Novel

#နင့်အမေ ဝှေးစေ့ခြောက်လုံး (၁+၂)

——————————————-

တပည့်ကျော် ဟန်စုနဲ့ ဆွေးနွေးခန်း
————————————-

ခန္တီးမှာ မြို့နယ် ပါတီယူနစ် လာဖွင့်တာ မကြာသေးဘူး။ ကျွန်တော် ဆေးရုံကို သွားရင် အသစ်ဖွင့်လိုက်တဲ့ ပါတီယူနစ်ရှေ့က မဖြတ်မဖြစ် ဖြတ်ကို ဖြတ်ရတယ်။ ဒိပြင်က ကွေ့ကောက် ရှောင်လွှဲသွားလို့လည်း မရဘဲကိုး။ လမ်း ဒီတစ်လမ်းရှိတာ။

တစ်မနက် ဆေးရုံကိုအသွား ပါတီယူနစ်ရုံးရှေ့ အဖြတ်မှာ ရုံးဘက်ဆီက လက်ခုပ်တီးသံ သုံးချက် ကြားလိုက်ရတယ်။ တစ်ဆက်တည်းပဲ အဲဒီ လက်ခုပ် ထွက်တီးတဲ့ လူဆီက

“ဟေ့လူ”

“ဟေ့လူ”

အော်ခေါ်သံ ကြားလိုက်ရတယ်။ ကျွန်တော် သွားနေရာက ရပ်ကြည့်လိုက်တော့ ဆိုင်းဘုတ် အပြာအောက် တံခါးဝရှေ့မှာ လူတစ်ယောက် စတစ်ကော်လာ အင်္ကျီ ဝတ်လို့ ကျွန်တော့်ဘက် မျက်နှာမူထားတယ်။ ကျွန်တော် ဒီလူကို အရင်က မြင်လည်း မမြင်ဖူးဘူး၊ သိလည်း မသိကျွမ်းဘူး။ ဒီတော့ ဟေ့လူ… ဟေ့လူ ဆိုတာ ကျွန်တော့်ကို ခေါ်တာလို့ ဘယ်ထင်မလဲ။ ပြီးတော့ ပြတင်းနှစ်ပေါက်က ကြည့်နေကြတဲ့ သိင်္ဂီတို့၊ ကြည်ကြည်တို့ ဆိုတဲ့ ဝန်ထမ်းမလေးတွေလည်း မြင်လိုက်ရတယ်။ ကျွန်တော့် ဟိုဘက်မှာလည်း ဘယ်သူမှ ရှိတာလည်း မဟုတ်။ ရုတ်တရက် တွေးကြည့်လိုက်တယ်။ ဟေ့လူ… ဟေ့လူ…

ဪ သူငါ့ကို လူလို့ အသိအမှတ်ပြုလိုက်တာပဲ၊ ဒေါသဖြစ်စရာမှ မဟုတ်တာ၊ ဒီလို သဘောပိုက်ပြီး ဆေးရုံဘက် ဆက်လျှောက်ခဲ့တယ်။ ဒါပေမယ့် နံဘေးအိမ်က ဦးသာလင်းတို့၊ ဒေါ်စိန်သော့တို့ မိသားစုတွေကလည်း အဖြစ်အပျက်ကို မြင်လိုက် ကြားလိုက်လေတော့

“ဘာဖြစ်တာလဲ ဆရာ”

“မသိပါဘူး၊ ကျွန်တော့် ခေါ်တယ်ထင်လို့ လှည့်ကြည့်လိုက်တာ”

“ဟာ… ဆရာ့ ခေါ်နေတာ မဟုတ်ဘူးလား”

“ဟုတ်ပုံ မရပါဘူးဗျာ”

ပုစ္ဆာကောင်းတစ်ပုဒ် ရလိုက်တဲ့စာတော်တဲ့ ကျောင်းသား တစ်ယောက်လို ရုတ်တရက် ရတဲ့စိတ်ကူးကြောင့် ချက်ချင်းတုံ့ပြန်လိုက်တယ်။

“ဘာမှ မရောင်းဘူးဗျို့…”

ကျွန်တော့်ရဲ့အော်လိုက်သံကြောင့် ဦးသာလင်းရော ဒေါ်စိန်သော့ရော သူ့သမီးတွေပါ ပြုံးပြုံးကြီး ကျန်ခဲ့တယ်။ ကျွန်တော့်ကို လက်ခုပ်တီးပြီး ဟေ့လူ ဟေ့လူလို့ ခေါ်တဲ့သူက ပါတီယူနစ် ဥက္ကဋ္ဌတဲ့၊ နာမည်က ဗိုလ်ကြီး ထွန်းလင်းတဲ့။ တပ်မတော်ကနေ ပါတီဘက်ကို ပြောင်းလာတာ။ ယူအမ်ပီတပ်ကနေ ဗိုလ်ကြီး ဖြစ်လာတဲ့သူ။

ကျွန်တော် ဆေးရုံမှာ လူနာတွေကို စမ်းသပ်ရတယ်။ ဆေးပေးရမယ့် လူနာကို ဆေးပေးတယ်။ ဆေးထိုးတန်ရင် ထိုးပေးရတယ်။ ကျွန်တော်ဟာ ဆေးရုံနဲ့အိမ်၊ အိမ်နဲ့ ဆေးရုံ တစ်မိုင်ခွဲခရီး လမ်းအမြဲ လျှောက်နေတဲ့သူ။ နေ့လယ်စာ ပြန်စားတော့လည်း မနက်ကလိုပဲ လက်ခုပ်တီးသံ သုံးချက်နဲ့

“ဟေ့လူ”

“ဟေ့လူ” လို့ ထွက်လုပ်ပြန်ရော။ ဪ… ခက်တော့ နေပါပြီ။ ဘယ်လို ဥက္ကဋ္ဌ ပါလိမ့်။ အဲဒီထဲက ဝန်ထမ်းတွေက ကျွန်တော့်ကို မသိတဲ့သူ မရှိဘူး။ ပြီးတော့ လမ်းပေါ်မှာ ကျွန်တော် တစ်ယောက်တည်း ရှိတာ။ သူ ခန့်ထားတဲ့ ရုံးအဖွဲ့မှူးတို့၊ စာရေးမတို့ ဆိုတာ ကလေးလာမွေးသူနဲ့ ငှက်ဖျားဆေး လာတောင်းတဲ့သူနဲ့၊ မနက်ကလိုပဲ…

“ဘာမှ မရောင်းဘူးဗျို့…”

လို့ လုပ်ပစ်ခဲ့တယ်။ ပါတီယူနစ် ဥက္ကဋ္ဌ ကျွန်တော့် အပြုအမူအပေါ် ဘယ်လို အောက်မေ့မယ်တော့ မသိဘူး။ ခရိုင်ဆေးရုံအုပ်ကြီး၊ ဆရာဝန် တစ်ယောက်ကို ပြုမူဆက်ဆံ နေပုံကိုရော သူ့ကိုယ်သူ သတိထားမိရဲ့လား ကျွန်တော်မသိဘူး။

နားကြားပြင်း ကတ်စရာ ကောင်းတဲ့ လက်ခုပ်သံနဲ့ အော်ခေါ်သံက ကျွန်တော် ဆေးရုံ အသွား၊ ဒါမှမဟုတ် အပြန် ကြားကို ကြားရတာပဲ။ တစ်ရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။ ဒီဥက္ကဋ္ဌ ဆိုတဲ့ သတ္တဝါ ရုံးထဲမှာ နေရင် ကျွန်တော့်ကို တွေ့လိုက်တာနဲ့ ဟေ့လူ ဟေ့လူ လုပ်နေတာ ရက်တွေ များနေပြီ။ ကျွန်တော်လည်း “ဘာမှ မရောင်းဘူးဗျို့” လို့ သုံးခါလောက် သူ့ကို ပြန်အော်ပြီး နောက်တော့ အဖက်လုပ်ပြီး ပြန်ဖြေမနေတော့ဘူး။

သိန်းလှိုင် စဉ်းစားရပြီ။ ဒါ ဘာသဘောလဲ။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီထဲ ဝင်စေချင်လို့ စည်းရုံးမလို့လား။ သူ့အသိ တစ်ယောက်နဲ့ လူမှားတာလား။ ဒါဖြင့် ဒီဥက္ကဋ္ဌ ဆိုတဲ့ သတ္တဝါ ချိုးနေတဲ့ အချိုးက ဘာအချိုးလဲ။ စဉ်းစားစမ်း သိန်းလှိုင်၊ ကျွန်တော် အဲဒီလို စဉ်းစားခန်း ဝင်ရင် စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ် မီးကူးပြီး သောက်မိ ရှိုက်မိတော့တာပဲ။ ကျွန်တော် ရှိုက်ထုတ်လိုက်တဲ့ စီးကရက် မီးခိုးငွေ့တွေ အကြားမှာ အဖြေပဲ ပါလာလေနိုးနိုး။ အဆုတ်ထဲ ရောက်လာကြတဲ့ နီကိုတင်း ဓာတ်တွေကပဲ အကြံကောင်း သယ်ဆောင်လာလိမ့်နိုးနိုး။

ဆရာ တပည့် ကိုယ့်အတွေးနဲ့ကိုယ် ငြိမ်နေရာက တပည့်ဖြစ်သူခမျာ ရုတ်တရက် ခေါ်လိုက်သံကြောင့် သူ လန့်သွားတယ်။

“ဟန်စု လာပါဦးကွ”

“ဘာလဲ ဆရာ”

“ငါမေးတာ မှန်မှန်ဖြေ”

“ဟုတ်”

“မင်း လူတစ်ယောက်ကို စိတ်ဆိုးရင် ဒေါသဖြစ်ရင် ဘာလုပ်မလဲ”

တပည့်ကျော် ဟန်စု တောင်စဉ်းစား၊ မြောက်စဉ်းစား လုပ်မနေဘဲ ချက်ချင်း ဖြေလိုက်တယ်။

“ဓားနဲ့ ခုတ်မယ် ဆရာ”

“ဟာ အဲဒီလောက်ကြီး မဟုတ်ဘူး၊ စိတ်တိုလို့ မခံမရပ်နိုင် ဖြစ်လာရင် မင်း ဆဲမယ်။ အဲဒီအခါ ဘယ်လို ဆဲသလဲ”

“ငါ မသိဘူး၊ ငါ့ကို မဟုတ်တာလုပ်ရင် ဓားနဲ့ ခုတ်မှာပဲ၊ ဆဲတယ် ဆိုတာဘာလဲ”

“ဟိုကွာ၊ စိတ်ဆိုးတဲ့အခါ ဒေါသအလျောက် တစ်ဖက်သား နာကြည်းအောင် ပြောချလိုက်တာ”

“ငါ နာကြည်းတာတွေ ပြောမနေဘူး၊ ခေါင်းကို ဖြတ်ပစ်လိုက်တာ”

“ဟာကွာ… ဟန်စုရာ မင်းကို အကူအညီ တောင်းခါမှ…”

“ဆရာ့ကို ဘယ်သူ ဘာပြောလဲ၊ ဘယ်သူ့ခေါင်းလဲ ပြော”

“မဟုတ်သေးဘူး၊ အဲဒီအဆင့် မဟုတ်သေးဘူး၊ ငါက ရိုးရိုး မေးနေတာ”

“ငါ မဆဲတတ်ဘူး ဆရာ ခေါင်းဖြတ်ရမယ့် သူပြော”

“အေးပါ မင့်လည်း အဖြတ် မခိုင်းပါဘူး၊ ငါ့ကို ဖြတ်ပေးမယ့်သူတွေ တောင်ပေါ်မှာ ရှိပါတယ်၊ မင်းဖြတ်တော့ ငါ့လက်ချက်မှန်း သိမှာပေါ့”

သူ့ တိုင်ပင်မှ ခေါင်းဖြတ်ရမယ့်ကိန်း ဆိုက်နေတယ်။

“ဘာလို့လဲ ဆရာ”

“ဟိုကွာ… ပါတီယူနစ် ဥက္ကဋ္ဌက သူ့ရုံးရှေ့က ငါ ဖြတ်သွားတိုင်း လက်ခုပ်တီးပြီး ဟေ့လူ ဟေ့လူနဲ့ အော်ခေါ်တယ်ကွာ၊ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်၊ ဆရာ၊ လာပါ ကြွပါ၊ အထဲဝင်ပါဦး ဆိုရင် တစ်မျိုးပေါ့၊ ငါက ဦးနှာက်နဲ့ နားနဲ့ အလုပ်လုပ်တာ သူက ပါးစပ်နဲ့ လက်ခုပ် လက်ဝါးနဲ့ အလုပ် လုပ်နေတာ”

ဟန်စုက နှစ်နှစ်ခြိုက်ခြိုက် ပြုံးတယ်။ သူ့မျက်နှာမှာ ဒီလို အပြုံးမျိုး တွေ့ရခဲလို့ ကျွန်တော် လိုချင်တဲ့အဖြေ ရပြီလို့ သိလိုက်တယ်။

“ဪ… သူက ဆရာ့ကို ဒီလို လုပ်သလား”

“အေး”

“နောက်တစ်ခါ လက်ခုပ်တီးပြီး ဟေ့လူလို့ ခေါ်ရင် ဆရာက”

ဟန်စုက စကားကို ဆုံးအောင်မပြောဘဲ ရပ်ထားတယ်၊ ပြီးမှ ပီပီသသ ခပ်ကျယ်ကျယ် ပြောတယ်။

“လ…စ်လို့ ပြန်အော်လိုက်”

“ဟာကွာ မင်းငါ့ကို အချုပ်ထဲ တောက်လျှောက် ပို့နေပြန်ပါပြီ”

“မချုပ်ဘူး ဆရာ၊ မုံရွာက ဆရာဝန်ကြီးနဲ့ ငါအတူတူ နေခဲ့တာ အကြာကြီးလေ၊ ရောက်လေရာမှ ရဲက ဆရာဝန်ကြီးကို ရပ်ဆိုရင် ဆရာဝန်ကြီးက …ထစ်လို့ အော်လိုက်တာပဲ၊ အဲဒီတော့ ရဲတွေက သွားပါ… သွားပါတဲ့”

ဟန်စုခမျာ သူပြောတဲ့ စကားလုံးရဲ့ အရင်းအမြစ်ကို နားလည်ပုံ မရဘူး။ သူ့အတွေ့အကြုံကို ရိုးရိုးသားသား မျှဝေနေခြင်းမျှသာ ဖြစ်တယ်ဆိုတာ သူ့မျက်နှာနဲ့ သူအပြုံးမှာ အထင်အရှား တွေ့နေရတယ်။ ဒိပြင်ကိစ္စတွေမှာ အလွန်အားကိုးရပေမယ့် ဒီကိစ္စမှာ အားကိုးလို့ မရတဲ့ ဟန်စုနဲ့ ဆွေးနွေးခန်းကို ရပ်ပစ်လိုက်ရတယ်။ လာစမ်း စီးကရက် နောက်တစ်လိပ်။

ညွန့်ပေါင်းကျမ်း
—————-

သူ့ကို ကျွန်တော်တို့က ချစ်စနိုး ပညာဝန်လို့ ခေါ်တယ်။ နာမည်ရင်းက ဦးအောင်စိန်ပါ။ လက်ထောက်ပညာရေးမှူးလို့ ရာထူးအမှန်ကို ခေါ်သူ နည်းတယ်။ “ပညာဝန် ဦးအောင်စိန်” လို့ အလွယ် ခေါ်သူခေါ် ဦးအောင်စိန် ဆိုတဲ့ နာမည် မထည့်ဘဲ ပညာဝန်လို့ ခေါ်သူ ခေါ်ကြတယ်။ တွေ့ဖူးသမျှထဲမှာတော့ ဦးအောင်စိန်က ဆံပင်နည်းနည်း ရှည်တယ်။ ဒါပေမယ့် သပ်သပ်ရပ်ရပ် ဖြီးထားတတ်တယ်။ သူ့ကို ဘာလို့ ဆံပင်အရှည် ထားတာလဲဆိုတော့ သူ့အဖြေက စိတ်ဝင်စားစရာ။

“စစ်ဗိုလ်တို့၊ ရဲအုပ်တို့နဲ့ မှားမှာစိုးလို့” တဲ့။

သူ သီချင်းအဆို ဝါသနာပါတယ်။ သီချင်းတွေ ရတယ်။ စာပေါင်ပဲ့အောင် ဆိုနိုင်တယ်။ အဆွေးသီချင်း သန်တယ်။ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေလည်း အတော် မှတ်မိတဲ့သူ။ ကျွန်တော့် ကိစ္စကို သူနဲ့ တိုင်ပင်ရင် ကောင်းမှာပဲလို့ စိတ်ကူးရတယ်။ ဒီပညာဝန်က နယ်အတော် များများလည်း ရောက်ခဲ့ဖူးတော့ သူနဲ့ဆိုရင် ဖြစ်လောက်တယ်။ သူ ကူညီလောက်တယ်လို့ ထင်မိတယ်။ သောက်လက်စ စီးကရက်က အတော်တိုနေပြီ၊ နောက်တစ်လိပ် ကူးစရာ စီးကရက် မရှိလို့ လက်နှစ်ချောင်း ပူအောင် ဖွာနေရာက လက်စသတ်လိုက်တယ်။

“လာ… ပညာဝန်… ထိုင်ဦး၊ ခင်ဗျား လာတာနဲ့ အတော်ပဲ”

“ဘာဖြစ်လို့လဲ ဆရာ၊ ပျင်းလို့ သီချင်း နားထောင်ချင်တာလား”

“ဟာ ပေါက်တတ်ကရ၊ ဘယ်က သီချင်းနားထောင်ချင်လို့ ရမှာလဲ၊ ဆရာ့ သီချင်း နောက်မှဆို”

“ဒါဆိုရင် ဘာလုပ်ပေးစေချင်သလဲ ရုပ်ရှင်ဇာတ်လမ်း ဟိုနေ့က အဆက်လေး…”

“မပျင်းဘူး၊ မပျင်းဘူး… အဲ… ပျော်လည်း မပျော်ဘူး”

“ဒီတော့…”

“ကျွန်တော့်စကား ပညာဝန် ဆုံးအောင် နားထောင်ပြီးမှ ကျွန်တော် တောင်းတဲ့ အကူအညီပေး၊ ဘယ့်နှယ်လဲ”

“ဟာ ဒေါက်တာကလည်း သူစိမ်းတွေမှ မဟုတ်တာ၊ ကူညီမှာပေါ့”

“ဟောဒီ ခန္တီးမှာ ပညာဝန်ဆိုလို့ ဆရာ တစ်ယောက်ပဲ ရှိတာ ဟုတ်တယ်နော်”

“ဟုတ်တယ်လေ”

“ဆရာဝန် ဆိုရင်လည်း ကျွန်တော် တစ်ယောက်ပဲ ရှိတာ”

“ဒါလည်း ဟုတ်တာပဲ အဲဒီတော့”

“အဲဒီတော့ ဆရာက ပညာဝန် ဦးအောင်စိန် မလုပ်နဲ့ ရာထူးတွေစွန့်ပြီး အောင်စိန်လို့ ခံယူလိုက်”

သူ ကျွန်တော်ကို မျက်မှောင်ကြီး ကြုတ်ကြည့်နေတယ်။

“ကျွန်တော်လည်း ဒေါက်တာသိန်းလှိုင် မဟုတ်တော့ဘူး၊ သိန်းလှိုင် ဖြစ်သွားပြီ”

“ဟာ ဆရာ ဘာတွေ ပြောနေတာလဲ ကျွန်တော် ဒီဘဝရောက်အောင် မိဘတွေ မရှိကြတဲ့ကြားက မနည်းကြိုး…”

“တကယ် မဟုတ်ပါဘူး၊ ဥပမာသဘော ပြောတာပါ။ ကျွန်တော်ပြောတာ ဆုံးအောင် နားထောင်ပါဦး၊ ပညာဝန်ရဲ့”

“ကဲ ဟုတ်ပါပြီ”

“ခင်ဗျားနဲ့ ကျွန်တော် အောင်စိန်နဲ့ သိန်းလှိုင် သမီးရည်းစား တစ်ယောက်ကို ပြိုင်တူ ပိုးကြရာမှာ ကျွန်တော်…”

“ဟာ ဆရာက ဘယ်သူ့ ကြိုက်နေတာလဲ ကျွန်တော်တို့ ကျောင်းဆရာမထဲကလား”

“ဆုံးအောင် နားထောင်ပါလို့ဆို ပညာဝန်ကလည်းဗျာ”

“အဲဒီကောင်မလေးရဲ့ အချစ်ကို သိန်းလှိုင် ရသွားတဲ့အခါ အောင်စိန်က သတ်မယ် ပုတ်မယ် မလုပ်ခင်မှာ စိတ်ဆိုးပြီး ဆဲမယ်… ဘယ့်နှယ်လဲ”

“ဟာ ဆရာဝန်ရယ် ဒါ လုစရာလား၊ သတ်လည်း မသတ် ပုတ်လည်း မပုတ်ပါဘူး၊ ဆရာ့ ကျေးဇူးတွေ ရှိတယ်လေ၊ ကျွန်တော် ရှောင်ပေးမှာပေါ့၊ ကျောင်းဆရာမထဲက လွတ်လွတ်လပ်လပ်လား ဆရာ”

“မဟုတ်ပါဘူး၊ ကျွန်တော်က ဥပမာအဖြစ် ပြောနေတာ… ကဲ ဆဲပါဦး”

“ဒုက္ခပါပဲ၊ အလကားနေရင်း ကျွန်တော့်ကို ငရဲပေးနေပြန်ပါပြီ”

“ငရဲပေးနေတာ မဟုတ်ဘူး၊ ခင်ဗျားဆီက ပက်ပက်စက်စက်အဆဲ ဒေါသအလျောက် ဆဲတဲ့အဆဲ ကြားချင်တာ”

“တကယ်လား”

“တကယ်ပြောနေတာ ပညာဝန်”

“ကျွန်တော်လည်း တကယ်ပြောမယ်… ဆရာ့ကို ကျွန်တော် အရမ်း လေးစားတာပါ မဆဲပါရစေနဲ့”

“ပညာဝန် ခင်ဗျား မဆဲရင် နောက် ကျွန်တော့် အိမ်ရိပ် မနင်းနဲ့၊ အိမ်ရှေ့ကို ဖြတ် မလျှောက်နဲ့ဗျာ၊ ကျွန်တော်နဲ့ တွေ့မယ်”

“ဆရာ တကယ် ပြောနေတာလား”

“တကယ် ပြောနေတာ၊ တကယ် စိတ်ဆိုးတယ်”

“ဆရာ သိန်းလှိုင်ရယ် ကျွန်တော့် အဆဲက ဘာအသုံးဝင်မှာလဲ”

“ဘာလုပ်ဖို့လဲ မေးမနေနဲ့ ပါးစပ်က မထွက်ချင် ဟိုပြက္ခဒိန် နောက်ကျောမှာ ချရေး- ဟန်စု… နံရံက ပြက္ခဒိန် ဖြုတ်ခဲ့ကွာ”

ပညာဝန် ခေါင်းကုတ်တယ်။ ပြီးတော့ ခေါင်းယမ်းတယ်။ စဉ်းစားတယ်။ ပြီးတော့ တစ်လုံး ချရေးတယ်။

“ဖေ…”

အဲဒီတစ်လုံး ရေးပြီး ကျွန်တော့်ကို မော့ကြည့်တယ်။ အကဲခတ်တယ်ဆိုရင် ပိုမှန်မယ်။ ကျွန်တော် ပညာဝန် ရေးတာဖတ်ပြီး ခေါင်းတစ်ချက် ညိတ်ပြလိုက်ရင်း

“နောက်ထပ် အဆဲတစ်ခွန်း”

“လ…စ်”

ဟန်စု ပြောတာနဲ့ တစ်ထေရာတည်း

နောက် အဆဲတစ်ခွန်းက

“…စား” အမျိုးသမီးရဲ့အင်္ဂါ

… ယောက်ျားအင်္ဂါကို ပယ်ပယ်နယ်နယ် ဖွဲ့နွဲ့တဲ့အဆဲ သူ ဆက်မရေးသေးဘဲ မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ပြီးမှ အဆဲတစ်ခွန်း ထပ်ရေးတယ်။

“ငါ…”

ငါ အစချီပြီး ကိုင်တုပ်တဲ့ အဆဲ

ပညာဝန်ခမျာ အဆဲလေးငါးခွန်း ရေးချပြီးတဲ့နောက် ကျွန်တော့်ကို ပြုံးဖြဲဖြဲ လုပ်ပြရင်း ကျေနပ်ပါတော့နော်လို့ ပြောတာနဲ့ သူ့ကို ကျေးဇူးတင်လို့ လက်ဆွဲနှုတ်ဆက်တဲ့ အခါ သူ့လက်တွေက အေးစက်နေတယ်။ သူ့နဖူးက ချွေးတွေ စို့လို့။ ခြေလှမ်းမှန်မှန်နဲ့ လာခဲ့တဲ့ ပညာဝန် အိမ်ကလည်း ပြန်ရော၊ ကျွန်တော့်ကို လှည့်ကြည့် လှည့်ကြည့်နဲ့ ခပ်သွက်သွက်လှမ်းထွက် သွားတယ်။ ကျွန်တော့် ခြံဝမှာ သူ့ရုံးကစာရေး ကိုတင်မောင်က ရေချိုးဆိပ်အဆင်း တွေ့ကြတော့ ပညာဝန် သုတ်သီးသုတ်ပျာနဲ့ ဘာဖြစ်လာတာလဲလို့ မေးရော။

“ဟေ့ကောင် မင်းရေချိုးရအောင် လာတာဆိုရင် မြစ်ဆိပ် ဖြောင့်ဖြောင့်တန်းတန်းသွား၊ ငါ ဒေါက်တာဆီ သီချင်းဆိုရအောင် လာတာ၊ သီချင်း မဆိုခဲ့ရဘူး၊ သူ့ကို ဆဲရမယ်တဲ့၊ ဒေါက်တာ ဒီနေ့ ဘာဖြစ်နေတယ်၊ မသိဘူး”

“ဟာ ဆရာကလည်း တောက်တီးတောက်တဲ့ ပြောပြီ”

“ငါ အမှန် ပြောနေတာ”

ကျွန်တော် အိမ်ကတံခါးတွေရော ပြတင်းတွေရော ဖွင့်ထားတော့ သူတို့ပြောနေကြတာ အကုန် ကြားနေရတာ။

“သူ့အလုပ် သူလုပ်နေတဲ့ ဆရာဝန်က ဆရာ့ကို အဆဲခိုင်းတယ် ဟုတ်လား”

“အေး… ဟုတ်တယ်”

“ဟာ ဆရာနှစ်ယောက် တစ်ယောက်လောက်တော့ ဦးနှောက် ရွေ့နေပြီ”

“ငါပြောတာ မင်းမယုံရင် သွားကြည့်လိုက်”

ဒီလိုနဲ့ စာရေးကိုတင်မောင် ရောက်လာရော။ ကျွန်တော် ပျော်တယ်။ နောက်ထပ် အဆဲတွေ ထပ်ရဦးမှာ။

“လာ ကိုတင်မောင် ထိုင်ဦး- ရေချိုးဆင်းလာတာ ထင်တယ်”

“ဟုတ်တယ် ဆရာ”

“ကိုတင်မောင့် တစ်သက် ဆဲဖူးတဲ့ အဆဲတွေ ကျွန်တော့်ကို မျှဗျာ”

ကိုတင်မောင် မျက်မှောင်ကြုတ်ပြီး ကျွန်တော် ပြောတာရော၊ လုပ်တာရော လိုက်ကြည့်နေတယ်။ ကျွန်တော်က ပညာဝန် ရေးထားတဲ့ အဆဲပြက္ခဒိန် ယူလာပြီး ပေးတော့ သူ့ဆရာ ပညာဝန်တော့ ဦးနှောက်မရွေ့ဘူးလို့ သူယုံသွားပြီ။ လက်ရေးက သူ့ဆရာလက်ရေး သူမှတ်မိတယ်။ ကျွန်တော်က တံခါးဝ ပိတ်ရပ်နေတော့ စားပွဲပေါ်မှာ သူလည်း ဆဲဖူး ကြားဖူးတဲ့ အဆဲ သုံးလေးခွန်း ချရေးလိုက်တယ်။ ပညာဝန် ဆရာတပည့် သိပ်မကွာလှဘူး။ ရေးသွားတဲ့ အဆဲတွေ မတူကြပေမယ့် လာတဲ့ခြေလှမ်း ပြန်တဲ့ခြေလှမ်း လက်ဖျားတွေ အေးစက်နေကြပုံခြင်း အတူတူပဲ။

နောက်တစ်နေ့ကျတော့ ကျွန်တော် တွေးမထင်ထားတာ လာဖြစ်တယ်။ အဲဒါကတော့ သူ့ယောက်ျားကို ရှင်ရူးနေပြီလား၊ မဖြစ်နိုင်ပေါင်တော်၊ ကျွန်မဆရာ အကြောင်း ကျွန်မ သိတယ်။ တစ်မြို့လုံး ဒီဆရာဝန် အားကိုးနေရတာ၊ မယုံဘူး၊ မယုံဘူးဆို စာရေးကိုတင်မောင်ကတော် မဥ ရောက်လာရော။ သူ့ပါးစပ်က ကျွန်တော့်ကို ပြုံးနေပေမယ့် မျက်လုံးတွေက ကျွန်တော့်စိတ်က ပုံမှန်ဟုတ်ရဲ့လားလို့ အကဲခတ်တဲ့ မျက်လုံးနဲ့။ ဘယ်ရမလဲ၊ ကျွန်တော့်ပိုက်ကွန်ထဲ ရောက်ရင် ဘယ်သူမှ လွတ်မထွက်နိုင်ဘူးလေ။ ဒီလိုနဲ့ မဥက သုံးခွန်း၊ ကုန်ခြောက်ရောင်းတဲ့ ကိုလော်ပေါ်က နှစ်ခွန်း၊ ခြံစိုက်တဲ့ ကိုတင်ရွှေ၊ ဆရာသိန်း၊ သင်းအုပ်ဆရာ ဆမ်ဆမ်၊ ပြောကြစို့ တစ်မြို့လုံးရဲ့ အဆဲမျိုးစုံကို ကျွန်တော် ခံယူပြီးသား ဖြစ်တယ်။ ဘယ်လောက်အထိ အဆဲစုံသလဲဆိုရင် ပေါမိုင်းဘုန်းကြီးရဲ့ အဆဲပါ ရလိုက်တယ်။ သူ့ဒကာ တစ်ယောက်ဆီ မသွားနိုင်လို့ လာပြရင်း သူပါ သွေးပေါင်ချိန်တာ။

“အရှင်ဘုရားတို့ ဘုန်းကြီးချင်း ဆဲတော့ ဘယ်လို ဆဲကြပါသလဲ ဘုရား”

“မဆဲပါဘူး ဒကာ”

“အောက်ပြည် အောက်ရွာမှာ ဘုန်းကြီးဆဲတာ တပည့်တော် ကြားဖူးတယ်”

ဘုန်းကြီးဆီက တစ်ဆင့် သူ့ဒကာ ဒကာမတွေ ဒီသတင်းက ပြန့်သွားတော့ တစ်မြို့လုံးက မယုံလို့ မိတ်ဆွေတွေ လာကြရင်း၊ ဆဲသွားကြရင်း၊ ဟုတ်တယ်ဟ၊ ဆရာသိန်းလှိုင်က ဘာလုပ်မလို့လဲ မသိ၊ အဆဲခိုင်းနေတယ်။ တစ်မြို့လုံးရဲ့ အလွှာစုံရဲ့ အဆဲတွေ ရလိုက်တယ်။ ကျွန်တော် ရည်မှန်းချက် ပြည့်မီတာထက် ဟိုဘက် သာလွန်သွားတယ်။ ဒီလောက်ကြီး မရည်မှန်းပေမယ့် ပြက္ခဒိန် ၁၂ ရွက် ပြည့်လုပြည့်ခင် နီးပါးပါပဲ။ ကျွန်တော် ပါတီယူနစ် ဥက္ကဋ္ဌကို မူနဲ့ – ဘောင်နဲ့ ဥပဒေတွင်းက ဆဲမလို့ ကြံရွယ်ချက်အတွက် အဆဲ သုတေသန လုပ်လိုက်တာလေ။

များများကောင်းတယ်
———————-

ကျွန်တော့်မှာ တိုင်ပင်စရာ မိတ်ကောင်းဆွေကောင်း ဆိုလို့ တပည့်ကျော် ဟန်စုပဲ ရှိတယ်။ သူ့ဆီက ကျွန်တော် စဉ်းစားတွေးခေါ်တာနဲ့ မတူတဲ့ ခွဲထွက် စဉ်းစားစရာတွေ ရတတ်တယ်။ ဥပမာ မင်း ဒေါသထွက်ရင် ဘယ်လို ဆဲသလဲ။ ဒေါသထွက်ရင် ဓားနဲ့ခုတ်မယ်၊ ခေါင်းဖြတ်မယ်၊ ဆဲတာ၊ နားမလည်ဘူး ဆိုတာမျိုး။ အခုလည်း ကျွန်တော့်ကို သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ပို့တတ်တဲ့ တပည့်ကျော် ဟန်စုကို အရေးကြီးကိစ္စ တိုင်ပင်ရပြန်ပြီ။

ပြက္ခဒိန်ခမျာ နှစ်မကုန်သေးပေမယ့် မြို့လူထုရဲ့ အဆဲသဝဏ်တွေကြောင့်ရယ်၊ ကျွန်တော် အပြန်ပြန် အလှန်လှန် ဖတ်ရှုထားလို့ရယ် တော်တော်ကို နွမ်းနေရှာပြီ။ ပြက္ခဒိန်ကို လှန်လှောရင်း

“ဟန်စု မင်းအဖေနဲ့ အမေ ဘယ်သူ့ကို ပိုချစ်သလဲ”

“ဘယ်သူ့မှ မချစ်ဘူး”

“မဟုတ်ဘူးလေ၊ ပြန်စဉ်းစားဦး တစ်ယောက်ယောက်တော့ မင်း ပိုချစ်မှာပါ”

“ဘယ်သူ့မှ မချစ်ဘူး”

“ဟန်စု မင်း အတော်ရိုင်းတာပဲ… ဒီလို မပြောရဘူးလေ”

“ငါ့မှာ အဖေလည်း မရှိဘူး၊ အမေလည်း မရှိဘူးလေ ငါ မရိုင်းဘူး”

“ဟေ့ကောင် ဘယ်လိုကွ ဟန်စုရ”

“ငါ ငယ်ငယ် ဒီမြို့မှာ လာပစ်ထားခဲ့တာလေ”

အဲဒီတော့မှ ကျွန်တော် သိလိုက်ရတယ်။ ဟန်စုက မရိုင်းဘူး၊ ဟန်စုအကြောင်း မသိဘဲ မိဘမေတ္တာတွေ ချစ်ခြင်းတွေ ဖိမေးနေတဲ့ ကျွန်တော်က ရိုင်းသွားတာပါလား။

“ငါ့ ဟိုအိမ်က ကျွေး၊ မကျွေးနိုင်တော့ ဒီအိမ်ရောက်၊ နောက်ဆုံး ဆရာဝန်အိမ်က ပုံမှန်စားစရာနဲ့ ဆရာဝန်နဲ့ချည်း နေခဲ့တာလေ”

“ဟေ့ကောင် ငါတော့ အမေ့ ပိုချစ်တယ်”

နှပ်ကြောင်း ပေးကြည့်၊ ချူဆီ ထည့်ကြည့်တာ။ ဟန်စုက စိတ်ရှည်ဟန် မတူဘူး၊ အသံ ကျယ်ကျယ်နဲ့

“မချစ်ဘူးဆို”

ကျွန်တော်တို့ နှီးနှောဖလှယ်ပွဲ စက္ကန့်သုံးဆယ်လောက် ရပ်သွားတယ်။

“ဘာလုပ်ဖို့လဲ”

ကျွန်တော့် စီမံချက်ကို ယုံကြည်ရတဲ့ လူမို့ ချပြလိုက်တယ်။

“ဟန်စု စဉ်းစားကြည့် ပါတီယူနစ် ဥက္ကဋ္ဌ ဗိုလ်ကြီး ထွန်းလင်းလည်း သူ့အမေကို ချစ်မှာပဲနော်”

ဟန်စု ဘာမှ ပြန်မပြောဘဲ ငြိမ်နားထောင်ပြီး ခေါင်းနှစ်ကြိမ် ဆက်ညိတ်တယ်။

“ငါ သူချစ်တဲ့အမေကို တပ်ပြီးဆဲရင် ဗိုလ်ကြီးထွန်းလင်းရဲ့ ရင်ဝတည့်တည့် မှန်မှာပဲ”

“လုပ်မနေနဲ့ …ထစ်ပဲ လုပ်လိုက်”

“ဟကောင် အဲဒါ ဒီနေရာမှာ မရလောက်ဘူး”

ကျွန်တော့်ရှေ့က ပြက္ခဒိန်မှာ ရေးထားတာ တူတာတွေ ဘုံထုတ်၊ အုပ်စုဖွဲ့၊ မတူတာတွေ သီးသန့်ထုတ်၊ ကျားဘက်ဆိုင်ရာ သီးသန့် တစ်ကော်လံ၊ မဘက်ဆိုင်ရာ သီးသန့်ခွဲရ ကောင်းမလား စဉ်းစားနေရာက

“မင့်အမေ ဂွေး(ဝှေး)စေ့နှစ်လုံး၊ ဟား… ဟား… ဟား မကောင်းဘူးလား”

ဟန်စု ငြိမ်နားထောင်နေရာကနေ ရွှင်လန်းအားရတဲ့ မျက်နှာနဲ့ ဝင်နှီးနှောတယ်။

“ဟာ များများလုပ်လေ၊ များများထည့်၊ များများကောင်း”

ဟန်စု ပြောလိုက်တဲ့ စကားဟာ ကျွန်တော့်ကို ဉာဏ်အလင်းသစ် ဆာတိုရီ ရသွားတယ်။

“သွား… ဟန်စု… ခုတင်အောက်က သံသေတ္တာထဲမှာ ဆေးကျမ်းစာအုပ်တွေ ရှိတယ်၊ အဲဒီစာအုပ်တွေ ယူချေ”

“အေး”

ဆေးကျမ်းတွေ လှန်လိုက်တော့ သိပ်ကြာကြာ မလှန်လိုက်ရပါဘူး။ တွေ့တော့တာပါပဲ။

“တွေ့လား အမျိုးသမီးမှာ ဝှေးစေ့နှစ်လုံး ဖြစ်နေတာ ဟမ်မာပရိုတိုက် ဒီမှာ… ဘုရင်ကြီးမှာ နို့ဆယ့်ရှစ်လုံး ရှိတယ်၊ နို့တိုက်နေတာ”

ဟန်စု ဆေးကျမ်းထဲ ပုံတွေကြည့်ပြီး အံ့အားသင့်သွားတယ်။

“မိန်းမ ဝှေးစေ့ ရှိတယ်၊ ယောက်ျားနို့ထွက်တယ် ဟုတ်လား”

“ဒါ ဥ နှစ်လုံးပေါ့၊ အိုဗရီကလည်း ဥပဲ ဟောဒါ အတံလေး၊ နှစ်လုံးဆိုရင် ဆဲရာ မရောက်ဘူး။ ဆဲရာရောက်အောင် လေးလုံး လုပ်လိုက်မယ် ဟန်စု… ဘယ့်နှယ်လဲ”

“ဟာ များများ ကောင်းတယ်လေ”

“ဒါဆိုရင် မင်းသေသေချာချာ နားထောင်နော် ဟန်စု”

သူ ခေါင်းညိတ်ပြတယ်။ ပြီးတော့ နားစွင့်နေတယ်။

“မင်း အမေ… ဝှေးစေ့ ခြောက်လုံး”

နှစ်လုံးထက် လေးလုံး များမှန်းတော့ နာဂတပည့်ကျော် သိတယ်။ လေးလုံးထက် ခြောက်လုံးက ပိုများမှန်း သိတော့ များများလုပ်လေ၊ များများကောင်းတယ်ဆိုတဲ့ တပည့်ကျော် ဟန်စုရဲ့ နှုတ်ခမ်းတွေ ပစောက်ပုံ ဖြစ်သွားတယ်။

“လာကွာ၊ ငါတို့ ခြံထဲ ထွက်ကြမယ်”

“ဘာလုပ်မလို့”

“လာစမ်းပါ ထွက်ခဲ့”

“အေး… ဆရာ”

“မင်းက ဒီနေရာမှာ ရပ်နေ၊ ငါက ဟိုဘက်ကနေ ဒီလို လမ်းလျှောက်လာမယ်၊ ငါမင်းနဲ့ တည့်တည့်ရောက်ရင် မင်းက လက်ခုပ်နှစ်ချက်တီး၊ ပြီးတော့ ပါးစပ်က ဟေ့လူ ဟေ့လူလို့ အော် ဟုတ်ပြီလား”

“အဲဒါ ဘာလုပ်တာလဲ”

“မင်း မသိပါဘူး ဟန်စုရာ၊ ငါလုပ်ခိုင်းတာ လုပ်စမ်းပါ”

“အေး”

ကျွန်တော် ဆေးရုံသွားရင်းလှမ်းတဲ့ ခြေလှမ်းမျိုးနဲ့ လျှောက်လာတဲ့အခါ တပည့်ကျော် ဟန်စုက သူ့ရှေ့အရောက် ကျွန်တော် ခိုင်းတဲ့အတိုင်း လက်ခုပ်တီးပြီး ကျွန်တော် သင်တဲ့အတိုင်း ဟေ့လူ… ဟေ့လူ… လို့ အော်တယ်။ ကျွန်တော်ကလည်း လမ်းလျှေက်နေရာကနေ သူ့ဘက်လှည့်ပြီး စိတ်ထဲရှိသမျှ အားကုန် အော်လိုက်တယ်။

“မင့်အမေ… ဝှေးစေ့ ခြောက်လုံး”

တပည့်ကျော် ဟန်စုရဲ့ အပြုံးက ကျွန်တော့်အဆိုကို ထောက်ခံလိုက်သလိုပဲ။ သူ့ဆီက ဒီလိုအပြုံးမျိုး တွေ့ရခဲတယ်။ ကျွန်တော်ကလည်း ပါတီယူနစ် ဥက္ကဋ္ဌနဲ့ ပတ်သက်ပြီးခံစားမှုတွေ ချွန်မြလတ်ဆတ် နေလို့လားတော့ မသိဘူး။ နာဂတိုင်းရင်းသား တပည့်ကျော်ရဲ့ အပြုံးဟာ အဓိပ္ပါယ် အများကြီးပါတယ်။ ငါ့ဆရာ ကောင်းတယ် ဆက်လုပ်၊ ဒါမှ ငါ့ဆရာကွ။ ငါ့ဆရာ အောင်မြင်ပါစေ။ သူ့အပြုံး ကျွန်တော့်ဆီ ကူးစက်တယ်။ ကျွန်တော်ပါ လိုက်ပြုံးမိတယ်။ ကျွန်တော့် အပြုံးက အဓိပ္ပါယ် အများကြီး မပါရှိဘူး။ အားရကျေနပ်တဲ့ အပြုံး၊ ဒါပဲ။

အိုဗာတိုင်များ
————–

အဲဒီမနက်က အိပ်ရာက စောစောနိုးတယ်။ မနက်စာလည်း ဗိုက်ပြည့်အောင် စားလိုက်တယ်။ ဒီနေ့တော့ ပုဆိုး ဝတ်မသွားချင်ဘူး။ ဘောင်းဘီ ဝတ်သွားချင်စိတ် ပေါ်တယ်။ ရှိတဲ့ ဘောင်းဘီထဲက စမတ်အကျဆုံး ဘောင်းဘီ ရွေးလိုက်တယ်။ ခါးပတ်က ထားနေကျနေရာ အဆင်သင့်။ ခါးပတ် ကြည့်ရတာ၊ ဒီနေ့တော့ ဆရာနဲ့အတူ ကျွန်တော်ပါ လိုက်ပါရစေလို့ ပြောနေသလိုပဲ။ ရှပ်အင်္ကျီလက်ရှည် ဝတ်လိုက်တယ်။ ဖောင်တိန်၊ စီးကရက်ဘူး၊ မီးခြစ်၊ ပိုက်ဆံအိတ် ဘာမှ မကျန်အောင် ဂရုစိုက် ထည့်လိုက်တယ်။

နောက်ဖေး ဝက်ခြံဘက်က အသံကြားလို့ ကြည့်လိုက်တော့ ဟန်စု တွေ့တာနဲ့ ခေါ်ခဲ့တယ်။

“ဟန်စု ငါနဲ့ ကပ်မလိုက်နဲ့ နောက်က ဆယ့်ငါးပေ၊ ပေနှစ်ဆယ်လောက်က ခွာပြီး လိုက်ခဲ့”

“ဆယ့်ငါးပေ ပေနှစ်ဆယ်ဆိုတာ ဘယ်လောက်လဲ”

“အေးကွာ ဝါးတစ်ပြန် ကျော်ကျော်က လိုက်ခဲ့”

အရင်က တစ်ခါမှ ဟန်စုကို နောက်ကလိုက်ခဲ့ဖို့ မခေါ်ဖူးဘူး။ ဒီနေ့ ကိုယ်စောင့်နတ်က ခေါ်ဖို့ နှိုးဆော်နေသလိုပဲ။ ကျွန်တော် ဆေးရုံသွားရင် လမ်းတစ်မိုင်ခွဲ လျှောက်ရတဲ့အခါ လမ်းဘေး ဝဲယာက မိသားစုတွေ ကျွန်တော် ဆေးရုံ သွားမသွား စောင့်ကြည့်ကြသူတွေ ရှိတယ်။ တချို့က ကလေးတွေ စောင့်အကြည့် ခိုင်းတယ်။ တချို့ကတော့ လူကြီးတွေ။ ရုပ်ရှင်သရုပ်ဆောင်မို့ မြင်ဖူးချင်လို့၊ နာဂနတ်မို့ တွေ့ဖူးချင်လို့ စောင့်ကြည့်ကြတာ မဟုတ်ဘူး။ ကျွန်တော် ဆေးရုံသွားရင် သူတို့ နောက်က လိုက်လာပြီး ပြသဖို့ စောင့်ကြည့်ကြတဲ့ လူမမာတွေ၊ ကျွန်တော် ဆေးရုံ သွားမသွား သိချင်လို့ ကြည့်နေကြတာ။ လမ်းမှာတွေတဲ့ လူနာရှင်တွေကို ကျွန်တော် တောင်းပန်ရတယ်။

“ဒီနေ့တော့ သည်းခံပါ၊ နေ့လယ်ကျရင် ကြည့်အားရင် ကြည့်ပေးပါမယ်၊ မနက်ပိုင်းတော့ အရေးတကြီး လုပ်စရာ အလုပ်ကလေး ရှိလို့ပါခင်ဗျာ”

သူတို့နဲ့ အများစုက ရင်းနှီးတယ်။ တချို့ ခင်မင်တယ်၊ တချို့ ကျွမ်းဝင်တယ်။ ဒါကြောင့် တောင်းပန်စကား ဆိုရတယ်၊ မေတ္တာရပ်ရတယ်။ သိပ်ရင်းတော့လည်း

“နေ့လယ် မကြည့်အားရင် ညနေကျ အိမ်ဝင်ကြည့်ပေးမယ်၊ ဘာမှမပူနဲ့ သည်းသည်းသန်သန် မဟုတ်ဘူး မဟုတ်လား”

“ဟေ့ကောင် မပူနဲ့၊ နားကြပ်နဲ့ထောက် ပျောက်နော်”

စိတ်ထဲမှာ ထူးထူးဆန်းဆန်း ဘယ်ကရောက်တဲ့ စိတ်ကူးရယ် မဆိုနိုင်ဘူး။ ဆေးရုံကို လမ်းလျှောက်ရင်း ရာသီဥတုလေးက သာသာယာယာ၊ ဗွက်တွေ၊ ရွှံ့တွေကလည်း မရှိ၊ ငှက်ကလေးတွေရဲ့ တေးဆိုသံကြောင့် သီချင်း ဆိုချင်သလို၊ လေပဲ ချွန်ချင်သလိုလို၊ လေကလည်း ဟုတ်တိပတ်တိ ချွန်တတ်တာ မဟုတ်ဘူး။ အနုပညာတစ်ခုခု လုပ်ချင်စိတ်က ထိန်းမရလို့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရတဲ့ မူလတန်း ကျောင်းသားတွေ ဆိုရတဲ့ သီချင်း လေချွန်မိတယ်။ မျက်နှာချင်းဆိုင် တွေ့ကြတဲ့သူတွေက ကျွန်တော်ကို လေချွန်လျက် တွေ့ရတော့ ပြုံးကြ၊ အံ့ဩကြတယ်။ ပါတီယူနစ်ရှေ့ ရောက်တော့ ပါတီယူနစ်နဲ့ ကပ်လျက် ဦးဉာဏ်ကျော်က သူ့ အိမ်ရှေ့က ထွက်ပြီး နေစာလှုံနေတယ်။ ကျွန်တော့်တွေ့တော့ သူက ထလာတယ်။

“ဆရာ ကျွန်တော့် ဇနီးသည် နေမကောင်းလို့ပါ ဆရာ”

“ဦးဉာဏ်ကျော်၊ ဒီနေ့တော့ အလုပ်တစ်ခု ပါလာလို့၊ ဦးဉာဏ်ကျော် ဇနီးကို နေ့လယ်လောက်မှ ကြည့်ပါရစေ”

“ဪ ဟုတ်ကဲ့ပါ ဆရာ”

“ဦးဉာဏ်ကျော် အိမ်နဲ့ ပါတီယူနစ်နဲ့ ဘယ်လို ခြားထားသလဲ”

“ဒီခြံစည်းရိုးနဲ့ ခြားတာပါ”

“ဟိုဘက်က ကိုသောင်းထွတ် အိမ်နဲ့ရော”

“ပုဏ္ဏရိပ် ပင်စည်းက ခြံဝင်းနှစ်ခု ခြားတာပါပဲ ဆရာ”

“ခင်ဗျားဆီမှာ ဝါးလုံးရှည်ရှည်တစ်လုံး မရှိဘူးလား”

“ရှိတယ်လေ၊ မီးကပ်ချိတ် အဟောင်းက ဝါးလုံးရှိသားပဲ ဘာလုပ်ဖို့လဲ”

“အဲဒီ ဝါးလုံးအရှည်ကို တိုင်းပေးပါဗျာ၊ ဘယ်နှတောင် ရှိသလဲ”

ပါတီယူနစ် ဥက္ကဋ္ဌက သူ့ရုံးရှေ့ ရပ်ပြီး စကားပြောနေတဲ့ ဘောင်းဘီရှည်ဝတ် ဆရာဝန်ကို လှမ်းပြီး အကဲခတ်နေတယ်။ သူမှ မဟုတ်ဘူး။ သူ့ဝန်ထမ်းတွေလည်း သူ့နောက်နား တချို့၊ ပြတင်းဝ၊ တချို့ ရပ်ကြည့်နေကြတယ်။ ဒီနေ့မှ ပါတီ ဥက္ကဋ္ဌက လက်ခုပ်လည်း ထွက်မတီးဘူး၊ ဟေ့လူ ဟေ့လူလည်း မခေါ်ဘူး။ ကျွန်တော်က သူ့အခေါ် စောင့်နေတာ။ ခါးမှာလည်း ယမ်းတောင့်ထိုး၊ မောင်းတင်ထားတဲ့ ခြောက်လုံးပြူးက အဆင်သင့်။ အနောက်တိုင်း ကောင်းဘွိုင် ကားတွေလို လက်သွက်သွက်နဲ့ ဆွဲထုတ်ပစ်လိုက်ရုံပဲ။

“ဟာ တိုင်းစရာ မလိုပါဘူး၊ ကိုးတောင်ဝါးလေ”

“ဒါဆိုရင် ပါတီယူနစ် မျက်နှာစာကို တိုင်းဗျာ”

ပြောစကားမှ မဆုံးသေးဘူး။ ဆရာသိန်းက တစ်ဖက်က လျှောက်လာပြီး ဘာလုပ်နေကြသလဲ ရပ်ကြည့်နေတယ်။ ဦးဉာဏ်ကျော်က သူ့ဝါးလုံးနဲ့ တိုင်းတော့ ဝါးနှစ်ပြန် ဆယ့်ရှစ်တောင် ရှိတယ်လို့ ပြောတယ်။ ဒါနဲ့ ဝါးတစ်ပြန်စာ နေရာမှာ ကျွန်တော်ရပ်ပြီး ကြည့်လိုက်တော့ ပါတီယူနစ်ရုံးရဲ့အလယ်ဗဟိုနဲ့ တည့်တည့်။ ကြိုက်ပြီ၊ ဒါလိုချင်တာ။

သူက ဟေ့လူ… ဟေ့လူ ထွက်မလုပ်တော့လည်း ကိုယ့်ဘာသာ သေနတ်ထုတ်ပြီး မောင်းဖြုတ် လိုက်ရတာပဲ။

“မင်းအမေ ဝှေးစေ့ခြောက်လုံး”

အသံဩကြီးနဲ့ ပီပီသသ ပျစ်ပျစ်နှစ်နှစ် အော်ပစ် ဆဲပစ်ခဲ့တယ်။ စိတ်ထဲမှာလည်း ကိုယ်လုပ်ချင်တာ လုပ်လိုက်ရလို့ အားရပီတိတွေ ဖြစ်လို့။ ဆေးရုံဘက်ကို ဆက်လျှောက်ခဲ့တယ်။ အစအဆုံး မြင်လိုက်ရ၊ ကြားလိုက်ရတဲ့ ဆရာသိန်းက

“ဒေါက်တာ ဘယ့်နှယ် လုပ်လိုက်တာလဲ၊ ခေါင်မိုးတက် မီးရှို့လိုက်တာလား”

“အသာနေ၊ ကျွန်တော့်အလုပ် ကျွန်တော်လုပ်တာ”

ဆေးရုံရောက်တော့ အေးအေးဆေးဆေး၊ နားလိုက်တယ်။ လူနာကြည့်စရာ နည်းနည်းပဲ၊ တစ်ယောက်စ နှစ်ယောက်စ ရှိတယ်။ သူတို့ကလည်း ဆေးရုံရဲ့ ဟိုဘက်က လာကြတာ၊ ကျွန်တော့်အိမ်နဲ့ ဆေးရုံအကြား လူနာတွေကို ကျွန်တော် မေတ္တာရပ်ခံထားကြလို့ မလာကြဘူး။ မိနစ်သုံးဆယ်လောက် နေတော့ ပီတိအဟုန်နဲ့ လူတစ်ယောက်ကို ရုတ်တရက် နှောင့်ယှက်မယ့် သူတစ်ယောက် ရောက်လာတယ်။ ဒီလူ ရောက်လာတာဟာ ကျွန်တော့်ကို ရုတ်ခြည်း အသက် လေးဆယ်လောက် ပိုပြီး အိုမင်းသွားစေတယ် ထင်တာပဲ။

“ဒေါက်တာ ခုနက ကျွန်တော်တို့ ရုံးရှေ့မှာ အော်သွားတာ ဘာတဲ့လဲ”

လာမေးတဲ့သူက ဘရီတဲ့။ ပါတီယူနစ်ရုံးက စာရေး၊ ဘယ်လောက် အမြန် သုတ်ခြေတင်လာတယ် မသိဘူး၊ ကျွန်တော်ရှေ့ ရောက်တော့ ချွေးသီးချွေးပေါက်တွေနဲ့၊ အမော မပြေသေးဘူး။

“ဟာကွာ သေလိုက် ပါတော့ကွာ”

“ဖြေပါ ဆရာရယ် အရေးကြီးလို့ပါ”

“မင်းတို့ မကြားလိုက်ဘူးလား”

“နည်းနည်းပဲ ကြားလိုက်ရတာ”

“တစ်ရုံးလုံး ဥက္ကဋ္ဌကအစ မကြားလိုက်ဘူးလား”

“ဥက္ကဋ္ဌက မင်းအမေ အထိတော့ ကြားလိုက်တယ်။ နောက်ကဟာ မကြားလိုက်ဘူး ဒေါက်တာ”

“ဟာကွာ၊ ငါတော့ စိတ်ဆင်းရဲတော့မှာပဲ၊ အလကား တွေ့ကရာ လုပ်လာတာ မဟုတ်ဘူး၊ လနဲ့ချီပြီး ဆေးကျမ်း ပါတဲ့အတိုင်း”

“ဘာလဲ ဘာတဲ့လဲ ဒေါက်တာ”

“ဟာကွာ သွားတော့ မြန်မာ့အသံ ရေဒီယိုက နှစ်ခါမလွှင့်ဘူး”

“ဥက္ကဋ္ဌက အဲဒါ မဖော်နိုင်ရင် တစ်ရုံးလုံး ဖြုတ်ပစ်မယ်လို့ ကြိမ်းနေတယ် ဆရာ”

“ငါ့ကုသိုလ်ကံက ဆိုးပါတယ်ကွာ… သွား မင်းတို့ ဉာဏ်ရှိသလို ထင်ကြ မြင်ကြ၊ နှစ်ခါ မပြောနိုင်ဘူး”

စာရေးဘရီ မျက်နှာငယ်လေးနဲ့ ယို့ယို့လေး ပြန်သွားတယ်။ အဲဒီနေ့က ရုံးဝန်ထမ်း ခြောက်ယောက် အိမ်ပြန် စောကြတယ်။ ဒါပေမယ့် ရုံးစောစောဆင်းလို့ ပျော်ပျော်ပါးပါးကြီး ပြန်ကြရတာတော့ မဟုတ်ဘူး။ မနက်က ဒေါက်တာသိန်းလှိုင် အော်သွားတာ ဘာလဲ စုံစမ်းချေကြ။ အဖြေမပေါ်ရင်တော့ မနက်ဖြန် ရုံးအတက် ငါနဲ့ တွေ့မယ်ဆိုတဲ့ အိုဗာတိုင် ကိုယ်စီနဲ့ ပြန်လာကြရတာ။

ဝန်ထမ်း ခြောက်ယောက် ဖြန့်ကြက်လိုက်ကြ၊ စုံစမ်းကြတာပဲ။ ဟာ သတိရပြီ မဥ တစ်ခါ ပြောဖူးတယ်၊၊ ဆရာသိန်းလှိုင် သူ့ဆီက အဆဲလိုချင်တယ် ဆိုလို့ သူ ဆဲခဲ့ဖူးတယ်တဲ့။ မဥ… မဥ…။ မဥကလည်း စာရေးမတွေကို သူရေးပေးတဲ့ အဆဲတွေ ပြန်ဆဲပြရတော့ ဟောတော်… အမလေးတော်တွေ ဖြစ်ကုန်ကြရတယ်။

တချို့ရတဲ့ အစအနက ကိုတင်မောင် ကိုတင်မောင်ဆိုလို့ ကိုတင်မောင့်ဆီ လိုက်ကြတော့ ကိုတင်မောင်ကလည်း သူသိသမျှ ဖြစ်ကြောင်းကုန်စင် ပြောပြ၊ မှတ်မိသလောက် ပြန်ဆဲကြ၊ အမလေး၊ အဲဒီလိုကြီး ဆဲကြတာလားတွေ ဖြစ်ကုန်ရော…

ပညာဝန်ဆီလည်းရောက် ခြံစိုက်တဲ့ ကိုတင်ရွှေဆီလည်းရောက် သင်းအုပ်ဆရာ ဆိုလို့ သင်းအုပ်ဆရာဆီသွား အဆဲနာခံယူကြ၊ ပေါမိုင်းဘုန်းကြီးဆီထိ လျှောက်ပြီး အဆဲခံယူကြတာ အဲဒီရက်တွေက ခန္တီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီယူနစ်က ဆိုရှယ်လစ်ခေတ်ကို ချီတက်ရာမှ မင်းအမေနောက်က မကြားလိုက်ရတဲ့ စကားလုံးလေးအတွက် အချိန်ပေးလိုက်ရလို့ အတော် ဖင့်လေးသွားရတယ်။

စုဆောင်းလို့ ရသမျှအထဲမှာ “မင်းအမေနဲ့” စတာ မပါတော့ မျက်စိမမြင်တဲ့သူ ဂျစ်ဆော ပါဇယ် ဆက်သလို ဖြစ်နေကြရတော့တာပေါ့။ ခန္တီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက မျက်မမြင်တွေ ရူးဘစ် အံစာတုံးကို လှည့်နေကြပြီ။ အံစာတုံးကို လှည့်နေကြတာ လေးငါး ခြောက်လကြာတယ်။ မရဘူး။

 

#ညီပုလေး
(“ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက်”… မှ ကောက်နုတ်ချက် ဖြစ်ပါသည်။)

#နင့်အမေ ဝှေးစေ့ခြောက်လုံး (၂)
——————————————-

အာမီရမ် ချောင်းစီး ညစာစားပွဲ
——————————-

လမ်းစဉ်ပါတီ ဥက္ကဋ္ဌက ဘယ်ငြိမ်ခံမလဲ။ ကျွန်တော့်ကို တိုက်ကွက်တစ်ခု ပြောင်းတိုက်တယ်။ ပဲခူးရိုးမမှာ ဖြတ်လေးဖြတ် လမ်းစဉ်ချတယ် ဆိုတာ ခန္တီးက ဒေါက်တာသိန်းလှိုင်က မူလအစလို့ ထင်တာပဲ။ သူတို့ ကျွန်တော့်ကို သူတို့ လုပ်ပိုင်ခွင့်ထဲက ဒုက္ခသေးသေးရော၊ ဒုက္ခကြီးကြီးရော ဖြစ်နိုင်သလောက် ပေးကြဖို့ စီမံကြတယ်။

တစ်နေ့ကျတော့ ရန်ကုန်က စာရင်းစစ်အဖွဲ့ လာတယ်။ ဦးဖိုးအေးဆိုတဲ့ မိတ်ဆွေ ပါလာတယ်။ ရန်ကုန်က ဧည့်သည် ဌာနဆိုင်ရာ … လူကြီးတွေ လာရင် ကျွန်တော့်ဆီမှာ တည်းကြတာ များတယ်။ သူတို့ သက်သာ ချောင်ချိတယ်။ အစားကောင်း စားရတယ်။ ဆရာဝန်ဆိုတာ ပါတီတာဝန်၊ ကောင်စီတာဝန်မှ မဟုတ်တာ။ ဟိုလူက သဒ္ဒါလို့ကျွေး၊ ဒီလူက သဒ္ဒါလို့ပို့တဲ့ ပို့ဆွမ်း လှိုင်တယ်။ ကြောက်လို့လန့်လို့ အခွင့်အရေးအတွက် အကျိုးလိုလို့ ညောင်ရေလောင်းတဲ့ ဟင်းတစ်ခွက် မုန့်တစ်ချပ် မပါဘူး။ ဌာနဆိုင်ရာ လူကြီးတွေ ဗိုလ်တဲမှာ မပျော်ဘူး။ ဒေါက်တာ နာဂနတ်ဆီမှာ ပျော်ကြတယ်။ အူစိုတာကိုး။

ဦးဖိုးအေးတို့ အဖွဲ့ထဲ ဦးဘိုဆိုတဲ့ ပုဂ္ဂိုလ်ပါတယ်။ သူက အိန္ဒိယသံရုံးမှာ စာရင်းစစ်ခဲ့ ဖူးတယ်။ အမှုထမ်းခဲ့ ဖူးတယ်။ သူက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ ကင်မရာလေး တစ်လုံးနဲ့ ခန္တီးမြို့နဲ့ မြို့ပတ်ဝန်းကျင်က ရှုခင်းတွေ၊ နာဂမတွေ ပုံရိပ်တွေ လျှောက်ဓာတ်ပုံရိုက်တယ်။ ကျွန်တော်ကလည်း ဓာတ်ပုံ စိတ်ဝင်စားတော့ သူနဲ့ စကားစပ်မိကြတယ်။

“ဆရာ ရန်ကုန်မှာတော့ ဓာတ်ပုံစက္ကူ၊ ဓာတ်ပုံဆေး ရှားတယ်ဆရာ”

“ဦးဘို လိုချင်လို့လား၊ ဒီတစ်မြို့လုံးမှာ ကျွန်တော်နဲ့ ခင်မောင်စန်းပဲ ဝယ်တဲ့သူ ရှိတာ၊ စက္ကူ ယူမလား ဆေး ယူမလား”

ဦးဘိုက ဓာတ်ပုံပစ္စည်း ရောင်းတဲ့ ကုန်သွယ်ရေးကို ပစ္စည်းလိုက်ကြည့်ပြီး ဝယ်ချင်တယ်လို့ ပြောတယ်။ အဲဒီခေတ်မှာ ဒီလိုအရပ် သူလိုချင်နေတဲ့ ဓာတ်ပုံပစ္စည်းတွေ သူရတာ ဝမ်းသာတယ်။ ကုန်သွယ်ရေးမှာ ဒီပစ္စည်းတွေ ဝယ်မယ့်သူ မရှိလို့ ပုံနေတာ။ ဓာတ်ပုံပစ္စည်း ရောင်းရငွေဟာ အရောင်းစာရေးမ လစာတောင် မရှိဘူး။ တစ်လနေမှ တစ်မျိုးနှစ်မျိုး ဝယ်ကြ ရောင်းကြတာ။ ဦးဘိုကလည်း ရတုန်း သိမ်းကြုံး ဝယ်လိုက်ဦးမယ်၊ ရန်ကုန်မှာ အမြတ်တင်ပြီး ပြန်ရောင်းစားလိုက်ဦးမယ် ဆိုတဲ့ လူမျိုး မဟုတ်ပါဘူး။ စက္ကူတစ်ထုပ် ဝယ်တာ။

“သမီးရေ… နင်တော့ ဒီလ စျေးဦးပေါက်ပြီ၊ ကိုဒတ် အစိမ်းတစ်ထုပ် ထုပ်ရောင်း”

ကျွန်တော့် မြင်ကတည်းက ဆိုင်ထဲက လူတွေရဲ့မျက်နှာက တစ်မျိုး ဖြစ်သွားကြတာ။ ကျွန်တော်က စာရင်းစစ် ဦးဘို ပါလာလို့ နည်းနည်းစိမ်းတဲ့လူ ပါလာလို့ ဒီလို မျက်နှာထားလို့ ထင်တာ။ ကျွန်တော့်အထင် တက်တက်စင် လွဲတယ်။

“ဒေါက်တာ ကျွန်မရောင်းလို့ မရဘူးရှင့်”

“ဟေ…”

“တစ်လမှ ငါတစ်ထုပ် ခင်မောင်စန်းတစ်ထုပ် ရောင်းရတာ အခု လာဝယ်တဲ့သူ ရှိတုန်း ရောင်းလေ၊ တစ်ဆိုင်လုံး ဝယ်သွားရင်တောင် ဇာတ်ငြိမ်းသေးတယ်”

“ကျွန်မက ရောင်းချင်ပါတယ် ဒေါက်တာ၊ ဒါပေမယ့် အမိန့်တစ်ခု ထွက်ထားလို့ မရောင်းတာပါ ကျွန်မ အထင်မလွဲပါနဲ့ရှင့်”

“အဲဒီအမိန့် ငါကြည့်လို့ ရသလား သမီး ငါ့ကို ပြစမ်း”

ဒေါက်တာသိန်းလှိုင်ကို ကုန်သွယ်ရေး၊ သမဝါယမဆိုင်တို့မှာ ဘာပစ္စည်းမှ ရောင်းချခြင်း မပြုရဆိုတဲ့ အမိန့်စာ ဖြစ်နေတယ်။ မိတ္တူကို ဆိုင်အသီးသီး ဖြန့်ထားလိုက်တာ နှံ့လို့။ အောက်မှာ လက်မှတ်တွေ ထိုးထားလိုက်ကြတာလည်း ပါတီ ဥက္ကဋ္ဌရော၊ ကောင်စီ ဥက္ကဋ္ဌရော၊ မြို့နယ် ကော်မတီဝင်တွေရော၊ ခရိုင်အဆင့် စာရွက်ပေါ်မှာ လက်မှတ်တွေကို ဗလချာ ရမ်းနေတာပဲ။

“ကဲပါ သမီးရယ်၊ ဆရာ သုံးမှာလည်း မဟုတ်ပါဘူး၊ ရန်ကုန်က စာရင်းစစ်လာတဲ့ ဟောဒီ ဦးဘို အတွက်ပါ၊ ရော့ ပိုက်ဆံ၊ ပေး စက္ကူတစ်ထုပ်၊ ကိုးကျပ် ဟုတ်ပြီနော်၊ ကာဗွန်နဲ့ ဘောက်ချာ ဖြတ်လိုက်” စာရေးမလေးက မျက်ရည်တွေ ဝဲနေရာကနေ မျက်ရည်တစ်ပေါက် နှစ်ပေါက် ကျနေပြီ။

“ညည်း ဘာမှမပူနဲ့။ အလုပ်ပြုတ်ရင် ငါမွေးစားမယ်၊ ညည်းကိုငါ တာဝန်ယူနိုင်တယ်”

ဘောက်ချာ ရေးအပြီး ကျွန်တော်က စာရေးမလေး ထိခိုက်မှာစိုးလို့ မှတ်ချက် စာကြောင်း ရေးလိုက်တယ်။

“ငါ့အမိန့်နဲ့ ငါဝယ်သည်
နင့်အမေ ဝှေးစေ့… ခြောက်လုံး”
ပုံ – နာဂသိန်းလှိုင်။

ဒေါသထွက်လို့ ရေးတာလား။ ခံပြင်းစိတ်နဲ့ ရေးခဲ့တာလား၊ နာကြည်းစိတ်နဲ့ ရေးခဲ့တာလား။ ဘာမှန်းတော့ မသိဘူး။ ရေးချင်လို့ ရေးခဲ့တယ်ပဲ ထားပါတော့။ အဲဒီမှာ ပြဿနာ စတော့တာပါပဲ။ သူတို့ လေးငါးလ ခြေရာခံလို့ မရတဲ့ ပါတီယူနစ်ရှေ့မှာ ကျွန်တော် အော်ခဲ့တဲ့ နင့်အမေ နောက်က စကားလေးလုံး သူတို့ ရသွားကြတယ်။

ပိုက်ဆံ သွားအပ်တော့ မန်နေဂျာ ကိုသန်းအောင်ရဲ့ မျက်နှာက ပြုံးနေတယ်။ သူနဲ့ ကျွန်တော်နဲ့လည်း ခင်ပါတယ်။ ကျွန်တော်တို့လူမျိုး သိပ်ပြီး မျက်နှာလို အားရ လုပ်ချင်ကြတာလေ။ ကျွန်တော့် မှတ်ချက်ကို လက်မှတ်ထိုးထားတဲ့ ပုဂ္ဂိုလ်တွေဆီ အမြန်ဆုံး အစီရင်ခံတယ်။ မုံရွာသား မန်နေဂျာ ကိုသန်းအောင်ကိုလည်း အရှာခိုင်းတာ မဟုတ်ဘူး။ ဒါပေမယ့် မင့်အမေ နောက်က စာလုံးလေးလုံးကို သူတို့ စိတ်ဝင်စား နေကြတာ။ တောထဲက ဆုငွေ ထုတ်ထားတဲ့ လက်နက်ကိုင် တော်လှန်ရေးသမား တစ်ယောက်ကို သတင်းပေးနိုင်သလို သူ့မှာ ဂုဏ်ရှိသလား မဆိုနိုင်ဘူး။ သူ့တပည့်တွေ လျှောက်ပြပြီး ပါတီယူနစ် ဥက္ကဋ္ဌကို သွားပြသတဲ့။ ကျွန်တော် အကုန် ပြန်ကြားနေရတာပဲ။ ပါတီယူနစ် ဥက္ကဋ္ဌ ဗိုလ်ကြီး ထွန်းလင်းက ခလက ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး မောင်ရှိန်း သွားပြတယ်။

နောက်နှစ်ရက်လည်း ကြာရော ခလရ ၅၂ တပ် ဧည့်ရိပ်သာ မြက်ခင်းပြင်မှာ ခန္တီးမြို့ ပေါ်ကအရာရှိတွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေကို ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံတယ်။ ခလက ဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး မောင်ရှိန်း အကုန်အကျခံပြီး တည်ခင်းတဲ့ ညစာစားပွဲကြီး။ ခရိုင်ဆရာဝန်ကြီး၊ ခန္တီးဆေးရုံအုပ်ကြီး ဒေါက်တာသိန်းလှိုင်ကို မဖိတ်ဘူး။ တမင်တကာကို ချန်ခဲ့တာ။ မေ့လို့လျော့လို့ မဟုတ်ဘူး။

ဒိပြင် ဌာနအကြီးအမှူးတွေက

“ဆရာ မသွားသေးဘူးလား”

“ဘယ်ကို သွားရမှာလဲ”

“ဟာ ရင်းမှူးကြီးရဲ့ ညစာစားပွဲလေ”

“ကျွန်တော့်မှ မဖိတ် မသွားပါဘူး”

“မေ့သွားလို့ ဖြစ်မှာပါ ဆရာကလည်း”

“လူကြီးလူကောင်း ဆိုတာ မဖိတ်ရင် မသွားရဘူး၊ ဘုန်းကြီးလို ကျင့်ကြံ ရတယ်လေ၊ မပင့်ရင် မကြွရဘူး”

“မဟုတ်ပါဘူး၊ ဆရာလိုလူ မဖိတ်လည်း လာရင် မောင်းမထုတ်ပါဘူး”

“နိုး … ကျွန်တော့် မဖိတ်ရင် မလာဘူး”

“ဟာ၊ ဒေါက်တာကတော့ လုပ်ချလိုက်ပြန်ပြီ”

အဲဒီညက စားလိုက်ကြ သောက်လိုက်ကြ၊ ပျော်လိုက်ကြ၊ အော်လိုက်ကြတာ အလွန်ပဲလို့ ပြန်သိရတယ်။ အာမီရမ် ချောင်းစီးတဲ့ ညချမ်းတဲ့။ စားလို့သောက်လို့ အရှိန်ကောင်းနေတုန်းမှာ ခလက ဥက္ကဋ္ဌက မိန့်ခွန်းပြောတယ်။

“ခင်ဗျားတို့ကို ဒီည ညစာစားပွဲ ဘာလို့ ဖိတ်ကျွေးတာလဲ သိကြသလား”

သူ့စကားကို ကြားရတဲ့သူတိုင်း စိတ်ဝင်စားကြတယ်။ အစားတွေ၊ အသောက်တွေ ကလည်း ဗိုက်ထဲ အတော်နေရာယူပြီးနေပြီ။ ရင်းမှူးကြီးရဲ့ မေးခွန်းကိုလည်း ဘယ်လိုဖြေရမှန်း မသိဘူး။ တီးတိုးတီးတိုး သဖန်းပိုးလည်း မလုပ်ရဲကြ၊ မလုပ်အပ်ဘူးလို့ ထင်ကြတော့ အသာကုပ်ကုပ်လေး လုပ်နေကြရသတဲ့။ ခလက ဥက္ကဋ္ဌ ဆက်ပြောတဲ့စကား ကြားကြတော့ လူအများစုက မယုံကြည်နိုင်ကြဘူး။

“နာဂနတ် နာဂနတ်နဲ့ လူတွေ အထင်ကြီးနေတဲ့ ဒေါက်တာသိန်းလှိုင်ကို ၇ ရက်အတွင်း အပြုတ်ဖြုတ်ပြမယ်ဆိုတာ ကြွလာကြတဲ့ ပရိသတ်ကို သိစေချင်လို့ တည်ခင်းတဲ့ ညစာ စားပွဲပဲ”

အဲဒီတော့မှ ပရိသတ်လည်း အံ့အားသင့်ပြီး တီးတိုးတီးတိုး စကားတွေ ထွက်ကျလာတယ်။

“ကဲ အောင်ပွဲအဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင် အရသာခံ သုံးဆောင်ကြပါ” တဲ့။

အဲဒီည ညစာစားပွဲက အပြန် ကျွန်တော့်မိတ်ဆွေ တစ်ယောက်ပြီး တစ်ယောက် ဒီအခင်းအကျင်းကို လာပြီး ပြောကြတယ်။

ဆရာရေ ဒီလို ဒီလိုပဲ။ ဆရာရေ ကြားပြီးပြီလား။ ဆရာ ကျွန်တော် အရင်ကတည်းက ပြောဖူးတယ်နော်။ ဒေါက်တာ ကြိုတင် ပြင်ဆင်ထား။ ဒေါက်တာ ဒီမောင် တကယ် လုပ်တော့မှာနော်။ နောက်တစ်နေ့ နေ့လယ်အထိ လာပြောကြတုန်း။

အဲဒီညက တကယ်ဆိုရင် ကျွန်တော် အိပ်မပျော်တာတို့ ဘာတို့ ဖြစ်ဖို့ ကောင်းတယ်။ မအိပ်ခင် ဘာလို့ ဘယ်အကြောင်းပြချက်နဲ့ ပြုတ်အောင် ဖြုတ်မှာတုံးဆိုတာ မစဉ်းစားဘူးတော့ မဟုတ်ပါဘူး။ စဉ်းစားပါတယ်။ ဒါပေမယ့် ဆယ်မိနစ်ထက် ဟိုဘက် မလွန်ဘူး အိပ်ပျော်သွားတာပဲ။ နောက်တစ်ညရော၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာပဲ။ ဒီအကြောင်း ပါတီယူနစ် ဥက္ကဋ္ဌတို့၊ တပ်ရင်းမှူးတို့ သိရင် ဝမ်းနည်းလို့ ဆုံးမှာ မဟုတ်ဘူး။

ကျွန်တော့်ကို စေတနာနဲ့ သတင်း လာပြောသူတွေ၊ ကြိုတင်ပြင်ဆင်ဖို့ ညစာစားပွဲ အကြောင်း လာပြောကြသူတွေကို ကျွန်တော် ပြန်ပြောတဲ့စကား ကြားရင် ဘယ်လိုခံစားကြမယ် မသိဘူး။

“အခုလို လာအသိပေးတာ ကျေးဇူးတင်တယ်။ ကျွန်တော့် အကြောင်းပြုပြီး ခင်ဗျားတို့ ညစာ စားရတာပေါ့။ အဲဒီညစာစားပွဲ ကျွန်တော် တည်ခင်းတယ်လို့သာ အောက်မေ့လိုက်ပါဗျာ”

ကျွန်တော် ပါတီယူနစ် ဥက္ကဋ္ဌနဲ့ အချင်းမများခင် ပန်ဆောင်ဘက်အသွား တောင်ပေါ်မှာ ကျွန်တော့် ပစ္စည်းတွေ သယ်ရတဲ့ လားထိန်း တရုတ်တွေ ကျွန်တော့်အခေါ်တော့ လားတရုတ်တွေ မှန်းထားတဲ့ ရက်ထက် ပိုကြာတော့ ဆန် ပြတ်ကုန်တယ်။ အိန္ဒိယဘက်က ဝယ်ရင် တစ်ကီလိုကို လေးရူပီးတဲ့ သိပ်များတယ်။ ခန္တီးရောက်ရင် ကုန်သွယ်ရေးက ပြန်လျှောက်ပေးမယ်။ အိန္ဒိယက ရောင်းတာ ဝယ်မစားကြနဲ့။ စစ်တပ် တပ်စွဲထားတဲ့ဆီက ဆန်ချေးစားမယ်။ ဒီစိတ်ကူးနဲ့ ဆန် သွားပြီး ချေးကြတယ်။ ဗိုလ်ကြီး ဂျိုးဇက်ကလည်း အိုကေ ဆရာ၊ ကျွန်တော်တို့မှာ ရှိတယ်။ လုံလောက်တယ်၊ ယူသွား၊ ပြီးရင် လစာထုတ်တဲ့ အဖွဲ့နဲ့ ပြန်ပို့လိုက် ဆရာ။ ဆယ့်နှစ်ပြည်အိတ်လေး ဆယ့်လေးအိတ် ချေးခဲ့ကြတယ်။

ညနေကျတော့ ဗိုလ်ကြီး ဂျိုးဇက်က ရောက်လာတယ်။ ကျွန်တော်က ခေါင်ရည် သောက်နေတာ။ သူ့လည်း ခေါင်ရည် တိုက်မလို့ ခေါ်လိုက်သေးတယ်။

“ဆရာရေ တိုက်တိုက်ဆိုင်ဆိုင်ပဲ”

“ဘာ တိုက်တိုက်ဆိုင်ဆိုင်လဲ ဗိုလ်ကြီး”

“အခုပဲ ဆိုင်ဖာ ဝင်လာတယ်”

“ဘာဆိုင်ဖာလဲ၊ ဆိုင်ဖာဆိုရင် ကျွန်တော် ဘယ်ဖတ်တတ်မလဲ ဘာသာပြန်ပါဦး”

သူ့လက်ထဲက ဆိုင်ဖာဖွင့်ပြီး ဖတ်ပြတယ်။

“ဒေါက်တာသိန်းလှိုင် နာဂကို မည်သည့်ရိက္ခာမျှ မထောက်ပံ့ရ”

ကျွန်တော် အံ့အားမသင့်ပါဘူး။ ဒါပေမယ့် ဗိုလ်ကြီး ဂျိုးဇက် သိအောင်တော့ ရှင်းပြရတယ်။

“ဗိုလ်ကြီး ဂျိုးဇက်၊ ကျွန်တော့်အတွက်တော့ ရိက္ခာမလိုဘူး၊ လိုတာ ဟောဒီ လားတရုတ်တွေ အတွက် လိုတာ၊ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ ငှားလာတဲ့ လားတွေ”

“ဟုတ်ကဲ့ ကျွန်တော် သိပါတယ်”

“လား ငါးကောင်ကို လားတရုတ် တစ်ယောက်၊ လားအကောင် လေးဆယ် ပါတယ်”

“သိတယ် ဆရာ”

“ဘယ်လိုလဲ ဆန်အိတ်တွေ တပ်ကို ပြန်ပို့ပေးရမလား”

“ယူသွားပါ၊ ကြေးနန်းက နောက်ကျတာလေ”

“ဒီလိုဆိုရင် အဲဒီကြေးနန်း ကျွန်တော့်ပေးလိုက် ဗိုလ်ကြီး ကျွန်တော့် ကိုယ်ကျိုးအတွက် အပင်ပန်းခံပြီး တောင်ပေါ် တက်လာတာ မဟုတ်ဘူး”

“ကျွန်တော် သဘောပေါက်တယ် ဆရာ”

ခန္တီး ခလရ ၅၂ တပ်ထဲမှာ ညစာစားပွဲကြီး ကျင်းပပြီးတော့ ရှစ်ရက်၊ ကိုးရက်လောက် ကြာတော့ ကျွန်တော့်ဆီ ကြေးနန်းတစ်စောင် ဝင်တယ်။

“တိုင်းကျန်းမာရေးမှူးနဲ့ လာတွေ့ပါ” ဆိုတဲ့ ကြေးနန်းဆိုတော့ ကျွန်တော် တောင်းဆိုထားတဲ့ ဆေးစာရင်းရယ်၊ ရေးထားတဲ့ ကျန်းမာရေး စီမံချက်တွေ ယူပြီး မန္တလေး ဆင်းခဲ့တယ်။

ကျွန်တော် တောင်းထားတဲ့ဆေး၊ အကုန်ရမယ်တော့ မထင်ဘူး၊ ခွဲတမ်း တစ်ခုခုတော့ ရလိမ့်မယ်လို့ ထင်ခဲ့တာ။

ဆရာ ဦးထွန်းမင်းကို သွားသတင်းပို့တဲ့အခါ ကျွန်တော့်ကို သူက ဆီးပြီး အပြစ်တင်တယ်။

“မောင်သိန်းလှိုင် ရောက်ပြီလား၊ လာထိုင်ဦး”

“ဟုတ်ကဲ့”

“မင်း အလုပ် သိပ်လုပ်တာ ဆရာတို့ ကြားတယ် ဒါပေမယ့် မင်း ရန် ခဏခဏ ဖြစ်တယ်ကွာ၊ အဲဒီလို မ…”

“ဟာ ဆရာကလည်း တောက်တီးတောက်တဲ့ ရန်မဖြစ်ပါဘူး၊ ကိုယ့်အလုပ်နဲ့ ကိုယ်တောင် မအားပါဘူး”

ဆရာ ဦးထွန်းမင်း လေသံနှိမ့်ပြီး အသံ ခပ်အုပ်အုပ်နဲ့ ပြောလိုက်တဲ့စကား ကျွန်တော့်အတွက် သိပ်ကို ထူးဆန်းပြီး အံ့ဩစရာကြီး။

“မင်း အဝတ်အစားအပိုတွေ ဘာတွေ ပါသလား”

“မပါဘူး ဆရာ”

“မင်းကို ခေါ်တာ စစ်ခုံရုံး တင်မလို့၊ မင်းကို ပြန်လွှတ်တော့မယ် မထင်ဘူး”

“ကျွန်တော့်မှာ ဘာအပြစ် ရှိလို့လဲ ဆရာ”

“ကဲပါ အဝတ်အစားက ငါစီစဉ်လို့ ရပါတယ်၊ မင်းမိသားစုက အခု ဘယ်မှာလဲ ခန္တီးမှာလား၊ ရန်ကုန်မှာလား”

“ရန်ကုန်မှာပါ”

“အေး ကောင်းတယ်၊ တစ်ခုခုလိုရင် မန္တလေး လိုက်လာလို့ လွယ်တာပေါ့။ ခန္တီးကဆိုရင် လေယာဉ်ပတ်ကြုံမှ လာရမှာ”

စိတ်ထဲမှာ နည်းနည်း အနှောင့်အယှက် ဖြစ်မိတာ အမှန်ပဲ။ ကားတစ်စီး ထိုးစိုက်လာတယ်။ ထင်းရှူးပင်တံဆိပ် ကပ်ထားတဲ့ တပ်အရာရှိတစ်ယောက် ပါလာတယ်။ ဒေါက်တာ ဦးထွန်းမင်းရယ်၊ ဒေါက်တာ ဘနာဂျီရယ်၊ ကျွန်တော်ရယ် ကားနောက်ခန်းက ထိုင်ပြီး လိုက်သွားကြတယ်။ ကားက ပုံမှန် မောင်းစေချင်တာ ကားမောင်းတဲ့ ရဲဘော်ကို ဘယ်လိုညွှန်ကြား လိုက်တယ် မသိဘူး။ သိပ်ကို အရေးပါတဲ့ တရားခံ တစ်ယောက်ကို လမ်းမှာ မသမာသူတွေ ဖြတ်လုကြမယ်လို့ ကြိုတင် သတင်းရထားလို့ မောင်းသလိုမျိုး။ မြင်းလှည်းတွေ၊ စက်ဘီးတွေ၊ ဆိုက်ကားတွေကြား အမြန် ဝီခနဲ၊ ဝဲခနဲ မောင်းပြီး ကားချင်းလည်း အမြဲ ကျော်တက်သွားတာပဲ။

ကျွန်တော့်ကို ခေါ်သွားတာ ဗိုလ်မှူးကြီး သူရဖေအောင် အခန်း ခေါ်သွားကြတာ။

“ဒေါက်တာသိန်းလှိုင် ရောက်ပြီလား”

ဆရာ ဦးထွန်းမင်းတို့၊ ဒေါက်တာ ဘနာဂျီတို့က ရောက်ပါပြီလို့ ဖြေတော့

“လာ အထဲမှာ ထိုင်”

ကျွန်တော်က ဒေါက်တာ ထွန်းမင်းတို့၊ ဒေါက်တာ ဘနာဂျီတို့ကို ခေါ်တော့ သူတို့ မဝင်ရဘူးတဲ့။ ကျွန်တော် တစ်ယောက်တည်း ထိုင်နေရမှာတဲ့။ ကျွန်တော့်ကို ကိတ်မုန့်နဲ့ လက်ဖက်ရည်နဲ့ ဧည့်ခံတယ်။ ကျွန်တော်ကလည်း ဒါမျိုး မစားရ မသောက်ရတာ ကြာတော့ ဟန်မလုပ်နိုင်ဘူး။ စားလို့ သောက်လို့ ပြီးခါနီးမှ အရာရှိငယ်လေးတစ်ယောက် လာခေါ်လို့ ကျွန်တော်တို့ နှစ်ယောက် ထွက်ခဲ့ကြတယ်။ လမ်းလျှောက်ရင်း ပါးစပ်ထဲက ဝါးလက်စ ကိတ်မုန့်တွေစား၊ ပါးစောင်ထဲက မုန့်တွေ လျှာနဲ့ ကလော်ထုတ် ပြန်ဝါးလုပ်ခဲ့ရတယ်။

အခန်းကျယ်ကြီး တစ်ခုထဲမှာ နိုင်ငံတော် အလံတွေ အနောက်မြောက်တိုင်း အလံတွေ သားသားနားနား စိုက်ထူထားတယ်။ တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်နေလိုက်တာ၊ ကျွန်တော်တို့ သုံးယောက်ရဲ့ ခြေသံတွေပဲ ညံနေတော့တယ်။ ခဏနေတော့ ကျွန်တော့်ရဲ့ အရာရှိ ဒေါက်တာ ဦးထွန်းမင်းနဲ့ ဒေါက်တာ ဘနာဂျီတို့ ရောက်လာကြတယ်။ ကျွန်တော် ထိုင်ခါနီး ဗိုလ်မှူးကြီး စိန်မြ နောက်က နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်း ပုံကို တည့်တည့်ကြည့်ပြီး ဦးညွှတ် အလေးပြုလိုက်တယ်။ ဗိုလ်မှူးကြီး စိန်မြကတော့ သူ့ကို အလေးပြုတယ်လို့ ထင်ချင် ထင်လိမ့်မယ်။ ကျွန်တော့် စိတ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ရည်ရွယ်တာပါ။

ဗိုလ်ချုပ် အလေးပြုပြီးတော့ ကျွန်တော် ထိုင်ရမယ့် နေရာမှာ ထိုင်တော့ မနီးမဝေးမှာ ခလက ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းက ထိုင်နေတော့ ကျွန်တော် ဝမ်းသာအားရ လှမ်းနှုတ်ဆက်လိုက်တယ်။

“ဟာ – တပ်ရင်းမှူးကြီးလည်း ရောက်နေတာကိုး”

ပြောပြောဆိုဆို နှုတ်ဆက်ရင်း ကျွန်တော် ကုလားထိုင်ကို သူ့ဘက်နီးတဲ့ နေရာရွှေ့တော့ သူက သူ့ကုလားထိုင်ကို ကျွန်တော်နဲ့ဝေးရာ ခြေတစ်လှမ်းလောက် ရွှေ့တယ်။ ကျွန်တော်က လိုက်ရွှေ့တော့ သူက ထပ်ရွှေ့တယ်။ ဒီကုလားထိုင်ရွှေ့တဲ့ ဖြစ်စဉ်ကို လူကြီးတွေက လှမ်းကြည့်နေကြတယ်။ အားလုံး နေရာယူပြီးချိန်မှာ စတော့တာပဲ။

နောက်တော့မှ ပြန်စဉ်းစားကြည့်တာ၊ လူငယ်က သူ့ထက်ကြီးတဲ့သူ ခရိုင်က ဥက္ကဋ္ဌကို ယဉ်ယဉ်ကျေးကျေး၊ နှုတ်ဆက်ပေမယ့် လူကြီးတစ်ယောက်က ခက်ခက်ထန်ထန် ပြုမူနေတာကို တိုင်းမှူးတွေ မြင်လိုက်ရတာပေါ့။ ဒုဗိုလ်မှူးကြီး မောင်ရှိန်းရဲ့ပထမဆုံး စွဲချက်၊ တိုင်တန်းချက်က

“ဒေါက်တာသိန်းလှိုင်ဟာ နိုင်ငံတော်ကို မပျက်ပျက်အောင် ဖျက်လိုဖျက်ဆီး လုပ်နေတယ်”

ကျွန်တော်က လေသံအုပ်အုပ်နဲ့

“ရင်းမှူးကြီး ကျွန်တော် ဘာလုပ်လို့လဲ”

လူကြီးတွေက အဲလို စကားဖြတ်ပြောတာကို တားတယ်။

“ဒေါက်တာသိန်းလှိုင် ပြီးမှ ကိုယ်တိုင်လျှောက်လဲပါ”

ကျွန်တော် လျင်လျင်မြန်မြန် စဉ်းစားတယ်။ အလိုလိုနေရင်း သူပုန်လိုလို၊ သူကန်လိုလို၊ တော်လှန်သမားလိုလို ဖြစ်နေပြီ။ စွဲတဲ့ စွဲချက်ကလည်း သေဒဏ်ကို တန်းနေအောင်ပို့တဲ့ စွဲချက်။

“ဒေါက်တာသိန်းလှိုင် လျှောက်လဲပါ”

တော်တော် အူကြောင်ကြားနိုင်တဲ့ စွဲချက်ပဲလို့ ကျွန်တော် ကောက်ချက်ဆွဲမိတယ်။

“တပ်ရင်းမှူးကြီးရဲ့ စွပ်စွဲချက်ဟာ အမှန်ပဲဆိုခဲ့ရင် ကျွန်တော်ဟာ ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီကို တိုက်ခိုက်ဖျက်ဆီးနေသူ တစ်ယောက်လို့ ဆိုလိုရာ ရောက်ပါတယ်။ တိုင်းမှူးကြီးတို့ စုံစမ်းကြည့်စေလိုပါတယ်။ ကျွန်တော်ဟာ အမှန်တကယ် ပျက်စီးရာ ပျက်စီးကြောင်းတွေ လုပ်ဆောင်နေတာ ထင်ရှားရင် နိုင်ငံတော်စရိတ်နဲ့ ကနေဒါနိုင်ငံ ဒါမှမဟုတ် အမေရိကန်ကို ပြည်နှင်ဒဏ် ပေးစေလိုပါတယ်”

လူကြီးတွေ တစ်ယောက်နဲ့ တစ်ယောက် ကြည့်သူ ကြည့်ကြ၊ ငါတို့ပဲ နားအကြား လွဲလေသလား။ ကျွန်တော့်ကိုလည်း အကဲခတ်ကြ၊ ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းကိုလည်း လှမ်းကြည့်ကြ။ အဲဒီ ပုဂ္ဂိုလ်ကတော့ ရှုကြီး တင်းထားလိုက်တာမှ ဒီဒေါက်တာ ပြုတ်ဖို့ နာရီပိုင်း၊ မိနစ်ပိုင်းပဲ လိုတော့တယ်ဆိုတဲ့ ရှုမျိုး။

“ဘာ အမေရိကန် ဟုတ်လား”

“ပြစ်မှု ထင်ရှားရင် ပြည်နှင်ဒဏ် ဝေးဝေး ပေးစေချင်တာပါ”

ခုံရုံး လူကြီးတွေ အံ့ဩကုန်ကြတယ်။

“တရုတ်ပြည်ဆိုရင် နီးတော့ ဒီတော်လှန်မှုကို ပြန်လာပြီး လုပ်ရင် လုပ်နေဦးမယ်၊ ကနေဒါ ဆိုရင် ပိုကောင်းတာပေါ့”

ဒုဗိုလ်မှူးကြီး ဗန်ကူးလ်တို့၊ သူရဖေအောင်တို့ ပြုံးစေ့စေ့ လုပ်နေကြတယ်။

“ဒေါက်တာသိန်းလှိုင် နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း တကယ် လုပ်သလား အမှန်အတိုင်း ပြောပါ”

ဗိုလ်မှူးကြီး စိန်မြက မျက်နှာထား တည်တည်နဲ့ စူးစူးစိုက်စိုက် ကြည့်ပြီး မေးတယ်။

“ကျွန်တော် အမှန်အတိုင်း ပြောပါမယ်”

တစ်ခန်းလုံး အသံတွေ ပြန်တိတ်သွားတယ်။ လက်နှိပ်စက် ရိုက်သူတောင် ရပ်သွားတယ်။

“ကျွန်တော်သာ ဗိုလ်ချုပ်နေဝင်းရဲ့ တော်လှန်ရေးကောင်စီကို ပျက်လိုပျက်စီး တော်လှန်ရေး လုပ်တယ်ဆိုရင် ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းသည် ကျွန်တော်နဲ့ အလိုတူ အလိုပါ ဖြစ်လိမ့်မယ်။ သူ အခုမှ လာတိုင်တာဟာ သစ္စာဖောက်ပြီး လာတိုင်တာပါ။

ကျွန်တော်ဟာ တကယ်ကို ပုန်ကန်နေမှန်း၊ တော်လှန်ရေး လုပ်နေမှန်းသိရင် ခန္တီးမြို့မှာတင် ကျွန်တော့်ကို ထိန်းသိမ်းရပါလိမ့်မယ်။ ပြီးတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ဝန်ကြီးတို့၊ ညွှန်ကြားရေးမှူးချုပ်တို့ဆီ ဖမ်းပိုင်ခွင့် အမိန့် တောင်းဆိုရမှာပါ။ ကျွန်တော်နဲ့အတူ ခရီးတွေထွက်၊ တစ်ပါတည်း အမှုထမ်းနေကြပြီး အခုမှ လာတိုင်တာဟာ ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်း သူလိုချင်တာ ကျွန်တော့်ဆီက တစ်ခုခု မရလို့ အလိုတူ အလိုပါကနေ သစ္စာဖောက်သလိုမျိုး ဖြစ်နေပါတယ်။

ဒါကြောင့် ဒီအမှုမှာ ပြစ်မှုထင်ရှားရင် ကျွန်တော့်ကို ပြည်နှင်ဒဏ် အမေရိကန် ပို့ပြီး ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းကို တရုတ်ပြည် ပြည်နှင်ဒဏ် ပို့ပါ”

စစ်ခုံရုံး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး စိန်မြက ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းကို ဘယ်တုန်းက ခန္တီးမြို့မှာ တာဝန် ထမ်းဆောင်သလဲ ဆိုတဲ့ မေးခွန်း မေးတော့ သူက ပြန်ဖြေတယ်။ သူရောက်တာ နှစ်တွေနဲ့ချီ ကြာခဲ့ပြီ။ နောက်ထပ် စွဲချက်တစ်ခု အတင်ခိုင်းတဲ့အခါ သူက

“ဒေါက်တာသိန်းလှိုင်မှာ မွေးစားသားတွေ ရှိတယ်၊ နာဂလူမျိုးကလေးတွေပါ။ အဲဒီထဲက ကလေးတစ်ယောက်ကို ကျွန်တော့်နာမည် မှည့်ခေါ်ပြီး လူသူ စည်ကားရာ အရပ်မှာ ခွေး တစ်ကောင်လိုလို ကလေးလိုလို ပြောဆိုဆက်ဆံပါတယ်” တဲ့။ တိုင်းမှူးတွေကို တိုင်တဲ့ စာရွက်ကိုင်ပြီး တစ်ချက်ချင်း စွဲချက်တင်နေတာ။ လူကြီးတွေကလည်း သူ့တိုင်စာကို ဖတ်ပြီးကြပြီးသား။ ဒါပေမယ့် ထုံးစံနဲ့အညီ လုပ်ဆောင်နေကြရတာ။

“ကျွန်တော့်မှာ မွေးစားသား နာဂကလေးမောင်ရှိန်း ဆိုတာ ရှိပါတယ်။ သူ့ကို ခွေးလို ပြောဆို မဆက်ဆံပါဘူး။ နာဂလေးကို၊ ခန္တီးမြို့မှာ ပထမဆုံး လာရောက် တာဝန်ထမ်းဆောင်တဲ့ ဒုတိယဗိုလ်မှူးကြီး တစ်ယောက်ရဲ့ နာမည် မှည့်ခေါ်ထားတာဟာ ဒီကလေး ရာထူးတာဝန်ကြီးတဲ့ ပုဂ္ဂိုလ်တွေ အားကျအတုယူစေလိုတဲ့ စေတနာနဲ့ မှည့်ခေါ်တာပါ။ သူတို့ အနာဂတ်ရည်မှန်းချက် မြင့်မားစေချင်တဲ့ မေတ္တာနဲ့ ဒီနာမည် ပေးတာပါ။ အခု ကျွန်တော့်သားက ကြီးလာရင် စစ်ထဲဝင်မယ်လို့ ပြောလို့ ကျွန်တော့်မှာ ဝမ်းသာ ရပါသေးတယ်”

“ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းကို ဂုဏ်ပြုပြီး မှည့်ခေါ်တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်းဟာ ဒီနိုင်ငံမှာ ဩဇာအာဏာ အရှိဆုံး ပုဂ္ဂိုလ်ပါ။ သူ့အမိန့်နဲ့ မွေးသမျှ ကလေးတွေ၊ သူ့နာမည်တွေ၊ အမှည့်ခိုင်းလို့ မရပါဘူး။ ဒါပေမယ့် မိဘတွေက သူတို့သဘောနဲ့ သူတို့ မှည့်ခေါ်ထားတဲ့ နေဝင်းတွေ အများကြီးရှိသလို၊ စောနေဝင်း၊ နေဝင်းတင့်၊ နေဝင်းမြင့်၊ နေဝင်းမောင်၊ နေဝင်းသိန်း၊ နေဝင်းသန်း နာမည်တွေ အများကြီး ရှိပေမယ့် ဗိုလ်ချုပ်နေဝင်းက တရားတဘောင် လုပ်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး”

ကျွန်တော့်မှာ လျှောက်လဲသာ လျှောက်လဲနေရတာ ဆရာသိန်း မျက်နှာချည်း မြင်ယောင်နေတယ်။ စစ်ခုံရုံး သဘာပတိ အဖွဲ့ဝင်တွေ အားလုံး ငြိမ်ပြီး နားထောင်နေကြတယ်။

“ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းကို မေးခွန်းတစ်ခုလောက် မေးချင်တယ်၊ ဗိုလ်မှူးကြီးက မောင်ရှိန်း ဆိုတဲ့နာမည် ဗမာပြည်တစ်ခုလုံး ဘယ်သူမှ မှည့်ခေါ်ခြင်း မပြုရ၊ မောင်ရှိန်းရဲ့ မူပိုင်ဖြစ်ကြောင်း ရုံးတော်မှာ ဘယ်နေ့ ဘယ်ရက်က မှတ်ပုံတင်အမှတ် ဘယ်လောက်နဲ့ မူပိုင် မှတ်ပုံတင်ထားတာများ ရှိပါသလားခင်ဗျာ”

စစ်ခုံရုံး အဖွဲ့ဝင်တွေ ခေါင်းချင်းဆိုင်ပြီး တီးတိုး တီးတိုး လုပ်ကြရပြန်တယ်။ သူတို့ တိုင်ပင်ပြီးတဲ့အခါ နောက်ထပ် စွဲချက်တစ်ခု တင်ဖြစ်ရော။

“ဒေါက်တာသိန်းလှိုင်ဟာ နာဂအသိုင်းအဝိုင်းမှာ သူ့ကိုယ်သူ နာဂနတ်ဆိုပြီး ခန္တီးလေး တစ်ခရိုင်လုံးမှာ ဩဇာတိက္ကမ အလွန်ကြီးသူလို့ အထင်ရောက်ပြီး သူရဲ့ ကျန်းမာရေး ခရီးစဉ်တွေကို ခရိုင်လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီ၊ မြို့နယ်လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီ၊ ရပ်ကွက်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကော်မတီ သုံးကော်မတီစလုံးကို လုံးဝ အသိမပေးဘဲ၊ သူ့သဘော သူဆောင်ပြီး တောင်ပေါ် တက်ချင်တဲ့ အချိန်တက်၊ ဆင်းချင်တဲ့အချိန်ဆင်း လုပ်နေပါတယ်။

“အိန္ဒိယ နယ်စပ်ဘက် အသွားမှာ သူရိက္ခာပြတ်တဲ့အတွက် ပန်ဆောင်မှာရှိတဲ့ တပ်က ဒုက္ခဆင်းရဲ ရောက်နေတဲ့ ဒေါက်တာသိန်းလှိုင်ကို ကူညီရမလားလို့ အမေးရှိလို့ ကျွန်တော်က ကူညီလိုက်ပါလို့ အကြောင်းပြန်ခဲ့ရပါတယ်။ နောက်နောင်ကို ကိုယ့်သဘော ကိုယ်ဆောင်ပြီး ခရီးထွက်ခြင်းမျိုး မပြုလုပ်ဘဲ၊ သက်ဆိုင်ရာ လူကြီးများကို အသိပေး လျှောက်လွှာတင်ခဲ့ရင် ကုန်သွယ်ရေးက ရိက္ခာများ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်”

ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်း အဲဒီလို စွဲချက်တင်နေချိန်မှာ ကျွန်တော့်ဘောင်းဘီ ညာဘက်အိတ်ကို လက်နှိပ်လိုက်တော့ ကျွန်တော် လိုချင်တာ တစ်ခုကို စမ်းမိတယ်။ သူစွဲချက်ပြီးချိန်မှာ ကျွန်တော် ထုချေရပြီ။

“ကျွန်တော်ဟာ ဗမာလူမျိုး ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ နတ် ဘယ်ဖြစ်ချင်မလဲ၊ ဒါပေမယ့် နာဂနတ်ဆိုတာ အမှန်ပါပဲ။ မြေပြန့်မှာ ကျွန်တော့်ကိုယ် ကျွန်တော် နာဂနတ်လို့ ပြောရင် လူရယ်စရာ ဖြစ်မှာပါပဲ။ ဒါပေမယ့် တောင်ပေါ်မှာတော့ ကျွန်တော်ဟာ နာဂနတ် အစစ်ပဲ။ ကျွန်တော့်ဘာသာ နတ်ဖြစ်ချင်လို့ ဖြစ်ခွင့် မပြုပါဘူး။ သူတို့ပေးတဲ့အဆင့်၊ နာဂတွေ သတ်မှတ်တဲ့ နတ်ပါ။

ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းရဲ့ စွဲဆိုချက်နဲ့ ပတ်သက်ပြီး ခုံသဘာပတိ အဖွဲ့ကို သက်သေပြစရာ ရှိပါတယ်။ တင်ပြခွင့်ပြုပါ”

ဗိုလ်မှူးကြီး စိန်မြက ခေါင်းညိတ်တယ်။ ဗိုလ်မှူး ဗန်ကူးလ်က တင်ပြပါတဲ့။

ဒါနဲ့ ကျွန်တော် သူတို့ရှိရာကို ရင်ကော့လျှောက်ပြီး ဘောင်းဘီအိတ်ထဲမှာ ပါလာတဲ့ စာရွက်ကို ကမ်းလိုက်တယ်။ ဗိုလ်မှူးကြီး စိန်မြက လှမ်းယူတယ်။ ကျွန်တော့်နေရာ ကျွန်တော် ပြန်လာပြီး ရပ်နေလိုက်တယ်။ စာရွက်ကို ဖတ်ပြီး ဗိုလ်မှူး ဗန်ကူးလ်ကို ပါးတယ်။ ဗိုလ်မှူး ဗန်ကူးလ် ဆီကနေ ဗိုလ်မှူး သူရဖေအောင် အဲဒီကနေ အဆင့်ဆင့် လက်ဆင့်ကမ်း ဖတ်ပြတယ်။

“ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်း ဒေါက်တာသိန်းလှိုင် ပန်ဆောင်မှာ ဆန် အခက်အခဲ ရှိတော့ ကူညီလိုက်ပါလို့ အမိန့်ပေးလိုက်တယ်လို့ ခုနက ပြောတယ် ဟုတ်လား”

“ဟုတ်ပါတယ်”

ခုံသဘာပတိဖွဲ့တွေ ကြိတ်ပြုံး ပြုံးကြတယ်။ ကျွန်တော် ပေးလိုက်တဲ့ စာရွက်က ဗိုလ်ကြီး ဂျိုးဇက်ဆီက ဆိုင်ဖာကြေးနန်းလေ။

“ကျွန်တော်ကို လျှောက်လဲခွင့် ပြုပါ”

“ပြောပါ”

“ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်းမှာ အပြစ်မရှိပါဘူး။ တပ်ရင်းမှူးဆိုတာ တပ်မှာ ရာထူးအကြီးဆုံး အာဏာအရှိဆုံး၊ ဩဇာအမြင့်မားဆုံး၊ ကိုယ့်တပ်ကို ကိုယ် ပိုင်ရတယ် နိုင်ရတယ်။ ဒါပေမယ့် ကျွန်တော်က ဒုဗိုလ်မှူးကြီး မောင်ရှိန်းရဲ့တပ်ကို ပိုင်တယ်။ တပ်မတော်ရဲ့ လျှို့ဝှက်ဆိုင်ဖာကြေးနန်းကို ဘာသာပြန်ဆိုနိုင်တဲ့ အရည်အချင်း ကျွန်တော့်မှာ ရှိတယ်။ ဒုတိယဗိုလ်မှူးကြီး မောင်ရှိန်း ကြေးနန်းကို ဘာသာပြန်ဆိုနိုင်ခြင်း မရှိပါဘူး။ အဲဒီတော့ တပ်ကို ပိုင်တာ ဘယ်သူလဲ။ ဒီအခြေအနေကို သူသိပြီး ကျွန်တော့်ကို ကြောက်လို့ တော်လှန်သူတို့ ပျက်ပြားစေသူလို့ လာပြီးစွပ်စွဲတာ ဖြစ်မယ်၊ သူ့မှာ အပြစ်မရှိပါဘူး၊ ကျွန်တော့်မှာ အပြစ်ရှိတာပါ”

ခုံသဘာပတိဆီက စကားသံ ထွက်ချလာတယ်။

“ဟုတ်တယ်၊ တပ်က ဆိုင်ဖာက ဆရာဝန်လက်ထဲ ဘာလို့ ရောက်ရမလဲ”

တပ်ရင်းမှူးကြီး မောင်းပြန်နဲ့ ပစ်လို့ အားမရလို့ ဟောင်ဝဇ်ဇာနဲ့ ထုပါလေရော။

“မြန်မာပြည်ရဲ့ တစ်ခုတည်းသော ဦးဆောင်ပါတီ ဖြစ်တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခန္တီးခရိုင် ပါတီယူနစ်ရုံး ရှေ့ကနေ ပါတီယူနစ် ဥက္ကဋ္ဌကို အများပြည်သူ ရှေ့မှာ ဆဲဆိုခဲ့တယ်”

“သက်သေထူစရာ ရှိသလား၊ ဘယ်လို ဆဲသလဲ”

ကုန်သွယ်ရေးရုံးက ဘောက်ချာကို သူက သက်သေထူတယ်။ ဘောက်ချာကိုလည်း ခုနက ဆိုင်ဖာကြေးနန်းလိုပဲ ခုံရုံးအဖွဲ့ဝင်တွေ တစ်လှည့်စီ လက်ဆင့်ကမ်း ဖတ်ကြပြီး၊ ဖတ်ပြီး သူတိုင်းက ပြုံးစေ့စေ့ ဖြစ်ကုန်ကြတယ်။

“ဒေါက်တာ သိန်းလှိုင် ဆဲတယ်ဆိုတာ ဟုတ်သလား”

“ဟုတ်တယ်။ ဗမာပြည်မှာ အဆဲဆုံးလူကြီးက ဗိုလ်ချုပ်တင်ဖေပါ။ ပြီးတော့ ဒုတိယက အဘမြင့်သိန်း ကလည်း အဆဲသန်ပါတယ်။ တတိယက ကျွန်တော်ပါ။ ကျွန်တော်လည်း ဆဲပါတယ်။

ဗိုလ်မှူးကြီးတို့ ဘယ်လို ဆဲသလဲ၊ ကန်တော့ပါရဲ့ခင်ဗျာ… နင့်… ငါ… မင်း… အဆဲစုံ ဆဲပါတယ်။ စိတ်ပေါက်ရင် စိတ်ပေါက်သလို ဆဲပါတယ်။

ကျွန်တော် နမူနာ အနေနဲ့ ဆဲတဲ့အထဲမှာ ဟိုဟာ မပါဘူး။

ခုနက တင်ပြတဲ့ စာရွက်က ဘာများပါလဲ ကျွန်တော် ကြည့်ခွင့် ရှိပါလား”

“ဒေါက်တာ မေးတာကိုပဲ ဖြေပါ”

“တရားခံဆိုတာ တရားလို တင်ပြတာကို ကြည့်ရှုခွင့် ရှိရပါတယ်။ ကြည့်ရှုခွင့် မရှိရင် စစ်ခုံရုံးလည်း မဟုတ်ဘူး၊ တရားရုံးလည်း မဟုတ်တော့ပါဘူး”

“လာယူလှည့်”

ကျွန်တော် သိတာပေါ့။ ဒါပေမယ့် သွားပြီးယူဖြစ်အောင် ယူလိုက်တယ်။ တစ်ဖက်သားကလည်း ဒါမှ ပိုခံစားရမှာလေ။ သူ့စိတ်ထဲမှာ “ကဲ ဘာတတ်နိုင်သေးလဲ ရာမ” ဖြစ်ချင် ဖြစ်နေလိမ့်မယ်။

“ဟုတ်တယ်၊ ဆဲတယ် ဒီအတိုင်း ဆဲတာ”

“ဒါဆိုရင် အပြစ်ရှိလား”

“လုံးဝမရှိဘူး၊ ကျွန်တော့်ကို ရဟတ်ယာဉ် ငှားနိုင်ရင် ခဏငှားပါ။ ခန္တီးကို ရောက်ပြန် ပြန်ခဲ့ပါမယ်။ သက်သေရုံးတော်မှာ ပြချင်လို့ပါ”

“ဘာတင်ပြချင်၊ ဘာသက်သေ ထူချင်တာလဲ”

“ကျွန်တော့် ဧည့်ခန်းမှာ ချိတ်ထားတဲ့ ပြက္ခဒိန်ဟာ သက်သေပါပဲ။ တစ်မြို့လုံးက မိတ်ဆွေတွေဆီက အဆဲမျိုးစုံ ခံယူပြီး အဲဒီ ပြက္ခဒိန် နောက်ကြောမှာ သူတို့ကိုယ်တိုင် ရေးကြတဲ့ ဆဲနည်းအစုံ ရှိပါတယ်… ကမ္ဘာ့ကုလသမဂ္ဂမှာ ဒီအမှုကို တရားစီရင်ခဲ့ရင် ဒီအမှုမှာ ကျွန်တော် ကွင်းလုံးကျွတ်နိုင်တယ်”

အဲဒီအခါ ဗိုလ်မှူး ဗန်ကူးလ်ဆီက အသံဩကြီး ထွက်လာတယ်။

“ဘာလို့လဲ ဒေါက်တာ”

“ပါတီယူနစ် ဥက္ကဋ္ဌ ဗိုလ်ကြီး ထွန်းလင်းရဲ့ မိခင်မှာ ဝှေးစေ့နှစ်လုံး ရှိခဲ့လို့ရှိရင် ဗိုလ်ကြီး ထွန်းလင်းဟာ… ဖခင် ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာပဲ ဖြစ်ရလိမ့်မယ်။ ဗိုလ်ကြီးထွန်းလင်းရဲ့ မိခင်ကို စမ်းသပ်ခွင့် ရှိပါသလား၊ စမ်းသပ် ပါရစေ။

ဒါပေမယ့် ကျွန်တော့် အဆဲက နှစ်လုံး မဟုတ်ဘူး ခြောက်လုံးပါ၊ ကမ္ဘာမှာ တစ်ယောက်မှ ခြောက်လုံး မရှိပါဘူး”

ခုံသဘာပတိတွေ ဣန္ဒြေနဲ့ ကြိတ်ပြီး ရယ်ကြတယ်။ ကျွန်တော်ကတော့ တပည့်ကျော် ဟန်စုကိုပဲ မြင်ယောင်နေတယ်။ သူ့ကျေးဇူး။ သဘာဝကျကျ နှစ်လုံးလို့ ဆဲမိရင် ဒီကျော့ကွင်းက ကျွန်တော် လွတ်မှာ မဟုတ်ဘူး။ ဟန်စုရဲ့ များများကောင်းတယ်လေ ဆိုတဲ့ အဆိုအမိန့်ကို ပြန်ကြားယောင်မိတယ်။

စစ်ခုံရုံးက ခရိုင်ထဲမှာရှိတဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး၊ အဆင်ပြေစွာ နေဖို့နဲ့ အသိပေးသင့်တာတွေ အသိပေးဖို့ မှာကြားလိုက်တယ်။

ကျွန်တော် ထွက်လာချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် နောက်ထပ် အများကောင်းကျိုး လိုလားတဲ့ ဆရာဝန် တစ်ယောက်နဲ့ သွားဆုံရတယ်။ သူ့ကိုလည်း စစ်ခုံရုံး တင်မလို့ဆိုတာ အခြေအနေ မြင်လိုက်ကတည်းက သိပ်သေချာနေပြီ။ သူကတော့ ဆရာဝန်လောကမှာ ထင်ရှားတဲ့ ဒေါက်တာ ဉာဏ်ချစ်ပဲ။ သူ့ကိုတော့ လက်နှစ်ဖက်စလုံး လက်ထိပ်ခတ်ထားတယ်။ နံဘေးက အစောင့်တွေက သေနတ်တွေနဲ့။

“ဟေ့ ညီလေး”
“ဟာ အစ်ကိုဉာဏ်”

ကျွန်တော်တို့ နှစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်ကြတာကို နံဘေးကလူတွေက အံ့အားသင့်နေကြတယ်။

“မင်း အခြေအနေ ဘယ်လိုလဲကွ”

“ကျွန်တော် သေနတ်တစ်ချက်မှ မဖောက်ခဲ့ဘဲ နိုင်ခဲ့တယ် အစ်ကို”

“အေး… ဝမ်းသာတယ်ကွ၊ ဆက်ကြိုးစား”

ဆရာ ဦးထွန်းမင်းက ကိုဉာဏ်ချစ်နဲ့ စကားပြောတာကို မကြိုက်ဘူး။ စိုးရိမ်စိတ်ကြောင့် ကျွန်တော့်ကို အချိန်မပေးဘူး၊ ဇွတ်ဆွဲခေါ်ခဲ့တယ်။ သူ့ညီ ဉာဏ်မြင့်က ကျွန်တော့် ဟောက်စ် ဖြစ်ဖူးတယ်။ ဘယ်လိုပဲ ဆွဲခေါ်ပါစေ၊ ကျွန်တော့်ရင်ထဲက ပြောစရာရှိတာတော့ သူကြားအောင် နောက်လည်ပြန်ရင်း ခပ်ကျယ်ကျယ် လှမ်းပြောလိုက်တယ်။

“အစ်ကို့ကို လေးစားတယ် ကိုဉာဏ်ချစ်… အလေးပြုတယ်”

သူ့ကို ငှက်ဖျား ဖျားနေတုန်း တောထဲက ဖမ်းမိလာတာလို့ နောက်မှ သိရတယ်။

စစ်ခုံရုံးကအပြန် ဆရာဦးထွန်းမင်းက တယ်လီဖုန်းဆက်တော့ တစ်ဖက်က ဘာပြန်ပြောတယ် မသိဘူး။ ကျွန်တော့်ကို ကားပေါ် အတက်ခိုင်းပြီး ခေါ်လာတယ်။

“ဆရာ ကျွန်တော်တို့ အခု ဘယ်သွားကြမှာလဲဆရာ”

“စာရေးဆရာ လူထုဦးလှဆီ”

“သူနဲ့ ကျွန်တော် မသိဘူး ဆရာ”

“သူက မောင်သိန်းလှိုင်ကို သိတယ်”

ဒီလိုနဲ့ ကျွန်တော် လူထုတိုက်ကို ရောက်ခဲ့တယ်။ ဦးလေးလှက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး သူရေးတဲ့ စာအုပ်တွေ လက်ဆောင် ပေးလိုက်တယ်။ နာဂတောင်တန်း အကြောင်းလည်း သူသိချင်တာတွေ မေးတယ်။ သူ့မိတ်ဆွေ ကျောင်းဆရာ ကိုတင်လှိုင်ကို သိသလား မေးလို့ ခင်မင်ရင်းနှီးကြောင်း ပြောပြရသေးတယ်။ ကျွန်တော်တို့ တောင်ပေါ်မှာ ကျောင်းဖွင့်တာ မအောင်မြင်တော့ ဆရာ ကိုတင်လှိုင်တို့ ခန္တီးကျောင်းမှာ တကယ် ကျောင်းတက်ချင်တဲ့ နာဂလေးတွေ ကျောင်းတက်နိုင်အောင် စီစဉ်ခဲ့ကြတာလေ။

မန္တလေး စစ်ခုံရုံးကအပြန် ခန္တီးမှာ ဆေးရုံကို အလုပ်သွား အလုပ်ပြန် ဒိပြင်လူတွေ ဆိုရင်တော့ ပါတီယူနစ်ရှေ့က အဖြတ်မှာ ခန္ဓာကိုယ် ကိုယ်ကလေး ခပ်ရို့ရို့နဲ့ သွားသူ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ ကျွန်တော့် စိတ်ရင်းအတိုင်းဆိုရင် အိမ်က ထွက်လာတော့ အေးအေးဆေးဆေးပဲ။ ပါတီယူနစ်ရှေ့ ရောက်ခါနီး၊ ပါတီယူနစ်ရှေ့ ရောက်၊ ပါတီယူနစ်က ကျော်ဖြတ်သွားရင် ရင်ဘတ်ကို မဆိုသလောက် ကော့ထားမိမှာပဲ။ ပြီးရင် သီချင်းလေး တဟိုဟို ဆိုမိမှာပဲ။ ဘာသီချင်းရယ် မဟုတ်ဘူး။ စိတ်ထဲပေါ်တဲ့ ကမ္ဘာမကြေလည်း ဖြစ်ချင်ဖြစ်မယ်။ နဂါးနီလည်း ဖြစ်ချင်ဖြစ်မယ်။ လူချွန်လူကောင်းလည်း ဖြစ်ချင်ဖြစ်မယ်။

သီချင်း မဆိုဖြစ်ရင်လည်း လေကို အပေါက်အလမ်း မတည့်ပေမယ့် ချွန်ဖြစ်အောင် တရွှီးရွီး တရွမ်းရွှမ်း လုပ်သွားမိမှာပဲ။ ဒါပေမယ့် ကျွန်တော် လူကြီးစိတ် မွေးရတယ်။ မွေးတာမှ မနည်း မွေးရတာ။ လက်ခုပ်တီးသံက ကြားချင်လို့တောင် မကြားရတော့ဘူး၊ ဟေ့လည်း မလုပ်တော့ဘူး။ ကျွန်တော် ပစ်လိုက်တဲ့ သူ့အမေ ပေါင်ကြားထဲက ခြောက်လုံးပြူးက ဥက္ကဋ္ဌ ရင်ဘတ် မှန်သလား၊ နဖူး မှန်သလား မသိဘူး။ ချက်ကောင်း မှန်တာတော့ သေချာတယ်။ ကျွန်တော် အဆဲမျိုးစုံကို အဆဲခံ သုတေသန လုပ်ပြီးမှ ဆေးကျမ်းနဲ့ အညီ ဆဲတာ။ ခန္တီးမြို့သူ မြို့သား ကျွန်တော့်မိတ်ဆွေ ပညာဝန်ကစလို့ ပေါမိုင်းဘုန်းကြီးအဆုံး သူတို့ရဲ့ လက်ရေးနဲ့ အဆဲတွေကို ဘဝရဲ့ အမှတ်ရချက် အော်တိုဂရပ်(ဖ) အနေနဲ့ သိမ်းထားတဲ့ ပြက္ခဒိန် ကျွန်တော် ပြောင်းလေရာ မြို့ကို ယူသွားတာလေ။

ကျွန်တော့်ကို ၇ ရက်အတွင်း အပြုတ်တိုက်ရေး အောင်ပွဲခံ ညစာစားပွဲကြီးဟာ ခန္တီးမြို့ သမိုင်းရေးရင် စာတစ်ကြောင်း၊ နှစ်ကြောင်း၊ သုံးလေးကြောင်း ပါကောင်းပါနိုင်တယ်။

————-
#ညီပုလေး
(“ထက်မြက်တဲ့ ဓားသွားပေါ်က ချိုမြမြ ပျားရည်စက်”… မှ ကောက်နုတ်ချက် ဖြစ်ပါသည်။)

 

Leave a Reply

Your email address will not be published. Required fields are marked *