Story

ခေမာရီ

– ဂျာနယ်ကျော်မမလေး
◾◾◾

တော်သလင်းလကွယ်နေ့။
အရပ်လေးမျက်နှာစလုံး မှောင်အတိဖုံးကာ ဘယ်နေရာကြည့်ကြည့် အလင်းရောင်ဟူ၍မရှိ
မိုးမှောင်ကြီးကျနေလေ သည်။
ခင်မေသည် ခေါင်းအုံးအောက်က နှစ်တောင့်ထိုးလက်နှိပ်ဓာတ်မီးကလေးကိုဆွဲယူကာ
လက်ပတ်နာရီကို ထိုးကြည့် လိုက်၏။ ၁၂ နာရီထိုးသွားပြီ။ ငေါက်ကနဲ အိပ်ရာမှထလိုက်ကာ ခြင်ထာင်ကိုမလျက် အပြင်သို့ထွက်ထိုင်လိုက်သည်။ တဘက်က ခြင်ထောင်ထဲတွင် အိပ်နေကြသော ကြီးတော်နှင့် ဦးလေးတို့ အသံကိုလှမ်း ၍ နားစွင့်လိုက်၏။ အိပ်မောကျနေမှန်းစိတ်ချလက်ချရှိမှ ညဦးကအိပ်ရာထဲတွင် ဝှက်ထားသောလွယ်အိတ်ကို ကောက်ယူလွယ်လိုက်သည်။ အသံမကြားအောင် ခြေဖျားထောက်လျက် အခန်းအပြင်သို့ စမ်းထွက်လာခဲ့သည်။
မီးဖိုချောင်ဘက်သို့ထွက်သောတံခါးမှဂျက်ကိုဖြည်းဖြည်းကလေးမဖွင့်ကာ၊ မီးဖိုချောင်ထဲသို့ဝင်သွားလေ၏။ ခင်မေသည်မီးဖိုထဲတွင်
တအောင့်တွေးပြီး စဉ်းစားနေသေးသည်။ အပြင်ရောက်ဖို့ တံခါးတထပ်ကျန်သေးသည်။ ညများချွတ်ဆိုလျှင် လန့်တတ်ကြောက်တတ်သည်။ အဖေါ်မပါလျှင် တယောက်ထဲမထဝံ့။ ၊ ထချင်လျှင်မဦးကို နှိုးရ၏။ ယခုတော့ကြောက်ရမှန်း၊ လန့်ရမှန်းပင်မသိတော့။ ခြေလှမ်းသွက်သွက်ကလေးလှမ်းလျက် မီးဖိုထဲရှိနောက်ဖေး တံခါးပေါက်ကို အသာသွားဖွင့်သည်။ အပြင်ဘက်တွင် ပိန်း မှောင်နေလေ၏။ နောက်ဖေးလှေကားသုံးလေးထစ်ကို အတော်ပင်စမ်းပြီးဆင်းရ၏။

မှောင်လိုက်တာမဲလို့။
မြေကြီးပေါ်သို့နင်းမိလျှင် လမ်းကိုလည်းမမြင်၊ ချုံကိုလည်းမမြင်ရ၍ လက်နှိပ်ဓာတ်မီးထိုးလျက် လမ်းရှာကြည့်ရသည်။ ဓာတ်မီးထိုးရတာ တယောက်ယောက်မြင်သွားမှာလည်းစိုးရသည်။ မြေကြီးပေါ်၌ လမ်းအတိုင်းမှန်းလျှောက်သွားလေ သည်။ ချုံပုတ်တွေထဲရောက်သွားလျှင် လမ်းမြင်အောင် မီးကို အသုံးပြုရပြန်သည်။
ခင်မေသည် မှောင်ကြီးမဲကြီးထဲတွင် တောင်ကုန်းပေါ်သို့ မနဲအားခဲ၍ တက်နေရလေ၏။ တောင်ပေါ်၌ တရုပ်စကားပင်များဖုံးအုပ်ထားသော အဆောက်အဦလေးရှိလေသည်။ အဆောက်အဦလေးမှာ လူမနေ သော ကမ္မဋ္ဌာန်းဝါးကျောင်းဖြစ်၍ တံခါးပေါက်များ ဟာလာဟင်းလင်း ပွင့်နေပေသည်။ ခင်မေသည်ခက်ခဲစွာပင် ကမ္မဋ္ဌာန်းကျောင်းလေးရှိရာသို့ ရောက်လာခဲ့၏။ ကျောင်းလှေခါးကိုနင်းတက်လိုက်ကာ၊ ခင်မေသည်ဇွတ်မှိတ်ပြီးထွက်လာခဲ့သော ဇရပ်ကလေးရှိရာသို့ ပြန်လည်ကြည့်မိ လေ၏။ ကျောင်းပေါ်တွင် တံခါးပေါက်တွေကို
တပေါက်မကျန် အရင်လိုက်ပိတ်လေသည်။
တံခါးကိုအလုံပိတ်ပြီးမှ မှောင်ထဲတွင် ကျကျနနထိုင်လိုက်သည်။ လွယ်အိတ်ထဲမှဖယောင်းတိုင်ထုပ်နှင့် မီးခြစ်ကိုထုတ်ယူသည်။ ဖယောင်းတိုင်ကို မီးညှိကာ၊ဖယောင်း စက်ချ၍ ကြမ်းပေါ်၌စိုက်ချလိုက်သည်။
မီးထွန်းပြီးလျှင် လွယ်အိတ်ထဲမှပစ္စည်းတွေကို တခုစီဆွဲ၍ထုတ်သည်။ ပထမမှန်ကလေးတချပ် ထွက်လာသည်။ နောက်မောင်းချဓား၊ နောက် ကပ်ကျေး။ မှန်ကလေးကိုနံရံနှင့်ကပ်၍ထောင်လိုက်ကာ၊ မောင်းချဓားကို ဖွင့်လေသည်။ မောင်းချဓားမှာ မောင်းသန်၍ တော်တော်နှင့်ဖွင့်မရ၊ ပါးစပ်နှင့်အားရှိပါးရှိ ကိုက်ဖွင့်မှ ပွင့်၍သွားသည်။
ဓားပွင့်လျှင် ဓားသွားကို လက်မနှင့်သပ်ကြည့်လိုက်သည်။
“ထက်လိုက်တာမြနေတာဘဲ၊ ထက်မှ….ထက်မှ”
ဓားသွားကိုလက်မနှင့်စမ်းသပ်ရင်း၊ စိတ်တိုင်းကျတော့မှ ဓားကိုချကာ ခေါင်းကဆံထုံးကိုဖြေလေသည်။
“သူတို့ ဘယ်လိုပြောပြော နားမထောင်ဘူး၊ မိနဲ့ဖနဲ့မနေရတဲ့ဘဝ၊ ကုသိုလ်ဆိုးတဲ့ဘဝ၊
အဖေမရှိရင်လောကမှာ နေဘို့ မကောင်းပါဘူး”
ခင်မေ၏ဆံပင်များမှာ တင်ပါးဖုံးအောင်ရှည်လျားလေ၏။ ဆံပင်တွေကို လက်တဘက်နှင့် အပေါ်ပင့်တင်ဆုပ်ကိုင်ထား လျက် အရင်းမှဆံပင်ဖျားအထိ ရှေ့သို့ခပ်ဖြေးဖြေးဆွဲပြီး သပ်ချနေသည့်အခိုက် ငေးငိုင်နေပြန်လေသည်။

(၂)
မိမိတသက်တာတွင် မိခင်ဖြစ်သူအား ဓာတ်ပုံထဲ၌သာ တွေ့ဘူးလေသည်။ လူမှန်းသိသည့်အရွယ်လေးက ကွယ်လွန်သွား၍၊ အမေမရှိဘဲအဖေနှင့်ပင်၊ ညီအစ်ကိုမောင်နှမမရှိ၊ တကောင်ကြွက် နေထိုင်ခဲ့ရ၏။
“ငါ့သမီးကလေး၊ မိတဆိုးကလေး” ဟု မိမိအပေါ်တွင် သက်ညှာထောက်ထားလျက် နောက်အိမ်ထောင်မပြုရှာသောဖခင်။ သားအဖနှစ်ယောက် စည်းစည်းလုံးလုံးနှင့် နေခဲ့ထိုင်ခဲ့သော အချိန်တုန်းက အဖေအလိုလိုက်ပုံ၊ ချစ်ခင်ပုံ၊ ယုယပုံတွေ မှာ အမေမရှိသည့်အဖြစ်ကိုပင် မေ့၍နေစေ၏။ ခင်မေသည် အမေဟူ၍ တွယ်တာစရာ ချစ်စရာမရှိ၍၊ အဖေ့ကိုပင် အဖေလို၊ အမေလိုချစ်၏။ အရွယ်ကလေးရောက်၍ ကျောင်းထားစကဆိုလျှင် အဖေပါကျောင်းသို့လိုက်နေရလေသည်။ မိမိအလစ်အဖေအိမ်ပြန်သွားသည်ဆိုလျှင် တကြော်ကြော်အော် ငိုခေါ်လျက် အဖေ့နောက်သို့ကောက်ကောက်ပါအောင် ပြေးလိုက်တတ်၏။
ခင်မေ၏ကစားဖော်မှာ အဖေဖြစ်သည်။ ထမင်းအိုး၊ဟင်းအိုး ချက်တမ်းကစားလျှင်၊ အိုးပုတ်ကလေးထဲတွင် သဲများထည့်ကာ အဖေနှင့်နှစ်ယောက်ချက်ကြသည်။ ထမင်းကျက်၍ သဲတွေကိုခွက်ကလေးထဲထည့်ကာ
“စားပါအုံး အဖေ” ဟု အဖေ့ကို အတင်းစားခိုင်းလေသည်။ ခွက်ကိုပါးစပ်နားတွင်တေ့ယူပြီး၊ ပါးစပ်ကိုတပြတ်ပြတ် မြည်သံပြုလျက် အဖေကစားပြရလေသည်။
ခင်မေ၏အဖေမှာ လျှောက်လွှာစာရေးကြီးဖြစ်သည်။ ရုံးတက်လျှင်ခင်မေကို ကျောင်း၌ဝင်ထားခဲ့ကာ၊ ညနေရုံးဆင်းလျှင် ကျောင်း၌ဝင်ကြိုသည်။ အိမ်တွင်မိန်းမဖေါ်မရှိ၊ ကုလားအဘိုးကြီးဘူတားက ခင်မေတို့ သားအဖနှစ်ယောက်အား ထမင်းချက်ကြွေးလေသည်။
ခင်မေနှင့်အဖေကြားတွင် ကြားဝင်နိုင်သောသူမှာ ဘူတားပင်ဖြစ်သည်။ တော်တော်ကလေးကြီးပြင်းလာလျှင်ခင်မေသည် ဘူတားကိုပင်စိမ်းချင်လာသည်၊ သူအဖေနှင့်သူနှစ်ယောက်တည်း၊ သည် လိုသာရေတွက်ချင်သည်။ ခင်မေဆယ်နှစ်လောက်အရွယ်တွင် အဖေကွယ်လွန်သွားပြန်၏။

အဖေ့မသာချသည့်နေ့၌ပင် ခင်မေကို အဖေ့အမကြီးတော်ကြီးက သူ့အိမ်သို့
ခေါ်ဆောင်သွားလေတော့၏။
“မိန်းကလေး ကျောင်းထားလို့အပိုပါဘဲ” ဟု ကြီးတော်ကြီးကဆိုကာ၊ အဖေဆုံးပြီးနောက်၊ ခင်မေကိုလေးတန်းနှင့် ကျောင်း နှုတ်လိုက်လေသည်။ ကြီးတော်အိမ်တွင်ခင်မေသည်၊ ခင်မေတယောက်တည်းသာဖြစ်နေသည်။ ကြီးတော်၏သားကိုလည်း အကိုဟု ခင်မင်ခြင်း မရှိ၊ စိမ်းနေ၏။ ကြီးတော်ကိုလည်းဝေးဝေးကသာနေ၍ စကားပြောသည်။
“ဒီကောင်မလေးဟာ ဥတလုံးလေး” ဟု ကြီးတော်ကဆိုမြည်ပြောလျှင်၊ သည်စကားမှာခင်မေ့အကြိုက်ပင်ဖြစ်သည်။ အဖေ မရှိတော့ တယောက်ထဲဘဲ ဟု အောက်မေ့ထားသည်။ ကြီးတော်ကြီးက ဘာဆင်ဆင်၊ ဘာဝယ်ပေးပေး ခင်မေသည် စုံစုံမက်မက် ဟက်ဟက်ပက်ပက်မရှိ၍ ကြီးတော်ကြီးက အခါတိုင်းပင် မေးကြည့်ရသည်။
“ကြိုက်ကဲ့လား”
ခင်မေသည် ခေါင်းကိုသာငြိမ့်လိုက်လေသည်။ အဖေဆုံးပြီး ငါးနှစ်လုံးလုံးကြီးတော်အိမ်တွင် အချိန်ကုန်လွန်ရလေသည်။ ကြီးတော်သွားသွားခြင်း၊ ကြီးတော်ထိုင်ထိုင်ခြင်း ၊ ကြီးတော်နှင့်သာကပ်နေရသည်။ မန္တလေးဘုရားဖူးသွားမယ်ဟု ကြီးတော်သည်ခင်မေကို မန္တလေးခေါ်လာလေသည်။ ခင်မေသည်ဆယ့်ငါးနှစ်သမီးရောက် မှ ခရီးသွားဘူးရသည်။ ခရီးထွက်လာရ၍ စိတ်ထဲပျော်လှတယ်လည်းမဟုတ်ဘဲ ပျံ့ပျံ့ပျူးပျူးဖြစ်သလိုမျိုးသာ ဖြစ်သည်။ ခရီးသွားကြတုန်း လမ်းတွင်လက်တိုလက်ရှည်ခိုင်းရန် မဦးဆိုသည့်ကလေးမလေးကိုပါ ကြီးတော်ကခေါ်လာလေသည်။ ခင်မေသည် မဦးအနားကပ်လာလျှင်တယ်မကြိုက်၊ မဦးစကားပြောလျှင်လည်း စကားများရန်ကောဟုနားငြီးသည်။
မန္တလေး၌မိုးလင်းလျှင် တဲအိမ်ကထွက်လာကြကာ တနေ့လုံးသွားလာလည်ပတ်ပြီးနောက် မိုးချုပ်မှအိမ်ပြန်ရောက် ကြ၏။ မန္တလေးတမြို့လုံးဘယ်သွားသွား၊ ဘယ်ရောက်ရောက် ခင်မေ့မျက်စိထဲတွင် မြင်မြင်သမျှနှင့် စိမ်းနေ၏။ ဘယ်အရာ မျိုးမှ ခင်မေ့ကိုမဆွဲဆောင်နိုင်၊ ဘယ်ဟာနှင့်မှ နီးကပ်ခြင်းလည်းမရှိ။ မြို့ကမြို့တခြား၊ သူကသူတခြား။ တယောက်ထဲ….တယောက်ထဲဆိုသောအအသိထဲသို့ ဘယ်အရာဝတ္တု မှ ဝင်လာမရော၊ပေါင်းလို့စပ်လို့မရ ဖြစ်နေလေ၏။ မန္တလေးတွင် တပတ်နေကြပြီးနောက်
“ကြီးတော်ကြီးမန္တလေးရောက်တုန်း စစ်ကိုင်းကသူ့ဇရပ်တွင် တလကိုးသီတင်း ဥပုသ်သွားစောင့်အုံးမယ်” ဆိုကာ စစ်ကိုင်းဘက်သို့ ကူးလာခဲ့ကြလေသည်။

(၃)
ခင်မေသည် ပျော်သလိုလိုပင် ဖြစ်လာလေသည်။ စစ်ကိုင်းမဂ္ဂင်ချောင်ရှိ ကြီးတော်၏ဇရပေါ်လေးကိုရောက်ကာမှ လူလည်းတမျိုး၊ စိတ်လည်းတမျိုး လန်းဆန်းလာသည်။ နေ့စဉ်နေ့တိုင်း ကြီးတော်ကသီလယူသလို၊ ခင်မေလည်းသီလခံသည်။ နေ့လည်နေ့ခင်း ကြီးတော်တရေးတမောအိပ်နေ လျှင် ဇရပ်ရှေ့တံခါးပေါက်တွင် ထွက်ထိုင်ကာ၊ ဇရပ်ရှေ့၌ဥဒဟို ဖြတ်သန်းသွားလာနေကြသော သီလရှင်တွေကို ငေးမော၍ နေလေသည်။ ခင်မေမှာသီလရှင်တွေကိုမြင်စကပင် ခင်မင်သွားသည်။ တသီးတခြားဖြစ်နေကြသောဘဝကိုသွား၍ မျက်စေ့ကျနေသည်။
နံနက်ညဘုရားဝတ်တက်ချိန်တို့၌ မဂ္ဂင်ချောင်တချောင်လုံးသီလရှင်အပါးငါးဆယ်ခန့် ဘုရားကျောင်းသို့ ဝတ်တက်ရန် စုရုံး၍ သွားကြသည်။ ဘုရားကျောင်းထဲ၌မယ်သီလရှင်များကြားထဲတွင် လူဝတ်ကြောင်နှင့် မိမိတယောက်တည်းသာရှိ၍ ထူးထူးခြားခြား ကြောင်ကြောင်ကျားကျားဖြစ်နေသည်။
“မမြစာရီရေ….ဆရာဘုရားဆီမှာနေ့ဝါတက်ပြီလား”
“တပည့်တော်ညဝါတောင်ဆိုနေပြီဘုရာ့”
သီလရှင်အချင်းချင်းစကားပြောတာကို ခင်မေသည်ငေးလျက်နားထောင်နေသည်။ သီလရှင်တို၏ လေယူလေသိမ်းသံကို ပင် နားထဲတွင်တမျိုးတဖုံစွဲငြိနေ၏။
လောကီကာမဂုဏ် အာရုံတွေထွေပြားတဲ့ လူ့ဘောင်ကြီးရဲ့ ဆင်းရဲခြင်းတရားကို ရှင်တော်ဘုရားက….”
သီလရှင်အဖွားအို သည် သီလရှင်များကို တရားပေးရင်း ခင်မေကိုတချက် လှမ်းကြည့်လိုက်သည်။
“ဘယ်လိုမြွက်တော်မူသလဲဆိုရင် အာရုံငါးပါး ကာမဂုဏ်တရားမှန်သမျှ ဒုက္ခကြီးဘဲတဲ့၊ နံ့သာလူးခြင်း၊ ပန်းပန်ခြင်း၊ အဖြူအနီအကြောင် ကျားတွေနဲ့ခန္ဓာကိုယ် အပုတ်ကောင်ကြီးကို ဖုံးလွှမ်းမွမ်းမံနေရခြင်းဟာ ဗျာပါဒဝိတက်ဒုက္ခ တရားမဟုတ်လား”
ခင်မေသည်ခေါင်းကိုအောက်ချလျက် သူ့ကိုယ်သူစိုက်ကြည့်မိ၏။ သီလရှင်တပိုတ်ဆင်ထားသော မြေနီဆိုးအရောင်ဝါဝါဝတ်ကို ဆင်တူမို့လားမသိ။ ကြည့်၍ကောင်းလှသည်ဟု တွေးမိ သည်။ နေ့စဉ်နေ့တိုင်း ဒီအဝတ်သာ ဝတ်ကြရတာကို အမြင်ရနှစ်သက်နေမိသည်။ ဆယ်ငါးနှစ်ဆယ့်ခြောက်နှစ် ကိုယ်နှင့်တန်းတူရွယ်တူ သီလရှင်ကလေးများကို ကြည့်ကောင်းကောင်းဖြင့် တန်းတန်း လိုက်ကြည့်တတ်လေ၏။
မဂ္ဂင်ချောင်ဇရပ်ရောက်၍မကြာခင်ပင် ခင်မေသည် မယ်သီလရှင်ဖြစ်ချင်စိတ်ပေါက်လာလေသည်။ ဘဝ တလျှာက်လုံး ကိုယ့်ဘာသာကိုယ်နေလာခဲ့သည့်ခင်မေမှာ ကိုယ့်ဘာသာကိုယ် နေရသောဘဝ ကိုနှစ်သက်သည်။ စင်စစ် ခင်မေသည် သူ့စိတ်နှင့်သူ အပြီးသီလရှင်ဖြစ်ထားပြီးပြီ။ သီလရှင်ဖြစ်နေပြီးသောခင်မေကို သီလရှင်နှင့်ကိုက်ညီ အောင် လုပ်ဘို့ရာသာ အခါအခွင့်ကိုစောင့်နေခဲ့ရသည်။ ယနေ့ညမှပင်ခင်မေ၏ အကြံအစည်များသည် အောင်မြင်ရပေတော့မည်။

(၄)
ခင်မေသည်ငေးငိုင်စဉ်းစားနေရင်းမှ စ၍ဆုပ်ကိုင်ထားသည့်ဆံပင်တွေကို လွှတ်ချလိုက်ရာ၊ ဖါးလျားကျသွားလေသည်။ ဤတွင်ကပ်ကျေးကိုကောက်ယူကာ လက်တဘက်ကဆံပင်များကို အမြစ်ခြေမှ နည်းနည်းစီဆွဲလျက် ကပ်ကျေးထိုးသွင်း၍ဦးရေနားမှ ကပ်ညှပ်ပစ်သည်။ ညှပ်ပြီးလျှင် လက်ထဲ၌ပါလာသော ဆံပင်များကို ကြမ်းပေါ်၌ ပုံချထားလိုက်သည်။ ထိုနောက်လက်နှင့် ဆုပ်၍ဆုပ်၍ တတိတိ ဖြတ်၍နေတော့၏။ ညဉ့်မှာတိတ်ဆိတ်၍နေ၏။ ခင်မေသည်ကိုယ့်ဇောနှင့်ကိုယ် ပတ်ဝန်းကျင်ကိုသတိမရမိ။ လက်နှင့်စမ်းကြည့်လိုက်၊ ရှည်နေသောဆံပင်တွေ့တာဟူသ၍ ဆွဲဖြတ်လိုက်၊ စမ်းလိုက်၊ ဖြတ်လိုက်နှင့်ပင် တဖြည်းဖြည်း ဆံပင်ရှည်ဟူသမျှ ကုန်သွားလေသည်။ ခင်မေ၏ခေါင်း၌ ဆံပင်အငုတ်လေးတွှေ မြွှာကက်ကိုက်ထားသလို အရှည်အတိုမညီကြပေ။
တော်တော်လေးချောသွားလျှင်ခင်မေသည် သက်ပြင်းတချက်မ၍ ဟင်းချလိုက်ကာ၊ မီးရောင်၌လက်ကိုထိုးပြီး နာရီကို ကြည့်လေ၏။ နှစ်နာရီလေးဆယ့်ငါးမိနစ်။ ဆံပင်ရှည်တွေကုန်ပြီ၊ ဆံပင်ငုတ်တွေတော့ ချောပစ်ရအုံးမည်။
ဒီအတွင်းမပြီးခင် မိုးလင်းရင်အခက်….။
ဆံပင်အပြတ်အငုတ်ကိုစမ်းကာ မောင်းချဓားနှင့်တွန်း၍ ရိတ်ချကြည့်သည်။ ဆံပင်သန်သန်ကို ရေမဆွတ်ဘဲရိတ်နေ၍ ရုတ်တရက်မပြတ်နိုင်ဘဲ တရှီးရှီးသာ မြည်နေသည်။ တခါဘူးမျှ ဓားနှင့် ခေါင်းမရိတ်ဘူးသဖြင့်၊ တွန်းရိတ်ပစ်သော်လည်း တော်တော်နှင့် မပြီးနိုင်ပဲ ထပ်တလဲလဲ ပြန်ရိတ်နေရာ ကြန့်ကြာနေလေ၏။
ဖယောင်းတိုင်ကို တတိုင်ကုန်လျှင်တတိုင် ထွန်းရလေသည်။ ဓားနှင့်မရိတ်တတ်၊ရိတ်ထား၍ ဆံပင်တို့သည်မပြောင်မချော ဟိုတကွက်သည်တကွက်ဖြစ်နေသည်။ တချို့နေရာများတွင် ကြိုးတိုးကြဲတဲ ကျန်နေသေး၏။ ခင်မေသည်မစင်နိုင်၍ ကြိုးစားပန်းစားထပ်ကာထပ်ကာပြန်ရိတ်ရ၍ လက်ပန်းကျသလိုရှိကာ မောပန်းလာလေသည်။ နောက်ဆုံးလက်ပန်းကျ၍ မောသွားတော့မှပင် ဓားကိုချ၍ ဖယောင်းတိုင်မီးကိုမှုတ်ငြိမ်းလိုက်သည်။ ခင်မေသည် ပြူတင်းပေါက်တံခါးကိုတွန်းဖွင့်လိုက်သည်။ အထဲသို့ အလင်းရောင် ဝင်လာသဖြင့် အကြံအောင်ပြီဟု စိတ်ချ လက်ချဖြစ်သွားလေသည်။
ကမ္မဋ္ဌာန်းကျောင်းကလေးရှေ့ရှိ ထနောင်းပင်ကြီးပေါ်မှဂျိုးကူသံကို စောစောစီးစီးကြား ရေလေသည်။ အနီးအနားဆူးပုတ် ချုံတွေပေါ်၌ တချုံကတချုံသို့ ခုန်ပျံရင်းတကျွိကျွိအော်နေကြသည့် ဇွေ့ငှက်ကလေးများမှာ အလင်းရာင်ထဲတွင် မြူးနေကြသည်။ ခင်မေသည်ကြည်လင်ချမ်းမြေ့သောစိတ်နှလုံးဖြင့် ဝါးကြမ်းပေါ်၌အသာလှဲကာ ခွေနေလိုက်သည်။ မဂ္ဂင်ချောင်အတွင်းမှ ဇရပ်အသီးသီးတွင်ဆွမ်းချက်ကြ၊ ဆွမ်းတော်ကပ်ကြနှင့် သီလရှင်တို့အလုပ်များလျက်ရှိနေကြ သည်။
ကြီးတော်ကြီးသည်အစောကြီးထ၍ ဘုရားဝတ်ပြုနေလေသည်။ မဦးမှာအိပ်ရာထ ခင်မေ့ကိုမတွေ့၍
“မမ ဘယ်ဇရပ်များ သွားပါလိမ့်” ဟု လိုက်ရှာနေလေသည်။ ဟိုဇရပ်မေး၊ သည်ဇရပ်မေးနှင့်နောက်ဆုံး ဘယ်ဇရပ်မှရှာမတွေ့၍ တောင်ကုန်းပေါ်သို့ တက်လာလေသည်။ ကမ္မဋ္ဌာန်းကျောင်းရှေ့တံခါးမှာ ပိတ်ထားသဖြင့်ပွင့်နေသော ပြူတင်းပေါက်ဘက်သို့လှည့်၍ လျှောက်လာသောတံခါးဝမှ ကဲကြည့်လိုက်သည်။
“အမယ်လေး….ဆံပင်တွေမရှိတော့ဘူး၊ မမဘာလုပ်တာလဲ”
ခင်မေသည်ခွေလှဲနေရာမှ မျက်စေ့မဖွင့်ဘဲ မဦးကိုပြန်အော်လိုက်သည်။
“ဘာလုပ်လုပ်….လာမရှုပ်နဲ့ သွား…သွား”
မဦးသည်ချာကနဲလှည့်ပြေးလေ၏။ မဦးအသံဝေးသွားမှ ခင်မေသည်လှဲနေရာမှထကာ ကျောင်းရှေ့တံခါးကိုသွားဖွင့်ပြီး ဝါးထရံကိုကျောကပ်လျက် ဆောင့်ကြောင့်ကလေးထိုင်နေသည်။
“မေမေကြီးရေ….ဆံပင်တွေမရှိတော့ဘူး….ကတုံးကြီးနဲ့”
ကြီးတော်ကြီးသည်ဘုရားဝတ်ပြုနေရာမှ ဗြုံးကနဲဦးချ၍
“အလိုတော်….သီလရှင်ဝတ်သလား” ဟု လန့်ဖြန့်အော်မေး၏။
“လုံချည်တွေ အင်္ကျီတွေဝတ်လို့၊ သီလရှင်တော့မဝတ်သေးဘူး၊ ဒါပေမဲ့ ကတုံးကြီးနဲ့”
“အမယ်လေး….ဘယ်သူကမြှောက်ပေးကြပါလိမ့်၊ သူ့ကိုမိတဆိုးဖတဆိုးလေးမို့ အစစအရာရာအလိုလိုက် ဆင်ပြင်ထား တာ….၊ ကောင်းကြသေးရဲ့လား၊ မြင်ဝံ့ကြသေးရဲ့လား၊ ကတုံးကြီးနဲ့ ၊ ကျုပ်မကြည့်ဝံ ပါဘူးတော်”
ကြီးတော်ကြီးမှာဂရုနာဒေါသောနှင့်ပါးစပ်ကပြော၍ အားမရသဖြင့်ခုန်ကာပေါက်ကာ တတွတ်တွတ်အော်ဟစ်မြည်တမ်း နေလေရာ၊ ခုန်သံပေါက်သံတို့သည် ပျဉ်ထောင်ဇရပ်၌ တဒိန်းဒိန်းမြည်နေလေသည်။ ဆွမ်းခံချိန်ဖြစ်၍၊ ဇရပ်ရှေ့မှဆွမ်းခံရန်ကြွတော်မူသွားသောသံဃာတော်များမှာ စိတ်မချမ်းသာတိုင်း အော်ကြီးဟစ်ကျယ် ဆူပွက်နေသော ကြီးတော်ကြီး၏ အသံကိုကြားကြရ၍
“သီလရှင်ဝတ်တာ လူသေတာကျနေတာဘဲ” ဟု အောက်မေ့မှတ်ထင်တော်မူကြ၏။
ခင်မေတယောက်သီလရှင်ဝတ်မလို့ကမ္မဋ္ဌာန်းကျောင်းထဲမှာ ဆံပင်တွေညှပ်ပြီး ခေါင်းရိတ်ထားတယ်ဆိုသော သတင်းမှာ ဇရပ်အဆောင်ဆောင်သို့ တမဟုတ်ခြင်းပျံ့နှံ့သွားလေ၏။ ခင်မေ နားစွင့်နေသော ခြေသံများသည် ကျောင်းအနီးသို့ ကပ်လာချေပြီ။ ခင်မေသည်မျက်နှာ မထားတတ်အောင် ဖြစ်နေလေသည်။ ခေါင်းကတုံးနှင့်၊ ကိုယ်ကလူဝတ်ကြောင် အဝတ်ကြီးနဲ့….။ ကျောင်းပေါ်သို့ရှေ့ဆုံးကတက်ပြေးလာသော သီလရှင်မကုမ္မာရီကို
“ဆရာလေး” ဟု ခင်မေကဆီးခေါ်လိုက်သည်။
“ဟောဒီမှာဘုရား….” ဟုနောက်ကလာနေကြသောသီလရှင်တစုကို မကုမ္မာရီက
ဝမ်းသာအားရလှမ်းအော်ပြောလေသည်။ ခင်မေ့နားတွင်သီလရှင်တွေဝိုင်းအုံနေကြလေသည်။
“ကောင်းပါတယ်….ဝမ်းသာပါတယ်….သီလရှင်အဝတ်နဲ့ပျော်ပျော်နေပေါ့”
မိမိအား ဝိုင်းအုံထား၍ တယောက်တခွန်း အားပေးပြောဆိုနေကြသော သီလရှင်တို့အား
ရှက်ကိုးရှက်ကန်းဖြင့် ဘာမှပြန် မပြောနိုင် ဘဲ ပြုံးနေလေသည်။ ခေါင်းရိတ်ထားသည်ဆိုသော်လည်း ဆံပင်တွေမပြောင်သေးဘဲ၊ ကွက်တိကွက်ကျားဖြစ်နေ၏။ အဝတ်ကလဲမလဲရသေး။
“ဆရာလေးရယ်….အဝတ်တစုံလောက်ကူညီပါ၊ နောက်အစားပြန်ကန်တော့ပါ့မယ်….”
မကုမ္မာရီလည်း
“ရမယ်….ရမယ်” ဟုပြောပြောဆိုဆိုကျောင်းပေါ်မှပြေးဆင်းသွားကာ သီလရှင်ဝတ်စုံကို သွားယူလာလေ သည်။
“ရော့….ဒီခါးဝတ်ကိုအရင်လဲ” ခင်မေသည် မကုမ္မာရီလက်မှ ခါးဝတ်ဆိုသည်ကိုလှမ်း၍ယူသည်။
“ခါးဝတ်” ဆိုသည်မှာ အထက်ဆင်မရှိသော မြေနီဆိုး ထားသည့် အရောင်ရင့်ရင့်ပိတ်ထမီဖြစ်သည်။
ခင်မေသည်ခါးထဲကထမီနှင့် ခါးဝတ်ကိုလဲလိုက်လေသည်။ အပေါ်အင်္ကျီချွတ်ပြီး
“ဟောဒီ ‘လက်ကြပ်နဲ့’ လဲဝတ်”
အဝါမကျ၊ အနီမကျစပ်ခဲဆိုးထားသော ဘင်္ဂါလီလက်ကြပ်အင်္ကျီကို ခေါင်းလျှို၍စွပ်ကာ၊ ရှေ့ကပိတ်ကြယ်သီးကလေး များကို စေ့တပ်လိုက်သည်။ မကုမ္မာရီလည်း ထပ်ကိုင်ထားသောအဝတ်ကို လက်တဘက်စီခွဲပြောင်း၍ကိုင်လိုက်ကာ
“ဟောဒါက ‘ကိုက်’ ၊ ဟောဒါက ‘ကိုယ်ရုံ’ ဒါက ‘ခေါင်းတင်’ “ ဟု ပြရင်း ကိုက်ကို အရင် ကမ်းပေးလိုက်သည်။
ကိုက်၊ ကိုယ်ရုံတို့သည် စပ်ခဲဆိုးဘင်္ဂါလီလက်ကြပ်အင်္ကျီနှင့် တသွေးတရောင်တည်းဖြစ်ကြသည်။ လက်ကြပ်အင်္ကျီ ပေါ်မှထပ်၍ လက်တဘက်ကိုလျှိုဝတ်ရသည့်ကိုက်၊ ကိုက်ကိုလက်လျှို၍စွပ်ချလိုက်လျှင်၊ ကိုယ်လုံးနှင့်ကပ်နေလျှက်၊ ခြေသလုံး အလည်လောက်ရောက်အောင်ရှည်လေသည်။ ကိုယ်ကိုစွပ်ချလိုက်ပြိးနောက် ‘ကိုယ်ရုံ’ အဝတ်ကို ဖြန့်လိုက်လေကာ တစကို ဘယ်ဘက်ပုခုံးပေါ်၌ချ၍ တစကညာလက် ဘက်အောက်ကလျှိုပြီးလျှင် အစခြင်းထပ်လျှက် လက်ကန်တော့ထိုးလွှမ်းရုံလိုက်ရလေသည်။
ခင်မေသည်ကိုယ်ရုံကိုဝတ်ပြီးနောက် ခေါင်းတင်အဝတ်ကိုပိုက် ထားလျက် မိန်းမပီပီကလေး ဝါးကြမ်းပေါ်၌ထိုင်၍နေ သည်။
“သီလရှင်အဝတ်ကလေးနဲ့ကြည့်ကောင်းလိုက်တာ၊ ခေါင်းပေါ်ကကွက်တိကွက်ကျားလည်း လုပ်ကြပါအုံး….”
အနားရှိသီလရှင်တို့ပြောမှပင် မကုမ္မာရီလည်း သူ့ခေါင်းရိတ်သင်တုန်းဓားကိုပြန်ယူကာ ခင်မေ့ခေါင်းကို ရေဆွတ်လျက် ပြောင်ချောသွားအောင်ထိုင်ရိတ်ပေးလေသည်။ ကျောင်းပေါ်သို့ အလျှိုအလျှိုရောက်လာကြသော သီလရှင်တွေမှာ
ခင်မေ၏အဖြစ်ကိုကြည့်ကာ ဝိုင်း၍ပီတိဖြစ်နေကြ သည်။
“ပျော်ပျော်သာနေ….ကြားလား၊ ဘုရားသမီးတော်ဖြစ်သွားပြီ၊ ဘာမှပူစရာမရှိတော့ဘူး၊ ဆရာလေးတို့ကြည့်၊ ဟိုက ဒီက လှူဒါန်းကြတာဘာမှမပူရဘူး၊ စာသင်၊ စာကျက်၊ တရားအားထုတ်နေရတာ သိပ်ပျော်စရာ ကောင်းတာဘဲ၊ ကြီးတော်ကြီးစိတ်ဆိုး လဲခဏပေါ့၊ စိတ်ပြေတော့ထောက်ပံ့မှာပေါ့၊ အားမငယ်ပါနဲ့ ဆရာလေးတို့ကျွေးထားမယ်….”
ခင်မေသည် သဒ္ဓါဟုန်၊ ပီတိဟုန်ပြင်းပြစွာဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ၊ နောင်ဝတ်ရေးစားရေးတွေကို တွေးဖို့သာသာရှေ့ရှောက်ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်၊ တယောက်တည်းကိုယ့်ဘာသာကိုယ်နေရတော့မည်ဟု အားရနှစ်သိမ့်ကျေနပ် နေလေသည်။
ကြီးတော်ကြီးသည် ခင်မေအားစိတ်ဆိုးမာန်ဆိုးဖြင့်၊ ထိုနေ့ပင်မဂ္ဂင်ချောင်မှ မန္တလေးသို့ကူးသွားလေ၏။ လက်ဝတ် လက်စားများကို သိမ်းသွားကာ၊ ငွေကြေးတပြားမှ မပေးဘဲထားခဲလေ၏။
ခင်မေသည်မဂ္ဂင်ချောင်ဆရာကြီး၏ ညွှန်ကြားချက်အရ သင်္ကန်း၊ ဘိနပ်စသော အလှူဝတ္တုတို့ကို ငွေချေးဝယ်ကာ ဘုန်းကြီးထံ၌ ဘွဲ့တောင်းသွားရလေ၏။
“နာမည်ဘယ်လိုခေါ်သလဲ”
“ခင်မေလို့ခေါ်ပါတယ်ဘုရား”
“တနင်္လာသမီးလား”
“မှန်ပါ”
“ဒါဖြင့်ဒီကနေ့ကစပြီး ခင်မေအမည်ပျောက်ပြီး ခေမာရီဟူသောအမည်သို့ရောက်စေ”

(၅)
ပုညရှင်တောင်ပေါ်မှကြည့်လိုက်လျှင် စစ်ကိုင်းတတောင်ရိုးလုံးကို မြင်ရသည်။ တောင်ပူစာ၊တောင်ထွဋ်တို့တွင် စေတီကြီးငယ်အဆူဆူ၊ ထုံးဖြူတဖွေးဖွေး ဘယ်ကြည့်ကြည့်စေတီပုထိုးမလွတ်။ စေတီပုထိုး၊ တန်ဆောင်း၊ ပြသာဒ် ကျောင်းဇရပ်တို့ ပြွတ်ခဲလျက်နေသော စစ်ကိုင်းတောင်ရိုးကြီး။ ပုညရှင်တောင်ကမ်းပါး၌ တရုပ်စကားပင်ကြီးများသည် တပင်နှင့်တပင်ယှက်လျက် အရွက်ဆို၍မရှိ၊ အပွင့်တွေ အပြည့်နှင့် တပြေးတည်းတသားတည်းဖွေးဖွေးလှုပ်နေသော ပန်းကော်ဇောအခင်းကြီးဖြစ်သည်။ တောင်ပေါ်၌အလေ့ကျပေါက်နေသော တောပန်းတောင်ပန်း တို့၏ရနံ့ကား မွှေးကြိုင်သင်းပျံ့၍မဆုံး။ မိကျောင်းပန်း၊ တောင်ဇလပ်၊ ဂေါ်သဇင်၊ ခေါင်လေး၊ တောစပယ်၊ ခံပွင့်….ပန်းပေါင်းစုံကြိုင်သင်းနေ၏။
ခေမာရီသည် ပုညရှင်တောင်၏သုံးထပ်ကန်တဘက်၊ တောစပ်ကလေးနားတွင် အပန်းဖြေနားနေလေသည်။ တောင်ပေါ် သို့အတူတက်လာသောအဖော်သီလရှင် မဝဏ္ဏမှာ တောစပ်ထဲတွင် ဟိုချုံ သည်ချုံဆွဲ၍ ပန်းများခူးဆွတ်နေလေသည်။ တောင်ပေါ်မှတောင်အောက်၊ ချို၊မြှောင်၊ ကမ်းပါးတို့ကို ငေးမောလျက်ခေမာရီသည် တောတောင်ရေမြေတို့ သယံဇာတဖြစ်သောဘဝကို နှစ်သက်ခင်မင်လျက် ကြည်နူးနေလေသည်။
သီလရှင်ဖြစ်မှ လူတွေသူတွေနှင့် လည်းမပေါင်းမရောရ၊ လူသူနှင့် ကင်းဝေးနေရသော တယောက်တည်းဘဝကို နှစ်ခြိုက် ပျော်ပိုက်လေသည်။ သီလရှင်ဝတ်စ၊ ကြီးတော်ကြီးစိတ်မပြေခင်က ချောင်ဆရာတော် ဒေါ်သီလစာရီက သူ့ဇရပ်သို့ ခေါ်ထားကာ ထောက်ပံ့ကျွေးမွေးထားလေသည်။ ငါးလရှိတော့မှပင်ကြီးတော်ကြီလည်းစိတ်ပြေ၍ တတ်အားသ၍ အစိတ်နှစ်ဆယ်ထောက်ပံ့နေသည်။ ခေမာရီသီလရှင်ဖြစ်ဖြစ်ချင်း ချောင်ဆရာက
ဆရာဖြေ၏ ဝတ်ရွတ်စဉ်စာအုပ်ကလေးကိုပေးအပ်ကာ၊ မင်္ဂလာ့သုတ်ကိုအရ ကျက်ခိုင်းသည်။ ပုညရှင်တောင်ပေါ်မှအာရုဏ်တက် တုံးခေါက်လျှင် အိပ်ရာထကာ ဘုရားကျောင်းတက်ရသည်။ ဘုရားကျောင်းမှအပြန် နံနက်စာချက်ပြုတ်လေသည်။ သီလရှင်ဘဝ၊ နံနက်တထပ်ရသ၍နှင့် တင်းတိမ်ရ၏။ ချောင်ထဲမှခူးသော သစ်သီးဖြင့် တမယ်ကောင်းလောက်အောင်ပင် သက်သတ်လွတ်ချက်စားကြသည်။ ပဲကြီးဟင်းချို၊ နှမ်းဖတ်ချဉ်သုတ်၊ ပဲဟင်းချိုအရေသောက်၊ ငရုပ်သီးကြော် ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက် လက်သုပ်အမျိုး မျိုးဖြစ်သည်။
နံနက်စာစားပြီး၍မွန်းလွဲလျှင်၊ ခေမာရီလည်းတနေ့လုံး စာအုပ်နှင့်မျက်နှာမကွာအပ်ထားလေသည်။ ညနေဘုရားဝတ် တက်ပြီးသောအခါ၌၊ နေ့လည်ကကျက်မှတ်ထားသောစာကို ဆရာအားအံပြရလေသည်။ သီလရှင်ဝတ်၍ ဆယ့်ငါးရက်ခန့်ရှိလျှင် ပရိတ်ကြီးဆယ့်တစ်သုတ်လုံးအလွတ်ရ၍ ဆရာကအံ့ဩရသည်။
“စာကျက်သံလည်းမကြားရ၊ စာအုပ်ကိုကြည့်ရုံကြည့်တာနဲ့ သုတ်တွေကိုအလွတ်ရသလား၊ ဆရာတို့များငယ်ငယ်က တတွတ်တွတ်တစာစာ အံရတာ”
ပရိတ်ကြီးကုန်လျှင်ဆရာက သဒ္ဓါအတက်ခိုင်းသည်။ သဒ္ဓါမတက်ခင်သုတ်စဉ်ကို အရင်သင်ပေးလေသည်။ သုတ်စဉ်မှာ သန္ဓိ၊ နာမ်၊ ကာကရ၊ သမာသ်၊ တဒ္ဓိတ်၊ အာချပ်၊ ကိတ်၊ သဏုတ် ဟူ၍ရှစ်ပိုင်းရှိလေသည်။ သန္ဓိပိုင်းတွင် ပထမ၊ ဒုတိယ၊ ငါးပိုင်းအထိရှိလေသည်။ ပထမိုင်းကိုရှေးဦးစွာကျက်မှတ်ရ၏။
လူကျောင်းတွင် သင်ပုန်းကြီး သင်စဉ်က ကကြီး၊ ခကွေးစသင်သလို သဒ္ဒါသင်လျှင် သဒ္ဒါ၏နိဒါန်းသုတ်စဉ်ကို စသင်ရလေသည်။ ခေမာရီသည်နေ့ညမအားစာသင်ရင်း စာပေပရိယတ္တိသာလျှင် အဖော်ဖြစ်ကာနေပေသည်။ သုတ်စဉ်များရပြီးနောက် သဒ္ဒါကြီးတက်ရ၏။ သဒ္ဒါကြီးတွင် ပါဠိကိုမြင်လျှင် သန္ဓိပုဒ်၊ ကံပုဒ်၊ ကာကရပုဒ်ဖြင့် သိနိုင် သည်။ ကတ္တားဟော၊ ကံဗဟာ၊ဝဘက်ပစ္စည်း၊ ဓာတ်အရကိုသိနိုင်သည်။ သုတ်ဝုဒ္ဓိ ဥဒါဟရုဏ်၊ အနက်သမ္ဘာ န်၊ တသုတ်တယူဂ၊ အာဂုံဆောင်ကျက်မှတ်ရလေသည်။
“ဗမာစာပေမှာ စာပေကျမ်းဂန်ဆိုတာ ကျမ်းစာတွေမတတ်မသိခင်၊ စာပေဖြစ်တဲ့သဒ္ဒါကြီးကို တတ်သိရတယ်၊ သဒ္ဒါကြီး တတ်မှစာတတ်တယ်၊ ပထမငယ်အောင်အောင်ကြိုးစားဖြေရမယ်နော်….” ဟု ဆရာကပြောထားသည့် အတွက် စာမေးပွဲဖြေဆိုနိုင်ရန် စာနှင့်သာအချိန်ကုန်နေရသည်။
တောပန်းတို့၏ရနံ့မှာသင်းပျံ့ပျံ့ရှိလှသည်။စိတ်ကြည်နူးလာအောင်ဆွဲဆောင်နိုင်သောရနံ့။ ခေမာရီသည်တောနံ့တောင်နံ့ ကို ခံစားမေ့မောလျက်နေခိုက် ဆူညံဆူညံကြား၍ လှည့်ကြည့်လိုက်သည်။ ဘုရားဖူးလာသူတို့အတွက် ဘယ်သူကများ လှူထားမှန်းမသိသော ကျောက်ပျဉ်အကြီးအငယ်၊ သနပ်ခါးတုံး၊ အမွှေးတုံး အစုံ၊ ဇရပ်တိုင်များတွင် မှန်တွေချိတ်လျက်ရှိသော သုံးထပ်ကန်ဇရပ်ထဲတွင် မိန်းမကြီးငယ်တစုစားကြသောက်ကြ သနပ်ခါး လူးကြနှင့် ဆူညံနေသည်။
မိန်းမငယ်ငယ်နှင့် မိန်းမကြီးကြီးနှစ်ယောက်ကိုကြည့်၍ စိတ်ထဲတွင်သားအမိတော်ကြည့်လိုက်ကာ ခေမာရီမှာ ‘အမေ့’ ကို သွားတွေးကြည့်မိသည်။ အမေ့ကိုသည်လောက်တွေးမရဘဲ အဖေ့ကိုသာလျှင် အမှတ်ရလာတော့သည်။ ဖွေးညီစွာမှုန်သထားသည့်မိန်းမရွယ်၏ အဆင်အပြင်အဝတ်အစားကိုကြည့်၍ မျက်ရည်လည်လာလေသည်။
“အမေများ….အဖေများရှိရင်….”
ခေမာရီသည် တောစပ်မှထလိုက်ကာ မဝဏ္ဏကို ဟစ်ခေါ်လျက်တောင်ဖီလာချောင်သို့ ဆင်းသွားကြလေသည်။ တောင်ဖီလာချောင်မှ မှောင်မှပင် ဇရပ်သို့ ပြန်ရောက်ကြသည်။ ဘုရားကျောင်း၌ ကြေးစည်သံ တစီစီ တဝီဝီမြည်၍ နေသည်။ သီလရှင်များကား တစုတရုံးကြီး ဘုရားကျောင်းသို့ ဝတ်ပြုရန် သွားကြလေသည်။ ကျောင်းထဲတွင်ငြိမ်သက်စွာထိုင်နေကြသော သီလရှင်များမှာ အပါးငါးဆယ်ခန့် ရှိသည်။
လူစုံသည်နှင့် ဘုရားစဝတ်ပြုကြသည်။ မဂ္ဂင်ချောင်တွင် အသံအကောင်းဆုံးဒေါ်ဩဘာက ဘုရားကိုဦးချလျက် ရှေးဦးစွာ သာသာနာ လျှောက်သည်။
“မဟာသမ္မတ၊ ခတ္ထိယဟု၊ ဂေါတမအောင်း၊ မင်းကောင်းမင်းမြတ်၊ လောကနတ်ကို….”
သာသနာလျှောက်သံမှာ အောင်မြင်ခန့်ညားကာ ၊ စည်၍ချိုအေးသာယာသည်။ ဒေါ်ဩဘာပြီးလျှင် ခေမာရီက ဘုရားပင့်ရလေသည်။ ဘုရားပင့်ပြီးမှ သီလရှင်အားလုံး သံပြိုင်သီလခံကာ ပရိတ်ရွတ် မေတ္တာပို့ကြသည်။ မေတ္တာပို့ပြီး၍ မစန္ဒာက အမျှဝေသည့်အခါ ဝိုင်း၍သာဓုခေါ်ကြသော သီလရှင်အသံတို့မှာ ကျောင်းထဲတွင်ဟိန်းနေ သည်။ အပြင်ဘက်တွင်လရောင်မရှိ၊ မဲပြာသောမိုးကောင်းကင်တွင်ကြယ်တို့သည် မှိတ်တုံပွင့်တုံမှုန်မှုန်ပင် တောက်လင်း နေသည်။ မြသိန်းတန်စေတီမှ ဆွဲလဲသံမှာ လေထဲတွင် တတင်တင်မြည်နေပေသည်။
ဘုရားကျောင်းမှ သီလရှင်တစုသည် အမှောင်ထဲတွင်လျှောက်ကာ ညဝါဆိုရန် ဇရပ်သို့ကူးလာကြသည်။ ဇရပ်ထဲတွင်မီးမထွန်းသဖြင့် မှောင်နေသည်။ အမှောင်ထဲ၌ ဆရာထိုင်နေသောနေရာကိုမှန်းဆ၍ ထိုင်နေကြနေရာ အတိုင်း ကိုယ်စီကိုယ်စီ ဝင်ထိုင်ကြသည်။
“မာတရံ၊ ပမုခံ၊ ကတွာ၊ တဿ….”
ဆရာသည်မှောင်ထဲမှစတိုင်ပေးလိုက်ရာ သီလရှင်တပါးကလိုက်၍ ဆိုလေသည်။ အခြားသီလရှင်များမှာ စိတ်နှင့် လိုက်၍ မှတ်နေသည်။ တပိုဒ်စီ တပိုဒ်စီ နှုတ်တိုက်အလွတ်ချ၍ ရလောက်ပြီဆိုတော့မှ အားလုံးသံပြိုင်ဆိုကြသည်။ ခေမာရီမှာ နေ့ဝါတက်လိုက်၊ ညဝါဆိုလိုက်နှင့်ပင် ပထမငယ်အောင်ရန် ကြိုးစားနေလေ၏။ ပထမငယ်အောင်ဘို့ရာက လည်း မလွယ်လှ။ သဒ္ဒါ၊ သင်္ဂြိုလ်၊ မာတိကာ၊ ဓာတုကထာ၊ ဇနက္ကဇာတ် အဋ္ဌကထာ၊ သိင်္ဂါလောဝါဒသုတ်၊ ဓမ္မပဒအအဋ္ဌကထာ စသည်တို့တက်ဆိုပြီးမှသာ စာမေးပွဲဝင်နိုင်သည်။
ပထမပြန်စာမေးပွဲနီးကပ်နေ၍ စာပြန်စာအံရသည်မှာ လည်ချောင်းကိုပွတက်မတတ်ပင်ဖြစ်သည်။ ခေမာရီသည် အင်းဝကူးတို့နှင့် မန္တလေးတွင် စာမေးပွဲဖြေရန် လိုက်လာခဲ့သည်။ ကူးတို့ပေါ်တွင် သီလရှင်များမှာ ပြည့် ကြပ်နေ၏။ စာမေးပွဲဖြေမည့်နေရာကား မဟာမြတ်မုနိဘုရားကြီးအနီး ဆယ့်လေးခန်းမှန်စီတစောင်းကြီး၌ ဖြစ်သည်။ ခေမာရီတို့လည်း ဘုရားအနီးပန်းခုံတိုက်၌ တဲခိုကြသည်။ စစ်ကိုင်း မှ ယူဆောင်လာသော သရဖီ၊ ဇွန်ပန်းများကို ပန်းထီး၊ ပန်းစေတီပုံသီကုံးကာ ဘုရားကြီးအားလှူဒါန်းရင်း စာမေးပွဲအောင်ရန် ဆုတောင်းရသည်။
စာမေးပွဲအောင်လျှင် ဆုလက်မှတ်နှင့် ငွေငါးဆယ်။

(၆)
ခေမာရီသည် ပုဝါဖြူနှင့်ထုပ်ထားသောစာအိတ်ကို ခေါင်းတင်နှင့်ပတ်ပြီး၊ ခေါင်းပေါ်၌ရွက်ကာ ဗောဓိချောင်ကုန်း ပေါ်သို့ တနဲ့နဲ့နှင့် တက်သွားလေသည်။ မောလာကာ အသက်ရှူမဝသည်နှင့် ဆက်မသွားနိုင်တော့ပေ။ စိန်ပန်းပင်ကြီးအောက်၌ ဦးကြာဖူးခုံဖိနပ်ကို ဖင်ခုထိုင်ကာနားနေလေသည်။ မျက်စေ့ရှေ့၌ သီလရှင်တွေ တပါးပြီးတပါးသွားနေကြသည်။ သီလရှင်တွေဝင်သွားသော ခပ်လှမ်း လှမ်းက ဇရပ်ကို ငေးကြည့်နေလေ၏။ ဇရပ်အလယ်၌ စာပွဲကုလားထိုင်နှင့်ထိုင်နေသည့် သရိုင်ဆရာကြီး၊ စာပွဲခုံ၏ ရှေ့တူရူလက်ဝဲဘက်၌ သီလရှင်များ ပြားပြားဝပ်ထိုင်ကာစာလိုက်ကြသည်။ စာပွဲ၏ လကျာ်ဘက်ပျဉ်ထောင်ကာထားသောအတွင်း၌ တဘက်လှေကားမှတက်၍ သံဃာ တော်များက စာလိုက်ရကြလေသည်။
ခေမာရီသည် ပထမငယ်ကိုလည်းအောင်ပြီး၏။ ပထမလတ်ကိုလည်းအောင်ခဲ့၏။ ယခုအခါ အထက်တန်းမထမကြီး စာမေးပွဲဖြေဆိုရန် သရိုင်ဆရာကြီးထံတွင် စာလိုက်နေရလေသည်။ ခေမာရီ၏နေရေးထိုင်းရေးကား ရှေးကအတိုင်းပင်ဖြစ်၏။ ကြီးတော်ကြီး တလနှစ်ဆယ်ထောက်ပံ့သမျှနှင့် ခြိုးခြိုးခြံခြံ စား ဝတ်နေထိုင်၏။ ရပ်ရွာသို့လည်း တခေါက်မှမပြန်၊ ကြီးတော်ကြီးသာလျှင် ချောင်သို့ တနှစ်တခါလောက်လာတတ်လေသည်။ ချောင်၌ ပဲနှင့် သစ်သီးဟင်း နှင့်ခါးဝတ်ပိတ်စုံ နှစ်စုံသုံးစုံ လောက်ဖြင့် အသားကျနေလေပြီ။
စစ်ကိုင်းချောင်ထဲတွင် အောင်းနေသော ခေမာရီ၏သက်တမ်းမှာ အနှစ်နှစ်ဆယ်ရှိလာချေပြီ။ နှစ်ကြာသောသီလရှင်၏ အခြေ အနေသည် သီလရှင်ဖြစ်စဉ် ယခင်အချိုးအတိုင်းပင် ဘယ်လိုမှ ပြောင်းလဲသွားခြင်းမျိုးမရှိ။
သို့သော်….ယခုခေမာရီသည် သီလရှင်ကလေး ခေမာရီမဟုတ်တော့ပေ။ ယခုမှသိသာစွာပင် တမျိုးပြောင်းလဲလာ လေသည်။ စကားပြောလျှင်မောလာသည်၊ အမြဲတန်းလည်း ရင်တုန်တတ်သည်။ ချောင်ဆရာ ဒေါ်သီလစာရီကွယ်လွန်သွားမှ ဇရပ်တွင်စာချဆရာဖြစ်နေသည်။ သီလရှင်ကလေးများကို သဒ္ဒါ၊ သင်္ဂြိုဟ် စာချပေးနေသည့်အခါ
“အသက်ရှူရကြပ်လိုက်တာ” ဟုနှုတ်ကပြောရင်း လေကိုဝ၀ပင့်သွင်းပြီး ရှူထုတ်နေရသည်။
လေတက်လာ၍ အေ့….အေ့ ဟု အသံထွက်လာလျှင် ဇရပ်ခုနှစ်ဆောင်ရှစ်ဆောင်လောက်က ကြားနိုင်လောက်သည်။ အထူးသဖြင့် မျက်စိများလည်း သီဝေကာမှုန်လာလေပြီ။ သီလရှင်ခေမာရီသည် ဝေဒနာရှင်ဒေါ်ခေမာရီအဖြစ် တမျိုး ပြောင်းလဲနေချေပြီ။ သစ်ပင်အောက်၌ခေမာရီသည် တဒိတ်ဒိတ်ခုန်နေသောရင်ကို လက်နှင့်ဖိလျက်၊ အမောသက်သာအောင်ငြိမ်ငြိမ်ကလေး နေရလေသည်။
“ပထမကြီးတော့အောင်မှဖြစ်မယ်….”
ခေမာရီသည် ကိုယ့်ကိုကိုယ်အားယူ၍ မတ်မတ်ရပ်လိုက်၏။ ကိုယ်ကိုမတ်ရပ်လိုက်လျှင် ခြေထောက်အောက်က မြေကြီးမှာ ချာလပတ်လည်သွားလေသည်။ ခေါင်းပေါ်ကစာအုပ်ကလေးမှာ မြေပေါ်သို့ဖုတ်ကနဲ ကျသွားသည်။ ခေမာရီသည် ကပျာကယာ စိန်ပန်းပင်ကို လှမ်းမှီလိုက်ရလေသည်။
“အလို….မြတ်စွာဘုရား”
ခေမာရီသည်မူးနေပြီ။ မြေကြီးပေါ်သို့အသာထိုင်ချလိုက်ကာ သစ်ပင်လုံးကိုမှီနေရသည်။ မျက်လုံးများပြာလျက် အားလုံး ယိမ်းထိုးနေလေရာ မျက်စေ့ကိုမှိတ်ထား ရလေသည်။ မူးလွန်းလို့ထင်ရဲ့၊ ချွေးစေးများ ပြန်လာလေသည်။ တကိုယ်လုံးကား အေးစက်လာသည်။
“ဆရာလေး….ဆရာလေး”
ခေမာရီသည် မျက်စေ့မှေးဖွင့်လျက် မျက်မှောင်တွန့်ပြီးကြည့်ရသည်။ ကြာကြာဖွင့်ဖို့ရန်ပင် မတတ်နိုင်တော့။
“ဆရာလေး မူးသလား….ဖြစ်မှဖြစ်ရလေ တပည့်တော်ကိုမှီ….မှီထား”
လူချင်းထိထား၍ နွေးသောအသိကိုသာသိသည်။ ဘယ်သူဘယ်ဝါမှန်းပင်မသိ။ လူတကိုယ်လုံး အထက်သို့မြှောက်ပင့်တက်သွားပြီ။ အောက်သို့အရှိန်နှင့်လိမ့်ချောလာကာ မှောင်မှောင်ထဲ၌ ရပ်တည် ရာမရနိုင်ဘဲ မောနေရှာသည်။ မောလွန်းသဖြင့် အင်အားကုန်ခန်းကာ မလှုပ်နိုင်၊ မရှားနိုင်၊ သီလရှင်ကို မှီနေရသည်။
“ဆရာလေးကို တပည့်တော်လိုက်ရှာလိုက်တာတွေ့ပေလို့ဘဲ၊ ဘယ့်နှယ်နေသေးသလဲ….}}
ခေမာရီသည် အားယူ၍ မျက်လုံးဖွင့်ကာ သီလရှင်ကိုကြည့်လေသည်။
“နဲနဲသက်သာပါတယ်”
“ချောင်မှာသံကြိုးစာတစောင် ရောက်လာလို့ ဆရာဘုရားက လိုက်ရှာပေးစမ်းဆိုတာနဲ့ တပည့်တော်လိုက်ရှာတာ” ပြောပြောဆိုဆိုသီလရှင်က ဆုပ်ထားသောစာအိတ်အဝါကလေးကိုထိုးပြ၍
“ဖောက်လိုက်ပါ” ဟု သဲ့သဲ့သာ ပြောနိုင်ရှာ၏။
အမေသေပြီ။ ကြီးတော်ကြီးသေဆုံး၍ ရိုက်လိုက် သောသံကြိုးစာဖြစ်လေသည်။ စာရွက်ထဲရှိ အင်္ဂလိပ်စာနှစ်လုံးမှာ ဝါး၍ဝါး၍သွားလျက် မျက်လုံးများကို ပြန်မှိတ်ထားလိုက်သည်။

(၇)
မကေသီသည်အိတ်ထဲမှဆန်ကိုလက်နှင့်ကော်လိုက်ကာ
“တပည့်တော်တို့ရွှေဘိုမှာတော့ ဒါအကောင်းဆုံးဘဲဘုရာ့၊ ရွှေဝါ တောင်ထိပ်ပန်း” ဟု ပြောလိုက်သည်။ ခေမာရီမှာ မမြင်ဘူးသည့်ပစ္စည်းကိုငေးသလို ငေးငေးသာကြည့်နေသည်။
“ဒီအိတ်ကတော့ ပဲကြီးကနဲနဲ၊ ကုလားပဲ၊ ပဲကျား။ ဒါတွေက အရပ်ကလှူလိုက်တာ၊ တပည့်တော်အရီးက ဆီ ၂-ပိသာ လှူလိုက်တယ်၊ အမေကတော့ ငွေ ၃၀-ပေးလိုက်တယ်”
မကေသီသည် အရပ်ပြန်၍ စုဆောင်းရခဲ့သမျှပစ္စည်းများ အထုပ်ထဲမှဖြည်ပြကာ အားရပါးရပြောနေလေသည်။ ခေမာရီသည် ငေးကြည့်နေရင်းမှ မျက်နှာကလေးညှိုးနေရှာသည်။ ကြီးတော်ကြီးဆုံးပြီးမှ မည်သူမှလှည်းထောက်ပံ မည့်သူမရှိ။ ချို့ချို့ငဲ့ငှဲ့လှသည်။ အခြားသီလရှင်များကဲ့သို့ အလှူခံသွား ရအောင် ပြန်စရာအရပ်ရယ်၊ အိမ်ရယ်လည်းမရှိ။ ကိုယ့်အရပ်ကိုယ်ပြန်သွားကြသော သီလရှင်များမှာ ချောင်ပြန်လာလျှင် ဆန်၊ ဆီ၊ ပဲ၊ အချို့က ကြက်သွန်၊ ငြုပ်သီး စည်ဖြင့် စုဆောင်းလာခဲ့ကြသည်။ ခေမာရီမှာ စားဘို့ဝတ်ဘို့ပူလာရသည်။ ဝါတွင်းဝါပ စာချနေ၍ တပည့်များက ဟင်းတခွက်တော့ ကမ်းကြ၏။ အထောက် အပံ့မရှိမှန်း သိကြ၍ ပဲတပြည်၊ ဆန်တစိတ်၊ ဆီတပုလင်း၊ သီလရှင်အချင်းချင်း စု၍ပေးကြကမ်းကြသည်။
စားဝတ်နေရေးအတွက် ကတုံးပေါ်ထိပ်ကွက်ရသလိုပင် သူများပေးစာကမ်းစာကို မျိုမကျနိုင်၊ ကြာတော့ယူရမှာ အားနာ လာသည်။ သီလရှင်များအလှူခံရလာတိုင်း ပေးကြကမ်းကြသမျှနှင့်နေရသည်မှာ ပြတ်ပြတ်ငတ်ငတ်ရှိလှသည်။ ခေမာရီသည် ဝမ်းနည်းစွာဖြင့်ပင် ချောင် နှင့် ခွာလိုက်ရသည်။ ကိုယ့်အရပ်ကိုယ့်အိမ်ဆို၍ ချောင် သာလျှင်ဖြစ်သည်။ နှစ်ပေါင်းများစွာ နေခဲ့သည့်ချောင်နှင့်ခွဲခွာခဲ့ရသည့်အခါတွင် ရှိုက်ပြီးငိုမိလေသည်။
“ရန်ကုန်မှာအထောက်အပံ့မရှိဘဲ ကိုယ့်ဘာသာကိုယ်အလှူခံပြီးနေနိုင်ကြတဲ့ သီလရှင်တွေပြည့်လို့ပါ၊ လိုက်သာလိုက်ခဲ့ ပါ”
ရန်ကုန်မှ ဘုရားဖူးလာသော မသုခကအပြောကောင်းလွန်း၍ ဖြစ်ချင်ရာဖြစ်တော့ဟုပိုင်းဖြတ်ကာ သီလရှင်တပည့်များ ထံ၌ စာရိတ်ငွေကလေးအလှူခံကာ တခါမှမရောက်ဘူးသော ရန်ကုန်သို့ လိုက်သွားလေသည်။ ဘောင်ဒရီလမ်းရှိ ဦးပြားတောရတွင် မသုခနေသောဇရပ်၌ မသုခနှင့်အတူနေလေသည်။ ရန်ကုန်သို့ရောက်ခဲ့ရာ နေမှုစားမှုအတွက် ဘယ်လိုလုပ်ရမလဲဟု အတော်ဘဲစိတ်ရှုပ်သည်။ ပါလာသည့်ပိုက်ဆံမှာလည်း မကြာခင်ကုန်သွားတော့မည်။
“မသုခ ဒီတခါဆန်ခံထွက်သွားရင် တပည့်တော်လဲလိုက်မယ် ဆွမ်းဆန်ခံတဲ့ဘန်း ငှားပေးပါ”
မသုခမှာ ခေမာရီအတွက် ဇရပ်တွေရှိရာသို့သွားကာ ဗန်းလည်၍ငှားပေးလေသည်။ ဦးပြော တောရ၌နေထိုင်ကြသော သီလရှင်များမှာ အများအားဖြင့် မြို့ဘိတ်၊ တောဘိတ် ဆန်အလှူခံထွက်ကြသည်။ ဘန်းရှင်များအားလုံး ထွက်ကြမည်ဖြစ်၍ ဘယ်သူကမှ မငှားနိုင်ပေ။
“ဆရာလေးရယ်….တောဘိတ် မြို့ဘိတ် မလိုက်ပါနဲ့၊ အများနဲ့ဆိုတော့အများသွားသလိုသွားရမှာ ၊ ဆရာလေးက မာတာမဟုတ်တော့ သွားနိုင်မှာမဟုတ်ဘူး၊ ဒီတော့ကြားဘိတ်ထွက်ပါ၊ ကိုယ်နားချင်ရာနား၊ သွားချင်ရာသွားရတယ်ဘုရာ့”
ဥပုသ်နေ့လွန်မြောက်၍(၁)ရက်နေ့တွင် နံနက်စောစောစီးစီး မသုခနှင့် ဆန်ခံထွက်ခဲ့ ကြသည်။ ကျောက်ကာဘန်းကလေးထဲ၌ ဘန်းကုန်းငယ်ငယ်ကလေးတခု၊ ဒန်ချိုင့်ပုလေးတလုံး၊ ပိတ်အိတ်ကလေး တအိတ်ထည့် ကာ ဘန်းကိုယ်စီရွက်လျက် ထွက်ခဲ့ကြသည်။
“လာဘ်ဦးမပယ်ရဘူး….၊ လာဘ်ဦးပယ်ရင် လာဘ်တိတ်တတ်တယ်၊ အဲဒီတော့သေချာတဲ့ အိမ်ကစမှဖြစ်မယ်….”
မသုခ၏ စကားများသည် ခေမာရီ၏နားထဲတွင် ခါးသီး၍သွားလေသည်။ မသုခသည် ဘောင်ဒရီလမ်းထဲရှိ နှစ်ထပ်အိမ်ဝင်းခြံထဲသို့ရှေ့ကသွား၍ နောက်မှဖြေးဖြေးလိုက်ဝင် ရလေသည်။ တိုက်ရှေ့ တွင် ရပ်နေကြသည်။ သီလရှင်များမြင်၍ တိုက်ထဲမှ ကလေးမ တယောက်သည် လဘက်ရည်ပန်းကန်လုံးနှင့်ဆန်ထည့်ကာ ထွက်လာလေသည်။ သီလရှင်နှစ်ယောက်အား လဘက်ရည်ပန်းကန်တလုံးစာကို တဝက်စီခွဲလောင်းကာ ပြန်ဝင်သွားလေ၏။ ဒေါ်သုခလည်း ဗန်းကုန်းကလေးထဲမှဆန်ကို ဆန်အိတ်ထဲသို့ မှန်းလောင်းထည့်ရင်း
“ကန်တော့ပါသေးရဲ့ ပြောလွှတ်မလားလို့ပူလိုက်ရတာ လာဘ်ဦးကောင်းတယ် ဆရာလေး” ဟု ခေမာရီကြားလောက်အောင် ဝမ်းသာအားရတိုးတိုးပြောလိုက်သည်။
ခေမာရီမှာ ဗန်းကုန်းကလေးထဲမှ ဆန်ကိုကြည့်ကာ စိတ်ပျက်မိသည်။ တော်တော်ဝေးဝေး လျှောက်မိလျှင် တိုက်တတိုက်သို့ ဝင်ပြန်လေသည်။ တိုက်ရှေ့၌နှစ်ယောက်သားရပ်နေကြသည်။ လူစသူစမမြင်၊ တိုက်ကြီးမှာ တိတ်ဆိတ်နေလေသည်။ တိုက်ထဲမှလူရိပ်လိုလိုမြင်လိုက်လျှင် မသုခသည် အသံကုန်ဟစ်၍အော်လိုက်သည်။
“ဒါနဆန်များမေတ္တာရပ်ခံပါတယ်ရှင်….”
အသံကျယ်လွန်း၍ ခေမာရီမှာ လန့်သွားသည်။ တိုက်ထဲမှမိန်းမကြီး တယောက်ပေါ်လာကာ အိမ်ပေါက်ဝသို့ပင်ထွက်မလာဘဲ
“မယ်သီလရှင်များကလဲ ဘာနေ့မို့ဆွမ်းခံနေတာလဲ၊ ကန်တော့ပါသေးရဲ့တော်…” ဟု ပြန်အော်လိုက်ကာ ကွယ်ပျောက်၍သွား လေသည်။
“ဒီမိန်းမကြီးက ဘယ်နေ့မှလောင်းတာမဟုတ်ဘူး….ဒီလိုဘဲ”
မသုခသည် နာကျည်းသည့်အသံဖြင့်ပြောရင်း ခပ်ဆောင့်ဆောင့်ကလေးနင်းထွက်လာသည်၊ အတော်ကလေးသွားမိပြန် သောအအခါ လမ်းကြားတစ်ခုထဲသို့ ချိုးဝင်ခဲ့ကြသည်။ လမ်းထဲတွင် သစ်ပင်များထူထပ်လျက် အိမ်တအိမ်မှ မမြင်ရချေ။ သစ်ပင်အုပ်များကျော်လွန်၍သွားမှပင် အိမ်ကလေး တအိမ်တွေ့ရသည်။ ထိုအိမ်မှာ မသုခ၏ ပစ္စည်းလေးပါး ဒါယကာနှင့်တူလေသည်။
အိမ်ထဲ၌ ရင်းရင်းနှီး နှီး ဝင်ထိုင်ကာ ရေအိုး စင်ကရေခပ်၍ ခေမာရီအား ကမ်းပေးလေသည်။
ထိုင်မိ၍မကြာခင်တွင် မစိန်ရေ ဟု ပါးစပ်ကခေါ်ရင်း အိမ်ထဲသို့ဝင်သွားလေသည်။ ပန်းကန်ပြား နှစ်ချပ်ကိုင်လျက် အိမ်ထဲမှ မစိန် နှင့် ထွက်လာကြသည်။ ထောင်ထားသည့်သင်ဖြူးကို ဆွဲချ၍ခင်းသည်။ ဗန်းနှင့်ရွက်လာသော ဒန်ချိုင့်ကလေးကိုဖွင့်ကာ ပန်းကန်ထဲသို့ ထမင်း ယူထည့်လျက်
“လာဆရာလေး….စားလိုက်တာအေးတယ်” ဟု ခေမာရီအား ထမင်းစားခေါ်နေသည်။ နံနက်စာကို ထိုအိမ်၌ပင် ဇရပ် ကချက်ယူလာကြသော ငါးပိချက်၊ ဆူးပုပ်ရွက်တို့စရာနှင့် စားလိုက်ကြရသည်။ ထိုအိမ်ကအထွက် မစိန်က နို့ဆီဘူးနှင့်ဆန် အပြည့် တယောက်တလုံးစီလောင်းလိုက်လေသည်။ အိမ်နောက်ဖေးရှိ စပယ်ပင်တွေအခင်းလုပ် စိုက်ထားသော လမ်းမြှောင် အတိုင်း လျှောက်ခဲ့ကြသည်။ အခင်းစိုက်သောခြံ တွေကို တခြံပြီးတခြံကျော်ဖြတ်ကာ သွားနေကြသည်။ တအိမ်နှင့်တအိမ် အတော်ပင်လှမ်းလေသည်။ ထိုလမ်းမြှောင်မှ လွန်လျှင် လမ်းမသို့ရောက်လာကြသည်။
လမ်းဘေးရှိအိမ်များကိုတအိမ်မကျန်ဝင်ရပ်ကြသည်။ အိမ့်စေ့ ဆိုသလိုပင် မလွတ်တမ်းထွက်လောင်းကြသည်။ ကြွေဇွန်းနှင့်တဇွန်းစီ။ မသုခသည်ရှေ့ကပြာပြာ ပြာပြာနှင့် ခပ်သွက်သွက်လှမ်းလျက်
“မြန်မြန်လျှောက်ဆရာလေး….ရှေ့က အိမ်က ဘကြီးက သီတင်းတိုင်းတယောက်ငါးပြားလှူတယ်….၊ လာ….လာ မြန်မြန်လျှောက်”
အိမ်အတွင်းသို့ဝင်သွားကြရာခွေးကြီးတကောင်က ဝုတ်-ဝုတ် ဟောင်လျက်ထွက်လာလေသည်။ ခေမာရီလည်း ကြောက်အားလန့်အားဖြင့် ခြံအပြင်ဘက်သို့ လှည့်ထွက်ပြေးလေသည်။ ခွေးမှာခေမာရီနောက်သို့ပင် လိုက်ဟောင်နေလေသည်။ ခေမာရီသည် ခြံအပြင်လမ်းမဘက် သို့ပြန်ရောက်သော အခါဒူးများ တဆတ်ဆတ်တုန်နေသဖြင့် ခေါင်းပေါ်ကဗန်းကိုချလျက် မသုခအားထိုင်စောင့်နေရသည်။ မသုခပြန်ထွက်လာလျှင်
“မသုခ ပြန်ကြပါစို့….” ဟု ဆီး၍ ပြောလိုက်သည်။
“အခုတော့မှဘုရား….နောက်ဆုတ်လို့မဖြစ်ဘူး၊ ရှေ့ဆက်သွားမှဖြစ်မယ်၊ အသွားပူ အပြန်ပူနဲ့ ညနေမှ အေးအေးပြန် တာပေါ့၊ မောရင်ဖြည်းဖြည်းနားလျှောက်ပါ….”
ခေမာရီမှာ ဘယ်ရောက်ဘယ်ပေါက်နေမှန်းမသိ၊ တလမ်းကျော် တလမ်းဖြတ် မသုခနောက် တကောက်ကောက် လိုက်နေရသည်။ တအိမ်ဝင်တအိမ်ထွက်နှင့်သွားကြရင်း မောပန်းလာ၍ သစ်ပင်တပင်အောက်တွင် ဘယ်လောက်လျှောက်ရ အုံးမလဲ ဟု ခရီးကိုမှန်းဆကာ အတော်ကြီးမောနေ လေသည်။
“ဟေး….အရာ ကြာဝတ် ကြာဝတ်”
မသုခ ဘာပြောလိုက်ပါလိမ့်ဟု လှည့်ကြည့်လိုက်ရာ မသုခကမေးထိုးပြသည်။ အင်္ကျီချွတ်နှင့် ကုလားကြီးတယောက် တဲကလေးမှပြေးထွက်လာပြီးလျှင် ဒိုဘီထဲမှလက်နှင့်နှိုက်၍ ဆန်တဆုပ်စီ ထည့်ပြီး ပြန်ဝင်သွားလေသည်။ ကုလားတဲ-ကုလားအိမ်ရှေ့များတွင်ရပ်တိုင်းပင် မသုခသည်
“အရာ….ကြာဝတ် ကြာဝတ်” ဟု ပါးစပ်က ခပ်ကျယ်ကျယ် အော်ပြောလေသည်။ ခေမာရီကား ခြေကိုမသယ်ချင်အောင်ဖြစ်လာလေသည်။ ထိုင်နေ၍လည်းမဖြစ်၊ ခြေထောက်များမှာဒရွတ်ဆွဲလျက်နေပြီ။ ချွေးဒီးဒီးကျအောင်လျှောက်ခဲ့ရသည်။ နောက်ဆုံးဈေးကြီးသို့ ရောက်သွားလေသည်။
“ဆရာလေး ဒီနားမှာထေိုင်စောင့်နေ…အခုဘဲလာမယ်”
မသုခသည်သူ့ဗန်းထဲမှဆန်များကို ခေမာရီဗန်းထဲသို့ ပြန်လောင်းထည့်ကာ ဗန်းအလွတ်ရွက်လျက် လူတွေကြားမှ ဈေးရုံ ထဲသို့ တိုးဝင်သွားလေသည်။ ခေမာရီသည် လူသွားလမ်းဘေးသမံတလင်းပေါ်၌ထိုင်ကာ ရှေ့မှဖြတ်လျက် တိုးခွေ့သွားကြသောလူတွေကို ကြည့်ရင်း မျက်စေ့နောက်လာသည်။ အတန်ကြာမှ
မသုခပြန်ထွက်လာသည်။ မသုခဗန်းထဲ၌ ကြက်သွန်ဥနှစ်ဥသုံးဥ၊ ငြုပ်သီးတဆုပ်လောက်၊ ဖရောင်းတိုင်အနီအဝါသုံးတိုင်၊ ကွမ်းသီးစိပ် သုံးလေးခြမ်း၊ ကွမ်းရွက်တထပ်၊ အာပြဲငါးခြောက်သုံးလေးကောင်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်စုံစိနေအောင် နည်းနည်းစီ ပါလာသည်။
“မနဲတိုးခွေ့ပြီးအလှူခံရတာဘုရာ့”
ခေမာရီသည် ဘန်းထဲမှပစ္စည်းများကိုလည်းမကြည့်လို၊ လူတွေကိုလည်းမမြင်သလို၊ ဘယ်လိုဖြစ်နေမှန်းမသိ၊ ငိုင်လျက် သာနေမိသည်။ ငါးခြောက်ဆိုင်ရှင်အဒေါ်ကြီးသည် ခေမာရီတို့ ဗန်းထဲမှဆန်များကိုပြည်တောင်းနှင့် ချင်တွယ်နေသည်။ သူ့ပြည်တောင်းမှာ သီလရှင်များဆန်လာရောင်းလျှင် ဆန်ဆိုင်ကပြည်တောင်းထက် နို့ဆီဘူးတဝက်ပိုလုပ်ထားသော ပြည်တောင်းဖြစ်သည်။
“သုံးပြည်နဲ့လေးလုံးဆိုတော့….”
အဒေါ်ကြီးဆက်၍မပြောဘဲ စိတ်တွက်တွက်နေလေသည်။
“အဒေါ့်ပြည်တောင်းက အသာကြီးလုပ်ထားတာ၊ နဲနဲနဲပိုပေးပါအဒေါ်ရယ်” ဟု
မသုခက ပြောလိုက်ရာ ခေမာရီမှာ သည်တော့ မှပင် ဆန်အရောင်းအဝယ်လုပ်နေမှန်းကို ရိပ်မိတော့သည်။ ခေမာရီသည် မျက်လုံးတွင်လည်လာသော မျက်ရည်စများကို ပါးပေါ်သို့ စီးမကျရန်မျက်နှာ ကိုမလှုပ်ခါဘဲ စိတ်ကို တင်းထားရသည်။ မိမိဘဝကား တကိုယ်ချင်း တကောင်ကြွက်အားကိုးရာမဲ့ အခြေပါတကား….။

ဆွမ်းခံပြန်ခဲ့သည့်နေ့ကပင် ဇရပ်တွင်ဘုံးဘုံးလဲလျက် လူမမာကြီးဖြစ်နေခဲ့ရာ မင်းကတော်နှင့်သာမတွေ့ခဲ့လျှင် ခေမာရီ သည်လောကကို ရင်မဆိုင်သည့်အဖြစ်နှင့် တလက်စတည်း ကိစ္စငြိမ်းသွားမည်ဖြစ်၏။ အိပ်ရာထဲတွင် ခေါင်းမထူနိုင်၍ ပက်လက်ကလေးနေခဲ့ရသည့် နေ့ရက်များကြောင့် ခေမာရီမှာ သီလရှင်ရုပ်နှင့်မတူ တော့ချေ။
မြေနီရောင်ခါးဝတ်ကို ဝတ်စားထားသော်လည်း လက်တဆစ်ခန့်ရှည်ထွက်နေသော ဆံပင်များသည် ဖန်ကတုံးကို ဖုံး၍ ထားသည်။ တနေ့သော်လည်းသက်သာနိုး၊ တနေ့သော်လည်း ခေါင်းထူနိုးနိုးနှင့် ဝေဒနာမှာတမျိုးပြီးတမျိုး ထွေသာလောသည်။ ယခု တော့ထွေရုံတင်မက၊ သည်းတောင်လာသည်။ ဝေဒနာသာအရေးကြီးသည်၊ ဆံပင်ကိုအရေးမကြီးနိုင်….။
“မသုခရယ်….တပည့်တော်သေရင် ရေချိုးတဲ့အခါ ဆံပင်ပါရိတ်ပေးလိုက်ပါနော်….” ဟု မှာထားပြီးသားဖြစ်သည်။ ဦးပြားတောရ ဇရပ်သို့လင်နှင့်စိတ်ကောက်ကာ၊ ဥပုသ်ရက်ရှည်လာစောင့်နေသော ဝန်ထောက်ကတော်ဒေါ်ခင်ခင်သည် ခေမာရီအဖြစ်ကို သနားမိသည်။ မသုခဆန်ခံသွားလျှင် ဇရပ်တွင် တယောက်ထဲကျန်ရစ်ရှာသောလူမမာကို မျက်စိအောက်တွင် မနေ သာတိုင်း ဖေးမပြုစုပေးလေသည်။
မင်းကတော်မှာ ဇရပ်တွင်တလကိုးသတင်း စိတ်ကောက်နေပြီးနောက် ဝန်ထောက်မင်းကလိုက်ခေါ်၍ အိမ်ပြန်သွား သည့်တိုင် ဂရုဏာမကင်းသော ခေမာရီထံသို့ မကြာခဏလာ၍ ကြည့်ရှာသည်။ ဆေးဝါးတွင်မက၊ ဓာတ်စာကလေးများဝယ်ခြမ်းလာသည်။ တခါတလေလည်း ငွေစကလေးများ ပေးကမ်းလှူဒါန်း သွားသည်။
လေမလျှောက်၍ခြေထောက်တဘက်မှာကောင်းကောင်းပင်မသန်တော့၊ ခေမာရီသည် အိပ်ရာထဲတွင် မကြာခဏဆိုလိုပင် ခြေထောက်ကို လှုပ်ရွေ့ကြည့်သည်။ ခြေထောက်ကိုလှုပ်ကြည့်လျှင် မျက်ရည်များလည်နေ၏။ ကြက်သီးများထလာ၏။
“လူကျန်းမာလို့ ဒီခြေထောက်တွေမသန်ရင်တာ့ ဆွမ်းဆန်ခံဖို့ အခက်ဘဲ မင်းကတော်ရယ်….”
ခေမာရီသည်စိတ်တွင်းက သူများမကြားအောင် သေလိုက်ပါတော့ဟု နေ့တိုင်းဆုတောင်းနေလေသည်။ ခြောက်လလောက်ရှိ လာသည်။ လူကထူနိုင်ထနိုင်လာသော်လည်း ခြေထောက်ကို ကြာကြာမထောက်နိုင်သေး၊ အိပ်ရာမှထလျှောက်လျှင် မသုခ တွဲထူမှပင် လျှောက်နိုင်လေသည်။ မသုခသည် ဆွမ်းဆန်ခံ၍ ရသမျှကိုရောင်းကာတတ်အားသ၍ ပြုစုရှာသည်။ မသုခ ပင်ပင်ပန်းပန်း ရှာဖွေပြုစုနေရတာကို မကြိုက်နိုင်ချေ။ သူများကိုဒုက္ခပေးနေရသည့်ဘဝကို နေ့ရှိသ၍ စိတ်ပျက်လာသည်။
သည်ဘဝကိုစိတ်ပျက်ရသည့်အထဲ ခေါင်းကဆံပင်တွေကလည်း တနေ့ထက်တနေ့ရှည်လာ၍ စိတ်ညစ်လာသဖြင့် မသုခကို ဓားနှင့်ကပ်ကျေးတောင်းရသည်။
“မာမှ တုံးလိုက်ပါ….ကောင်းကောင်းမှမမာသေးဘဲ ဘယ်ရိတ်လို့ဖြစ်မလဲ၊ မမာတုန်းမရိတ်ကောင်းဘူး”
ခေမာရီသည် မျက်မှောင်ကုတ်လျက် စိတ်အိုက်သွားလေသည်။ သို့သော်သက်ပြင်းချ၍ မျက်မှောင်ဖြေလိုက်ကာ ဆုပ်မိလု နီးနီးရှိ နေသောဆံပင်ကို အသာသပ်ရင်းဆံတိုနှင့်စိတ်တမျိုးပင် ပေါက်လာသည်။ စိတ်တမျိုးပေါက်နေသောခေမာရီကို မင်းကတော်က အကဲခတ်မိသည်။
“ခင်တို့ကသနားလို့ပြောတယ်မှတ်ပါဆရာလေး….၊ ကျမအဖို့မှာ တယောက်အတွက်ဘာမှဝန်မလေးပါဘူး၊ အဖော် တောင် ရပါသေးတယ်၊ ဆုံးသာဆုံးဖြတ်ပါ….”
မင်းကတော်မှ အဖော်လိုနေပေသည်။ အိမ်တွင် မိန်းမကြီးတယောက်မှာ ကိုယ့်ထဲကရှာထားဖို့လိုနေသည်။ ဝန်ထောက် မင်းမှာ မိမိအပြင်]]တိတ်တိတ်}} ရှိသေး၍ ညဉ့်အိပ်ညဉ့်နေ မိန်းမဖော်လည်းလိုချင်သည်။ အိမ်တွင်ခိုင်းစေထားသော ကလေးမ ကလေးများရှိ၍ အိမ်ကလူအတွက်အလစ်မပေးရန် အိမ်ထဲ၌ မိန်းမကြီးကြီး အစောင့် တယောက်ရှိမှလည်းဖြစ်မည်။ ဒိအပြင် ဖဲဝိုင်းတွင် လူမစုံ၍
တအိမ်လိုလျှင် ဖြည့်မည့် အဖော်တောင်ဖြစ်နိုင်သေးသည်။
“စဉ်းစားမနေပါနဲ့တော့ဆရာလေးရယ်….၊ ဆရာလေးဘဝဟာတယောက်ထဲရယ်၊ ထောက်ပံ့မယ့်လူလဲရှိတာ မဟုတ်ဘူး၊ ခြေထောက်က ကောင်းကောင်းမသန်တာကြီး၊ ဆွမ်းဆန်ခံနိုင်အုံးမလား၊ သီလရှင်အဝတ်ချွတ်လို့လည်းငရဲမကြီးပါဘူး၊ လူဝတ်နဲ့ လည်းသီလရှိရင်ဖြစ်တာပါဘဲ၊ ကျမအဖို့ဘာမှ တာဝန်ကြီးတာမဟုတ်ဘူး၊ စိတ်ချမ်းသာကိုယ်ချမ်းသာ အေးအေးချမ်းချမ်းနေ ရမှာပါ၊ လူဝတ်လဲမယ်မဟုတ်လားဟင်….”
မျက်လွှာကလေးများစင်းစင်းကျနေသည့် မှေးနေသောခေမာရီ၏ မျက်လုံးများသည် တဘဝ သို့လှမ်းမျှော်နေသည်။ အတန်ကြာတော့မှ ခေမာရီသည် မင်းကတော်အား ခေါင်းငြိမ့်ပြလိုက်သည့်အခါ၌ အသက်ပါ ပါသွားသလို ငြိမ်ကျသွား လေသည်။
“ဆံစုနဲ့စုစည်းပေါင်းထုံးရင် ဆံပင်တိုတွေဝင်ပါတယ်”
မင်းကတော်သည်အလိုက်မသိ အားတက်သရောရွှန်းရွှန်းဝေဝေပြောနေလေသည်။ ခေမာရီသည် အသေလို ငြိမ်နေရာမှ ရှက်လည်းရှက်လှစွာ ဝမ်းလည်းနည်းလှစွာဖြင့် ပြုံးလိုက်ရလေသည်။

ဂျာနယ်ကျော်မမလေး
#အလင်းရောင်ဘလော့ဂ် မှ

မေတ္တာဖြင့်
ခိုင်နီလာမောင် ကိုယ်ပိုင်ဘလော့ဂ်ထဲမှ ထပ်ဆင့်ကူးယူမျှဝေပေးပါသည်။

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…

Leave a Reply

Your email address will not be published. Required fields are marked *