အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၁၀၊၁၁၊၁၂၊၁၃
အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်
အပိုင်း (၁၀)
သစ်ဆိမ့်ချောင်ကို ရောက်တော့ အန်ကယ်အေးက ကျွန်မတို့ကို သူ့မိသားစုနဲ့ အပ်ပြီး မှာစရာတွေမှာပြီးတာနဲ့ အဲဒီညနေမှာပဲ တပ်ရင်းကို ပြန်သွားရတာမို့ အန်ကယ်အေးကို စစ်ပြီးတဲ့ထိ နောက်ထပ်မတွေ့ရတော့ပါဘူး။ အန်ကယ်အေးရဲ့ဇနီး အန်တီလေး မမြသန်းကလည်း အန်ကယ်အေးအတိုင်း အေးမှအေး။ ကိုယ်၀န်က နေ့စေ့လစေ့နီးပါး ရှိနေပါပြီ။ မကြီးသမီးလေး ဂွက်ထော်မက လေးနှစ်၊ အငယ်ကောင် ဖိုးဆူဆိုတာက သုံးနှစ် အရွယ် စကားပြောတတ်ခါစလေးပေါ့။ ဦးလေး ဦးဖိုးအောင်နဲ့ ဒေါ်ဒေါ်လုံးတို့ကလည်း သဘော ကောင်းကြပါတယ်။
ကျွန်မက ဘယ်သူနဲ့ မဆို ရောရောနှောနှော နေတတ်လို့ အဆင်ပြေပါရဲ့။
မာမီက အဲလို သူစိမ်းတွေနဲ့ မနေတတ်ဘူး။ မာမီမပျော်ဘူးဆိုတာ ကျွန်မ အကဲခတ်မိပါတယ်။ နောက်ပြီး မာမီပြောခဲ့သလို ကိုယ့်အမိုးအောက် ကိုယ်နေရတာ မဟုတ်ဘူးလေ။ သူများအရိပ်ကို လာခိုရပြီဆိုကတည်းက သူများ ရဲ့ မျက်နှာကို ကြည့်နေရပြီပေါ့။ ဒါကိုလည်း မာမီမကြည်မလင်ဖြစ်နေပုံရပါတယ်။
ကျွန်မလည်း မာမီမကြည်မလင်တာ သိရတော့ ကြားထဲက နေရတာ ခက်နေတာပေါ့။ တစ်ညနေ မြစ်ဆိပ်ဘက်ကို ဆင်းပြီး လမ်းလျှောက်ဖြစ်ပါတယ်။ ချောင်နဲ့ မြစ်ဆိပ်ကလည်း မလှမ်းမကမ်းမှာရှိနေတာဆိုတော့ စိတ်အကျဉ်းအကျပ်ကနေ အခိုက်အတန့် လွန်မြောက်ရာ ရှာခြင်းသဘောနဲ့ ထွက်လာလိုက်တာပါပဲ။ ဧရာ၀တီရဲ့ညနေ နေဝင်ဆည်းဆာကလည်း လှမှလှ။
‘ဟဲ့…. ခင်မကြီး၊ ဘယ်တုန်းက ဒီကိုရောက်နေတာလဲ’ ဆိုတဲ့ အမေးကို ကြားမှ ဆည်းဆာရဲ့အလှမှာ နစ်မျောပြီး ငေးနေရာက အသံလာရာကို လှမ်းကြည့်ဖြစ်ပါတယ်။
ဒေါ်လေးရယ် ငှက်ပေါ်က ဆင်းရာက ကျွန်မကို မြင်တာနဲ့ လှမ်းအော်လိုက်တာကိုး။
‘ဟယ်…ဒေါ်လေးကြီး’ ဆိုပြီး ကျွန်မဒေါ်လေးဆီ ပြေးသွားပြီး တအားဖက်လိုက်မိတော့ တာပဲ။ ၀မ်းသာ လိုက်တာလည်း ပြောမနေနဲ့။ ဒေါ်လေးကို ဖက်ထားရင်းက ဆွေ့ဆွေ့ခုန် နေလိုက်သေးတယ်။
ဒေါ်လေးခင်မြင့်မြင့် က ကျွန်မရဲ့ ဘွားလေးတော်တာပါ။ ကျွန်မတို့ အိမ်နဲ့ ကျီး၀င်းပဲခြားတဲ့ အိုးတော် လုပ်ငန်းမှာ နေတာ။ ဒေါ်လေးရဲ့ အမေ ‘ကြီးတော်မ’ တို့လည်း ဆုံးကုန်ကြပြီလေ။ ညီအစ်မအပျိုကြီး သုံးယောက်ပဲ ကျန်တော့တာ။ အစ်ကိုတွေက သူတို့အိမ်ထောင်နဲ့ သူတို့ အဝေးရောက်နေကြပြီ။ အိမ်ထောင်ကျတဲ့ အစ်မအန်တီပန်းကလည်း ပျဉ်းမနားမှာ။
ညီအစ်မ သုံးယောက်က စစ်ပြေးလာတာ။
ခု ခေမေသကချောင်မှာတဲ့။
‘အပြန် ဒေါ်လေး တို့နဲ့ လိုက်လည်ပါလား၊ အရီးကြီးတို့နဲ့ တွေ့ရအောင်လေ’ တဲ့။ ဒေါ်လေးက ရန်ကုန်က စစ်ပြေးလာတဲ့ သူတို့မိတ်ဆွေတစ်ဦးကို လိုက်ပို့ရင်း သစ်ဆိမ့်ချောင်ကိုရောက်လာလို့ ကျွန်မကို တွေ့သွား တာပါ။
‘မာမီ့ကို လိုက်ပြောပေးလေ၊ မာမီထည့်ရင် လိုက်ခဲ့မယ်’ ဆိုတော့ ဒေါ်လေးက မာမီ့ကို လိုက်ပြောပေးပါတယ်။ မာမီကလည်း လွယ်လွယ်ကူကူပဲ ဒေါ်လေးနဲ့ ထည့်လိုက်တာနဲ့ ကျွန်မ ပါသွားပါရော။ အရီးကြီးနဲ့ အရီးသန်းကလည်း ကျွန်မကိုတွေ့တော့ ၀မ်းသာလို့ပေါ့။
ညကျတော့ အရီးကြီးတို့နေတဲ့ ဇရပ်ကို ဧည့်သည်တစ်ဦး ရောက်လာပါတယ်။ အရီးကြီးတို့နဲ့ ခင်တဲ့ မိတ်ဆွေ နာမည် က ‘ ဒေါ်ဒေါ်ကျင်’ တဲ့။
‘ဒါ ကျွန်မ တို့ မြေးကလေး’ ဆိုပြီး အရီးကြီးကဒေါ်ဒေါ်ကျင်နဲ့ မိတ်ဆက်ပေးပါတယ်။ ဒေါ်ဒေါ်ကျင်က စဥ့်ကိုင်က ဒီကို ခဏ ကူးလာတာတဲ့။ သူတို့မိသားစုဆောက်ပြီး လှူထားတဲ့ ဇရပ်က ဒီခေမေသကချောင်မှာရှိလို့ အခြေအနေကို လာကြည့်တာလို့ ပြောပြတာနဲ့ သိလိုက်ရတာပါ။
‘မမဂျမ်း ရယ် လူတွေကလည်း ခက်တယ်နော်။ ဒုက္ခဖြစ်လို့ ပြေးလာတဲ့ သူတွေကို တချို့က တန်ရာ တန်ကြေး နဲ့ စျေးစကားပြောကြသေးတာတဲ့။ ဇရပ်အဖြစ် လှူထားမှတော့ ဘယ်သူ နေနေပေါ့။ ဒီအချိန်မှာ ကာလဒါနမြောက်တယ် ဆိုပြီး ကိုယ်က ကုသိုလ်ယူတတ်ရမဲ့ အစား ငှားစားတယ်ဆိုတော့ အံ့သြယူတာပဲ’
‘ခုလည်း ကျွန်မတို့ဇရပ်က ဘွားသီလရှင်ကြီးကို ဒါမျိုးဖြစ်မှာစိုးလို့ လာပြီးပြောရတာ၊ ဒုက္ခရောက်လို့လာရင် ဘယ်သူဖြစ်ဖြစ် လက်ခံ လိုက်ပါလို့ ပြောထားရတယ်’
ဒေါ်ဒေါ်ကျင် ရဲ့ စကားအဆုံးမှာ ကျွန်မခေါင်းထဲ လင်းခနဲ လက်သွားတဲ့ အသိတစ်ခု ၀င်လာပါတယ်။ မာမီက လူစိမ်းဖြစ်တဲ့ ဦးဖိုးအောင်တို့ ဒေါ်ဒေါ်လုံးတို့နဲ့ အတူနေတာ အနေကျဉ်းနေပုံရပြီး သူတစ်ပါး အရိပ်အောက် မှာ နေရတာအတွက်လည်း စိတ်မလွတ် မလပ်ဖြစ်နေတာ သေချာပါတယ်။ ဒေါ်ဒေါ်ကျင်တို့ ဇရပ်မှာ ကျွန်မတို့ သားအမိ နေခွင့် ရမယ် ဆိုရင် မာမီ့စိတ်ကြိုက် ကိုယ်ပိုင်အမိုးအောက် ကိုယ်နေရသလို ဖြစ်မှာမို့ စိတ်လွတ်လပ်မယ် ဆိုတဲ့ အတွေးကြောင့် ‘ဒါဆို ဒေါ်ဒေါ်ကျင်တို့ ဇရပ်ကို ခင်မကြီးနဲ့ မာမီ နှစ်ယောက်လာရင် ရမလား’ လို့ကောက်ကာငင်ကာ မေးလိုက်မိပါတယ်။
အရီးကြီး ကလည်း ‘အေးဟုတ်သား၊ ဒါဆို တို့များနဲ့လည်း နီးနီးနားနားဖြစ်သွားတာပေါ့’ တဲ့။ ၀င်ပြီး ထောက်ခံ လိုက်ပါရော။
ဒေါ်ဒေါ်ကျင် က လိုက်လျောစွာနဲ့ ရတယ်၊ ရတယ်၊ င့ါတူမ နေချင်တယ်ဆိုရင် ဒေါ်ဒေါ်ကျင် တစ်ခါတည်း ဘွားသီလရှင်ကြီးကို အပ်ပေးခဲ့မယ်တဲ့။
တစ်ချီတည်း နဲ့ ကျွန်မတို့ နေရေး ပြေလည်သွားတော့၊’ဘုရားမ’ ခြင်းပါပဲဆိုပြီး စိတ်ထဲက မနောကံရှင် ရှင်တော်ဘုရားကို လက်အုပ်ချီ ကန်တော့လိုက်မိပါတယ်။ ၀မ်းသာလိုက်တာလည်းပြောဖွယ်ရာ မရှိ။ ဒေါ်ဒေါ်ကျင်ကိုလည်း ကျေးဇူးတင်လွန်းလို့ ပြန်တော့မယ်ဆိုတော့ ဦးသုံးကြိမ်ချပြီး ကန်တော့လိုက် ပါတယ်။
ဒေါ်လေး တို့တည်း၊ ဒေါ်လေး ခေါ်လာလို့ ခင်မကြီး တို့ နေစရာ ပြေလည် သွားရတာနဲ့ ကျေးဇူးတင် စကား ပြောရပါသေးတယ်။ နောက်တစ်နေ့ မနက်အစောကြီး ကျွန်မတို့ နေမယ့် ခေမေသကချောင်က ဘွားသီလရှင်ကြီးကို အဖော်ခေါ်ပြီး သစ်ဆိမ့်ချောင်ကို ပြန်လာပါတယ်။ မာမီ့ကိုပြောပြတော့ မာမီလည်း ၀မ်းသာ လို့ပေါ့။
ကျွန်မတို့ သားအမိ ခေမေသကချောင်ကို ပြောင်းပြီး အန်တီလေး မမြသန်းကို ပြောပြတော့ အန်တီလေးက ငို ပါလေရော။ သူ့ယောက်ျားက ကျွန်မတို့ သားအမိကို စစ်ပြီးတဲ့အထိ တာ၀န် ယူစောင့်ရှောက်ရမယ်လို့ အထပ်ထပ်မှာပြီး အပ်သွားတာမို့ ခုလိုခွဲသွားရင် သူ့ကို အထင်အမြင် လွဲမှာစိုးတယ်။ ဒါကြောင့် ခွဲမသွားပါနဲ့လို့ တား ပါတယ်။
မာမီက အန်တီလေးရဲ့ စေတနာကို သူနားလည်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဘယ်သူနဲ့မှ အမြဲအတူနေဖို့ စိတ်မကူးပါဘူး။ ခုအခိုက်အတန့် ဆုံးဖြတ်ရခက်ချိန်မှာမို့ ခဏမှီခို တာပါ။ ဘယ်သူ့ကိုမှ တာ၀န်ပေးဖို့ မရည်ရွယ်ပါဘူး။ ကိုယ်ဟာကိုယ် နေနိုင်အောင် ကြိုးစားပြီး နေကြည့်ပါရစေ။ အဆင်မပြေရင်လည်း အန်တီလေး တို့ဆီမှာပဲ ပြန်လာနေပါ့မယ်လို့ စကားကို မယုတ်မလွန်နဲ့ ခွင့်တောင်းတော့မှ အန်တီလေးကလည်း သဘောတူတာနဲ့ ကျွန်မတို့သစ်ဆိမ့်ချောင်ကနေ ခေမေသကချောင်ကို အဲဒီနေ့မှာပဲ တစ်ခါတည်း ပြောင်းလာ ဖြစ်ပါတယ်။
ခေမေသကချောင်မှာ တစ်ပတ်လောက် နေကြည့်ပြီး အဆင်ပြေတယ်ဆိုရင် မန္တလေးပြန်ပြီး ပစ္စည်းတွေ သိမ်းကြမယ်။ အဲတော့မှ ဒီမှာအပြီးနေကြမယ်လို့ မာမီက ပြောထားတာနဲ့ ကျွန်မလည်း၀မ်းသာလို့ပေါ့။ အဲ…သုံးလေးရက် ကြာတော့ အန်တီလေး မမြသန်း ဗိုက်ကြီးတပြဲနဲ့ တမောတကော ကျွန်မတို့ ဇရပ်ကို ရောက်လာပါလေရော။
သစ်ဆိမ့်ချောင်က ဇရပ်မှာ အဆင်မပြေလို့တဲ့။ ဇရပ်ရှင်က သူတို့နဲ့ရင်းတဲ့ မိတ်ဆွေ နောက် တစ်ဦးကိုတင်လို့ ဟိုမိသားစုက ပါလာတဲ့ ကလေးတွေနဲ့ နေရထိုင်ရ ကျဉ်းပြီး သစ်ဆိမ့်ချောင်မှာမနေချင်တော့ဘူး လို့ ပြောပါတယ်။
ကျွန်မတို့ ရထားတာ ဒေါ်ဒေါ်ကျင်တို့ ဇရပ်ကလည်း အကျယ်ကြီး။ အစောင့်ဘွားသီလရှင်ကြီးကလည်း အိုရှာလှပြီ။ သူ့ဟာသူ အေးအေးဆေးဆေး နေတာ ဘာပြဿနာမှမရှိတော့ မာမီက ဒါဆိုရင်လည်း ကျွန်မတို့ ဇရပ်ကို ပြောင်းလာခဲ့လို့ ပြောပါတယ်။
မာမီ့အနေ နဲ့ သူကသာ သူတစ်ပါးကို မမှီခိုချင်တာ။ သူ့ကို မှီခိုတာကျတော့လည်း ၀မ်းသာအားရနဲ့ လက်ခံကြိုဆိုချင်သူပါ။ ဒါနဲ့ အန်တီလေးတို့ မိသားစု ခေမေသကကို ပြောင်းလာတာနဲ့ ကျွန်မတို့လည်း တစည်းတလုံးတည်း ပြန်ဖြစ်သွားပြန်ရောလေ။
တစ်ပတ် ရှိတော့ မာမီက မန္တလေးကိုပြန်ပြီး ပစ္စည်းတွေသိမ်းမယ်။ တစ်ခါတည်း အပြီးပြောင်း ကြမယ်ဆိုပြီး ကျွန်မတို့ သားအမိ မန္တလေးကို ကူးလာကြပါတယ်။
အဲဒီနေ့က မှတ်မှတ်ရရ ၁၉၄၂ ခုဧပြီလ ၃ ရက်နေ့ပါ။
ဖေဖော်ဝါရီလ ပထမအကြိမ် ဗုံးကျရာကနေ မြို့ကလန့်သွားလိုက်တာ၊ မတ်လတစ်လလုံး ဘာမှ ဆက်မဖြစ်တော့ စျေးတွေလည်းပြန်ဖွင့်၊ အသွားအလာလည်းနည်းနည်းပါးပါး ပြန်ပြီးလှုပ်ရှားစပြုလို့ အခြေအနေကောင်းလာသလိုလို ရှိနေတာဆိုတော့ ကျွန်မတို့ သားအမိလည်းပစ္စည်းတွေက ထုပ်ပိုးပြီးသား။ ကားတစ်စီးငှား အလွယ်တကူ ကောက်တင်ပြီး ပြန်လာကြရုံပဲလို့ ပေါ့ပေါ့တွက်ထားမိတာပေါ့။
စျေးချိုထပ်ကနေ ကားတစ်စီးငှားမယ် ဆိုပြီးရှာလိုက်တာ ဘယ်လိုမှ ရာမရတာနဲ့ ရတဲ့မြင်းလှည်းနဲ့ပဲ အိမ်ဘက်ကို မောင်းလာတာ။ တစ်၀ဂူဘုရားကို ကျော်လို့ ကျွန်မတို့အိမ်ရှိရာလမ်းထိနားလည်း ရောက်ရော၊ တဝေါဝေါမြည်တဲ့ လေယာဉ်ပျံသံတွေ ကြားရတော့တာပါပဲ။ ခွေးအူသံနဲ့တူတဲ့ ဗုံးရှောင်ဖို့ အချက်ပေး ဥသြဆွဲသံကြီးကလည်း ဆူညံသွား အောင် မြည်ပါလေရော။
မြည်းလှည်းပေါ် က ပြေးပြေးလွှားလွှား ဆင်းကြရပြီး သားအမိနှစ်ယောက် လမ်းဘေးမှာ ပြေးမှောက်ကြရတယ်။ လမ်းပေါ် က လူတွေအားလုံးလည်း ကျွန်မတို့လိုပဲ နီးရာလွတ်မယ်ထင်ရာတွေမှာ မှောက်ပြီးနေရတာ။ ဘာမှမကြာလိုက်ပါဘူး။ တအုံးအုံးနဲ့ ဗုံးတွေကျပြီး ဝုန်းဒိုင်းနဲ့ ဗုံးကွဲသံတွေ ဆူညံသွားတော့တာပဲ။
အနီးကပ်ပြီး ကျတဲ့ ဗုံးတွေမို့ နားကွဲမတတ် ဆူညံသွားတာပါ။ သားအမိနှစ်ယောက်သား ကြောက်ကြောက်နဲ့ ဖက်ပြီးလုံးထားရင်း မြေကြီးမှာ ပြားပြား၀ပ်ရာက လေယာဉ်ပျံသံ စဲလို့ အသာမေ့ကြည့်လိုက်တော့ တစ်မိုးလုံး မီးခိုးတွေ ဖုံးသွားတဲ့အပြင် မီးတောက်မီးညွန့်တွေ မျက်စိတစ်ဆုံး မြင်လိုက်ရတော့ ပိုပြီးလန့်သွားတာပေါ့။
ကျွန်မ တို့ရဲ့ အိမ်ရှိရာ တူရှုမှာ မီးတံတိုင်းကြီးအဖြစ် ကာဆီးနေပါပြီ။ အဲဒီတော့မှ လူးလဲထပြီး အုပ်အုပ် ကျက်ကျက် ပြေးနေတဲ့ လူတွေနဲ့အတူ ကိုယ်ပါရောပြီး ပြေးရတာပေါ့။ မီးတောက်တွေက ပတ်လည်ဝိုင်းနေတာမို့ အရှေ့အနောက် တောင်မြောက် ဆိုတာလည်း မခန့်မှန်းနိုင်တော့ပါဘူး။ မီးလွတ်ရာ ထွက်ပေါက်ကိုသာ လူအုပ်ကြီး လည်း ရှာပြီးပြေး နေကြတာမို့ ကျွန်မတို့လည်း လူအုပ်ထဲ ညပ်သပ်ပါသွားတဲ့ သဘောပါပဲ။
လူချင်းကွဲမှာ ကြောက်လို့ သားအမိ လက်ချင်း မြဲမြဲကိုင်ပြီး ဆွဲထားရပါသေးတယ်။ အချိန်က မနက် ဆယ့်တစ်နာရီလောက်ပါပဲ ရှိဦးမှာပါ။ ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ပြေးလိုက်ရ တာတစ်နေကုန်ပါပဲ။ မနက်က ကော်ဖီတစ်ခွက်၊ ကောက်ညှင်းပေါင်းနဲ့ အကြော်တစ်ခုပဲ စားလာရသေးတာဆိုတော့ ၀မ်းကလည်း ဟာ၊ ပူအိုက်တဲ့ ဧပြီလရာသီလည်း ဖြစ်ပြန်၊ တစ်မြို့ လုံးရဲ့မီးဒဏ်ကြောင့် လူတစ်ကိုယ်လုံးလည်း ချွေးတွေက နစ်ပြီး ရွှဲရွှဲကို စိုလို့။ စီးထားတဲ့ ဖိနပ် လည်း ဘယ်မှာကျန်ခဲ့မှန်း မသိတော့ဘူး။
အပေါ်ပူ အောက်ပူ မီးအရှိန်ကြောင့် ပတ်ပတ်လည်မှာပါ ပူတဲ့အပြင် ဘယ်လိုအခြေအနေ ရောက်မယ်မှန်း မသိလို့ထဲက ပူရတဲ့အပူက ပိုလို့တောင် ပူပါသေးရဲ့။ အဲလိုနဲ့ ကျွန်မတို့ တစ်နေ့ခင်းလုံးပြေးလိုက်ကြတာ ဆည်းဆာချိန်ရောက်မှပဲ ဧရာ၀တီမြစ်ရဲ့ကမ်းပါး ဂေါဝိန်ဆိပ်ကိုရောက်ပါတော့တယ်။
တစ်မြို့လုံးက ပြေးလာကြတာဆိုတော့ ကမ်းနားတစ်လျှောက်လုံး လူတွေကို ကြိတ်ခဲနေတာပဲ။ ကိုယ်ပြေးလာခဲ့ရာ ကျောဘက်ကို လှည့်ကြည့်လိုက်တော့ မန္တလေးတစ်မြို့လုံး မြေကြီးပေါ် မှာချထိုင်ရင်း အမောကို ဖြေလိုက်မယ်လို့ စိတ်ကူးနဲ့ မာမီ့ကို လှမ်းကြည့်မိတော့ ကျွန်မအမော တွေထိပ်ဖျားကို ရောက် သွားလေရဲ့။
မာမီရဲ့ မျက်လုံးက ငေးကြောင်ကြောင်ကြီး ဖြစ်နေတာ။ စကားလည်း တစ်ခွန်းမှမဆို၊ မျက်ရည်လည်း တစ်စက်မှ မကျ၊ ပုံစံ က တစ်မျိုးမှ တစ်မျိုးကြီးပါပဲ။
”မာမီသိပ်မောနေလား” လို့ လက်မောင်းကို ကိုင်ပြီးလှုပ်မေးလည်း အတုံ့အပြန်မရှိ။ shock ရသွားတယ်ဆိုတာ ဒါမျိုးများလားလို့ အတွေး၀င်ပြီး ကျွန်မလန့်သွားမိပါတယ်။ လူတွေကလည်း ရုတ်ရုတ် သဲသဲနဲ့ ပြေးကြ လွှားကြဆဲ။ အဖော်ကွဲလို့ နာမည်တွေ တကြော်ကြော် အော်ခေါ် နေသံတွေလည်း ကြားရရဲ့။
ကျွန်မဘာလုပ်ရမှန်းမသိအောင် ဖြစ်နေမိပါတယ်။ အားကိုးအားထားအနေနဲ့ မာမီ့ကို တိုင်ပင်လို့ကလည်း မဖြစ်တော့တဲ့ အခြေအနေ။ လူတွေက တစ်သုတ်ပြီးတစ်သုတ် ဧရာ၀တီမြစ်ထဲက ငှက်လှေတွေနဲ့ ဘေးကင်းရာ စစ်ကိုင်းတောင်ဘက်ကို ကူးသွားကြတာလည်း တွေ့ရရဲ့။
ဒီဘက်မှာက မီးတောက်မီးလျှံတွေနဲ့ တစ်မြို့လုံး ဟုန်းဟုန်းတောက်နေတဲ့ မြင်ကွင်း၊ မျက်နှာချင်းဆိုင်မှာက သာယာငြိမ့်ညောင်းစွာနဲ့ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ရဲ့ ရှုမောဖွယ်ရာ ဆည်း ဆာရဲ့အလှ။
ဧရာဝတီမြစ်ကို ကျော်ပြီး ကြည့်လိုက်တော့ ဘုရားပုထိုးတွေနဲ့ သူတော်စင်တွေ တရားရှာရာ စစ်ကိုင်းတောင်ရိုးကြီးကို ငြိမ်းချမ်းစွာနဲ့ မားမားမတ်မတ် လှမ်းမြင်နိုင်ပါတယ်။ တကယ့်ကို ဆန့်ကျင် ဘက် မြင်ကွင်းနှစ်ခုပါပဲ။
အဲဒီမြင်ကွင်းနှစ်ခုရဲ့ကြားမှာ ပရိဒေဝသောကကိုယ်စီနဲ့ ပြေးလွှားနေတဲ့ လူသားတွေ။ ဒီအခါမှာ ကူမယ့်သူမရှိ၊ ကယ်မယ့်သူ မရှိတဲ့အပြင် မတော်မတရား ဝိသမလောဘနဲ့ တစ်ဖက်ကမ်းကို ကူးလိုသူတွေကို ငှက်သမားတွေက စျေးတွေ အဆမတန်အောင် ပြောပြီး တောင်းကြ။
ငွေပေးနိုင်တဲ့ တိုင်အောင် ငှက်တစ်စီးရဖို့က အခက်အခဲဖြစ်တဲ့ အခြေအနေမို့ ငှက်တစ်စီးကူး လာတိုင်း လူတွေ တိုးကြဝှေ့ကြ လုယက်တွန်းထိုးပြီး အတင်းတက်ကြ၊ တဖြည်းဖြည်းနဲ့မှောင်စပြုလာပါပြီ။ လောင်နေတဲ့ မီးညွှန့်တွေရဲ့ အရောင်ကြောင့်သာ ကွဲကွဲပြားပြား မြင်နေရသေးတာမို့ ကျွန်မလည်း အားကိုးအာထားပြုစရာ အသိ မိတ် ဆွေများ တွေ့လိုတွေ့ငြား ဖြတ်သွားတဲ့ လူတွေထဲမှာ လိုက်ရှာကြည့်နေမိတယ်ပေါ့။
မာမီကတော့ တကယ့်ကို ကျောက်ရုပ်တစ်ရုပ်လို ဖြစ်သွားပါပြီ။ ကြောင်ငေးငေးနဲ့ပဲ လူတွေကို ထိုင်ကြည့်နေတာ သူ့မျက်လုံးမှာ ဘာအဓိပ္ပါယ်၊ ဘာခံစားမှုမှ ရှာကြည့်လို့ မတွေ့မိလို့ ရင်ထဲ မှာ မာမီ့အတွက် စိုးရိမ်စိတ်ကလည်း တစ်ဖက်။
ဒီအချိန်မှာ ဖြတ်သွားတဲ့ လူအုပ်ထဲမှာ ကျွန်မရဲ့သူငယ်ချင်း Kathleen Williamsရဲ့ ဒယ်ဒီကို လှမ်းမြင်လိုက်မိတာနဲ့ နောက်က အပြေးလိုက်ပြီး…..
”ဒယ်ဒီ… ဒယ်ဒီ” နဲ့ ခေါ်တော့ ဒယ်ဒီက ခေါ်သံကိုကြားပြီး လှည့်ကြည့်မှ ကျွန်မကို တွေ့သွားတာ တအံ့တသြ ဖြစ်လို့လေ။
အကျိုးအကြောင်း ပြောပြရပါတယ်။ ဒယ်ဒီက ”ဘာမှမပူနဲ့ သူနဲ့အတူ ရှမ်းပွဲကတိုက်ကို လိုက်ခဲ့ ဘုရားကြီး ဘက်တော့ မီးလွတ်တယ်လို့ ထင်ရတာပဲ။ သွားကြည့်ကြမယ်”ဆိုတာနဲ့ မာမီ့ကို သွားခေါ်တော့ စကားတစ်ခွန်းမှမသိဘဲ ထလိုက်လာလို့ တော်ပါသေးရဲ့။
ဂေါဝိန်ကနေ ဘုရားကြီးရှမ်းပွဲကို ရောက်တဲ့အထိ ထပ်ပြီး လမ်းလျှောက်ရသေးတာ ဆိုတော့ မိုးကြီးချုပ်မှ ရှမ်းပွဲက တိုက်ကို ရောက်ပါတယ်။ ဘုရားကြီးဘက်က ဒယ်ဒီထင်တဲ့အတိုင်း အဆင်တော့ ပြေသွားတာပေါ့။
သူငယ်ချင်း Kathleenကို ပြန်တွေ့ရတော့လည်း ဝမ်းတွေသာ၊ အားတွေရှိသွားပြီး ရှေ့ရေးကို တိုင်ပင်ကြတော့ ဒယ်ဒီတို့မိသားစု အားလုံးက မြင်းမူကို စစ်ပြေးကြမှာတဲ့။ စောစောတုန်းကတော့ ဘုရားကြီးလို အထင်ကရ ဘာသာရေး အဆောက်အဦ တွေဆိုရင် ရန်သူတွေက ဗုံးချ ဖျက်ဆီးတာ မလုပ်ကြဘူး၊ ဒါကြောင့် သူတို့တိုက် ကလည်း ဘုရားကြီးရဲ့အရှေ့မုခ်နဲ့ မျက်နှာ ချင်းဆိုင်မို့ လွတ်နိုင်တယ်ဆိုပြီး ဘယ်မှမသွားဘူးလို့ ဆုံးဖြတ် ထားတာတဲ့လေ။
ခုတစ်မြို့လုံးနီးပါး မီးလောင်တာမြင်ရတော့ သူတို့လည်း မနေရဲကြတော့ဘဲ မြင်းမူမှာ ရှိတဲ့ ဆွေမျိုးတွေဆီ သွားကြမယ် လို့ စီစဉ်ပါတယ်။ ကျွန်မတို့ကိုလည်း သူတို့နဲ့ပဲ အတူလိုက်နေဖို့ ခေါ်တော့ ကျွန်မ ကလည်း လိုက်ခဲ့မယ်ပေါ့။ Kathleenနဲ့က ကွန်ဗင့်မှာ ရောက်ကတည်းက အမြဲတွဲခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း မဟုတ်လား။ သူ့မိသားစု၊ ကိုယ့်မိသားစုလည်း ရင်းနှီးပြီးသား။ သူကလည်း ကျွန်မအမေကို မာမီ ခေါ်သလို သူ့ရဲ့ ဒယ်ဒီ ကိုလည်း ကျွန်မက သူခေါ်သလို ဒယ်ဒီ၊ မာမီခေါ်နေကျ။
အဲတော့ ဆွေမျိုးတော်တဲ့ အန်တီလေးတို့နဲ့ နေရတာထက် သူတို့နဲ့ နေရတာက ပိုပြီးရင်းနှီးတာကြောင့် ကျွန်မလည်း အားကိုးမိတယ်ပေါ့။ အထူးသဖြင့် မာမီရဲ့ အခြေအနေကိုလည်း ဘယ်လို ဖြစ်မယ် ဆိုတာ စောင့်ကြည့်ရဦးမှာလေ။
Kathleenတို့ အစီအစဉ်တွေ လုပ်နေတာနဲ့ သူတို့အိမ်မှာ လေး ငါးရက်ဆက်ပြီး ကြာသွားပါ တယ်။ မာမီ ကတော့ မေးတစ်ခွန်း တိုးတက်လာပါရဲ့။ တစ်ခါတလေလည်း တစ်ယောက်တည်း ငေးနေငိုင်နေ။ တစ်ခါတလေလည်း ချုံးပွဲချပြီးငို။ လူကောင်း တစ်ယောက်လို စကားအပြန်အလှန် တိုင်ပင်ဆွေးနွေး ဆက်ဆံလို့ရတဲ့ အခြေအနေတော့ မဟုတ်သေးတာနဲ့ ကျွန်မပဲ ကိုယ့်ဟာကို တစ်ယောက်တည်း အဆုံးအဖြတ်တွေ ပြုရတော့ တာပေါ့။
ခေမေသက မှာ ပြန်ပြီး ကျန်တဲ့ပစ္စည်းလည်း သိမ်းရမယ်။ အန်တီလေးတို့ကိုလည်း အကျိုး အကြောင်း ပြောပြရဦးမှာမို့ ခေမေသကကို အရင်၀င်ကြဖို့ စီစဉ်ပြီး ပြန်သွားကြ ပါရော။ ဒီလောက် ကသောင်းကနင်း ဒုက္ခတွေ ကြုံနေရတဲထဲမှာ ရယ်စရာကလည်း ကြုံရ သေးတယ်။
ကျွန်မတို့သားအမိ နေ့ချင်းပြန်ဆိုပြီး မန္တလေးကို သွားလိုက်ကြတာ ပြန်ရောက်မလာတော့ ဗုံးစာဖြစ် သွားပြီး သေပြီလို့ယူဆကြတာပေါ့။ အန်တီလေးတို့မှာ ငိုလည်း ငိုကြ၊ အမျှအတန်းတွေဝေလို့တဲ့။ တစ်ပတ်ရှိလို့မှ ပြန်မရောက်ရင် သပိတ်သွတ်ဖို့တောင် စီစဉ်ထားတာတဲ့ လေ။
မန္တလေးကို ဗုံးတွေကြဲတဲ့ ညကြီးမိုးချုပ်မှာ ဇရပ်တံခါးကို လာခေါက်တဲ့ ဧည့်သည် တစ်ယောက်လည်း ရောက်လာတယ်တဲ့။ အဲဒီလူက သူဇရပ်ရှင်ဖြစ်တဲ့အကြောင်း အခုဒီဇရပ်မှာနေဖို့ ရောက်လာတာလို့ ဆိုပါလေရော။
အန်တီလေးမမြသန်းလည်း ဘာလုပ်ရမှန်း မသိဘူးပေါ့။ ဇရပ်စောင့်တဲ့ ဘွားသီလရှင်ကြီးကလည်း တခြားချောင်ကို ညအိပ်သွားနေလို့ မရှိဘူး။ ဒါနဲ့…
ကျွန်မ တို့လည်း ဇရပ်ရှင်ကို မတွေ့ဖူးလို့ မသိပါဘူး။ ကျွန်မတူမလေးက ဇရပ်ရှင်ဆီက ခွင့်ပြုလို့ ဒီမှာပြောင်းလာပြီးနေတာ။ အဲဒီတူမလေးလည်း ခုထက်ထိ ပြန်ရောက်မလာလို့ စိတ်ပူပြီး စောင့်နေတာ၊ သူလာမှပဲ ဦးနဲ့ ရှင်းကြပါတော့ လို့ပြောလိုက်ရတယ်တဲ့။
အဲတော့မှ ဇရပ်ရှင် ဦးအောင်ခန့် ဆိုသူက ခေါင်းရင်းက ဇရပ်မှာသွားပြီး နေတယ်တဲ့။
‘ခင်ဗျားတူမ ပြန်မလာသေးဘူးလား’ ဆိုတာလည်း နေ့စဉ် လာမေးနေတော့ သူတို့လည်း အနေရအထိုင်ရ ခက်နေ တာပေါ့။
လေးငါးရက် ကြာတဲ့အထိ ကျွန်မတို့က ပြန်မရောက်တော့ ဗုံးထဲပါသွားတာ သေချာပါပြီ ဆိုပြီး စိတ်အားလည်းငယ်၊ ဦးအောင်ခန့် ကိုလည်း အားနာတာနဲ့ ကျွန်မတို့ နေရာရှာပြီး ပြောင်းပေးပါမယ်၊ အချိန်လေး ဘာလေးတော့ ပေးပါလို့ တောင်းပန်ပြီး အန်တီလေးတို့ နေရာထွက်ရှာကြရတယ်တဲ့လေ။
မန္တလေးတစ်မြို့လုံးကျွတ်နီးပါး မီးလောင်တာမို့ ပြေးလာတဲ့ ဒုက္ခသည်တွေက နေရာအနှံ့မှာ ၀င်ပြီးခိုကြရတာဖြစ်တော့ အန်တီလေးတို့လည်း နေစရာ ဇရပ်ရှာလို့မရဖြစ်ပြီး စိတ်ညစ်နေတဲ့အချိန်မှာမှ ကျွန်မတို့က တစ်အုပ်ကြီး ပြန်ရောက်လာကြတာပါ။
×××××××××××××
အပိုင်း ၁၁ ဆက်ရန်….
အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်
အပိုင်း (၁၁)
ကျွန်မကို မြင်တော့ အန်တီလေးက ၀မ်းသာလွန်းလို့ ဖက်ပြီးတောင် ငိုရှာပါတယ်။ အကုန်လုံးကလည်း ၀မ်းသာ အယ်လဲ ဆီးကြိုကြတာပေါ့။ တစ်ခါတည်း ‘သေရွာပြန် ခင်မကြီး’ ဆိုတဲ့နာမည်တစ်လုံးကို ရသွားတာပါပဲ။
မနက်လင်းတော့ ဇရပ်ရှင် ဦးအောင်ခန့်ဆိုတာ တောင်ဘက်ဇရပ်ကနေ ကူးလာတာပေါ့။ ကျွန်မတို့ အားလုံး မြင်းမူဘက်က တောရွာမှာ သွားခိုဖို့ ဆုံးဖြတ်ပြီး ပြန်လာတာမို့ အန်ကယ်ရဲ့ဇရပ်ကို ပြန်လာနေနိုင်ပါတယ်။ တစ်ရက်နှစ်ရက်ပဲ အန်တီလေးတို့ လိုက်ဖို့ ပြင်ဆင်ချိန် ပေးပါ’ လို့။
အဲဒီတော့မှ ပြဿနာက တက်တော့တာပဲ။ ဦးအောင်ခန့် က .. ‘ဟာ…မြင်းမူဘက်က တောရွာတွေဆိုတာ သိပ်ဆိုးတာ၊ ခုလိုမင်းမဲ့ချိန် ဘယ်တောရွာသွားသွား လုံခြုံတာမဟုတ်ဘူး။ မှားမှာပေါ့။ တောမှာက ဓားပြတိုက် အဓမ္မကျင့်ရုံ မကဘူး။ လူပါ သတ်တာနော်၊ စစ်ကိုင်းတောင်ရိုးက သူတော်စင်တွေရဲ့နေရာ၊ ဒါမျိုးမရှိဘူး။ ဒီမှာမှ လုံခြုံမှု ရှိတာ။ စိတ်ကူး မလွဲနဲ့၊ စစ်ကိုင်းတောင်ရိုးမှာပဲ စစ်အေးတဲ့ထိ နေဖို့ ကောင်းတယ်’ တဲ့လေ။
ဦးလေး ဦးဖိုးအောင်ကလည်း ရဲအရာ မဟုတ်လား။ ‘ဟုတ်တယ်၊ ကျွန်တော်တို့ ရဲဘက် လုပ်လာတာပဲ သိ တာပေါ့၊ မင်းမဲ့ချိန်မှာ စိတ်ချရတာ မဟုတ်ဘူး။ တောကြောင်တွေ အခွင့်သာတုန်းထကြတာ။ ဒီမှာက ဘေးကင်း တယ်။ ငါ့တူမ လိုက်သွားလို့ ဘယ်ဖြစ်မလဲ၊ ဦးလေးတို့လည်း မလိုက်နိုင်ဘူး။ မမြသန်း မွေးဖွားဖို့က ရှိသေးတော့ မန္တလေးနဲ့ အနီးဆုံး နေရာက ခွာလို့မဖြစ်ဘူး။ စစ်အေးတယ်ဆို မန္တလေးပြန်ရမှာ’တဲ့။ ဦးအောင်ခန့်ကို ၀င်ပြီး ထောက်ခံနေလေရဲ့။
‘ဒါဆိုရင်လည်း ဦးလေး နဲ့ အန်တီလေးတို့ နေခဲ့ပေါ့။ ခင်မကြီးတို့တော့ Kathleen တို့နဲ့ လိုက်ဖို့ ဆုံးဖြတ် ထားပြီးသား’ လို့ ကျွန်မကလည်း ခေါင်းမာမာနဲ့ အဆုံးအဖြတ်ကို မပြင်ဘဲ ပြောလိုက်ပါတယ်။
‘ဒီမိန်းကလေး အလျင်စလို မဆုံးဖြတ်နဲ့လေ၊ ဒါက သေရေးရှင်ရေးကိစ္စ။ မင်းဦးလေးရဲ့ ပြောစကားကို နားထောင်မှပေါ့။ တောမှာ ကြုံရမယ့် အန္တရာယ်က များပါဘိနဲ့။ မင်းက ငယ်ငယ်၊ ရုပ်ရည်သနားကမားလေး၊ မိသားစု လူကြီးတွေ နဲ့ အတူနေသင့်တာ။ မင်းအဒေါ် ကလည်းမွေးဖွားခါနီး၊ တခြားဇရပ်လည်းနေဖို့ သွားမရှာနဲ့။ ဒီမှာပဲ နေကြ။ အန်ကယ်က တစ်ကိုယ်ရည်တစ်ကာယပဲ၊ ခေါင်းရင်းဇရပ်က ဆရာလေးတို့နဲ့ နေလို့ဖြစ်ပါတယ်။ ဘာမှ မပူ နဲ့။ တောကိုသွားဖို့ စိတ်မကူးနဲ့၊ မှားလိမ့်မယ်’ တဲ့။
ဦးအောင်ခန့် က အဲလို ပြောတော့ အန်တီလေးက ကျွန်မမျက်နှာကို ကွက်ခနဲ လှမ်းကြည့်ပါ တယ်။ အဓိပ္ပာယ်က ‘ဒီလူကြီး အချိုးပြောင်းတာ မြန်လှချေလား’ ဆိုတဲ့ပုံစံနဲ့ပါ။ ဟုတ်လည်း ဟုတ်ပါရဲ့။ ဗိုက်ကြီး တပြဲ နဲ့ မွေးခါနီး ဖြစ်နေတာ ဒီကနေ့ကျမှပဲ သက်ညှာထောက်ထားရကောင်းမှန်းသိရတာတဲ့လား။
အဲဒီအတွေးနဲ့ အမြင်ကတ်သွားရတဲ့အထဲမှာ ကျွန်မတို့ အရေးအခင်းထဲ ဖျက်လိုဖျက်ဆီး ၀င်ပါရကောင်းလားနဲ့လည်း ခပ်ချဉ်ချဉ်ဖြစ်သွားတာပါ။ ပေါင်းလိုက်တော့ ဒီလူကြီးကို ကျွန်မကြည့်လို့မရတော့ဘူးပေါ့။
ပြဿနာက မပြီးဘူး။ အချေအတင်ပြောကြဆဲ။ အန်တီလေးကလည်း ဦးလေးအောင် ပြောသလိုပဲ မွေးဖွားဖို့ကိစ္စ ရှိတာမို့ တောဘက် မလိုက်လိုတာ အမှန်ဖြစ်နေပါတယ်။ ကျွန်မကတော့ ကျွန်မတို့ ၀တ္တရားရှိတဲ့အတိုင်း ခေါ်ပြီး မလိုက်ရင်လည်း ကျွန်မတို့ဘာသာ လိုက်သွားမယ်ပေါ့။ အဲလို တင်းမာနေဆဲ မာမီက ၀င်ပြောလိုက်ကာမှ အချေအတင် ကိစ္စက ပြတ်သွားတော့တာပါ။
‘ဟုတ်တယ်၊ မာမီတို့ မန္တလေး ပြန်ရဦးမှာ၊ မြင်းမူကို မလိုက်နိုင်ဘူး’ ‘စစ်အေးရင် မန္တလေး ပြန်မယ်’ ဆိုတဲ့ ဦးလေးအောင်ရဲ့ စကားက မာမီရဲ့ခေါင်းထဲ ၀င်သွားလေသလား မသိပါဘူး။ ‘မလိုက်ဘူး’ ဆိုတဲ့ အဆုံးအဖြတ်ကို တစ်ခွန်းတည်း ပေးလိုက်တော့ ကျွန်မလည်း ဘာမှထပ်ပြီး မပြောသာတော့ဘူးပေါ့။ အစကတည်းကလည်း ကိုယ်တစ်ယောက် တည်းသဘောနဲ့ ဆုံးဖြတ်ထားခဲ့တာ မဟုတ်လားနော်။ မာမီမပါဘဲနဲ့တော့ ဘယ်ခရီးကိုမှ မသွားနိုင်တာ အမှန်ပါပဲ။
Kathleen တို့လည်း ကျွန်မတို့ မလိုက်ဖြစ်တော့ဘူး ဆိုတာ သေချာတာနဲ့ အဲဒီနေ့မှာပဲ မြင်းမူကို ထွက်ဖြစ် ပါတယ်။ သွားကြမယ်ဆိုတော့ ကျွန်မတို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်လည်ပင်း တစ်ယောက်ဖက်ပြီး မျက်ရည် အရွှဲသားနဲ့ နှုတ်ဆက်စကားဆိုကာ ရင်ထဲမှာ နာကျင်ပြီး ကျန်ခဲ့တဲ့ထိ ခံစားရပါတယ်။
ဒီလိုနဲ့ ခေမေသကချောင်မှာ ဆက်ပြီး နေဖြစ်ကြတယ်ပေါ့။ မာမီရဲ့ အခြေအနေက တဖြည်း ဖြည်းတော့ ကောင်း လာပါရဲ့။ ဒါပေမဲ့ ကိုယ်ပိုင်ဆိုင်ခဲ့သမျှ အရာရာကို လျှပ်တစ်ပြတ်အတွင်း ကုန်ဆုံး ပျောက်ကွယ်သွားတာကို မျက်စိအောက်မှာ မြင်လိုက်ရတာမို့ မဖြေနိုင်ဖြစ် နေတာကို နားလည်ခံစားမိပါတယ်။ အပျိုအရွယ် သမီးငယ် တစ်ယောက်နဲ့ ရှေ့ရေးကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာလည်း တွေးပြီး ပူရှာပေမှာပေါ့။
ကျွန်မ မှာလည်း စာအုပ်သေတ္တာထဲက စာအုပ်တွေနဲ့ ကင်မရာတစ်လုံးအပြင် ဓာတ်ပုံ Album ကလွဲပြီး ဘာမှ မည်မည် ရရ ကျန်ခဲ့တာ မဟုတ်ဘူး။ အ၀တ်အစားက သေတ္တာ သေးသေးတစ်လုံးပဲပါလာတာ။ ‘သိမ်းဟဲ့၊ သိမ်းဟဲ့’ ဆိုတုန်းကလည်း ကိုယ်တကယ် မက်မောတာပဲ သိမ်းလာခဲ့တာပေါ့။ ခုမှ ထိုင်နှမြောနေလည်း ဘာတတ်နိုင်မှာလဲ ဆိုတဲ့ သဘောနဲ့ ကျွန်မကတော့ အေးအေးဆေးဆေး ပျော်ပျော်ပဲလေ။ ငယ်သေးတော့လည်း ရှေ့ရေးကိုတွေးပူရကောင်းမှန်းလည်း မသိပါဘူး။ မာမီနေကောင်းဖို့ တစ်ခုပဲ စိတ်ထဲမှာ ပူတာရှိပါတယ်။
ဦးအောင်ခန့်က နေ့စဉ်လို ကျွန်မတို့ ဇရပ်ကို ကူးလာပြီး ဦးဖိုးအောင်တို့၊ ဒေါ်ဒေါ်လုံးတို့နဲ့ အဖွဲ့ကျလို့ပေါ့။ ကောက်ညှင်းပေါင်း ၀ယ်လာလိုက်၊ အကြော်တွေ ၀ယ်လာလိုက်နဲ့လည်း လောကွတ်တွေက ပါသေးတာပါ။ အန်တီလေးကလည်း ကျွန်မလိုပဲ သူ့ကို ကြည့်မရတဲ့ စာရင်းထဲမှာပါတော့ အရောတ၀င် မနေပါဘူး။ နဂိုကလည်း ခပ်အေးအေးဆိုတော့ သူ့ဘာသာ အနေများပါတယ်။
ကျွန်မက သူတကာ မိန်းကလေးလို ပိပိပြားပြား နေတတ်တဲ့ မိန်းမမှမဟုတ်တာ။ တစ်ခုခု လှုပ်ရှားပြီး လုပ်နေရမှ နေသာထိုင်သာ ရှိတာမို့ မနက်ဘက်ကျရင် ကျွန်မတို့ရဲ့ဇရပ် အထက်ဘက်မှာရှိတဲ့ တစ်ကိုယ်စာ ကမ္မဋ္ဌာန်းကျောင်း သေးသေးလေးမှာ တရားအားထုတ်နေတဲ့ဆရာမကြီးဒေါ်ခေမာဆီမှာ သွားပြီး ဘုရားစာ တက်ပါတယ်။
နေ့ခင်းနေ့လယ် ကျရင်တော့ စိတ်လိုတဲ့အခါလည်း စာအုပ်သေတ္တာ ဖွင့်ပြီး စာတွေပြန်နွှေး ရင်းကျက်ပေ့ါ။ အဲလို မကျက်ချင်ရင်လည်း အောက်ဘက်ချောင်မှာ ရှိတဲ့ ဒေါ်ဒေါ်ငယ်ဆီက စာအုပ်တွေငှားပြီးဖတ်၊ ညနေကျတော့ တံမြက်စည်း တစ်ချောင်း၊ ဂေါ်ပြားတစ်ခုနဲ့ တောင်ပေါ်က လွမ်းစေတီပေါ် တက်ပြီးတံမြက်စည်းလှည်းရင်း ဟိုငေး ဒီငေး တစ်ယောက် တည်းထိုင်ငေးရင်း အတွေးပေါင်းစုံနေအောင် တွေးပေါ့။
“လွမ်းစေတီ”ဆိုတာ တကယ်ကို နာမည်နဲ့ လိုက်အောင်ကို လွမ်းစရာကောင်းတဲ့ နေရာလေးမှာ တည်ထားတဲ့ ဘုရားပါ။ တောင်ထိပ် ဘုရားပရိဝုဏ်ကနေ မျှော်ကြည့်ရင် အောက်က တောင်စောင်း မှာတည်ထားတဲ့ ဘုရားဂူ၊ ကျောင်းကန် တန်ဆောင်း အသွယ်သွယ်ကို အပေါ်စီးကနေ မြင်ရတာ။ ရှင်ပင်နံကိုင်းဘုရားထိပါပဲ။ ဧရာ၀တီမြစ်ကြီးကို မြွေကြီးတစ်ကောင်လို တောင်အောက်မှာ စင်းစင်းကြီးတွေ့ရတဲ့အပြင် မြစ်လယ်ကြောမှာ မျောနေတဲ့ပိန်းကောလှေကြီးတွေ၊ သစ်ဖောင်တွေ၊ ရွက်လှေတွေ၊ ငှက်လို့ခေါ် တဲ့ လှေကလေးတွေ ရေစုန် ရေဆန်မှာ လူးလားသွားနေတာကိုလည်း မြင်နိုင် ပါတယ်။
ညနေမှာ အိပ်တန်းတက်ဖို့ ပြန်လာကြတဲ့ ငှက်ကလေးတွေရဲ့ အုပ်စုလိုက် ညီညီညာညာ
တောင်ပံခတ် လာတာကလည်း ကောင်းကင်ပြာပြာနောက်ခံနဲ့ ပနံရလှပါဘိ။ ဧရာ၀တီမြစ်ကြီးကို ကျော် ပြီး မျှော်ကြည့်လိုက်ရင် ကျွန်မတို့ နေခဲ့တဲ့ မန္တလေးမြို့ကို လှမ်းမြင်ရတာ ဟိုးမြောက်ဘက်မှာ မန္တလေးတောင်နဲ့ နန်းမြို့ရိုး အရှေ့ဘက် ကျတော့ မယ်ဥတောင်၊ ရန်ကင်းတောင်ကနေ ရှမ်းရိုးမ တောင်ကြီးထိ မျက်စိ တစ်ဆုံး မျှော်လို့မဆုံးပါပဲ။
ကျွန်မရဲ့အတွေးတွေကလည်း အစုံပေါ့။ အဲလို ကောင်းကင်ပြင် မြင်ကွင်းကျယ်ကြီးကို ကြည့်ပြီး အတွေးတွေ တွေးခဲ့ရတာ။ ကျွန်မတို့ အိမ်နောက်က ဧကရာဇ်ပင်ရဲ့အောက် ၀ရန်တာပေါ်ကတည်း ကပဲ မဟုတ်လား။ အဲဒီတုန်းကတော့ ကိုယ်က ပက်လက်အိပ်ရင်းနဲ့ အပေါ်ကိုမော့ကြည့်ပြီးတွေးခဲ့ ရတာ၊ ခုကျတော့ ကိုယ်က တောင်ထိပ်ကနေ အပေါ်စီးနဲ့ အောက်ကို ကြည့်ပြီး တွေးတာ၊ ဒါပဲ ကွာတာပါပဲ။
အဲလို အပြောကျယ်တဲ့ ကောင်းကင်ပြင်ကြီး ကြည့်ပြီးတွေးရတာ ကျွန်မအဖို့ အားသစ်မာန်သစ်တွေ ရသလိုပဲ။ အဲဒီအင်အားတွေဟာ လွင့်နေတဲ့ တိမ်စတွေဆီကလား၊ ငြိမ်သက်တိတ်ဆိတ်နေခြင်းဆီကလား၊ ဒါမှမဟုတ် တိုက်နေတဲ့ လေပြည်လေးတွေထဲကလား ဆိုတာလည်း လိုက်ရှာကြည့်မိ သေးတယ်။
အမှန် ကတော့ သဘာ၀ရဲ့ လှပခြင်းအားလုံးဆီက ရတာပဲဖြစ်မှာပါနော်။ အဲလိုပဲကိုယ့်ဟာကိုယ် အလှအပကို ရှာဖွေကြည့်။ ကိုယ့်ဟာကိုယ် အားသစ်မာန်လောင်းရင်း အချိန်တွေကို ကုန်ဆုံး အောင် ကြိုးစားရတာပေါ့။
တစ်ညနေ “လွမ်းစေတီ”ရှိရာ တောင်ထိပ်ကိုအသွား “Agnes!” ဟေ့ Agnes! လို့တောင်အောက်က လှမ်းခေါ်သံကြားတော့ ကျောင်းက တစ်ယောက်ယောက်ဖြစ်မှာပဲဆိုပြီး ၀မ်းသာသွားတာပေါ့။ Agnes ဆိုတာ သူငယ်ချင်း ချင်းပဲ ခေါ်ကြတဲ့ နာမည်မဟုတ်လား။
ထင်ထားတဲ့ အတိုင်းပါပဲ။ ကျွန်မနောက်ပြေးလိုက်လာပြီး ခေါ်သူက “ချာလီပန်းရီ”ဖြစ်နေပါရော။ သူ့အစ်မ “အင်မာပန်းရီ” “မေရီပန်းရီ”တို့က ကျွန်မထက်အတန်းကြီးပြီး ချာလီက တစ်တန်းငယ်ပါ တယ်။ စိန်ပီတာကို မပြောင်းခင် ကွန်ဗင့်မှာ အတူနေကြတုန်းက ချာလီက အေးအေးနွဲ့နွဲ့မို့ ကျွန်မ တို့ရဲ့ နိုင်ဖက်ကောင်လေးပေါ့။
ပြန်တွေ့ရတာ အံသြကြီးသင့်လို့ ၀မ်းလည်းသာ၊ ပျော်လည်းပျော်သွားတာပါပဲ။ “နင်ဘယ်သွားမ လို့လဲ”တဲ့။
ကျွန်မ က လွမ်းစေတီ မှာ နေ့တိုင်းတံမြက်စည်း သွားလှည်းတယ်ဆိုတော့ “ငါလည်းလိုက်မယ်”တဲ့ လေ။ အဲဒီနေ့ ကစပြီး ကျွန်မတို့နှစ်ယောက် ညနေတိုင်းလွမ်းစေတီတင်မကဘူး။ အဖော်ကောင်း တာနဲ့ အနားက ဘုရားတွေ၊ တန်ဆောင်းတွေကိုပါ အတူတံမြက်စည်းလှည်းကြပါတယ်။ မောပြီဆို ရင်တော့ လွမ်းစေတီ က ခုံတန်းလျားပေါ် ထိုင်ကြပြီး နားရင်း သူငယ်ချင်းတွေအကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းပေါက်တတ်ကရတွေ ပြောကြတာပေါ့။
တစ်ခါတစ်ခါ မယောင်မလည်နဲ့ ကျွန်မတို့ရှိရာ ဦးအောင်ခန့် က ရောက်လာ တတ်ပါတယ်။ နောက်မှ ပြန်သိရတာက ကောင်လေးနဲ့ ကောင်မလေး တတွဲတွဲနဲ့ ဘုရားပေါ်မှာ မရိုးမသား ရှိနေသလားအထင်နဲ့ လာပြီး အကဲခတ်တာတဲ့လေ။ ကျွန်မမှာ ရယ်လိုက်ရတာ။ ချာလီဆိုတာက အစ်မတွေတစ်ပုံကြီးကြား မှာ မွေးလာတဲ့မောင်ငယ်လေး ဆိုတော့ ကနွဲ့ကလျနဲ့ မိန်းကလေးတစ်ယောက်ကို ပေါင်းလိုက် ရသလို ပေါင်းရတာမို့ လူတိုင်းက သူ့ကိုရင်းရင်းနှီးနှီး ဆက်ဆံပြီးချစ်ကြတာပါ။
ဒီလိုနဲ့ စစ်ပြေးဘ၀ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတယ် ဆိုပေမဲ့ ချောက်ချားစရာကောင်းတဲ့ ကောလဟလ သတင်းတွေလည်း အမျိုးစုံ ကြားရ။ လူတွေမှာ ထိတ်လန့်တကြားနဲ ဘာဖြစ်မလဲဆိုတာ ရင်မ’ပြီး နေကြရတဲ့ကာလပေါ့။ ဆေးမရှိ၊ ဆရာ၀န်မရှိ၊ ဆေးရုံမရှိတဲ့အချိန်မှာ ကိုလိုရာခေါ်တဲ့ ကာလ၀မ်းရောဂါတွေဖြစ်လို့ သတိထားနေကြဆိုတဲ့ သတင်းစကားကလည်း လူတိုင်းရဲ့နားမှာ ရောက်လာပါတယ်။
တစ်နေ့ ကျွန်မတို့ ချောင်နဲ့ကပ်လျက်မှာနေတဲ့ မိတ်ဆွေတစ်ဦးရဲ့ အစ်မ မီးဖွားဖို့နေ့စေ့ လစေ့ ဖြစ်နေတာကြောင့် ဆရာ၀န်လိုက်ရှာတာလည်း မတွေ့၊ ၀မ်းဆွဲရှာတာလည်းမရလို့ စိတ်ပူပြီးနေကြတယ်ဆို တဲ့ စကားကို ကြားတော့ အန်တီလေးမမြသန်းလည်း စိတ်ပူရှာတာပေါ့။ သူလည်းနောက် တစ်လနှစ်လဆို မွေးတော့မှာ မဟုတ်လား။ စစ်ဆိုတာ တကယ်ကြောက်စရာကောင်းတာပါလားဆိုတဲ့အသိတရား ကျွန်မခေါင်းထဲမှာ ရောက်နေတာတော့မန္တလေး မီးလောင်ပြင်ထဲ ပြေးခဲ့ရတဲ့အချိန် ကစတာပါပဲ။
ခုလည်း အန်တီလေး မျက်စိမျက်နှာပျက်ပျက်နဲ့ အားငယ်နေရတာကို တွေ့ရတော့ အိမ်ရှေ့ပူ အိမ်နောက် မချမ်းသာသလို ကျွန်မရင်မှာလည်း ကူးစက်ပြီး ခံစားရပါတယ်။ မာမီကလည်း ကောင်းတယ်သာဆိုတာ တစ်နေ့ရွှေ တစ်နေ့ငွေ။ ငိုချင်တဲ့အခါ တစ်ယောက်တည်း ရှိုက်ကြီးတငင်ငို၊ ကြည်သာတဲ့အခါလည်း ကြည်သာ တယ်ပေါ့။
ဖြစ်ချင်တော့ တစ်မနက် ကျွန်မသွားနေကျအတိုင်း ဘုရားစာ တက်ဖို့၊ ဆရာကြီးဒေါ်ခေမာရဲ့ ဇရပ်ကိုသွားပါတယ်။ အ၀င်၀ တံခါးပန်းပေါ်မှာ ခေါင်းတင်ပြီးလှဲလျက် ဆရာကြီးကိုတွေ့တော့ “ဒီနေရာမှာ ဘာလို့ လာအိပ်နေပါ လိမ့်”ဆိုတဲ့ အတွေးနဲ့ ဆရာကြီး နိုးမှာစိုးလို့ ခြေကိုဖွဖွနင်းပြီး အတွင်းကို ၀င်လိုက်ပါတယ်။
အိပ်နေတဲ့ ဆရာကြီးရဲ့ မျက်နှာသွင်ပြင်ကလည်း တစ်မျိုးကြီး၊ လှဲအိပ်နေပုံကလည်း အထာတကျ မဟုတ်တာနဲ့ လက်မောင်းကို သွားကိုင်ပြီး “ဆရာကြီး”လို့ သွားလှုပ်နှိုးဖို့ ကြံစည်ပြီး ကိုင်လိုက်မိတာ ရေခဲတုံးလို အေးစက်နေတဲ့ အတွေ့ကိုရမှ ကျွန်မလန့်ဖျပ်သွားတော့တာပေါ့။
ဆရာကြီးဘေးမှာ ထိုင်ရာက ကပျာကယာထပြီး ပြေးထွက်လာတာ ဇရပ်ကို ရောက်တဲ့အထိ အသက်မှ ရှူဖြစ်ရဲ့လား မသိပါဘူး။ အန်တီလေးကို ပြောပြတော့ ဦးလေးအောင်က အနားမှာရှိတာနဲ့ ကျွန်မကို အလယ်ဇရပ်ကြီးက ချောင်အုပ်ချုပ်တဲ့ ဆရာကြီးကို မြန်မြန်သွားပြောချေ ဆိုတာနဲ့ အမောတကော သွားပြီး ပြောပြ ရပါသေးတယ်။
စိတ်ထဲမှာလည်း အံ့သြလိုက်တဲ့ ဖြစ်ခြင်း။ မနေ့မနက်ကပဲ ကျွန်မကို ဘုရားစာချပေးနေခဲ့တာ အ ကောင်းသားကြီး ဆိုတော့ ယုံတောင် မယုံနိုင်ပါဘူး။ ဆရာကြီးကို လျှောက်ရင်းလည်း ကျွန်မငိုလိုက် ရတာ ရင်ထဲမှာ နာကျင်ကြေမွလို့။ ဆရာကြီးက…
“ဒါလောက် မြန်တယ်ဆိုရင် ကာလ၀မ်းရောဂါပဲ ဖြစ်မယ်ထင်တယ်”ပြောလိုက်တော့ ကျွန်မပိုပြီး လန့် သွားတာပေါ့။ နောက်တစ်နေ့ကျတော့ ကျွန်မ ၀မ်းတွေ လျှောတော့တာပါပဲ။ ဆန်ဆေးရေတွေလို ၀မ်းအဖြူတွေ သွားလိုက်တာ တစ်ရက်တည်းနဲ့ကို လူကမလှုပ်နိုင်တော့အောင် နုန်းခွေ သွားပါတယ်။
ဆရာကြီးဒေါ်ခေမာလို ချက်ချင်းများ သေသွားမှာလားလို့ တွေးပြီးသွေးလန့်တာလည်းပါတာကြောင့် စိတ်အားတွေ ငယ်နေမိပါတယ်။ မာမီ စိတ်မကောင်းဖြစ်မှာစိုးလို့သာ ကိုယ့်ဟာကိုယ် အားတင်းပြီး ဟန်ဆောင်ထားရတာကလည်း ခံနေရတဲ့ရောဂါအပြင် ဒုက္ခတစ်ခု ပိုပါ သေးတယ်။
မာမီ လည်း စိတ်ပူပြီး ဦးလေးအောင်တို့ကို ဆရာ၀န် လိုက်ရှာခိုင်းရတာပေါ့။ ဆရာ၀န်ကလည်း ဘယ်မှာမှ ရှာမရပါဘူး။ ဒေါ်ခေမာ ဆီက ကျွန်မ ၀မ်းရောဂါ ကူးစက်လာပြီဆိုတာသိတော့ အန်တီ လေးတို့လည်း တုန်လှုပ်ချောက်ချား ကုန်ပါတယ်။ ကလေးလေးတွေက ငယ်ငယ်လေးတွေမို့ သူ တို့ကို ရောဂါ ကူးစက်ကုန်မှာ စိုးတာနဲ့ တခြားလွတ်ရာ ဘေးကင်းရာကို ချက်ချင်းပြောင်းနေဖို့ အားလုံးက ဝိုင်းပြီး တိုက်တွန်းကြတာနဲ့ ချက်ချင်းကြီး ထပြောင်း သွား တာပေါ့။
ခေမေသက ရဲ့ ဟိုးမြောက်ဘက်ကျတဲ့ ရွှေဂူချောင်ဘက်မှာ နေရာရတယ်ဆိုလားပါပဲ။ အန်တီလေး တို့တင် မဟုတ်ပါဘူး။ ချောင်တွေထဲမှာ ၀မ်းရောဂါဖြစ်တဲ့ နေရာမှန်သမျှက လူတွေလည်းအဲလိုပဲ ကူးစက်မြန်တဲ့ ရောဂါဆိုးမို့ ဒီလိုကပ်နာမျိုးက လွတ်အောင်ပြေးကြရ၊ ရှောင်ကြရပါတယ်။ “နူရာဝဲစွဲ၊ လဲရာ သူခိုးထောင်း” ဆိုတဲ့ စကားအတိုင်းပါပဲ။ စစ်ဘေးက ပြေးရင်းရောဂါနဲ့ ဆေးဝါးမရှိလို့ သေကြရသူတွေလည်း အနန္တပါ။
ကျွန်မ ဘေးမှာလည်း မာမီနဲ့ ဘွားသီလရှင်ကြီးပဲ ရှိပါတော့တယ်။ တစ်ခု ကျွန်မ ကံကောင်းတာက မန္တလေးမှာ နေစဉ်ကာလက မာမီက ပရဟိတ ဝါသနာပါသူမို့ Red Cross ကြက်ခြေနီအသင်းမှာ တပ်မှူးအဖြစ် ပါဝင်လှုပ်ရှားလာသူ တစ်ဦးပါ။ အဲဒီတုန်းက ဥက္ကဌက ဦးလှကြီးပေါ့။ဒီလို အခြေခံတွေ ရှိထားတာမို့ ရှေ့ဦးသူနာပြုကျွမ်းကျင်တဲ့ မာမီက ကျွန်မကို အိမ်မှာ ရှိသမျှ၊ ဆေးလေးနဲ့ပဲ ကြိုးစားပြီး မပြန့်ပွားအောင် ဂရုစိုက်ပြုစုပေး ပါတယ်။
ခေါင်းရင်းဇရပ်မှာ နေတဲ့ ဦးအောင်ခန့်ကလည်း သတင်းကြားတော့ လာကြည့်ပါတယ်။ မာမီ ပြုစုနေ သမျှလောက်နဲ့တော့ စိတ်ချရမှာ မဟုတ်ဘူး။ တခြားချောင်တွေမှ ဆရာဝန် ရလိုရငြားဆိုပြီး လိုက်ရှာတော့ ဆရာဝန်တော့ တွေ့ခဲ့ပါရဲ့။
အဲဒီဆရာဝန်က မိသားစုရှိရာကို ခရီးဆက်မဲ့ဆဲဆဲမို့ လိုက်လာကြည့်ပေးဖို့ အချိန် မရတော့ဘူး။ ဆေး ပဲ ပေးလိုက်မယ် ဆိုတာနဲ့ ဆေးတော့ ရလာခဲ့တယ်ဆိုပြီး လာပေး ပါတယ်။ သေကံမရောက်လို့ပဲ ထင်ပါရဲ့။ အဲဒီဆေးနဲ့ ကျွန်မရဲ့ဝမ်းလျှောတာ သက်သာသွားပါတယ်။ လူကတော့ မထူနိုင် မထောင်နိုင် အိပ်ရာထဲ လဲလျက်ပဲ ရှိပါသေးတယ်။
မထနိုင်လို့ ပက်လက်ပဲ ရှိသေးတဲ့ ဧပြီလ ၃၀ ရက် အိပ်မပျော်ညမှာ ‘ဝုန်းဒိုင်း’ဆိုတဲ့ ဧရာမပေါက်ကွဲသံကြီးကို အနားမှာ ကပ်ပြီး ကြားလိုက်တော့ လာပြန်ပြီ၊ ဗုံးတွေပဲလို့ အထင်ရောက်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ သားအမိနှစ်ယောက် တအား ဖက်ထားရာက နေပြီး ရသမျှ ဘုရားစာတွေကို မပြတ်ရွတ်ရင်း မထနိုင်တာနဲ့ ဘုရားကိုပဲ တ နေတာပေ့ါ။
မနက်ကျမှ သိရတာက ဂျပန်စစ်တပ်တွေက အောင်ပွဲရပြီး ချီတက်လာတာ နီးကပ်နေတာကြောင့် အင်္ဂလိပ်စစ်တပ်က နောက်ဆုတ်ရင်းနဲ့ ရန်သူတွေ အလွယ်တကူ မသုံးနိုင်အောင် စစ်ကိုင်း တံတားကြီး ကို ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့တယ် ဆိုတဲ့ သတင်းကို ကြားရပါတယ်။
အဲဒီထက်ဆိုးတဲ့ နောက်ဆက်တွဲ သတင်းတစ်ခုတော့ ကျွန်မကို အလွန်အမင်း တုန်လှုပ်ချောက်ချားစေခြင်း ဖြစ်တဲ့အထိပါပဲ။ ကျွန်မတို့နဲ့ ကပ်လျက်ချောင်က ကိုယ်ဝန် နေ့စေ့လစေ့နဲ့ မမအေမီက မွေးဖွားချိန်တန်လို့ ကမ္မဇလေ လှုပ်ရှားပါတယ်တဲ့။ ဆရာဝန် ဆရာမရှာမရလို့ စစ်ကိုင်း အနီးအနားက ရွာတစ်ခုက လက်သည်ဝမ်းဆွဲကို သွားခေါ်ထားပါတယ်။
တစ်နေ့လုံး တစ်ညလုံး မီးမဖွားနိုင်ရှာဘူး။ မမအေမီရဲ့ မီးဖွားရာလမ်းကြောင်း၊ ညှပ်ရိုးက ကျဉ်းနေလို့ ဒါမျိုးက ရိုးရိုး လက်သည်နှင့် ဖွားလို့မရဘဲ ဆေးရုံမှာ ဗိုက်ခွဲပြီး မွေးရမဲ့အဖြစ် ဆိုတော့ ပို့စရာ ဆေးရုံကလည်းမရှိ။ ဒီအထဲ စစ်ကိုင်း တံတားကြီး ဖောက်ခွဲသံနဲ့ ညက ထိတ်လန့်တုန်လှုပ်ကြရတာပေါ့။ ပေါင်းလိုက်ပြီး မနက် မိုးလင်းတော့ မမအေမီရော၊ ကလေးပါ ဆုံးသွားတယ်လို့ ကြားရပါတယ်။
‘နေ့မြင် ညပျောက်’ဆိုတဲ့ သင်္ခါရသဘောကို စစ်အတွင်းမှာတော့ ဖောဖောသီသီကြီးကို ကြုံတွေ့နေရခြင်းပါပဲ။ ဒီသတင်းကို ကြားတော့ အန်တီလေးမမြသန်းအတွက်လည်း စိတ်ပူမိတာပေါ့။ နောက်တစ်နေ့ မေလဆန်း တစ်ရက်နေ့မှာ ဂျပန်စစ်တပ်က မန္တလေးမြို့ကြီးကို အောင်မြင်စွာ သိမ်းပိုက်လိုက်ပါတော့တယ်။
ဦးလေးဦးဖိုးအောင် တစ်ဦးတည်း ပြန်လာပြီး ကျန်ခဲ့တဲ့ပစ္စည်းတွေ သိမ်းပါတယ်။ မန္တလေးမြို့ကို ဂျပန်က သိမ်း လိုက်ပြီဆိုတော့ သူတို့ ဝါးချက်ရွာကနေ စောင့်ပြီး သတင်းနားထောင်ရင်း မန္တလေး အခြေအနေကောင်းတာနဲ့ ပြန်ကူးကြမယ်တဲ့။ ကျွန်မတို့ တစ်ခါတည်းလိုက်ရင် လိုက်ခဲ့လို့ ခေါ်ပါတယ်။
ကျွန်မက အားကောင်းကောင်းမရှိသေးတာနဲ့ သုံးလေးရက် စောင့်ပြီးမှ ဝါးချက်ကို လိုက်လာခဲ့မယ်ပေါ့။ ပြီးမှ အခြေအနေ ကြည့်ပြီး မန္တလေးကို အတူကူးကြမယ်လို့ မာမီက စီစဉ်ပြီး ဦးလေးအောင်တို့ ရှိမယ့် နေရပ်လိပ်စာကို ယူထားလိုက်ပါတယ်။
သုံးလေးရက်ရှိတော့ ကျွန်မလည်း တော်တော်လေး အားပြည့်လာပါပြီ။ ကျွန်မတို့ ဝါးချက်လိုက်သွားပြီး မန္တလေးကို ကူးမယ်ဆိုတာ ကြားတော့ဦးအောင်ခန့်က မသွားသင့်ဘူး။ အခြေအနေကို အချိန်ယူပြီး စောင့်ကြည့်စေချင်သေးတယ်။ စစ်ဦးဘီလူးဆိုတာ စိတ်ချရသေးတဲ့ ကာလ မဟုတ်ဘူးနဲ့ ဖျက်ပါလေရော။
အဲဒါကို မာမီက လက်ခံစဉ်းစားချင်ပုံ ရပါတယ်။ ကျွန်မတော့ မန္တလေးကို ပြန်ရင် ဘိုးလေးတို့လည်း ပြန်ရောက်ကြမလားမသိ။ ဒါဆိုရင် ကျွန်မတို့ အရင်အခြေအနေအတိုင်း တစုတစည်းနဲ့ ပြန်စရတာ လွယ်လေမလားလို့ ဘွားလေးတို့ကို အားကိုးစိတ်နဲ့ ပြန်ချင်တယ်ပေါ့။
မာမီနဲ့ ကျွန်မ ပထမဆုံးအကြိမ် ပြဿနာဖြစ်ကြပါရော။ ငယ်ကတည်းက မာမီကို ကြောက်ရတာမို့ မာမီရဲ့ အဆုံးအဖြတ် မှန်သမျှ နာခံလိုက်နာခဲ့ရတာ။ ဒီအကြိမ်မှာ ကျွန်မရဲ့ ဆန္ဒကို ထုတ်ပြောမိတော့ ပြဿနာဖြစ်ရတော့တာပေါ့။ နောက်ဆုံးတော့ မာမီက ကျွန်မရဲ့ဆန္ဒကို လိုက်လျောပြီး ဝါးချက်ကို လိုက်သွားဖို့ သဘောတူတာနဲ့ မြစ်ဆိပ်ကို ဆင်းရပါတယ်။
အဲဒီအချိန်က ခုခေတ်မှာလို တောင်ရိုးတစ်လျှောက် ကားလမ်းပေါက်သေးတာ မဟုတ်ဘူး။ တစ်နေရာ နဲ့ တစ်နေရာ အသွားအလာ အဆက်အသွယ် အလွန်ကို ခက်ခဲပါတယ်။ ခြေကျင်လျှောက်ရင်လျှောက် ဒါမဟုတ် ကုန်းလမ်းက ဆိုရင် နွားလှည်းကို ငှားပြီး သွားရင်သွား၊ ရေလမ်းကို ရွေးရင်လည်း ငှက်ဆိုတဲ့ သမ္ဗာန်သေးသေးလေးတွေ နဲ့ပဲ ဧရာဝတီမြစ်ကြောကို စုန်ဆန်ရတာပါ။
မြစ်ဆိပ်ကို ဘွားသီလရှင်ကြီးက လိုက်ပို့ပါတယ်။ မာမီကလည်း ရေကို အသေကြောက်တတ်တာ။ ငှားထားတဲ့ ငှက်ဆိုတဲ့ သမ္ဗာန်လေးကလည်း သေးသေးလေး။ ကျွန်မရဲ့ စာအုပ်သေတ္တာလေးလေးကြီးကိုတင်လိုက်တော့ ငှက်က လူးသွားတာပေါ့။
ဒီမှာတင် မာမီက ကျွန်မကို အကြီးအကျယ် ဒေါသထွက်တော့တာပဲ။ စာအုပ်သေတ္တာကြီးပါရင် သူ
မလိုက်ဘူးတဲ့လေ။ ကျွန်မကိုလည်း နင်ကြိုက်ရာရွေးတဲ့ ကျွန်မမှာ မာမီလည်း လိုက်စေချင်၊ စာအုပ်
သေတ္တာကြီးလည်း အတူယူသွားချင်နဲ့ ဗျာတွေများပြီး ငိုချလိုက်တာပေါ့။
ပါလာတဲ့ ဘွားသီလရှင်ကြီးက ကျွန်မကို ကြည့်ပြီး သနားသွားတယ် ထင်ပါရဲ့။
‘မိန်းကလေး ငိုမနေနဲ့။ စာအုပ်သေတ္တာကို ထားခဲ့ပြီး လိုက်သွား၊ အဘွားနောက်နေ့ကျတော့ နွားလှည်းငှားပြီး ဝါးချက်ကျောင်းကို လာပို့ပေးမယ်တဲ့ ၊ ပြောရှာတယ်။ ဒါနဲ့ ကျွန်မလည်း စာအုပ်သေတ္တာကြီးကို အားကလည်း မရှိ၊ မနိုင်မနင်းနဲ့ မနည်းပြန်ချပြီး ထားခဲ့တာပေါ့။’
မာမီက ကျွန်မကို မျက်စောင်းအခဲသားနဲ့ ကြည့်ပြီး လိုက်လာပါတယ်။ အန်ကယ်အေးလာခေါ်တုန်းက မန္တလေးအိမ်က အထွက် စာအုပ်သေတ္တာကြီး သယ်လာမယ် ဆိုကတည်းက မာမီက ဝန်ကျယ်ပြီးလေးတာမို့ မယူခဲ့ရဘူး ပြောရက်သားနဲ့ ကျွန်မက မာမီအလစ်မှာ အန်ကယ်အေးကို ပြောပြီး တင်လာခဲ့တာဆိုတော့ အဲဒီကတည်းက ဒီစာအုပ်သေတ္တာနဲ့ ကျွန်မကို ကြည့်မရဖြစ်နေတာ ကြာပြီလေ။
ကိုယ့် အပြစ်နဲ့ကိုယ် ဆိုတော့ ကျွန်မလည်း ကုပ်ပြီးလိုက်ခဲ့ရတာပေါ့။ အန်တီလေးတို့ ပေးထားတဲ့ လိပ်စာအတိုင်း ဝါးချက်က ဘုန်းကြီးကျောင်းကို ဆိုက်ဆိုက်မြိုက်မြိုက်တော့ ရောက်ပါရဲ့။ ကျွန်မတို့ကို အန်တီလေးတို့က စောင့်နေခဲ့တာပါပဲ။
မနက်စောကြီးက လူကြုံကောင်းလို့တဲ့။ မန္တလေးကို ကူးသွားကြပြီဆိုတာ မှာထားခဲ့လို့ သိရတော့ အမော ကြီး မောသွားတာပေါ့။
မျှော်လင့် အားခဲထားသမျှတွေလည်း အစိတ်စိတ်အမြွှာမြွှာနဲ့ တစ်စစီ ဖြစ်သွားသလို ရင်ထဲမှာ ခံစားလိုက်မိပါတယ်။ စစ်အတွင်းမှာ အရာရာက အခြေအနေကို လိုက်ပြီးလှုပ်ရှားရပ်တည်ကြရတာဖြစ်လို့ အန်တီလေးတို့ကိုလည်း အပြစ်မဆိုသာပါဘူး။ မွေးဖွားဖို့ကိစ္စက နံပါတ်တစ်ထားပြီး စဉ်းစားရတာကြောင့် အဆင်ပြေတဲ့ အခိုက်ကို လိုက်ပြီးသွားရတာ ဖြစ်မှာပဲလို့တွေးပြီး စိတ်သက်သာရာ ရှာရပါတယ်။
ဘဝ ရဲ့ တစ်ဆစ်ချိုး လမ်းကွေ့တွေကလည်း ဝင်္ကပါလို အသွယ်သွယ်နဲ့ မျက်စိလည်လမ်းမှားချင်စရာ အခြေအနေတစ်ခုကို ရင်ဆိုင်လိုက်ရခြင်းပါပဲ။
××××××××××××××××
အပိုင်း ၁၂ ဆက်ရန်…
အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်
အပိုင်း (၁၂)
ရောက်မဆိုက်မှာ အန်တီလေးတို့ မန္တလေးကို ထွက်သွားပြီဆိုတဲ့ သတင်းကြောင့် စိတ်ရော လူရော မောသွားတာ လည်း တစ်ကြောင်း၊ ဝါးချက်ကနေ မန္တလေးသတင်းကို စောင့်နားထောင်ပြီး အန်တီလေး တို့ကို လူကြုံကောင်း ရရင်လည်း အခြေအနေအရ ပြန်သင့်လည်းပြန်ဖို့ဆိုတဲ့ စိတ်ကူးနဲ့ မာမီက တစ်ရက် နှစ်ရက် ဒီမှာ ခဏနေကြည့်ရအောင်ဆိုတာနဲ့ ဆရာတော်ကြီးကို နေခွင့်ရဖို့ သွားလျှောက်ပါတယ်။
ဝါးချက်ကျောင်းကြီးကလည်း ကျယ်ဝန်းပါရဲ့။ ကျောင်းရဲ့အပေါ်ထပ်မှာ ဆရာတော်ဘုရားနဲ့ သံဃာ တော်များ သီတင်းသုံးကြပြီး အောက်ထပ်တစ်ထပ်လုံးမှာ စစ်ပြေးသူတွေ ကိုယ့်အုပ်စုလေးနဲ့ကိုယ် နေ ကြ ပါတယ်။ ခေမေသကချောင်က သီလရှင်ဇရပ်တုန်းကလို အိပ်ခန်းတွေ ဘာတွေ သီခြားရှိတာ မဟုတ်ဘူး။
ကျောင်းအောက်ထပ် ခန်းမကြီးထဲမှာပဲ ကိုယ့်အတွက် သတ်မှတ်ပေးထားတဲ့နေရာ ကွက်ကွက်ကလေးမှာ တစ်ကိုယ်စာ အိပ်ရာလေးတွေ ကြမ်းပြင်မှာခင်းထားပြီး ရှိစုမဲ့စု ကိုယ့်ပစ္စည်း၊ ကိုယ့်သေတ္တာကလေးတွေ အိပ်ရာဘေး စီချပြီး မီးဘေးဒုက္ခသည်တွေ ကယ်ဆယ်ရေးစခန်းမှာ နေကြရတဲ့ ပုံစံမျိုးအတိုင်းပါပဲ။
ကျွန်မတို့ သားအမိအတွက်လည်း ကျောင်းရဲ့ထောင့်စွန်းတစ်နေရာမှာ နှစ်ယောက်စာ အိပ်သာ ရုံနေရာ လေး တစ်ခုကို ဦးပဉ္ဇင်းတစ်ပါးက ဖန်တီးပြီး နေရာချထားပေးပါတယ်။ အခြေအနေကိုကြည့်ပြီး မာမီ က နှာခေါင်းရှုံ့ ပါလေရော။
သူစိမ်းတွေ နဲ့ ရောကောသောကော မနေတတ်တဲ့သူက ခုလို ဟင်းလင်းပြင်ထဲမှာ မသပ်မရပ် ဖြစ်ကတတ်ဆန်း နေရမှာကို စိတ်ညစ်သွားတယ် ထင်ပါရဲ့။
“ဖြစ်ချင်ရာဖြစ်၊ မနက် ကျရင် မာမီတို့လည်း မန္တလေးကို ပြန်ကြရအောင်” လို့ ဆိုပါတယ်။
ကျွန်မလည်း နေရတဲ့ လက်ရှိအခြေအနေကို စိတ်ကုန်တာနဲ့ မာမီ့လိုပဲ “မထူး ပါဘူး၊ ဖြစ်ချင် တာတွေ ဖြစ်ကြစမ်းဟယ်” ဆိုတဲ့ ခံယူချက်နဲ့ စိတ်ကို လျှော့ထားလိုက်တယ်ပေါ့။ ဖြစ်ချင်တာတွေ တကယ်ကို ဖြစ်ပြီဆိုတော့လည်း အံ့သြဖွယ်ရာပါပဲ။
“ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာတယ်” ဆိုတဲ့စကားလေးက လှပသလောက် အဓိပ္ပာယ်ဘယ်မျှ ကျယ် ဝန်းတယ် ဆိုတာ ကျွန်မ လက်တွေ့ခံစားရမှ ပိုပြီးနားလည်သဘောပေါက်သွားရပါတော့တယ်။ အဲဒီညမှာ ကျွန်မ ဝမ်းတွေ ပြန်ပြီး လျှောပါလေရော။
ကျောင်းကြီးက ကြီးသလောက် ကျောင်းပရိဝုဏ်ကြီးကလည်း ကျယ်ဝန်းပါဘိ။ လူသုံးအိမ်သာနဲ့ ကုဋီ ကလည်း ဟိုးအဝေးကြီး ခြံရဲ့အစွန်းထောင့်မှာပါ။ ပထမ တစ်ခေါက် နှစ်ခေါက်တော့ အိမ်သာ အရောက် သွားနိုင်ပါသေး ရဲ့။ နောက်အခေါက်တွေကျ ကျွန်မ ရောက်အောင် မသွားနိုင်တော့ပါဘူး။ လူက နဂိုကမှ နာလန်ထခါစရယ်၊ အန်တီလေးတို့ကို မမီ လိုက် မှာစိုးလို့သာ ပြေးပြေးလွှားလွှားနဲ့ ကြိုးစားပြီး လိုက် လာရတာလေ။
အားက ရှိသေးတာ မဟုတ်တဲ့အပြင် စိတ်ရောလူပါ မောသွားတာ ထပ်ဆောင်းလိုက်တော့ နှစ်ခါ၊ သုံးခါ ဝမ်းသွားလိုက်နဲ့ ချည့်နဲ့သွားတော့တာပါပဲ။ ထပ်သွားချင်ရင် လွယ်ကူအောင် ကျောင်းအထိ မပြန်နိုင် တော့တာနဲ့ အိမ်သာနဲ့ မနီးမဝေးမှာ ပုံရက်ကလေး မြေပေါ်မှာ လဲချနေရပါတယ်။ မာမီက ကျွန်မကို ထူ ပြီး ရင်ခွင်မှာ ပွေ့ထားပေးရင်း ဟန်တောင်မဆောင်နိုင်ရှာဘူး။ မျက်ရည်တွေ ကျလို့။
အရုဏ်တက်တော့ ဦးပဉ္ဇင်းတစ်ပါးက တခြားလူတွေကို ရောဂါကူးစက်ကုန်မှာစိုးတာနဲ့ ကျွန်မတို့ကို ကျောင်းနဲ့ဝေးရာ ခြံထောင့်က ထားဝယ်မှိုင်းပင်ကြီးအောက်မှာရှိတဲ့ ကွပ်ပျစ်ကြီးတစ်ခုပေါ် ရွှေ့ပြောင်း နေဖို့ စီစဉ်ပေး ပါတယ်။
မာမီလည်း နေရာက မထနိုင်တော့တဲ့ ကျွန်မအတွက် ထဘီတွေ တင်ပါးအောက်မှာခင်ပေးပြီး တစ်ထည် ပြီး တစ်ထည် လဲပေးနေရတော့တာပေါ့။ ဒီအချိန်မှာ ကျွန်မ တကယ်ကို အားငယ်သွားတော့တာပါ။ ပထမ အကြိမ်တုန်းက သေကံမရောက်လို့ ပြန်ကောင်းလာတာ မှန်ပါရဲ့။ ဒီတစ်ခါ ပြန်ဖြစ်တာကျတော့ ကျွန်မ ခံနိုင်ရည် မရှိတော့ ပါဘူး။
ရင်ထဲကပူ၊ အာတွေကခြောက်၊ သောက်စရာ ရေလေးတစ်ခွက်တောင် အနားမှာမရှိတဲ့ အဖြစ်ပါ။ ငါ ဆတ်ဆော့ပြီး လာခဲ့မိတာ မှားလေခြင်းလို့လည်း နောင်တရနေမိပြန်ပါတယ်။ ခုနေ သေသွားရင် မာမီ တစ်ယောက်တည်း ကျန်ခဲ့မယ့် အဖြစ်ကိုလည်း စိတ်က မချနိုင်အောင် ဖြစ်မိတာကလည်း ပါသေး တယ်။
မာမီ့ ရဲ့ စိတ်ဝေဒနာ အခြေအနေက ကောင်းသေးတာ မဟုတ်သေးပါဘူး။ ငိုတစ်ခါ ရယ်တစ်လှည့် ဖြစ်နေတဲ့အပြင် စားချင်တဲ့နေ့မှ စား၊ ညညဆို ဆေးလိပ်တွေ တဖွာဖွာနဲ့ မအိပ်တဲ့ညက ခပ်များများ ရယ်။ မာမီ့ ကို စိတ် မချ လို့ ကျွန်မ က တစ်ပြန် အရိပ်ကြည့်၊ စောင့်ရှောက်နေရတဲ့အချိန်မှာ သေရမယ်ဆိုတဲ့ အဖြစ်ကို တွေးကြည့်လိုက်တာနဲ့ ရင်ထဲမှာ တုန်လှုပ်ချောက်ချားမှုနဲ့အတူ နာကျင်ကြေမွတဲ့ ခံစားမှုကို သိသိသာသာ ခံစားရပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ငါ မသေရဘူးဆိုတဲ့ စိတ်နဲ့ ကြိုးစားပြီး အားတင်းထားပေမဲ့ ကိုယ်လက်တွေက မသယ်နိုင်တော့တဲ့အပြင် တဖြည်းဖြည်းနဲ့ အားအင်တွေ ဆုတ်ယုတ်လာတာ မျက်လုံးတောင် မဖွင့်နိုင် တော့အောင် လေးလံ လာပါတော့တယ်။
မာမီ့ ရဲ့ အားပေးတဲ့ စကားသံတွေကလည်း တစ်ခါတစ်လေ နီးနီးလေး ကြားနေရာကနေ ဝေးသွားလိုက်၊ မျက်လုံးကို ကြိုးစားပြီး ဖွင့်ကြည့်ရင်လည်း ထားဝယ်မှိုင်းပန်းပင်ပေါ်က ပန်းပွင့်လေးတွေက ကျွန်မ မျက်နှာ နားထိ ဆင်းလာပြီး ကြွက်သွားလို ဖြူဖြူလေးတွေနဲ့ ရယ်ပြတာ မြင်လို မြင်ရ။
သေရမှာ ကြောက်ပြီး ဘုရားကို ကြိုးစားအာရုံပြုပေမဲ့ ကိုယ့်စိတ်ကိုယ် စုစည်းလို့မရဘဲ အာရုံမှာ အမျိုးစုံ ထင်ဟပ်နေပါတော့တယ်။ ဒီအချိန်မှာ “ဒကာမကြီး ပါးစပ်ဟ၊ ဒီဆေးလေး သောက်လိုက်၊ ကောင်းသွား လိမ့်မယ်” တဲ့။ အသံကြားရလို့ မဖွင့်နိုင် ဖွင့်နိုင် မျက်စိကို ကြိုးစားဖွင့်ကြည့်တော့ ကျွန်မရဲ့ဘေးမှာ ရဟန်းတော်တစ်ပါး ရပ်လျက် တွေ့ရပါတယ်။ ကျွန်မရဲ့ပါးစပ်ထဲကို ဆေးလုံးတစ်လုံး ခွံ့လိုက်တာနဲ့ ကြိုးစားပမ်းစား မျိုလိုက် ရတာပေါ့။ အဲဒီနောက် ကျွန်မ ဘာကိုမှ သတိမရတော့ပါဘူး။ အိပ်လို့ကောင်း ကောင်းနဲ့ အကြာကြီး အိပ်လိုက် တယ် လို့ ထင်ရတာပဲ။ နိုးတော့ အရုဏ်တောင်တက်လို့ အလင်းရောင် ပျို့စဖြစ်နေပါပြီ။ ကြည်ကြည် လင်လင်နဲ့ အားအင်တွေ ပြည့်ဝ လာသလိုပါပဲ။ ကျွန်မဘေးမှာ မာမီရယ် မအိပ်ဘဲ ငုတ်တုတ်ကလေး ထိုင်လို့ တရှိုက်ရှိုက် ငိုနေလေ ရဲ့။
ကျွန်မက မာမီ့ ဒူးကို လက်နဲ့ကိုင်လှုပ်တော့မှ ကျွန်မကို တအံ့တသြနဲ့ ပြန်ကြည့်ပြီး ဝမ်းသာရှာလွန်းလို့ လေ။ ကျွန်မ အိပ်ကောင်းကောင်းနဲ့ အိပ်နေတာကို မာမီက မေ့မြောနေပြီ၊ သေတော့မှာလို့ ထင်နေတာ တဲ့။ တကယ်ပဲ မေ့မြော သွားတာလား။ အိပ်ပျော်သွားတာလားဆိုတာလည်း ကျွန်မ မခွဲခြားတတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဦးပဉ္ဇင်း ခွံ့ သွားတဲ့ ဆေးကတော့ စွမ်းတာ အမှန်ပါပဲ။ ကျွန်မ ဝမ်းလျှောတာလည်း ရပ်၊ လူလည်း လုံးဝကို ကြည်ကြည်လင်လင်ဖြစ်ပြီး နိုးလာခြင်းပါ။
ဒီအကြောင်းကို လွန်ခဲ့တဲ့ လေးနှစ်ကာလက ဝါးချက်ကို တစ်ခေါက် ပြန်ရောက်လို့ အမှတ်ရမိတာနဲ့ ကလျာ မဂ္ဂဇင်း မှာ ရေးမိတော့ အဲဒီဆောင်းပါးကို ဖတ်ရတဲ့ စာရေးဆရာကြီး တစ်ဦးက ကျွန်မဆီကို စာ ရေးလာပါတယ်။
ဦးပဉ္ဇင်း ခွံ့သွားတဲ့ ဆေးဟာ “ဘိန်း” ဖြစ်နိုင်ပါတယ်တဲ့။ ဘိန်းက ဝမ်းလျှောခြင်းကို ရပ်စေတဲ့ မြန်မာ ဆေးမြီးတိုလို့ ပြောပြတာနဲ့ မှတ်သားထားလိုက်ရပါတယ်။ ဘာပဲဖြစ်ဖြစ် သေဖို့ကံ အလှည့်မကြုံသေး တာကြောင့် ကူမယ့် ကယ်မယ့်သူ ရောက်လာခြင်းဖြစ်မှာပါပဲ။
လူက နည်းနည်းလန်းဆန်းလာလို့ ထူထူထောင်ထောင်တော့ ရှိလာပါရဲ့။ ကျောင်းနဲ့ ဝေးနေလို့ မျက်နှာ သစ်စရာ ရေတောင်မရှိပါဘူး။ ဟိုအချိန်က စစ်ကိုင်းတောင်ရိုးမှာ ရေရှားပါတယ်။ ခုလို ချောင်တွေပေါ် ရေပိုက် ဆွဲထားတာမျိုး မရှိပါသေးပါဘူး။ သောက်ရေ သုံးရေအတွက် ရာဝင်စဉ့်အိုးကြီးတွေနဲ့ မိုးရေကို တံစက်မြိတ်အောက် ကနေ ရေတံလျှောက်ခံပြီး လောင်ထားရတာပါ။
မြစ်ထဲမှာ ရေတွေ ပေါခြင်းသောခြင်းရှိတာ သိပေမဲ့ ကိုယ်ကမှ မြစ်ဆိပ်ထိ မဆင်းနိုင်တာ။ ကျောင်း တိုက်ထဲ သွားဖို့ ကျတော့လည်း မသန့်မစင်ဖြစ်နေ တဲ့ ကိုယ်နဲ့မို့ မသွားရဲပါဘူး။ အဲလို ကိုယ်ဟာကိုယ် မသန့်စင်နိုင်တဲ့ အဖြစ်ကြောင့် စိတ်လည်း ညစ်၊ လူက နေသာလာတော့ ဝမ်းက ဟာလာပြန်ရော။ ပါ လာတဲ့ ဘီစကွတ် မုန့်လေးတွေ ထုတ်ပြီး သားအမိနှစ်ယောက် ဒါကိုပဲ မနက်စာ၊ ညစာ လုပ်ပြီး စားရပါ တယ်။
အားအင်ပြည့်လာတဲ့အထိ နောက်တစ်ရက် ထပ်နားကြမယ်လို့ တိုင်ပင်ပြီး သက်သာသလိုလေး ကွပ် ပျစ်ပေါ်မှာ လှဲနေရ တာပေါ့။ ဘာလိုလိုနဲ့ ထားဝယ်မှိုင်းပင်ကြီးအောက်မှာ နှစ်ညတာ နေလိုက်ရပါပြီ။ ကျွန်မ ရဲ့ အညစ်အကြေးတွေပေနေတဲ့ ရှိရှိသမျှ ထဘီတွေကိုလည်း ရောဂါပြန့်ပွားမှာစိုးတာနဲ့ မာမီက အထုပ်ကြီးတွေ ထုပ်ပြီး လွတ်ရာ ခြံထောင့် မှာ မီးရှို့ပစ်ပါတယ်။
ပါလာတဲ့ စောင်ပါးလေးကို သားအမိနှစ်ယောက် အတူခြုံပြီး ကွပ်ပျစ်ပေါ်မှာကွေးလို့ ကောင်းနေ တုန်း နေ့မွန်းလွဲလောက်ကျတော့ “ဟော… ဒီမှာ သားအမိပါလား” လို့ ပြောလိုက်တဲ့ ဘွားသီလရှင်ကြီးရဲ့ အသံကို ခေါင်းရင်းဘက်က ကြားတာနဲ့ ကျွန်မ ခေါင်းထောင်ကြည့်လိုက်မိပါတယ်။
ခေမေသကချောင်က ကျွန်မတို့နဲ့ အတူနေခဲ့တဲ့ ဘွားသီလရှင်ကြီး ဖြစ်နေပါရော။ ဟုတ်သားပဲ။ ကျွန်မ ရဲ့စာအုပ်သေတ္တာကို လှည်းငှားပြီး လာပို့ပေးမယ် ပြောထားတာလေ။ ကိုယ့်ဝေဒနာနဲ့ကိုယ် သေမလို ဖြစ်နေတာကြောင့် စာအုပ်သေတ္တာကိုလည်း သတိမရမိတော့ပါဘူး။ ဘွားသီလရှင်ကြီး လှည်းနဲ့ ကျောင်းတိုက်ကို ရောက်လာတော့ ကျွန်မ ဒီမှာ ရှိလေရဲ့လို့ အကျိုးအကြောင်း ပြောပြပြီး ညွှန်လိုက် တာကိုး။
“ဘွားနဲ့အတူ ဦးအောင်ခန့် လည်း ပါလာသေးတယ်။ ကျောင်းတိုက်ထဲမှာ ဆရာတော်နဲ့ စကားပြော ကျန်ခဲ့ တယ်” လို့ပြောတော့ အံ့သြ သွားရပါတယ်။
ဘွားသီလရှင်ကြီးက ကျွန်မတို့ သားအမိအဖြစ်ကိုကြည့်ပြီး ရင်ဖိုလို့ စိတ်မကောင်းဖြစ်နေရှာတယ်။
“မိန်းကလေး ရယ်၊ မသေကောင်း မပျောက်ကောင်း၊ ဘုရား ကယ်ပေလို့ပဲ အသက်ရှင်တာ” တဲ့။
ဟုတ်ပါတယ်။ ရတနာသုံးပါးရဲ့ဂုဏ်ကျေးဇူးဆိုတာတော့ ယုံမှားစရာ မရှိအောင်ပါပဲ။ ဦးပဉ္ဇင်းသာ ဆေး လာမတိုက်ခဲ့ရင် ကြောက်ကြောက်လန့်လန့်နဲ့ အပြင် အစွဲအလမ်းနဲ့ပါ မဖြောင့်ဘဲ သေရမှာမို့ ခုလောက်ဆို ဒီထားဝယ်မှိုင်းပင်ကြီးရဲ့အောက်မှာ ပြိတ္တာမလေး ဖြစ်နေမှာ သေချာပါရဲ့။
ခဏနေတော့ ဦးအောင်ခန့် ရောက်လာပါတယ်။ ကျွန်မတို့ အခြေအနေကို သိရတော့ “အေးကွာ၊ မင်း က တကယ့် ကံထူးတဲ့ ကလေးမပဲ၊ ဒီကပြန်ရင် နာမည်ပြောင်းလိုက်တော့၊ “ခင်မကြီး” မဟုတ်တော့ဘူး၊ “ခင်သက်ပြင်း” လို့လေ” တဲ့။
သူ ပြောတာလည်း မှန်ပါရဲ့။ သေတွင်းက နှစ်ခါတောင် ပြန်ထွက်လာခဲ့တာနော်။ အခု အတိတ်လမ်း ကို ပြန်လျှောက်ရင်း ဒီပုံရိပ်ကလေးကို မြင်မိတော့ အဲဒီအချိန်က ကံဇာတ်ဆရာဆိုတဲ့ လူကြီးက ခါးကို စုံထောက်ပြီး ကားလိပ်ချအံ့ဆဲဆဲ လုပ်နေတဲ့ သူငယ်မကို…
“ဟေ့ကောင်တွေ နေကြဦး၊ ကားလိပ်မချလိုက်နဲ့ဦး၊ ဒီကောင်မလေးကို ဘဝဇာတ်ခုံမှာ ကကြိုးတွေ စုံ အောင် ကခိုင်းဖို့ ရှိသေးတယ်ကွ။ ဟိုးထား ဟိုးထား” လို့များ ပြောနေမလား မသိ။
ကျွန်မ ပွဲဦးထွက်ဖို့ အပျိုတော်အကနဲ့ စင်ပေါ်ရောက်ခဲ့ပါပြီလေ။ ဦးအောင်ခန့်က ကျွန်မတို့ကို အခု မန္တလေး မပြန်သေးဘဲ ခေမေသကချောင်မှာ တစ်ပတ်လောက် ခဏပြန်နားပြီး အခြေအနေ သေသေ ချာချာ စုံစမ်းလို့ ကောင်းပြီဆိုတဲ့အချိန်ကျမှ မန္တလေးကို အတူတူကူးကြတာပေါ့။ သူလည်း ပြန်ရမှာ အတူတူပဲဟာ။ ခဏစောင့်ပါဦး ဆိုတာနဲ့ ကျွန်မတို့ သူတို့ ငှားလာတဲ့လှည်းနဲ့အတူ ခေမေသကချောင်ကို ပြန်လိုက်ဖြစ်သွားပါတယ်။ အဲဒီတစ်ပတ် ကတော့ မန္တလေး ပြန်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အားမွေးရင်း ဇရပ်မှာပဲ နားနားနေနေ နေဖြစ်ပါတယ်။
ဒီတစ်ခေါက် မန္တလေးကို ပြန်မိတဲ့အဖြစ်ကတော့ ကျွန်မဘဝကို ကံဆိုးမိုးမှောင်ကျစေသောနေ့လို့ ပြောရမှာ ထင်ပါရဲ့။ ကျွန်မတို့နဲ့ အတူ ဦးအောင်ခန့်ရယ်၊ မနေ့ကမှ ရွာထောင်က ကူးလာတဲ့ သူ့တူ ကိုဘစိန် ဆိုတဲ့ သူငယ်လေးရယ် ပါလာပါတယ်။ ငှက်ဆိပ်ကျတော့ ဂေါဝိန်ဘက်ကူးရင် ဂျပန်စစ်တပ်က အစစ် အဆေး များလို့ ရွှေကြက်ယက်ဘက်က သက်သာတယ်ဆိုတာနဲ့ ရွှေကြက်ယက်ကို ငှက်နဲ့ ကူးလာကြတယ်ပေါ့။
ရွှေကြက်ယက်ကျတော့ ဂျပန်စစ်သားတွေရော၊ စစ်ကားကြီးတွေရော နေရာအနှံ့အပြားမှာ မြင်နေရလို့ ရင်ထဲမှာ ထိတ်ထိတ် လန့်လန့် ဖြစ်မိပါသေးတယ်။ မြင်းလှည်းတစ်စီး ငှားလို့ရတာနဲ့ ကျွန်မတို့လာကြ တော့ မြင်းလှည်းက ဘုရားကြီး အဝင် ကျောက်ဆစ်တန်းထိပ်တင်ပဲ ပို့နိုင်မယ်ဆိုလို့ ဆင်းကြရပါရော။ လမ်းမှာလည်း စစ်ကားတွေ ကလွဲလို့ မြင်းလှည်းက နည်းနည်းပဲ တွေ့ရတာပါ။ အသွားအလာ ပြတ်ဆဲ ဆိုတာ သတိပြုမိပါတယ်။ တချို့ လည်း စက်ဘီး နဲ့ သွားလာနေတာလည်း အနည်းအကျဉ်း မြင်မိပါရဲ့။
ဘုရားကြီး ကနေ မြို့ထဲကို ခြေကျင် လျှောက်လာရပါတယ်။ မီးမလောင်ဘဲ ကွက်ပြီး ကျန်ခဲ့တဲ့ အိမ်ရာ တိုက်တွေ လည်း ရှိတာပါပဲ။ အဲဒီအချိန်က မန္တလေးမှာ အိမ်ခြေနှစ်သောင်းကျော်ရှိပြီး နှစ်ထောင်ကျော် ပဲ ကျန်အောင် တစ်မြို့လုံး နီးပါး ပြာကျသွားတယ်ဆိုတာ စစ်ပြီးခေတ်စာစောင်တစ်ခုမှာ ဖတ်လိုက်ရဖူးလို့ မှတ်သားထားမိပါတယ်။ မှန်တာ၊ မမှန်တာ မပြောတတ်ပေမယ့် မြင့်မြတ်ရာ နေရာအတော်များများက မီးလောင်ပြင်ဖြစ်နေ တာတော့ အသေအချာပါပဲ။
ကျွန်မတို့အိမ် ဘယ်မှာရှိတယ်ဆိုတာ မှန်းလို့ရအောင် မန္တလေးမြို့ရိုးကနေ စက်ရှင်တံတားဘက် ထွက်တဲ့နေရာ ကနေပြီး မျှော်ကြည့်ရတာပေါ့။ တစ်မျှော်တစ်ခေါ် မီးလောင်ပြင်ကြီးဖြစ်နေတာဆိုတော့ တိတိကျကျ ရှာကြည့် ဖို့က မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ အဲဒီအချိန်မှာ မာမီက ချုံးပွဲချငိုတော့တာပါပဲ။ မာမီ့ကို ချော့ပြီး စိတ်ပြေအောင် ပြောနေတဲ့အထဲက ရုန်းထွက်ပြီး မီးလောင်ပြင်ထဲ ပြေးပါလေရော။ မီးလောင်ထားတဲ့ အတိုအစ ပစ္စည်းတွေ လိုက်ကောက်လို ကောက်။
ဒေါသတကြီးနဲ့ ကောက်ထားတဲ့ ပစ္စည်းကို သူ့ဟာမဟုတ်ဘူးဆိုပြီး ပြန်လွှင့်ပစ်လိုပစ်၊ ဆောက်တည်ရာ မရ ဟိုပြေး ဒီပြေးဖြစ်နေတာ မြင်ရတော့ ကျွန်မလည်း မျက်ရည်ပေါက်ပေါက်ကျအောင် မာမီရဲ့အဖြစ်ကို မမြင်ရက်လို့ ငိုမိပါတော့တယ်။ ဒီအတိုင်း ဆက်နေလို့ မဖြစ်တော့ဘူး ပြန်ကြရအောင်ပါ ခေါ်တော့ လည်း မလိုက်။
တော်ပါသေးရဲ့။ ကျွန်မတို့မှာ ယောက်ျားအဖော် နှစ်ယောက် ပါလာပေလို့ပဲ။ မာမီ့ကို မနည်း ထိန်းချုပ် ချော့မော့ပြီး ပြန်ခေါ်လာရတာ ကျုံးထောင့်ကျ မြင်းလှည်း ငှားလို့ရတာနဲ့ မြင်းလှည်းနှစ်တန်စီးပြီး ဂေါဝိန်ဆိပ်ကနေ စစ်ကိုင်းတောင်ရိုးကို ပြန်လာခဲ့ရပါတယ်။ တစ်လမ်းလုံးလည်း မာမီက ငိုလိုက်၊ ဒေါသကြီးလိုက်မို့ ချော့ရ ဖျောင်းဖျရတာ အမောပါပဲ။
စိတ်ဆိုတဲ့ သဘောကလည်း အဝေးကနေ သတင်းကြားရတာထက် မျက်စိနဲ့ တပ်အပ်မြင်ရတာမှာ ခံစားရပုံချင်းက မတူနိုင်ဘူးလေ။ မျက်စိနဲ့ တပ်အပ်မြင်ရတဲ့အခါမှာ သွေးပျက်တယ် ဆိုတာလည်း ဒါမျိုး ဖြစ်ကောင်းရဲ့လို့ ကျွန်မ တွေးကြည့်ပြီး မာမီ့ကို သနားကရုဏာ ဖြစ်နေမိပါတယ်။ မာမီ့မှာ အားကိုးရာ မိဘကလည်း မရှိ၊ ခင်ပွန်းသည်လည်း မရှိ၊ ညီအစ်ကိုမောင်နှမ အရင်းအချာလည်း မရှိ။
မာမီ့ရဲ့ဘဝမှာ အပျက်ပေါင်းများစွာ တစ်ခုပြီး တစ်ခု ကြုံလာခဲ့ရတာ နောက်ဆုံး နေစရာနေရာလေးတစ်ခုတောင်မှ မကျန်အောင် ပျက်သွားရတဲ့အဖြစ် ဆိုတော့လည်း သွေးပျက်လောက်အောင် ဖြစ်သင့်တာ အမှန် ပါပဲလေ။ ဒီလိုနဲ့ ခေမေသကမှာ သောင်တင်ရပြန်ပါရော။
ဘွားမေ ဆုံးပြီးကတည်းက စလာလိုက်တဲ့ အကုသိုလ်က အနားမပေးဘဲ ဆက်တိုက်ကို အမျိုးစုံတွေ ဖြစ်လာလိုက်တာမို့ နောက်ထပ် ဘာတွေများ လာဦးမှာလဲဆိုပြီး ကျွန်မ စိုးထိတ်နေမိပါတယ်။ ဦးအောင်ခန့် ဆိုတဲ့လူကြီးကိုလည်း အစက ကြည့်မရလို့ ရှောင်ဖယ်ဖယ်လုပ်ရင်း အရောတဝင် မနေမိပေမယ့် ကျွန်မ ဝမ်းရောဂါဖြစ်တုန်းက ဆရာဝန်ရှာ၊ ဆေးရှာပေးခဲ့လို့ သက်သာလာရတဲ့အဖြစ်ကြောင့် ကျေးဇူးတရားကို ထောက်ထားပြီး အလိုက်အထိုက် ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံလာခဲ့ပါတယ်။
အခုလက်ရှိ မာမီ့ရဲ့အခြေအနေနဲ့ဆိုတော့ အကြောင်းရှိတဲ့အခါ သူ့ကိုပဲ အားကိုးရ၊ တိုင်ပင်ရ ဖြစ်လာ ပြန်တာပေါ့။ မာမီ့ရဲ့အဖြစ်ကို ကြည့်ပြီးလည်း ရင်ထုမနာဖြစ်ရပါတယ်။ ညညလည်း မအိပ်၊ ကောင်း ကောင်းလည်း မစား၊ သတိက ကောင်းချင်တဲ့ အခါ ကောင်း၊ ဖောက်ချင်တဲ့အခါ ဖောက်၊ အနားမှာ လူ တစ်ယောက် မပြတ်စောင့်ကြည့် ဖို့ လိုအပ်တဲ့ အခြေအနေမို့ ဦးအောင်ခန့်ရဲ့တူ ကိုဘစိန်ကို မကြာခဏ လာအကူအညီတောင်းရပါတယ်။
အဲဒီအချိန်မှာ ကျွန်မ အသက်က ၁၈ နှစ် ပြည့်ခါနီးပါပြီ။ ကိုဘစိန်က ကျွန်မထက် လေး ငါးနှစ် ငယ်တာ မို့ ၁၂ နှစ်၊ ၁၃ နှစ် အရွယ်လေးပေါ့။ အမှန်က ဦးအောင်ခန့်ရဲ့တူအရင်း မဟုတ်ပါဘူး။ ကိုဘစိန်က ဦးအောင်ခန့်ရဲ့ဇနီး ဒေါ်စိန်ညွန့်ဘက်က တော်တဲ့သူပါ။ မန္တလေးကို ဗုံးတွေ မကြဲခင် တစ်လလောက် တုန်းကမှ ဒေါ်စိန်ညွှန့်က ဆုံးသွားခဲ့တာတဲ့။
ဒေါ်စိန်ညွန့် ဆုံးသွားပြီးတော့လည်း ကိုဘစိန်က ဦးအောင်ခန့်နဲ့အတူ နေလာတာ မီးလောင်ဗုံးကျတဲ့နေ့ ကမှ ဇာတိဖြစ်တဲ့ ရွာထောင်ရွာကို ပြန်သွားပြီး ခု အေးဆေးပြီဆိုပြီး ခေမေသကကို ပြန်လိုက်ခဲ့တာတဲ့ လေ။ ကျွန်မနဲ့က လူငယ်ချင်းဆိုတော့ ပိုပြီးအဖွဲ့ကျတယ်ပေါ့။
တစ်ညနေ မာမီ စိတ်လက်ကြည်ကြည်သာသာ ရှိနေတာနဲ့ ကျွန်မတို့သားအမိနှစ်ယောက် မြစ်ဆိပ်ကို အတူရေချိုးဖို့ ဆင်းကြပါတယ်။ မာမီ စိတ်တွေ မမှန်ကတည်းက အိပ်လည်း ကောင်းကောင်းမအိပ်၊ စား လည်း ကောင်းကောင်း မစားတဲ့အပြင် ရေချိုးဖို့၊ အဝတ်လဲဖို့လည်း အင်မတန်ကို ခဲခဲယဉ်းယဉ်း တိုက်တွန်းမှ လုပ်ဖြစ်တော့ စိတ်လက်ကြည်သာပုံ မြင်ရတဲ့အခါတိုင်း ကျွန်မလည်း အခွင့်ကောင်း ယူပြီး ရေချိုး ဆင်းဖို့ ခေါ်ရတာပေါ့။
ရေချိုးဆိပ်က ပြန်တက်လာတော့ ဂျပန်စစ်သားအုပ်ကြီးနဲ့ ဆုံမိပါလေရော။ အဲဒီမှာ ပါလာတဲ့ ဂျပန်စစ် ဗိုလ်က မီကာဒို ဓာတ်ပုံတိုက်ပိုင်ရှင် မီကာဒိုဆရာကြီး ဖြစ်နေတာကိုး။ ကျွန်မတို့သားအမိ စစ်သားတွေ မြင်လိုက်ကတည်းက ဘယ်ကြည့်ရဲပါ့မလဲ။ မျက်နှာ အတင်းလွှဲပြီး ခပ်သုတ်သုတ် လျှောက်ကြတာပေါ့။
“အား… ဒေါ်ခင်ခင်မေ… ဒေါ်ခင်ခင်မေ”
ဂျပန်သံဝဲဝဲနှင့် မာမီ့ရဲ့ နာမည်ကို ခေါ်သံကြားတော့ အံ့သြပြီး လှည့်ကြည့်လိုက်မှ မီကာဒို ဆရာကြီး ဖြစ်မှန်း သိရတာပါ။ ဟိုတုန်းက ဓာတ်ပုံဆရာ၊ အခု ဂျပန်စစ်ဗိုလ်အဖြစ်နဲ့ မဆက်မစပ် တွေ့ရတော့ ကျွန်မတို့လည်း သူ့ကိုကြည့်ပြီး အံ့သြလို့ပေါ့။ ဘယ်မှာနေလဲ မေးတော့လည်း ပြောပြလိုက်မိတယ်။ မာမီက မထင်မှတ်ပဲ မိတ်ဟောင်းဆွေဟောင်းကို တွေ့ရတော့ ဝမ်းတွေသာလို့။
မာမီက ဓာတ်ပုံဝါသနာပါလို့ တစ်ချိန်လုံး သွားရိုက်ရင်းနဲ့ ခင်မင်ရင်းနှီးနေကြတာလေ။ ကျွန်မကလည်း ဖူဂျီ ဓာတ်ပုံတိုက်က ကွန်ဗင့်ကျောင်းနဲ့ ကျောချင်းကပ်နေတာကြောင့် အဆင်ပြေတဲ့ ဖူဂျီဓာတ်ပုံတိုက်မှာပဲ ဆေးတာ၊ ကူးတာ မို့ မီကာဒိုတိုက် မရောက်ဖြစ်တဲ့ ဖူဂျီရဲ့ဖောက်သည်ကောင်း ဖြစ်နေတာပါ။ နောက် တစ်နေ့ ညနေကျတော့ ကျွန်မတို့ ဇရပ်ကို မီကာဒိုဆရာကြီးနဲ့ တခြားဂျပန်စစ်ဗိုလ်တစ်ယောက်ပါ လာလည်ကြပါတယ်။ သူတို့တပ်က စစ်ကိုင်းအဝင်ဝမှာ တပ်စွဲထားတာတဲ့။ ဒီတောင်ရိုး အပါအဝင် တာဝန် ယူထားရတာလို့ ပြောပြပါတယ်။
နှစ်ခေါက် သုံးခေါက်လောက်လာပြီးတဲ့နောက် ပါလာတဲ့ ဂျပန်စစ်ဗိုလ် ပုံစံက မူမမှန်တာ ကျွန်မ သတိ ထားမိ ပါတယ်။ မာမီ စိတ်ဝေဒနာ ရှိနေတယ် ဆိုတာလည်း သိသွားပုံရတယ်။ ဒီတော့ ပိုပြီး အတင့်ရဲလာ တော့တာပေါ့။ တစ်ညနေ မာမီက ခေါင်းနောက်လို့ဆိုပြီး အိပ်နေပါတယ်။ ကျွန်မ တစ်ယောက်တည်း ထိုင်စာဖတ်နေတုန်း၊ အဲဒီ စစ်ဗိုလ် ရောက်လာပါရော။ မကောင်းတတ်တာနဲ့ အလိုက်အထိုက် စကား ပြောနေရတာပေါ့။ သူရဲ့တောင်တစ်လုံး မြောက်တစ်လုံး အင်္ဂလိပ်စကားကိုလည်း မနည်းကြိုးစားပြီး အဓိပ္ပာယ်ကောက်နေရပါတယ်။ ဒီအချိန်မှာ ရုတ်တရက် နှစ်ယောက်တည်း ရှိတာကို အခွင့်ကောင်းယူ ပြီး ကိုယ်ထိလက်ရောက် လုပ်လာတော့ လန့်သွားတာလည်း ပါရဲ့။ မသိစိတ်နဲ့ ဆောင့်တွန်းလိုက်မိပါ တယ်။
ဒီတော့မှ မီကာဒိုဆရာကြီး ပါလာတာကို သိရတော့တယ်။ သူက လှေကားအကွယ်က စောင့်နေတာ ကိုး။ ကျွန်မ တွန်းလိုက်လို့ ဗီရိုစောင်းနဲ့ ထိသွားတဲ့အသံကိုကြားမှ သူက ဗြုန်းဆို ဝင်လာလိုက်တာ။ ဂျပန်စစ်ဗိုလ်ကလည်း ကျွန်မ တမင်တွန်းတယ်ထင်သွားပြီး ရှူးရှူးရှားရှားနဲ့ ဂျပန်လို ဝူးဝူးဝါးဝါးတွေ ပြောနေလေရဲ့။
“ကောင်မလေး လူပါးမဝနဲ့၊ မင်းက ကပြားမ၊ ဒုက္ခရောက်သွားမယ် သိလား” တဲ့။ မျက်နှာတင်းတင်းနဲ့ မစ္စတာမီကာဒိုက ကျွန်မကို ကြိမ်းမောင်းလိုက်သေးတယ်။ ကျွန်မကဖြင့် သူ့ကို မာမီ့ရဲ့မိတ်ဆွေဆိုပြီး အဟုတ်ကြီး မှတ်လို့ လေးလေးစားစား ဆက်ဆံခဲ့တာပါ။
“မင်းကို သူက သဘောကျတာကိုပဲ ဝမ်းသာဦး၊ သူ့မိန်းမ ဖြစ်ရင် မင်း အန္တရာယ်ကင်းမယ်၊ မင်း ဒီလို ကလန် ကဆန် လုပ်ရင် ဒုက္ခတွေ့မယ် မှတ်ထား” တဲ့။
ဟုတ်၊ ဟုတ်သေးတော့။ သူတို့ သဘောကျတာကိုပဲ ကျွန်မက တစ်ပြန် ကျေးဇူး တင်ရမယ့် အတိုင်း ပြောပုံကလေ။ အဲဒီအချိန်က လူငယ်စိတ်နဲ့ဖြစ်နေတဲ့ မခံချင်တဲ့ဒေါသအတိုင်းအတာ အတိုင်းသာဆို ရင် သူတို့နှစ်ယောက်စလုံးကို ကုပ်က ဆွဲပြီး အိမ်ပေါ်က ဆောင့်ကန်ချလိုက်ချင်တဲ့ အထိပါပဲ။
တော်ပါသေး ရဲ့။ ဝတ်တက်သွားနေတဲ့ ဘွားသီလရှင်ကြီး ပြန်လာပေလို့။
“အေး… တို့ သွားမယ်။ မင်း ကောင်းကောင်းစဉ်းစားထား။ ဒုက္ခမရောက်ချင်နဲ့။ ငါ စေတနာနဲ့ ပြောတာ ကို လက်ခံ” တဲ့။
ပြောပြောဆိုဆိုနဲ့ ဆင်းသွားကြလေရဲ့။
အဲဒီညက ကျွန်မ တစ်ညလုံး မအိပ်နိုင်အောင် တလူးလူး တလွန့်လွန့်နဲ့ မိုးစင်စင်လင်းတဲ့ထိ စဉ်းစား ဖြစ် ပါတယ်။
ဘိုးလေး ပြောခဲ့တဲ့ စစ်ဦးဘီးလူးဆိုတာ ဒါပဲပေါ့။ ဘီလူးလို သဘက်လို စိတ်ထားနဲ့ အကြမ်းပတမ်း ဖက်ပြီး မိန်းမ တစ်ယောက်ကို အငမ်းမရ ဖြစ်နေပုံလေ။ တွေးကြည့်တာနဲ့ကို ကြက်သီးဖြန်းဖြန်း ထမိပါ တယ်။ ကျွန်မ ဘာလုပ် ရမလဲ ဆိုတာလည်း အထပ်ထပ် တွေးနေမိတယ်။
ဘိုးလေးက ဒုက္ခကြုံရင် သူ့ဆီ လိုက်ခဲ့ဆိုတဲ့ စကားကို အမှတ်ရပြီး ဘိုးလေးကို လွမ်းတဲ့စိတ်၊ အားငယ် တဲ့ စိတ်နဲ့ အိပ်ရာထဲမှာ မျက်ရည်ဖြိုင်ဖြိုင်ကျလို့ပေါ့။ တစ်ကိုယ်ရည် တစ်ကာယဆိုရင်တော့ ကြံဖန်ပြီး ဘိုးလေးတို့ ရှိရာ ကပိုင်ရွာကို လိုက်သွားလို့ ဖြစ်နိုင်သေးတယ်။ ခုချိန်မှာ မာမီက ဝေဒနာရှင်တစ် ယောက်ဖြစ်နေပြီဆိုတော့ သွားရေး လာရေးက မလွယ်တော့တဲ့အပြင် မာမီ့သဘောနဲ့ ဆုံးဖြတ်ခဲ့ချိန် တုန်းကတောင် ဘိုးလေးတို့ အရိပ်ကို မခိုချင်လို့ ချန်ခဲ့ရစ်တာပဲ။ ကျွန်မ ဦးဆောင်လှုပ်ရှားရမယ့် အချိန် ကျမှ မာမီ့ရဲ့ဆန္ဒကို လွန်ဆန်ပြီး လုပ်ရမယ်ဆိုတာမျိုးလည်း မဖြစ်ချင်ပါဘူး။
ကျွန်မတို့ သားအမိနှစ်ယောက်ရဲ့ ဘဝရပ်တည်ရေးကို အကြီးအကျယ် စဉ်းစားပြီး ဆုံးဖြတ်ရတော့မယ့် အချိန်ကို ရောက်လာပြီဆိုတော့ ဒီနေ့ ကြုံတွေ့လိုက်ရတဲ့အဖြစ်က တပ်လှန့်ပြီး နှိုးလိုက်ခြင်းပါပဲလေ။
×××××××××××××××
အပိုင်း ၁၃ ဆက်ရန်…
အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်
အပိုင်း (၁၃)
နောက်တစ်နေ့ မနက်ကျတော့ ကျွန်မ ဘာလုပ်သင့်သလဲဆိုတာ ဒေါ်လေးတို့နဲ့ တိုင်ပင်ကြည့်ဦးမယ်ဆို ပြီး အလယ်ဇရပ်ကြီးကို သွားတော့ ဒေါ်လေးတို့ ပြောင်းသွားကြပြီတဲ့။ မန္တလေး ပြန်သလား၊ စစ်ကိုင်း သွားသလား ဆိုတာလည်း သီလရှင်ကြီးက ရေရေရာရာ သိပုံမရပါဘူး။ ကျွန်မတို့ ဝါးချက်ရောက်နေတဲ့ ရက်မှာ ထွက်သွားကြတာ ဆိုတော့ သုံးပတ်လောက်တောင် ရှိနေပါပြီ။
စိတ်ပျက် လက်ပျက်နဲ့ ကျွန်မ ပြန်လာတော့ ခေါင်းရင်း ဇရပ်ထိပ်မှာ ဦးအောင်ခန့်နဲ့ ဆုံမိပါရော။ ဒါနဲ့ မနေ့က ကြုံရတဲ့ ကိစ္စကို ပြောပြလိုက်တာပေါ့။ သူက ဒီကိစ္စကို ပေါ့ပေါ့တန်တန် မစဉ်းစားနဲ့။ ဒါ အလွန် ကြီးမားတဲ့ အန္တရာယ်ဖြစ် လာနိုင် တယ်။ အေးအေးဆေးဆေး တိုင်ပင်ကြရအောင်ဆိုပြီး ကျွန်မတို့ဇရပ်ကို ရောက်လာ ပါတယ်။
အခြေအနေကို ထိတ်လန့်ပါတယ်ဆိုမှ သူကလည်း ဖြဲခြောက်တော့တာပါပဲ။ ကျွန်မက သာမန်မြန်မာ မိန်းကလေး ဆိုရင် အရေးမကြီးဘူးပေါ့။ တိမ်းရှောင်နေဦး၊ ရောနှောသွားမှာပဲ။ ခုဟာက ကပြားဆိုတော့ ကျွန်မ ရုပ်က သိပ်ပြီး သိသာထင်ရှားနေတာမို့ ပုန်းရှောင်နေဖို့ ကြာကြာလွယ်မှာလည်း မဟုတ်ဘူး။ လူ တွေကလည်း လက်ခံရဲကြ မှာ မဟုတ်ဘူး။ နောက်ပြီး ဂျပန်တွေကလည်း စစ်ဦးမှာဆိုတော့ ခပ်ကြမ်းကြမ်းရယ် မို့ ကြောက်ရ တယ်ပေါ့။
ဒါ့အပြင် လက်ရှိအခြေအနေမှာ ကျွန်မတစ်ယောက်တည်း တာဝန်ယူပြီး တာရှည်ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်ကူ ဘူး။ စစ်ကလည်း ဘယ်လောက်ကြာဦးမယ်မသိ။ မိန်းကလေး ငယ်ငယ်ရွယ်ရွယ်မို့ အန္တရာယ်ကြီးတာလည်း တစ်ကြောင်း၊ အမေကလည်း စိတ်ဝေဒနာသည်ဖြစ်လို့ ရှေ့က မားမားရပ်ပြီး အားကိုး အားထားပြုဖို့သူ ရှာသင့်တဲ့အကြောင်း၊ အဲလို စဉ်းစားမယ်ဆိုရင် သူက ကျွန်မရဲ့တစ်ဘဝတာအတွက် တာဝန်ယူမယ့်အကြောင်း လိုရင်း တိုရှင်း ပြောရမယ် ဆိုရင်တော့ ပွဲလန့်နေတုန်း ဖျာဝင်ခင်းတယ်ပဲ ဆိုပါ တော့။
ကျွန်မ က သူ ပြောသမျှကို ခွန်းတုံ့မပြန်ဘဲ အစအဆုံး နားထောင်နေလိုက်ပါတယ်။ စကားဆုံးတော့ ပြန် ဖို့ပြင်ရင်း ဆုံးဖြတ်မယ် ဆိုရင် အချိန်မဆွဲဘဲ မြန်မြန်ဆုံးဖြတ်သင့်တဲ့အကြောင်းအပြင် ဒီတစ်ခါ မီကာဒို ဆရာကြီး တို့လာရင် သူ့ကို လာခေါ်လိုက်၊ သူ အဖော်လာနေပေးမယ်၊ ယောက်ျားအရှိန်အဝါပြဖို့ လိုအပ်တယ်ဆိုပြီး ပြောသွားပါသေးတယ်။
ဟုတ်ပါတယ်။ ဒီအချိန်မှာ ယောက်ျားအရှိန်အဝါ လိုအပ်တာတော့ အမှန်ပါပဲ။ ဒါတင် မကသေးပါဘူး လေ။ ကျွန်မ တို့ရဲ့ စားဝတ်နေရေးအတွက်လည်း စဉ်းစားရဦးမှာပါ။ သူ့ရဲ့လက်မှုပညာနဲ့ မာမီက တစ် သက်လုံး ကျွန်မကို ရှာကျွေးရုံမကဘဲ ပညာပါ ပေးလာခဲ့တာ။ မာမီ အခုလိုဖြစ်နေတော့ ကျွန်မမှာ အား ကိုးရာ ထမင်းရှင် ဟင်းရှင်လည်း ပျောက်ကွယ်သွားပါပြီ။ ဒါအပြင် ဒီဝေဒနာကို ငုတ်တုတ်ထိုင်ကြည့်နေ ဖို့လည်း မဖြစ်သေး ဘူး။ ဆေးဝါးကုသဖို့လည်း စီစဉ်ရဦးမယ် မဟုတ်လား။
ဘွားမေ ဆုံးတာက ဒီဇင်ဘာလဆန်းမှာ။ အခု မေလရဲ့နောက်ဆုံးအပတ် ခြောက်လအတွင်းမှာ ကျွန်မ တို့ရဲ့ဘဝ အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်လာလိုက်တာ ဘာဆိုဘာမှ မကျန်တော့တဲ့အထိ မွဲပြာကျသွားတဲ့အပြင် သားအမိနှစ်ယောက်တည်း အားကိုးရာမဲ့တဲ့ အခြေအနေရောက်တဲ့ အထိပါပဲ။
ကျွန်မမှာလည်း ပညာက တစ်ပိုင်းတစ်စ။ တစ်ပိုင်းတစ်စ မဟုတ်လို့ ဘွဲ့ထူးဂုဏ်ထူးဖြစ်နေရင်တောင် အခုလို စစ်အတွင်းမှာ ဘာသွားလုပ်စားလို့ ရမှာတဲ့လဲ။ ထိုင်စားရအောင်လည်း အထုပ်အထည်က ကြီးကြီးမားမား ရှိတာ မဟုတ်။ ဒုက္ခကိုယ်စီနဲ့မို့ ဘယ်ဆွေမျိုးကိုမှလည်း လိုက်အားကိုးလို့မဖြစ်။ အဆက်အသွယ်တွေကလည်း အားလုံးပြတ်။
ကျွန်မ တစ်ခုခုတော့ ဆုံးဖြတ်ပြီး လုပ်ရတော့မှာပါပဲ။ အဲဒီတစ်ခုခုက ဘာကို ဘယ်လိုစပြီး လုပ်ရမှန်း မသိတာက ခက်နေ မှာပေါ့။ ဟုတ်ပါပြီ။ ဦးအောင်ခန့် ပြောသလို အားကိုးရှာသင့်တာက မှန်ပါရဲ့။ အဲဒီ အားကိုးရမဲ့သူက ဘယ်မှာ တဲ့လဲ။
ငယ်ရွယ်တဲ့ ဆယ်ကျော်သက် မိန်းကလေးဆိုတော့ ကိုယ် အားကိုးရမဲ့ အိမ်ထောင်ဖက်ဆိုတာ ကိုယ် ချစ်ရတဲ့သူပဲ ဖြစ်ချင်တာပေါ့နော်။ ချစ်သူရည်းစားကလည်း တစ်ယောက်တစ်လေမှ မရှိ။ ကျောင်းမှာ တုန်းက စျေးရောင်း ပွဲတွေ၊ ခရစ္စမတ်ပွဲတော်ခါတွေနဲ့ ကျောင်းကပွဲတွေ လုပ်တဲ့အခါတွေမှာ ကျွန်မတို့ ကွန်ဗင့်ကျောင်းရဲ့ Brother School ဖြစ်တဲ့ စိန့်ပီတာကျောင်းက ကောင်လေးတွေနဲ့ ဆုံကြရပါတယ်။
ကောင်လေးတွေက ရှိတ်တိတ်တိတ်လုပ်တာ၊ စာပေးတာတွေလည်း ကြုံရဖူးပါတယ်။ ဒါပေမဲ့ မာသာ ကြီးတွေက သေလုအောင် ကြောက်ကြရတာဆိုတော့ ဘယ်သူမှ ရည်းစားမထားရဲကြပါဘူး။ အနည်း အကျဉ်း ခြွင်းချက်တော့ ရှိပါတယ်။ ရဲတဲ့သတ္တိရှိရှိ ကလေးမတွေတော့ ရည်စားကိုယ်စီနဲ့ပေါ့။ သူတို့ လည်း လျှို့လျှို့ ဝှက်ဝှက် ထားကြ ရတာပါပဲ။ အများအားဖြင့်က လှုပ်တောင်လှုပ်ရဲကြတာ မဟုတ်ပါဘူး။
ပြန် စဉ်းစားတော့ ရည်းစားမထားမိတာကိုပဲ နောင်တရသလိုလို။
ကဲ… ထားဖြစ်တယ် ဆိုပါဦးတော့။ ကိုယ့်သွေးသားရင်းတွေတောင် ဘယ်ရောက်လို့ရောက်မှန်းမသိတဲ့ အခြေအနေမှာ ကိုယ့်ရည်းစားဆိုတဲ့ ကောင်လေးကို ဘယ်သွားရှာလို့ ရမှာတဲ့လဲ။ ရတယ်ပဲ ထားပါဦး။ ကိုယ့်ကိုယ် ကိုယ်တောင် ဥမမည် စာ မမြောက်။ ကိုယ့်အရွယ် ကောင်လေးကလည်း ဘယ်လိုလုပ်သွားပြီး အားကိုးလို့ရ မှာလဲနော်။
ကျွန်မအတွေးတွေက တောင်စဉ်ရေမရ ပတ်ချာလည်ပြီး ပုံပြင်ထဲက မင်းသမီးလေး ပန်းကုံးစွပ်ပွဲလို မင်းသား ကလည်း အပြင်မှာ သက်ရှိမပြောနဲ့။ အတွေးထဲမှာတောင် တစ်ယောက်တလေမှ ရှာလို့မရပါ ဘူး။ ဒီလိုနဲ့ နောက် တစ်နေ့ကျတော့ မီကာဒိုဆရာကြီးနဲ့ ဂျပန်စစ်ဗိုလ် ရောက်လာပြန်ပါရော။ ဦးအောင်ခန့်က ကိုဘစိန်ကို အဖော်အဖြစ် ပို့ထားတာနဲ့ ကိုဘစိန် က အမှတ်တမဲ့ထွက်သွားပြီး ဦးအောင်ခန့်ကို ခေါ်လာပါတယ်။
စာရေးဆရာမ ဝင်းဝင်းလတ် ရေးခဲ့သလို ယောက်ျားတွေများ ဘုန်းပါပေရဲ့ဆိုတဲ့ အတိုင်းပါပဲ။ ခါတိုင်းလို ကြာကြာ မနေဘဲ ပြန်သွားကြပေမယ့် လှေကားအဆင်းမှာ မျက်နှာထားတင်းတင်းနဲ့ ကျွန်မကို ပြန်လှည့်ကြည့်သွားတဲ့ပုံစံက “နေနှင့်ဦး၊ နင် သိမယ်” ဆိုတဲ့ အချိုးပါပဲ။
ကျွန်မလည်း နည်းနည်းတော့ လန့်သွားတယ်။ ရှေ့ဆက်ပြီး ဘာတွေများ ဒုက္ခပေးဦးမလဲ ဆိုတာလည်း တွေးပြီး ပူမိတယ်။ အဲဒီည ကျွန်မ ထပ်ပြီး စဉ်းစားပြန်ပါရော။ ဘယ်သွားရမလဲ။ ဘယ်သူ့ကို အားကိုးရ မလဲပေါ့။ အားကိုး ခံချင်ကြ တဲ့ နှစ်ဦး စလုံး ကိုတော့ စာရင်းက လုံးဝဖယ်ထားပါတယ်။
ဘာမှန်းမသိတဲ့၊ အနိုင်ကျင့်ချင်တဲ့ ဂျပန်စစ်ဗိုလ်ရဲ့ လက်ထဲလည်း မရောက်ချင်ဘူး။ ဒါဖြင့် နောက် တစ် ယောက်ကရော၊ အဲဒီတစ်ယောက်လည်း ကျွန်မရဲ့အဖေအရွယ်၊ ဦးလေးအရွယ်။ သူ ကူညီစောင့် ရှောက်ပေးဖူးတဲ့ ကျေးဇူးတရားတွေ ရှိထားတာတော့ မှန်ပါရဲ့။ ဒါပေမဲ့ ဘယ်လိုမှ ဆက်စပ်ပြီး စိတ်ကူး ကြည့်လို့တောင် မရနိုင်တဲ့အဖြစ်။
စဉ်းစားရင်းနဲ့ တစ်စုံတစ်ယောက်ရဲ့ပုံသဏ္ဌာန် ကျွန်မရဲ့ အတွေးထဲမှာ ပေါ်လာပါတယ်။
အဲဒီအတွေးထဲက လူက “လေးလေး”။
“လေးလေး” လို့ ကျွန်မ ခေါ်တဲ့လူက ဦးလေးအရင်းတော့ မဟုတ်ပါဘူး။ တောင်တွင်းကြီး အန်ကယ် အေးရဲ့ အမေဘက်က ညီဝမ်းကွဲတော်သူပါ။ ကျွန်မတိုနဲ့ တစ်ဖက်စီ တော်တာမို့ သွေးမစပ်ပါဘူး။ ဒါပေ မဲ့ ဆွေမျိုးမို့ အိမ်မှာ အဝင်အထွက် ရှိနေတော့ ကျွန်မနဲ့ ရင်းနှီးတယ်ပေါ့။
လေးလေးက တက္ကသိုလ်မှာ မြန်မာစာဌာနက နည်းပြဆရာလုပ်နေတာဆိုတော့ အိမ်လာလည်ရင် လည်း ပြင်ပေး။ ပြင်စရာ မရှိရင်လည်း ကောင်းတယ်၊ ဆက်ရေးဆိုပြီး မြှောက်ပင့်ပေးဆိုတော့ လေးလေးနဲ့ ကျွန်မ ပိုပြီးအဖွဲ့ကျတာအပြင် စာအကြောင်း ပေအကြောင်းတွေကိုလည်း ဆွေးနွေးလို့ရတာနဲ့ ဦးလေး တစ်ယောက်လို ချစ်ခင်ပါတယ်။
လွန်ခဲ့တဲ့ လေး ငါးရက်ကမှ ရေချိုးဆိပ် ဆင်းရင်း လေးလေးကို တွေ့လိုက်တော့ လေးလေးတို့နဲ့ ချောင် နီးချင်းဖြစ်နေတာ သိရတာလေ။ လေးလေးနေတဲ့ချောင်ကို မေးသာထားလိုက်တာ။ ကျွန်မ တစ်ခေါက် မှ မရောက်ဖြစ်သေး ပါဘူး။ တွေ့တုန်းက ခေမေသကမှာ နေတယ်ဆိုတာရယ်၊ မာမီ စိတ်ဝေဒနာဖြစ်နေ တာရော ကျွန်မ တို့ ဒုက္ခရောက်နေတယ်ဆိုတာတွေပါ အိပ်သွန်ဖာမှောက် ပြောပြလိုက်သေးတယ်။
လေးလေးက ဇရပ်ရှင် ဦးအောင်ခန့်တို့ မိသားစုနဲ့လည်း မန္တလေးမှာ တစ်ရပ်တည်းသားမို့ ခင်မင်ရင်းနှီး တယ်တဲ့။ မာမီ ကို လာကြည့်ဦးမယ်တော့ ပြောပါရဲ့။ တစ်ခါမှ ရောက်မလာသေးပါဘူး။ လေးလေးကို အတွေး ထဲမှာ ပေါ်လာပြီး ကတည်းက ကျွန်မ ဆုံးဖြတ်ချက်အတွက်လည်း တစ်ချက်တည်း အဖြေထွက် ပြီးသား ဖြစ်နေပါတော့ တယ်။
ဆယ်ကျော်သက် ဆိုတာ တကယ်က ကလေးသာသာရှိသေးတာမို့ အတွေးအခေါ်တွေဆိုတာ ရင့်ကျက် သေးတာ မဟုတ်ပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ လူကြီးတစ်ယောက်ဖြစ်လာပြီ။ ငါသိ၊ ငါတတ်၊ ဟုတ် လှချည် ရဲ့လို့ လူငယ်တိုင်း ကိုယ့်ဟာကိုယ် အထင်ရောက်တတ်ကြတာ ဓမ္မတာပါပဲနော်။
ကျွန်မလည်း အဲလိုပဲ ကိုယ် အဖြေရှာလိုက်တာ သိပ်ဟုတ်သိပ်ကောင်းပေါ့။ ဂျပန်စစ်ဗိုလ်ရန်ကလည်း လွတ်မယ်၊ ကိုယ့် ထက် အသက်သုံးဆယ်လောက် ကြီးတဲ့ အဖေအရွယ် လူကြီးကိုလည်း အားကိုးစရာ မလိုဘူး။ လေးလေး နဲ့က ကွာရင် အသက်နှစ်ဆယ်လောက်ပဲ ရှိတာမို့ ဒါလောက်တော့ လျှော့လျှော့ပေါ့ ပေါ့ တွက်လိုက်ပြီး လက်ခံနိုင် တယ်ပေါ့။ စာပေဝါသနာ ပါတာချင်းတူလို့လည်း စာအုပ်တွေ အတူဖတ်၊ စာအကြောင်း ပေ အကြောင်းတွေ ဝေဖန် ဆွေးနွေးကြရင်းနဲ့လည်း ပျော်စရာကြီးဖြစ်နေမှာကို မြင်ယောင်လိုက်သေးတယ်။ အကြောင်း သိ ဓာတ်သိဆွေမျိုးဖြစ်နေတာကြောင့် မာမီ့ရဲ့အနွံအတာ လည်း ခံပြီး ပြုစုစောင့်ရှောက် မှာလည်း သေချာတယ်လို့ အဘက်ဘက်က တွေးရင်း ကျေနပ်လို့။ “တွက်ရေးမှာတော့ ခင်မကြီးတို့က စက်သူဌေး ပဲဟေ့” ဆိုတဲ့ပုံစံနဲ့ ကိုယ်အတွေးကို ကိုယ်သဘောတွေ ကျပြီး ပြုံးတောင် ပြုံးမိသေးတယ်။
နောက် တစ်နေ့ နေ့ခင်းဘက် မာမီ အိပ်ရာပေါ်မှာ လှဲနေတုန်း အခွင့်ကောင်းယူပြီး ကိုဘစိန်ကို လက် ကုတ်ခေါ်၊ အစောင့် ထားခဲ့ပြီး လေးလေးတို့ ချောင်ရှိရာကို လစ်တော့တာပဲ။ တစ်ခါမှ မရောက်ဖူးလို့ ဟို လူ့မေး၊ ဒီလူ့မေး နဲ့ မေးပြီး ရှာသွားရပါတယ်။
ချောင်ထဲရောက်တော့ ဇရပ်ကိုတောင် တကူးတက မရှာရပါဘူး။ လေးလေးက မန်ကျည်းပင်ရိပ်ရဲ့ အောက်မှာ ပက်လက် ကုလားထိုင်နဲ့ထိုင်ပြီး စာတစ်အုပ် ဖတ်နေလေရဲ့။ စာထဲ စိတ်ဝင်စားပြီး ဖတ်နေ တာမို့ ကျွန်မ လာတာမြင်ပုံ မရဘူး။ ကျွန်မက လေးလေးရှေ့ မြေကြီးပေါ်မှာ ဒူးထောက်ထိုင်ချရင်း လေးလေးရဲ့ဒူးနှစ်ဖက်ကို ကိုင်ပြီး…
“လေးလေး… လေးလေး… ခင်မကြီးကို လက်ထပ်ပါနော်” လို့ ဆိုင်းမဆင့် ဗုံမဆင့်ဘဲ ပြောချလိုက်ပါ တယ်။
လေးလေး ပုံစံက နေ့ခင်းကြောင်တောင် သရဲအခြောက်ခံလိုက်ရသလို ပြူးပြူးပြဲပြဲ ဖြစ်သွားပြီး…
“ဟဲ့… ခင်မကြီး၊ မင်း ဘာဖြစ်လာတာလဲဟင်” တဲ့။ တအံ့တသြနဲ့ မယုံနိုင်သလို ပြန်မေးပါတယ်။
ဒါနဲ့ ကျွန်မက အကုန်လုံး ပြောချလိုက်တာပေါ့။ အခြေအနေတွေကို ကျွန်မ မဖန်တီးတတ်တော့ပါဘူး။ ဦးအောင်ခန့် က အားကိုးရှာသင့်တယ် ပြောလို့ ကျွန်မ စဉ်းစားတယ်ပေါ့။ ဦးအောင်ခန့်ကလည်း ကျွန်မ လက်ခံမယ် ဆိုရင် သူ တာဝန်ယူမယ်လို့တော့ ပြောပါရဲ့။ ဒါပေမဲ့ ဂျပန်စစ်ဗိုလ်ရန်ကိုလည်း ကျွန်မ ကြောက်တယ်။ ဦးအောင်ခန့်ကိုလည်း အားမကိုးချင်ဘူး။ ဒါကြောင့် လေးလေးကို လက်ထပ်ဖို့ လာပြောတာပါလို့ ရှင်းပြရ တာပေါ့။
အဲလို ရှင်းပြလိုက်ရင် လေးလေးက အလွယ်တကူ လက်ခံလိုက်မယ်လို့လည်း ထင်ထားမိတာကိုး။ တကယ်က ဘယ်ဟုတ် ပါ့မလဲ။ ကျွန်မအတွေးတွေ ပါစင်အောင် လွဲတယ်ဆိုတာ လေးလေးဆီက ထွက် လာတဲ့ စကားတစ်ခွန်း က သက်သေပြုလိုက်တာပါပဲ။
“ဦးအောင်ခန့်ကလည်း တော်သားပဲ” တဲ့လေ။
ကျွန်မ ရှက်လိုက်တာဆိုတာ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အဲလောက် မခံစားရဖူးပါဘူး။ အပျို အရွယ်လေးတစ်ယောက်က ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရတဲ့အဖြစ်။ အဲဒါကိုတောင် ငြင်းပယ်ခံရတယ် ဆိုတော့ ကျွန်မ သိက္ခာဆိုတာ တစ်ရွေးသားမှ မကျန်တော့အောင် ကျဆုံးသွားပြီဆိုတဲ့ အသိနဲ့ တစ် ကိုယ်လုံး ရှိရှိသမျှ သွေးတွေ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေရာက ဗြုန်းခနဲ ရပ်သွားသလို အေးစက် တောင့်တင်း သွားပါတော့တယ်။
မျက်ရည်တွေကလည်း တာကျိုးသလို အလိုလို စီးကျလာတာနဲ့ ချက်ချင်းထရပ်ပြီး တစ်ချိုး တည်း ခေမေသကကို ပြန်ပြေးလာလိုက်တာ အမောတကောပါပဲ။ ဇရပ်လည်း ပြန်ရောက်ရော မျက်ရည်အရွှဲသား မျက်နှာနဲ့ ခေါင်းရင်းဇရပ်က ဦးအောင်ခန့်ဆီ သွားပြီး ကျွန်မ လက်ခံသဘောတူပြီး သူ့ကို လက်ထပ်မယ် ဆိုတာ ပြောလိုက်ပါတယ်။
ပြီးတော့ တစ်ဆက်တည်းမှာပဲ “အန်ကယ့်ကို လက်ထပ်တာ ခင်မကြီး ချစ်လို့ မဟုတ်ဘူးနော်၊ ဦးလေးလိုပဲ လေးစားပြီး အားကိုးရာအတွက် လက်ထပ်တာပါ။ အန်ကယ် အထင်မှားမှာစိုးလို့ ခုကတည်းက ရှင်းပြ ထားတာ” ဆိုတော့…
ကျေကျေနပ်နပ်နဲ့ ပြုံးလို့ “အေးပါ၊ မင်း ဘယ်လိုသဘောနဲ့ပဲ လက်ထပ်ထပ်။ အန်ကယ့်ရဲ့မေတ္တာကို သိလာတဲ့ တစ်နေ့ကျ မင်း အန်ကယ့်အပေါ် တုံ့ပြန်လာမှာပါပဲ” တဲ့။ သူက သေချာပေါက် တွက်ပြီး ပြော နေလိုက်သေး တယ်။
အဲဒီလို သူ့ရဲ့မေတ္တာကို သိတဲ့နေ့တွေ တစ်နေ့မက တွေ့ခဲ့ဖူးပေမယ့် ကျေးဇူးတင်မိတာကလွဲပြီး သူ ကွယ်လွန် ခဲ့တဲ့ထိ ပေါင်းသင်းလာခဲ့တဲ့ ၁၂ နှစ် ကာလပတ်လုံး ခင်ပွန်းသည်တစ်ယောက်ဖြစ်လို့ တွယ်တာတဲ့ သံယောဇဉ်နဲ့ ဦးလေးလို၊ အဖေလို ချစ်တာကလွဲပြီး ချစ်သူလို ချစ်မလာပါဘူး။
ရင်ထဲက အသည်းနှလုံးဆိုတဲ့ သတ္တဝါကောင်ကလည်း အခက်သားရယ်နော်။ ဒီကောင့်ကို ရင်ထဲက ထုတ်၊ ကြိုးနဲ့ နာနာတုပ်၊ တုတ်နဲ့ပြပြီး “ဟဲ့… ဒါတွေ ဒါတွေကြောင့် မင်း ဘယ်သူကို ချစ်ထိုက်တယ် ချစ် လိုက်စမ်း” လို့ ပြောလည်း နာခံတတ်တဲ့ အကောင်စားမှ မဟုတ်တာ။ ချစ်သင့်တဲ့လူကို ချစ်ချင်မှချစ်၊ မချစ်သင့်တဲ့ လူကိုလည်း ချစ်ချင်ချစ်။ သူ့သဘော သူဆောင်တဲ့ အကောင်မျိုးဖြစ်တော့ ရင်ထဲက နှလုံး သားကို စေစား လို့မရပါဘူး။
ဦးအောင်ခန့်ကို ကျွန်မ တကယ် လက်ထပ်လိုက်တယ်ဆိုတာ ကြားတော့ နောင်တစ်ချိန်မှာ လေးလေးက အန်ကယ်အေး ကို “ဒီကောင်မလေး သိပ်မိုက်တာပဲ” လို့ ဝေဖန်လိုက်တယ်ဆိုပဲ။
ဟုတ်လည်း ဟုတ်ပါတယ်။ ကျွန်မ အဲဒီအချိန်က ရှက်ရမ်းရမ်းပြီး မိုက်မိုက်ကန်းကန်းနဲ့ အလျင်စလို စဉ်းစား ဆုံးဖြတ် လိုက်ခြင်းပါပဲ။ ကျွန်မဆီက ကတိစကားရတော့ ဦးအောင်ခန့်က ချက်ချင်း လုပ်စရာ ကိစ္စတွေအတွက် လှုပ်ရှားတော့ တာပဲ။ နောက်တစ်နေ့မှာ ဂျပန်စစ်ဗိုလ်ရဲ့ရန်က ကင်းအောင်ဆိုပြီး ရွှေ ဂူချောင်မှာ သူတို့မိသားစု လှူထားတဲ့ ကျောင်းတစ်ခုရှိသေးတာနဲ့ အဲဒီကျောင်းတိုက်ကို တစ်ရက် နှစ်ရက်ခိုဖို့ဆိုပြီး ပြောင်းပေးပါတယ်။
သူကတော့ လက်ထပ်ဖို့ကိစ္စအတွက် မန္တလေးကို ကူးသွားလေရဲ့။ နောက်တစ်နေ့ပြန်ရောက်လာတော့ ကျွန်မ တို့ကို မန္တလေးခေါ်သွားပါတယ်။ မန္တလေးမြို့ကြီးကို ဂျပန်တွေ သိမ်းပိုက်လိုက်တဲ့ တစ်လအတွင်း အုပ်ချုပ်ရေးလည်း ပြန်စနေပါပြီ။ အဲဒီအချိန်က မန္တလေးမြို့က အရေးပိုင်က ဦးဘစီပါ။ အန်ကန်ဦးဘစီနဲ့ ဦးအောင်ခန့်က သိပ်ချစ်တဲ့ သူငယ်ချင်းဖြစ်တော့ အစစ တာဝန်ယူ ဆောင်ရွက်ပေးပါတယ်။
အစကတော့ ရုံး မှာ အသိသက်သေနှစ်ဦးနဲ့ လက်မှတ်ရေးထိုးပြီး မင်္ဂလာကိစ္စပြီးဖို့ပါပဲ။ အန်ကယ်ဦးဘစီ က “ဟ… ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ၊ အခမ်းအနားလည်း ပါဦးမှပေါ့” ဆိုပြီး သူက အိတ်စိုက်၊ သူ့အိမ် မှာ ဧည့်ခံပွဲ လုပ်ပေးပါတယ်။ ဌာနဆိုင်ရာက လူကြီးတွေအားလုံးကို ဖိတ်ထားတာ။ ကျောက်စာဝန်ဦးမြ တို့၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီး ဦးကိုကိုကြီးတို့၊ သစ်တောမင်းကြီး ဦးဘသော်၊ ဦးပျိုခင်နဲ့ တခြား အရာရှိမိသားစုတွေ အစုံ ပါပဲ။
ဘယ်က ဘယ်က ရှာလာတာလဲ မသိပါဘူး။ ဓာတ်ပုံဆရာတောင် ပါလာလိုက်သေးတယ်။ သတို့သမီး လုပ်မယ့် ကျွန်မ မှာကလည်း ဝတ်စရာရှိတာ မဟုတ်ဘူး။ “သိမ်းဟဲ့၊ သိမ်းဟဲ့” ဆိုတုန်းက စာအုပ် သေတ္တာကိုသာ အဓိက ထားပြီး ယူ လာခဲ့တာ။ ဝတ်စရာ အဝတ်က သေတ္တာငယ်တစ်လုံးပဲ ပါလာခဲ့တာ။ ဒီအထဲ ဝမ်းရောဂါဖြစ်လိုက်တော့ ရှိရှိ သမျှ အဝတ်တွေက မီးရှို့ပစ်လိုက်ရပြီလေ။
ကျန်တာလေး သုံး လေးထည်ကို လှည့်ပြီး ဒါဝတ် ဒါဖွပ်ဖြစ်နေရာက လက်ထပ်ဖို့ ဆွဲခေါ်လာတော့ သရက်ထည် လုံချည်လေးနဲ့ ဘလောက်စ်အင်္ကျီလေးပဲ ဝတ်ခဲ့ရတာပေါ့။ စုတ်ပြတ်နေတဲ့ သတို့သမီးပုံစံ နဲ့ ဧည့်ခံပွဲကြီးက မစပ်မဟပ်ဖြစ်နေတော့ အန်ကယ်ဦးဘစီ သမီး သန်းသန်းတို့၊ တူမ အေးအေး တို့က မနေနိုင်ဘဲ ကျွန်မကို အင်္ကျီ လက်ရှည် ပိုးထဘီတွေ ထုတ်ဆင်ပေးပါတယ်။
အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ထောင်ထောင်၊ ထောင်ထောင် နေတတ်တဲ့ ကျွန်မက ဓာတ်ပုံ ထဲမှာ ကုပ်ချောင်းချောင်းလေး ထိုင်လို့။ မျက်နှာက မပြုံးမရယ်နဲ့။ ဒီပုံကိုကြည့်ပြီး အဲဒီအချိန်က ကျွန်မ စိတ်ဘယ်လောက် သိမ်ငယ်နေတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အဲဒီပုံတွေနဲ့အတူ ရှိရှိ သမျှ ပစ္စည်းတွေကိုပါ အင်္ဂလိပ် ပြန်အဝင် ဂျပန်အပြေးမှာ လူချည်းလွတ်အောင် ထွက်ပြေးခဲ့ရတာကြောင့် ဒုတိယအကြိမ် ဆုံးရှုံးတဲ့ အထဲ ပါသွားလို့ ကျွန်မမှာ အမှတ်တရအဖြစ် မကျန်တော့ပါဘူး။
အန်ကယ်ဦးဘစီ ကျေးဇူးနဲ့ တင့်တင့်တယ်တယ် မင်္ဂလာပွဲတော့ဖြစ်သွားတယ် ဆိုပါတော့။ ရှေးခေတ် က လက်ထပ်မင်္ဂလာပြုမယ်ဆိုရင် သုံးနှစ်သုံးမိုး စောင့်ကြည့်ပြီးမှ လက်ထပ်ကြတာနော်။ ကျွန်မအဖြစ်ကတော့ ဘယ်ဟုတ်ပါ့မလဲ။ အဲဒီ ဦးအောင်ခန့်ဆိုတဲ့ လူကြီးကို ဧပြီလဆန်းကမှ မြင်ဖူး တွေ့ဖူးတာ။ ဟော ဇွန်လဆန်းမှာ လက်ထပ်ပြီးသား ဖြစ်နေတော့ နှစ်လပဲ ကြာလိုက်ပါတယ်။
အဲဒီနှစ်လကလည်း တစ်ယောက်အကြောင်း တစ်ယောက် သိအောင် ရင်းရင်းနှီးနှီး ရှိခဲ့တာလည်း မဟုတ်။ တကယ့်ကို သူစိမ်းပြင်ပြင် လူကြီးတစ်ယောက်ကို ခင်ပွန်းတော်ရပြီ ဆိုတော့ လက်တွေ့မှာ မလွယ်ဘူးဆိုတာ ဒီခါကျမှပဲ သဘောပေါက်ရပါတော့တယ်။ ယွန်းတန်းမှာ ရှိတဲ့ သူ့ညီမရဲ့တိုက်မှာ ခေါ်သွားတော့ ကုပ်ချောင်းချောင်းလေး နောက်က ပါသွားတာပဲ။ ယောက်မတွေက ကျွန်မပုံစံကို ကြည့် ပြီး သနားကြ၊ ချစ်ကြလို့ တော်ပါသေးရဲ့။
ဦးအောင်ခန့်ကို ကျွန်မက အန်ကယ်လို့ ခေါ်တာ နှုတ်ကျိုးနေတော့ အန်ကယ်လို့ပဲ ခေါ်တာပေါ့။ ယောက်မတွေက ကိုယ့်ယောက်ျားကို အန်ကယ်လို့ခေါ်တာ မကောင်းဘူး။ ကိုကြီးလို့ ပြင်ခေါ်ဆိုတာနဲ့ ကြိုးစား ပမ်းစား ပြန်ပြင်ခေါ်ရပါတယ်။
ဦးအောင်ခန့်ကို လက်ထပ်လိုက်တဲ့အတွက် အားကိုးရတာတော့ မှန်ပါတယ်။ မာမီ့ကိုလည်း ဒေါက်တာ ဦးစံကြူး နဲ့ ပြပြီး ဆေးကုသပေးနေတာမို့ အရင်ကထက်စာရင် စိတ်ငြိမ်ပြီး အိပ်တာ စားတာ မှန်လာလို့ သက်သာတယ်လို့ ဆိုနိုင်ပေမယ့် ဝေဒနာက လုံးဝပျောက်ကင်းတာမျိုး မဟုတ်ပါဘူး။
မာမီ ရောဂါသည်းလို့ ဆူဆူပူပူတွေ ဖြစ်နေပြီဆိုရင် အတူနေတဲ့ အိမ်သားတွေကို အားနာပြီး အနေရ ခက်နေမိ ပါတယ်။ မာမီ့အတွက် စိတ်ဆင်းရဲတာက တစ်မျိုး။ ကိုကြီးနဲ့ကလည်း စရိုက်ချင်း မတူ၊ ကိုကြီးက စိတ်အလွန် တိုတတ်ပြီး နှုတ်ထွက်လည်း ကြမ်းပါတယ်။ ကျွန်မတို့အိမ်မှာက အားလုံး ပြောတာ ဆို တာက လည်း နူးနူးညံ့ညံ့၊ ခေါ်တာကလည်း ဘယ်တော့မှ ရင့်ရင့်သီးသီး မရှိပါဘူး။
မာမီကဆို ကျွန်မကို သမီးတောင် မဟုတ်သေးဘူး။ ဝိသေသပြုပြီး “ငါ့သမီး” လို့ ခေါ်တာပါ။ “ခင်မကြီး” လို့ နာမည်ကို အပြည့်အစုံခေါ်လိုက်ပြီ ဆိုရင်တော့ စိတ်ဆိုးလို့ပဲသာ မှတ်ပေတော့။ ကိုကြီးနဲ့ကျ ဘယ် ဟုတ်ပါ့မလဲ။ စိတ်ဆိုးပြီ ဆိုရင် “ခင်မကြီး” ကနေ “ကောင်မ” ဖြစ်သွားတာပဲ။ ကျွန်မတင် မဟုတ်ဘူး။ သူ့ ညီအစ်ကို မောင်နှမတွေ ကိုလည်း အဲလိုပဲ အော်လိုက်၊ ဟောက်လိုက် ဆက်ဆံတာပါ။
အဲလို ရင့်သီးတာတွေကို နားခံနေမကျတော့ ကျွန်မ စိတ်ဆင်းရဲလိုက်တဲ့ ဖြစ်ခြင်း။ တစ်ယောက်တည်း ကွယ်ရာမှာ မျက်ရည်ကျရပါတယ်။ မာမီက သူစိမ်းတွေနဲ့ မနေတတ်တာ သိထားတာမို့ အခုလို တစုတ ဝေး နေရတာကို စိတ်ဆင်းရဲမှာစိုးတာနဲ့ ကိုကြီးကို သီးခြားအိမ်ခွဲနေဖို့ ပြောရတာပေါ့။
ရွှေပြည်ဘက်မှာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့ တစ်ထပ်တိုက်တစ်လုံး ငှားလို့ရတာနဲ့ ကျွန်မတို့ အိမ်ခွဲပြီး နေ ဖြစ် ပါတယ်။ ဘိုးလေးနဲ့ ဘွားလေးတို့ သတင်းစုံတော့လည်း ဘာသတင်းမှ မရပါဘူး။ အန်တီလေးမမြသန်းတို့လည်း ဘယ်ရောက်နေကြ မှန်းမသိ။ အားလုံးနဲ့ အဆက်အသွယ် ပြတ်နေဆဲပါပဲ။
ကျွန်မက ယောက်ျားတစ်ယောက်သာ ဖျတ်ခနဲ ကောက်ယူလိုက်တာ။ အိမ်ရှင်မ တစ်ယောက်လို ဟင်းလည်း မချက်တတ်၊ ထမင်းလည်း မချက်တတ်တော့ အခက်တွေ့နေတာပေါ့။ ခေမေသကမှာ နေတုန်းကလည်း ဘွားသီလရှင်ကြီးကို စျေးဖိုး ပေးထားလိုက်တော့ သီလရှင်ကြီး ချက်ကျွေးသမျှကို စားလာခဲ့တာ။ ကိုကြီးရဲ့မိသားစုနဲ့ နေကြတော့လည်း ကျွန်မကို ကလေးတစ်ယောက်လို ထားတာမို့ မီးဖိုချောင်မှာ ကူလုပ်ရတာက လွဲပြီး ၀င်ချက် ရတာ မဟုတ်ပါဘူး။
ခုမှ ဒုက္ခလှလှတွေ့တော့တာလေ။ ချက်လိုက်တဲ့ ထမင်းတွေက မနပ်တစ်လှည့်၊ နပ်တစ်လှည့်၊ ပျော့တစ်လှည့်၊ မာ တစ်လှည့်၊ တူးတစ်လှည့် ပတ်ချာရိုက်နေတာပါပဲ။ ဧည့်သည်လာလို့လည်း အိမ်ရှင်မတစ်ယောက်လို ဧည့်ဝတ်ပြု ရကောင်းမှန်းလည်း မသိ။ ဧည့်သည်မြင်တာနဲ့ ကိုကြီးရေ ဧည့်သည်လာတယ်”လို့ အခန်းထဲက လှမ်းအော်ပေး လိုက်ပြီး ကိုယ့်ဟာကိုယ် ကိုဘစိန်နဲ့ ရှပ်ထိုးပစ်၊ ဖန်ခုန်မပျက်၊ ကစားနေလိုက်တာပဲ။
“ခင်မကြီး လာပါဦး” လို့ အနားသွားထိုင်ပြီး မေးတစ်ခွန်း ပြောတစ်ခွန်းနဲ့ ဧည့်သည်နားမှာ ထိုင်နေရတာ အနေတွေ ကျုံ့လို့။ အိမ်ရှင်မတစ်ယောက်လို ဖွယ်ဖွယ်ရာရာလည်း လုပ်မကျွေးတတ်။ အာလာပ သလ္လာပလည်း မပြောတတ် မဆိုတတ်။
ဧည့်သည် ပြန်သွားပြီဆိုရင်တော့ အိမ်ရှင်မ ဆိုတာ ရှပ်ဒိုးပစ်နေရတာ မဟုတ်ဘူး။ ဧည့်သည်ကို ဘယ်လို ကြိုရတယ်၊ နေရာထိုင်ခင်း ပေးရတယ်။ မာကြောင်း သာကြောင်း မိသားစုအကြောင်းတွေကို စိတ်ဝင်စားမှု နဲ့ မေးရတယ်။ ကော်ဖီချိန် ကော်ဖီ၊ ထမင်းချိန် ထမင်း ဧည့်ခံကျွေးမွေးရတယ်။ ဘာညာဆို တဲ့ အိမ်ရှင်မ သင်တန်း လက်ချာအရှည်ကြီး ပေးတာကို နားထောင်ပေရော့ပဲ။
အဲဒီလို လက်ချာတွေလည်း နေ့စဉ် တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ကျွန်မ လုပ်တာတွေ အချိုးမကျတာ မြင် တိုင်း ပြောတာ ကြားနေရတော့ ရိုးအီနေပါပြီ။ ဒီတော့မှ ယောက်ျားယူရတာ မလွယ်ပါလား။ အိမ်ရှင်မ လုပ်ရတာလည်း မလွယ်ပါလား ဆိုတာ လက်တွေ့ကြုံမှ သဘောပေါက်ရပါတော့တယ်။
အချိုးမကျတကျ အိမ်ရှင်မဘဝနဲ့ ယက်ကလယ် လိုက်နေတုန်းမှာပဲ ကလေးအမေဘဝ ရောက်လာ တော့မယ် ဆိုတဲ့ အတိတ်နိမိတ်တွေ ပြလာပါလေရော။ ကျွန်မ အလွန်အမင်းကို ထိတ်လန့်တုန်လှုပ် သွားပါတော့တယ်။
ငယ်ရွယ်စဉ် ကျောင်းသူဘဝတုန်းကတော့ လှပတဲ့ အိပ်မက်တွေကို မက်ဖူးတာပေါ့နော်။ ကိုယ့်ရဲ့ အိမ် ထောင်ဖက်ကလည်း ကိုယ်နဲ့ သက်တူရွယ်တူ ကိုယ့်ချစ်သူပေါ့။ ကျွန်မက တစ်ဦးတည်းသောသမီးဖြစ်တာမို့ ကစားဖော်မောင်နှမ မရှိခဲ့လို့ အိမ်ထောင်ဖက်ရပြီးရင် ကလေးတွေကို အများကြီး မွေးပစ်လိုက်မယ်။ ဝိုင်းဖွဲ့ပြီး တစ်အိမ်လုံး မှောက်အောင် ကစားကြစမ်းဆိုတဲ့ အတွေးစိတ်ကူးနဲ့ ကလေးတွေ မွေးထား လိုက်တာမှ အများကြီး ပါပဲ။
ဟော… အခု စစ်ပြေးရင်းနဲ့ မမအေမီ ကလေးမမွေးနိုင်ဘဲ သေသွားတယ်ဆိုတဲ့ အဖြစ်ကို မျက်မြင်နီးပါး ဘယ်လို ခံစားရတယ် ဆိုတာ ပြောပြတာကို ကြားဖူးထားတော့ ကလေးလိုချင်ပေမယ့် ကလေးမွေးရမှာကို သေလုအောင် ကြောက်ပြန်ပါရော။ ကလေးမွေးရင် မမအေမီလို သေမှာပဲဆိုတဲ့ စိတ်နဲ့ ဆရာဝန်က စမ်းသပ်ပြီး သေချာတယ် ပြောကတည်းက ရှိုက်ကြီးတငင် ထိုင်ငိုလိုက်မိပါတယ်။
မွေးထားတဲ့ အတွေးထဲက ကလေးတွေသာ သက်ဝင်လှုပ်ရှားလို့ရတယ် ဆိုရင်တော့ “ကြောက်ချေးပါတဲ့ တို့မေမေ ရှက်ဖွယ်၊ ရှက်ဖွယ်”နဲ့ ဝိုင်းပြီး လက်ညိုးကလေးတွေ ကွေးရင်း ပြောင်ကြ လှောင်ကြမှာပဲ ထင်ပါ ရဲ့နော်။
×××××××××××××××××
အပိုင်း ၁၄ ဆက်ရန်…