Novel

#ဇာတ်ဆရာအနုံ ဖက်ခြောက်လိပ်ကို မပေးနိုင်လို့ ဆေးရွက်ကြီးကိုငုံ

 

(၁)
အပြာနုရောင် လက်ရှည်အင်္ကျီကို ခင်သက်ရီ မကြိုက်တာ ကြာခဲ့ပြီ။ ဘော်ကြယ်တချို့ပင် ပြုတ်တည်းတည်း ဖြစ်နေသည်။ နောက် အပြာကလည်း နည်းနည်းနုလွန်းသည်။ မီးရောင်အောက်မှာ အရောင်ငုပ်နေသည်ဟု ထင်သည်။ နောက် သူနှင့် တွဲဝတ်သည့် ထဘီက အပြာနည်းနည်းရင့်သည်။ အင်ဒီးဂိုးအပြာ ဆိုလား သက်မောင်ကတော့ ခေါ် သည်။ နည်းနည်းတောက်လွန်းသည်။ မိုးပြာနုနှင့် အပြာရင့်က အဟပ် ကွာလွန်းသည်။ ဘာပဲဖြစ်ဖြစ် နီးပါးတော့ ဖြစ်ဖို့ လိုသည်။

မီးရောင်အောက်မှာ အရောင်ငုပ်တာထက်၊ ဘော်ကြယ်တချို့ ပြုတ်တည်းတည်းဖြစ်တာထက် သည်ဝတ်စုံကို သူမ မဝတ်ချင်တာ အကြောင်းရှိသေးသည်။ သို့ကြောင့်လည်း မဝတ်မိရန် ကနေ့ည ဆုံးဖြတ်ပြီးသား။ ကနေ့ည အငြိမ့်ခန်းမှာ အပြာနုရောင် ဝတ် ဆိုသည့် သက်မောင်၏အမိန့်ကို သူမ ဆန့်ကျင်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။ ခပ်မဲ့မဲ့လေး ပြုံးလိုက်ရင်း “သွားပေတော့”ဟု ဆိုကာ ကြည်ပြာရောင်ဝတ်စုံကို ဆိတ်သားရေ ဖင်ထိုင်ခုံလေးပေါ် လှမ်းပစ်လိုက်သည်။

ခင်သက်ရီက ဇာတ်ခုံနောက်ဘက်ကို လှမ်းကြည့်လိုက်သည်။ သက်မောင် ပြန်မလာသေး။ ညနေစောင်းကတည်းက ချာတိတ်တစ်ယောက်နှင့် ထွက်သွားခြင်း ဖြစ်သည်။ ဘယ်ကိုလဲ ဆိုတာ မေးနေစရာ မလိုတော့။ ပွဲခင်း တစ်နေရာ အိမ်ဆိုင်ကလေးတွေမှာ ရှိနေမှာ သေချာသည်။ စင်ပေါ် ဖြစ်ဖြစ်၊ စင်အောက်မှာ ဖြစ်ဖြစ် သက်မောင်ဆီက အရက်နံ့ ရနေတတ်သည်မှာ ကြာပြီ။ အတူ အိပ်ရသော ခင်သက်ရီက ပိုတောင် သိသည်။ နိုင်ငံခြားအရက်လား၊ ချက် အရက်လား (ယုတ်စွ တံဆိပ်တောင် သူ ပြောနိုင်မည် ထင်သည်။)

“မမ … မြန်မြန်လုပ်လေ၊ အော်ပရာ ပြီးတော့မယ်”

နီလာဝင်းက မျက်ခုံးကို ခဲသားခြစ်ရင်း လှမ်းသတိပေးသည်။ ဟုတ်သား။ အော်ပရာက တီးလုံး ခပ်မြူးမြူးကို ကြားနေရသည်။

အော်ပရာ ပြီးတော့မည်။ ဒါပြီးလျှင် အငြိမ့်ခန်း။ သူမ အဝတ်ပင် မလဲရသေး။ ခင်သက်ရီ ခုံပုလေးပေါ်က အပြာနုရောင်ဝတ်စုံကို လှမ်းကြည့်လိုက်သည်။ ဘော်ကြယ်ပွင့်ကလေးများက မီးလုံးရောင်အောက်မှာ စိန်ပွင့်လေးတွေလို တောက်လက်နေသည်။ သူမကိုသူမ ကျေနပ်သွားဟန်နှင့် ထဘီသေတ္တာကို ဆွဲယူလိုက်သည်။

(၂)
သက်မောင်က နာရီကို ကြည့်လိုက်သည်။ ၉ နာရီ ထိုးတော့မည်။ ပွဲခင်းဆီမှ (ဇာတ်ရုံဆီမှ) ဆိုင်းသံကို ပီပီကလေး ကြားနေရသည်။ ပတ်မသံကို ကျော်၍ ခေတ်ပေါ်တေးဂီတဝိုင်းမှ (နွေဦးရွက်ကြွေ တေးဂီတဟု သူ အမည်ပေးထားသည်) ဘေ့စ်ဂစ်တာညှိသံ တဒီဒီကိုလည်း တစ်ခါတစ်ခါ ကြားရသည်။ ၉ နာရီ ဆိုလျှင် ပွဲထွက်တော့မည်။ ဘာပဲဖြစ်ဖြစ် သူ့အငြိမ့်ခန်းကျော်မှ ပြန်ချင်သည်။ သို့တိုင် အဆင်မှ ပြေကြရဲ့လား ဆိုသည့် အသိက တစ်ခါတစ်ခါ ဝင်လာသေးသည်။ သေချာအောင်တော့ စီစဉ်ထားပြီး ဖြစ်သည်။

အတွေ့အကြုံနှင့် လုပ်ရည်ရှိကြပြီးသူများမို့ စိတ်တော့ချသည်။ မိမိကလည်း သေချာမှ ကြိုက်သည်။ ယုတ်စွအဆုံး မီးသမားကို ဘယ်အခန်းမှာ ဘာအရောင်ထိုး၊ နောက်ခံဆလိုက်ပြားများကိုပင် အနီးအဝေး၊ အရောင် အပူအအေး ခွဲခြားပေးထားသည်။ ပြဇာတ်မှာ ဆိုလျှင် စကားကျတွေကို သေချာစွာ ကျက်ခိုင်းထားပြီးသား၊ တီးဝိုင်းနှင့် တိုက်ပြီးသား။ မင်းသမီး ဘာအရောင် ဝတ်၊ ဘာစကား ပြော ဆိုသည်ကိုပင် အလွတ်မပေး။ လူရွှင်တော် ချိတ်က အစ ပေးထားပြီးသား။ ပြဇာတ်ချိန်ကို ကိုက်၍ သူ သွားရုံသာ။ ပြဇာတ်ကလည်း နေ့လယ်က တိုက်ထားပြီးသား၊ ပြန်နွေးပြီးသား၊ နောက်ဆုံး ဆက်တင်ချိန်း၊ အခန်းပြောင်း၊ အိုဗာချက အစ မီးပြောင်း၊ အတီးပြောင်း၊ အဆူပြောင်း၊ အသွဲ့ပြောင်း၊ “ချက်” ချိတ်ပေးထားလေ့ ရှိသည်။

စီးကရက်ပြာတောင့်သည် ကြွေလုကြွေခင်။ သူ့ဘေးမှာ ဖျစ် ချေထားသော စီးကရက်ဘူးခွံ၊ ဖောက်ခါစ ဒူးယားဘူးသစ်၊ ဆေးလိပ်ပြာများ၊ မြေပဲခွံများ၊ ဘောပင်၊ မီးခြစ်ဘူး၊ သီချင်းစာရွက်များ၊ နုတ်(စ်) ရေးထားသော စာရွက်များ၊ ဖန်ခွက်နှစ်လုံး၊ နောက် ပုလင်းအချို့။

“၉ နာရီ ထိုးတော့မယ် ဆရာ၊ ပြန်သင့်ပြီ”

သံချောင်းက သူ့ဆရာဘေးမှာ ယို့ယို့လေး ထိုင်ရင်း မဝံ့မရဲ ပြောသည်။ သူ့ဆရာ များနေပြီ ဆိုတာ သူ သိသည်။

“ကျွန်တော်တို့ လာတာ သိပ်ကြာသွားပြီ”

သက်မောင်က ဘာမျှ မပြော။ လက်ကျန်ကလေးကို မော့ချလိုက်သည်။ ခါးရှသော သည်အရက်ကို သူ သောက်ဖြစ်နေတာ ကြာပြီ။

“မင်း … ငါ မေးတာမှ မဖြေသေးတာ”

“ဟာ … ဆရာ မေးတာ ကျွန်တော်မှ မဖြေနိုင်တာ၊ ပြီးတော့ ဟုတ်မှ မဟုတ်တာ”

“ဘာကွ .. မင်းကပါ လိမ်တာလား၊ သက်မောင် အရူးဖြစ်နေတာ ကြာပါပြီကွာ”

သက်မောင်က ပစ္စည်းတချို့ ကောက်ယူသိမ်းသည်။ ဘာပဲဖြစ်ဖြစ် ဇာတ်ရုံမှာ သူ ရှိနေသင့်ပြီ။ သူ့ကို မျှော်ကြရော့မည်။ သီချင်းစာရွက်နှင့် နုတ်စ်တချို့ကို ခေါက်လိုက်သည်။

“ဒီမှာ သီချင်းသစ်တွေ၊ တီလုံးသစ်တွေ၊ သီချင်းသစ်ကို ခင်သက်ရီက ဆိုမယ်၊ ဝင်းဟန်က တီးမယ်၊ ဒီတော့ သူတို့ချင်း မျက်လုံးတွေနဲ့ နှလုံးသားတွေနဲ့ စင်ပေါ်စင်အောက် စကားတွေ ပြောကြမယ်၊ ငါက အရက်တွေ ထပ်သောက်ဖြစ်မယ်၊ ဒါပဲ မဟုတ်လား ဒီတော့ …”

သက်မောင်က ဂီတသင်္ကေတများ ပါသော စာရွက်များနှင့် သီချင်းစာရွက်များကို ဆုတ်ဖြဲလိုက်သည်။ အစိတ်စိတ်အမြွာမြွာ ဖြစ်သည်အထိ။ သံချောင်းက လိုက်လုသေးသည်၊ မရတော့။ ဂီတသံစဉ်များ သာတောင့်သာယာ ထွက်ပေါ်မလာမီမှာပင် “သံစဉ်လောင်း”များ စုတ်ဖွာလွင့်ထွက်သွားသည်။ သံချောင်းရင်ထဲမှာ ကျဉ်ခနဲ ခံစားရသည်။ ဆရာရေးသည့် သီချင်းများ၊ တီးလုံးများ ကောင်းကြောင်း သူ သိသည်။

သက်မောင်က စာရွက်စကလေးများကို ဖန်ခွက်ထဲ ထည့်လိုက်သည်။ အပေါ်က အရက်အချို့ လောင်းထည့်သည်။

“သီချင်းတွေ၊ မယ်လိုဒီတွေလည်း မူး၊ ငါလည်း မူးပေါ့”

သံချောင်းက နားမလည်နိုင်စွာ ငေးစိုက်ကြည့်နေသည်။ သူ့ဆရာနှင့် ဆရာကတော်အကြောင်း သူသာ သိသည်။ လွန်ခဲ့သည့် နှစ်များက သိပ်ချစ်ကြသည့် သူတို့အတွဲကို အားလုံးက အားကျသည်။ သို့သော် မကြာသေးသည့်ကာလမှ စ၍ သူတို့ ကျိတ်ပွဲကလေးတွေနှင့် မကြာမကြာ ရန်ဖြစ်နေတတ်ကြသည်။ နောက် ဆရာက အရက်ကလေး သောက်လာသည်။ အရက်သောက်တာ အလုပ်ကို မထိခိုက်သော်လည်း ဆရာကတော်နှင့်ကား ခွန်းကြီးခွန်းငယ် ဖြစ်နေတတ်သည်။ ပြဇာတ်သစ်၊ သီချင်းသစ်၊ အော်ပရာသစ် မထွက်လာတာ ကြာခဲ့ပြီ။ စင်စစ် ဆရာ ထင်သလို မဟုတ်။ ဆရာကတော်၏သိက္ခာကို သူ ယုံသည်။ စင်စစ် ဆရာကတော်၏ ကိုယ်ခန္ဓာကိုသာ ဆရာ ပိုင်ချင် ပိုင်မည်၊ အနုပညာကိုတော့ ပရိတ်သတ်ကို ပေးထားသူ ဖြစ်သည်။

“သွားမယ်”

သက်မောင်က လက်ကျန်ပုလင်းကို လွယ်အိတ်ထဲ ထည့်သည်။ ဒူးယားစီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ အရက်ဖန်ခွက်ထဲမှ စက္ကူစကလေးများကမူ မူးရစ်ရီဝေနေဟန် ငြိမ်သက်လျက်။

ခင်သက်ရီက ကနေ့ည အဖြူရောင်ပဲ ဝတ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သားရေသေတ္တာအတွင်းမှ အဖြူရောင်ဝတ်စုံကို ညင်ညင်သာသာကလေး ထုတ်ယူလိုက်သည်။ အော်ပရာပင် ပြီးတော့မည်။ ကမန်းကတန်းမို့ ဘော်ကြယ်ချင်း ငြိသွားသည်ကိုပင် စုတ်သပ်လိုက်မိသေးသည်။ ဝပ်လေးထောင်ကျော် မီးရောင်အောက်တွင် သည်ဝတ်စုံက ကြွရွနေပေလိမ့်မည်။ ဖွေးလက်တောက်ပနေသည့် သည်ဝတ်စုံပေါ်မှ ကြယ်ပွင့်လက်လက်ကလေးတွေက ပြိုးပြိုးပြက်ပြက် ရှိနေပေလိမ့်မည်။ နောက် အပြာနုရောင်ကို ဖယ်ကြဉ်၍ အဖြူရောင်ဝတ်စုံကို သက်မောင် တွေ့လျှင် သူမ ကျေနပ်ပြီ။ ဘာပဲဖြစ်ဖြစ် သူ့မာနလေးကိုတော့ နည်းနည်း ပြချင်ခဲ့တာ ကြာပြီ။ အောက်ခံထဘီဟောင်းကို ချွတ်ချလိုက်သည်။

(၃)
ကိုအောင်ကြည်က ဇာတ်ရုံအပြင်ဘက်ကို မျှော်နေသည်။ ဇာတ်ရုံထဲမှာ ဧည့်သည်တချို့ ရောက်နေသည်။ ခင်သက်ရီကို အင်တာဗျူး လုပ်ချင်လို့ဟုလည်း ဆိုသည်။ ဓာတ်ပုံလည်း ရိုက်ခွင့်တောင်းသည်။ နောက် သက်မောင်၏ အော်ပရာနှင့် ပြဇာတ်တချို့အကြောင်းကို မေးသည်။ တကယ်တော့ ရုပ်ရှင်ယောင်ယောင် ဇာတ်များ ကြားမှ ဇာတ်ယောင်ယောင် အငြိမ့်များကို ကျော်၍ ဘာမှန်း မသိ၊ ညာမှန်း မသိ ပဒေသာဟု အမည်ပေးထားသော ဇာတ်များအလယ် အငြိမ့်စစ်စစ် (စတိတ်ရှိုးလေးတော့ ပါသည်)ကို သူတို့ ဖန်တီးထားသည်။

ဒါကလည်း သက်မောင်၏ အစီအမံ အခန့်အခွဲသာ ဖြစ်သည်။ သူ့ခြေ သူ့လက်သာ ဖြစ်သည်။ ဒါကြောင့်လည်း သက်မောင်ကိုသာ မျှော်နေမိသည်။ သက်မောင် အရက်သောက်ဖြစ်နေတာ ကြာပြီ။ သူ မပြောချင်။ ပြောလို့လည်း ရမည် မဟုတ်။ အခုလည်း ခင်သက်ရီ၏အငြိမ့်ခန်းပင် ထွက်နေပြီ၊ သက်မောင် မလာသေး။ လာဖို့တော့ ကောင်းသည်။ ကနေ့ညတော့ ပြောရမည်။ အငြိမ့်ခန်း ပြီးလျှင် စတိတ်ရှိုး။ ပြီးလျှင် သာဓက။ သာဓကပြီးလျှင် ပြဇာတ်။ ကိုအောင်ကြည်က စိတ်မောလူမောဖြင့် သက်မကို မှုတ်ထုတ်လိုက်သည်။ ဧည့်သည်တွေကို ညဉ့်နက်ပိုင်းလောက် ပြန်ချိန်းရသည်။ ခင်သက်ရီ၏ “အငြိမ့် သီချင်း” တစ်ပုဒ်ကို ကြားနေရသည်။

(၄)
ဇာတ်ခုံနောက်ဖေးတည့်တည့် ရောက်မှ စီးကရက်ကို မြေပေါ် ချလိုက်သည်။ ပြီးတော့ နင်းချေလိုက်သည်။ ခြေထောက်အောက်မှာ စီးကရက် ကြေမွစုတ်ပြတ်သွားသည်။ သူ့ကို နှုတ်ဆက်သော ကားဆွဲကောင်လေး၏ နှုတ်ဆက်သံကို ကြားသော်လည်း ဘာမျှ ခွန်းတုံ့မပြန်ခဲ့။

ကောင်လေးက ကြောင်တက်တက် ကျန်ခဲ့သည်။ ယိမ်းသမလေးတချို့က သက်မောင်ကို မဝံ့မရဲ ကြည့်နေကြသည်။ သူတို့ဆရာကို သူတို့ နားမလည်နိုင်တာ ကြာပြီ။ အရင်က သည်လိုမဟုတ်။ အခု အရက်တွေ တအားသောက်သည်။ လုပ်ငန်းခွင်မှာ မရှိတာက များသည်။ မိန်းမနှင့် ခဏ ခဏ စကားများသည်။ တစ်ခါတစ်ရံ ပေါက်ကွဲသည်။ တစ်ခါတစ်ရံ ပေါက်ကွဲအံ့မူးမူး တင်းမာသည်။ အဖွဲ့တွင် နတ်လုပ်လေ့ရှိသော ကိုတင်ဝင်းက “အိမ်နီးချင်းကိုမှ အားမနာ အားမနာ” ဆိုသည့် နတ်ချင်းကို မကြားတကြား ဆိုသည်။ သက်မောင် မကြားတကြားလေး ဆိုသံကြောင့် လှည့်ကြည့်လိုက်သည်။ သူ့ကို ကြည့်နေသော မျက်နှာများ ကုပ်ကွေးကျသွားသည်။

သက်မောင်က ခင်သက်ရီနှင့် သူ့ကို ပေးထားသော နေရာကလေးကို သွားသည်။ ခုတင်တစ်လုံး၊ ထဘီသေတ္တာများ၊ မိတ်ကပ်ခုံ၊ မှန်များ၊ စာအုပ်များ၊ ဖိုင်များ ရှုပ်နေသော နေရာကလေးဖြစ်သည်။ သက်မောင်က ပုလင်းကို ထုတ်၍ မှန်တင်ခုံဘေးမှာ ကပ်ထားလိုက်သည်။

“တင်ဝင်း .. ပြဇာတ် နီးရင် ငါ့ကို နှိုး”

ခုတင်ပေါ် ပစ်လှဲချလိုက်သည်။ မူးယစ်ရီမှိုင်းနေသောအသိ တစ်စုံတစ်ခုကို ခံစားနေရသည်။ ဒိုးဆစ်သံ၊ တိခနဲ ပြတ်သော ဒိုးဆစ်သံ။ အဆို့အပိတ် တော်တော်လေး သေသပ်သည်။ သည်ဒိုးဆစ်ကြားမှာ ခင်သက်ရီ ဘယ်လို ကနေသည်ကို သူ့စိတ်မှာ ရုပ်မြင်သံကြားလို မြင်နေမိသည်။ ဝေဠုမြတ်စွာ ခေါင်းစွပ်နှင့် မယ်ဝဏ္ဏက ဘီလူးဆိုင်းဆင့်နေသလားဟုလည်း တွေးမိရသေးသည်။

မြန်မာ့ဆိုင်းဝိုင်းနှင့် ခေတ်ပေါ်ဂီတအဖွဲ့တို့ အားပြိုင် ရောမွှေထားသော အစီအစဉ်တစ်ခုကို ဆက်တိုက် ကြားရသည်။ သည်တီးလုံးသစ်မှာ ကကြိုးအတွက် သီးသန့်ထုတ်ထားသဖြင့် ဒိုးဆစ်ကို ဦးစားပေးထားသည်။ အခြား တူရိယာများ သူ့အစီအစဉ်အလိုက် အဝင်အထွက် မှန်မမှန်လည်း လိုက်နားထောင်နေမိသည်။ ထရမ်းပက်သံက ညာသံတွေ များလွန်းသည်။ ဆိုက်ဆိုဖုန်း၏ ဘယ်သံကြီးကြီးကြားမှာ လူးလူးလိမ့်လိမ့် ပြေးလွှားနေသော စန္ဒရားသံကို ရွေး၍ နားထောင်ကြည့်သည်။ မကြားရ။ မှိန်နေသည်။ ပတ်ဝိုင်းက အဝင်အထွက်တွေမှာ နည်းနည်းလေး နောက်ကျကျနေသည်။ (သူ့နားက သိနေခြင်းသာ ဖြစ်သည်) သိပ်ဘဝင်မကျ။ မနက်ကျမှ ပြောရဦးမည်။ ဗမာသံအကူးမှာ နှဲက “စီ”နည်းနည်း တက်နေသည်။ စီရှပ်လည်း မရောက်။

“ကိုရှိန်းခိုရေ”

“ညီမရေ”

“ကိုသစ်ကြမ်းပိုး”

“မလစ်လပ်ပါ သက်ရေ”

“ဟုတ်ကဲ့ရှင့်၊ ကျွန်မတို့ရဲ့ အငြိမ့်သဘင် တစ်ခေတ်ကို ရှုစားအားပေးတော်မူကြတဲ့ မိဘပြည်သူများကို တွေ့ရတော့ သမီးလေ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့၊ အစ်ကိုတို့ရော အားမရ ဝမ်းမသာကြဘူးလား”

“အားရဝမ်းသာ ရှိရပါသော်ကော သက်ရေ”

“ဟုတ်ကဲ့ရှင့်၊ ဒါကြောင့် သမီးလေး ခင်သက်ရီကို အခုလို ရွှင်လန်းအားရ ဝမ်းပန်းတသာ မေတ္တာထားကြတာ တွေ့ရတော့ အဝေရာဓိက မေတ္တာ၊ သြဓိဿ မေတ္တာများ ဝေငှရတာကိုးရှင့်”

“ဟုတ်လိုက်လေ သမီးရယ်”

“မေတ္တာတွေ ထားရုံနဲ့ မပြီး၊ အနုသုခုမ သဘင်ပညာပေါ်မှာ သစ္စာတွေ ဆင့်ပါလို့ ကျွန်မတို့ရိုးရာ အနုသဘင်စစ်စစ်ကို ဖော်ထုတ်၊ ခေတ်ကိုလည်း တန်းညှိ၊ ခေတ်ပြင် သုခုမသဘင်တစ်ခေတ် ထွန်းသစ်စေရမှာကိုးရှင့်”

“ဟုတ်ကဲ့”

“ဪ … သစ္စာတရားများ တယ်ပြီး တန်ခိုးကြီးမား စွမ်းပကားအနန္တနဲ့ ပြည့်ဝပေတယ်လို့ လူကြီးသူမများ ဆိုခဲ့ဖူးတယ် မဟုတ်လားရှင်”

“ဟုတ်ကဲ့”

“ဘာတဲ့ …၊ စံရာနန်းကို စွန့်လို့ မောင်တော် ​သောတ္ထိသေနအပါး တစ်ဖဝါးမခွာ လိုက်လို့ ရေပူရေချမ်း ကမ်းလှမ်းတဲ့ သစ္စာရှင်မလေး”

သက်မောင် ဝုန်းခနဲ ထထိုင်လိုက်သည်။ သည်စကားသည် စင်ပေါ်မှာ ပြောရမည့် စကားစုတွင် ပါနေကျ မဟုတ်။ အနုပညာ ဆိုသည် ပုံသေကားကျ မဟုတ်။ သင့်သလို ပြောရ၊ ဆိုရ၊ ငိုရတာ သူ သိငြား သည်စကားကို ခင်သက်ရီ မြားတံဖြင့် အသုံးချလိုက်ခြင်း ဖြစ်ကြောင်း သူ သိသည်။ သစ္စာအဖွင့်ကို စင်ပေါ်မှ တမင် ထည့်လိုက်ခြင်းကို သူ နားလည်သည်။ မှန်တင်ခုံဘေးက အရက်ပုလင်းကို ထုတ်ယူလိုက်ရင်း ကောက်မော့လိုက်သည်။ ပုလင်း ပြန်အသိမ်းမှာ အပြာရောင်ဝတ်စုံကို မြင်လိုက်ရသည်။ ကနေ့ည ဝတ်ပါဟု မိမိ ဆိုခဲ့ပါလျက် ခင်သက်ရီ ခေါင်းချိုးပြီ။ တဆတ်ဆတ် တုန်လာသော ရင်ကို အသိဖြင့် ထိန်းချုပ်လိုက်ရင်း ခုတင်ပေါ် အသာ ပြန်မှေးနေလိုက်သည်။ ကနေ့ညတော့ စာရင်းရှင်းမှ ဖြစ်မည်။

(၅)
ကကြိုးတစ်ခု အပြီးမှာ ခင်သက်ရီ ခဏကလေး ပြန်ဝင်သည်။ နံ့သာယပ်တောင်ကလေးကို ခါးချိုးလိုက်ရင်း လှေကားအဆင်းကို ထဘီတစ်ဖက် ကိုင်မကာ သတိနှင့် ဆင်းလိုက်သည်။ အရက်နံ့က နှာခေါင်းထဲ စူးစူးရှရှ ပြေးဝင်လာသည်။ ။

သက်မောင်၏မျက်လုံးများကို သူမ ရင်မဆိုင်ချင်။ ဒါကြောင့်လည်း မှန်တင်ခုံဘေးက ခုံကလေးမှာ ဝင်ထိုင်လိုက်သည်။ ပေါင်ဒါလေး ထပ်ဖို့သည်။ နှုတ်ခမ်းနီ ထပ်ဆိုးလိုက်ရင်း နှုတ်ခမ်းကို ဟလိုက်၊ စူလိုက် လုပ်ကြည့်လိုက်သည်။ နဖူးထောင့်မှာ စို့နေသော ချွေးစတို့ကို စွပ်ကျယ်ပဝါဖြင့် ဖို့သိပ်လိုက်သည်။ သက်မောင်က သူ့ရှေ့မှ အဖြူရောင်မီးကျီခဲကို မီးတောက်မျက်လုံးများဖြင့် ကြည့်နေသည်။

“ဘယ်လိုလဲ သမ္ဘူလရဲ့၊ သစ္စာတရားကို အနက်တွေ ဖွင့်နေလိုက်တာ ရွှန်းရွှန်းဝေလို့၊ သစ္စာ … သစ္စာနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ”

“အလုပ်လုပ်နေတာ အစ်ကို၊ ရန်ဖြစ်စရာရှိရင် မနက်မှပဲ ဖြစ်ကြတာပေါ့”

“မနက်ထိ မလိုတော့ပါဘူး၊ ကနေ့ပဲ စာရင်းရှင်းကြတာပေါ့”

“ဒီမယ် ကိုသက်မောင်၊ လူ ဆိုတာ ခံစားတတ်တဲ့လူချည်းပဲရှင့်၊ ရှင် စော်ကားတာတွေက လွန်လွန်းနေပြီ၊ အားလုံးကို ထောက်ထားပြီး သည်းခံနေခဲ့တာ၊ ရှင် သိပ်လွန်နေပြီ၊ သိလား”

“အေး … ငါကလည်း ရင်ထဲမှာ ဖိသိပ်ထားရလွန်းလို့ ပွင့်ထွက်တော့မယ် သိလား၊ လင်မယား လင်မယားနဲ့ အဓိပ္ပါယ်မဲ့ခဲ့တာ ကြာပြီပဲ မင်းသမီးရဲ့”

“ရှင် ဘယ်လိုပြောလိုက်တာလဲ ကိုသက်မောင်၊ ရှင့်အပြင် ကျုပ်က ဘာတွေများ ဖြစ်နေလို့လဲ၊ ရှင် သိပ်သဘောထား သေးသိမ်တယ်”

“သဘောထား သေးသိမ်တယ် ဆိုတော့ ကျုပ်က သဘောထားကြီးရမယ်ပေါ့ ဒီလိုလား။ စင်ပေါ်နဲ့စင်အောက် မျက်ခုံး မျက်လုံးချင်း၊ နှလုံးသားချင်း၊ အပြုံးစကားချင်း အချစ်ဓာတ်တွေ ရစ်ပတ်နေကြတာ ကျုပ်က …”

“ရှင် လူပါးမဝနဲ့၊ ရှင်သာ အနုပညာ အနုပညာနဲ့ သူများခြင်ထောင်ထဲ”

“ဘာကွ၊ မိုက်ရိုင်းလှချည်လား၊ နင် ငါ့အနုပညာကို မစော်ကားနဲ့၊ အလုပ်သဘောအရ ဆက်ဆံတာ၊ ငါးပြက်က ပက်လက် မကူးနဲ့”

“ငါးပြက်က ပက်လက်ကူးတာ မဟုတ်ဘူးရှင့်၊ ငါးဖျံက မှန်တာ ပြောတာ၊ ကျုပ်က ခေါင်းဆောင်မင်းသမီးရှင့်၊ အားလုံး သိတယ် နားလည်လား”

သက်မောင် ဝုန်းခနဲ မတ်တတ်ရပ်လိုက်သည်။ စူးရဲသောမျက်လုံးများက အရောင်တွေ ထွက်နေသည်။ ပြင်းထန်စွာ လှုပ်ခုန်နေသော ရင်က နိမ့်လိုက် မြင့်လိုက်နှင့်။ တွန်းထိုးဖြိုလှဲပစ်ချင်စိတ်ကို လွှတ်ပေးလိုက်မိတော့မလို ဖြစ်နေစဉ်မှာပင် ..
“မမ … ရှေ့ပိုင်း ထွက်လိုက်ဦးလေ၊ အပြင်မှာ ဟာနေပြီ”

ခင်သက်ရီ အသံလာရာသို့ ကြည့်လိုက်မိသည်။ သူနှင့်သက်မောင်ကြား သံသယနှင့် မစ္ဆရိယကို သယ်ဆောင်လာသူ နွဲ့ရီ။ သင်းမျက်နှာ မကြည့်ချင်။ သင်းမို့ မျက်နှာပြောင်သည်။

“ငါ့အလုပ် ငါသိတယ်”

မျက်နှာကို ခပ်တင်းတင်းကလေး ချီရင်း လှေကားပေါ် ပြန်တက်ခဲ့သည်။ ခင်းပျဉ်များပင် တုန်ခါသွားသည်။

“တောက်”

သက်မောင်က ပြန်ထိုင်လိုက်သည်။ ဒေါသတို့ ဆူဝေဆဲ။ အပြင်ဘက်မှာ ခင်သက်ရီက ပြုံးပြုံးကလေး။

(၆)
အငြိမ့်ခန်း အပြီးမှာ စတိတ်ရှိုးနှင့် သာဓက ကျန်သေးသည်။ ခင်သက်ရီက ဒေါကလေးနှင့် ပြန်ဆင်းလာရင်း နံ့သာယပ်တောင်ကလေးကို သေတ္တာပေါ် ပစ်တင်လိုက်သည်။ ဆံစတွေကို ကုပ်သိမ်းထားသော ဆံညှပ်၊ ဆံခွ၊ ဆံဖိတို့ကို တစ်ချောင်းချင်း ဖြုတ်နေမိသည်။ မှန်ထဲမှာ ချွေးနှင့်မျက်ရည်တို့ စီးပျံ့နေသည်ကို မြင်ရသည်။ စက္ကူပန်းပွင့်ကလေးများကို ခေါင်းမှ ဖြုတ်၍ သံဘူးထဲ စီစီရီရီ ပြန်ထည့်နေမိသည်။ ကိုအောင်ကြည်က ခုတင်စောင်းမှာ ချိတ်ထိုင်ရင်း ခင်သက်ရီကို ငေးစိုက်ကြည့်နေသည်။ သက်မောင်ကမူ မလှုပ်မယှက်။ ခင်သက်ရီက မှန်ထဲက မြင်နေရသော သက်မောင်ကိုလည်းကောင်း၊ ကိုအောင်ကြည်ကိုလည်းကောင်း အကဲခတ်နေလိုက်သည်။ သူတို့ချင်း တစ်ခုခုတော့ ဆွေးနွေးကြပြီး ဖြစ်လိမ့်မည်။

“ခင်သက်ရီ … ညီမ၊ နင်တို့ ဘယ်လိုဖြစ်ကြတာလဲ”

ခင်သက်ရီက မျက်နှာချင်းဆိုင်လိုက်သည်။ နီရဲသော မိတ်ကပ်မျက်နှာပေါ်မှာ လွှမ်းထားသော သွေးရောင်ကို သီးခြားမြင်လိုက်ရသည်ဟုပင် ကိုအောင်ကြည် ထင်သည်။

“ခါတိုင်း ဖြစ်နေကျမျိုးပါပဲ အစ်ကို၊ သိပ်တော့ မဆန်းတော့ပါဘူး၊ ကျွန်မ ရှက်တယ်၊ သိက္ခာနဲ့ အနုပညာကို ငဲ့နေရလို့သာ”

“အေးပါ၊ ရန်ဖြစ်ကြတာတော့ ကြာပြီပဲ၊ နင်တို့လင်မယားကိစ္စမို့ ငါလည်း မပြောသာဘူး၊ ဒါပေမဲ့ နာမည်လေး ရလာကာမှ၊ အထိုက်အလျောက် တိုးတက်လာကာမှ ဘာမဟုတ်တာကြောင့်”

“ဘာမဟုတ်တာ မဟုတ်ဘူး အစ်ကို၊ ဟုတ်တာ ဟုတ်တာ၊ ကျွန်မကို ကိုဝင်းဟန်နဲ့ စွပ်စွဲတယ်။ မင်းသမီးနဲ့ တီးဝိုင်းဆရာ လိုသလောက် ပြောရ၊ ဆက်ဆံရတာ အစ်ကိုအသိပဲ။ သူ သိလျက်နဲ့”

ကိုအောင်ကြည်က သက်မောင်ကို တအံ့တသြ ကြည့်လိုက်သည်။ ဘာမှတော့ မပြောနိုင်။ သက်မောင်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။

“ကျုပ် ခံစားရတာ ကျုပ်ပဲ သိတယ် ကိုအောင်ကြည်”

“ဘာခံစားရတာလဲ ကိုသက်မောင်၊ ရှင် လက်ဆုပ်လက်ကိုင် မပြနိုင်ဘဲ မပြောနဲ့၊ ရှင်သာ နွဲ့ရီနဲ့ မကင်းတာ ဘာပြောမလဲ”

ခင်သက်ရီက စီးကျလာသော မျက်ရည်များကို လက်ခုံနှင့် သုတ်ရင်း အော်လိုက်သည်။

“တိုးတိုး လုပ်ပါဟာ၊ နင်တို့ဟာက သူများကြားလို့ မကောင်းပါဘူး”

“ဟုတ်တယ် ကိုအောင်ကြည်၊ ကျွန်တော်လည်း ထိန်းထားရတာ ရင်အောင့်လှပြီ၊ ဒီကိစ္စရဲ့ ထွက်ပေါက်ဟာ လမ်းခွဲတာပဲလို့ ကျွန်တော် ဆုံးဖြတ်ပြီးပြီ”

“အို … ကျုပ်ကလည်း သည်အတိုင်းပဲ ကိုသက်မောင်”

“မဟုတ်သေးပါဘူးကွာ၊ မင်းတို့သာ ကျိတ်ဖြစ်နေတာ၊ ဘယ်သူကမှ သံသယ မဖြစ်ကြပါဘူး၊ ဒီညတော့ ကိုယ့်ခွင်ကိုယ် ဝင်ကြကွာ၊ တော်ကြာ အင်တာဗျူးသမားတွေ လာလိမ့်မယ်၊ မနက်မှ ညှိကြတာပေါ့”

သက်မောင်က မိတ်ကပ်သေတ္တာကို ဆွဲယူလိုက်သည်။ မိတ်ကပ်ကို လက်နှင့် ကော်၍ မျက်နှာပေါ်ကို ဟိုတစ်ကွက် သည်တစ်စ တို့လိုက်သည်။

“မျက်နှာတောင် မသစ်ဘူးလားကွာ”

“ရပါတယ်ဗျာ၊ မိတ်ကပ်က သရုပ်ဆောင်တာ မဟုတ်ပါဘူး၊ လူက သရုပ်ဆောင်တာပါ”

(၇)
မြင်မက်နေဆဲ အိမ်မက်သည် ပေါက်ကွဲလွင့်စဉ်သွားသည်ဟု ထင်ရသည်။ ကိုယ်ခန္ဓာကို ကိုင်လှုပ်နေမှန်း အသိကပ်သည်နှင့် မိမိနာမည်ကိုပါ တစ်စုံတစ်ယောက်က ခေါ်နေမှန်း ခင်သက်ရီ သိလိုက်သည်။ ပတ်ရစ်ထားသော စောင်ကျားကို ဆွဲဆန့်လိုက်ရင်း မျက်ခွံများကို အားယူဖွင့်လိုက်သည်။

“ရှင် … အစ်ကိုအောင်ကြည်”

“အေး .. ငါပါဟ၊ ထစမ်းပါဦး”

ဇာတ်ရုံတစ်ခုလုံး ငြိမ်ဆိတ်နေသည်။ ပူနွေးသော နေခြည်တန်းများက ဇာတ်ရုံအမိုး၊ ကျူထရံကွက်စိပ်များကြားမှ အလင်းတန်းများအဖြစ် ထိုးဆင်းကျနေသည်။

“ပြောလေ အစ်ကို”

“ရော့ … ဒီမှာ ဖတ်ကြည့်”

ကိုအောင်ကြည့်မျက်နှာကို မော့ကြည့်လိုက်သည်။ ဘာမျှ မတွေ့ရ။ အရောင်မဲ့မျက်နှာ။

“ဘာစာလဲ အစ်ကို”

“ဖတ်ပါဦးကွယ်”

ခင်သက်ရီက အိပ်နေရင်း စာကလေးကို ဖြန့်လိုက်သည်။ စာက သိပ်ရှည်လှသည် မဟုတ်။ ပဲတီးပင်ကွေး သေးသေးလေးတွေ။

မမနဲ့ အစ်ကို
နွဲ့ရီ ရိုသေစွာ စာရေးခဲ့ပါတယ်။ အခုလို ဗြုန်းစားကြီး စီစဉ်လိုက်ရတာကိုတော့ ခွင့်လွှတ်ပါ။ ညက မမနဲ့ အစ်ကိုတို့ ရန်ဖြစ်တာ နွဲ့ရီ အားလုံး ကြားပါတယ်။ မမတို့ လမ်းခွဲဖို့အထိ ဖြစ်ကြရတာ ကြားတော့ ညတွင်းချင်းပဲ ကျွန်မချစ်သူနဲ့ တိုင်ပင်ပြီး အခုလို စီစဉ်ရတာပါပဲ။ တကယ်တော့ အစ်ကိုသက်မောင်ဟာ နွဲ့ရီနဲ့ ဘာမှမဆိုင်သလို မမခင်သက်ရီလည်း အနုပညာသည် ပီသသူ ဖြစ်ပါတယ်။ ဒါဆိုရင် သံသယရှင်းလောက်ပါပြီ။ ကျွန်မချစ်သူက ကိုဝင်းဟန်ပါ။ နွဲ့ရီတို့ ကန်တော့ခဲ့ပါတယ်။

ခင်သက်ရီက ကိုအောင်ကြည်ကို ထိတ်လန့်တကြား မော့ကြည့်လိုက်သည်။ ကိုအောင်ကြည် မရှိတော့။ သူ့နေရာမှာ …….

“အစ်ကို”

မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျလာသည်။ သက်မောင်က သူ့လက်ခုံကလေးနှင့် မျက်ရည်တို့ကို ဖယ်ရှားလိုက်သည်။ သူ၏လိမ့်ဆင်းကျလာသည့် မျက်ရည်များကလည်း ခင်သက်ရီ၏လက်ခုံပေါ်သို့ ကျသွားသည်။
————————-
#နေဝင်းမြင့်

Leave a Reply

Your email address will not be published. Required fields are marked *