ဂူထဲကလူ … လူထဲကဂူ
အလွန်ကြီးသော ဂူကြီးတစ်ဂူတွင် လူတစ်စုသည် နိုင်ငံကြီးတစ်နိုင်ငံထူထောင်ကာ နေထိုင်ကြလေသည်။ ထိုဂူကြီးသည် သူတို့လောက သူတို့ကမ္ဘာ သူတို့အတွက် သုခဘုံလည်းဖြစ်သည်။
ဂူနေလူသားတို့သည် အပြင်လောကနှင့် အဆက်အသွယ်လည်းမရှိ၊ အပြင်လောကအကြောင်းလည်း ဘာမျှမသိ။ ထိုသို့ မသိစေရန်လည်း သူတို့ကို အုပ်ချုပ်သည့် ဘုရင်အဆက်ဆက်က ဖိနှိပ်ချုပ်ကိုင်ထားလေ သည်။ သူတို့ကို ဤလောကမှတစ်ပါး အခြားလောကသည်မရှိဟု ငယ်စဉ်ကတည်းက သင်ကြားခြင်း ခံထားရသည်။ ကာလကြာသည့် အခါတွင် ထိုဘုရင်မျိုးဆက်တွေကပင် အပြင်လောကဆိုသည်မှာ ဘာမှန်းမသိသူများ ဖြစ်ကုန်ကြလေသည်။
ဂူကြီးသည် အတိုင်းအတာပမာဏ ကြီးမားလွန်းသည်ဖြစ်ရာ တိုင်းပြည်တစ်ပြည် ထူထောင်ပြီး သီးခြားနေထိုင် နိုင်သည့် အနေအထားဖြစ်လာသည်။ သို့သော် ထိုဂူကြီးကား ထာဝရအမှောင်ထုကြီးက စိုးမိုးနေသည်။ ပိန်းပိတ်အောင် မှောင်နေသည့်ဂူကြီးအတွင်း ဂူထဲနေသူတို့သာ အချင်းချင်း မြင်နိုင်၏။ အချင်းချင်းတွေ့နိုင်၏။ သူတို့အချင်းချင်းသာ သူတို့ပတ်ဝန်းကျင်ကို ခံစားနိုင်၏။ ထိုဂူကြီး၏ ပတ်ဝန်းကျင်ကလည်း ပိန်းပိတ်အောင် မှောင်နေသဖြင့် အပြင်လူတွေကလည်း ရှိမှန်းပင်မသိ။
အမှောင်ထဲနေ၊ အမှောင်ထဲသေပြီး၊ အမှောင်ထဲတွင်သာယာနေကြသူများ၏ ဂူကြီးအတွင်းသို့ တစ်နေ့တွင် အပြင်လောကမှ ဇီးကွက်တစ်ကောင် မျက်စိလည် လမ်းမှားပြီး ရောက်လာသည်။
“အလို မှောင်မည်းနေတဲ့ လောကကြီးပါလား … ထူးဆန်းလိုက်တာ ဒီထဲကလူတွေ ဘယ်လိုများနေကြပါလိမ့်”
ထိုစကားကို ဘုရင်မွေးထားသော ကျေးသားကကြားပြီး
“အသင် ဘယ်ကလာသနည်း”
“ကျွန်ုပ်သည်ကား နေမင်းကြီး၏ အလင်းရောင်နှင့် လမင်းကြီး၏ အလင်းရောင်တို့ကို တစ်လှည့်စီ ရရှိသော လောကမှာ လာသူဖြစ်သည်”
“သင်သည် အလင်းရောင်လောကမှ လာသူလော”
“ငါတို့သည် အလင်းထဲတွင် နေသူများဖြစ်သည်။ ငါတို့ထံတွင် နေ့နှင့်ည ဟူ၍ နှစ်ပိုင်းရှိသည်။ နေ့တွင် နေမင်းကြီးက ငါတို့ကို အလင်းရောင်ပေးသည်။ ညတွင် လမင်းကြီးက ငါတို့ကို အလင်းရောင်ပေးသည်”
“အလင်းရောင်ဆိုသည်မှာ အဘယ်နည်း”
“အလင်းရောင်ဆိုသည်ကား သူ့ပကတိ အရှိတရားကို အမှန်အတိုင်းသိမြင်နိုင်စေရန် ထွန်းလင်းပေးသော အရာဖြစ်သည်။ သင်တို့က ဤဂူကြီးထဲတွင် မြင်နေသမျှ အရာအားလုံးသည် အမှောင်ထဲတွင် ကျင့်သားရသဖြင့် မြင်နေရသော အရာများသာဖြစ်ပြီး ပကတိ အရောင်အသွေး၊ အနံ့အသက်၊ အဆင်းများ အချင်းများမဟုတ်”
“သို့သော် ငါတို့သည် ဤလောကတွင် ကျင်လည်နိုင်သည်မဟုတ်လော”
“မှန်ပေ၏ … သို့သော် သင်တို့တွင် အမြင်ကန်းနေသည်မှာ မပြည့်စုံပါ။ မေးအံ့ … သင်တို့ မွေးထားသော ငန်းများသည် မည်သည့် အရောင်ဖြစ်သနည်း”
“ငန်းဆိုသည်မှာ အနက်ရောင်ဖြစ်သည်”
“သင်တို့တိုင်းပြည်က နို့အရောင်သည် မည်သည့်အရောင်ဖြစ်သနည်း”
“နို့ဆိုသည်ကား အနက်ရောင်ဖြစ်တော့သည်”
“အဆွေ … ငန်းနှင့် နို့တို့သည် အဖြူရောင်ဖြစ်တော့သည်”
“အဖြူရောင်ဆိုသည်ကား အဘယ်နည်း”
“အဖြူရောင်နှင့် အခြားအရောင်များကို ခံစားနိုင်ရန်အတွက် သင်တို့ တိုင်းပြည်တွင် အလင်းရောင် လိုနေသည်”
“သင့်စကားတွေကား ထူးဆန်းလှပေသည်။ ငါတို့ မင်းကြီးထံ လိုက်ခဲ့လေ။ ငါတို့မင်းကြီးကို သင်တို့လောကမှ အလင်းရောင်အကြောင်း ပြောကြားလော့”
ဤသို့ဖြင့် ဇီးကွက်သည် အမှောင်လောကတွင် အုပ်စိုးသော ဘုရင်ထံရောက်လာပြီး ကျေးသားကို ပြောသည့် အကြောင်းအရာများကို ဘုရင်အား ပြောကြားလေသည်။ ဘုရင်ကလည်း ထိုစကားကို ကြားလေလျှင် အလင်းရောင်ကို လိုချင်လာသဖြင့်
“သင်ပြောသည့် နေမင်းကြီးနှင့် လမင်းကြီးကို ငါတို့ ဂူကြီးထဲတွင် ထည့်ထားလိုက်လျှင် ဂူကြီးတစ်ခုလုံး ထွန်းလင်းသွားမည်မှာ အမှန်လော”
“မှန်ပါ၏”
“ထိုသို့ဆိုလျှင် ထိုနေမင်းကြီးနှင့် လမင်းကြီးကို ငါတို့ သွားယူအံ့”
“နေမင်းကြီးနှင့် လမင်းကြီးကို သွားယူရန်ဆိုသည်မှာ သာမန်အစွမ်းအစနှင့် မဖြစ်နိုင်”
“အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း … ငါတို့ထံတွင် အလွန်အစွမ်းထက်သော ခွေးတစ်ကောင်ရှိသည်”
“သူက မည်မျှစွမ်းသနည်း”
“ထိုခွေးကား မည်မျှဝေးဝေး ပြေးနိုင်၏။ မည်မျှ မြင့်မြင့် ခုန်နိုင်၏။ မည်မျှကြီးကြီး ကိုက်ယူလာနိုင်၏”
“ထိုသို့ဆိုလျှင် သင်တို့ခွေးကို နေမင်းကြီးအား သွားယူခိုင်းသင့်သည်”
ဘုရင်က သူမွေးထားသည့် လက်ရွေးစင်ခွေးကြီးကို အမိန့်ပေးလေသည်
“ဟဲ့ … နေလုံးကြီးကို မရ, ရအောင် ကိုက်ချီပြီး ယူလာခဲ့ရမည် … အမိန့်တော်”
သခင်က အမိန့်ပေးလျှင် အရိုးကြေကြေ အရေခမ်းခမ်း လုပ်ဆောင်ရန် အသင်ဖြစ်နေသော ခွေးကြီးက ဇီးကွက် လမ်းညွှန်သည့်အတိုင်း နေမင်းကြီးဆီသို့ ပြေးလေသည်။ ထိုနေမင်းကြီးဆီသို့ ရောက်ရန် တစ်နှစ်တိတိကြာ သည်။ ခွေးကြီးက နေမင်းကြီးနှင့် အနီးသို့ရောက်သည့်အခါတွင် သူ့ပါးစပ်ဖြင့် လှမ်းဟပ်လိုက်ရာ ပူလွန်း သောကြောင့် မကိုက်နိုင်အောင် ဖြစ်လေသည်။ အကြိမ်ကြိမ် ကြိုးစားပြီး အပူဒဏ်ကို မခံနိုင်သည့် အဆုံးတွင် ဂူကြီးရှိရာကို ပြန်လာပြီး
“အရှင်မင်းကြီး … နေမင်းကြီးကို ကိုက်ချီလာခဲ့ရန် အလွန်ပူသောကြောင့် မဖြစ်နိုင်ပါအရှင်” ဟု ဆိုလိုက်သည်။
ဘုရင်က
“ဟဲ့ … နေမင်းကြီးကို မရရင် လမင်းကြီးကို သွားယူ”
ခွေးဆိုသည်မှာ အရှင့်အမိန့်ကို နာခံရန်သာဖြစ်သည်။ ပင်ပန်းသော်လည်း ဆင်ခြေမတက်ရဲ။ လမင်းကြီးကို သွားယူရန် ခရီးဆက်လေသည်။ လမင်းကြီးထံရောက်ရန် နောက်ထပ် တစ်နှစ်နီးပါးကြာသည်။ လမင်းကြီးထံ ရောက်သော် လမင်းကြီးကို ကိုက်ဆွဲသည်။ အေးလွန်းသဖြင့် မကိုက်နိုင်။ အကြိမ်ကြိမ်ကြိုးစားသော်လည်း အအေးဒဏ်ကို မခံနိုင်သည့် အဆုံးတွင် စိတ်ပျက်ကာ ပြန်လာရသည်။
“အရှင်မင်းကြီး လမင်းကြီးသည်ကား အေးစက်လွန်းသည် ဖြစ်သောကြောင့် မည်သို့မျှ ကိုက်ချီဆွဲလာရန် မဖြစ်နိုင်ကြောင်းပါအရှင်”
“ငါ့နိုင်ငံတွင် မဖြစ်နိုင်သည်ဟူ၍ မရှိစေရ။ မဖြစ် ဖြစ်သည့်နည်းနှင့် ယူခဲ့ရမည်။ မရလျှင် သင် ပြန်မလာခဲ့နှင့်”
ထို့ကြောင့် ခွေးသည် နေမင်းထံ ပြေးလိုက်၊ လမင်းထံပြေးလိုက်နှင့် ဆွဲကိုက်ရန် ကြိုးစားသည်။ နေထံရောက်ပြီး ဆွဲကိုက်လိုက်ချိန်တွင် နေကြတ်သည်။ လထံရောက်ပြီး ဆွဲကိုက်လိုက်ချိန်တွင် လငပုတ်ဖမ်းသည်။ သို့သော် ခွေးသည် နေကိုလည်း မရ၊ လကိုလည်း မရ။
အမှောင်ဂူကြီးထဲက လူတွေရော ဘုရင်ပါ ခွေးကြီးပြန်လာလျှင် လသို့မဟုတ် နေ ပါလာလိမ့်မည်။ သူတို့ ဂူကြီး ထွန်းလင်းသွားလိမ့်မည်ဟု ထင်နေကြသည်။
သို့သော် နှစ်တွေသာကြာသွားသည်
သူတို့သည် အမှောင်ထဲမှာနေ အမှောင်ထဲမှာသေကုန်ကြသည်။
ခွေးကို စတင်ပြီး အမိန့်ပေးခဲ့သော ဘုရင်လည်းမရှိတော့ပြီ။ သို့သော် မျှော်သူက မျှော်နေကြသည်။ ပျော်သူက ပျော်နေကြသည်။
ခွေးကလည်း မရမချင်း မပြန်ဟု ဆုံးဖြတ်ကာ ယနေ့တိုင် နေနှင့်လကို လိုက်ဖမ်းနေသည်။
(ကိုရီးယား ပုံပြင်တစ်ပုဒ်ဖြစ်သည့် People in Cave ကို မြန်မာမှု ပြုပါသည်)
တင်ညွန့်
၂၀.၁၀.၂၀၂၂