Novel

အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၃၊၄

– ပတ္တမြားခင်

အပိုင်း (၃)

ကျွန်မတို့ မှီခိုနေရတဲ့ အိမ်ရဲ့ဦးစီး ဘွားမေက အလွန့်အလွန် မာနကြီးတဲ့သူနဲ့ ဘိုးလေးက စည်းကမ်း အင်မတန် ကြီးသူ ဖြစ်နေတော့ ကျွန်မ မှာ ခြံ၀င်းအပြင်ဘက် ထွက်ခွင့် မရှိတာအပြင် အိမ်ရှေ့၀ရန်တာကိုတောင် မမှောင်ခင် ထွက်ထိုင်ခွင့် မရှိတော့ ကစားချင်ရင် ကိုယ့်အတွက် သီးသန့်ပေးထားတဲ့ ကစားခန်းထဲမှာပဲ အရုပ်ကလေးတွေ နဲ့ ထိုင်ဆော့ရင်ဆော့၊ ဒါမှမဟုတ် ဝိုင်းထဲမှာ ပြေးတမ်း လိုက်တမ်းကစား၊ တူတူပုန်းတမ်း ကစား၊ ဒါပဲ လုပ်စရာ ရှိတာပါ။

ဒီတော့လည်း အဖော်မင်တာ ကျွန်မအတွက် မဆန်းလေဘူးပေါ့။ နဂိုကတည်းကလည်း ကစားမက်၊ အဆော့ လည်း သန်တဲ့ မိန်းမ ဆိုတော့ ကစားဖို့ အဖော်မစပ်လိုက်နဲ့။ ကျွန်မက ရှေ့ဆုံးက ဖြစ်နေမြဲပါပဲ။ အဲဒီနေ့ကလည်း စာသင်ချိန် မှာ အိမ်သာခွင့်တိုင်ပြီး အိမ်သာကို လာတာပါပဲ။ ဖြစ်ချင်တော့ အိမ်သာက အထွက်မှာ နေ့လယ် မုန့်စားဆင်းချိန်တုန်းက ဒိုးပစ်လို့ ရှုံးထားတဲ့ ထွေးထွေးနဲ့ သွားတိုးတာလေ။
သူက စိတ်မကျေပွဲ ဒိုးပစ်ကြမယ်နဲ့ စိန်ခေါ်တော့ ကျွန်မကလည်း နှစ်ခါ မခေါ်ရဘူး။ “အေး” ဆိုပြီး အိမ်သာဘေးက ကွက်လပ်မှာ ထွေးထွေးနဲ့ ဒိုးပစ်နေကြတာ တစ်ယောက်ပြီးတစ်ယောက် အိမ်သာ လာတဲ့အုပ်စုက ၀င်ပါကြရင်းနဲ့ ပွဲကြီးပွဲကောင်း ဖြစ်သွားတာ ဘယ်လောက်ကြာသွားလဲတောင် မသိပါ ဘူး။ တစ်ယောက်က သွားပြီး ဆရာမ ကို တိုင်တော့ ကျွန်မတို့အားလုံး ဘိုးလေးရဲ့ ရုံးခန်းထဲ ရောက်သွားကြတာပေါ့။

ထုံးစံအတိုင်း ဘိုးလေးက အားလုံးကို ကြိမ်နဲ့ဆော်တော့တာပါပဲ။ ဒီအထဲမှာ ကျွန်မကို စာသင်ချိန်မှာ စည်းကမ်းဖောက်ရပါ့မလား ဆိုပြီး ချလိုက်တာ သူများတကာတွေထက် အချက်ပေါင်းများစွာ ပိုပါတယ်။ လက်ဖဝါးနှစ်ဖက်စလုံး ဖူးဖူးရောင် ရုံတင် မကဘူး။ ပေါက်ပြဲပြီး သွေးထွက်တဲ့ထိကို ဆော်လိုက်တာပါပဲ။
ဘိုးလေး အနေနဲ့ကတော့ ဆန်ရင်းမို့ နာနာဖွပ်လိုက်တာပါ။ စကောလားရှစ် ၀င်ဖြေဖို့ အားခဲထားတဲ့ မြေးမို့လည်း စာသင်ချိန် မှာ တလေးတစား စာသင်စေချင်တာ ဖြစ်မှာပေါ့။ ကျွန်မကတော့ ဘယ်ဒီလို တွေးပါ့မလဲ။ သူများ တကာတွေကျ တော်အောင်ရိုက်ပြီး ငါ့ကျမှ မတရားရိုက်တာ မကျေနိုင်ဘူးပေါ့။ ဘိုးလေးက မတရားဘူးဆိုပြီး မလေးမစား လုပ် တဲ့ ကိုယ့်အပြစ်တော့ ကိုယ်မမြင်ဘဲ ဘိုးလေးကိုပဲ ဒေါသတွေ ထွက်နေတာ။

အဲဒီနေ့က အိမ်ပြန်ရောက်တာနဲ့ လက်က ဒဏ်ရာဒဏ်ချက်တွေ ပြပြီး မာမီကို ငိုယိုတိုင်ပြီး “ဘိုးလေး ကျောင်းကို မသွားတော့ ဘူး” ဖြစ်တော့တာပဲလေ။ မာမီတို့၊ ဘွားမေတို့ကလည်း နဂိုကတည်းက ဘိုးလေးကို သိပ်ကြည့်လို့ရတာမှ မဟုတ်တာ။ အခုလို ဒဏ်ရာဒဏ်ချက်နဲ့ ဖြစ်လာတော့ “ကလေးကို ဆုံးမတာပဲ၊ ဒါလောက်တောင် ဖြစ်အောင် ဆုံးမ ရလား”နဲ့ မကျေမနပ်တွေ ဖြစ်ကြ၊ စကားတွေ များကြ၊ ပြဿနာတွေ တက်ကြ၊ ကျွန်မ ကစားမက် လိုက်မိတဲ့ အမှိုက်ကလေးက စလိုက်တာ ပြာသာဒ်ကို မီးလောင် တဲ့အထိ ကြီးမားသွားတော့ တာပါပဲ။
ကျွန်မ လည်း ဘိုးလေးကို စိတ်နာလို့ ဘိုးလေးအိမ်ဘက်ကို မကူးတော့ဘူးလေ။ ဘွားလေးကတော့ လာချော့ တာပေါ့။ “နင့်အဘိုး က နင့်ကို သိပ်မျှော်မှန်းထားတာ။ နင်က စာသင်ချိန်မှာ ဒီလိုလုပ်တော့ အဘိုး အားကိုးနဲ့ စည်းကမ်း မလိုက်နာ သလို သူများ မြင်မှာလည်း စိုးတာပေါ့။ နောက်ပြီး နင့်ကို ချစ်လို့၊ လိမ္မာစေချင်လို့၊ စည်းကမ်း ရှိစေချင် လို့ တမင်ဆုံးမတာ” ဘာညာနဲ့ ရှည်ရှည်ဝေးဝေးတွေ ပြောပြီး ကျွန်မကို ဆက်ဆုံးမပါတယ်။ ဒီလောက် နာနာကြည်းကြည်း ဖြစ်သွားတဲ့ ကျွန်မအတွက်လည်း စိတ်မကောင်း ဖြစ်နေတယ်ပေါ့။

ကျွန်မက ဘိုးလေး ကို ချစ်လည်း ချစ်တာမို့ ခုလို ရက်စက်ရကောင်းလားနဲ့ နာကြည်းမဆုံး ဖြစ်နေဆဲ ဆိုတော့ ဘွားလေး လာချော့ လည်း ချော့ချော့ပါပဲ။ ဘိုးလေးရဲ့ ကျောင်းကို ပြန်မသွားဘူးလို့ ခေါင်းမာမာနဲ့ ဆုံးဖြတ် ထားပါတယ်။ ဒီတော့ စာသင်နှစ်တစ်၀က်ကြီးမှာ တခြားကျောင်းတွေ ပြောင်းဖို့ မာမီ့ခမျာ လိုက်ရှာရတော့ တာပေါ့။ ပထမဦးဆုံး သွားမေးတဲ့ စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းတွေက ၀င်ခွင့် မရပါဘူး။ ဒါနဲ့ SPG ကျောင်းကို သွားစုံစမ်းတော့ မာမီ့ရဲ့မိတ်ဆွေ ခရစ်ယာန်ဘုန်းတော်ကြီး ဦးချစ်ထွေးနဲ့ တွေ့ပြီး ပြောပေးတာနဲ့ SPG Royal School မှာ ၀င်ခွင့်ရပါတယ်။
SPG ကျောင်းက ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကစပြီး အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ကျောင်းပါ။ သံတဲကျောင်း လို့လည်း ခေါ်ပါတယ်။ မင်းညီမင်းသားတွေ အင်္ဂလိပ်စာ သင်ခဲ့တဲ့ ကျောင်းမို့ လည်း Royal School လို့ ခေါ်တွင်နေတာ ဖြစ်ကောင်းပါရဲ့။ ကျောင်းအုပ်ကြီးက အင်္ဂလိပ်လူမျိုး နှုတ်ခမ်းမွေးခပ်စစနဲ့ Mr Smith ပါ။ ကျွန်မ တို့ လေးတန်းက အတန်းပိုင်ဆရာမက Miss Moris ဆိုတဲ့ ဘိုကပြားမ အပျိုကြီးပါ။

နှစ်၀က်က ဖြတ်၀င်ရတော့ သင်ရိုးတွေ မတူ၊ မှတ်စုတွေ မတူတော့ ပြန်ကူးရတာ အမောတကောပါပဲ။ အတန်းထဲ မှာ ကျွန်မနဲ့ ညီအစ်မ ၀မ်းကွဲတော်တဲ့ ခင်မကြီး ဆိုတာက ရှိနေပြီးသားမို့ သူက ခင်မကြီး ၀မ်း၊ ကျွန်မက ခင်မကြီး တူးပေါ့။ အတန်းထဲမှာ တစ်ခုံတည်း ထိုင်ရတာက ကျွန်မရယ်၊ ခု ရွှေအမြုတေ မဂ္ဂဇင်းတာ၀န်ခံ ကို၀င်းငြိမ်းရဲ့ အဖေ ကျားဘညိမ်း ဖြစ်လာမဲ့ ကိုဘညိမ်းရယ်၊ နောက်ပြီး တောင်ကြီးက ကျောင်းလာတက်တဲ့ ရှမ်းသံဝဲ၀ဲနဲ့ စကားပြောတတ်တဲ့ သွားတက်ကလေးနဲ့ မညိုစိန်ရယ် သုံးယောက်ပါ။
ကျွန်မ တို့ ကျောင်းနေတဲ့ အချိန်တုန်းက ကိုယ့်ဟာကိုယ် ကျောင်းကို လမ်းလျှောက် သွားကြရတာပါ။ အိမ်နီးချင်း အဖော်တစ်စု နဲ့ အာဠဝီလမ်းမှာ နေတဲ့ Miss Moris အိမ်ကို သွားကြပြီး ကျွန်မတို့ ရောက်တဲ့ အချိန် Miss Moris ရေချိုး ၀တ်ရုံကြီးနဲ့ ကော်ဖီစားပွဲမှာ ထိုင်တုန်းပဲ ရှိသေးတယ်။

အဲဒါ ဒီတိုင်း ကျွန်မတို့ ထိုင်စောင့်ရတယ်များ မထင်လေနဲ့။ မနေ့က ကျက်ခိုင်းထားတဲ့ Poerty တို့ ဘာ တို့ ပြန်ဆိုပြရပါတယ်။ ပြီးမှ Miss Moris အ၀တ်လဲတာ စောင့်ပြီး ကျောင်းကို အတူသွားကြရော။ လမ်းမှာလည်း တစ်လမ်းလုံး စာတွေ အမေးအဖြေလုပ် သင်သွားတာ ကျောင်းကို ရောက်တဲ့ထိ ဆိုပါတော့။ ကျူရှင်ရယ် လို့လည်း ကျွန်မတို့ သားသမီးတွေ လက်ထက်ကလို ဘာသာစုံ ဟိုဆရာ၊ ဒီဆရာဆီ သွားတက်ရတာမျိုး လည်း မရှိ ပါဘူး။ ကျောင်းသွား ကျောင်းပြန် တပည့်တွေကို အာပေါက်အောင် သင်သွားတာပဲ။ Miss Moris က ပုပုလေး ဆိုတော့ ရုပ်ရှင် ထဲက လူရွှင်တော်ပုပုလေး ဖြစ်တဲ့ စိုင်တမော့ကို နာမည်ယူပြီး သူ့ကွယ်ရာမှာ တပည့်တွေ က စိုင်တမော့လို့ ခေါ်ကြပါတယ်။

SPG ကျောင်းမှာ နေရတာ စိတ်လွတ်လပ်လို့ ကျွန်မ တော်တော် ပျော်ပါတယ်။ ဘိုးလေး ရဲ့ ကျောင်းမှာ နေတုန်း ကတော့ ညနေတိုင်း လည်း ဘိုးလေးရဲ့သင်တန်းကို တက်ရသေးတယ်။ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ကျတော့လည်း အအားနေရသေးတာ မဟုတ်ဘူး။ လက်ရေးလှအောင် လေ့ကျင့်ရေး ရတာတို့၊ သင်္ချာကို ကြိုပြီး သင်ရိုး ထက် ပိုသင်ရတာတို့က ရှိသေးတယ်။ လက်ရေးဆိုရင်လည်း လှနေရုံ နဲ့ မဟုတ်သေးဘူး။ တစ်ခါတလေ သင်ပုန်းပေါ် ထွက်ရေးခိုင်းလို့ ငအက္ခရာကို အပေါ်ကနေ မဆွဲဘဲ အောက်က ဆွဲရေးမိရင် လက်ကို ပေတံစောင်း နဲ့ အခေါက်ခံရသေးတာနော်။ (င)ပဲ သူ့ဘာသာသူ ဘေးတစ်ဖက် လှည့်နေရင် ပြီးနေတဲ့ ဥစ္စာ၊ အပေါ်က ဆွဲဆွဲ၊ အောက်က ဆွဲဆွဲပေါ့။

ဘိုးလေးကိုတော့ အဲလို သွားလုပ်လို့ မရဘူး။ သူက တကယ့်စာအုပ်ကြီးအတိုင်း စနစ်တကျ ဘာမဆို လုပ်မှ ဖြစ်တာ။ သဝေထိုး ကိုသာ အောက်ကနေ အပေါ်ဆွဲရတယ်။ “င” အက္ခရာက အပေါ်ကနေ အောက်ကို ဆွဲရတာ တဲ့လေ။ ကျွန်မက ဖြစ်ကတတ်ဆန်း အောက်ကနေ ဆွဲချင်ဆွဲ ရေးမိတော့ ပြဿနာပေါ့။ အဲလို သေးသေးကိစ္စလေးတွေ ကအစ သတိထားနေရတာ မဟုတ်လား။
ခုတော့ ဘိုးလေးအိမ်ကို မသွားရတော့ ကျွတ်ပြီ လွတ်ပြီ ဆိုပြီး စာကျက်ချင်တဲ့အခါ ကျက်၊ မကျက်ချင် တဲ့အခါနေ ပေါ့ပေါ့ ပဲလေ။ ဒါပေမယ့် သိပ်ပေါ့ပေါ့တန်တန် နေရဲတာတော့ မဟုတ်ပါဘူး။ မာမီ ကိုလည်း သေအောက် ကြောက်ရတာက ရှိပါသေးတယ်။ ဒါကြောင့် ကျောင်းကပေးတဲ့ ရီပို့ကတ်မှာ အဆင့်ကျ လို့တော့ မဖြစ်ဘူး ဆိုပြီး ဂရုစိုက်ရပါတယ်။

အဲဒီတုန်းက အတန်းထဲမှာ အမြဲ ပထမရတဲ့သူက ပွဲကုန်းက ကျောင်းလာတက်တဲ့ ကိုသန်း ဆိုတာပါ။ ဘိုးလေး ရဲ့ ကျောင်းတုန်းက ပထမရခဲ့တဲ့ ကျွန်မ ခုကျ ကိုသန်းကို ဘယ်လိုမှ ကျော်မရပါဘူး။ ဒုတိယ၊ တတိယ နှစ်နေရာကို ကျွန်မရယ်၊ ကိုဘညိမ်းရယ်၊ မညိုစိန် ရယ်က တစ်လှည့်စီ နေရာယူကြပါတယ်။ အဲလို ဖြစ်သွားရတာ ဘိုးလေး ရဲ့ တွန်းအား မရှိတော့ လို့ ဆိုတာ ငယ်ရွယ်စဉ်တုန်းကတော့ ဘယ်နားလည်ပါ့မလဲ။ ဘိုးလေးကိုလည်း ကျေးဇူးတင်ရကောင်းမှန်း မသိခဲ့တာ အမှန်ပါပဲ။
ဘယ်လောက်ပဲ စိတ်ဆိုး စိတ်ဆိုး တစ်ခြံတည်း တစ်၀င်းတည်း နေကြတဲ့ မိသားစုဆိုတော့ ကြာကြာ လည်း မကင်း ကွာနိုင်ကြပါဘူး။ ဘိုးလေးတို့နဲ့ ပြန်ပြီး ဆက်ဆံ ဖြစ်လာပါတယ်။ နောက်ဆုံးတော့ ကျွန်မ ကျောင်းပြောင်း လိုက်ရတာပဲ အဖတ်တင်ပြီး စကောလားရှစ် ၀င်ခွင့် ပျက်သွားရတာပဲ အရှုံးထွက်လိုက်တယ် ဆိုပါတော့။

ဒယ်ဒီ မရှိတော့တဲ့နောက်မှာ မာမီက စီးပွားရှာသူ ဖြစ်လာပါတယ်။ မာမီက အနုပညာပါရမီ အခံရှိပြီး အချုပ်အလုပ် မှာ အင်မတန်ကို လက်ရာမြောက်တာပါ။ ဒယ်ဒီနဲ့ အိမ်ထောင်မကျခင်ကလည်း မေမြို့က ဖက်ရှင်ဒီဇိုင်းချုပ်တဲ့ ပြင်သစ် အမျိုးသမီးတစ်ဦးဆီမှာ ပညာသင်လာတာ ဖြစ်တော့ ထူးထူးခြားခြား ပုံဆန်းတွေ ချုပ်တတ် လုပ်တတ် ပါတယ်။ ဒီဇိုင်းလည်း ကိုယ်တိုင်ဆွဲပြီး ပုံထုတ်တာမျိုးပါ။ မန္တလေးမြို့က မျက်နှာဖုံးဖြစ်တဲ့ အရာရှိ ကတော်တွေ၊ ဆရာ၀န်မကြီးတွေ က အပြိုင်အဆိုင် ၀တ်ကြ စားကြ ဆိုတော့ မာမီ့ဆီမှာ တကူးတက မှာပြီး ချုပ်ကြတာ မျိုးပါ။
ဟိုခေတ် က ဘီအေမအနားတို့ ဘာတို့ ဆိုတဲ့ လုံချည်မှာ ပန်းတွေဖောက်၊ ပန်းတွေထိုး၊ အင်္ကျီရင်ဖုံးနဲ့ ဆင်တူ ပန်းထိုး ၀တ်တာတွေ ရှိတော့ မာမီက ပန်းတွေ ဒီဇိုင်းဖော်ပြီး ရေးပေး၊ ဘွားလေးရဲ့သမီး ခင်ခင်လှက ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် ဆက်မသင်ဘဲ အိမ်မှာပဲ နေတာမို့ မာမီ့ရဲ့အလုပ် မှာ ၀င်ကူပြီး ပန်းထိုး ပါတယ်။ တဖြည်းဖြည်း နဲ့ အလုပ်တွေက များလာတော့ အပ်ချုပ်တဲ့ မိန်းကလေး တွေ၊ ပန်းထိုးတဲ့ မိန်းကလေးတွေ ငှားထားရတဲ့ထိ အောင်မြင်လာပါတယ်။ ဒါတင်မကဘူး။ အဲဒီအချိန်က အိမ်ပြတင်းတွေမှာ အခုခေတ်မှာလို အ၀တ်စ ခန်းဆီးကို သုံးတာမဟုတ်ဘဲ ပုတီးစေ့ခန်းဆီတွေ သုံးတာက ခေတ်စားပါတယ်။

ပုတီးစေ့ခန်းဆီး ဆိုလို့ ရိုးရိုး မဟုတ်သေးဘူးနော်။ ဒီဇိုင်းဖော်ထားပြီးမှ သီထားတာမျိုးပါ။ ကြာပွင့်နဲ့၊ ရေကန်နဲ့၊ ဗျိုင်းရုပ် နဲ့၊ ဒါမှမဟုတ် ဒေါင်းရုပ်လိုပုံကို ရောင်စုံဖော်ပြီးမှ သီရတာ။ ခန်းဆီးကို အဝေးကနေ လှမ်းကြည့်ရင် ပုံဖော်ထားတဲ့ ဒီဇိုင်းအလိုက် ရောင်စုံထွက်နေတော့ တော်တော်ကို လှပါတယ်။
မာမီ က အဲလိုခန်းဆီးတွေအတွက်လည်း အော်ဒါတွေ လက်ခံပြီး လုပ်ပေးပါသေးတယ်။ လက်မှုပညာနဲ့ စီးပွားရှာရတာ မို့ မာမီက ကျွန်မကို သိပ်ပြီး နီးနီးကပ်ကပ် မစောင့်ရှောက်နိုင်ပါဘူး။ ဘိုးလေးကလွဲပြီး အနီးကပ်ဆုံး နေရသူမှာ မာမီရဲ့အဘွား ကျွန်မရဲ့ (ဘွား)တော်တဲ့ ဘွားမေပါ။ ဘွားမေရဲ့ နာမည်က ဒေါ်မမကြီးလို့ ခေါ်ပါတယ်။

ဒေါ်မမကြီးလို့ခေါ်တဲ့ ဘွားမေမှာ သားသမီး ၇ယောက်တောင် ထွန်းကားခဲ့တာ ဖြစ်ပေမဲ့ ကျွန်မ သိတတ်တဲ့ အရွယ်မှာတော့ သမီးအငယ်ဆုံး ဘွားလေးတစ်ယောက်ပဲ သက်ရှိထင်ရှား ရှိပါတော့တယ်။ ကျန်တဲ့ သားသမီး ၆ယောက်စလုံး ကွယ်လွန်ကုန်ကြပါပြီ။ မွေးထားတဲ့သားသုံးယောက်နဲ့ သမီး လေးယောက်မှာ သားနှစ်ယောက် က လသားအရွယ်မှာပဲ ဆုံးသွားကြတာ ဖြစ်ပြီး မောင်မောင်မြင့်ဆိုတဲ့ သားကတော့ အသက်နှစ်ဆယ်ကျော်မှ ပျက်စီးရတာတဲ့လေ။
ကျန်တဲ့ သမီးလေးယောက်မှာလည်း သုံးယောက်က အရွယ်ကောင်းလေးတွေမှာပဲ ကွယ်လွန်သွားကြ တာ ဖြစ်တော့ ဘွားမေရဲ့ရင်ထဲ ဘယ်လောက် ခံစားရမလဲဆိုတာ သားဆုံးဖူးတဲ့ ကျွန်မ ခု ကိုယ်ချင်း စာပြီး ကြည့်နိုင်ပါတယ်။

ဘွားမေက မြန်မာစစ်စစ် မဟုတ်ပါဘူး။ ထိုင်းတစ်၀က်၊ မြန်မာတစ်၀က် စပ်ထားတဲ့ ထိုင်းမြန်မာကပြား ပါ။ ဘွားမေ ရဲ့ မိခင်နာမည် က “နွမ်အီပု” ဆိုတာရယ်၊ မြန်မာဘုရင်က ထိုင်းကို တိုက်ခဲ့စဉ်က လက်ရ သိမ်းပိုက်ခဲ့တဲ့ နန်းတွင်းသူ တစ်ဦး ဖြစ်ပြီး ဘွားမေနဲ့ လှိုင်မင်းသားတို့ဟာ အမေတူ အဖေကွဲ မောင်နှမ တော်စပ်တယ် ဆိုတာက လွဲပြီး ဘွားမေရဲ့ အကြောင်းကို ကျွန်မ ဘာမှ ပိုမသိပါဘူး။
ရေးရင်းနဲ့ ကျွန်မရဲ့ဘဝအချို့ကို ဖော်ထုတ်ပေးတဲ့ ကျေးဇူးပြုသူ နှစ်ဦးကိုလည်း တစ်လက်စတည်း မှတ်တမ်း တင်ရင်း နဲ့ ကျေးဇူးတင်စကား ပြောချင်ပါသေးတယ်။ စာခြေတံရှည်သွားတာအတွက် ခွင့်လွှတ်ဖို့ စာရှုသူများကို ကြိုတင်တောင်းပန် ပါရစေနော်။ အဖြစ်က ဒီလိုပါ။ ရတနာနဲ့ စက်ဘီးများ ထုတ်လုပ်တဲ့ “ရတနာင်္သိ” ကုမ္ပဏီလီမိတက် က ဌာနဦးစီးမှူး ဦးကျော်သန်းမြင့် (ဗန်းမော်)က ကျွန်မရဲ့ စာဖတ် ပရိသတ်တစ်ဦးပါ။

ဦးကျော်သန်းမြင့် က စာရေးတာမကဘဲ ကိုယ်ရေးအတ္ထုပ္ပတ္တိ စုဆောင်းတာ ဝါသနာပါပါတယ်တဲ့။ ကျွန်မတို့ ငယ်ရွယ်စဉ် ခေတ်ကတည်းက နာမည်ကျော် ရုပ်ရှင်မင်းသမီးများ ဖြစ်တဲ့ မေရီမြင့်တို့၊ ကြည်ကြည်ဌေး တို့၊ မေရှင်တို့၊ တင်တင်မူတို့ စတဲ့ နိုင်ငံကျော်အမျိုးသမီးများရဲ့ အကြောင်းအရာတွေကို ဘယ်လိုများ မှတ်စုပြုထား လဲ မသိပါဘူး။ သူ ရေးခဲ့တဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ ဆောင်းပါးတွေကို ဖတ်ရ ပါတယ်။ သူ့ဆီမှာ တခြားတခြား ပုဂ္ဂိုလ် များရဲ့ အတ္ထုပ္ပတ္တိ ဆွေစဉ်မျိုးဆက်တွေလည်း ရှိပါသေးတယ်။ စာရေး ဆရာမ ဒေါ်ခင်ဆွေဦးကိုလည်း သူ ဆွေစဉ်မျိုးဆက်တွေ ရှာပေးခဲ့ဖူးသေးတာတဲ့။ သူနဲ့ လူတစ်ယောက် အကြောင်း စကားစပ်လိုက်မိရင် ဘိုးစဉ်ဘောင်ဆက်ထိ သူက အဲဒီလူကြောင်းကို သိနေတော့တာပဲ။

သူ့ရဲ့ဦးနှောက်က ကွန်ပျူတာ တစ်ခုလိုများ ဖြစ်နေသလား မပြောတတ်ပါဘူး။ ကျွန်မနဲ့ ပတ်သက်ပြီး သူ သိထားတာ လည်း အများကြီးပါပဲ။ ကိုယ့်ဟာကိုယ် ဘယ်တုန်းက ဘယ်သူ့ကို မျက်နှာဖုံး ရိုက်ပေး ပြီး အတ္ထုပ္ပတ္တိဆောင်းပါး ရေးခဲ့ ဖူးတယ် ဆိုတာလည်း မှတ်မထားတော့ မေ့ကုန်ပါပြီ။ သူကတော့ အဲဒီ ဆောင်းပါးနဲ့ မျက်နှာဖုံးရှင်က ဘယ်သူဘယ်ဝါ၊ ဘယ်နှစ် ဘယ်လက ဘယ်မဂ္ဂဇင်းမှာ ပါခဲ့တာက အစ တိတိ ကျကျ ပြောနိုင်သူပါပဲ။
ကျွန်မဖြင့် သူ မှတ်ဥာဏ်ကောင်းပုံကို အံ့သြလို့ မဆုံးဘူး။ မဟေသီမဂ္ဂဇင်းမှာ “ကင်မရာ ကိုင်ခဲ့ရ ကျွန်မ ဘ၀” ရေးတုန်း က ကိုယ့်အကြောင်း ကိုယ့်ဟာကိုယ် မမှတ်မိတော့တာတွေ သူ့ဆီတစ်ဆင့် ပြန်မေးရတဲ့အထိ အဖြစ်မို့ ရယ်စရာလည်း ကောင်းပါရဲ့။ ကိုယ့်အကြောင်း ကိုယ့်ထက် သူက ပိုသိနေ သေးတဲ့အတိုင်းပါပဲ။

တစ်နေ့ကျတော့ ဘာစိတ်ကကူးရတယ် မသိပါဘူး။ ကျွန်မရဲ့ ဆွေစဉ်မျိုးဆက်အကြောင်းတွေ မေးလာ ပါတယ်။ ကျွန်မ ကလည်း ဘာမှ မသိပါဘူး။ ကျွန်မရဲ့ “ဘွား” တော်တဲ့ ဘွားမေအထိပဲ မီလိုက်တယ်။ ဘွားမေရဲ့ အမေနာမည် က “နွမ်အီပု” လို့ ခေါ်ပါတယ်။ ထိုင်းနန်းတွင်းသူ တစ်ယောက်ပဲ။ မြန်မာပြည်ကို ဘယ်လို ရောက် လာလဲ ဆိုတာလည်း သေသေချာချာ မသိဘူးလို့ စာပြန်ရေးလိုက်တာပေါ့။
အဲဒါ ဦးကျော်သန်းမြင့် ရယ် အေးအေးမနေဘူးလေ။ ကိုယ့်ထမင်း ကိုယ်စားပြီး အရီး နွားကျောင်းတယ် ပဲ ပြောရ မလား မသိပါဘူး။ သူ့ဝါသနာအတိုင်း မျိုးရိုးစဉ်ဆက် ရှာချင်စိတ်ပေါက်လာပြီး မမမာ (လူထု ဒေါ်အမာ)ဆီ စာရေးပြီး မေးတယ် တဲ့။ မမာကလည်း တို့တော့ မသိဘူး။

သေသေချာချာ သိချင်ရင် မြန်မာ့သမိုင်းအဖွဲ့၀င် ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ကို မေးကြည့်ပေါ့လို့ အကြောင်းပြန် လိုက်ပါ တယ်။
ဒါနဲ့ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ဆီ စုံစမ်းဆက်သွယ်တော့ …
“ဟာ … ဒေါ်ခင်မကြီး (ခန့်ခန့်ကြီး)နဲ့တော့ သိပ်ခင်တာ။ ခင်ခင်လှ ဆိုတာ သူ့အဒေါ် တော်မှန်း လုံး၀ မသိဘူး။ ခင်ခင်လှ နဲ့ ကျွန်တော် က ကျောင်းနေဖက်ဗျ” လို့ ပြောတယ်တဲ့။
“ခင်ဗျား စုံစမ်းချင်တဲ့ “နွမ်အီပု” အထိ သိချင်ရင်တော့ ရှေးဟောင်းသုတေသနဌာနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးစိန်မောင်ဦးကိုပဲ ဆက်သွယ်ပေတော့”လို့ အကြောင်းပြန်လိုက်တယ်တဲ့လေ။
သူ့အစား ကျွန်မဖြင့် မောလိုက်တာ၊ ကျွန်မ မြန်မာပြည်မှာ ရှိနေသေးရင်တောင် အဲလောက် ကရိကထခံပြီး လိုက်မေးဖြစ်မယ် မဟုတ်ပါဘူး။ ဒါကြောင့် အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး မေးမြန်း ဖော်ထုတ်ပေးတဲ့ ဦးကျော်သန်းမြင့် ရဲ့ စေတနာ ကို တလေးတစား ကျေးဇူးတင်မိတာပါ။

ဒုတိယညွှန်ကြားရေးမှူး ဦးစိန်မောင်ဦးကိုလည်း ကူညီရှာဖွေပေးတဲ့အတွက် အထူးကျေးဇူးတင် ရှိကြောင်း ပြောပါရစေနော်။ ကျွန်မကသာ ပေါ့ပေါ့တန်တန် သဘောထားပြီး မလေ့လာ၊ မရှာဖွေခဲ့ပေမဲ့ ကျွန်မ ရဲ့သားကြီး “၀င်းခန့်”နဲ့ သားလတ် “ရွှေစင်မြလှိုင်”တို့က နှစ်ဖက်မိဘများရဲ့မျိုးရိုစဉ်ဆက် အဖြစ်အပျက် အားလုံး ကို စိတ်၀င်စား အလေးထားကြပါတယ်။
“ရွှေစင်” က သူ့ဖခင်နဲ့ ဘကြီးများ ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေ၊ မှတ်စုတွေ အားလုံးကို သိမ်းထားသလို ကျွန်မ ပြောပြောသမျှ ဘိုးစဉ်ဘောင်ဆက် အဖြစ်အပျက်တွေကိုလည်း သေသေချာချာ မှတ်သားထားပါတယ်။ သားကြီး ၀င်းခန့်ကဆို သူ့သားတွေက မြန်မာလို မတတ်ကြတာမို့ မျိုးဆက်သစ်တွေ ထိ မှတ်သားရအောင်ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ ကွန်ပျူတာမှာ ထည့်ပြီး မှတ်ထားပါသေးတယ်။
ဦးစိန်မောင်ဦး ရှာဖွေပေးလို့ သိရတာတွေကို ဦးကျော်သန်းမြင့်က အချက်အလက်တွေအပြင် စာရေးဆရာပီပီ စိတ်ကူးယဉ်စွာနဲ့ ခန့်မှန်းချက်တွေပါ အသေးစိတ် ရေးပေးလိုက်သေးတယ်လေ။ သူ ရေးပြ သလောက် ဖော်ပြ ရရင် ဆောင်းပါး လေးသွားမှာစိုးလို့ အတိုချုံးပြီး လိုအပ်သလောက်ပဲ ဖော်ပြပါရစေ တော့။

ကျွန်မတို့ရဲ့ “ဘွား” ဘွားမွေရဲ့မိခင် “နွမ်အီပု” က မြန်မာဘုရင်ရဲ့ စစ်ဆင်ရေးမှာ ထိုင်းတို့က ရှုံးနိမ့်တဲ့ အတွက် လက်ရခေါ်ဆောင် သိမ်းပိုက်လာတဲ့ နန်းတွင်းနွယ်ဖွား ထိုင်းအမျိုးသမီး ဖြစ်ပါတယ်။ အဲဒီ “နွမ်အီပု” ကို သာယာ၀တီမင်း က ကောက်တော်မူလို့ သီရိမဟာဓမ္မရာဇာ လှိုင်မင်းသားကို ဖွားမြင် ပါတယ်။
နောက်တော့ သာယာ၀တီမင်းက ကြင်ရာတော် နွမ်အီပုကို လွှတ်တော်မူတယ်တဲ့။ လွှတ်တော်မူတယ် ဆိုတာ အရပ်စကား နဲ့ ပြောရရင် ကွာရှင်းပြတ်စဲကြတယ် ဆိုပါတော့။ နွမ်အီပုက နောက်အိမ်ထောင်နဲ့ ကျွန်မတို့ရဲ့ “ဘွား” ဒေါ်မမကြီး ကို မွေးခဲ့တာပါ။ လှိုင်မင်းသားနဲ့ ဘွားမေက အမေတူ အဖေကွဲ မောင်နှမ ဖြစ်လို့ ကျွန်မတို့ ငယ်ငယ်က လှိုင်မင်းသားအကြောင်းတွေလည်း အပ်ကြောင်းထပ် ပြောတာ ကြားခဲ့ဖူးပါတယ်။

တိုင်းတစ်ပါးကနေ အဓမ္မခေါ်ဆောင်တာ ခံခဲ့ရလို့လား မသိဘူး။ နွမ်အီပုမှာ ရှုံးသူတို့ရဲ့ မာနအပြည့်ရှိပုံ ရပါတယ်။ အဲဒီမာနတရား က သမီးဖြစ်တဲ့ ဒေါ်မမကြီးအထိ ပါလာသလား မသိပါဘူး။ အိမ်မှာ စကား ပြောရင် ကျွန်မကလို့ မပြော ရဘူး။ ကျွန်မဆိုတာ “ကျွန်တော်မ” က လာတဲ့စကား။ “ငါတို့က ကျွန်မျိုး မဟုတ်ဘူး” ဆိုပြီး ဘယ်လို အတွေးအခေါ်တွေ ခံယူထားသလဲတော့ ကျွန်မလည်း ငယ်တော့ မသိဘူးပေါ့။
စကားပြောရင် ကျွန်မအစား ကိုယ့်နာမည် ကိုယ် ထည့်ပြောရပါတယ်။ ငယ်ငယ်တုန်းက စကားကလည်း မပီတော့ “ခင်မကြီး” ကလို့ပြောတာ “ခပ်တီး” လို့ ဖြစ်နေတာတဲ့လေ။ မာမီက ပြန်ပြောပြလို့ ရယ်ရပါသေးတယ်။ ကွန့်ဗင်ကျောင်းမှာ ဘော်ဒါနေတဲ့ထိ “ခင်မကြီး”ကလို့ သူငယ်ချင်း တွေနဲ့ စကားပြောတဲ့အခါ နာမည် ထည့် ထည့်ပြောလို့။
“နင်ကလည်းဟယ်၊ နင့်နာမည်က ရှည်ရတဲ့အထဲ လုံးစေ့ပတ်စေ့ ထည့်ပြောနေတာ ရှုပ်လိုက်တာ။ ငါတို့က “ခင်”လို့၊ Agnes လို့ ခေါ်နေတဲ့ ဟာပဲ တိုတို ခင်လို့ ပြောပေါ့”နဲ့ ဝိုင်းဆဲကြတာနဲ့ ကျောင်းရောက်မှ “ခင်”ကလို့ တစ်လုံး တည်း ပြောင်းပြော ဖြစ်တော့တယ်လေ။

ဘွားမေကို ကျွန်မ (၁၇)နှစ်သမီးထိ မီလိုက်ပါတယ်။ ဘွားမေက အသားညိုညို၊ ပုပုသေးသေး သွယ်သွယ်လေး ပါ။ အလှအပလည်း အလွန်ကြိုက်၊ အသန့်အရှင်းကလည်း အလွန် ကြိုက်ပါပဲ။ အလှအပ ကြိုက်တာ ဘွားမေ ဆီ က ကျွန်မရတာ ထင်ပါရဲ့။ ဘွားမေ ဆုံးတော့ ၈၆နှစ် ရှိပါပြီ။ အဲဒီ အရွယ်ထိ မိုးလင်းတာနဲ့ မျက်နှာမှာ သနပ်ခါး ခြယ်ပြီးမှုန်းပြီးသား။
နွေရာသီ ဆိုရင် ကရမက်၊ ဆောင်းရာသီဆို နံ့သာဖြူကို အိမ်ဖော်ကလေးမလေးတွေက ဖန်ဘူးနဲ့ အပြည့် သွေးပေး ထားရတာ။ တစ်ကိုယ်လုံး လိမ်းထားတာဆိုတော့ ဘွားမေအနားသွားရင် အမြဲ တမ်း မွှေးကြိုင်နေ တာပဲ။ သူတင် လိမ်းတာ မဟုတ်ဘူး။ ကျွန်မကိုလည်း အဲလိုတကိုယ်လုံး လူးပေး တာ။ နွေမှာ အေးအောင် လိမ်းရတဲ့ ကရမက်က မည်းမည်းဆိုတော့ ကျွန်မက မကြိုက်ဘူးပေါ့။ မလူးချင်ပေမဲ့ ဘွားမေ ကိုလည်း မလွန်ဆန်ရဲတော့ လိမ်းရတာပေါ့။

ဘွားမေ က ရတနာသုံးပါးလည်း သိပ်ကြည်ညိုပါတယ်။ အိမ်မှာ ဘုရားပန်း ဘယ်တော့မှ မနွမ်းစေရဘူး။ ဘွားမေ ရဲ့ မွေးရက် သောကြာနေ့တိုင်းလည်း မဟာမြတ်မုနိဘုရား(ဘုရားကြီး) ကိုအပတ်စဉ် မပျက် သွားပြီး ပန်း၊ ဆီမီးပူဇော် ရွှေသင်္ကန်းကပ် ဆိုတာတွေ လုပ်ပါသေးတယ်။ ကျောင်းပိတ်ရက်တွေကျရင် ကျွန်မ ဘွားမေနဲ့အမြဲအတူ ဘုရားကြီးကို လိုက်ဖူးရပါတယ်။ အဲဒီစောင်းတန်းက ပန်းရောင်းတဲ့ မလှတင်ဆို အမြဲတမ်း သူ့ဆိုင်မှာ ဝယ်တာ မို့ ရင်းနှီးခင်မင်နေပါတော့တယ်။
ဘွားမေ က တရားလည်းထိုင်၊ ဥပုသ်ရက်တွေမှာ သီလဆောက်တည် သက်သတ်လွတ်လည်း ကိုးရက်တို့၊ ၄၉ ရက်တို့ စားတာတွေ လည်း လုပ်သေးတယ်။ ဒီတော့ ကျွန်မကလည်း ဘွားမေ သက်သတ်လွတ် စားရင် အတူ လိုက်စား၊ သီလစောင့်တဲ့ အခါလည်း တစ်ခါတလေ လိုက်စောင့်၊ မြေးအဘွားနှစ်ယောက် အဖော်ကို ရလို့လေ။

ဘွားမေနဲ့ အတူ ကုန်ဆုံးခဲ့ရတဲ့ မှတ်မှတ်ရရ အချိန်လေးတွေလည်း ရှိပါသေးတယ်။ မာမီက တစ်နေ့လုံး အလုပ် လုပ်ပြီး စီးပွားရှာရတာ ဆိုတော့ ညနေ အလုပ်သိမ်းပြီး ညစာစားပြီးရင် သူ့အိပ်ခန်းထဲမှာ စာတစ်အုပ်နဲ့ နေရင်နေ၊ ဒါမှမဟုတ် အိုးတော် လုပ်တန်းမှာ ရှိတဲ့သူ့ရဲ့ ငယ်သူငယ်ချင်း ဆရာမ ဒေါ်ဖူးတို့၊ ဒေါ်အုန်းကြည်တို့အိမ်ကို အညောင်းပြေ လမ်းလျှောက်ရင်း သွားလည်တတ်ပါတယ်။
ကျွန်မ က မာမီနဲ့ အိပ်တာမဟုတ်ဘူး။ ကျွန်မရဲ့ အန်တီလေးခင်ခင်လှနဲ့ တစ်ခန်းအိပ်တာပါ။ ဒါပေမဲ့ ညဦးပိုင်းမှာ ဘွားမေ အခန်းကို သွားပြီး အိပ်ပျော်တဲ့အထိ နေတာလေ။ ဘွားမေက သူ့ခုတင်နဲ့ ပြတင်းပေါက်ကြားက ကြမ်းပြင်ပေါ် မှာ မွေ့ရာခပ်ပါးပါးလေး ခင်းထားပြီး ပြတင်းတံခါးကို အပေါ်ရော အောက်ပါ ဖွင့်ထားတော့ လေကလည်း တဟူးဟူးနဲ့ ဝင်တာမို့ နွေအခါဆို အပူသက်သာပါတယ်။ ပြတင်းအပေါ်ဘက်က ပုတီးစေ့ခန်းဆီး ကလွဲပြီး ဘာအတားအဆီးမှ မရှိဘူး။ အောက်ဘက်မှာတော့ သံတိုင်တွေ စိုက်ထားပါတယ်။ တရုတ်ကတ်တံခါး ဖွင့်ထားပြီး သံတိုင်ကြားက အပြင် ခြံထဲက ရှုခင်းကို မြင်သာတယ် ဆိုတော့ ရှုခင်းလေးလည်း သာတယ်ပေါ့။

လသာတဲ့ညများဆို ညမွှေးပန်းရနံ့လေးက တသင်းသင်းနဲ့ စိတ်ကြည်နူးစရာပါပဲ။ လမသာတဲ့ ညကျ ခြံထဲ မှာ ရှေးခေတ်ကတည်းက စိုက်ထားတဲ့ မီးတိုင်မှာ ရေနံဆီနဲ့ မီးထွန်းတာမို့ မီးရောင်လေး လင်းလက်လက် နဲ့ မှုန်တရီမြင်ရတာလည်း တစ်မျိုးလှသလိုပါပဲ။ လျှပ်စစ် မီးတိုင်တွေ လမ်းပေါ် မှာ ရောက် မလာခင်က ကျွန်မတို့ ခြံထဲမှာရှိတဲ့ မီးတိုင်မျိုးတွေနဲ့ လမ်းမီးနဲ့ လိုက်ထွန်းကြရတာလို့ ဘွားမေ က ပြောပြ ဖူးပါတယ်။
လူတွေက တစ်တိုင်ပြီး တစ်တိုင် ဆီမီးနဲ့ လိုက်ထွန်းကြရတာတဲ့။ အဲဒီမီးတိုင်တွေကို အုပ်ချုပ်တဲ့သူကို မီးတိုင်အုပ် လို့ ခေါ်ပါတယ်။ မီးတိုင်အုပ်က ရှရာစီလူမျိုးပါ။ သူ့ရဲ့မြေးတွေက တစ်ချိန်က နာမည်ကျော် ရုပ်ရှင်မင်းသားဖြစ် ခဲ့တဲ့ မန္တလေးသား
ကိုမောင်မောင်တာတို့၊ ကျွန်မတို့နဲ့အတူ ဓါတ်ပုံဆိုင်ဖွင့်ခဲ့ကြတဲ့ ကိုဘိုကြီးတို့တစ်တွေပေ့ါ။

အဲလို ပြတင်းက မြင်ရတဲ့ ရှုခင်းလေးကိုလည်း အရသာ ခံစားကြည့်ရင်း တိုက်နေတဲ့လေပြည်လေးရဲ့ အအေးဓါတ် ကလေးနဲ့ ဘွားမေရဲ့ကျောကို ကျွန်မက တံတောင်ဆစ်ကလေးနဲ့ ကြိတ်ပေးရပါတယ်။ ဘွားမေ နောက်ကျောပြေသလောက်ရှိတော့ ကျွန်မအလှည့် ရောက်တော့တာပဲ။ မှောက်အိပ်နေတဲ့ ကျွန်မ ရဲ့ ကျောပြင်လေးကို ဘွားမေက ပွတ်သပ်ပေးရင်း ရှေးခေတ်ပုံပြင်တွေ၊ အဖြစ်အပျက်တွေကို ပြောတာ နားထောင်ပြီး ဇိမ်ကျကျ နဲ့ ကျွန်မ အိပ်ပျော်သွားပါရောလေ။
ညတိုင်း တစ်ယောက်မဟုတ် တစ်ယောက်က အိပ်ပျော်နေတဲ့ကျွန်မကို ပွေ့ချီပြီး အန်တီလေးရဲ့ အခန်း ကို ပို့ရမြဲပါပဲ။
အဲဒီအချိန်တုန်း က ကျွန်မကိုချီပိုးပြီး အိပ်ရာအရောက် ရွှေ့ပြောင်းပေးရတဲ့ ဦးလေး အန်ကယ်ကျော် အပြင် နောက်ထပ် ဟင်္သာတ က ကျောင်းလာတက်တဲ့ ဦးလေး’အန်ကယ်အေး’ ဆိုတာလည်း ရှိပါသေးတယ်။ သူတို့နှစ်ယောက်စလုံး က လူပျိုလူလွတ်တွေ ဆိုတော့ အောက်ထပ်က အခန်းမှာ နေကြရတယ်။

ညဉ့်နက်ပြီ ဆိုမှ ဘွားမေက ‘မောင်ကျော်ရေ၊ ကလေးကို လာရွှေ့ဟေ့’လို့ ခေါ်ခိုင်းမှ အန်ကယ်ကျော်က တကူးတက အိမ်ပေါ် တက်လာပြီး ချီပိုးရွှေ့ရတာ ဖြစ်တော့ စိတ်မရှည်ချင်ဘူးပေါ့။
‘အဲကောင်မလေး အိပ်ချင်ပြီဆိုရင်လည်း ကိုယ့်ခုတင်မှာ ကိုယ်သွားအိပ်တာ မဟုတ်ဘူး။ အလုပ်ကို ရှုတ်တယ်’ ဆူဆူ လုပ်လည်း ကျွန်မက မမှုပါဘူး။တစ်ခါတလေ လာပွေ့လို့ နိုးသွားရင်တောင် မနိုးချင်ဟန်ဆောင်ပြီး တမင် ဇိမ်လုပ် လိုက်သွားလိုက်သေးတယ်။
အဲလိုအရွယ်ကြီးထိ သည်းလွန်းတယ်။ နှိုးပြီး သူ့အခန်းကို ပြန်လွှတ်လိုက်ရောပေါ့။ ဒီလောက်ကြီး မူနေရင် ဒီကောင်မလေး ပျက်စီးလိမ့်မယ်’နဲ့ အန်ကယ်ကျော်ဘက်က ဝင်ပါသေးတာနော်။
ဘွားမေ ကတော့ ဘယ်သူ့ ဘာပြောပြော၊ သူ့မြစ်အတွက်များတော့ အထိမခံ ရွှေပန်းကန်ပါဘဲ။ ညညကျရင် လည်း စိတ်ချလက်ချ အိပ်သေးတာ မဟုတ်ဘူး၊ ညလယ်လောက်ရောက်ရင် အခန်းထဲ တစ်ခေါက် ထလာကြည့်ပြီး စောင် ကွာနေရင် ပြန်ခြုံပေး၊ ခြင်ထောင်အစလွတ်နေရင် ပြန်ဖိပေး ဆိုတာမျိုးလည်း လုပ်တတ် ပါသေးတယ်။

ကျွန်မ တို့ အတန်းတင်စာမေးပွဲ ဖြေရတော့မယ်ဆိုရင် စာကျက်ရတဲ့ ကျွန်မထက်ဘွားမေက ပိုပြီး အလုပ်ရှုပ်နေသေး တာ။ နှင်းဆီပန်းနီနီတွေ သက်စေ့ဝယ်ပြီး ဘုရားတင်ရတာနဲ့ ဖယောင်းတိုင် အမွှေးတိုင်တွေ လည်း စာမေးပွဲ ဖြေနေချိန်မှာ မပြတ် ပူဇော်ထားပြီး ဘုရားကိုလည်း နားညည်းအောင် ဆု အထပ်ထပ်တောင်းရတာ အမော။ ဒါနဲ့တင်ပြီးသေးတာ မဟုတ်ဘူး။ ဘွားမေတို့ရဲ့ ရိုးရာအဖြစ် ကိုးကွယ်တဲ့ ရာမမင်း ကိုလည်း ငွေတစ်မတ်တင်ပြီး ကိုးရတာက ပါသေးတယ်နော်။

ဘွားမေ နဲ့ အမြဲ လက်ပွန်းတတီးနေရတာ ဆိုတော့ ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ အမေထက် ‘ဘွား’ ဖြစ်တဲ့ ဘွားမေ ကို ကျွန်မ ပိုတွယ်တာပြီး ပိုချစ်ပါတယ်။ ရယ်လည်း ရယ်ရပါရဲ့။
အမေရိကားရောက်လာပြီး သန္တာစမ်းမှာ အခြေချ နေဖြစ်သွားပါတယ်။ သန္တာစမ်းက ဖလော်ရီဒါမှာ ရှိတဲ့ ‘မာယာမီ’ တို့၊ ဖို့ဒ်လော်ဒါ ဒေးလ်’တို့လို မြို့ကြီးပြကြီး မဟုတ်ပါဘူး။ စိမ့်စမ်းသာတဲ့ မြို့ငယ်လေးဖြစ်တော့ မနက် အရုဏ်တက် မှာ တောအုပ် ထဲက ကြက်တွန်သံကို ကြားနိုင်သလိုလို မိုးရွာရင် လည်း ချောင်းတွေ အိုင်တွေ ထဲက ဖားအော်သံကို ကြားနိုင်ပါတယ်။
တစ်ည မှာ မိုးကြီးသည်းထန်စွာ ရွာပါလေရော။ ကျွန်မ တစ်ရေးနိုးတော့ မိုးသံလေသံတွေနဲ့အတူ ဖားအော်သံ ကိုပါ ကြားလိုက်ရပါတယ်။ ဘယ်လိုက ဘယ်လိုဖြစ်ပြီး ဘွားမေနဲ့အတူ ညဦးမှာ နေခဲ့ရတဲ့ မိုးသည်းတဲ့ တစ်ည ကို ပြန် သတိရလိုက်တယ် မသိပါဘူး။

မန္တလေး မှာက ပူပြီဟေ့ ဆိုရင်လည်း တကယ့်ကို ပူတာနော်။ မိုးရွာပြီးဟေ့ ဆိုရင်လည်း စိမ့်အေးနေအောင် နေ့ဆက် ရက်ဆက် သဲသဲမဲမဲ ရွာတတ်တာမျိုးပါ။ အဲလို မိုးသည်းတဲ့တစ်ညမှာ ကျီဝင်းထဲက ဖားတွေ ကလည်း တအားအော်။ ဘွားမေရဲ့ အိပ်ရာဘေးက တရုတ်ကတ် ပြတင်းကို ဖွင့်ကြည့်လိုက်တော့ တစ်ခြံလုံးမှောင် မည်းပြီး မီးတိုင်က အလင်းရောင်ပျပျမှာ ကျနေတဲ့ မိုးစုက်မိုးပေါက်တွေကို ကြည့် လို့ကောင်းကောင်း နဲ့ ကြည့်နေတော့ ဖွင့်ထားတဲ့ ပြတင်းက လေအဟပ်မှာ တစ်ချက် ကလေး အေးသွား တာကို ဘွားမေ က ချက်ချင်းထပြီး….
‘အအေး မိတော့မယ်၊ ဒါလေးခြုံထား’ ဆိုပြီး ခုတင်ပေါ်က စောင်ပါးလေး ယူပြီး ကျွန်မ ကိုယ်ပေါ် ထွေး ဖက်ပြီး ခြုံပေးလိုက်ပါတယ်။

အဲဒီမြင်ကွင်း ကို ကျွန်မ ဖျတ်ခနဲ ပြန်မြင်လိုက်မိတာနဲ့ အတူ ရင်ထဲမှာ လှိုက်ခါပြီး ဘွားမေကို လွမ်းတဲ့စိတ်ကို ထိန်း မရတော့တာနဲ့ ရှိုက်ကြီးတငင် ငိုချလိုက်မိပါတော့တယ်။
တစ်ခါတည်း တစ်ဖက် ခုတင်မှာ အိပ်နေတဲ့ ကျွန်မရဲ့ သမီးထွေး သူဇာမြလှိုင်က ငိုသံကြားလို့ ထင်ပါရဲ့။ လန့်နိုး လာပြီး… မာမီ ဘာဖြစ်လဲ၊ ဘာဖြစ်လဲ၊နဲ့ စိုးရိမ်တကြီး မေးတာနဲ့။
‘ဖားအော်သံ ကြားရတာနဲ့ အဘွားကို လွမ်းလို့ ‘လို့ ဖြေလိုက်တော့ သူ့မျက်နှာရိပ်က အတော် အူကြောင်ကြောင် ဖြစ်သွားတဲ့ ပုံ ပေါက်နေပါတော့တယ်။ ဟုတ်လည်း ဟုတ်ပါရဲ့။

အဲဒီအချိန်က ကျွန်မရဲ့အသက်က ခြောက်ဆယ်နား ကပ်နေပြီလေ။ ညဉ့်လယ်ခေါင်မှာ ခြောက်ဆယ်အရွယ် အမေ က အဘွား ကို လွမ်းလို့ ငိုတယ်ဆိုတော့ သူ့အမေ စိတ်မှမှန်ပါသေးရဲ့လားလို့ တွေးနေမလား မပြောတတ်ပါဘူး။
အတိတ်က အရိပ်ဆိုတာ သူတစ်ပါး မသိမြင်နိုင် မခံစားနိုင်ဘဲ ကိုယ်တစ်ဦးတည်းသာ သက်ဆိုင်ခံစားလို့ရတဲ့ အဖြစ်ပါလားလို့ နားလည်သဘောပေါက်မိသလို တစ်ဆက်တည်းမှာပဲ။ လူတစ်ဦးတစ်ယောက်က အမှတ်မထင် ပြုလိုက်တဲ့ မေတ္တာအကြင်နာ၊ အထိအတွေ့လေးတွေကလည်း ဘာမဟုတ်တဲ့ အသေးအဖွဲ့ဖြစ်ပေ မဲ့၊ နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ နှလုံးသားထဲမှာ နှစ်ပေါင်း ငါးဆယ်ကျော် ကြာမြင့်တဲ့တိုင်အောင် စွဲထင် ကျန်ခဲ့နိုင်တာဖြစ် လို့ မေတ္တာနဲ့ ပြုသမျှဟာ လှပတဲ့ ပန်းချီကားချပ်ကလေးတွေ ဖြစ်တည်သွားခြင်းပါပဲ ဆိုတာလည်း တွေးလိုက်မိပါတယ်။

×××××××××

အပိုင်း ၄ ဆက်ရန်…

မေတ္တာဖြင့်
ခိုင်နီလာမောင် စာပေပေ့ခ်ျထဲမှ ကူးယူမျှဝေပေးပါသည်။

အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်

အပိုင်း (၄)

ဘွားမေရှိစဉ်ကာလက အိမ်မှာ ကျွန်မတို့ သားအမိနှစ်ယောက်အပြင် ဦးလေးတွေ၊ အဒေါ်တွေ ဝမ်းကွဲ ညီအစ်မ နဲ့ ဆွေမျိုးနီးစပ်တွေပါ အတူတကွ စည်စည်ပင်ပင် နေခဲ့ကြရတာတင်မကသေးဘူး၊ တစ်ရပ်ကွက်တည်း အတူနေ ဆွေမျိုး အသိုင်းအဝိုင်းတွေကလည်း အများကြီးပါပဲ။
ကျွန်မတို့ နေတဲ့အိမ်နဲ့ ကျီးဝင်းကြီးတစ်ခု ခြားတဲ့ အိုးတော်လုပ်တန်းမှာလည်း ဦးလေးနုတို့၊ ကြီးတော်မ တို့ မိသားစုတွေ ရှိကြသလို ကျွန်မတို့အိမ်နဲ့ နှစ်အိမ်ကျော်မှာက အဘွားရှင်နဲ့ ဒေါ်ဒေါ်ထိုက်တို့အိမ်။ အဲဒီထက် လေး ငါးအိမ် ကျော်လိုက်တော့ စက်ရှင်လမ်းမကြီးပေါ်မှာက ကြီးတော်တင်ရဲ့အိမ်။
အိမ်တွေက နီးတော့ တစ်အိမ်တစ်အိမ် ကူးလူးဆက်ဆံတာကလည်း မပြတ်ကြဘူး။ အိမ်မှာ တစ်ခုခု ချက်လို့ ကြီးတော်မ ကြိုက်တတ်တဲ့ဟင်းတို့၊ ဒေါ်ဒေါ်ထိုက်နှစ်သက်တဲ့ အစာဆိုရင် ဘွားမေက အလုပ် ရှုပ်ပြီ။ “ဦးဦးဖျားဖျားလေး ပို့ချေဦးဟဲ့”နဲ့ ခိုင်းတတ်ပါတယ်။

အဲဒီလိုပဲ အမျိုးတွေကလည်း ပေါ်ဦးပေါ်ဖျား စားစရာတွေ “ကြီးတော်” စားဖို့နဲ့ လာပို့ကြ၊ မေတ္တာ အကြင်နာ၊ စေတနာတွေ ဖလှယ်ကြရင်း တရင်းတနှီး နေနေတာဆိုတော့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာလည်း ကောင်းရဲ့ပေါ့။
အဲလို ချစ်ခင်စည်းလုံးတဲ့ ဆွေမျိုးအသိုင်းအဝိုင်းကို ကျွန်မရဲ့ မလိမ္မာမှုလေး တစ်ခုကြောင့် သေခန်း ပြတ်တဲ့အထိဖြစ်ရတဲ့အကြောင်းလေး တစ်ခုကိုလည်း သတိရမိပါသေးတယ်။
ကျွန်မတို့ရဲ့ အဒေါ်ဝမ်းကွဲ ဒေါ်ဒေါ်ထိုက်က အပျိုကြီးပါ။ သူတို့က ပစ္စည်းဥစ္စာပြည့်စုံတော့ ရပ်ကွက်ထဲ မှာ အပေါင်ခံ ငွေတိုးချေးတဲ့ အလုပ်ကို လုပ်ပြီး အဘွားရှင်နဲ့ သားအမိနှစ်ယောက် အတူနေပါတယ်။
ညနေတိုင်းဆို ကျွန်မတို့ခြံဘက်ကို ကူးလာပြီး အတူပြောကြ။ ညစာ ဝင်စားတဲ့အခါလည်း စားကြပေါ့။ ကျွန်မကိုလည်း ဒေါ်ဒေါ်ထိုက်က အလွန်ချစ်ပါတယ်။ သကြားလုံးလေးတွေ ဇဇုသီးတွေ ဝယ်လာပေး၊ တစ်ခါတလေလည်း ဂါဝန်လှလှလေးကအစ ဟိုတစ်ချိန်က ခေတ်စားတဲ့ တရုတ်ပြည်လုပ် ပုတီးစေ့ ရောင်စုံတွေနဲ့ ထိုးထားတဲ့ ရှေ့ထိုး ဖိနပ်မျိုး ကလေးတွေထိ ဝယ်ဝယ်လာပေးတတ်တော့ ကျွန်မက လည်း ဒေါ်ဒေါ်ထိုက် လာရင် ပျော်လို့ ရွှင်လို့။

ဒေါ်ဒေါ်ထိုက် ရဲ့ ရင်ခွင်ထဲ ဝင်ထိုင်လိုက်တာပေါ့။ တစ်နေ့ကျတော့ ဒေါ်ဒေါ်ထိုက်လည်း ပြန်သွားရော ကျွန်မရဲ့ အဒေါ် “ခင်ခင်လှ” က “နင့်ကို ကူးသွားလိမ့်မယ်။ သိလား”တဲ့။
ဒေါ်ဒေါ်ထိုက် ခမျာ ရုပ်ကလေးက ချောပါ လှပါရက်နဲ့ ခရုသင်း စွဲနေရှာတာလေ။ ခရုသင်းဆို ကူးစက်တတ်တဲ့ရောဂါ မဟုတ်ဘူးဆိုတာလည်း ငယ်စဉ်ကတော့ မသိလေဘူးပေါ့။
နောက် တစ်နေ့ ဒေါ်ဒေါ်ထိုက်လာတော့ ကျွန်မကို သူ့ပေါင်ပေါ် ထိုင်ဖို့ဆွဲတင်လိုက်တာနဲ့ ကျွန်မက ရုန်း ထွက်ပြီး…
“ဟင့်အင်း… အန်တီလေးက ဒေါ်ဒေါ်ထိုက်ပေါ် မှာ မထိုင်ရဘူးတဲ့၊ ဒေါ်ဒေါ်ထိုက်ရဲ့ အကွက်တွေ ခင်မ ကြီးကို ကူးကုန်လိမ့်မယ်လို့ ပြောထားတယ်”လို့ ပြောချလိုက်ပါရော။
အဲဒီနေ့က ဒေါ်ဒေါ်ထိုက် ငိုလိုက်တာ ရှိုက်ကြီးတငင် ပဲ။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိဘူး။ ဒေါ်ဒေါ် ထိုက်ငိုတာနဲ့ ဒေါ်ဒေါ်ထိုက်ကို ဖက်ပြီး ကိုယ်ပါရောပြီး ငိုမိပါတယ်။ ဘွားမေတို့၊ ဘွားလေးတို့၊ မာမီတို့ အိမ်ရှိ လူကုန်ကလည်း ဒေါ်ဒေါ်ထိုက်ကို သနားကြလို့ ပျာပျာသလဲ တောင်းပန်ကြ၊ ချော့ကြပေါ့။

ဒါပေမဲ့ ဒေါ်ဒေါ်ထိုက်က ကျွန်မတို့ကို တကယ်ကို စိတ်နာသွားတာဆိုတော့ သေတဲ့အထိ အခေါ် အပြော မလုပ်တော့ပါ ဘူး။ ဒေါ်ဒေါ်ထိုက် ပြန်သွားတော့ သူတစ်ပါး စိတ်ထိခိုက်အောင် ပြောရကောင်း လားနဲ့ ကျွန်မကိုလည်း ဆူ။
အထူးသဖြင့် အန်တီလေးကို ဝိုင်းဆူလိုက်ကြတာ။ ကိုယ့်သွေးသား သူ့ခမျာ ဝဋ်ရှိလို့ ဒီလိုရောဂါ ရထား တာကို မစာနာဘဲ နစ်နစ် နာနာ ပြောရကောင်းလားဆိုပြီးလည်း ဆုံးမပေါ့။ တစ်အိမ်လုံးကို မျက်ရည် စက်လက်ဖြစ် ကုန်ကြတာပဲ။
အဲလို အဆူခံရရုံနဲ့ မပြီးသေးဘူး။ လူကြီးတွေ ကွယ်ရာကျတော့ “နင့်ကြောင့်”ဆိုပြိး အန်တီလေးက ကျွန်မထိပ်ကို ဒေါင်ဒေါင်မြည်အောင် ခေါက်တာပါ ခံလိုက်ရပါသေးတယ်။
ဒေါ်ဒေါ်ထိုက် အိမ်ကို ကျွန်မနဲ့ အန်တီလေး ကန်တော့ဖို့ လူကြီးတွေ လွှတ်တာနဲ့ သွားပါတယ်။ ဒေါ်ဒေါ် ထိုက်က အခန်းထဲ ဝင်သွားပြီး လုံးဝထွက်မလာတာနဲ့ အခန်းအပြင်ဘက်ကပဲ၊ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး နဲ့ စော်ကား မိတာကို ဝန်ချတောင်းပန်ခဲ့ပါတယ်။ အဘွားရှင်ကလည်း မျက်ရည်တွေကျလို့ စိတ် မကောင်းရှာဘူးပေါ့။

ကျွန်မ မလိမ္မာတာတွေက နည်းနည်းနောနော မဟုတ်ပါဘူး။ အဲလိုဆွေမျိုးတွေကြားထဲ ဝင်နှောက်လို့ ဆွေခန်း မျိုးခန်း ပြတ်ကြတာအပြင် အိမ်မှာ အတူနေတဲ့ မာမီတို့ မောင်နှမချင်း ကျွန်မကြောင့် ပြဿနာ ဖြစ်ရတာလည်း အခါခါ ပါပဲ။
အန်ကယ်ကျော်က တယောထိုးတာ ဝါသနာပါပါတယ်။ မျက်နှာချင်းဆိုင် အိမ်က ဘကြီးမောင်မောင်ရဲ့ သား ကိုသိန်းတန် နဲ့အတူ အဲဒီခြံဘက်ကို ကူးပြီး ညညကျ ဆိုကြတီးကြ လုပ်တတ်ပါတယ်။ သူ့ တယောကို လည်း မြတ်နိုးလိုက်တာ။ ဘယ်သူကိုင်တာ၊ ထိတာမှ ကြိုက်တာမဟုတ်ပါဘူး။
တနေ့ကျ ကျွန်မအောက်ထပ် ဆင်းဆော့ရင်း စိတ်ကူးရတာနဲ့ အန်ကယ်ကျော်အိမ်မှာ မရှိတုန်း သူ့ အခန်းထဲ ဝင်ပြီး ဗီရိုပေါ် မှာ တင်ထားတဲ့ တယောကို ဆွဲချတာပေါ့။ အိတ်ကို သေသေချာချာဖွင့်၊ တယောကို မေးလေးနဲ့ဖိ၊ လက်တစ်ဖက်ကလည်း ဘိုးတံကိုင်ပြီး တီးတတ်တာလည်း မဟုတ်ဘဲနဲ့ အိုက်တင်တွေ လုပ်ကြည့်နေတာလေ။ ပြီးမှ ဘိုး ကို ကြိုးပေါ်တင်ပြီး ဟိုထိုးဒီထိုး လုပ်တော့ သံစဉ်တွေ ကလည်း မညီမညာ ထွက်ချင်သလိုထွက်၊ ကိုယ့်ဟာကိုယ်တော့ ဟုတ်လှချည်ရဲ့ပေါ့။

အန်ကယ်ကျော်အိမ်ပေါက်က ဝင်လာတော့ မြည်ချင်သလို တကွီကွီ မြည်နေတဲ့ သံစဉ်သံကြောင် တွေလည်း ကြားရော၊ ကျွန်မလက်ချက်ဆိုတာ တစ်ခါတည်း သိတာနဲ့ ဝုန်းဒိုင်းကြီး ဝင်လာပြီး အော် ဟစ်ဆူတော့တာပဲ။
အန်ကယ်ကျော်ရဲ့ အသံကြားတာနဲ့ ကျွန်မလည်း လန့်ဖျပ်ပြီး တယောကိုပစ်ချ။ အိမ်ပေါ်ထပ်ကို တစ်ချိုးတည်း တက်ပြေးတာ။ ရင်တွေကို တဒိတ်ဒိတ်ခုန်လို့လေ။ ခဏကြာတော့ အန်ကယ်ကျော် က….
“ခင်မကြီး နင့်အရုပ် လာယူလို့” လှေကားခြေရင်းကနေ လှမ်းအော်ပါတယ်။
ကျွန်မ တပိုက်ပိုက်နဲ့ မြတ်မြတ်နိုးနိုးချစ်တဲ့ အရုပ်ကလေးက အန်ကယ်ကျော်ရဲ့ အခန်းထဲမှာ ကျန်ရစ်ခဲ့ တာကိုး။ ကြောက်ကြောက်လန့်လန့်နဲ့ လှေကားက ဆင်းလာတာ တစ်ဝက်ပဲ ရောက်ပါသေးတယ်။
“ဟောဒီမှာကြည့်၊ ငါ့တယောကို မကိုင်နဲ့လို့ ပြောထားတာ နားမထောင်ဘူး မဟုတ်လား၊ နင့်အရုပ်ကို လည်ပင်းလှီးပြီး သတ်ပစ်လိုက်မယ်”နဲ့ ပြောပြီး သားလှီးဓားကြီးနဲ့ အရုပ်လည်ပင်းကို လှီးဟန်ဆောင်ပြီး မင်နီတွေ လောင်းချလိုက်တာ။ ကျွန်မတော့ ဒေါ်လီလေးသွေးတွေထွက်ပြီး တကယ်သေသွားတာ မှတ်လို့။
“အန်ကယ်ကျော်ရယ် မသတ်ပါနဲ့” အော်ရင်း ကျန်တဲ့ လှေကားထစ်ကို ပြေးဆင်းတာ ခြေချော်ကျပြီး အောက်လည်းရောက်ရော သတိလစ်သွားပြီး ခေါ်မရတော့ဘူးတဲ့။

တစ်အိမ်လုံး ပျာယာခတ်ပြီး ကျွန်မကို ဆေးရုံပို့ကြရတာပါ။ အဲဒီအဖြစ်က ပြောစကား နားမထောင်ဘဲ ဆော့တဲ့ ကျွန်မက အပြစ်လွတ်သွားပြီး ကလေးကို သွေးလန့်အောင်လုပ်ရကောင်းလားနဲ့ မာမီက အန်ကယ်ကျော်ကို စိတ်ဆိုးလို့ မောင်နှမ စကားတွေ များ ရန်တွေဖြစ်ကြရသေးတာလေ။
ကျွန်မ ဆိုးလို့ တေလို့ ပြဿနာတက်ရတာအပြင် ကျွန်မကို ချစ်လို့ အလိုလိုက်မိတဲ့အတွက်လည်း အန်ကယ်ကျော်ခမျာ ပြဿနာတက်ရှာပါသေးတယ်။ အဲဒါကတော့ ကျွန်မရဲ့”ငတ်ကြီးကျမှု” ပါပဲ။ ကျွန်မကို ငယ်စဉ်ကာလက ခုလိုရေခဲသေတ္တာတွေ ဘာတွေမှ မရှိသေးတာ။ ဒီတော့ ကော်ဖီဖျော်တဲ့ အခါ သုံးတဲ့ နို့ဆီဘူးကို ဖောက်ပြီး ပုရွတ်ဆိတ် မတက်အောင် ရေဇလုံထဲမှာ ရေထည့်ပြီး အလယ်မှာ နို့ဆီဘူးထည့်၊ ကြောင်အိမ်ထဲမှာ သိမ်းကြရတာပေါ့။

ကျွန်မကလည်း အလွန်ကို အချိုကြိုက်တာ။ နို့ဆီ ဆိုတာကလည်း ချိုမှချို မဟုတ်လား။ လူကြီးတွေ
လစ်ပြီဆိုရင် နို့ဆီကို ခိုးခိုးစားရတာ။ ကိုယ်ကလည်း ငယ်သေးတော့ ကြောင်အိမ်အမြင့်ကြီးကို မမီ မကမ်းနဲ့ ခုံနဲ့တက်ဖွင့်၊ နို့ဆီတွေ လက်ညိုးနဲ့ ကလော်ပြီး စားတော့ နို့ဆီဆိုတာက ပျစ်ချွဲချွဲပစ္စည်း ဆိုတော့ ကြွက်မြီး တန်းလန်း ပါလာပြီး အစက်တွေက ဖိတ်ပြီးကျ၊ ကလေး ဆိုတော့လည်း ခိုးစားတာကို ပိပိရိရိ မလုပ်တတ်ဘူးလေ။
အဲဒီ ဖိတ်တဲ့ အစက်တွေမှာ ပုရွက်ဆိတ်တွေက အုံပြီးတက်ပါလေရော။ လူကြီးတွေက ကျွန်မလက်ချက်ဆိုတာ တစ်ခါတည်း သိပြီး စစ်ဆေးလိုက်တာနဲ့ အမှုက ပေါ်တော့တာလေ။ ဒါဆိုမာမီက နာရင်းကို နာနာအုပ်တော့ တာပဲ။ ဆော်ခံရတာများတော့ မာမီကို ကြောက်တာနဲ့ ခိုးမစားရဲပါဘူး။ စိတ်ထဲကတော့ နို့ဆီဘူးကို တမ်းတမ်း တတ ရှိနေဆဲပါပဲ။

ကျွန်မရဲ့ မွေးနေ့ ရောက်ခါနီးမှာတော့ အန်ကယ်ကျော်က ဘာလက်ဆောင်လိုချင်လဲလို့ မေးတာနဲ့ အတော်ပဲ ဖြစ်သွားပါပြီ…
“နို့ဆီဘူး” လို့ ပူဆာလိုက်ပါတယ်။ အန်ကယ်ကျော်ကလည်း တကယ့်ကို ကျွန်မပူဆာတဲ့ အတိုင်း နို့ဆီဘူးတွေမှ ဂျပ်ဘူးလိုက်ကို ဝယ်လာပေးတာပါ။ အဲဒီအချိန်တုန်းက “ကုလားမ ခြင်းတောင်းဆွဲ” နို့ဆီကို လူသုံးများပါတယ်။ ကျွန်မ အတွက် ဝယ်လာပေးတာက ဘူးသေးသေးလေးတွေပါပဲ။
ဒါပေမဲ့ ဂျပ်ဘူးလိုက်ကြီး ရထားတာဆိုတော့ တစ်ဘူးကုန်တစ်ဘူး ဖွင့်စားလိုက်တာ စူစကာလို စားပိုး နင့်မသေရုံ တစ်မည်ပဲ။ ချွဲတွေထ၊ ရင်တွေကျပ်၊ ချောင်းတွေဆိုးပြီး အပြင်းဖျားပါလေရော။ မာမီက ဆရာဝန်ပင့်ပြီး ကုရ ပါတယ်။ ဆရာဝန်တစ်ခါပင့်ရင် ခြေကြွခက မနည်းပေးရတာ မဟုတ်လား။
စိတ်လည်းပူရ၊ ငွေလည်းကုန်ဖြစ်တော့ ဒီတစ်ခါတည်း “ငတ်ကြီးကျ”တဲ့ ကျွန်မက အပြစ်ကင်းလွတ် ခွင့်ရပြီး “ကလေး ပူဆာတိုင်း ဝယ်ပေးရကောင်းလား နင့်ကြောင့်”ဆိုတဲ့ ပုဒ်မနဲ့ အန်ကယ်ကျော်ကို စွဲပြီး မောင်နှမ ရန်ဖြစ်ကြပါလေရော။ အဲဒါနဲ့ အန်ကယ်ကျော်ကပဲ နားအေးအောင် ဆရာဝန် ခြေကြွခကို ကျခံပေးလိုက်မှ ရန်ပွဲက ပြေငြိမ်း သွားရပါတော့တယ်။

ကျွန်မရဲ့ မိုက်မဲမှုကြောင့် မာမီ့ခမျာ အေးအေးမနေရရှာဘဲ သူများတကာကို လိုက်ပြီးတောင်းပန် ရတာ တွေ လည်း လုပ်ရပါသေးတယ်။ အဲဒါက ကျွန်မ SPG ကျောင်းကနေ စိန်ဂျိုးဇက် ကွန်ဗင့်ကျောင်းကို ပြောင်းလာခါစလေးပဲ ငါးတန်းကျောင်းသူဘဝမှာပါ။ ကျောင်းမှာ လေးတန်းအထိ ယောက်ျားလေးတွေကို ပေးထားပြီး ငါးတန်းရောက်ပြီ ဆိုတော့မှ Brother Schoolဖြစ်တဲ့ စိန်ပီတာယောက်ျားလေးကျောင်းကို ရွှေ့ကြရတာဆိုတော့ ယောက်ျားလေးတွေလည်း ရှိတာပေါ့။

ကျွန်မရောက်ကတည်းက လိုက်လိုက်စတတ်တဲ့ လေးတန်းက အယ်ဒီဆိုတဲ့ ကောင်းလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့ ကျောင်းဆင်းချိန်မှာ ကျွန်မဘာသာ အေးအေးဆေးဆေး ဒန်းစီးရင်း စာအုပ်တစ်အုပ်ကိုလည်း ဖတ်နေမိတော့ ဘေးပတ်ဝန်းကျင်ကို သတိမထားမိပါဘူး။ လက်တစ်ဖက်က ဒန်းကြိုးကို ကိုင်၊ တစ်ဖက်က စာအုပ်ကိုင်ရင်း ကိုယ်အရှိန်နဲ့ကိုယ် မှန်မှန်လေးလွှဲရင်း ဇိမ်ကျနေတာ ဗြုန်းဆို နောက်တစ်ယောက်က အရှိန်ကြီး နဲ့ ဒန်းကို မြင့်တက်သွားအောင် တအားတွန်းထည့်လိုက်တော့ ဟန် ချက်ပျက်ပြီး ကျွန်မ ဒန်းပေါ် က ဇောက်ထိုးမိုးမျှော် ပြုတ်ကျပါရော။

ဇောက်ထိုး ကျတာဆိုတော့ အောက်က အတွင်းခံ ဘောင်းဘီပါလို့ပဲ တော်ပေတော့တယ်။ ပြုတ်ကျလို့ နာတဲ့ဒဏ်ထက် ဇောက်ထိုးကျလို့ မြင်မကောင်းရှုမကောင်း ဖြစ်သွားတာမို့ ပိုရှက်၊ ပိုဒေသထွက်တဲ့ အထဲမှာ မြေကြီးပေါ်မှာ ပိုးလိုးပက်လက်ဖြစ်နတဲ့ ကျွန်မကို ကြည့်ပြီး အနားက တဟားဟား…. ရယ်နေ တဲ့ အဲဒီကောင်ရဲ့ မျက်နှာကိုလည်း မြင်ရော စိတ်မထိန်းနိုင်ဘဲ ထပြီး နပန်းလုံးတာပါ။ သူ့ကို လည်း ကောင်းကောင်းချုပ်မိရော အုတ်နံရံဘက်ကို တွန်းသွားပြီး နံရံနဲ့ သူ့ကို ကိုင်ပြီး အခါခါ ဆောင့်မိတော့ တာပဲ။ နောက်စေ့က သွေးတွေဖြာကျလာမှ လန့်ဖျပ်ပြီး လွှတ်ပေးလိုက်တော့ ပုံရက်ကလေး ခွေကျ သွားပါရော။

အယ်ဒီလည်း ဆေးရုံရောက်။ ကျွန်မလည်း မာသာကြီးရဲ့ ရုံးခန်းကို ရောက်တော့တာပါပဲ။ မာသာကြီး က နောက်ကို ဘယ်သူ ဘာလုပ်လုပ် ကိုယ်ထိလက်ရောက် မတုံ့ပြန်ရဘူး။ ကျောင်းမှာ တစ်စုံ တစ်ခု ဖြစ်ရင် ကျောင်းက အုပ်ချုပ်သူတွေကို လာပြီး တိုင်ရမယ်။ တာဝန်ရှိတဲ့သူတွေက ဆုံးဖြတ်ပြီး အပြစ် ဒဏ်ပေး လိမ့်မယ်။ အပြင်မှာ ဖြစ်ရင် အုပ်ချုပ်တဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ ဒီပုဂ္ဂိုလ်တွေက အဆုံးအဖြတ်ပေးလိမ့်မယ်။ ဒါကြောင့် အာဏာပိုင်တွေကို တိုင်ကြားရမယ်။
ကိုယ်က တုံ့ပြန်ရင် ကိုယ့် ဘက်က မှားတာဖြစ်လို့ ကျွန်မမှာ အပြစ်ရှိတဲ့အကြောင်း၊ သေသေချာချာ ရှင်းပြပြီး ဆုံးမ ပါတယ်။ ဒီအပြစ်ဒဏ်အတွက် နောက်ကို ကိုယ်ထိလက်ရောက် မလုပ်ပါဘူးဆိုတဲ့ ဝန်ခံချက် အခါတစ်ထောင် ချရေးပြီး ယူလာခဲ့ရပါမယ်။ အဲဒါအပြင် သူရဲ့ရုံးခန်းကို ဖုန်သုတ်၊ တံမြက်စည်း လှည်း၊ အမှိုက်သိမ်းစ တဲ့ သန့်ရှင်းရေး တာဝန်ကို တစ်လတိတိ ထမ်းဆောင်ရမယ်လို့ ကျွန်မကို အပြစ် ဒဏ် သတ်မှတ်ပြီး ပေး လိုက်ပါတယ်။

ကျောင်းက အပြစ်ကတော့ လက်ညောင်းအောင် အခါတစ်ထောင်ရေးရတာနဲ့ပဲ တော်တော်လေး အီစလံဝေ သွားတယ် ဆိုပါတော့။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာက အယ်ဒီရဲ့ ဒဏ်ရာပြင်းလို့ သူ့မိဘတွေက မကျေနပ်နိုင် ဘူး။ အမှုဖွင့်မယ်လို့ မိတ်ဆွေတစ်ဦးက အိမ်မှာသတင်းလာ ပေးတော့ တစ်အိမ်လုံး ပြူးပြူးပျာပျာ ဖြစ်ကြပြီး သူ့မိဘများ ကျေနပ်အောင် မာမီတို့ လိုက်သွားတွေ့ မနည်းတောင်းပန်ပြီးမှ ပြီးသွားပါတော့ တယ်။
အဲဒီက ပြန်လာတဲ့နေ့က ဘွားလေးက မျက်ရည်စမ်းစမ်းနဲ့ “မောင်မင်းကြီးသား၊ မသေလို့ တော်ပါသေး ရဲ့၊ မဟုတ် ရင် ငါ့မြေးလေး ငယ်ငယ်ရွယ်ရွယ်နဲ့ အချုပ်ထဲ ရောက်ဦးမှာ”နဲ့ ပြောလို့ ခြေလွန်လက်လွန် လုပ်မိတဲ့ ကျွန်မ လည်း ကြက်သီးထအောင် ကြောက်သွားမိတော့တယ်။

အကုသိုလ်ဝင်တယ်လို့ပဲ ပြောရမလားမသိ။ အဖြစ်တွေက ဆက်တိုက်ပါပဲ။ ဒန်းပေါ်က ကျွမ်းပစ်ကျ ထားလို့ အပွန်းအပဲ့တွေတောင် မပျောက်သေးပါဘူး။ တစ်ညနေကျတော့ ဘိုးလေးတို့ရဲ့အိမ်နောက် ဘက်က မီးဖိုချောင်ဘေးမှာ ကျွန်မရဲ့ဝမ်းကွဲအစ်မ တော်စပ်တဲ့ မအုန်းခင်က ကြက်တစ်ကောင်ကို ဟင်းချက်ဖို့ ခုတ်ထစ် ဆေးကြောနေပါတယ်။
ပျင်းပျင်း ရှိတာနဲ့ ကျွန်မက ဘေးနားမှာ သွားထိုင်ရင်း အစ်မ မအုံးခင်နဲ့ စကားတွေပြောနေတာပေါ့။ အိမ်ကခွေး “နက်ပါ” ဆိုတာကလည်း အသားနံ့ရလို့ အနားမှာ လာမျှော်နေတယ်။ မအုန်းခင် ပစ်လိုက်တဲ့ အရိအရွဲတွေကို လိုက်ဟပ်တာ ကြက်သားထည့်တဲ့ ဇလုံးနားထိရောက်သွားတာ မြင်လိုက်တာနဲ့ အစာ မာန်တက်ပြီး ကျွန်မရဲ့မျက်နှာကို လှမ်းဟပ်တာ။

ရှောင်တာ မြန်လို့ မျက်နှာကို မထိဘဲ ကာလိုက်တဲ့လက်ကို ကိုက်မိသွားတာနဲ့ သွေးတွေ ရဲခနဲ ပန်းထွက်လာပါရော။ မအုန်းခင် အော်တာနဲ့ ဘိုးလေးတို့၊ ဘွားလေးတို့ ပြေးထွက်လာတာပေါ့။
ဘိုးလေးက ကျွန်မကို ကိုက်ရပါမို့လားနဲ့ ခွေးကိုဒေါသထွက်ပြီး အိမ်ထဲက သေနတ်သွားဆွဲယူလာပြီး နက်ပါကို သတ်မယ်လုပ်တော့ ကျွန်မမှာ ဘိုးလေးကို တအားဖက်ပြီး…
“နက်ပါ ကို မသတ်ပါနဲ့ ဘိုးလေးရဲ့၊ ခင်မကြီးရွယ်မိလို့ ကိုက်တာပါ” နဲ့ အော်ဟစ်ငိုယိုပြီး တောင်းပန် လိုက်ရတာ။
ကျွန်မက “နက်ပါ” ဘက်က ရှေ့နေလိုက်ပြီး အလျှောက်ကောင်းလို့ “နက်ပါ”ခမျာ အသက်ချမ်းသာရာ ရတော့ တယ်။ ကျွန်မမှာတော့ ဆေးရုံသွား ဆေးထည့်ရ။ ဆေးထိုးရနဲ့ နှစ်ပတ်လောက် ခံစားလိုက်ရပါ သေးတယ်။

အဲဒီလို အနာတရတွေဖြစ်ပျက်ပြီး သိပ်မကြာပါဘူး။ ကျွန်မရဲ့အဒေါ် ခင်ခင်လှကို တောင်တွင်းကြီးမှာ နေတဲ့ ကျွန်မတို့အမျိုး အဘိုးဦးဒွေးတို့ ဇနီးမောင်နှံက ရောက်လာကြပြီး သူတို့ရဲ့ တစ်ဦးတည်းသော သား ဖြစ်တဲ့ ကိုအေးမောင် (အန်ကယ်အေး)နဲ့ လက်ထပ်ပေးဖို့ လာတောင်းပါတယ်။
ဆွေမျိုးချင်းဆိုတော့ အကြောင်းသိမို့ ငြင်းစရာမရှိဘူး ဆိုပြီး ဘွားမေတို့က သဘောတူလက်ခံဖြစ်တာ နဲ့ စေ့စပ်ကြောင်းလမ်းဖို့ စီစဉ်ကြပါရော။ အဲဒီအချိန်မှာ ကျွန်မက အသက် ၁၂ နှစ်ရှိပါပြီ။ ဘွားမေက ဦးစီးတဲ့ ကျွန်မတို့ရဲ့ ချမ်းမြေ့တဲ့ ရိပ်မြုံလေးကို စပြီး ခွဲခွာသွားသူက အန်တီလေးထက်အရင် အန်ကယ် ကျော်ပေါ့။

အန်ကယ်ကျော် လက်ထက်တုန်းက ကျွန်မအသက် ၉ နှစ်လောက် ရှိပါပြီ။ လက်ထပ်ပြီးတာနဲ့ သူ့ဇနီး နေတဲ့ ရပ်ကွက်ထဲမှာ အိမ်တစ်လုံး ဝယ်ပြီး သီးခြားနေဖို့ ပြောင်းရွှေ့သွားတော့ အန်ကယ်ကျော်ကို လွမ်းတာမှန်ပေမဲ့ သိပ်ပြီး ထိထိခိုက်ခိုက် မရှိခဲ့ပါဘူး။ ကျန်ခဲ့တဲ့ အန်ကယ်အေးကတော့ နာမည်နဲ့ လိုက်အောင်ကို အေးတာ။ အိမ်မှာ နေတယ်ဆိုပေမယ့် အန်ကယ်အေးကို သိပ်မတွေ့ရတတ်ပါဘူး။ တက္ကသိုလ်က ပြန်လာရင် အန်ကယ်အေးက ဘောလုံးကန် ဝါသနာလည်းပါ၊ ဘောလုံးအသင်းမှာ လည်း နေရာယူ ထားသူ ဖြစ်တော့ ဘောလုံးကန် လေ့ကျင့်ဖို့ ညနေဘက် ထွက်သွားပြန်ပါရော။
အန်တီလေး လက်မထပ်ခင် တစ်နှစ်မှာ အန်ကယ်အေးက ကျောင်းမပြီးသေးဘဲ အင်္ဂလိပ်စစ်တပ်ထဲ မှာ စစ်မှုထမ်းဖို့ ဝင်သွားတာနဲ့ အိမ်မှာ လူလျော့သွားပြန်ပါတယ်။ ခုလည်း အန်တီလေးက စေ့စပ်ကြောင်းလမ်းလုပ်ပြီးရင် လက်ထပ်ဦးမှာလား။

“နင့်အန်တီလေးကို လက်ထပ်ပြီးရင် တောင်တွင်းကြိးကို ထည့်လိုက်ရမှာ” လို့ ဘွားလေးပြောတဲ့နေ့က ကျွန်မရှိုက်ကြီးတငင် ငိုလိုက်ရတာ။ အတူ ကြီးလာခဲ့တာဆိုတော့ အန်တီလေးကို ကျွန်မ ချစ်တာနဲ့ အမျှ တွယ်တာမှုလည်း ရှိပါတယ်။ ဘာမဆို စိတ်တူကိုယ်တူလည်း လုပ်နေကျလေ။ တစ်ခါတုန်းက ကျွန်မတို့ အိမ်နဲ့ တစ်ပြလောက်ပဲ ဝေးတဲ့ တစ်ဝဂူဘုရားမှာ ပွဲလုပ်ပါလေရော။
လေက သင့်တော့ ဆိုင်းသံ ဗုံသံ သီချင်းတွေကို ကြားနေရပါတယ်။ ကျွန်မတို့အိမ်က လူကြီးတွေက လည်း အချုပ်အချယ်များပါဘိ ဆိုတော့ အိမ်ရှေ့ ဝရန်တာတောင် ထွက်မရပ်ရအောင် နှိပ်ကွပ်ထားတာမို့ ပွဲခင်းသွားပြီး ပွဲကြည့်ဖို့များတော့ ဝေးပါသေးရဲ့။
ကျွန်မတို့ နှစ်ယောက်လည်း ဆိုင်းသံတွေကြားပြီး မအိပ်နိုင်ကြဘူး။ ညဆယ့်တစ်နာရီလောက်ကျတော့ အန်တီလေးက..
“တို့ ပွဲသွားပြီး ခိုးကြည့်ရအောင်”လို့ ကျွန်မကို လူကြီးလုပ်ပြီး အဖော်ညိပါတယ်။

“ဘွားမေ ဝင်လာရင် မရှိတာ သိသွားမှာပေါ့” လို့ ကျွန်မက ပြောတော့ “ခေါင်းအုံးတွေ စီပြီး စောင်ခြုံ ထားခဲ့မှာပေါ့။ ဘွားမေက မျက်စိမှုန်တာပဲ မသိနိုင်ပါဘူး”တဲ့ “တခြားလူတွေတွေ့သွားလို့ ပြန်တိုင်ရင် ကော”လို့ ကျွန်မက စောဒက တက်ပြီးတော့…
“မသိအောင် ရုပ်ဖျက်သွားမှာပေါ့၊ နင်ရော ငါရော တောသူမကြီးတွေလို ခေါင်းကို မျက်နှာသုတ်ပဝါ ပေါင်းမယ်ကွာ၊ ဝတ်ထားတဲ့ ဆွယ်တာအင်္ကျီ မတွေ့အောင်လည်း မျက်နှာသုတ်ပဝါတစ်ထည် ခြုံသွား ရင်ပြီးရောပေါ့”တဲ့။

ပြောတော့ဖြင့် လွယ်လိုက်တာ။ ခြုံဖို့ရော၊ ခေါင်းပေါင်းဖို့ရော မျက်နှာသုတ်ပဝါလေးထည် ရအောင် ရှာရတာကိုက တကယ့် စွန့်စားခန်းကြီးပါပဲ။ တောသူမနဲ့ တူအောင်မျက်နှာသုတ်ပုဝါ အနွမ်းကလည်း မရှိ။ တစ်ခု ဆွဲထုတ်ရင်း “ဒါက သစ်တယ်၊ မဖြစ်ဘူး”နဲ့ တစ်ခုပြီးတစ်ခု ဆွဲထုတ်ရင်း အပုံကြီးသာ ဖြစ် သွားတယ်။ နွမ်းတာက နှစ်ထည်ပဲ ရတော့ “နေဦး၊ ဦးသူရကြီးကတော့ ညစ်ပတ်တယ်။ သူ့မျက်နှာ သုတ်ပုဝါနဲ့ ပုဆိုးဟောင်း သွားခိုးရအောင်”တဲ့။
ကျွန်မတို့အိမ်မှာ ဘွားမေတို့ နန်းတွင်းမှာ နေစဉ် ကာလကတည်းက အိမ်မှာအတူနေတဲ့ ဒေါ်ဖွားရှင် ဆိုတာ ရှိတယ်တဲ့။ ကျွန်မတော့ ဒေါ်ဖွားရှင်ကို မမီလိုက်လို့ မသိပါဘူး။ ဒေါ်ဖွားရှင် ဆုံးသွားတော့ သား ဖြစ်တဲ့ ဦးသူရ ကျန်ခဲ့ပါတယ်။ အိမ်မှာ အိမ်သားတစ်ဦးလိုပဲ အတူစား၊ အတူနေ လက်တိုလက်တောင်း ဗာဟီရမှန်သမျှ ဦးသူရကို အားကိုးရပါတယ်။

ဟိုနား သွားဦး၊ ဒီနားသွားဦးဆိုရင်လည်း အလွန်ကို ဖင်ပေါ့ပါတယ်။ ခက်တာက ဦးသူရက သိပ်ပြီး ကျပ်မပြည့်ပါဘူး။ သူ့မှာ ယောက်ျားတို့ရဲ့အတ္တ (ego) လို့ ပြောရမလားမသိဘူး။ “ငါ့မှာ စွမ်းအင်ရှိ တယ်၊ ဘယ်ခရီး မဆို ခြေလျင်လျှောက်နိုင်အောင် အားအင်အပြည့်ရှိတယ်”ဆိုတဲ့ လွဲမှားတဲ့ အစွဲတစ် ခုက ရှိထားတော့…
ဘွားမေ က “မောင်သူရ ဘယ်သွားပြီး ဘာဝယ်ချေ”လို့ မခိုင်းလိုက်နဲ့။ “ရော့… မြင်းလှည်းခ၊ ဘတ်စကားခ” လို့ ပေးလိုက်ရင် သူ့ရဲ့စွမ်းအင်ကို စော်ကားပါတယ် ဆိုပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်တတ် သေးတာပါ။ ဘယ်လောက်ဝေးတဲ့ ခရီးဖြစ်ဖြစ်၊ ခြေကျင်သွားရမှာကို ကျေနပ်ပြီး ဂုဏ်ယူနေတာ ဆိုတော့ ဦးသူရကို ခိုင်းချင်ရင် အချိန်ကြာကြာပေးမှပဲ ဖြစ်ပါတယ်။

တစ်ခါက ဘွားမေ ကိုးကွယ်တဲ့ အမရပူရက ဘုန်းကြီးကျောင်းက ဆရာတော်ကို ဆွမ်းပို့ဖို့ ရှိတာ ပြောထားတဲ့ သူက မလာနိုင်ဖြစ်တာနဲ့ ဦသူရကိုပဲ ပို့ခိုင်းရတာပေါ့။ လမ်းလျှောက်သွားနေရင် ဘယ်လိုမှ ဆွမ်းချိန် မမီ ဖြစ်မှာမို့ အတန်တန် ဘတ်စ်ကားနဲ့ သွားဖို့မှာပြီး ဘတ်စ်ကားခပေးလိုက်တာကို နားမထောင်ဘဲ ခြေကျင်လျှောက်သွားလို့ နေခင်းနှစ်ချက်မှ ကျောင်းကို ရောက်တာနဲ့ ဆရာတော်လည်း ဆွမ်းဘုန်း မပေးလိုက်ရပါဘူး။ ဦးသူရလည်း ညမိုးချုပ်မှ ဆွမ်းအုပ်ကြီးပိုက် ပြန်ရောက်လာပါ တော့တယ်။
အဲဒီဦးသူရ က ကျွန်မ ၁၉၅၂ခုနှစ်မှာ ရန်ကုန် ပြောင်းလာပြီး ဓာတ်ပုံဆိုင် ဖွင့်တော့ ကျွန်မနဲ့အတူ ရန်ကုန်ကို ပါလာသေးတာပါ။

“ဦးသူရ ရန်ကုန်မြို့က အကြီးကြီး လမ်းလျှောက်လို့ မရဘူးနော်”နဲ့ အတန်တန်သတိပေးထားတဲ့အထဲ က ထွက်သွား လိုက်တာ တစ်ညလုံး ပြန်မရောက်လာတော့ ကျွန်မမှာ စိတ်ပူလို့ ရဲစခန်းတိုင်ရပါတယ်။ မြို့ကကြီးတော့ ဦးသူရ မျက်စိတွေ လည်သွားပြီး မပြန်တတ်တာကို သူများမေးလည်း လိပ်စာမပြော တတ်တော့ အခက်တွေ့ပြီး တစ်ညလုံး တွေ့လိမ့်နိုးနဲ့ လျှောက်နေတာတဲ့လေ။ မနက်ကျမှ ရဲက တွေ့လာပြီး ပြန်ပို့လို့ အိမ်ပြန်ရောက် လာတာပါ။ ကျွန်မမှာ ဦးသူရကို လမ်းထပ်ပျောက်မှာစိုးလို့ ဘယ်မှ မခိုင်းရဲပါဘူး။ နောက် ကျွန်မဓာတ်ပုံဆိုင် မှာ အလှပြင်လုပ်တဲ့ မြင့်မြင့် (လူရွှင်တော် မရွှေလုံး)နဲ့ ရန်ဖြစ်ကြပြီး စိတ်ကောက်ပြီး ပြန် သွားတာ မန္တလေးမှာပဲ ကွယ်လွန်သွားရှာပါတယ်။

ဦးသူရရဲ့ အကြောင်းကတော့ ရေးပြမယ်ဆိုရင် ဆောင်းပါးတစ်ပုဒ် မကအောင် များပြားလှပါရဲ့။ အဲဒီဦးသူရဆီက အန်တီလေးက မျက်နှာသုတ်ပဝါ သွားခိုးလာပါရော။ ရုပ်ဖျက်ဖို့ အံဝင်ခွင်ကျဖြစ်တဲ့ နွမ်းနေတာတော့ မှန်ပါတယ်။ မလျှော်မဖွပ်ဘဲ ထားတော့ အနံ့အသက်က ရှိနေတာပေါ့။ ပုဆိုးကတော့ ရှာမရလို့ဆိုပြီး ပါမလာပါဘူး။
အန်တီလေးက မျက်နှာသုတ်ပဝါကို နမ်းကြည့်ပြီး မျက်နှာကြီးရှုံ့လို့။ “ဒါကြီးက နံတယ်ဟ ငါတော့ မပေါင်းနိုင်ဘူး။ နင်ပေါင်း”တဲ့ ကောင်းရောလေ။ ကျွန်မလည်း ပွဲက အလွန်အမင်း ကြည့်ချင်တာဖြစ် တော့ ကျေနပ်စွာနဲ့ပဲ လက်ခံသဘောတူလိုက်ရတာပါပဲ။
ဆောင်းတွင်းဆိုတော့ အေးအေးနဲ့မို့ နှစ်ယောက်သား မျက်နှာသုတ်ပဝါကြီးတွေ တစ်ထည်စီခြုံ၊ တစ်ထည်စီ ခေါင်းပေါင်းကြပြီး အိမ်ပေါ်က ခြေဖျားထောက် ဆင်းပြီး လစ်ကြပါရော။

×××××××××××××××

အပိုင်း ၅ ဆက်ရန်….

#ရွှေစင်ဦးဘလော့ဂ် မှ

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင်

Leave a Reply

Your email address will not be published. Required fields are marked *