Novel

အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၇၊၈၊၉

အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်

အပိုင်း (၇)

“မေဘိုကြီး” က အလွန်ကို ရုပ်ရှင်ရူး ရူးတာပါ။
လကုန်ခါနီး နောက်ဆုံးအပတ် စနေ၊ တနင်္ဂနွေဆိုရင် အိမ်ပြန်လို့ ရပါတယ်။ ရပ်ဝေး နေသူတွေက မပြန်နိုင်ရင်လည်း အဲလို မပြန်နိုင်ကြတဲ့ မိန်းကလေး တွေ အုပ်စုဖွဲ့ပြီး ကျောင်းက ဆရာမတစ်ဦးက အဖေလိုက်စောင့်ရှောက်ရင်း စျေး၀ယ်ထွက်တာတို့၊ ရုပ်ရှင်ကြည့်တာတို့ကို ပေးလုပ်လေ့ရှိတော့ မေဘိုကြီးက အမြဲတမ်းရုပ်ရှင်ကို တစ်ပွဲနဲ့ကြည့်လို့မဝဘဲ
နှစ်ပွဲကြည့်ပြီးမှ ပြန်ပြန် လာတာမို့ သူနဲ့လိုက်ရတဲ့ ဆရာမတွေက စိတ်ညစ်ကြတာပေါ့။
အဲလို တစ်လ တစ်ခါ ထွက်ကြည့်ရတာကို အားမရတော့ သူနဲ့ စိတ်တူကိုယ်တူ ဖြစ်မဲ့ တခြား ကျောင်းသူ တစ်ဦးဦးကို အဖော်စပ်ပြီး ကျောင်းကသီလရှင်တွေ မသိအောင် ခိုးထွက်ပြီးလည်း ရုပ်ရှင်ကြည့်တတ်ပါသေး တယ်။

သူ လစ်တော့မယ်ဆိုရင် ခိုးထွက်တဲ့သူက ဘယ်လိုမှ မရှိဘဲ ကျွန်မနဲ့ Kathleen နှစ်ယောက်သားကကြောက်ဒူး တုန်နေကြပြီလေ။ သူ့ကိုလည်း “မလစ်ပါနဲ့ဟယ်၊ ငါတို့ကြောက်လို့ပါ”လို့ အတန်တန်တောင်းပန်လည်း မရပါဘူး။ ရုပ်ရှင်သာ ကြည့်ရမယ်ဆိုရင် သူကတော့ ဘယ်လို အပြစ်ဒဏ်မျိုးကိုဖြစ်ဖြစ် ရင်ဆိုင်ရဲတဲ့ မိန်းကလေး မျိုးပေါ့။
သူ လစ်သွားပြီဆိုတာနဲ့ ကျွန်မတို့ နှစ်ယောက်သားသီလရှင်တွေ မတွေ့အောင် လုံခြုံရာနေရာ ရှာပြီးပုန်းကြတော့တာပဲ။ တွေ့သွားလို့ အမြဲတွဲနေတဲ့ သုံးယောက်ထဲမှာ မေကိုမမြင်တာနဲ့ “မေရော” လို့မေးခဲ့ ရင် ကျွန်မတို့ လိမ်လည်း မလိမ်ရဲ၊ အမှန်လည်း မပြောရဲနဲ့ ဒုက္ခရောက်ကြ မှာ ဆိုတော့ ဘေးကင်းရန်ကင်း ဖြစ်အောင် ပုန်းရတော့တာပေါ့။
ကိုးတန်းနှစ် ကျတော့ မရွှေချောက မေမြို့ (ယခု ပြင်ဦးလွင်)စိန်မိုက်ကယ်လ် ကျောင်းကိုပြောင်း သွားတော့မှ ကျွန်မတို့လည်း အပုန်းရသက်သာသွားပါတယ်။ အဲဒီအချိန်မှာ ကျွန်မက စာရူးပေရူး နဲ့ဓာတ်ပုံရူးလည်း ရူးလို့ကောင်းနေပြီလေ။

“ဂန္တလောက”မဂ္ဂဇင်းမှာ ရေးကြတဲ့ “သိပ္ပံမောင်၀”တို့၊ ကဗျာပိုင်းက ဆိုရင် “ဇော်ဂျီ”နဲ့ “ခင်လေး မောင်”တို့ကို ကျွန်မ စွဲစွဲမက်မက်ဖတ်ရုံတင်မကဘဲ ကြိုက်တဲ့ ကဗျာတွေဆိုရင် ဂျပ်ထူဖုံး ဗလာစာအုပ်အထူကြီးနဲ့ လက်ရေးကိုလည်း ပုံနှိပ်ထားတဲ့အတိုင်း ဖြစ်အောင်ဂရုတစိုက် ရေးပြီး ကူးထား သေးတာပါ။
အဲဒါတင် မကသေးဘူး။ ကျွန်မတို့ကို မြန်မာစာပြတဲ့သီလရှင် စစ္စတာဖိလစ်မှာ Ernestဆိုတဲ့ တူတစ်ယောက် ရှိပါတယ်။ သူက ကျောင်းပိတ်ရက်ကျရင် စစ္စတာဖိလစ်ဆီလာပြီး ကျောင်းမှာ လိုအပ်တဲ့ ပန်းချီတွေ၊ ဒီဇိုင်းတွေ ဆွဲတာမျိုး ကူလုပ်ပေးတာတွေ့တော့ သောကြာနေ့ဆို ကျွန်မ စစ္စတာဖိလစ် စားပွဲသွားပြီး ကဗျာစာအုပ်က ထိပ်စီး နေရာ ချန်ထားတဲ့ ကွက်လပ်မှာ ကဗျာနဲ့လိုက်ဖက်တဲ့ဒီဇိုင်းလေးတွေ၊ ပန်းချီလေးတွေ Ernest လာရင် ဆွဲပေးဖို့ သွားပြောရသေးတယ်။

စစ္စတာက ကျွန်မ မြန်မာစာတော်တာကိုလည်း သဘောကျတယ်။ အဲလို ကဗျာတွေစုတာကိုလည်း အားပေး တယ်။ ကဗျာစာအုပ် ယူထားလိုက်ပြီး Ernest လာတဲ့အခါ ဆွဲပေးခိုင်းပါတယ်။ အဲတော့ ကျွန်မရဲ့ ကဗျာစာအုပ်က အတန်းထဲမှာ ခမ်းခမ်းနားနားနဲ့ အပျံစားလေး။ ဟိုလူက ငှား၊ ဒီလူကငှား နဲ့။ အဲလို ပေးငှား ရတာကို ကျေနပ်လို့။
အဲဒီကဗျာစာအုပ်ကို ကျွန်မ စစ်ပြေးတဲ့တစ်လျှောက်လုံး ရောက်ရာအရပ်မှာ ကိုယ်နဲ့အတူ သယ်သွားလိုက်တာ ၁၉၅၂ခုနှစ် ရန်ကုန်ကို ပြောင်းလာတဲ့အထိ ပါလာပါသေးတယ်။ ရန်ကုန်ကို ရောက် တော့ “မြန်မာပြည် ဓာတ်ပုံအသင်း”ဖွဲ့ထားတာရှိတယ် ကြားလို့ ကျွန်မသွားကြည့်တာပေါ့။ ဓာတ်ပုံ အသင်းရဲ့ ဥက္ကဋ္ဌက ကျွန်မ စွဲလမ်းခဲ့တဲ့ ကဗျာတွေရေးတဲ့ “ဦးခင်လေးမောင်”ဖြစ်နေပါရော။ လူကိုယ်တိုင်ကို အဲဒီတော့မှပဲ တွေ့ဖူးတာမို့ ၀မ်းတွေသာလို့။ ကျွန်မမှာ “ဦးခင်လေးမောင်”ရဲ့ ကဗျာတွေ စုထားတာရှိတယ်လို့ သွားပြီး အကြွားမှားလိုက်မိပါတယ်။

သူ့မှာ မရှိတော့လို့ ငှားပါဆိုတာနဲ့ ငှားလိုက်တာ၊ တစ်ခါတည်း သီတာရေမြေ ဖြစ်သွားတော့တာပဲ လေ။ ပြန်မရတော့ဘဲ ဆုံးပါလေရော။ ကျွန်မ အမေရိကားရောက်ပြီး လွန်ခဲ့တဲ့လေးငါးနှစ်က ပါရီမှာ နေတဲ့ “ကိုမောင်မောင်တာ”က “မဂ္ဂဇင်းထဲမှာ အန်တီခင့်အကြောင်းပါလာတယ်”ဆိုပြီး Xerox Copy ပို့ လိုက် မှ အဲဒီအထဲမှာ ဦးခင်လေးမောင်ရဲ့ “ရွှေရတု”ဆောင်းပါးမှာ “ပတ္တမြားခင်”စုထား တဲ့စစ်ကြိုခေတ်က ကဗျာတွေ ပြန်ရတဲ့ အတွက် ခုလိုဖော်ပြနိုင်ကြောင်း၊ ကျေးဇူးတင်ကြောင်း ဖတ်ရလို့ အသက်ကို ဖက်နဲ့ ထုပ်ပြီး ပြေးခဲ့ရတဲ့ စစ်ပြေးကာလမှာ ထိန်းသိမ်းထားရကျိုးနပ်အောင် မျိုးဆက်သစ်တွေ ခံစားနိုင်ဖို့ ဖြစ်သွားတာအတွက် ၀မ်းသာပီတီဖြစ်ရပါတယ်။

အဲလို ကဗျာစုတာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးနော်။ ကျွန်မမွေးထားတဲ့ သားသမီးတွေ လည်း ကဗျာစုတာ ဝါသနာပါကြပါတယ်။ အကြီးဆုံးကောင် ခင်မောင်၀င်းခန့်က စပြီး ကေသီခန့်၊ ယမင်းမြလှိုင်၊ ရွှေစင်မြလှိုင် နဲ့ ဇာနည်မြလှိုင် တို့ထိ တစ်ယောက်မှာ ကိုယ်ပိုင်ကဗျာစာအုပ် တစ်အုပ်စီနဲ့လေ။
သူတို့စုတဲ့ ကဗျာဆရာတွေကတော့ “နွမ်ဂျာသိုင်း၊” “မောင်မောက်(ဥက္ကလာ)”၊ “ပုတီးကုန်းမောင် စိန်၀င်း”နဲ့ အများဆုံး က “မောင်ပန်းမွှေး”ရဲ့ ကဗျာတွေပါပဲ။ ရယ်လည်း ရယ်ရပါရဲ့။ မနှစ်က ကေသီခန့် အိမ်အသစ်ကို ပြောင်းမယ်ဆိုတော့ ကျွန်မသွားပြီး ဝိုင်းကူသိမ်းပေးပါတယ်။
သူရဲ့ စာရေးစားပွဲထဲက တက္ကသိုလ်တက်ခဲ့စဉ် ဆယ်ကျော်သက်တုန်းက စုထားတဲ့ ကဗျာစာအုပ် ထွက်လာပါရော။ သားအမိနှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဖတ်လိုက်ကြတာ တစ်နေကုန်သွားလို့အဲဒီနေ့က ဘာတစ်ခုမှ သိမ်းလို့မပြီးလိုက်ဘူးလေ။

ဆယ်ကျော်သက်က ခံစာချက်တွေနဲ့ စုဆောင်းထားခဲ့တဲ့ ကဗျာလေးတွေဟာ သူတို့လည်း လူလတ်ပိုင်း အရွယ်ကိုရောက်၊ ကျွန်မလည်း သင်္ချိုင်းကို ခြေတစ်ဖက်နင်းနေတဲ့ အဘွားကြီးဖြစ်နေတာတောင် ပြန်ပြီးခံစားလို့ ရနေသေးတာကတော့ ကြည်နူးပီတီ ဖြစ်စရာ တစ်ခုပါပဲနော်။
တကယ်က ကျွန်မက စာရေးချင်သူ မဟုတ်ပါဘူး။ အဲဒီအချိန်က ကဗျာရေးချင်တာမို့ လေးလုံးစပ် ကဗျာတွေ ကြိုးစားပြီး ရေးကြည့်နေ ခဲ့တာ အဖွဲ့အနွဲ့တွေကို ကိုယ့်ဟာကိုယ်အားမရတာနဲ့ဘဲ တဖြည်းဖြည်း စိတ်ပျက်ပြီး လက်လျှော့ လိုက်တော့တာပါ။
“သိပ္ပံမောင်၀” ကတော့ ကျွန်မရဲ့မြင်ဆရာလို့ ပြောရမလားမသိဘူး။ “ဂန္တလောက”မှာပါတဲ့ သူ့၀တ္ထုတိုလေးတွေကို ကျွန်မ သိပ်ကြိုက်ပါတယ်။ သူရေးပုံက လိုရင်းတိုရှင်းပဲ။ နောက်ပြီး သူ တကယ် ထိတွေ့ရတဲ့ မိသားစုနဲ့ သူ့အလုပ်က အဖြစ်ကလေးတွေကို ဇာတ်အိမ်တည်ပြီး ရေးတတ်တာမို့ စိတ်၀င်စားဖို့လည်း ကောင်းပါတယ်။ ကျွန်မ သူ့ပုံစံလိုက်ပြီး စာစီစာကုံးတွေကို ရေးတဲ့အခါ အမှတ်များများ ရတတ်တာ သတိရမိ ပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ စာရေးဖို့ထက် ဓာတ်ပုံရိုက်ချင်တာက ပိုပြီးအားသန်နေတာပါ။ မဟေသီမဂ္ဂ ဇင်းမှာ “ကင်မရာ ကိုင်ခဲ့ရသော ကျွန်မဘ၀” အခန်းဆက် ဆောင်းပါးတွေ ရေးပြီးဖြစ်နေလို့ အက်ကြောင်း ထပ်နေမှာ စိုးတာနဲ့ အကျယ်မချဲ့လိုတော့ပါဘူး။ ကျွန်မကို ဘော်ဒါပို့တဲ့ အချိန်ကစပြီးကျောင်းစရိတ်နဲ့ ဗာဟီရအားလုံးကို မာမီက သူငယ်ငယ်က ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးတရားရှိတယ် ဆိုပြီး အန်တီလေးက တာ၀န်ယူခဲ့ပေးပါတယ်။

ဒီတော့ အန်ကယ်အေးက မန္တလေးကို ကုန်၀ယ်ဖို့ တက်လာတိုင်း ကျွန်မရဲ့ ဘော်ဒါဆောင်ကို လာတွေ့၊ မာသာကြီးတွေကို ခွင့်တောင်းပြီး စျေး၀ယ်ထွက်ရင်း လိုချင်တာမှန်သမျှ ကျွန်မလက်ညှိုး ထိုးတိုင်း အကုန် လိုက်၀ယ်ပေးတာပါပဲ။ အ၀တ်အစားတို့၊ အလှအပသုံး ပစ္စည်းတွေထက် အများ အားဖြင့်က ဖလင်လိပ်တို့၊ ကင်မရာတို့၊ Albumတို့တွေ ပိုပြီး၀ယ်ဖြစ်တာပါပဲ။
အန်ကယ်အေး တစ်ခေါက်တစ်ခေါက် လာလို့ ၀ယ်ပေးထားခဲ့လည်း ဘယ်တော့မှ လောက်တာ မဟုတ်ဘူး။ ကင်မရာတစ်လုံးနဲ့ သူငယ်ချင်းတွေကို အမျိုးစုံအောင် လိုက်ရိုက်ရတာနဲ့ အလျဉ်က မမီဘူး။ အဲဒီအခါမျိုး ကျတော့ ရတဲ့ မုန့်ဖိုးထဲက ပိုက်ဆံတစ်ပြားဖိုး ပြောင်းဖူးတစ်ဖူး၀ယ်၊ မနက်က ဝှက်ပြီး ထည့်ထားခဲ့တဲ့ ထမင်း စားခန်း ထဲက အံဆွဲထဲက ထမင်းကျန်နဲ့ လူးပြီး ဗိုက်ဟာတာကို ဖြည့်။ ကျန်တဲ့ပိုက်ဆံနဲ့ ဓာတ်ပုံကူး၊ ဓာတ်ပုံဆေး။

ဖူဂျီဓာတ်ပုံတိုက် ကလည်း ကွန်ဗင့်ကျောင်းနဲ့ ကျောချင်းကပ်ဖြစ်နေတော့ ကျွန်မအတွက် ပိုပြီး အဆင်ပြေနေ တာပေါ့။ ညနေညနေ မိလ္လာသိမ်းတဲ့ ကုလားတွေ လာလို့ နောက်ဘက်က တံခါးကို ဖွင့်ပြီဆိုရင် အဲဒီတံခါး တာ၀န်ယူပြီး ဖွင့်ပေးရတဲ့၊ စောင့်ကြည့်ရတဲ့ စစ္စတာဆိုဖီကို ရှိခိုးဦးတင်နဲ့ Please ချင်းအခါ တစ်ရာ ထပ်အောင် တောင်းပန်ပြီး ဖူဂျီဓာတ်ပုံဆိုင်ကို မိလ္လာစော်တထောင်းထောင်းနံတဲ့ လမ်းကြားက ဖြတ်ပြေး ပုံဆေး ဖို့၊ ပုံကူး ဖို့ သွားသွားအပ်ရပါတယ်။
ဖူဂျီဆရာကြီး နဲ့လည်း အပ်ပါများတော့ အဖွဲ့ကျလို့ပေါ့။ ကျွန်မကို မွေးစားချင်တယ်လို့ မာ့မီဆီ မှာ တောင်းတော့ မပေးရကောင်းလားနဲ့ ဓာတ်ပုံဆိုင်ရှင် ရဲ့သမီး မဖြစ်ရလေခြင်း ဆိုပြီး မာမီကိုတောင် ရန်လိုမိတဲ့ အထိ ဓာတ်ပုံကို ချစ်မိတာပါ။
ကွန်ဗင့်မှာ ဘော်ဒါနေခဲ့တဲ့ နှစ်တွေမှာတော့ ဘာမှထူးထူးခြားခြား မရှိလှပါဘူး။ ဗိုလ်အောင်ကျော် ကျဆုံးတဲ့နှစ်က ကျွန်မ ၇တန်းထင်ပါရဲ့။ ဆရာဖြစ်သင်က ဘော်ဒါနေတဲ့ခင်မမတို့၊ မစိုး၀င်းတို့၊ ဆရာမလောင်း အတော် များများက ကျောင်းသားတွေနဲ့ သွားပေါင်းပြီး ပါကြပါတယ်။

ကျွန်မတို့အားလုံးကို အိပ်ခန်းဆောင်ကနေ ဘယ်မှမဆင်းရ၊ မထွက်ရဘူးဆိုပြီး သီလရှင်တွေက တံခါး ကို သော့ခတ်ထားတာနဲ့ အားလုံးကငြိမ်လို့ပေါ့။ ဘီလမ်းပေါ်က ကျောင်းသားတွေ စီတန်း လှည့်လည် ရင်း အသံတိုင်တာတွေကို ကြားရတော့ လှုပ်လှုပ်ရွရွဖြစ်ကြပေမဲ့ သော့ခတ်ထားတာနဲ့ ဘာမှ ထိထိရောက်ရောက်လည်း မလုပ်နိုင်ကြပါဘူး။
ဒီလိုနဲ့ ၁၀တန်းဖြေဖို့နှစ်ကို ရောက်လာပါတယ်။ ၁၀တန်းက အစိုးရစစ်ဆိုတော့ ကျွန်မတို့ စာကြိုး စား ရပါတယ်။ အထူးသဖြင့် စာနဲ့ပတ်သက်လာရင် ကျွန်မက ချောင်တာမဟုတ်ဘူး။ ကျွန်မရဲ့ Report Card ကို မာမီ ကလည်း သေသေချာချာ စစ်ဆေး၊ ဘိုးလေးကလည်း စစ်ဆေးသေးတာ ဖြစ်တော့ အမှတ်ကျပြီ ဆိုတာ နဲ့ သေဖို့သာ ပြင်တော့ဆိုတဲ့ အထဲကပါ။ ဒါကြေင့် ကိုယ်ရထားတဲ့ ထိပ်ဆုံးနေရာက မရွေ့အောင် ဘိုးလေးနဲ့ မာမီ့ ကိုကြောက်ရတာနဲ့ပဲ ပျင်းပေမဲ့ စာကျက်ဖြစ်အောင် ကျက်ရတော့တာပေါ့။

တစ်ဦးတည်းသမီးမို့ ကျွန်မကိုများ အလိုလိုက်ထားတယ် မထင်လေနဲ့။ မာမီကလည်း ဘိုးလေးနီး ပါးလက်သံပြောင် တာပါပဲ။ ငယ်ငယ်တုန်းက ပြေးလို့ လွှားလို့ မှောက်ရက်လဲရင် ဖြစ်ဖြစ်၊ ဟိုပေါ် ဒီပေါ် တက်ဆော့ လို့ ပြုတ်ကျပြီးအနာတရဖြစ်ရင်ဖြစ်ဖြစ်၊ သူများအမေတွေလို “ငါ့သမီးလေး ဘယ်နာသွားလဲ၊ ဥုံဖွ”နဲ့ များ ပြေးပွေ့ ချီပြီး ရင်ခွင်ထဲသွင်း ချော့မယ်များ ဝေးစွ။
“ကိုင်း…ဆော့ ဦးလေ၊ မှတ်ပြီလား။ ကိုယ့်ဟာကိုယ် ပြန်ပြီးရအောင်ထ”လို့ အော်တာတောင် ခံရပါ သေးတယ်။ ကိုယ်က တကယ်နာလို့ ငိုပြီး မထဘဲနေရင် လက်ကပါ ပါလာပြီး ဆော်တာခံ ရတာနဲ့ တော်ရုံ တန်ရုံ ဖြစ်လို့များတော့ မငိုရဲဘဲ ကိုယ့်ဒူး ကိုယ်ပွတ်ပြီး ထရပါတယ်။
ကျွန်မအဆော့သန် လို့ ဖြစ်ခဲ့ရတဲ့ ကြီးကြီးမားမား အဖြစ်နှစ်ခုကို မှတ်မိပါသေးတယ်။ ကျွန်မတို့ အိမ်မှာ ကျောင်းလာတက်တုန်းက အတူနေသွားတဲ့ အန်ကယ်အေးတို့က ညီအစ်ကိုသုံးယောက် ရှိပါတယ်။ အကြီးဆုံး က ဦးဘသိမ်း၊ အလတ်က ဦးဘငြိမ်းနဲ့ အငယ်ဆုံးက ဦးအေး (အန်ကယ်အေး)ပေါ့။ ကျွန်မဘ၀ ထဲမှာလည်း အန်ကယ်အေးက နှစ်ယောက်တောင်ရှိလို့ စာဖတ် သူများ မျက်စိလည်ကုန်မှာလည်း စိုးရပါသေး တယ်။

အကြီးဆုံးက ရဲ၀န်ထောက်ပါ။ တောက သူဌေးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျပါတယ်။ သူ့ဇနီးက စပါးသိမ်းချိန် ဆို ရွာပြန်ပြီး သူ့စီးပွားရေးကိုပဲ စိတ်၀င်စားတာပါ။ အဲတော့ ဧည့်ခံပွဲတွေ ဘာတွေ လုပ်ရမယ် ဆိုရင် ဦးလေးသိမ်း က “ခင်ခင်မေလာခဲ့ဦး၊ လာကူဦး”ဆိုပြီး မာမီကို အမြဲ အကူအညီ
တောင်းတတ်ပါတယ်။
မာမီက ဒယ်ဒီ နဲ့အတူနေလာတာ ဆိုတော့ ခေတ်မီမီ ဗိုလ်ဆန်ဆန်နဲ့ ဧည့်ခံပွဲတွေကို စီမံနိုင်တာမို့ မကြာခဏ ဆိုသလို ဦးလေးသိမ်း အိမ်မှာ သွားသွားကူပေးရတာပေါ့။ ကျောင်းပိတ်တဲ့ အခါမျိုးနဲ့ ကြုံရင် မာမီနဲ့အတူ ကျွန်မ လည်း ပါသွားတတ်ပါတယ်။
အဲဒီတုန်းက ဦးလေးသိမ်းက ရဲ၀န်ထောက် မဖြစ်သေးဘူး။ တိုက်ပိုင်အဆင့်နဲ့ ၁၆မှတ်ဂါတ်ထဲက အစိုးရအိမ် မှာနေပါတယ်။ အိမ်ရဲ့ခြံကို ကာထားတာက အလုံမဟုတ်ဘူး။ တိုင်စိုက်ပြီး 6″ × 4” သစ်သားတန်းတွေ အလျားလိုက် ရိုက်ထားပြီး ဆေးအနက်သုတ်ထားတာပါ။ ကျွန်မက ပျင်းရင် အဲဒီသစ်သားတန်းကို သွားခွထိုင်ပြီး စာတစ်အုပ် ဖတ် ရင် ဖတ်နေလိုက်တယ်။ ကုက္ကိုပင်ရိပ်လည်း ကောင်းတားကိုး။

တစ်နေ့ကျတော့ အဲဒီကုက္ကိုပင်ကြီးကို ဘာကြောင့်လဲမသိ။ ခုတ်လှဲပစ်လိုက်တော့ အောက်ခြေက နှစ်ပေလောက်ပဲ ကျန်တော့တဲ့ အပိုင်းပြတ်ကြီး ဖြစ်နေတော့တာပေါ့။ ကျွန်မထိုင်နေကျ တန်းနဲ့က သုံးလေးပေလောက်ဝေးမယ် ထင်ပါရဲ့ ။ အေးအေးဆေးဆေး ထိုင်နေရာက စိတ်ကူးရပြီး ၀င်းခတ်ထားတဲ့ သစ်သားတန်းပေါ် တက်၊ သစ်ပိုင်းပြတ်ကြီးပေါ်ရောက်အောင်လှမ်းပြီး ခုန်လိုက် တယ်။
အမယ် ဟုတ်လို့ပဲ၊ ဆော့လိုက်တာ မျောက်မျက်စိနောက်သေတယ် ဆိုတဲ့ ပုံခိုင်းဟာ ကျွန်မအတွက်ထားစရာကောင်းမလားလို့ ခုရေးရင်းနဲ့ ပြန်စဉ်းစားမိပါသေးရဲ့။ အဲလိုတစ်ခါ ခုန်ကြည့်လို့ ဟုတ်နေတော့ ကျေနပ်ပြီး တစ်ပြန်စီ ခုန်နေတာလေ။

ဘယ်လောက်ကြာသွားလဲမသိပါဘူး။ တန်းပေါ်ကနေ သစ်ငုတ်ကြီးပေါ် လှမ်းအခုန်မှာ အမောလွန်လို့ပဲလား၊ ဟန်ချက် ပျက်သွားလို့လား မပြောတတ်ဘူး။ မှောက်ရင်ပြုတ်ကျတာ လတ်လတ်ဆတ်ဆတ် ခုတ်ထားခါစ သစ်ဆုံရဲ့အဖျားကလည်း ဓားသွားလို ထက်နေတာနဲ့ ကျွန်မရဲ့ လက်ဖဝါးနှစ်ဖက်ဆွဲပြီး အထလိုက်မှာ ငါးဖယ်ခြစ်ဖို့ ခွဲပြီး လှန်လိုက်တဲ့အတိုင်း လက်ဖနောင့်ကနေ အရေပြားကြီးဖတ်လတ်လန်သွားတော့တာပဲ။

ဒဏ်ရာကပြင်းလို့ ကျွန်မ လုံး၀မနာလိုက်ဘူး။ ကိုယ့်ဟာကိုယ် ကြိုးစားပြီး မတ်တတ်ရပ်ပြီး လက်ဖဝါးနှစ်ဖက်ကို ကြည့်တော့ ဖွေးဖွေးဖြူဖြူနေရာ ကနေပြီး တဖြည်းဖြည်းသွေးတွေ စိမ့်ထွက် လာလိုက်တာ ရဲရဲနီသွားမှ ကျွန်မ လန့်သွားတာလေ။ အရေပြားကြီးကလည်း ဖတ်လတ်နဲ့မြင်မကောင်းရှုမကောင်း။
သွေးတွေလည်း ရွှဲရွှဲစိုရော။ အဲဒီတော့မှ မခံနိုင်အောင် နာတာကို သတိရပြီး တကယ်ဆို အမေ ဆီ ပြေးဖို့ကောင်းတာနော်။ မာမီ့ကိုကြောက်တာနဲ့ မသွားရဲဘဲ နောက်ဖေးမှာ ထမင်းချက်တဲ့ မရွှေ ဆီ ပြေးပြီးပြတော့ မရွှေ လန့်အော်လိုက်တာနဲ့ပဲ တစ်အိမ်လုံး ပြေးထွက်လာကြတာပေါ့။ အရေးထဲမှာ မာမီ အော် မှာလားလို့ မာမီရဲ့ မျက်နှာကို မျက်နှာငယ်လေးနဲ့ ကြည့်ရသေးတယ်။
သွေးတွေ မြင်တော့ မာမီ လည်း ထိတ်ထိတ်ပျာပျာဖြစ်ပြီး အိမ်ကရဲကားနဲ့ဆေးရုံကို ပို့ဖို့ စီစဉ်ကြ။ အဲတော့မှ မာမီက ကျွန်မကို ဖက်ထားပြီး ယုယတာ ခံရဖူးပါတယ်။ အမှန်က ဒါလောက်ဆော့တာ အသေဆော်ထားဖို့ပဲ ကောင်းတာပါနော်။

နောက်တစ်ခါဖြစ်တာကလည်း ဦးလေးသိမ်းရဲ့ အိမ်မှာပါပဲ။ အဲတော့ ကျွန်မမငယ်တော့ပါဘူး။ ၁၆နှစ်တောင် ရောက်နေပြီပဲ။ ဦးလေးသိမ်းက ကန့်ဘလူမှာ တာ၀န်ကျနေတယ်။ ရဲ၀န်ထောက်တွေအတွက် ပေးထားတဲ့ အစိုးရအိမ်က ဘူတာရုံနဲ့သိပ်မဝေးဘူး။ တောင်ကုန်းလေးပေါ်မှာပါ။ နောက်ဘက်က ကျွန်းတောကြီး ရှိပါတယ်။
ကျွန်းတောထဲလမ်းလျှောက်ရင် နေပြောက်မထိုးဘူး။ ယုန်ကလေးတွေ၊ သမင်လေးတွေ ဒီအတိုင်း သွားလာနေတာ။ လူတွေ့လို့လည်း ကြောက်ရကောင်းမှန်းမသိ ယဉ်ပါးနေကြတာလေ။ ကျွန်မတို့ အိမ်ခြံကလည်း အကျယ်ကြီးပဲ။ ခြံထဲမှာ ဥသျှစ်ပင်က ရှိတော့ သမင်လေးတွေ ဥသျှစ်သီး လာလာ စားကြပါတယ်။

ကျွန်မနဲ့ စိန်မင်းဆိုတဲ့ အိမ်ဖော်ကောင်လေးနဲ့ ဥသျှစ်သီးတွေကို ခွဲခွဲထားပြီး သမင်လေးတွေ လာစားရင် သဘောတွေ့ပြီး ကြည့်ရတာ အမောလေ။ အဲဒီ ဥသျှစ်ပင်ကြီးရဲ့ ဘေးမှာက သရက်ပင်အကြီးကြီးတစ်ခု ရှိပါတယ်။ အကိုင်းတစ်ခုက ဖြာထွက်သွားတာ ပက်လက်ကုလားထိုင်လို ကွေးကွေးလေးဖြစ်နေတာမို့ သရက်ပင်ကြီးအောက်ကို ရောက်တိုင်း အဲဒီအကိုင်းကို မျက်စိကျနေ မိပါတယ်။
သစ်ပင်ဆိုတာ တက်ရတာ လွယ်တယ်။ ဆင်းရတာ ခက်တယ်ဆိုတာလည်း သစ်ပင်တစ်ခါမှ မတက်ဖူးတော့ ကျွန်မ မသိဘူးပေါ့။ စာအုပ်တစ်အုပ်နဲ့ အဲဒီသရက်ကိုင်းပေါ် သွားအိပ်ရင်း ဖတ်လိုက်မယ်ဆိုပြီး တက်သွားလိုက်တာ။ အတက်မှာတော့ ဟိုကိုင်းနင်း၊ ဒီကိုင်းတွယ်နဲ့ အဆင်ကို ချောလို့ပါပဲ။ လှဲအိပ်လို့ရမဲ့ကိုင်းကို ကူးသွားပြီး စာဖတ်လိုက်မယ်နဲ့ အကျအနလှဲပြီး အိပ်လိုက်တာ။ ဘာမှမကြာပါဘူး။ ကျွန်မတစ်ကိုယ်လုံးကို ခါချဉ်ကောင်တွေ ဝိုင်းပြီး တုပ်တော့တာပဲ။ ရှောင်မရ၊ တိမ်းမရ၊ မောင်းမရ အောက်ကိုခုန်ချဖို့ကလည်း အမြင့်ကြီး ရယ်။

ခဏလေးအတွင်းမှာပဲ ခါချဉ်တွေ ကိုက်တာ ကျွန်မတစ်ကိုယ်လုံးကို တွတ်တွတ်နီသွားတာနော်။ မီရာကိုင်းတွေ လှမ်းဆွဲပေမယ့် ထလို့ကလည်းမရ။ ဘာလုပ်ရမှန်း မသိတာနဲ့ “စိန်မင်းရေ၊” “စိန်မင်းရေ”နဲ့ သံကုန်အော်ပြီး ခေါ် လည်း အိမ်ကအဝေးကြီးမှာမို့ ဘယ်သူမှမကြားကြ။
သစ်ပင်ပေါ် ကနေ မီသမျှကိုင်းတွေ ဆွဲပြီး ဆင်းဖို့ လုပ်တော့လည်း မလွယ်။ ခါချဉ်တွေကလည်း အလွတ်မပေးဘဲ ဝိုင်းတွယ်နေတော့ နောက်ဆုံးမီမယ်ထင်တဲ့ ကိုင်းတစ်ခုကို ခြေတစ်ဖက်ချပြီး နင်းလိုက်တာ ဟန်ချက်ပျက်ပြီး အောက်ကို ဝုန်းခနဲ ပြုတ်ကျတော့တာပါပဲ။

သူများတကာ မိန်းကလေးတွေလို သေးသေးသွယ်သွယ်နွဲ့နွဲ့နှောင်းနှောင်းလည်းမဟုတ်။ ကိုယ်လုံး ကိုယ်ထည်က ကြီးမားတော့ ကျချက်က မသက်သာတဲ့အထဲမှာ ဘယ်သောကာလကကျွန်မနဲ့ စိန်မင်း သမင်တွေ ကျွေးထားတဲ့ ဥသျှစ်ခွံပက်လက်တစ်ခုက ကျွန်မပြုတ်ကျတဲ့ တင်ပါးအောက် အဆင်သင့်ရောက်နေလဲ မသိပါ ဘူး။ ဥသျှစ်ခွံက အစူးတွေ စူးတာနဲ့ ခါချဉ်ဒဏ် တင် မကသေးဘူး။ တင်းပါးမှာ လည်း ဒဏ်ရာ ဒဏ်ချက်နဲ့ပေါ့။
သရက်ပင်အောက်မှာ ကျွန်မတစ်ယောက်တည်း ဖြစ်ပျက်နေတဲ့ ဇာတ်လမ်းကို ဘယ်သူမှမသိကြ ဘူး။ တော်ပါသေး ရဲ့။ မကျိုးမပဲ့ပေလို့ပဲ။ ချက်ချင်းမထနိုင်သေးတာနဲ့ ခဏနားပြီးမှ အိမ်ဘက်ပြန် လာတော့ မာမီ့ အရိပ်ကို ကြည့်ရသေးတယ်။
ကံကောင်းထောက်မလို့ မာမီက ရေချိုးခန်းထဲ ရောက်နေတာနဲ့ ဦးလေးသိမ်းရဲ့ဇနီးကို ဒဏ်ရာ တွေပြပြီး “မာမီ ကို မတိုင်ပါနဲ့နော်”လို့ နှုတ်ပိတ်ရပါတယ်။ အန်တီမမကြီးက အပိမ့်ပိမ့်ဖြစ်နေတဲ့ ခါချဉ်တုပ်ရာတွေကို ပရုတ်ဆီ နဲ့ သိပ်ပေးပြီးတာနဲ့ နည်းနည်းလည်း နေသာသွားရော နွေခေါင် ခေါင်ကြီးမှာ အင်္ကျီလက်ရှည်ပွပွကြီးတစ်ထည် ၀တ်ပြီး အိပ်ရာပေါ်သွားလှဲ၊ ခြုံစောင်ပါးပါးကို ထပ်ခြုံပြီး
မာမီမမြင်အောင် သရုပ်ဆောင်နေလိုက်ရတာပေါ့။

အန်တီမမကြီး ကတော့ မတိုင်ရှာပါဘူး။ ဒီအဖြစ်အပျက်တွေ မြင်လိုက်တဲ့ စိန်မင်းကောင်စုတ်က မာမီကို မျက်နှာလုပ်ပြီး သွားပြောတာ နဲ့ ညနေကျ ဒဏ်ရာဒဏ်ချက်တွေ ကိုယ်ပေါ်မှာ အထုပ်အ ထည်နဲ့မို့ မငြင်းသာဘဲ မာမီဆူတာကို ခံလိုက်ရပါတယ်။
အဲဒီအချိန်တုန်းက မာမီဟာ သူများအမေတွေလို မကြင်နာဘူးလို့ ထင်မှတ်ခဲ့မိပေမယ့် အခုပြန်ပြီး အတိတ်ခရီးကိုပြန်လျှောက်ရင်း ကြည့်တဲ့အခါကျမှ ကျွန်မရဲ့ဘ၀ခရီးတစ်လျှောက်မှာ ဖြစ်လာသမျှ ဘယ်သူ့မှအားမကိုးဘဲ ကိုယ့်ကိစ္စ ကိုယ်ရှင်း၊ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အလေ့ရအောင် မာမီက ကွင်းဆင်းပြီး ပြင်ဆင်ပေးလိုက်တာပါလားဆိုတဲ့ ကျေးဇူးတရားကို မြင်မိပါတယ်။
ဘ၀မှာကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက် သေးသေးမွှားမွှားလေးတွေကလည်း ပြန်ပြီးသုံးသပ်ကြည့် မယ်ဆိုရင် ကောင်းတာတွေလည်းရှိ၊ ဆိုးတာတွေလည်းရှိ၊ ဖြတ်သန်းခဲ့ရတဲ့အချိန်ရဲ့ အပိုင်းအစ လေးတွေဟာ ကြည့်တတ်မြင်တတ် မယ်ဆိုရင် သင်ခန်းစာရယူစရာတွေမှ အများကြီးပါပဲနော်။

အဲဒီအပိုင်းအစလေးတွေကို အတွေးဘဏ်တိုက်ထဲမှာ ထည့်သိမ်းထားပြီး နှစ်ပေါင်းကြာလို့ စိတ်အား လူအားတဲ့ တစ်ချိန်ချိန်မှာ တစ်စစီပြန်ဆွဲထုတ်ပြီး ကြည့်ရင် ကိုယ့်ရဲ့ အမှားအယွင်းတွေ အသုံး မကျမှုတွေကို ဆလိုက်မီးနဲ့ထိုးပြလိုက်သလို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ ဒါကလည်း လက်ရှိ ဟိုအချိန်တုန်းက ကိုယ့်မှာ Ego ဆိုတဲ့ အတ္တစိတ် လွန်ကဲနေတာတို့၊ ခံစားချက်တွေ ဖုံးကွယ်နေတာတွေကြောင့် အမှန်ကို အမှန်အတိုင်း မမြင်နိုင်ဖြစ်ရတာ ထင်ပါရဲ့။
ကျွန်မလုပ်ခဲ့ပုံကိုပဲကြည့်ပါဦး၊ ကိုယ့်ကိုချစ်တဲ့ အဒေါ်တစ်ယောက်လုံးကို “ဒေါ်ဒေါ်ထိုက်ရဲ့ အကွက်တွေ ခင်မကြီးကို ကူးမှာစိုးလို့”ဆိုပြီးမစာမနာ ပြောချလိုက်တာ သူတစ်ပါးရဲ့ရင်မှာ ဘယ်လောက်နာကျင် ကြေကွဲ သွားမဲ့ ဒဏ်ရာဖြစ်သွားစေမလဲနော်။

ပြီးတော့ မြေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုတုန်အောင် ချစ်ပြီး မျှော်လင့်ချက်ကြီး တစ်ခွဲသားနဲ့ မြေတောင်မြှောက် ပျိုးထောင်ပေးနေတဲ့ ဘိုးလေးရဲ့ မေတ္တာစေတနာကို နားမလည်ဘဲ ကောင်းစေချင်လို့ဆုံးမတာကို ရန်လုပ်ပြီး ဘိုးလေးကျောင်းက ကျောခိုင်းထွက်လာတာအတွက် ဘိုးလေး ဘယ်လောက် ရှက်ရှာမလဲ။ အသည်းခိုက်ရှာမလဲ။
ဒါတွေကိုပြန်စဉ်းစား လိုက်တဲ့အခါ စကြ၀ဠာထဲမှာ ရှိတဲ့ Black Hole ဆိုတဲ့ တွင်းနက်ကြီးထဲ ပြုတ်ကျသွားသလို ကျွန်မရဲ့ မိုက်မဲမှုအတွက် ခံစားမိတာ အမှန်ပါပဲ။ ဒါကြောင့် သိတတ်တဲ့ အရွယ် ရောက်လို့ ဒီအတွေးတွေ၀င်၊ ကိုယ်ပြုခဲ့တာ ပြန်မြင်တဲ့အချိန်ကစပြီး သူတစ်ပါးထိခိုက်နာကျင်စေမဲ့ စကားကျွန်မ နှုတ်က မထွက်အောင် ဆင်ခြင်တတ် လာပါတယ်။
မေတ္တာ စေတနာနဲ့ ကျေးဇူးတရားကိုလည်း အလေးထားရကောင်းမှန်း သိလာပါတယ်။ သူများတွေကတော့ ဘ၀သင်ခန်းစာကို အလွယ်တကူ ယူတတ်ကြတယ်။ ကျွန်မကတော့ အမှားတွေတစ်ကုဋေ လုပ်ပြီးမှ ခက်ခက်ခဲခဲယူတတ်တဲ့ မိန်းမမိုက်လို့ ဆိုရမှာ ထင်ပါရဲ့။

××××××××××××

အပိုင်း ၈ ဆက်ရန်…

 

#ရွှေဇင်ဦးဘလော့ဂ် မှ

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင်

 

အပိုင်း (၈)

 

လူရယ်လို့ ဖြစ်လာရင် လူတိုင်းမှာ ရည်မှန်းချက်ကိုယ်စီ ရှိကြတာ ဓမ္မတာပါပဲ။ ကျွန်မတို့ သူငယ် ချင်းတွေ အုပ်စုမှာလည်း ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ဆရာ၀န်မကြီး ဖြစ်ချင်သူနဲ့ ကျောင်းဆရာမကြီး လုပ်ချင်သူနဲ့ အမျိုးစုံ ပဲ။ ဆယ်ကျော်သက်အရွယ်တွေ ဆိုတော့လည်း စိတ်ကူးတွေ အမျိုးမျိုးယဉ်ကြတာပေါ့။

“ခင်မကြီး နင်ဆယ်တန်းအောင်ပြီးရင် တက္ကသိုလ် ဆက်တက်ရမှာနော်၊ တက္ကသိုလ်က ဘွဲ့ရပြီးတဲ့ ထိငါ တာ၀န် ယူပေးမှာ။ မပူနဲ့”လို့ အန်တီလေးက ပြောထားတာမို့ တက္ကသိုလ် သွားရမှာတော့ သေချာပါရဲ့။

ကျွန်မက သွေးသံရဲရဲမြင်တာနဲ့ ရင်တုန်နှလုံးခုန် ဖြစ်တတ်တာရော၊ သူတစ်ပါးအသားထဲ ဆေးထိုး အပ်ချွန်ချွန်ကြီး ထိုးသွင်းလောက်အောင် သတ္တိကလည်း မရှိတာနဲ့ ဆရာ၀န်လုပ်ဖို့ ဘယ်တုန်းကမှစိတ်ကူး မထည့်ခဲ့ ပါဘူး။ ဆရာမကြီး လုပ်မလားဆို ပိုပြီး ဝေးပါသေးရဲ့။

 

သူများ နားလည်အောင် ရှင်းပြဖို့ ကျွန်မမှာ ပါရမီ မပါပါဘူး။ ရှင်းနေတဲ့ကိစ္စမှာ ကိုယ်ပြောပြရင် ပိုပြီး တောင် ရှုပ်သွားတတ်သေးတယ်။ ရုံးစာရေးတို့၊ ရုံး၀န်ထောက်တို့မျိုး ကျတော့လည်း စားပွဲ ကုလား ထိုင်နဲ့ တစ်နေကုန်လုံး ကုန်းပြီး လုပ်ရမှာက ပျင်းစရာကြီး။

“Agnes နင် တက္ကသိုလ်သွားရင် ဘာဘွဲ့ယူမှာလဲ”လို့ သူငယ်ချင်းတွေ သူတစ်ပြန် ကိုယ်တစ်ပြန် စပ်စုကြ ရင်း မေးတော့ “မသိဘူးဟ”လို့ ကျွန်မက ပြန်ဖြေပါတယ်။

“အဲတော့ ကြီးရင် နင်က ဘာလုပ်မှာလဲ”

“ငါ လုပ်ချင်တာက ဓာတ်ပုံရိုက်ချင်တာရယ်၊ စာအုပ်ဖတ်တာရယ်ဆိုတော့ အန်တီလေးတို့ကို ပြောပြီး စာအုပ်ဆိုင် ထောင်ခိုင်းမယ်။ အဲတော့ ငါတစ်နေ့လုံး စာအုပ်တွေ ထိုင်ဖတ်လို့ရတာပေါ့”

စာအုပ်ဆိုင် ထွက်ဖို့များတော့ တက္ကသိုလ်က ဘွဲ့မလိုပါဘူးဟာ

သူငယ်ချင်းတွေက ကျွန်မရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကြီးကို ကြားရတော့ စိတ်ပျက်လက်ပျက်နဲ့ မှတ်ချက်ချကြ ပါတယ်။

 

ဘ၀ခရီး ဆိုတာကလည်း မြေပုံချပြီး ဘာပြီးရင် ဘာလုပ်မယ်လို့ ဘယ်လိုပဲ ခရီးစဉ်ဆွဲထားထား သူဖြစ်ချင် တာတွေ ဖြစ်လာတဲ့အခါမျိုးကျတော့ လမ်းချိုးလမ်းကွေ့ထဲ ရောက်၊ ၀င်္ကပါလို ထွက်ပေါက် ရှာလို့မတွေ့၊ ပတ်ချာတွေ လည်ပြီး မျက်စိသူငယ် ဖြစ်ရတဲ့အခါမျိုးလည်း ကြုံရတတ် တာပါပဲနော်။

အေးချမ်း သာယာပြီး တည်ငြိမ်တဲ့ ကျွန်မဘဝလေးကို လှုပ်ခါတဲ့ တစ်နေ့ မထင်မှတ်ဘဲ ရောက်လာ ပါတယ်။

၁၉၄၁ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့၊ နေ့လယ် မုန့်စားဆင်းချိန်မို့ ကျွန်မနဲ့ Kathleen ရယ်၊ Lucy ရယ် သုံးယောက် သား အတူထိုင်ပြီး မုန့်စားနေတုန်း…

“Agnes နင့်မာမီ နင့်ကို လိုက်ရှာနေတယ်”လို့ သူငယ်ချင်းတစ်ယောက်အော်ပြောသံ ကြားလို့ထ သွားကြည့်တော့ မာမီ ရယ် မျက်စိမျက်နှာပျက်လို့ ကျွန်မကို တွေ့တော့မျက်ရည်အဝိုင်းသားနဲ့… သမီးအခု လိုက်ခဲ့၊ ဘွားမေ ဆုံးတော့မယ်တဲ့။

 

တစ်လမ်းလုံး ရှိုက်ကြီးတငင် ငိုပြီး ကျွန်မလိုက်သွားတာပေါ့။ အိမ်ရောက်တော့ တောင်တွင်းကြီးက အန်တီလေးတို့လည်း ရောက်နေကြပြီ။ အန်ကယ်ကျော်တို့၊ အန်ကယ်အေးတို့၊ ဦးလေးသိမ်းတို့ အမျိုးတွေအားလုံးလည်း ရှိနေကြ ပါတယ်။

ဘွားမေက ခုတင်ပေါ်မှာ သက်သောင့်သက်သာ မှိန်းရက် အိပ်နေသလိုပါပဲ။ ကြည့်တော့လည်း အကောင်းသားကြီးလိုမို့ ကျွန်မ မယုံနိုင်ဖြစ်ရပါတယ်။ ဘယ်လိုဖြစ်တာလဲ မေးကြည့်တော့ နေမ ကောင်းဖြစ်ခါစက အစားမှားပြီး ရင်ကျပ်တာဆိုပြီး ပေါ့ပေါ့နေလိုက်တာတဲ့။ ရင်ကျပ်ရုံမကဘဲ အဖျား ပါ၀င်လာလို့ ဆရာ၀န်ပင့်ပြတော့မှ ဘွားမေဖြစ်နေတာက နမိုးနီးယားအဆုတ်အအေးမိတာတဲ့။ ရောဂါက လွန်နေပြီမို့ နာရီပိုင်းပဲ ခံတော့မှာလို့ အန်တီလေးကကျွန်မကို ရှင်းပြပါတယ်။

ကျွန်မတို့အားလုံးလည်း ဘွားမေရဲ့ ခုတင်နားက မခွာကြဘူးပေါ့။ ညကျတော့ မျက်စောင်းထိုးအိမ် မှာနေတဲ့ ကုလား ဆရာ၀န်ကြီးပါ လာစောင့်ပေးပြီး လိုအပ်တာတွေ လုပ်ပေးပါတယ်။ မနက်လေးနာရီလောက်ကျတော့ ဘွားမေက ကြည်ကြည်လင်လင်နဲ့ နိုးလာပြီး သူ့ကိုအင်္ကျီလုံချည် အသစ်လဲ ပေးပါတဲ့။ ဆံပင်ကိုပါ ဖြီးခိုင်း လိုက်သေးတယ်။

 

မဟာမြတ်မုနိဘုရားကြီးကို အခု အရုဏ်သွားကပ်မလို့တဲ့

ဘွားလေး နဲ့ မာမီက ဝိုင်းကူပြီး အင်္ကျီလုံချည်အသစ်လဲပေး၊ ဆံပင်လည်း ဖြီးပြီးသူထုံးနေကျထိပ်မှာ ဆံထုံးပုံ့ပုံ့လေးလည်း ထုံးပေးပြီးရော ခေါင်းအုံးပေါ် ပြန်ချလို့ ဘာမှမကြာလိုက်ဘူး။ ဇီဝိန်ချုပ် သွားပါတော့ တယ်။

ကျန်းကျန်း မာမာ ရှိရာကနေ လေးငါးရက်အတွင်း ဖြစ်သွားတာမို့ ကြားရသူတွေက မယုံနိုင်ကြဘူး။ မိသားစု အားလုံး အတွက်လည်း တောင်ကြီးပြိုခြင်းလို့ ပြောရမှာပါ။ အားလုံးကိုဘွားမေက ဦးစီးဦး ဆောင်ပြုလာတာ မိသားစုတွင် မကဘူး။ ဆွေမျိုးတွေပေါ်မှာထိ ဘွားမေရဲ့ မေတ္တာစေတနာက ဖြန့်ကြက်ထားတာမို့ ဘွားမေ မရှိတော့တာ နေရောင် လရောင်ကွယ်သွားသလိုပါပဲ။

အားလုံးရဲ့ အရေးအခင်းမှန်သမျှ ဘွားမေ ပါခဲ့ရတာချည်းပါပဲ။ မိသားစုချင်း အဆင်မပြေကြရင် နှစ်ဖက်စလုံးကို ခေါ်ဆုံးမ၊ ချော့တန်တာ ချော့၊ ဆူတန်တာဆူပြီး သင့်မြတ်အောင် လုပ်ပေးရင်လည်း ဘွားမေပဲ။ သာရေး နာရေး မပြည့်စုံဘူး ဆိုရင်လည်း ဘွားမေက သူ့ရှိတာ ထုတ်ပေးတတ် သေးတာ။

 

လူငယ်တွေ ပြောမရ ဆိုမရ ဆုံးမမရရင် ဘွားမေဆီ လွှတ်လိုက်ကြရော။ ဘွားမေက ပုံတိုပတ်စနဲ့ ရယ်ရယ်မောမော ပြောပြီး နား၀င်အောင် ပြောတာ။ သူတို့မိဘတွေလို ဆူတာကြိမ်းတာ မဟုတ်တော့ ဘွားမေ ပြောရင်ရတယ်ပေါ့။

ကျွန်မတို့ အမျိုးတွေကလည်း များမှများ။ မန္တလေးမှာတင် မကဘူး။ တောင်တွင်းကြီးမှာရော၊ ပျဉ်းမနားမှာရော၊ ဟင်္သာတမှာရော စုံနေတာပဲ။ ရပ်နီးဆွေမျိုးတင်မဟုတ်ဘူး။ ရပ်ဝေးဆွေမျိုးတွေ အထိ ဘွားမေရဲ့ လက်တံက ရှည်လျား တာပါ။

ဆွေမျိုးထဲက မင်္ဂလာဆောင်ရင်လည်း လက်ဖွဲ့ဆို ထိုက်ထိုက်တန်တန်မှ။ သူများကို ပေးရင် အကောင်းဆုံးမှ ဆိုတဲ့ စကားက ပါသေးတာ။ ကလေးမျက်နှာမြင်တယ် ကြားပြီဆိုရင် မာမီကို ကလေးအင်္ကျီတွေ၊ အနှီးတွေ တစ်ပုံတစ်ပင် ချုပ်ခိုင်းပြီး ပါဆယ်ပို့ပေးတဲ့အထိ စိတ်ရှည်လက်ရှည် လုပ်သေးတာနော်။ သာရေးတင် မဟုတ်ဘူး။ နာရေး ကျရင် ဘယ်လောက်ဝေးဝေး ကိုယ်တိုင်ရောက် အောင်သွားတာမျိုးပါ။

 

ဘွားမေရဲ့ အသုဘနေ့မှာ ကျွန်မအတွက် နောက်ထပ်ပြဿနာတစ်ခု ထပ်ကြုံရခြင်းက “အကု သိုလ်ဆိုတာ တစ်ဦးတည်း မလာဘူး။ အဖော်အပေါင်းတွေကို လက်တို့ပြီး တစ်စုတစ်ဝေး ခေါ်လာတတ်တယ်”ဆိုတဲ့ စကား အတိုင်းပေါ့။

ကျောင်းကနေ မုန့်စားရင်း ထလိုက်လာတာမို့ ကျွန်မမှာ အ၀တ်ပိုက ပါလာတာမှ မဟုတ်တာ။ အဲတော့ အသုဘနေ့ မှာ ၀တ်စရာမရှိတာနဲ့ အန်တီလေးရဲ့ အင်္ကျီလုံချည် ငှားပြီး၀တ်ရပါတယ်။ ကျွန်မက ကိုယ်လုံး ထွားထွား၊ အန်တီလေးက ကိုယ်လုံးသွယ်သွယ် ဆိုတော့ သူ့အင်္ကျီတွေက ၀တ်လိုက်တော့ ကျပ်ထုပ်နေ တာပေါ့။

“နင် ကလည်း ၀တ်ထားလိုက်တာ ဦးဟိန်စွန်းရဲ့ ကာတွန်းကျနေတာပဲ။ ရင်ကြီးကဖောင်းနေလိုက် တာလွန်တယ်” တဲ့။

ကျွန်မ ရင်ကို ကြည့်ပြီး အန်တီလေးက ဆူပါတယ်။ သူ့အင်္ကျီတွေက ကျပ်ထုပ်နေတော့ ကျွန်မ ရင်ဖောင်းနေ တာက ပိုပြီး သိသိသာသာကြီး ဖြစ်နေတာကိုး။

“တမင် ဖောင်းထားတာမှ မဟုတ်တာ၊ လှေကားက ဘုလုံးနဲ့ တိုက်မိပြီးကတည်းက အဲလိုဖြစ်နေ တာ”လို့ ကျွန်မက ရှင်းပြတော့…….

“ပြစမ်း”တဲ့။

 

ကျွန်မလည်း ဘော်လီချွတ်ပြီး ဖွင့်ပြလိုက်တာပေါ့။

“အင်း….ဟုတ်သား၊ နင့်ရင်သားက တင်းပြီးမာနေတာ တစ်ခုခုဖြစ်ပြီ ထင်တယ်၊ နင့်မာမီ မသိဘူး လား”တဲ့။

မာမီ က ဘယ်သိပါ့မလဲ။ ကျွန်မတို့က ကျောင်းက ယူနီဖောင်း ၀တ်ရတော့ ဘလောက်စ်က အထူ စားလေ။ အပေါ်က Tunic တစ်ထပ် ၀တ်ထားရသေးတာမို့ လုံခြုံနေတာ မဟုတ်လား။ အခုမှ ပဒုမ္မာအင်္ကျီပါးနဲ့ဆိုတော့ အထင်းသား မြင်နေရတာကိုး။

လှေကားက ဘုတုံးနဲ့ ဘယ်တုန်းက တိုက်မိထားတာလဲနဲ့ အန်တီလေးက စစ်ဆေးပါတယ်။ တိုက်မိ ထားတာက လေး ငါးလတောင်မကတော့ဘူး ထင်ပါရဲ့။ ကျောင်းအိပ်ဆောင်ကနေ အောက်ကိုဆင်းတာ သူများတကာလို လှေကားက ရိုးရိုးမဆင်းဘဲ လက်တန်းပေါ် ကားရားခွပြီး လျှောချလိုက်တာ အရှိန်နဲ့ အောက်တိုင်ထိပ်မှာ ရှိတဲ့ ဘုလုံးနဲ့သွားပြီး ဆောင့်မိတော့တာပေါ့။

ဒါကြေင့် ဒဏ်ဖြစ်သွားတယ်လို့ ကျွန်မဘာသာ ထင်ထားမိတော့ ကိုယ့်ဟာကိုယ် ကမြင်းကြောထ ထားတဲ့ ကိစ္စမို့ ဘယ်သူ့မှလည်းပြောမပြမိပါဘူး။ အန်တီလေးကသာ စိတ်တွေပူပြနေတာ။ ကျွန်မက ခပ်အေးအေးပဲ။

 

“နင် အင်္ကျီပြန်မ၀တ်နဲ့ဦး၊ ငါမမကို သွားခေါ်ပြီး ပြဦးမယ်”တဲ့။

မာမီ ရောက်လာတော့ မာမီက သေသေချာချာ စမ်းကြည့်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်ကလည်း မတူဘူး။ ညာဘက်မှာ တင်းမာနေတဲ့ ဧရာမ အကျိတ်ကြီးက ဖြစ်နေတာလေ။

“မနက်ဖြန် ဆေးရုံ သွားပြမယ်”လို့ပြောပြီး မာမီလည်း မျက်နှာတွေပျက်လို့။

အိမ်မှာ ဘွားမေ ရက်လည်တဲ့အထိ မနေရဘူး။ နောက်တစ်နေ့ မာမီက ကျွန်မကို မန္တလေးဆေးရုံ ကြီးခေါ် သွားပြီး ဆရာ၀န်ကြီးနဲ့ ပြပါတယ်။ ဆရာ၀န်ကြီးက ကျွန်မကို ဆေးရုံတစ်ခါတည်း တင်ခဲ့ရမယ်လို့ စစ်ဆေးကြည့်ပြီးတာနဲ့ ပြောတော့တာပဲ။

 

စာမေးပွဲကလည်း နောက်နှစ်လနေရင် ဖြေရတော့မှာလေ။ ကျောင်းသူကျောင်းသားတွေအဖို့ အစိုးရစစ် ဆယ်တန်း စာမေးပွဲ ဆိုတာ သေရေးရှင်ရေးကိစ္စမဟုတ်လားနော်။ ဒါနဲ့ ကျွန်မက အခုတော့ ဆေးရုံမတက်ပါရစေနဲ့။ စာမေးပွဲအတွက်အတန်းပျက်မခံနိုင်လို့ပါ။ စာမေးပွဲဖြေပြီးတော့ ကျွန်မ ဆေးရုံ လာတက်ပါမယ်လို့ စျေးဆစ်ရတာပေါ့။

ဒီတော့ ဆရာ၀န်ကြီးက ကျွန်မရဲ့ ပခုံးကို ဖက်ပြီး “လာ၊ ဆရာနဲ့လိုက်ခဲ့၊ မင်းကိုလူနာတစ်ယောက်ပြမယ်”တဲ့။

တစ်ဖက်ခန်းမှာရှိတဲ့ ရွှေဘိုက လာပြီးဆေးရုံတက်နေတဲ့ အဒေါ်ကြီးတစ်ယောက်ရဲ့ ခုတင်ခေါ်သွားပြီး အဲဒီအဒေါ်ကြီး ဆေးရုံ၀တ်ရုံကိုလှပ်၊ ပတ်တီးစကို ခွာပြလိုက်ပါတယ်။

“ဘုရား၊ ဘုရား အဲဒီအဒေါ်ကြီးမှာ ရင်သားတစ်ဖက်လုံး လှီးဖြတ်ထားလို့ ဘာမှမရှိတော့ဘူး။ အနာက မကျက် တကျက်မို့ အသားတွေက နီရဲရှုံ့တွပြီး ပုံပျက်ပန်းပျက်။”

ကျွန်မ ထိတ်လန့်သွားလိုက်တာ ရင်တွေကိုတုန်လို့။ တစ်ခါမှ အဲလို အနိဋ္ဌာရုံမျိုးကိုလည်း မမြင်ဖူးတော့ ကြောက်လိုက်တာ။ အထူးသဖြင့် ကိုယ်က အပျိုအရွယ်ရောက်ခါစ လှချင်ပချင်တဲ့ အရွယ်မှာ ဒီလိုမျိုးဖြစ်ရမယ် ဆိုရင်…ကျွန်မအတွေးကိုတောင် အဆုံးသတ်အောင်မတွေးရဲပါဘူး။

 

ဆရာ၀န်ကြီး က… “တွေ့တယ် မဟုတ်လား။ အဲဒါမင်း ပေါ့ပေါ့ထားလို့ မရဘူးဆိုတာ သိရအောင်ပြတာ။ မင်းကို ဒီလိုဖြတ်ထုတ် ပစ်ရမှာလို့ မဆိုဘူးနော်။ အချိန်ဆွဲထားလို့ မဖြစ်ဘူး။ မင်းဒီနေ့ ဆေးရုံတက်မှကို ဖြစ်မယ်။ ဆရာတို့ စစ်ဆေးစရာတွေ လုပ်ရမယ်။ ခွဲစိတ်ထုတ်ရမယ်၊ မင်းစာမေးပွဲထက် ကျန်းမာရေးက ပိုအရေးကြီးတယ်ဆိုတာ နားလည်စေချင်လို့ ပြောတာ”

ဆရာ၀န်ကြီးက ရှည်ရှည်ဝေးဝေးတွေ ရှင်းပြပြီး လက်တွေ့လည်းပြထားပြီဆိုတော့ မငြင်းသာတော့ ဘူးပေါ့။ ကျွန်မဆေးရုံ တက်ဖို့ ခေါင်းညိတ်လိုက်ရပါတယ်။ မာမီကလည်း ကျွန်မကို အားမငယ် အောင်ချော့ပြီး အားပေး တာပေါ့။ စာမေးပွဲကို ခေါင်းထဲမထည့်နဲ့။ ကျကျရှုံးရှုံး အရေးမကြီးဘူး။ ခွဲစရာရှိတာပဲ ခွဲဖို့ ပြောပါတယ်။

ကျွန်မ ခုတင်တွေ ဘာတွေရပြီး ဆေးရုံ၀တ်စုံလဲပြီးတာနဲ့ မာမီက ညနေမှပြန်လာမယ်။ ခု စီစဉ်စရာတွေပြန် စီစဉ်ဦးမယ်ဆိုပြီး ပြန်သွားပါတယ်။ မာမီလည်း ပြန်သွားရော ကျွန်မအားတင်းထားခဲ့တာတွေ ဘယ်ရောက် သွားမှန်း မသိဘူး။ ရှိုက်ကြီးတငင် ငိုလိုက်မိပါတော့တယ်။

 

ကျွန်မရဲ့ ရင်သားကို ဟိုအဒေါ်ကြီးလို ဖြတ်ပစ်ရတော့မှာလားဆိုတာလည်း တွေး၊ စာမေးပွဲ ဖြေဖို့ အတွက် ဒါလောက်ပြင်ဆင်ကြိုးစားထားပြီးမှ ကျောင်းတွေပျက်၊ စာကျက်တွေပျက်တာနဲ့ ရှုံးတော့ မှာလား ဆိုတာ အတွက်လည်း ရင်လေး၊ ဘွားမေ ရုတ်တရက်ကြီးကိုယ့်ဘ၀ထဲက ထွက်သွားတာ အတွက်လည်း ၀မ်းနည်းအားငယ်၊ ရင်ထဲမှာ ခံစားချက်တွေ စုံနေတာပါပဲ။

အဲဒီအချိန်မှာ ဒုတိယကမ္ဘာစစ်ကြီးကလည်း စနေပြီလေ။ စစ်ကြေညာတာနဲ့ တစ်ပြိုင်နက်လည်း ပါးလ်ဟာဘာဆိပ်ကမ်းက အမေရိကန်ခံတပ်ကြီးကိုတောင် ဂျပန်က ဗုံးတွေကြဲပြီးနေပြီ။ စစ်ရိပ်စစ် ငွေ့တွေ မြန်မာပြည်မှာလည်း တွေ့နေရပါပြီ။ အစိုးရက နေ၀င်မီးငြိမ်းတို့၊ ဗုံးလာကြဲရင် ဘယ်လို ပုန်းရ မယ်၊ ကာကွယ်ရမယ် ဆိုတာတွေလည်း ရပ်ကွက်တိုင်းမှာ စေတနာ့၀န်ထမ်းအုပ်စုတွေဖွဲ့ပြီး သင်တန်းတွေ ပေးနေ ပါပြီ။

 

စစ်ကို ကိုယ်တွေ့ မကြုံသေးဖူးတော့ ကြောက်စရာအဖြစ် တစ်ခုလို့ မမြင်တတ်သေးတာမို့ ကျွန်မ ရဲ့အတွေးထဲမှာ အရေးကြီးခွင်ကျယ်လုပ်ပြီး စစ်ဆိုတာကို ထည့်မစဉ်းစားမိပါဘူး။ ခွဲစိတ်ရမယ်ဆိုရင်လည်း ခွဲစိတ်၊ နေကောင်းလို့ ဆေးရုံက ဆင်းရင်ကျောင်းကို ပြန်သွား၊ နောက်ကျတဲ့ စာတွေ ပြန်ကူးပြီးကျက်၊ စာမေးပွဲဖြေ၊ ဒါပဲ အာရုံထဲမှာ ရှိပါတယ်။

ကျွန်မရဲ့ ရင်သားကို ဓာတ်မှန်ရိုက်ကြည့်ပြီး ခွဲစိတ်ဖို့ အစီအစဉ်တွေ လုပ်ပါတော့တယ်။ ကျွန်မရဲ့ အခန်းမှာ တာ၀န်ကျတဲ့ ထဘီပြာဆရာမလေး “မမအေးကြည်”ကလည်း သဘောကောင်းမှကောင်း၊ ကျွန်မကို အထူး ဂရုစိုက်ပါတယ်။ “မမရိုစီ”ဆိုတာက ထဘီနီဆရာမလေး။ ကျွန်မကို ချာတိတ်ဆိုပြီး ဆရာမလေးတွေရော၊ စစ္စတာနဲ့ တာ၀န်ကျဆရာ၀န်တွေကပါ ချစ်ကြ၊ ဂရုစိုက်ကြလို့ ဆေးရုံမှာ ပျော်သလိုတောင် ရှိလာပါသေးတယ်။

 

မာမီ့ခမျာတော့ အသုဘအိမ်နဲ့ ဆေးရုံကိုတစ်နေ့နှစ်ခေါက် ကူးနေရရှာတာပေါ့။ အရေးထဲမှာ ဘိုးလေး ကလည်း ချောင်းတွေ တအား ဆိုးရာက နေမကောင်းလို့တဲ့။ ဆရာ၀န်နဲ့ ကုနေရလို့ ဘိုးလေးက နေ့တိုင်း လာမကြည့်နိုင် ဘူး။ အန်တီလေးက အိမ်မှာလုပ်စရာတွေ ဒိုင်ခံလုပ်နေရလို့ တစ်ခါတစ်ခါ မှ ဆေးရုံကို လာပါတယ်။

ခွဲစိတ်ခန်း၀င်ရမဲ့ မနက်က ကျွန်မအစောကြီး နိုးနေပြီး တစ်ခါမှ မကြုံဖူးတာမို့ စိတ်က နည်းနည်း တော့ကြောက် တာပေါ့။ ဆရာမ ဆေးတစ်ချောင်းလာထိုးသွားပြီး မှေးခနဲရှိတော့ ကျွန်မအိပ်မက်ထဲမှာ ဘွားမေက ခုတင်ဘေး လာရပ်ပြီး ခါတိုင်းလို နဖူးလေးကိုင်လို့ “ငါ့မြေ မကြောက်နဲ့၊ ဘွားမေ အနားမှာ ရှိတယ်၊ စောင့်နေမယ်” တဲ့။

အိပ်မက်ကလည်း ဒါပဲ။ တိုတိုလေးရယ်။ နိုးလာတော့ တကယ်ပဲ ဘွားမေအနားမှာ ရှိသလို စိတ်ထဲ မှာအားတွေကို ရှိလို့။ မာမီရောက်လာတော့တောင် ကျွန်မက ပြုံးပြုံးရယ်ရယ်နဲ့ ဘွားမေ လာစောင့် မှာလို့ အိပ်မက်ထဲမှာ ပြောသွားတယ်ဆိုပြီး ပြောပြရသေးတယ်။

 

ခွဲစိတ်တာ အောင်အောင်မြင်မြင်ပါပဲ။ ကျွန်မရဲ့ ရင်သားထဲမှာ ဖြစ်တည်နေတဲ့ Tumour အကျိတ်က Adeno Fibroprosis ခေါ်တဲ့ အမျိုးအစားမို့ ကင်ဆာရောဂါမဖြစ်နိုင်တာမို့ တော်ပါ သေးရဲ့ပေါ့။ ဆယ်ရက်လောက် နေတော့ ဆေးရုံက ဆင်းရပါတယ်။ ကျောင်းကိုတန်းပြန်သွားပြီး စာတွေက သူငယ်ချင်းတွေက ကူထားပေးကြလို့ ကျွန်မပြန်မကူးရတာနဲ့ အဆင်ပြေသွားတာပေါ့။ စာပဲဖိကျက်ရင်းနဲ့ စာမေးပွဲဖြေချိန်ကို ရောက်လာပါရော။

 

အဲဒီနေ့က ဖေဖော်ဝါရီလ ၁၄ရက်လား၊ ၂၄ရက်လား။ ကျွန်မ ရက်တော့ ကောင်းကောင်းမမှတ်မိ ပါဘူး။ ကျွန်မတို့ ရာဇ၀င်ဖြေနေတဲ့အချိန်မှာ တဝေါဝေါနဲ့ လေယာဉ်ပျံတွေ ကြားရပါရော။ လေယာဉ်ပျံတွေ လာရင် ထွက်မကြည့်ရဘူး။ လုံခြုံရာ နေရာရှာပြီး မှောက်နေရပါမယ်လို့ သင်တန်းတွေပေးထားပါလျက်နဲ့ တကယ်လာတော့ ဘယ်သူမှ မှောက်ရကောင်းမှန်းလည်းမသိပါဘူး။ အပြင်ကို ထွက်ပြေးကြပြီး မိုးပေါ်မှာ ပျံနေတဲ့ လေယာဉ်တွေကို လက်ညိုးထိုးပြီး ဘယ်နှစင်းရှိလဲ ဆိုတာတောင် ရေတွက်ပြီး ငြင်းခုံနေလိုက်ကြသေးတယ်။ တဝေါဝေါမြည်ပြီး ဝုန်းဒိုင်းနဲ့ ပေါက်ကွဲ သံတွေကြားတော့မှ ကြောက်ရကောင်းမှန်းသိပြီး စာသင်ခန်း ထဲပြန်ပြေး၀င်လာကြတာ စာမေးပွဲ စောင့်တဲ့ (တီချာမေ)ကကိုယ်၀န်နေ့စေ့လစေ့ ကြီးနဲ့ စားပွဲခုံအောက် မှာ မမှောက်နိုင်တော့ ငုတ်တုတ်ကလေးထိုင်လိုက်။

ကျွန်မတို့က တီချာမေ ဖြစ်ပျက်နေပုံကို ကြည့်ပြီးတောင် ရယ်လိုက်ကြသေးတယ်။ အဲဒီနေ့က စပြီး ကျောင်း ပိတ်တယ်။ အကန့်အသတ်မရှိဆိုတာ မာသာကြီးက Assembly Hall မှာ အားလုံးကို ပြော လိုက်တော့ ကျွန်မတို့မှာ ပျော်လိုက်ကြတာ။ ကောင်းတယ်၊ စာမေးပွဲလည်း မဖြေရတော့ဘူးပေါ့။

 

ဒါပေမယ့် မာသာကြီးက ထပ်ဆင့်ပြီး မှာပါတယ်။ စစ်ဖြစ်တယ်ဆိုတာ ပြောလို့မရဘူးပေါ့။ ခဏနဲ့ လည်းပြီးရင် ပြီးသွားမယ်။ ကြာရင်လည်း ကြာမယ်။ ကျောင်းစာကို ပစ်မထားကြနဲ့။ စစ်ပြီးတာ နဲ့ ကျောင်းပြန်ဖွင့်မှာ၊ စာမေးပွဲဖြေရမှာ၊ ကျောင်းပိတ်ပေမဲ့ စာနဲ့ဝေးမသွားစေနဲ့ တဲ့။ ဒီတော့ စာမေးပွဲ ဖြေရဦးမှာက ရှိနေသေးတော့ ကျွန်မတို့မှာ ဘ၀င်လည်းလုံး၀ကျမသွားနိုင်။ မအီမလည်ကြီးပါပဲ။

ဒီလိုနဲ့ ကျွန်မလည်း အိမ်ပြန်ရောက်လာပါရော။ ဘွားမေ ဆုံးသွားတာကို ကျောင်းမှာတုန်းကတော့ စာကျက်ဖို့ကလည်းရှိ၊ သူငယ်ချင်းတွေကလည်း တရုန်းရုန်းနဲ့ဆိုတော့ မေ့မေ့ပျေက်ပျောက် ရှိနေ ရာက ချက်ချင်းလို အိမ်ပြန်ရောက်လာတော့ လက်ရာ ခြေရာဟောင်းလေးတွေ ပြန်မြင်ပြီး အဲဒီတော့ မှပိုတမ်းတ ပိုပြီး လွမ်းပါလေရော။

 

×××××××××××××××

 

အပိုင်း ၉ ဆက်ရန်…

 

‌ေရွှစင်ဦးဘလော့ဂ် မှ

 

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…

ခိုင်နီလာမောင် မှ

 

အပိုင်း (၉)

 

အိမ်မှာလည်း ဘယ်သူမှ မရှိတော့ဘူး။ ဧရာမ နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးမှာ ကျွန်မနဲ့ မာမီနှစ် ယောက်ပဲ ကျန်ပါတော့တယ်။ ဦးသူရကြီးကလည်း ပျင်းလို့ဆိုပြီး တစ်နေ့လုံး ဘွားလေးအိမ်မှာ သွားနေတာ။ ညပြန်အိပ်ရုံလေးပဲ အိပ်တော့တယ်။ ဘိုးလေးကလည်း မကျန်းမာလို့ ဆေးနဲ့ ဆရာ၀န်နဲ့ ပြတ်ရတယ် မရှိဘူး။ ခြံထဲမှာ နှစ်အိမ်လုံး ခြောက်သွေ့တိတ်ဆိတ်လို့။

ဟိုတုန်းကတော့ ဆွေတွေမျိုးတွေ ၀င်ကြထွက်ကြ၊ ထမင်းစားချိန်ဆိုရင်လည်း ၀င်စားသွားကြနဲ့ တရုန်းရုန်း တပျော်တပါး နေလာတဲ့ အိမ်ကြီးမှာ ခုဆို ဘယ်သူမှလည်း မလာကြ။ အိမ်သားတွေလည်းလူစုံမရှိတော့ဘဲ တိတ်ဆိတ် သွားလိုက်တာ။ “ပြောင်းလဲပြီ ဆိုတော့လည်း မယုံနိုင်စရာ ပြောင်းလဲခြင်းပါလား”လို့ ကျွန်မ မတွေးစဖူး ကြီးကြီးကျယ်ကျယ် တွေးကြည့်လိုက်မိတဲ့အထိပါပဲ။

အဲဒီနေ့က ပထမဆုံး မန္တလေးကို ဂျပန်ရန်သူလေယာဉ်တွေက စပြီး ချလိုက်တဲ့ဗုံးဟာ နန်းတွင်းမှာ ရှိတဲ့ အင်္ဂလိပ်စစ်တပ်ကို ဦးတည်ချလိုက်တယ်ဆိုတာ နောက်မှသိကြရပါတယ်။ ဗုံးကျပြီ ဆိုက တည်းက မြို့ ကလည်း လန့်သွားပြီလေ။ အရောင်းအ၀ယ်တွေလည်းပိတ်၊ ကျောင်းတွေလည်းပိတ်၊ အစိုးရရုံးတွေလောက်ပဲ ရှိပါတော့ တယ်။

 

မာမီရဲ့ အလုပ်ကလည်း ဘွားမေဆုံးပြီးကတည်းက ကျွန်မအတွက် ဗျာများရတာရော၊ စစ်ရိပ်စစ်ငွေ့ကြောင့် လူတွေမှာ ၀တ်စရာကိစ္စကို အရေးမထားနိုင်ဘဲ စားစရာ လုံလောက်အောင် စုဆောင်းဖို့နဲ့ ဘေးကင်းရာ ပြေးကြဖို့ပဲ အာရုံထား လှုပ်ရှားနေရတဲ့ အချိန်ဆိုတော့ အလုပ်ရုံပိတ်ထားလိုက်ရတဲ့အထိ အခြေအနေဖြစ်သွားပါတယ်။

အလုပ်ရပ်လိုက်ရပြီဆိုကတည်းက မာမီမှာ ၀င်ငွေမရှိတော့ပါဘူး။ ကျွန်မတို့အခြေအနေက အပြင်ကကြည့်တဲ့ သူတွေ အမြင်နဲ့ဆိုရင်တော့ ဟုတ်လှချည်ရဲ့လို့ ထင်ချင်စရာပါပဲ။ လူတွေက ထင်လည်း ထင်ကြပါတယ်။ နေတာက အိမ်ကောင်းကောင်း၊ ခြံ၀င်းကျယ်ကျယ်နဲ့ ဒယ့်ဒီလက်ထက်ကတည်းက ရှိခဲ့တဲ့ အိမ်ထောင် ပရိဘောဂတွေကလည်း ဖိတ်ဖိတ်လက် အပျံစားလေ။ ၀တ်စားပြန်တော့ မာမီက ချုပ်တတ် လုပ်တတ် ရှိတာမို့ အစဖိုးပဲ ကုန်တာ။ သက်သက်သာသာနဲ့ လူတောထဲမှာ ရှိုးအပြည့် ၀တ်နိုင်တယ် မဟုတ်လား။

 

စားတာလောက်ပဲ ကုန်ရတယ်။ ဒါလည်း ဘွားမေက တိုင်းတိုင်းထွာထွာ သုံးတတ်တာမို့ ပြဿနာမရှိခဲ့ပါဘူး။ ဘယ်လောက်ငွေ ကျပ်ကျပ် ရွှေငွေလက်၀တ်လက်စားတွေ ထုခွဲဖို့ ဘွားမေက ဘယ်တော့မှ အားမပေးဘူး။ ဒါတွေက မတ်တတ်စာ မဟုတ်ဘူး။ တုံးလုံးစာအတွက် ထားရတာတဲ့။ ရှေး ခေတ်က ဘဏ်တွေ ဘာတွေအပ်ပြီး သိမ်းတယ်ဆိုတာလည်း ထုံးစံမှမရှိတာ။ အိမ်တိုင်းမှာ မီးခံ သေတ္တာရှိကြတယ်။ အဲဒီထဲ စိန်ရွှေရတနာနဲ့ ငွေထည့်သိမ်းကြတာပဲ။

ကျွန်မ ငယ်ငယ်က ဘွားမေ မင်္ဂလာဆောင်ဧည့်ခံပွဲ သွားပြီး ပြန်လာတော့ ၀တ်ခဲ့တဲ့လုံချည် လေသွေ့အောင် အိပ်ရာပေါ် မှာ လွှားထားခဲ့တယ်တဲ့။ မီးခံသေတ္တာသော့ကိုလည်း တွယ်ချိတ်နဲ့ အဲဒီ လုံချည်ရဲ့ အထက်ဆင်မှာ တွယ် ထားတာ မေ့ပြီး မဖြုတ်ခဲ့ မိဘူးပေါ့။ ရမည်းသင်းက လာပြီး အိမ်မှာ တည်းတဲ့ဘွားလေးရဲ့ မိတ်ဆွေ အမျိုးသမီးက အဲဒီသော့နဲ့ မီးခံသေတ္တာကိုဖွင့်ပြီး စိန်ရွှေတွေ ခိုးသွားပါလေရော။

ကျွန်မရဲ့ ရွှေလက်ကောက် ကွင်းစွပ်ကလေးတွေတောင် ပါသွားတယ်လို့ ပြောပါတယ်။

 

ရဲတိုင်ပြီး အမှုတွေ ဘာတွေဖွင့်၊ တရားဆိုင်နဲ့ ပြန်တော့ ရပါရဲ့၊ တစ်၀က်လောက်ပဲ ဆိုတော့ ဘွားမေတို့၊ မာမီတို့ စုဆောင်းခဲ့တဲ့ တုံးလုံးစာဆိုတာလည်း အရင်ကလောက် မကျန်တော့ပါဘူး။ အမြင်လှ အောင်နေတတ်လို့သာ လူအထင်ကြီးစရာဖြစ်နေတာပါ။ တကယ်ကတော့ ရွှေကျောင်းပြောင်ပြောင်အဖြစ်ပါပဲ။

ရပ်ကွက်ထဲမှာလည်း တဖြည်းဖြည်းနဲ့ လူတွေလျော့ကုန်ပါပြီ။ ဆွေရှိရာ မျိုးရှိရာ ဘေးကင်းရာ မြို့အပြင်က တောရွာငယ်ကလေးတွေကို ပြောင်းပြီး နေကြတာ အိမ်စောင့်မယ့် ယောက်ျားတွေ လောက်ပဲ ကျန်ကြတော့ တယ်။ လူတိုင်းမြို့ကို စွန့်ပြီး ထွက်ကြရတာ ဖြစ်တော့ ဘိုးလေးတို့လည်း စစ်ပြေးဖို့ စီစဉ်ရပြီပေါ့။

တစ်နေ့မှာ အားလုံး စုပြီး တိုင်ပင်ပါသည်။ ဘိုးလေးတို့က သူ့တပည့်များရှိတဲ့ မန္တလေးရဲ့ မြောက် ဘက်ကျတဲ့ ကပိုင်ရွာ မှာ သွားနေကြမယ်တဲ့။ မာမီက ဘိုးလေးတို့နဲ့ မလိုက်ဘူးဆိုပြီး ခေါင်းမာမာ နဲ့ငြင်းပါလေရော။

 

မာမီ ငြင်း တာကလည်း မာမီဘက်ကတော့ အကြောင်းခိုင်လုံပါတယ်။ ဘွားလေးနဲ့ မာမီက တူအရီး သာဆိုတာ ဘွားလေး က မာမီထက် ၇နှစ်ပဲ ကြီးတာမို့ ညီအစ်မလို ဖြစ်နေတာ။ ဒီအထဲ မာမီက ၁၂ နှစ်အရွယ်မှာ အမေ ဆုံးသွားတော့ ဘွားမေက မြေးဖြစ်တဲ့ မာမီကို သမီးလို မွေးခဲ့ရတာတဲ့။ အဲတော့ ဘွားလေးနဲ့အတူ ကြီးလာရ တာပေါ့။

မာမီရဲ့ အဖေက အင်္ဂလိပ်စစ်တပ်မှာ အမှုထမ်းတဲ့ Captain J.F Duncan ပါတဲ့။ မာမီရဲ့အမေက ကျွန်မရဲ့ အဘွား ဒေါ်တင်တင်၊ ဆုံးတော့ အသက်ငယ်ငယ်ပဲ ရှိသေးတာ။ ချောင်းဆိုးသွေးပါ (တီဘီ)ရောဂါ နဲ့ကွယ်လွန်သွားတယ်လို့ ပြော ပါတယ်။ Captain Duncan က သူ့ဇနီးတော့ ချစ်မြတ်နိုးလွန်းလို့ အသုဘကိုအကြီးအကျယ် ပြင်ဆင်ပြီး ချတာ တဲ့။

 

အင်္ဂလိပ်အခေါင်းနဲ့ မြင်းလေးကောင် ကတဲ့ ရထားမှာ တင်ပြီး စစ်တပ်ဘင်ခရာအဖွဲ့နဲ့မို့ ကြီးကျယ်ခမ်းနားလို့ “တင်တင် သေပန်းပွင့်တယ်”ဆိုပြီး မန္တလေးမှာ အိမ်တိုင်း ထွက်ကြည့်ရတဲ့ ပြောစရာဖြစ်ပြီးကျန်ခဲ့တဲ့အသုဘလို့ ဘွားမေက ပြောပြ ဖူးပါတယ်။

ကျွန်မ ရဲ့ မာမီဘ၀ကလည်း ကံမကောင်းရှာဘူး။ အမေဆုံးတော့ ဘွားမေဆီမှာ ကွန်ဗင့်ကျောင်းကို တက်ဖို့ နေ ရတယ်။ ကျောင်းပိတ်ပြီဆိုမှ သူ့ဒယ်ဒီ တာ၀န်ကျတဲ့ဆီ လိုက်သွားပြီး နေတယ်တဲ့။ သူ့ဒယ်ဒီက ဗန်းမော်က ကချင် ရိုင်ဖယ်လ်တပ်မှာ တာ၀န်ကျလို့ ပြောင်းရတော့ မာမီလည်း ကျောင်းပိတ်တော့် ဗန်းမော်ကို လိုက်သွား တာပေါ့။ ကချင်တပ်ကလည်း ဗန်းမော်ရဲ့ မြို့ပြင်ဘက်မှာ တဲ့။

မာမီက ပျင်းတော့ ခြံအပြင်ထွက်ပြီး တောထဲမှာ အလေ့ပေါက်တဲ့ ဆီးသီးချုံကြီးမှာ ဆီးသီးတွေ သွားသွားခူး စားတာ။ တစ်နေ့မှာ စပါးကြီးမြွေ အကြီးကြီး တွေ့တာနဲ့ လန့်ပြီးပြေးလာတာ အိမ်ပေါ်ရောက် မှ သေနတ်သံကြားလို့ကြည့်တော့ အိမ်မှာ စောင့်တဲ့ကချင်စစ်သားစန်ဒရီက မြွေ ကြီးကို ပစ်သတ်လိုက်တာ တွေ့ရတယ်တဲ့။ မြွေကြီး က မာမီ့နောက် ပြေးလိုက်လာတာကိုး။

 

အဲတော့မှ မာမီက ပိုကြောက်သွားပြီး လန့်ဖျားဖျားတာ။ ကယောင်ကတမ်းတွေဖြစ်လို့ ဗန်းမော်မှာ လည်း မနေရဲတော့ပါဘူးဆိုပြီး ဘွားမေဆီ ပြန်လာရောတဲ့။ နောက်တစ်နှစ်လောက်ရှိတော့ ပထမ ကမ္ဘာစစ်ကြီး ဖြစ်လာတာနဲ့ မာမီ့ရဲ့ဒယ်ဒီက ပင်ရင်းတပ်မကို ပြန်သွားရတာ တိုက်ပွဲမှာ ကျလို့ မာမီ အသက် ၁၄နှစ်မှာ မိဘနှစ်ပါး စလုံး မရှိတော့ပါဘူး။

မိဘမဲ့မြေးလေးဆိုပြီး ဘွားမေကလည်း အလိုလိုက်ထားတော့ မာမီကလည်း ခပ်ဆိုးဆိုး၊ ဘွားမေရဲ့ အငယ်ဆုံး သမီးဖြစ်တဲ့ ဘွားလေး ကလည်း ခပ်စွာစွာဆိုတော့ ငယ်ငယ်ကတည်းက မတည့်ကြပါ ဘူး။ ကျွန်မအမေ မာမီရဲ့ ဆိုးပေပုံကလည်း ရာဇ၀င်နဲ့ပါ။

မာမီငယ်ငယ်က မြန်မာစာသင်ဖို့ဆိုပြီး မျက်နှာချင်းဆိုင်မှာနေတဲ့ ဘကြီးမောင်မောင်ဆီ သွားအပ် ထားတယ် တဲ့။ ဘကြီးမောင်မောင်က ရပ်ကွက်ထဲက ကလေးငယ်တွေကို အပျော်အခမဲ့ စာသင်ပေး တာပါ။

 

ကကြီး ကနေပြီး စသင်လိုက်တာ (ဓ)အက္ခရာအထိတော့ ဟုတ်လို့ပါပဲ။ နငယ်ကိုရောက်တော့မှ ဘကြီးမောင်မောင် ဆီမှာ စာမသင်ချင်တော့ဘူးဆိုပြီး အိမ်မှာ ငိုပြီးပြန်လာတယ်တဲ့။ အားလုံးက ဝိုင်းချော့မေးကြ မှ….

“သင်ပုန်းကြီးမှာ နငယ် ပါရင် သူစာမသင်တော့ဘူး”လို့ ပြောတယ်တဲ့လေ။ ဘာဖြစ်လို့လဲမေး တော့ နငယ်ရဲ့ ပုံစံက ခေါင်းသေးသေး၊ ဗိုက်ကြီးကပူပြီး ခြေထောက်ကတစ်ချောင်းတည်းမို့ နငယ်ကို သူကြည့်လို့မရဘူး တဲ့ ကောင်းရောနော်။

လူကြီးတွေက ချော့မော့ပြီး ပြောပေမဲ့ မရတာနဲ့ ဘကြီးမောင်မောင်ကို နငယ်ချန်ပြီး သင်ပေးပါလို့ သွားတောင်းပန်မှ ကျောင်းကိုပြန်သွားတာတဲ့လေ။ တကယ့်အတန်းကျောင်းလို ဆိုရင်တော့ နငယ် မပါဘဲ ဘယ်ဆရာက သင်ပေးပါ့မလဲ။ မာမီတို့များ အဲလောက် ဆိုးခဲ့တာပါ။

 

ဒီထက်ဆိုးတာ တစ်ခုလည်း ရှိပါသေးရဲ့။ ဘွားလေးက အလှူကပြန်လာပြီး သူရဲ့ တရုတ်ဖဲထဘီကို ကြိုးတန်းမှာ ခဏဖြန့်ပြီး လှမ်းထားခဲ့တာ သွားရုပ်တော့ အလယ်တည့်တည့်ကြီးမှာ လေးထောင့် စပ်စပ်ကတ်ကြေးနဲ့ ညှပ်ဖြတ်ထားတာ တွေ့ပါလေရော။ မာမီရဲ့ လက်ချက်ပဲဆိုတာသိပြီတဲ့။ မာ့မိ အခန်းထဲကို ဝုန်းဒိုင်းကြဲပြီး ၀င် သွားတော့ မာမီကိုတော့ ရှာမတွေ့ဘူး။ အရုပ်မှာ အဲဒီဖဲစကို အင်္ကျီ ချုပ်ပြီး တခမ်းတနား အင်္ကျီ၀တ်ပေးထားတာ အပျံစား တဲ့။ ဘွားလေးကို သူ့အရုပ်၀တ်ဖို့အတွက် အ၀တ်စစျေးက မှာနေတာ ဘွားလေးက ၀ယ်မလာတာနဲ့ လုံချည် ကဖြတ်ပြီး ချုပ်၀တ်ပေးထား လိုက်တာတဲ့လေ။

အဲလို မာမီ ရဲ့ဗိုလ်ကျတာတွေ၊ အနိုင်ကျင့်တာတွေလည်း ဘွားလေးက သူ့တူမကို ချစ်လို့ခံရှာပါ ရဲ့။

 

ဒါပေမဲ့ ဘွားလေးက စိတ်ရင်းကောင်းသလောက်လည်း ပါးစပ်က ဆိုးတယ်။ ကွယ်လွန်သွားတဲ့ အဆိုတော် စိန်လွင် သီဆို တဲ့ နှုတ်ခမ်းလေးနဲ့ လူသတ်တယ်ဆိုတဲ့ သီးချင်းအတိုင်းပါပဲ။ ဘွားလေး နှုတ်ခမ်းက ထွက်လာတဲ့ ရင့်သီးမှုတွေက သူများနှလုံးသားမှာ လှံသွားနဲ့ထိုးခံရသလို နာကြည်း သွားအောင် စိတ်လိုက် မာန်ပါ ပြောတတ်တာမို့ မာမီ့ရင်ထဲမှာ ဘွားလေးကိုမကြည်မလင် ဖြစ်နေတဲ့ ဒဏ်ရာတွေလည်း ရှိတယ်ပေါ့။

ဘိုးလေး နဲ့ကတော့ အတွေးအခေါ် ခံယူပုံစရိုက်ချင်းက ကျောချင်းကပ် ဘာတစ်ခုမှ မတူတာပါ။ ဘိုးလေးက အလွန်ရှေးဆန်တဲ့အပြင် မျိုးချစ်စိတ်လည်းရှိပြီး မြန်မာလည်း ဆန်လွန်းလှသူပါ။ အိမ် မှာဘိုးလေး လွှမ်းမိုးလို့ ရတာ ဘွားလေး၊ အန်တီလေး နဲ့ ကျွန်မပဲရှိပါတယ်။ မာမီကိုတော့ ဘာတစ်ခုမှ သွားပြောလို့မရဘူး။

ငယ်ငယ် ကတည်းက ကွန်ဗင့်ကျောင်းမှာနေ၊ ဖခင်နိုင်ငံခြားသားနဲ့ ၁၄နှစ်သမီးအထိ ကြီးပြင်းရတာ ဖြစ်တဲ့အပြင် အိမ်ထောင် ကျပြန်တော့လည်း အနောက်တိုင်းသားနဲ့ ဖြစ်နေတာမို့ မာမီရဲ့ အတွေး အခေါ်၊ အနေအထိုင်၊ အပြောအဆို အားလုံးက အနောက်တိုင်း ဆန်နေပါတယ်။

 

သွားရဲ လာရဲ ပြောရဲဆိုရဲရှိတယ်။ လုပ်စရာ ကိုင်စရာ သွားစရာရှိရင် ဘယ်သူ့မှ အဖော်စပ်နေတာ မဟုတ် ဘူး။ နေ့နေ့ညည ကိုယ့်ဟာကိုယ် တစ်ယောက်တည်း သွားလာနေတာမျိုးပါ။ စကားပြောရင်လည်း ပွင့်ပွင့် လင်းလင်း ပြောတတ်ပါတယ်။ ကျွန်မကို အိမ်မှာဘွားမေနဲ့ ဘိုးလေးကသာ ချုပ်ချယ်တာ။ မာမီက ဘယ်တော့မှ မချုပ်ချယ်ပါဘူး။ မာမီ ရှေ့မှာ ၀တ္ထုစာအုပ် ပြောင်ပြောင်ဖတ်လို့ ရပါတယ်။

မာမီ ကိုယ်တိုင်ကလည်း စာဖတ်တာ သိပ်ပြီးဝါသနာပါတာ။ အိမ်မှာလစဉ် ဒဂုံမဂ္ဂဇင်းနဲ့ ကဝိမျက်မှန် ယူပါတယ်။ ခေတ်သာဆန်တာ မဂ္ဂဇင်းတွေအပြင် ဇိနတ္ထပကာသနီကျမ်းတို့၊ ရှေးဟောင်းပေစာ တွေလည်း မာမီက မက်မက်မောမော ဖတ်တတ်သေးတယ်။ အိမ်မှာစုထားတဲ့ ပေစာထုပ်တွေမှ အများကြီးပါပဲ။ ကျွန်မကိုလည်း စာအစုံဖတ် ဖို့ အားပေးပါတယ်။

 

အ၀တ်အစား ဆိုရင်လည်း ခေတ်ရှေ့ပြေးအောင် ကျွန်မကို ဆင်ထားတာပါ။ အဲဒီခေတ်က အပျို အရွယ်ရောက်ရင် ရင်စည်းစည်းရတဲ့ အလေ့ရှိပေမဲ့ မာမီက ကျွန်မကို မစည်းစေဘူး။

“ဒါ မိန်းမရဲ့ သဘာ၀ပဲ၊ ဖိနှိပ်ဖုံးကွယ်ထားစရာ မလိုဘူး။ ကျန်းမာရေးနဲ့လည်း မညီညွတ်ဘူးတဲ့”ဒါ ကြောင့် ရင်မစည်းစေဘဲ ရှင်မီးကို အတွန့်များများနဲ့ ချုပ်ပေးပါတယ်။ နည်းနည်းအရွယ်ရောက် တော့ ဇာလှလှလေးတွေ နဲ့ ထပ်ချုပ်တဲ့ ဘော်လီချုပ်ပေးပါတယ်။

ရုပ်ရှင်ကောင်းကောင်း ရုံတင်တဲ့အခါလည်း ဘိုးလေး ဘာပြောနေနေ ဂရုမစိုက်ဘဲ ကျွန်မကို လက်ဆွဲပြီး သားအမိနှစ်ယောက် သွားကြည့်ကြတာပဲ။ အထူးသဖြင့် လူရွှင်တော် ချာလီချက်ပလင် ပါတဲ့ကားဆို မာမီက သိပ်ကြိုက်။

 

အစားအသောက်တော့ မာမီက အလွန်ကို ချေးများပါတယ်။ ငါးပိ မစား၊ ငံပြာရင် မစား၊ ချဉ်ပေါင် ရွက်၊ ဆူးပုပ်ရွက် ဆိုတာမျိုးလည်း မစား၊ ထမင်းလည်း မက်မက်မောမော မရှိပါဘူး။ ကြက်သား ပြုတ်ကြော် နဲ့ ပေါင်မုန့်ရှိနေရင် ပြီးနေတာပဲ။

အဲဒါကို ဘိုးလေးက လုံးဝကြည့်မရဘူး။ “အနောက်တိုင်းသွေး ပါတာတော့ ထားပါတော့၊ အနောက်တိုင်းမှာ သွားနေတာမှ မဟုတ်တာ၊ ဒါမြန်မာပြည်၊ ကိုယ်က မြန်မာပြည်မှာ မွေးတာပဲ ဘာသွေး ပါနေနေ မြန်မာပဲ ဖြစ်ရမယ်၊ ငါးပိ မစား၊ ငံပြာရည်မစားနဲ့ သူ့ကိုယ်သူ ဘိုမကြီး လုပ်နေတာ၊ ဟုတ်ကို မဟုတ်ဘူး” နဲ့ မာမီရှေ့မှာရော၊ ကွယ်ရာမှာရော ပြောတတ်ပါတယ်။

မာမီ့ ကို ကြည့်မရတိုင်း ကျွန်မကိုလည်း မဲတတ်သေးတယ်။

 

“ခင်မကြီး နင်နော်။ အမေ့အချိုးကို လိုက်ဖို့များ မကြံနဲ့၊ မြန်မာပြည်မှာ မွေးထားတာ မြန်မာမ ပီသ အောင်နေ၊ ငါးပိတွေ၊ ငံပြာရည်တွေ၊ ဆူးပုပ်ရွက်တွေလည်း စားတတ်ရမယ်၊ ဒါကြောင့် ခုတည်းက နင့်ကို အကျင့်လုပ်ပြီး အားလုံး စားတတ်အောင် ကျွေးတာ၊ ငါက ပေါ့ပေါ့ကျွေးနေတယ်များ မမှတ်နဲ့”တဲ့။

“ကိုယ့်ကိုယ်ကိုယ် ကပြားဆိုပြီး တိုင်းပြည်မရှိ မဖြစ်စေနဲ့၊ ကိုယ့်မွေးရာမြေက ကိုယ့်ရဲ့မိခင်တိုင်းပြည်၊ ဒီအသိ ဘယ်တော့မှ မပျောက်စေနဲ့”

ကိုယ့်ယဉ်ကျေးမှုနဲ့ ရိုးရာဇာတိကို လေးစားထိန်းသိမ်းတဲ့စိတ် ခေါင်းထဲမှာ အစဉ်ထည့်ထား”

မာမီ့လို မဖြစ်စေချင်လို့ဆိုပြီး ကျွန်မကို ဖိဆုံးမခဲ့တဲ့ စကားတွေပါပဲ။

 

မာမီနဲ့ ဘိုးလေး ဘယ်လိုပဲ ဘုဘောက်ကျလို့ စကားတွေများများ ဘွားမေရှိစဉ်ကာလကတော့ ဘွားမေကို ချစ်တဲ့စိတ် နဲ့ လေးစား ရိုသေတာတွေက ရှိထားတာမို့ ရင်ထဲမှာ ဘာတွေပဲ မကျေလည် တာတွေ ရှိကြပေမယ့် တင်းတင်း မာမာ မဖြစ်ခဲ့ ဖူးပါဘူး။

ဘွားမေက မိသားစုကိုရော၊ သူ့ဆွေမျိုးတွေကိုပါ သူ့ရဲ့မေတ္တာနဲ့ ဂရုစိုက်ကြည့်ပြီး အားထုတ်မှု တွေကော် နဲ့ကပ်ထားသလို တစည်းတလုံးဖြစ်အောင် ထူထောင်ထားခဲ့ပုံရပါတယ်။

“ဝါးအစည်းပြေတယ်” ဆိုတဲ့ စကားဟာ ဘွားမေမရှိတော့မှ ပိုပြီး ပီပီပြင်ပြင် အဓိပ္ပာယ်ဖော်လို့ရ သွားပါတယ်။ ဘိုးလေးနဲ့ ဘွားလေးတို့က သူတို့လူကြီးအနေနဲ့ တာ၀န်ရှိတယ်။ စောင့်ရှောက်ရမယ့်၀တ္တရား ရှိတယ်ဆိုပြီး ပြောလည်း မရ။ စစ်ဦး ဘီးလူးမှာ မိန်းမသားအနေနဲ့ ဒုက္ခရောက်နိုင်တယ်လို့ ရှင်းပြလည်း နားမ၀င်။ သူတို့နဲ့ အတူလိုက်ပြီး စစ်ပြေးဖို့ကို မာမီက လက်မခံဘဲ တင်းတင်းမာမာ ငြင်းတော့တာပဲ။ ဒီအိမ်မှာပဲ ဘယ်မှ မသွားဘဲ နေမယ်လို့ ဆိုပါတယ်။

 

မာမီ့အနေနဲ့ ကလည်း သူ့ခံယူချက်နဲ့သူလေ။

“ငါ့သမီး စဉ်းစားကြည့်၊ ကိုယ့်လုပ်စာ ကိုယ်ရှာစားပြီး ကိုယ့်အိမ်မှာ ကိုယ်နေတာတောင် နင့်ဘိုးလေးက ဘယ်လောက် လွှမ်းမိုးထားလဲ။ သူတို့နေရာမှာ ကိုယ်က လိုက်ပြီးမှီခိုရမယ်ဆိုရင် သူတို့ မျက်နှာကိုကြည့်ပြီး သူ့အလိုကျနေရတော့မှာပေါ့။ အဲလို ဟန်ဆောင်ပြီး မာမီ မလုပ်နိုင်ဘူး”တဲ့။

“လောကမှာ အရေးကြီးတာက ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ပဲ၊ ကိုယ်ပိုင် တဲ့အမိုးအောက်မှာ ကိုယ်နေနိုင်ဖို့ ကြိုးစား၊ သူများရဲ့အရိပ်ကို ခိုရပြီဆိုကတည်းက ကိုယ့်ရဲ့လွတ်လပ်မှု ဆုံရှုံးခြင်းပဲ၊ အဲဒါ မြဲမြဲမှတ်ထား”တဲ့။

 

ကျွန်မရဲ့ အဖြစ်ကလည်း ဘွားမေက တစ်မျိုး၊ ဘိုးလေးက တစ်ပုံစံ။ မာမီက တစ်ကဏ္ဍ။ သစ်ပင် သုံးမျိုး ရဲ့အောက်မှာ ကြီးရတဲ့ ချုံပုတ်ကလေးလို အရိပ်သုံးမျိုး လွှမ်းတာ ခံနေရပါတယ်။ ပန်းပုဆရာ သုံးယောက်က စေတနာကိုယ်စီနဲ့ ပုံအသွင်းကောင်းလိုက်ကြတာ။ လက်ရာတွေက တစ်ဘာသာစီ ဆိုတော့ ကျွန်မရဲ့ပုံစံကလည်း ဘယ်တော့မှ မရေရာဘဲ သောင်းပြောင်းထွေလာ ဖြစ်သွားလေသလားမပြောတတ်ပါဘူးနော်။

ဘိုးလေးတို့ ကပိုင် ထွက်တော့မယ့် မနက်မှာ ကျွန်မသွားပြီး ကန်တော့တော့ အဘိုးလေးက စာအိတ် တစ်အိတ်ထုတ်ပေးပါတယ်။

“ငါ့မြေးကို ထားခဲ့ရတာ လုံး၀စိတ်မချဘူး”တဲ့။

 

“အမေ့ဆီကနေ သမီးကို ခေါ်ထုတ်သွားဖို့ကလည်း မဖြစ်သင့်တဲ့ကိစ္စမို့ ဘိုးလေးတို့ ဘာမှမတတ်နိုင်ဘူး။ စစ်ဦး ဘီးလူး ဆိုတာ လူတိုင်း ဒုက္ခနဲ့တွေ့နိုင်တယ်၊ တစ်စုံတစ်ရာ ဖြစ်လို့ ဒုက္ခတွေ့ ရင်ဒီစာအိတ်ထဲမှာပါတဲ့ လိပ်စာအတိုင်း ဘိုးလေးတို့ဆီ လိုက်လာခဲ့၊ ဘယ်လိုလာရမယ်ဆိုတဲ့ မြေပုံလည်း သေသေချာချာ ဆွဲထားတယ်၊ အရေးပေါ်တဲ့ခါ သုံးဖို့ငွေလည်း ထည့်ထားတယ်၊ ဒီစာ အိတ်ကို အမြဲလူနဲ့မကွာ ရှိပစေ၊ နင့်အမေလည်း မသိစေနဲ့”တဲ့။

ဘိုးလေးက မြေပုံကိုထုတ်ပြပြီး ဘယ်လမ်းက ဘယ်လို လာရမယ် ဆိုတာ သေသေချာချာရှင်းပြပါ တယ်။ အသံတွေကလည်း တုန်လို့၊ ကျွန်မလည်း မျက်ရည်မဆည်နိုင်အောင် ၀မ်းနည်းအားငယ် သွားမိပါတယ်။

 

ဘွားလေးက မျက်ရည်တွေ ကျနေတဲ့ထဲက သူ့တူမကို နားမထောင်ရကောင်းလားဆိုပြီး ထုံးစံအတိုင်း ရင့်ရင့် သီးသီးတွေ ရေရွတ်တိုင်းထွားနေလေရဲ့။ ဘွားလေးတို့ရဲ့ ပစ္စည်းတွေ အပြည့်အသိပ် တင်ထားတဲ့ အငှားကား ကွယ်သွားတဲ့အထိ အိမ်ပေါက်၀က ထွက်ပြီး ကျွန်မငေးကြည့်ရင်း ကျောက်ရုပ်လို ဖြစ်ကျန်ခဲ့ပါတယ်။ မျက်ရည်တွေကလည်း တာကျိုးသလို ထိန်းမရဘူး။ လောကကြီးအလယ်မှာ တစ်ယောက်တည်း ကျန်ခဲ့သလို အားမငယ်စဖူး အားငယ်သွားတာလည်း ပါရဲ့ပေါ့။

မာမီ ကတော့ မမှုပါဘူး။ သူ့နေမြဲ ပုံစံအတိုင်းပါပဲ။ မီးမီးထင်းထင်းဖြစ်လာရင် အလွယ်တကူဖြစ် အောင်ဆိုပြီး ပစ္စည်းတွေကိုတော့ ထုပ်တာ သိမ်းတာတွေ လုပ်နေတယ်။ ကျွန်မကိုလည်း ယူမဲ့ ပစ္စည်းတွေ အဆင်သင့် ထုပ်ထား ခိုင်းတော့ အဓိက ခေါင်းထဲမှာရှိတာက စာမေးပွဲဖြေဖို့လေ။ အဲဒီ တော့ စာအုပ်တွေကိုပဲ သိမ်းတာပေါ့။

 

စစ်ဆိုတာရဲ့ အတွေ့အကြုံကလည်း ရှိထားတာ မဟုတ်တော့ ကြောက်စရာရယ်လို့လည်း မတွေး မိပါဘူး။ သူတို့ဟာ သူတို့ ရုပ်ရှင်တွေထဲမှာလို စစ်သားချင်း တိုက်ကြ၊ နိုင်တဲ့သူနိုင်၊ ရှုံးတဲ့သူရှုံး သွား။ အချိန်တန်ရင် ပြီးသွားမယ့် ကိစ္စပဲ။ သိပ်ကြာမှာ မဟုတ်ဘူးလို့ ထင်မိတာပါ။

လမ်းပေါ်မှာ အသွားအလာတွေလည်း မရှိကြတော့ဘူး။ စျေးလည်း မရှိတော့ဘူး။ ရပ်ကွက်ထဲမှာ အိမ်တွေ အားလုံးလည်း သော့ပိတ်လို့ အိမ်စောင့်ယောက်ျားတွေ တစ်ဦးစ နှစ်ဦးစပဲ နေတာတွေ့ရ တော့တယ်။ ကျွန်မတို့ ၀ယ်ထားတဲ့ အခြောက်အခြမ်းတွေကိုပဲ ဖြစ်သလို ချက်စားရတာပေါ့။ မာမီကလည်း တစ်သက်လုံး မီးဖိုထဲ၀င်တဲ့သူ မဟုတ်တော့ ဘာမှမည်မည်ရရ ချက်တတ်တာ မဟုတ်ဘူး။ အဲတော့ ဖုတ် တစ်လှည့်၊ ပြုတ်တစ်လှည့်၊ ကြော် တစ်လှည့်နဲ့ပဲ ပြီးရပါတယ်။

 

ခါတိုင်းလို စျေးသည်တွေရဲ့ ဟစ်သံလည်း လမ်းပေါ်မှာ မကြားရတော့ဘူး။ ကားသံ၊ ရထားသံကလည်း ဆိတ်လို့။ ကလေးတွေရဲ့ ဆူဆူညံညံ ဆော့ကစားသံ ဆိုတာတော့ ဝေးပါလေရော။ ရပ်ကွက်တစ်ခုလုံး တစပြင်လို တိတ်နေပါတယ်။ ညညမှ ပိုပြီးဆိုးသေးတာ။ စစ်အတွင်းမို့ “နေ၀င် မီးငြိမ်း”အမိန့်ကလည်း ထုတ်ထားတာဆိုတော့ ညကျရင် ရေနံဆီမီးခွက်ကလေးကို မှိန်မှိန်ကလေး မီးစာကိုနှိမ့်ထွန်း ထားပြီး ဘေးကလည်း လေးဖက်လေးတန် မီးရောင် အပြင်မထွက်အောင် ကာရံထား ရသေးတာနော်။ လမ်းမှာလည်း လမ်းမီးမရှိ၊ မှောင်အတိနဲ့ ခွေးဟောင်သံကြားရပြီဆိုရင် ရင်ထိတ် ရသေးတာပါ။

 

ကျွန်မတို့အိမ်မှာ လူကုန်တာတောင် မကဘူး။ လောကဓံတရားက ချေမှုန်းသွားလိုက်တာ ခွေး တောင်မှ မကျန်ပါဘူး။ ဘွားမေ ဆုံးကတည်းက ဘွားမေ အမြဲတမ်းကိုယ်တိုင် အစာကျွေးခဲ့တဲ့ “နက်ပါ”က မာမီကျွေး တာလည်း မစား၊ ဘွားလေး ကျွေး တာလည်း လက်မခံ။ ဘွားမေရဲ့ အခန်း၀ မှာပဲ ခွေပြီး အိပ်နေတာတဲ့။ ဘွားမေ ဆုံးပြီး တစ်ပတ်နှစ်ပတ်အတွင်းမှာ နက်ပါလည်း သေသွားပါ တယ်။

ကျွန်မတို့နဲ့အတူ ဦးကြီးတစ်ယောက်တော့ ရှိလေသေးရဲ့။ သူကလည်း စိတ်ကမှန်တာမဟုတ်လို့ သိပ်ပြီး အားကိုးရတာတော့မဟုတ်ပါဘူး။ အန်ကယ်ကျော်တို့ နေတဲ့ မြောက်အိမ်ကို သွားကြည့်လိုက်ဦးမယ်ဆိုပြီး ထွက်သွားရင်လည်း ပြန်ချင်မှ ပြန်လာတာ။ စိတ်ပူလို့ ကျွန်မတို့က တမျှော်မျှော် လုပ်ရတာလည်း ရှိသေးတယ်။ သူက ရေရာတာ မဟုတ်လို့ ထည့်တွက်လို့ မရပါ ဘူး။

အဲလိုနဲ့ ကျွန်မတို့ သားအမိနှစ်ယောက် တံခါးတွေ အလုံပိတ်ပြီး အိမ်ထဲမှာ ကုပ်နေလာတာ နှစ်ပတ်လောက် ရှိတော့ တစ်နေ့ခင်းမှာ ခြံတံခါး သော့ခတ်ထားတဲ့ သံကြိုးကို လှုပ်ခါပြီးတစ်စုံ တစ်ဦးက ခေါ်နေသံကြားတာနဲ့ တရုတ်ကတ်ပြတင်းကြားထဲက အသာလေး ချောင်းကြည့်လိုက် ပါတယ်။

 

ကျွန်မတို့ရဲ့ဦးလေး “အန်ကယ်အေး” ဖြစ်နေပါရော။

ကိုယ့်သွေးသားဆိုတာ အသာထား။ သက်ရှိလူရိပ်ကိုတောင် မမြင်ရအောင် ကြာမြင့်နေပြီဆိုတော့ ဘွားခနဲ အန်ကယ်အေးပေါ်လာတာကို ကျွန်မမှာ နတ်ပြည်က နတ်သားတစ်ပါးကိုယ်ထင်ရှား မြင်လိုက်ရတဲ့အတိုင်း အံ့လည်းအံ့သြ၊ ၀မ်းလည်းသာ၊ အားလည်းရှိ ဖြစ်သွားပါတယ်။

“မာမီရေ အန်ကယ်အေး ရောက်နေတယ်”လို့ သံကုန်အော်ဟစ်ပြီး အိမ်ပေါ်က အပြေးဆင်းသွား ပြီး တံခါးဖွင့်ပေးလိုက်ပါတယ်။

ဒီ အန်ကယ်အေးက တောင်တွင်းကြီး အန်ကယ်အေးမဟုတ်ပါဘူး။ ကျွန်မတို့ အိမ်မှာ ကျောင်းနေစဉ်ကာလက အတူနေသွားတဲ့ မာမီ့ရဲ့ဦးလေး တစ်၀မ်းကွဲ အန်ကယ်အေးပါ။ အန်ကယ်အေးက မာမီရဲ့ဦးလေးအဖြစ် ဝါကြီးပေမဲ့ အသက်က မာမီ့ထက် ငယ်ပါတယ်။ ဒါကြောင့် ဘိုးလေး တော်ပေမဲ့ အရွယ်က ငယ်နေတာမို့ ကျွန်မက အန်ကယ်အေးလို့ ခေါ်တာပါ။

 

မာမီက သူ့ဦးလေး အန်ကယ်အေးကို မောင်ငယ်တစ်ယောက်လို အလွန်ချစ်ပါတယ်။ အန်ကယ် အေးက နာမည် နဲ့လိုက်အောင်လည်း အေးပြီး စကားလည်း နည်းပြီး လူကြီးဆန်ဆန်နေတတ်တာ ပါ။ အင်္ဂလိပ်စစ်တပ်ထဲ အမှုထမ်းဖို့ အလုပ်၀င်သွားကတည်းက အနယ်နယ် ရွှေ့ပြောင်းသွားရတာမို့ ကျွန်မတို့နဲ့လည်း အနေဝေးသွားတာပေါ့။

ဂျပန်ရဲ့ စစ်အင်အားက ကောင်းလာပြီး အောင်ပွဲတွေ ခံလာတော့ အင်္ဂလိပ်စစ်တပ်ကလည်း “အောင်မြင်စွာ ဆုတ်ခွာရေး”ဆိုတဲ့ စီမံကိန်းနဲ့ မြန်မာပြည်က ဆုတ်ခွာပြီးအိန္ဒိယကို နောက်ဆုတ် ထွက်ခွာနေရပါပြီ။ အန်ကယ်အေးလည်း အဲဒီစစ်တပ်နဲ့အတူ အိန္ဒိယကို လိုက်ရတော့မှာပါ။

 

သူမသွားခင် ကိုယ်၀န်အရင့်အမာနဲ့ ကျန်ခဲ့ရစ်တဲ့ ဇနီးကို လုံခြုံရာ စစ်ပြေးဖို့ စီစဉ်ပေးဖို့ ပြန်လာခဲ့ တာတဲ့။ သူရဲ့ဇနီး အန်တီလေးမမြသန်းမှာ မိဘမရှိတော့ပါဘူး။ ဦးလေးဦးဖိုးအောင်က ရဲအရာရှိ။ သူ့ဇနီးဒေါ်လုံးတင်နဲ့အတူ စစ်ကိုင်းက သစ်ဆိမ့်ချောင်မှာ စစ်ခိုဖို့ ထားခဲ့ပြီးပါပြီ။ ကျွန်မတို့ အခြေအနေဘယ်လိုများ ရှိမလဲ၊ ဘယ်လို စစ်ပြေးကြမလဲဆိုတာ သိချင်တာနဲ့ မန္တလေးကို ပြန်ကူးလာပြီး ကြည့်လာတာတဲ့လေ။

မာမီက ဘယ်မှမသွားဘဲ ဒီအိမ်မှာပဲ နေကြမယ်ဆိုတာကို ပြောပြတော့ အန်ကယ်အေးက လုံး၀ လက်မခံပါဘူး။ “စစ်”ဆိုတာ ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်လိုအန္တရာယ်နဲ့နီးတယ်၊ ဒုက္ခတွေ ဘယ်လောက် ထိ ရောက်နိုင် တယ်။ အထူးသဖြင့် မိန်းမသား နှစ်ယောက်တည်း ပိုလို့ မဖြစ်နိုင်သေးတယ်လို့ တရားချတော့ မာမီလည်း ဆုံးဖြတ်ရ ခက်သွားတယ် ထင်ပါရဲ့။

“ဒါဆို ဘယ်ကို သွားရမလဲတဲ့”

 

“အခြေအနေကို လာကြည့်တာ၊ ဒါကြောင့်ပေါ့၊ မမတို့ ဘာအစီအစဉ်မှမရှိရင် ကျွန်တော့်မိသားစု နဲ့အတူနေဖို့ လာခေါ်တာပဲ။ ကျွန်တော်နဲ့ လိုက်ခဲ့။ ဘာအတွက်မှမပူနဲ့၊ ကျွန်တော်တာ၀န်ယူ တယ်။ မမြသန်းနဲ့ အားလုံး စီစဉ်ထားပြီးသား။ ကျွန်တော်ကတော့ တပ်နဲ့အတူ အိန္ဒိယကို လိုက်သွားရမယ်။ မမတို့ အခြေတကျ ထားခဲ့ရပြီးရင် ကျွန်တော်လည်း စိတ်ပေါ့ပေါ့နဲ့ နောက်ဆံမတင်းဘဲ သွားနိုင်တာပေါ့”တဲ့။

မာမီ လည်း စစ်ရဲ့ အခြေအနေအရပ်ရပ်ကို ခုမှလေးလေးနက်နက် သဘောပေါက်သွားတယ် ထင်ပါ ရဲ့။ အန်ကယ်အေး နဲ့ လိုက်ဖို့ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ လုံး၀လက်ခံလိုက်တာတော့ မဟုတ်သေးဘူး။

“မမ လိုက်ကြည့်မယ်လေ၊ နေလို့ဖြစ်မယ် ထင်ရင် နေတာပေါ့”တဲ့။

 

အန်ကယ်အေးက သူ မောင်းလာတဲ့ကားနဲ့ တစ်နိုင်စာ ပစ္စည်းတွေ တစ်ခါတည်း သယ်လာဖို့ ပြော တာနဲ့အရေးတကြီးလိုမဲ့ ပစ္စည်းတွေကိုရွေးပြီး တင်ကြတာပေါ့။ သူ့ကားကလည်း သေးသေးလေး ဆိုတော့ များများ မဆံ့ပါဘူး။ ကျွန်မရဲ့အရေးတကြီးပစ္စည်းက စာအုပ်သေတ္တာပဲလေ။ ဆယ်တန်းစာမေးပွဲဖြေ ရဦးမယ် ဆိုတာက ခေါင်းထဲမှာ စွဲနေတာမဟုတ်လား။

ဒီလိုနဲ့ ကျွန်မတို့သားအမိ စစ်ကိုင်းချောင်က သစ်ဆိမ့်ချောင်ကို ရောက်လာပါတော့တယ်။

လူရယ်လို့ ဖြစ်လာရင် သိတတ်တဲ့အရွယ်ကစပြီး ကိစ္စအ၀၀တွေကို အဆုံးအဖြတ်လုပ်လာခဲ့ကြရတာနော်။ အကြီးကြီးတွေရော၊ သေးသေးလေးတွေရော၊ အလယ်အလတ်တွေပါမကျန် အရွယ်အစားစား တစ်ခုပြီးတစ်ခု ဆုံးဖြတ်ကြရင်းနဲ့ ဘ၀ခရီးဆိုတဲ့ အချိန်ထဲမှာ ဖြတ်ကျော်လာကြရတာ လူတိုင်းပါပဲလေ။

 

အဆုံးအဖြတ်တစ်ခုရဲ့ ရလဒ်ဟာ တစ်ခါတလေလည်း ကောင်းချင် ကောင်းသွားသလို ဆိုးချင်ပြီ ဆိုရင် လည်း ဇောက်ထိုးမိုးမျှော် ကျွမ်းပျံသွားတဲ့အထိ ဖြစ်တတ်တာပါပဲ။ ဆုံးဖြတ်ခြင်းဆိုတာဟာ လမ်းချိုးတစ်ခုကို ဦးတည်လိုက်ခြင်းပါ။ အဲဒီလမ်းဟာ တောင်ထိပ်ရောက်တဲ့လမ်းဖြစ်နိုင်သလို ချောက်ထဲကျရာ လမ်းလည်း ဖြစ်နိုင် တာပါပဲ။

တစ်ခါတလေကျတော့လည်း ကိုယ်ဆုံးဖြတ်တာက တစ်မျိုး၊ ကံကြမ္မာက ၀င်ပါပြီး ဆုံးဖြတ်ပေးလိုက်တာက တစ်သွယ် ဖြစ်တတ်ပါသေးတယ်။

မာမီ ရဲ့ အဆုံးအဖြတ်အတိုင်းဆိုရင် ကျွန်မတို့ နှစ်ယောက်စလုံး ဗုံးစာဖြစ်တော့မယ် ဆိုတာသေချာပါရဲ့။ အန်ကယ်အေး ရောက်လာခြင်းက ကံကြမ္မာက ၀င်ပြီးဆုံးဖြတ်ပေးလိုက်တဲ့ အဖြစ်မို့ အသက် ဘေးကတော့ လွတ်ကင်းသွားပါရဲ့။

ဒါပေမဲ့ ကျွန်မဘ၀ကို လုံးဝပြောင်းလဲသွားစေသော ဘ၀ခရီးနဲ့ တစ်ဆစ်ချိုး လမ်းမကြီးပေါ် ကို ရောက်သွားပြီး စောင့်နေတဲ့ လောကဓံကြီးနဲ့ အကြီးအကျယ် နပန်းလုံးရတော့မယ်ဆိုတာ ဟိုအချိန်ကတော့ မသိမြင် လိုက်ပါဘူးလေ။

 

××××××××××××××××××××××××

 

အပိုင်း ၁၀ ဆက်ရန်….

 

အတိတ်လမ်းကို ပြန်လျှောက်ခြင်း

ပတ္တမြားခင်

 

#ရွှေစင်ဦးဘလော့ဂ် မှ

 

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…

ခိုင်နီလာမောင်

Leave a Reply

Your email address will not be published. Required fields are marked *