Novel

ဒိုးပတ်မင်းသား

 

အပိုင်း (၁)

(၁)

“အဝေး … လာလာ အရှေ့ဘက် တောစပ်ထဲ သွားကြမယ်ဝေး …”

ကိုတောလူက ရခိုင်ပြည်တောင်ပိုင်း သံတွဲနယ်သားပီပီ သူ့စကားတွင် ‘အဝေး’ ထည့်၍ အိမ်ရှေ့မှ အလောတကြီး ခေါ်လိုက်သောကြောင့် ကျွန်တော်သည် စာဖတ်နေရာမှ ခေါင်းထောင်၍ ကြည့်လိုက်မိ၏။

“လာဝေး … နောက်တောင် အတော်ကျနေပြီ …”

ကိုတောလူက ပုဆိုးအဟောင်း တထည်ကို ခေါင်းတွင် ပေါင်းရင်း စိတ်မရှည်သလို အော်၍ ခေါ်ပြန်၏။ ကျွန်တော်ကမူ စာအုပ်ထဲတွင် စိတ်ဝင်စားနေသောကြောင့် သူခေါ်ရာသို့ မလိုက်လို။

“ဘာလုပ်မလဲဗျ …၊ ဒီမှာ စာဖတ်နေရတာပဲ ကောင်းပါတယ် …”

“ဟာ … ကောင်းကောင်း ခက်တဲ့လူပဲ …၊ ဒီက အကောင်း ခေါ်တာ …”

“ဘာကောင်းတာတုံး …၊ အုန်းရည်ဝိုင်း ကောင်းကောင်း ရှိလို့လား …”

သံတွဲဘက်တွင် ဓနိရည်ကို အုန်းရည်ဟု ခေါ်၏။

“အုန်းရည်ဝိုင်းဆို ဒီလောက် ခေါ်မနေဘူး၊ အုန်းရည်ဝိုင်းထက် အဆတရာ ကောင်းတဲ့ဝိုင်း အဝေး …”

ကိုတောလူသည် စိတ်မရှည်နိုင်တော့သည့်အလား ပြောရင်းဆိုရင်း ကျွန်တော် ထိုင်နေရာသို့ ဝင်လာကာ လက်ကိုဆွဲ၍ ခေါ်ပါတော့သည်။

“နေပါဦးဗျ … ခင်ဗျားကလည်း လောကြီးလိုက်တာ၊ အကျိုးအကြောင်းကလေး ပြောဦးမှပေါ့ …”

“ဪ် … နင်ကလည်း မြို့သားလုပ်ပြီး အ,လိုက်တာ လွန်ရော …၊ ဒီဘက်အပိုင်းက ဇယ်တွေ စောစောကပဲ လက်ပံပွင့် ကောက်ဖို့ သွားကြတယ်ဝေး။ ပွဲကြီးပွဲကောင်းတော့ ဒီနေ့ တွေ့ရမယ်”

“သူတို့ဟာ သူတို့ လက်ပံပွင့် သွားကောက်တာနဲ့ ကျွန်တော်တို့နဲ့ ဘာဆိုင်တာ လိုက်လို့ဗျာ …”

ကျွန်တော်က ကိုတောလူ ဆွဲခေါ်သဖြင့် မတ်တတ် ရပ်လျက်သား ဖြစ်နေရာမှ ကုလားထိုင်တွင် ပြန်၍ ထိုင်ချလိုက်၏။

“ဪ် … နင်ကလည်း ပြောလေ ကဲလေ … မန်းလေ ပြဲလေ ဆိုတာမျိုး ဖြစ်နေပြီ၊ ကောင်မလေးတွေ တောစပ်မှာ လက်ပံပွင့် သွားကောက်တော့ လိုက်ပြီး ဟဝါ လုပ်နိုင်တာပေါ့ဝေး …”

“ဘာလဲဗျ … ခင်ဗျား ဟဝါ ဆိုတာ …”

“ပိုးတာ, ပန်းတာ, သမီးရည်းစား စကားပြောတာကို ပြောတာပါ။ နင်ပြောပြတဲ့ ရန်ကုန်က ကောလိပ်ကျောင်းသူ ကျောင်းသားတွေ အင်းလျားကန်စပ်မှာ ညနေ လမ်းလျှောက်ရင်း ပိုးကြသလိုပေါ့ဝေး … ဟဲ … ဟဲ … ဟဲ …”

ကိုတောလူက ပါးစပ်ကြီးကို ဖြဲကာ တဟဲဟဲ ရယ်ရင်း ဋီကာ ဖွင့်ပြနေပါသည်။

“ဟာဗျာ … လိုက်ချင်ပါဘူး၊ ခင်ဗျားတို့ ရွှေကျောင်းပြင် ရွာသူတွေ ကျုပ်က ဘာလုပ်ရမလဲ …”

“အဝေး … စကားပြောရင် သတိထား ပြောဝေး၊ ရွာတော့ မထိနဲ့၊ ငါတယောက် အနေနဲ့ နင်ပြောချင်တာ ပြော …”

ကိုတောလူက မိမိတို့ ဓားမဦးချ လုပ်ကိုင် နေထိုင်သော ရပ်ရွာကို ချစ်မြတ်နိုးတတ်သော ကျေးရွာသားများ၏ ဓမ္မတာအတိုင်း ကျွန်တော်က အကဲစမ်း၍ ပြောလိုက်သော စကားအတွက် မခံမရပ်နိုင် ဖြစ်သွားသည်ကို တွေ့လိုက်ရပါသည်။

“အလကား ပြောတာပါဗျာ၊ ခင်ဗျားကို ကျုပ်က သက်သက် စတာပါ။ ကဲ … ကဲ … သွားမယ်ဆို သွားကြရအောင် …”

ကျွန်တော်က ရယ်ရွှန်းပတ်ရွှန်း ပြောရင်း ထိုင်ရာမှ ထလိုက်သောအခါမှ ကိုတောလူ၏မျက်နှာမှာ ပြန်၍ ကြည်လင်လာလေသည်။

“နင်က ပြောင်ပြောမှန်း မသိလို့ ငါက ကျွဲမြီးတိုမိတာ စိတ်မဆိုးနဲ့ဝေး …”

ရိုးသားသော ကျေးရွာသားပီပီ ကိုတောလူက ကျွန်တော့်ကို ပြန်၍ တောင်းပန်နေပါသေး၏။

“မဟုတ်တာဗျာ … ကျွန်တော်က တောင်းပန်ရမှာ၊ ခင်ဗျားက ပြန်တောင်းပန်နေပြန်ပါပြီ၊ ကဲ … လာလာ သွားကြစို့ …”

ကျွန်တော်က ပြောပြောဆိုဆို အိမ်ခေါင်းရင်း တိုင်တွင် ချိတ်ထားသော သက္ကလတ် ဦးထုပ်ကို ဆွဲဆောင်းကာ လမ်းပေါ်သို့ ထွက်လာခဲ့၏။ သည်တော့မှပင် ကိုတောလူက ပါးစပ်ကြီးကို ဖြဲ၍ တဟဲဟဲ ရယ်ရင်း ကျွန်တော့်နောက်မှ လိုက်၍ လာလေသည်။

“တော်တော် စောစောကပဲ သွားကုန်ကြပြီဝေး၊ ငါက အိမ်မှာ လုပ်စရာကလေး ရှိလို့ လက်စသတ်အောင် လုပ်နေရသေးတယ်။ ပြီးပြီးချင်း နင့်ဆီ ပြေးပြီး လာခေါ်တာ …”

“ကျေးဇူးတင်ပါတယ် ကိုတောလူရာ၊ နောက်တခါ ကောင်မလေးတွေ ချောင်းထဲမှာ ရေသွားချိုးရင်လည်း လာခေါ်စမ်းပါ …”

ဖြဲနေသော ကိုတောလူ၏ပါးစပ်မှာ ပြန်၍ ပိတ်သွား၏။

“အဝေး … ဒါမျိုးတော့ မပြောနဲ့အဝေး၊ နင့်ကို ငါက ချစ်လို့ ခင်လို့ လာခေါ်တာ …”

“ဘာလဲဗျ ကိုတောလူ၊ ဒုတိယမ္ပိ ကျွဲမြီးတိုသွားပြန်ပလား …”

သည်တော့မှပင် ကိုတောလူ ပါးစပ်မှာ ပြန်၍ ဖြဲလာ၏။

“အေးဝေ … ငါကလည်း နင်ပြောင်ပြောတာကို တကယ်ချည်း ထင်နေတယ် …”

“ကျွန်တော်ကလည်း ခင်ဗျားကို ချစ်လို့ ခင်လို့ နောက်တာပါဗျာ …”

“အင်း … အင်း …”

ကျွန်တော်သည် ကိုတောလူ၏ လည်ပင်းကို ဖက်ကာ သူ့အား တလမ်းလုံး နောက်ရင်း ပြောင်ရင်းဖြင့် ရွာအရှေ့ဘက် တောစပ်ဆီသို့ သူနှင့်အတူ လိုက်ပါလာခဲ့ပါသည်။

(၂)

ဆံထောက်ကြီး တဖားဖား၊ တင်ကြီး တကားကားဖြင့် အပြေးအလွှား လက်ပံပွင့် ကောက်နေကြသော ကိုတောလူတို့ ရွာမှ လုံမများကို မြင်ရ၏။ အချိန်မှာ တပို့တွဲ လကုန်၍ တပေါင်းလဆန်းစ အချိန် ဖြစ်သည့်အလျောက် ပင်လုံး ပုဆိုးနှစ်ပတ်ခန့် တုတ်လျက် မိုးထိနီးပါး မြင့်မားသည်ဟု ထင်ရသော လက်ပံပင်ကြီးသည် နီမြန်းသော ကမ္ဗလာအဆင်းကို ဆောင်နေပေသည်။ တျာတျာရင့်သော လက်ပံပွင့်တို့သည် ပင်ပေါ်ထက်ရှိ ဆက်ရက် တပ်ပေါင်းစုကြီးအား မြိန်ရှက်စွာ နတ်သုဒ္ဓါကို ဆက်ပြီးနောက် တပွင့်ပြီး တပွင့် လေထဲ၌ ရဟတ်လည်ကာ မြေပြင်သို့ တဖုတ်ဖုတ် ကြွေကျနေကြ၏။

သုံးစိတ်ဝင် ထန်းလျှော်တောင်းနှင့် ဘောင်းလန်အောင်ရမှ ရွာသို့ ပြန်လိုကြသော ရွှေကျောင်းပြင်ရွာသူ ဆံထောက်တဖားဖား တင်ကားကားကြီးများသည် အပြေးအလွှား သူ့ထက်ငါ လုယက်ကာ လက်ပံပွင့်များကို ကောက်လျက် ရှိကြသည်။

ကျွန်တော်သည် သူတို့ကိုကြည့်ရင်း ‘ဦးဆောင်း’ ၏ “လက်ပံပွင့်” ကဗျာကို ပြေး၍ သတိရမိ၏။

“လာဟေ့ ဒွါး၊ သွားကောက်ချည်စို့၊ ပွင့်ခြောက်ကယ် အနားလန်၊ ဆက်ရက်ကယ်ညံ၊ ပင်လက်ပံ ကြွေချိန်ကျပြီမို့၊ မိရဲလှ နင်လိုက်ဦးမလား …”

အညာဓလေ့ကို သရုပ်ဖော်ရာ၌ ဦးဆောင်းသည် ရိုးရိုးကလေးပင် ခြယ်မှုန်းခဲ့၏။ ဦးဆောင်း၏ အညာပန်းချီ ကဗျာကားချပ်မှာ လွန်စွာ အလှမ်းဝေးသော သံတွဲနယ်မှ ကျေးရွာသူများ၏ဘဝနှင့် ဟပ်မိနေပေသည်။ ဘဝကို ပြည်သူ အကြားမှ နေ၍ ရိုးရိုးကလေး ဖော်ထုတ်လိုက်ပြီ ဆိုပါက အမျိုးသားရေးရာ လက္ခဏာ, ဒေသရေးရာ လက္ခဏာ မရွေးတော့ဘဲ လူတိုင်း၏ နှလုံးသားတွင် နှစ်သက်စွဲလမ်းသွားစေသော အနုပညာ ဖြစ်လာရ၏။ ကျွန်တော်သည် ဦးဆောင်း၏ ကဗျာကို တပိုင်းတစ ရေရွတ်ရင်း ရှေ့သို့လှမ်း၍ ကြည့်လိုက်၏။

ဆံတောက်ကြီးဖားဖား၊ တင်ကြီးကားကားနှင့် အပြေးအလွှား လက်ပံပွင့် ကောက်နေသူ လုံမတစုနှင့် မလှမ်းမကမ်းတွင် ရွှေကျောင်းပြင်ရွာမှ ကာလသား တသိုက်သည် ရစ်ဝဲ,ရစ်ဝဲနှင့် အချစ်သံလိုက်ဓာတ် ဆွဲကာ ‘စက္ခုရူပေန သံဝါသာ’ နေကြသည်ကို တွေ့ရ၏။ ကျွန်တော်တို့ နှစ်ယောက်သည် လက်ပံပွင့် ကောက်သည့် နေရာသို့ ရောက်သွားသည်နှင့် တပြိုင်နက် သီချင်း သီကျူးရင်း, တေးဆိုရင်း, ငုံ့ကာ, ငုံ့ကာ လက်ပံပွင့် ကောက်ကြသော လုံမပျို တသိုက်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်ကို သတိပြုမိလိုက်ပါသည်။

“ဟေ့ မြခင် … နင့်လင်ကြီး လိုက်လာပြီဟေ့”

ကျွန်တော် တည်းခိုနေထိုင်သော အိမ်နှင့် မျက်စောင်းထိုး အိမ်မှ မိအေးလှက ကိုတောလူ ဘက်သို့ တချက် မျက်စပစ်ပြကာ သူ့အနီးမှ မြခင် ဆိုသော လုံမကလေးအား ကျွန်တော်နှင့် ကိုတောလူတို့ ကြားရုံလောက် အော်ပြောလိုက်၏။

“ငါ့လင် မဟုတ်ဘူးဟေ့ … နင့်လင်ပါ …”

“ခုမှ သူများ လွှဲမချနဲ့၊ တောလူကြီးက နင့်ကို ပိုးနေတာ …”

“ငါ့ပိုးနေရင် ငါသိမှာပေါ့ဟေ့ …၊ ခု နင်က သိနေတော့ နင့်ကို ပိုးနေလို့ မဟုတ်လား …”

ကျွန်တော်က ရွှေကျောင်းပြင် ရွာသူတို့၏ ပွင့်လင်း ရိုးသားမှုကို သဘောကျကာ ပြုံးနေမိ၏။

“ဟေ့ကောင်မတွေ အလှူရှင်မှန်း သိအောင် မဏ္ဍပ်တိုင် ပြေးပြီး ဆောင့်ပြမနေနဲ့၊ ဟိုလူကြီးကတောင် ရယ်သွားပြီ …”

အပျိုခေါင်းနှင့် တူသော မိန်းမ ခပ်ကြီးကြီး တယောက်က မြခင်နှင့် မိလှအေးတို့ အကြားတွင် ဝင်စွက်လိုက်၏။

“ရယ်ရယ်ဟယ် … သူ့ဘာသာသူ ရယ်တာ ဘာအရေးစိုက်စရာ လိုက်လို့ …”

မိအေးလှ၏ အညွန့်တက်သံကို ကြားရ၏။

“အံမယ် … နင်က မြို့သားကို ကျိတ်ပိုးနေပြီး တို့မသိအောင် ဟန်လုပ်ပြီး ပြောမနေပါနဲ့ဟယ် …”

ကျွန်တော်သည် ရွှေကျောင်းပြင်သူ တသိုက် အနီးတွင် ကြာရှည် မနေရဲတော့သဖြင့် မလှမ်းမကမ်းတွင် ရပ်၍ ရစ်သီ, ရစ်သီလုပ်ကာ ‘စက္ခုရူပေန သံဝါသာ’ နေကြသော ကာလသားအုပ်ဆီသို့ ထွက်လာခဲ့၏။ ကိုတောလူကြီးသာ လက်ပံပွင့် ကူ၍ ကောက်ပေးသလို လုပ်ကာ မိန်းမအသိုက်ထဲတွင် ကျန်ရစ်ခဲ့၏။

သို့သော် ခဏကာလျှင်ပင် ကိုတောလူသည် ရှူးရှူးရှားရှားနှင့် ကျွန်တော်တို့ လူအုပ်ထဲသို့ ရောက်ရှိလာသည်ကို တွေ့ရ၏။

“တော်တော်ဆိုးတဲ့ ဟာမတွေ … .”

ကိုတောလူက ရောက်မဆိုက် မြည်တွန်လိုက်သောကြောင့် ကျွန်တော်က “ဘာဆိုးတာလဲဗျ” ဟု မေးမိ၏။

“အဝေး … မပြောချင်ပါဘူး၊ လူကို သံချပ်ထိုးပြီး နှင်ထုတ်တယ် …”

“ဘယ်လို ထိုးလို့လဲ ဆိုစမ်းပါဦး …”

“မိန်းမထဲ ယောက်ျားဝင် ဆိုတဲ့ သံချပ်ပေါ့ဝေး …”

“မိန်းမထဲ ယောက်ျားဝင် ဘာဖြစ်သလဲဗျ … .”

“ဟာ … နင်ကလဲ ဒီကလူ အခံရခက် နေရတဲ့အထဲ ထပ်မေးနေပြန်ပါပြီ။ မိန်းမထဲ ယောက်ျားဝင်၊ ဖင်လှန် မျောက်ပန်းချပေါ့ဝေး …”

ကျွန်တော်က သံချပ်ကို သဘောကျသွားကာ အသံထွက်အောင် ရယ်လိုက်မိ၏။ သည်တော့မှ ကိုတောလူအတွက် ပို၍ ဆိုးသွားလေသည်။ ကျွန်တော် ရယ်နေသည်ကို မြင်သဖြင့် ရွှေကျောင်းပြင်သူ လုံမပျို တသိုက်ကပါ သောသောညံအောင် ဝိုင်း၍ ရယ်လိုက်သံကို ကြားလိုက်ရ၏။

“နေဦး … နေဦး …၊ ဒီကောင်မတွေ ပြန်လက်စားချေမယ် …”

ကိုတောလူကဲ့သို့ပင် ကျွန်တော်တို့ မရောက်မီက အထိနာခဲ့ကြဟန် တူသော ကာလသား တသိုက်သည် ကိုတောလူ အနီးသို့ တိုးလာကြ၏။

“ဒိုးကလေး … ဒိုးကလေး …”

ကိုတောလူသည် လက်နှစ်ဖက်ကို ဒိုးပတ်တီးဟန် လွှဲကာ ဒိုးပတ် စ၍ ‘တိုင်’ လိုက်လေ၏။

“နိုင်ငံကျော်တဲ့ ဒိုးကလေး …”

ကာလသားများက ဝိုင်း၍ ‘ဖောက်’ ကြသည်။

“ဒိုးကလေးက မူတတ်တယ် …”

“ဆံတောက်ဖြတ်မှ ယူတတ်တယ် …”

ဆံတောက်ဖားဖား တင်ကားကားနှင့် ရွှေကျောင်းပြင်သူ လုံမဖြူတို့၏ နှုတ်ခမ်းများသည် စူ၍လာကြလေသည်။

“မူကြွယ် … မူကြွယ် … မူကြွယ် … ဆံတောက်”

“ယူမယ် … ယူမယ် … ယူမယ် … နှစ်ယောက်”

“ယူမယ် နှစ်ယောက် ခိုင်ပန်းညှာ …”

“မူကြွယ် ဆံထောက် လိုက်စမ်းဗျာ …”

ကျွန်တော်တို့၏ ဒိုးပတ်ဝိုင်းမှာ မြိုင်နေသလောက် ရွှေကျောင်းပြင် သူကလေးများ၏ စူနေသော နှုတ်ခမ်းများသည် ပွစိ ပွစိ ဖြစ်လာကြ၏။ ဤအချိန်တွင် တပေါင်းလ၏ လေသရမ်းသည် ကိုတောလူ ဘက်တော်သား အဖြစ် အစွမ်းပြလေသလား မသိ၊ နှုတ်ခမ်းစူကာ ဒေါဖောင်းနေသော မြခင်၏ခေါင်းတွင် ဆောင်းထားသော ခမောက်သည် ဒေါက်ခနဲ မြည်အောင် အောက်သို့ လေအရှိန်ဖြင့် လွင့်ကျသွားသည်ကို တွေ့လိုက်ရ၏။ ကိုတောလူ၏ ဒိုးပတ်ကဟန် ကိုယ်နေ ကိုယ်ထားသည် ပို၍တက်ကြွ လှုပ်ရှားလာကာ အသံမှာလည်း ကျယ်လာ၏။

“ခမောက်ကြီး လေပွေမွှေ့တယ် …”

“ဆံထောက်ကြီး ဖေဖေပွေ့မယ် …”

ကိုတောလူသည် ဤသံချပ်ကို ခံတွင်း အတွေ့ကြီး တွေ့ဟန်တူ၏။ ထို့ကြောင့် နောက်ထပ်တခါ ကျော့ပြန်လေသည်။

“ဆံတောက်ကြီး … ဟောဒီ … ဟောဒီ … ဖေဖေ ပွေ့မယ် …”

“ခမောက်ကြီး … ဟောဒီ … ဟောဒီ … လေပွေ မွှေ့တယ် …”

“လေပွေ … လေပွေ … လေပွေ မွှေ့တယ် …”

“ဖေဖေ … ဖေဖေ … ဖေဖေ … ပွေ့မယ် …”

ကိုတောလူ၏ လက်ကြီးနှစ်ဖက်မှာ မြခင်၏ခါးကလေးကို အားရပါးရ ဖက်ထားသည့်သဏ္ဌာန် ဆောင်နေ၏။ သူ့မျက်နှာကြီးမှာ ပြုံးနေကာ သူ့အသံကြီးမှာလည်း အားရစရာ ဖြစ်နေပါသည်။

မြခင်တို့ မိန်းကလေး တသိုက်၏ မျက်နှာမှာ စစ်ရှုံးသော စစ်သူကြီး၏မျက်နှာကဲ့သို့ မဲ့လျက် ရှိနေကြ၏။ သို့သော် ခဏအတွင်း မည်ကဲ့သို့သော လက်နက်ကောင်းများ ရလိုက်သည်မသိ၊ သူတို့သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်ကို တွေ့လိုက်ရ၏။

“သံချပ်ထိုးတဲ့ ဟိုအကောင် …”

အပျိုခေါင်းနှင့်တူသူ မိန်းမခပ်ကြီးကြီးက ‘တိုင်’ လိုက်သည်နှင့် တပြိုင်နက် မြခင်တို့လူသိုက်သည် ကိုတောလူကြီး ရှိရာသို့ လက်ညှိုးတည့်တည့် ထိုးကာ ပြိုင်တူ ‘ဖောက်’ လိုက်ကြ၏။

“ထဘီလျှော်တောင် မခိုင်းဘူးဟေ့ …”

“မိအေးသာတဲ့ သူ့အမေ …”

“အဖေတရာ … မက … မက …”

“အုပ်ကြားမြက်ပေါက် ဟိုအကောင် …”

“အဖေတထောင်နဲ့ ရတဲ့ ခွေးသား …”

စောစောက ပြုံးနေသော ကိုတောလူ၏မျက်နှာမှာ ယခုမူ ချေးမှန်ခံနေရသကဲ့သို့ ဖြစ်နေပြီးလျှင် သူ့ကျယ်လောင်သော အသံကြီးမှာလည်း မီးကို ရေနှင့် သတ်သလို ဖြစ်၍သွားသောကြောင့် ကျွန်တော်တို့လူသိုက်သည် ဤလက်ပံပင်တိုက်ပွဲ၌ အရေးမလှတော့ပြီကို သိလာသည့်အလျောက် ကျွန်တော်က စ၍ တပ်ဖောက်ကာ ဖနောင့်နှင့် တင်ပါး တသားတည်းနေအောင် မရှုမလှ တပ်ဆုတ်၍ ပြေးခဲ့ကြရလေသည်။

(၃)

“တောက် … ဒီတချီတော့ နှပ်ပစ်ခံရတာပဲဝေး …”

ကိုတောလူသည် ညည်းညည်းညူညူ ပြောရင်း အမှုတော်ထမ်း အတော်ကြာရှည်ပြီဟု ထင်ရသော မည်း၍ ပြောင်နေသည့် အုန်းမှုတ်ခွက်ထဲသို့ အုန်းရည်ကို ငှဲ့ကာ ကျွန်တော့်အား လှမ်းပေးလိုက်၏။

အညာတွင် ထန်းရည် ပေါသကဲ့သို့ သံတွဲနယ်ဘက်တွင်လည်း အုန်းရည် ပေါ၏။ အုန်းရည်နှင့် အလိုက်ဖက်ဆုံးသော အမြည်းမှာ ‘ငသရွဲ’ ခေါ် ငါးခြောက် ဖြစ်၏။

ကျွန်တော်သည် ကိုတောလူ လှမ်းပေးသော အုန်းရည်ကို ယူကာ သူသောက်သလို မရပ်မနားဘဲ တကျိုက်ကျိုက် မော့ချလိုက်၏။ ခွက်ကို နှုတ်ခမ်းမှ ဖြုတ်လိုက်သောအခါ တကိုယ်လုံး ထူပူ၍သွားသော အတွေ့ကို ခံစားလိုက်ရ၏။

ကျွန်တော်တို့ အုန်းရည်ဝိုင်းမှာ လူ လေး ငါး ခြောက်ယောက်ခန့် ရှိ၏။ ဤဝိုင်းတော်သားများမှာ လက်ပံပင် တိုက်ပွဲတွင် အရေးမလှသဖြင့် ဖနောင့်နှင့် တင်ပါး တသားတည်း နေအောင် ဆုတ်ခွာလာခဲ့ရာမှ ကိုတောလူ၏ အကြံပေးချက်အတိုင်း အုန်းတောထဲတွင် စုမိကြခြင်း ဖြစ်၏။

“အဝေး … လုပ်ဦးလဝေး …”

ကိုတောလူက အတော်ကလေး အရှိန်ရနေပြီ ဖြစ်သည့်အတိုင်း ကျွန်တော့်ကို ဖိတိုက်နေ၏။

“သောက်ပါ့မယ်ဗျာ … ဖြည်းဖြည်းပေါ့၊ သီချင်းကလေး ဘာကလေး ဆိုစမ်းပါဦး …”

“သီချင်း၊ ဘာသီချင်း ဆိုရမလဲ …”

“ရတဲ့သီချင်း ဆိုဗျာ …”

ကိုတောလူသည် ပို၍ အာသွက်စေရန်အတွက် နောက်ထပ် တခွက် မော့လိုက်၏။ ပြီးနောက် ‘အဟမ်း အဟမ်း’ နှင့် လည်ချောင်း ရှင်းလိုက်ကာ သူ၏ အသံဝါကြီးဖြင့် …

“မြခင်ကလေးကိုကွယ် … မောင်က ခိုးမယ်လို့ လူဆိုးတွေနဲ့ မောင်တိုင်ပင် …”

“အံမယ် … ခင်ဗျားကများ ဒီသီချင်း ဆိုနေရသေးတယ်၊ မြခင်က ခင်ဗျားလို မုဆိုးဖိုကို ယူမယ်များထင်လို့လား …”

ကျွန်တော်တို့ ဝိုင်းထဲမှ လူတယောက်က ကိုတောလူကို မခံချင်အောင် ပြောလိုက်၏။

“အဝေး … မုဆိုးဖိုကော ယောက်ျား မဟုတ်လား …”

“ယောက်ျားတော့ ယောက်ျားပေါ့၊ ဒါပေမဲ့ လူပျိုမှ မဟုတ်တာ …”

“လူပျို အချစ်လည်း အချစ်ပေါ့၊ မုဆိုးဖို အချစ်လည်း အချစ်ပေါ့၊ ဘာများထူးလို့လဲ၊ ဟို … သီချင်းတောင် ရှိသေးတယ် မဟုတ်လား …”

“ဘာသီချင်းလဲဗျ … လုပ်စမ်းပါဦး …”

ကျွန်တော်က ငသရွဲကို တကြွပ်ကြွပ် ဝါးရင်း ကိုတောလူကို သွေးထိုးပေးလိုက်၏။

“နားထောင် … နားထောင် … ငါဆိုပြမယ်။ ဒီသီချင်းက ရှေးရှေးတုန်းက သီချင်းပဲ၊ ‘စစ်တွေသံ’နဲ့ ဆိုပြမယ်။ ဒါပေမဲ့ ‘စစ်တွေသံ’တော့ ကောင်းကောင်းပီမှာ မဟုတ်ဘူး …”

“မပီကော ဘာဖြစ်လဲဗျာ … ဆိုသာဆိုပါ …”

“ထီးတရာ့ ခွန်နှိုက်ဆောင်၊ ညောင်ပန်လှ ခွန်နှိုက်ရပ်၊ လနဲ့နီ အတူထွက်၊ အရှေ့ဘက် သမလေ … ။ ဒါက ဖိုသံပေးတာ၊ ဖိုသံ …”

“အင်း … အင်း … ဆက်စမ်းပါဦး …”

“အဲဒီလို ယောက်ျားက နေပြီး ဒီမိန်းကလေးဟာ လ,နဲ့နေ တပြိုင်တည်း ထွက်သလို အလှအရောင်အဝါတွေ ထွန်းလင်းနေတယ်လို့ စပြီး ခေါ်လိုက်တော့၊ မိန်းကလေးကနေပြီး သဗြီညွန့် ပေါ်ချိုင်၊ သဗိုင်ပေါ်ခိုက်၊ ကျားကိုလေ့ မထွီ၊ မြီကိုလဲ မကြောက်၊ ညသန်းခေါင် မောင်းမောင် ဇာကိုက်စ၊ အဲဒီလို ပြန်ပြီးမေးတာကိုး”

“အင်း … အင်း …”

“ဒီတော့ ယောက်ျားက ကိုက်စ-ကိုက်စ၊ ချိုက်ကိုက်စ၊ နင့်ကို ချစ်လို့ ကြိုက်လို့ လာခဲ့တာပါလို့ ပြောတာကိုး …”

“ဒီတော့ မိန်းကလေးက ဘာပြန်ပြောတုံး …”

“အဲဒီတော့ မိန်းကလေးက တပွင့်ပန် မင်းကျွန်ရို့ စိတ်မဟိပါ၊ နှစ်ပွင့်ပန် မင်းကျွန်ရို့ စိတ်မဟိပါ၊ ကျောင်းနားက ကညင်ပင်လို အနံ့ဆိုးလို့ …”

“အဓိပ္ပါယ်က ဘာဆိုတာလဲဗျ …”

“တပွင့်ပန် ဆိုတာက မိန်းမ တခါရဖူးတဲ့လူ၊ နှစ်ပွင့်ပန် ဆိုတာက မိန်းမ နှစ်ခါရဖူးတဲ့လူ၊ အဲဒီလိုလူကို စိတ်မရှိဘူး မကြိုက်နိုင်ဘူး ဆိုတာပေါ့ဝေး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းနားက ကညင်ပင်လိုပဲ အနံ့ဆိုးလို့တဲ့ …”

“ဒီတော့ ယောက်ျားက ဘယ့်နှယ် ပြန်ပြောသတဲ့လဲ …”

“ဒီတော့ ယောက်ျားက တပွင့်ပန် မင်းကျွန် ချိုက်ချိုက် မဟုတ်လား၊ နှစ်ပွင့်ပန် မင်းကျွန် ချိုက်ချိုက် မဟုတ်လား။ မယုံရင် အရသာ မောင်းကာအောက် စမ်းကြမလား …”

ကိုတောလူသည် သူ၏ ဒွတ္တိံသ ဒန္တာ ၃၂-ချောင်းသော သွားများ ပေါ်အောင် ပါးစပ်ကြီးကို ဖြဲရင်း ဤအပုဒ်ကို အားရပါးရကြီး ဆိုလိုက်ပါသည်။

“အဓိပ္ပါယ်ကလေး ဘာလေးလည်း ရှင်းပြဦးမှပေါ့ ဆရာရဲ့ …”

“အင်း … အင်း … ရှင်းပြရတာပေါ့ဝေ၊ ရှင်းပြရတာပေါ့ …”

သူသည် အတော်ကလေး မောသွားဟန်ဖြင့် အုန်းရည်တခွက် မော့လိုက်ပြန်၏။

“အဓိပ္ပါယ်ကတော့ တပွင့်ပန် နှစ်ပွင့်ပန်ဆိုတဲ့ မိန်းမတခါ ရဖူးတဲ့လူ၊ နှစ်ခါ ရဖူးတဲ့လူ အဲဒီလူရဲ့ အချစ်ဟာကော အချစ် မဟုတ်ဘူးလားတဲ့၊ တကယ်လို့ မယုံရင် မောင်းကာအောက် ဝင်ပြီး မိန်းမ ရဖူးတဲ့လူရဲ့အချစ်ဟာ ချိုသလား၊ ခါးသလား၊ လူပျို ကာလသားတွေရဲ့အချစ်နဲ့ ဘယ်လိုကွာတယ် ဆိုတာ စမ်းကြည့်ပါလားတဲ့။ ဟဲ … ဟဲ …”

“ဒီလိုဆိုရင် ခင်ဗျားလည်း မြခင်ကို ရနိုင်တာပေါ့ဗျ …”

“ရနိုင်တာပေါ့ဝေး … ရနိုင်တာပေါ့ …”

ကိုတောလူက အုန်းရည်ခွက်ကိုကိုင်ရင်း ပြုံးဖြဲဖြဲကြီး လုပ်နေလေသည်။

“လာမယ့် တန်ခူးလကျရင် သည်ဖေ့အစွမ်း သိရမှာပေါ့ဝေ၊ မြခင်က သူကြီးသမီး မကလို့ ဘာကြီး ဖြစ်နေနေ၊ သည်ဖေ့ ဒိုးပတ်သံ ကြားရင် မြခင် အဖေကြီးက သူ့သမီး ယူတော်မူပါ၊ သိမ်းပိုက်တော်မူပါ ဆိုပြီး လက်တော်ရောက် ဆက်သလာရမယ်။ ပဉ္စသီခ နတ်သားတောင် စောင်းအတီး ကောင်းတာနဲ့ တိမ္ဗရု နတ်မင်းကြီးရဲ့သမီး သူရိယဝစ္ဆာသာကို ရသွားတယ် မဟုတ်လား ဟဲ … ဟဲ …”

ကိုတောလူမှာ သူ့အကြံကို သူ သဘောကျနေသည့် အထဲတွင် အုန်းရည် နှစ်အိုးကလည်း ကုန်လုနီးပြီ ဖြစ်၍ ‘အာသွက်ခရာဥာဏ်’ကို အလိုလို ရလာကာ စကားတွေ ဖောင်ဖွဲ့လောက်အောင် ပြောလာလေသည်။

“ပဉ္စသီခ သူရိယဝစ္ဆသာ နတ်သမီးကို ဘယ်လိုပိုးသလဲ သိလား၊ သူပိုးတာက ရှင်းရှင်းပဲ။ အဖေကြီးက တဆင့်ပိုးတယ် …”

“ဘယ့်နှယ်လဲဗျ … ခင်ဗျားဟာက အဆန်းပဲ”

“ဆန်းလို့လည်း စွံသွားတာပဲဝေး၊ မဆန်းရင် ဘယ်စွံမလဲ။ ပဉ္စသီခ နတ်သားက … တိမ္ဗရု နတ်မင်းကြီး ရှေ့မှာ စောင်းကိုတီးရင်း ဘယ်လို ဆိုသလဲ ဆိုတော့၊ အို … သူရိယဝစ္ဆသာ နတ်သမီး၊ အသင်ကဲ့သို့ တုဘက်မရအောင် လှပတင့်တယ် ရှုချင်ဖွယ်သောသမီးကို မွေးတတ်ပေကုန်သော … တိမ္ဗရု နတ်မင်းကြီးအား ငါသည် လက်စုံမိုး၍ ရှိခိုးပါ၏တဲ့။ ကြည့်စမ်း ဘယ်လောက် အချက်ပိုင်သလဲလို့၊ သူ့သမီးလိုချင် သူ့အမေ ဖျာလိုလိပ် ထိပ်ပေါ်တင် ဆိုတဲ့ စကားအတိုင်း အဖေကြီးကို စ,ချိုင်လိုက်တာပဲ”

“ပြီးတော့မှ ရွှေအဆင်းတမျှ ရှုမဝသော အိုနှမ သူရိယဝစ္ဆသာ၊ ကောင်းခြင်းငါးဖြာ ကြန်အင်လက္ခဏာနှင့် ပြည့်စုံပါပေ၏။ သင်၏ ကိုယ်လုံးသည် အိဖောင်းရွှန်းစို နုပျိုပြေပြစ်သောကြောင့် သင့်အား လိုချင်စိတ်တွေ ငါ့မှာ တဖွားဖွား ဖြစ်၏။

အို … သူရိယဝစ္ဆသာ၊ သဲကန္တာရထဲက ခရီးသည်သည် ရေမွတ်သိပ် ဆာလောင်သဖြင့် ရေကို တောင့်တဘိသကဲ့သို့ လည်းကောင်း၊ ရောဂန္တရကပ် ဖိစီး၍ ငတ်မွတ်ခေါင်းပါး အစာအာဟာရ မစားရသောသူသည် အစာရေစာကို တောင့်တဘိသကဲ့သို့ လည်းကောင်း၊ အနာရောဂါ စွဲကပ်သော ရောဂါသည်သည် ဆေးကို တောင့်တဘိသကဲ့သို့ လည်းကောင်း၊ မြတ်စွာဘုရားသည် သဗ္ဗညုတ ရွှေဥာဏ်တော်ကို တောင့်တဘိသကဲ့သို့ လည်းကောင်း၊ ငါသည် သင့်အား တောင့်တ၏။ သင့်ကို လိုချင်သော စိတ်ဇောဖြင့် ငါ၏အသည်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်နေသော မီး၌ အုံးသော ကြိမ်ကဲ့သို့ ပူလောင်နေသော အပူတို့မှ ငြိမ်းချမ်း အေးမြခြင်း ရလေအောင် သင်၏သားမြတ်နှလုံးကြား၌ ငါ့အား ထားပါလော့တဲ့။ ကဲ … ပေးစမ်း တခွက် …”

ကျွန်တော်က အလိုက်သိစွာ အဆင်သင့် ငှဲ့ထားသော အုန်းရည်ခွက်ကို လှမ်းပေးလိုက်၏။

“နို့ပြီး ဘယ်လို ဆက်ဆိုပြန်သလဲ ဆိုတော့ … အို သူရိယဝစ္ဆသာ … ငါးမျှားချိတ်ကို မျိုမိသော ငါးသည် ရေထဲသို့ ပြန်၍မနစ်နိုင်သကဲ့သို့၊ သင့်ကို ကြိုက်ပြီးသော ငါ၏ စိတ်သည် (ဝါ) မြခင်ကို ကြိုက်သော အီဖေကို၏ စိတ်သည် တဖန်ပြန်၍ပြောင်းလဲခြင်းငှာ မတတ်နိုင်”

ကိုတောလူသည် မည်သည့်အချိန်က ဤစာပုဒ်များကို အာဂုံ ဆောင်ထားသည် မသိ၊ တလုံးမျှ မမှားရုံမက အထစ်အငေါ့ပင် မရှိအောင် ကွက်စိပ်ဆရာလို ရွတ်ပြနိုင်သည်ကို အံ့ဩမိ၏။ သူ၏ အသံဝါကြီးမှာ ရွတ်ရင်း ရွတ်ရင်း တိုး၍သာ ကျယ်လာလေသည်။

“တင့်တယ်စွာသော ကောင်းခြင်း လက္ခဏာနှင့်ပြည့်စုံသော နှမ သူရိယဝစ္ဆသာ (ဝါ) ဆံတောက်ကြီးဖားဖား, တင်ကြီးကားကားနှင့် အစ်ကို ကာလသားတို့အား ယားကျိကျိ ဖြစ်အောင် ကလိတတ်သော မြခင် ချစ်နှမ၊ ဆင်နှာမောင်းနှင့် တူသော ပေါင်တံရှည်သော နှမ၊ ငါ၏ လည်ပင်းကို ဖက်ထားပါလော့။ ပြကတေ့ သဘောအားဖြင့် ငါ၏ ကာမရာဂသည် နည်းပါး၏။ သင်၏ ရူပကာယကို မြင်ရသည့်အခါမှသာ တားမရ, ဆီးမရအောင် တသွင်သွင် ထပါ၏။ ကဲ … အဖေ့ရှေ့မှာ သမီးကို ပိုးတဲ့သီချင်း ဘယ်လောက် ကောင်းသလဲ … ကြည့်လေ..။ အို … သူရိယဝစ္ဆသာ … ငါ့အား နတ်မင်းကြီး၏ဆုနှင့် သင်၏ဆု တခုခုကို ရွေးခိုင်းငြားအံ့၊ ငါသည် နတ်မင်းကြီး၏ဆုကို ပယ်၍ သင့်အားယူအံ့။ အို … ငါ၏ချစ်မဝ အလှကညာ သူရိယဝစ္ဆသာ..၊ ငါ့အား အကယ်၍ သင်၏ဆုနှင့် ကိလေသာကုန်ခန်းသော ရဟန္တာဆု၊ ဤနှစ်ဆု တခုခု ရွေးရန် ခိုင်းငြားအံ့၊ ငါသည် ရဟန္တာဆုကို ပယ်၍ သင့်ကိုသာလျှင် ငါလိုအပ်၏ …”

ကျွန်တော်က အလိုက်သိစွာပင် ပဉ္စသီခလက်သစ် ကိုတောလူအား ယမကာရည်ကို အုန်းမှုတ်ခွက်ဖြင့် ဆက်သလိုက်၏။

“အဲ … ဒီဂီတကို သီဆိုရင်း ပဉ္စသီခဟာ သူရဲ့ ဥသျှစ်သီးမှည့် အဆင်း ရှိတဲ့ ဗေဠုဝ စောင်းကို တီးသတဲ့။ အဲဒီလို စောင်းသံက ဂီတသံကို မလွန်စေဘဲ၊ ဂီတသံကလည်း စောင်းသံကို မလွန်စေဘဲ သာသာယာယာ သီဆိုတီးမှုတ်လိုက်တဲ့ အသံကို ကြားရတဲ့ ဖခင်ကြီး တိမ္ဗရု နတ်မင်းကြီးဟာ တခါတည်း ပဉ္စသီခနတ်သားကို သမီးတော် သူရိယဝစ္ဆသာ နတ်သမီးနဲ့ ပေးစားလိုက်ရောတဲ့။ ကဲ … ဘယ်လောက်ကောင်းတဲ့ ပိုးနည်းလဲ”

“ခင်ဗျားလည်း ပဉ္စသီခ ပိုးနည်းနဲ့ ပိုးပေါ့ဗျာ …”

“အေးဝေ … ပိုးရဖို့ … ပိုးရဖို့ …၊ ပဉ္စသီခ ပိုးနည်း၊ ကုသ ပိုးနည်း၊ မာဒင်္ဂ ပိုးနည်း ဒီပိုးနည်းတွေ စုပြီး ပိုးရမှာပဲ …၊ ကဲ … ကဲ … နေတောင် အတော်စောင်းသွားပြီ၊ ပြန်ကြမယ်ဝေး”

ကျွန်တော်တို့ လူစုသည် အုန်းတောထဲမှ ခပ်ယိုင်ယိုင် လှမ်းကာ ထွက်လာခဲ့ကြ၏။ လမ်းတလျှောက်လုံးတွင် ကိုတောလူ၏ “နှစ်ဆောင်ပြိုင် အိမ်ကြီးနဲ့၊ သမီးက ဒီတကောင်၊ သမက်ပေါင်း သောင်းခြောက်ထောင်ရယ်၊ တကောင်လျှင် ခြောက်ပြား” ဟူသော ဒိုးပတ်သီချင်းသံက ဆူညံလျက် ရှိလေသည်။

ဆက်ရန်
————————————
#တက္ကသိုလ်နန္ဒမိတ်

crd 👉

#ဒိုးပတ်မင်းသား

အပိုင်း(၂)(ဇာတ်သိမ်းပိုင်း)

(၄)

ပဉ္စသီခ၊ ကုသ၊ မာဒင်္ဂတို့၏ မိန်းမပိုးနည်း တပ်ပေါင်းစု သေနင်္ဂဗျူဟာဖြင့် မြခင်ကို အရချိုင်ရန် ကြုံးဝါးထားသော ကိုတောလူ၏ မင်္ဂလာ အခါတော်နေ့သည် တရွေ့ရွေ့ ရောက်ရှိလာခဲ့လေသည်။

မြန်မာပြည်မတွင် ‘လှေပြိုင်ပွဲကျင်း၊ တော်သလင်း’ ဟု ဆိုသော စကားအတိုင်း လှေပြိုင်ပွဲများကို တော်သလင်းလတွင် ကျင်းပလေ့ ရှိသော်လည်း ရခိုင်ပြည်တောင်ပိုင်း ဖြစ်သော သံတွဲနယ်ဘက်တွင်မူ လှေပြိုင်ပွဲကို တန်ခူးလတွင်သာ ကျင်းပလေ့ ရှိကြပေသည်။

ပြိုင်ပွဲဝင်သော လှေများမှာ ရန်ကုန်မှာကဲ့သို့ ၅-တက်လှော်၊ ၆-တက်လှော် လှေကလေးများ မဟုတ်ဘဲ ၅-လံ ၂-တောင်, ၁၀-လံ လှေကြီးများ ဖြစ်၍ ၁၀-လံလှေတွင် လူပေါင်း ၃၀-ကျော်၊ ၄၀-နီးပါး စီးရ၏။ တစင်းနှင့်တစင်း ပြိုင်ကြသောအခါ ပန်းတိုင်သို့ ရှေးဦးစွာ ရောက်အောင် လှော်ခတ်ရရုံမက ‘ပန်း’ ကိုလည်း ရအောင် ဆွဲရသေး၏။ ‘ပန်း’ ဆိုသည်မှာ ရိုးရိုး ကြိမ်ရှည်ရှည် တချောင်းပင် ဖြစ်၏။ ထိုကြိမ်ကို အဆစ်ဖောက်ထားသော ဝါးလုံးတခုတွင် သွင်း၍ ပန်းတိုင်တွင် ကန့်လန့်ဖြတ်လျက် ချိတ်ဆွဲထားရ၏။ တခါတရံ လှေတစင်းနှင့် တစင်း ဦးတူပဲ့တူ ပန်းဝင်လာတတ်ကြ၏။ ဤကဲ့သို့သော အခါမျိုးတွင် ‘ပန်း’ဆွဲ ကျင်လည်သော လှေသာ အနိုင်ရရှိ၏။ တခါတရံတွင်လည်း လှေတစင်းက ပြိုင်ဘက်လှေ တစင်းထက် တတောင် တလံ စသည်ဖြင့် နောက်ကျ၍ နေစေကာမူ ပန်းဆွဲသူ ကျင်လည်ပါက မိမိထက် သာနေသော လှေကိုပင် အနိုင်ရရှိတတ်လေသည်။ ‘ပန်း’ဆွဲရာ၌ အထူးသတိထားရသော အချက်မှာ ‘ပန်းဆွဲရေကျ’ မဖြစ်ရန်ပင် ဖြစ်၏။ ပန်းကို ဆွဲ၍ ရသွားစေကာမူ ပန်းဆွဲသူသည် ရေထဲသို့ ကျသွားပါက အနိုင်မရရှိပေ။ ပြန်၍ ပြိုင်ရ၏။

လှေပြိုင်ပွဲ စသောနေ့မှ စ၍ ကိုတောလူ၏မျက်နှာမှာ မြူးနေ၏။ ယနေ့ကား တတိယမြောက် နောက်ဆုံး အကြိတ်အနယ် ဗိုလ်လုရမည့်နေ့ ဖြစ်လေသည်။

သံတွဲချောင်း အတွင်းတွင် တက်ရေးပြကာ ‘သလား’ နေကြသော သရော်တော၊ အံ့တော်၊ တောင်ညို၊ ခြံပြင်၊ စာတီပြင်၊ ခရမ်းမော်၊ ကင်းမော်ရွာများမှ လှေများဖြင့် ပြည့်နှက်လျက်ရှိသကဲ့သို့ ကမ်း တဖက်တချက်တွင်လည်း ပြိုင်ပွဲကြည့်ရန် လာရောက်ကြသော ပရိသတ်မှာ ဖွေးဖွေးလှုပ်လျက် ရှိလေသည်။

ကိုတောလူသည် ရွှေကျောင်းပြင်ရွာမှ လှေပြိုင်ပွဲဝင်သူများအတွက် ဆောက်ထားသော မဏ္ဍပ်တွင် ရေပန်းစားလျက် ရှိ၏။ မြခင်တို့ အပျိုတသိုက်မှာလည်း မိမိတို့ရွာမှလှေ အနိုင်ရစေရန် လှေသမားများအတွက် ကွမ်းယာ၊ ဆေးလိပ်၊ ရေအိုးရေခွက်၊ ထမင်းဟင်းမှ စ၍ လိုလေသေး မရှိအောင် ဝိုင်းဝန်းကူညီ လုပ်ကိုင်ပေးကြ၏။ မြခင်၏အဖေ ဦးသာလှမှာလည်း နှုတ်ခမ်းမွေးကြီး တကားကား၊ ခေါင်းပေါင်းကြီး တဖားဖားဖြင့် အကြိတ်အနယ် ပြိုင်ရမည် ထင်ရသော လှေ ၂-စင်း၊ ၃-စင်း၏ ရေချိန်ကို စနည်းနာနေ၏။

ခဏကြာလျှင်ပင် ကိုတောလူတို့ ရွှေကျောင်းပြင်ရွာမှ ‘မိုးညို’ ဟု အမည်ပေးထားသော ဆယ်လံလှေကြီးသည် ကမ်းစပ်မှခွာကာ ရေလယ်သို့ တငြိမ့်ငြိမ့် ထွက်လာလေသည်။

“စိန် … စိန် … စိန်လား မောင်တို့ …”
“မြ … မြ … မြလား မောင်တို့ … .”
“စိန်နဲ့ မြနဲ့ … နှစ်ပါးဆိုင် …”
“သိကြားကိုယ်တိုင် မ,တဲ့ဝိုင်းသား …”
“မိုးညိုကြီး စီးလို့လာ …”
“ဟန်မပါဘဲ လာရိုးလားဟေ့ …”
“မိုးညို … မိုးညို … မိုးညိုသားပဲ …”
“လူရေ … လူရေ … လူရေခြားပဲ …”

လှေဝမ်း အလယ်ကောင်မှနေ၍ မတ်တတ်ရပ်ကာ ကိုယ်ကို ယိမ်းထိုးလျက် လှေဒိုးပတ်သံကို တိုင်လာသူကား ပဉ္စသီခလက်သစ် ကိုတောလူပင် ဖြစ်၏။ သူသည် အခြား လှေတော်သားများ နည်းတူ စွပ်ကျယ်အဖြူနှင့် ပလေကပ်လုံချည် အပြာရောင်ကို ဝတ်ထားပြီးလျှင် ရင်ဘတ်တွင် အနီရောင် ရစ်သိုင်းကြိုးတပင်ကို စည်းနှောင်ထား၏။ လူကလည်း လူဟန်ကောင်း၊ ခြေတံ လက်တံကလည်း ရှည်ရှည်ဖြစ်၍ ကိုတောလူကို ကြည့်ရသည်မှာ ပွဲထဲမှ မင်းသားကြီးနှင့် တူလှတော့သည်။ ရွှေဘိုနယ်ဘက်တွင် ဗုံကြီး အတီးကောင်းသူအား ‘ဗုံကြီးမင်းသား’ဟု ခေါ်သကဲ့သို့ ကိုတောလူကိုလည်း ကျွန်တော်က ‘ဒိုးပတ်မင်းသား’ဟု ဘွဲ့ပေးချင်ပေသည်။

ဒိုးပတ် ဆိုသော စကားသည် မြန်မာစကားလော၊ ကုလားစကားလော။ မြန်မာသဘင် စတင် ဖြစ်ပေါ်လာပုံကို ခေတ်အားဖြင့် ခွဲကြည့်လျှင် ဗုံရှည်ခေတ်၊ ဗုံတိုခေတ်၊ မြေဝိုင်းခေတ် ဟူ၍ တွေ့ရမည် ဖြစ်၏။ အလျား ၃-ပေခန့် မျက်နှာဝ ခြောက်လက်မခန့် ရှိသော သစ်သားကို အခေါင်းထွင်း၍ နွားသားရေစိမ်းနှင့် ကြက်သော ဗုံကို ဗုံရှည်ဟု ခေါ်ကြ၏။ ဗုံရှည် ပေါ်လာစက ၄င်းကို ‘ပတ်’ ဟု ခေါ်ကြ၏။ ဗုံရှည်ကို ပတ်စာ မထည့်ဘဲ တီးသောအခါ ‘ပတ် ပတ်’ဟု အသံထွက်သောကြောင့် ပတ်ဟု ခေါ်ခြင်းဖြစ်၏။ ထိုနောက် ပတ်စာ ထည့်၍ တီးရာတွင် ‘ဗုံဗုံ’ဟု မြည်သဖြင့် ပတ်ခေါ်ရာမှ ‘ဗုံ’ဟု ပြောင်း၍ ခေါ်ကြ၏။ ဗုံရှည်တွင် ပတ်စာ ထည့်၍ တီးရ၏။ ဗုံရှည် မပေါ်ခင်ကမူ ပတ်စာ မပေါ်သေးဟု ဆို၏။ ဗုံရှည်မှာလည်း ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်လာခဲ့သည်ဟု မှတ်သားမိသည်။

ဤကဲ့သို့ ဗုံရှည်ကြီးကို တီးလာခဲ့ကြရာ လေးလံလွန်းသဖြင့် တာရှည် မတီးနိုင်တော့ဘဲ ပေါ့ပေါ့ပါးပါး ဖြစ်စေရန်အတွက် တိုတိုလုပ်၍ လာကြ၏။ ထိုသို့ တိုတို လုပ်လိုက်သဖြင့် ဗုံတိုဟု ခေါ်ဆိုလာကြလေသည်။ ဗုံတိုမှာ ဗုံရှည်ကဲ့သို့ လွယ်၍ တီးရ, ကရသည်မှာ မခက်ခဲဘဲ အသာကလေး တို့၍ တီးရသော ‘ပတ်’ ဖြစ်သောကြောင့် ‘တို့ပတ်’ဟု ခေါ်ကြ၏။ ကာလ ရွေ့လျောလာသောအခါ ‘တို့ပတ်’မှ ‘ဒိုးပတ်’ ဖြစ်လာ၏။ အချို့ကမူ ‘ဒိုးပတ်’သည် အိန္ဒိယပြည်မှ မြန်မာပြည်သို့ ရောက်လာသော တူရိယာ ဖြစ်ကြောင်း၊ ဗုံတိုကို ကုလားလို ‘ဒိုးလ်ပတ်’ဟု ခေါ်ကြောင်းဖြင့် ဖော်ပြခဲ့ကြသည်။ ရေလယ်မှ ကိုတောလူ၏ ဒိုးပတ်သံသည် မြခင်တို့မဏ္ဍပ်ထဲသို့ ပျံဝဲ၍ ရောက်လာပြန်လေသည်။

“လှေကျော်ကို လူမော်စီးတယ်၊ လှေလေးကျော်ကို လူမော်စီးတယ်”
“စီးလိုက်-စီးလိုက်၊ ဘသား စီးလိုက်”
“နွှဲလိုက်-နွှဲလိုက်၊ ဘသားနွှဲလိုက်”
“ယဉ်ပါ … ယဉ်ပါပေ့တယ်၊ ဟန်ပါ … ဟန်ပါပေ့တယ်။ မိုးညိုသားတွေ ယဉ်ပါပေ့တယ်။ လှေကျော်ကို လူမော်စီးတယ်၊ လှေလေးကျော်ကို လူမော်စီးတယ်”
“စီးလိုက် … စီးလိုက်၊ ဘသားစီးလိုက်”
“နွှဲလိုက် … နွှဲလိုက်၊ ဘသားနွှဲလိုက်”
“မိုးညိုကြီး စီးလို့လာ၊ ဟန်မပါဘဲ လာရိုးလားဟေ့”
“ဟိုဘက်ကမ်းက မပြုံးချို၊ တို့ကိုလိုလို့ ပစ်တဲ့မျက်စ“
“ဟိုဘက်ကမ်းက အစ်မတွေ၊ လှေမနိုင်လို့ မှိုင်ကြသလား”

ကိုတောလူတို့၏ ‘မိုးညို’ လှေကြီးသည် တငြိမ့်ငြိမ့် လှော်ခတ်လာရင်း သရော်တောရွာမှ ‘သီဟရာဇာ’ လှေနှင့် ဘေးချင်း ယှဉ်မိလျက်သား ဖြစ်နေလေသည်။ ‘သီဟရာဇာ’မှာ ‘မိုးညို’နှင့် အကြိတ်အနယ် ပြိုင်ရမည့်လှေ ဖြစ်၏။ ထို့ကြောင့်လည်း လှေနှစ်စင်းမှ လူများမှာ တဖက်နှင့် တဖက် မခံချင်စိတ်ကလေးများ ကိန်းအောင်းလျက် ရှိသည်။

“မိုညိုထိပ် တံဆိပ်ပါ၊ သီဟရာဇာစီးတဲ့ ဖိနပ်”

သီဟရာဇာလှေမှ ဒိုးပတ်သံ ထွက်လာလေသည်။ သရော်တော ပရိသတ်၏ တဖြောင်းဖြောင်း တီးလိုက်သော လက်ခုပ်သံသည် သောင်းသောင်းညံ၍ သွား၏။ မဏ္ဍပ်ထဲမှ မြခင်တို့ အပျိုတသိုက်နှင့် သူကြီးဦးသာလှမှာ မျက်နှာကလေးတွေ ဆီးရွက်လောက်သာ ကျန်တော့သလို ဖြစ်နေလေသည်။ မိုညိုလှေဦးတွင် မိကျောင်းရုပ် တပ်ဆင်ထား၏။

ကိုတောလူသည် သီဟရာဇာ လှေဘက်သို့ လက်ညှိုး တငေါက်ငေါက် ထိုးကာ ပြန်၍ ချေလေသည်။

“တယ်မကြွားနဲ့ ဖားပြုတ်တွေ၊ နင့်ဘ-လင်းမြွေ လာလေသေးရဲ့”

ရွှေကျောင်းပြင် ပရိသတ်၏ လက်ခုပ်သံသည် တဖြောင်းဖြောင်း မြည်သွား၏။

လှေဒိုးပတ်သံများမှာ လှေပြိုင်ရာတွင် အရေးကြီးသော အခန်းမှ ပါဝင်၏။ စစ်ပွဲမှ ခရာသံကဲ့သို့ပင် ဖြစ်၏။ လှေတော်သားများအား စိတ်အားတက်ကြွအောင် လှုံ့ဆော်ပေးနိုင်၏။ တက်ညီလက်ညီ ဖြစ်အောင် ထိန်းပေးရသော ‘ခလုတ်’ ဖြစ်၏။

မြခင်၏အဖေ ဦးသာလှမှာ ကိုတောလူ၏ သံချပ်ကြောင့် တပြုံးပြုံး ဖြစ်လာလေသည်။ မိုးညိုဘက်မှ မိမိ လောင်းထားသည့်အတိုင်း နိုင်ရမည်ဟု တွက်ကိန်း ချထား၏။

“မိုးညိုကြီး စီးလို့လာ၊ သီဟရာဇာ အမြီးကုပ်ကုပ်”
“ခြင်္သေ့ကြီးက ခွေးလိုအူ၊ တို့တုလို့ ပြိုင်နိုင်ရိုးလား”
“လှေပေါက်ကြီးနဲ့ ပြိုင်ပွဲဝင်၊ တို့ဖင်က မျောတဲ့ချေးတုံး”

ကိုတောလူ၏နောက်ဆုံး ဒိုးပတ်သံချပ်ကြောင့် ပွဲကြည့်ပရိသတ်မှာ တအုံးအုံးနှင့် ပွဲကျသွား၏။

“ဟေ့ … မြခင်၊ နင့်အဆက်ကြီးက တယ်ဟုတ်ပါလား …”

မိအေးလှက တံတောင်နှင့် မြခင်၏နံဘေးကို တွက်ရင်း ပြောလိုက်၏။

“ဟယ် … ဒီကောင်မကလဲ”

မြခင်၏ လေသံမှာ ‘အဆက်ကြီး’ဟူသော စကားကို ငြင်းချက်ထုတ်သံ မပါ။ သူ့ကိုယ်၌က ကိုတောလူ၏ လူစွမ်း-လူစကို သဘောကျနေပြီ ဖြစ်၍ ကိုတောလူ၏ အဆက်ဟု အခေါ်ခံရသည်ကိုပင် ဝမ်းထဲမှ ကျိတ်၍ ဝမ်းသာသလိုလို ဖြစ်နေ၏။

ညနေ သုံးနာရီလောက်တွင် မိုးညိုနှင့် သီဟရာဇာတို့ ပြိုင်ရမည့် အလှည့်သို့ ရောက်လာလေသည်။ ပြီးခဲ့သည့် ၂-ရက်က ပြိုင်ပွဲဝင် လှေများမှာ သူ့အဆိုင်းနှင့်အဆိုင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ယနေ့ နောက်ဆုံးတွင် ပထမဆုကို လုရန် မိုးညို၊ သီဟရာဇာနှင့် အံတော်ရွာမှ လှေတစင်းပေါင်း သုံးစင်းသာ ကျန်တော့ရာတွင် အံတော်လှေကို သီဟရာဇာက အနိုင်ရရှိခဲ့သဖြင့် ယခုမူ မိုးညိုနှင့် နင်လား-ငါလား အနိုင်ကြဲကြမည့် အချိန်သို့ ရောက်လာရခြင်း ဖြစ်၏။

ဦးသာလှမှာ မိမိ အခွန်တော် ကောက်၍ ရထားသော ငွေထဲမှ ငွေသုံးရာကို မိုးညိုဘက်မှ လောင်းထားသူ ဖြစ်သည်က တကြောင်း၊ မိမိရွာမှ လှေသာ အနိုင်ရလိုသည်က တကြောင်းတို့ကြောင့် မဏ္ဍပ်အနီး ချောင်းကမ်းစပ်တွင် အမောဖြေရင်း နားနေကြသည့် ကိုတောလူတို့ လှေတော်သား တသိုက်ကို တတ်သမျှ မှတ်သမျှ အကြံဥာဏ်များ ပေးလျက်ရှိ၏။

“ဦးလေးလှ … ကျွန်တော်တို့ နိုင်ရင် ဘာပေးမလဲ …”

ကိုတောလူက မြခင်အဖေကို ပြုံးဖြီးဖြီးနှင့် လှမ်းမေးနေ၏။

“နိုင်သာ နိုင်ပါစေဝေ၊ ဆိတ် တကောင်နဲ့ အုန်းရည် ဆယ်လုံး …”

“ကျွန်တော့်အတွက် ဆုတော့ သီးသန့် ပေးရမယ်နော်၊ ဒီလှေနိုင်ဖို့ မနိုင်ဖို့ ကျွန်တော့်အပေါ် တည်တာ၊ ပဲ့ကိုင် ဘယ်လောက် ကောင်းကောင်း၊ ပန်းဆွဲက ဘယ်လောက် တော်တော်၊ ကျွန်တော် တိုင်ပေးတာ အံမကိုက်ရင် နိုင်မှာ မဟုတ်ဘူး …”

“အေးဝေ … ပေးပါ့မယ်၊ နိုင်အောင်သာ လုပ်စမ်းပါ။ ငွေသုံးရာ နိုင်ရင်၊ နင့်တဝက် ခွဲပေးမယ် …”

“တကယ်လား … ဦးလေးလှ …”

“တကယ်ဝေ … တကယ် …”

“ဒါဖြင့် ကျိတ်လိုက် … သုံးလားမှာ နှစ်လား နိုင်စေရမယ် …”

ကိုတောလူတို့၏ မိုးညိုလှေသည် ပြိုင်ပွဲစရန် အချိန်နီးကပ်လာပြီ ဖြစ်၍ ရေလယ်သို့ ထွက်ခွာလာလေသည်။ ပွဲကြည့်ပရိသတ်၏ လက်ခုပ်တီးသံ, အားပေးသံ, လင်းကွင်းသံတို့မှာ ဝက်ဝက်ကွဲအောင် ဆူညံလျက်ရှိ၏။

“မိုးညိုကြီး စီးလို့လာ … ဟန်မပါဘဲ လာရို့လားဟေ့”
“စိန်နဲ့ မြနဲ့ နှစ်ပါးဆိုင်၊ သိကြားကိုယ်တိုင် မ,တဲ့ ဝိုင်းသား …”
“ဦးလေးလှက အုပ်ချုပ်ကာ၊ ဗိုလ်လုပ်ဖို့ရာ ကျုပ်တို့လာခဲ့ …”

ဦးသာလှနှင့် မြခင်က ကမ်းပေါ်မှနေ၍ တပြုံးပြုံး ဖြစ်နေကြ၏။ မိုးညိုနှင့် သီဟရာဇာတို့သည် တာစူ၍ နေကြပေပြီ။ ပရိသတ်ကား အသည်းတထိတ်ထိတ် ဖြစ်နေကြ၏။ ဒိုင်လုပ်သူသည် လှေကလေး နှစ်စင်းကို တွဲချည်၍ ဖောင်လုပ်ထားသော နေရာမှ ‘အွန်ယူရာမတ်ခ်-ဂတ်-ဆက်’ ဟုဆိုကာ ခြောက်လုံးပြူး သေနတ်ကို ‘ဒိုင်း’ ခနဲ ပစ်ဖောက်လိုက်၏။ မိုးညိုနှင့် သီဟရာဇာ နှစ်စင်းစလုံးပင် တာထွက်ကောင်းကြကာ ကျင်လည်သော မုဆိုးလေးမှ ပစ်လွှတ်အပ်သော မြားကဲ့သို့ တဟုန်ထိုး ရှေ့သို့ တိုးလာကြ၏။

“တူးလိုက်-တူးလိုက်၊ ဘသားတူးလိုက် …”
“ပေါက်လိုက်-ပေါက်လိုက်၊ ဘသားပေါက်လိုက် …”

လှေတော်သားများသည် ကိုတောလူ၏ အသံအတိုင်း လှေကို အမြန် လှော်လျက် ရှိကြ၏။ လှော်ရာ၌ မည်မျှပင် မြန်စေကာမူ တက်မညီက ရှုံးမည်မှာ သေချာ၏။ သို့ဖြစ်၍ တိုင်ပေးသူမှာ အခရာ ဖြစ်နေပေသည်။ တိုင်ပေးသူက နိုင်လိုသော ဇောကြီးကြီးဖြင့် အသံမှန် မပေးတတ်လျှင် တပ်ပျက်၍ သွားနိုင်၏။

မိုးညိုနှင့် သီဟရာဇာတို့သည် ခရီးတဝက်ကိုပင် ကျော်ကာ ပန်းတိုင်နှင့် နီးလာပြီ ဖြစ်သည့်အလျောက် ဟီးတိုက်၍ လှော်ခတ်နေကြ၏။ ယခု အချိန်တိုင်အောင် လှေနှစ်စင်းမှာ ဦးတူပဲ့တူ ဖြစ်၍ နေကြလေသည်။

“တူးလိုက်-ပေါက်လိုက်၊ တူးလိုက်-ပေါက်လိုက် …”

ကိုတောလူ၏ ‘ခရာ’သံမှာ ပို၍ မြန်လာသည့် နည်းတူ တက်များလည်း ပို၍ သွက်လာကြ၏။ လှေနှစ်စင်းစလုံးမှာ ပန်းတိုင်နှင့် ဝါးတရိုက်ခန့် အကွာသို့ ရောက်ခဲ့ပြီဖြစ်ရာ ပန်းဆွဲမည့်သူ နှစ်ဦးသည် မိမိတို့ လှော်တက်များကို ပစ်ချကာ လှေဦးသို့ ခုန်တက်၍ ပန်းဆွဲသည့်အခါ ရေထဲသို့ ကျမသွားရန် လှေဦးကို ခြေကလိမ်ချိတ်၍ ခွထိုင်ထားကြ၏။

“တူးလိုက်-ပေါက်လိုက်၊ တူးလိုက်-ပေါက်လိုက် …”

ကိုတောလူသည် နောက်ဆုံး ခရာသံကို ပေးကာ မတ်တတ် ရပ်နေရာမှ ထိုင်ချလိုက်၏။ သူထိုင်ချလိုက်သည့်အချိန်တွင်ကား လှေနှစ်စင်းစလုံးမှာ ပန်းဆွဲများသည် ပန်းကို တဖက်တချက် ဆုပ်ကိုင်ကာ အရအမိ ဆွဲနေကြလေသည်။

ကမ်းပေါ်မှ ပရိသတ်ကား အပ်ကျသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်လျက် ရှိကြ၏။ ဤအချိန်တွင် ‘ဝေါ’ခနဲ မြည်သွားသော အသံကြီးသည် ချောင်းကမ်းပါး နှစ်ခုလုံးကို လျှံသွားလေသည်။ မိုးညိုလှေကား အားကုန်ကျုံး၍ လှော်လာသော အရှိန်က အင်အားကြီး နေဆဲတွင် ရုတ်တရက် တန့်ရပ်သကဲ့သို့ ဖြစ်သွားသောကြောင့် ကိုယ်ရှိန်မသတ်နိုင်ဘဲ မြုပ်သွားခဲ့လေသည်။

“သီဟရာဇာဟေ့ … သီဟရာဇာ …”

ပွဲကြည့် ပရိသတ်၏ တစ်ခဲနက် ဩဘာသံကြီးသည် ဟိန်း၍ ထွက်ပေါ်လာ၏။ သီဟရာဇာကား ပထမ ‘တလား’တွင် ပန်းဆွဲ ရခဲ့လေပြီ။

“တူနိုင်မယ် မထင်ကြနဲ့၊ ကိုး,ဆယ်ဆ ကွာလိမ့်မယ် …”

သီဟရာဇာ လှေသားများသည် သံချပ်တိုင်ရင်း ကွေးနေအောင် က,နေကြ၏။

“မိုးညိုထိပ်-တံဆိပ်ပါ၊ သီဟရာဇာ စီးတဲ့ဖိနပ် …”
“မျက်ခမ်းစပ်က နေကိုပြိုင်၊ တို့တူလို့ နိုင်နိုင်ရိုးလား …”

ကိုတောလူတို့ လူသိုက်ကား ဘာမျှ ပြန်မချေနိုင်သေးဘဲ မြုပ်သွားသော လှေကို ပြန်၍ ဖော်နေကြရလေသည်။ ဦးသာလှကား စကားတခွန်းမျှ မပြောနိုင်အောင် ဖြစ်နေ၏။ အခွန်တော်ငွေထဲမှ အလွဲသုံးစား လုပ်၍ မိမိ လောင်းထားသော ငွေသုံးရာ ရှုံးပါက မည်ကဲ့သို့ လုပ်ရမည်ကို မကြံတတ်အောင် ဖြစ်ကာ ရင်ထဲတွင် မီးတောက်နေလေသည်။

မိုးညိုသည် နစ်မြုပ်သွားရာမှ ပြန်၍ ပေါ်လာကာ ရွှေကျောင်းပြင်မဏ္ဍပ် ရှိရာသို့ ခပ်လေးလေး လှော်လာခဲ့၏။ ပထမတလားတွင် ရှုံးသွားသည့်တိုင်အောင် ကိုတောလူကား အပြုံးမပျက်။

“ကလေးတွေမို့ သနားကာ၊ ပ,စားပေးတာ သိကောင်းပါရဲ့ …”
“မိုးညိုလှေကြီး စီးလို့လာ၊ ဟန်မပါဘဲ လာရိုးလားဟေ့ …”
“တယ်မကြွားနဲ့ ဖားပြုတ်တွေ၊ နင့်ဘ လင်းမြွေ လာလေသေးရဲ့ …”
“အရှုံးကိုတော့ အနိုင်ထင်၊ ကျုပ်တို့ဖင်က စွန့်တဲ့ချေးတုံး …”

မိုးညို လှေတော်သားများသည် စောစောက မဲ့နေကြရာမှ ပြုံး၍လာကြ၏။ ကိုတောလူ၏ ‘တိုင်သံ’ကို ‘ဖောက်’ကြသည့် အသံမှာလည်း အင်အားတွေ ပြန်၍ ပြည့်လာကြ၏။

“မိုးညိုကြီး စီးလို့လာ …”

ကိုတောလူက သူ့အသံကို မြှင့်တင်လိုက်၏။

“သီဟရာဇာ အမြီးကုပ်ကုပ် …”

တိုင်သံက မြင့်လာသလို ဖောက်သံက ပို၍ ကျယ်လာလေသည်။

“ခြင်္သေ့ကြီးက ခွေးလိုအူဟေ့ …”
“တို့တူလို့ ပြိုင်နိုင်ရိုးလား …”
“ကလေးတွေမို့ သနားကာ …”
“ပါစားပေးတာ သိကောင်းပါရဲ့ …”
“အရင်စားတော့ နွားဟေ့-နွားဟေ့ …”
“နောက်စားမှ ကျားဟေ့-ကျားဟေ့ …”

မိုးညိုလှေကြီးသည် မဏ္ဍပ်အနီး ကမ်းစပ်တွင် မေးတင်၍ ဆိုက်ကပ်လိုက်သည်နှင့် တပြိုင်နက် မြခင်တို့ အပျိုတသိုက်မှာ လှေတော်သားများအား ရေတိုက်ရ၊ ကွမ်းယာပေးရ၊ မုန့်ကျွေးရနှင့် အတော် အလုပ်ရှုပ်သွားကြ၏။

“အဝေ … တောလူ၊ ဘယ့်နှယ်လဲဝေး …”

ဦးသာလှက လှေရှိရာသို့ အပြေးဆင်းလာကာ ကိုတောလူကို စိတ်ပူပူနှင့် လှမ်းမေးနေ၏။

“စိတ်ချပါဦးလေးရဲ့၊ အရင်စားတော့ နွား၊ နောက်စားမှ ကျားဆို မဟုတ်လား …”

“ဟုတ်မှလည်း လုပ်ပါဝေ …”

“သီဟရာဇာလို လှေမျိုးမှ မနိုင်ရင် ဇက်တောင် အဖြတ်ခံဝံ့တယ် …”

“နင်ဇက်ပြတ်တာ အရေးမကြီးဘူး၊ ငါ့ငွေသုံးရာက အရေးကြီးတယ်”

“ဦးလေးလှ ငွေသုံးရာ မရှုံးစေရဘူး။ ကျွန်တော်က ပထမတလား ဖြစ်လို့ အသာကလေး လက်လျှိုထားလိုက်တာ။ ဒီကောင်တွေ ဒီရေချိန်ထက် ပိုပြီး မလှော်နိုင်ပါဘူး …”

“ဗျို့ … ကိုတောလူ … ကြည့်လည်း လုပ်ဦးနော်၊ ကျွန်တော်လည်း ငွေငါးဆယ် လောင်းထားတယ် …”

ကျွန်တော်က ကိုတောလူတို့ အမောအပန်း ဖြေနေသည့် မဏ္ဍပ်ရှေ့သို့ သွား၍ အားတင်းပေးလိုက်၏။

“အဲဒီငွေငါးဆယ်သာ နိုင်ရင် ခင်ဗျား မင်္ဂလာဆောင်မှာ အဲဒီ ငွေငါးဆယ်စလုံး လက်ဖွဲ့မယ် …”

“တကယ်လား၊ ဒီလိုဆို ရောကြိတ်လိုက်၊ ဘသားကြိတ်လိုက်ပဲ …”

ကိုတောလူက မြက်ခင်းပေါ်တွင် ပက်လက်လှန်၍ လှဲနေရာမှ ထထိုင်လိုက်၏။

“ငါက နိုင်ဖို့အကွက် မြင်ပြီးသားပါဝေ၊ ဒီကောင်တွေ ဒီထက်ပိုပြီး မစွမ်းပါဘူး …”

“ရော့ … ကိုတောလူ … ကွမ်းစားပါဦး၊ ဆေးလိပ်ကော ယူဦးမလား …”

ဆံထောက်ဖားဖား တင်ကားကားဖြင့် အလုပ်များနေသော မြခင်က ကျွန်တော့်ကို စကားပြောနေသော နေရာသို့ ရောက်လာကာ စေတနာတွေ ပိုနေ၏။

ကိုတောလူက ကွမ်းယာနှင့် ဆေးလိပ်ကို လှမ်းယူရင်း မြခင်ကို ရွှန်းရွှန်းစားစား ကြည့်လိုက်၏။ မြခင်က ပြုံးစစနဲ့ မျက်စောင်းတချက် ထိုးကာ လစ်ပြေးပါတော့သည်။

“အို … တင့်တယ်စွာသော ကောင်းခြင်း လက္ခဏာနှင့် ပြည့်စုံသော ချစ်နှမ သူရိယဝစ္ဆသာ၊ ဆင်နှာမောင်းနှင့်တူသော ပေါင်တံရှည်သော နှမ၊ ငါ၏လည်ပင်းကို ဖက်ထားပါလော့ …”

ကိုတောလူသည် ပဉ္စသီခ၏ဂီတကို ခပ်တိုးတိုး ရေရွတ်လိုက်၏။

“အင်း … စက္ခုရူပေန သံဝါသာ ရာဂပုတ္တာ့ဝိဇာရတိ ဆိုတဲ့ စကားဟာ တယ်မှန်ပါသလား။ ကျွန်တော်တောင် မြခင်ကို ကြိုက်ချင်လာပြီ …”

“အဝေ … ဒါတော့ မလုပ်ပါနဲ့ဝေ …၊ မြခင်မှ မရရင် ငါတော့ သေရပါလိမ့်မယ် …”

ကျွန်တော်တို့နှစ်ယောက်သည် ပြိုင်တူ ရယ်လိုက်ကြ၏။ ကိုတောလူတို့ လှေနှစ်စင်း ရပ်နားချိန်တွင် ၅-လံ ၂-တောင် လှေအဆိုင်းများ ပြိုင်နေကြသဖြင့် ရွှေပွဲလာပရိသတ်တို့၏ အော်ဟစ် အားပေးလိုက်သော အသံသည် ကျွန်တော်တို့ ရယ်သံကို ဖုံးအုပ်သွားလေသည်။

ညနေ လေးနာရီ ထိုးခါနီးလောက်တွင် မိုးညိုနှင့် သီဟရာဇာတို့သည် ဒုတိယအချီ အနိုင်လုကြရန်အတွက် တာစူ၍ နေကြလေပြီ။ ဒိုင်လုပ်သူ၏ သေနတ်မှ ဒိုင်းခနဲအသံ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် လှေနှစ်စင်းသည် စင်ရော်ငှက်ကလေး နှစ်ကောင် ရေပေါ်တွင် ပျံနေသလို တရိပ်ရိပ် ပန်းတိုင်ရှိရာသို့ ဦးတည်၍ ပြေးလျက် ရှိကြ၏။ ဒုတိယအချီတွင် ကိုတောလူ၏ ရေချိန်ပေးသည့် တိုင်သံမှာ စ,ကတည်းကပင် မြန်နေလေသည်။

“တူးလိုက်-ပေါက်လိုက်၊ တူးလိုက်-ပေါက်လိုက်”

တိုင်သည့် အသံမှာ မှန်မှန်နှင့် မြန်သလို လှေတော်သားများကလည်း လက်ညီတက်ညီ ရှိလှပေသည်။

“မိုးညိုဟေ့ …” “သီဟရာဇာဟေ့” ဟု မိမိတို့ နိုင်စေလိုသော လှေအမည်ကို ဖော်ထုတ် အားပေးလိုက်သော အသံများကား ပဲ့တင်ထပ်လျက် ရှိ၏။

လှေနှစ်စင်းသည် ပထမအချီကဲ့သို့ ဦးတူ, ပဲ့တူ ဖြစ်နေရာမှ ခရီးတဝက် ကျော်လာသော အခါတွင်ကား မိုးညိုသည် သီဟရာဇာထက် နှာတစ်ဖျားခန့် သာ၍ လာလေသည်။ ကိုတောလူသည် “တူးလိုက်-ပေါက်လိုက်” ဟု တိုင်ပေးရင်း နောက်တဖက်သို့ လက်မြှောက်၍ ပြလိုက်သည်နှင့်တပြိုင်နက် ထွက်လာစက ပဲ့ကို အသေကိုင်လာသော ပဲ့ကိုင်ကြီးသည် သူ၏ ပျဉ်းကတိုးသား တက်မကြီးဖြင့် တဗွမ်းဗွမ်း မြည်အောင် သွက်သွက်ကြီး ဆောင့်၍ လှော်လိုက်၏။

မိုးညိုသည် ပဲ့မှ ‘ထောင်’ ပေးလိုက်သော အရှိန်ကြောင့် ရိပ်ခနဲ, ရိပ်ခနဲ နေအောင် ထိုး၍ ထိုး၍ တက်လာလေသည်။ သီဟရာဇာထက် နှာတဖျား သာနေရာမှ ခေါင်းတလုံး သာလာ၏။ ပန်းတိုင်နှင့် ဝါးတရိုက် အကွာသို့ ရောက်သော အချိန်တွင်ကား မိုးညိုသည် သီဟရာဇာကို တလံလောက် နောက်တွင် ချန်ထားနိုင်ခဲ့လေပြီ။

“မိုးညိုဟေ့ … မိုးညို …”

မိုးညို၏ အောင်သံကား ဟိန်းနေ၏။ မြခင်တို့သားအဖ မဏ္ဍပ်ရှေ့တွင် ကွေးနေအောင် ကနေသည်ကို မြင်ရ၏။ ကိုတောလူ၏ဒိုးပတ် သံချပ်သံမှာ လေဟုန်ကိုစီး၍ ပါလာလေသည်။

“နိုင်မလားလို့ … တအားလှော် …”
“ဘိန်းစားကတော် … စီးတဲ့ခွက်စုတ်..”
“မြေကြီးထဲက … တီပမာ …”
“ပြေးသွားလိုက်တာ … .နောက်ကငုတ်တုတ်”
“လူတွေကြည့်တော့ … ဘိန်းစားဟန် …”
“ခြင်္သေ့နာမံ … ခံပြန်သေးရဲ့ …”
“မိုးညိုကြီး … စီးလို့လာ..”
“ဟန်မပါဘဲ … လာရိုးလားဟေ့..”
“နယ်ပြည်ကျွတ်လို့ … အလွတ်မော် …”
“ဘဲရီးဂွတ်နော် … ကောင်းချီးပေး …”

မိုးညို လှေတော်သားများသည် မမောနိုင်မပန်းနိုင် တက်ကို ခပ်မြိုင်မြိုင် ဆွဲကာ ရွှေကျောင်းပြင် မဏ္ဍပ်ရှိရာသို့ လာခဲ့ကြ၏။ ကမ်းစပ်သို့ လှေဆိုက်သည်နှင့် တပြိုင်နက် ဦးသာလှသည် လှေရှိရာသို့ ပြေးဆင်းကာ ကိုတောလူကို လက်နှစ်ဖက်နှင့် တအားကျုံး၍ ဝမ်းသာအားရ ဖက်ထားလိုက်၏။

“ဟေ့ … ဟေ့ … မြခင် ကြည့်စမ်းပါဦး …၊ နင့်အဖေကြီး သူ့သမက်လောင်းကို ဖက်ထားလိုက်တာ …”

မြခင်က လက်ညှိုထိုး၍ ပြနေသော မိအေးလှကို နှုတ်ခမ်း စူပြလိုက်၏။ ကိုတောလူ၏ မျက်စိထဲတွင်မူ သူ့ကို လာဖက်သူမှာ ဦးသာလှဟူ၍ မထင်၊ တိမ္ဗရု နတ်မင်းကြီးဟုသာ မြင်နေလေသည်။

(၅)

“ကဲ … နောက်တခါတော့ ‘ချွတ်လား’ ပဲဟေ့၊ အရိုးကြေကြေ, အရေခန်းခန်း ကြိတ်ရလိမ့်မယ် …”

ဦးသာလှက ခေါင်းပေါင်းကို ပြင်ပေါင်းရင်း ကိုတောလူတို့ လှေတော်သား တစုကို ပြောလိုက်၏။

“အို … ဦးလေးလှအတွက် ဆိုရင် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားပစေ …”

လှေပြိုင်ရာတွင် သုံးလားစီ ပြိုင်ကြရ၏။ သုံးလားဆိုသည်မှာ သုံးချီ,သုံးကြိမ်, သုံးခါပင် ဖြစ်၏။ နောက်ဆုံးအချီကို သံတွဲနယ်ဘက်တွင် လှေပြိုင်ပွဲ ဝေါဟာရအားဖြင့် ‘ချွတ်လား’ ဟု ခေါ်ကြ၏။ ကိုတောလူက ’ချွတ်လား’ တွင် အနိုင်ရစေရန် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲသွားသည် အထိ ကြိုးစားရမည်ဟု ပြောလိုက်ရာတွင် ‘ဦးလေးလှအတွက် ဆိုရင်’ ဟူသော စကားက ကြားက ညှပ်၍ ပါသွားသဖြင့် ဦးသာလှသည် ချက်ဆိုလျှင် နားခွက်က မီးတောက်သူ ဖြစ်သည့်အတိုင်း ကိုတောလူ ဘာဆိုလိုသည်ကို ရိပ်မိသွားကာ မျက်နှာပျက်သွားသည်ကို တွေ့လိုက်ရ၏။

သို့သော် ငွေသုံးရာ အရေးက လက်ငင်း အရေးကြီးနေသောကြောင့် ချက်ချင်းပင် ဣနြေ္ဒဆည်ကာ ကိုတောလူကို မျက်နှာချိုသွေး၍ အရေးပေးရပြန်လေသည်။

“နိုင်အောင်သာ ကြိတ်စမ်းပါဝေ၊ နိုင်ရင် ဒီမှာဝေ့၊ ဆိတ်နှစ်ကောင်နဲ့ အုန်းရည် အိုးနှစ်ဆယ် သိလား”

“ကျွန်တော့်ကို ငွေတဝက် ခွဲပေးမယ် ဆိုတာရော ဦးလေးလှရဲ့ …”

“ပေးပါ့မယ်ဝေ … နင်ကလည်း ပူစရာ မဟုတ်တာ ပူမနေပါနဲ့ …”

ညနေ ၅-နာရီခန့်တွင် မိုးညိုသည် ရေလယ်သို့ ဣနြေ္ဒရစွာ ထွက်၍ လာခဲ့လေသည်။ ၂-လားကို အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဖြစ်၍ နှစ်ဖက်စလုံးမှ လှေတော်သားများမှာ အတော် နွမ်းနယ်လျက် ရှိကြ၏။ သို့သော် အရှုံးမခံလိုသော ဇွဲကြောင့် နှစ်ဖက်စလုံးကပင် အစွမ်းကုန် ‘ကြဲ’ရန် အားခဲထားကြ၏။

ဦးသာလှသည် တာစူနေကြသော လှေနှစ်စင်းကို ကြည့်ကာ ဘုရားကို တ,နေမိသည်။ သူ၏ မျက်စိတဖက်တွင် အခွန်တော်ငွေ ပြန်၍ အစားမထိုးနိုင်သောကြောင့် ရုံးတွင် လက်ထိပ် တန်းလန်းနှင့် ရှိနေမည်ကို မြင်ယောင်နေလျက်၊ အခြားတဖက်တွင်မူ သူ၏ အပေါင်းအဖော်များနှင့် အောင်သေအောင်သား စားနေပုံကို မြင်နေ၏။

သေနတ်ဖောက်၍ အချက်ပေးလိုက်သည်နှင့် တပြိုင်နက် မိုးညိုနှင့် သီဟရာဇာတို့သည် ရှိသမျှ အင်အားကို အကုန်ကြဲကာ တဟဲဟဲ မြည်သော ရေပန်းစားသံများ ပေါ်ထွက်လာအောင် လှော်ခတ်ကြ၏။

မိုးညိုလှေမှ ပဲ့ကိုင်ကြီးသည် ထွက်လာကတည်းကပင် ပဲ့မှ ‘ထောင်း’၍ ပေးနေ၏။ ကိုတောလူ၏ ‘တိုင်’သံမှာလည်း ‘တူးလိုက်-ပေါက်လိုက်’နှင့် လှေတော်သားများအား တက်အမှန်ဆုံး အမြန်ဆုံး ဖြစ်စေရန် ရေချိန် ချပေးနေ၏။

တာမှထွက်၍ ခရီးသုံးပုံတပုံ အရောက်တွင် မိုးညိုသည် သီဟရာဇာနှင့် မြင်းပြိုင် ပြေးနေရာမှ သီဟရာဇာဘက်သို့ ဦးတစောင်းထောင်ကာ တက်လာ၏။ မိုးညိုနှင့် သီဟရာဇာမှာ အရွယ်ချင်း တူကြစေကာမူ မိုးညိုက ဝမ်းဗိုက်ပြား၍ သီဟရာဇာက ခပ်လုံးလုံး ဖြစ်နေသောကြောင့် မိုးညိုလှေမှ ရေပန်းစား၍ လိမ့်ထွက်လာသော လှိုင်းလုံးကလေးများသည် သီဟရာဇာ၏ ခပ်လုံးလုံး ဖြစ်နေသော ဝမ်းဗိုက်ကို အပြေးဝင်၍ ဆောင့်ကြသဖြင့် သီဟရာဇာသည် လှော်ခတ်လာရင်းပင် မသိမသာ ဘေးသို့ ချော်၍ ချော်၍ ထွက်လာလေသည်။

ခရီးတဝက် ကျော်ကျော်သို့ ရောက်သောအခါမူကား သီဟရာဇာသည် သိသိသာသာကြီးပင် ပန်းတိုင်နှင့် ဦးတိုက် မဟုတ်တော့ဘဲ အံချော်၍ လာသည်ကို သီဟရာဇာ ပဲ့ကိုင်က သတိပြုမိလာလေသည်။ ထို့ကြောင့် သီဟရာဇာ ပဲ့ကိုင်သည် လှေကို ပန်းတိုင်နှင့် ဦးတိုက်နေစေရန်အတွက် လှေဦးကို မိုးညိုဘက်သို့ လှည့်လိုက်၏။ ဤကဲ့သို့ စက္ကန့်အနည်းငယ်အတွင်း လှေဦးကို ပြန်၍ ပြင်လိုက်ခြင်းသည်ပင်လျှင် မိုးညိုအတွက် အကွက်ကောင်းကို ဖော်ပေးလိုက်သလို ဖြစ်သွားရလေသည်။

သီဟရာဇာက လှေဦးကို ပြန်၍ တည့်နေသည့် စက္ကန့်အနည်းငယ်အတွင်းတွင်ပင် မိုးညိုသည် သီဟရာဇာထက် နှာတဖျား သာသွားအောင် လှော်ခတ်နိုင်ခဲ့၏။ တိုက်ပွဲ၌ လည်းကောင်း၊ ပြိုင်ပွဲ၌ လည်းကောင်း အနည်းငယ်မျှသော တိုးတက်သာလွန်မှုသည် ကြီးစွာသော အောင်မြင်မှု အထောက်အပံ့ကို ပေးနိုင်သည့်အလျောက် မိုးညို လှေတော်သားများသည် အားတက်၍ လာကြကာ ကိုတောလူ၏ တိုင်သံအတိုင်း ကျုံး၍ကျုံး၍ လှော်ခတ်လာကြ၏။ လှေနှစ်စင်းသည် ယခုအချိန်တွင်မူ ပန်းတိုင်နှင့် နီးကပ်လာကြပြီ ဖြစ်၏။ ပန်းဆွဲ နှစ်ယောက်သည် အသင့် ဖြစ်နေကြပေသည်။ သီဟရာဇာမှာ ဦးကို ပြန်၍ တည့်နေရသောကြောင့် မိုးညိုထက် နောက်ကျသွားသည် ဆိုစေကာမူ ယခုကား မိုးညိုထက် နှာတဖျားခန့်သာ ယို့၍ ကျန်ခဲ့သဖြင့် ပန်းဆွဲရန် အခါကောင်း အခွင့်ကောင်း ပေါ်လျက်ပင် ရှိပေသေးသည်။

“ပန်းကို ခုန်ပြီးဆွဲ … ပန်းကို ခုန်ပြီးဆွဲ”

ကိုတောလူက ပန်းဆွဲကို အော်၍ ပြောလိုက်၏။

ပန်းဆွဲ လုပ်သူသည် လှေဦးကို ခြေကလိမ်ချိတ်၍ ခွထိုင်ထားရာမှ လှေဦးပေါ်တွင် ဖားထိုင် ထိုင်လိုက်ကာ ပန်းတိုင်နှင့် တလံအကွာမှ နေ၍ မြောက်ခနဲ နေအောင် ခုန်လျက် ပန်းကို ဆွဲလိုက်၏။

လှေဦးပေါ်မှ မြောက်ခနဲ ခုန်လိုက်သော အချိန်၊ ပန်းကို ဝါးလုံးခေါင်းထဲမှ ဆွဲထုတ်လိုက်သော အချိန်၊ ပန်းကို လက်မှကိုင်ရင်း ပြန်ကျလာသော အချိန်တို့မှာ လျှပ်တပြက်မျှသာ ကြာသည်ဟု ထင်လိုက်ရ၏။ ထိုလျှပ်တပြက်သော အချိန်တွင်ပင် မိုးညို၏ ဦးပိုင်းသည် ပန်းဆွဲသူ ပြန်ကျမည့် နေရာသို့ ‘ဒက်’ခနဲ နေအောင် ရောက်ရှိ၍ သွားလေသည်။

“မိုးညိုဟေ့ … မိုးညို … မိုးညို”

ပွဲကြည့် ပရိသတ်၏ သဲသဲအုတ်အုတ် လက်ခုပ် ဩဘာသံကြီးသည် ပဲ့တင် ရိုက်ဟည်း၍ မြေကြီးကို တုန်လှုပ်သွားစေ၏။

မိုးညိုလှေမှ ပန်းဆွဲလုပ်သူသည် ပန်းကို ခုန်မဆွဲခဲ့လျှင် သီဟရာဇာနှင့် မိုးညိုတို့သည် တဖက်နှင့်တဖက် ပန်းကို အကြိတ်အနယ်ဆွဲရင်း မှောက်သွားစရာသာ ရှိသည်။ ယခုမူ ကိုတောလူ၏ စကားကြောင့် မိုးညိုသည် ‘အေးအေးကလေး’နှင့် ပန်းကိုဆွဲ၍ ရယူနိုင်ခဲ့၏။ အေးအေးကလေးဟု ဆိုစေကာမူ ‘ဤအေးအေးကလေး’ကား စွန့်စားလိုက်ရသော အေးအေးကလေးပင် ဖြစ်ပေသည်။

“ပန်းများမကိုဋ် သောင်းလုံးလှိုင်ဟေ့”
“မဉ္ဇူခိုင်လို ကြိုင်တဲ့ရပ်သား”
မျက်ခမ်းစပ်က နေကိုပြိုင်”
“တို့တူလို့ နိုင်နိုင်ရိုးလား”
“နင့်ဘိုး, နင့်ဘွား, နင်ကစလို့”
“တို့ကိုပြိုင်လို့ နိုင်ဖူးသလား”
“မိုးညိုကြီး စီးလို့လာ”
“ဟန်မပါဘဲ လာရိုးလားဟေ့”
“နယ်ပြည်ကျွတ်လို့ အလွတ်မော်”
“ဘဲရီးဂွတ်နော် ကောင်းချီးကိုပေး”

မိုးညို လှေတော်သားများက ဒိုးပတ်သံချပ်သံ မြိုင်မြိုင်ဖြင့် လှေပေါ်တွင် ကွေးနေအောင် ကနေကြ၏။ ရွှေကျောင်းပြင် မဏ္ဍပ်ထဲတွင်လည်း မြခင်တို့ သားအဖနှင့်တကွ ရွာသူရွာသားတသိုက်မှာ ကျွမ်းထိုးသူထိုး, ဦးထုပ် မြှောက်သူမြှောက်ဖြင့် တရုန်းရုန်း အောင်သံ ပေးနေကြလေသည်။ မိုးညိုလှေကြီးသည် ဆုပေးမဏ္ဍပ် ရှေ့တွင် ထိုး၍ ဆိုက်လာသည်နှင့် တပြိုင်နက်၊ ယကွင်းသံ, ဗုံသံ, ဝါးလက်ခုပ်သံများ ဆူညံ ဆူညံစွာ ပေါ်ထွက်လာ၏။

“ရွှေကျောင်းပြင်ရွာက မိုးညို ပထမ”

လှေပြိုင်ပွဲ ကော်မတီ အကြီးအကဲ လုပ်သူသည် အောင်နိုင်သူ၏စာရင်းကို ကြေညာလိုက်လေသည်။

(၆)

ဦးသာလှ ဒကာခံသော အောင်သေအောင်သား စားပွဲကြီးမှာ စည်ကားလှပေသည်။

ကိုတောလူတို့ တသိုက်မှာ အုန်းရည်ကလေး မော့လိုက်၊ ဆိတ်သားဟင်း ဖဲ့မြည်းလိုက်ဖြင့် အသူရာ၏စံချိန်ကို နင်လား, ငါလား ပြိုင်၍ ချိုးနေကြ၏။

“သောက်ဝေး … သောက် … သောက် …”

ဦးသာလှ ကိုယ်တိုင် အတော် ‘ဓိုရ်’နေပြီဖြစ်သော တလင်းပြင် အုန်းရည်ဝိုင်းမှာ၊ ဆိုင်းမပါ ဗုံမတီးဘဲ တဟီးဟီး, တဟားဟားဖြင့် ဆူညံလျက် ရှိသည်။ မြခင်တို့ အဖော်တစုသည် အစ်ကို ကာလသားများ၏ အလိုကျ ဖြစ်စေရန် ငါးခြောက်ဆိုလျှင် ဖုတ်ပြီးသား၊ ဆိတ်သားဆိုလျှင် ခပ်ပြီးသား အသင့် ရှိနေစေ၏။

“ဘယ့်နှယ်လဲ ဦးလေးလှ၊ ကျွန်တော့်ကို ငွေတဝက်ပေးမယ် ဆိုတာ”

ကိုတောလူက အာခပ်လေးလေးနှင့် တိမ္ဗရုနတ်မင်းကြီး ဦးသာလှအား မေးလိုက်၏။

“အေးပါဝေ၊ ပေးမှာပေါ့ …”

“ပေးမယ်ဆိုလည်း ခုပေးရောပေါ့၊ လှေပြိုင်ပွဲ ပြီးတာပဲ လေးငါးရက် ရှိသွားပြီ …”

အမှန်စင်စစ်အားဖြင့် ပဉ္စသီခ ကိုတောလူသည် ဦးသာလှထံမှ ရမည့်ငွေထက်၊ ဦးသာလှ၏သမီး သူရိယဝစ္ဆသာ မြခင်ကို ပို၍ လိုချင်၏။ သို့သော် လှေပြိုင်ပွဲကြီးပြီး၍ တရက် နှစ်ရက် အတွင်းတွင်ပင် မြခင်အား သူ့အဖေ ဦးသာလှက မြို့ပေါ်မှ တရုတ်ကပြား သူဌေးတယောက်နှင့် ဝါမဆိုမီ နေရာချထားရန် စေ့စပ်နေသည် ဟူသော သတင်းဆိုးကို ကြားလာရသဖြင့် ငွေကိုသာ တွင်တွင်ဖိတောင်းနေခြင်း ဖြစ်၏။

“ဟေ့ … တောလူရဲ့၊ ငါ့မှာ ဟောဒီဝိုင်းကို ဒကာခံရတာနဲ့ပဲ ငွေအတော် ကုန်သွားပြီ။ နင့်ကို တဝက်တော့ ဘယ်ပေးနိုင်တော့မလဲ …”

“ဒါဖြင့် … အစကတော့ ဘာလို့ ပေးမယ် ပြောသလဲ …”

“ဒါကတော့ ပြောရိုးပြောစဉ်မို့ ပြောတာပေါ့ဝေ၊ နင်က ဒီစကားကို အဟုတ်ကြီး မှတ်နေတာကိုး …”

“ဦးလေးလှလို လူကြီးတယောက်က ပြောတာကို ကျွန်တော်က အဟုတ် မမှတ်ရဘူးလား၊ ဟား … ဟား … တယ်နေရာကျ …”

ကိုတောလူက အုန်းရည်ခွက်ကို ကိုင်ရင်း တဟားဟား ရယ်သွမ်းလိုက်၏။

အုန်းရည် သောက်ထားသဖြင့် နီ၍ ပြောင်နေသော ဦးသာလှ၏မျက်နှာမှာ မည်းခနဲ ဖြစ်သွားလေသည်။

“ဟေ့ … တောလူ …၊ စကားပြောရင် ကြည့်ပြောပါကွဲ့ …”

“ကျွန်တော်က ကြည့်ပြောမလို့ ဘယ်လိုလုပ်ပြီး ပြောနေတာလဲ၊ အစကတော့ ကောင်းပြီ ကောင်းရဲ့နဲ့၊ ခုကျတော့ သူပြောတဲ့စကားကို အဟုတ် မမှတ်ရဘူးတဲ့ … ဟား … ဟား … တယ်ဟုတ်တဲ့ လူကြီးလူကောင်းပေါ့ဝေ …”

ကျွန်တော်က ကိုတောလူကို နှုတ်လွန်လက်လွန် မဖြစ်စေရန် လက်ကုတ်၍ တားသော်လည်း မရ။ ငွေအကြောင်းထက် မြခင်ကိစ္စကို ပို၍မခံချင် ဖြစ်နေချိန်တွင် သောက်ထားသော အုန်းရည်ကလည်း တန်ခိုးပြလာပြီ ဖြစ်သောကြောင့် ထိန်းမနိုင် တားမရ အခြေအနေသို့ ဆိုက်ရောက်လာလေသည်။

“ဟေ့ … စကားမရှည်နဲ့၊ နင့်ကို ငါ ပိုက်ဆံတပြားမှ မပေးနိုင်ဘူး …”

ကိုတောလူကို ထိန်း၍ မနိုင်သလို ဦးသာလှကိုလည်း ဟန့်၍မရ ဖြစ်နေပေပြီ။ ဤအချိန်တွင် တလင်းပြင်နှင့် ခပ်လှမ်းလှမ်းတွင် အပျိုတစုနှင့် စကားလက်ဆုံ ကျနေသော မြခင်သည် ကျွန်တော်တို့ ဝိုင်းသို့ အပြေးကလေး ရောက်လာလေသည်။

“အဖေ တော် … တော် … မပြောပါနဲ့တော့၊ ကိုတောလူကလည်း အဖေ ပြောတာ သည်းခံလိုက်”

“အံမယ် … နင်ကများ ငါ့ကို တော်ပါလေး တန်ပါလေးနဲ့ ပြောနေရသလား …။ ဟေ့ … မိမြခင် နင့်ကို ငါ ဒီအကောင်မျိုးနဲ့ ပေးစားမယ် ထင်သလား။ အနုတ်စုတ် ဂုတ်စုတ်၊ ပိုက်ဆံတပြားမှ မရှိတဲ့အကောင်က ငါ့သမီးများ ရာရာစစ …”

မြခင်က ဝင်၍ တောင်းပန်လိုက်မှပင် ဦးသာလှ၏ဒေါသမှာ ပို၍ ကြောက်စရာကောင်းလာလေသည်။

“ခင်ဗျားကရော ဘယ်လောက်များ ပိုက်ဆံချမ်းသာလို့လဲ …”

ကိုတောလူက ဦးသာလှအား ယခင်က ဦးလေးလှဟု ခေါ်နေရာမှ ယခုမူ ‘ခင်ဗျား’ ဟူသော စကားကို သုံးလာ၏။

“ဟေ့ … ငါပိုက်ဆံဘယ်လောက်ချမ်းသာသာ နင်နဲ့မဆိုင်ဘူး၊ ငါ့လို သူကြီး တယောက်ကို နင့်လို အကောင်က အာခံလို့ …”

“ခင်ဗျား မတရား လုပ်တာကို ငုံ့ခံနေရမှာလား၊ ဒီတသက် မခံဘူး၊ ခင်ဗျား သတ္တိရှိရင် ထွက်ခဲ့ …”

ကျွန်တော်သည် ကိုတောလူခါးကို အတင်းဖက်၍ ထားရ၏။

“အေး … သိစေမယ်၊ သာလှအကြောင်း ကောင်းကောင်းသိစေရမယ်၊ နင့်ကို လက်ထိပ် တန်းလန်းနဲ့ မမြင်ရသမျှ ငါမသေသေးဘူး”

ဦးသာလှသည် သူ့အနီးရှိ ပန်းကန်ခွက်ယောက်များကို ခြေနှင့်ကန်ကာ ကျွန်တော်တို့ဝိုင်းမှ ဒေါဖောင်းဖောင်းနှင့် ထွက်ခွာသွားပါသည်။

“ကိုတောလူကလည်း အဖေစိတ်ဆိုးတုန်းမို့ပြောတာ ငြိမ်ခံနေလိုက်ရင် ပြီးသွားမယ့်ဥစ္စာ၊ ခုတော့ …”

မြခင်က မိန်းမသားပီပီ အရေးရှိလျှင် မျက်ရည်ကို အဖော်ပြုရှာသည်။

“ငါကလည်း မပြောဘဲ နေမလို့ဥစ္စာ၊ နင့်အဖေ လုပ်ပုံတွေ ကြာလာတော့ ငါ့စိတ်ထဲမှာ မချိဘူး မြခင်ရဲ့။ ဒါကြောင့် ငါက ဒီလိုပြောမိတာ …”

ကိုတောလူက မျက်နှာသေကလေးဖြင့် မြခင်ကို ပြောပြနေ၏။ လှေပြိုင်ပွဲတွင် မြူးခဲ့သော၊ အုန်းရည်ဝိုင်းတွင် ရွှင်ခဲ့သော တောသားကြီး ကိုတောလူမှာ အချစ်ရေးနှင့် ကျလာသောအခါ ငိုမဲ့မဲ့ ဖြစ်နေရ၏။

သူက ပဉ္စသီခကို အားကျကာ သူရိယဝစ္ဆသာမြခင်ကို ရရန်အတွက် လှေပြိုင်ပွဲတွင် တိမ္ဗရု နတ်မင်းကြီး ဦးသာလှအား ဖျာလိုလိပ် ထိပ်ပေါ် တင်ခဲ့၏။ ဦးသာလှ ငွေသုံးရာ အနိုင်ရစေရန် ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲအောင် ကြိုးစားခဲ့၏။

ယခုမူ ဦးသာလှက ကိုတောလူအား ဘုရားပြီး ငြမ်းဖျက် လုပ်နေပေပြီ။

မစားရ (ဟ)လို့ သေသေ၊
ဆီးပင်ငုတ်ကယ်နဲ့၊
လယ်လုပ် တောင်သူမွဲနဲ့၊
ပျို လွဲပါစေ။ ။

ကျွန်တော်က အညာဆီမှ ကဗျာတပုဒ်ကို ပြေး၍ သတိရမိသည်။ တောင်သူ လယ်လုပ်တို့၏ ဆင်းရဲပုံကို အိမ်ထောင်ရေးကိစ္စဖြင့် ဖော်ထုတ်ထား၏။ အဘယ်မည်သော မြို့ကြီးသူ အမျိုးသမီးသည် ကိုယ်ပိုင်ပစ္စည်း ဆို၍ ဆီးပင်ငုတ်တိုသာလျှင် ရှိသော တောင်သူလယ်သမားအား အိမ်ထောင်ရှင်အဖြစ် တင်မြှောက်ချင်ပါမည်နည်း။ သို့သော် ကျေးရွာသူများကား စိတ်ရင်းကောင်းကြသူများပီပီ အမေကျော်၍ ဒွေးတော်ကို လွမ်းသူများ မဟုတ်ကြ။

မစားရလျှင် ပါးစပ်ဟ၍သာ အသေခံမည်။ ဆင်းရဲသား ကျောမွဲ လယ်သမားကိုမူ လင်မလုပ်လိုပါဟု ညည်းလိုက်သော အညာဒေသမှ လုံမပျိုသည် ဒုက္ခတွေ ပင်လယ်ဝေနေသော ဘဝမှ ထွက်ပေါက်ကို တမ်းတလိုက်ခြင်းပင် ဖြစ်၏။

တောင်သူလယ်သမားတို့၏ ထွက်ရပ်လမ်းကား အဘယ်ပါနည်း။ ကျွန်တော်က တယောက်တည်း ငိုင်၍ စဉ်းစားနေစဉ် မြခင်သည် ကိုတောလူထံမှ ရုတ်တရက် ထွက်ခွာသွားသည်ကို တွေ့လိုက်ရ၏။

“မြခင်က ကိုတောလူကို ဘာတွေများ ပြောသွားသေးလဲ … ဟင် …”

ကိုတောလူသည် ကျွန်တော့်ကို စကားပြန်၍ မပြောနိုင်ဘဲ မြခင် သွားရာဘက်သို့ သုတ်ခြေတင်သွား၏။

“အို … ဘာတွေများဖြစ်ကုန်ကြပလဲ …”

ကျွန်တော်က ညည်းညူမိ၏။

အုန်းရည်နံ့နှင့် ဆိတ်သားနံ့သည် ကျွန်တော့် နှာခေါင်းဝကို ဝင်၍ တိုးကြလေသည်။

(၇)

တန်ခူးကုန်၍ ကဆုန်ပင် ဆင်းခဲ့ပေပြီ။

နွေလေးလပတ်လုံး ဣနြေ္ဒဆည်ကာ ချုပ်တည်းထားခဲ့ရသော မိုးနတ်မောင်သည် အငြိုးကြီးနှင့် ရွာချနေ၏။

ဝါးခမောက် ကိုယ်စီဖြင့် မျှစ်ချိုးရန်ထွက်လာခဲ့ကြသော မြခင်တို့ အပျိုတသိုက်မှာ ခိုက်ခိုက်တုန် အေးလှသော လေဒဏ်, မိုးဒဏ်ကို ညောင်ပင်ကြီး တပင်အောက်တွင် ခိုလှုံရင်း ကာကွယ်နေရ၏။

“ကဲ … ကဲ … ဒီမိုးစဲအောင် စောင့်နေလို့တော့ ပြီးမှာ မဟုတ်ဘူး”

မိအေးလှက အကြံပေး စကားပြောရင်း ညောင်ပင်ညို ခြေရင်းမှ ထွက်လာသောကြောင့် မြခင်တို့ လူစုလည်း ဆင်ခြေတက်မနေဘဲ မိအေးလှ နောက်မှ လိုက်လာခဲ့ကြ၏။

“ကဲပါ … ပက်ကျိ သွားသလို သွားနေလို့တော့ အအေးမိပြီး သေကုန်မှာပဲ။ ဒိုးပတ်ဝိုင်းကလေးနဲ့ သုတ်ခြေတင်ကြမယ်ဟေ့ …”

မိအေးလှက ပြောပြောဆိုဆို သီချင်းတပုဒ်ကို စ,လိုက်၏။

“တောင်ပေါ်မှာ ပဝါပျောက်၊ ကောက်ရရင်တဲ့ ပေးကြပါ၊ ကောက်ရရင်တဲ့ ပေးကြပါ …”

မြခင်တို့လူစု၏ အသံမှာ မိုးသံ လေသံတွေနှင့် ပြိုင်နေကြ၏။ မိုးရေစိုစိုတွင် ထဘီတိုတိုဝတ်ကာ သီချင်းဆိုရင်း ခပ်သွက်သွက် လမ်းလျှောက်ရသည်မှာ အရသာတမျိုး ဖြစ်၏။

မြခင်၏အဖော်အားလုံးက သီချင်းကို လိုက်၍ ဆိုကြသော်လည်း မြခင်ကား မဆိုနိုင်။ သူ့စိတ်က မိုးကောင်းကင်ပြင်လို မည်းမှောင်နေ၏။ အခြားသူများအတွက် ‘တောင်ပေါ်တွင် ပဝါပျောက်သော်လည်း’ မြခင်အတွက်မှာမူ ‘အသည်းပျောက်နေရသည်’ မဟုတ်ပါလား။

“တောင်ပေါ်မှာ ပဝါပျောက်၊ ကောက်ရရင်တဲ့ ပေးကြပါ၊ ကောက်ရရင်တဲ့ ပေးကြပါ”
“ဖေလေးရိုက်လို့ တို့မငို၊ မေလေးရိုက် တို့မငို၊ ချစ်တဲ့သူ လာလို့ရိုက်တယ်၊ အလိုဆရာရယ် ငိုလိုက်မယ်လေး …”

အားလုံးသူက ပါးစပ်ဆိုင်း လိုက်၍တီးနေကြ၏။ မြခင် တယောက်သာ သူ့အတွေးနှင့်သူ ငြိမ်နေ၏။

“ဟေ့ … မြခင် နင်က ဘာဖြစ်နေတာလဲ …”

မိအေးလှက မျက်စတဖက်ချီရင်း မသိသလို မေးနေ၏။

“ဘာမှမဖြစ်ပါဘူးဟယ် … ချမ်းလို့ပါ …”

“ဒီလိုချမ်းတဲ့ အချိန်မှာ ကိုတောလူကြီး ရင်ခွင်ထဲ ဝင်ထိုင်နေရရင် မကောင်းဘူးလား”

မိအေးလှက ပြောပြောဆိုဆို မြခင်အား နောက်မှနေ၍ သိမ်းကျုံး ဖက်လိုက်ကာ မြခင်၏ပါးပြင်ကို တရှုပ်ရှုပ်နှင့် နမ်းလိုက်၏။

“ဟဲ့ … ဘာတွေ လုပ်နေတာလဲ၊ တယ် … ဒီကောင်မကလည်း ကမြင်းကြော ထလိုက်တာ …”

“ဟေ့ … တို့လိုတောသူတွေ မဆိုထားနဲ့၊ ဟိုတုန်းက နန်းတော်သူတွေတောင် ကမြင်းကြတာပဲ၊ ငါ့အဘွားလေးက ပြောဖူးတယ်။ အပျိုတော်ဆောင်တွေမှာ ဆိုရင် ခရမ်းသီးရှည်ရှည်ကို မရောင်းရဘူးတဲ့”

“မဆီမဆိုင်တာ ပြောမနေပါနဲ့ဟယ် …၊ ခရမ်းသီး ရောင်းတာနဲ့ ဘာဆိုင်လို့လဲ …”

“အို … နင်က မသိဘဲနဲ့ ပြောမနေနဲ့၊ သူ့စာဆိုတောင် ရှိတယ်။ ဘာတဲ့၊ အဲ … အဲ … ‘နန်းတော်သူများ၊ ဆီဥစားလို့၊ တင်သားထစ်ငေါ့၊ ခပ်ပျော့ပျော့က၊ ဆော့လိုက်သည့် ဖြစ်တွေ၊ အစိမ်းနတ် ဖမ်းသလို၊ တဖျန်းဖျန်း နေကြ၍၊ ခရမ်းသီး လုံးရှည်ကို၊ ရဝေတွင် မရောင်းရ၊ သို့ကလောက် ဆော့တတ်ကြသည်’ တဲ့ … .”

မိအေးလှက စကားတွင်မက ကိုယ်ရော လက်ရော သရုပ်ပေါ်အောင် လုပ်ပြလိုက်သဖြင့် တဝါးဝါး ပွဲကျသွားလေသည်။

“အေးဟဲ့ … ငါလည်း မိအေးလှ ရွတ်ပြမှ ငါရဖူးတဲ့စာပိုဒ် သတိရလာတယ် …”

အပျိုခေါင်းစိန်ပွင့်က အပျိုပေါက်စကလေးများထံ အရှုံးမခံချင်သည့် လေသံဖြင့် ပြောလာ၏။

“ဟို … အရင်တုန်းက ရှင်မိကုပ်ဆိုတဲ့ မိန်းမတယောက် ရှိဆိုကိုး …”

“အင်း …”

“တနေ့တော့ တို့လိုပဲ တောထဲ မျှစ်ချိုးဖို့ သွားရောတဲ့။ ဒီလို မျှစ်ချိုးနေတုန်း ဖြုန်းဆို အကြံပေါ်လာတာနဲ့ ‘အပျိုသိုး သဘော၊ ဗလဝေါ ကြံဆ၊ နန်းသူဟန်ကျကျနဲ့၊ မဟတဟ ကြာမူပေး၊ ဝါးရုံမှာ အသာမှေးပြီး၊ မျှစ်ကလေးကို အခွံသင်၊ ကြင်ပါစ, ပျို့မောင်ကြီး၊ ဇနီးအဖြစ် အဟုတ်ကြင်မှာလားဟု၊ သစ္စာနှံမှားမိလို့၊ အဖျားဖြတ်ခဲ့ရဖူးသတဲ့’ ဟေ့ …”

အပျိုခေါင်းစိန်ပွင့်၏ လက်ဟန်ခြေဟန်ကြောင့် ဒုတိယမ္ပိ ပွဲကျသွားပြန်၏။ စောစောက စိတ်ညစ်နေသော မြခင်ပင် အူရွှင်၍ လာလေသည်။

“တို့မိန်းမတွေချည်းပဲ ကမြင်းတာ မဟုတ်ပါဘူးအေ၊ သူတို့ ယောက်ျားတွေက ပိုတောင် ကမြင်းသေးတယ်”

မြခင်က အူရွှင်လာသည့်အတိုင်း ပါးစပ်မှ လွှတ်ခနဲ ပြောလိုက်၏။

“နင်ကတော့ သိမှာပေါ့ဟဲ့၊ ဟိုတစ်နေ့ညက ကိုတောလူကြီး နင့်နောက်ကို ပြေးပြီးလိုက်သွားတာ မြင်လိုက်တယ်။ နင့်ကို ဘယ့်နှယ်လုပ်ပြီး ကမြင်းသွားလဲဟေ့ …”

“ဘာမှ မကမြင်းပါဘူးဟယ် … ငါ့ကို အိမ်လိုက်ပို့တာပါ …”

“ဟေ့ကောင်မ နင် ဘာမှ ကွယ်မနေနဲ့၊ နင်မပြောရင် ငါပြောလိုက်ရမလား …”

အပျိုခေါင်းစိန်ပွင့်က လှန့်၍ မေးလိုက်၏။

“ထူးထူးထွေထွေ မဟုတ်ပါဘူး၊ သူက ဘယ်လို ချစ်နေကြိုက်နေတဲ့အကြောင်း၊ သူနဲ့အတူတူ တခါတည်း လိုက်ခဲ့ဖို့အကြောင်း ပြောတာပါ …”

“ဒါဖြင့် နင်က ဘာလို့ လိုက်မသွားတာလဲ။ တို့လိုများဆိုရင် ကိုကတောင် ထမ်းပြီး ခေါ်ပြေးဦးမယ် …”

“အဖေ့ကို ကြောက်တယ်၊ အဖေက သူများနဲ့တူတာ မဟုတ်ဘူး။ နှစ်ယောက်စလုံး သတ်ပစ်မှာ …”

“အေးပါဟယ်၊ နင့်မှာလည်း ဒုက္ခပဲ။ ဟိုညက ကိုတောလူ နင့်နောက်က ပြေးပြီး လိုက်သွားတော့ ဘာပဲဖြစ်ဖြစ် နင့်ကို အတင်းခိုးပြေးမယ် မှတ်တာ။ ကိုတောလူကလည်း အတော် ညံ့သေးတယ်။ တို့များယောက်ျား ဆိုရင် …”

အပျိုခေါင်း စိန်ပွင့်က အဓိပ္ပါယ်မြောက်မြားစွာပါသော မျက်နှာဖြင့် ပြောလေသည်။

“တော်ကြပါတော့ဟယ် …၊ ဒါတွေ ပြောနေရင် စိတ်ညစ်တယ် …”

“အေး … အေး … ပျော်စရာ ရွှင်စရာ ပြောတာပဲ ကောင်းပါတယ်။ ငနီတာ ဆိုတဲ့အကောင်အကြောင်း ကြားဖူးကြရဲ့လား”

စိန်ပွင့်က မျက်စချီ၍ မေးလိုက်၏။

“မကြားဖူးဘူး၊ ကဲ … ကဲ … ပြောစမ်း …”

“အရင်တုန်းက ငနီတာဆိုတဲ့ စဏ္ဍာလတယောက် ရှိတယ်တဲ့ဟေ့။ ဒီကောင်က စဏ္ဍာလသာ ဆိုတယ်၊ ပိုးတော့ နန်းတော်သူကိုမှ ပိုးတယ်။ အဲဒီ နန်းတော်သူ နာမည်က ခင်ခင်လှတဲ့ သိလား”

“အင်း …”

“ဒီလိုပြောရတာ မကောင်းပါဘူးဟယ်၊ သူ့စာချိုးအတိုင်း ရွတ်ပြမယ် …”

“ကဲ … လျှာရှည်မနေနဲ့ ကြိုက်သလိုသာလုပ် …”

“အဲ … အဲ … ဘာ၊ ဟို … အဲ … သိပြီ … သိပြီ နားထောင်။ ငနီတာ စဏ္ဍာလ၊ နန်းတော်သူ ခင်ခင်လှကို၊ ရလိမ့်မည် အထင်နှင့်၊ တွင်တွင်ကြီး ပိုးသော်လည်း၊ မိုးနဲ့မြေကြီး၊ သို့ကလေ မနီး၍၊ ဟီးချလျက် မှိုင်ရာမှ၊ ဟာ … နေသေးသပ ချုံထဲက၊ သုသာန်သို့ကျလျှင်၊ ငါ့လက်တွင်း ငါ့အရုပ်၊ ငါထင်ရာ လုပ်မည်ဟု၊ အားထုတ်၍ စောင့်စား၊ မကြာမီ ခင်ခင်လှမှာ၊ နတ်ရွာသို့ လားရတော့၊ လောဘသမား ငနီတာ၊ သန်းခေါင်းကျော်အခါ၊ ခင်ခင်လှ ရုပ်အလောင်းကို၊ ခေါင်းထဲက ခွာတဲ့၍၊ ကိလေသာ ကွန့်မြူး၊ ရူးချင်တိုင်း ရူးသဖြင့်၊ သွေးလူးညှီပုပ်၊ အနံ့စုတ်နှင့် မဟုတ်မဟတ် ရှိရသတဲ့ …”

“ဒီလူကလည်းဟယ် … ကြံကြံဖန်ဖန် သေကောင်ကိုမှ …”

မြခင်က ရှေ့သို့ဆက်ရန် မရဲသောကြောင့် တပိုင်းတစနှင့် ရပ်ထားလိုက်၏။

“ဟဲ့ … နင်က ဘာသိလို့လဲ။ အဲ့ဒါမှ ပံ့သကူ အစစ်ပေါ့ …။ စားရတာ ပိုချိုမှာပဲ …”

“ဒီကောင်မက မနေ့က သင်္ချိုင်းကုန်းနား သွားတာ ယောက်ျားပံ့သကူ သွားစားတယ် ထင်တယ် …”

“ဟယ် … ဒီကောင်မတွေကလည်း ယုတ်ပတ်လိုက်ကြတာ လွန်ရော၊ ဟောတော့် ဟိုရှေ့က လွယ်အိတ်တလုံး လွယ်ပြီး လာနေတာ ကိုတောလူကြီး မဟုတ်လား”

“ဟုတ်တယ်ဟေ့ … ဟုတ်တယ် … တို့ရှောင်နေရအောင်၊ သူတို့နှစ်ယောက် နှစ်ပါးသွားတာ ချုံပုတ်ထဲက ချောင်းကြည့်ကြမယ် …၊ လာဟေ့- လာဟေ့ … ကောင်မတွေ …”

မြခင်က ဘာမျှ ပြန်မပြောနိုင်မီ အပျိုခေါင်းစိန်ပွင့်တို့ လူသိုက်သည် တောစပ် ချုံပုတ်တွင် ကြက်ပျောက် ငှက်ပျောက် ပျောက်၍ သွားကြသဖြင့် မြခင် တယောက်သာ ပုန်းရတော့မလို, ပြေးရတော့မလို ဖြစ်ကာ ယောင်လည် ယောင်လည်နှင့် ကျန်ရစ်ခဲ့ရရှာလေသည်။

(၈)

မိုးက သည်းနေရာမှ စဲသွား၏။ လယ်ကွင်းပြင်များကား ရေဖွေးဖွေးဖြင့် ဖြစ်နေ၏။ မြက်ခင်းများသည် စိမ်းလန်းကာ စိုပြည်နေ၏။ ဝါးရုံရိပ်တခု အောက်တွင် မြခင်သည် ကိုတောလူနှင့် ရင်ဆိုင်တိုးမိနေလေသည်။

“ကိုတောလူကို ဒီလို ခဏ ခဏ လိုက်မလာပါနဲ့ ဆိုတာ ဘာလို့ လိုက်လာရတာလဲဟင်၊ မတော်တဆ အဖေများ တွေ့သွားရင် …”

မြခင်က ချစ်သူ ကိုတောလူနှင့် တွေ့ချင်လှသော်လည်း အဖေ့ကို ကြောက်သောစိတ်က များနေသဖြင့် အပြစ်တင်သလိုလို ပြောမိ၏။

“အရေးကြီးတဲ့ ကိစ္စတခု ပြောစရာ ရှိလို့ပါ မြခင်ရယ် …”

ကိုတောလူ၏မျက်နှာမှ ကြေကွဲသော အသွင်ကို ဆောင်နေ၏။ ကန်စွန်း ဆူးပုပ်နှင့် လယ်ကဏန်းလုံးများဖြင့် ပြည့်လျှံနေသော လွယ်အိတ်က ပခုံးစွန်းမှ လျှောကျလာသဖြင့် ကိုတောလူက ပြန်တင်လိုက်၏။

“အရေးကြီးတဲ့ကိစ္စ ဆိုရင်လည်း ပြောလေ …”

“ငါတော့ ဒီအတိုင်းသာဆိုရင် ရင်ကွဲပြီး သေလိမ့်မယ် မြခင် …”

“ကိုတောလူက ဘယ်လိုများ ကြံစည်ထားတယ် ဆိုတာ ပြောဦးမှ …”

“အေး … ငါပြောမလို့ လာတာပဲ။ တောင်ကုတ်တန်းလွဲဘက်မှာ တို့ဆွေမျိုးတွေ ရှိတယ်။ အဲ့ဒီကို နင့်ခေါ်ပြီး ပြေးရရင် ကောင်းမလားလို့ …”

“ဖြစ်ပါ့မလား ကိုတောလူရယ် … ကိုတောလူလည်း အဖေ့အကြောင်း အသိသားနဲ့ …”

“ဖြစ်ပါတယ်ဟယ် … သူ ဒီလောက်အထိတော့ လိုက်လာမှာ မဟုတ်ဘူး။ တကယ်လို့ လိုက်လာတယ် ဆိုဦး၊ တို့ တောင်ကုတ်ရိုးလမ်းက နေပြီး အရှေ့ဘက် ကျော်ချနိုင်တယ် မဟုတ်လား။ ဒီတော့ ဘာမှစိုးရိမ်စရာ မရှိဘူး။ တန်းလွဲဘက်မှာ တို့လူခံတွေ ရှိပါတယ်ဟယ်”

မြခင်က မဝေခွဲတတ်အောင် ဖြစ်နေ၏။ တောစပ်ထဲမှ နေရာကောင်း အသီးသီးယူကာ မင်းသား, မင်းသမီး နှစ်ပါးသွားခန်းကို မျှော်လင့် ကြည့်ရှုနေကြသော စိန်ပွင့်တို့လူစုမှာ လွမ်းခန်းနှင့် လာတွေ့နေသဖြင့် မသက်မသာ ဖြစ်နေကြ၏။

“ဒီလိုမလုပ်လည်း မဖြစ်ဘူး မြခင် … နင်စဉ်းစားကြည့်၊ ရှေ့လဆန်းဆိုရင် နင့်အဖေက နင့်ကို တရုတ်သူဌေးလက် အပ်တော့မယ် မဟုတ်လား၊ ဒီနည်းပဲ ရှိတော့တယ် …”

“ဟုတ်တော့ ဟုတ်ပါရဲ့ ကိုတောလူရယ် …၊ ဒါပေမဲ့ ဒီလိုထွက်ပြေးဖို့ လွတ်နိုင်, မလွတ်နိုင်လည်း ပြန်ပြီး ချင့်ချိန်ကြည့်ပါဦး …”

“ဟေ့ … မြခင်ရဲ့ … ငါယောက်ျားပါဟ၊ ဒီလောက်မှ မကြံနိုင်ရင် ဘယ် အသုံးကျတော့မလဲ”

ကိုတောလူက လည်ပင်းကြောကြီးများ ထောင်လာသည်အထိ စိတ်လိုက်မာန်ပါ ပြောနေလေသည်။ မြခင်ကမူ ချစ်သူမျက်နှာကို ကြည့်ရင်း အဖေလုပ်သူနှင့် ကိုတောလူတို့ နှစ်ယောက်ကြားတွင် ဗျာများနေ၏။

“ကဲ … ကိုတောလူ ပြောသလိုပဲ ပြေးကြပါပြီတဲ့၊ ဘယ်တော့လောက် ပြေးကြမလဲ …”

“ငါတော့ ကြာရှည် မဆိုင်းချင်ဘူး မြခင် … ကြာရင် အခြေအနေ ပိုဆိုးလာလိမ့်မယ်၊ ဒီတော့ ဒီနေ့ညပဲ ပြေးကြရအောင် …”

“ဟင် … ဒီနေ့ည ဆိုတော့လည်း မမြန်ဆန်လွန်းဘူးလား ကိုတောလူရဲ့”

“အေး … နင်ကလည်း နင့်အဖေလို ပိုက်ဆံမက်ပြီး တရုတ်သူဌေး မယားငယ်ခံဖို့ စိတ်ရှိရင်တော့ …”

ကိုတောလူ၏ စကားမဆုံးခင် မြခင်က ကိုတောလူ၏ပါးစပ်ကို လက်ဝါးကလေးနှင့် အုပ်ထားလိုက်၏။

ချုံပုတ်ထဲမှ အပျိုခေါင်းစိန်ပွင့်တို့ လူသိုက်ကမူ တဦးကိုတဦး မျက်စပစ်၍ အချက်ပြရင်း မင်းသား မင်းသမီး နှစ်ပါးသွားခန်း စတင်လေပြီဟူသော အဓိပ္ပါယ်ဖြင့် ပြုံးစိစိ ဖြစ်သွားကြ၏။

“ကိုတောလူ …”

မြခင်က တစုံတခုကို ဆုံးဖြတ်ချက် ချပြီးသလို သံပြတ်နှင့် ခပ်စပ်စပ် ခေါ်လိုက်၏။

“မြခင်ဟာ ပိုက်ဆံမက်တဲ့ အစားထဲက မဟုတ်ဘူး၊ ဒီလိုမဟုတ်တဲ့ အကြောင်းလည်း လက်တွေ့ပြလိုက်မယ်”

“မြခင် … နင်တကယ် ပြောနေတာလားဟင် …”

“တကယ် ပြောနေတာ ကိုတောလူ … ကိုတောလူခေါ်ရင် အဝီစိပဲ ဆင်းရ ဆင်းရ မြခင် လိုက်မယ် …”

မြခင်က ပြောရင်းဆိုရင်း မျက်ရည်များ အသွယ်သွယ် ကျဆင်းလာ၏။

“ငိုမနေပါနဲ့ မြခင်ရယ် … ဒီကိစ္စက ဒီလိုလုပ်မှ ပြီးရမယ့် အခြေအနေ ရောက်နေတော့ ဒီအတိုင်းပဲ လုပ်ကြရမှာပဲ။ နောက်မှ နင့်အဖေကြီးခြေကို ကိုင်ပြီး တောင်းပန်ရ, တောင်းပန်ရ”

ကိုတောလူက မြခင်၏ ကိုယ်လုံးကလေးကို သူ့ရင်ခွင်ထဲသို့ သွင်းထားကာ မျက်ရည်များကို လက်နှင့် သုတ်ပေးနေ၏။

ချုံပုတ်တွင်းမှ အပျိုခေါင်းစိန်ပွင့်တို့ လူစုမှာ ပါးစပ် အဟောင်းသားနှင့် မစားရညှော်ခံ ဖြစ်နေကြ၏။ ဤအချိန်တွင်ပင် မြခင်အဖေ ဦးသာလှ၏ ကျားဟိန်းသလို ဟိန်းလိုက်သော အသံကြီးသည် ပတ်ဝန်းကျင်တခုလုံးကို ပဲ့တင်ထပ်၍ သွားလေသည်။

“ခွေးမျိုးတွေ … တယ်နေရာကျတယ်ဟေ့ …”

ကိုတောလူနှင့် မြခင်တို့ နှစ်ယောက်မှာ မိုးကြိုး အပစ်ခံလိုက်ရသလို ဖြစ်သွားကာ ခဏမျှ ကြက်သေ သေနေကြ၏။ ဦးသာလှ၏ နောက်နားတွင်မူ ရာဇဝတ်အုပ် တယောက်နှင့် ပုလိပ်နှစ်ယောက်သည် သေနတ်များကို အသင့်ချိန်ရွယ်ကာ စောင့်နေကြ၏။

“ကဲ … ရာဇဝတ်အုပ်မင်း … ဒီကောင့်ကို ဝတ္တရားအတိုင်း ရှာကြည့်စမ်းပါ …”

ရာဇဝတ်အုပ်နှင့် ပုလိပ်သား နှစ်ယောက်သည် ရှေ့သို့တိုးလာကာ ပခုံးတွင် လွယ်ထားသော ကိုတောလူ၏ လွယ်အိတ်ကို ဆွဲယူလိုက်လေ၏။

“ကျွန်တော့် လွယ်အိတ်ထဲမှာ သင်္ကာမကင်းတဲ့ပစ္စည်း ဘာမှမရှိဘူး။ ဟင်းရွက်နဲ့ ကဏန်းလုံးတွေပါ”

“အေး … ဘာရှိတယ်ဆိုတာ သိရမှာပေါ့ကွာ …”

ရာဇဝတ်အုပ် လုပ်သူက ပြောပြောဆိုဆို လွယ်အိတ်ထဲမှ ဟင်းရွက်နှင့် ကဏန်းလုံးများကို မြေကြီးပေါ်သို့ ပစ်ချနေ၏။ ဟင်းရွက်နှင့် ကဏန်းလုံးများ ကုန်၍ နောက်ဆုံးအကြိမ် နှိုက်ယူလိုက်သောအခါ စက္ကူနှင့် သေသပ်စွာ ထုပ်ထားသော အထုပ်တထုပ် တွေ့ရ၏။

“ဒီအထုပ်ဟာ ကျွန်တော့်ဟာ မဟုတ်ဘူး …”

“မင်းဟာမဟုတ်ရင် … မင်းလွယ်အိတ်ထဲ ဘယ့်နှယ် ရောက်လာမလဲ …”

ရာဇဝတ်အုပ်က စက္ကူထုပ်ကို ဖြေလိုက်သောအခါ၌ စူးရှရှ စိမ်းရွှေရွှေ အနံ့များ ရုတ်တရက်ထွက်လာ၍ တဆယ်သားလောက် ရှိသော ဘိန်းလုံးကို တွေ့ရလေ၏။

ကိုတောလူမှာ ဘာမှမပြောနိုင်ဘဲ ငိုင်ကျသွား၏။ မြခင်တို့ မျှစ်ချိုးရာသို့ ထွက်လာစဉ်က လမ်းတွင် မိုးအေးသဖြင့် ချက်ကြီးတို့တဲတွင် မီးတောက် အရက်ကလေး တအာဒီ (တစိတ်)လောက် ဝင်၍သောက်ခဲ့စဉ် သူကြီး ဦးသာလှ၏ လူယုံတော် ဖိုးထွန်း သူ့အနီးသို့ ရောက်လာသည်ကို ချက်ချင်း သတိရလာလေသည်။

“ခင်ဗျားတို့က မတရားသက်သက် ဘိန်းပစ်ပြီး ဖမ်းတာပေါ့၊ ဘယ်သူ့လက်ချက် ဆိုတာ သိပြီးသားပါ”

“ဟေ့ကောင် စကား များမနေနဲ့၊ ရုံးရောက်မှရှင်း”

ရာဇဝတ်အုပ်လုပ်သူက မျက်ရိပ်ပြလိုက်သဖြင့် ပုလိပ်သား နှစ်ယောက်သည် ကိုတောလူအား ဖြုန်းခနဲ လက်ထိပ်ခတ်လိုက်ကြ၏။

“မွေးကတည်းက လက်ကောက် မဝတ်ရတာ၊ ခုမှ သံလက်ကောက်နဲ့ ကြည့်လို့လှတယ် ဝေ့ …”

သူကြီးဦးသာလှက အလွန် နှစ်သိမ့် ကျေနပ်သော အသံဖြင့် မခိုးမခန့် ပြောလိုက်၏။

“လုပ်ကြပေါ့၊ ခင်ဗျားတို့ မိုးကောင်းနေတာကိုး”

“အဖေ … အဖေ၊ ကိုတောလူကို တကယ်ပဲ ဖမ်းကြမလို့လားဟင်၊ ကိုတောလူမှာ ဘာအပြစ်မှ မရှိပါဘူးရှင်”

မြခင်က ဒူးထောက်ကာ မျက်ရည်လည်ရွဲနှင့် တောင်းပန်နေ၏။

“ဟဲ့ … ခွေးမျိုး၊ နင်ပါ အဖမ်းခံချင်လို့လား၊ ဒီလို ရာဇဝတ်ကောင်မျိုးမှ ရှာပြီး ကြိုက်တတ်သလား”

မင်းသား, မင်းသမီး နှစ်ပါးသွားခန်းကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေခဲ့ကြသော အပျိုခေါင်းစိန်ပွင့်တို့ လူစုသည် ချုံပုတ်ထဲမှ မျက်နှာသေကလေးများနှင့် အလျှိုအလျှို ထွက်လာကြ၏။

“ကဲ … ရာဇဝတ်အုပ်မင်း၊ ဝတ္တရားအတိုင်း လုပ်ပါ”

ပုလိပ်သားများက ကိုတောလူကို လက်ထိပ်တန်းလန်းနှင့် အတင်းဆွဲ ခေါ်သွားကြ၏။ မြခင်မှာမူ ပဋာမြေလူးဖြစ်၍ ကျန်ရစ်ခဲ့ရရှာလေသည်။

(၉)

လျှပ်စီးတွေ လက်၍ မိုးတွေ ထစ်ချုန်းနေ၏။ ကောင်းကင် တခုလုံး အုန်းအုန်းကြွက်ကြွက် ညံအောင် မိုးရွာချနေ၏။ သံတွဲချောင်းရေမှာ အဆက်မပြတ် ရွာသောမိုးကြောင့် ကမ်းပါး နှစ်ဖက်လုံးကိုပင် လျှံကာ မြေနိမ့်ချောင်းများသို့ စီးဝင်နေ၏။ ရွှေကျောင်းပြင်ရွာအနီး ‘ကျောက်ဖား’ အိုင်ကြီးမှ ဝဲကတော့ လှည့်သံကို အတိုင်းသား ကြားနေရ၏။ ချောင်းဖျားဘက်ဆီမှ သစ်ပင်ကြီးများ၊ သစ်တုံးကြီးများသည် ဝါးလုံးထိုး ဒလဟော စီးဆင်းနေသော ချောင်းရေတွင် မျောပါလာကြ၏။ သန်းခေါင်ကျော်ပြီ ဖြစ်သော်လည်း ချစ်သူအတွက် ရတက်ပွေကာ အိပ်မပျော်နိုင်သေးသော မြခင်မှာ မိုးမင်းနှင့်ပြိုင်၍ မျက်ရည်အိုင်ထွန်း နေလေသည်။

လျှပ်စီးတချက် လက်ကာ မိုးက ကြောက်စဖွယ် ထစ်ချုန်းလိုက်၏။

“ဘုရား-ဘုရား၊ လူတွေ အသေအပျောက် ကင်းပါစေ”

မြခင်သည် ကြောက်ကြောက်နှင့် ငုတ်တုတ်ကလေး ထိုင်ကာ ဘုရားကို လက်အုပ်ချီ၍ ရှိခိုးနေ၏။

“ကိုတောလူကို လွတ်အောင် ကယ်မ,ပါ ဘုရား” ပါးစပ်မှ တိုးတိုးကလေး ရွတ်ဆိုလိုက်၏။

“မြခင် … မြခင်”

တိုးသော်လည်း စူးရှသော ခေါ်သံကို အိမ်အောက်မှ ကြားရ၏။

“မြခင် … မြခင် …”

နောက်တစ်ကြိမ် ထပ်၍ ကြားရ ပြန်လေသည်။

“ဘယ်သူလဲ … ကိုတောလူလား …”

မြခင်က အိမ်ကြမ်းပေါက်မှ မေးလိုက်၏။

“အေးပါဟ … ငါလေ … တောလူလေ …”

“ကိုတောလူ …”

မြခင်က ဘာမျှစဉ်းစား မနေတော့ဘဲ နောက်ဖေးတံခါးကို ဖွင့်ကာ ပြေးဆင်းလာခဲ့၏။

“ကိုတောလူ၊ ရှင်ဘယ်လို ဖြစ်တာလဲဟင်”

“ဟေ့ … ဒါတွေ ခုမေးမနေနဲ့ အချိန်မရှိဘူး၊ ပုလိပ်တွေ လိုက်လာလိမ့်မယ်။ နင်တို့လှေ ကမ်းနားမှာ ရှိတယ် မဟုတ်လား၊ တက်ကော … တက် … တက်”

“တက်တွေ အိမ်ရှေ့မှာ၊ ဒါထက် ကိုတောလူ ဘယ်လို ဖြစ်တာလဲ ပြောပါဦး ကိုတောလူ”

“နင်ကလည်းဟယ် အရေးထဲ အမေးအမြန်း ထူလိုက်တာ၊ အချုပ်ခန်း ဖောက်ပြီး ပြေးလာတာဟ … .”

ကိုတောလူနှင့် မြခင်တို့သည် မှောင်နှင့် မည်းမည်းတွင် အိမ်ရှေ့သို့ လှည့်၍ လာခဲ့ကြ၏။

“ဟောဒီမှာ တက် … တက် … ကိုတောလူ …”

မြခင်က အသံအုပ်အုပ်နှင့် ပြောလိုက်သဖြင့် ကိုတောလူသည် မြခင် ရပ်နေသည့် နေရာသို့သွားကာ တက်တစင်းတို့ကို မှောင်နှင့် မည်းမည်းတွင် စမ်း၍ ယူလိုက်၏။

မိုးရေကြောင့် ချော၍နေသော လက်များသည် ကိုတောလူက သူအလိုရှိသော တက်သုံးချောင်းကို စမ်း၍ ယူလိုက်သည်နှင့် တပြိုင်နက် ဝုန်းခနဲ မြည်ကာ ပြို၍ လဲကြလာလေသည်။

“ဟဲ့ … ဘယ်သူလဲ၊ ဟဲ့ … မြခင် … .မြခင် …”

မြခင်အဖေကား အိပ်ရာမှ နိုးသွားလေပြီ။

ကိုတောလူနှင့် မြခင်တို့သည် တဒိုင်းဒိုင်းမြည်အောင် ရေဆိပ်သို့ ပြေး ဆင်းလာခဲ့ကြ၏။

“အဲ … ဒါမှဒုက္ခပဲ၊ ဟောဒီလှေကြီးက သံကြိုးနဲ့ကို ချည်ထားတယ် …”

“ဒါဖြင့် ဒီလှေကလေးကော …”

“မှန်းစမ်း၊ ဟာ … ဒီလှေကလေးက လှေကြီးမှာတွဲပြီး အုန်းဆံကြိုးနဲ့ ချည်ထားတာဟေ့၊ ကိစ္စမရှိဘူး၊ ဖြုတ်လို့ရတယ် … .”

ကိုတောလူနှင့် မြခင်တို့သည် လှေပေါ်သို့ အမြန်တက်ကာ ကျုံး၍လှော်နေကြ၏။ နောက်ဘက်သို့ လှမ်း၍ ကြည့်လိုက်သောအခါမူကား ဦးသာလှသည် လက်ဆွဲမှန်အိမ် တလုံးကို ကိုင်ကာ အိမ်ခြံဝသို့ ပြေးထွက်လာသည်ကို မြင်ကြရလေသည်။

သုံးလံလောက်သာ ရှိသော ပိုက်ချသည့် လှေကလေးမှာ ဝါးလုံးထိုး စီးနေသည့် ရေစီးထဲတွင် ဖက်ရွက်ကလေးကဲ့သို့ ရိပ်ခနဲ, ရိပ်ခနဲ ပြေးနေ၏။

“ကိုတောလူ … ပဲ့ကို နိုင်အောင်ထိန်းနော် …၊ ရေစီးကြမ်းတယ် …”

ဦးပိုင်းတွင်ထိုင်ကာ မမောနိုင်၊ မပန်းနိုင် လှော်ခတ်နေသော မြခင်က မိုးတွေ, လေတွေကြားမှာ အော်ပြောနေ၏။

“အေးပါဝေ …၊ မကြောက်ပါနဲ့ … ငါနိုင်ပါတယ် …”

ကိုတောလူသည် ပဲ့တက်ကို မြဲမြဲကိုင်ကာ နောက်သို့ မျှော်ကြည့်လိုက်၏။

မီးရောင် တလက်လက်နှင့် လှေတစင်းသည် သူတို့နောက်မှ လိုက်လာသည်ကို တွေ့ရလေသည်။

“နောက်မှာ လှေတစင်း လိုက်လာတယ် …”

“အဖေ လိုက်လာပြီ …”

“မကြောက်နဲ့ဟေ့ … ကိစ္စမရှိဘူး …၊ တို့ကို မီမှာ မဟုတ်ဘူး”

“ကိုတောလူ သတိထားနော် …၊ သစ်တုံးတွေ မျောလာတယ် …”

ကိုတောလူက နောက်သို့ လှည့်ကြည့်ကာ မျောပါလာသော သစ်တုံးကို ကျင်လည်စွာ ရှောင်လိုက်၏။

“ဟေ့ … မြခင်၊ နင် ရှေ့ကလှော်ရင်း သစ်တုံးတွေလည်း ကြည့်ဦးဟေ့ …”

“ကြည့်တော့ ကြည့်တာပဲ … ဒါပေမဲ့ မှောင်နဲ့မည်းမည်း ဆိုတော့ အနားရောက်လာမှ မြင်ရတယ်”

“အေးပါဟယ် … ကိစ္စမရှိပါဘူး၊ ငါ ဒီလောက်တော့ လည်ပါတယ် …”

ကြည့်ရင်း ကြည့်ရင်းနှင့် နောက်မှ လိုက်လာသော လှေမှာ မြခင်တို့ လှေနှင့် တဖြည်းဖြည်း နီးလာသလို ထင်ရ၏။

လျှပ်စီးတချက် လက်ကာ မိုးထစ်ချုန်း လိုက်၏။ လျှပ်စီးရောင်သည် ရေပြင်တခုလုံးကို ခဏအဖို့ ထိန်လင်းသွားစေလေသည်။

“သူတို့က လှေတက်ဆွဲပြီး လှော်လာတာ … .”

“အေးဟေ့ … အရေးထဲ ဒီသစ်တုံးတွေရှောင်ရတာနဲ့ ခရီးမတွင်ဘူး …”

“ကိုတောလူ … နောက်က သစ်တုံး … သစ်တုံး”

မြခင်က ခတ်တက်ကို ရေထဲမှ ကြွထားရင်း အော်၍ သတိပေးလိုက်၏။ ကိုတောလူသည် နောက်သို့ လှည့်ကြည့်ရန် အချိန်မရတော့ဘဲ အသံကို မှန်း၍ ဝဲဘက်သို့ လှေကို တိမ်းပေးလိုက်၏။ သစ်တုံးကြီး တတုံးသည် လှေနံနှင့် သီသီကလေး ကပ်၍ ဝေါခနဲ မျောဆင်းသွား၏။

“ကံကောင်းလို့ဟေ့..၊ ဒီအတိုင်းဆိုရင် ရေလယ်က လှော်လို့ နေရာ မကျဘူး၊ ကမ်းနား ကပ်လှော်မှ …”

ကိုတောလူသည် ပြောပြောဆိုဆို လှေဦးကို ကမ်းနားဘက်သို့ တည့်ပေးလိုက်၏။ လှေမှာ သစ်တုံးများဘေးရန်နှင့် လွတ်၍ သွားသော်လည်း ချောင်းကွေ့လျှင် ကွေ့သည့်အတိုင်း ကမ်းနားမှ ကပ်၍ လှော်နေရသဖြင့် ရေလယ်မှနေ၍ လှော်ခတ်သလောက် ခရီးမရောက်နိုင် ဖြစ်နေရ ပြန်လေသည်။

“ဟေ့ … တောလူ၊ နင်တော့ သေဖို့သာ ပြင်တော့ဟေ့၊ ဒီမှာ နင့်အဘတွေ လိုက်လာပြီ..”

နောက်ကလှေမှာ အတော်နီးလာပြီ ဖြစ်၍ ဦးသာလှ၏ ကြိမ်းမောင်းသံကို ထင်ထင်ရှားရှား ကြားရ၏။ ပုလိပ်များသည် ဦးသာလှနှင့်အတူ ပါလာကြပြီလေ။

“ကိုင်း … ဘယ့်နှယ် လုပ်မလဲ၊ လှေကမ်းကပ်ပြီး တက်ပြေးကြရရင် မကောင်းဘူလား..”

လေက တဟူးဟူး တိုက်ကာ မိုးက တအုန်းအုန်းနှင့် ရွာချနေ၏။ သို့သော် ကိုတောလူနှင့် မြခင်တို့တွင်ကား ချွေးများပြန်၍ နေလေသည်။

“ကုန်းပေါ် တက်ပြေးလို့ မဖြစ်ဘူးဟေ့၊ ရှေ့နည်းနည်းဆိုရင် လက်ယာဘက်မှာ ချောင်းပေါက်ကလေး တပေါက်ရှိတယ်။ ဒီချောင်းပေါက်ကို သူတို့လှေ ဝင်လို့ရမှာ မဟုတ်ဘူး …”

“ဒါဖြင့် အဲဒီချောင်းပေါက်ထဲ ဝင်ပေါ့ …”

“အေး … အေး … ခပ်မြန်မြန် လှော်စမ်း”

မြခင်က လှော်တက်ကို တအားဆွဲကာ ကုန်း၍ ကုန်း၍လှော်၏။ ကိုတောလူက ပဲ့မှ တချက် တချက် ‘ထောင်’ပေးရင်း ထိန်းပေးရ၏။ လက်ယာဘက် ချောင်းပေါက်ကလေးထဲသို့ တိုးဝင်ရမည် ဖြစ်သဖြင့် ဝဲဘက်ကမ်းတွင် ကပ်၍လှော်နေရာမှ မြစ်လယ်ဘက်သို့ ဦးတည်ပေးရ ပြန်လေသည်။

မြခင်တို့ ကုန်းပေါ်သို့ တက်၍ပြေးမည်ဟု ထင်သဖြင့် မြခင်တို့ လှေအတိုင်း ကမ်းနားမှကပ်၍ လိုက်လာသော ဦးသာလှတို့ လှေကြီးမှာ ပထမတွင် အတော်ဝေး၍ ကျန်နေရစ်ခဲ့လေသည်။ သို့သော် မြခင်တို့ လှေကလေးက ရေပြင်ကိုဖြတ်ကူး၍ လက်ယာဘက်သို့ ချဉ်းကပ်နေသည်ကို တွေ့ရသဖြင့် ဦးသာလှတို့ လှေကြီးသည် လှေကလေးနောက်သို့ အားသွန်၍ လိုက်လာပြန်လေသည်။

“မြခင်ရေ … ကြည့်ရှောင်ဟေ့၊ ကြည့်ရှောင်၊ သစ်ပင်ကြီးတွေ အမြစ်ပါ ကျွတ်ပြီး မျောလာတယ်”

ဦးသာလှ၏အသံမှာ သမီးအတွက် ရတက်မအေးသံ ပါလာ၏။ ညမှောင်ကြီးမည်းကြီးထဲတွင် အစီးကြမ်းလှသော ရေပြင်ကို သုံးလံ လှေကလေးဖြင့် အတင်းဖြတ်ကူးရန်မှာ မလွယ်လှပေ။ သည်အထဲတွင် သစ်ပင်ကြီးများ, သစ်တုံးများက မကြာခဏ မျောပါလာသဖြင့် ဦးသာလှသည် စိတ်ဆိုးမာန်ဆိုးနှင့် လိုက်လာသော်လည်း သမီးအတွက် ကြောင့်ကြ စိုးရိမ်လာဟန် တူလေသည်။

“ဟေ့ … မြခင်ရေ..မြခင်၊ မပြေးနဲ့-မပြေးနဲ့ …။ နင်တို့ကို ငါ ဘာမှ မလုပ်ပါဘူး၊ တောလူကိုလည်း ငါဘာမှ မလုပ်ပါဘူး။ ကမ်းနားထိုးရပ် …ကမ်းနားထိုးရပ်၊ သစ်ပင်ကြီးတွေ … သစ်ပင်ကြီးတွေ …”

အသံကုန်ဟစ်၍ အော်ပြောလိုက်သော ဦးသာလှ၏အသံကို မြခင်တို့ ချောင်းပေါက်ဝသို့ ကပ်မိသည်နှင့်တပြိုင်နက် ကြားရ၏။ ကိုတောလူနှင့် မြခင်တို့သည် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေကြ၏။ သူတို့ နှစ်ယောက်သည် နောက်သို့ ပြိုင်တူ လှည့်ကြည့်လေသည်။

ပိန်းပိတ်အောင် မှောင်နေသဖြင့် ဘာမှမမြင်ရ၊ မီးရောင်လက်လက်ကလေးကို ကြည့်၍သာ ဦးသာလှတို့ လှေသည် ရေလယ်ကောင်တွင် ရောက်နေကြောင်း ခန့်မှန်းကြရ၏။

“သစ်ပင်တွေဟေ့ … သစ်ပင်တွေ၊ အလိုဘုရား …”

မျောလာသော သစ်ပင်နှင့် ဦးသာလှတို့လှေ တိုက်မိသောအသံကို ကြောက်မက်ဖွယ်ရာ ကြားလိုက်ရ၏။ မီးရောင်သည် ပျောက်ကွယ်သွား၏။ ဦးသာလှ၏အသံသည် တပိုင်းတဝက်နှင့် နစ်မြုပ်သွားလေပြီ။ တစ္ဆေကြီးတကောင် လူးလိမ့်၍သွားသကဲ့သို့ မည်းမည်း အရာဝတ္ထုကြီး တခုသည် ‘ဝေါ’ခနဲ ထိုးဆင်းသွား၏။

“ဘုရား … ဘုရား …”

မြခင်နှင့် ကိုတောလူတို့ နှစ်ယောက်စလုံး ပြိုင်တူ ရွတ်ဆိုလိုက်၏။ မိမိအား သတ်ရန်လာသူ ဖြစ်စေကာမူ ကိုတောလူက ဦးသာလှအတွက် ဝမ်းနည်းကြေကွဲခြင်း ဖြစ်မိပါသေး၏။

“အဖေ … အဖေ …”

မြခင်၏ ငိုရှိုက်သံကို ကြားရ၏။

မြခင်နှင့် ကိုတောလူတို့လို လူများအတွက် နိဗ္ဗာန်နှင့်၊ ဦးသာလှ ကဲ့သို့သော လူများအဖို့ ငရဲဘုံသည် ယနေ့လူ့ဘောင်တွင် ရှိရပေမည်။ ဤသို့မှ မရှိလျှင်တော့ ‘ဒိုးပတ်သံ’သည် ‘မျောက်မင်းအူသံ’ ဖြစ်၍နေမည် မဟုတ်ပါလား။

————
တက္ကသိုလ်နန္ဒမိတ်
မြဝတီ မဂ္ဂဇင်း၊ တွဲ-၃၊ မှတ်-၁၀၊ ဩဂုတ်လ၊ ၁၉၅၅။

 

Leave a Reply

Your email address will not be published. Required fields are marked *