#မစိန်မြ၏ဒဿန
“မြို့ထဲလမ်းမပေါ်…. ကားရောင်စုံများစွာ… တစ်စီးမှ…ကိုယ်မပိုင်ပါ….”
ခုတစ်လောတော့ ကိုရေခဲတစ်ယောက် ထိုသီချင်းကိုပင် ထပ်ပြန်တလဲလဲ ဆိုနေမိသည်။ ဆိုလည်း ဆိုချင်နေသည်။ ဆိုရင်းဆိုရင်းလည်း ဝမ်းနည်းပမ်းနည်းဖြစ်နေသည်။ ငိုလည်းငိုချင်နေသည်။
ငိုချင်ဆို ကားစျေးတွေကလည်း ကောင်းလှသည်မဟုတ်ပါလား။ တစ်နေ့မနေ့တုန်းက သိန်းတရာဟူသောကားက နောက်သုံးလေးရက်နေတော့ သိန်းနှစ်ရာ ဖြစ်ချင်ရင် ဖြစ်သွားတတ်သည်။ စူပါရုဖ် ဖင်ကောက်ကလေးတွေ၏ဈေးကလည်း တရိပ်ရိပ်တက်သွားလိုက်သည်မှာ သိန်းသုံးရာ ကျော်သွားသည်။ ထိုကြောင့် လမ်းဘေးရပ်ထားသော ကားကလေးကို လှမ်းကြည့်ရင်း “ဒီကားကလေးတွေလဲ၊ ဈေးကောင်းလာလိုက်တာ၊ သိန်းသုံးရာကျော်နေပြီနော်” ဟု အသိအတတ် လုပ်ပြီး ပြောမိတော့ ကားဘေးကလူက “ဘယ်ဟုတ်မှာလဲ၊ မနေ့တုန်းက အရောင်းအဝယ်ဖြစ်တာ သိန်းလေးရာနဲ့ နှစ်ဆယ်” တဲ့လေ။
“ငါ့မှာသာ ကားလေးတစ်စင်းရှိရင် သိပ်ကောင်းမှာပဲ”
အိမ်နံရံကို မှီထိုင်ကာ ဆေးလိပ်ကို မေ့တစ်ချက် လျော့တစ်ချက် ဖွာရင်း တမ်းတမ်းတတနှင့် ခြောက်ခါလောက် ပြောနေမိတတ်သည်။ ကြာလာတော့လည်း သူ၏အိမ်ရှင်မ၊ မလှတလှ ခပ်ဝဝ ၊မစိန်မြက နားကြားပြင်းကတ်လာဟန်နှင့် မျက်စောင်းတွေ ရက်ရက်ရောရော ထိုးလာတော့သည်။
“နေပါဦး ကိုရေခဲရယ်၊ ကားတစ်စီးကို လေး ငါး ခြောက် သိန်းဆိုတုန်းကတောင် အနားမကပ်နိုင်တာ၊ အခုလို သိန်းရာကျော်နေတော့မှ ရှင်က ဘာကိုများပေါင်နှံပြီး ဝယ်ချင် စီးချင် ရောဂါတွေ ဝင်ရတာလဲ”
“ဟ၊ ပေါင်ရနှံရအောင် ငါတို့မှာ ကလေး လေးယောက်အပြင် ဘာများပေါင်စရာရှိလို့လဲ”
“အင်းလေ…. ဒါနဲ့များ …”
“ငါက ဝယ်ချင်တယ် ပြောတာလည်းမဟုတ်၊ စီးချင်တယ်ပြောတာလည်းမဟုတ်၊ ရှိချင်လို့ပြောတာဟ။ အခုနေသာ ကားလေးတစ်စီးလောက်ရှိရင် ရောင်းစားလိုက်ရ ဘယ်လောက်ကောင်းလိုက်မတုန်း”
သူက အာလုတ်သံနှင့် ပြောတော့ မစိန်မြလည်း ငေးသွားရှာသည်။ ဟုတ်တာပေါ့။ ကားလေးတစီးလောက်များ ပိုင်ထားခဲ့ဖူးလျှင် မည်မျှကောင်းမည်နည်း။ “အခုချိန်မှာများ၊ ရောင်းထုတ်လိုက်ရရင်….ဟီး”ဟု ဆက်တွေးပြီး မျက်စိများပင် စင်းမှေးသွားရှာသည်။
သူ့ဆီက ရောဂါ ချက်ချင်းကူးစက်သွားသော မစိန်မြကိုကြည့်ရင်း ကိုရေခဲက ပြုံးသည်။ အလိုလောဘနည်းလှသည်ဟု သူ့ကိုယ်သူထင်နေသော ကိုရေခဲပင် ဘယ်တုန်းကမှမရှိခဲ့သောကား၊ မပိုင်ခဲ့ဖူးသောကားကို စိတ်ကူးထဲတွင်ဖန်ဆင်းပြီး ရောင်းစားချင်နေပေပြီ။
“ကားဈေးတွေက ဘာလို့ဒီလောက်ကောင်းနေတာလဲဟင်”
“ငါဘယ်သိမလဲ”
“ချမ်းသာတဲ့လူတွေကရော ဘာလို့ အဲဒီလောက်ချမ်းသာနေတာလဲဟင်”
“အဲဒါကိုတော့ ပိုပြီးတော့တောင် မသိသေးတယ်”
“အဲဒါကြောင့် တော် မချမ်းသာတာ”
မစိန်မြက ဘောက်ဆတ်ဆတ် ပြောသည်။ သူပေးလိုက်သောဝေဒနာက တော်တော်လေးပြင်းထန်တော့ မစိန်မြက ကားတစ်စီးလောက်ဝယ်မပေးခဲ့သော သူ့ကို ပြန်ပြီးဒေါသတွေထွက်နေပုံရသည်။ သူရုံးထွက်ခါနီး အခါတိုင်းလို “သွားမယ်ဟေ့”ဟု ပြောတာကို လှည့်၍ပင်မကြည့်။ မှုန်တေတေမျက်နှာထားနှင့် ချဉ်ပေါင်ရွက်ခြွေရင်း ကျန်ခဲ့သည်။
အကြီးကောင် မောင်သံချောင်းကတော့ ကြမ်းပြင်ပေါ်တွင် ဝမ်းလျားမှောက်ကာ သင်္ချာတွက်နေသည်။ အူတူတူ အ,တတနှင့် မျက်နှာရိပ်မျက်နှာကဲကို မသိသူဆိုတော့ သူ့အမေ၏မိုးလေဝသအခြေနေကို ခန့်မှန်းမိပုံမရ။ ကြမ်းပြင်ကိုလက်ချောင်းလေးများနှင့် ခေါက်ကာ စည်းလိုက်ရင်း
“မြို့ထဲလမ်းမပေါ်… ကားရောင်စုံများစွာ… တစ်စီးမှ ကိုယ်မပိုင်ပါ….ဟာ .ဟာ..” ဟု သံနေသံထားနှင့် သီကျူးနေသည်။
ပါးရည်နပ်ရည်ရှိသော နို့ညှာကောင်ကတော့ သူ့အစ်ကိုကြီးအား “အမေတော့ ထထုတော့မှာပဲ၊ သနားပါသေးရဲ့ ” ဟူသော မျက်နှာထားနှင့် လှမ်းကြည့်နေလေသည်။
“တနေ့နေ့တော့ ပိုင်ချင်ပိုင်မှာပေါ့ဟ၊ ကံဆိုတာ ပြောလို့ရတာမှမဟုတ်ဘဲ”
သူက မာန်ပါပါ တွေးရင်း အိမ်အဆင်းလှေကားထစ်ကို ခပ်ပြင်းပြင်း ဆောင့်နင်းမည့်ဟန် ပြင်ပြီးမှ သတိရကာ ကမန်းကတန်း အရှိန်သတ်ရသည်။ နှစ်ပရိစ္ဆေဒ ကြာမြင့်ပြီဖြစ်သော သစ်သားခြေနင်းပြားက ခပ်ညွှတ်ညွှတ်ဖြစ်နေပြီမို့ ဆောင့်နင်းလိုက်လျှင် ကျိုးကျသွားနိုင်သည်ကို သူတို့အားလုံး သဘောပေါက်ထားပြီးဖြစ်သည်။ ထိုကြောင့် အိမ်ဦးနတ်ဖြစ်သော သူ့ထက်ပင်အသက်ကြီးဟန်ရှိသော ခြေနင်းပြား သုံးပြားကို သူကအစ အငယ်ဆုံးကောင်အထိ တရိုတသေ အလေးအမြတ်နှင့် ဖွဖွကလေးသာ နင်းလာခဲ့ကြရသည်မှာ တနှစ်ကျော်ပေပြီ။
သူ လမ်းမပေါ်ရောက်မှ မိုးဖွဲတွေကျလာသည်။ ဒီတော့လည်း သူလွယ်ထားသော လွယ်အိတ်ဟောင်းထဲမှ ထီးအဟောင်းလေးကိုထုတ်ကာ ဆွဲဖွင့်လိုက်ရသည်။ ခိုတဆိပ် အနက်ရောင်ခေါက်ထီးကလေးက ဟောင်းပင် ဟောင်းငြားသော်လည်း ရှောရှောရှူရှူတော့ ပွင့်ရှာသားပင်။
သူတို့၏လမ်းကလေးက တော်တော်လေးရှည်လျားသော်လည်း ကိုယ့်ဟာကိုယ် မထူနိုင် မထနိုင်သေးတော့ နိုင်လွန်ကတ္တရာလမ်းမဖြစ်သေးပေ။ လမ်းလယ်ကောင်တွင်ရှိသော ချိုင့်ခွက်များက ပထမတော့ ခပ်တိမ်တိမ်၊ နောက်တော့ခပ်နက်နက် ဖြစ်လာသည့်အတွက် ရေတွေစုကာ ရေအိုင်လေးတွေလိုဖြစ်နေသည်။
လမ်းဘေးက မြောင်းကလည်း မြေသားမြောင်းကျယ်ကျယ်မို့ လမ်းထဲက ကလေးများအတွက်တော့ စိတ်ဝင်စားဖွယ်ရာအတိဖြစ်လေသည်။ မြောင်းထဲတွင် ဒေါင်းငါးပေါက်ကလေးတွေ တဖျတ်ဖျတ် မြူးနေတတ်ကြသည်။ တခါတစ်ရံလည်း တီလားဗီးယား ငါးပြားပြားကြီးများနှင့် ငါးရံ့ ခေါင်းတိုများကို တွေ့ရတတ်သည်။ ဟုတ်မဟုတ်တော့မသိ။ အကြီးကောင် မောင်သံချောင်းက လိပ်တစ်ကောင်ကိုပင် တွေ့ခဲ့ရဖူးသည်ဟု ဆိုသည်။ သူတို့အတွက်တော့ အာလာဒင်တို့ ဟတ်ပီးဝေါတို့ မလို။ ထိုချောင်းနံဘေးတွင် ရုံးစုရုံးစုနှင့် ထိုးကြ၊ ဆွကြ၊ ကော်ကြ၊ ခပ်ကြနှင့် ပျော်နေတတ်ကြသည်။
“ငါတို့ငယ်ငယ်တုန်းကလဲ ဒီလိုပါပဲ။ ရေတွေ့ရင် ရေနဲ့ဆော့ ၊ မီးတွေ့ရင် မီးနဲ့ဆော့၊ သဲတွေ့ရင် သဲနဲ့ဆော့၊ ကိုယ့်ဘဝကိုယ်တော့ ပျော်ခဲ့တာပါပဲ”
လမ်းထိပ်ရောက်လာတော့ အကျင့်ပါနေသော ခြေထောက်များက ညာဘက်သို့ အလိုလိုချိုးမိပြီးဖြစ်သည်။ ထိုလမ်းက ကတ္တရာလမ်းဖြစ်၍ ချောချောမွေ့မွေ့ ရှိသည်။ ကတ္တရာနေရာမှအပ ကျန်သောမြေသားများကို အိမ်အသီးသီးက ချဲ့ယူကာ သစ်ပင်တွေစိုက်ထားကြသည့်အတွက် လမ်းဘေးဝဲယာတွင် ခရေတွေ၊ ပိတောက်တွေ၊ စိန်ပန်းတွေနှင့် မြိုင်မြိုင်ဆိုင်ဆိုင်ရှိသည်။ ခက်သည်က အပင်ကြီးများအပြင် ပုဏ္ဏရိပ်ပင်များလည်းရှိနေသည်။ သူက ထုံးစံအတိုင်း ကိုယ်ကို ပုဏ္ဏရိပ်ပင်ဘက် ငဲ့ကာ ထီးကိုပါ နွဲ့လိုက်သည်။ အဖြူရောင်ကားလှလှလေးက သူ့ဘေးမှ ပွတ်ကာသီကာ ဖြတ်သွားသည်။ ကားထဲမှာ သီချင်းသံ မြူးမြူးကြွကြွကလေးကတော့ လွင့်ပျံ့၍ကျန်ခဲ့သည်။
“တောက်၊ သောက်ရမ်းမောင်းတဲ့ကား၊ အရှိန်ကို နဲနဲမှ မလျှော့ဘူး”
ကိုရေခဲက ယိုင်နေသောခန္ဓာကိုယ်ကို ပြန်မတ်ကာ ထီးကိုပြန်ထောင်သည်။ သူ့အင်္ကျီကိုငဲ့ကြည့်လိုက်တော့ အမဲကြောင်းတွေက အစင်းအစင်း ထင်နေသည်။ ပုဏ္ဏရိတ်ရွက်ကလေးများပေါ်တွင် ဖုန်တွေတက်နေပြီး မိုးရွာလျှင် ရေနှင့်ရောကာ ညစ်ပတ်နေတတ်ကြောင်း သူသတိမေ့သွားမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရန် သတိမရ။ ခုနတုန်းကကားကိုသာ ပိုပြီးဒေါသထွက်သွားသည်။
“လူတွေကိုက ကားပေါ်ရောက်သွားရင် ဆောင့်ကြွားကြွားနဲ့ လမ်းပေါ်ကလူကို ဂရုမစိုက်တော့ဘူး၊ တလမ်းလုံး သူတို့ပိုင်တယ်ထင်နေတော့တာ၊ ဟာ ..ဟာ ..ဟ လာပြန်ပြီလား”
ဒီတစ်ခါလာသည့်က အနောက်ဖွင့်ကားအကြီးကြီးမို့ ပုဏ္ဏရိပ်ပင်ထဲ ဒိုင်ဗင်ထိုးဝင်လုမတတ် အပြေးအလွှား ရှောင်လိုက်ရသည်။ ထီးကိုရမ်းလိုက်သော်လည်း အချိန်မမှီသည့်အတွက် ကားနောက်ဖက် ဘေးတန်းနှင့် ရိုက်ခါ လက်ထဲမှ လွင့်ထွက်သွားသည်။ ကားမောင်းသူ အသားဖြူစပ်စပ်နှင့်လူက တောင်းပန်ဖို့နေနေသာသာ သူ့ကိုပင် ရှုသိုးသိုးနှင့် ကြည့်သွားသေးသည်။
“ငါ့ထီးရိုးနဲ့ခြစ်မိလို့၊ အဲဒီကားကြီးမှာလည်း အစင်းရာအကြီးကြီး ထင်သွားပါစေဗျာ”
ပုဏ္ဏရိတ်ရုံပေါ်တွင် ပက်လက်တင်နေသော ခေါက်ထီးကို လှမ်း၍ဆွဲယူလိုက်ရင်း ကိုရေခဲက စိတ်စေတနာအပြည့်နှင့် ကျိန်ဆဲလိုက်သည်။ ဆဲတတ်သမျှတော့ ဆဲနည်းပေါင်းစုံကိုလဲ စိတ်ထဲမှာဆက်ပြီး ပျစ်ပျစ်နှစ်နှစ် ဆဲဆို မေတ္တာတွေပို့နေမိသေးလေသည်။
* * *
“ကဲ…အခုတော့ ကားစီးရရော မဟုတ်လားကွာ”
ငွေမင်ရောင်မှန်လုံကားကြီးက သန့်လှ ခန့်လှသည်။ နောက်ခန်းတံခါးကို ဆွဲဖွင့်တော့မည်ဟု ဟန်ပြင်လိုက်တော့ကာ ဘေးကလူတစ်ဦးက သူ့ထက်ဦးအောင် ဆွဲဖွင့်ပေးသည်။
“အလို၊ တယ်ဟုတ်ပါလား ဟရို့ရဲ့”
သူက စိတ်ထဲတွင် အံ့ဩနေသော်လည်း အံ့ဩသည်ကို လူသိမခံဘဲ ခပ်ပြုံးပြုံးလုပ်နေလိုက်သည်။ ကားထဲဝင်ထိုင်လိုက်တော့ တင်ပါးအောက်ဖက်ရှိ ဆိုဖာက အိဆင်းသွားသည်။
“အင်း၊ ချမ်းသာရတယ်ဆိုတာ တယ်ကောင်းတာပဲနော်။ နောက်ဆုံး ဖင်ကအစ ဇိမ်ရှိတာ”
အပြင်ဘက်တွင် ပူသယောင်ယောင် ရှိသော်လည်း ကားထဲတွင်တော့ အေးမြမွှေးပျံ့လို့နေသည်။ သူက လက်နှစ်ဖက်ကို ဘေးချကာ ကားနောက်မှီကို သက်တောင့်သက်သာ မှီထိုင်ရင်း တင်ပလ္လင်ချိတ်လိုက်သည်။ အရေးထဲ သူ ဘတ်စ်ကားပေါ်မှာ ရှားရှားပါးပါး တခါတလေထိုင်ရလျှင် ပေါင်ပေါ်တွင်တင်ပြီး ပိုက်ထားရမြဲဖြစ်သော ကချင်လွယ်အိတ်ဟောင်းကြီးကို သတိရနေသေးသည်။ လွယ်အိတ်ဟောင်းကြီးနှင့်အတူ ခိုတံဆိပ်ထီးဟောင်းကလေးကိုပါ လွမ်းလိုက်မိပြီး “အဲဒါလေးကိုတော့ လွှင့်မပစ်ဘဲ အမှတ်တရ သိမ်းခိုင်းထားရမယ်။ ဧည့်ခန်းထဲက ဘီရိုထဲမှာ ထည့်ပြထားရမယ်” ဟု တွေးနေမိစဉ် ကားက လျှောခနဲ လိမ့်ထွက်လာသည်။ ခုနတုန်းက ကားတံခါးဖွင့်ပေးသူနှင့်တကွ လူလေးငါးခြောက်ယောက်က ရို့ရို့လေးရပ်ကာ ကျန်ရစ်သည်။
“အင်း၊ လူ့ကံဆိုတာ တယ်ဆန်းကြယ်တာပဲ။ မနေ့တစ်နေ့တုန်းက လမ်းဘေးမှာ လမ်းလျှောက်နေရတဲ့ ရေခဲက အခုတော့ သိန်းလေး ငါးရာတန် ကားကြီးပေါ် ရောက်နေပြီ။ ဒါကြောင့်လည်း လှံထမ်းလာတာသာ မြင်ရတာ၊ ကံထမ်းလာတာ မမြင်ရဘူးလို့ ပြောကြတာကိုး”
ကားထဲတွင် သင်းပျံ့နေသော သံပုရာချိုချဉ် ကားရေမွှေးနံ့လေးကို တစိမ့်စိမ့် ရှူရင်း သူက ကျေနပ်နေသည်။ သံပရာနံ့အေးအေးက ရင်ထဲအထိ မွှေးနေသည်။
” အင်း၊ ဒီတခါ အစ်မစိန်ကြည်တို့ အုတ်ခွက်ဘုရားကို အိမ်ပင့်ပူဇော်ရင်တော့ ကလေးတွေကိုခေါ်ပြီး သွားနိုင်ပြီ”
မစိန်မြ၏အစ်မ မစိန်ကြည်က အရှာအဖွေကောင်းသော လင်ယောက်ျားကို ရလေတော့ တော်တော်လေး ချောင်ချောင်လည်လည်ရှိလေသည်။ မစိန်ကြည်ခမျာ သူ့ယောက်ကျားက ခြေမငြိမ်၍ တစ်ဖက်က စိတ်ဆင်းရဲရသော်လည်း မစိန်မြလိုတော့ အသုံးအစွဲ မကြပ်တည်းရပေ။
မစိန်ကြည်၏ယောက်ျားက ပေသီးတွက်တွက်ပြီး အကွက်မြင်သမျှ လုပ်ငန်းချဲ့ထွင်တတ်လေတော့ ခုတလော ပိုပြီးတော့ပင် စီးပွားတက်နေသေးသည်။ တစ်ဖက်ကစီးပွားတက်တော့လည်း ကုသိုလ်ပိုပြီးဖက်ရမည်ဆိုကာ မစိန်ကြည်က ဘုရားကိုးဆူကပ်လိုက်၊ ဘုရားပင့်လိုက်၊ ဆွမ်းကျွေးလိုက်နှင့် အလှူအတန်းမပြတ် ပြုလေသည်။ သူ အလှူတန်းလုပ်တိုင်း စိတ်ဆင်းနေရရှာသူက မစိန်မြဖြစ်သည်။ သူ့ခမျာ လှလှပပ တောက်တောက်ပြောင်ပြောင် ထည်လဲဝတ်စရာမရှိတော့ သူ့အစ်မ၏အလှူကိုသွားရန် ဝမ်းနည်းစိတ်နှင့် တွန့်ဆုတ်နေတတ်သည်ကို သူသိသော်လည်း ဖြည့်စွမ်းမပေးနိုင်ခဲ့ပေ။
“အင်း၊ နက်ဖြန်ကျတော့မှ သူ့လက်ထဲကို ငွေ သုံး လေးသိန်းထည့်ပေးလိုက်ပြီး ဗိုလ်ချုပ်စျေးတို့၊ စူပါဝမ်းတို့ကို စိတ်ကြိုက်ပတ်ပြီး စိတ်ကြိုက်ကြီး ဝယ်ခိုင်းလိုက်ဦးမယ်”
ပေါင်ပေါ်တင်ပြီး ပိုက်ထားနေကျ လွယ်အိတ်ဟောင်းကြီးပါမလာတော့ လက်နှစ်ဖက်က ယောင်တိယောင်တောင် ဖြစ်နေသည်။ ဘေးချထားရတာကို ညောင်းသလိုလိုမို့ လက်ပဲပိုက်ထားရတော့မလိုလို၊ ဒူးကိုပဲဆုပ်ပြီး ကိုင်ထားရတော့မလိုလိုဖြစ်နေသည်။ နောက်ဆုံးတော့ ဘေးဘက်မှ မှီအုံးလေးကို ပေါင်ပေါ်တင်ပြီး ပိုက်ထားလိုက်တော့မှ နေသာထိုင်သာဖြစ်သွားလေသည်။
“ဘယ်ဝင်ဦးမလဲ ဆရာ”
ကားသမားက မေးတော့ သူ အတန်ငယ်စိတ်ရှုပ်သွားသည်။ အိမ်ကိုတော့ ချက်ချင်း မပြန်ချင်သေး၊ ဘယ်ဝင်ရလျှင် ကောင်းမည်နည်း။
ကိုရေခဲခမျာ အခုမှပင် သူ့အကြောင်းကို သူကောင်းကောင်းသိတော့သည်။ သူခမျာ အိမ်နှင့်ရုံး၊ ထိုနောက် ရုံးနှင့်အိမ်၊ တစ်ခါတစ်ရံတော့ လမ်းထိပ်ဈေးနှင့် ကွမ်းယာဆိုင်။ သူ့ခမျာ ဒါတွေအပြင် ဘယ်မှမရောက်ဖူးရှာ။ ???ဘေးဆိုင် ရက်စတောရင့်၊ ဘယ်ဟိုတယ်တွင် ဘယ်အစားအသောက်တွေ ကောင်းကြောင်းလည်း သူ မသိ။ ဘယ်ပစ္စည်းကို ဘယ်နေရာတွေမှာ ရောင်းနေပြီး ဘယ်လောက်ပေးပြီး ဝယ်ရမည်နည်းဆိုတာကိုလည်း သူမသိရှာ။
“အင်း… ဘဝမှာ မသိသေးတာတွေ များလှချေတကား”
ကိုရေခဲက ပင့်သက်ရှိုက်သည်။ သူက သူဌေးလက်သစ်ဆိုတော့ ဒီလိုပဲဖြစ်ရမည်။ နောက်နောင်မှ အပေါင်းအသင်းရောင်းရင်းများနှင့် ဘီယာလေးဘာလေး မော့ရမည်။ ဘီယာဆိုင်မှာ ကာရာအိုကေမလေးတွေရှိလျှင်လည်း ပန်းကုံးလေး ဘာလေးစွပ် … အဟွတ် …အဟွတ်။
ကိုရေခဲ တွေးရင်းတောရင်း တံတွေးသီးသွားသည်။ ဟော… ကိုရွှေဒရိုင်ဘာက မေးပြန်ပြီ။
” ဘယ်ဝင်ဦးမလဲ ဆရာ”
” အေးကွာ …အေး…. အိမ်ပဲပြန်တာပေါ့”
သူက ပျော့နဲ့နဲ့ ဖြေလိုက်သည်။ စိတ်ရင်းအတိုင်း အမှန်အကန်ပြောရလျှင်တော့ အိမ်ကိုသိပ်မပြန်ချင်သေးပေ။
“အင်းလေ… အိမ်ကို စောစောစီးစီးပြန်တော့လဲ တစ်နည်းကောင်းတာပါပဲလေ။ ဗီဒီယိုလေးဘာလေး ကြည့်ရတာပေါ့။ ညဦးပိုင်းကျတော့လဲ ကလေးတွေခေါ်ပြီး ရွှေတိဂုံဘုရားဖူးလိုက်ဦးမယ်လေ”
မိသားစုနှင့်မပြောနှင့်၊ သူတစ်ဦးတည်းပင် ရွှေတိဂုံဘုရားကိုမရောက်ဖြစ်သည်မှာ ကြာလှချေပြီ။ အငယ်ကောင်လေးဆိုလျှင် အသက်သာ လေးနှစ်ပြည့်သွားသော်လည်း ယခုအချိန်ထိ ရွှေတိဂုံဘုရားကို မရောက်ဖူးသေးပေ။
“ဟ၊ အိမ်ပြန်မယ်ဆိုကာမှ ဒီဒရိုင်ဘာက ဘယ်မောင်းနေတာလဲ”
လမ်းကျဉ်းကျဉ်းလေးတစ်ခုထဲ ချိုးဝင်လိုက်တော့ သူ တော်တော်အံ့သြသွားသည်။ သူစီးလာသောကားက ပြန့်ပြန့်ကျယ်ကျယ်ကြီးဆိုတော့ သူ့ကားတစ်စီးတည်းနှင့်ပင် တစ်လမ်းလုံး ပြည့်နေဟန်ရှိလေသည်။
“ဒီနားကအိမ်တွေကလဲ ဘယ်လိုလဲဟ၊ လမ်းပေါ်တက်ပြီး သစ်ပင်တွေ စိုက်ထားရသလား”
အုံ့အုံ့ဆိုင်းဆိုင်းဖြစ်သော ပိတောက်ပင်၊ ခရေပင်တွေကိုသာမက ပင်ခြေတွင် ဝေဆာနေသော ပုဏ္ဏရိတ်နှင့် ဗိုလ်ကတော်မျက်ခုံးပင်တန်းတွေကိုပါ အလိုမကျကြည့်ရင်း ကြည့်ရင်းနှင့် ဒီအပင်တွေကို မြင်းဖူသလိုလိုရှိပါတယ်ဟု ထင်လာလေသည်။
ခရမ်းနုရောင် ဗိုလ်ကတော်မျက်ခုံးပန်း အခက်အခိုင်လေးတွေက သူ့ကို ပြုံးစစနှင့် ကြည့်နေဟန်ရှိသည်။ ပုဏ္ဏရိတ်ပန်းနီနီလေးတွေကတော့ “ကျွန်မတို့ကိုမှတ်မိအောင် ဘယ်လောက်တောင်ကြာအောင် စဉ်းစားဦးမလို့လဲ သူဌေးမင်းရဲ့” ဟု မကျေမနပ်နှင့် ခနဲ့တဲ့တဲ့လေး မေးနေကြဟန်ရှိလေသည်။
“ဪ… ဒါဟာ အရင်တုန်းက နေ့တိုင်းနေ့တိုင်း မနက်ပြန် ညပြန် လမ်းလျှောက်ခဲ့တဲ့နေရာပဲ”
လမ်းလျှောက်ရင်း မြင်ခဲ့ရသောမြင်ကွင်းနှင့် ကားပေါ်ကနေမြင်ရသောမြင်ကွင်း မတူသည်ကတော့ အမှန်ပင်။ ဘာမတူမှန်းတော့ သူသေချာမသိ။
“ဟော…မိုးရွာပြီ”
ခပ်စိပ်စိပ် ခုန်ဆင်းလာသော မိုးရေစက်များကို မြင်ရသော်လည်း သူက ထီးဆောင်းစရာမလိုချေ။ ထီးလည်းမကိုင်ရ၊ စာအုပ်လည်းမပိုက်ရ၊ ပုဆိုးလည်းမစို၊ ခြေလည်းမစိုဘဲ မွှေးပျံ့ပျံ့ကားထဲတွင် သက်တောင့်သက်သာ ထိုင်နေရသည်မှာ ချမ်းသာစွ။
ဟော… လမ်းပေါ်ကလူတွေက ထီးတွေဖွင့်နေကြပြီဖြစ်သည်။ အနီစင်းထီးက တစ်လက်၊ အဝါရောင်အပွင့်က တစ်လက်၊ အညိုရောင်က တစ်လက်၊ အနက်ရောင်မွဲမွဲက နှစ်လက်။
“လမ်းကလည်း ကျဉ်းလိုက်တာ”
“ကျဥ်းဆို လမ်းပေါ်မှာ အပင်တွေစိုက်ထားတာကိုး”
“လူတွေကလည်း မလွတ်တလွတ်နဲ့”
“ဟုတ်ပါရဲ့ကွယ်၊ ကိုယ့်အန္တရာယ်ကိုယ်မကြောက်”
ကားတစ်စင်းလုံးလာနေသည်ကို မြင်လျက်နှင့် ပွတ်ကာသီကာ ရှောင်နေကြသော လူများကို သူအံ့သြချင်နေသည်။ ကားနှင့်အတိုက်ခံရလျှင် သေသည်အထိဖြစ်တတ်ကြောင်း သူတို့ မသိလေရော့သလား။
“အရှိန်တော့ သိပ်မတင်နဲ့လေကွာ”
“ဒီကားတွေ သိပ်ပြေးတာဆရာရဲ့၊ လီဗာကို နဲနဲနင်းပေမယ့် အများကြီးပြေးတာ..ဟာ..ဟာ..ဟာ…”
အနက်ရောင်ခပ်မွဲမွဲ ထီးတစ်စင်းက ဘေးမှန်တံခါးနဲ့ရိုက်မိတာ ဖြုန်းကနဲ လွင့်ထွက်သွားသည်။ နောက်လှည့်ကြည့်လိုက်တော့ ပုဏ္ဏရိပ်ပင်တန်းပေါ်တွင် လူတစ်ဦးကို တွေ့ရသည်။
“တောက်၊ သေချင်နေပြီလားမသိဘူး”
သူဌေးပီပီ ယဉ်ကျေးဖွယ်ရာစွာနေရမည်ကို သူက မေ့ပြီး ခပ်ကြမ်းကြမ်း ပြောလိုက်မိသည်။
“ဟင်း…ငါ့ကားမှန်သာ ကွဲသွားလို့ကတော့ကွာ”
သူက ကားမှန်တွင် ပွန်းရာပဲ့ရာများ ထင်သွားလေမလားဟု စိုးရိမ်တကြီး ကြည့်ရင်း အားရပါးရ ဆဲပစ်လိုက်သည်။
ထိုစဉ်တွင် မစိန်မြက သူ့ပုခုံးကို လှုပ်ခါနှိုးသည်။
“ကိုရေခဲ၊ ရှင် ဘာတွေအိပ်မက်မက်နေလဲ။ ဘယ်သူ့ကို ဆဲနေတာလဲ”
သူက မစိန်မြကို ခပ်ကြောင်ကြောင် ပြန်ကြည့်ရင်း ဇိမ်ခံကားကြီးပေါ် ကနေ ဘာဖြစ်လို့များ ဖျာစုတ်ပေါ် ရောက်နေပါလိမ့်ဟု တွေးတောနေမိသည်။
သူခေါင်းအုံးထားသော မှို့ခေါင်းအုံးလေးက နို့ညှာခေါင်းနှင့်အငယ်ကောင် တစ်လှည့်စီ ခွပြီး ရှူးရှူးပန်းထားကြသည်မို့ အနံ့တသင်းသင်းပျံ့နေသည်။
* * *
ခုတစ်လောတော့ ကိုရေခဲ သီချင်းမဆိုဖြစ်တော့ပေ။ သူ့နဂိုဟန်အတိုင်း နံရံကို ခပ်လျှော့လျှော့လေးမှီကာ ထိုင်ရင်း ဆေးပေါလိပ်ကလေးဖွာကာ အတွေးနယ်ချဲ့နေတတ်သည်။
“ငါကတော့ ငါတစ်ယောက်ထဲပဲ၊ ဒါပေမယ့် အပြင်မှာကျတော့ လမ်းလျှောက်ပြီး၊ ကားပေါ်ကလူကို ဆဲတယ်။ အိပ်မက်ထဲမှာကျတော့ ကားစီးပြီး လမ်းပေါ်ကလူကို ဆဲတယ်။ တော်တော်တော့ ထူးဆန်းတာပဲ”
ကိုရေခဲက တအံ့တဩပြောတော့ မစိန်မြက သူ့ကို အထင်သေးသလို ကြည့်သည်။ ဒီလောက်လွယ်တဲ့ ပုစ္ဆာကိုများ ဘာကြောင့်ခက်နေရတာတုန်း ဟူသော မျက်နှာထားနှင့် ရယ်သည်။
“အဲဒါ ဘာများထူးဆန်းလို့လဲ ကိုရေခဲရယ်။ အပြင်မှာ ရှင်ကလမ်းလျှောက်နေရတော့ ကားပေါ်ကလူကိုဆဲတာ သဘာဝပဲပေါ့။ အိပ်မက်မှာကျတော့ ရှင်က ကားပေါ်ရောက်ပြီး ဖင်ဇိမ်ရှိနေပြီလေ။ ဒီတော့ လမ်းပေါ်ကလူကို ဆဲတာကလည်း လူ့သဘာဝပဲပေါ့”
“ဟ၊ အဲ့ဒါ လူ့သဘာဝလား”
ကိုရေခဲက ပျော့နဲ့နဲ့ မေးသည်။ သူ့က ခပ်အေးအေးနေတတ်သူဆိုတော့ ဘယ်သူနှင့်မျှ သိပ်ပြီး ငြင်းချင် ခုံချင် ရန်ဖြစ်ချင်သူမဟုတ်ချေ။ အထူးသဖြင့် မစိန်မြနှင့် ပိုပြီးမဖြစ်ချင်။
မလှတလှ မစိန်မြကတော့ ငယ်စဉ်ကတည်းက အငြင်းသန်သူလှဖြစ်သည်။ အခုလည်း ငြင်းရန် ခုံရန် မောင်းတင်ထားသောမျက်နှာထားကို ဆောင်ထားသည်။ သူ့ကိုယ်သူလည်း ပညာရှိကြီးဟု ထင်နေဟန်ရှိသည်ဟု ကိုရေခဲက အမြင်မကပ်တကပ်နှင့် တွေးနေမိသည်။
“ဒီမှာ ကိုရေခဲရဲ့၊ လူတွေရဲ့ခေါင်းထဲက ဦးနှောက်ဟာလေ တင်ပါးကြောတွေနဲ့ တိုက်ရိုက်ဆက်နေတယ်ရှင့်၊ အဲဒါကို ကျွန်မသိထားတာ ကြာလှပြီ”
ကိုရေခဲသည် သက်ပြင်းကို မသိမသာ ချသည်။ ဒီမိန်းမနှင့် ငြင်းမိလို့ကတော့ ဆုံးတော့မည်မဟုတ်။ ထို့ကြောင့် ဘာမှပြန်မပြောဘဲ ခပ်ဆိတ်ဆိတ်နေကာ ဆေးလိပ်ကို ဖိ၍ဖွာနေသည်။ သို့သော် စိတ်ကတော့ မနေနိုင်၊ အတွေးမျှင်တွေ ဆန့်ထွက်လာသည်။
“ဪ… ဖြစ်မှဖြစ်ရလေ။ ဦးနှောက်ဟာ တင်ပါးကြောနဲ့ တိုက်ရိုက်ဆက်နေတာတဲ့လား။ အင်း… မစိန်မြရယ် ….ပြောလိုက်မှဖြင့် မဟုတ်တရုတ်။ တကယ့်ကို မဟုတ်တရုတ်။ အင်းလေ…မဟုတ်တရုတ်မှ မဟုတ်တရုတ်၊ ဒါပေမယ့် သူ့မဟုတ်တရုတ်က တစ်ခါတစ်လေကျတော့လဲ ဟုတ်တုတ်တုတ်”
———–
#မစန္ဒာ
၂၀၀၉၊ ဇူလိုင်လ
အမျိုးသမီးရေးရာမဂ္ဂဇင်း။
👉