“ပုစူးမ (သို့မဟုတ်) ငွေငါးကျပ်ဖြင့် သန်းကြွယ်သူဌေးမကြီး ဖြစ်လာသူ
”
_____________________________
သိန်း(၇၀၀၀)တန် လန်ခရိုဇာကားကြီးကို အရောင်းအဝယ် စာချုပ်ချုပ်ဆိုအပြီး သူမ,ပေးသော အကျိုးဆောင်ခကိုယူလျှက် “ကျေးဇူးပဲ မာမီစူး” ဟုဆိုရင်းက ဧည့်ခန်းနံရံရှိ ငါးကျပ်တန် ငွေစက္ကူကို မှန်ဘောင်သွင်းထားသည့် အကြောင်းအရာကို ရရှိသည့်အာရကေထက် ပိုစိတ်ဝင်စားသွားပြီးနောက် အကြည့်က ထိုဓါတ်ပုံမှ မျက်တောင်မခတ်မိ။
မင်သက်မိနေသော ကျွန်တော်၏ ဟန်ပန်အမူအရာ ကို သတိထားမိသော မာမီစူးက “ဟင်း ဟင်း ဟင်း ဟင်း” ဟူသော သာယာနာပျော်ဖွယ်ရာ အသံဖြင့် “သိပ်ကို စိတ်ဝင်စားနေပြီလား မောင်လေး”
“ဟုတ်ကဲ့ဗျ။ ဒီဓါတ်ပုံရဲ့ နောက်ကွယ်မှာ ထူးဆန်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိကိုရှိရမယ်လေ”
“ဒါပေါ့ကွယ်။ သိပ်ရှိတာပေါ့။ ဒီငါးကျပ်တန်လေးက မမစူး အခုလို သူဌေးမကြီး ဖြစ်လာရတဲ့ ဘဝရဲ့ တစ်စိတ်တစ်ဒေသပေါ့ကွယ်”
“ငွေငါးကျပ်နဲ့ အခုလို သူဌေးမကြီး ဖြစ်လာရပုံကို
နှောင်းလူငယ်တွေသိအောင် မမစူးရဲ့ ကြိုးစားခဲ့ပုံလေးကို ရှင်းပြပါလား မမစူး”
မမစူးဟာ ရီဝေသော မျက်လုံးများနှင့် ဟိုးအဝေးက အတိတ်ဘဝကို ပြန်မြင်ယောင်ရင်းက အခုလို ရှင်းပြပါတယ်။
“မမစူးက အညာဒေသက ရွာလေးတစ်ရွာကပေါ့ကွယ်။ ငယ်နာမည်က ပုစူးမ,ပါ။ ငယ်စဉ်က အရမ်းဆင်းရဲလွန်းပြီး တစ်ရွာလုံးရဲ့ ခိုင်းဖတ်။ မိဘတွေကလည်း ငယ်စဉ်ကတည်းက ဆုံးပါးခဲ့လို့ သူတစ်ပါးအိမ်မှာ ခိုကပ်နေရင်းက အသက်(၁၆)နှစ်အရွယ်မှာ ရွာက ထွေလာဂျီတစ်စီးနဲ့ မြို့ကို လိုက်ခဲ့တယ်။
ရင်ဘတ်ထဲက ချွေးခံအင်္ကျီထဲမှာတော့ အခုဓါတ်ပုံ ထဲက ငါးကျပ်တန် တစ်ရွက်ပဲ ပါတယ်။
ထွေလာဂျီစီးခ ပိုက်ဆံထုတ်ပေးတော့ ကားသမားက သနားပြီး ကားခမယူခဲ့ပဲ သူနဲ့ အကြောင်းပါခဲ့ရပါတယ်။ မမစူးရဲ့ ငါးကျပ်တန်လေး မသုံးဖြစ်ခဲ့ဘူး။
အဲ့လိုနဲ့ မမစူး ဘဝကို ဒီလို ထွေလာဂျီမောင်းတဲ့ကတော်အဖြစ် မရပ်တည်နိုင်လို့ ဆက်လက်ကြိုးစားရာကနေ နောက်တော့ မြို့ကကားဝပ်ရှော့မှာ ထွေလာဂျီကို ပြင်ရင်းကနေ ထွေလာဂျီမောင်းသူနဲ့ ကွဲပြီး ဝပ်ရှော့ဆရာနဲ့ အကြောင်းပါခဲ့ပြန်တယ်။ ငါးကျပ်တန်ကလေးက အရာမယွင်းခဲ့ပါဘူးလေ။
ဆီချေးနံ့ နံနေတဲ့ ဝပ်ရှော့ဆရာကတော်ဘဝမှာ မမစူး ဘဝကို အနစ်မွန်းမခံချင်တာနဲ့ ဆက်လက်ကြိုးစားခဲ့ရတာပေါ့ ငါ့မောင်ရယ်။
အဲ့ဒီလိုနဲ့ ကားဝပ်ရှော့မှာ ကားလာပြင်တဲ့ အရမ်းချမ်းသာတဲ့ အဖိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး မမစူးဟာ အခုလို သူဌေးမကြီး ဖြစ်လာရတာပေါ့ကွယ်။
အဲ့ဒီအဖိုးကြီးလည်း ဆုံးရော သူပိုင်ဆိုင်သမျှတွေ မမစူး ရလိုက်ရာကနေ သူဌေးမကြီး ဖြစ်ခဲ့ရတာပေါ့။
မမစူး မသုံးဖြစ်သေးတဲ့ ငါးကျပ်တန် အနွမ်းလေးကြောင့် အခုလို သူဌေးမကြီး ဖြစ်ခဲ့ရတာလေ။
အဲ့ဒါကြောင့် မမစူးအနေနဲ့ အခုခေတ် လူငယ်တွေကို မှာချင်တာက မမစူးလိုဖြစ်အောင် မလျှော့သော ဇွဲလုံ့လနဲ့ ကျိုးစားကြပါလို့။
ဒါနဲ့ မောင်လေးရော ချွေးခံအင်္ကျီထဲက ပိုက်ဆံငါးကျပ်တန်လေးကို ကြည့်ချင် ကိုင်ချင်သေးလား”
“ရပါတယ် မမစူးရယ်။ မကြည့်တော့ပါဘူး” ဟု ဆိုကာ ထိုအိမ်မှ ဖိနပ်မစီးပဲ အမြန်ပြေး၍ ပြန်လာခဲ့ရပါတော့လေသတည်း။
သုခိအတ်ထာနံ ပရိဟာန်တုတု
YAWN
Crd.
Via:Kyaw Zin Lat