#အထင်
လူတစ်ကိုယ် ထင် တစ်လုံး ဟု ပြောလေ့ရှိကြသည်။ အထင် ဟူသည်မှာ အတွေးသာလျှင် ဖြစ်လေသည်။ အတွေးကို မည်သူမျှ တားဆီး၍မရပေ။ မည်သူကမျှလည်း ချုပ်ချယ်ခွင့် မရှိပေ။
လူတိုင်း လူတိုင်းမှာ သူ့ စိတ်ကြိုက်၊ သူ့သဘောကျ တွေးနိုင်ခွင့်၊ ထင်နိုင်ခွင့် ရှိနေသည်။
“ လိုက်မလား အန်ကယ်လ်ကြီး၊ လူဆန့်သေးတယ် ”
ခပ်သုတ်သုတ်လျှောက်လာသော သူ့ကို အသက်ဆယ့်ငါးနှစ်ခန့်ရှိ ချာတိတ်ကလေးက ပြုံးရွှင်စွာ မေးသည်။ ဓာတ်လှေကား ခလုတ်ကို လက်နှင့် ဖိထားကာ သူ လှမ်းပြီး ဝင်သာအောင် ကိုယ်ကို ရွှေ့ပေးသည်။
“ကျေးဇူးပဲ သားရေ၊ ကျူရှင်က ပြန်လာတာလား ”
ဓာတ်လှေကားကျဉ်းကျဉ်း ထဲ လှမ်းဝင်လိုက်တော့ ဒူးရင်းသီးအနံ့က လှိုင် သွားသည်။
“ဒီတစ်ခါ သာယာရေးကော်မတီ အစည်းအဝေး ခေါ်ရင်တော့ ဒူးရင်းသီး သယ်ချင်ရင် ဓာတ်လှေကား မသုံးဖို့ တင်ပြမှ ဖြစ်မယ် … အောင်မလေး … ဆိုးလိုက်တဲ့ အနံ ” …. ဟု တွေးရင်း မျက်စိ ဝေ့ဝဲကြည့်လိုက်တော့ အမျိုးသမီး ခပ်ပိန်ပိန် တစ်ဦးက သူ့ကို အားနာပြုံး ပြုံးပြသည်။ သူက ပြန်မပြုံးချင်သည့်အတွက် ချက်ချင်း မျက်နှာလွှဲကာ ခုနတုန်းက ချာတိတ်ကလေးအား
“ဆရာ မလာတော့ …. မင်းတို့တွေ ပျော်မှပျော်သွားကြရဲ့လား ” ဟု လှမ်းမေးလိုက်သည်။
သူ နေထိုင်သော တိုက်ခန်း က ကွန်ဒိုမီနီယမ်ဟု ခေါ်နေကြသော ဓာတ်လှေကား နှစ်စင်းပါ တိုက်ခန်းကျယ် ဖြစ်သည်။ တစ်လွှာလျှင် အခန်းပေါင်း ခြောက်ခန်း၊ စုစုပေါင်း ဆယ့်နှစ်လွှာဆိုတော့ ခုနစ်ဆယ့်နှစ်ခန်း သော အခန်းများအတွက် ဓာတ်လှေကား နှစ်စင်း ရှိသည်။ တိုက်ခန်း နေသူ အပေါင်း သူတော်ကောင်း အသီးသီးမှာလည်း လူပီပီ လူမှုရေးကိစ္စတွေ ရှုပ်ထွေး လှတော့ တပျော်တပါးကြီး ဆင်းလိုက်ကြ တက်လိုက်ကြနှင့်မို့ ဓာတ်လှေကား နှစ်စီးခမြာမှာ နားရသည် ဟူ၍ မရှိရှာချေ။ လူသာ ဆိုလျှင် မောပြီး အသက် ထွက်နေတာ ကြာလှချေတော့မည်။
“ ကိုမောင်မောင်ထွန်း မဟုတ်လား ဟင် ”
သူ မြင်ပြင်းကပ်နေသော အမျိုးသမီးကြီးက ခပ်တိုးတိုး မေးသည်။ မစောင်းတစောင်း ကဲကြည့်လိုက်တော့ …. အင်း … ဒီမျက်နှာ မြင်ဖူးသလိုလိုတော့ အရှိသားပင် … ။
“ အို … မမှတ်မိဘူးလား …၊ ကျွန်မ ကြူကြူလေ .. အင်းလျားဆောင်က ခင်မြကြူလေ … ”
“ ဟာ …. ခင်မြကြူ ”
သူက အလန့်တကြား အော် လိုက်မိသည်။ ကြည့်စမ်း … ခင်မြကြူ။
“ မကြည့်မိလို့ပါဗျာ … ဒီ မျက်နှာကို ဘယ် မမှတ်မိဘဲ ရှိပါ့မလဲ … ကြည့်စမ်း အရင်တုန်းကအတိုင်း ရုပ် မပြောင်းဘူးနော် .. ဘော်ဒီ ကလည်း ထိန်းနိုင်လိုက်တာ၊ တကယ့်ကို စလင်းမ် ပဲ၊ ဘာလဲ ဒီခေတ် မော်ဒယ် ကောင်မလေးတွေ ငိုသွားအောင်လို့ ကတ်ဝေါ့ ( ခ် ) လျှောက်ဦးမလို့လား ”
တကယ့် တကယ်က “ကျွန်မ ခင်မြကြူလေ ” ဟု ပြောမှ ဇဝေဇဝါနှင့် အပြေးအလွှား သိလာရခြင်း ဖြစ်လေသည်။ သို့သော် သူက စီးပွားရေးလောကထဲ တိုးဝင်ရင်း အများအကြိုက်လိုက်ခါ နှုတ်ပေါ့ လျှာပေါ့နှင့် ရွှန်းရွှန်းဝေအောင် ပြောတတ်သည်မှာ အကျင့်ပါ နေပြီဖြစ်သည်။ နှုတ်မှသာ ရုပ်မပြောင်းဘူးနော်၊ တကယ့် စလင်း ( မ် ) ပဲ ဟု ပြော နေသော်လည်း အတွင်းစိတ်ထဲကတော့ “ကြည့်ပါဦးဗျာ …. အိုစာသွားလိုက်တာ ၊ မပြောရင် မှတ်မိပါမလားတောင် မသိဘူး၊ ပိန်လိုက်တာလဲ ကပ်လို့” ဟု တွေးနေမိလေသည်။
“ ကိုမောင်မောင်ထွန်း လည်း ရုပ်မပြောင်းပါဘူး ”
“ ဒီလိုပဲ … ကျန်းမာရေးလေး ဘာလေး လိုက်စားရတာပေါ့ဗျာ ..၊ ဟော … ဟော ရောက်ပြီ … ကျွန်တော်က ဆဲဗင်း ( ဘီ ) မှာ ..၊ သွားမယ်နော် ”
“ ဟုတ် … ကျွန်မက နိုင်း ( ဒီ ) မှာရှင့် ”
ဦးမောင်မောင်ထွန်းက ဓာတ်လှေကားထဲမှ ကမန်းကတန်း တိုးထွက်လိုက်သည်။ အပြင် ရောက်သောအခါမှ လတ်လတ်ဆတ်ဆတ်၊ အေးအေးသန့်သန့် လေကို တစ်ဝကြီး ရှိုက်၍ ရှူလိုက်သည်။ ဒေါ်ဒူရင်းသီးနှင့် ခင်မြကြူ … အဲလေ .. ဒေါ်ခင်မြကြူနှင့် ဒူရင်းသီးကတော့ ဓာတ်လှေကားနှင့် အတူ ဆက်ပြီး မြောက်တက်သွားလေသည်။
“ အင်း ကျောင်းတုန်းက အတော်လှတဲ့မိန်းမ၊ ပိုးတဲ့ ပန်းတဲ့သူတွေလည်း ဝိုင်းဝိုင်းလည်လို့၊ ဟတ် ဟား …. ငါတောင် ပါခဲ့သေးလား မသိပါဘူး … ”
ဦးမောင်မောင်ထွန်း စိတ်ထဲမှနေပြီး ခပ်ရွှင်ရွှင် တွေးသည်။ ပါခဲ့သေး သလား မဟုတ်ပါ၊ ပါကို ပါခဲ့ပါသေးသည်။ သို့သော် ထိုအချိန်က သူက ပညာ ကိုသာ ရိုးရိုးကုပ်ကုပ် ကြိုးစားနေသော စာကြမ်းပိုးလေးတစ်ယောက်ဖြစ်သည်မို့ ခင်မြကြူကလည်း အထင်ကြီးဟန် မရှိပါ။ သူကလည်း နှုတ်နှင့် သော်လည်းကောင်း၊ စာ နှင့်သော်လည်းကောင်း၊ ချစ်ခွင့်ပန်ခဲ့ခြင်း မရှိခဲ့ဖူးချေ။
“ နေပါဦး ဟ ….. ခင်မြကြူ ဘယ်သူနဲ့များ ရသွားပါလိမ့် … ”
သူက အခန်းတံခါးသော့ ကို လှည့်ဖွင့်ရင်း စဉ်းစားသည်။ ကျောင်းမှ ထွက်ပြီး နောက်ပိုင်း အဆက်အသွယ် သိပ်မရှိသဖြင့် ခင်မြကြူတစ်ယောက် ဘယ်သူနှင့် ဘယ်အချိန်တုန်းက ဘယ်လို အိမ်ထောင်ကျသွာသနည်း ၊ မှတ်မှတ်သားသား မရှိလှပေ။
သူကတော့ အမေ ရှာပေးသော သူဌေးသမီးတစ်ဦး နှင့် ရခဲ့သည်။ မိန်းမက သူ့ အတွက် သားလေးတစ်ယောက် မွေးပေးသည်။ ထို့နောက် ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီး ထားခဲ့ကာ တမလွန်သို့ ခပ်သုတ်သုတ် ထွက်ခွာသွားသည်။ သူ လည်း နောက်အိမ်ထောင် ပြုရန် စိတ်မဝင်စားသည့် အတွက် စီးပွားရေး လောကထဲသို့ ကိုယ်ရော စိတ်ပါ ပစ်ပြီး ဝင်ခဲ့သည်။ သူ တစ်သက်လုံး ကုသိုလ်ကံကောင်းခဲ့သူဖြစ်သဖြင့် ရှုံးသည်က နည်းနည်း၊ နိုင်သည်က များများမို့ ပစ္စည်းဥစ္စာတွေ တစ်နေ့တစ်ခြား တိုးပွားခဲ့လေသည်။ အခုတော့ တစ်ဦးတည်းသော သားက စင်ကာပူနိုင်ငံတွင် သူ့ အိမ်ထောင်နှင့်သူ အခြေကျနေချေပြီ။ သူ့ အသက်ကလည်း ငါးဆယ် နှင့် ခြောက်ဆယ်အကြား အလယ်တိတိ ငါးဆယ်နှင့် ငါးနှစ် ရှိခဲ့ပြီဖြစ်လေသည်။
အခုတော့ သူက အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ရန် သိပ်ပြီး စိတ်မဝင်စားတော့ပေ။ အလားအလာကောင်းသော ကုမ္ပဏီများ တွင်သာ ရှယ်ယာများ ထည့်ဝင်ပြီး ကုမ္ပဏီဒါရိုက်တာ ဟူသော အမည် ကို လူရိုသေ ရှင်ရိုသေ ခံယူ ထားသည်။ ကံကောင်းချင်တော့ သူ ရင်းနှီးမြှပ်နှံထားသော ကုမ္ပဏီတွေကလည်း အကျိုးအမြတ် တော်တော်လေး ဖြစ်ထွန်းလေသည်။ သူ့အတွက်တော့ ဘဝက သက်တောင့်သက်သာ ရှိ လွန်းသည်။ အင်းလျားလမ်းက လုံးချင်းတိုက်ကလေးကို ငှားထားသည့် ငွေကိုပင် သူ တစ်ဦးတည်း ကုန်အောင် မသုံးနိုင်ချေ။ အပျော်အပါး ဝါသနာမပါလှသဖြင့် အဖြုန်းမရှိသောကြောင့်လည်း ဖြစ်နိုင်သည်။ အလှူအတန်း ဝါသနာမပါသောကြောင့်လည်း ဖြစ်နိုင်ပါသေးသည်။
အခုတော့ ဆံပင် အတန်ငယ် ကျဲ၊ ဗိုက် အနည်းငယ် ရွှဲသော သူဌေးကြီးဘဝသို့ ရောက်နေပြီမို့ ရေကလေး ကူး လိုက်၊ ဂေါက်သီးလေး ရိုက်လိုက်နှင့် ကိုယ့်ကျန်းမာရေး ကိုယ့်ဟာကိုယ် ဂရုစိုက်နေရသည်။ ဆေးပေး မီးယူလေးအတွက် နောက်အိမ်ထောင်များ ပြုရရင်ကောင်းမလားဟု တစ်ခါတစ်ရံ စဉ်းစားနေမိသည်။ လူပျိုကြီး ဟု ခေါ်ခေါ် ၊ လူပြိုကြီး ဟု ခေါ်ခေါ် ခေါ်ချင်သလို ဘယ်လိုခေါ်ခေါ် ၊ သူက အိမ်ထောင်မရှိသော လူလွတ် ယောင်္ကျားတစ်ဦး ဖြစ်သည်။ ဒီတော့လည်း သူ၏စည်းစိမ်ဥစ္စာနှင့်တကွ သူ့ကိုပါ အိမ်ထောင် မရှိသော လူလွတ် မိန်းမများက စိတ်ဝင်တစားရှိနေကြလိမ့်မည်ဟု အတွင်း စိတ်က အမြဲထင်နေတတ်လေသည်။
အခန်းတခါး ဖွင့်လိုက်တော့ တပည့်ကျော် မောင်ဦး၏စာက ထုံးစံအတိုင်း ဆီးကြိုနေသည်။
ဦးလေး
ကြက်သား၊ ကြက်သွန်နှင့် ကြက်ဥ သွားဝယ်နေပါသည်။
မောင်ဦး
“ အင်း …. ကြည့်ရတာတော့ သူကိုယ်တိုင် ကြက် ဖြစ်ပြီးမှ ပြန်လာတော့မယ် ထင်ပါရဲ့ ”
သူက မှန်ဘောင်တွင် ကပ် ထားသော စာကို စိတ်တိုတိုနှင့် ဆွဲဆုတ်လိုက်သည်။ မောင်ဦးက အပေါင်းအသင်းလည်း ဆံ့၊ စပ်လည်း စပ်စုတော့ ရောက်ရာအရပ်တွင် တွေ့ရာ လူနှင့် စကားလက်ဆုံ ကျနိုင်စွမ်းရှိသူ ဖြစ်သည်။ သူ ပြန်လာလျှင်လည်း သတင်းစကား အစုံအလင် ပါလာတတ်သည်။
ထမင်းအုပ်ဆောင်း ဖွင့် ကြည့်တော့ အဆင်သင့် ပြင်ထားသည်ကို တွေ့ရသည်။ မဆာသေးသဖြင့် အသာ ပြန်အုပ်ခဲ့ကာ ဂြိုဟ်တုသတင်း ဖွင့်ကြည့်လိုက်သည်။ ခဏနေတော့ ဒူရင်းသီးကိုလည်းကောင်း၊ ခင်မြကြူကိုလည်းကောင်း သူ မေ့သွားလေသည်။
အင်း … ခက်သည်က သူ က မေ့သော်လည်း ခင်မြကြူက မမေ့ခြင်းပင်ဖြစ်သည်။ နောက် နှစ်ရက် နေတော့ သူ့ဆီကို ခင်မူမူဝင်း ရောက်လာသည်။
“ မူမူက ဒေါ်ခင်မြကြူ ရဲ့တူမပါ အန်ကယ်လ် …၊ ဒေါ်လေးကြူက မုန့်ဟင်းခါး ပို့ခိုင်းလိုက်လို့ပါ၊ ဒီနေ့ မေမေ ဆုံးတာ ဆယ်နှစ်ပြည့်မို့ ဘုန်းကြီး ဆွမ်းကျွေးပါတယ် ”
စိုပြည်ဝင်းဝါသော မိန်းကလေးကို ငေးကြည့်ရင်း ဦးမောင်မောင်ထွန်း က သူ့ကိုယ်သူပင် အသက် သုံးဆယ်လောက် ငယ် သွားသည်ဟု ထင်မိသည်။
“ အဲဒါမှ ခင်မြကြူ၊ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော် က တွေ့ခဲ့ဖူးတဲ့ ခင်မြကြူ အစစ် …. ”
တပည့်ကျော် မောင်ဦးက မုန့်ဟင်းခါးချိုင့်ကို လှယ်နေစဉ် မူမူက ဧည့်ခန်းတွင် ဝင်ထိုင်သည်။ မူမူ့ဆီမှ နံ့သာဖြူသနပ်ခါးနံ့လေး က တသင်းသင်း မွှေးနေသည်။ သူ ငယ်ငယ်တုန်းက ခင်မြကြူဆီ သွားလည်တုန်းကလည်း နံ့သာဖြူနံ့လေး ရှုရှိုက်ခဲ့ရဖူးသည်ကို သတိရသည်။
“ မူမူက ခင်မြကြူနဲ့ အတော်တူတယ်နော် …၊ ခင်မြကြူ သမီး ဆိုရင်လည်း ယုံမှာပဲ ”
“ အို … ဒေါ်လေးက အပျိုကြီးပါနော် … အန်ကယ်လ်ကလဲ… ”
“ ဟာ … ကျောင်းမှာတုန်းက ဝိုင်းဝိုင်းကို လည်နေတာ၊ ဘာလို့ အပျိုကြီးဖြစ်ရတာတုံး ”
“ ရွေးလွန်းလို့နေမှာပေါ့ အန်ကယ်လ်ရဲ့၊ ငါးသိုင်းများတော့ ဟင်းဟုန်တယ် တဲ့ ”
ဦးမောင်မောင်ထွန်းနှင့် ခင်မူမူဝင်းသည် ချက်ချင်း ရင်းနှီးသွားကြသည်။
“ အေး အေး ညည်းလည်း ညည်း အဒေါ် လို သိပ်ရွေးမနေနဲ့ ”
သူက နှုတ်ပေါ့ပေါ့နှင့် နောက်ပြောင်သည်။ ပြောမိပြီးမှ စိတ်များ ဆိုးသွားလေမလား စိုးရိမ်မိသော်လည်း ခင်မူမူဝင်းက ပြုံးနေလေသည်။ ပြန်ခါနီးတော့ “အန်ကယ်လ်တို့ စားချင် သောက်ချင်တာရှိရင် ပြောလေ … မူမူတို့ ချက် ပေးပါမယ် … “ဟု ပြော သွားသည်။
ခင်မူမူဝင်း ပြန်သွားတော့ သူ့စိတ်ထဲတွင် အလိုလို ရွှင်နေသည်။ မောင်ဦးက မုန့်ဟင်းခါး ထည့်ပေးတော့လည်း တော်တော်လေး အရသာတွေ့ပြီး စားလို့ ကောင်းနေ၍ နောက်ထပ် တစ်ပန်းကန်ပင် ထပ်ထည့်ခိုင်းရသည်။
“ သူတို့က ကိုးထပ်မှာ နေတာလေ …၊ အဒေါ် နဲ့တူမ နှစ်ယောက်တည်း နေတာ၊ အိမ်ဖော်ကောင်မလေးတစ်ယောက်တော့ ရှိတယ်ထင်ပါရဲ့၊ အခုတစ်လောတော့ မတွေ့ပြန်ဘူး၊ တော ပြန်သွားတယ် ထင်တယ်၊ ခုနတုန်းက အစ်မပဲ ဈေး ဝယ်နေတာတွေ့ရတယ် ”
မောင်ဦးက သတင်းစကား စုံသည်။
“ သူကရော ဘာလုပ်သလဲ ”
“ တက္ကသိုလ်က ဆရာမ လို့ ပြောတာပဲ၊ သိပ် ချမ်းသာပုံတော့ မရဘူး ဦးလေးရဲ့၊ ချမ်းသာရင် ကိုယ်ပိုင်ကားလေး မောင်းပြီး ကျောင်းသွားမှာပေါ့။ အခုတော့ ဘတ် ( စ် ) ကားနဲ့ ”
ဦးမောင်မောင်ထွန်းက “ ဪ … သူ့ခမျာ ဘတ် ( စ် ) ကား တိုးပြီး ကျောင်း သွားနေရရှာတာကိုး ” ဟု တွေးပြီး ကရုဏာပိုချင်ချင် ဖြစ်သွားသည်။ “ လမ်းကြုံရင်တော့ လိုက်ပို့ချင်ပါတယ်ကွယ် ” ဟု စိတ်ထဲမှ ဆက်တွေးနေမိသည်။
ကုမ္ပဏီက အစီရင်ခံစာတွေ ရောက်နေသည်မှာ သုံးလေးရက်ရှိပြီဖြစ်သည်။ ဒီနေ့ မနက် ဖတ်မည်ဟု စိတ်ကူးထားသော်လည်း အခုတော့ မဖတ်ချင်သေးသဖြင့် အသာ ပြန်ချထားလိုက်သည်။ ဂြိုဟ်တုသတင်း ဖွင့်ကြည့်လိုက်တော့ မိန့်ခွန်းပြောနေသော အမေရိကန်သမ္မတကို တွေ့ရသည်။ ခဏနေတော့ သမ္မတ၏မျက်နှာပေါ်တွင် ပြုံးနေသော ခင်မူမူဝင်း၏ မျက်နှာက ထပ်ပြီး ပေါ်လာသည်။ “အိမ်လာလည်နော် အန်ကယ်လ်” ဟု အပြုံးချိုချိုနှင့် ပြောသည်။
“ အင်း သွားလည်ဦးမှ၊ လည်ဦးမှ ”
***
ဒေါ်ခင်မြကြူက သူ၏ ဆံပင်များကို ဖြန့်ချပြီး ဘီးနှင့် ညှာညှာတာတာ ဖီးသည်။ဆံပင်တွေက တအား ကျွတ်ပြီး တဖြည်းဖြည်း ပါးလာတော့ အရင်တုန်းကလို အားရပါးရ မဖီးရဲချေ။ ဆံပင် ဖီးနေရင်း ဦးမောင်မောင်ထွန်းကို သတိရသည်။ ကျောင်းတုန်းကလို နှုတ်မနည်းတော့ပဲ နှုတ်သွက်၊ လျှာသွက်နှင့် အာဝဇ္ဇန်း ရွှင်လာသည်ကတော့ အမှန်ပင်။
“ ဒေါ်လေး ”
ခုတင်ပေါ် တွင် ထိုင်နေသော မူမူက လှမ်းခေါ်သည်။ မျက်နှာကလည်း မချိုမချဉ်လေး ပြုံးနေသည်။
“ အန်ကယ်လ်ကြီးတော့ မရိုးဘူးနော် …. သိလား ”
“ ဘာ မရိုးလို့လဲ မူမူရဲ့ ”
“ ဒေါ်လေးကို အပျိုကြီး ပါ လို့ ပြောလိုက်တော့ ပြုံး သွားလိုက်တာများ ဒေါ်လေးကို ပြချင်တယ် ”
အင်း …. သူလည်း မြင်ခွင့် ရလျှင် မြင်ချင်ပါသည်။ ရိုးရိုးကုပ်ကုပ်နှင့် စာကြိုးစားလှသော မောင်မောင်ထွန်းကလေး သူ့ကို တမ်းတ မြတ်နိုးသော မျက်လုံးများနှင့် ငေးကြည့် တတ်တာကို သူ မမေ့သေးပါ။ စက်မှုတက္ကသိုလ်မှ ကိုညွန့်မောင်နှင့် သူ ရယ်ရယ်မောမော စကားပြောနေသည်ကို တွေ့တုန်းကလည်း မျက်နှာလေး ညှိုး ကာ ခေါင်းငိုက်စိုက်နှင့် ပြန် သွားသည်ကို မှတ်မိပါသေးသည်။ ရှက်တတ်တာလား၊ ကြောက်တတ်တာလား အားမရစရာ ကောင်းလှသည်က ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟပြီး ချစ်ခွင့် မပန်ခဲ့ချေ။
“ အခုလည်း ကြည့်ပါလား … လက်ဆောင်တွေ တစ်ခုပြီးတစ်ခု ယူပြီး လာလာလည်နေလိုက်တာ ချောင်းပေါက်တော့မယ် … အဟင်း ဟင်း ”
ခင်မူမူဝင်းက ရယ်နေသည်။
“ ဒေါ်လေးကြူ တူမဆိုတော့ မူမူကလည်း မျက်နှာတွေ ကြီးလို့၊ အဒေါ် လို ချင် သူ့တူမကို ဖျာလို လိပ်၊ ထိပ်ပေါ် တင် … ”
“ ဟဲ့ ကောင်မလေး၊ ဘာတွေ လျှောက်ပြောနေတာလဲ … ”
“ ဟုတ်ဘူးလား ဒေါ်လေး ကလဲ …၊ ကျောင်းကို ကား နဲ့လိုက်ပို့တာလည်း နှစ်ခါ ရှိပြီ၊ တစ်လမ်းလုံး သူတို့ ငယ်ငယ်တုန်းကအကြောင်း၊ ကျောင်းတုန်းက အကြောင်းတွေ ပြောပြပြီး တဟားဟားနဲ့၊ ဒေါ်လေးကို မကြိုက်ခဲ့ဘူးလားလို့ မေးလိုက်တယ် သိလား ”
“ သူက ဘာပြန်ပြောတုံး … ”
ဒေါ်ခင်မြကြူက မသိမသာ ရင်ခုန်သွားလေသည်။
“ အန်ကယ်လ်ကြီးက ရယ် လိုက်တာလေ။ ဒေါ်လေးက လှတော့ ကြိုက်တာပေါ့ တဲ့ … ။ ဒေါ်လေးရဲ့အလှက ကျောင်းမှာ သိပ်ထင်ရှားခဲ့တာတဲ့ ”
မူမူက ဒေါ်ခင်မြကြူ၏ဆံပင်များကို နောက်ဖက်မှ စုသိမ်းကာ ပုံ့ပုံ့ကလေး ထုံးဖွဲ့ ပေးသည်။ ထို့နောက် မှန်တင်ခုံပေါ် တွင် အသင့် ရှိနေသော စံပယ်ပန်းကုံးကလေးကို ရစ်ခွေ ပန်ဆင်ပေးသည်။
ဒေါ်ခင်မြကြူက မှန်ထဲ တွင် ပေါ်နေသော မူမူ၏ အရိပ်ကို ငေးစိုက် ကြည့်နေရင်း သူ့ကိုယ်သူလည်း အဲဒီလောက်နီးပါး လှနေသည်ဟု ထင်နေသည်။ ကိုမောင်မောင်ထွန်းကတောင် ပြောလိုက်သေးသည် မဟုတ်လား၊ အရင်တုန်းက အတိုင်းပဲ၊ ရုပ်မပြောင်းဘူးတဲ့၊ မော်ဒယ် တွေတောင် ငိုသွားမယ်တဲ့ …။ အို ဒါကတော့ သူ ပို တာပါကွယ်… ကြူကြူ အဲဒီလောက်တော့ မလှနိုင်တော့ပါဘူး။
ဒေါ်ခင်မြကြူသည် မှန်ထဲ ကို ငေးကြည့်ရင်း ကြည်ကြည်နူးနူးလေး ပြုံးနေမိသည်။ တစ်နေ့တုန်းကတော့ သူ့ကိုယ်သူ တစ်ပေါင်းများစွာနဲ့ မောင်မောင်ထွန်းဟု ပြောနေသေးသည်။
“ မိန်းမတစ်ယောက်၊ သား တစ်ယောက်၊ ကားတစ်စီး၊ တိုက်တစ်လုံး၊ တိုက်ခန်း တစ်ခန်း၊ တပည့်တစ်ယောက် … ဟာ … တစ်တွေ အရမ်းများနေတယ် ခင်မြကြူရဲ့၊ အဲဒီ ထဲမှာ မိန်းမတစ်ယောက် က ဆုံးသွားတာ ကြာပြီ ဆိုတော့ အစားထိုးလို့ ရနေပြီ ”ဟု ချိုရီဝေစွာ ပြောသည်။ ကြည့် … မူမူ ပြောတာတော့ ဟုတ်နေပြီ ထင်ပါတယ်။
“ ကိုကျော်က လက်ထပ်ဖို့ ပူဆာလှပြီ ဒေါ်လေးရဲ့ … နိုင်ငံခြားမှာ တစ်ယောက် ထဲ အလုပ်လုပ်နေတာ ဆိုတော့ မူမူကလည်း သိပ်ပြီး စိတ်မချဘူး၊ ဒေါ်လေးကို တစ်ယောက်ထဲ ထားခဲ့ရမှာ စိုးလို့သာ အချိန်ဆွဲနေရတာ၊ အခုတော့ အေးဆေးပဲ၊ အန်ကယ်ကြီးလက်ထဲမှာ စိတ်ချလက်ချ အပ်ခဲ့မှာ သိလား ”
“ ဪ …. ဒီကောင်မလေး .. ၊ ပြောလေ ကဲလေပါလားဟဲ့ ”
ဒေါ်ခင်မြကြူက ရှက်စနိုး ဖြစ်နေသည်။ ကိုမောင်မောင်ထွန်းခမြာ သနားစရာ။ ယူလာလိုက်သည့် ပန်းသီးတွေ၊ စပျစ်သီးတွေ ဆိုတာ စား၍ပင် မကုန်နိုင်။ ရေခဲသေတ္တာထဲတွင်လည်း ချောကလတ်တွေ ရှိနေသေးသည်။ မူမူ့ကိုလည်း မျက်နှာလုပ်ရရှာသည်မှာ အမော … ။ မူမူကလည်း သူ့ကို ခင်ရှာပါသည်။ ခင်လွန်းလို့ သူ အင်မတန် ချစ်သည့် ဒေါ်လေးနှင့် သဘောတူတာပေါ့။ ဒါပေမဲ့ ကိုယ်ကလည်း အသက် ငါးဆယ်ကျော်နေပြီကွယ် … သူ ဖွင့်ပြောလာရင် ငြင်းတော့ ငြင်းရဦးမှာ ပေါ့၊ ဟန်ဆောင်လေး ဖြစ်ဖြစ် ငြင်းရဦးမှာပေါ့ နော် … ။
ဒီနေ့တော့ စိတ်မရှည်တော့သော မူမူက သူတို့နှစ်ဦးကို ပေါ်တင်ကြီးပင် စတော့ နောက်တော့သည်။
“ ဒါပဲနော် အန်ကယ်ကြီး၊ မူ မရှိတော့ရင် ဒေါ်လေးကို ပစ်မထားရဘူးနော် ”
“ မူက ဘာလို့ မရှိရမှာလဲ ”
“ မူက လက်ထပ်တော့မှာလေ ”
“ ဟင် … ”
“ မူ လက်ထပ်ပြီး သူ့ နောက် လိုက်သွားရရင် ဒေါ်လေးကို စောင့်ရှောက်ရမှာနော် … မူ့ဒေါ်လေးကို အန်ကယ်ကြီးကလွဲလို့ ဘယ်သူနဲ့မှ စိတ်မချဘူး ”
“ ဟဲ့ …. မူမူ လူကြီးတွေကို နောက်စရာလား ”
ဒေါ်လေးက အသံတုန်တုန်လေးနှင့် အော်ရင်း ခေါင်း ငုံ့ထားသည်။ အန်ကယ်ကြီးကတော့ မျက်နှာကြီး နီ နေလေသည်။
***
ဦးမောင်မောင်ထွန်းသည် ထိုနေ့မှစ၍ ဒေါ်ခင်မြကြူ တို့၏တိုက်ခန်းဆီသို့ အလည်မလာတော့ပေ။
ဒေါ်ခင်မြကြူကတော့ “သူ့ခမျာ ဟိုးအရင်ကတည်းက သိပ်ရှက်တတ်တာ …. ၊ မူမူက အတင်း စ တော့ ရှက်ပြီး မလာရဲတော့ဘူးပေါ့ကွယ် … ၊ သနားစရာ” ဟု ခပ်ဆွေးဆွေးလေး ပြောရှာလေသည်။
———
#မစန္ဒာ
နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း ၂ဝဝ၂ ခုနှစ်၊ ဩဂုတ်လ။
👉