ မီးဒလိမ့်က အထူးအဆန်းပေါ့။ အဲဒီ မီးဒလိမ့်ပေါ်က မီးပုံးလေး ကို ရောင်စုံဆီစိမ်စက္ကူတွေလည်း ကပ်ရသေးတယ်။ သီတင်းကျွတ်ခါနီးပြီဆိုရင် မီးဖိုထဲက တုတ်မှာတင် ထားတဲ့ မီးဒလိမ့်ကို အောက်ချ သုတ်သင်ဆေးကြောပြီး ဘိုးလေးက သူကိုယ်တိုင် ဆီစိမ်စက္ကူတွေ ကပ်ပေး၊ အလှဆင်ပေး တာပါ။ မီးဒလိမ့် ပြင်ထားပြီးပြီဆိုရင်တော့ မိုးချုပ်အောင် စောင့်ရတာကို ကြာလှ ချည်ရဲ့လို့ အောက်မေ့တာနော်။ သူများတကာ အိမ်တွေ မီးစထွန်းပူဇော်ကြပြီဆိုတာနဲ့ ကျွန်မတို့ မြေး အဘိုးလည်း လမ်းမပေါ်ရောက်တော့ တာပဲ။

သီတင်းကျွတ် လပြည့်ရက်မှာ တာဝတိံသာက မယ်တော်ကို တရားဟောပြီး လူ့ပြည်ကို ပြန်ဆင်းလာတဲ့ ရှင်တော်ဘုရားကို အမှတ်တရအဖြစ်နဲ့ မီးပူဇော်ကြတဲ့အထဲမှာ လူကြီးတွေမကဘဲ ကျွန်မတို့လို ကလေးတွေပါ ပါဝင် ဆင်နွှဲခွင့်ရကြတဲ့အဖြစ်မို့ တွေးကြည့်ရင် ကြည်နူးပီတိ ဖြစ်စရာကောင်းလှပါတယ်။ ကလေးတွေက မီးဒလိမ့်လေးတွေ ကိုယ်စီထွန်းကြလို့ မီးဒလိမ့်ထဲက ဘုရားရှင်ကို ရည်စူးပြီး ပူဇော် ထားတဲ့ ဖယောင်းတိုင် မီးရောင်လေးတွေ ကလည်း လမ်းမပေါ်မှာ တလက်လက်နဲ့ မီးရောင်စုံတွေ ဟာ အိမ်တိုင်းမှာရော၊ လမ်းပေါ် မှာရော အလင်းလွှတ်နေရုံမကဘဲ လပြည့်ဝန်းကြီး ထွန်းလင်းနေတဲ့ ကောင်းကင်ပြင်မှာလည်း မီးပုံးပျံတွေရဲ့ မီးရောင် တလက်လက်ကို တွေ့မြင်နိုင်ပါသေးတယ်။

ဘုရားပွဲတွေကလည်း ရှိတော့ ရပ်ကွက်တိုင်းမှာ ဆိုင်းသံ ဗုံသံတွေကလည်း ခြိမ့်ခြိမ့်သဲလေ။ အိမ်တ ကာက မီးထွန်းထား တာတွေ ကြည့်ရင်း ပွဲဈေးတန်းကိုလည်း မြေးအဘိုးနှစ်ယောက် လျှောက်ကြသေး တယ်။ ဘိုးလေး က ပွဲဈေးတန်းမှာ ရောင်းတဲ့ စားစရာတွေထဲက ခဲလန်ကျည်တောက်တို့၊ အကြော်စုံတို့၊ မုန့်လေပွေတို့၊ မုန့်ရေပါး တို့၊ မုန့်လင်မယားတို့ကို စုံနေအောင် တနင့်တပိုး ဝယ်ပြီးမှ အိမ်ပြန်ကြရော။ အိမ်ရောက်ပြီဆိုတော့ ခြံထဲက အိမ်နှစ်လုံးကြားမှာ ခင်းထားတဲ့ ကွပ်ပျစ်ပေါ် ထွက်ထိုင်ကြရင်း နှစ်အိမ် စလုံးက ရှိရှိသမျှ မိသားစုတွေ ရေနွေးကြမ်းနဲ့မြည်းရင်း စားကြသောက်ကြ၊ ပေါက်တတ်ကရတွေ ပြောကြ ရယ်ကြပေါ့။

အဲလို ပျော်စရာကောင်းတဲ့ နေ့ရက်တွေကိုလည်း ကျွန်မ မှတ်မိနေပါတယ်။ ဘိုးလေးက ခြင်းလုံးခတ် တာလည်း ဝါသနာ ပါတယ်။ လေတံခွန် လွှတ်တာလည်း ဝါသနာ ပါပါတယ်။ ညနေ ထမင်းစားပြီးချိန် ဖြစ်ဖြစ်၊ ကျောင်းအားတဲ့ စနေ၊ တနင်္ဂနွေရက်တွေ ဖြစ်ဖြစ် ကျွန်မတို့ခြံနဲ့ လမ်းပဲခြားတဲ့ ကျည်ဝင်းထဲမှာ သွားပြီး ခြင်းလုံးခတ်တဲ့အခါ ခတ်၊ လေတံခွန် (ရန်ကုန်အခေါ်တော့ စွန်ပေါ့) လွှတ်တဲ့အခါ လွှတ်ပါ တယ်။
ကျွန်မက ဘိုးလေးနောက် သွားရာ တကောက်ကောက်ပါတာဆိုတော့ ဘိုးလေးခြင်းလုံးခတ်သလို ကျွန်မလည်း ခတ်ချင် တာပေါ့။ လေတံခွန်လွှတ်သလိုပဲ လိုက်ပြီး လွှတ်ချင်တာဆိုတော့ ဘိုးလေးကို ပူဆာမိ ပါတယ်။ ခြင်းခတ်တာက မိန်းကလေးအလုပ်မဟုတ်ဘူး ဆိုပြီး ခြင်းခတ်တော့ မသင်ပေးဘဲ လေတံခွန် လွှတ်ဖို့ ကျတော့ ကျေကျေနပ်နပ် နဲ့ ကျွန်မကို ကလေးအရွယ် ဘီးလုံးလေးတစ်လုံး ဝယ်ပေးပြီး မြေးအဘိုး မှန်စာကြိုးတွေ အတူ တိုက်ကြ၊ ရှေ့က ကျည်ဝင်းထဲမှာ လေတံခွန်အတူ လွှတ်ကြရတာ ကျွန်မရဲ့ ကြည်နူးစရာ ငယ်ငယ်ဘဝ ရဲ့၊ နေ့ရက်များဆိုပါတော့။

မန္တလေးမှာ အဲလိုလေတံခွန်လွှတ်ချိန်ဆိုရင် ကလေးသူငယ်တွေ ခဏခဏ ကားတိုက်လို့၊ မြင်းလှည်း တိုက်လို့ နဲ့ သေကြ၊ ကျိုးကြ ပဲ့ကြတာ ကြားနေရတာပဲ။ လေတံခွန်လွှတ်ကြပြီဆိုရင် ကျွန်မကတော့ ကိုယ့်လေတံခွန်လေး တဖြည်းဖြည်း အရှိန်နဲ့ မြင့်တက်သွားရင်ပဲ ကျေနပ်ပီတိတွေ ဖြစ်လို့ပေါ့။ သူတစ်ပါးရဲ့ လေတံခွန်ကိုလည်း သွားပြီး မယှဉ်ပြိုင် လိုဘူး၊ သူ့အားနဲ့ သူ့အရှိန်နဲ့ ဘယ်လောက်တက်တက် ကိုယ်က အနေသာကြီးပဲနော်။ ကိုယ့်လေတံခွန်လေး မစုတ် မပဲ့ဘဲ တက်နေရင်ပဲ ဟုတ်လှပြီလို့ ကျေနပ်ပြီး လေအရှိန်ကိုပဲ ဂရုစိုက်ထိန်းနေ ရတာ။
တချို့ကျတော့ ဒီလိုမဟုတ်ပါဘူး။ သူတစ်ပါးလေတံခွန် မြင့်နေပြီဆို အတင်းလိုက်ဖြတ်ကြတာမျိုးလေ။ အဲဒီပြတ်ကျတဲ့ လေတံခွန်နောက်ကို ကလေးတွေ တစ်ပြုံတစ်မကြီး ပြေး လိုက်ကောက်ကြ တာ။ ဇော က လေတံခွန် ကို မဲနေတာဆိုတော့ လာနေတဲ့ကားလည်း မမြင်၊ မြင်းရထားလည်း မမြင်နဲ့ သေကြ၊ ကျိုးကြ ပဲ့ကြ ဖြစ်ကုန် တာပေါ့။

ကျွန်မ လူ့ဘဝကို ရောက်လာတဲ့အချိန်မှာ ခန္ဓာကိုယ်မှားပြီး မှားဝင်လာခဲ့သလားမသိပါဘူး။ သူများ တကာ မိန်းကလေးတွေလို အိုးပုတ်ကလေးတွေနဲ့ ထမင်းချက်တမ်း ဟင်းချက်တမ်း ကစားတာတို့၊ ဈေးရောင်းတမ်း ကစားတာတို့လို ငြိမ်ငြိမ်သက်သက် ကစားရတာမျိုးကို ကျွန်မ ဝါသနာမပါဘူး။ ဘောလုံးကန်ချင်တာတို့၊ ကျည်းသား ရိုက်ချင်တာ တို့၊ လေတံခွန်လွှတ်ချင်တာတို့မျိုးပဲ ယောက်ျားလေးတွေလို ကစားချင်တာပါ။ တစ်ခါလည်း ကျောင်းမှာ ကျည်းသား အရိုက်ကောင်းလိုက်တာ အောင်ပန်းဆိုတဲ့ ကောင်လေး မျက်စိထိသွားလို့ မကန်းရုံ တစ်မည်ပဲ၊ မျက်စိအောက်မှာ အညိုအမည်းနဲ့ ဆေးရုံပို့ရလို့ ဘိုးလေးက ကျွန်မကို ကြိမ်နဲ့ဆော်ပြီး ကျည်းသား မရိုက်ရ အမိန့်ထုတ်ပါလေရော။

ဘိုးလေးရဲ့ ကျောင်းက ထွက်ခဲ့ရတဲ့အဖြစ်ကတော့ မှတ်မှတ်ရရပါပဲ။ ဘိုးလေးက ကျွန်မအပါအဝင် သူ့တပည့်တွေ အားလုံးကို အင်မတန် စာတွေ တတ်စေ သိစေချင်တာပါ။ ညနေ ထမင်းစားပြီးလို့ မှောင် တရီ ခုနစ်နာရီ ကျရင် ရပ်ကွက်ထဲက ဘိုးလေးရဲ့ ကျောင်းသားတွေ အားလုံး အိမ်မှာစုပြီး စာကျက်ကြ ရတယ်။ ဘိုးလေးက မသိတာ မတတ်တာတွေ ရှင်းပြတယ်။ ဘာသာစုံ လိုအပ်တာ မှန်သမျှ ဖြည့်ဆည်း ပေးတဲ့ အပြင် ပြင်ပဗဟုသုတ ရဖို့အတွက်လည်း ကျောင်းစာနဲ့ မဆိုင်တာတွေပါ ဖတ်ခိုင်း မှတ်ခိုင်းပါ တယ်။
ကျောင်းသား အားလုံးက ဘိုးလေးကို ချစ်လည်းချစ်၊ ကြောက်လည်းကြောက်၊ ရိုလည်းရိုသေကြပါတယ် စာပြတဲ့ စားပွဲရှည်ကြီးနဲ့ ညလင်း မီးအိမ်ကြီးအောက်မျာ ထိုင်နေချိန်ဆို လှုပ်တောင်မလှုပ်ရဲကြဘူး၊ ဘိုးလေးက လက်သံလည်း ပြောင်ပါ့။ ကြိမ်လုံးက လက်ထဲကချတာ မဟုတ်ဘူး။

အဲလိုစာတွေ သင်ပြ ပေးနေတဲ့အတွက် အခုခေတ် ကျူရှင်လို အခကြေးငွေလည်း တစ်ပြားမှ ယူတာ မဟုတ်ဘဲ ဘွားလေးက နေ့တိုင်း မြေပဲလှော်တို့ ပဲကြီးလှော်တို့၊ ထန်းလျက်တို့ ချကျွေးရတာက ပါသေးတာလေ။ အဲလို ကျွေးနိုင်တာကလည်း ဘိုးလေးမိဘများက နှမ်းပေါ်ချိန်ဆိုနှမ်း၊ မြေပဲပေါ်ချိန်ဆို မြေပဲ၊ ယာထွက် ပစ္စည်းတွေ ထန်းလျက်တွေကအစ တောင်ကြီး တောင်းငယ်နဲ့ ပို့ထားတာပါ။ ဘွားလေးတို့မှာ နှမ်းဆီ၊ ပဲဆီ ဘယ်တော့မှ ဝယ်မစားရဘူး၊ ထန်းလျက်ဆိုလည်း အနုအကြမ်းအပြင် အုန်းထန်းလျက်၊ နှမ်း ထန်းလျက်ဆိုတဲ့ စပါရှယ်တွေက ပါလိုက်သေးတယ်။
အဲတော့လည်း ကျောင်းသားတွေကို အလျှံပယ်ကျွေးနိုင်တာပေါ့။ ကျွေးလည်းကျွေး အာပေါက်အောင် လည်း စာတွေသင်၊ ဆော်စရာ ရှိလည်း ကြိမ်လုံးနဲ့ တဖြန်းဖြန်းချ ဆုံးမတာမို့ ဘိုးလေးရဲ့ စိန်အင်ဒရူး ကျောင်းက နှစ်တိုင်း အောင်ချက်ကောင်းပါတယ်။ ကျွန်မကိုလည်း သူ့ကျောင်းကနေ စကောလားရှစ်နဲ့ အောင်ရမယ်လို့ အထူး အားခဲထားရှာတာလေ။

ကျွန်မဆိုတဲ့ ကျွန်မက ယောက်မတင် ဘာက မလဲ၊ လှော်တက်ကြီးကိုပါ မြင်းစီးထွက်တာ မျိုးလေ။ ယောက်ျားလေး တစ်ယောက်လို အင်မတန် လွတ်လပ်ထချင်စိတ်ရှိတဲ့ မိန်းကလေးမျိုးမှာ အချုပ် အချယ် တွေ နဲ့ နေရတဲ့ဘဝ မဟုတ်လား၊ မွေးထားတာလည်း တစ်ဦးတည်းသော သမီး၊ ကစားဖော် ညီအစ်ကို မောင်နှမ ကလည်း တစ်ယောက်မှ မရှိတဲ့ပြင် ကျွန်မမှာ တခြား ကစားဖော်သူငယ်ချင်းတွေနဲ့ လည်း ကစားခွင့် မရှိပါဘူး။

××××××××××

အပိုင်း ၃ ဆက်ရန်….

#ပတ္တမြားခင်

#ရွှေစင်ဦး ဘလော့ဂ်မှ

Leave a Reply

Your email address will not be published. Required fields are marked *