Novel

#မွဲမျက်နှာအပြောင်သားရယ်နှင့် ကြွားလိုက်မယ်လေး

————————————-

ခုတစ်လော စီးပွားရေးနှင့် ပတ်သက်တဲ့ ဆောင်းပါးတွေ မဂ္ဂဇင်းတွေထဲမှာ ဖတ်ရတယ်။ ဘယ်လို အရောင်းအဝယ်တွေကို ဘယ်လိုပဲ နည်းနည်းပါးပါးက စ,လုပ်ပြီး ကုမ္ပဏီကြီး၊ အလုပ်အကိုင်ကြီး သူဌေးဖြစ်ကြတာပေါ့လေ။ “ကြွက်သေတစ်ခု အရင်းပြု၊ လေးလတွင်းဝယ် တစ်သိန်းကြွယ်” ဆိုတဲ့ ဇာတ်လမ်း အဖြစ်မှန်တွေ ဖတ်ရတာ အားရစရာကြီးပါပဲ။ ဝမ်းသာမိပါတယ်။ မုဒိတာ ဖြစ်မိပါတယ်။ ဒါနဲ့ ကိုယ်လည်း ဒီလို ဆောင်းပါးမျိုး ရေးချင်လာတာနဲ့ စိတ်ကူးကြည့်လိုက်တော့

“ဖွတ်နှစ်ကောင်ပြာရထားပေါ်က မွဲမျက်နှာအပြောင်သားရယ်နှင့် ခင်လေးတို့ရေ ကြွားလိုက်မယ်လေး” ဆိုတဲ့ သီချင်းပုဒ်လေး သွားသတိရမိတယ်။

ကိုယ် အရောင်းအဝယ် လုပ်ဖူးတုံးက အဖြစ်အပျက်လေးတွေ သတိရပြီး “လေးလတွင်းဝယ် တစ်သိန်းကြွယ်” တဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘူး။ တစ်ကယ့်ကို ဖွတ်ကြား ဇာတ်လမ်းပါပဲ။

ဂျပန်ခေတ် စစ်အတွင်းကပေါ့။ အမျိုးသားက လခစားဘဝနှင့် လုပ်ခဲ့တယ်။ ကိုယ်က စာရေးဆရာ၊ ဆောင်းပါးရေး၊ ဝတ္ထုရေးပြီး ရတတ်သမျှနှင့် ပျော်ပျော်နေလာခဲ့တာ၊ စစ်ဖြစ်လို့ လခစား အလုပ်လည်းမရ၊ စာရေးပြီး စာမူခ ရဖို့ကလည်း ဘယ်မှာမှ နေရာ မရှိတော့ မျက်စိသူငယ်နှင့် လမ်းစပျောက်ခဲ့ရတဲ့ ဘဝနှင့် ရင်ဆိုင်ရတာပေါ့။

အဲဒီ အချိန်မှာ ကိုယ်တို့လို “ကော်လာဖြူ” အလုပ်သမားလို့ နာမည်ပေးထားတဲ့ ရုံးအလုပ်သမားတွေဟာ အရောင်းအဝယ် ပွဲစား လုပ်ကြတာ တွေ့ရတယ်။ “လူမတတ် လက်ဖက်ထုပ်တော့ တတ်” ဆိုသလို လုပ်ရင်းကိုင်ရင်း အဆင်ပြေ ဟန်ကျတာတွေလည်း မျက်မှောက်မှာ တွေ့ရတယ်။ မိတ်ကောင်း ဆွေကောင်းတွေကလည်း ကူညီကြပါတယ်။

မိတ်ဆွေတစ်ဦးက ဖိနပ်လုပ်ငန်း လုပ်တော့ ဖိနပ်တွေရောင်းဖို့ ပေးတယ်။ ရောင်းပြီး မင်းတို့ စားသောက်ပြီး ပိုတာ ပေးပေါ့ကွာလို့ ပြောတယ်။ ဆေးလိပ်လုပ်တဲ့ မိတ်ဆွေကလည်း ဆေးပေါ့လိပ်တွေ ပိုးလုံချည်ဟောင်း တစ်ခုနှင့် ထုပ်ပေးပြီး “အဲဒါတွေ ရောင်းပေါ့ကွာ၊ ဘာမှ ပြန်ပေးမနေနှင့်” တဲ့၊ အဲသလိုလည်း ကူညီကြ၊ ငွေစကြေးစတွေလည်း ပေး ကူညီကြပါတယ်။

အဲသလို ကူညီတဲ့သူတွေ၊ ဘယ်သူတွေ ဆိုတာ ပြောရမယ် ဆိုရင်— အဲလေ ထားလိုက်ပါတော့၊ နောက်များမှပဲ— အခုတော့ ကိုယ့်အဖြစ်သနစ်ပဲ ဆက်ပြောရဦးမယ်။ လမ်းဘေးမှာ ဖိနပ်တွေ ခင်း ရောင်းကြရတယ်။ ဒီလိုလုပ်ရတာ အားမငယ်ပါဘူး။ မရှက်ပါဘူး၊ ရိုးရိုးသားသား လုပ်စားတာပဲ။ ဒါပေမယ့် ရှက်စရာ ကောင်းတာ၊ အဲဒီ အလုပ်ကို ဖြစ်အောင် မလုပ်တတ်၊ မလုပ်နိုင်တာပါပဲ။

ပိုးလုံချည်ဟောင်းနဲ့ ထုပ်ပေးတဲ့ ဆေးပေါ့လိပ်တွေကို လာဝယ်တဲ့ သူတွေက ဒီဆေးလိပ်က ပေါ့သလား ပျင်း(ပြင်း?)သလား မေးရင် ကိုယ်က (ကျမ ဆေးလိပ် မသောက်တော့ မသိဘူး) လို့ ဖြေတယ်။ ကိုယ့်ရဲ့ ပညာရှိ အမျိုးသားကြီး ကိုလတ်က ကျနော်က ဆေးပြင်းလိပ်ပဲ သောက်တယ်၊ ဒီတော့ မသိဘူးလို့ ဖြေတယ်။ ဒါနဲ့ ဆေးလိပ်တွေ ပိုးထိုးကြေမွကုန်တော့ ထုပ်ပေးတဲ့ ပိုးလုံချည်ဟောင်းကို ကိုလတ်ပဲ ဝတ်လိုက်ရတာ အမြတ်ပဲ။

ဖိနပ် ရောင်းရပြန်တော့လဲ အဲဒီအချိန်မှာ စစ် မဖြစ်ခင်က (ကျပ်-ပဲ-ပြား) စနစ်နှင့် သုံးခဲ့တယ်။ လေးပြား တစ်ပဲ၊ ၁၆ ပဲ တစ်ကျပ်လို့ သုံးလာခဲ့ရတယ်။ အဲဒါကို ရွှေဂျပန်တို့က ဒေါ်လာနှင့် ဆင့်စနစ် ပြောင်းတယ်။ ဒေါ် လာဆိုလို့ အထင်မကြီးနဲ့ဦး၊ တစ်ဒေါ်လာဆိုတာက တစ်ကျပ်ပဲ။ တစ်ဒေါ်လာ ဆင့်တစ်ရာစနစ် ပြောင်းတယ်။ လက်ကျန် အင်္ဂလိပ်ပိုက်ဆံလို့ ခေါ်တဲ့ ကျပ်-ပဲ-ပြား စနစ်ကို တစ်ပဲလေးပြားကို ဆင့်နှင့် တွက်ချက်ရတယ်။ ဒီတော့ လေးပြားတစ်ပဲ၊ ၁၆ ပဲ- တစ်ကျပ်ကို ဆင့်တစ်ရာနှင့် ညှိရတယ်။ ဒီတော့ ဘယ်လိုဖြစ်သလဲဆိုတော့ တစ်ပဲ-ပဲစေ့ကို ငါးဆင့်၊ မူးစေ့ နှစ်ပဲကို ဆယ်ဆင့်၊ မူးစေ့ဆယ်ခုမှ တစ်ကျပ် သို့မဟုတ် တစ်ဒေါ်လာ အဲသလို တွက်ရတယ်။ ဆင့်နဲ့ ဒေါ်လာလို့ ခေါ်တဲ့ ကျပ်တွေက စက္ကူတွေ ဖြစ်တယ်။ ဒီတော့ ဈေးဝယ်တဲ့ လူတွေက မူးစေ့၊ မတ်စေ့တွေကို ဆင့်စက္ကူတွေ ရောပေးတော့ ကိုယ်လည်း မျက်စိလည်ပြီး မတွက်တတ်တော့ဘူး။ ပိုက်ဆံ ပြန်အမ်းရတာ ကျတော့လည်း သာဆိုးသေးတယ်။ ခေါင်းမှာ ချာချာလည် သွားတော့တာပဲ။ ယူရတော့လည်း ရှုံး၊ ပြန်အမ်းရတော့လည်း ရှုံးတဲ့အဖြစ်မျိုး ရောက်တော့တာပဲ။ အဲဒီအချိန်၊ နောင် အချိန်ကာလမှာ သင်္ချာပညာရှင်ကြီး ဖြစ်မယ့် သားတော်မောင်က စကားတတ်စ မတ်တတ်သွားအရွယ် ရှိသေးတယ်။ သူကလည်း ဖိနပ်တွေထုပ်တဲ့ စောင်စုတ် ပုဆိုးစုတ်တွေ ခါးပတ်ပြီး ပလက်ဖောင်းပေါ်မှာ သီချင်း တကြော်ကြော်နှင့် လျှောက်က နေတော့တာပဲ။

ဒီလိုနှင့် သိပ်ကြာကြာတော့ မနေလိုက်ရပါဘူး။ လခစား အလုပ်ကလေးတွေ ရတဲ့အချိန် ရောက်ခဲ့ရတယ်။ တော်ပါသေးရဲ့ သို့ပေမယ့်၊ ကိုယ်တို့ ဇနီးမောင်နှံ နှစ်ယောက်ပေါင်း လခကလည်း ဆီဖိုးဆန်ဖိုးမှ အနိုင်နိုင် ဖြစ်နေပြန်တယ်။

ဒီတော့ ကိုယ်နှင့်ရုံးမှာ လုပ်ဖော်ကိုင်ဖက် ကိုဘသန်း (နောင်ခါ ဗိုလ်မှူးကြီး ဘသန်း-ဓမ္မိက အမည်ရသူ)က ပြောတယ်။ “လူတိုင်း ဒီလိုပါပဲဗျာ။ ကျွန်တော်ဆို ရတဲ့ လခနှင့် မိသားစု ဘယ်စားလောက်မလဲ။ အခု မအေး ရှာကျွေးနေလို့ပေါ့” လို့ အစချီပြီး၊ သူ့ဇနီး မအေးက စိန်ရွှေပစ္စည်း ပွဲစားလုပ်၊ ပွဲခနှင့် စားသောက် နေရကြောင်း ပြောပြတယ်။

“ခင်ဗျား သိသားပဲဗျာ၊ မအေးက ခင်ဗျားလို ပညာတတ်မိန်းမလဲ မဟုတ်ပါဘူး။ သူတောင် ဖြစ်သေးတာပဲ၊ ခင်ဗျားဆို ဖြစ်နိုင်တာပေါ့”။

ဒီစကား ကြားရတော့ အားတက်မိတယ်။ မအေးနှင့် တွေ့တော့လည်း ပြောရှာတယ်။ “မမရယ် ကျွန်မက မမတို့လို စာတတ်ပေတတ် မဟုတ်တော့ ဒီလိုကြံဖန် လုပ်ရတာပေါ့၊ မမလဲ လုပ်ကြည့်ပါ၊ သာတောင် ဖြစ်ဦးမှာပါ” လို့ ပြောတော့ ကိုယ်လည်း ကိုယ့်ကိုယ်ကို အထင်ကြီး သွေးမြောက် သွားတာပေါ့။ “မအေးတောင် လုပ်တတ်သေးတာ ငါဆို ဖြစ်ရမှာပေါ့” ဆိုတဲ့ ထင်တစ်လုံးနှင့်ပေါ့လေ။

ပြီးတော့ မအေးက ဆက်ပြောတယ်။ အခုဆို တစ်ယောက်က (၁၃) ရတီ စိန်တစ်လုံး လိုချင်တယ်၊ ရရင် တစ်ရတီကို တစ်သောင်း ပေးမယ်။ ပွဲခလည်း ရာခိုင်နှုန်းနှင့် ရမယ်။ ကိုယ်က တစ်ရတီကို တစ်သောင်းဈေးထက် လျော့ပြီးရရင် ပိုတာ ကိုယ်ရတာပေါ့။

ဒီစကား ကြားလိုက်တော့ ကျွန်မဆိုတာ ခေါင်းတွေမူးသွားတာပဲ။ တစ်ရတီ တစ်သောင်း၊ ပြီးတော့ ပွဲခ ရာခိုင်နှုန်းက ၂၅ ဆိုရင် အင်း—

၁၃ x ၁၀,၀၀၀ x ၂၅
——————————– —အင်း
၁၀၀

အတော်များမှာပဲ၊ အဖြေတော့ ဘယ်လောက်ထွက်လဲ မသိပါဘူး။ ရာခိုင်နှုန်း ၂၅ ဆိုတာလည်း ကိုယ့်စိတ်ကူးပါ။ သင်္ချာပါရဂူလောင်း သားကြီးကလည်း ဖုံတွေထဲမှာ သီချင်းတကြော်ကြော်နှင့် ကလို့ ကောင်းတုံးပေါ့။ ဒါနဲ့ ကိုယ်လည်း ရုံးက အိမ်ပြန်တော့ ကိုလတ်နှင့် တိုင်ပင်ကြတာပေါ့။ “ကိုလတ်ရေ မအေး စိန်ပွဲစား လုပ်တာ ဟန်ကျသတဲ့။ ကိုယ်တို့လဲ စိန်ပွဲစားလုပ်ကြစို့” လို့ ပြောတော့ ကိုလတ်က “စိန်ပွဲစား လုပ်ရအောင် တို့မှာ စိန်နဲ့တူတာ ကျောက်ချဉ်တောင် မရှိဘဲနဲ့—”

ဒီတော့ ကိုယ်က “စိန် ရှိဖို့ မလိုဘူးလေ၊ အလွယ်လေးပါ၊ လူတစ်ယောက်က စိန်ဝယ်ချင်တယ်။ ဒီတော့ စိန်ရောင်းစရာ ရှိတဲ့လူ လိုက်ရှာ၊ သူတို့နှစ်ယောက် ဆုံပေး၊ အရောင်းအဝယ်ဖြစ် ကိုယ်က ပွဲခရတာပေါ့။ အခုဆို မအေးက ပြောတယ်၊ (၁၃) ရတီ စိန်တစ်လုံး ဝယ်ချင်တယ်တဲ့၊ သူက မှာထားသတဲ့၊ အဲဒါ ကိုယ်တို့ ရှာပေးနိုင်ရင် အရောင်းအဝယ်ဖြစ်၊ ပွဲခ ရတာပေါ့၊ မအေးလဲ သတင်းပေးတဲ့လူ ဆိုတော့ သူလဲ ဝေစုရတာပေါ့။ ကိုလတ်တို့အဒေါ် စိန်ပွဲစား ရှိသားပဲ၊ သူ့ဆီ သွားမေးလိုက်ရင် ရတာပေါ့။ သူက သင်္ကန်းကျွန်းမှာ နေတယ်လေ၊ အဲဒီ သွားကြတာပေါ့။” ဒီတော့ သင်္ကန်းကျွန်း သွားဖို့ အစီအစဉ် လုပ်ကြတာပေါ့။ ကိုယ်တို့နေတာက အလုံမှာ ဆိုတော့ အတော်ဝေးပါတယ်။ အဲဒီခေတ်က ဘတ်(စ)ကားတွေ ဘာတွေ မရှိပါဘူး။ ဒါပေမယ့် မပူပါဘူး။ ကိုယ်တို့ (စက်ဘီး)လို့ အားနာပါးနာ အမည်တပ်နိုင်တဲ့ နှစ်ဘီးယာဉ် ရှိပါတယ်။ အစကတော့ မျိုးကောင်း ရိုးကောင်းပါပဲ။ နာမည်ကြီး(ရီလေး) သံဘောင်နှင့် (ဟမ်းဘား) ဘီးနှင့် အိမ်ထောင်ကျထားတဲ့ ယာဉ် ဖြစ်ပါတယ်။ ဒါပေမယ့် အဲသလို အမျိုးကောင်းတွေထဲမှာ အမျိုးညံ့ (ပါရီးယား) စပုတ်တိုင်တွေ တပ်ထားရတော့တာပေါ့။ ပြီးတော့ ဘီးမှာတပ်တဲ့ တာရာတွေ ဆွေးကုန်တော့ (ဆောလစ်တိုင်ယာ) ထည့်ရတယ်။ ဆောလစ်တိုင်ယာ ဆိုတာ ရာဘာအလုံး ကြိုးကြီးကို ဘီးမှာ ခွေတပ်ထားရတာပါ။ ရာဘာ ကြိုးလုံးကို ဘီးမှာခွေ၊ တိုင်းဖြတ်ပြီး ကြေးနန်းကြိုးနဲ့ တွယ်ထားရပါတယ်။

စက်ဘီး စီးဖန်များယင် အဲဒီ ရာဘာကြိုးလုံးက ရှည်ထွက်လာ တတ်ပါသေးတယ်။ ဒီတော့ ပြန်ဖြုတ်၊ ဓားနှင့်ဖြတ်ပြီး ပြန် ကြေးနန်းကြိုးနဲ့ ချုပ်ရပါတယ်။ ဒီလောက် အလုပ်တော့ ကိုလတ်က အပျော့ပေါ့။ ဓား၊ ပလိုင်ရာ အစရှိတဲ့ ကိရိယာတွေ ကိုင်ပြီး ပါးစပ်က ရေးပြလို့ မဖြစ်တဲ့ စကားလုံးတွေ ရေရွတ်ပြီး လုပ်နေတုန်းမှာ ကိုယ်ကလည်း ဂွမ်း၊ ပတ်တီး၊ တင်ချာပုလင်းနှင့် စောင့်ယင်း၊ မကြားဖူးသေးတဲ့ ဝေါဟာရစကားတွေ မှတ်သားရပါတယ်။

ဒါနဲ့ ရုံးပိတ်ရက်မှာ အဲဒီ နှစ်ဘီးယာဉ်နှင့် သင်္ကန်းကျွန်းကို ကိုယ်တို့ သွားကြပါတယ်။ ကိုလတ်က ရှေ့ကနင်းပြီး ကိုယ်က နောက်ဘီးပေါ်က (ကယ်ရီယာ) ပေါ်မှာ သားကို တင်ပြီး လိုက်ရပါတယ်။

ဒီလိုနဲ့ သင်္ကန်းကျွန်းက ဒေါ်ဒေါ်ရဲ့ အိမ်ကို ရောက်ပါတယ်။ ရောက်တော့ ဒေါ်ဒေါ်က ဖော်ဖော်ရွေရွေ ကြိုဆို စကားပြောပါတယ်။ (၁၃) ရတီစိန် ဝယ်ချင်သူ ရှိကြောင်း ပြောတော့ “ဟာ ရတာပေါ့” လို့ ပြောတယ်။ စိန်ဝယ်မယ့်သူ နောက်အခါ ခေါ်ခဲ့ဖို့ ပြောတယ်။ သူတို့တစ်တွေ စိန်ရွှေ အရောင်းအဝယ် လုပ်နေတာ ကြားရ မြင်ရတာ အားရစရာကြီးပါပဲ။ စိန်ရွှေရတနာများ၊ အုတ်ခဲသလဲ ကျနေတာပဲ၊ ဒေါ်ဒေါ်ကလည်း တစ်ထိုင်ထဲမှာ ထောင်သောင်းသိန်း အထိ ရတဲ့အကြောင်းတွေ ပြောတာ သိပ်နားထောင် ကောင်းတာပဲ။ ဒေါ်ဒေါ်ကလည်း စိန်နားကပ်ကြီး တဝင်းဝင်း၊ သူ့လက်က ရွှေလက်ကောက်တွေက တချွင်ချွင် ဆိုတော့ နားထောင်ရတာ အရသာ ရှိတာပေါ့။ အဲသလို နားထောင်ကောင်းတုံးမှာ သားကြီးက ပျင်းလို့ ဂျီတိုက်၊ တအီအီ လုပ်နေတော့ ကိုလတ်က ချော့နေရတယ်။ ကြာတော့ သားအဖ နှစ်ယောက်စလုံး သည်းမခံနိုင်တော့ဘူး ဒေါ်ဒေါ်ရဲ့ “သူဌေးအမြန်ဆုံးဖြစ်တဲ့နည်းနိသျည်း” လက်ချာကြီးကို ဖြတ်ပြီး အိမ်ပြန်ခဲ့ကြရပါတယ်။

အပြန်လမ်းမှာ စိတ်ကူးယဉ်လို့ ကောင်းတုံးမှာ ဂွတ္တလစ်လမ်း ရောက်တော့ ဗုံးကြဲလေယာဉ်တွေ လာပြီဆိုတဲ့ အချက်ပေး ဥဩ အမင်္ဂလာသံကြီး အူလိုက်တော့ ကိုလတ်လည်း စက်ဘီးကို ရုတ်တရက် ရပ်လိုက်တယ်။ စက်ဘီးရော၊ သားအမိ သားအဖ သုံးယောက်စလုံး လမ်းဘေးချိုင့်ထဲ ဒလိမ့်ခေါက်ကွေး ကျသွားကြတော့တာပဲ။ ကံကောင်းတော့ အပွန်းအပဲ့ အနည်းအကျဉ်းလောက်ပဲ ရပါတယ်။

သားကတော့ လန့်ငိုတောင် မငိုဘူး။ လေယာဉ်ပျံတွေ လာမှာကို စိတ်ဝင်စားပြီး ကောင်းကင်ပဲ မော့ကြည့်နေတော့တယ်။

နောက်ထပ် ဗုံးကြဲလေယာဉ်တွေ ရောက်လာကြတော့ ကိုယ်တို့လည်း ချိုင့်ထဲမှာ အသာဝပ် နေကြရတာပေါ့။ ဗုံးက ကိုယ်တို့နှင့် ခပ်ဝေးဝေးမှာမို့၊ ကိစ္စမရှိပါဘူး။ All CLEAR အားလုံး ဘေးကင်းပြီ ဆိုတဲ့ အချက်ပေး ဥဩသံ ကြားတော့ ကိုယ်တို့လည်း ဖုတ်ဖက်ခါ ထကြတယ်။ လူ ဘာမှ မဖြစ်ပေမယ့် စက်ဘီး ကြည့်လိုက်တော့ (ဆောလစ်တိုင်ယာ) ခေါ်တဲ့ ရာဘာကြိုးလုံး ပြုတ်ထွက်နေတာ တွေ့ရတယ်။ ပြန်တပ်မယ် လုပ်တော့ နဲနဲရှည်ထွက် နေတယ်။ ဘယ်လိုမှ ပြန်တပ်လို့ မရတော့ဘူး။ ဒီတော့ သားကို စက်ဘီးပေါ်တင်ပြီး ကိုလတ်က တွန်း၊ ကိုယ်က သားကို ဖေးမပြီး ခရီးဆက်ရတာပေါ့။ သားကတော့ ဆောလစ်တိုင်ယာကြီးကို မြွေလမ္မယ် လုပ်ကစားပြီး ပျော်ပျော်ပဲ လိုက်လာတယ်။ ဂွတ္တလစ်လမ်းက နေပြီး အလုံထိ၊ ကိုယ်ကလည်း ဒေါ်ဒေါ်လို့ စိန်နားကပ်ကြီး တဝင်းဝင်း၊ ရွှေလက်ကောက်တွေ တချွင်ချွင် မပါမှ မပါဘဲကိုး။

စက်ဘီးကို ဆောလစ်တိုင်ယာ ပြန်တပ်ပြီးတော့ ကိုလတ်လည်း စိတ်ပြေသွားပြီး ဒေါ်ဒေါ့်ဆီ နောက်တစ်ခေါက် သွားဖို့ အစီအစဉ် လုပ်ကြတယ်။ ကိုယ်လည်း ရုံးရောက်တော့ ကိုဘသန်းကို ပြောပြပြီးတော့ မအေးနှင့်တွေ့တော့ နောက် ရုံးအားရက်ကျယင် စိန်ဝယ်မယ့် ဦးအီဘရာဟင် ဆိုတဲ့ လူကြီးကို ဒေါ်ဒေါ့်ဆီ ခေါ်သွားဖို့ ချိန်းပေးတယ်။ ဒါနှင့် နောက်တနင်္ဂနွေနေ့ ကျတော့ ဦးအီဘရာဟင် စက်ဘီးနှင့် ရောက်လာတယ်။ ဒါနဲ့ ကိုယ်တို့ သားအမိ သားအဖ သုံးယောက်လည်း ထုံးစံအတိုင်း စက်ဘီးနှင့် သင်္ကန်းကျွန်း သွားကြပြန်ရော။

ဒေါ်ဒေါ်ဆီ ရောက်တော့ ဧည့် သည်နှစ်ယောက် ရောက်နှင့်နေတယ်။ တစ်ယောက်က အသက် (၂ဝ) လောက် လူငယ်၊ ပိုးရှပ်အင်္ကျီ၊ ပိုးလုံချည်၊ မျက်နှာမှာ ပေါင်ဒါ ဖွေးလို့၊ စီးကရက် လက်က မချဘူး။ ဘယ်သူ့ကိုမှ အဖက်လုပ် စကားမပြောဘူး။ ဒေါ်ဒေါ်ရဲ့တူ ဆိုပဲ။ နောက်တစ်ဦးက အသက် (၄ဝ) လောက်၊ တရုတ်ကပြား ပိုးဘောင်းဘီ၊ ရှပ်အင်္ကျီ ရွှေကြယ်သီးတပ်နှင့်၊ ကိုင်းမပါတဲ့ မျက်မှန် တပ်လို့၊ ရွှေကြိုးတပ် လက်ပတ်နာရီ၊ စိန်လက်စွပ်နှင့် သူစီးလာတဲ့ စက်ဘီးကလည်း တကယ့် စက်ဘီးအစစ်၊ အသစ် ပြောင်လက်လို့။ အင်း စိန်ရောင်းမယ့်လူ ဖြစ်မှာပေါ့။ သူ့နာမည်က ကိုစက်ခွမ်တဲ့။ ဒါနဲ့ သူ့ကို ဦးအီဘရာဟင် နှင့် မိတ်ဆက်ပေးတယ်။ ကိုယ်လည်း အရောင်းအဝယ်တော့ ဖြစ်တော့မှာပဲလို့ ငွေစက္ကူ အပုံကြီးတွေ စိတ်ကူးထဲမှာမြင်ပြီး ရင်ခုန် နေတော့တာပဲ။

ဦးအီဘရာဟင်ကလည်း သူ့ ရဲ့ ထူထပ်တဲ့ မုတ်ဆိတ်တောကြီး ဖုံးနေလို့ မမြင်ရတဲ့ ပါးစပ်နှင့် “ကဲ- ခင်ဗျားရောင်းမယ့် စိန်ကို ပြပါ” လို့ ပြောတယ်။

ကိုယ်တို့လည်း (၁၃) ရတီ စိန်ကြီး မြင်ရတော့မှာပဲလို့ ရင်တထိတ်ထိတ်နှင့် စောင့်ကြည့် နေကြတယ်။ ဒီတော့ ကိုစက်ခွမ်က “ခင်ဗျား ဝယ်မယ့်သူလား” လို့ တိတိကျကျ မေးလိုက်တယ်။

ဒီတော့ ဦးအီဘရာဟင်က သူ ပြောတာကတော့ အရှည်ကြီးပါပဲ။ ဘာအဓိပ္ပါယ် ရှိတယ် ဆိုတာတော့ သိပ်နားမလည်ဘူး။ ဟိုရောက် ဒီရောက်ပါပဲ။ စကားပြောရင်း သူ့မုတ်ဆိတ်ကြီးက နိမ့်ချီမြင့်ချီ လှုပ်နေတာ မြင်ရတယ်။ ဟန်ကတော့ဖြင့် အပြည့်ပါပဲ။ စကားလုံးတွေ ပြောင်တယ်။ နားထောင်လို့တော့ ကောင်းသားပဲ။ ဒီလိုလူမျိုး သံတမန်ကြီးဖြစ်ဖို့ ကောင်းတယ်လို့ ထင်မိတယ်။

အားလုံး ငေး နားထောင် နေရတာပဲ။ ဒါပေမယ့် ပေါက်ဖော် ကိုစက်ခွမ်ကတော့ တယ်ပြီး အထင်ကြီးပုံ မရဘူး။ အင်း သူကလည်း တကယ့်ကို ခေါင်းမာတဲ့ လူမျိုးပဲ။ ဦးအီဘရာဟင်ရဲ့ စကားဆုံးတော့ “ခင်ဗျား စိန်ဝယ်မယ့် လူလား” လို့ ခပ်ပြတ်ပြတ် မေးတယ်။ ဒီတော့ဦးအီဘရာဟင်လည်း မလွဲမရှောင်သာတော့ စိန်ဝယ်မယ့်သူဆီ သူ လိုက်ပို့ပါမယ်လို့ ပြောရတော့တာပေါ့။ ဒီတော့ ကိုစက်ခွမ်က “ဒါဖြင့် သွားကြမယ်”လို့ ခပ်တိုတို ပြန်ပြောတယ်။ ဒီတော့ ဒေါ်ဒေါ်က သူ့ကိုယ်စား သူ့တူ ဆန်နီကို ထည့်လိုက်မယ်လို့ ပြောတယ်။ ကိုယ်တို့လည်း လိုက်ရတော့မှာပေါ့။ သို့မဟုတ်ယင် ပွဲခ ရှယ်ယာ မရလိုက်ပဲ ဖြစ်မှာ။

ဒါနှင့် ကိုယ်တို့က စက်ဘီး တစ်စီး၊ ဦးအီဘရာဟင်၊ ဆန်နီ၊ ကိုစက်ခွမ်တို့ကလည်း စက်ဘီး ကိုယ်စီနှင့် စီတန်းပြီး သွားကြတယ်။ လမ်း လက်ဖက်ရည်ဆိုင် တစ်ခုထဲမှာ လူတစ်ယောက်က အော်ကျယ် အော်ကျယ်နဲ့ သူ့အနားကလူကို ပြောနေသံ ကြားရတယ်။

“မင်း လုပ်လိုက်မှဖြင့် ဘယ်တော့မှ (သောက်)သုံး မကျဘူး၊ ပွဲစားတစ်ယောက်နှင့် မပြီးသေးဘူး၊ ကုလားရော တရုတ်ရော လူမျိုးစုံ၊ တစ်ပြုံကြီး ပါလာတော့တာပဲ”။ အဲဒီလူက သူ့လူကို သူ ပြောနေပေမယ့် တို့ကိုများ စောင်းပြောလေသလားလို့ ရှက်သွားမိသေးတယ်။ အို- ဘာ ဂရုစိုက်ရမှာလဲ၊ အခုဆိုရင် သူဌေးဖြစ်ဖို့ နေရာ ရောက်တော့မှာလို့ အားတင်းရတာပေါ့-

ကန်တော်ကြီးစောင်း ထည်ထည်ဝါဝါ အိမ်ကြီးထဲ ဝင်သွားကြတယ်။ တခြားလူတွေနှင့် ကိုလတ်တို့အားလုံး အိမ်ပေါ်တက် သွားကြတော့ ကိုယ်တို့ သားအမိက စက်ဘီးတွေ စောင့်ပြီး အောက်မှာ နေခဲ့ကြတယ်။

တော်တော်ကြာတော့ သူတို့ ပြန်ဆင်း လာကြတယ်။ သူတို့ မျက်နှာတွေ ရှစ်ခေါက်ချိုးနှင့် သိပ်ဟန်ပုံ မပေါ်ဘူး။ ကိုယ်လည်း ကိုလတ်ကို လှမ်းကြည့်လိုက်တယ်။ နှုတ်ကမေးမယ့်စကား လည်မျိုမှာ တစ်နေတယ်။ သူကလည်း ကိုယ့်ကို စေ့စေ့ကြည့်ပြီး ခေါင်းခါပြတယ်။ ဒီအိမ်ကြီးရှင် အမျိုးသမီးကြီးက ပြောတယ်။ စိန်ဝယ်မယ့်သူနဲ့ ဆိုင်ပေးမယ်တဲ့။

ကိုယ်တို့ သားအမိ သားအဖ သုံးယောက်လည်း တခြားလူတွေ စက်ဘီးကိုယ်စီ နင်းထွက်သွားကြတာ ကြည့်ပြီး သူတို့နောက် မလိုက်တော့ဘူး။ ကိုယ့်အိမ်ကို ပြန်လာခဲ့ကြတော့တာပဲ။ ဒါနဲ့ (၁၃) ရတီ စိန်ကြီး ဇာတ်လမ်းဟာ ဒီမှာပဲ နိဋ္ဌိတံတယ် ဆိုပါတော့။

သို့ပေမယ့် ဆက်သေးတယ်လေ၊ ဒီဇာတ်လမ်းကို နတ်သံနှောပြီး ဖြစ်ကြောင်းရယ်တဲ့မှ ပိုပိုမိုမို စပ်မိတိုင်း ပြောပြမိတယ်။ စစ်ပြီးခေတ် ၁၉၅၀ နောက်ပိုင်းမှာ ဒီအကြောင်းကို အင်္ဂလိပ်လို ဝတ္ထုတစ်ပုဒ် ရေးပြီး ဂါဒီယန် မဂ္ဂဇင်းမှာ ထည့်တော့ စာမူခ ရတယ်။ နောက်ဆက်ပြီး မြန်မာပြည်က အရေးအသားတွေ စုပြီး အထူးထုတ် အခန်းကဏ္ဍ တစ်ခု အဖြစ်နှင့် အမေရိကန် အက်တလင်းတစ် (Atlantic) မဂ္ဂဇင်းမှာ ပါတော့ စာမူခ ရပြန်တယ်။ အဲဒါကို နိုင်ငံတကာ စာဖတ်ပရိသတ်က ကြိုက်ကြလို့ အီတလီဘာသာ၊ ယူဂိုစလပ်ဘာသာ၊ ဂူဂျရတ္တီဘာသာသို့ ပြန်ကြတယ်။ ပြီးတော့ အမေရိကန်စာအုပ်တိုက် (Bantam) က ထုတ်တဲ့ The World’s Most Beautiful Stories ဆိုတဲ့ နိုင်ငံတကာ ဝတ္ထုတို ပေါင်းချုပ်မှာ ထည့်ပြန်တယ်။ စာမူခ ရပြန်ရော—။ အဲဒီ ဝတ္ထုကစပြီး နိုင်ငံတကာ စာပေလောကထဲမှာ ခြေချခဲ့ရတာပေါ့။

ဒီတော့ ဖွတ်နှစ်ကောင် ပြာရထားပေါ်က မွဲမျက်နှာ အပြောင်သားနှင့် ကြွားလိုက်တာ အကျိုးနပ်သွားတာပေါ့။

ဒီဆောင်းပါးမှာ ဇာတ်ဆောင် ဖြစ်ခဲ့တဲ့ မိတ်ဆွေကြီး ကိုဘသန်း၊ မအေးတို့ ဇနီးမောင်နှံကို အထူးသတိရမိတယ်။ ရောက်လေရာ ဘဝကနေပြီး ပြုံးကြပါစေ။ ပြီးတော့ အကြောင်းမညီညွတ်လို့ ကိုယ်မလုပ်ဖူးတဲ့ အရောင်းအဝယ် အလုပ် လုပ်ပြီး ရုန်းကန်နေကြရတဲ့ သူတွေကို အားပေးလိုက်ပါတယ်။ မပူကြနဲ့၊ အနည်းဆုံး ဖွတ်နှစ်ကောင် ပြာရထားပေါ်က ကြွားနိုင်ဦးမှာပေါ့။

အခုလည်း စာမူခတော့ ရဦးမယ်လေ။ ပြီးတော့ ဘယ်ပြောနိုင်ဦးမလဲ၊ ဗွီဒီယိုဇာတ်လမ်းတွေ ဘာတွေရိုက်ယင်—

ကဲ- စိတ်ကူးယဉ်လိုက်ဦးမယ်။

—————–
#ခင်မျိုးချစ်
မြန်မာ့ဓန မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၉၃။
စာမျက်နှာ ၉၁-၉၄

သရုပ်ဖော် ကာတွန်း ရွှေမင်းသား

Leave a Reply

Your email address will not be published. Required fields are marked *