#ညမီးကျီး
ဂျူး
အကဲဖြတ်ဒိုင်လူကြီးအဖွဲ့က အသံချဲ့စက်ဖြင့် အော်၍ ကြေညာလိုက်သည်။
“ အခုတစ်ခါ ယှဉ်ပြိုင်ဖို့ အလှည့်ကျတာကတော့ ရွှေအင်းသားအဖွဲ့ရဲ့ ‘ညမီးကျီး’ ဖြစ်ပါတယ် ”
လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများကို ကြားလိုက်ရသည်။ “ရွှေအင်းသား” အဖွဲ့ကို အားပေးကြသူများလည်း ပါမည်။ “ညမီးကျီး” ဟူသော အမျိုးအစားအပေါ် အားရကျေနပ်စွာ အားပေးသူများလည်း ပါလိမ့်မည်။ တောင်ပေါ်ကွင်းပြင်တစ်ခုလုံး ကြိတ်ကြိတ်တိုး စည်ကားကျပ်ညပ်နေသော ပရိသတ်သည် တဖြည်းဖြည်း စူးရှသိပ်သည်းလာသော အအေးဒဏ်ကို သတိမပြုမိသလိုပင် ဖြစ်သည်။ ဇွဲကောင်းလှပါပေရဲ့ဟု စောက မှတ်ချက်ချမိသည်။ စောအနီးမှာ ရပ်နေသော စောယောက်ျားသည် မီးပုံးပျံများအား စောင့်ကြည့်ရခြင်းကို စိတ်၀င်စားပုံ မရ။ ၁၅မိနစ်လောက် တစ်ခါ လက်ပတ်နာရီကို ကြည့်ကြည့်နေ၏။
“အမြင့်ပေ ၆၀၊ ထိပ်၀အကျယ် ၂၅ – ပေ ရှိပါတယ်။ ချိတ်ဆွဲထားတဲ့ ယမ်းအလေးချိန်ကတော့ ပိဿာ ၄၀ တိတိ ဖြစ်ပါတယ်”
ပရိသတ်က ဝေါခနဲ အာမေဋိတ်သံ ပြုလိုက်ကြသည်။ ယမ်းပိဿာချိန်များသည့်အခါ ထိုမီးပုံပျံကြီး ကောင်းကင်မရောက်မီ ပေါက်ကွဲခဲ့သော် အန္တရာယ်သည် အတော်ကြီးမားမည် ဖြစ်သည်။
“ကုန်ကျစရိတ်စုစုပေါင်း ကျပ်နှစ်သိန်းတိတိ ဖြစ်ပါတယ် ခင်ဗျာ”
မီးပုံးပျံကြီးကို မှိုင်းတိုက်နေကြပြီဖြစ်သည်။ မီးပုံးပျံကြီး မှိုင်းဝအောင် မီးရှိူ့မှိုင်းတိုက်နေချိန်မှာ ရွှေအင်းသားအဖွဲ့၏ ဖြေဖျော်ရေးတာ၀န်ခံအဖွဲ့ငယ်က အိုးစည်ဗုံမောင်းများ တီးခတ်ပြီး နောင်ဗေနောင်ဖြင့် ရိုးရာအက ကနေကြသည်။
စောသည် ပျော်ရွှင်စွာ တီးမှုတ်နေသူများ၊ မှိုင်းတိုက်နေသူများ၊ အလုပ်ရှုပ် တက်ကြွနေသူများကို လူအုပ်နောက်မှ ခြေဖျားထောက်ရပ်ကြည့်ရင်း အံ့သြနေသည်။ သြော် … ငွေနှစ်သိန်းကို လှလှပပ မီးရှို့ပြဖို့ လူအင်အားတွေ၊ အချိန်တွေ ဘယ်လောက် စတေးခဲ့ရပါသလဲ …. သူတို့ ဘာအတွက် လုပ်နေကြတာလဲ …. အနုပညာသက်သက်ပဲလား …. သူတို့ အတ္တ၊ သူတို့ ဂုဏ်သိက္ခာအတွက်လည်း ပါမှာပေါ့ …. ဒါဟာ တစ်နည်းအားဖြင့် Performance Art တစ်မျိုးပါပဲ ….။
“စော ပြန်ကြဖို့ ကောင်းပြီထင်တယ်။ နှစ်နာရီ ထိုးနေပြီ”
“ခဏလေး… ဒီတစ်လုံး ကြည့်ပြီးရင် ပြန်မယ်”
သူ့ကို “မောင်” ဟူသော အသုံးအနှုန်းဖြင့် ဆက်ဆံလို့ မရခဲ့သည်မှာ နှစ်နှစ် ကြာခဲ့သလား၊ သုံးနှစ်လောက် ကြာခဲ့ပြီလား စော ကောင်းကောင်း မမှတ်မိတော့ချေ။ သူ့အတွက် စောသည် လူသားတစ်ယောက်မဟုတ်တော့ပဲ ဇနီးအဖြစ် ထီထွင်ခံရသည့် စက်ရုပ်တစ်ခုသာ ဖြစ်တော့သည်။ လိမ္မာယဉ်ကျေးပြနေသည့် စက်ရုပ်တစ်ခုဖြစ်သည်။ တစ်ခါတုန်းက အဲသည်စက်ရုပ်သည် ချစ်မြတ်နိုးတတ် ကြင်နာတတ်သောဇနီး ဖြစ်ခဲ့သတဲ့။ စော သူ့ကို ဘာကြောင့်များ ချစ်ခဲ့မိပါလိမ့်။
ညသန်းခေါင်ကျော်ကာလ အမှောင်ထုသိပ်သည်းနေဆဲအချိန်မှာ စောသည် သူ့အား မော့ကြည့်မိသည်။ စော သူ့ကို ဘာလို့ချစ်ခဲ့တာလဲ။ သူ့မျက်နှာမှာ၊ သူ့ဟန်အမူအရာမှာ စော ချစ်ချင်စရာ ဘာမှကို ရှာမတွေ့ချေ။ ဟုတ်ပြီ။ သူ့အမူအရာ သူ့အကျင့်တွေကရော၊ စောအပေါ်ထားသည့် သူ့စိတ်သဘောထားကရော၊ စော အသံထွက်အောင် ရယ်မိသည်။
“ဘာရယ်တာလဲ စော”
သူမ ပို၍သာ ရယ်မိပြီး မီးပုံးပျံဆီသို့ အကြည့်လွှဲလိုက်သည်။ မီးပုံးပျံကြီးက တဖြည်းဖြည်း ပီပြင်လာပြီ။ ဖြည်းဖြည်းချင်း ဖောင်း၍ ဖောင်း၍ ရုပ်လုံးကြွလာသည်။ တစ်ချက်တစ်ချက်တွင် မီးခိုးမှိုင်းများသည် မီးပုံးပျံထဲမှတစ်ဆင့် လေဝေ့ရာသို့ လွင့်နေသည်။ ကပြနေသူတို့က မမောနိုင်၊ မပန်းနိုင် က,ဆဲ။ တီးသူတို့ကလည်း တီးနေဆဲ။ အိုးစည်သံနှင့် မောင်းသံသည် လှပစွာ ရောနှောလျက် ကွင်းတစ်ခုလုံး ပျံ့လွင့်စိုးမိုးထားသည်။
စော သည်ကိုရောက်စက အင်းသားနှင့် ပအိုဝ့်ကို မခွဲခြားတတ်ပေ။ အ၀တ်အစားအရသော်လည်းကောင်း၊ စကားပြော လေယူလေသိမ်းအရသော်လည်းကောင်း၊ အကဟန်အရသော်လည်းကောင်း အနည်းငယ် ကွဲပြားကြောင်း လေး ငါးရက်နေပြီးမှ သိလာသည်။ နှစ်မျိုးလုံးဟာ စောအတွက် စိတ်၀င်စားစရာချည်း ဖြစ်နေ၏။
“ပအိုဝ့်လေးတွေ လက်ချိုးတာက ဟောဒီလို ဟောဒီလို သိပ်ချစ်စရာကောင်းတာပဲ” ဟု ကထိန်လှည့်လာသည့်ပွဲကို ရပ်ကြည့်ရင်းက အားကျလာပြီး သူတို့လက်ချိုးသလို ချိုးကြည့်ကာ က ကြည့်တော့ သူမယောက်ျားက ပြုံးမဲ့မဲ့ဖြင့် ရိ၏။
“စော …. မင်း ကိုယ့်ကို မယူဘဲ ပအိုဝ့်တစ်ယောက်ကို ယူခဲ့ဖို့ကောင်းတယ်လို့ တွေးနေပြီ မဟုတ်လား”
တွေ့လား … ။ စော သူ့ကို မနှစ်မြို့ရခြင်းအကြောင်းများစွာထဲမှာ သူတစ်ပါးကို နာလိုခံခက်ဖြစ်အောင် ရိတတ်သည့်အကြောင်းလည်း တစ်ခုအပါအ၀င်ဖြစ်သည်။ အမယ်…. သူကသာ သူတစ်ပါးကို စသလို နောက်သလို ရိချင်ပေမဲ့ သူ့ကို ရိသလိုလို ပြောလျှင် မချိအောင် နာကာ ဒေါပွတတ်သေး၏။
“ပအိုဝ့် တစ်ယောက်ကို ယူတာ မယူတာ အသာထားလိုက်ပါလေ။ ရှင့်ကိုတော့ ကျွန်မ ယူကိုယူခဲ့ဖို့ မကောင်းတာတော့ အမှန်ပဲ”
ထိုစကားကို မျက်နှာထားတည်တည်ဖြင့် ပြောမိတော့ သူ့မျက်နှာ မည်းခနဲ မှောင်သွားတာ အကြာကြီး သူ့စိတ်ကို သူထိန်းချုပ်ကာ စကားပြောဖို့ စက္ကန့်သုံးဆယ်လောက် အချိန်ယူလိုက်၏။ ထို့နောက် ပြုံးချင် မပြုံးချင်
“အခုတော့ မင်းနောက်ကျသွားပြီ” ဟု အထက်စီး လေသံဖြင့် ပြောလေသည်။
စော …. သူ့ကို မုန်းတယ်။ မုန်းလွန်းလို့လည်း စေ့စေ့ကြည့်ပြီး တစ်ခွန်းပဲ ပြန်ပြောမိသည်။
“ထင်သလား …နောက်မကျသေးပါဘူး”
အိမ်ထောင်ရေးတစ်ခုကို ပြန်ပြင်ဖို့ သို့မဟုတ် ဖြိုခွဲပစ်ဖို့မှာ နောက်ကျတယ်ဆိုတာ မရှိပါ။ အခု ၂ နှစ် ၃ နှစ်အတွင်း သူမ အချိန်ယူစဉ်းစားပြင်ဆင်နေသည်မှာ အိမ်ထောင်ရေးကို အဆုံးသတ်သင့် မသတ်သင့် မဟုတ်ပါ။ အိမ်ထောင်ရေးကို နှစ်ဦးနှစ်ဖက် အနာတရ ကြီးကြီးကျယ်ကျယ် အနာတရမဖြစ်ဘဲ လှပစွာ၊ သိမ်မွေ့စွာ ဘယ်လို အဆုံးသတ်ပစ်ရမလဲဟူသည့် အကြောင်းပင်ဖြစ်သည်။
“လေက အရှေ့တောင်အရပ်ကနေ အနောက်မြောက်အရပ်ကို တိုက်ခတ်နေတာ ဖြစ်ပါတယ်။ ပွဲကြည့်ပရိသတ်များ ခင်ဗျား ….အနောက်မြောက်အရပ်မှာ မနေကြပါနဲ့ ခင်ဗျား…..၊ မီးပုံးပျံ မှိုင်းဝနေပါပြီ ခင်ဗျား”
စောတို့ ရပ်နေရာအရပ်မှာ တောင်အရပ်တည့်တည့်ဖြစ်သည်။ အန္တရာယ်ကင်းမည့်ပုံ ပေါ်ပါသည်။ အနောက်ဘက်အရပ်၊ မြောက်ဘက်အရပ်မှာ စုပြုံရပ်နေကြသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သည်လိုတော့လဲ တွက်လို့ မရနိုင်ပါ။ အခုမှ မီးပုံးပျံက မှိုင်း၀ကာ ရုပ်လုံး ပီပြင်စွာ တက်ဖို့ အရှိန်ယူနေဆဲ ဖြစ်သည်။ တစ်ခဏအတွင်းမှာပင် လေသည် အရပ်မျက်နှာပြောင်းကာ တိုက်ချင် တိုက်ပစ်လိုက်နိုင်၏။ ထိုအခါ ကျွန်မတို့ရပ်နေသည့်နေရာသည် အန္တရာယ်ဇုန် ဖြစ်ချင် ဖြစ်သွားနိုင်သေးသည်။
“ရွှေအင်းသား မှိုင်းဝနေပါပြီ ခင်ဗျား၊ တက်လာပါတော့မယ် ခင်ဗျား၊ ယမ်းပိဿာချိန် လေးဆယ်တိတိ ဖြစ်ပါတယ် ခင်ဗျား ….၊ မီးပုံးပျံလမ်းကြောင်းမှာ မနေကြပါနဲ့ ခင်ဗျား”
ယမ်းပိဿာချိန် ၄၀ သာ ပေါက်ကွဲလိုက်လို့ကတော့….၊ စော ပုခုံးလေး ကျုံ့မိ၏။ စျေးဆိုင်တန်းများဆီမှ အသားကင်ရနံ့သည် ကွင်းပြင်ဆီသို့ လွင့်လာပြန်သည်။ ဆိုင်တန်းတွေဆီ လှည့်ကြည့်မိတော့ လူတွေ နည်းနည်း ကျဲသွားပြီ။ ဒါပေမဲ့ နံနက် နှစ်နာရီထိအောင် စားသောက်သူများ ရှိနေဆဲ။ စောဖြင့် သည်လောက် ရှည်လျားများပြားလှသော စျေးဆိုင်တန်းကြီးကို တစ်ခါမှ မတွေ့ဖူးပေ။ ဤကွင်းပြင်ရှိရာသို့ ရောက်ဖို့ ဘုရားစောင်းတန်း အုတ်လှေကားထစ်များမှ ဆင်းပြီးနောက် ထိုစျေးဆိုင်တန်းကို ထောင့်ဖြတ် ဖြတ်ယူရသည့်အချိန်တုန်းက စော၏ခြေထောက်တို့သည် မြေနှင့် ထိတစ်ချက် မထိတစ်ချက် ဖြစ်နေခဲ့သည်။ ဆိုင်တန်းမျက်နှာစာကို ကြည့်ပေမယ့် မမြင်ရ။ ဘေးမှာ ပတ်လည်မှာ စောလိုပင် ပွဲကြည့်ပရိသတ်၊ ပွဲစျေးတန်းလျှောက် ပရိသတ်တို့ဖြင့် အပြည့်မို့ ကြည့်လေရာရာမှာ လူမျက်နှာတွေ၊ မည်းနက်သော ဆံပင်တွေချည်း မြင်နေရသည်။ နည်းနည်းလူချောင်သည့် ဆိုင်တန်းများကို ဖြတ်မိမှ ဘာဆိုင်တွေလဲဆိုတာ မြင်ရသည်။
အခုလို နံနက်နှစ်နာရီ ချမ်းစိမ့်အေးစက်လှသည့် နှင်းမှုန်အောက်တွင် မီးပုံးပျံ စောင့်ကြည့်လိုက်၊ အနီးအနားက ဆိုင်တွေဆီ သွားစားသောက်လိုက်နှင့် သည်ဒေသက လူတွေရဲ့ ဓလေ့ထုံးစံပဲနှင့် တူသည်။ စောအနေဖြင့် ချမ်းစိမ့် တုန်ခိုက်နေသည့် ကိုယ်ခန္ဓာကြောင့် ပူနွေးသည့် ကော်ဖီခါးခါး မွှေးမွှေးလေးတစ်ခွက်တော့ သောက်ချင်သား။ သို့သော် ဆိုင်တန်းဆီ သွားနေတုန်း သည်မီးပုံးပျံ ကောင်းကင်ရောက်သွားသည်ကို မကြည့်လိုက်ရမှာလည်း စိုးရိမ်သည်။ နောက်ပြီး ဆိုင်မှာ ထိုင်မသောက်ချင်။ ကော်ဖီခွက်ကို လက်နှစ်ဖက်ကြားမှာ အုပ်ကိုင်ကာ ကော်ဖီခွက်၏အပူကို တစ်ကိုယ်လုံး စိမ့်၀င် နွေးထွေးသွားအောင် ခံစားရင်း၊ လမ်းလျှောက်ရင်း သို့မဟုတ် မတ်တပ်ရပ်ကာ မီးပုံးပျံစောင့်ရင်း ကော်ဖီသောက်ချင်နေသည်။
အိုးစည် ဗုံမောင်းသံက ပို၍ ပို၍ ကျယ်လောင် မြိုင်ဆိုင်လာသည်။ လူတွေ ပို၍ ပို၍ တိုးဝှေ့လာကြသည်။ မီးပုံးပျံ စတင်တက်နေပြီ။ အားပါးတရ အော်ဟစ်သံတို့ဖြင့် ဆူညံလာသည်။
“တို့ အင်းဆားကွ”
“အင်းသား” ဟု အသံမထွက်ဘဲ “အင်းဆား” ဟု ခပ်ဝဲ၀ဲ အသံထွက်ဖြင့် အော်ဟစ်အားပေးသံကို ကြားလိုက်ရသည်။ ဆိုင်းသံ ဗုံသံအောက်မှာ အိမ်လောက်ကြီးသည့် မီးပုံးပျံကြီးသည် ယိမ်းထိုးလျက် တရွေ့ရွေ့တက်လေသည်။ မီးပုံးပျံ၏အောက်မှာ စနစ်တကျ ချိတ်ဆွဲထားသော ယမ်းခွက်အမျိုးမျိုးသည် ယိမ်းနွဲ့လျက် တွဲလောင်းပါသွားသည်။ မီးပုံးပျံကို မှိုင်းတိုက်ခဲ့သော သစ်လုံးကြီးများအား မီးစွဲလောင်နေလျက်သားနှင့် ငြိမ်းသတ်ဖို့ ကွင်းပြင်တစ်ဖက်သို့ အပြေးအလွှား သယ်သွားကြသည်။ ကွင်းပြင်တစ်ခုလုံး လူတွေ ရွစိရွစိ ဖြစ်နေကြသည်။
မီးပုံးပျံတစ်ခု ကောင်းကင်ကို လွတ်လွတ်ကျွတ်ကျွတ် တက်သွားဖို့ သူတို့အားလုံး တတ်စွမ်းသမျှ ကြိုးစားခဲ့ကြပြီးပြီ။ ကျန်သည့်အပိုင်းကတော့ ကံကြမ္မာ၏အလုပ်ပဲဖြစ်သည်။ တစ်နည်းအားဖြင့် လေ၏အလုပ်ပေါ့။ လေသည် အရှိန်မှန်မှန်ဖြင့် မီးပုံးပျံကို အထက်မြင့်ရာသို့ သယ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။
လေ၏အကူအညီဖြင့် မီးပုံးပျံများ လွှတ်တင်သည့်အခါ အဖွဲ့သားအားလုံးကတော့ မီးပုံးပျံ လွှတ်တင်ခြင်း အတတ်ပညာအရ တည့်တည့်မှန်မှန် တက်အောင် ထိန်းချုပ် လွှတ်တင်ကြတာချည်းပါပဲ။ တစ်စုံတစ်ခု ချွတ်ချော်ပြီး ကောင်းကင်သို့ မတက်ဘဲ မီးလောင်ပျက်စီးသွားရတာတွေလည်း ရှိနေခဲ့သည်။ မီးလောင်ပျက်စီးမှုချင်း အတူတူဆိုလျှင် “ ညမီးကျီး” အမျိုးအစား မီးပုံးပျံက မီးလောင်လျှင် ယမ်းပိဿာချိန်များစွာ ပေါက်ကွဲလောင်ကျွမ်းမှာပဲဖြစ်သည်။ ပို၍ အန္တရာယ်ကြီးသည်ဟု ဆိုပါစို့။
အခုလွှတ်တင်နေကြသော မီးပုံးပျံများတွင် အမျိုးအစားနှစ်ခု ကွဲပြား၏။ တစ်ခုက “ စိန်နားပန်” ဟုခေါ်သော အလှချိတ်ဆွဲ တန်ဆာဆင်ရုံသက်သက် မီးပုံးပျံအမျိုးအစား၊ နောက်တစ်ခုက “ညမီးကျီး” ဟုခေါ်သော မီးရှူးမီးပန်း ဖောက်သည့် အမျိုးအစား။
စော၏ ယခု နှစ်ည သုံးည မီးပုံးပျံကြည့်ရသည့် အတွေ့အကြုံအရပြောရလျှင် “ညမီးကျီး” မီးပုံးပျံက ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်။ သူက ကောင်းကင်အမြင့်သို့ ရောက်သောအခါ တစ်ဆင့်ပြီး တစ်ဆင့် အမျိုးမျိုး ကွဲပြားစွာ၊ လှပစွာ ပေါက်ကွဲပြလေသည်။ ဘေးပတ်၀န်းကျင် လေထုထဲ၊ အမှောင်ထဲသို့ တည့်တည့်ထိုးဖောက်ဖြာထွက်သွားသော မီးရှုးမီးပန်းများ၊ နောက် ငါးကလေးတွေ ရေမှာ လွန့်လူးကူးခတ်သလို လှစ်ခနဲ လှစ်ခနဲ ဖြာထွက်သော မီးရှူးတွေ၊ ခိုကလေးတွေ လေမှာ ပျံသန်းသလို ဝေ့၀ဲပျံတက်ကာ လောင်ကျွမ်းစေသည့် ခိုပျံဟု အမည်ရသော လှပစွာပေါက်ကွဲတတ်သည့် မီးရှူးမီးပန်းကလေးများ စသည်ဖြင့် ကောင်းကင်သို့ တောက်ပသောမီးပုံးပျံကြီး တက်နေသည့်အချိန်အတွင်း နောက်ထပ် ဆင့်ကဲဆင့်ကဲ ရောင်စုံဖြာထွက်သော မီးရှူးမီးပန်းများ၏ ပေါက်ကွဲဖြာထွက်ပုံ လှပဆန်းကြယ်မှုအထွေထွေကို စုစည်း ရောနှောကာ မြင်ရကြည့်ရသည်မို့ စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းလေသည်။
အဲသည် အဆင့်ဆင့်သော မီးရှူးမီးပန်းများကို စနစ်တကျ လှပစွာ ပေါက်ကွဲအောင် တွက်ချက်ပြီး တပ်ဆင်ယူရသည့် အတတ်ပညာကလည်း အတော် ချီးကျူးဖို့ကောင်းသည်။
“လေကြောင်း ပြောင်းသွားပါတယ်ခင်ဗျား … ပရိသတ်များ သတိထားကြပါ ….. မီးပုံးပျံရဲ့အောက်တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား”
မီးပုံးပျံကြီးသည် ဘေးတိုက်ရွေ့လျားလျှက် အကဲဖြတ်လူကြီးများ ထိုင်ကြည့်ရာ ပွဲကြည့်စင်၏အနောက်ဘက်သို့ ယိမ်းထိုးပါသွားသည်။ လူတချို့ အော်ဟစ်ကာ ပြေးလွှားနေကြသည်။ မီးသတ်ကားသည် အဆင်သင့် စက်နှိုးကာ ကွင်းပြင်ဆီသို့ ဦးတည်ထားရာမှ စတင်မောင်းထွက်လေသည်။
“မီးသတ်ကားရဲ့ ရှေ့တည့်တည့်မှာ မနေကြပါနဲ့ ခင်ဗျား ……လွတ်ရာကို ရွှေ့ပေးကြပါ ခင်ဗျား ….. ”
မီးပုံးပျံကြီးဆီမှ အုန်းခနဲ ပေါက်ပွဲသံတစ်ချက် ကြားလိုက်ရသည်။ ဝေါခနဲ အော်ဟစ်သံများ ထွက်လာသည်။ စော၏ဘေးနားက လူတွေ အထိတ်တလန့် ပြေးလွှားကြရာ စောသည် ထိုလူအုပ်နှင့်အတူ ကပ်ငြိပြီး ရွေ့ပါသွားသည်။
“စော”
သူ့အသံသည် အထိတ်တလန့် အော်ဟစ်နေကြသော လူအုပ်အသံနှင့် ရောထွေးသွားသည်။ စောတို့ရပ်နေသော ကွင်းပြင်သည် ညီညာသောမြေပြင် မဟုတ်။ အနည်းငယ် စောင်းနိမ့်သွားသော ဆင်ခြေလျှော မြေပြင်ဖြစ်သည်။ ထို့ကြောင့် ပြေးလွှားရင်းမှ အရှိန်မထိန်းနိုင်ဘဲ စော ခြေခေါက်ကာ လဲကျသွားသည်။ လူတွေသည် စော၏ ခြေတွေ၊ လက်တွေပေါ်သို့ အမှုမထားနိုင်ပဲ တက်နင်းပြေးကြ၏။ နာကျင်မှုနှင့် ထိတ်လန့်မှု ပေါင်းစပ်ကာ လဲရာမှ ဇွတ် ထ ထိုင်ဖို့ ကြိုးစားဆဲ လက်တစ်ဖက်က စော၏ပုခုံးကို ဆွဲထူမပေးသည်။
“ကျေးဇူး….”
ကျေးဇူးတင်စကား ဆိုဖို့ စကား စလိုက်ပေမယ့် ထိုသူက စောကို လက်မောင်းရင်းမှ တင်းတင်းဆုပ်ကာ သူ့နောက်ဘက်သို့ တွန်းပို့ပြီး အကာအကွယ်ပေးလိုက်သဖြင့် စကားစ ပြတ်သွားသည်။ ရုတ်ရုတ်သဲသဲ လူအုပ်ကို ရှောင်ရင်း၊ မတ်မတ်ရပ် အတွန်းခံရင်း အမှောင်တစ်၀က်၊ အလင်းတစ်၀က်အောက်မှာ မြင်လိုက်ရသော မျက်နှာက မျက်ခွံမို့မို့နှင့် နုနယ်သေးသော လူငယ်တစ်ဦး၏ မျက်နှာ။ ရှမ်းလား၊ အင်းသားလား၊ ပအိုဝ့်လား။
“ကျေးဇူးတင်ပါတယ်”
ထိုစကားကို သူ ကြားပုံ မရ။ သူ့အာရုံသည် သူ့လက်မောင်းမှ တင်းတင်း ဆွဲဆုပ်ထားမိသော မိန်းမထံမှာ ရှိမနေတာ သေချာသည်။ တစ်ဖက်မှ မီးလောင်ပေါက်ကွဲကာ ပျက်စီးနေပြီဖြစ်သော မီးပုံးပျံကြီးထံ ကြည့်နေသည်။ မြေပြင်အထက် ပေ ၁၀၀ – ၂၀၀ မှာ ပေါက်ကွဲ ပျက်စီးခြင်းဖြစ်၍ မီးတောက်မီးလျှံများ နေရာအနှံ့မှာ ရှိနေသည်။ ကွင်းပြင်ရှိ ပရိသတ်သည်လည်း ကွင်းလယ်မှာ မရှိကြတော့ဘဲ ဘေးပတ်လည်မှာ ကပ်ရပ်နေကြသည်။ သစ်ပင်နှစ်ပင် မီးလောင်နေသည်။ ယမ်းနံ့များ မွှန်ထူနေ၏။ ပတ်၀န်းကျင်တစ်ခုလုံး မီးခိုးမှိုင်းများဖြင့် မှောင်နေ၏။
နောက်ထပ်ကြီးမားသော ပေါက်ကွဲသံကြီးတစ်ခု ထပ်ကြားရပြန်သည်။ ထိုပေါက်ကွဲသံကြောင့် တိုင်းရင်းသားလူငယ်သည် သူမ၏လက်ကို လွှတ်လိုက်ပြီး မျက်နှာဆီ လွင့်စဉ်လာနိုင်ဖွယ် မရှိသော မီးစ၊ ယမ်းစများကို ကာကွယ်ဟန်ဖြင့် လက်ကို မျက်နှာရှေ့မှာ အမှတ်မဲ့ ကာလိုက်လေသည်။ ထို့နောက် လူငယ်က ကြိတ်မနိုင် ခဲမရဟန်ဖြင့် တောက်တစ်ချက် ခေါက်သည်။
“သွားပြီကွာ”
လူငယ်သည် ရွှေအင်းသားအဖွဲ့ထဲမှ ဟုတ်ဟန်တော့ မတူပါ။ သို့သော် မီးပုံးပျံကြီး ပေါက်ကွဲ ပျက်စီးသွားသည့်အတွက် သူခံစားနေရဟန်ရှိသည်။
“ဒီကောင်ကြီးသာ အောင်အောင်မြင်မြင် တက်သွားလို့ကတော့ ကြည့်လို့ ကောင်းလိုက်မယ့် မြင်ကွင်း… ”
စော၏အနီးမှာ အားရတရ ညည်းညူလိုက်သံတစ်ခုကိုလည်း ကြားရသည်။ ပရိသတ်သည် ယခုအခါ ထိတ်လန့်တုန်လှုပ်မှုမှ ကင်းလွတ်ခဲ့ပြီ။ စိတ်ဆင်းရဲမှု၊ အားမလို အားမရဖြစ်မှုတို့နှင့် မီးပုံးပျံကြီးအား တဖွဖွ တသ နေကြသည်။ ကံအားလျော်စွာ မီးလောင်ပေါက်ကွဲမှုသည် ကွင်းတစ်ဖက်က ငှက်ပျောပင်အုပ်ဆီမှ ဖြစ်ပေါ်ခဲ့သဖြင့် ပရိသတ်ထဲမှ အသေအပျောက် လုံး၀မရှိခဲ့ဘဲ မီးဟပ်သူ၊ ဒဏ်ရာရသူ အနည်းအကျဉ်းသာ ရှိခဲ့သည်။
“မီးပုံးပျံတိုင်းဟာ ကောင်းကင်ထိ တက်ချင်မှ တက်နိုင်မှာပေါ့။ ဒီလိုပါပဲ …. မျှော်လင့်တိုင်းလည်း ဖြစ်လာချင်မှဖြစ်တတ်တာ ”
တစ်ယောက်က တစ်ယောက်ကို တီးတိုးပြောဆိုနေသည်။
ပွဲကြည့်စင် အခြေမှာတော့ အသံထွက်ငိုကြွေးနေသူ တစ်ယောက်ရှိသည်။
“ဆယ့်ငါးရက်လုံးလုံးပါပဲ….. ကျွန်မတို့ မနားမနေ အလုပ်လုပ်ခဲ့ကြတာ”
ငိုကြွေးနေသည့် လူငယ်လေးဘေး၌ ခြေပစ်လက်ပစ်ထိုင်နေသော မိန်းကလေးက ရေရွတ်နေ၏။
“တစ်ခါတလေ ဒီလိုပါပဲ ငါ့ညီရာ … စိတ်ကို ဖြေပါ”
ယောက်ျား ခပ်ရွယ်ရွယ်တစ်ယောက်က ငိုနေသော လူငယ်လေး၏ပုခုံးကို ပုတ်ရင်း နှစ်သိမ့်သည်။
“တစ်ခါတလေ ဟုတ်လား …..တစ်နှစ်လုံးလုံး တည်ဆောက်လာခဲ့ရတဲ့ မျှော်လင့်မှုတွေထဲမှာ တစ်ခါတလေဆိုတာ ဘယ်နေရာမှ မပါခဲ့ဘူး။ တစ်နှစ်မှာ တစ်ခါတည်းသာပါပဲ”
မကျေမနပ် ရေရွတ်သံကို ကြားရသည်။ စော သူ့ကို ဖျောင်းဖျအားပေးချင်လာသည်။
ချာတိတ်ရယ် …တစ်နှစ်မှာ တစ်ခါသာ ဆိုတဲ့ မျှော်လင့်မှုအောက်မှာ ဆုံးရှုံးရတာဟာ ဘ၀မှာ တစ်ခါသာပါ ဆိုတဲ့ မျှော်လင့်မှုအောက် ဆုံးရှုံးရသလောက် မနာကျင်နိုင်ပါဘူးကွယ်။ မင်းအတွက် နောက်နှစ်ဆိုတာ ရှိပါသေးတယ်။ အေးလေ… နောက်နှစ်အထိ အခြေအနေ ပေးလာခဲ့သေးရင်ပေါ့ ……။
စော ငိုကြွေးနေသော လူငယ်ကလေးကို ငေးစိုက်ကြည့်နေသည်။ မျှော်လင့်ချက်တွေ ပြိုကွဲပျက်စီးသွားသူတစ်ယောက်၏ မျက်နှာမှာ နာကျင်မှုတွေနှင့် ပြည့်သိပ်နေသည်။
“စော”
သူမယောက်ျား၏အသံ။ လှည့်ကြည့်လိုက်တော့ လူတွေကြားထဲမှ တိုးဝှေ့ထွက်လာသည်။
“ရှာလိုက်ရတာ စောရယ်”
အနားရောက်လာပြီး စော၏လက်တစ်ဖက်ကို သူ လှမ်းဆွဲလိုက်သည်။
“ကိုယ်တို့ချင်း ကွဲသွားရင် ဘယ့်နှယ်လုပ်မလဲ …. မင်း ကိုယ့်လက်ကို တွဲထားခဲ့ဖို့ ကောင်းတယ်”
“ကျွန်မ ဟိုတယ်ဆီ ပြန်တတ်ပါတယ်”
“မင်းကို ပြောလိုက်ရင် အဲဒီလိုချည်းပဲ … လာ.. ပြန်ကြစို့ … အေးလည်းအေးလှပြီ …. ခုဟာက ကံကောင်းလို့မသေတာ”
ထို့နောက် သူသည် အငိုတိတ်စ ပြုနေပြီဖြစ်သော အံတင်းတင်းကြိတ်ထားသည့် ရွှေအင်းသားလူငယ်ဆီ မျက်လုံးရောက်သွား၏။ ယောက်ျားတစ်ယောက်၏အငိုမျက်နှာကို သူ မကြည့်ချင် မမြင်ချင်သလို မျက်နှာလွှဲလိုက်သည်။
“သနားပါတယ်နော်”
စော သူနှင့်အတူ လိုက်လာရင်း ရေရွတ်မိတော့ သူက ခေါင်းတစ်ချက် ညိတ်သည်။
“အေးလေ… နှစ်သိန်းကြီးများတောင်”
စော သူ့ကို ဖျတ်ခနဲ မော့်ကြည့်မိသည်။ ဒီဆုံးရှူံးမှုမှာ ငွေနှစ်သိန်းဟာ အဓိက မကျဘူး။ သို့သော် ဤခံစားချက်ကို သူနားလည်မည့်ပုံ မပေါ်သဖြင့် စော တိတ်တဆိတ်နေလိုက်သည်။
“မအေးဘူးလား စော”
“အင်း…. ခုမှ အေးမှန်းသိတော့တယ်”
“ကိုယ်တော့ တုန်နေပြီ”
မနက်ဖြန်ဆို စောတို့ ပြန်ကြတော့မည်။ ၅ ရက်ကြာ ခွဲခွာထားခဲ့သော သမီးလေးဆီ ပြန်ကြမည်။ သမီးလေးအတွက် တိုင်းရင်းသား ၀တ်စုံလေးတစ်စုံ လက်ဆောင်ပါလာသည်။ သူမ ပြုံးမိသည်။
“အခု ဆက်လက် ပြိုင်ပွဲ၀င်မယ့် အဖွဲ့ကတော့ ဖိုးသာထူးအဖွဲ့ ဖြစ်ပါတယ်။ ဖိုးသာထူးအဖွဲ့က လွှတ်တင်မယ့် မီးပုံးပျံ အမျိုးအစားဟာလည်း “ ညမီးကျီး” ပဲ ဖြစ်ပါတယ်”
သြော်… အခုဟာ ရိုးရိုး မီးပုံးပျံ လွှတ်နေတာ မဟုတ်။ ပြိုင်ပွဲလုပ်နေတာပါလားဟု သတိရသွား၏။ ရွှေအင်းသားအဖွဲ့၏ ဆုံးရှုံးမှုများမှာ ထင်တာထက် ပိုကြီးမားပါလိမ့်မည်။
အချိန်ကာလ၊ ငွေကြေး၊ ဂုဏ်သိက္ခာ၊ စည်းလုံးမှုအင်အား၊ ယုံကြည်မှု၊ စိုက်ထုတ်လိုက်ရသည့်ခွန်အား၊ အားလုံးထက် ပို၍ ဆုံးရှုံးလိုက်သောအရာမှာ မျှော်လင့်ချက် ဖြစ်ပါလိမ့်မည်။
“ကိုယ် နားမလည်တာက ဒီငွေတွေကို မီးပုံးပျံ လုပ်ပြီး မီးရှို့ပွဲ ကျင်းပတော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်တော့ မီးလောင်ပေါက်ကွဲတာဟာ ဘာခံစားစရာ ရှိသေးလဲ။ ကောင်းကင်အမြင့်ကျမှ ပေါက်ကွဲကွဲ၊ မြေပြင်နဲ့ နီးနီးပဲ ပေါက်ကွဲ ပေါက်ကွဲ၊ ပျက်စီးတာတော့ ပျက်စီးသွားတာပဲ။ ဒါဟာ ဘာထူးခြားလို့လဲ၊ လူတွေ အန္တရာယ်မရှိရင် ပြီးတာပဲ မဟုတ်လား”
“ထူးခြားတာပေါ့”
“ဘာ ထူးခြားတာလဲ”
ဘုရားစောင်းတန်း ရှိရာသို့ လျှောက်လာရင်း စောသည် မီးပုံးပျံ ကွင်းပြင်ဆီသို့ တစ်ချက် ပြန်ကြည့်မိ၏။ တစ်ယောက်ယောက်က ဤအဖြေကို စောထက် ပို၍ ရှင်းပြပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။
“မီးပုံးပျံ လွှတ်တယ် ဆိုကတည်းက တစ်ချိန်မှာတော့ ဆုံးရှုံးပျက်စီးမှာဆိုတာ မှန်ပါရဲ့။ အခုလို ညမီးကျီး မီးပုံးပျံမှာတော့ စိန်နားပန်ထက် မျှော်လင့်မှု ပိုတယ်။ စိန်နားပန်မှာက အောင်အောင်မြင်မြင် လွှတ်တင်နိုင်ဖို့ တစ်ခုပဲ။ ညမီးကျီးမှာက အောင်အောင်မြင်မြင် လွှတ်တင်ဖို့က တစ်ဆင့်၊ မီးရှူးမီးပန်းလေးတွေ ကိုယ်လိုချင်သလို လှလှပပ တစ်မျိုးပြီး တစ်မျိုး ပေါက်ကွဲဖို့က နောက်တစ်ဆင့်။ အခုလို ဘာမှ မရလိုက်ဘဲ အလဲလဲ အကွဲကွဲ ပျက်စီးဆုံးရှူံးသွားရတာက ရင်နာစရာကြီးပါ။ ဘယ်သူမဆိုလေ… ဂုဏ်သိက္ခာရှိရှိ၊ က္ကုနြေ္ဒရရ လှလှပပလေး ပေါက်ကွဲ အဆုံးသတ်သွားချင်တာချည်းပါပဲ”
စော၏စကားကို သိပ်နားလည်ပုံမပေါ်ပါ။ စော ညံ့တာပဲဖြစ်လိမ့်မည်။
“ကျွန်မလည်း ဘ၀နဲ့ ရင်းပြီး ညမီးကျီးမှ လွှတ်တင်တော့မယ်ဆိုရင် အထိတ်အလန့် အလဲလဲအကွဲကွဲတော့ အဆုံးမသတ်ချင်ဘူး။ လှလှပပ သိက္ခာရှိရှိလေး… ”
သူ ရယ်မောသည်။
“မီးပုံးပျံနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”
“သမီးလေး မြန်မြန် ကြီးပြင်းစေချင်လှပြီ”
သူမ ညည်းညည်းကလေး ပြောရင်း စကားကို အဆုံးသတ်လိုက်မိ၏။ လောကတစ်ခုလုံးမှာ သူမ ဂရုစိုက်ဆုံးအရာမှာ သမီးလေး၏စိတ်ခံစားမှုပဲ ဖြစ်သည်။
——————–
#ဂျူး
မဟေသီ။ သြဂုတ်။ ၂၀၀၀။
crd 👉
သောကြာကြိုက် သော စာစုများမှ ကူးယူသည်