နွားသေရတာ…….ဘယ်သူ့ကြောင့်
တစ်နေ့မှာ နွားက လယ်ထွန်ပြန်လာပြီးနောက် နွားတင်းကုပ်မှာလဲနေတယ်။ တစ်နေကုန်ပင်ပန်းထားလို့ အသက်ကို သူလှိုက်ရှုနေရတယ်။ ဒီအချိန်မှာ ခွေးတစ်ကောင်က သူ့ကိုလာကြည့်တယ်။နွားက “ပင်ပန်းလိုက်တာ မောင်ခွေးရာ၊ ငါ မနက်ဖြန်တစ်ရက်လောက်နားချင်တယ်ကွာ” လို့ ခွေးကိုညည်းပြတယ်။ခွေးဟာ နွားနားကနေထွက်လာပြီးနောက် နံရံထောင့်က ကြောင်ဆီသွားပြီး “ဟေ့ကောင် ငကြောင်.. အခုနားက ငါနွားဆီသွားတယ်။ အဲကောင်အရမ်းပင်ပန်းနေလို့ မနက်ဖြန်တစ်ရက်နားချင်တယ်ပြောတယ်။ သူ့ကို သခင်ပေးတဲ့အလုပ်တွေ သိပ်များ သိပ်ပင်ပန်းလွန်းတယ်ကွာ” လို့ပြောပြတယ်။ကြောင်က ဆိတ်နဲ့တွေ့တော့ “ကိုဆိတ်.. ကိုဆိတ်.. ကိုနွားက သခင်သူ့ကိုပေးတဲ့အလုပ်တွေ သိပ်များ သိပ်ပင်ပန်းတယ်လို့ ညည်းနေတယ်ကွာ.. တစ်ရက်နားချင်တယ်.. မနက်ဖြန် အလုပ်မလုပ်တော့ဘူးတဲ့” လို့ပြောတယ်။ဆိတ်က ကြက်ကို “နွားက သခင်အတွက် အလုပ်မလုပ်ပေးချင်တော့ဘူးတဲ့။ သူ့ကိုပေးတဲ့အလုပ်တွေ သိပ်များ သိပ်ပင်ပန်းတယ်လို့ မကျေမနပ်ညည်းနေတယ်။ တခြားနွားတွေအပေါ်မှာရော သခင်သက်ညှာရဲ့လားမသိဘူး..”လို့ဆိုတယ်။တစ်ဖန် ကြက်က ဝက်ကို “နွားက သခင့်အတွက် အလုပ်မလုပ်ပေးတော့ဘူးတဲ့။ သူ တခြား သခင်သွားရှာတော့မယ်တဲ့။ တကယ်ကွာ.. ခု သခင်က နွားအပေါ်နည်းနည်းမှ မစာနာဘူး။ သူ့ကို ဘာလို့ ပင်ပန်းတဲ့အလုပ် ညစ်ပတ်တဲ့အလုပ်ကို ဒီလောက်ခိုင်းတာလဲ မသိဘူး.. ပြီးတော့ ကြိမ်တုတ်နဲ့ ရိုက်ရိုက်နေသေးတယ်
“ညစာစားခါနီးမှာ သခင်မက ဝက်စာကျွေးတော့ ဝက်က “သခင်မ.. သခင်မ.. သခင်မကို ပြောစရာရှိတယ်။ ခုတလော နွားတစ်မျိုးတွေးနေတယ်.. သခင်မ သူ့ကို ဆုံးမလိုက်ပါဦး။ သူက သခင်မတို့ကို အလုပ်အကျွေးမပြုချင်တော့ဘူးတဲ့။ သူ့ကို သခင်တို့ပေးတဲ့အလုပ်တွေ သိပ်များ သိပ်ပင်ပန်းတယ်ပြောနေတယ်။ ဒီကနေ သူခွာပြီး တခြားနေရာသွားမယ်လို့ ပြောနေတယ်” လို့ တိုင်တောတော့တယ်။ထမင်းစားတော့ သခင်မက ဝက်ဆီကနေ သူကြားခဲ့တာတွေကို သခင့်ဆီဖောက်သည်ချတယ်.. “နွားက ရှင့်ကိုသစ္စာဖောက်နေပြီ။ သူ သခင်ပြောင်းချင်တယ်တဲ့။ သစ္စာဖောက်တာဟာ သည်းခံစရာမဟုတ်ဘူး.. သူ့ကို ရှင်ဘယ်လိုလုပ်မယ် စဉ်းစားလဲ””သစ္စာဖောက်ရင် အရှင်မထားဘူး” သခင်က အံကြိတ်ပြီးဆိုတယ်။ဒီလိုနဲ့ အလုပ်ကြိုးစားတဲ့ သနားစရာနွားတစ်ကောင်ဟာ ကောလာဟလရဲ့အသတ်ကို ခံလိုက်ရတယ်။ကျွန်တော်တို့လူတွေမှာလည်း တဆင့်ကြားတဲ့စကားအပေါ် အခြားအရသာတွေရောစပ်ပြီး ပြောတတ်တဲ့အကျင့်ရှိကြတယ်။ ပြောသူက စိတ်ထဲဘယ်လိုမှမရှိဘဲ မကျေမနပ်ညည်းတွားလိုက်တာလေးဆိုပေမယ့် နားထောင်သူက စိတ်ပါလက်ပါ အကျယ့်တဝင့်ချဲ့ပြီး တဆင့်ဖြန့်လိုက်တတ်တယ်။ကိုယ့်ပြဿနာကို ဘေးပတ်ဝန်းကျင်ကလူကို တွေ့တိုင်း မညည်းတွားပြပါနဲ့.. ဒီလိုမှမဟုတ်ရင် ဘာကြောင့်သေမှန်းတောင် ကိုယ်ကိုယ်တိုင်သိလိမ့်မှာ မဟုတ်ဘူး။တဆင့်စကားကို အလွယ်တကူမယုံပါနဲ့။ ကိုယ်တိုင်ကြား၊ ကိုယ်တိုင်မြင်တာမဟုတ်ရင် မှားယွင်းတဲ့ပိုင်းဖြတ်ချက်ကို သင်ချမှတ်မိတတ်လို့ပါ။
Credit – နိုင်းနိုင်းစနေ