Novel

ပုခက်လွှဲသော လက် *

 

ခင်နှင်းယု

 

ဝါကျွတ်လျှင် အမေ့ကို မမြမေ အဖြေပေးရမည်ဆို၏။ ယခုတော့ ဝါ ခေါင်လ ကုန်ခဲ့ပြီ။ မည်းညိုသော တိမ်တောင်များ ရှေ့လဆိုလျှင် ပါးလွှာလာ တော့မည်။ သီတင်းကျွတ် ကောင်းကင်တွင် ဖြူဆွတ်သော တိမ်လွှာများ ပေါ့ ပါးစွာ ရွက်လွှင့်ကြပေမည်။

 

သီတင်းကျွတ် ဆိုသည်က ပေါ့ပါးခြင်း၊ လွတ်လပ်ခြင်း၊ တောက်ပ ကြည်လင်ခြင်းကို သရုပ်ဆောင်ပါသည်။ စိုထိုင်းအေးစက်သော ရာသီခွင်မှ လောကတစ်ခုလုံး အလွတ်ရုန်းကာ ပူနွေးသော ရင်ခွင်သို့ ဝင်တော့မည်။ ဤ လို ရာသီရောက်လျှင် မမြမေသည်လည်း ပေါ့သော တိမ်လွှာများလိုပင် တစ် ကိုယ်တော် ရွက်လွှင့်ချင်ပါသည်။ သူသည် ထိုင်၍ ဘဝတွင် ကျောက်ချကာ့ ငေးမောနေရသူ မဟုတ်။ အမေ့လိုပင် အစဉ်လှုပ်ရှားနေသူ ဖြစ်၏။ ဒါပေမယ့် အမေ့သဘောကို နားမလည်။

 

အစ်မကြီးမဆွေနှင့် ညီမငယ်လေးယောက် အိမ်ထောင်ခွဲသွားကြပြီဆို တော့ အမေ့အပါးတွင် သူတစ်ယောက်တည်း ကျန်ရစ်သည်။ အမေ၏ အိုမင်း ချိန်တွင် သူသည် ကူဖော်လောင်ဖက်ရှိဖို့ သင့်သည် မဟုတ်ပါလား။ ဒါပေမဲ့ “အမေက လင်ယူရမည်”တဲ့။

 

လက်ထပ်ပြီးလျှင် သူ့နောက်ကို ကိုယ်ပါရမည်ဆိုတော့ အမေ့ကို ခေါ် သွားလျှင် ရမည်။ ဒါပေမဲ့ အဖေက ပက်လက်ဆိုတော့ မဖြစ်သေး။ သူယူရမည့်သူကို အိမ်ပါအောင် ခေါ်ရမည်လား။ လက်ထပ်ရမည့်က အလုပ် နှင့် နယ်သွားရပြီဆိုပါတော့။

 

အမေအိုနှင့်´ ဒီအဖေလူနာ။ ဒါတွေကို အမေ တွေးဖို့ကောင်းသည်။ ဒါတွင်မဟုတ်။

 

အမေ တွေးလျှင် တွေးစရာ အများကြီး။ အမေသည် မတွေးဘဲနှင့် သူ့ကို လက်ထပ်ဖို့ တိုက် တွန်းနေသည်တော့ မဟုတ်တန်ရာ။ ဒါပေမဲ့ ဘာကြောင့် ဝါကျွတ်လျှင် အဖြေပေးရမည်ဟု သူ့ကို တောင်းဆိုနေသည်မသိ။ အမေ့ဘဝတွင် အဖေပါခဲ့သော ကဏ္ဍကို သူ သိသင့်သလောက် သိခဲ့ ပါသည်။ သူက သမီးခြောက်ယောက်တွင် ဒုတိယမြောက်ဆိုတော့ အဖေ ပင်စင်မယူခင် လခစားလုပ်ခဲ့သည်ကို ကောင်းကောင်းမှတ်မိသည်။ အဖေ လခစားလုပ်ကတည်းက အမေက မုန့်ဟင်းခါးဆိုင်ထိုင်ခဲ့သည်။

 

မုန့်ဟင်းခါးဆိုင်မှ တစ်ခါတစ်ခါ သူတို့ခြောက်ယောက်ကို မွေးခဲ့သည် ဆိုလျှင် မမှားပါ။ အမေ့ကိုယ်ဝန် ဗိုက်ပူပူက မုန့်ဟင်းခါးတောင်းလို ဖောင်း လိုက်၊ ပိန်လိုက် ဖြစ်နေတတ်သည်။ အမေ တော်ခဲ့သည်က သူတို့ညီအစ်မ ခြောက်ယောက်စလုံး ဒီဂရီရသည်အထိ ပညာသင်ပေးခဲ့သည်။

 

သူသည် အစ်မ မဆွေနှင့်အတူ ညီမလေးများ၏ အနှီးများ လျှော်ပေး ခဲ့ရသည်ကို သတိရနေဆဲ။ အလတ်မ ပူစူးနှင့် အငယ်တွေ နို့စို့ချိန်က ကျောင်း မတက်ခင် မုန့်ဟင်းခါးဆိုင်လိုက်၍ နို့တိုက်ရသည်။ ပြီးတော့ ကလေးကို ပုခက်တွင်းသိပ်ခဲ့ကာ ကျောင်းတက်ရသည်။ နံနက်ခြောက်နာရီက ထွက်သွား သော အမေသည် နံနက် ၁ဝ နာရီထိုးလျှင် မုန့်ဟင်းခါးဆိုင်က ပြန်ရောက် သည်။ အမေ့ မုန့်ဟင်းခါးဆိုင်သည် လမ်းထိပ်မှာဖြစ်၍ တော်ပါသေး၏။

 

အဖေက ရုံးကို ထွက်သွားပြီ။ အဖေ ရုံးက လခ ဘယ်လောက်ရသည် သူ မသိ။ အမေ့လို လကုန်လျှင် ပုတ်ပြတ် တစ်ရာတော့ ပေးတာ တွေ့သည်။ သူတို့အားလုံး စာသင်ဖို့နှင့် ကလေးခြောက်ယောက် နှစ်နှစ်ခြား ဆက်တိုက် မွေးသော ကုန်ကျစရိတ်အတွက် အမေ မုန့်ဟင်းခါးဆိုင်ထိုင်ရသည်ကို သူ နားလည်ပါသည်။

 

သူတို့ ကျောင်းပြန်လာလျှင် မနက်က မဆွေ လျှော်သွားသော ကလေးအနှီးနှင့် အိမ်သားများအဝတ်ကို မမြမေ မီးပူတိုက်ရသည်။ ပြီးတော့ ညစာဆက်ချက်သည်။ နောက်နေ့ မုန့်ဟင်းခါးချက်ဖို့တော့ မဆွေနှင့် အမေ မီးဖိုမှာ အလုပ်ရှုပ်ကြပြီ။

 

တစ်ခါတစ်ရံ အဖေရှိသည်ဆိုသည်ကို သူ မေ့နေတတ်သည်။ ဒါအတွက် သူ့အပြစ်များ ဖြစ်နေပြီလား။ ဟုတ်၏။ အဖေသည် နံနက်ခင်းတွင် ဆေးတံခဲ၊ သတင်းစာဖတ်၏။ ပြီးတော့ သူခူးပေးသော နံနက်စာစားကာ ရုံးသို့ ထွက် သွားသည်။

 

ညနေတိုင်း သူတို့သားအမိတစ်တွေ မီးဖိုချောင် အလုပ်ရှုပ်နေချိန်တွင် အဖေ ဘယ်အချိန်က ရုံးက ပြန်ရောက်လာသည်ကို သတိမထားမိ။

 

ညနေခြောက်နာရီမှာတော့ အဖေ့ကို ထမင်းခူးကျွေးရမည်ကို သူ သတိ ရမိ၏။ ဒီတော့ အဖေ့ကို တစ်နေ့နှစ်ချိန်ပဲ သူ သတိရသည်ဟု ဆိုရမည်။ ကျန်အချိန်တွေမှာ သူတို့ ကျောင်းသွားရသည်။ စာကျက်ရသည်။ သူရော၊ မဆွေရော ညပိုင်း ပုခက်လွှဲကာ စာကျက်ကြရသည်။ မနက်ကျတော့လည်း နံနက်လေးနာရီထတဲ့ သူတို့ အမေနှင့်အတူ လှုပ်ရှားကြရသည်။ တစ်ခါတုန်းက ကျောင်းပိတ်ရက် တနင်္ဂနွေမို့ အဖေ ရုံးမတက်။

 

မမြမေသည် ပုခက်တွင်းမှ ကလေးကိုကြည့်ရင်း လန့်လာသည်။ ကလေး မှာ ပူစူးအောက် မညိုဖြစ်၏။ အမေက နေ့လယ် မုန့်ဟင်းခါးချက်ဖို့ ငါး သွားဝယ်ရန် အိမ်ကမထွက်ခင်ကတည်းက သူ့ကို သတိပေးသွားသည်။ “မညို ကိုယ်ပူနေသတဲ့”

 

သူက ကလေးကို အအေးပတ်မှာစိုး၍ ပုခက်ကိုပင် ပြင်းပြင်းမလွှဲ။ မညိုသည် အောက်၍ ငိုသည်။ သူ ကောက်ယူပွေ့ချီကာ ချော့သည်။ ကလေး က ငိုရင်းငိုရင်း အသံပျောက်သွားသည်။ ပြီးတော့ မျက်ခွံလေးလံကာ နှုတ်ခမ်း ပြာ၍ လက်ကလေးများ ကွေးသွားတော့သည်။ ကိုယ်က ခြစ်ခြစ်တောက်ပူလာ သည်။

 

“အဖေ.. အဖေ၊ မညို တက်နေပြီ”

 

သူသည် အိမ်ဦးခန်း ဖိနပ်ချွတ် သို့ ပြေးသွား၍ အဖေ့ကိုပြ၏။ အဖေသည် စာကြည့်နေရာမှ မျက်လွှာပင့်ကာ သူ့ကို ကြည့်၏။

 

“အေးလေ.. နင့်အမေလာတော့ ဆေးခန်းသွား”

 

အဖေသည် ဒါပဲ ပြောကာ မျက်မှန်ပြန်တပ်၍ စာကြည့်သည်။ မမြမေသည် ကလေးကို တင်း တင်းကြီးပွေ့ကာ ကြောင်တက်တက်ဖြစ်သွားသည်။

 

မဆွေနှင့် အမေပြန်လာမှ သူတို့သုံးယောက်စလုံး ဆေးခန်းကို ပြေးရ သည်။ ဝယ်ခြမ်းလာသော ငါးတွေ ကြောင်ဆွဲမှာစိုး၍ စားပွဲပေါ်တင်လာ အုပ် ဆောင်းအုပ်ခဲ့ရသေးသည်။

 

ဆရာဝန်က ကလေးကို စိတ်မချသေး၍ ညနေခြောက်နာရီအထိ အိမ် ကို ပြန်မလွှတ်သေးပါ။

 

“ဟဲ့.. မမြမေ၊ သမီးအိမ်ပြန်နှင့်။ နင့်အဖေ ထမင်းစားချိန်ရောက်ပြီ”

 

မမြမေသည် သက်ပြင်းချမိ၏။ အိမ်ပြန်ရောက်တော့ အိမ်က မှောင်နေ သည်။ သူရောက်မှ မီးဖွင့်လိုက်သည်။ အဖေက အိပ်ခန်းထဲမှာ အိပ်ပျော်နေသည်အငယ်ကလေးတွေက တစ်ဖက်အိမ်မှာ ရောက်နေသည်။

 

ထမင်းခူးပေးရင်း အမေတို့ပြန်ချိန်ကို သူ တိတ်ဆိတ်စွာ စောင့်နေမိ သည်။ အဖေသည် ထမင်းစားပြီးတော့ အိမ်ခေါင်းရင်း ပက်လက်ကုလားထိုင် တွင် ပြန်ထိုင်ကာ စာအုပ်ကို ကောက်ကိုင်သည်။ စကားတစ်လုံးမှ မပြော။

 

မမြမေကတော့ ရင်ထဲမှာ စကားတွေအများကြီး ပြောနေမိသည်။ သူ ဒီလိုပဲ ရင်ထဲမှာ ခဏခဏ စကားပြောရပါ၏။

 

ဆယ်တန်းစာမေးပွဲ ဖြေရမည့်နှစ်က အငယ်ဆုံး ထွေးထွေးကို အမေ မွေးသည်။ အမေ အလုပ်ပင်ပန်း၍လား မသိ။ ထွေးထွေး ကိုယ်ဝန်ရှိကတည်း က ကောင်းကောင်း မကျန်းမာ။ ယခုလည်း သွေးဆင်းနေသည်ဟု ဆိုသည်။

 

ကြီးကြီးမားမားဆို၍ သူတို့ညီအစ်မနှစ်ယောက်ပဲ ရှိသည်။ အမေက သူတို့နှစ်ယောက်ကို သားဖွားဆရာမဆီ သွားခိုင်းသည်။ ညဉ့် ၁၁ နာရီဆို တော့ မမြမေက ကြောက်သည်။

 

“မမဆွေ … အဖေ့ကို သွားနှိုးရအောင်”

 

သူတို့နှစ်ယောက် အဖေ့ကို သွားနှိုးတော့.“အေး… ဆရာမဒေါ်ခင်ကျော့ကို သွားခေါ်ကြ” အဖေက ဒါပဲပြော ၏။ ညီအစ်မနှစ်ယောက် လက်နှိပ်ဓာတ်မီးဆွဲကာ ညဥ့်မှောင်ထဲသို့ ထွက်လာခဲ့ကြသည်။ တော်ပါသေး၏။ သားဖွားဆရာမ ဒေါ်ခင်ကျော့မှာ လမ်းထဲနေသူဖြစ်သည်ဒါပေမဲ့ ဒေါ်ခင်ကျော့ ရောက်လာတော့ သွေးအဆင်းလွန်နေ ၍ ဆေးရုံတင်ရန် ပြောသည်။

 

“အေးလေ၊ ကားငှားပြီး သွားကြ” အဖေက ဒါပဲပြောသည်။ ဒေါ်ခင် ကျော့အိမ် ခေါင်းရင်းမှာ သုံးဘီးသမား ကိုစံရွှေရှိသည်ကို မဆွေက သတိရသည်၊။

 

ညီအစ်မနှစ်ယောက် အပြေးထွက်ကာ တံခါးကို ပုတ်နှိုးကြရသည်။ ဘုရား တန်ခိုးတော်ပေပဲ။ ကိုစံရွှေသည် ရှောရှောရှူရှူလိုက်ကာ အမေ့ကို ဆေးရုံပို့ ပေးသည်။ ဒေါ်ခင်ကျော့ပါလာ၍ ညီအစ်မနှစ်ယောက် အားတက်မိသည်။ နံနက်တွင် အားလျော့၍ ဖျော့တော့နေသော အမေ့အပါးတွင် သူတို့ညီအစ်မနှစ်ယောက် ရပ်နေသည်။ ကလေးကိုတော့ မွေးဖွားပြီးသွားပြီ။

 

“မမြမေ အမေ့အနားမှာ မဆွေရှိသားပဲ။ သမီးတို့အဖေ ရုံးချိန်မီ ထမင်း ချက်ရဦးမယ်။ အိမ်ပြန်တော့”

 

အမေသည် အားယူ၍ ဖြည်းညင်းစွာပြောသည်။ သူ ဒီတုန်းကလည်း မပြန်ချင့်ပြန်ချင် အိမ်ပြန်ခဲ့သည်။ လမ်းတစ်လျှောက်လုံး ရင်ထဲမှာ စကားပြောလာခဲ့သည်။ ဒီစကားတွေကို အဖေ ကြားစေချင်သည်။ သူသည် အိမ်ပြန်ရောက်တော့ ကလေးတွေကိုရော အဖေ့အတွက်ပါ ချက်ပြုတ်လိုက်သည်။ ပူစူးက အမေ့ကို အိပ်ရာကနိုးနိုးချင်း မတွေ့ ၍ ငိုသည်။ အဖေသည် ရေမိုးချိုး၍ သူ ခူးပေးသော ထမင်းကို စားကာ ရုံးသို့ထွက်သွားသည်။

 

ညရောက်တော့ မဆွေနှင့်သူ လူချင်းလဲကြရန် အဝတ်များယူ၍ ဆေးရုံ ကို ထွက်လာခဲ့သည်။ ဆေးရုံရောက်တော့ အမေ့မျက်နှာ ကြည်လင်နေသည်ကိုတွေ့ရ၍ သူ စိတ်ပေါ့သွားသည်။

 

“အိမ်မှာ အဆင်ပြေလား”

 

မမဆွေက မေး၏။ မကြားအောင် ပြောသည်။ သူက ခေါင်းညိတ်ရင်း မဆွေနားကပ်ကာ-

 

“အဖေနဲ့အမေက ဘာမှ မပတ်သက်ဘူး ထင်တယ်” သူပြောသံကြား တော့ မဆွေက ရယ်ပါသည်။ မဆွေသည် ရယ်မော၍ စကားပြောတတ်သည် ကကို ချစ်စရာကောင်းနေပေသည်။

 

“မပတ်သက်လား၊ ပတ်သက်လား အခု တစ်ယောက်မွေးပြီလေ”

 

ဒါပဲ ပြော၍ ရယ်ပြန်ပါသည်။ သူတို့နှစ်ယောက် ဘာပြောနေသည်ကို အမေ နားလည်ဟန် မတူပါ။

 

သူရော မဆွေရော အလုပ်ရတော့ ဝမ်းသာသည်။ ပညာသင်သူ လေးယောက်ပဲကျန်တော့ အမေ့မှာ ပေါ့သွားသည်။ မုန့်ဟင်းခါးရောင်းသည်က လောက်တော့ သူတို့ ညီအစ်မနှစ်ယောက် ဝင်ငွေက စုမိသည်။

 

အဖေ ပင်စင်မယူခင်တစ်နှစ်က သူ့အောက် နှစ်ယောက် ဒီဂရီ ရသည်။ ဒီနှစ်မှာ သူတို့အိမ်လေး လေးပင်သုံးခန်းကို ပျဉ်ထောင်ကာ သွပ်မိုးလိုက်၏။

 

အမေက အိမ်နှင့် သစ်ဆိုင်ကို လိုအပ်သော သစ်များဝယ်ရန် လက်သ များနှင့် ကူးကလန် ကန်ကလူးလုပ်နေချိန်တွင် မမြမေက လက်ဖက်ရည်အိုး တည်၍ အလုပ်ရှုပ်နေသည်။ လက်သမားများသောက်ရန်နှင့် ခေါင်းရင်း ကနားဖျင်းတဲတွင်းရှိ ပက်လက်ကုလားထိုင်ပေါ်က အဖေသောက်ရန်ဖြစ်သည်။

 

ထူးထူးချွန်ချွန် သူတို့ညီအစ်မ ခြောက်ယောက်တွင် အငယ်ဆုံး ထွေး ထွေးက အိမ်ထောင် အရင်ကျသည်။ ထွေးထွေးသည် လူ့ဘဝ စရောက်ကတည်း က အမေ့ကို ချောက်ချားစေခဲ့သူဖြစ်၏။

 

ယခုလည်း ကျောင်းကနေ လင်နောက်လိုက်ပြေးသည်။ မမြမေ ရုံးခန့် ကို အမေ အပြေးအလွှားရောက်လာသည်။ သူသည် ရုံးမှ အရေးပေါ်ခွင့်တိုင် ကာ အမေ သွားရာကို တကောက်ကောက် လိုက်ရသည်။

 

အမေသည် အိမ်ရောက်တော့ ဒီတစ်ခါ အော်ငိုသည်။ သမီးကိစ္စမို့ ထင်သည်။ အဖေ့ကိုလည်း အော်သည်။ အဖေက မျက်မှန်ကြီး မ တင်ကာ ကုလားထိုင်ပေါ်မှ လှမ်းကြည့်သည်။ ပြီးတော့ မျက်လွှာချနေသည်။

 

“ကိုဘအေး အဲဒီမှာ ငုတ်တုတ်ထိုင်နေ၊ မိထွေး လင်နောက်လိုက်သွား ပြီ”

 

အမေသည် အော်ပြော၏။သည်လို အမေ အော်သည်၊ ငိုသည်ကို မမြမေ မမြင်ဖူးပေ။

 

“အဲဒါဘာဖြစ်သလဲ မညွန့်”

 

အဖေ၏မေးသံ ကြားတော့ မမြမေသည် ပါးစပ်ကလေးဟသွားသည်။

 

“ဘယ်သူနဲ့လဲ၊ ဘာလဲ ရှင် မစုံစမ်းတော့ဘူးလား။ ပြီးတော့ လူနဲ့သူနဲ့ တူအောင် ပြန်အပ်ဖို့၊ ဘာဖို့ ယောက်ျားလေးရှင်ကို ပြောရမယ်။ စီစဉ်ရမယ်

 

“မလိုပါဘူး” အဖေက ဒါပဲပြန်ပြောကာ ကုလားထိုင်နောက်မှီကို ပစ်မှီလိုက်သည်။

 

မမြမေသည် ငိုနေသော အမေ့ကိုကြည့်ကာ ပင့်သက်ရှူမိ၏။ သုံး လေးရက် အမေ ဆက်တိုက် အပြင်ထွက်ပြီးနောက် “စာရေးကြီး ဦးဘအေး ဒေါ်ညွန့်တို့၏ သမီးထွေးနှင့် ဦးကံဘော်၊ ဒေါ်စိန်တို့၏ သား ဖိတ်စာကို မမြမေ လိုက်ရသည်။ ဒီတုန်းက အိမ်မှာ အုန်းနို့ခေါက်ဆွဲကျွေး၍ မင်္ဂလာဧည့်ခံပွဲလုပ်သည်။

 

ဒီလိုနှင့် နှစ်နှစ်ခြားတစ်ခါလောက် အုန်းနို့ခေါက်ဆွဲ လေးခါကျွေးပြီး သောအခါ သူ၏အစ်မနှင့် ညီမလေးယောက်စလုံး အိမ်ထောင်ကျသွားကြသည်။

****

အဖေ ပင်စင်ယူသွားပြီ။

 

အဖေ့အတွက် လျော့သွားသော ဝင်ငွေအစားကို သူတို့ ညီအစ်မ နှစ် ယောက် လခက ဖြည့်တင်းပေးလိုက်သည်။ အဖေသည် ပက်လက်ကုလားထိုင် ပေါ်ထိုင်သည့် အလုပ်အပြင် ယခုတော့ တစ်ခုပိုလာသည်။ ပင်စင်ယူဖော်ယူ ဖက်များနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်သည့်အလုပ် ဖြစ်သည်။

 

ကျန်အချိန်တွင် သူ စာဖတ်ရန်အတွက် စာအုပ်ဝယ်ရန်နှင့် လက်ဖက် ရည်ဖိုးဆို၍ အမေ့ကို ပင်စင်လခတစ်ပြားမျှ မအပာ့ပါ။ ကျန်ညီအစ်မများ သည် အိမ်ခွဲသွားပေမယ့် တစ်လကို ၅၀ စီ အမေ့ကို လစဉ်ထောက်သည်။ မမြမေကတော့ သူ့လခ အမေ့ကို အကုန်အပ်သည်။

 

ပင်စင်ယူပြီး နှစ်နှစ်အကြာ အဖေ လေဖြတ်၍ အိပ်ရာပေါ် လဲနေသည်။အမေ့ကိုတော့ တည်တည်ငြိမ်ငြိမ်ပဲ တွေ့ ရသည်။ “ပင်စင်နာဆိုတာက ဒါပေါ့ကွယ်” ဟု အမေက ဆိုသည်။

 

အဖေ့ကို အိပ်ရာပေါ် ပက်လက်ကလေး အမြဲတမ်းလို တွေ့ နေရသည် ကိုတော့ မမြမေ စိတ်မကောင်းပါ။ ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်မိသည်။ မဆွေသည် ခဏခဏလာသည်။ အကြီးဆုံးဆိုတော့ တခြားအငယ်မတွေထက် တာဝန်သိတတ်ပုံရသည်။

 

“မမဆွေ အဖေ ဒီလိုဖြစ်သွားတာ အမေက ချောက်ချားပုံမပေါ်ဘူး”

 

သူက မမဆွေကို ပြောပြ၏။

 

“အို… လင်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်မှာပေါ့။ ချောက်ချားရ လောက်အောင် အဖေ့မှာ ဘာမှ မထူးခြားပါဘူး။ အဖေ ကုလားထိုင်ပေါ် ထိုင်နေတာနဲ့ အိပ်ရာပေါ် လှဲအိပ်နေတာ ဒါပဲကွာတယ်”

 

ဟုတ်ပေသား။ မမဆွေသည် မှန်သောစကားကို ဆိုတတ်၏။

*****

ယခုတော့ အမေ နားပြီ။

 

ကလေးလည်း မမွေးတော့။ မုန့်ဟင်းခါးဆိုင်ကိုလည်း မထိုင်ဖြစ်တော့။ အိမ်ပြင် အဝတ်တန်းများတွင်လည်း ကလေးအနှီးများ မရှိတော့ပေ။ ကလေး များ ငိုသံ၊ ရယ်သံ မရှိတော့၍ သူတို့အိမ်လေး တိတ်ဆိတ်နေသည်။

 

မကြာပါ။ အမေ့အိမ် အလယ်ခန်းထုပ်တွင် အစောဆုံး ပုခက် လာချိတ် သူက အငယ်ဆုံး ထွေးထွေး။ ထွေးထွေးသည် ကျောင်းတက်ရင်း လင်နောက် လိုက်ပြေး၍ အမေက ပညာအဆုံးထိသင်ရန် ပြောသည်။ ထွေးထွေး ကျောင်း ဆက်တက်တော့ ကလေးကို အမေက ထိန်းပေးရသည်။ နောက်တော့ ကျန် ညီအစ်မများ သူတို့အလုပ်သွားချိန်တွင် ကလေးတွေကို အမေ့ဆီ လာအပ်ကြ သည်။ ညနေကျ လာခေါ်သည်။ တန်းများပေါ်တွင် အနှီးများ ပြည့်လာပြန် သည်။ အိမ်သည် ကလေးတို့ငိုသံနှင့် စီညံလာပြန်သည်။

 

မမြမေသည် နားယဉ်၍ မလာတော့။ ယခင်လို တိတ်တိတ်ဆိတ်ဆိတ် ပဲ နေချင်သည်နှာခေါင်းထဲမှာလည်း ကလေးသေးစိုသော အနှီးအနံ့များ စွဲ နေသလို ဖြစ်နေသည်။

 

“အမေရယ်… ကလေးထိန်းဂေဟာပဲ ဖွင့်ပေတော့” ဟု သူက ဆိုသည်။ အမေကတော့ ကလေးများကိစ္စပြီးလျှင် အဖေ့ကို ထမင်းကျွေးရသည်။ နောက်ဖေးတည်ရသည်။ မမြမေ ရုံးမသွားခင် အဖေဆီးသွား၊ ဝမ်းသွားထား သော အဝတ်များကို လျှော်ခဲ့သည်။ အဖေသည် ညဘက် သတိလစ်၍ ခဏခဏ အိပ်ရာပေါ် ဆီးသွားတတ်သည်။

 

အမေ၏ မုန့်ဟင်းခါးပြင်သော လက်သည် ယခုတော့ ကလေးပုခက် လွှဲလျက်ရှိသည်။ ကလေးပုခက်ဘေးတွင် ဖျာလေးခင်းကာ အိပ်ရင်း၊ စကား ပြောရင်း ပုခက်လွှဲကတော့ မပျက်။ တစ်ခါတစ်ရံ အိပ်ပျော်သွားတတ်သည်။

 

“နေပါဦး၊ မောင်ထွန်းလွင်ကို သမီးက ဘာသဘောမကျတာလဲ”

 

အမေက ပုခက်လွှဲရင်း မေးပြန်သည်။ အမေ့အမေးကို သူမဖြေငြိမ်သက်စွာ နားထောင်ရင်း စဉ်းစားနေမိ၏။ “လင်” ဟူသော အပိုင်းကဏ္ဍကို ဘယ်လို လက်ခံကျင့်သုံးသည်မသိ။ အမေကလည်း ဘယ်လိုနားလည်လက်ခံ ထားပါသနည်း။

 

အမေ့ဘဝတွင် “လင်” ဟူသော ဝေါဟာရနှင့် ပတ်သက်၍ တဖက် လူဘေးက ကြည့်၍ အားကျစရာ ဘာတစ်ကွက်များ ရှိပါလိမ့်။ မမြမေသည် တွေး၏။ ကြည်နူးစရာလေးတစ်ကွက်မျှ သူ့အနေနှင့် မတွေ့မိ။ ဒါပေမဲ့လည်း ဘာကြောင့်များ လင်ယူဖို့ နားချပါသနည်း။ အမေက အကောင်းဘက် ကပဲ ကြည့်တ ဲ့ သူက အဆိုးဘက်ကပဲ ကြည့်တတ်လေသလား။

 

“အမေကလည်း၊ အမေရာ ကလေးပုခက်လွှဲရတာ လက်မညောင်းသေးဘူးလား”

 

သူက ဒါပဲ ပြန်မေးလိုက်၏။

 

“ဒါကတော့ မသေမချင်း လွှဲရတာ ကြည်နူးဖို့တောင် ကောင်းသေး။ သူတို့အိပ်နေတာ ချစ်စရာမကောင်းဘူးလား”

 

အမကေဆို၏။

 

“မြေးတွေလွှဲပြီးရင် အဖေ့ကို ပုခက်ပေါ်တင်လွှဲဦးပေါ့”

 

သူက ဆိုသည်။အမေက တခစ်ခစ်ရယ်၏။

 

“မိန်းမဆိုတာ ဒီလိုပဲပေါ့။ သားသမီးမွေး၊ ပြီးတော့ မြေးကိုမွေး၊ လင် က အိုလို့ နာလာတော့ လင်ကို ဆက်မွေး”

 

“အမေ့ဟာကလည်း မွေးလို့ပဲ မဆုံးဘူး”

 

“ဒါပေါ့ ဒါပေါ့” ဟုဆိုကာအမေက ရယ်သည်။ သူသည်လည်း ရောနှောရယ်ရပေမယ့် စိတ်က သိပ်မပါ။ သူ ရုံးက အလုပ်များ အိမ်ယူလာ၍ အလုပ်ပြီးချိန် စားပွဲတွင် ထိုင်နေလျှင် အမေက ဒီမောင်ထွန်းလွင်အကြောင်းကိုပဲ မေးမေးနေတတ်သည်။

 

“ကိုထွန်းလွင်ဆိုသူသည် ဘယ်လိုလူများပါလိမ့်” သူက စဉ်းစားတော့ ကြည့်မိပါသည်။

 

“သမီးရယ်၊ အဖေရယ်၊ အမေရယ် ခုလိုနေတာ မကောင်းဘူးလား။တော်ကြာ သမီး လင်ယူတော့ အမေ့အိပ်ခန်းမှာ ပုခက်တစ်လုံးတိုးလာတာပဲရှိမယ်”

 

သူက ဒီလိုတော့ ပြန်ပြောမိသည်။

 

“အဲဒီတော့ ဘာဖြစ်လဲ။ အမေ ကလေးတွေ ပုခက်လွှဲနေတုန်း စိတ် ငြိမ်နေတာပဲ။ လွှဲရင်း အိပ်ပျော်သွားတော့လည်း အေးလို့။ သမီးသာ တစ် ယောက်တည်း ကျန်ရစ်ပြီး အမေ မျက်စိမှိတ်သွားရင် ဘယ်မှာ စိတ်ဖြောင့် မလဲ။ အမေ စိတ် ဘယ်မှာအေးမလဲ၊ ငြိမ်မလဲ။ မိန်းမဆိုတာ လင်ရှိမှ တင့် တယ်တာ”

 

အမေက ဆိုပြန်ပါသည်။ အမေ့စကားကြားတော့ သူသည် ဆယ်တန်း ဦးဩဘာသ တုန်းက ဝေဿန္တရာဇာတ်တော်ကြီး သင်ခဲ့ရသည်ကို သတိရ၏။ဤလိုပင် ဆိုသည်။ လင်မရှိသော မိန်းမ၊ အလံမရှိသော ရထားတဲ့၊

 

“မောင်တစ်ရာပင် ရှိလင့်ကစား လင်မရှိသော မိန်းမသည် အချည်းနှီး မတင့်တယ်”

 

ဘာကြောင့်များ ပညာရှိများနှင့် လူကြီးအစဉ်အဆက်တို့သည် ထိုစကာ များကို ဆိုပါလိမ့်။

 

“သမီးက သေသည်အထိ တစ်ယောက်တည်း နေသွားရင် ကော တာပေါ့။ အမေ မျက်စိမှိတ်မှ မတော်တာနဲ့ တွေ့ သွားရင် ပြီးပါရော။ လူဆိုတာမပြောနိုင်ဘူး”

 

အမေ၏သောကနှင့် အမေ့ဆန္ဒရည်ရွယ်ချက်များက ဒါပဲဖြစ်သည် အမေ့သောကကိုတော့ သူ ဂရုပြုမိပါသည်။ အမေ့ကိုလည်း မတော်တာနှ မတွေ့ပါဘူးဟူ၍ သူ ကတိမပေးနိုင်ပါ။ အမေတို့စကားနှင့် ပြောရလျှင်တေ အမေ့ဘဝသည် တင့်တယ်ဟန်ရှိသည်။ ဘာတွေများ တင့်တယ်နေပါလိမ့် သူကတော့ တင့်တယ်ခြင်းများကို မမြင်။ အဖေသည် ငွေ ၁၀၀ ကျပ် ဆပ်ကာ ထမင်းစားသည်ကိုပဲ တွေ့၏။ ပြီးတော့ သူတို့ခြောက်ယောက်မွေးသည်။ ဘာ လှိုက်လှိုက်လှဲလှဲ အဖေ့နှလုံးသား လှုပ်ရှားသည်ကို မတွေ့မိ။ အမေက တွေး ကောင်းပါတယ်။ သူ လင်ယူခဲ့သော ဘဝတစ်လျှောက်လုံး အကြောင်းကို တွေးနားချဖို့ကောင်းပါသည်။ ပြီးတော့လည်း အချိန်နှင့် အကန့် အသတ်နှင့် အဖြေပေးရမည်တဲ့။ အချိန်က “သီတင်းကျွတ်လျှင်”

 

ထွေးထွေးနွေးနွေး ခြောက်သွေ့စပြုလာသော သီတင်းကျွတ်၏ ရာသီ လွန်လျှင် ဆောင်းရနံ့သင်းသော လေပြေများ တိုက်ခတ်လာတော့မည်။ အချိန်တွင် ကိုထွန်းလွင်ရင်ခွင်က ပူနွေးနေလျှင်တော့ ကောင်းပေမည်။ တစ် မိုးတွင်းလုံးက စိုစွတ်ထိုင်းမှိုင်းလှသည်။ ပြီးတော့ အနှီးစို၊ အဝတ်စိုများ၏ အနံ့က ညစ်ထေးထေး၊ အောက်သိုးသိုး။ ဒီအနံ့တွေက ငြီးစီစီနှင့် နေမပူလျှင် အိပ်ခန်းထဲ တန်းလုပ်၍ လှန်းရသောအခါ ပို၍ ဆိုးသည်။ နေရှိန်နှင့်မှ အနံ့ က ပြယ်သည်။ ဘယ်လိုပင် စင်အောင်လျှော်လျှော် ကလေးသေးဝတ်ထက် အဖေ ဆီးသွားထားသော အဝတ်များက အိမ်ထဲမှာလှန်းလျှင် အနံ့က မပျောက် ချင် သူတို့ညီအစ်မခြောက်ယောက်သာ မွေးဖွားခဲ့သည်။ အဖေသည် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ မရောက်ဖူးခဲ့ပါ။

 

အနှီးလွတ်နေသော ကလေးကိုလည်းစောင်ခြုံ၍ မပေးဘူးခဲ့။ သေးစိုသော အနှီးကို ဘယ်လိုလဲရမည်ဟုမသိ။ သူတို့ညီအစ်မသာ ကလေးငယ်များနှင့် အိပ်ခဲ့ရ၏။ သူသည် အမေ့လို သတ္တိရှိပါ့မလား။ ဆေးရုံပေါ်တွင် ဗိုက်ကရစ်၍ နာလာလျှင် အနည်းဆုံး ကိုထွန်းလွင် လက်ကလေးကိုတော့ ကိုင်၍ အားပြုချင်ပါသည်။ ထွေးထွေးကို မွေးတုန်းက အမေက သူတို့လက်ကိုသာ ကိုင်၍ ညည်းတွားနေသည်ကို သူ တွေ့ ခဲ့ရသည်။

 

အို… အဖေ့ကို သနားပါသည်။ သူ ထမင်းမှန်မှန် ခူးကျွေးခဲ့ပါသည်။ ယခုလည်း အိပ်ရာပေါ်လဲနေ၍ ချေးဝတ်၊ သေးဝတ် လျှော်ပေးခဲ့သည်။ အဖေ တစ်ယောက်အနေနှင့် ချစ်ပါသည်။

 

ဒါပေမဲ့ အဖေသည် ယောက်ျားအမျိုးအနွယ် “လင်ကဏ္ဍ” တွင် ပါဝင်သူ။ ကိုထွန်းလွင်လည်း ယောက်ျားအမျိုးအနွယ်။ အကယ်၍များ အဖေ့ လို လင်ကျောက်ရုပ် ဖြစ်နေခဲ့ပါလျှင်။

 

အဖေ့ကိုတော့ သူ့မျက်စိထဲတွင် ထမင်းလခ မှန်မှန်ပေးထားသူ တစ် ယောက်လို့သာ မြင်သည်။ သူတို့အိမ်၏ ဖြစ်ပျက်ကိစ္စအရပ်ရပ်တွင် အဖေ ဘယ်ကဏ္ဍမှ ပါဝင်သည်ကို မတွေ့ ရ။ ကိုထွန်းလွင်သာ အဖေ့လို ပုံစံနှင့်ဆိုပါ က ဘုရားဘုရား။ သူက အမေ့လို အရည်အချင်းမရှိ။ ပါရမီ မပြည့်ပါ။ ပုခက်လွှဲသောလက် ဆိုသည်မှာ ပါရမီရှိဖို့လည်း လိုပါသည်။

 

အကယ်၍များ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဖြစ်လာလျှင်တော့ သီတင်း ကျွတ်ရာသီ၏ အချစ်နန္ဒာကန်တွင် ကြာညိုရနံ့ သင်းကောင်း သင်းပျံ့နေပေ လိမ့်မည်။ ဆောင်းအလှည့်ရောက်တော့လည်း သဇင်နံ့ဖြင့် ရစ်ပတ်နေသော နှင်းမှုန်သည် သူ့ကို ပွေ့ပိုက်ချော့သိပ်ပေလိမ့်မည်။

 

ဒါပေမဲ့ အိပ်ပျော်ခြင်းသည် တခဏ။ အိပ်မက်ဆိုတာကလည်း တဒင်္ဂ။ ရုတ်တရက် နှာခေါင်းထဲကို သေးစိုနံ့တွေ၊ စိုထိုင်းသော မှိုနံ့အငွေ့ အသက်တွေ ဝင်ရောက်လာပါပြီတဲ့။ သူသည် ဆောင်းအိပ်မက်က လန့်နိုးရပါ လျှင် ကျောက်ရုပ်ကြီးတစ်ရုပ်ကိုများ တွေ့ နေရမည်လား။ သူ့လက်သည် ပုခက် ကိုတော့ လွှဲချင်ပါသည်။ ကျောက်ရုပ်ကြီးကို ရိုက်ခွဲသည့် လက်အဖြစ်တော့ မရောက်ချင်ပါ။

 

အမေ့လိုလည်း သည်းခံနိုင်စွမ်းမရှိလေတော့…

 

အမေရယ် သီတင်းကျွတ်ကနေ နွေဦးပေါက်အထိ စဉ်းစားပါရစေ။

 

*** ***

ခင်နှင်းယု

၁၉၈၄-ခုနှစ်၊ အောက်တိုဘာလ မဟေသီ။

မြရည်ဆည်းဆာ ဝတ္ထုတိုများ

သောကြာကြိုက် သော စာစုများမှ

Leave a Reply

Your email address will not be published. Required fields are marked *