Novel

#ဆရာမနဲ့ ကျွန်တော့်အဖေ

ဖေဖေသာ ကျွန်တော့် ကျောင်းစာတွေကို အိမ်မှာ ကူလုပ်မပေးရင် သည် ဇာတ်လမ်း ဖြစ်လာမည် မဟုတ်ပါ။

ပြဿနာရဲ့ အစကတော့ သင်္ချာဘာသာမှာ ကျွန်တော် ညံ့ခြင်းပါပဲ။ အမှန်အတိုင်း ပြောရရင်တော့ ညံ့ဖျင်းရုံမကဘဲ သည်ဘာသာရပ်ကို ကျွန်တော် လုံးဝ နားမလည်တာပါ။ ရှုပ်လည်းရှုပ်သေးရဲ့။ ပြီးတော့ ဘာမှ လည်း သုံးလို့ရတဲ့ ပညာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း ကိစ္စတွေဆိုရင် ကျွန်တော် မကြောက်ပါ။ လာစမ်းပါ .. ဘယ်ရင်လို၊ ဘာဘရေတာလို၊ လီဗာလို လူတိုင်းနားလည်သင့်တဲ့ ပစ္စည်းမျိုးတွေအကြောင်း၊ ကျွန်တော့်အတွက် ဘာမှ မခက်ပါ။

ဖေဖေက ချာတာစာရင်းကိုင်ဘွဲ့ရ နာမည်ကျော် ငွေစာရင်းအရာရှိ ကြီးတစ်ယောက်ဖြစ်နေ၍ ကျွန်တော် သည်လို ဖြစ်နေတာလားလို့ စဉ်းစားမိပါတယ်။ ကျွန်တော့်အဖေက သင်္ချာကဝေကြီးလေ။ သူ့အတွက် သင်္ချာဆိုတာ ပလပ်တစ်လုံး ဖြုတ်လဲတာလောက် မခက်ဘူးဗျ။

ဒါချက်စတာကို ကျွန်တော်တို့ ပြောင်းလာခဲ့ကြလို့ ကျွန်တော် ကျောင်းပြောင်းခဲ့ရပါတယ်။ ကျွန်တော်တို့ သင်္ချာဆရာမက မစ္စစ်ဘလင်းစတုန်း။ မျက်လုံးပြူးပြူးကြီးတွေက အပြာရောင်၊ ဆံပင်ကလည်းပြောင်းဖူးမွှေးရောင်။ အရွယ်ကလည်း အရွယ်ကောင်းဗျ။ ဒါပေမယ့် ဆရာမကတော့ ကျွန်တော့်ကို သဘောကျပုံ မရပါဘူး။

ကျောင်းရောက်စက ဒါလောက်မဟုတ်သေးဘူး။ တဖြည်းဖြည်းနဲ့ ကျွန်တော် သင်္ချာမှာ ဘယ်လောက်ချာကြောင်း သိသွားပြီး ကျွန်တော့်လေ့ကျင့်ခန်းစာအုပ်တွေထဲမှာ မှတ်ချက်တွေနဲ့ ရဲပတောင်းခတ်အောင် ရေးတော့တာပါပဲ။

တနေ့တော့ အဖေ့ရဲ့ အလုပ်အကိုင်ကို ဆရာမက မေးလို့ ကျွန်တော် အမှန်အတိုင်း ပြောလိုက်ပါတယ်။ ဒီမှာတင် ကျွန်တော့် သင်္ချာစာအုပ်ထဲမှာ မင်နီကြီးနဲ့ ရေးချတော့တာပါပဲ။

“ချာတာစာရင်းကိုင်တစ်ယောက်ရဲ့ သားဆိုတာ မယုံနိုင်စရာပါပဲ” တဲ့။ ပြီးတော့ ဖြေထားသမျှ အပုဒ်တိုင်းမှာလည်း ကြက်ခြေတွေ ရဲနေအောင် ခတ်ထားသေးတယ်ဗျ။

ဖေဖေဟာ ကျွန်တော် သင်္ချာညံ့တဲ့အတွက် မကျေနပ်လှသော်လည်း
ခုလို အရေးခံရတာကိုတော့ အစော်ကားခံရတယ်လို့ ထင်သွားပုံရတယ်။ တော်တော်လည်း ဒေါသထွက်နေတယ်ဗျ။ ကျွန်တော့်အဖြေတွေကို တစ်ပုဒ်ချင်း ပြန်တွက်တယ်။

“ဟေ့ …တစ်ပုဒ်က မှန်သားပဲကွ” လို့ ဖေဖေ ပြောတော့ ကျွန်တော် အံ့သြလို့မဆုံး ဖြစ်ရတယ်လေ။ ကျွန်တော့်အကြောင်း ကျွန်တော် အသိဆုံးပေါ့။
ဒါပေမယ့် ဖေဖေကပြောတယ်။ အဲဒီအပုဒ်က တကယ့်ကို မှန်တယ်တဲ့။ ဆရာမ အမှားပေးထားတာက မှားတာတဲ့။ သူဟာ ချာတာစာရင်းကိုင်တဲ့ဗျ။

အဲဒီမှာ ဖေဖေကလည်း အားကျမခံ ကောက်ရေးတော့တာပါပဲ။ အဖေ့ မင်က အစိမ်း၊ ဆရာမရဲ့ ကြက်ခြေခတ်ကို ဝိုင်းချလိုက်ပြီး “သင်္ချာဆရာမ ဒီလိုမှားတာ ပိုဆိုးတယ်” လို့ မှတ်ချက်ရေးချလိုက်ပါတယ်။

ဆရာမက ကျွန်တော့်စာအုပ်ကို စစ်ရင်း ဖေဖေ့မှတ်ချက်ကို တွေ့သွားတော့ မျက်နှာတစ်ခုလုံး ရဲတက်သွားတော့တာပဲ။ တခုခုကို ပြောမလိုလိုနဲ့ ပြောမထွက်ဘူး။ သိတယ်မဟုတ်လား၊ တစ်ခါတလေ အဲဒီလို ဖြစ်တတ်တယ်လေ။

မကျေမနပ်နဲ့ အဲဒီပြဿနာပုစ္ဆာကို ဆရာမ ပြန်စစ်တယ်၊ ဖေဖေ ပြောတဲ့အတိုင်း မှန်နေတယ်။ ဖေဖေပြောလို့ ပြောရတာပါ။ ကျွန်တော်ကတော့
ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ် ဘယ်သိပါ့မလဲ။ ဒါပေမယ့် ဆရာ၊ ဆရာမတွေ မှားတတ်ပါသလားလို့တော့ ကျွန်တော် တွေးလိုက်မိတယ်။

ဆရာမက စာရွက်လွတ်ကလေး တစ်ရွက်ပေါ်မှာရေးပြီး ဖေဖေ့ကို ပေးခိုင်းပါတယ်။ ညနေကျတော့ ဖေဖေ့ကို ကျွန်တော် ပေးလိုက်တော့ ဖေဖေက ကျွန်တော့်ကို ဖတ်ပြတယ်။

“မစ္စတာကမ်းမင်းရှင့်၊ အဲဒီအပုဒ် မှန်တယ်ဆိုတာ ကျွန်မ သဘောတူပါတယ်။ ကျွန်မလည်း လူထဲက လူတစ်ယောက်မို့ မှားသွားမိတာပါ။ ဒါပေမယ့် ရှင်ရေးလိုက်တဲ့ မှတ်ချက်ကိုတော့ ကျွန်မ ဂရုမစိုက်ဘူး မှတ်ပါ” တဲ့။ အောက်မှာ လက်မှတ်ထိုးထားလိုက်တယ်။ ဂျူလီယာဘလင်းစတုန်းတဲ့။ သည်တော့မှ ကျွန်တော့်ဆရာမရဲ့ ပထမနာမည်ကို သိတာပါ။

ဖေဖေက တအားအော်ရယ်နေတယ်။ “စုန်းမအိုကြီးတော့ အရှိုက်မိသွားပြီကွ” လို့ ဖေဖေပြောတော့ ဘာပြုလို့ ဆရာမကို ‘စုန်းမ’ လို့ ပြောတာပါလိမ့်။ ‘အိုကြီး’လို့ ဘာလို့ အထူးပြု
ပြောတာပါလိမ့်ဆိုတာ ကျွန်တော် နားမလည်ပါ။ ဇာတ်လမ်းက သည်မှာဆုံးဖို့ ကောင်းပါတယ်။ ဒါပေမယ့် မဆုံးခဲ့ဘူးလေ။ တခြားကြောင့် ဟုတ်ပါရိုးလား။ ကျွန်တော်က သင်္ချာမှာ ဆက်ညံ့နေလို့ပေါ့။ ဆရာမကလည်း ကျွန်တော့်လေ့ကျင့်ခန်းစာအုပ်ထဲမှာ မှတ်ချက်တွေ ဆက်ရေးရတော့တာပေါ့လေ။

ဖေဖေက သိပ်သဘောကျပုံမရပါဘူး။ ဒါပေမယ့် ကျွန်တော့်အထင် ဆရာမရဲ့မှတ်ချက်တွေကတော့ စောစောပိုင်းကထက် ပိုပြီး ယဉ်ကျေးလာပုံ ရပါတယ်။

“ဟယ်ရီ … မင်းရဲ့အဘွားကြီး သိပ်ယဉ်ကျေးနေပါလား၊ ဖေဖေ့ကို ရယ်စရာလုပ်နေတာပါကွာ” လို့ ဖေဖေက မှတ်ချက်ချတော့ ကျွန်တော် နားမလည်နိုင် ဖြစ်ရပြန်ပါတယ်။

ဘာလို့များ ဖေဖေက ဆရာမကို သဘောမကျတာပါလိမ့်၊ ပြီးတော့ ဆရာမနဲ့လည်း မတွေ့ဖူးဘဲနဲ့ ဘာလို့ အဖွားကြီးလို့ ပြောတာပါလိမ့်။

“ဟေး ..ဒီမယ်၊ အဘွားကြီး သွားတုတွေ ထွက်ကျသွားအောင် တို့ လုပ်ကြမယ်”

သည်လိုပြောနေတုန်းမှာ အဖေ့မျက်လုံးတွေ တောက်တောက်ပပဖြစ်နေတယ်ဗျ။

ကျွန်တော်က ဆရာမမှာ သွားတုတွေမရှိကြောင်း
ပြောပြတော့ ဖေဖေက “သွားစမ်းပါကွာ” ဆိုတဲ့ အမူအယာမျိုး လုပ်ပြတယ်လေ။ အင်း ….ဖေဖေဆိုတဲ့ လူတွေဟာ တမျိုးကြီးတွေနော်။

“ဒီည သားရဲ့သင်္ချာတွေ ဖေဖေ ဝိုင်းတွက်ပေးမယ်၊ ပုစ္ဆာတိုင်းမှာ အမှန်တွေ့နေတာကို သူတွေ့ရင် သူ့မျက်နှာ ဘယ်လိုဖြစ်သွားတယ်ဆိုတာ ကြည့်ထား သား၊ ပြီးတော့ ဖေဖေ့ကို ပြန်ပြော”

မိဘတွေက ကျောင်းစာတွေကို ကူလုပ်ပေးရင် ဆရာမ မကြိုက်တတ်ကြောင်း ကျွန်တော်ပြောတော့ ဖေဖေက မျက်မှောင်ကုတ်ပြီး ပြောပါတယ်။

“ဘာ ..မကြိုက်ဘူး၊ ဟုတ်စ”

ညကျတော့ ထုံးစံအတိုင်း ကျွန်တော် သင်္ချာထိုင်တွက်ပါတယ်။ ထုံးစံအတိုင်း တစ်ဝက်တစ်ပျက်နဲ့ တစ်နေတယ်လေ။ အဖေက နားခိုင်းပြီး ကျွန်တော့်ကို တယ်လီဗွီးရှင်း ကြည့်ခွင့်ပေးပါတယ်။

နောက်တနေ့ မနက်ပိုင်းမှာ ဆရာမ ကျွန်တော်တို့စာအုပ်တွေကို ခါတိုင်းလိုပဲ စစ်ဆေးတာပေါ့။ ကျွန်တော်က အဖေမှာတဲ့အတိုင်း မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပါတယ်။ ကျွန်တော့်စာအုပ်ကို ဖွင့်ကြည့်ပြီးတော့ ဆရာမ မျက်နှာ ရဲသွားပြန်ပါတယ်။ ဟိုတစ်ခါထက် ပိုနီသွားတယ်ဗျ။ ကျွန်တော့်စိတ်ထင်လို့လားတော့ မပြောတတ်ဘူး။ ပြီးတော့မှ ပြုံးလာတယ်။ ရယ်ချင်လို့ ပြုံးတဲ့အပြုံးမျိုးမဟုတ်ဘူး။ ဘယ်လိုပြောရမလဲ၊ တစ်ခုခု ရှာဖွေတွေ့ရှိသွားလို့ ကျေနပ်သွားတဲ့ အပြုံးမျိုး ခင်ဗျ။

စကားတစ်ခွန်းမှမပြောဘဲ ကျွန်တော့်ကို စာအုပ်ပြန်ပေးတယ်။ ပြုံးနေတုန်းပဲ။ ကျောင်းဆင်းခါနီးကျမှ ကျွန်တော့်ကို ပြောတယ်။

“ဒီမယ် ဟယ်ရီကမ်းမင်း ..ကိုယ့်သင်္ချာ ကိုယ့်ဘာသာကိုယ်တွက်နော်”

ညနေ အိမ်ပြန်ရောက်တော့ ဖေဖေက ဆေးတံခဲကာ ပြုံးပြုံးကြီးနဲ့ ကျွန်တော့်စာအုပ်ကို ယူကြည့်တယ်။ သူ့နှုတ်ခမ်းပေါ်က အပြုံး ချက်ချင်း ပျောက်သွားတယ်ဗျ။ တခုခုကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားပုံပါပဲ။

“သည်ဟာမကြီးက ဘာအဓိပ္ပာယ်လဲကွ”

ပါးစပ်ထဲက ဆေးတံ လွတ်ကျသွားတယ်။ ပါးစပ်က တတွတ်တွတ်နဲ့ ဆက်ပြောနေတယ်။ ကျွန်တော် တစ်ခုမှ နားမလည်လိုက်ဘူး။ စာအုပ်ကို ကျွန်တော်ပြန်ဖွင့်ကြည့်လိုက်တော့လည်း ဆရာမ မင်နီကြီးနဲ့
ရေးထားတာတွေကို ကျွန်တော် နားမလည်ဘူး။ ဘာတွေ ရေးထားလဲလို့ ဖေဖေ့ကို မေးကြည့်တော့ ကျွန်တော့်ကို ဟောက်တယ်ဗျ။

နောက်တနေ့မနက် ကျောင်းဆင်းတော့ ကျောင်းခန်းအပြင်ဘက် ဝရန်တာမှာ ဖေဖေရောက်နေတာကို တွေ့ရပါတယ်။ ဆရာမကို တွေ့ချင်တယ် တဲ့။ အခန်းထဲ ပြန်ဝင်ပြီး တွေ့ခွင့်တောင်းလိုက်တဲ့။

ကျွန်တော် ဖေဖေပြောတဲ့အတိုင်း လုပ်ရတာပေါ့။ ဆရာမရဲ့မျက်လုံးတွေ ဝင်းခနဲ တစ်ချက်လက်သွားတယ်ဗျ။ ဘုရား ..ဘုရား၊ ရန်ပွဲတော့ စပြီ ထင်ပါရဲ့။

“ကဲ ..မင်းအဖေကို ဝင်ခဲ့ပါလို့ ပြောလိုက်”

ဆရာမအသံက အေးစက်စက်။ ကျွန်တော် သင်္ချာမှားတိုင်း ဆူတဲ့
လေသံမျိုး။

အဲဒါနဲ့ ဖေဖေ အခန်းထဲ ဝင်လာရော ဆိုပါတော့။ ဆရာမရဲ့ ဧရာမ စားပွဲကြီးဆီကို လျှောက်သွားပါတယ်။ ဆရာမက ဖေဖေ့မျက်နှာကို လှမ်းကြည့်တယ်။ ဟင် ..ဖေဖေ ဘာဖြစ်သွားပါလိမ့်။ တုန့်ခနဲ ရပ်သွားပြီး မျက်လုံးကြီးတွေ အပြူးသားနဲ့ ဆရာမကို စိုက်ကြည့်နေတယ်။ ဟော ..လက်ထဲက ဦးထုပ်လွတ်ကျသွားပြီ။ ပြန်ကောက်တော့ ထပ်လွတ်ကျမလို ဖြစ်သွားပြန်တယ်။

မစ္စစ်ဘလင်းစတုန်းက … “ကျွန်မနဲ့ စကားပြောချင်လို့ဆို၊ ဟုတ်လား မစ္စတာကမ်းမင်း ..”

“ဟုတ် ..ဟုတ် ..ဟုတ်ကဲ့။ ဟို .. အဲ .. ”

ဖေဖေ အဲဒီလို မိနစ်ဝက်လောက် ဖြစ်နေတယ်ဗျ။ ခုမှ ကျွန်တော် သဘောပေါက်လာတယ်။ လက်စသတ်တော့ ဖေဖေက ဆရာမကို အရုပ်ဆိုးဆိုး အဘွားကြီးတစ်ယောက်လို့ ထင်နေတာကိုး။ ကျွန်တော်တို့ဆရာမက ဘယ်လောက်ချော မချော ကျွန်တော် ပြောပြမယ်။ ကျွန်တော့်သူငယ်ချင်း ဂျင်မီကင်မွန်ပြောတာကို ပြန်ပြောပြမှာပါ။ ဆရာမအကြောင်း အိမ်မှာပြောတိုင်း သူ့အဖေက သူ့အမေကို ကြည့်ပြီး သက်ပြင်းချတယ်တဲ့။

အဲဒီညမှာ သင်္ချာပုစ္ဆာတွေအကြောင်း ခါတိုင်းလို ကျွန်တော်တို့သားအဖ မပြောဖြစ်ကြဘူး ထင်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖေဖေ့ကြည့်ရတာ ရွှင်ရွှင်ပျပျ ဖြစ်လာသလိုပဲ ခင်ဗျ။ ဆရာမကလည်း ကျွန်တော့်အမှားတွေကို တွင်တွင် ကြက်ခြေခတ်နေတုန်းပါပဲ။ တကယ်မှားတဲ့အမှားတွေ။ ဒါပေမယ့် မှတ်ချက်တွေတော့ နောက်ပိုင်း မရေးတော့ဘူးဗျ။

အဖေက ကျွန်တော် နေ့တိုင်းလိုလို ကျောင်းဆင်းချိန်မှာ လာကြိုစ ပြုပါတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ အကြောင်းတခုခုရှာပြီး ဆရာမနဲ့ စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောတယ်ဗျ။ ဆရာမကတော့ ခပ်တည်တည်ပဲ။

တနေ့ ကျွန်တော် ကျောင်းမှာ ဂျင်မီနဲ့ဆော့ရင်း ဘောင်းဘီခွကြား ပြဲထွက်သွားပါတယ်။ ဆရာမက မြင်သွားပြီး “ဟောတော့ .. မင်းတော့ အမေ အဆူခံ ထိတော့မှာပဲ” လို့ ပြောတယ်ဗျ။ အဲဒီတော့လည်း ကျွန်တော်က ပြန်ပြောရတော့တာပေါ့လေ။

“ကျွန်တော့်ကို မွေးပြီးပြီးချင်း အမေဆုံးသွားပါတယ် ဆရာမ”

ဆရာမ စိတ်မကောင်းဖြစ်သွားပုံ ရတယ်ဗျ။ မျက်နှာတွေလည်း နီသွားတယ်။ စိတ်လည်း ရှုပ်သွားပုံပဲ။ ဘာဆက်ပြောရမှန်းမသိဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်လေ။ ညနေ ကျောင်းဆင်းတော့ ဆရာမက ကျောင်းဂိတ်ဝထိ ကျွန်တော်နဲ့ လျှောက်လိုက်လာတယ်။ စောင့်နေတဲ့ ဖေဖေနဲ့တွေ့တော့ ဆရာမက ကျွန်တော့်ဘောင်းဘီအပြဲနေရာကို လက်ညှိုးထိုးပြတယ်။ မဟုတ်ရင် သတိထားမိမှာ မဟုတ်ဘူးဗျ။ ဆရာမနဲ့ဖေဖေ နှစ်မိနစ်လောက် စကားပြောကြတယ်။ ကျွန်တော်က ဟိုငေး ဒီငေးနဲ့ပေါ့။ လှည့်ကြည့်လိုက်တော့ ဖေဖေ့ကားပေါ် ဆရာမက ရောက်နေပြီ။ အိမ်မှာ လက်ဖက်ရည်လိုက်သောက်မယ်တဲ့လေ။ မစ္စက်ဘီးမစ်ရှ် ဘယ်လိုများ ပြောမလဲ မသိဘူးနော်။ သူက ကျွန် တော်တို့ အိမ်ဖော်လေ။

မစ္စက်ဘီးမစ်ရှ်က ဆရာမကို သဘောကျပုံရပါတယ်။ ဖော်ဖော်ရွေရွေပါပဲ။ သည့်နောက်ပိုင်းတော့ ကျွန်တော်တို့အိမ်ကို ဆရာမ မကြာခဏ လက် ဖက်ရည် လိုက်သောက်တယ်လေ။

မစ္စစ်ဘလင်းစတုန်း ကျောင်းက ထွက်မယ်၊ ကျွန်တော်တို့အိမ်မှာ လာနေပြီး ကျွန်တော့်ရဲ့ ဒုတိယအမေလုပ်မယ်လို့ သူတို့ပြောတော့ ကျွန်တော် သိပ်မအံ့သြတော့ဘူးလေ။ ခု အဲဒီအတိုင်း ဖြစ်နေပြီဗျ။ အဲဒီလိုနဲ့ ကျွန်တော်တို့ ကျောင်းကို သင်္ချာဆရာ အသစ်တစ်ယောက်ရောက်လာပါတယ်။ ဆရာ့နာမည်က မစ္စတာဝက်ချ်တဲ့။

ဒီဆရာကလည်း ထိုနည်းလည်းကောင်းပဲဗျ။ ကျွန်တော့်အဖြေတွေပေါ်မှာ ကြက်ခြေတွေ ခတ်တာပါပဲ။ တညတော့ သင်္ချာတစ်ပုဒ်က ဖြီးဖြန်းတွက်လို့မရအောင်ကို ကျွန်
တော့်အတွက် ရှုပ်နေပါတယ်။ ဘယ်က စရမှန်းကို မသိဘူး။ ဒါနဲ့ မစ္စက်ဘလင်းစတုန်း .. အဲလေ .. ကျွန်တော့်မေမေက ကူတွက်ပေးပါတယ်။

အဲဒီအပုဒ်ကို ဆရာဝက်ချ်က မှားတယ်တဲ့ဗျာ။ ရှေ့လျှောက် ဘာတွေ ဖြစ်လာဦးမလဲ မသိဘူးနော်။
—————
#တင်မောင်မြင့်

Dad and My Teacher by Huge Miller

၁၉၉၃ ခုနှစ်၊ ဧပြီလ၊ ကျောက်ဖြူမဂ္ဂဇင်း။

Leave a Reply

Your email address will not be published. Required fields are marked *