#ဗိန္ဒောဆရာကြီး ငှက်ရိုး
[ ၁ ]
သူစိမ်းလူနာဆိုရင်လည်း ကျုပ်ဖြင့် ဆက်ပြီးမကုနိုင်တော့ဘူးလို့ ပြောလိုက်ရုံပဲ။ ခုတော့ကာ ဆွေမျိုး။ ဆွေမျိုးတောင် အရင်းကြီး။
ကျုပ်ထက်ငယ်ရင်လည်း ငေါက်ဟယ်၊ ဆူဟယ်နဲ့ ဆေးဆက်ကုပေးလို့ရသပေါ့။ အခုဟာ ကြီးတော် အရင်းခေါက်ခေါက်။ ပြီးတော့ မိဘလို ဖြစ်နေတာ။ ကျုပ်အသက် ငါးဆယ်ကျော် ခြောက်ဆယ်တွင်းမှာ ဆေးဆရာ ဝါ နှစ်ပေါင်းသုံးဆယ် ဆိုပါတော့။ ဒီလို လူနာမျိုးနဲ့ ကြုံကိုမကြုံဖူးပေါင်ဗျာ…။
ကြီးတော် စ မမာစ၊ ဟို လေး ငါးဆယ်နှစ်လောက်ကတည်းက ကျုပ်က ကုချင်လှတာမဟုတ်ဘူး။ ကျုပ်က တူဆိုတော့ ဘယ်အထင်ကြီးမှာလဲ။ သူတရှောင်ရှောင်ဖြစ်စက ကုခဲ့တာ ဆရာကြီးနှစ်ဦး။ တစ်ဦးကဆို တောင်သာဆရာ။ တစ်ဦးက ပရမတ္ထ အလင်းပြဆရာ။ တကယ့် ထက်ပေ့ ဆရာကြီးတွေ။ဓာတ်၊ ဗိန္ဓော၊ ပယောဂ၊ ဗေဒင် လေးအင်လေးဝ အထင်ကရ ကျွမ်းကျင်ကြပြီးသား သမားတော်ကြီးတွေ…။
ဒါပေမယ့် ကျုပ်ရဲ့ကြီးတော်အကြောင်း ကျုပ် ပိုသိတာပေါ့ဗျာ။ သူက စရိုက်တစ်မျိုး။ နေထိုင်ကောင်းနေတုန်းကပဲ စပြောပြော၊ ရွာထဲမှာ ကျုပ်တို့ လေးခွတစ်ချောင်းနဲ့ ပုဆိုးကွင်းသိုင်းချိန်က စပြောပြော၊ ကျုပ် ကိုရင်ဝတ်ချိန်၊ လောကဓာတ်ကျောင်းသားဖြစ်ချိန်၊ မဗိန်မနဲ့ အိမ်ထောင်ကျချိန်၊ လယ်ဝန်ရုံးမှာ စာရေးလေးဝင်လုပ်ချိန်၊ ဆေးဝါးဘက် လိုက်စားချိန်တွေက စပြောပြော၊ ကြီးတော်ဟာ လူတစ်မျိုးဗျ…။
ဘယ်သူနဲ့ တွေ့ တွေ့ ၊ သူတတ်သူနပ်၊ တစ်ဖက်သား ပါးစပ်မဟခင် ငါသိပြီးသားပါ၊ ငါမပြောလား၊ ငါက အံတိုနေပြီဆိုတာ စကားဦး သန်းပြီးပြီ။ ရေကြီးလာတဲ့ကိစ္စဖြစ်ဖြစ်၊ သင်္ဂြိုဟ်ကိုးပိုင်း စကားဖြစ်ဖြစ်၊ သဒ္ဒါကြီးထဲက ပကိဏ်းပိုင်းဖြစ်ဖြစ်၊ ဂျာမနီနိုင်ငံ ဗွီဝမ်း ဗွီတူး ဒုံးပျံအကြောင်း စပ်စပ်၊ သူက သိပြီးစကား စပြောရော။ သူသိသူတတ်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုတောင် သူ့အရင် မွေးလို့ ပြန်အငြင်းရခက်ပုံမျိုး ပြောတတ်တာပဲ ကြည့်ပေါ့။ ခြေရင်းအိမ်၊ ခေါင်းရင်းအိမ်၊ ရွာအရှေ့ပိုင်း၊ အနောက်ပိုင်းလူတွေ၊ သဲပုံစေတီ ဂေါပကအဖွဲ့၊ ရွာဦးကျောင်း ဆရာတော်ကြီးနဲ့ ဆွမ်းခံထွက်တဲ့ ကိုရင်တွေ၊ ကျောင်းသားတွေကအစ သူကြီးနဲ့ ဆယ်အိမ်ခေါင်းအလယ်၊ တို့ဗမာသခင်တစ်စုနဲ့ သူ့ယောက်ျားအထိ အားလုံးက ဆလံပါပဲ။
ငါသိကြီးနဲ့ ဇွတ်ငြင်း၊ ဇွတ်ခေါင်းမာ၊ ကြာတော့ တစ်ရွာလုံးက ကြီးတော်ကို အလိုက်အထိုက်ပဲ သဘောထားကြတော့တာပေါ့…။
အဲဒီ ကြီးတော်ရဲ့ စရိုက်ကြောင့် တောင်သာနဲ့ ပရမတ္ထက သမားတော်ကြီးနှစ်ဦးလည်း ဆေးတစ်ပတ်လည် ကုပေးအပြီးမှာ ပြေးကြပါရော။ ဆေးဆရာ့စကားတွေကို မြေဝယ်မကျ နားမထောင်ဘဲ ထင်ရာ စိုင်းတော့ ဘယ်ဆရာက ကုပေးချင်ပါ့မလဲ..။
“ဆရာလက်လန် ဒေါ်သီးနှံ” လို့ ဆွေမျိုးထဲကကို ခေါ်ကြ ဝေါ်ကြတာ။ ကျုပ်လည်း ကြားနေရတာပဲ။ အဲဒီတင် ကြီးတော်ဒေါ်သီးနှံ ကျန်းမာပကတိ ချမ်းသာစွာရှိရန်အရေးမှာ ကျုပ်ဆီ မြားဦးလှည့်လာ ပေတော့တာပဲ…။
ကြီးတော့်ယောက်ျား ဘကြီးဦးကျန်က ဖျတ်ခနဲဆို ကျုပ်အိမ်ပေါ်ကို တက်လာတဲ့နေ့ကတည်းက “အင်း… ကြီးတော့်ဒုက္ခ၊ ငါ့ဒုက္ခ” လို့ တွေးကိုတွေးမိတယ်။ အာလာပသလ္လာပ ပြောလည်းပြီးရော…
“မောင်ငှက်ရိုးရေ၊ မင်းစိတ်မရှိဖို့ ဘကြီး အရင်ပြောပါရစေ၊ တူအရင်းခေါက်ခေါက် သမားတော်ကြီးရှိရက်နဲ့ တခြားဆေးဆရာတွေ ရွာလွန်ရွက်တိုက် ခေါ်ကုရသလား၊ ဘာသလား မဖြစ်စေချင်ဘူး။ မင်းကြီးတော်အကြောင်း မင်းသိပြီးသားပဲ၊ ရှင်းရှင်းပြောရရင် တူကျတော့ ငယ်မွေးခြံပေါက်၊ တယ်ပြီးမခံ့ဘူးပေါ့။ ဒီကောင် ငယ်ငယ်က ငါ ခါးထစ်ခွင် ထိန်းခဲ့ရတာ။ ချေးကလူ၊ သေးကလူ ထိန်းခဲ့ရတာ။ ဘာဘာညာညာနဲ့ အမြင်နုန့်မှာပေါ့။ ဒီတော့ မင့်စကား တယ်ပြီး နားထောင်မှာ
မဟုတ်ဘူး။ သူကိုယ်တိုင်က တခြားဆရာသာပင့်ပါ၊
ငှက်ရိုးနဲ့ ကုရမယ်ဆိုရင် ကျုပ်က ရယ်ချင်လို့ ဝမ်းထဲမှာ ကျလိကျလိဖြစ်နေမှာတဲ့။ ခုတော့ မင်းလဲကြားမှာပါ၊ ဟိုဆရာကြီးနှစ်ယောက်က ခြေကြွ ဆယ်ဆပေးပြီး
သွားပင့်တာတောင် ကံမစပ် ဆေးမလိုက်ဘူးလို့ ငြင်းလွှတ်ခဲ့ကြပြီကွ”
လှုပ်လိုက်တဲ့မျက်ခုံး၊ စုံ။ ကျုပ် အငြင်းရကျပ်သပေါ့ဗျာ။
ကြီးတော်ဖြစ်နေတော့ အခက်တကာ့ထိပ်ခေါင် လူနာပေပေါ့။
ဘကြီးက ခြေကြွစကားစတော့ ငြင်းရတယ်။ မိလိုဖလို ကြီးတော်ကို တူဆေးဆရာက ခြေကြွယူတယ်၊ ဘာတယ်ဆို လူဘယ်ကြားကောင်းမှာလဲ။ ခက်တာက ကျုပ်က အတော့်ကို အားလပ်တယ်ရယ်လို့ မရှိတာ။ ကျုပ်နေတဲ့ရွာ အပါအဝင် ဒိစကြိတ်တစ်ခုလုံးတွင် မကပါဘူး။ အောက်ပြည် အနှံ့အပြား ဆေးကုထွက်နေရတာ။ တစ်ခါတစ်ခါ အညာအထိ တက်ရတာ။ ဦးစိန်ကတုံးတပည့် မင်းသား၊ မင်းသမီးတွေအထိ ကျုပ်မှကျုပ်။ ရန်ကုန်အထိရော တက်ကုပေးရတာ။ အနီထောင် ဂျောက်ဂျက် သုံးဆယ့်ခြောက်ကောင် သမားတွေ၊ ဖဲသမား၊ ကက်သမားတွေဆိုတာ အညောင်းသမား။ ဒီပြင် လူစုံရာမှာ ရောဂါစုံတော့ လိပ်ခေါင်းတို့၊ ဘာခေါင်းတို့ ဘာတို့မှာ ဘာရောဂါပဲဖြစ်ဖြစ် ကျုပ်ကုရင် ခဏနဲ့ လူကောင်းပကတိ။ မီးယပ်၊ ဒူလာ၊ ညောင်းကျ၊ ကုတ်ဟီး၊ သူငယ်နာ၊ အညှော်ရှောင်နာ စတဲ့
ကိုးဆယ့်ခြောက်ပါးဆို ကျုပ်နိုင်ပြီးသား…။ အိမ်ထိုင်ကုရတာရော၊ လူနာအိမ် လေးငါးဆယ်ရက် ကြွပြီး ကုသပေးရတာရောနဲ့ ဘယ်လာအားပါ့မလဲ။ ဒါပေမယ့်လို့လည်း ကြီးတော်ကို ကုပေးပါ့မယ်လို့ ဘကြီးကို ပြောခဲ့ရတာပေါ့ဗျာ..။
***
[၂]
လာခေါ်တော့ ဆောင်းဝင်စ။ နွေစ၊ မိုးစ၊ ဆောင်းစကနေ ရက်ပေါင်း သုံးဆယ့်လေးရက်ဆိုတာ အာဂန္တုက ရက်။ ဆေးပေးရ ခက်တဲ့ရက်။ ရောဂါလက္ခဏာက မျက်လှည့်လို။ ဒီကြားထဲက ဆေးစတိုက်လို့ သုံးလေးရက် ရှိသေးတယ်။ ဟိုဆေးက ခါးသလေး၊ ဒီဆေးက ငန်သလေးနဲ့ ကြီးတော်က လုပ်လာပါရော။
“ငှက်ရိုးရယ်… နွယ်ချိုလေး ထည့်ပေးပါလားဟယ်” တဲ့။
ကျုပ်က ရယ်ရယ်မောမောနဲ့ပဲ..
“ဟာ… ကြီးတော်ကလဲ၊ နေမကောင်းလို့ ဆေးသောက်တာ၊ ဟိုတယ်တက် ထမင်းမြိန်စားတာမှ မဟုတ်တာ၊ ဆေးပဲဗျာ၊ သရေစာမှ မဟုတ်ဘဲ” လို့….။
ကျုပ်မှာဖြင့် ဗေဒင်တွက်ရ။ စန်းပြတ်၊ လွန်းပြတ်လားဟဲ့ ပူပန်ရ။ အနာရောဂါ ဘာလက္ခဏာလဲ ချိန်ရ ဆရ။ ပဂ္ဃရဏလား၊ ဝိတ္ထမ္ဘီတလား၊ ကက္ခဠလား၊ ဘာလားညာလား စဉ်းစားရ။ သင်္ဂဟိတများလား ဆရနဲ့။ သူ့ရောဂါက တစ်နေ့ရွှေ၊ တစ်နေ့ငွေ၊ ဆယ့်လေးငါး ခြောက်ရက်ကြာတော့ သြပက္ကာမိကတော့ မဟုတ်ပေဘူး။ ပျူစောထီးနဲ့ ကာကွယ်ရေး ဝင်သရမ်းတုန်းက သူမြင်လိုက်ရတာမှ မဟုတ်ဘဲ။
အာဟာရဇနဲ့ ဥတုဇ တစ်ပါးပါးပေပဲလို့ ဓာတ်တိုင်တွေ ဘာတွေထူ၊ တွက်။ အင်္ဂဝိဇ္ဇာ ဓာတ်တိုင်ရော၊ ဧကရန်း ဓာတ်တိုင်ရော၊ ဒွိရန်း၊ တြိရန်း၊ စတုရန်း၊ ပဉ္စပွတ်ရော၊ ဆပွတ်ရော ကမ်းကုန်ခါနီးပြီ။ ဇာတာက တိုင်ဆယ်ပါးလည်း ကြည့်ပြီးပြီ။ မြို့ကဓာတ်မီးတိုင်ပဲ ကျန်တော့ပါရဲ့…။
“နင်က သင်္ဘောသီးမှည့်ကို ခွံစိမ်းပါးပါးကျန်တဲ့အထိ ခြစ်ပြီး စားရမယ်ဆိုတော့ ငါမှ မကြိုက်တာ၊ ငါက သကြားဖြူးပြီး ခလောက်စားချင်လို့ သကြားနဲ့စားပြီးပြီ”
ကျူပ်ပေးတဲ့ ဓာတ်စာကို စပြီး ကွန့်လာပြီလေ။ ဒါတင်လားဆိုတော့…
“ငှက်ရိုးရယ်၊ နင့်ဆေးတွေက အဝင်သိပ်ဆိုးတယ်ဟဲ့။ ကွမ်းရွက်ပြုတ်နဲ့ဆို တော်သေးရဲ့။ ခွေးတောက်ရွက်ပြုတ်ရေနဲ့ဆိုတော့ အန်ချင်လာတယ်။ ဒါနဲ့ သုံးခွက်ကုန်အောင် မသောက်နိုင်လို့ တစ်ခွက်စာပဲ သောက်လိုက်တယ်”
တစ်နေ့ ဆေးသုံးခွက် သောက်ရမှာကို သူ့သဘောနဲ့သူ လျှော့တာပဲ ကြည့်တော့လေ။ ဒါ ခံတွင်းထဲ ထည့်တဲ့ကိစ္စ။ သနပ်ခါးအစား ကရမက်လိမ်းပါ ဆိုတာကျတော့…
“ငါမှ မကြိုက်တာ၊ အနံ့ကို ငါမုန်းတယ်၊ ပြီးတော့ ငါ့အသားတွေ မည်းကုန်မယ်” တဲ့..။
လူက ဖြူဆွတ်ဆွတ် ဖော့ရိုး။ တံတောင်ဆစ်အရိုးဆိုရင် ဂုန်အိတ်ချုပ်တဲ့ အပ်နဖားလို ငေါနေပြီ။ ခန္ဓာကိုယ်က အချိန်နှစ်ဆယ်လောက်ရှိတဲ့ ဝက်မတမ်းမလောက်တောင် မရှိဘူး။ နဖူး ဆံပင်တွေ ကျွတ်လို့ ပြောင်တောင်တောင်။ တစ်ခေါင်းလုံး ထုံးလိမ်းထားတဲ့ဆံပင် ထင်ရပါရဲ့။ ပါးရေက တွန့်၊ မျက်ခွံကတွဲတွဲ၊ အိုနေ နာနေတဲ့အရေးထဲ လှချင်သေးရဲ့။ ဆေးကျပြန်တော့ ချိုသလေး၊ ခါးသလေး၊ ဖန်သလေး၊ ချဉ်သလေး။ ဓာတ်စာကျပြန်တော့လည်း မကြိုက်တာရယ်၊ အရသာမတွေ့တာရယ်။ သူ့ကို ကုလာရတာ တစ်နှစ်ကျော်ပြီ…။
ထုံးစံအတိုင်းပဲ..။
တနင်္ဂနွေနံနက်မှာ ထူထူထောင်ထောင်။ ထမင်းတွေ ဘာတွေ ထစား။ ခြံထဲဆင်းပြီး ကင်ပွန်းရွက်ခူး၊ ဆူးပုပ်ရွက်ခူး။ ညနေကျတော့ တဟီးဟီး အော်ပြီး အချမ်းထ။ တစ်အိမ်လုံး စောင်ခြုံပေးရပြန်ရော။
ကျုပ်ကို အပြေးလာခေါ်လို့ ဆေးတိုက်တဲ့အခါ….
“အမလေးနော်၊ ရိုးတွင်းခြင်ဆီကပါ စိမ့်ပြီး ချမ်းနေတယ်။ စောင်တွေ မလှပ်ကြနဲ့။ အချမ်းပြေမှ ငါ ဆေးထသောက်ပါရစေဟဲ့” တဲ့….။
ကောင်းရော။ ကျုပ် စိတ်တိုတာ ဘကြီးဦးကျန် သိပုံရတယ်။ အောက်ထပ်ဆီ လက်ကုတ်ခေါ်ပြီးတော့မှ…
“မင်း စိတ်ရှည်ရှည်ထားပါ ငါ့တူရာ၊ အချမ်းတက်လို့ ဆေးလာတိုက်ကာမှ အချမ်းကျမှ ဆေးသောက်မယ်ဆိုတာသာ ကြည့်။ ငါတော့ ဒီမိန်းမကြောင့် အကုသိုလ်ဖြစ်ရသကွာ။ ပစ်သာထားဖို့ ကောင်းပြီ။ သူက ဆရာသမားထက် ပိုတတ်နေတယ်။ ဆေးလဲ အကုန်မသောက်။ ရေမချိုးနဲ့ဆို ချိုး၊ ဒါမစားနဲ့ဆို ခိုးစား။ ဘဲသား၊ ဝက်အဆီရှောင်ဆို တိတ်တိတ်စားတယ်၊ ကိစ္စမရှိဘူး။ ငါ့နာမည် မောင်ကျန်ပဲ၊ ငါပဲကျန်ဖို့ အရေးကြီးတယ်။ မတည့်ပါဘူးဆိုရင် စားပြီ။ ငါးသလောက်ပေါင်း
သူ့တူမ ပေါင်းခိုင်းပြီး တုန်ချည့်တုန်ချည့်နဲ့ သွားစားတာ၊ ငါးဆယ်သား တစ်ထိုင်တည်းစားတာ မောင်ငှက်ရိုး။ မဟုတ်မှလွဲရော၊ မင်းကြီးတော် ဖုတ်များ ဝင်နေရော့လား”
ဖုတ်ဟူသည်ကို ဘကြီး ယုံသလားမသိ။ ကျုပ်က ရယ်ပြီး နေလိုက်တယ်။
“မင်း ရယ်မနေနဲ့။ ငါ့အိမ်က ကလေးတွေ၊ သူ့ဆွေမျိုးတွေကြားရင် စိတ်မကောင်းမှာစိုးလို့။ မစားပြန်ရင်လည်း သုံးလေးရက်။ တစ်ခါတလေ ငါးကြော်တစ်တုံးနဲ့ ထမင်းသုံးလုတ်လောက် မနည်း ချော့ကျွေးရတယ်။ အဲ့ဗျာ၊ နောက်နေ့ကျရင် မင်းက မစားနဲ့ဆိုတဲ့ အမဲသား စားပါလေရော။ နှစ်ဆယ်သား၊ အစိတ်သား နှပ်ချက်။ အိနေတာ။ ခေါက်ဆွဲကြော်ကို အိမ်က ကောက်စိုက်သမ မြို့အသွားမှာ စပါယ်ရှယ် တစ်မူးတန်။ တစ်ယောက်တည်း တီးပစ်တာ။ အဲ… နောက်နေ့ကျရင် ဟိုက ကိုက်သလိုလို၊ ရင်ပြည့်သလိုလို၊ ခေါင်းမူးသလိုလိုနဲ့ အိပ်ရာထဲလှဲရော။ ငါထင်တော့ မူရာမာယာ ထင်တာပဲ” တဲ့။
ဘကြီးမှာ ဥပါဒါန် ဖြစ်မယ်ဆိုလည်း ဖြစ်လောက်ရဲ့…။
မထနိုင်ဘူး၊ ထူပေးပါ၊ ရေခွက်တောင် မကိုင်နိုင်ဘူးဆိုတဲ့ ကြီးတော်က သူ့မြေးအငယ်ကောင်နဲ့ မျက်နှာချင်းဆိုင်အိမ်က ကလေး ကျည်းသားရိုက်ရင်း ရန်ဖြစ်တော့ လူးလဲထပြီး ဆဲပါလေရော။ သူ့မြေး
ခြေသလုံးမှန်အောင် နှစ်ဘက်ချွန်ကျည်းသား တမင်ရိုက်ရကောင်းလားပေါ့။ အယုတ္တ အနတ္တကျမ်း ကုန်အောင်ပါပဲ။ အသံကလည်း မာဟေ့။ ဆယ့်ငါးအိမ်လောက်က ကြားရတဲ့အထိ သံကုန်ပြာပြာ တင်တယ်။ တစ်ချက် မမောဘူးတဲ့။ ဆဲလို့ဝပြီး ဓားမကို တဆဆနဲ့ နေ့ဝက်ကုန်တော့မှ အမလေး.. ငါမောတယ်၊ ငါမောတယ်။ ဘိလပ်ရေတိုက်ကြပါတဲ့..။
***
[ ၃ ]
သုံးနှစ်သုံးမိုး တိုင်ခဲ့ပြီဗျာ။ ကြီးတော် မသီးနှံက ဒီအတိုင်းပဲ။ သူ့ဥစ္စာက လဲချင်လည်း အိပ်ရာထဲလဲ။ တစ်လကြာကြာ၊ တစ်နှစ်ကြာကြာ ဘာအရေးလဲ။ ကောင်းချင်လည်း အကောင်းပေါ့။ ခုစာကလေးကြော်၊ ခုဆီထမင်း ရောဂါ။ ကျုပ်လည်း စဉ်းစားရပြီ။ အဘိုး ဆေးဆရာကြီးရဲ့အမွေ ဆေးကျမ်းဗီရိုကို မွှေရပြီ။ အလွတ်ရခဲ့သမျှတွေ ပြန်တိုက်ကြည့်ရပြီ။
ကျုပ် အမှတ်မှား၊ အရွတ်မှားနေတာများလားလို့၊ နရသုခိ နရမာလာကျမ်းတွေထုတ်၊ အာဒိကပ္ပ ဒွာဒသိကျမ်းတွေထုတ်၊ ဝိဘင်းလက်သန်း အဌကထာ သမ္မောဟ ဝိနောဒနီ အဌကထာတွေ၊ အင်္ဂုတ္ထိုရ် ပါဠိတော်တွေထဲက ဓာတ်ကြီးတွေ ပြန်ဖတ်။ ကျုပ် ကုထုံးမမှားတာ
သိပ်ကို သေချာပါတယ်။ ဒါပေမယ့် ကြီးတော့်ရောဂါက အတော်ဦးနှောက်ခြောက်စရာ ရောဂါပေပဲ။
အင်္ဂုတ္ထိုရ်ပါဠိတော်၊ မိလိန္ဒပဉှာ ပါဠိတော်၊ သံယုတ်ပါဠိတော်ကျမ်းလာ ကိုးဆယ့်ခြောက်ပါး ရောဂါနဲ့
ရောဂါအချုပ်တွေ စာရင်းထဲမှာ ကျုပ်ရဲ့ ကြီးတော်မသီးနှံရဲ့ ရောဂါများ ကြွင်းကျန်ခဲ့လေသလား ထင်တောင်ထင်လာမိပါရဲ့။ ကိုးဆယ့်ခုနစ်ပါး
မြောက် သနဝုတိရောဂါလို့ ဝေါဟာရသစ် ကြံဖန်တီထွင်ရမလားတောင် မသိတော့ပါဘူး။
“ဒီမယ် ကိုငှက်ရိုး”
လင်မယားနှစ်ယောက် ထမင်းစားရင်း ကျုပ်က ဘာဆေး ပြောင်းပြီး ကုရမလဲ စဉ်းစားနေတုန်း မဗိန်မ စကားစရော…။
“အင်း”
ဒီနေ့ ကျုပ်တို့လင်မယား အလုပ်များနေကြတယ်။ သူက သံဆုံထဲမှာ လေးညှင်း၊ ပိတ်ချင်းသီး၊ ဇာတိပ္ဖိုလ်သီးတွေ အချိုးအလိုက် တစ်မျိုးပြီး တစ်မျိုး ထောင်း။ ဆန်ခါချ။ ဆေးပုလဲတို့၊ ပညာလင်္ကာတို့၊
ကွက္ကရာတို့၊ ဖုံးမသိန်တို့၊ ဆောင်းမေးခါးတို့၊ ကတိုးကြောင်သိုတို့ ဘာတို့နဲ့ ဆေးဖော်ရတယ်။ ကျုပ်က မြို့တက်ပြီး ပရဆေးဆိုင်သွား၊ လိုတာဝယ်။ ခွေးတောက်မြစ်တို့၊ ဆူးကောက်နက်တို့၊ လက်ထုတ်ခေါက်တို့၊ ထိန်ပွင့်တို့၊ ဣဿရမူလီတို့ကျတော့ ကိုယ်တိုင်တောနင်းရှာ။ တပည့်တွေဆီ သွားတောင်းတန် တောင်း။ ညနေစာ မချက်နိုင်ဘူး။
ဒီတော့ ယီစန်းတို့ကုန်စုံဆိုင်ကို မဗိန်မ ပြေးပေါ့။ ငါးသေတ္တာ တစ်ဘူးဝယ်။ ဘဲဥ သုံးပဲဖိုး လေးလုံး ကြော်။ ပဲနီလေးနဲ့ ကြာဆံနဲ့ပဲ ညစာကို ဖြစ်သလိုစားလိုက်ရတာပေါ့။ ခပ်ပျင်းပျင်း ဆင်းရဲသမ အိမ်ထောင်ရှင်မလို လွယ်လွယ်ပဲ ညစာစီစဉ်ရတာ မဗိန်မက တောင်းပန်တယ်၊ အလုပ်က များတာကိုးဗျ။
“ရှင့်ကြီးတော်ကို ရှင် စပြီးကုတာ ခုဆောင်းဆို သုံးနှစ်”
“အင်း”
“ဆက်မကုရင် ကောင်းမယ်”
ကျုပ် အံ့သြသွားလို့ ထမင်းလုတ်ကို လက်ထဲမှာပဲ ထားနေလိုက်သေးတယ်။
“ဘာဖြစ်လို့လဲ ရှင်မ”
“သူ့ကို မကုခင်က တပည့်လာခံတာ တစ်ယောက်၊ ကုတဲ့နှစ်မှာ တပည့်နှစ်ယောက်၊ အဲဒီ သုံးယောက်စလုံးက တစ်နှစ်ကပဲ ဇာတိ ပြန်ပြေးကြပြီ”
ကျုပ် နဖူးတွန့်မိတာပေါ့။
“တစ်ရွာလုံး၊ တစ်နယ်လုံးက ရှင့်ကြီးတော် ရှင်ကုပေးနေတာကို မျက်စိဒေါက်ထောက်ပြီး ကြည့်နေကြတာ။ ကိုယ့်ကြီးတော်ဆိုတော့ အင်မတိအင်မတန် အစွမ်းထက်တဲ့ ဆေးကောင်းဝါးကောင်းနဲ့ ကုမှာ
သေချာတယ်ပေါ့။ ကြံ့သွေး၊ ကျောက်သွေး၊ ငါးကြီးအန်ဖတ်၊ ငှက်သိုက်၊ မဉ္ဇူသကနတ်ပန်းပွင့်၊ စပါးကြီး သည်းခြေတွေလို အဖိုးတန် ဆေးစွမ်း
ကောင်းတွေနဲ့ပါ ကုပြီပေါ့။ သိကြားမင်း ဆင်းကုသလိုဖြစ်ပြီ၊ ဘာဖြစ်ပြီ သတင်းကြီးနေတာ။ ခုတော့ ဒီအတိုင်း ဒီအတိုင်း။ နှစ်ကို သုံးလေးနှစ် ချဉ်းနေပြီ၊ အတော်နာမည်ပျက်နေတာ ရှင်သိလား”
ကျုပ် လန့်သွားတာအမှန်ပဲ။ စဉ်းစားရပြီ၊ ဟုတ်ပ။ ကြီးတော်ဆီ ကျုပ်သွားရင် လူနာသတင်းမေးတဲ့သူက အိမ်အပြည့်။ ဆေးပေးပုံ၊ အနေအထိုင်၊ အစားအသောက်၊ စည်းပေးပုံကိုပါ တိတ်ပြီး နားထောင်နေကြတာ။ တပည့်သုံးယောက်ကိုယ်တိုင် ကျုပ်ရဲ့ ကြီးတော်ကို ခြေသွေးစမ်း၊ လက်သွေးစမ်း။ ကျုပ်က ရောဂါလက္ခဏာ ရှင်းပြ၊ ဆေးဝါး တစ်မည်ချင်းရဲ့ ချဉ်ငန်စပ်ခါးတွေ အာနိသင်တွေ ရှင်းပြ။ ကြီးတော်ကို
ကုရင်း လက်တွေ့သင်။ သင်းတို့ရော၊ မဗိန်မခမျာရော သံဆုံ သုံးဆုံနဲ့ ထုရ၊ ထောင်းရ၊ကြေးဆန်ခါချရ၊ နေပြရ၊ လျှော်ရ၊ ကျိုရ၊ ချက်ရ၊ ပင်ပန်းခဲ့ကြတာ ကျုပ်အသိ….။
ကြီးတော်ကြောင့် ကျုပ်နာမည်ထိခိုက်ပြီဆိုတာ ဟုတ်ပုံရပါ့။
“ကြီးတော် မသီးနှံကို မကုခင်က ရှင်စဉ်းစား၊ နှစ်ချုပ်ရင် စားပြီးသောက်ပြီး ထောင့်လေးငါးရာ ကျုပ်တို့မှာ ကျန်တယ်။ ရှင့်မှာလဲရင်ဖုံးအင်္ကျီ တစ်နှစ် လေးငါးစုံ အသစ်ချုပ်။ ထားဝယ်လုံချည်၊ ဗန်ကောက် လုံချည်လဲ လေးငါးရှစ်ထည်၊ ကျုပ်မှာလဲ တစ်နှစ် လက်ကောက် သုံးကွင်းတော့ စုနိုင်တယ်။ ကထိန်ဆိုလဲ သင်္ကန်းလေးငါးစုံ လှူမပျက်။ ကြီးတော်ကိုကုပြီး နောက်နှစ်ကစပြီး တစ်စတစ်စ အခေါ်အပင့်ပါ ရှားလာတယ်။ ကျုပ်က လူတွေ နာပါစေ၊ ရှပါစေ ဆုတောင်းလို့ပြောတာ မဟုတ်ဘူးနော်။ ရှင့်ဆီကို လူနာလာမပင့်တာ ရှင့်ဆေးတွေ မစွမ်းလို့၊ ရှင်မကုတတ်လို့.…. လို့ တွက်လာ၊ ထင်လာကြတာကို ကျုပ်ပြောနေတာ”
ကျုပ် ထမင်းကိုဖြည်းဖြည်းစားရင် အင်းလိုက်နေတယ်။ ပြန်ပြီး တွေးတော့ ဟုတ်ပါဘိ။ ကလေးသူငယ်နာ အုပ်ဆေးတို့၊ လေပုပ်ထုတ်ဆေးတို့၊ ငန်းနီကျော်တို့၊ လျှာပွတ်ဆေးတို့၊ ချောင်းဆိုးပျောက်ဆေးတို့၊
မြလေးရုံဆေးတို့ လာဝယ်နေကြသူတွေ သိသိသာသာ နည်းသွားပြီပဲ။
မြို့ကျော်၊ နယ်ကျော် အပင့်အခေါ် မရှိသလောက်ဖြစ်နေပြီပဲ။ ဆေးဆရာပင့်တယ်ဆိုတာ တစ်ဆင့်စကား တစ်ဆင့်စုံစမ်းပြီး ပင့်ကြတဲ့ဓမ္မတာပဲ။ လူနာရှင်က ဈေးသည်ခေါ်သလို ဘယ်လာစွတ်ရွတ်ခေါ်ပါ့မလဲ။ အစမ်း ခေါ်ကုတာတို့ အမြည်းကုကြည့်တာတို့ ဘယ်ရှိပါ့မလဲ။ ဆေးဆရာ အပင့်မှားရင် သုသာန်တစပြင် ရောက်ကိန်းကိုးဗျ…။
“အေးကွ၊ မင်းပြောတာ ဟုတ်တုတ်တုတ်၊ ကိုယ့်ကြီးတော် ဥုံဖွဆို ဖျတ်ခနဲထထိုင်၊ ချက်ချင်း
ဆေးတွေနဲ့ ငါကုမှာပဲလို့ ထင်ကြမှာပေါ့ကွာ။ ခုတော့ ငါ့အိတ်ထဲက အကောင်းဆုံးဆေး ဖော်ရလို့ ကုန်တာပဲ ရာချီ ထောင်နီးနေပြီ။ ခြေတိုအောင် ဆေးမြစ်လျှောက်တူးရတာလဲ လက်ဖဝါးမှာ သံတူးရွင်းကြောင့် ကျွဲပခုံးထနေတာ မင်းအသိပဲ ရှင်မ”
“အရင်းခေါက်ခေါက်ကြီးဆိုတော့ လူကောင်းဖြစ်ရောလေဟယ်ဆိုတဲ့ ခြေကြွမရတာထား၊ ကိုယ့်ကြီးတော် ဆေးဖိုးဝါးခ မရတာလဲ ထားတော့။ အမျိုးအရင်းကြီးမို့ ဆေးဖိုးလဲ ကျုပ်တို့အိတ်ထဲက၊ ဒီကြားထဲ
ဓာတ်စာဖိုးပါ အဆစ် ကုန်ပါစေ။ ကျုပ်ပြောတာ နှမြောလို့မဟုတ်ဘူး၊ ကျုပ်ရွှေတွေ ကုန်သွားတဲ့အပြင် အိမ်တိုင်ပါချွတ်ပြီး ရောင်းကုပေးရ ပေးရ၊ ကုရကျိုးနပ်လို့ ပျောက်ကင်းတယ်ဆို ဘာအရေးလဲ။ ခုဟာက
ရှင့်ကြီးတော်က ရှင်တိုက်တဲ့ဆေးလဲ မှန်မှန်မစား၊ ဓာတ်စာကျွေးရင် ဂျီဂျများ၊ ထင်ရာ စား၊ နေချင်သလိုနေ၊ ဆေးဆရာ နာမည် လာထိရော”
ကိုယ်တွေ့မို့လို့ ကျုပ် ဘာပြန်ပြောသာတော့မှာလဲ၊ သူပြောတာ မှန်ပြီးသားတွေပဲ။ တွင်းအောင်းသား မစားပါနဲ့လို့ ကျုပ်က တားမြစ်တယ်။ ကြီးတော်က ငါးရှဉ့်၊ ဖား၊ ကဏန်းစားတယ်။ ခံတွင်းတွေ့လို့တဲ့။
အဲဒါတွေ စားပြီးရင် မင်း လျှာပွတ်ဆေး လျက်လိုက်ပါတယ်တဲ့။ မတည့်
တဲ့အစာ စာရင်း ကျုပ်ပေးထားတာ၊ စာရွက်ကို တစ်တောင်လောက် ရှည်တယ်။ အဲဒီစာရင်းထဲက ဖွတ်သား၊ လိပ်သား၊ လိပ်ဥ၊ ငါးပတ်၊ ငါးလိပ်ကျောက်၊ မှို၊ ဘဲသား၊ ရွှေဖရုံသီး၊ မျှစ်ချဉ်၊ ကြွက်၊ တညင်းသီး၊
ဝက်ဆီဝက်ခေါက်၊ ပုစွန်ချဉ်၊ ငါးချဉ်၊ ကျွဲနို့တွေကိုမှ ချင်ခြင်းတပ်လို့ ဆိုပြီး ရွေးစားတယ်။
“မင်းပြောတော့ ရောဂါတစ်ခုဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆို။ အာဟာရပြည့်အောင် ငါစားတာပဲ၊ စားပြီးတိုင်း ဘုန်းကြီးပွတ် လျှာပွတ်ဆေး တစ်လုံး နှစ်လုံး ငုံပါတယ် မောင်ငှက်ရိုး” တဲ့။ ပြီးပြီလား၊ ခံရပြီလား၊ အော်ရပြီလား၊ အဲဒါကျရင်တော့ ကျုပ်ကို…
“တူတစ်ယောက်လုံးက တိုင်းကျော်ပြည်ကျော် ဓာတ်ဗိန္ဓော၊ ပယောဂ၊ ဗေဒင်တစ်ဖက်ကမ်းခပ်တဲ့ ဆေးဆရာအကျော်အမော်ကြီး၊ ငါ့ကိုပျောက်အောင် မကုနိုင်ဘူးလားဟဲ့။ နင့်အဘိုး သမားတော်ကြီးသာ ခုနေ ရှိနေရင် နင်ကုပုံနဲ့ နင် ကျောကွဲပြီ။ သူများတွေပွဲသွား၊ ငါလဲ
သွားချင်တာပေါ့ ငှက်ရိုးရဲ့။ ငါ့မှာ တစ်ပတ် ဆယ်ရက် တောက်လျှောက် သက်သာတာရယ်လို့ ရှိကိုမရှိဘူး” တဲ့၊ ကြီးတော်က….။
ထူထူထောင်ထောင် ဖြစ်ချင်လိုက်တာ သူ၊ ဟိုတုန်းကလို သွားဟယ်လာဟယ် နေချင်တာသူ၊ ပျော်ဟယ်ပါးဟယ် လည်ဟယ်ပတ်ဟယ် နေချင်တာသူ၊ ဖြစ်နိုင်ရင် အနှစ်သုံးလေးဆယ်ကလို ဖန်ခုန်တမ်း ကစားချင်တယ်တဲ့။ ထုပ်ဆီးတိုးတမ်း ကစားချင်တယ်တဲ့။ နတ်ရေကန် ရှာပေးရမလို ကျုပ်မှာ ဖြစ်ကရော။ ဆေးဆရာစကားကိုကျတော့ မနာခံ၊ ဆင်ခြေကလည်းပေး၊ ဒီအထဲ လူနာသတင်း လာမေးတာ မကြိုက်ဘူးလို့ ဟိုလူ ဒီလူ ရန်တွေ့ လွှတ်။
“ဟဲ့… ငါ လူမမာမဟုတ်ဘူး၊ ရောဂါသည်မဟုတ်ဘူး၊ ငါ့လာဆရာမလုပ်နဲ့။ ငါစားချင်ရာ စားမယ်၊ ပါးစပ်ဆိုတာ စားဖို့ နတ်ထွင်းထားတာ”တဲ့။
အာကြမ်းလျှာကြမ်းလာလေလေ ဘကြီးက..
“ဟေ့ကောင်၊ အိပ်ရာအောက်မှာ သြဇာရွက်တို့၊ ခုံဖိနပ်မြီးပြတ်တို့ ထားပြီး ဖုတ် ဟုတ်မဟုတ် စမ်းကြည့်စမ်းပါဦး ငှက်ရိုးရာ”တဲ့…။
ကျုပ် စိတ်ညစ်လာပြီ။ ဆေးအမည်လည်း ဘေသဇ္ဇကျမ်းစုံ၊ ပုရပိုဒ်စုံ၊ ပေထုပ်စုံကုန်ပြီ။ ဂြဟကျမ်းအစုစုလည်း နှံ့ပြီ။
စန်းသုဉ်း၊ လွန်းသုဉ်း၊ ဓာတ်ငုပ်သင်္ချိုင်း၊ စိုက်လေသမသော သမားစဉ် စကားတွေအရပေါ့ဗျာ။ ကြီးတော်နဲ့ပတ်သက်ရင် ကျုပ်တစ်သက်လုံး မပျာယာစဖူး ပျာယာခတ်ရပြီ။ ယတြာချေဖို့ ပရိဝါရ ကျုပ်က ရွေးမယ်ကြံတယ်။ အန္တရာယ်ကင်းအောင် သံ၊ ဣ၊ သွာ၊ သု ရှစ်ချက်ဂါထာ အင်းချဖို့ မိုင်းကိုင်စက္ကူ ကိုင်ရသေးတယ်။ ကြီးတော်က ကျုပ်တားထားတဲ့ ပြောင်းဖူးဖက်ဆေးပေါ့လိပ်ကို ရဲရဲဖွာပြီး…
“ဟဲ့.. ငှက်ရိုးရဲ့၊ ကုသလံ၊ သမာနံ၊ အညေနတဲ့၊ ကုသလကမွေန…”
အစချီပါပြီ။ ကျုပ်က ဘာသွားပြောရမလဲ။ သူက ထုံသင်းမှည့်ယောင် စားကောင်းအောင်တဲ့။ တတိယ အာယုဟာယန တစ်ဆယ့်ရှစ်ရက်ကွေ့၊ ဓာတ်သက်ချုပ်မပေါ့ကွယ်တဲ့။ မင်းဥစ္စာက အာဒိကပ္ပ ဒွါဒရာသီ နက္ခတ်ကျမ်းနဲ့ ကြုံယှနက္ခတ် ဓာတ်စာညှိပြီး ငါ့ဘာသာ ငါစားတာ။ ကျွဲ၊ ဥတုဘောဇနအရ စားပါရက်နဲ့ ဝမ်းသုံးရက် လျှောရတာတော့ ငါလဲ မတတ်နိုင်ဘူး။ အရေးကြီးတာက စားချင်သလိုစား၊ နေချင်သလိုနေ ဥတုကို ပမာမခန့်နေတာ ငါ့စိတ်အလိုပြည့်တာပဲ။ အဲဒီအထဲကနေ ပျောက်အောင်ကုဖို့သာ မင်းတာဝန်ဘဲတဲ့….။
နာတာရှည် လူနာ၊ လူမမာကြီးတော် ကိစ္စမချောဘဲ ကျုပ်သမားတော်ငှက်ရိုးသာ စိတ်ကြောင့် သည်းခြေခိုက်ချင်လာပြီ။ မင်းကို အားကိုးကာမှ မပျောက်လို့ကတော့ ပါးရှစ်စိတ်အကွဲတဲ့။ အင်း.. ဆေးဖိုးဝါးခ ထင်ပါရဲ့။ စ ကုစတုန်းက ငါမပျောက်ရင် မင်းပါးနှစ်ခြမ်းကွဲပြီ မှတ်တဲ့။ အပြောအဆိုလေးကလည်း အဲသလို ယဉ်ယဉ်ကျေးကျေး။
ကျုပ်က သည်းခံပြီး ကုပေတယ်လို့ တစ်ရက်ထက်တစ်ရက်၊ တစ်နှစ်ထက်တစ်နှစ် ဘာမှမထူးတဲ့အပြင် သူလည်း မီးခြစ်ဆံဖြစ်လာပြီ။ အသံက မာမာလာတော့ ဖုတ်ဝင်နေတယ်ဆိုတာ ကျုပ်တောင် တစ်မျိုး
ဖြစ်လာတယ်…။
“ကိုငှက်ရိုး….”
“အင်း… ပြောလေ”
“ဆေးကုမယ့်အစား မြို့က လူနာဟောင်း ကုန်သည်တွေနဲ့ဆက်ပြီး ကုန်ရောင်းကုန်ဝယ် လုပ်စားရရင် မကောင်းဘူးလား”
သူ ဘာပြောတယ်ဆိုတာ သိပါတယ်။ မဗိန်မက ကျုပ်ကြီးတော်ကြောင့် ကျုပ်နာမည်ပျက်ရတာကို ရည်စူးတာပါ….။
“ငါ့သမားသက်မှာ ဘယ်နှယောက်ကို နှစ်လသုံးလ ကုရတယ် ရှိဖူးလို့လဲ ဗိန်မရယ်”
“ဟုတ်ပါတယ်၊ သတိလစ်နေတဲ့သူတောင် ဆေးတစ်စက်နဲ့ ထထိုင်တာ ကျုပ်သိပါတယ်။ လေးငါးနှစ် လဲနေတဲ့သူကိုတောင် ရှင်ကုရင် ကြာလှ ဆယ့်လေးငါးရက်။ ကြီးတော်မသီးနှံကျမှ ကျုပ်ရဲ့ ငါးမူးသား လက်ကောက်တစ်ကွင်းပါ အဆစ်ပါရပြီ၊ ဆေးဖော်ပေးရလို့”
“အေးကွာ၊ ဆေးဆရာထက် တတ်ပြီး ဆင်ခြေချည်းတက်နေတာ မင်းအသိပဲ”
“မပြောကောင်းပြောကောင်း သေမှာဖြင့် သေ၊ ရှင်မှာဖြင့် ချက်ချင်းကောင်း။ ကြားကနေ ကျုပ်တို့က နာမည်ပျက်တယ်။ လူနာက လူနာနေ မနေဘူး၊ လူတတ်ဝင်လုပ်၊ စကားလဲနားမထောင်။ ဘေးကတော့ သူ့ အဲဒီအကျင့် ဘယ်သိပါ့မလဲ၊ သိနေကြတာက ရှင်ကုနေတာကိုပဲ”
“ဟုတ်တယ် ရှင်မရယ်၊ ငါလဲ စိတ်ညစ်လှပါပြီ။ ဆက်မကုရ တခက်၊ ကုရတခက်။ ငါက သူတစ်ပါးအသက်ကယ်တာ ဆင်းရဲလဲ အိတ်စိုက်ကုပေးတာ မင်းအသိ။ ဒီငါ့ကြီးတော်ကျမှ သေချင်စော်ကို နံရော။ သူကိုယ်တိုင်က မသေမရှင်များ နေချင်ရော့လား မသိပါဘူးကွာ။
ငါ သူ့ကိုဆက်ပြီး ဆေးကုနေသမျှ ငါ့သမားဂုဏ်တွေတော့ သဲထဲရေသွန်ပဲ။ ငါ့ ဘီ ဘေသဇ္ဇပါရဂူ ဆရာထက်ကြီးရဲ့ ဂုဏ်ရော၊ အဘိုး ဘေသဇ္ဇရာဇာ ဆရာရွှေဘိုးရဲ့ ဂုဏ်ရော၊ ငါရော အလကားဖြစ်ရပါပြီ။ ညဘုရားရှိခိုးရင်တော့ ငါ ဆုတောင်းရမယ်”
မဗိန်မက ကွမ်းသီးစိတ်တွေ တချပ်ချပ်ညှပ်ရင်း မျက်ခုံးတွန့်သဗျ။ ပြီးမှ အင်း… ဘာဆုတောင်းမှာလဲတဲ့..။
“ဒီဘဝ ဆေးဆရာဘဝမှာရော၊ ဖြစ်လေရာ ဆေးဆရာဘဝမှာရော ကြီးတော်လို လူမမာ လူနာမျိုးနဲ့ ရေစက် မဆုံပါရစေနဲ့ ဘုရားလို့။ ဟင်း… တွေ့ဖူးပေါင်ဗျာ၊ ကြုံဖူးပေါင် ကြားဖူးပေါင်ဗျာ…။
—————
#ငြိမ်းကျော်
ပန်းဝေသီမဂ္ဂဇင်း၊ ၁၉၉၀ ခုနှစ်၊ ဇွန်လ။
👉