Novel

ဗြောက်ဖောက်မှ ဝါကျွတ်ခြင်း

(ကြည်အေး)

_______________________________

 

(၁)

 

သူတို့မြို့ကလေးကို သေးနုပ်သည်မို့ သည်နေ့အဖို့ ဘီးလစ်စာရေးကြီး ကိုစက်ရ အိမ်၌ သမီးအကြီးဆုံး အမြိုင်သည် လက်ဖျားမှာပါ ကော်လာအချွန် တတ်သော နိုင်လွန်အင်္ကျီကို ဝတ်၊ ရှစ်ဆယ်ကျော် တန်သည် ဆိုသော်လည်း ပန်းခင်း တစ်ခင်းလုံး ပါအောင် ဆွဲထားတာက လွဲ၍ ဘာမှ တန်ဖိုးရှိတာ မပါသော ပါတိတ် လုံချည်ကို ခါးမှာ စည်းကာ သူ့ကို ဘယ်မြို့အုပ်လောင်းက လာ၍ စပ်ဟပ် ပါမည်လဲဟု စိတ်ကူးဆဲ အိမ်နောက်ဖေး မီးဖိုချောင်၌ ဈေးဖိုး ခြိုးခြံသဖြင့် တစ်အိမ်လုံး စားလောက်အောင် ပုစွန်ဆိတ် ခတ်သော လယ်ကန်စွန်းရွက်ရိုးနီ ချဉ်ဟင်း တစ်ခွက်သာ ရေနိုင်နိုင် ထိုး၍ ချက်သည့် အကြောင်းသည် လည်းကောင်း။

 

ဈေးအနီးက တိုက်ကြီးနှင့် နေပြီး ဂျပန်ခေတ်က အချောင် ရထားသော ပီယာနိုကို တီးသည့် သူဌေး ဦးတောရ၏ သမီး အပျိုကြီးသည် ဖျော်နေကျ လက်ဖက်ရည်ချိုင့် တစ်ဝက်တွင် မရပ်ဘဲ ပြည့်လုနီးပါး ပိုဖျော်မိသည့် အိမ်စေမလေး စောခင်ကို ပါးနှစ်ချက် ဆင့်ရိုက်ပြီးသည့် အဆုံး၌ စေတနာ ထားတတ်လျှင် မြတ်သည် ဖြစ်ရကား ဆွမ်းခံကြွသော ဘုန်းကြီးတို့ကို မကုန်နိုင်သော လက်ဖက်ရည်တို့ဖြင့် ရိုသေစွာ ဆက်ကပ်သည့် အကြောင်းလည်း လည်းကောင်း။

 

ဝါတွင်းကြီး လိုက်ပြေးသဖြင့် ၇ လနှင့် သားဦးမွေးမည် ထင်ကြရသည့် အသက် ၁၈ နှစ် မပြည့်သေးသော တင်မောင်ထွတ်နှင့် ၁၆ နှစ် မပြည့်သေးသော မခင်စောတို့ လင်မယားသည် ကလေး ရပုံတော့ မပေါ်ဘဲ၊ ဝါမကျွတ်ခင်ဘဲ ကွဲမည် တစောင်စောင် နေရာက ညကမှ အမေ့အိမ်သို့ ကိုယ်စီ ဆင်းသွားကြပြီ ဆိုသည့် အကြောင်းသည် လည်းကောင်း။

 

မနက် မိုးလင်း၍ ယနေ့ ရက်စွဲဖြင့် ရိုက်သည်ဖြစ်လည်း မနေ့က သတင်းစာမျှသာ ဖြစ်သော ရန်ကုန် သတင်းစာကို မြို့သူမြို့သားတို့ လက်ဖက်ရည်ကြမ်း သောက်၍ ဖတ်ရှုဆွေးနွေး မဆုံးခင် သတင်းစာထဲ မပါသော ကိုယ့်မြို့က ထိုသတင်းတို့သည် ပျံ့နှံ့ပြီးလည်း ဖြစ်လေ၏။

 

ထို့ကြောင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်တင်တင်သည် တထိတ်ထိတ် တလန့်လန့် ရှိကာ ရင်ခုန်တိုင်း သွေးဆေး သောက်ရတာနှင့် ပိုက်ဆံတစ်မျိုး ထွက်သည်မှာ အံ့ဩဖွယ် မဟုတ်ချေ။

 

အံ့ဩဖွယ်သည် သည့်လောက် တစ်ယောက်အကြောင်း တစ်ယောက် စပ်စုချင်၍ တခြား ဘာအလုပ်မှ မည်မည်ရရ မရှိဘဲ တစ်လုတ်စာ တစ်အိမ်လုံး ဝိုင်းစားလေ့ ရှိသော မြို့ကလေး၌ မြို့သူမြို့သားတို့ ကြည်ညို ရိုသေသော ဒေါ်တင်တင်သည် သည်ကျောင်းဝင်းထဲ ညနေတိုင်း မှန်မှန် လမ်းလျှောက်ရင်း မိုးချုပ်စ ပြုပြီဆိုမှဖြင့် ဟိုဘက်ခြံမှ မြို့လူပျိုတို့ လိုလားသော ယစ်မျိုး အရာရှိကလေး ကိုဝင်းထင်နှင့် ပန်းချုံကွယ်၌ မှန်မှန် တိတ်တိတ် ခိုးနမ်းကြသည် ဆိုသော အကြောင်းကို ယခုထိ ဘယ်သူမှ မသိသေးတာသာ ဖြစ်သည်။

 

အကြောင်းရင်းမှာ ဒေါ်တင်တင်သည် ရုပ်ရည် ပြေပြစ်၍ ကိုယ်လုံး ကိုယ်ပေါက်လည်း ဖြောင့်စင်း ကျော့ရှင်းပေသည်။

 

အသက်ကတော့ သုံးဆယ့်ခြောက်နှစ် ကျော်ပြီမို့ လေးဆယ်နား ခိုက်ပြီဖြစ်ရာ ၁၄-၅-၆ နှစ်နှင့် လင်ယူ မယားယူ ပြုလေ့ရှိသော ထိုမြို့ကလေးတွင် ဟိုင်းရုံမက အိုမင်းပြီဟု ယူဆကြသောကြောင့် ဖြစ်မည် ထင်သည်။

 

ဒါမှ မဟုတ်လည်း ယစ်မျိုး အရာရှိလေး ကိုဝင်းထင်သည် အပျို ပေါလွန်းသဖြင့် ဥက္ကံသုံးဆယ် လို့တောင် နာမည် ပြောင်းရမတတ် ဖြစ်သော မြို့ကလေး၌ လှတာ ယူမလား၊ ယဉ်တာ ယူမလား၊ ခန့်တာ ယူမလား၊ ပိုက်ဆံရှိတာ ယူမလား ဟူသော အခြေအနေ၌ ထည်ထည်ဝါဝါ နေနိုင်ဆဲကို ဒေါ်တင်တင် အရွယ်မှ ကြိုက်တတ်သည် ရယ်လို့ တင်စားရမည်မှာ ကိုယ့်ကိုယ်ကိုယ် စော်ကားရာ ရောက်သည်လို့ အပျိုတကာနှင့် အပျိုမိတကာက ထင်လေသောကြောင့်လည်း ဖြစ်မည် ထင်သည်။

 

ဘာပဲဖြစ်ဖြစ် ယနေ့ အထိတော့ ချစ်သူ နှစ်ဦးသည် အိမ်ချင်း ကပ်နေပြီး နှုတ်ဆက်စကားလည်း ကျယ်ကျယ်လောင်လောင် လူကြားသယောင် ပြောနိုင်၏။ ဘယ်သူမှ မကြားနိုင်သည့် အခါ ဘယ်လို ချစ်ပါတယ် ဆိုသည့် စကားကိုလည်း အထူးအဆန်း လုပ်၍ နှစ်ကိုယ်ကြား ပြောနိုင်၏။

 

အဲ ပန်းချုံကွယ်၌ ဒူးခေါင်းလောက်မှ မမြင့်သည့် ဖြတ်တိထားသော ဝါးခြံစည်းရိုးပင်များကို ကျော်ကာ နှစ်ကိုယ် ရှေ့သို့ ကုန်း၍ နှာခေါင်းငုင့်္ကာ နှစ်ပါး ကပ်နိုင်၏။

 

ထို့ကြောင့် ညနေတိုင်း မိုးချုပ်စမှာ ကိုဝင်းထင်သည် သူ့ခြံထဲ ပက်လက် ကုလားထိုင်မှ ထခဲ့သော စောစောက ဖတ်ခဲ့သော စာအုပ်ကို ချခဲ့ကာ လမ်းဆက် မလျှောက်တော့ဘဲ ပန်းချုံနား၌ ရပ်ကာ ဒေါ်တင်တင်ထံသို့ လာပြီး နှစ်ယောက် သဘောတူ နမ်းကြမြဲတည်း။

 

(J)

 

ဒေါ်တင်တင်အဖို့ လင်သား စိတ်မကူးတော့သည် သို့မဟုတ် မကူးဘဲသွားသွား သည်မှာ ကြာပြီ။

 

ကြာပြီဆို အသက်သုံးဆယ် ကျော်ပြီ ဆိုကတည်းက ပင်တည်း။ မိန်းမများ အသက် ကြီးလာလျှင် မုဆိုးဖို၊ တစ်ခုလပ်ကိုသာ မျှော်လင့် ရတော့သည် ဆိုတာကို သူ နည်းနည်းမှ ခံရပ်နိုင်ခြင်း မရှိခဲ့။ သည်အဖြစ်မျိုး မကြုံရအောင် ခပ်ရွယ်ရွယ်ကပင် လင်သား ယူမည်လို့ စိတ်ကူး ရှိခဲ့သည်။

 

သို့သော်လည်း ကောလိပ် ကျောင်းသူကလေး တင်တင်သည် ရုပ်ရည် မွန်ရည် ပါသော်လည်း ဥာဏ်က ခပ်ထိုင်းထိုင်း ရှိသည်။ ဘီအေ၊ ဘီအီးဒီ အောင်ပြီး ဆရာမကြီးလည်း လုပ်ချင်သည်။ မိဘသားချင်း ကလည်း ပညာသင်ချင် စိတ်ကလေးကို မြှောက်ပေးသည်။

 

သို့လျှင် နှစ်နှစ် တစ်တန်းမျှ အောင်၍ ဘီအေဘွဲ့ကို ရသော် တင်တင်သည် နှစ်ဆယ့်လေးနှစ် ရှိလေပြီ။

 

သည်အချိန်မှာ ရည်းစား ထားချိန်တောင် လွန်ခဲ့ပြီ အမှန်ပင် လင်ယူသားမွေး ချိန်တည်း။

 

ဘေးဘီ၌ လူလွတ်ရယ်လို့တောင် မမြင်။ ကိုယ့်တန်းက လူတွေမှာ သူ့ထက် သုံးနှစ်စော၍ အောင်ကာ အလုပ်နှင့် အကိုင်နှင့် အိမ်ရာ သားသမီးနှင့် ဖြစ်ကြလေပြီ။

 

ရော သည်တစ်ခါ သင့်လျော်ရာ တွေ့လျှင်တော့ တယ်ချေးမထူဘူး၊ ယူရပြီးရောဟု သဘောထားရင်း ဆရာဖြစ် သင်တန်းကျောင်းသို့ ပြောင်းခဲ့ပြန်၏။

 

ဘီအီးဒီ မအောင်ခင် စစ်က ဖြစ်လိုက်ရာ အိမ်ထောင်ပြုဖို့ အကြံကို ဘေးဖယ်ကာ ပြေးရလွှားရ လုပ်ရသည်။

 

စာကလေး သင်ရင်း အိုမင်းသော မိဘကို ကျွေးမွေး တုံ့ပြန်ရ၏။

 

စစ်ပြီးတော့ ငဲ့စရာ မိဘနှစ်ပါးလည်း မရှိ၊ တစ်ကိုယ်တည်း နေလို့ မတင့်တယ် သည်လည်း အမှန်။ သို့သော် လင်မရဘဲ ဘီအီးဒီသာ အောင်သွားပြီး အသက် သုံဆယ်မှ လွတ်လွတ်ကျွတ်ကျွတ် ကျော်ခဲ့လေ၏။

 

မုဆိုးဖို တစ်ခုလပ်တောင် ရှားပါးသည်မို့ အပျိုကြီး ဘဝကိုပဲ ချီးကျူးစရာ အကွက် ရှာပါတော့မည် ကြံမှ ကိုဝင်းထင်လေးနှင့် ရေစက်ဆုံသည်။

 

ဒေါ်တင်တင်သည် ကိုယ့်လူ ရှိပြီတကား ရယ်လို့ အူယားဖားယား အိမ်ထောင် ပြုဖို့တော့ စိတ်ကူး မရှိချေ။

 

သည်အခြေသာ ရောက်လာသည်။ ဘယ်အချိန်မှာ ဘယ်ထဘီ ဝတ်၍ မျက်လွှာချကာ ကျုံ့ကျုံ့ထိုင်ကာ ဩဘာစာရှည် ဖတ်သည်ကို နားထောင်ကာ မင်္ဂလာပန်းကို ဆင်မြန်းရမည်လို့ မသတ်မှတ်ဖူးချေ။

 

ကိုဝင်းထင်က တည်ကြည် ပါ့မည်လား လို့ကား တယ်မပူချေ။ မှန်တာ ပြောရလျှင် သည်လိုပင် ဘာတာဝန်မှ မရှိ၊ ကိုယ့်လှ ကိုယ်မွေးကာ ကျောင်းသားကို အုပ်ချုပ်ကာ ညနေတိုင်းကျ ပန်းချုံရိပ်၌ တိတ်တဆိတ် နမ်းကာသာ နေသွားချင် လေသည်။

 

အပျိုကြီးမှာ ကုသိုလ် ကောင်းချင်လို့ပဲလား မဆိုနိုင်၊ သည်လို အတင့်ရဲကာ အကြိမ် များလာပါလည်း စိတ်ပူစရာ မပေါ်ဘဲ လေးငါးလ နေခဲ့သည်။

 

ယခု ဝါကျွတ်ခါနီးမှ အရေးကြီးချင် သလိုလို ဖြစ်ရချေ၏။ သို့သော် ကြုံဖူးသည် မဟုတ်သဖြင့် ကြားဖူးနားဝ အသိတရားနှင့် သေသေချာချာ မဆိုနိုင်။ ဒေါ်တင်တင်သည် အခြေအနေကို ကြည့်ချင်သေး၏။

 

ကိုဝင်းထင်လေးကိုလည်း တယ် မပြောပြချင်သေး၊ သားသမီး ဆိုတာကိုလည်း ချစ်ကြည့်လို့ မတတ်သေး။

 

တကယ်ဟုတ်ပြီ ဆိုသည့် တစ်နေ့၌ ကိုဝင်းထင် ဘာပြောမည်ကိုသာ နားထောင်ရဦးမည်။

 

ပြီးတော့ မီးစင်ကြည့် ကမည်။ ဤသို့ ခပ်ပေါ့ပေါ့ စိတ်ထားကာ ဒေါ်တင်တင်သည် ပန်းချုံရိပ်သို့ လာလေ၏။

 

ညနေလည်း စောင်းပြီ။ အရိပ်တို့သည် လျင်မြန်စွာ မည်းမှောင်လာပြီ။ ဘေးပတ်ပတ်လည် မြက်ရိုင်း ကွင်းပြင်၌ လူသူတို့၏ ခေါင်းတစ်လုံးမှ ပေါ်လာတာ မတွေ့ရ။ မြို့နှင့်လှမ်းတာ ဟန်မကျလားကွယ်။

 

ကိုဝင်းထင်ကလေးကို မြင်သော် ပျော်ရွှင်သွားတာ မှန်သည်။ သူ့ခေါင်းက ပက်လက် ကုလားထိုင်ပေါ် မှီနေသည်မို့ မျက်နှာကို ကောင်းကောင်း မြင်ရ။

 

ပိုးဝါ လက်တိုစက လေတွင် တဖျပ်ဖျပ် ခါသည်။ ဝေးဝေးက ကြည့်လျှင် သာပြီး ငယ်ပုံပေါက်သည်။ အသက်သုံးဆယ်တောင် ပြည့်ဦးမယ် မထင်။ မိမိအသက် ပြောရ ခက်သည်မို့ သူ့အသက်လည်း မမေးဝံ့။

 

ဪ သူသာ ကိုယ်နဲ့ ရွယ်တူဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ခုလို မရေမရာ နေရမည် မဟုတ်။ ခုတော့ သူတကာ့ သူတကာ ပြောမှာ ကြောက်လှသည်။

 

ကိုယ့်တပည့် သားမြေး အရွယ်လေးကို ပိုက်ထွေးချော့မြှူ ကြိုက်သောသူလို့ ဆိုကြမည်ပေါ့။

 

သည်အရွယ် အထိ ဆိုစရာ မရှိအောင် နေလာပြီးမှ အခုမှ အဆိုခံရမည် ဆိုလျှင် ရှက်လို့ မဆုံးစရာပင်။

 

ကြည့်စမ်း၊ ကိုယ့်ကျောင်းက မက်ဒရစ် ကျောင်းသားတွေနဲ့များ ရောနေလိုက်ရင် ခွဲလို့ ရမယ်လို့တောင် မထင်ဘူး။

 

ဒေါ်တင်တင်သည် ဦးနှောက်ထဲ လျှပ်ဝင်းလက်သလို အကြံဥာဏ် ထင်းခနဲ လင်းခနဲ ပြက်သည်။

 

သူ တုန့်ဆိုင်းခဲ့သည်မှာ အသက်ချင်း ကွာခြားသဖြင့် သူတစ်ပါး အပြောအဆိုကို ကြောက်ခြင်းကြောင့်သာ ပါကလားကွယ်ရို့။

 

ဒါကလွဲ၍ တခြား ပြောစရာ ဘာမျှမရှိ။ ကိုယ့်ထက် တစ်ဆိတ် ငယ်သူကို လင်လုပ်ရတာ သူ့ဟာသူလည်း ခွင့်လွှတ်စရာလို့ မထင်။ သူတကာ သည်အလုပ် လုပ်သည်ကိုလည်း တစ်သက်လုံး ကဲ့ရဲ့သင်္ဂြိုဟ် လာခဲ့သည်ပင်။ ကိုဝင်းထင်နှင့် ယူလျှင် တစ်မြို့လုံး ပြောစရာ ဖြစ်မည်ပင်။

 

ကိုဝင်းထင် နာမည်ပျောက်၍ ဆရာမကြီး လင်ကလေးလို့ တွင်မှာတောင် ကြောက်ရ၏။

 

သည်တစ်ခါတော့ အကယ်၍ ကိုဝင်းထင်က ဝါကျွတ်ပေါ့ သက်ဝေရယ် စသဖြင့် ရေဒီယိုထဲက သီချင်းသံလို နီးရအောင် ပူဆာမည် ဆိုလျှင် ပြောင်ပြောင်ကြီး မငြင်းဆန်တောင် သူတကာ ပြောမှာ ကြောက်ပါဘိတွေနှင့် မှန်ကန်စွာ ဖြေမိဆိုမည် ထင်ပါသည်။

 

ဒေါ်တင်တင်သည် မျက်ရည်လည်ချင် သလိုလိုမို့ မျက်တောင် တဖျပ်ဖျပ် ခတ်ဆဲ ကိုဝင်းထင်က လှည့်ကြည့်သည်နှင့် မျက်လုံးချင်း ဆုံကာ ကမန်းကတန်း ပြုံးပြလိုက် ရလေသည်။

 

ကိုဝင်းတင်အဖို့ ဘယ်လို ဘယ်လိုနှင့် သည်လို အပျိုကြီး တစ်ယောက်နှင့် ကြိုက်ကာ ဆောင်တော်ကူးကာ ရှိသော်လည်း ဘာမှ မဖြစ်သလို ဣနြေ္ဒနှင့် နေသည့်အဖြစ် ရောက်သည်ဆိုတာ ဘယ်တော့မှ နားမလည်ချေ။

 

ကိုဝင်းထင်သည် တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ကိုယ့်ထက် ဆယ်နှစ်ကြီးသော မိန်းမကို ယူမည့်သူလို့ မထင်စဖူး။

 

ပြီးတော့ မိန်းကလေး တစ်ယောက်နှင့် ချစ်လျှင် မြတ်နိုး လေးစားချင်သည်။ သူကလေး ဣနြေ္ဒကို မထိပါးလို။ ကြာရှည်ပြီး ဝေးကွာနေလို စိတ်တော့ မရှိ။

 

အိမ်ထောင်ပြုရမှာ သူ မကြောက်။ ယခုတော့ ကိုဝင်းထင်သည် မိန်းမ ယောက်ကို မဆိုင်သေးပါဘဲ တရင်းတနှီး နေပြီးကာ အသက် ကိုယ့်ထက် ကြီးလျက်နှင့် အရိုအသေ မရှိ ဆက်ဆံလို့ နေရတာကို မကျေမနပ် တွေ့ရသည်

 

သည်အခြေ ရောက်ပြီဆိုတော့ တင်တင်ကြီးကိုပဲ တစ်နေ့သ၌ အကြင်လင်မယား ပြုရမည်လို့ သူ့စိတ်ထဲ လျာထားသည်။

 

သူသည် မသမာကောင် မဟုတ်ချေ။ ပြီးတော့လည်း သေသေချာချာ စဉ်းစားပြန်တော့ ခမျာမှာ အသက်ကြီးတာက လွဲလို့ ဘာမှ အပြစ်ရှိရှာတာ မဟုတ်။ အေးဆေး လှပသော မျက်နှာကလေးလည်း ရှိသည်။

 

ကျော့ရှင်း ဖြူဝင်းသော ကိုယ်နေလည်း ရှိသည် စိတ်နှလုံးလည်း ဘာမှ ကောက်ကျစ်တာ မတွေ့။

 

သည်လို ငြိမ်တာကိုပဲ နှစ်သက်လေ့ ရှိကာ အပျိုကြီးမှ မတွေ့ရသဖြင့် ဖျတ်လက် ဆတ်ကော့ကလေးတွေနှင့် လွဲခဲ့ရခြင်း ထင်သည်။

 

တစ်ခါတစ်ရံ ဆိုးချင်နွဲ့ချင် ဟန်ကလေး ကိုယ့်အစ်မကြီးလောက် ဆီမှာ တွေ့ပြန်တော့ ဟန်မကျပါ တကားလို့ ညည်းချင်တင်တင် ဖြစ်လည်း ဘယ့်နှယ် တတ်နိုင်မလဲ။

 

မိန်းမ သဘာဝ ဆိုသည်မှာ ကြီးသည် ငယ်သည်မမူ အတူတူသာတည်း။ ကိုယ်က ငယ်ပေမဲ့ ယောက်ျားပေမို့ ရင်အုပ်ကြီး ကားလို့သာ ထုချင်သမျှ ထုပါစေလို့ စေတနာ ထားရမည်တကား။

 

ထို့ပြင် အသက်ကြီးသည် ဆိုသည်မှာ ကြာတော့လညး သတိတောင် မရတော့သော အရာပင်။ ယခုဆိုလျှင် ဒေါ်တင်တင် ခေါ်နေကျက တင်ကြီး တင်ကြီးနှင့် အားရပါးရ တဝကြီး ခေါ်တတ်လေပြီ။

 

အရင်လို ကျွန်တော်နှင့် ပြောလျှင် ရယ်စရာ ထင်တော့မည်။ နာမည်တွေ ထည့်ပြောရတာ စိတ်မရှည်လို့ မင်းနှင့်ငါတောင် ပြောချရသည့် အခါ ချလေသည်

 

နောင် လင်မယားဘဝကျတော့ သည့်ထက်တောင် အသားကျ သွားစရာ ရှိပေသေးသည်။

 

သူ ပူသည်မှာ တစ်ခုသာ ရှိသည် သူ လိုချင်သည်မှာ သားနှင့် သမီးနှင့် စည်ပင် သယာသော အိမ်ထောင်တည်း။

 

သူ့မှာ မွေးချင်းရယ်လို့ မရှိ အမေက တစ်ယောက်တည်း မွေးပေးခဲ့သည်မို့ ယောင်လည်လည်နှင့် ကြီးပြင်းခဲ့ရသည်။ အောက်ကျ နောက်ကျ ဝမ်းကွဲတွေအပါး ကပ်ရသည်။ သူငယ်ချင်းကို မွေးချင်း ထင်ရသည်။ ဥတစ်လုံးက ခင်သလို ဘယ်သူကမျှ ညီရင်းအစ်ကို မောင်နှမ ထင်သူ မတွေ့ခဲ့လေရာ ကိုဝင်းထင်သည် အမေ့ကိုပဲ ငြူစူချင်သလို အဖေ့ကိုပဲ ငြူစူချင်သလို အထင်သေးချင် သလိုနှင့် အေး၊ ငါကျမှ သား ဆယ့်တစ်ယောက် မွေးပြီး ဘောလုံးတစ်သင်း ထောင်မယ်ကွဟု တေးထားတာတွေ ရှိလေသည်။ ကြားဖောက်လို့ ခုနစ်ယောက်လောက် မွေးချင်လည်း မွေးဦး ဝမ်းမနည်းဘူး ထင်၏။

 

ကိုယ်နှင့် ဖြစ်မိသော သူငယ်မကို ကြည့်သော် အသက်လေးဆယ် နီးပြီမို့ ဘယ် ကိုယ့်ဆုတောင်း ပြည့်တော့ မလဲကွယ်။

 

အသက် ငါးဆယ်အထိ သားတွေ သမီးတွေ မွေးကာ သင်းတို့ပဲ အပျို လူပျိုတွေ ဖြစ်လို့ အိမ်ထောင်ပဲ ကျကာ သူတို့နှင့် ပြိုင်မွေးရသော အမေမျိုး ရှိတာလည်း ကြားဖူးပါ၏။

 

သို့သော် အားရှိစရာ မကောင်းသည်မှာ ဒေါ်တင်တင်မှာ ပူစရာ ဘာမှ မရှိဟန် တွေ့ရသေးသော ကြောင့်ပင်။

 

သူကလည်း ဒီလောက် အေးမှဖြင့် ကဲ ဒီလောက်တောင် ဖြစ်လှတာ ငါ့ဘဝမှာ အပျိုကြီးက ကျောရုံကြံတယ် ဆိုတာ ကြုံဖူးရင်လည်း နည်းတဲ့ ဗဟုသုတ မဟုတ်ဘူးဘဲ သဘောထားရမယ် စသည်ဖြင့် စိတ်ဆိုးသော အတွေးမျိုးကို တွေးမိတတ်သေး၏။

 

သို့သော် ညနေချမ်း၍ ပန်းခြံရိပ်၌ ကြိတ်နမ်းစဉ်မှာမူ ခုလို ချိုပြုံး၍ အပူမရှာတတ်သော အသက်ကြီးလည်း အတွေ့အကြုံမှာတော့ ကလေးပမာ ရှိရှာသော ဖြူစင်သည့် နေရာမှာ ၁၆ နှစ်သမီးက မသာသော မျက်နှာလမင်းကို ပိုင်ဆိုင်ရသည်မှာ ကျေနပ်စရာ ထင်ရုံမက စိတ်မှာ ပျော်ရွှင်၍ ကမ္ဘာအလုံးကိုပင် ခုန်ကျော်ကာ လေလဟာမှာ မြူးထူးပျံဝဲ လိုက်ချင်တာ အမှန်ပါတည်း။

 

ညနေချမ်း ဆိုတော့ နှစ်ယောက်စလုံးလည်း အားသည်။ လူသူလေးပါးလည်း သည်ဘက်မှာ ပါးသည်။

 

အိမ်ပေါ်မှာ အဒေါ်လည်း ချက်ပြုတ် စားသောက်ပြီး အိပ်ရာဝင် ပုတီးစိပ်သည်။ ယခုတလော တရားကျင့်မယ် ဆိုတာတွေတောင် ကြားရသည်။ ဝမ်းသာစရာတည်။၊ အကြောင်းမှာ သူ့အခန်းတွင်းမှ တစ်ညနေလုံး မထွက်တော့သည်မှာ ပို၍ သေချာ ပေသမို့တည်း။

 

ဒေါ်တင်တင်နှင့် ကိုဝင်းထင်တို့မှာ စကားများစွာ ပြောစရာ မရှိ။ သူတို့သ သမီးရည်းစားလိုလည်း မသစ်ဆန်းလှ။

 

လင်မယားလိုလည်း ရိုးဟောင်း မသွားသေးသော အခြေအနေမှာ ရှိလေရာ ငယ်ငယ်က ကိုဝင်းထင် အိမ်မှ ထွက်ပြေးပြီး တရုတ်ပြည် ရောက်မလားရယ်လို့ မီးရထား ခိုးစီး သွားတာမျိုးလည်း ပြောပြီးသားဖြစ်၊ ဒေါ်တင်တင် ထဘီတုပ် လဲရုံနှင့် လူထဲ ထိုင်ငိုဖူးတာလည်း မကြာခဏ ကြားရလေရာ လင်မယားလို သားရေး သမီးရေး အိမ်ထောင်ရေး ကားဝယ်ရေးလည်း မတိုင်ပင်နိုင် ုပန်သဖြင့် သူတို့သည် စကားဖွဲ့နွဲ့ ပြောလှသည် မရှိဘဲ ပန်းချုံသိပ်သိပ်ကိုပဲ စိုက်ရကျိုးနပ်အောင် ကောင်းစွာ အသုံးချ ရလေသည်

 

သည်အခါမျိုးမှာ ကိုဝင်းထင်တော့ မပြောတတ်၊ ဒေါ်တင်တင်အဖို့ လူ့ဘဝဟူသည် သည်လိုပဲ။ လူပြန်သော ညနေခင်းကလေးများ စီတန်းထားခြင်း ဖြစ်သည်လို့ ထင်ကာ ကျောင်းသားကလေးများ ဖတ်စာထဲတောင် သင်ခန်းစာ အဖြစ် ထည့်ချင်သည်။

 

အကြောင်းမူကား ပျော်ရွှင်ခြင်းကို မကုန်ခမ်းနိုင်အောင် နေရ၍ ဝေငှလို့တောင် ပေးနိုင်သေးသည်ဟု သဒ္ဓါတရားပင် ကြွယ်ဝ လာသောကြောင့်တည်း။

 

ထိုခဏမှာပင် နှစ်ယောက် ဖြုန်းကနဲ ခွဲရခက်သော အခြေအနေမှာ ကတုန်ကယင်နှင့် ခွဲလိုက်ရ၏။

 

ဒေါ်တင်တင်သည် တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ကာ ပန်းကိုင်း တစ်ကိုင်းကိုပင် အားပြု၍ ရပ်ရသည်။

 

ကျောင်းသားတစ်စု ကျောင်းပေါ် ပြန်ရောက် နေသည်ကို ကြားသိရသည်။

 

ဘာကျန်ခဲ့လို့ ပြန်ယူတာပါလိမ့်။ မနက်ဖြန်ထိ မစောင့်နိုင်တော့ ဘူးလားကွယ်ရို့။

 

ကိုဝင်းထင်ကို အမုန်းတီးကြီး မုန်းတီးမိတော့မလို ဖြစ်သည်။ ပြီးတော့ ကိုယ့် မျက်နှာကို လက်ဝါးနှင့် ရိုက်ချင်သည်။

 

”ဟိုမှာ ဆရာမကြီးဟေ့၊ ဘိန်းအရာရှိလေးနဲ့ ဖက်နမ်းနေတယ်” ဟု ကျောင်းသားကလေးတို့ ပြောကြမည်။

 

အမှန်စင်စစ် ကျောင်းသားလေးတို့သည် ပထမ ဘာမှ မပြောကြ။ “ရှူး” ခနဲ တစ်ယောက်က လက်ညှိုးထောင်၍ တိတ်စေ အချက်ပေး၏။

 

ပြီးတော့ ပိတ်နေသော ကျောင်းပြတင်းပေါက်မှ ပုန်းကွယ်ရပ်ကာ တရုတ်ကပ် ကြားမှ ချောင်းကြည့်ကြသည်။

 

“ကိုဝင်းထင်ကွ” ဟု တစ်ယောက်က ပြောသည်။

 

“သူ့အပြင် ဘယ်သူမှလဲ တို့ဆရာမကြီးနဲ့ မတန်ပါဘူး” ဟု သဘောတူကြ၏ ပြီးတော့ ဆက်ကြည့်လို့ ကောင်းမည့်ဟန် မတွေ့သဖြင့် တိတ်ဆိတ်စွာ ထွက်သွားကြလေ၏။

 

သို့သော် ဒေါ်တင်တင်က သူတို့ ထွက်ခွာသွားတာ အလိုလို သိလေသည်။ သူသည် ကိုဝင်းထင် ပခုံးဆွဲကာ ဘာမှ မပြောနိုင်ဘဲ ထပ်၍ ငိုနေလေ၏။ ကိုဝင်းထင် မျက်နှာမှာ အံ့အားသင့်နေတာ နားမလည်နိုင်တာကို ခွင့်လွှတ်နိုင်ခြင်း မရှိ။

 

“ဟင် မသိဘူးလား၊ မနက်ဖြန်ကျရင် တစ်မြို့လုံး ပွတော့မယ်၊ ဒီညကို လျှောက်ပြော ကြတော့မှာပဲ၊ နေမှာ မဟုတ်ဘူး သိရဲ့လား” ဟု ဗလုံးဗထွေး ပြော၏။

 

ကိုဝင်းထင်ကမူ လေးငါးခြောက်လ အတွင်း တစ်ခါမှ နည်းနည်းမှ ပူပန်စိတ် မရှိဘဲ ခုမှ ဒရောသောပါး ဖြစ်ဟန်ကို နားမလည်နိုင်ချေ။ မိန်းမတွေဟာ တယ် သိရခက်ပါလားဟု မှတ်ချက် ချလိုဟန်သာ ရှိသည်။

 

“သူများတွေ သိကုန်တော့မယ်၊ မနက်ဖြန်ကျ မျက်နှာ ဘယ်လို ပြရမလဲ” ဟု ပူဆာဆဲ ရှိလေ၏

 

“ဘာလုပ်ရမလဲ” ဟု ကိုဝင်းထင်က မေးသော်

 

ဒေါ်တင်တင်သည် ပထမ မျက်ရည်များကို သုတ်သည်။ နောက် ပြုံးယောင် ပြုသည်။

 

ပြီးတော့

 

“ကိုယ့်မိတ်ဆွေ တရားသူကြီးဆီ သွားရုံပေါ့၊ ကားငှားသွားရင် ညဉ့်မနက်ခင် သူ့မြို့ကို ရောက်မှာပဲ၊ ဒီမှာ လူကြီး သုံးလေးယောက်ကို ပြောပြခဲ့ရမယ်။ ထွက်ပြေးသလို မဖြစ်အောင်” စသည်ဖြင့် ကျောင်းဆရာမကြီး လေသံဖြင့် စီမံသည်။

 

ကိုဝင်းထင်သည် ရုတ်တရက် အေးစက်စက် ဖြစ်နေတယ် ထင်ရ၏။ ဒေါ်တင်တင့် စကားကိုတောင် ကောင်းကောင်း နားထောင်နေဟန် မတူချေ။ သူ့ဘာသာ စဉ်းစားသလို ရှိနေသည်။

 

“ပြောစမ်းပါဦး၊ ခုချက်ချင်း ဘာလို့ ဒီလောက် ဖြစ်သွားရတာတုံး၊ ကောင်လေးနွေကို အရေးစိုက် စရာလား၊ နဂိုကတော့ ဒီလိုပဲ

နေသွားချင်တယ်ဆို ပျော်တယ်ဆို”

 

ဒေါ်တင်တင်သည် ကိုဝင်းထင် နဖူးကို သေသေချာချာ ကြည့်၏။

 

ခေါက်လိုက်ရ ဘယ်လောက် အရသာ ရှိမတုန်း။ ကွေးလာသော လက်ချောင်းများကို မနည်းပင် ဖြေလျှော့ရသေးသည်။

 

ဘာမှ မပြောဘဲ နှုတ်သီးစူ နေလိုက်ချင်၏။ သို့သော် ၁၅ နှစ်သမီး မဟုတ်တာသေချာသည်မို့ မပြောလည်း သိမည့်သူ မဟုတ်သမို့ ပြောရပြန်သည်။

 

“အစက ဝါတွင်းကြီး ဆိုတာ မသိဘူးလားတော့၊ ပြီးတော့ ကောင်ကလေးတွေ တွေ့မသွားလည်း အနှေးနဲ့ အမြန်တော့ ဒီကိစ္စ ပြီးအောင် လုပ်ရမှာပဲ မသိဘူးလား”

 

ကိုဝင်းထင် မသိချေ။

 

“မသိဘူးလား တကယ့်ကိုလေ၊ သိပ်တော့ မသေချာသေးပါဘူး ဒါပေမဲ့”

 

သည်တော့မှပဲ သိလေရာ ကိုဝင်းထင် သည်လည်း ခုမှ တုန်တုန်ယင်ယင် ဖြစ်ကာ

 

“ဟုတ်သားပဲ၊ သွားမှ သွားမှ၊ ဒါပေမဲ့ မိုးလင်းမှ သွားလို့ မဖြစ်ဘူးလား။ ညကြီးမင်းကြီး လမ်းကလည်း တယ် စိတ်ချရတာ မဟုတ်” ဟု ပြောပြန်သေးသည်။

 

“မဖြစ်ဘူး၊ ခုည သွားမှ၊ ကောင်လေးတွေ ခုညနေမှာ မြင်သွားတာ ဒါက အရေးကြီးတယ်၊ မနက်ဖြန်ဆို နောက်ကျတော့မယ်၊ သူများပြောတာ တစ်ခွန်း မခံနိုင်ဘူး သိရဲ့လား၊ ဒါနဲ့ အချိန်ကုန်တော့မယ်” ဟု တွန်းထိုးနေဆဲ ကိုဝင်းထင် တွေးမိသည်မှာ –

 

“ဟုတ်တယ်၊ ခု သွားမှ ထင်ပါရဲ့၊ သူ့အသက် သုံးဆယ့်ငါးနှစ်လောက် ရှိပြီဆိုတာ ဟုတ်ချင်မှလည်း ဟုတ်ဦးမှာပါ၊ မလိုလို့ ပြောကြတာ ထင်ပါရဲ့၊ ဒီလိုဆို ကလေး ငါးယောက်တော့ အနည်းဆုံး ရနိုင်သေးတာပေါ့၊ သွားမှ သွားမှ အချိန်ကုန် မခံနိုင်ဘူး”

———————————

ကြည်အေး

ပေဖူးလွှာ မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၃၊ နိုဝင်ဘာ၊ ၁၉၅၇။

(ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ် (၂၀၀၈)

Min Yuမှ

သောကြာကြိုက်သာ ဝတ္ထုတိုများမှ

Leave a Reply

Your email address will not be published. Required fields are marked *