Novel

#ဒယီးဒယိုင်

 

တရုတ်စာပေ သင်နေချိန် တနေ့ဖြစ်ပါသည်။ ထိုနေ့ သင်ရမည့် သင်ခန်းစာက လူရွှန်း၏ ‘နှစ်ကူးယာဇ်ပွဲတော်’။ ကျွန်တော်တို့၏ တရုတ်ဘာသာ ဆရာ အစည်းအဝေးတက်နေသဖြင့် ဆရာမအသစ်တစ်ယောက် အစားဝင်ပေးသည်။ ဆရာမ အသစ်ကလေးမှာ ဆရာဖြစ်သင်ကောလိပ်မှ လောလော လတ်လတ် ဘွဲ့ရလာသည့် မစ္စလီ ဖြစ်ပါသည်။

ဆရာမက ကျွန်တော်တို့အား သင်ခန်းစာကိုကြေညက်အောင် သင် ပါသည်။ ထုံးစံအတိုင်း ကျွန်တော်တို့တစ်တန်းလုံး ဆရာမအသစ်ကလေးမို့ ခြေဆုံးခေါင်းဆုံးကြည့်ပြီး အကဲခတ်နေကြသည်။ အရွယ်ငယ်လွန်းသဖြင့် ပို၍ စိတ်ဝင်စားနေကြခြင်း ဖြစ်ပါသည်။ အရပ်ပြတ်ပြတ် ဆံပင်ဖားဖားနှင့်၊ အဝတ်အစား ရိုးရိုးကလေးဝတ်ထားသည်။ တက်ကြွနေပုံရ၏။ မျက်လုံးများက တဖျပ်ဖျပ်တောက်ပလျက်။ ပီဘိ ကလေးငယ်တစ်ယောက်၏မျက်လုံးများ။ အပြစ်ဟူသရွေ့ မြူငွေ့ မထင်။ သို့သော် အားလုံး ခြုံကြည့်လျှင် ဆရာမအင်္ဂါရပ်နှင့်တော့ ညီသည်။

ကျွန်တော်တို့အားလုံး ကျေနပ်နေကြ၏။ အတန်းစ,သည်နှင့် ဆရာမကလေးသည် စာသင်ခုံဆီသို့ လျှောက်သွားသည်။ ပြီးတော့ တခြားဆရာမ အသစ်များလို အတန်းကို မစိမ်းဘဲ၊ မရွံ့ဘဲ၊ အလွန်အမင်း လိုက်လျောခြင်းလည်းမရှိဘဲ ပုံမှန်အတိုင်း သင်သွားသည်။ ဆရာမကလေးက တည်တည်ငြိမ်ငြိမ် စာသင်နိုင်သော်လည်း ကျွန်တော့်မှာ စိတ်တွေ လှုပ်ရှားနေ၏။ ဆရာမအတွက် စိုးရိမ်နေမိခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့အတန်းက အမေးအမြန်းထူသည့် စာသူရဲတွေချည်း မဟုတ်လား။

ဆရာမ စာသင်ပုံကို ကျွန်တော်တို့တတွေ သဘောကျနေကြသည်။ သင်ကြားရမည့် သင်ခန်းစာကို ထုံးလိုခြေ ရေလိုနှောက်ထားပုံရ၏။ သူ့အကြောင်းကိုလည်း တိုတိုတုတ်တုတ် ထည့်ပြောသွားသည်။ အတန်းသား တပည့်များကို ပွဲကြည့်ပရိသတ်နေရာမှာထားပြီး အက်တင်လုပ်ပြခြင်းမျိုး မဟုတ်ပါ။ ကျောင်းသားများ နားမလည်နိုင်သည့် စကားလုံးကြီးများဖြင့် ဆရာကို အထင်ကြီးအောင် သွေးဆောင်ဖြားယောင်းခြင်းမျိုးလည်း မဟုတ်ပါ။ ခေတ်အဆက်ဆက် ကမ္ဘာ့စာပေ ကိုးကားကောက်နုတ်ချက်များနှင့် ရောထွေးပြီး သင်နေရသည့် သင်ခန်းစာအား ပိုမိုနားစွဲအောင် သင်ကြားသွားလေသည်။ စာသင်ရာတွင်လည်း ကိုယ်ပိုင်ဟန်ဖြင့် သင်နိုင်သည့် ဆရာမကလေးဖြစ်ပါသည်။

” ……. ကောင်းကင်ဘုံနှင့် မဟာပထဝီမြေပြင်ပေါ်မှ သူတော်စင် သူတော်မြတ်တို့သည် လှူဖွယ်ဝတ္ထုခဲဖွယ် ဘောဇဉ်တို့ကို လက်ခံစားသုံးပြီးနောက် မူးယစ်ရီဝေကာ ကောင်းကင်တွင် ဒယီးဒယိုင် လျှောက်လှမ်းသွားလာလျက် ရှိကြသည်”

နောက်ဆုံးအပိုဒ်အထိ တစ်တန်းလုံး သံပြိုင်ဖတ်ပြီး သွားလေပြီ။

“ဝမ်လီ … ဒီဝတ္ထုမှာ ဒယီးဒယိုင်ဆိုတဲ့ စကားဟာ ဘာကိုဆိုလိုတာလဲ၊ ထ ရှင်းပြပါ”

ကျွန်တော်နှင့်ယှဉ်ထိုင်နေသည့် ကျောင်းသားကို ဆရာမက မေးခွန်းထုတ်လိုက်သည်။ ကျွန်တော်အသက်ရှူမှားမတတ် ဖြစ်သွား၏။ ဝမ်လီ ခပ်လေးလေး ထရပ်သည်။ လက်နှစ်ဖက်ဖြင့် စားပွဲကို အားပြုလျက်။ သို့သော် သူ ဘာမှမဖြေပါ။

ဆရာမက မေးခွန်းကို ထပ်မေးပြီး “စကားလုံးရဲ့ပင်ရင်း အဓိပ္ပာယ်ကို သတိထားနော်” ဟု ထပ်ဖြည့်ပြောသည်။

ဆရာမက အဖြေကို စိတ်ဝင်တစား စောင့်နေ၏။ သိပ်ခက်သည့် စကားလုံးမဟုတ်ပါ။ ကျွန်တော်တို့ အားလုံး လွယ်လွယ်ကလေး ဖြေနိုင်ကြပါလိမ့်မည်။ သို့သော် ဝမ်လီသည် စားပွဲထောင့်စွန်းကို စိုက်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။ ကျောက်ဆစ်ရုပ်လို့ မလှုပ်မယှက် ငြိမ်လျက် မေးခွန်းကို မဖြေဘဲ ပေရပ်နေ‌သည်။

“ဝမ်လီ၊ မင်းကို ဆရာမ ပေးနေတယ်၊ ဖြေလေ”

ဆရာမ အမိန့်တွင် ဒေါသသံကလေး စွက်လာသည်။ သို့သော် ဝမ်လီက ဆရာမကို မော်၍ပင် မကြည့်။ တစ်တန်းလုံး အပ်ကျသံကိုမျှ ကြားရလောက်အောင် တိတ်ဆိတ်နေ၏။ ဆရာမမေးသည့် မေးခွန်းကလေးကြောင့် ကျွန်တော်တို့ အတန်းလို အတန်းမျိုးထဲတွင် သည်မျှ ဆွံ့အနေကြသည်မှာ မယုံကြည်နိုင်စရာပေ။

ဘာပြုလို့ သူ့ကိုမှရွေးပြီး ဆရာမ ဒီမေးခွန်းကို မေးတာပါလိမ့်။ ဆရာမအတွက် ကျွန်တော် စိတ်မကောင်းဖြစ်သွားမိသည်။

“မေးခွန်းကို မဖြေဘဲ မင်းလုပ်ပုံက ဘာအဓိပ္ပာယ်လဲ”

ဆရာမမျက်နှာ နီစပြုလာပြီး ခပ်ငေါက်ငေါက် မေးလိုက်သည်။

“ကျွန်တော် မဖြေနိုင်ပါဘူး ဆရာမ”

ဆရာမက စိတ်ကို ထိန်းထားလိုက်ဟန်ဖြင့်

“ကဲ … ဒါဖြင့် ဘယ်သူဖြေနိုင်သလဲ” ဟု အတန်းကိုမေးသည်။

ကျွန်တော်က ဆတ်ခနဲ လက်ထောင်ပြပြီး

“ဒယီးဒယိုင်ဆိုတာ ဟန်ချက်မညီတာ၊ မတည်ငြိမ်တာကို ပြောတာ ပါ ဆရာမ။ ဒီစာပိုဒ်မှာတော့ သူတော်စင်တွေဟာ အရက်မူးသမားတွေလို သိုင်းကွက် နင်းပြီး……”

စသည်ဖြင့် ကျွန်တော်က စကားစပ်နှင့်တကွ ကရား ရေလွှတ် ပြောချလိုက်ပါသည်။

ဆရာမက ကျေကျေနပ်နပ်ဖြင့် ကျွန်တော့်ကို ထိုင်ခိုင်းသည်။ အချိန်များများ မကျန်တော့သဖြင့် ကျွန်တော်က ဆရာမကို စာဆက်သင်စေချင်၏။

သို့သော် ဆရာမက ဝမ်လီကို အခဲမကျေဟန်ဖြင့် “မင်း သေသေချာချာ ကြားရဲ့လား ဝမ်လီ” ဟု ထပ်မေးသည်။

ဝမ်လီသာ အကျိုးနှင့်အပြစ်ကို တွက်တတ်မည်ဆိုလျှင် ခေါင်းတစ်ချက် ညိတ်လိုက်ရုံပင်။ ဆရာမကလည်း ကျေနပ်ပြီး ထိုင်ခိုင်းမည်မုချ။ သို့သော် ဝမ်လီက ပေပြီး ရပ်မြဲ ရပ်နေ၏။

“ကလင်း ကလောင် ..ကလင်း ကလောင်”

ခေါင်းလောင်းထိုးသံ ထွက်ပေါ်လာ၍ အတန်းဖြုတ်လိုက်သည်။ ဆရာမက ချီတုံချတုံဖြစ်နေသည့်အမူအရာဖြင့် အောက်နှုတ်ခမ်းကို ကိုက်ထားသည်။ သူ ဘာကို မျိုသိပ်နေတာပါလိမ့်၊ ရှက်သွားတာလား။ ဒေါသဖြစ်နေတာလား။

“ဒီအတန်းက အတန်းခေါင်းဆောင်နဲ့ ဝမ်လီ ဆရာမရုံးခန်းကို လာတွေ့ပါ” ဟုပြောပြီး ထွက်သွားသည်။

သို့သော် အတန်းထဲဝင်စဉ်ကလို တက်ကြွသည့် ခြေလှမ်းများဖြင့် မဟုတ်တော့ပေ။

အတန်းထဲတွင် ဆူဆူညံညံ လှုပ်လှုပ်ရွရွ ဖြစ်နေဆဲကာလမှာပင် ကျွန်တော်နှင့်ဝမ်လီ ဆရာမရုံးခန်းဆီသို့ သွားကြရသည်။ ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေ လေ့ကျင့်ခန်းလုပ်ရန် ကွင်းထဲသို့ ဒလဟော ထွက်သွားကြ၏။

ရုံးခန်းထဲရောက်တော့ ဆရာမကို တွေ့ရသည်။ စားပွဲတွင် မထိုင်သေး။ မတ်တတ်ရပ်လျက် ကျွန်တော်တို့ကို စောင့်နေပုံရ၏။

ကျွန်တော့်နောက်မှ ခြေတစ်ဖက်ကျိုး ဝမ်လီတစ်ယောက် ဒယီးဒယိုင်နှင့် ထော့နင်းထော့နင်း လိုက်ပါလာသည်ကို ကြည့်ပြီး ဆရာမ အထိတ်တလန့် ဖြစ်သွားပုံရသည်။ အကြာကြီး ကြက်သေသေနေ၏။
ပြီးမှ ကျွန်တော်တို့ဆီလျှောက်လာပြီး တုန်တုန်ယင်ယင် ပြောလေ
သည်။

“ဆရာမကို ခွင့်လွှတ်ပါ ဝမ်လီရယ်…။ ဆရာမတောင်းပန်ပါတယ်.. နော်၊ ဆရာမ မင်းကို ဒီမေးခွန်း မမေးသင့်ဘူးကွယ်….. ”

အတန်းထဲမှာတုန်းကလိုပင် ဝမ်လီ ငြိမ်ပြီး ရပ်နေ
သည်။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်တစ်ပေါက်လိမ့်ကျလာသည်ကို ကျွန်တော် တွေ့လိုက်ရ၏။
—————
#တင်မောင်မြင့်

Reel by Xing Ge

၁၉၈၈ ခုနှစ်၊ ဇူလိုင်လ။မဟေသီမဂ္ဂဇင်း။

Leave a Reply

Your email address will not be published. Required fields are marked *