#မင်းဘုရား ဘာသိတုံး
——————————-
တစ်နေ့က ကျွန်တော့်မိတ်ဆွေ တစ်ယောက် အိမ်ကိုလာပြီး ပြောသွားတဲ့ အကြောင်းတစ်ခုနှင့် ကျွန်တော့်အတွေ့အကြုံ ဆက်စပ်ပြီး စဉ်းစားမိလို့ပါ။
နိုင်ငံခြားက ပြန်လာတဲ့ သားကို လေယာဉ်ကွင်းမှာ သွားကြိုတာ ခဏတဖြုတ်ပဲ တွေ့လိုက်ရပြီး၊ “နောက်မှလာမယ် အမေ” လို့ ပြောသွားတာ ၂ရက်-၃ ရက် ကြာအောင် အမေ့ဆီ မရောက်လာတော့၊ အမေက သား နိုင်ငံခြားပြန်ကို ဟိုမှာ နေခဲ့ ထိုင်ခဲ့ စားခဲ့ သောက်ခဲ့ရတဲ့အကြောင်းတွေ၊ ပညာသင်ကြားခဲ့ရပုံတွေ၊ နိုင်ငံခြားက အစား အသောက်တွေဟာ အမေ ချက်ပြုတ်ကျွေးခဲ့တဲ့ အစားအစာတွေလောက် ကောင်း, မကောင်း မေးချင်လို့ သားနှင့် စကားပြောချင်လို့ တမျှော်မျှော် ဖြစ်နေရတဲ့အကြောင်း ပြောရင်း၊ “အတော်မိုက်တဲ့လူဗျာ။ တကယ်ဆို အလုပ်တွေ များလို့ နေ့ခင်း မသွားနိုင်ဘူး ထားဦးတော့။ ညဘက် တက္ကစီတစ်စီးလောက် ငှားပြီး ခဏတဖြုတ်ဖြစ်ဖြစ်တော့ သွားဖို့ကောင်းတာ။ ဟိုမှာ အမေကြီးကဖြင့် လည်တဆန့်ဆန့်နှင့် သားလာရင် စားရ သောက်ရအောင် စီမံ ချက်ပြုတ်လို့ နေ့တိုင်း မျှော်ရှာတာ”လို့ ဝေဖန်သွားတယ်။
သူပြောတာကို ကျွန်တော် နားလည်ပါတယ်။ ဒီလိုပဲ ဖြစ်မှာပါပဲ။ နိုင်ငံခြားက ပြန်လာတဲ့လူဟာ အင်မတန် အလုပ်များပါတယ်။ သူ့ဌာနဆိုင်ရာ အကြီးအကဲတွေ လိုက်တွေ့ ရ၊ လက်ဆောင် ပါလာရင် သွားပေးရ၊ အစီရင်ခံစာတွေ ရေးရ၊ ဟိုက လူကြုံပါးလိုက်တဲ့ စာတို့, ပစ္စည်းတို့ကို ကိုယ်ဝယ်လာတဲ့ ပစ္စည်းများနှင့် မရောထွေးခင် သူ့ဟာနှင့်သူ ရှင်းလင်းပြီး ချက်ချင်း သွားပို့ရနှင့် တော်တော် အလုပ်ရှုပ်တာကို တွေ့မြင်နေကျပါပဲ။ ဒီတော့ ကျွန်တော့်သားတွေ နိုင်ငံခြားက ပြန်လာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့က ကြုံရင် ကြုံသလို လေယာဉ်ကွင်း လိုက်ကြိုရင်း တွေ့။ တစ်ခါ တစ်ခါ သူတို့ကားနှင့် တစ်ခါတည်း သူတို့အိမ် လိုက်သွား။ ဘာတွေ တွေ့ခဲ့ မြင်ခဲ့ ဝယ်ခဲ့ ခြမ်းခဲ့တယ် ဆိုတာ မေးမြန်းပြီး ပြန်ခဲ့ရတာပါပဲ။ သူတို့ခမျာများ မှာတော့ ပြန်ရောက်ပြီး နောက် ၂ ရက်-၃ ရက် ကြာမှ သူတို့ ပါလာတဲ့ ပစ္စည်းကလေး အနည်းအကျဉ်းနှင့် အဖေအမေ့ဆီ ရောက်လာကြမြဲပါပဲ။ ဒါဟာ ကမ္ဘာ့နိယာမပါပဲ။ ဘယ်သူ့ကို ဘာအပြစ် ပြောလို့ရမလဲ။
* * *
ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ ပုံတစ်ခုကို ပြောပြချင်ပါတယ်။ သားဖြစ်သူ အိမ်ထောင်သည်က တောထဲက အပြန် ပျားဖွပ်လို့ ရခဲ့တဲ့ ပျားသလက်ကြီး ခမောက်ထဲ ထည့်ဆောင်းပြီး ပြန်လာသတဲ့။
အဲ- သူ့အိမ် ပြန်တဲ့လမ်းမှာက သူ့အမေအိမ်။ ထမင်းကလည်း ဆာတော့ အမေ့အိမ် ဝင်ပြီး ထမင်းစား သတဲ့။ အမေ ဆိုတာကတော့ သားလာရင် ကျွေးနိုင်အောင် သားကြိုက်တတ်တဲ့ အစားအစာနှင့် မျှော်နေရတတ်တဲ့ လူမျိုး ဆိုတော့ သားကို အဆင်သင့်ပဲ ခူးခပ်ပြီး ကျွေးသတဲ့။ သားဖြစ်သူကတော့ သူ့ခမောက်ထဲ ထည့်ပြီး ဝှက်ယူလာတဲ့ ပျားသလက်ကြီး အမေ မြင်သွားရင် အမေ့ကို နည်းနည်း ဖဲ့ပေးခဲ့ရမှာ စိုးတော့ ခေါင်းပေါ်က ခမောက်ကြီး မချွတ်ဘဲ ထမင်းဝင်စားသတဲ့။
ပျားသလက်ထဲက ပျားရည်တွေကလည်း တစိမ့်စိမ့် စီးကျလာတော့ အမေက ဘယ်လို ထင်သလဲ ဆိုတော့ သူ့သား မောပန်းလာလို့ ချွေးတွေ စီးကျလာတယ်လို့ ထင်တယ်။ ဒီတော့ မိခင်တို့ရဲ့ ကရုဏာနှင့် သားကို ယပ်ခတ်ပေးရင်းက “သားရယ်၊ ထမင်းစားတုန်းများ မင်း ခမောက်ကြီး ခဏချွတ်ထားပါဦး” လို့ ပြောပြောဆိုဆို သူ့ခေါင်းပေါ်က ခမောက်ကို ယူလိုက်တော့မှ အထဲက ပျားသလက်ကြီး ထွက်ကျ လာတာနှင့် “အမေ လိုချင်ရင် နည်းနည်းဖဲ့ယူလိုက်” လို့ ပြောရသတဲ့။
လူသာမန် ဆိုတာတော့ ဒါဟာ အဆန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အရှင်မဟာမောဂ္ဂလာန် အလောင်းတော်တောင်မှ မလိမ္မာသောမယား စကားကို နားထောင်ပြီး၊ မျက်မမြင်မိဘ ၂ ပါးကို ခရီးသွား ဟန်ဆောင်ပြီး တောထဲ ခေါ်။ သူခိုးဓားပြ တွေနှင့် တွေ့သလို လုပ်ပြီး ရိုက်သတ်ပစ်ဖို့ ကြံစည်သေးတာပဲ။ မိဘများကတော့ သူတို့ကို ဓားပြတွေ ရိုက်ပြီ ဆိုပြီး သားကလေးကို ထိမှာစိုးလို့ “သားရေ၊ လွတ်အောင်ပြေး၊ လွတ်အောင်ပြေး” လို့ အော်ပြောရှာကြသတဲ့။ ဒီတော့မှ အရှင်မဟာမောဂ္ဂလာန်အလောင်း လူမိုက်ကြီးဟာ မိဘမေတ္တာကို ဆင်ခြင်မိလို့ သတိတရား ရတာနှင့် မိဘတို့ကို ပြန်ခေါ်ပြီး၊ ခြေဆုပ်လက်နယ် ဝတ်ကြီးဝတ်ငယ် ပြုစုပြီး နေသတဲ့။ အဲ-တော်သေးတာပေါ့။
ပြီးတော့တစ်ခါ တရုတ်ပုံပြင်လား, ဂျပန်ပုံပြင်လား တစ်ခု ရှိသေးတယ်။ အမျိုးသမီးက သူမွေးထားတဲ့ ခွေးကလေးကို ကျွေးဖို့ သူ့ယောက်ျားရဲ့ အမေ့ရင်ထဲက အသည်းနှလုံးကို ထုတ်ယူပေးပါလို့ ခိုင်းတော့ သူကောင်းသားကလည်း မယားဇောနှင့် အမေ့ရင်ခွဲ အသည်းနှလုံး ထုတ်ယူပြီး ချစ်သူကို မျက်နှာလုပ်ဖို့ ပြေးအလာမှာ ခလုတ်တိုက်ပြီး လဲကျသွားသတဲ့။ အဲဒီအခါမှာ သူ့လက်ထဲက အသည်းနှလုံးက “အို-ဖြစ်ရလေ လူကလေးရယ်၊ ဘယ်များ နာသွားသေးလဲ” လို့ မေးလိုက်သတဲ့။
အဲဒီ ပုံပြင်ကို အစက ကျွန်တော် မယုံပါဘူး။ ပိုလွန်း ကဲလွန်းနေတယ်။ အလွန်အကျွံ ဆိုးလွန်းတယ်လို့ပဲ ထင်ခဲ့တယ်။ နောက် လူ့လောကရဲ့အကြောင်းအရာ တော်တော် စုံစုံလင်လင် မြင်ဖူး တွေ့ဖူးလို့ စဉ်းစား တတ်လာတဲ့အခါကျတော့၊ “ဒါဟာ ပုံပြင်ပေမယ့် နိယာမတရားကို သင်္ကေတနှင့် ပြောပြထားတာပါလား” လို့ လက်ခံလိုက်ပါတယ်။
* * *
အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ မိန်းမလိုချင်တာ လိုက်ပြောမပေးကောင်းလားဆိုပြီး အဖေအမေကို စိတ်ဆင်းရဲအောင် လုပ်တဲ့ သားတို့၊ မိန်းမနှင့် မတည့်တဲ့ အမေအိုကို ရန်လုပ်ပြီး “အစ်ကိုကြီးအိမ်ကို သွားချေ” လို့ နှင်ချတဲ့ သားတို့၊ မိန်းမစကား နားဝင်ပြီး အဖေအမေ့အိမ် မသွားဘဲနေတဲ့ သားတို့၊ မိန်းမဘက်က အမျိုးမှ အမျိုး ကိုယ့်ဘက်က အမျိုးတွေကတော့ မလွှဲသာလို့ တော်ရတဲ့ သူတောင်းစားတွေလို့ ထင်တဲ့ သားတို့၊ “မေမေတို့က မောင့်ကို တခြားသားသမီးတွေလောက် မချစ်ပါဘူး” လို့ မယားက ပြောလို့ အဖေအမေကိုသာမက ညီတွေ, ညီမတွေ, အစ်ကိုတွေပါ မျက်နှာထား တင်းတင်းနေတဲ့ သားတို့၊ ဒီလိုဟာတွေကတော့ လောကနှင့် အပြည့်ပဲ ရှိပါလိမ့်မယ် ထင်ပါတယ်။ ဒါဟာ လောကနိယာမပဲ ဖြစ်ပါလိမ့်မယ်။
ကျွန်တော်ဟာ သားဘဝတုန်းက ဒါကို သိပ်ယုံယုံကြည်ကြည် မရှိခဲ့ပေမယ့်၊ “အဖေ”ဘဝ ရောက်လာပြီး သားတွေ သမီးတွေ အိမ်ထောင် ကိုယ်စီနှင့် တစ်အိုး တစ်အိမ်စီ နေနေကြတဲ့အခါမှာ ကိုယ်က “ဦးစားပေးခံရတဲ့ လူတန်းစား” ထဲမှာ မပါတော့မှ “ဪ- ဒါဟာ နိယာမပဲ” လို့ သဘောပေါက်လာပါတယ်။
ကျွန်တော့်သားသမီးတွေဟာ မိဘအပေါ် ခုနက ပြောခဲ့တဲ့ သားတွေလို မဟုတ်ကြပါဘူး။ ဝတ္တရား မပျက်ကြဘူးလို့ ဆိုနိုင်ပါတယ်။ တစ်ခါတလေ ကိုယ့်စိတ်နှင့် မတိုက်ဆိုင်မိလို့ ပျက်တယ်လို့ ထင်မိရင်လည်း “ငါကဲ့သို့သော နိယာမ ရှိတတ်ကလားပါပဲ” ဆိုတဲ့ နားလည်မှုနှင့် ခွင့်လွှတ်လိုက်ရတာ များပါတယ်။ တကယ်တော့ ကျွန်တော် အဲသလို သဘောထားနိုင်တာက ကျွန်တော် ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်ထဲက ရခဲ့တဲ့ သင်ခန်းစာကြောင့်ပါပဲ။ ကျွန်တော် ပြောပြမယ်နော်။
* * *
ဇာတ်ပွဲက ရွာအပြင်ဘက် မှာပါ။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း တစ်ယောက် ညဉ့်ဦးပိုင်း ကတည်းက ပွဲခင်းထဲ ရောက်ကြပါတယ်။ စောစောပိုင်းမှာတော့ လှည်းကြို လှည်းကြား ကိုယ်နှင့် စကား အတုံ့အလှည့်ရတဲ့ မိန်းကလေးတွေ
နားမှာနှင့်၊ ပွဲခင်း အပြင်ဘက်က ရေနံဆီ မီးခွက် ကလေးတွေနှင့် အသုတ်ဆိုင် အကြော်ဆိုင်တန်း သွားလိုက် လာလိုက် အဝယ်တော် လုပ်နေတာနှင့် အချိန်ကုန်တာပါပဲ။ သန်းခေါင်ကျော် လင်းအားကြီးပိုင်းကျတော့ အိပ်ချင်လာပေမယ့် အိမ်ပြန်ဖို့ ခက်နေတော့ သိမ်းသွားတဲ့ အကြော်ဆိုင်က ခုံတန်းပေါ် ခါးက ပုဆိုးကလေးတွေ ခြုံပြီး ကွေးအိပ်လိုက်ကြတယ်။ တကယ်က အိပ်လို့တော့ မပျော်ပါဘူး။ ဆိုင်းသံ ဗုံသံနှင့် ဇာတ်စင်ပေါ်မှာ ပြောကြ ဆိုကြတဲ့ အသံတွေ, ဆိုင်းဆင့်သံ, ပတ်တုတ်သံတွေကတော့ ကြားနေရတာပါပဲ။
အဲဒီအချိန်မှာ ခါတိုင်းပွဲများကတော့ နောက်ပိုင်းဇာတ် ဆိုတော့ အငိုနှင့် အလွမ်းတွေပေါ့လေ။ အများက နားလည်ထားတဲ့ “အပူခန်း”။ အဲ- အဲဒီပွဲမှာတော့ ဘယ့်နှယ် အပူခန်းက ပရိသတ်ကို တဝါးဝါး တဟားဟားဖြစ်အောင် လုပ်နေပါလိမ့်လို့ ထူးခြားတာနှင့် ကျွန်တော်တို့ ၂ ယောက် ခေါင်းထောင်ကြည့်ပြီး ထ,ထိုင်လိုက်ကြ ရတယ်။ မနက် ၄ နာရီလောက် ရှိပြီ ထင်ပါရဲ့။
ဇာတ်က လူစွမ်းကောင်း ဗျတ္တကို ဘုရင့်အမိန့်နှင့် ကားစင်တင်ပြီး သတ်တဲ့ ဇာတ်ကိုး။ ဗျတ္တကလည်း “ဓားနှင့်ထိုး ဓားကျိုးပါလို့ လှံသာခွေ၊ လှံနှင့်ထိုး လှံကျိုးပါလို့ ဓားသာခွေ” ဆိုတဲ့ လူစွမ်းကောင်း။ ဒီအခန်းမှာ ဗျတ္တကို ကြီးကြပ် ကွပ်ကဲရမယ့် ဝန်က အာဏာပါးကွက်တွေ သွားခေါ်တဲ့ အခန်း။
ဝန်က “ဟဲ့ ဟဲ့ ဟဲ့- အာဏာသားတွေ မရှိကြဘူးလားလဟဲ့” ဆိုပြီး မင်းသံနှင့် ခေါ်လိုက်တော့၊ အာဏာသား လုပ်သူက သူ့ကို လူနောက် လူပြောင်တွေက လာခေါ်တယ် ထင်လို့ ခပ်ကြမ်းကြမ်း ခပ်ရိုင်းရိုင်း ဆဲဆိုပြီး ထွက်လာ။ အပြင်ရောက်မှ ဝန်မှန်း သိပြီး ထိုင်ရှိခိုးတာက စပြီး အဲဒီ အာဏာသား ပြောတာတွေ ဟာသမြောက်လွန်းလို့ ပါးစပ်ပိတ်ထားလို့ မရအောင်ကို ရယ်ရ ဟားရ ပါတယ်။ ပရိသတ် ကတော့ ဝန်လာတာကို သိနေပေမယ့် အာဏာသားက မသိတော့ ဆဲတာ ဆိုတာတွေက စပြီး ပွဲကျတော့တာပဲ။ တော်ရုံလူက ဝန်ကို ဆဲရဲတာမှ မဟုတ်တာ။ ဒီပါးကွက်သားက မသိယောင်ဆောင်ပြီး ဆဲတာနှင့် တူပါရဲ့။
ဝန်က သူ့ကို စိတ်မဆိုးပါဘူး။
“တယ် မိုက်တဲ့ အကောင်ပဲ။ ငါခေါ်နေတာ ကြာလှပြီ။ နင် ဘာတွေ လုပ်နေလို့ ငါခေါ် တာကို မကြားရတာတုံးဟဲ့” လို့ မေးတော့၊
ပါးကွက်သားက-
“ရေနွေးကျိုပြီး ပုရွက်ဆိတ်တွင်းတွေ လျှောက်လောင်းနေရတယ် မင်းဘုရား” လို့ ဖြေတယ်။
“ဟယ်- မိုက်တွင်းက နက်လှချည်လား” ဆိုတော့-
“မိုက်လို့ ဒီရာထူး ရတာ။ မင်းဘုရား ဘာသိလို့တုံး” တဲ့။
“အေးပါလဟယ်၊ ဒါတွေ ထားလိုက်ပါတော့။ ဘုရင်ထီးဘုရား အမိန့်တော် ပါတယ်။ အမိန့်တော် နာခံလဟဲ့”
“မင်း မင်းဘုရား”
“ဘာလဲလဟဲ့”
“လူသတ်ဖို့ အမိန့်လား ဘုရာ့”
“ဒါပေါ့လဟဲ့”
“ဝမ်းသာလိုက်တာ မင်းဘုရားရယ်။ ကျွန်တော် ဘယ်သူ့ သတ်ရမှာတုံး”
“ဗျတ္တဟဲ့။ ဗျတ္တ”
“ဟို- လူစွမ်းကောင်း ဗျတ္တလား”
“အေး”
“အခု ရာဇဝတ်တော် ပေးပြီလား”
“ပေးပြီဟဲ့”
“ကျွန်တော်မျိုးလည်း ဆုတော် လာဘ်တော်တွေ ရမှာတဲ့လား မင်းဘုရား”
“အေး- ရမှာပေါ့လဟဲ့။ ဘုရင်ထီးဘုရားက ဒီလူစွမ်းကောင်းကို သတ်တဲ့အတွက် နင့်ကို ဆုတော်ငွေ ၅၀၀ ချီးမြှင့်တော်မူမည်တဲ့။ အမိန့်တော် ပါတယ်”
“ရွေ- နိပ်ဟ၊ ၅၀၀ ဆို အတော်ပဲ”
“နင် ဘာတွေ သုံးမတုံး”
“ဆုတော်ငွေ ၅ဝဝ ရရင် အဲဒီ ၅၀၀ ထဲက မိန်းမကို ၅ဝဝ-၂ ပြားတင်း (* ၅၀၀ ကို ၂ ပြားလျော့) ပေးမယ်”
“၂ ပြားက ဘာဖြစ်လို့ တင်းရတုံးဟဲ့”
“အမေ့အတွက် လက်ဖက် ဝယ်ဖို့”
“ဟဲ့ကောင်-မိုက်လုံးကြီးလှ ချည်လား။ အမေဆိုတာ နင့်ကို ဖဝါး လက်၂လုံး, ပခုံး လက်၂သစ် အရွယ်က စပြီး နို့ချို တိုက်ကျွေးပြီး လူဖြစ်အောင် မွေးလာခဲ့တဲ့ ကျေးဇူးတွေကို နင့်လက်ဖက် ၂ပြားဖိုးနှင့် ကျေမတဲ့လား”
“အမယ်- မင်းဘုရား ဘာသိတုံး”
“နင်ကကော ဘာသိတုံး။ ပြောစမ်း”
“အမေ့နို့က ၃ နှစ်ပဲ စို့ရတာ”
အဲသလို ပြက်လုံးတွေနှင့် နောက်ပိုင်းဇာတ်သိမ်းချိန် ပြကွက်တွေဟာ ဒီပါးကွက်သားရဲ့စကား အထစ်ထစ် အငေါ့ငေါ့တွေကြားက ထွက်လာလိုက်တာ ကျွန်တော်တို့ ၂ယောက်လည်း ပွဲသာ သိမ်းရော တဟားဟားနှင့်။ တစ်ခါတစ်ခါ ဘေးတွေ နံတွေပါ နာအောင် အူနှိပ်ပြီး ရယ်ခဲ့ကြရတယ်။ အိပ်လည်း မအိပ်ချင်တော့လို့ မနက်မိုးလင်းအထိ ထိုင်ကြည့်ခဲ့ကြပါတယ်။
ရုပ်သေးပွဲ ဖြစ်ဖြစ် ဇာတ်ပွဲ ဖြစ်ဖြစ် နောက်ပိုင်းမှာ အဲဒီ တစ်ပွဲကိုတော့ ကျွန်တော် အတော့်ကို မှတ်မိနေပါတယ်။
မှတ်မိလိုက်သမှ ကျွန်တော်ဟာ မကြာခဏ ဆိုသလို အဲဒီ ဇာတ်ထဲက အာဏာပါးကွက်သားရဲ့ စကားတွေကို အကြောင်းဆိုင်တိုင်း သုံးမိအောင်ပါပဲ။
ဒါကြောင့် သား မလာလို့ လည်တဆန့်ဆန့် ဖြစ်နေရှာတဲ့ အမေကို သနားတဲ့ အကြောင်း လာပြောတဲ့ ကျွန်တော့်မိတ်ဆွေကိုလည်း ကျွန်တော်က ဒီအကြောင်း ပြောပြပြီး “မင်းဘုရား ဘာသိတုံး” ဆိုတဲ့ မေးခွန်းပဲ မေးလိုက်ရပါတယ် ခင်ဗျား။ ။
————–
#ထင်လင်း
[ဤပုံပြင်များကို သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း၌ ရေးသားခဲ့ပါသည်။ ၁၉၉၉ ခုနှစ်က ပန်းရွှေပြည် စာအုပ်တိုက်မှ စုစည်းပြီး ပထမအကြိမ် ထုတ်ဝေခဲ့ပါသည်။ “ကျေးတောသားပုံပြင်” မှ “မင်းဘုရား ဘာသိတုံး” အထိ ပါဝင်ပါသည်။]
——–
ထင်လင်းဝတ္ထုတိုပေါင်းချုပ် ဒုတိယအုပ်၊ ပန်းရွှေပြည်စာအုပ်တိုက်၊ ဒုတိယအကြိမ်၊ ၂၀၁၈၊ ဇန်နဝါရီလ။
(စာ ၅၄၅-၅၄၇)
သောကြာ ကြိုက်သော စာစုများမှ