ဝါနဲ့သမ္ဘာ
(ချစ်စရာ)
________________
စာပေဟောပြောပွဲတပွဲမှာ ဆရာမဂျူးနဲ့ဆုံတော့ ကျွန်တော့်ကို “ဆရာ့စာတွေကို ကျွန်မ များများမဖတ်ဖူးပါဘူးတဲ့။ (ကျွန်တော်ကလည်း များများရေးတဲ့သူ မဟုတ်ပါဘူး)တစ်ပုဒ်တော့ ဖတ်ဖူးပါတယ်။”ဝါနဲ့သမ္ဘာ”ဆိုတဲ့ ဆောင်းပါးပါ” တဲ့။ “အဲဒီဆောင်းပါးလဲ ဖတ်ပြီးရော အဲဒီမင်းသမီးကြီးကို လေးစားမိသလို လက်ရည်တစ်ပြင်တည်းသီချင်းကိုလဲ အတော်ကြိုက်မိသွားတယ်”လို့ ပြောခဲ့ဖူးပါတယ်။
အခု ဒီစာရေးနေချိန်မှာတော့ အဲဒီမင်းသမီးကြီးလဲ ကွယ်လွန်သွားခဲ့ရှာပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရင်ထဲမှာတော့ အဲဒီမင်းသမီးကြီးရဲ့ နယ်ကြမ်းတစ်ခုက ခပ်ကြမ်းကြမ်းပရိသတ်တွေကို ငြိမ်ကျသွားအောင် သမ္ဘာနဲ့ထိန်းသွားနိုင်တဲ့ သူ့အတတ်ပညာဟာ ခုချိန်ထိ စွဲထင်ကျန်ရစ်နေတုံးပါပဲ။ အဲဒီမင်းသမီးကြီးနာမည်က “ဒေါ်မျိုးချစ်သန်း” …တဲ့။
ကျွန်တော်တို့သဘင်လောကမှာ ပညာချင်းတူရင် ဝါရင့်သူက သာတယ်။ ဝါချင်းတူရင် သမ္ဘာရင့်သူက သာတယ်လို့ အဆိုရှိပါတယ်။ ဝါ ဆိုတာ လုပ်သက်ကိုခေါ်တာဖြစ်ပြီး သမ္ဘာကတော့ လုပ်သက်အပေါ်ကရလာတဲ့ အတွေ့အကြုံကို လိမ္မာစွာအသုံးချတတ်ခြင်းကို ခေါ်ပါတယ်။
မျိုးချစ်သန်းက မန္တလေးတံခွန်စိုက်မင်းသမီးတယောက်ပါ။ အရွယ်ကောင်းစဉ်က ဦးလှစိန်အငြိမ့်မှာ ခေါင်းဆောင်က,ပါတယ်။ အဲဒီခေတ်က မန္တလေးအငြိမ့်တွေဟာ အငြိမ့်ထောင်ဆရာတွေရဲ့နာမည်နဲ့ တည်ထောင်ကြတာပါ။ ဦးဩဘာအငြိမ့်၊ အောင်စိန်လေးအငြိမ့်၊ စန္ဒယားဘသိန်းအငြိမ့် စသည်ဖြင့်ပေါ့။ (နှစ်တိုင်း လေနဲ့ထောင်ပြီး တစ်နှစ်မှအကောင်အထည်ပေါ်မသွားတဲ့ အငြိမ့်တစ်ငြိမ့်လဲရှိခဲ့ဖူးပါတယ်။ ကိုဒီပါရဲ့ ချန်ပီယံအငြိမ့်လေ)။
စပြီး က,တဲ့နှစ်မှာပဲ ဦးလှစိန်အငြိမ့်ကနေ မျိုးချစ်သန်းအငြိမ့် ဖြစ်သွားပါရော။ စန်းကောင်း၊ အရည်အချင်းကောင်းကိုး။ ပွဲချီကလည်း ရသလား မမေးနဲ့။ လာတဲ့ပွဲတိုင်းက မျိုးချစ်သန်းနာမည်နဲ့ချည်းပဲတဲ့။
လူရွှင်တော် ဦးလိမ္မော်ကတော့ “ကိုလှစိန် ဟင်္သာတက မဒီ(မင်းသမီး) အခေါ်ကောင်းလိုက်တာ ခြင်း(ပုဆိုး)ကနေ ဒိုင်း(ထဘီ)အငြိမ့် ဖြစ်သွားတာပဲ”လို့ ပြောဖူးပါတယ်။ မျိုးချစ်သန်းက ဟင်္သာတဇာတိကိုး။ ဖြီးလိမ်းလိုက်ရင် အလှအပရော ကိုယ်လုံးကိုယ်ပေါက်ရောက တကယ့်ဒေါ်ကြည်ကြည်ဋ္ဌေးပဲ။ သီချင်းပေါင်းစုံကလဲ ရသလားမမေးနဲ့။ ဦးလှစိန်ပြီးတော့ ကိုတိုင်းကျော်အငြိမ့်မှာ ကတယ်။ မန္တလေးမှာ ဆယ့်ငါးနှစ်ကျော် ကပြီး ဟင်္သာတကိုပြန်သွားပြီး နားနေပါတယ်။
“ငဗျိုင်းကျန်းမာရေးကလဲ မကောင်းဘူးလေ”တဲ့။ ကျွန်တော်တို့လူရွှင်တော်လောက(တနိုင်ငံလုံး)မှာ ဗျိုင်းသုံးဗျိုင်း ရှိပါတယ်။ အဲဒါကတော့ ဟင်္သာတဗျိုင်း၊ ဝါးခယ်မဗျိုင်းနဲ့ မင်းလှဗျိုင်းတို့ပါ။ နာမည်အပြည့်အစုံက ကိုရွှေဗျိုင်းချည့်ပါ။ ကျွန်တော့်ကို ပဋ္ဌမဆုံးပညာသင်ပေးခဲ့တာ(ကလေးဘဝက)ဝါးခယ်မဗျိုင်းပါ။ လူပြက်လားမြောက်လာတော့ သားအဖလို တသက်လုံးနေသွားခဲ့တာ မင်းလှဗျိုင်းပါ (ကြည်ခိုင်ရွှေဗျိုင်းလို့လဲ ခေါ်ပါတယ်)။ ဒေါ်မျိုးချစ်သန်းရဲ့မောင် ဦးရွှေဗျိုင်း(ဟင်္သာတ)ကိုတော့ နှုတ်ဆိပ်ကောင်းတယ်ဆိုတဲ့ အကြားနဲ့တင် ကြည်ညိုချစ်ခင်ခဲ့ရတာပါ။
နောက်ပိုင်း မန္တလေးမှာ သက်ကြီးအငြိမ့် ခေတ်စားလာတော့ ဒေါ်မျိုးချစ်သန်း တကြော့ပြန်လာပြီး ဦးအောင်စိန်၊ ဦးနောက်တိုး၊ ဦးညိုသန်းတို့နဲ့ တွဲလို့ အောင်ပွဲခံပြန်ပါတယ်။ အဲဒီနှစ်က ကျွန်တော်နဲ့ ကိုဒီပါက နန်းမြို့တော်အငြိမ့်မှာ ကပါတယ်။ ရွှေဘိုနယ်က ရွာတရွာကို ပွဲကသွားရမဲ့နေ့မှာ ခေါင်းဆောင်မင်းသမီးဖခင်က ဆုံးပါလေရော။ အငြိမ့်တွေ ပွဲပေါတဲ့လ ဆိုတော့ အစားခေါ်ဖို့မင်းသမီးကလဲ ရှား၊ သွားရမှာက ချက်ချင်းကြီး (ခရီးထွက်ခါနီးမှ ကပ်ဖြစ်တာကိုး)။ အဲဒီမှာ ကြံရာမရဖြစ်ပြီး ဒေါ်မျိုးချစ်သန်းကို အကူအညီတောင်းပြီး ခေါ်လာရပါရော။ ခေါ်သာခေါ်လာရတာ ရင်ကတော့ တထိတ်ထိတ်ပါနော့။ နှစ်ဆယ့်နှစ်နှစ် အပျိုစင်နေရာကို အစားဝင်ကရမှာက ခုနှစ်ဆယ်ကျော်အဖွားကြီးကိုး။ က,ရတဲ့နယ်က နယ်ကြမ်း။ “ကြိုက်ရင် ပုလင်း၊ မကြိုက်ရင် နားရင်း”ဆိုတဲ့ နယ်တွေ….။ ဆိုလိုတာက သဘောကျရင် အရက်ခေါ်တိုက်မယ်။ မကြိုက်ရင် နားရင်းရိုက်မယ်ပေါ့.။
ဒီလိုနဲ့ ညပွဲကလို့ သူ့အလှည့်လဲရောက်ရော၊ သူထွက်လာတာနဲ့ စင်အောက်ကလူငယ်တွေက …” အဖွားကြီး ဘာလုပ်တာတုန်းတို့ ….” ၊ “အမေကြီး… အမေကြီး ရိပ်သာသွား …”တို့ ဝိုင်းအော်ကြပါလေရော။
သူ တခွန်းမှ မတုန့်ပြန်ဘဲ အော်နေတဲ့သူတွေကို ပြုံးပြုံးလေး ကြည့်ရင်း”သားတွေ တူတွေက နှုတ်ဆက်ကြတာလေ ကိုယ်ကလဲ မရောက်တာကြာပြီကိုး…။ အော် ….တချိန်ကတော့ ဒီတနယ်လုံး မသန်းအချစ်တော် သူငယ်ချင်းတွေချည့်ပေါ့။ ညနေက ရောက်ရောက်ချင်း ရွာထဲကသူငယ်ချင်းတွေဆီ သွားနှုတ်ဆက်တော့ အိမ်တိုင်းအိမ်တိုင်းက ဝမ်းသာအားရ ခေါ်လိုက်ကြတာ …ဟေ့ မသန်း၊ ဟေ့သူငယ်ချင်း … ဟေ့သူငယ်ချင်းနဲ့ ….””” ဟေ့သူငယ်ချင်းရေ… တို့နယ်ပယ်တွင် မိုးသက်ကယ်ဆင်…..ရှစ်ခွင်ကမဲ …မိုးရွာမလိုလိုနဲ့ပင် ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြမယ် …””” လို့ ဆိုပြီး ကချလိုက်တာ အရွယ်နဲ့မလိုက်အောင် မြူးကြွသွက်လက်နေတော့ လက်ခေါက်မှုတ်သံ လက်ခုပ်သံတွေ ခြိမ့်ခြိမ့်ညံသွားပါရော။
အဲဒီမှာ သူက လက်ခုတ်တီးနေတဲ့သူတွေဘက်ကို “ရွှီ”ခနဲ လက်ခေါက်မှုတ်တဲ့ပြီး ခေါင်းကလေးညွှတ်ပြီး အလေးပြန်ပြုလိုက်တော့ အဖွားကြီးကနေ…..”ဒါမှ တို့အမေကွ” ဖြစ်ကုန်ရော…။
အော်သံတွေ စဲပြီဆိုမှ ကျွန်တော်တို့လူရွှင်တော်တွေကို နှုတ်ဆက်ရင်း…….”ရှေးအဆိုစကားရှိတယ် မဟုတ်လား အကိုတို့ရယ်”ဆိုတော့ ရယ်ကြပြန်ရော….။ ကျွန်တော်တို့က သူ့တူအရွယ် ရှိသေးတာကိုးနော့။ ကိုဒီပါက “ခြင်ထောင်ထဲတုန်းက ဒီလိုခေါ်တာမဟုတ်ပါဘူး မောင်ချစ်ရာ”လို့လဲ ပြန်လိုက်ရော သူက”ရှင် ခြင်ထောင်နဲ့ အိပ်နိုင်လို့လား”တဲ့။ အဲဒီမှာ ကိုဒီပါက “ခင်ဗျားထဘီဟာ ကျုပ်ခြင်ထောင်ဘဲလေ”တဲ့။ ကျွန်တော်က”ကိုဒီပါ ခင်ဗျား ငှက်ဖျားမဖြစ်တော့ဘူး၊ ခြင်ထောင်က ပိုးသတ်ဆေးနံ့ကို မွှန်နေတာဘဲ”။
အဲဒါ သမ္ဘာပါဘဲ။ လူရွှင်တော်ကို ခင်းပေးတယ် …ဆိတ်ဆွတယ်..ပရိသတ် ကိုယ့်နောက်ပါလာပြီဆိုမှ “တော်ကြပါရှင်”ဆိုတာကို ကိုဒီပါက”တော်ပါဘီ၊ ပိုက်ဆံလဲကုန်ပါဘီ”လုပ်သေးတာ….။
သူက လက်ကလေး ကာရင်း ….”အဆိုစကားရှိတယ် မဟုတ်လားရှင့်….၊ ဝချင်ရင် ပိုစားရသတဲ့…..၊ ကချင်ရင် ကိုယ်ယားရတယ်တဲ့….။ မသန်းကတော့ ဟောဒီရွာမှာ..အားရပါးရ ကချင်လို့ကို ပိုစားပစ်လိုက်တယ် သိလား……မြိန်လိုက်တာ….ကြက်သား ဝက်သား မလိုဘူး။ ငရုပ်သီးထောင်းနဲ့ စားကောင်းတာ …ဘယ်အိမ်မယ်စားသလဲ မမေးနဲ့။ ဟောဒီ “”” တောရွာသူတို့အိမ်မယ် မြိန်ဖွယ်ပ ထမင်း….. မိုးမျှော်… ငရုတ်သီး..ထောင်းနဲ့ ကိုဘိုကေရယ်… ဒေါင်းလန်းကြီးရဲ့ အလယ် ..ညီညွတ်ရေးနဲ့ …အသက်ရှည်ရှည် ခင်ခင်မင်မင်.. လက်ရည်တပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်”””” စကားကနေ သီချင်း၊ သီချင်းကနေ အက(ဒီကြားထဲမှာ လူရွှင်တော်နဲ့ လက်ခုပ်လက်ပြန် ပြက်လုံးတွေလဲ ပါပါသေးတယ်)။
အရွယ်နဲ့မလိုက်အောင် ကြိုးပမ်းမှုတွေရဲ့ရလာဒ်ကတော့ သူနဲ့ရွယ်တူ ရွာသူအဖွားကြီးတွေ စင်ပေါ်တက်ပြီး ဆုချကြတာပါပဲ။ ကျွန်တော်တို့ကလဲ ဆုချ၊ ပြက်လုံးတွေပြက်ကြ၊ ပြက်လုံးတွေပြီးတော့ ယပ်တောင်လေး ခတ်ရင်း …
“မတွေ့တာကြာလို့ ရွှေဘိုသူ အမ၊ ညီမတွေ ဝိုင်းပြီးဆုချတာလဲ ကျေးဇူးတင်ပါရဲ့ရှင်။ ငြိမ်ငြိမ်လေး နားထောင် အားပေးကြတဲ့ သားတွေ၊ တူတွေကို ပိုကျေးဇူးတင်ပါရဲ့။ ဪ …ရွှေဘိုဆိုမှ သတိရတယ်။ ငါတို့ရွှေဘိုသူများဟာလေ လယ်ထဲဆင်းပြီး ကောက်စိုက်၊ ပျိုးနှုတ်တာတောင် ဆိုင်းနဲ့ဗုံနဲ့ ပျော်ပျော်ပါးပါးတော့…။ နားထောင်ကြည့်”ဆိုပြီး ဗုံကြီးသံကို ဆိုပြပြန်ရော။ လက်ရည်တစ်ပြင်တည်း တတိယပိုဒ် ဆက်မဆိုသေးဘူးနော်။ ပြီးမှ ဆက်တယ်။
“ဒါပေမယ့် ဒီရာသီက တပေါင်းလဆိုတော့ ရိတ်တဲ့ သိမ်းတဲ့ရာသီလေ။ ငါတို့ ရွာထဲကိုဝင်လာတော့ ရွာအဝင်မှာ စီတန်းပေါက်နေတဲ့ လက်ပံပင်ကြီးတွေအောက်မှာ လက်ပံပွင့်ကောက်နေကြတဲ့ သမီးတွေကို မြင်ရတော့ မသန်းလည်း ဆင်းကောက်ချင်လိုက်တာ။ မသန်းက လက်ပံခေါင်းချဉ်ရည်ဆို သိပ်ကြိုက်တာလေ။ အဲ့တော့ တို့ဗုံကြီးသံလေးနဲ့ လက်ပံပွင့် သွားကောက်ရအောင်။ ကောင်မတွေ.. ညည်းတို့ရော လိုက်မယ်မလားဟေ့ဆိုပြီး ကျွန်တော်တို့ကို ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ကလည်း တောင်ရှည်ပုဆိုးတွေကို ထဘီလို ရင်ဘတ်မှာစည်း၊ ပုဝါလေးတွေကို ခေါင်းပေါ်မှာ ခြုံပြီး မိန်းကလေးတွေလို သရုပ်ဆောင်ရတော့တာပေါ့။ သူဆိုတဲ့သီချင်းက “”””လိုက်ကြမလားဟေ့ သူငယ်ချင်းကောင်း ယောက်မတို့ရေ ….တို့ရွာဦးဆီက ပင်လက်ပံတွေတော့…ဆက်ရက်တွေ ငှက်တွေ တူစုံတွဲ …လေမှာဝဲ ပွင့်လက်ပံတွေ …. မြေမှာကြဲ နည်းပါဘူးအေ ….သွားကောက်ကြပါစို့လေ ….”””””
သူ က,သလို ကျွန်တော်တို့က ကိုးရို့ကားယား လိုက်က,ကြရင်း သူမှန်တယ် ကိုယ်မှန်တယ်နဲ့ မိန်းမချင်းရန်ဖြစ်တဲ့ခွင် ဝင်ကြရပြန်ရော။ ပြီးလည်းပြီးရော ကျွန်တော်က “မမသန်း …မမသန်း၊ ကျွန်မ ဟောဒီ မိဒီပါနဲ့ မတွဲချင်တော့ဘူး။ ဒီကောင်မ အကျင့်မကောင်းဘူးမမရဲ့ ”
“ဟဲ့ ဘယ်လို အကျင့်မကောင်းတာလဲ”
“ဒီကောင်မက မိန်းမတန်မဲ့ ဘောလုံးပွဲလောင်းတယ် မမရဲ့”
“သူ ဘောလုံးပွဲလောင်းတာ ညည်း ဘယ်က မြင်ရတာတုန်း ”
“ညီမလေး ဖဲရိုက်ရာက မြင်ရတာ ”
” ဟုတ်တယ်မမ…ကျွန်မလည်း မယ်ချစ်နဲ့ မတွဲနိုင်တော့ဘူး …ဒီကောင်မက အရက်သောက်တယ်မမရဲ့ ”
“သူသောက်တာ ညည်းက ဘယ်ကမြင်တာတုန်း ”
“ကျွန်မဘိန်းရှူရာက မြင်လိုက်တာ ”
(ဒါက ဥပမာသဘော ရေးပြတာပါ။ တကယ်ဆိုရင်တော့ ဒီပြက်လုံးတွေက အချိန်တော်တော်ရတဲ့ ပြက်လုံးအမျိုးအစားတွေပါ။ )
ဂွင်ကုန်ပြီဆိုတော့မှ
“တော်ကြပါကွယ်…ညီမလေးတို့ကလဲ၊ ရာသီဥတုကလည်း တပေါင်းတန်ခူး မိုးသားကြူးသတဲ့။ ဟိုမှာ ကြည့်စမ်း၊ စနေထောင့်မှာ မိုးတွေတက်လာတာ တရိပ်ရိပ်နဲ့။ ကြည့်ကြစမ်း “”” မိုး…မိုး…မိုး တိမ်အာကာလယ် … ရွာလယ်ပြင်လမ်းမှာလ ….”””” အပိုဒ်ကို ဆိုပြီး က,ပြန်ပါရော။
အပြောက ပါပါ၊ ဝမ်းစာက ကောင်းကောင်း က,လိုက် ဆိုလိုက်ကြတာ လက်ရည်တစ်ပြင်တည်း နောက်ဆုံးအပိုဒ်လည်း ပြီးရော…မနက်၃နာရီထိုးတာပါပဲ။ ဆိုင်းနဲ့လည်း တီးလုံးမတိုက်၊ လူရွှင်တော်နဲ့လည်း ခွင်မချရဘဲ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝအတွေ့အကြုံများကို လိုအပ်သလို ပါးနပ်စွာ အသုံးချသွားခဲ့တဲ့ ဒေါ်မျိုးချစ်သန်းရဲ့သမ္ဘာကြောင့် ကျွန်တော်တို့အငြိမ့်တစ်ဖွဲ့လုံး ကြီးမားတဲ့ပြဿနာတစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြပါတယ်။
နောက်နေ့ မနက်မိုးလင်းလို့ အငြိမ့်အဖွဲ့ ရွာက ပြန်ခါနီးမှာ ဒေါ်မျိုးချစ်သန်းအတွက် ဆန်အိတ်ပိုင်းတွေ၊ ဆီပုလင်းတွေ လက်ဆောင်လာပေးကြတယ်။ “နောက်လဲ လာကပါဦး။ တစ်ညထဲ ကြည့်ရတာ အားမရဘူး”တို့(နောက်တစ်ညငှါးပေမဲ့ ကျွန်တော်တို့က ပွဲကူးရှိနေလို့ လက်မခံခဲ့ပါဘူး)၊ “ဘုရားပွဲကျရင် လိုက်ခဲ့ဦး” တို့ စတဲ့ သံယောဇဉ်စကားတွေနဲ့ နှုတ်ဆက်ကြပါတယ်။ အဖွားကြီးတွေကတော့ မျက်ရည်လေးတစမ်းစမ်းနဲ့ပေါ့။
မနက်ရှစ်နာရီခွဲလောက်မှာ အငြိမ့်အဖွဲ့ကို ရွာက ထမင်းကျွေးပါတယ်။ ဟင်းတွေကို ဒီအချိန်ထိ ကျွန်တော်မေ့လို့မရတော့ပါဘူး။ ကြွက်ကြော်၊ လက်ပံခေါင်းချဉ်ရည်နဲ့ ငရုပ်သီးထောင်းတို့ဖြစ်ကြောင်းပါခင်ဗျား။
————————————–
ချစ်စရာ
crd 👉