ရေတံခွန်
ဆရာ (နေ၀င်းမြင့်)
________________
တစ်ခါက အမေကိုယ်တိုင် ကျွန်တော်တို့ကို ပုံပြင်တစ်ပုဒ် ပြောပြပါသည်။ အမေကိုယ်တိုင်ဟု သုံးရခြင်းမှာ ကျွန်တော်တို့ကို အမေကြီး(အဘွား)ကသာ ပုံပြင်ပြောတတ်မြဲဖြစ်ပြီး အမေက ပုံပြောခဲပါသည်။ ပြီးတော့ ပုံပြင်ပြောသည့်အချိန်က ကျွန်တော်တို့့ညီအစ်ကိုတွေ အသက်ကြီးကြလှပါပြီ။ မိန်းမရသူက ရနေပြီ။ အလုပ်လုပ်သူက လုပ်နေပြီ။ သည်လို ကြီးကောင့်ကြီးမားတွေကို တစ်ရက်မှာ စုပြီး အမေပြောပြခြင်းဖြစ်သည်။
” တစ်ခါတုန်းက အမေအိုကြီးတစ်ယောက်ဟာ သူသေခါနီးမှာ သားသုံးယောက်ကို ခေါ်လိုက်တယ်၊ သားတွေအနားရောက်တော့ အမေအိုက ဘာပြောသလဲဆိုတော့ စားပွဲပေါ်မှာ ငွေနှစ်ကျပ်စီ တင်ထားတယ်၊ ငါ့သားတွေက တစ်ယောက်ချင်းဟာ ငွေနှစ်ကျပ်စီယူကြပြီး ဟောသည့်အမေ့အခန်းထဲမှာ ပြည့်လောက်တဲ့ ပစ္စည်းတစ်မျိုးမျိုး ၀ယ်ပြီးဖြည့်စေချင်တယ်၊ ပြည့်အောင်ဖြည့်နိုင်တဲ့သားကို အမေပိုင်တဲ့ စည်းစိမ်ဥစ္စာတွေ ပေးခဲ့ချင်လို့ပဲ၊ ကိုင်း .. သွားကြတော့လို့ပြောတာပေါ့။ သည်တော့ သားတွေက တစ်ယောက် ငွေနှစ်ကျပ်စီယူကြပြီး စျေးကို ထွက်လာခဲ့ကြတယ်။ အမေ့အခန်းထဲ ပြည့်လောက်တဲ့ပစ္စည်းကို ရှာကြတာပေါ့လေ။ ရှာကြတော့ အကြီးကောင်က ငွေနှစ်ကျပ်နဲ့ကောက်ရိုးတွေ၀ယ်တယ်၊ ရှေးကဆိုတော့ ကောက်ရိုးနှစ်ကျပ်ဖိုးဟာ အများကြီးရတာကိုး၊ အမေ့အခန်း ကောက်ရိုးခင်းပြလိုက်မယ်ပေါ့၊ သားအလတ်ကတော့ ကြက်မွေး ငှက်မွေးတွေ နှစ်ကျပ်ဖိုး၀ယ်တယ်၊ ဒါတွေဖြန့်ခင်းလိုက်ရင် အခန်းပြည့်လောက်တယ်လို့သူကလဲ တွက်တာကိုး။ သားအငယ်ဆုံးကတော့ သစ်သားမီးခြစ်ကလေးတစ်လုံးနဲ့ ဖယောင်းတိုင်ကလေးတစ်တိုင် ၀ယ်တယ်၊ ပြီးတော့ အမေအိုဆီ ပြန်ခဲ့ကြတာပေါ့။ အမေအိုက ငါ့သားများ ၀ယ်ခဲ့ကြပလားဆိုတော့ ၀ယ်ခဲ့ကြပါပြီတဲ့၊ ကိုင်း … ဒါဆို အမေ့ကို ပြကြစမ်းပါဦးဆိုတော့ သားအကြီးကောင်က သူ၀ယ်လာတဲ့ ကောက်ရိုးတွေ ဖြန့်ပြလိုက်တာပါပဲ၊ အမေအိုက သားကြီးကိုကြည့်တယ်၊ ပြုံးတယ်၊ ပြီးတော့ သားအလတ်ကောင်က သူ၀ယ်လာတဲ့ ကြက်မွေးငှက်မွေးတွေ ဖြန့်ပြပြန်ရော၊ အမေအိုက ပြုံးပြန်တယ်၊ ပြီးတော့ သားအငယ်ကောင်ကို မင်းကကော ဘာ၀ယ်လာခဲ့သလဲ ဆိုတော့ သားအငယ်ကောင်က မီးခြစ်နဲ့ ဖယောင်းတိုင်ကလေး ထုတ်ပြတယ်၊ ထွန်းလဲ ထွန်းပြလိုက်တယ်၊ ဖယောင်းတိုင်မီးတောက်က ထွက်လာတဲ့အလင်းရောင်ဟာ တစ်ခန်းလုံး နေရာလပ်မရှိ လင်းချင်းသွားတော့တာကိုး … ”
အမေက သူပြောလက်စ ပုံပြင်ကို သည်မှာပဲ ရပ်လိုက်သည်။ ကျွန်တော်တို့ညီအစ်ကိုအားလုံးကို ကြည့်သည်။
” သည်တော့ အမေအိုက ဥာဏ်ရှိတဲ့ သားအငယ်ကောင်ကို ချီးမွမ်းတာပေါ့၊ အမေ့စည်းစိမ်တွေအားလုံး မင်းယူပါ၊ အမေမရှိတော့ရင် အစ်ကိုနှစ်ယောက်ကို မင်းပဲ စောင့်ရှောက်ပါလို့မှာသတဲ့၊ အမေ သည်ပုံပြင် မင်းတို့ကိုပြောပြတာ အကြောင်းရှိတယ်၊ ငါ့သားတွေကို ဘယ်သူက ပညာရှိသလဲ အမေ မစမ်းသပ်ချင်ပါဘူး၊ မစမ်းသပ်ပေမယ့် အမေသိပါတယ်၊ သည်လိုပဲ ဘယ်သူအမိုက်ဆုံးလဲဆိုတာလဲ အမေသိတာပဲ၊ သည်တော့ ငါ့သားတွေထဲက အမိုက်ဆုံးသားဆီမှာ အမေမျက်စိမှိတ်တဲ့အထိ နေချင်တယ်၊ ကျန်တဲ့သားတွေကလဲ အဝေးကပဲ အမေ့ကိုစောင့်ရှောက်ကြပါ၊ ငါတို့ဆီမှာတော့ မနေလေခြင်းလို့ မအောက်မေ့ပါနဲ့၊ မိုက်တဲ့သားဆီမှာ နေတော့ အမေ့ကိုငဲ့ပြီး ထက်၀က်လောက်တော့ သူ အမိုက်လျော့နိုင်သေးတယ် မဟုတ်လား … ”
သည်တော့ ကျွန်တော်တို့ကလည်း ညီအစ်ကိုချင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြရတော့သည်။ အားလုံးလိုလို မမိုက်ကြသူတွေဆိုဦးတော့ မလိမ္မာကြတာမှာတော့ သိပ်မကွာကြသူတွေမဟုတ်လား။ အမေ ဘယ်သူနဲ့ နေမှာလဲ။ အမိုက်ဆုံးသား ဘယ်သူလဲ။ အမေအသက်ကလေးရလာတော့ သားတစ်ယောက်ယောက်ဆီမှာ အခြေတကျ နေချင်ပုံပေါ်သည်။ အမေပိုင်းဖြတ်ပြီး နေထိုင်မည့်အိမ်က သားဆိုး၏အိမ်ဆိုပါတော့။
” အမေ ခင်မောင်မြင့်နဲ့နေမယ် …
ကျွန်တော်တို့အားလုံး သည်တော့မှ အမေ့သားဆိုးကံစမ်းမဲပေါက်သူ အကိုကြီးကို ကြည့်လိုက်ကြသည်။ အကိုကြီးက အမေ သူနှင့် ထာ၀ရနေမည်ဆိုတော့ ပြုံးပြုံးကြီး။ မျက်နှာမှာတော့ အရက်ခိုးတွေဝေလျက်။
မိဘတို့၏မေတ္တာသည် ယဉ်ကျေးမှုဓလေ့ထုံးစံတို့မှ စီးဆင်းလာသော ပြင်ပစေ့ဆော်မှုမဟုတ်ဘဲ ခန္ဒာကိုယ်တွင်း ဗီဇစိတ်ကပါလာသည့် စေ့ဆော်မှုဖြစ်သည် ဆို၏။ ဒါကို ကျွန်တော်ယုံကြည်ပါသည်။ အမေသည် ငွေနှစ်ကျပ်ပေးပြီး ဖယောင်းတိုင်နှင့် မီးခြစ်၀ယ်တတ်အောင် သင်ပေးခဲ့သူဖြစ်သည်။ မကောင်းမှုကို အဖြားယောင်းမခံရဖို့ ရိုးဖြောင့်ခြင်းမန္တာန်ကို ပေးခဲ့သူဖြစ်သည်။ နူးညံ့သောစိတ်နှလုံးကို ပေးခဲ့သူလည်းဖြစ်သည်။ သည်လောက်နှင့်ပင် ကျွန်တော် ဘ၀ခရီး တော်တော်လျှောက်နိုင်ခဲ့ပြီ။ အမေသည် ကျွန်တော်၏ ရှေးကျသလောက်ခွန်အားကောင်းသော အင်အားစုကြီးဖြစ်၏။ ယန်းပေါလ်ဆာ့ထ်ပြောသလို အမေ့ချစ်ခြင်းကို တိုင်းတာနိုင်ဖို့ချစ်ခြင်းမေတ္တာကို သက်သေထူရန် မလိုပါ။ အမေသည် အမေဖြစ်နှင့်ပြီးသောကြောင့်ဖြစ်ပါသည်။
——————-
(နေဝင်းမြင့်)
credit to မောင်ချမ်း (ခရမ်းပြာ)
credit to သောကြာကြိုက်သောစာစုများ
Copied from Sai Lu