Novel

#မြန်မာအမျိုးသမီးနှစ်ယောက်ရှိလေသည်

—————————မစန္ဒာ

 

” မိုက်ကယ်ကို ထမင်းစားဖိတ်ခဲ့မယ်နော် မာမီ ”

 

သမီးဖြစ်သူ ဝင်းပပက ခွင့်တောင်းသလိုပြောတော့ ဒေါနှင်းနှင်းဝေ စိတ်လှုပ်ရှားသွားသည်။ ကြမ်းတွေကို ပြောင်လက်နေအောင် တိုက်ဖို့၊ ခန်းစီးတွေကို အသစ်လဲဖို့၊ ဧည့်ခန်းထဲမှာ ပန်းအိုးလှလှတွေကိုပြင်ဖို့၊ နောက်ပြီး အိမ်သာရေချိုးခန်းတွေကို တိုက်ချွတ်ဆေးကြောဖို့၊ နောက်ပြီး စသည်စသည်ဖြင့် လုပ်စရာအလုပ်များက ခေါင်းထဲတွင် အစီအရီပေါ်လာကြသည်။ ထမင်းဟင်းကိစ္စကတော့ သိပ်အရေးမကြီး။ မြန်မာထမင်းဆိုင်ကောင်းကောင်းက ဟင်းတွေဝယ်ပြီး ” သမီးလေးဝင်းပပရဲ့လက်ရာတွေလေကွယ် “ဟူ၍ အတည်ပေါက်နှင့်ပြောပြီး ကျွေးမွေးဧည့်ခံရုံပင်။

 

ဟော…. အရေးအကြီးဆုံးကိစ္စကို အခုမှပင် သတိရတော့သည်။ သူသည် အင်္ဂလိပ်စကားကို ထမင်းစားရေသောက်လောက်သာ ပြောနိုင်ဆိုနိုင်သူဖြစ်သည်။ သမီး၏အမျိုးသားမိတ်ဆွေ မိုက်ကယ်ကလေတန်ကလည်း အနောက်နိုင်ငံသားမို့ မြန်မာစကားကို တတ်လှလျှင် နေခေါင်းပါရဲ့လား ဟူသည်လောက်သာ တတ်မည်ဖြစ်သည်။

 

သမီးလေးက အချက်အပြုတ် သိပ်ကောင်းတာ၊ အချုပ်အလုပ်လည်း သိပ်တော်တာ၊ မိန်းကလေးလည်း ပီသလိုက်တာ အရမ်း၊ သဘောကလည်း သိပ်ကောင်း၊ သူ့ကို လိုချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်လို့ စသောစကားများကို မိုက်ကယ်ကလေတန်၏နားရွက်မှတဆင့် ဦးနှောက်ထဲ နှလုံးသားထဲရောက်အောင် မည်သည့်ဘာသာစကားနှင့် ရွှန်းရွှန်းဝေအောင်ပြောပြီး လှော်ခတ်ပို့ပေးရမည်နည်း။

 

ဒေါ်နှင်းနှင်းဝေသည် မိမိကိုယ်မိမိ မကျေနပ်သောစိတ်နှင့် သက်ပြင်းချမိသည်။ သမီးနှင့်မိုက်ကယ်သာ လက်ထပ်ဖြစ်ကြမည်ဆိုလျှင်တော့ သည်အတိုင်းနေ၍မဖြစ်တော့။ အင်္ဂလိပ်စကားပြောသင်တန်းတက်ရမလား။ ဆရာမကို အိမ်ခေါ်သင်ရမလား၊ တခုခုတော့လုပ်မှ ဖြစ်မည်။ ဒါမှလည်း သားမက်နှင့်ယောက္ခမဆက်ဆံရေး ပြေလည်ပေမည်။ နောက်ပြီး သူတို့ဌာနေသို့ လိုက်လည်သောအခါ၌လည်း အင်္ဂလိပ်စကားကို မကျွမ်းကျင်လို့ ဖြစ်မည်မဟုတ်။

 

” အခုလာမယ့် တနင်္ဂနွေနေ့ဆိုရင် ကောင်းမလား မာမီ ”

 

အခုမှ အင်္ဂါနေ့ဆိုတော့ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာ၊ စနေ၊ ကြားထဲတွင် လေးရက်ရှိသေးသည်။ ကြမ်းတိုက်ဖို့ ခန်းဆီးလဲဖို့ အချိန်ကောင်းကောင်းရသည်မို့ တော်သေးသည်။

 

” သူက ဘယ်တော့ပြန်မှာလဲ သမီးရဲ့ ”

 

” သူ့အလုပ်က မပြီးသေးပါဘူး။ နောက်ထပ်လေးလလောက်တော့ နေဦးမယ်တဲ့ ”

 

” မိုက်ကယ်ကလေတန် မြန်မာပြည်သို့ရောက်နေသည်မှာ လေးငါးလခန့်ရှိပေပြီ။ တည်ဆောက်ရေးလုပ်ငန်းတစ်ခုတွင် ကျွမ်းကျင်သူအဖြစ် လာရောက်နေရခြင်းဖြစ်သည်။ သမီးနှင့် သိကျွမ်းခင်မင်သည်ကတော့ နှစ်လလောက်သာရှိသေးသည်။

 

” အင်း … လေးလဆိုလည်း သိပ်မနည်းပါဘူး။ သည်ကြားထဲမှာ သမီးကို တမ်းတမ်းစွဲ ဖြစ်သွားနိုင်ပါတယ် ”

 

ဒေါ်နှင်းနှင်းဝေက သူ့သမီး၏မျက်နှာ ဖူးဖူလှလှကလေးကို အားကိုးစွာ ကြည့်မိသည်။ ကိုယ်လုံးသွယ်သွယ်မြင့်မြင့်လေးကလည်း နိုင်ငံခြားသားအကြိုက်ဟူ၍ မဲတင်းမိသည်။

 

ဒေါနှင်းနှင်းဝေ၏ဖခင်သည် အိန္ဒိယနှင့်မြန်မာစပ်သော မြန်မာပြည်ဖွားတစ်ဦးဖြစ်သည်။ မိခင်ကတော့ ဂန္ဓာလရာဇ်သွေးတစ်ဝက်ပါသည်။ ထို့ကြောင့် ဒေါ်နှင်းနှင်းဝေ၏သွေးကို ခွဲတမ်းချ၍ စိစစ်ကြည့်လျှင် အိန္ဒိယသွေးက တစ်မတ်သား၊ ဂန္ဓာလရာဇ်သွေးက တစ်မတ်သားနှင့် မြန်မာသွေး ငါးမူးဖိုးမျှ ပါရှိလေသည်။

 

မြန်မာသွေး ငါးမူးသားတိတိပါသော်လည်း ဒေါ်နှင်းနှင်းဝေသည် မြန်မာကို အထင်မကြီးလှပေ။

 

” မြန်မာတွေဟာ အရှာအဖွေမကောင်းဘူးတဲ့ ”

မိခင်က ပြောသည်။

 

” အစုအဆောင်းကလည်း မတော်ဘူး ”

ဖခင်က ဆိုသည်။

 

” အသိမ်းအဆည်းကလည်း မတတ် ”

ကြီးတော်က ချီးကျူးသည်။

 

” စည်းကမ်းကလနားလည်း ဘာမှမရှိဘူး။ ပစ်စလက်ခတ်နေတတ်တဲ့သူတွေ ”

ဘကြီးက ထောမနာပြုပြန်သည်။

 

ထို့ကြောင့် ဒေါ်နှင်းနှင်းဝေသည် မြန်မာပြည်တွင်နေကာ မြန်မာငပိနှင့် မြန်မာငံပြာရည်ကို ကြိုက်နှစ်သက်စွာ စားသုံးရင်း မြန်မာကို အထင်သေးနေသူဖြစ်သည်။ သည်ကြားထဲက ရွှေဘိုသားဇာတိ မြန်မာစင်စစ်ဖြစ်သော သမီးတို့အဖေ ဦးဘအောင်နှင့် လက်ထပ်ဖြစ်ခဲ့သည်။

 

” ဒါကတော့ ကိုအောင်က အင်မတန်အလားအလာကောင်းတဲ့သူကိုး ”

ဟုတ်ပါသည်။ ဦးဘအောင်သည် မြန်မာ့လွတ်လပ်ရေးရပြီးစကာလတွင် နိုင်ငံရေးလောက၌ ကျင်လည်ရင်း ရာထူးရာခံကြီးကြီးရရန် အလားအလာများစွာရှိလေတော့ ဘာကတော် ညာကတော် ဖြစ်လိုသော ဒေါ်နှင်းနှင်းဝေက ဦးဘအောင်၏သွေးတွင် ဘာသွေးက တစ်မတ်သား ဘာသွေးက ငါးမူးသားဟူ၍ မဆန်းစစ်ခဲ့တော့ပေ။

ဒေါ်နှင်းနှင်းဝေ၏တွက်ကိန်းသည် တစ်ဝက်မှန်၍ တစ်ဝက်မှားခဲ့သည်ဟု ဆိုရမည်။

ဦးဘအောင်က ဒေါ်နှင်းနှင်းဝေနှင့် လက်ထပ်ပြီးသောအခါ နိုင်ငံရေးကို စိတ်ဝင်စားသေးသော်လည်း အမတ်အဖြစ်အရွေးခံရန် မကြိုးစားတော့ဘဲ စီးပွားရေးဘက်လှည့်သည်။ ဆန်စက်၊ ဆီစက်ထောင်သည်။ အစိုးရနှင့် ဖက်စပ်လုပ်ရသော ဖက်စပ်လုပ်ငန်းများတွင် အမြင်ကျယ်ကျယ်နှင့် ပါဝင်လုပ်ကိုင်လေသည်။ ထို့ကြောင့် ဒေါ်နှင်းနှင်းဝေမျှော်မှန်းသလို ကတော်ကြီးကြီးမဖြစ်ခဲ့ရသော်လည်း ငွေပုံအကြီးကြီးကိုကား ပိုက်မိခဲ့သည်။

” အင်း …သည်အခြေအနေတိုင်း ဆက်သွားရင် မြန်မာပြည်မှာ အချမ်းသာဆုံးဆိုတဲ့သူတွေထဲမှာ စာရင်းဝင်နိုင်ပြီ ”

ဒေါ်နှင်းနှင်းဝေက စိတ်ကူးနှင့် ရူးနေသည်။ အပျော်ကြီးပျော်နေသည်။ သို့သော် ကြာကြာ မပျော်လိုက်ရပေ။ ဦးဘအောင်သည် မည်သည့်အခြေနေအထိ ကြီးပွားနိုင်သနည်းကို တွက်ချက်မိသော်လည်း သူ၏လက္ခဏာတွင်ပါသော အသက်လမ်းကြောင်းက တိုသလား ရှည်သလား မဆန်းစစ်ခဲ့မိသောကြောင့်လားတော့မသိ။ အသက်လေးဆယ်အရွယ်တွင် ရုတ်တရက် သွေးကြောပြတ်ကာ ဆုံးပါးသွားတော့ သမီးငယ်ငယ်လေးနှစ်ယောက်ကို ဖက်ကာ လူးနေအောင် ငိုခဲ့ရလေသည်။

 

သူက ဦးဘအောင်ထက် သုံးနှစ်ကြီးသောကြောင့် မုဆိုးမဖြစ်ချိန်တွင် လေးဆယ့်သုံးနှစ်ရှိပြီဖြစ်လေသည်။ မြန်မာတို့၏အမြင်အရမူ နောက်အိမ်ထောင်ထူရန် မသင့်လျော်တော့ပေ။ သမီးတို့အဖေရှာပေးခဲ့သောပစ္စည်းပုံက သိပ်မနည်းသော်လည်း တစ်သက်လုံးတော့ ထိုင်ပြီး မစားလောက်။ ဆန်စက်၊ ဆီစက်တွေကလည်း သိပ်ဟန်မကျတော့ပေ။ မိန်းမသားတစ်ဦးတည်းအနေနှင့် ဦးစီးလုပ်ကိုင်ရန်လည်းမလွယ်။ သည်တော့ ဒေါ်နှင်းနှင်းဝေ လိုင်းပြောင်းရသည်။ ပန်းဆိုးတန်းနေရာကောင်းကောင်းတွင် ဆိုင်ခန်းတစ်ခုဝယ်သည်။ မြန်မာပန်းပု၊ ပန်းချီ၊ ယွန်းထည်တို့ကို ညာဘက်ခြမ်းတွင်လည်းကောင်း၊ နိုင်ငံခြားမိတ်ကပ်၊ ရေမွှေး၊ လက်သည်းနီစသော အလှကုန်များကို ဘယ်ဘက်ခြမ်းတွင်လည်းကောင်း တွဲပြီးရောင်းချသည်။

မြန်မာ့အနုပညာပစ္စည်းများကို အများဆုံးစိတ်ဝင်စားသူများက မြန်မာတို့မဟုတ်ပေ၊ နိုင်ငံခြားသားများဖြစ်သည်။ သို့သော် နိုင်ငံခြားအလှကုန်များကို စိတ်ဝင်စားသူတွေကတော့ နိုင်ငံခြားသားများမဟုတ်ပြန်၊ မြန်မာများသာဖြစ်ကြသည်။ အခုလိုတွဲထားတော့ ယွန်းပစ္စည်းလာကြည့်သော ကမ္ဘာလှည့်ခရီးသည်အချို့ဆီမှ အလှကုန်ပစ္စည်းများကိုပါ စျေးချိုချိုနှင့် ပြန်ဝယ်၍ ရလေသည်။ သူ့ဆိုင်ကလည်း မြန်မာနှင့်ထိုင်းဖြစ် အလှကုန်များကို လုံးဝတင်သည်မဟုတ်။ ထရီရို့စ်ရှိလား၊ အာချီမရှိဘူးလား အန်တီ၊ ကာနေရှင်း ဒီအိုယင့်လိုချင်တယ် စသည်ဖြင့် ပြောလာလို့ကတော့ ထိုင်းပစ္စည်း မတင်ဘူးကွဲ့ဟု ခပ်ပြတ်ပြတ်ကလေး ပြန်ပြောလိုက်ရသည်မှာ အရသာရှိလှသည်။

သူက ရေမွှေးဆိုလျှင် ပွိုင်စင်တို့၊ ဂျွိုင်းတို့၊ ချာလီတို့၊ မဒမ်ရို့ခ်ျ၊ ချင်နယ်ဖိုက်တို့ကိုသာ တင်ချင်သည်။ ရက်ဗလွန်နှုတ်ခမ်းဆိုးဆေးတောင့်နှင့် မက်စ်ဖက်တာမိတ်ကပ်၊ ဂျွန်ဆင်နှင့်ယတ်တလေကိုယ်လိမ်းပေါင်ဒါများကိုသာ ရောင်းချင်သည်။ ပစ္စည်းစစ်ရမည်ကို အာမခံသည်။ သည်တော့လည်း စျေးများများရသည်က အမှန်ပင်။ စျေးများများပေးနိုင်သူများက သူ့ဆိုင်သို့ လာသည်။ ထို့ကြောင့် ဒေါ်နှင်းနှင်းဝေ၏ဆိုင်သို့ လာသူများမှာ နိုင်ငံခြားသားများနှင့် မြန်မာလူချမ်းသာအထက်တန်းစားများသာဖြစ်သည်။

” ဒါကလည်း သမီးတွေအတွက်ပါ။ သမီးတွေကို နိုင်ငံခြားသားတွေနဲ့ ရင်းနှီးစေချင်လို့။ နောက်ပြီး မြန်မာထဲက နီးစပ်ရင်လည်း အထက်တန်းစားတွေနဲ့ပဲ နီးစပ်စေချင်လို့ ”

ဒေါ်နှင်းနှင်းဝေက တွေးသည်။ သမီးတို့ငယ်စဉ်ကတော့ နိုင်ငံခြားသားများအဝယ်အခြမ်းလာလျှင် သွက်လက်ချက်ချာစွာ ပြောဆိုရောင်းချနိုင်သော မိန်းကလေးတစ်ဦးကို တစ်လသုံးရာပေးပြီး ငှားထားခဲ့ရသည်။ ကိုယ်တိုင်ကတော့ ရွှင်ပျချိုသာသောမျက်နှာပေးနှင့် တစ်ခွန်းစနှစ်ခွန်းစ ဝင်ထောက်ပေးရလေသည်။

သမီးတွေကျတော့ အင်္ဂလိပ်ဘာသာအရေးအဖတ်အပြင် စကားပြောပါကျွမ်းကျင်အောင် ကျူရှင်တွေ အခါခါပေးပြီး ဖိဖိစီးစီး သင်ပေးခဲ့သည်။ သူမျှော်မှန်းသလိုပင် သမီးနှစ်ယောက်လုံး အင်္ဂလိပ်စာတော်ကြသည်။ သမီးတို့အရွယ်ရောက်ပြီး သမီကြီးနှင်းပပ ဘွဲ့ရတော့ ဆိုင်တွင် ထိုင်စေခဲ့သည်။ ထိုမိန်းကလေးကိုလည်း တစ်လသုံးရာပေးပြီး ငှားစရာမလိုတော။

ယခု မျှော်မှန်းသလိုပင် နှင်းပပသည် နိုင်ငံခြားသားများနှင့် ခင်မင်ကျွးမ်ဝင်ခဲ့သည်။ မြန်မာလူချမ်းသာများနှင့် နီးစပ်ခဲ့သည်။ သို့သော်လည်း ကြိုက်မယ့်ကြိုက်တော့ သူ့ဆိုင်သို့ ပစ္စည်းမှန်မှန်သွင်းသော သင်္ဘောသားတစ်ဦးနှင့် ကြိုက်ခဲ့သည်။

 

” အခု သင်္ဘောသားဆိုပေမယ့် စာမေးပွဲဖြေပြီး အောင်ရင် အရာရှိဖြစ်မှာပါမာမီရယ်၊ နောက်ပြီး သူ့ကုမ္ပဏီက သူ့ကို သိပ်သဘောကျတာ။ နာမည်တပ်ပြီး ပြန်ခေါ်မှာ၊ နောက်ထပ်သုံးခေါက်လောက်တော့ အသာလေး လိုက်ရဦးမှာပါ ”

သမီးက အမေသဘောမတူမည်ကို စိတ်ပူရှာသည်။ သူကလည်း သိပ်တော့ သဘောမတူချင်။ ကောင်မလေးက သင်္ဘောသားဆိုသော်လည်း သူ့မိဘများက ကြွယ်ပိုးကြွယ်ဝမဟုတ်။ မြို့သစ်တွင်နေသော လူတန်းစားများဖြစ်၍ ဒေါ်နှင်းနှင်းဝေ သိပ်သဘောမတွေ့လှပေ။ သည့်ထက်ကောင်းကောင်းလေးရချင်သော်လည်း ကိုယ့်သမီးက ပါနေပြီမို့ ဘာမျှ မတတ်နိုင်တော့။ တကယ့်တကယ်တော့လည်း မြန်မာပြည်တွင် သင်္ဘောမှန်မှန်တက်နေရသော သင်္ဘောသားကို ရသည်ဆိုသည်က နည်းနည်းနောနောကုသိုလ်မှ မဟုတ်တာပဲ။ စုတတ်ဆောင်းတတ်လျှင် အိမ်ပိုင်ရာပိုင်၊ ကားပိုင်နှင့် ရွှေငွေတွဲလွဲနေနိုင်သည်ဟု အကောင်းဘက်က တွေးခဲ့ရသည်။

သူမျှော်မှန်းသလိုပင် သမီးကြီးတို့အိမ်ထောင်သည် ချောင်ချောင်လည်လည် ချမ်းချမ်းသာသာရှိသည်။ ရန်ကုန်မြို့မှမခွာဘဲလည်းနေရသည်။

” ဆရာဝန်ယူလျှင်တောင်မှ သူ နယ်ပြောင်းသမျှ တတန်းတန်းလိုက်နေရဦးမယ်။ သည်လောက်လည်း စုမိမှာမဟုတ် ”

 

အခုတော့လည်း ဒေါ်နှင်းနှင်းဝေ ကျေနပ်နေပြီဖြစ်လေသည်။ သမီးနှင့်အတူ ခေါင်းချင်းဆိုင်ရင်း ကိုက်မည့်ပစ္စည်းလေးများ ဝယ်ခြမ်းလာရန် သမက်ဆီသို့ စာရေးရသည်ကို ကြည်မွေ့နေပြီဖြစ်သည်။

” အင်း …ငါ့သမီးငယ်လည်း သင်္ဘောသားနဲ့ပဲ ကြိုက်ဦးမယ်ထင်ပါရဲ့ ”

ဒေါ်နှင်းနှင်းဝေက တွေးသည်။ သမီးငယ်၏သွေးထဲတွင် အိန္ဒိယသွေးက တမူးသားမျှသာရှိတော့သော်လည်း အိန္ဒိယမင်းသမီး ရှာမီလာတဂိုးနှင့် ခပ်ဆင်ဆင် သွားတူနေသည်။ အသားကျတော့လည်း အမေ့ဘက်မှ အဘိုးနှင့်သွားတူကာ ဖြူဝင်းနေသည်။ ဆံပင်နက်နက်ကလေးများက ဖြောင့်စင်းနေပြီး ပြုံးလိုက်ရယ်လိုက်လျှင် ပါးချိုင့်ကလေးက မသိမသာ ခွက်ဝင်သွားတတ်သည်။

” အိမူရာက သမီးကို သိပ်လှတာပဲတဲ့၊ သိလား မာမီ ”

” အန်ကယ်ဂျက်ဆင်က သမီးလမ်းလျှောက်တာ ဒေါင်းမလေး ကနေသလိုပဲတဲ့ ”

” မစ္စတာကိုင်ဇာက သမီးကို ဂျိန်းဖွန်ဒါရဲ့လေ့ကျင့်ခန်းတွေ လုပ်နေသလားတဲ့ မေးနေတယ် ”

 

သမီးငယ်ပြောလေ့ရှိသော စကားများဖြစ်သည်။

 

သမီးငယ်က သမီးကြီးထက်ပိုလှသလို ပိုပြီးတော့လည်း သွက်သည်။ သံရုံးဧည့်ခံပွဲများ၊ စျေးရောင်းပွဲများသို့လည်း မကြာခဏ သွားရတတ်သည်။ သွားရလေတိုင်း အင်္ကျီလက်ရှည်နှင့် ချိတ်ထဘီဝတ်ရန် ဒေါ်နှင်းနှင်းဝေက တဖွဖွ တိုက်တွန်းတတ်သည်။ သူက မြန်မာလူမျိုးကို အထင်မကြီးသော်လည်း မြန်မာဝတ်စုံကိုတော့ အလွန်သဘောကျသည်။ ဂျပန်ကီမိုနို၊ အနောက်တိုင်းဂါဝန်ရှည် စသည်တို့က ခါးတုတ်ခြင်း၊ ဗိုက်ပူခြင်း၊ တင်ပြားခြင်းကို အထိုက်အလျောက် ဖုံးကွယ်နိုင်မည်ဖြစ်သော်လည်း မြန်မာအင်္ကျီနှင့်ထဘီကတော့ ကိုယ်လုံးကိုယ်ပေါက်မလှလျှင် ဘယ်လိုမျှ ဖုံးကွယ်၍မရအောင် ဒုက္ခပေးလေသည်။ သမီးတို့လို လှပြီးသားမိန်းကလေးဆိုလျှင်လည်း ကြည့်မဝအောင် ကြော့ရှင်းသပ်ရပ်နေအောင် အထောက်အကူပေးသည်။ အခုခေတ်ပေါ် မိန်းကလေးများက ပိုးအင်္ကျီ၊ ဖဲအင်္ကျီပြောင်လက်လက်များကို ဇာနားများတပ်ကာ တိုတိုပွပွဝတ်ပြီး ထဘီကျတော့ ခြေသလုံးတစ်ဝက်ခန့် ဖော်ထားကြသေးသည်။ ထိုထိုသောမိန်းကလေးများ လိပ်ပြာလေးများလို ပျံဝဲနေတတ်သောဧည့်ခံပွဲများတွင် သမီးက သူ၏အဆုံးအမအတိုင်း မြန်မာအင်္ကျီလက်ရှည်နှင့် ချိတ်ထဘီကိုသာ ဝတ်ဆင်သွားတတ်သည်။ ထို့ကြောင့်လည်း မြန်မာမိန်းကလေးကို မြန်မာပီပီသသမြင်ဖူးချင်သော နိုင်ငံခြားသားတို့က သမီး၏အလှကိုသာ ငေးမော စိတ်ဝင်စားကြလေသည်။ သမီးနှင့် ရင်းနှီးကျွမ်းဝင်ချင်ကြလေသည်။

သမီးက သူတို့ဖိတ်ခေါ်လျှင် အထိုက်အလျောက် သွားတတ်သော်လည်း မိမိအိမ်သို့မူ မည်သူ့ကိုမျှ ဖိတ်ခေါ်ဧည့်ခံခြင်း မရှိခဲ့ဖူးပေ။ အခုမှ ပထမဦးဆုံးအကြိမ် ထမင်းစားဖိတ်ရန် ကြံရွယ်ခြင်းဖြစ်လေသည်။

” သမီး ”

” ရက်စ် မာမီ ”

” သူက အိမ်ထောင်မရှိပါဘူးနော် ”

” ကွဲနေတာ သုံးနှစ်လောက်ရှိပြီတဲ့ မာမီရဲ့။ သူ့မိန်းမလည်း နောက်ယောက်ျားယူသွားပြီတဲ့ ”

သမီးက လက်သည်းနီဆိုးရင်း အေးဆေးစွာပြောသည်။ ဒေါ်နှင်းနှင်းဝေကတော့ သက်ပြင်းကို ကြိတ်၍ ချသည်။ တစ်ခုလတ်တို့ မုဆိုးဖိုတို့ကို မြန်မာများကသာ အရေးတကြီးထားပြီး စဉ်းစားနေကြခြင်းဖြစ်သည်။ ကမ္ဘာမှာတော့ ဒါက အရေးမကြီးပါဘူးဟု တွေးသည်။

” သူက သမီးကို ချစ်တယ်တဲ့လား ”

” ဟုတ်ကဲ့ ”

သမီးက မသိမသာပြုံးသော်လည်း ရှက်စနိုး မဖြစ်လှပေ။

” သမီးကရော ”

” သမီးကလည်း စဉ်းစားနေတာပါပဲ ”

” လက်ထပ်ဖို့ရော ”

” သူ ပြောမလာသေးပါဘူးမာမီရယ် ”

” ပြောလာရင်ရော ”

သည်တစ်ခါတော့ လက်သည်းဆိုးခြင်းအလုပ်ကို ခေတ္တရပ်ကာ သူ့ကိုမော်ကြည့်သည်။ မိခင်ဖြစ်သူ၏မျက်ဝန်းမှတဆင့် ရင်တွင်းကိုပါ လှမ်းပြီး အကဲခတ်သည်။

” မာမီသဘောမတူဘူးလားဟင် ”

သမီးကမေးတော့ ဒေါ်နှင်းနှင်းဝေ ရုတ်တရက် ဘာပြန်ပြောရမည်ကို မသိဖြစ်သွားသည်။ ” သဘောတူလိုက်တာမှကွယ်၊ မီးရထားကြီး ဥဩဆွဲသလို တူတူ တူတူနဲ့တောင် မြည်နေသေး “ဟု ပြန်ပြောလိုက်ချင်သော်လည်း မကောင်းတတ်သောကြောင့် ” သဘောမတူဘူးလဲ မဟုတ်ပါဘူးကွယ် ” ဟု မယုတ်မလွန် ပြောသည်။

” သမီးသာ သူနဲ့ယူဖြစ်ရင်တော့ မာမီနဲ့ ခွဲသွားရမှာပဲ ”

သမီးက တွေးတွးဆဆ ပြောသည်။

” ဘယ်တတ်နိုင်ပါ့မလဲကွယ် ”

ဒေါ်နှင်းနှင်းဝေကတော့ သမီးကို နှစ်သိမ့်သည်။ ” သည်လိုခွဲရတာမျိုးကိုတော့ မာမီအားပေးပါတယ်သမီးရယ် “ဟု စိတ်ထဲမှ ဆက်ပြောသည်။ သမီးလိုက်သွားပြီး ဟိုမှာ အခြေကျသွားမှ လိုက်လည်ရမည်။ အဆင်ပြေလျှင် ကိုယ်ပါတပါတည်း ဟိုမှာလိုက်နေ၊ အဆင်မပြေလျှင်လည်း ကိုက်မည့်ပစ္စည်းလေးတွေ ဝယ်ခြမ်းပြီး ပြန်လာရုံပင်။ အရှုံးမရှိ၊ မြတ်ဖို့ချည်းဖြစ်သည်။

” တကယ့်တကယ်တော့ အနောက်နိုင်ငံသားတစ်ဦးနဲ့ လက်ထပ်ရတယ်ဆိုကတည်းက သည်ကမိန်းမတွေထက် ခေါင်းတစ်လုံးတော့ ပိုမြင့်သွားတာပဲ။ ဟိုနိုင်ငံကို လိုက်သွားပြီး အခြေချရမှာကရော နည်းတဲ့ကုသိုလ်လား။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးတဲ့ ”

 

* * *

ဒေါ်အေးခင်က ပြောင်လက်ပြီးသားကြမ်းပြင်ကို ကြက်မွေးတံမျက်စည်းနှင့် ဆယ်ကြိမ်မြောက် ထပ်လှည်းသည်။ ကြမ်းပြင်တွင် ထင်နေသော သူ၏အရိပ်ကို ငုံ့ကြည့်ရင်း အဲသည်မိုက်ကယ်ကလေတန်ဆိုတာ ဘာကြီးမို့လို့ သည်လောက်ပျာယာခတ်နေကြပါလိမ့်ဟု စဉ်းစားနေမိသည်။

” အမေ ”

” ဘာလဲဟဲ့ ”

” သည်ငွေဖလားကြီးကို ဘယ်နားမှာ ထားရမှာလဲ ”

” ငါ ဘယ်သိမလဲ။ သူတို့ကိုမေးမှ သိမှာပေါ့ ”

ဒေါ်အေးခင်က သူ၏သမီးသင်းသင်းထွေးကို လှည့်မကြည့်ဘဲ ခပ်ဆတ်ဆတ်ပြောသည်။ သင်းသင်းထွေးက နှင်းဆီဖူးအငုံတွေ ထိုးစိုက်ထားသော ငွေဖလားကို ဟိုချရမလို သည်ချရမလိုနှင့် နောက်တော့လည်း ဧည့်ခန်းထောင့်က စားပွဲမြင့်မြင့်လေးပေါ် သွားတင်ထားလိုက်သည်။

” အမေ ”

 

သင်းသင်းထွေးက ခေါ်ပြန်သည်။

” ဘာလဲဟဲ့ ”

” အမေ ခဏနားဦးလေ၊ ပေး အဲဒီကြက်မွေး။ သမီးဆက်လှည်းလိုက်ပါ့မယ် ”

သင်းသင်းထွေးက ဒေါ်အေးခင်လက်ထဲမှ ကြက်မွေးကို လှမ်းဆွဲသည်။ ဒေါ်အေးခင်က လက်ကို လွှတ်ပေးလိုက်သော်လည်း သမီး၏မျက်နှာကို မကြည့်ပေ။ အိမ်နောက်ဖေးသို့ မျက်နှာထားတင်းတင်းနှင့် လှည့်ဝင်လာခဲ့သည်။

သင်းသင်းထွေးကို မကျေမနပ်ဖြစ်နေသည်က သုံးရက်ခန့်ရှိပေပြီ။ မျက်နှာမြင်လိုက်သည်နှင့် ဒေါသဖြစ်ပြီး ရိုက်ချင်လာတတ်သည်။

” ဟင်း…. ကောင်မ၊ အသက်ကဖြင့် ဆယ့်ခြောက်နှစ်ပြည့်ရုံရှိသေး၊ ရည်စားက ထားချင်နေပြီ ”

အိမ်နောက်ဖေးတွင် မတိုးတို့လင်မယားက ပန်းကန်ခွက်ယောက်များကို ဆေးကြောနေကြသည်။ ဆီပြန်ဟင်းများကတော့ ဆိုင်မှဝယ်ထား၍ အဆင်သင့်ဖြစ်နေပြီ။ မန်ကျည်းရွက်ကိုတော့ စားကာနီးမှ သုပ်ရမည်ဖြစ်သည်။ ပဲကြီးဟင်းကို ဆူးပုပ်ရွက်ခတ်ရန် မခတ်ရန်ကိစ္စက မသေချာသေးပေ။ ဆူးပုပ်ရွက်နံ့ကို မိုက်ကယ်ကလေတန် နှစ်သက်မည် မနှစ်သက်မည်ကို ဒေါ်နှင်းနှင်းဝေကလည်း အသေအချာ မဆုံးဖြတ်နိုင်ပေ။

 

ဒေါ်အေးခင်သည် ဘာဆက်လုပ်ရမည်ကို မသိဘဲ ခေတ္တမျှ ငိုင်နေမိပြီးမှ အဝတ်တစ်ခုကိုယူကာ ဆေးပြီးသားကြွေပန်းကန်များကို တစ်ချပ်ချင်း သုတ်သည်။

” အစ်မအေးခင် နေမကောင်းဘူးလား ”

” ဘာဖြစ်နေလို့လဲ ”

” မျက်နှာမကောင်းလို့ ”

” မျက်နှာမကောင်းတာ စိတ်မကောင်းလို့ပါအေ။ လူကတော့ နေကောင်းပါတယ် ”

ဒေါ်အေးခင်က ညည်းညည်းညူညူပြောသည်။ သူ့မှာလည်း ရင်ဖွင့်စရာဆိုလို့ မတိုးတို့လင်မယားသာရှိသည်။ သို့သော်လည်း မတိုးယောက်ျားမောင်တင်ရှိနေတုန်းတော့ သင်းသင်းထွေးအကြောင်း သိပ်မပြောချင်။ မတိုးမှတဆင့် သူ့ယောက်ျားကို သူ ပြောပြီး သိသည်ကတော့ ကိစ္စမရှိချေ။

” အစ်မအေးခင်တို့တော့ ဒီည ရတနာပုံဆိုက်မှာပဲ။ ပိုတဲ့ဟင်းတွေ အများကြီး သယ်သွားလို့ရမှာ သိလား ”

မောင်တင်ကတော့ ဝယ်ထားသောဟင်းများဆီသို့သာ အာရုံရောက်နေပုံရသည်။

” အောင်မလေး အဲသည်ဆီပြန်ဟင်းတွေကို ဒေါ်ကပ်စေးကြီးက ပေးပါလိမ့်မယ် အားကြီးကြီး။ ကြည့်နေ၊ အစ်မအေးခင်ပြန်ရင် ရော့ဟဲ့ ညည်းကလေးတွေအတွက်ဆိုပြီး မန်ကျည်းရွက်သုပ်တစ်ဇလုံ ပေးလိုက်လိမ့်မယ် သိလား ”

မတိုးက အိမ်ရှေ့ကို မသိမသာ ကဲကြည့်ကာ တိုးတိုးလေးပြောရင်း ကျိတ်ရယ်နေသည်။ ဒေါ်အေးခင်ကတော့ လိုက်မရယ်နိုင်။ ခပ်ငိုင်ငိုင်ဖြစ်နေသည်။ မန်ကျည်းရွက်သုပ်သည်လည်းကောင်း၊ ငါးမြင်းဆီပြန်သည်လည်းကောင်း သူ့အတွေးကို မလွှမ်းမိုးနိုင်ပေ။

 

” သမီးအကြီးမို့ လိမ္မာမလားမှတ်ပါတယ်။ သူကစပြီး ယောက်မမြင်းစီးထွက်လာတယ်။ ဟင်း ….ငါလေ ”

ဒေါ်အေးခင်က တွေးရင်း အံကြိတ်သည်။

” အခုမှ ရှစ်တန်းဖြေပြီးစရှိသေးတယ်။ ကောင်မက နန့်နေပြီ။ လိုချင်လွန်းလို့ ယူလည်း ကိုယ့်မြန်မာဗုဒ္ဓဘာသာချင်းဆိုရင် တော်သေးရဲ့ ”

တစ်နေ့ညက သမီး၏ကျောင်းစာအုပ်ကြားထဲမှာ စာတစ်စောင်ကို တွေ့ရသည်။ သမီးက အချိန်မီဝှက်ရန် ကြိုးစားသော်လည်း ပန်းရောင်စာရွက်ကလေးကို မြင်ကတည်းက သူက လက်မြန်မြန်နှင့် လှမ်းဆွဲလိုက်သည်။ မြင်ရုံနှင့် ရည်စားစာမှန်းသိ၍ သမီး၏ခေါင်းကို နာနာခေါက်ပစ်လိုက်သည်။ ဖတ်ကြည့်မိတော့ လမ်းထိပ်ကုန်စုံဆိုင်မှ မောင်မောင်စိန်က ပေးလိုက်ကြောင်းသိရပြီး ဒေါသဖြင့် ကျောကို ပူနေအောင် ထပ်၍ထုပစ်လိုက်သည်။

 

” ညီမလေး အကိုနဲ့လက်ထပ်ပြီးရင် အကိုက ကျောင်းဆက်ထားပေးမှာပေါ့။ အကို့မိဘတွေ ဘယ်လောက်ချမ်းသာသလဲ ညီမလေးသိတယ်မဟုတ်လား။ ညီမလေး ရွှေပုံငွေပုံပေါ်မှာ စံရမှာပါကွယ်။ တစ်ခုတော့ ရှိတယ်လေ။ အကိုတို့ဘာသာထဲကိုတော့ ဝင်ရမှာပေါ့ ”

 

စာကို တစ်ခေါက်တည်းသာဖတ်လိုက်ရသော်လည်း အလွတ်နီးပါးရသွားသည်။ တစ်ကိုယ်လုံး ရှိရှိသမျှသွေးများလည်း ဆူဝေလှုပ်ရှားသွားသည်။ ထူပူသွားသည်။ မူးဝေသွားသည်။

 

“ဟင် ဗိုင်းတာမ၊ နင်က ဘာတွေစိတ်ကူးနေတာလဲ ”

” သမီးမကူးပါဘူးအမေရဲ့။ သူက သူ့ဘာသာသူ သမီးလွယ်အိတ်ထဲ စာထည့်ပေးလိုက်တာပါ ”

” အဲဒီသေချင်းဆိုးပေးတိုင်းရော နင်က ဘာကိစ္စ ယူခဲ့ရတာလဲ ကာလနာမရဲ့ ”

ဒေါ်အေးခင်က သူ့သမီး သူ့မျက်စိအောက်က ပျောက်သွားတော့မလို ဆောက်တည်ရာမရဖြစ်ခဲ့ရသည်။ ဧည့်သည်ရှင်းပြီး အေးအေးဆေးဆေးရှိမှ မတိုးကို ရင်ဖွင့်ပြပြီး ငိုရမည်။ ကလေးငါးယောက်နှင့်မုဆိုးမမို့ ဆင်းရဲကျပ်တည်းသည်ကတော့ အမှန်ပင်။ ဆွေမျိုးနီးစပ်တော်သော ဒေါ်နှင်းနှင်းဝေတို့အိမ်တွင်လာပြီး ကူညီလုပ်ကိုင်ပေးရင်း ငွေရေးကြေးရေးအကူအညီကို လောက်လောက်လားလားများ ရမလားဟု မျှော်လင့်စကားခေါ်နေရသောအချိန်မို့ စိတ်အားက ငယ်ပြီးရင်းငယ်ရင်း ငိုပြီးရင်း ငိုချင်ရင်းဖြစ်နေသည်။

” ရေခဲသေတ္တာထဲက ရေခဲတုံးတွေ အဆင်သင့် ထုတ်ထားပါတဲ့ ”

သင်းသင်းထွေးက မီးဖိုထဲ ပြန်ဝင်လာသည်။ အမေ၏မျက်နှာကဲကို မသိမသာခတ်ကာ မလှမ်းမကမ်းတွင် ဝင်ထိုင်လိုက်သည်။

” နင့်အမေ စိတ်မကောင်းဖြစ်နေတယ်တဲ့။ နင် ဘာလုပ်ထားသလဲ ”

” ဟာ …မတိုးကလဲ၊ သင်းသင်း ဘာမှမလုပ်ပါဘူး ”

သင်းသင်းထွေးက မလုံမလဲ ဖြေသည်။

” မုဆိုးမသားသမီး ဆင်းရဲသားဆိုတော့ လူမလေးချင်ဘူးမတိုးရဲ့။ ကိုယ်က နေတတ် ထိုင်တတ်မှ၊ ပိပိပြားပြားမနေဘဲ ဆတ်ကော့လတ်ကော့ သွားလုပ်ရင်တော့ အချောင်ကြံတဲ့သူနဲ့ တွေ့မှာပဲ။ မဟုတ်ဘူးလား ”

 

ဒေါ်အေးခင်က ရေခဲသေတ္တာထဲမှ ရေခဲတုံးကလေးများကို ထုတ်ရင်း တရားစောင်းဟောသည်။ မောင်တင်က ပုလင်း၊ ဖန်ခွက်နှင့် အမြည်းများကို ပြင်နေသည်။ လေးထောင့်ဒိန်ခဲတုံးလေးများပေါ်တွင် သွားကြားထိုးတံကလေးများ အဆင်သင့်ထိုးစိုက်နေရင်း သီဟိုဠ်သရက်စေ့ ကောက်ဝါးသည်။

” သင်းသင်းထွေးက လိမ္မာပါတယ်။ မဟုတ်လား အစ်မအေးခင်ရဲ့ ”

မတိုးက အကင်းပါးစွာ ဝင်ထောက်သည်။

” နင့်ညီမလား၊ လိမ္မာလိုက်တာမှအေ ”

ဒေါ်အေးခင်က နှုတ်ခမ်းကို အရုပ်ဆိုးအောင်မဲ့ရင်း စကားပြောရန် အရှိန်ယူသည်။

” ဘာမှမဟုတ်ပါဘူးမတိုးရယ်။ အမေက သင်းသင်းကို သူများပေးတဲ့ရည်စားစာ ယူလာရမလားဆိုပြီး ညတုန်းက ခေါင်းခေါက်လိုက် ကျောထုလိုက် ပေါင်တွင်းကြော လိမ်ဆွဲလိုက်နဲ့ ”

ဒေါ်အေးခင်မပြောမီ သင်းသင်းထွေးက ဦးအောင်ပြောပြီး မျက်ရည်ဝဲလာသည်။

” အဲသည်စာကို ဘယ်သူ့ဆီက ယူလာတာလဲဆိုတာကိုလည်း ထည့်ပြောလိုက်ဦးလေ။ ဟင် နင်က မျိုးမစစ်ကလေးတွေ မွေးချင်လို့လား။ ဘာသာကို စွန့်ချင်လို့လား မိသင်းသင်းထွေးရဲ့ ”

ဒေါ်အေးခင်က ပြောရင်း ချက်ချင်း မျက်ရည်ကျလာသည်။ သမီးကတော့ သူ့ကို ခပ်ငေးငေးပြန်ကြည့်ရင်း ခပ်ကြိတ်ကြိတ်ရှိုက်ကာ မျက်ရည်သုတ်သည်။

” အမေ အရင်တုန်းကပြောတော့ သမီးကို ချမ်းသာတဲ့သူနဲ့ ရစေချင်တယ်ဆို”ဟု တိုးတိုးလေး ပြောသည်။

 

” ဟော …လာပြီထင်တယ် ”

အိမ်ရှေ့မှ ကားဆိုက်သံကို ကြားတော့ မတိုးနှင့်မောင်တင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူတို့တတွေ မောနေအောင် တိုက်ထားသော ကျွန်းသားကွက်တုံးကြမ်းပေါ်သို့ ဖိနပ်မချွတ်ဘဲ နင်းတက်လာသောနိုင်ငံခြားသားကြီးကို စိတ်ဝင်စားစွာ ချောင်းကြည့်ကြသည်။

 

” ဂွတ်အီးဗနီးမိုက်ကယ်၊ ယူအာဝဲလ်ကမ်း ”

 

” ဟောင်းအာယူး ”

 

” ဖိုင်း ဖိုင်း သိုင်ခရူး ”

 

” အိုး မိုင်ဆွိ ယူလွတ်ခ် ဆိုးဗြူးတီးဖူးလ် ”

 

အိမ်ရှေ့မှ စကားသံများက လျှံတက်လာသည်။ ဒေါ်အေးခင်ကတော့ နားမထောင်အား၊ သူ့သမီးလက်ကို တင်းကြပ်စွာ လှမ်းဆုပ်ရင်း တုန်ရင်လှိုက်စွာ ပြောလေသည်။

 

” သည်လို ဘာသာမတူ လူမျိုးမတူတဲ့လူမျိုးကိုတော့ ချမ်းသာလို့မက နတ်ပြည်ခေါ်သွားမယ်ဆိုဆို အမေသဘောမတူဘူးသမီး။ သမီးယူချင်ရင် အမေ့ကို အရင်သတ်သွား၊ အေး…. အမေမသေသေးရင်တော့ သမီးကို လိုက်ပြီးသတ်မယ်။ ပြီးမှ အမေ့ကိုယ်အမေသတ်မယ် သိလား။ အဲဒါကို မြဲမြဲ မှတ်ထား။ ကိုယ့်အမျိုး ကိုယ့်ဘာသာကို ကိုယ်မှမစောင့်ရှောက်ရင် မလေးစားရင် ဘယ်သူကလာပြီး စောင့်ရှောက်မှာလဲ လေးစားမှာလဲသမီးရယ် ”

 

_______________**********________________

 

မစန္ဒာ

မြဝတီ၊ ၁၉၈၇၊ မေ။

 

သောကြာကြိုက်သောစာစုများမှ

Leave a Reply

Your email address will not be published. Required fields are marked *