Novel

ချစ်စရာကောင်းသော သူခိုးကလေးသုံးယောက်

တင့်တယ်

———————————-

အင်္ဂလိပ် မဂ္ဂဇင်း တစောင်တွင် ပီ-စီ ဘလက်ဘန်း ဆိုသူက သူ့သမီးကလေး သုံးယောက် တေပုံ ပေပုံ ရေးသားထားသော စာတပုဒ်ကို ဖတ်ရသည်၌ ကျွန်တော်၏ သမီးကလေး သုံးယောက် တေကြ ပေကြပုံကိုလည်း စာကလေး တပုဒ်လောက်တော့ဖြင့် ဖွဲ့ချင်မိလေသည်။

ကျွန်တော့် သမီးကလေး သုံးယောက်ကို စာဖတ်သူနှင့် မိတ်ဆက်ပေးရဦးမည်။ အကြီးဆုံးမှာ ခင်မျိုးမြင့် ဖြစ်သည်။ အသက် ၁၅-နှစ်ရွယ် (၇)တန်းကျောင်းသူ ဖြစ်သည်။ ဖခင်ကဲ့သို့ပင် ပိန်ပိန်ပါးပါး မျက်ခုန်းမွေး ထူထူနှင့် ဖျတ်လတ် သွက်လက်သည်။ လေပေါသည်။ သူငယ်ချင်း မိတ်ဆွေ ဆိုလျှင် ခင်မင်တတ်သူ ဖြစ်သည်။ သမီး အလတ်မှာကား ၁၁-နှစ်ရွယ် ခင်မျိုးတင့် ဖြစ်သည်။ သူကား အေဘီအမ် ကျောင်းသူ ဖြစ်သည်။ အမေနှင့် တူ၍ စွာကျယ် စွာကျယ် ကောင်မကလေးပေ။ သူငယ်ချင်း ပေါင်းသင်းရာ၌ (ဇံ) ရွေးလွန်းလှသည်။ ဖအေကြီး ဝတ္ထုဇာတ်လမ်း စိတ်ကူးနေသည် ဖြစ်စေ၊ စာရေးနေသည် ဖြစ်စေ… သူ ဂရုမစိုက်- ဘဝသံသရာ သီချင်းကို ဟစ်ချင်လျှင် ထ၍ဟစ်သည်။ သူ့ အောက်တွင် သားယောက်ျားလေး တဦး ဆုံးပြီးနောံ ကျွန်တော်က ဘိလပ် သွားနေ၍ ကလေးဝေးသွားရာ အငယ်ဆုံး ပေါ်လာသူ ကလေးမှာ ခင်မျိုးဝင်း ဖြစ်သည်။ ယခုမှ (၃)နှစ် သမီးသာ ရှိသေးသည်။ ဝဝကစ်ကစ် ပုတိုက်တိုက်နှင့် ဆော့လိုက်သည့် အဖြစ်မှာ မျောက်ရှုံးလောက်သည်ဟုသာ ဆိုပါရစေ။ ကလေး သူငယ်ချင်းများထံမှ ဘယ်လိုအတုရ၍ လာခဲ့သည်မသိ၊ အမတွေကိုရော မအေကိုရော သူစိတ်မထင်လျှင် (ဖေ) နှင့်ကိုင်၍ (တုတ်) တတ်သည်မှာ ကြောက်ခမန်းလိလိ ဖြစ်တော့သည်။ ဘယ်သူ့ကိုမှ မကြောက်၊ အဖေက “ပါးစပ်ကို ကာလီသီးနဲ့ တို့ရမလား” ဟု ငေါက်မှပင် အဆဲရပ်တော့သည်။ သို့မဟုတ်လျှင် ဘယ်သူ တား၍မှ အဆဲမရပ်၊ အဲ… သူကြောက်သောသူကား လောကတွင် တမျိုးတည်း ရှိ၏။ ၎င်းကား- လမ်းထဲသို့ အလှူခံ လာတတ်သော ဟိန္ဒူကုလားဘုန်းကြီး ပေတည်း။

“ကုလားဘုန်းကြီး လာဘီ… ဖမ်းလိမ့်မယ်” ဟု ဆိုလျှင် အဆဲရပ်သွား၏။ လမ်းဆီသို့ ပြူးတူးပြဲတဲ ကြည့်၏။ ကုလားဘုန်းကြီး တကယ် မလာမှန်း သိသည်နှင့် တပြိုင်နက် သူ့ (ဖေ) အစချီ လင်္ကာကို ဒလစပ် ရွတ်ဖတ် သရဇ္ဈာယ်လေ တော့သည်။ ရိုက်လျှင် နာရုံသာရှိမည့် အရွယ်မို့ သည်အတိုင်း ကြည့်နေရပြီး သူ့ အလိုကို လိုက်၍ အကြိုက်ကို လူကြီးများက ဆောင်ကြရ စမြဲပင်။

အဲဒီ သမီးကလေး သုံးယောက် သည်ပင်လျှင်- ကျွန်တော့် အိမ်ထဲ၌ ရှိနေသည့် ချစ်စရာကောင်းသော သူခိုးကလေး သုံးယောက်တို့ ဖြစ်ကြပေသည်။ ဒီသူခိုးဂိုဏ်း ဘယ်အချိန်က ပေါ်ပေါက် နေသည်ကို ကျွန်တော်ဖြင့် တော်တော်နှင့် သတိမထားခဲ့မိပေ။ ဒီကလေးတွေသည် အားလုံးပင် ရုပ်ရည် သနားကမား ဖြစ်သည်။ ဖအေကို တာတတ် ချွဲတတ်သည်။ ဒါပေမင့် အလွန် (ဘုံး) သော သူခိုးကလေးများပင်။

သူတို့ ဘာ့ကြောင့် (ဘုံး) တတ်ကြသလဲ၊ မျိုးရိုးကြောင့်လောဟု မေးလျှင် “သွေးသောက်” ထဲက ဖိုးထူး ခေါင်းစဉ်လို “ဟုတ်တယ်-မဟုတ်ဖူး” ဟု နှစ်မျိုး ဖြေရပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော်… ကျွန်တော် ကျောင်းသားဘဝတုန်းက ညီအစ်ကိုဝမ်းကွဲ နှစ်ယောက်နှင့် နေဘူးသည်။ အစ်ကိုက ကျွန်တော့် ဘန်ကောက်လုံချည်ကို ယူ၍ဝတ်လျှင် ကျွန်တော်က သူ့လက်ကိုင်ပုဝါကို ဆွဲသည်။ ကျွန်တော့် ငှက်မွေး ကြက်တောင်ရိုက်သော ဘတ်ကို ညီငယ်က ယူရိုက်ပီး လက်ကိုင် အကျိုးနှင့် ပြန်ပေးလျှင် ကျွန်တော်က အစ်ကို၏ ဘတ်တံကို ဘုံး၍ ကစားသည်။ ကျွန်တော့် ဦးလေး၏ ပစ္စည်းများကို သုံးယောက်သား ဝိုင်း၍ ဘုံးကြသည်မှာကား ပြောစရာပင် မရှိပြီ။ ညီအစ်ကို သုံးယောက်သား ညအခါတွင် ဒရိုင်ဘာနှင့် ပင်း၍ ဦးလေး၏ အော်စတင် ကားကလေးကို တွန်းထုတ်ကာ အိမ်နှင့်ဝေးမှ စက်နှိုးပီး တညလုံး ကားမောင်း သင်ခဲ့ကြဘူးပါ၏။

တဖြေးဖြေး အသက်ကလေးရင့်ပြီး အိမ်ထောင်သည် ဖြစ်လာတော့ (ဘုံး) သော အကျင့် တဖြေးဖြေး ပျောက်သွား၏။ တခါတရံ ရင်းနှီးသော သူငယ်ချင်း တယောက်ယောက်ဆီက ငှားထားသော စာအုပ်ကို ပြန်မပေးမိသော အကျင့်လောက်သာ ကျန်တော့သည်။

သို့နှင့် သမီးကလေး သုံးယောက်ရ၍ လာခဲ့ရာတွင် ကျွန်တော် သိပ်ပြီးမပူမိ၊ ဒီဟာကလေးတွေသည် (ဘုံး)စား (ဘုံး)လျှင် သူတို့အမေ့ပစ္စည်းကိုသာ ဘုံးလိမ့်မည်၊ ဖအေ့ပစ္စည်း ကိုတော့ ဘုံးကြမည်မဟုတ်ဟု တထစ်ချ ယုံကြည်ထား၏။

သို့သော် ကျွန်တော့် အထင်ကား ပါစင်အောင် လွဲခဲ့ချေပြီ။ ဒီသမီးကလေး သုံးကောင်သည် လမ်းလျှောက်တတ်သော အရွယ်မှစ၍ ကျွန်တော့် ပစ္စည်းများကို ဘုံးကြ၏။ ဆိုးသည်မှာ ဘယ်တော့မှ ပြန်မပေးသော ဘုံးခြင်းမျိုးဖြင့် ဘုံးကြတော့သည်။ သူတို့အမေကိုပင် သူတို့က အဘုံးပညာ သင်၍ပေးလိုက် သေး၏။

ကျွန်တော့် ကိုယ်သုံးပစ္စည်များအနက် သူတို့ မဘုံးသော ပစ္စည်းမှာ ကျွန်တော့် သွားတိုက် သွားပွတ်တံသာ ရှိမည်ထင်၏။ သို့တစေ… သမီး အငယ်ဆုံးသည် သုံးနေဆဲ ကျွန်တော့် သွားပွတ်တံကို ယူကာ မေမေ့လို ဖေဖေ့ဖိနပ် တိုက်ပေးမည် ဆိုပြီး ဖိနပ်ဆေးဗူး တဝက် ချောအောင် ကျွန်‌တော့် သွားပွတ်တံနှင့် ဖိနပ်ကို ဆေးသုတ် ပေးဘူးခဲ့ပါသည်။

တခါကလည်း ကျွန်တော်၏ မုတ်ဆိတ်ရိတ် စက်အတွက် ဓားသွားအသစ်သည် ပျောက်နေ၏။ အသစ်ဆို၍ ဓားသစ် တစင်း ရှိနေသည်ကို အမှတ်ရ၍ အေးအေးနေခဲ့ခြင်း ဖြစ်သည်။ နံနက်စော Press View ရုပ်ရှင်ကားသစ် တခု ကြည့်ရန် သွားစရာကလည်း ရှိသည်။ မှတ်ဆိတ် မရိတ်မိသည်မှာလည်း ၂-ရက်ရှိပြီ ဖြစ်၏။ ရှိနေသော ဓားဟောင်းကလည်း တုံးနေ၏။ ဒေါပွပွနှင့် မုတ်ဆိတ်ဓားအသစ် ဝယ်ခိုင်းပီး ကမန်းကတန်း ရုပ်ရှင်ရုံသို့ ပြေးရ၏။ ကား၏ အစပိုင်းကို မမှီလိုက်တော့ပေ။ ရုပ်ရှင်မှ အပြန်တွင် တရားခံကို စစ်ဆေးရာ လားလား သမီး အလတ်သည် မုတ်ဆိတ်ရိတ်ဓား ထည့်၍သုံးရသော ခဲတံချွန်စက် ဝယ်လာ၍ ကျွန်တော့် မုတ်ဆိတ်ရိတ်စက်ဗူး ထဲမှ ဓားသစ်ကို ယူသွားခြင်း ဖြစ်ကြောင်း တွေ့ရ၏။ ဒေါသမပြေ၍ ကြိမ်းမောင်းရာ သမီးအကြီးက “ဓားအပို ဝယ်ထားပေါ့ ဖေဖေရဲ့” ဟု စီရင်ချက် ချ၏။ ကျွန်တော်က “ငါ အပိုဝယ်ထားသားဘဲ မိမျိုးတင့် ဘုံးလို့ မရှိတာ” ဟု ပြောလိုက်သောအခါ အကြီးမက “ဓားအပိုအပြင် အပိုထပ်ဝယ်ထားပေါ့ ဖေဖေရဲ့” ဟု အကြံပေးနေပါသတည်း။ ထိုအခါကတည်း ကျွန်တော့်မှာ ဓားအပို၏ အပိုများ ဝယ်ထားရကာ သင်းတို့ကလေးတွေ ရှာ၍မတွေ့နိုင်သော နေရာမျိုး၌ ဝှက်သိမ်းရ၏။ ခက်သည်မှာကား သူတို့ကလေးတွေ ရှာမတွေ့နိုင်သော နေရာမျိုးမှာလည်း ကျွန်တော် ပြန်၍ရှာလျှင် သတိမေ့ကာ ဘယ်နေရာမှန်း မသိသောချောင်မျိုး ဖြစ်နေတတ်ခြင်းပင်။

အငယ်ဆုံး မကလေးသည် ကျွန်တော့် ဝတ်စုံများ ဖုံတိုက်သည့် ဝက်မှင်ဘီးကို ယူ၍ အိမ်အောက်က ခွေးဝင်စား ဝဲစားကလေးကို သန်းတိုက်ပေးဘူး၏။ သူ့ဆီက မနည်း ပြန်တောင်းရပြီး ရေမိုးဆေးက လုံခြုံရာတွင် ဝှက်မိသည်မှာ ယခုအထိ နေရာကို မေ့ပြီး ပြန်၍ ရှာမ‌တွေ့တော့ပေ။

သင်းကလေးသည် ကျွန်တော်ကိုပင် ခါနာငတ်အောင် လုပ်ခဲ့ဘူးသည်။ ပြောရပေဦးမည်။ တခါ တခါတွင် ကျွန်တော်သည် ဘိလပ်၌ ကိုယ့်ထမင်းကိုယ် ချက်စားခဲ့ဘူးသော ညာဉ်ကလေး ရောဂါထ တတ်သဖြင့် ထမင်းကလေး ဘာလေး ဝင်၍ ချက်၏။ တနေ့တွင် ကျွန်တော် ကြိုက်တတ်သော ပုစွန်စိမ်း ငါးပိချက် စားလိုသည်နှင့် ရှင်မအား ပုစွန် ဝယ်ခိုင်းကာ ခေါင်းချိုး အကြေးသင် အခွံနွှာနေ၏။ ပြီးခါနီးတွင် ရှင်မက မြူနီစီပယ်ခွန် လာတောင်းသော ကိစ္စအတွက် အိမ်ရှေ့သို့ ခေါ်သဖြင့် ခဏထွက်ခဲ့၏။ မီးဖိုထဲသို့ ပြန်သွားသောအခါ ပုစွန်သင်ပြီးသားရော ပန်းကန်ရော မရှိတော့ပေ။ နောက်ဖေးလမ်းကြား ဆီသို့ ကြည့်လိုက်ရာ၌ အငယ်လေးသည် ပုစွန် တကောင်ပြီး တကောင် ခွေးဝဲစားကလေးကို ချ၍ ကျွေးနေလေသည်။ ကျွန်တော့်ကို မြင်သောအခါ အငယ်လေးက “ဖေဖေ… ခွေးကလေးက ပုစွန် ကြိုက်တယ်နော်” ဟု ခပ်ပြုံးပြုံး လှမ်းပြော၏။ ပြီးလျှင် ဆက်၍ “အရင် တခါတုန်းကလေ ခွေးကလေးကို ဝက်အူချောင်း ကျွေးတော့ မကြိုက်လို့ မစားဘူး ဖေဖေရ” ဟု ဆိုပြန်၏။ ထိုအခါမှာမှ နိုင်ငံခြားသား မိတ်ဆွေ တဦးထံက ရှားရှားပါးရခဲ့သော ဟန်ဂေရီယံဆလာမီ ဝက်အူချောင်း ၂-ချောင်း ပျောက်ရသည်မှာ ဤသို့ပါတကားဟု သိရလေတော့သည်။ အစကတော့ ကြွက်ဆွဲသွားသည် ထင်ခဲ့၏။

တခါကမူ ကျွန်တော်သည် ကပွဲသွားရန် ရှိသဖြင့် အနောက်တိုင်း ဝတ်စုံများကို စစ်ဆေးကြည့်၏။ ကျွန်တော် အနှစ်သက်ဆုံး နက္ကတိုင်လည်စည်းမှာ မရှိတော့ပေ။ ရှင်မအား မေးကြည့်ရာ “ကိုယ့်သမီး အလတ် ကျောင်းကပွဲမှာ သုံးဖို့ဆိုလား ယူသွားပါပကော… ခါးစည်းလုပ်ဖို့တဲ့” ဟု ဖြေ၏။

ဒါတွေကို ထားဘိဦး၊ ကျွန်တော်သည် ရှုမဝမဂ္ဂဇင်းဆိုက် အရွယ် သတင်းစာ စက္ကူချော Mechanical Printing နှင့်သာ အမြဲစာရေးသည်။ အရွယ်မှန် စက္ကူမှန်ကို အမြဲရေးလာသည်မှာ ၁၀-နှစ်ခန့်ရှိပြီ ဖြစ်၍ အခြားစာရွက်မျိုးနှင့် ရေးလျှင် လက်မသွက်ချင်လှ၊ ထို့ကြောင့် မဂ္ဂဇင်းတိုက်မှ အရွယ်မှန် စက္ကူများကို ၂-လက်မခန့် အထူ ၂-ထုပ် အသင့်ဆောင် ထားရ၏။ စာရေး၍ တထုပ်ကုန်သွားလျှင် နောက်တထုပ်ကို စ၍ ရေးကာ မဂ္ဂဇင်းတိုက်မှ စက္ကူ အသစ်တထုပ် ဓားစက်ဖြင့် ဖြတ်၍ယူလာမြဲ ဖြစ်သည်။

ဧပြီလထဲက ထင်၏။ ကျွန်တော့် စက္ကူများသည် ၂-ထုပ်စလုံး ပျောက်နေ၏။ မနည်းကြီး စုံစမ်းမှ သမီးအကြီးသည် ဂဏန်း အကြမ်းတွက်ရန် ထိုစက္ကူများကို ယူသွားသည်ဟု သိရလေသည်။ စာကလည်း ရေးချင်၊ စိတ်ကူးကလေးကလည်း ကောင်း၊ ဇာတ်လမ်း လှလှကလေး ပေါ်လာချိန်လည်း ဖြစ်၏။ သို့သော် ထိုညက စာမရေးရတော့။ တိုက်ကလည်း ပိတ်ချေပြီ။ အကြီးမ မိမျိုးမြင့်အား ကြိမ်လုံးနှင့် တွယ်လိုက်ချင်၏။ သို့သော် ဤအချိန်တွင် မိမျိုးမြင့်သည် နွေရာသီ ကျောင်းပိတ်ရက် အတွက် သူ့ဖွား‌အေ ရှိရာ မယ်ဇလီကုန်းသို့ သွားနေ၏။ ကျွန်တော်နှင့် မိုင် ၂၀၀ – ကျော်ကွာ အရပ်တွင် ရောက်၍ နေချေပြီ။

တမျိုးလာသေး၏။ ကျွန်တော်သည် ဟို… စစ်ပြီးစခေတ်က တက္ကသိုလ်ထင်ကြီး ထံမှ ဗမာစာအုပ် တအုပ်ကို ငှား၏။ ထင်ကြီး အမေရိကန်သို့ သွားသောအခါ ထိုစာအုပ်သည် ကျွန်တော့်လက်တွင် ကျန်ရစ်ခဲ့လေသည်။ ထိုစာအုပ်သည် ထင်ကြီး အမေရိကန်မှ ပြန်လာသောအခါ ပြန်၍ မတောင်းတော့။ လူချင်း အဆက်ပြတ်နေပြီး ကျွန်တော်က ဘိလပ် ရောက်နေ၏။ ခဏ ပြန်တွေ့ကြပြီး နောက် မကြာခင် ထင်ကြီးက ဟော်လန်ဆိုလား ပြင်သစ်ဆိုလား အဲဒီနေရာကို ဘာသာပြန် စာပေအသင်းက ပို့ထား၍ သွားနေရ၏။ ထိုအခါ ကျွန်တော်က သူ့စာအုပ်တွင် This book belongs to Htin Gyi Journalist Rangoon Accesion No 83. Class No. 4 ဆိုသော စာတွေကို ဖျက်ပြီး ကျွန်တော့် နာမည်ကို ရေးထားလိုက်၏။ များမကြာသေး ထိုစာအုပ်ကို သမီးအကြီး၏ သီးသန့် စာအုပ်စင်တွင် သွားတွေ့၏။ စာအုပ်တွင် ကျွန်တော့် နာမည်ကို ဖျက်ထားပြီး… “ခင်မျိုးမြင့်” ဟု ခပ်တည်တည် နာမည်ထိုးထား ပေသည်။

ငွေရေးကြေးရေးဘက်ကလည်း ဆိုဦးမည်။ တခါသော် ကျွန်တော်က ပြည်တော်သာ ခေတ်တွင် ကုန်ဈေးနှုန်းတွေ ကြီးလှ၍ ငွေစက္ကူများမှာ ဂျပန်စက္ကူတွေလို အသုံးမခံ… စုငွေမရှိ ဝယ်ချင်တဲ့ ဖေါင်တိန်အသစ် တချောင်းကိုမှ မဝယ်နိုင်… ဟု ညည်းမိ၏။ ထိုအခါ သမီးအကြီးက “ဖေဖေရယ်… အလုပ်က ပြန်လာရင် ပါလာတဲ့ အကြွေအနုပ်တွေကို ဟောဒီ ဗူးကလေးထဲ နေ့တိုင်းထည့်ပါ… တလ မကြာခင် ဖေဖေ ဖေါင်တိန် ဝယ်နိုင်ပါလိမ့်မယ်” ဟု ဆိုပြီး ငါးဆယ်ဝင် စီးကရက် သံဗူးတလုံး ပေး၏။ ကျွန်တော်လည်း သူ့လမ်းစဉ်ကို ကြိုက်၏။ ကျွန်တော် စုရမည့်ငွေမှာ ကျွန်တော့်လက်နှင့် လိုက်လျောသော “ဆွမ်း”ဖေါင်တိန် တချောင်း၏ တန်ဖိုးသာဖြစ်သည် မများလှ။ အခြား ဖေါင်တိန်များထက် အလေးချိန် ပေါ့သဖြင့် ဆွမ်းဖေါင်တိန်ကို သုံးခြင်း ဖြစ်၏။ ထို့ကြောင့်အခန်းထဲက ကြွက်လျှောက်ပေါ်တွင် သမီးအကြီးပေးသော စီးကရက်ဗူးခွံကို တင်ထားကာ အလုပ်ကပြန်တိုင်း ပိုက်ဆံ အနုပ်များကို ထည့်၏။

၁၅-ရက်ခန့် ကြာသောအခါ အိမ်ပေါ်ထပ်၌ ကျွန်တော် ဝတ္ထုရေးနေစဉ် အောက်ထပ်မှ သမီးအကြီးနှင့် အငယ်ဆုံးတို့ စကားများနေသံ ကြားရ၏။ နားစွင့်လိုက်ရာ…

(အငယ်) မမ… ရေခဲချောင်း စားမယ်။

(အကြီး) ခေါ်လိုက်… ခေါ်လိုက်…။

(အငယ်) ရေခဲချောင်းသယ်… လာအုံး။

(အကြီး) ကလေးကို ရေခဲချောင်း ပေးလိုက်ပါ။

(အငယ်) မမ….ရေခဲချောင်းဘိုး ပိုက်ဆံ ငါးပြားပေး။

(အကြီး) ခဏနေအုံး…။

ခေတ္တတိတ်ဆိတ်သွား၏။

(အကြီး) ဟောတော့… ဖေဖေ့ ပိုက်ဆံဗူးမှာလဲ အကြွေတစေ့မှ မရှိတော့ဘူး ကုလားကြီးရေ တကျပ်တန် ဖျက်ပါ…။

ကိုင်း… အဲဒီတော့ ကောင်းကြသေးရဲ့လား ဟုသာ ကျွန်တော် ညည်းညူလိုက်ချင် ပါ၏။

သည်မျှမကသေးတာတွေ အများကြီး ရှိလေသေးသည်။ သို့သော် ကျွန်တော်၏အဖို့တွင် ရေးနေလို့ကော ဘာထူးဦးမည်နည်း။ သူတို့အိမ်ထောင် မခွဲသေးသမျှ ကာလပတ်လုံး အဘုံးချည့် ခံနေရမှာ အလွန် သေချာပေသည်။

အခြား အခြားသော သမီး ဖခင်များမှာလည်း ထိုနည်းတူပင် အဘုံးခံ၍ နေကြရပေလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါ၏။ မိဘတို့၏ အနန္တမေတ္တာဖြင့် သားသမီးကလေးများ၏ အနွဲ့ အဆိုး အတာ ကို ခံနေရသူများ… စိတ်ဝင်စားဖွယ်ဖြစ်ပါက- ပေဖူးလွှာ မဂ္ဂဇင်းသို့ ရေးသားပေးပို့ကြပါကုန်။

—————
တင့်တယ်
ပေဖူးလွှာ မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၅၈။
စာ ၁၀၃-၁၀၆

Leave a Reply

Your email address will not be published. Required fields are marked *