*** မဆုံးသံသရာ *** ( ဝတ္ထုတို )
မဝင်းမြင့်( ရေပြာအိုင် )
လျှပ်တပြက်မျှ လျင်မြန်တိုတောင်းသော အချိန်လေးအတွင်း ဝယ်။ အသည်းနှလုံး ကြွေပြုန်းလုမျှကြေကွဲ ဝမ်းနည်းဘွယ် အဖြစ်ဆိုးကြီး ကဖြစ်လိုက်သည်။နေရာကား၊ ကျယ်ဝန်းသော ပြည်လမ်းမကြီးပေါ်မှာ ဖြစ်သည်။
ဒေါက်တာစောဝင်းသည် ဆေးရုံအလုပ်တာဝန်ကလည်းနားရ သောနေသူ ဆေးခန်းလည်း ပိတ်ထားသည့်အချိန်ဖြစ်သောကြောင့် ရှစ်မိုင်မှာ ရှိသောသူငယ်ချင်းတစ်ယောက်ထံ အလည်သွားရန် သူကိုယ် ပိုင် ဗောဂ်စ်ဝက်ဂွန်း ကားလေးကို သူကိုယ်တိုင်မောင်းပြီး လာခဲ့သည်။
ချမ်းသာသောမိဘများ၏ တစ်ဦးတည်.သော သားလည်းဖြစ်၊ ပညာကလဲ၊ ဆေးသိပ္ပံဘွဲ့ကို ရန်ကုန်ဆေးတက္ကသိုလ်မှ ရခဲ့သည့်အပြင် နှလုံးရောဂါ အထူးကုပါရဂူဘွဲ့ကိုလည်း နိုင်ငံတော်အစိုးရ ပညာတော် သင် အဖြစ်ဖြင့် အင်္ဂလန်မှာ သင်ကြားအောင်မြင်ဘွဲ့ယူလာခဲ့သူဖြစ်သည် ရုပ်ရည်ကလည်း ယောက်ျားပီသပြီး မိန်မးမပျိုတို နှစ်သက်သည့်ရုပ်ရည် မျိုးဖြစ်သည်။ အနေအထိုင် အကျင့်သိက္ခာကလည်း မဲစွန်းမထင် တည်ငြိမ်သန့်ရှင်းသည်ဖြစ်ရာ ဒေါက်တာ စောဝင်းကို သားမက်တော်လို ကြသောသူတွေ ဘဝကြင်ဖော်အဖြစ် မြှောင်လင့်တောင့်တသူတွေ မနည်းချေ။
ဒေါက်တာစောဝင်း မိဘတွေကိုယ်တိုင်ကလည်း သားဖြစ်သူကို သူတို့မျက်စေ့မမှိတ်ခင်မှာ သင့်လျော်သော အမျိုးသမီးလေး တစ်ဦးတစ် ယောက်နှင့် တင့်တင့်တယ်တယ်ဖြစ်စေချင်သည်။သို့သော် ဒေါက်တာစောဝင်းကား အိမ်ထောင်ပြုလိုသောစိတ် မရှိသေးချေ။
“သားရယ် ဇာတိ ဇရာ ဗျာဓိ မရဏ ဆိုတာကို မြတ်စွာဘုရား သော်မှ မလွန်ဆန်နိုင်ဘဲနဲ သားကပုထုဇဉ် လူသာမန်တစ်ယောက်ပဲ။တားဆီးလို့ ရမလား မကြံစည်အပ်တာကို မကြံချင်စမ်းပါနဲ့ သားရယ် ‘ဟူသောစကားကို မိဘများက ရှေးဆန်ဆန် တရားနှင့်ယှဉ်ပြီး ပြောကြသော်လည်း၊ ဒေါက်တာစောဝင်းကား ပြုံးပြုံးရယ်ရယ်ဖြင့်ပင် ပြန်လည်ဖြေရှင်းပြသည်။
“မေမေတို ပြောတာ မှန်ပါတယ်။ ဒါပေမဲ့ အိုချိန်တန်လို့ အိုတာ နာချိန်တန်လိုနာတာ သေချိန်တန်လို့ သေတာကို မြတ်စွာဘုရားလည်း မတားဆီးနိုင်ဘူးဆိုတာ သားသိပါတယ် မေမေ၊ အချိန်မတန်သေးဘဲနဲ့ မဖြစ်သင့်သေးဘဲနဲ့ ဖြစ်တာကို သိပ္ပံနည်းနဲ ့ တားဆီးကာကွယ်ရင် ရလေမလားလို့ ကျွန်တော်ကျိုးစား ကြည့်ချင်ပါတယ်။ ကျွန်တော် ကြိုး စားချက် အောင်မြင်ရင် လူသားတွေအဖို့လည်း အကျိုးရှိကျွန်တော်လည်း ကုသိုလ်ရပါတယ် အိမ်ထောင်ပြုလိုက်ရင် စိတ်ဝင်စားမှု ပေါ့သွားမှာ စိုးလို့ ပါ”
အိမ်ထောင်ပြုစေချင် လွန်းသော မိဘများကို ဒေါက်တာစော ဝင်းက ဤသို့ သာသာညှင်းပျောင်းတုံ့ပြန်သည်။
“ဒါဖြင့် သားလုပ်ငန်းကြီး မအောင်မြင်သမျှအသက်ထက်ဆုံး အိမ်ထောင်မပြုတော့ဘူးပေါ့”
ထိုအခါ ဒေါက်တာစောဝင်းက မိဘများကျေနပ်အောင် အဖြေပေးလိုက်သည်။
“ငါးနှစ်ပဲ ခွင့်ပြုပါမေမေ ငါးနှစ်စေ့ရင် ကျွန်တော်အခြေပေးပါမယ်။”
ငါးနှစ်လောက် နားအေးအေးဖြင့် သူစိတ်ဝင်စားသည့်အလုပ် ကို လုပ်နေရလျှင် မနည်းဟု စဉ်းစားကာ ပြန်ပေးလိုက်သော အဖြေကို ကြေနပ်လိုက်ကြရပြန်သည်။
ဒေါက်တာစောဝင်း ကြံစည်ကြိုးစားနေသော ကိစ္စကား၊ နေရောင်ခြည်ထဲမှာ ရှိနေသော ခရမ်းလွန်ရောင်ခြည်ကို ထုတ်ယူပြီး လူတွေ၏ ခန္ဓာကိုယ်မှာ အချိန်မတန်သေးဘဲနှင့် ချို့ယွင်းချက်များဖြစ်ပေါ်လာခြင်းကို တားဆီးကာကွယ်နိုင်သည့်နည်းကို ရှာကြံနေခြင်း ဖြစ်သည်။
သူ့လုပ်ငန်း အကောင်အထည် ပေါ်ရန်မှာ အစိုးရအရာထမ်း လခဖြင့် မလုံလောက် မိဘများထံမှ အပူမကပ်ချင်သောကြောင့် သူကိုယ် ် ဆေးကုခန်းဖွင့်ပြီး အပိုဝင်ငွေရှာခဲ့သည်။ သို့သော် ဒေါက်တာစော င်း၏ ဆေးခန်းသို့ ရောက်လာသော လူနာတွေကို ဒေါက်တာစောဝင်း သည် စေတနာ့ဝန်ထမ်း ကုသပေးလိုက်သည်က များသည်။ ဆင်းရဲသည့် နာဆိုလျှင်ဆေးဖိုး ဆေးကုခမယူသည့်အပြင် မော်တော်ကားခ ဓါတ် ဖိုး စသည်တို့ကိုပင် အထိုက်အလျောက် ပေးလွှတ်လိုက်သည်။
ခရီးဝေးလံသည့်လူနာ လမ်းစရိတ်အတွက် အခက်အခဲဖြစ်နေ သည့်လူနာ ဆေးခန်းကိုပင် မလာနိုင်အောင် အခြေအနေမျိုး ဖြစ်နေသော နာဆိုလျှင် နေရပ်လိပ်စာကို မေးထားလိုက်ပြီး အားလပ်ချိန် ရသည်နှင့် တစ်ပြိုင်နက် ကိုယ်တိုင်သွားရောက်ကုသပေးသည်။ ဆေးဝယ်ပေးခဲ့ သည်။ အားရှိသည့် အစာဝယ်စားရန် ငွေကြေးပေးခဲ့သည်။
ထို့ကြောင့် ဒေါက်တာစောဝင်းဆိုလျှင် မသိသူမရှိသလောက် ဖြစ်နေသည်။
ဆေးရုံမှာ ကုသရသည့် လူနာတွေအပေါ်မှာ ဆက်ဆံပြုစုပုံ ကြင်နာခြင်း၊ ဂရုစိုက်ခြင်း၊ ဆေးရုံရောက်လာသည့် ဆင်းရဲသော လူနာ တွေကို တတ်နိုင်သလောက်ပေးကမ်း ကျွေးမွေးခြင်းဆေးရုံက ဆင်းသည့် အခါ ဆင်းရဲလွန်းသူ ဖြစ်နေလျှင် သူ့မော်တော်ကား အဆင်ပြေလျှင် ယ်တိုင်လိုက်ပို့ပေးသည်။ သို ့မဟုတ်က လမ်းစရိတ်ပေးလိုက်သည်။
ထို့ကြောင့် အပြင်ဆေးခန်းမှာရော ဆေးရုံမှာရော လူပေါင်း မြားစွာက သိနေသော ဒေါက်တာစောဝင်းသည် သူသွားသည့် လမ်းတစ် လျှောက်မှာ သူဆေးကုသဘူးသည့်လူနာကို အနည်းဆုံးနှစ်ယောက် လောက်တော့တွေ့ ရသည်ချည်းဖြစ်သည်။ တစ်ခါတစ်ရံ သူမမှတ်မိသော် လည်း၊ ဆေးကုသခံသည့်သူက မှတ်မိနေသည်။
သွားရင်း လာရင်း လမ်းမှာ လူတစ်ဦး တစ်ယောက်ကျန်းမာရေ ကြောင့် ရှောင်တခင် အခက်ခဲဖြစ်နေသည်ကို တွေ့ရလျှင် မဆိုင်းမဟု ဝင်ရောက်ကူညီပေးတတ်သည်။ ထို့ကြောင့် ဒေါက်တာစောဝင်းသည် တာဝန်နှင့်အပြင်ထွက်သည်ဖြစ်စေ အလည်အပါတ်သက်သက်အပြင် ထွက်သည်ဖြစ်စေ၊ သူ့ မော်တော်ကား ပေါ်တွင်ဆေးဝါး အစုံအလင် ဆေးကုသသည့် ကရိယာအစုံအလင်ထည့်ထားသည့် ဆေးအိတ်က အမြဲ ပါတတ်သည်။
*** ***
ရှစ်မိုင်ရှိ သူငယ်ချင်းထံ သွားလည်ရန် စိတ်လက်အေးချမ်းစွာ ဖြင့် မော်တော်ကားကို မောင်းလာသော ဒေါက်တာစောဝင်းသည် ပြည်လမ်းမကြီးပေါ် တစ် နေရာအရောက်တွင် လမ်းဘေးမှာ လူတစ်စုဝိုင်း အုံနေသည်ကို တွေ့ရသည်။ လူတစ်စုဝိုင်းအုံနေသော နေရာကား မော်တော်ကားလမ်း၏ လက်ဝဲလက်ဘေးဖြစ်သည်။ လက်ယာကပ်မောင် စနစ်အတိုင်း ဒေါက်တာစောဝင်းက လမ်းယာဘက်ကို ခပ်ကပ်ကပ်မောင်း လာသည်။
ထိုလူစုဆီကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး သူ့ မော်တော်ကား ကို ဂရုစိုက်မောင်းနေခိုက်မှာ“ဆရာ – ဆရာ’ဟူသော အားကိုးခြင်းကြီးစွာဖြင့် အော်ခေါ်နေသောအသံကို ကြားလိုက်ရသည်။ မည်သူ ့ကိုခေါ်မှန်း မသိသောကြောင့် ဒေါက်တာ စောဝင်းက မော်တော်ကားကို မောင်းမြဲတိုင်း မောင်းနေသည်။
“ဆရာ ဦးစောဝင်း – ဆရာဦးစောဝင်း ကယ်ပါအုံး ဟူသောအသံကို စူးစူးယှယှ ကြားလိုက်ရသောကြောင့် မော် တော်ကားကို အရှိန်သပ်ကာလမ်းဘေးမှာ ကပ်ပြီးရပ်လိုက်သည်။ အသံ ကြားရာသို့ ကြည့်လိုက်သည်။ တစ်ကြိမ်သောအခါက သူကုသပေးခဲ့ဘူး သည့် လူနာဖြစ်ဟန်ဟူသော အမျိုးသားတစ်ယောက်က“ဆရာ ကျွန်တော့်အဖေ လမ်းသွားရင်း လဲပြီးသတိလစ်သွားပါတယ်၊ ကယ်ပါအုံးဆရာ”
ဟု လမ်းတစ်ဘက်ဘေးက အော်ပြောနေသည်။ မော်တော်ကား တွေက ဥဒဟိုသွားနေသည်ကြောင့် လူနာရှင်သည် လမ်းကိုဖြတ်ကူးပြီး ခေါ်ရန် ခက်ခဲသည့်အတွက် လမ်းတစ်ဘက်ဘေးက အားကိုးခြင်းကြီးစွာ နှင့် အော်နေခြင်းဖြစ်သည်။
ဒေါက်တာစောဝင်းက ဆေးအိတ်ကိုယူပြီး ဆင်းလိုက်သည်။ မော်တော်ကားကို သော့ခတ်လိုက်ပြီး လမ်းအရှင်းကို ကြည့်ကာ ဖြတ်ကူး လိုက်သည်။ပြည်လမ်းမကြီးကလည်း ကျယ်ပန်းလှသည်။
ထိုအခိုက် အရှိန်ပြင်းစွာမောင်းလာသော ကိုယ်ပိုင်မော်တော် ကားတစ်စီးသည် ပြိုင်ပွဲဝင်သည့် နှုန်းမျိုးလို တစွတ်ထိုးမောင်းလာရာ ဒေါက်တာစောဝင်းသည် ရှောင်လိုက်ရန် အချိန်မရလိုက်တော့ချေ။ မော်တော်ကားက ဝင်တိုက်ပြီးကားရှေ့ဘန်ပါနှင့်ညိကာ ဒရွတ်တိုက်ပါ သွားရှာလေတော့သည်။ လမ်းဘေးနှစ်ဖက်ရှိ လူတွေ၏ ထိတ်လန့်စွာ အော်လိုက်သောအသံသည် ဆူညံသွားလေသည်။ မော်တော်ကားကမူ မရပ်၊ အရှိန်ကိုပိုပြီး တိုးမြှင့်မောင်းသွားသည်ဖြစ်ရာ ငြိပါသွားသော ဒေါက်တာစောဝင်းသည် ပေတစ်ရာကျော်မျှ ဒရွတ်တိုက်ပါသွားပြီးမှသွေး ရဲရဲဖြင့် လမ်းပေါ်တွင် ပြုတ်ကျကျန်ခဲ့လေတော့သည်။
မော်တော်ကားမောင်းသူကား မိုင်နှုန်းအကုန်မောင်းကာ ထွက်ပြေးသွားလေပြီ။ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် အဖိုးတန် လှသော သားကောင်းရတနာ တစ်ယောက်ကား လူမဆန်သော သူယုတ် ာကားမောင်းသမား၏ ရက်စက်မိုက်ရိုင်းမှုကြောင့် အမိနိုင်ငံကိုကျောခိုင်း ကာမပြန်လမ်းသို့ ပြန်းရှာလေပြီ။
ကွေးသောလက်ကို မဆန်မှီ ဆန်သောလက်ကို မကွေးမှီ သင်္ခါ ရတရားကားဖြစ်တတ်၊ ပျက်တတ်၏ဆိုသော ဗုဒ္ဓတရားတော်ကား မှန်လှ ချေသည်။
“ခွေးတိရစ္ဆာန်ကားကို ဘရိတ်အုပ်လိုက်ရင် တိုက်မိမှာမဟု ဘူး”
“ဖြစ်ရလေခြင်းနော်၊ သေချင်းဆိုးကား ဒရိုင်ဗာယုတ်မာလိုက်တာ “တောက် … လွတ်သွားတာ နာလိုက်တာ၊ အမှုန် ့ချေပစ်မယ်…”
“ဖြစ်ရလေခြင်း ဆရာရယ်၊ ကျွန်တော့်ကျေးဇူးရှင်ကို ကျွန်တေ သတ်သလို ဖြစ်နေပါပြီကော”
တစ်ယောက်တစ်ခွန်း မချိတင်ကဲပြောကြသံ၊ ငိုကြသံတွေသည် ဝိုင်းအုံကြည့်နေကြသော လူအုပ်ကြီးထဲက ဆူဆူညံညံထွက်ပေါ်နေသည်။ မော်တော်ကားနံပါတ်ကိုမူ မည်သူမှမမှတ်မိလိုက်ကြချေ။ အိုပယ် အမျိုးအစား၊ အစိမ်းပုတ်ရောင် မော်တော်ကား၊ မောင်းသွားသူက ဆံပင် ဖြူဟူ၍သာ ရဲဘက်ကမှတ်တမ်းတင်နိုင်တော့သည်။ အဖိုးတန်လှသော ဆေးပညာရှင်၊ စေတနာရှင်များစွာသော
ဆင်းရဲသား လူတန်းစားတို့၏ ကျေးဇူးရှင်ဒေါက်တာစောဝင်း၏ မရှုရက်စရာဟသိဝိညာဉ်ကင်းမဲ့နေသော ရုပ်ခန္ဓာကို လူနာတင်ကားဖြင့် သယ်သွားကြလေပြီ။
*** ***
ဦးအေးဟန်သည် မောင်းလာသော မော်တော်ကားကို ကာ တွင်းသို့ ကဗျာကသီသွင်းပြီး ကားရုံတံခါးကို သော့ခတ်ပိတ်လိုက်သည်။ ခန့်ညားလှပစွာ ဆောက်လုပ်ထားသော သူပိုင်တစ်ထပ်တိုက်အတွင်း နောက်ဘေးတံခါးမှ ဝင်သွားသည်။ မီးဖိုထဲမှာ ထောပတ်ညှော်နံ တသင်းသင်းဖြင့် မလိုင်လုံးများကို အိုးကင်းပူတိုက်နေသော ချစ်ဇနီး ဒေါ်ကြူသင်းက အိုးကင်းကို မီးဖိုပေါ်ကချပြီး နှုတ်ကအသံပြုလိုက်သည်။
“ရှင် ထမင်းစားတော့ … အို.. ဘာဖြစ်လာတာလဲ”
ဒေါ်ကြူသင်းသည် သူ ပထမမေးခွန်းကို တစ်ပိုင်းတစ်စ ရပ်လိုက်ပြီး ဒုတိယမေးခွန်းကို ဆက်မေးလိုက်သည်။ သူတို့ဇနီးမောင်နံကို ဦး-ဒေါ်တပ်ပြီး ခေါ် ရသော်လည်း အသက်အရွယ်တွေမှာ အဖိုးကြီး အမယ်ကြီးပိုင်း မရောက်ကြသေးချေ။ လေးဆယ်အနားမှာသာ နေကြသေးသည်။ အသက်ဆယ့်ရှစ်နှစ်အရွယ် သားကြီး မောင်မောင်ချို၊ က္ကသိုလ်ဝင်တန်း အသက်ဆယ့်ငါးနှစ်ရွယ် သမီးခင်သီတာ၊ ရှစ်တန်း သားသမီးနှစ်ယောက်သာ ရှိကြသည်။ အူတုံသည်းတုံချစ်လိုက်ကြ သည်မှာ ငုံထားလုနီးပါးပင်။
အရင်းရှင် ကုန်သည်ကြီးများပီပီ အလွန်အမင်း ချမ်းသာခဲ့ကြ သည်။ ယခုလုပ်ငန်းတွေ ပြည်သူပိုင်အသိမ်းခံလိုက်ရသောအခါမှာ ဘာအလုပ်မှမလုပ်တော့ဘဲ အထုပ်ကြီးအထည်ကြီး စုဆောင်းထားခဲ့သည် ကို အေးအေးလေး ထိုင်စားနေကြသည်။ ပါးနပ်သူများပီပီ ဒရိုင်ဘာကို အခွင့်အရေး မပေးလိုသောကြောင့် ယဉ်ယဉ်လေးချော့ခါ အလုပ်မှထုတ် က်ပြီးဖြစ်သည်။ အသက်တမျှ ချစ်သောသားနှင့်သမီးကို ဦးအေးဟန် ကိုယ်တိုင် မော်တော်ကားမောင်းပြီး ကျောင်းပို႔သည်။
ယခုလည်း သားနှင့်သမီးကို ကျောင်းပို့ပြီး အိမ်အပြန်ဖြစ် သည်။ဦးအေးဟန်၏ မျက်နှာမှာ အတွင်းစိတ်၏ ကြောက်ရွံ့ခြင်း ပူပန်ခြင်း၊ စိတ်ပန်းကိုယ်ပန်းဖြစ်ခြင်းတို့ ကြောင့် ပုံပျက်နေသည်။မေးခွန်းထုတ်သော ဇနီးသယ်ကို ပြူးကြောင်သော မျက်လုံးဖြင့် ကြည့်နေ နဖူးမှချွေးတွေကို သုတ်လိုက်သည်။
“ဘာဖြစ်တာလဲ အကိုဟင် . . . ဘာဖြစ်လာတာလဲလို့ . . . ”
ဒေါ်ကြူသင်းက စိုးရိမ်ပူပန်စွာဖြင့် ဦးအေးဟန်၏ လက်မောင်း ကိုင်လှုပ်ပြီးမေးသည်။
“ငါ……. ငါ.. ဟို… လူ …. တစ်ယောက်ကို ကားနဲ့ တိုက်မိလာတယ် …”
ဦးအေးဟန်က မောသံကြီးဖြင့် ပြောပြီးသူ့နဖူးက ချွေးသီးတွေ သက်ပြင်သပ်ခလိက်သည်။
“ဘယ်မှာသွားတိုက်တာလဲ၊ သေသွားသလား”
ဒေါ်ကြူသင်းက မေးရင်းရဲတွေ ထက်ကြပ်လိုက်လာသလားဟူသောစိတ်ဖြင့် စိုးရိမ်စွာ အိမ်ရှေ့သို ့ လှမ်းကြည့်လိုက်သည်။
“ငါလဲ ကလေးတွေကို ကျောင်းပိုပြီး ရှစ်မိုင်က မောင်းသွားတယ်၊ အပြန် ထမင်းကလည်းဆာ မောင်မဲတို့နဲ့ ပြောရဆိုရလည်း အဆင်မပြေဖြစ်တော့ စိတ်ကလည်း တိုလာတယ်၊ စိတ်တို ကားကိုမောင်းလာတာ မိုင်နှုန်းငါးဆယ်ကျော်မလားဘဲ၊ တိုက်မီတာယောက်ျားဘဲ၊ ပြည်လမ်းမကြီးပေါ်မှာ”
“ရှင့်ကို ရဲကမဖမ်းဘူးနော်”
“ငါ့မှ ကားမရပ်ဘဲ၊ အမြန်ဆုံး မောင်းပြေးလာခဲ့တာ”
“အင်း . . . နံပါတ်ကို မမှတ်မိရင်တော့ ကိစ္စမရှိပါဘူး၊ ရှင်း၊ ကားရော အိမ်ထဲက ဘယ်မှမထွက်ဘဲ အမေ့ခံနေလိုက်ရင် ပြီးတန်း ပါရဲ့လေ၊ ရှင်တိုက်ခဲ့တဲ့လူကသေလား”
“မသိဘူး၊ သေတယ်လို့ထင်တာဘဲ၊ ကမြင်းမသား တိုက်ပြီးကို အေးအေးမနေသေးဘူး၊ ကားရှေ့ဘန်ပါနဲ ချိပ်ပါလိုက်သေးတာ”
ဦးအေးဟန်က လူတစ်ယောက်ကို ပရွက်ဆိပ်တကောင် လောက်တန်ဘိုးမထားသော စကားမျိုး ပြောလိုက်သည်။
“ရှင်အမေ့ခံပြီး အိမ်ထဲမှာ ငြိမ်ငြိမ်နေ အခုအချိန်အထိ မလိုက်လာဘူးဆိုတော့ ကားနံပါတ်ကို မမှတ်မိလို့ဘဲ။ ကဲလေ ခေါင်း အေးအေးထားပါ။ ထမင်းစားတော့ ဟုတ်လား ထမင်းစားပြီး မလိုင်နဲ႔ ထောပတ်နဲ့ပြန်နွေးပြီး လှိမ့်ထားတာ မွှေးနေတာဘဲ”
“သားနဲ့ သမီးကို ကြိုဖို့ရော”
ဦးအေးဟန်က မေးသည်။
“ဘယ်တတ်နိုင်ပါမလဲ။ သူတို ့ကျောင်းနဲ့ လမ်းသင့် လိုင်းဘတ်စ်ကားနဲ့ လိုက်ကြပေါ့ရှင်က ထွက်လို မှမဖြစ်သေးတာ’
နောက်တစ်နေ ့ထုတ် သတင်းစာများတွင် ဒေါက်တာစောဝင်း ကားတိုက်၍သေဆုံးရသည့်သတင်းသည် ဒေါက်တာစောဝင်း၏ ဓာတ်ပုံနှင့်တကွ ပြည့်ပြည့်စုံစုံ ပါလာသည်။ ဒေါက်တာစောဝင်း၏ ကိယ်ရေးရာဇဝင်ရော လူနာတွေအပေါ်မှာ ထားသည့်စေတနာရော သတင်းစာမှာ ဖော်ပြပြီး၊ တိုက်သွားသောကားကို သိသူရှိပါက ရဲဘက်ကို သတင်းပေးပို့ကြပါရန် မေတ္တာရပ်ခံသော သတင်းပါ သတင်းစာတွင်ပါ လာသည်။
သတင်းစာကို ဖတ်ရသူအားလုံးသည် ယူကြုံးမရဖြစ်ကြရသည်။ကိုယ်ချင်းစာနာသူများ ဒေါက်တာစောဝင်း၏ ဆေးကုသမှုကို ခံယူဘူးသူ များကား မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရသည်။ ပူဆွေးကြေကွဲကြသည်။ သို့သော်
“တော်သေးရဲ့ အကို ဘယ်သူမှမသိလိုက်ကြဘူး။ ဒါကြောင့် ရဲက မေတ္တာရပ်ခံရတာပေါ့။ ခြောက်လလောက် အမေ့ခံနေလိုက် စိတ်ချတဲ့ လူတစ်ယောက်ကို အိမ်ခေါ်ငွေကြေနပ်အောင်ပေးပြီးဆေး ဆင်ပြောင်းသုတ်လိုက်တာပေါ့”ဟု ဒေါ်ကြူသင်းက သတင်းစာကိုကိုင်ပြီးစိတ်လက်ပေါ့ပါး လန်းစွာ ပြောလိုက်သည်။
“အေးဟဲ့ ငါလည်းခုမှ တော်တော်စိတ်အေးသွားတော့တယ်”
ဦးအေးဟန်က ပြောရင်းမျက်နှာမှာ ပြုံးရိပ်များပင် သန်းနေသည်။
မောင်မောင်ချိုနှင့် ခင်သီတာကား ဖခင် အခြေအနေအရ ကြုံရာ လိုင်းကားဖြင့် ကျောင်းတက်ရန် ထွက်ခွာသွားကြပြီဖြစ် သည်။ လူတိုင်းလိုလို သိနေသော ဒေါက်တာစောဝင်း ဆင်းရဲသားအပေါင်း ၏ကျေးဇူးရှင်ဖြစ်သော ဒေါက်တာစောဝင်း အကြောင်းကိုလူတွေက မမေ့နိုင်အောင် ဖြစ်နေကြသည်။ ဒေါ်ကြူသင်း ဈေးသွားသည့်အခါမှာ ဈေးထဲတွင် ဒေါက်တာစောဝင်းအကြောင်း ပြောနေကြသည်ကိုကြားရသည်။ ဒေါက်တာစောဝင်း၏ ကျေးဇူးရှိကြောင်း မော်တော်ကား၊
တိုက်သွားသူကို မည်သို့မည်ပုံစီရင်ချင်ကြောင်း စသည်တို့ကို ဒေါ်သင်းမကြားချင်ဘဲ ကြားရသည်။ မျက်နှာမပျက်အောင် ဟန်လုပ်နေခဲ့ရသည်။ မောင်မောင်ချိုနှင့် ခင်သီတာတို့ ကျောင်းမှာဆိုလျှင် ခေါ တာစောဝင်းသည် ဤကျောင်းမှာ ပညာသင်ကြားခဲ့ဘူးကြောင်း အဖိုး တပည့်ဟောင်းဖြစ်၍ စိတ်မကောင်းကြောင်းကို ဆရာတွေဆရာမင်း ပြောနေကြသံကို မောင်နှမနှစ်ယောက်မကြားချင်ဘဲ ကြားနေကြရသည်
ထိုအခါ ဦးအေးဟန်တို့ မိသားစုသည် ဒေါက်တာစောဝင်း ကြင်နာသောစိတ် မပေါ်ဘဲ၊ ဤမျှလောက်အဖြစ်သည်း ကြရပါမည်လာ ဟု ဒေါက်တာစောဝင်းအတွက် နာကျည်းသူ ခံခက်သူကြေကွဲဝမ်းနည် သူတွေကို မုန်းတီးရွံရှာလာကြသည်။ ဖြစ်နိုင်လျှင်-
“ငါတို့ တိုက်သတ်လိုက်တာဟေ့၊ နင်တို ဘာတတ်နိုင်လဲ ဟုပင် အော်လိုက်ချင်ကြသည်။
မော်တော်ကားကို ဇနီးမောင်နှံနှစ်ယောက်စစ်ဆေးကြည့်လို ကြသည်။ ကားရှေ့ဘန်ပါ အနည်းငယ်ပိန်သွားသည်ကလွဲပြီး အပျက် စီးမတွေ့ရချေ။ သွေးအစအန အနည်းငယ်ပေကျံနေသည်ကို ဇနီးမောင် နှစ်ယောက်သုတ်သင်လိုက်ကြသည်။ ထိုသည် နောက်ဝယ် ဦးအေး နှင့် ဒေါ်ကြူသင်းတို့သည် ထိုကိစ္စကို ခေါင်းထဲမှာ တတ်နိုင်သလော မေ့ပျောက်ထားလိုက်ကြသည်။
ခင်မင်သည့် မိတ်ဆွေများ အိမ်အလည်ရောက်လာသည့် သားသမီးတွေ အကြောင်းကိုအားရဝမ်းသာ ဂုဏ်ယူပြောရသည်ကို မောင်နှံနှစ်ယောက်လုံး များစွာ နှစ်ခြိုက်ပီတိဖြစ်ကြသည်။
“သားကြီး မောင်မောင်ချိုကလေ အခု သိပ္ပံဘာသာရ အောင်ရင်ဆေးတက္ကသိုလ်ကိုဆက်မှာ သားကပါရဂူဘွဲ့ရ ဆရာဝန်ကြီ သိပ်ဖြစ်ချင်နေတယ်”
“ဟုတ်တယ်၊ ကျုပ်တို့ လည်း သားမောင်မောင်ချို ဆရာဝန်ကြီး ဖြစ်တော့မှပဲ နေထိုင်မကောင်းဖြစ်တော့မယ်ဗျာ အခုတော့ ဖျားချင်တာ -ဘောင် အောင့်ထားလိုက်အုံးမယ်”
ဟူသောစကားကို ဇနီးမောင်နှံနှစ်ယောက် အလုအယက်ပြော ကြသည်။ ထိုအခါ ဆရာဝန်ဆိုသောစကားကြောင့် ဒေါက်တာစောဝင်း အကြောင်းကို ကြောင်းကို မိတ်ဆွေတွေက စကားရသွားကာ ဒေါက်တာစောဝင်းလို ပိတ်ထားမြင့်မြတ်သည့် ဆရာဝန်မျိုး ဖြစ်စေလိုကြောင်း ပြောကြသည်။
ဦးအေးဟန်နှင့် ဒေါ်ကြူသင်းတို ့သည် ဒေါက်တာစောဝင်း အကြောင်း ကြားလိုက်ရလျှင် နားထဲမှာ ကြားရကပ်လှသည်။ ချက်ချင်း ကားဖြတ်ကာ တခြားအကြောင်းကို စကားဦးလှည့်လိုက်ကြသည်။ ညီနှင့်ပင် ဒေါက်တာစောဝင်းတစ်ယောက် လူ့လောကကြီးထဲက ရင်နာ ယ်အဖြစ်မျိုးနဲ့ ပျောက်ကွယ်သွားခဲ့သည်မှာ သုံးလကျော်လေးလခန့် ့ကြာခဲ့လေပြီ။ ဦးအေးဟန်နှင့် ဒေါ်ကြူသင်းတို့ပင် ထိုကိစ္စကို မေ့သ လောက်ဖြစ်နေခဲ့လေပြီ။
*** ***
သားကြီး မောင်မောင်ချိုနှင့် သမီးငယ်ခင်သီတာဘို့ ကျောင်းတက်ရန် သွားကြပြီး၊ ဇနီးမောင်နှံ နှစ်ယောက်နံနက်စာကို မြိန်ယှက်စွာစားပြီးကြသောအခါ ရေခဲသေတ္တာထဲမှာ နိုမလိုင်နိုင်းချင်းဖြင့် လုပ်ထားသော စတော်ဘယ်ရီ ရေခဲမုန့် ကို ဒေါ်ကြူသင်းက ယူထုတ်လိုက်သည်။
“အစ်ကို ထမင်းစားပြီး အချိုလေး တဲလိုက်အုံး သားနဲ့သမီး အတွက်ပါပိုပြီး အများကြီးလုပ်ထားတယ်။ သားနဲ ့သမီးက ဒီလိုရေခဲမုန့်မျိုးဆို သိပ်ကြိုက်ကြတယ်”
ဒေါ်ကြူသင်းကပြောပြီး ဦးအေးဟန်ကို တစ်ပန်းကန်ပေးခါ သူကိုယ်တိုင် တစ်ပန်းကန်စားနေသည်။ ဦးအေးဟန်က ရေခဲမုန် ့ကို စည်းစိမ်ခံစားရင်း“အေးကွယ် သားနဲ့သမီးကိုလည်း သနားလှပါပြီ။ ကျောင်းတက်ရတာ သိပ်ကသီလင်တ နိုင်တာပဲ”
ဟု သားသမီးများကို ကြီးမားသော ဂရုဏာဖြင့် ငြီးငြီးငြူငြူ ပြောလိုက်သည်။
“ဟုတ်တယ်အစ်ကို ကျောင်းရောက်အောင်ဘတ်စ်ကားက နှစ်တန် ပြောင်းစီးရတာ ဟိုဘက်မှတ်တိုင်နဲ့ ဒီဘက်မှတ်တိုင်ကို လမ်းဖြတ်ကူး စီးရတာ သိပ်ဒုက္ခရောက်တာဘဲ၊ မော်တော်ကား တွေက လည်း အမောင်းသိပ်ရမ်းတာဘဲလို့ သမီးကပြောတယ်၊ ရှေ့လဆန်းဆို ရင် သူတို့ စာမေးပွဲက စစ်တော့မှာပါ။ ဒီရက်အတွင်းတော့ စိတ်မချမ်း မသာနဲ့ သားနဲ့သမီးမော်တော်ကားဘေးက ကင်းဝေးပါစေလို့ ဆုတောင်း နေရမှာဘဲ”
ဒေါ်ကြူသင်းက စိတ်မချမ်းသာဟန်ဖြင့်ပြောသည်။ ထိုအခိုက် အိမ်ရှေ့မှာ သုံးဘီးကားတစ်စီး ထိုးရပ်လိုက်သည်။ ဧည့်သည်ဖြစ်လေ သလားဟူသော အတွေးဖြင့် နှစ်ယောက်သား ကြည့်နေကြစဉ်မှာ သမီးခင် သီတာ ရှိုက်ကြီးငင်ကြီး အော်ဟစ်ငိုကြွေးကာ အိမ်ထဲသို ့ပြေးဝင် လာသည်။
“ဟဲ့ သမီးဘာဖြစ်လာတာလဲ”
“ဘာဖြစ်လို့လဲဟင် … နင့်အကိုရော …”
ဦးအေးဟန်နှင့် ဒေါ်ကြူသင်းတို ့ ထိတ်လန့်စွာ တစ်ယောက် တစ်ခွန်းမေးလိုက်ကြသည်။
“အကို သေပြီ၊ ဟိုမှာ မော်တော်ကားတစ်စီးက တိုက်သတ်သွား တယ်၊ ဆေးရုံကိုယူသွားကြပြီ”
ငိုရင်းရိုက်ရင်း ဗလုံးဗထွေးပြောလိုက်သော ခင်သီတာစကားကြောင့် ဒေါ်ကြူသင်းသည်“ဟင် …ဟူသော စကားတလုံးသာထွက်နိုင်ပြီး အနီးရှိ ဆိုဖာပေါ်သို့ ပေျာ့ခွေစွာ လဲကျသွားသည်။
ဦးအေးဟန်ကား ဇနီးသည်ကို မကြည့်အားသေး။ သမီးဖြစ်သူ ကိုသာလိပ်ပတ်လည်အောင် မေးနေသည်။ ထိုအခါမှ သားနှင့်သမီး သည် ဘတ်စ်ကား ပြောင်းစီးရန် လမ်းတစ်ဘက်မှတ်ကိုင်သို့ ဖြတ်အကူး အရှိန်ပြင်းစွာ မောင်းလာသော ကိုယ်ပိုင်မော်တော်ကားတစ်စီးက တိုက်သွားကြောင်း၊ မောင်မောင်ချိုမှာ နေရာတွင်ပွဲချင်းပြီး သေဆုံး သွားကြောင်း။ မော်တော်ကားက မောင်းပြေးသည့်အတွက် မမိလိုက်ဘဲ ထွက်သွားကြောင်း မောင်မောင်ချိုအလောင်းကို ဆေးရုံသို့ယူသွားပြီ စ်ကြောင်းကို စုံစုံစေ့စေ့သိလိုက်ရသည်။
ဦးအေးဟန်သည် လက်သီးကို တင်းကြပ်စွာဆုပ်ကာ ကောက် ခေါက်ရင်း မျက်ရည်ပေါက်ကြီးများ တလိမ့်လိမ့်ကျဆင်းလာသည်။
“ငါ့သားကို တိုက်သတ်သွားတဲ့ ကားဒရိုင်ဘာ ထမင်းဝစား ထားဟေ့၊ နင့်ကို မိရင်တော့လား၊ ငါ့လက်နဲ ့ ငါ့ကိုယ်တိုင်အမှုန် ချေပစ်
ပြင်းထန်သော ဒေါသနာကျည်းသောစိတ်ဖြင့် ဦးအေးဟန်က ပြောပြီး အသံမထွက်နိုင်တော့ဘဲ ဆိုဖာပေါ်မှာ ခွေလဲနေသော ဒေါ်ကြူ ယင်းကို သားအဖနှစ်ယောက် တွဲယူလိုက်သည်။
“လာ . . . ငါတို့ ဆေးရုံလိုက်သွားကြရအောင်၊ မော်တော်ကား သွားထုတ်လိုက်အုန်းမယ်”
ဦးအေးဟန်က ပြောပြီး၊ မော်တော်ကားကို ကြာမြင့်စွာသိမ်း များသည့် ကားရုံထဲက မောင်းထုတ်လာသည်။ ထိုအချိန်မှာ သူတို့ မိသားစုသုံးယောက်လုံး စိတ်ထဲတွင် ဤမော်တော်ကားဖြင့် ဒေါက်တာစောဝင်းကို တိုက်သတ်ခဲ့ပြီး အဖမ်းမခံဘဲ ထွက်ပြေးလာခဲ့သည်ဟူသော အကြောင်းကို လုံးဝသတိမရကြတော့ချေ။ သူတို စိတ်တစ်ခုလုံးသည် မောင်မောင်ချိုကို တိုက်သတ်သွားသည့် ကားမောင်းသူကို အစိမ်းဝါးစား ချင်လောက်အောင်ပင် ဒေါသဖြစ်နေခြင်း၊ မောင်မောင်ချိုအတွက် အသည်းနှလုံး ကြွေပြုန်းလုမျှ ပူဆွေးနေရခြင်း၊ ဆေးရုံကိုအမြန်ဆုံး ရောက်လို ကြခြင်း၊ သား၏ရုပ်ကလာပ်ကို ကြည့် လိုကြခြင်း စသည့်စိတ်တွေကသာ သူတို့၏အသိဉာဏ်ကိုရော နှလုံးသားကိုရော ဦးနှောက်ကိုရော ဖုံးလွှမ်း ထားကြသည်။
ဆေးရုံးကြီးဝင်းထဲ တစ်နေရာတွင် မော်တော်ကားကို သော့ခပ် ရပ်ထားခဲ့ပြီး မိသားစုသုံးယောက် မောင်မောင်ချို၏ ရုပ်ကလာပ်ရှိရာ သို့ အပြေးအလွှားသွားကြသည်။ ကြီးမားသော ပူဆွေးသောကတွေကို ရင်ဖွင့်သွန်ချကြပြီးသောအခါ ဈာပနကိစ္စအတွက် စီရင်ရန်အရေးရှိသေး သည်ကြောင့် မိသားစုသုံးယောက် အိမ်ပြန်ရန် မော်တော်ကားရပ်ထား သည့်နေရာသို့ ပြန်လာခဲ့ကြသည်။ သူတို ့မော်တော်ကားအနားတွင် ဂုဏ်သရေရှိ လူကြီးလူကောင်းသုံးယောက်ရဲနှစ် ယောက်နှင့်ရဲအရာရှိ တစ်ယောက်ကို တွေ့လိုက်ကြရသည်။
“ဒါ လူကြီးမင်း မော်တော်ကားလား ခင်ဗျာ”
ရဲအရာရှိက ယဉ်ကျေးစွာမေးသည်။
“ဟုတ်ပါတယ်”
ဦးအေးဟန်က ဖြေသည်။
ရဲအရာရှိသည် မော်တော်ကားရှေ့ ဘန်ပါအတွင်း ဘက်ကြား ထဲတွင်ညပ်နေသော အဝတ်စုတ်ကလေးတစ်ခုကို ဆွဲထုတ်လိုက်သည်။ ဦးအေးဟန်တို့ မိသားစုသည် ရဲအရာရှိ ပြမှုနေပုံကို သဘောမပေါက်ချေ။
သို့ကြောင့် ရင်ထဲက ပူဆွေးသောကအရှိန်ကလည်း ရှိနေသည်ကြောင့် ဘာမှမေးမြန်းခြင်းမပြုဘဲ ကြည့်ရုံသာကြည့်နေကြသည်။
ရဲအရာရှိသည် ဘန်ပါကြားထဲက ဆွဲထုတ်လိုက်သော အဝတ် စုတ်လေးကို ဖြန့်လိုက်သောအခါ အဝတ်စုတ်လေးမှ သွေးကွက်အ ခြောက်တွေကို တွေ့ရသည်။ ထိုနောက် ရဲအရာသည်ရှိရဲသားတစ်ယောက် လက်ထဲမှာ ကိုင်ထားသော အဖြူရောင် တက်ထရွန် ရှပ်အင်္ကျီကို ဖြန့် လိုက်သောအခါ ရှပ်အင်္ကျီတစ်နေရာဂယ် ပိတ်သားစုတ်ပြတ်သွားသည့် အပေါက်ကြီးကို တွေ့ရသည်။ ထိုအပေါက်နေရာတွင် ဦးအေးဟန်၏ မော်တော်ကားရှေ့ဘန်ပါကြားမှ ဆွဲထုတ်လိုက်သည့် အဝတ်စုတ်ကလေး ကို ထည့်လိုက်သောအခါ အပေါက်နေရာနှင့် အဝတ်စတ်သည် အံကိုက် ဖြစ်နေသည်ကိုတွေ့ရသည်။
ထိုအခါမှ ဦးအေးဟန်ကို သဘောပေါက်ကာ မျက်နှာတွင် သွေးဆုတ်သလို ဖြူလျော်သွားသည်။ ရဲအရာရှိက ရေလည်စွာရှင်းပြ သည်။
“ဒေါက်တာစောဝင်းကို တိုက်သတ်သွားစဉ်က အစိမ်းပုတ် ရောင်၊ အိုပယ်ကား၊ မောင်းသူက ဆံပင်ဖြူဖြူလို ့ ရဲမှတ်တမ်းမှာ ရှိနေ ပါတယ်။ အခုလူကြီးမင်းရဲ့ မော်တော်ကားလို လည်း လုံးဝမသိခဲ့ပါဘူး၊ ကျွန်တော်တို့ တာဝန်တစ်ခုကြောင့် ဆေးရုံကိုရောက်လာခိုက် လူကြီး မင်းရဲ့ မော်တော်ကားကို တွေ့တော့လည်း သံဃသမဖြစ်မိသေးဘူး။ ဟောဒီခလေးတစ်သိုက်က လူကြီးမင်းမော်တော်ကား နားကပ်ပြီး ဟိုနှိုက် ဒီကိုင်လုပ်နေကြတော့ မော်တော်ကားပစ္စည်းဖြုတ်တတ်တဲ့ ကလေးလေး တွေ ဖြစ်နေမလားလို ့ သတိထားကြည့်လိုက်တဲ့အခါ”
ရဲအရာရှိက စကားပြောရင်း သူ့ အနားမှာရှိနေသော ဆယ်နှစ် ရွယ် ခလေးတစ်ယောက်ကိုညွှန်ပြပြီး ဆက်ပြောသည်။
“ဟောဒီကလေးက လူကြီးမင်း မော်တော်ကားရှေ့ ဘန်ပါကြား ထဲက ဒီအဝတ်စကို ဆွဲထုတ်ဖြန်ကြည့်နေတာ မြင်ရတာ၊ အဝတ်စမှာ လည်း သွေးကွက်အခြောက်တွေလို မြင်ရတော့ ဒေါက်တာစောဝင်း ကိုမော်တော်ကားတိုက်စဉ်က ရဲမှတ်တမ်းကို ချက်ချင်းသတိရပြီး ဒေါက်တာစောဝင်းကိုယ်ပေါ်က ချွတ်ယူပြီး ရဲဌာနက သိမ်းထားခဲ့တဲ့ ရှပ်အင်္ကျီကို အမြန်ပြန်ယူခိုင်း၊ လူကြီးမင်းကားကရတဲ့ အ၀တ်စုတ်စနဲ့ ဆက်ကြည့်လိုက်တော့ အခုလူကြီးမင်းမြင်တဲ့အတိုင်း တွေ့ပါတယ်၊ လူကြီးမင်းကလည်း ဆံပင်ဖြူနေတယ် မဟုတ်ပါလား။ အဝတ်စကို ဆွဲ ထုတ်ယူတဲ့ကလေးရော ဟောဒီလူကြီးလူကောင်းသက်သေတွေရော မျက် မြင်ဖြစ်နေပါပြီ၊ ဒါကြောင့် ကျေးဇူးပြုပြီး လူကြီးမင်းရော မော်တော်ကား ရော ရဲဌာနကို ကျွန်တော်တို့နဲ့ အတူလိုက်ခဲ့ပါဗျာ”
ရဲအရာရှိက ယဉ်ကျေးစွာ ရှင်းလင်းပြောပြပြီးရဲဌာနသို လိုက်ပါရန်ခေါ်လိုက်သည်။
ဦးအေးဟန်သည် ငြင်းလိုသောဆန္ဒ လုံးဝမရှိတော့ချေ။ ပညာ အရာမှာ ဘာမှမဖြစ်လောက်သေးသည့် သူ့သားကိုပင် သူဤမျှ နှမြော ခြင်း၊ သားဆုံးရှုံးရသည့်အတွက် ခံပြင်းခြင်း၊ ဒေါသဖြစ်ခြင်း၊ လက်စားချေ လိုခြင်း၊ အသည်းနှလုံးပြုတ်ကြွေလုမှုပူဆွေးသောကဖြစ်ခြင်း တို ့ကို ခံစားနေရသေးလျှင် များစွာသော လူများတို့၏ မေတ္တာထားခြင်းကို ခံနေ သည့်အဖိုးတန် ပညာရှင်တစ်ယောက်ဖြစ်သော ဒေါက်တာစောဝင်းကို ဆုံးရှုံးခံလိုက်ရသော ဒေါက်တာစောဝင်း၏ မိဘတွေရင်ထဲမှာ မည်မျှ ထုတည်ကြီးမားစွာ ခံစားရမည်ကို ကိုယ်ချင်းစာလိုက်မိတော့သည်။
သွေးကွက်ခြောက်တွေ စွန်းထင်းပေကျံနေသော ဒေါက်တာ စောဝင်း၏ ရှပ်အင်္ကျီကို မျက်တောင်မခတ်စိတ်ထိခိုက်စွာ ကြည့်နေရာမှ ဇနီးသည်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
“မကြူ သားကိစ္စ အားလုံးပြီးစီးအဆင်ပြေအောင် မင်းဘဲ စီစဉ် လိုက်ပေတော့၊ ငါ့ရဲ့မကောင်းမှု အပြစ်ဒဏ်ကို ငါ မငြင်းမဆန်ခံပါတော့ မယ် အင်း ပြုသူမှာအသစ် ဖြစ်သူမှာအဟောင်းတဲ့ မော်တော်ကား မဆင် မခြင် အရမ်းမောင်း၊ တစ်ဘက်သားမှာ ထိခိုက်နာကျင်သေဆုံးသွားရင် ကိုယ်ချင်းစာကြင်နာစိတ် မထားဘဲပြစ်ပြစ်ခါခါ သဘောထား၊ ကိုယ်တိုင် ခံစားရတော့မှ ဆတ်ဆတ်ခါအောင်ဖြစ်၊ အိမ်မြှောင် အမြီးပြတ်သလို ဆွေ့ဆွေ့ခုန်ခံစားကြ ဒေါသဖြစ်ကြတဲ့ ငါလိုလူမျိုးတွေ ရှိနေသမျှ ကာလပတ်လုံး ဒီသံသရာကြီး ဘယ်ဟော့ဆုံးတော့မှာလဲ၊ ငါ့သားကို တိုက်သတ်သွားတဲ့လူ ငါလိုအဖြစ်မျိုးမကြုံပါစေနဲ့ကွယ်”
ဦးအေးဟန်သည် ဒေါသစိတ်ဖြင့် ကျိန်ဆဲသလိုမေတ္တာပိုခြင်း မျိုးမဟုတ်ဘဲ တကွဲစေတနာဖြင့် လှိုက်လှဲစွာပြောရင်း မျက်လုံးထဲတွင် ပြည့်လျှံလာသော မျက်ရည်တွေကို အံ့ကြိတ်ထိန်းကာ ရဲအရာရှိ ခေါ်ရာ နောက်သို့ လိုက်ပါသွားသည်။
ခင်သီတာသည် သတိလစ်လုနီးပါး ဖြစ်နေသော မိခင်ကို ပိုက်ပွေ့ထားရင်း ဖခင်ထွက်ခွာသွားရာကို မျှော်ကြည့်ကာ သည်းထန်စွာ ရှိုက်ငင်ငိုကြွေးလိုက်တော့သည်။ ။
*** *** ***
မဝင်းမြင့်
၁၉၇၇၊ ဇူလိုင် (စစ်ပြန်မဂ္ဂဇင်း)