အတိတ်လမ်းကို ပြန်လျှောက်ခြင်း အပိုင်း၅၊၆
– ပတ္တမြားခင်
အပိုင်း (၅)
အငြိမ့်မင်းသမီး ကလည်း အဆိုကောင်း၊ အကကောင်း၊ ‘လှကလေးစိန်’ အငြိမ့်ဖြစ်နေတော့ မထနိုင်မပြန်နိုင်ဖြစ်ပြီး အငြိမ့်ပြီးတဲ့အထိ ကြည့်ကြတာပေါ့။ အငြိမ့်ပြီးမှ အိမ်တံခါး အသာလေး ဖွင့်၀င်လာတော့ အောက်ထပ်မှာ အိပ်တဲ့ အန်ကယ်အေးက နိုးနေပါရော။
လှေကားထိပ်ရောက်တာနဲ့ အခန်း၀က ထွက်လာပြီး ‘အဲဒါ ဘယ်လိုဖြစ်တာလဲ’ လို့ပြုံးစစနဲ့ ကျွန်မ တို့ကို မေးပါတယ်။ ကိုယ့်ဟာကိုယ် လုံလှပြီလို့ တွက်ထားတာ အခုအန်ကယ်အေးကတွေ့သွားပြီဆိုတော့ လူကြီးတွေကို ပြန်မတိုင်ဖို့ ရှိခိုးဦးတင် တောင်းပန်လိုက်ရတာ လေ။
အန်ကယ်အေးကတော့ သူ့ကတိအတိုင်း ပြန်မတိုင်ပါဘူး။ ကျွန်မတို့က ပွဲလိုက်လို့မနက်ကျတော့ အိပ်ရာက မထနိုင်ကြသေးဘူး။ ပွဲခိုးကြည့်တဲ့ သတင်းကို တစ်အိမ်လုံးက မိုးလင်းတာနဲ့ သိပြီးကြပြီလေ။ အိမ်မှာ ရေထမ်းပို့တဲ့ ဦးဘဂျမ်းကြီးက ရေဖြည့်ရင်း ညက ကျွန်မတို့ တူအရီး ပွဲလာကြည့်တာကို သတင်းပို့သွားတာတဲ့။
ကိုယ်ဟာကိုယ်တော့ ဘယ်သူမှ သိမှာ မဟုတ်ဘူးဆိုပြီး တောသူမကြီးပုံစံ လုပ်သွားကြတာ ဟုတ်လှပြီပေါ့။ ကျွန်မမှာ တစ်ညလုံး ဦးသူရရဲ့ မျက်နှာသုတ်ပဝါ နံစော်စော်ကြီးအနံ့ ရှူလိုက်ရတာပဲ အဖတ်တင်ပါတယ်။ အိပ်ရာကနိုးတော့ နှစ်ယောက်စလုံး အဆူခံလိုက်ရတာ ၀က်၀က်ကွဲသွားတာပါပဲ။ တော်ပါသေးရဲ့။ ဦးဘဂျမ်းက တောင်ဘက်အိမ်ကို ဖောက်သည်မချလို့။ မဟုတ်ရင် ဘိုးလေး သိတာနဲ့ အဆော်ခံရဦးမှာ လေ။
ကျွန်မတို့ ငယ်ငယ်အချိန်တုန်းက အပျိုအရွယ် ဖြစ်လာရင် လတ်လျားလတ်လျား လုပ်လို့ မရဘူး။ ဒေါ်ခင်နှင်းယု ရေးခဲ့တဲ့ ‘ချစ်ခြင်းကို အားပြု၍’ ဆိုတဲ့ ကျားဘညိမ်းနဲ့ ဇနီး ဒေါ်ကြည်ကြည်တို့ရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကအတိုင်းပါပဲ။ အပျိုအရွယ် ဖြစ်လာရင် လူမြင်မခံ ရဘူးတဲ့ ဒါမှတန်ဖိုးရှိတာလို့ သတ်မှတ် တာပါ။ ကျွန်မတို့ဘက် အိမ်က ခေတ်မီကြလို့ အဲသလောက် မချုပ်ချယ်ပေမဲ့ ဘိုးလေး က ရှေးဆန်လွန်းတော့ မိန်းကလေးအပြင်ထွက် တာကို လုံးဝကြိုက်တာ မဟုတ်ဘူး။
ရည်စား ထားဖို့တော့ ဝေးပါသေးရဲ့။ ရည်းစားတစ်ယောက် ထားမိရင် ဧရာမပြစ်မှုကြီးကို ကျူးလွန်တဲ့ အတိုင်း ဖြစ်ကုန်ကြတာပါ။ ကျွန်မမှတ်မိသလောက် အန်တီလေးခမျာလည်း လက်သာ ထပ်ရတော့မှာ ချစ်သူရည်းစား ရှိတယ် ဆိုတာမျိုး မကြားဖူးပါဘူး။
အန်တီလေးတို့ အေဘီအမ်ကျောင်းကို တက်တုန်းက ဦးဘသာ ဆိုတဲ့အဘိုးကြီးရဲ့ မြင်းလှည်းကို လပေးနဲ့ ငှားပြီး စီးရတာပါ။ အဲဒီမြင်းလှည်းမှာ အန်တီလေး တစ်ယောက်တည်းတော့မဟုတ်ဘူး။ မိန်းကလေး ၄ ဦးအစုစပ်ထည့်ပြီး အတူကျောင်းကို သွားကြတာ။ နောက်ပိုင်းယစ်မျိုး၀န်ထောက် ဦးဘသာရဲ့ ဇနီးဖြစ်တဲ့ မလှရီရယ်၊ အာဠာဝီလမ်းမှာ နေတဲ့ ဦးမောင်မောင်တင်ရဲ့ သမီး တင်တင်နုရယ်၊ နောက်တစ်ဦးတော့ ကျွန်မ ကောင်းကောင်း မမှတ်မိပါဘူး။
ကျောင်းသွားတဲ့ လမ်းတစ်လျှောက်မှာ ကာလသားတွေက ရည်စားစာကို မြင်လှည်းထဲ ပစ်ထည့်လို့ကောင်းအောင် လေးထောင့် အခေါက်သေးသေးလေးတွေ ခေါက်ပြီး ပစ်ပစ် ထည့်ကြတာမို့ ရည်းစားစာတွေ ကတော့ အမြောက်အမြား ရကြပါရဲ့။ ဘယ်သူ့ကို ရည်ညွှန်းမှန်း မသိလို့ ဖွင့်ဖတ်ကြပြီး ရင်ခုန်ကြတာက လွဲပြီး ဘယ်သူမှ စာမပြန်ရဲကြဘူး တဲ့။
တစ်ခါတုန်းက လူငယ်လေးတစ်ယောက်က ကျွန်မတို့ အိမ်ရှေ့ကို အချိန်မှန် နေ့တိုင်း ဖြတ်သွားပြီး အိမ်ကိုလည်း တလှည့်ကြည့်ကြည့်နဲ့ လုပ်တာကို ဘိုးလေးက သတိထား မိတော့ ဘွားလေးကို တိုင်တယ်တဲ့။
‘ဟောဟို သူငယ်ကို သေသေချာချာကြည့်ထား၊ ခင်ဗျားသမီးရဲ့ ရည်းစားလား မသိဘူး။ အိမ်ရှေ့ကို အချိန်မှန် လာပြီး အိမ်ကို ကြည့်တာ’ လို့ဆိုတော့ ဘွားလေးကလည်း စောင့်ကြည့်တာပေါ့။ ပြောတဲ့အတိုင်း ဟုတ်နေတာနဲ့ အန်တီလေးကို လာပြီးဆူပါလေ ရော။
အန်တီလေး ခမျာ ဟုတ်လည်း မဟုတ်ရပါဘဲ ဘုမသိဘမသိနဲ့ အချောင်စွပ်စွဲခံရတော့ ၀မ်းနည်းပြီး ငိုတာပေါ့။ ကျွန်မရဲ့ မာမီ ကို သူဒီလိုအဆူခံရတာကို ငိုပြီး တိုင်တော့ မာမီက လည်းစိတ်ဆိုးပြီး နောက်တစ်နေ့ကျတော့ အဲဒီ သူငယ် အလာကို စောင့်ကြည့်တာပေါ့။ ဘွားလေးတို့ ပြောတဲ့အတိုင်း ဒီလူကလည်း လှည့်စောင်း လှည့်စောင်းနဲ့ ကြည့်ပါလေရော။
မာမီက ထွက်လိုက်သွားပြီး ‘မင်းဘာကိစ္စ ငါတို့အိမ်ကို ကြည့်ရတာလဲ’ လို့ မျက်နှာတည် မျက်နှာထားနဲ့ မေးတော့ သူငယ်လေး က ကြောက်သွားပြီး ‘ဟုတ်ကဲ့ပါ၊ နောက်မကြည့် တော့ပါဘူးခင်ဗျ’ နဲ့ပြောပြီး တစ်ချိုးတည်း လစ်တာ နောက် ဘယ်တော့မှ ဖြတ်လာတာ မတွေ့ရတော့ဘူးတဲ့။
မာမီတို့များ အဲလောက် ဗိုလ်ကျခဲ့တာပါ။ ဟိုခေတ်ကတော့ လူငယ်တွေကလည်း လူကြီးတစ်ယောက် ဆိုပြီး ရိုသေရ၊ လေးစားရ၊ ကြောက်ရတာ အလေ့ရှိလို့ပဲလား မသိပါဘူးနော်။ ခုခေတ်များ ဒါမျိုး သွားလုပ်လို့ကတော့ ဘယ်သူ က ခံပါမလဲ။
‘အဒေါ်ကြီး၊ ဒါမြူနီစီပယ်ပိုင်တဲ့လမ်းဗျ၊ ကျုပ်လျှောက်ပိုင်ခွင့်ရှိတယ်၊ ခင်ဗျားနဲ့ မဆိုင်ဘူး။ ကျုပ်မျက်လုံးနဲ့ ကျုပ်ကြည့် တာ ခင်ဗျားအပူ တစ်ပြားသားမှ မပါဘူး’ လို့ပြန်ကောထည့် လိုက်မှာပေါ့နော်။ ခေတ်ဆိုတာကလည်း အချိန်နဲ့ အတူ ပြောင်းလဲခြင်းမို့ တိုးတက်လာတာတွေရှိသလို ဆုတ်ယုတ်သွားတဲ့ အပိုင်းတွေလည်း ရှိနိုင်တာ ပါပဲ။
အခုလည်း အန်တီလေးရဲ့ လက်ထပ်ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ပေးမှာ ဆိုတော့ တစ်အိမ်သားလုံး အလုပ်တွေ ရှူပ်လို့ပေါ့။ စေ့စပ်ပွဲပြီးကတည်းက အန်ကယ်အေး ကလည်း ခဏခဏ မန္တလေးကို တက်လာပါတယ်။ ကျွန်မ ချစ်တဲ့ အန်တီးလေးကို ခေါ်သွားမဲ့ လူကြီးဆိုပြီး အန်ကယ်အေးကို လုံးဝကြည့်လို့ မရပါဘူး။ ဒီအထဲ ကျွန်မရဲ့ အန်တီလေးကလည်း သူ့ရဲ့သတိုးသားလောင်းကြီးကို အကဲပါနေလိုက်သေးတော့ သူတို့နှစ်ယောက်စလုံးကိုပါ အမြင်တွေ ကတ်နေမိပါတော့တယ်။
အဲလိုဖြစ်နေတာ သူတို့ကလည်း ရိပ်မိတော့ နှစ်ယောက်သား ကျွန်မကို နည်းမျိုးစုံနဲ့ ချော့ကြပါတယ်။ အန်ကယ်အေး က ချောကလက်တွေ၊ သကြားလုံးတွေ၊ ဘီစကွတ်မုန့်တွေ ၀ယ်လာပေး။ အန်တီလေးကလည်း ကျွန်မ ကြိုက်တတ်တဲ့ ဂါ၀န်လှလှလေးတွေနဲ့ လာဘ်ထိုး။ ကျွန်မလိုချင်ရဲ့နဲ့ သူ့ဆီက တရရတောင်းဖူးတဲ့ ပိုးတွန့်လုံချည် နီရဲရဲလေးကို တောင် ဟိုတုန်းကတော့ မပေးဘဲ ခုမှ ချပြီးပေးလိုပေး။
ဘာကြီး ပေးနေနေ၊ ဘယ်လောက်ပဲ ချော့ချော့ကျွန်မရဲ့ အမြင်ကတ်၊ ကြည့်မရဖြစ်နေတဲ့ နှုန်းထားက ရာခိုင်နှုန်းတစ်တောင် ဆင်းမလာဘဲ ထောင့်ခံဆဲပါပဲ။ ဒါပေမဲ့ တစ်နေ့ကတော့ ကျွန်မစိတ် ကို ပြောင်းလဲသွားစေတဲ့ အကြောင်းတစ်ခုက ဖြစ်လာပါတယ်။
‘လူတစ်ယောက်ကို အနိုင်ရချင်ရင် သူ့ရဲ့ ပျော့ကွက်ကိုနင်း’ ဆိုတဲ့စကားက မှန်နေသလား မသိပါဘူး။ ကျွန်မမှာက ဓာတ်ပုံရိုက်ချင်တဲ့ ဝါသနာက အရွယ်လေး ရလာတာနဲ့ ရင်ထဲမှာ အညွန့်တလူလူ ဖြစ်လာပြီလေ။ မာမီ ကိုယ်တိုင်ကလည်း ဓာတ်ပုံရိုက်တာကို ဝါသနာပါပါ တယ်။ ကျွန်မငယ်ငယ်လေးကတည်းက မှောက်ရက်ပုံ၊ ထိုင်ရက်ပုံ၊ မတ်တတ်ပုံ စုံနေအောင် အနေအထားအမျိုးမျိုးနဲ့ရိုက်ပြီး ဓာတ်ပုံစာအုပ် Album ထဲမှာ ကပ်ထားပြီး အမြတ်တနိုး သိမ်းတာပါ။
မာမီကတော့ ကိုယ်တိုင်ရိုက်တာ မဟုတ်ဘူး။ ဓာတ်ပုံဆိုင်မှာ သွားပြီး ရိုက်ပေးတာပါ။ ကျွန်မအလှည့်ကျတော့ မာမီလို ဓာတ်ပုံတွေ မြတ်မြတ်နိုးနိုး ရှိတာချင်းမှာ တူပေမဲ့ ကျွန်မက ကိုယ်တိုင်ကိုယ်ကျ ရိုက်လိုတာ ဖြစ်နေပါရော။ အဆင်သင့်ချင်တော့ ကျွန်မ စိတ်ကူးယဉ်နေဆဲကာလမှာပဲ ကျွန်မရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ က ရောက်လာပါတယ်။
မာမီက မွေးနေ့လက်ဆေင် ဘာလိုချင်လဲ မေးတော့ ဒီတစ်ခါတော့ နို့ဆီဘူး မဟုတ်တော့ဘဲ အဆင့်မြင့်စွာနဲ့ ‘ကင်မရာ’ လို့ ပူဆာလိုက်တာပေါ့။ မာမီက ကျွန်မလိုချင်တဲ့ ကိုဒတ် ကုမ္ပဏီလုပ် ဘရောင်းနီလို့ ခေါ်တဲ့ Box Camera လေးကို ၀ယ်ပေးပါတယ်။
ကင်မရာ ရလာပြီဆိုတော့ ဖလင်ဖိုးနဲ့ ကူးခ ဆေးခက လိုအပ်လာပြီလေ။ ဒါတွေကို မုန့်ဖိုးထဲကနေ ဖဲ့ချွေပြီး ၀ယ်ရ တာပါ။ မုန့်ဖိုးကလည်း ဆယ်နှစ်သမီးဆိုတော့ ခြောက်ပြား တစ်ပဲပဲ ကိုင်နိုင်တာ မဟုတ်လားနော်။ ဓာတ်ပုံ ဆိုတာမျိုး ကလည်း အကုန်အကျက များပါဘိခြင်း။
ဒါကြောင့်မို့ ပြောကြတာပေါ့။ လူတစ်ယောက် အမြင်ကတ်လို့ မွဲစေချင်ရင် ကင်မရာ တစ်လုံးသာ ၀ယ်ပေးလိုက်။ ဖွတ်တက် တာကမှ တဖြည်းဖြည်း တရွရွလာတာမို့ ကြာဦးမယ်။ ကင်မရာရှိနေရင်တော့ ချက်ချင်းကို မွဲသွားနိုင်တာလို့ ဆိုပါတယ်။
ဟုတ်လည်း ဟုတ်ပါရဲ့။ ကင်မရာတစ်လုံးသာ ရှိလာပြီဆိုရင် ရိုက်ချင်လွန်းလို့ လက်က ယားနေတာနော်။ ကိုယ်ရိုက်ထားတဲ့ပုံ ကောင်းပြန်တော့လည်း ပြန်ကူးချင်ရတာနဲ့ ပုံကြီးတွေချဲ့ချင်ရတာနဲ့ ငွေတွေထပ်ကုန်။ ဟော…မကောင်းပြန်ဘူး ဖြစ်တော့လည်း မကျေနပ်တာနဲ့ ပြန်ရိုက်ချင်လို့ ဖလင်၀ယ်ရ၊ ပုံကူးရ နဲ့ ကုန်ပြန်ပါရော။ ဘယ်ဘက်ကမှ သက်သာတယ် မဟုတ်ပါဘူး။ ကျွန်မမှာလည်း မတန်မရာနဲ့ ကင်မရာ တစ်လုံး ပိုင်ဆိုင်ထားမိတဲ့ ဒုက္ခကရှိနေပါတယ်။ ရိုက်ခါစ ဆိုတော့လည်း ပုံကောင်းက မထွက်။ အလင်းအမှောင်လည်းမှန်ကန်အောင် မရွေးတတ်တို့ ရောင်ပြန်တွေ ဟပ်တာနဲ့ မည်းတဲ့ပုံက မည်း၊ လင်းတဲ့ပုံက လင်း၊ မချိန်တတ်လို့ခြေပြတ် ခေါင်းပြတ်တွေကလည်း ပါသေးတယ်လေ။
အဲဒီတော့လည်း ဘယ်သူကမှ ကျွန်မကို အထင်မကြီးတာ မဆန်းလေဘူးပေါ့။ ကိုယ့်စရိတ်နဲ့ကိုယ် ရိုက်ပါမယ် ဆိုတာတောင် အရိုက်ခံမဲ့သူက မရှိလို့ အိမ်က မွေးထားတဲ့ခွေး နက်ပါကိုပဲ ပုံစံအမျိုးမျိုးနဲ့ ရိုက်ရတယ် ဆိုပါတော့။ ဖလင်ကလည်း ပြတ်တစ်လှည့်မို့ မုန့်ဖိုးလေးရပြီဆိုခါမှ ပြေးပြေး၀ယ်ပြီး ရိုက်ရတာပါ။
ကျွန်မ ဓာတ်ပုံရှူး ရှူးနေတဲ့ အခြေအနေကို ဘယ်သူက သွားပြီး အန်ကယ်အေးကို သတင်းပို့လိုက်တယ် မသိပါဘူး။ တစ်နေ့ကျတော့ အန်ကယ်အေးက….
‘လာပါဦး ခင်မကြီးရဲ့ ညည်းက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်နော်၊ နက်ပါရဲ့ ပုံတွေ ရိုက်ထား တာ ကောင်းမှကောင်းလို့ တို့ကြားပြီးပါပြီဗျာ၊ ပြစမ်းပါဦး။ အန်ကယ်ကလည်း ဓာတ်ပုံရိုက်တာ သိပ်ပြီး ဝါသနာ ပါတာ၊ တို့တူ၀ရီး နှစ်ယောက် ဝါသနာတူတော့ ဟန်ကျတာပေါ့ကွာ’ နဲ့လာပြောတော့ တမင်မြှောက်ပင့်ပြောနေမှန်းလည်း ငယ်တုန်းက ဘယ်သိပါ့မလဲ။ ဘယ်သူကမှ အထင်မကြီးတဲ့အချိန်မှာ ခုလို့ ချီးချီးမြှောက်မြှောက်နဲ့ လာပြောတာကြားတော့ ရင်ထဲက ကျေနပ်ပီတိတွေ ဖြစ်သွားတာပေါ့။
အန်ကယ်အေး ကလည်း အပါးလေ။ ကျွန်မကျေနပ်ပြီဆိုတဲ့ မျက်နှာရိပ်ကို မြင်တာနဲ့ တစ်ချက်တည်း သိပြီး ကျွန်မ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တောင်းကြည့်ပြီး တကယ်မဟုတ်ပါဘဲနဲ့ကောင်းလှချည်ရဲ့တွေ အထပ်ထပ် ချီးကျူးပြရုံတင်မကသေးဘူး။
“Box ကင်မရာနဲ့ ရိုက်တာတောင် ဒီလောက်ကောင်းတာ ခေါက်ကင်မရာလေး အန်ကယ်အေး ဝယ်ပေးမယ်။ ပုံကောင်းကောင်းတွေ ထွက်လာမှာ၊ သွား… အဝတ်လဲချေ တို့ကင်မရာ သွားဝယ်ရအောင်” ဆိုတာနဲ့ ငေါက်ခနဲ ထပြီး အန်ကယ်အေးနောက် ထလိုက်ဖြစ်ပါတယ်။ အန်ကယ်အေးက ကျွန်မကို
ကိုဒတ်က လုပ်တဲ့ ခေါက် ကင်မရာလေး တစ်လုံးရော၊ ရိုက်ဖို့ ဖလင်လိပ်က တစ်ဒါဇင်ပါ ဝယ်ပေးလိုက်တာနဲ့ အန်ကယ်အေးမှ အန်ကယ်အေး ဖြစ်သွားတော့တာပဲလေ။
“ဒီကောင်မလေးက ကင်မရာတစ်လုံးနဲ့ အဒေါ်ကို ရောင်းစားတာ”လို့ အန်တီလေးက ရယ်ကျဲကျဲနဲ့ ကျွန်မကို စပါတယ်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကင်မရာတစ်လုံးနဲ့ အဒေါ်ကိုကျေနပ်စွာလဲလိုက်တာကတော့ အမှန်ပါပဲ။
အန်ကယ်အေးက ဓာတ်ပုံရိုက်တာ ဝါသနာပါသလို တော်လည်းအလွန်တော်ပါတယ်။ ပြိုင်ပွဲတွေ ၀င်ပြိုင်လို့ ဆုရတွေ လည်း မနည်းပါဘူး။ ဓာတ်ပုံကို ဘယ်လို ချိန်ရတယ်။ အလင်း အမှောင် ဘယ်လို ယူရတယ် ဆိုတာတွေလည်း ကျွန်မကို စိတ်ရှည်ရှည်နဲ့ သင်ပြပါတယ်။ တကယ်ကတော့ အန်ကယ်အေးဟာ ကျွန်မရဲ့ လက်ဦးဆရာ ပဲလို့ပြောရမှာပါ။ အန်ကယ်အေး သင်ပြပေးလို့ ကျွန်မ ဓာတ်ပုံပညာကို နည်းနည်း တီးမိခေါက်မိ ရှိလာပါတယ်။
ဒီလိုနဲ့ အန်တီလေးကလည်း လက်ထပ်ပြီးသွားတော့ တောင်တွင်းကြီးကို လိုက်သွားရပါတယ်။ အဲဒီအချိန်က အန်ကယ်အေး ရဲ့ အဖေက “ရတနာပုံဦးဒွေး ဆိုပြီး မြို့ရဲ့ မျက်နှာဖုံးပါပဲ။ သူတို့မှာ ရွှေဆိုင်တွေ ပိုင်ပါတယ်။ အန်တီလေး လိုက်သွားတော့ အန်တီလေးကို ရွှေဆိုင်တစ်ဆိုင် ထောင် ပေးပါတယ်။ ဦးဒွေးက မိဘ မရှိတော့တဲ့ မြေးနှစ်ယောက် ကိုလည်း သားသမီးအဖြစ် ပြန်မွေးစား ထားတာမို့ ကျွန်မတို့နဲ့ အစ်မ ၀မ်းကွဲ တော် တဲ့ မညွန့်ရီ (Annie) ဆိုတာကလည်း ရွှေဆိုင်တစ်ဆိုင်ထွက်ပါတယ်။”
အဘိုးဦးဒွေးရဲ့ ဇနီးဒေါ်ဒေါ်ချိုက အထည်ဆိုင်၊ ဒေါ်ဒေါ်ချို့ရဲ့အစ်မ ဒေါ်ဒေါ်မိကလည်း အထည် ဆိုင်ဆိုတော့ မိသားတစ်စုလုံး ဆိုင်ကိုယ်စီနဲ့ စီးပွားရေးက ပြေလည်ကြပါတယ်။ အိမ်က ပန်းထိမ်ဖိုလုပ်ငန်းကိုတော့ သားဖြစ်တဲ့ ဦးအေးမောင် (အန်ကယ်အေး)နဲ့ ကျွန်မတို့ အစ်ကို၀မ်းကွဲတော်တဲ့ မွေးစားသား ကိုခင်မောင် (Jimony) တို့က ဦးစီးကြပါတယ်။
အဘိုးဦးဒွေးက အိမ်နားမှာ ရှိတဲ့ ရွှေစည်းခုံစေတီတော်ကြီးရဲ့ ဘုရားလူကြီးလည်းလုပ်၊ နိုင်ငံရေးထဲ လည်း ပါ၀င်လှုပ်ရှားရင်း အမတ်၀င်ရွေးတော့ အဲဒီခေတ်က ညွန့်ပေါင်းအစိုးရရဲ့ အမတ်တစ်ဦးလည်းဖြစ်ပါတယ်။
နွေကျောင်းပိတ်ရက် ရောက်ပြီဆိုရင် အန်တီလေးဆီ ကျွန်မတစ်လ ကိုးသီတင်း သွားနေပါတယ်။ အဲဒီကျောင်းပိတ်ရက်တွေကတော့ ကျွန်မဘ၀ရဲ့ အပျော်ရက်များလို့ ပြောနိုင်ပါရဲ့။ မာမီက ကျွန်မ ကိုလိုက်ပို့ပါတယ်။ မန္တလေးကနေ မီးရထားစီးပြီး ပျဉ်းမနားကို အရင်သွားကြရော။ ပျဉ်းမနားမှာ လည်း ကျွန်မတို့ရဲ့ အမျိုးတွေ ရှိသေးတာပါ။
သူတို့ကျတော့ အားလုံး မွတ်စလင်ဘာသာ၀င်တွေ ဖြစ်နေကြတာ။ ကျွန်မတို့ ဘွားလေးတော်တဲ့ ဒေါ်သိန်းခင်က ပျဉ်းမနားက သူဌေးဦးမင်းဒင်ဆိုတာနဲ့ လက်ထပ်တော့ သူမွေးထားတဲ့ သားသမီး အားလုံးက ဖခင် ရဲ့ဘာသာလိုက်ပြီး ကိုးကွယ်ကြတာပေါ့။ သားအကြီးဆုံး ဦးဘသန်း (ကိုကိုသန်း) ဆိုတာကလည်း အမျိုးကို သိပ်ချစ် သိခင်တာလေ။
မာမီ လာပြီဆိုရင် အရမ်းကို ၀တ္တရားကျေပြုစုတာပါပဲ။ ကျွန်မက အဲဒီအပြုအစုတွေထက် ဧည့်ခန်းက နံရံကပ် မှန်ဗီရိုကြီး အပြည့်ထည့်ထားတဲ့ ၀တ္ထုစာအုပ်တွေကို ပိုပြီးမက်မောတာပါ။ ရောက်တယ် ဆိုတာနဲ့ စာအုပ်တွေကို သွားမွှေပြီး မပြန်မချင်းကို မထတမ်းဖတ်တာ ဟင်းမေ့ ထမင်းမေ့ပါပဲ။
အဲဒီအစ်ကို ကိုကိုသန်းကတော့ ဆုံးသွားပါပြီ။ ကိုကိုသန်းရဲ့ သမီးတင်တင်အေးကလည်း သူ့ပါပါ အတိုင်းဆွေမျိုးချစ်တာ ၀တ္တရားကျေတာ မပြောပါနဲ့တော့။ ကျွန်မရဲ့ မွေးနေ့မေလ ၁၄ရက်နေ့ ရောက်တိုင်း ဗလီက လူကြီးများ ပင့်ဖိတ်ပြီး ရွတ်ဖတ် မေတ္တာပို့ပေးပြီး ဆင်းရဲတဲ့ လူတွေကို ထမင်း၊ ဆေးလိပ်၊ ကွမ်းယာ နဲ့အတူ ထောက်ပံ့ငွေပေးပြီး “အစ် မမခင်”အတွက် ဆိုပြီး နှစ်စဉ်လုပ် ပေးရှာတာပါ။ ဒီလိုညီမမျိုး ရှားပါရဲ့။
ပျဉ်းမနားမှာ တစ်ပတ် ဆယ်ရက်နေပြီး အမျိုးတွေနဲ့ မာမီက စကားပြောလို့၀မှ တောင်တွင်းရထားကို စီးပြီး သွားကြပြန်ရောလေ။ ကျွန်မ လာနေတဲ့ နွေကျောင်းပိတ်ရက်ဆို အန်တီလေးက အရမ်းပျော်ရှာတယ်။ ဒီတူမလေး တစ်ယောက်တည်း ရှိတာဆိုတော့ အန်တီလေးက ကျွန်မကို ချစ်လည်းချစ်၊ လွမ်းလည်း လွမ်းတယ်ပေါ့။ ကျွန်မက အန်ကယ်အေးနဲ့ ဓာတ်ပုံတွေ အတူလည်ပြီး ရိုက်ကြ၊ အန်ကယ်အေးက သဘာ၀ပုံတွေရိုက်တာ ဝါသနာပါတယ်။
ဓာတ်ပုံရိုက်တာ ဝါသနာတူကြပေမဲ့ အခြေခံကျတော့ ကိုယ့်အကြိုက်နဲ့ကိုယ် တစ်မျိုးစီကွဲပြားပြန် ပါရော။ ကျွန်မက အဲလိုအချိန်ပေးပြီးစောင့်ရိုက်ရတဲ့ သဘာ၀ပုံတွေ ရိုက်ဖို့ စိတ်မရှည်ပါဘူး။ လူရုပ်ပုံ ဖြစ်တဲ့ မိန်းကလေးလှလှလေးတွေကိုပဲ ရွေးပြီး ရိုက်ချင်တာမျိုးပေါ့။
ကျွန်မ မွေးထားတဲ့ သားသမီး မိသားစုမှာလည်း ဓာတ်ပုံဝါသနာပါတဲ့လူ နှစ်ဦးတော့ပါလာပါရဲ့။ ကျွန်မရဲ့ သားအကြီးဆုံး ခင်မောင်၀င်းခန့်နဲ့ သူရဲ့ နံပါတ်သုံး သား ခန့်အောင်အောင်ပါ။ ဒါပေမဲ့ သူတို့လည်း တစ်မျိုးစီ ကြိုက်ကြ တာပါပဲ။
ခင်မောင်၀င်းခန့်က ငှက်ကလေးတွေ၊ ပန်းပွင့်ကလေးတွေကိုပဲ ရွေးပြီး ရိုက်ချင်တာ။ လူပုံကို ရိုက် ဖို့မကြိုက်ပါဘူး။ သူ့သားကျတော့ Distortionလို့ခေါ်တဲ့ ပုံမကျ ပန်းမကျ အရိပ်ရှည်မျောမျောကြီး တွေ၊ အနီးကပ် ရိုက်လို့ ပုံပျက်တဲ့ ထူးထူးခြားခြား ပုံသဏ္ဍာန်မျိုးတွေကို နှစ်သက်ပြန်ပါရော။
လူဆိုတာ တစ်မိပေါက် ဖြစ်ပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ်၊ ကိုယ်နှစ်သက်ရာ အတွေးအခေါ်နဲ့ ကိုယ်ပေါ့ နော်။ ကျွန်မလည်း အန်ကယ်အေးနဲ့ ဓာတ်ပုံလိုက်ပြီးရိုက်ရတာ အကြိုက်ချင်းမတူပေမဲ့ အခြေခံ ပညာတွေက တူတာမို့ အကျိုးရှိတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ ကျောင်းပိတ်တဲ့နွေရက်တွေတိုင်း အန်ကယ်အေးဆီက ပညာယူဖို့ အခွင့်သာတာတော့ မဟုတ်ပါဘူး။
ဒီနှစ် တောင်တွင်းကြီးသွားရရင် နောက်နှစ်ခါကျတော့ ဘိုးလေး ဘွားလေးတို့နဲ့ ကျည်းကန်ရွာကို လိုက်သွားရပြန်ပါရော။ ဘိုးလေးက နှစ်စဉ်ကျောင်းပိတ်တိုင်း သူ့ရဲ့မိခင်ကို ပြန်သွားတွေ့ပါတယ်။ အခုတော့ မပြောတတ် ဘူး။ ဟိုးအရင် ကျွန်မတို့ ငယ်စဉ်ကာလကတော့ ကျည်းကန်ရွာကို ပြန်ရတာအတန်တန် သွားမှ ရောက်တော့တာပဲ။
တစ်ခါတလေ မုံရွာအထိ မန္တလေးကနေ မီးရထားစီးပြီးသွား၊ မုံရွာရောက်တော့မှ ညောင်ပင်ကြီး ဆိပ်ကနေ မော်တော်ကူးရသေးတယ်။ ပြီးပြီဆိုမှ ဘိုးလေးရဲ့ ညီ၀မ်းကွဲ ကိုဘနှစ်ကိုယ်တိုင်မောင်းပြီးလာကြိုတဲ့ နွားလှည်းနဲ့ တစ်မျှော်တစ်ခေါ်ရှိတဲ့ သဲချောင်းကြီးကို ကူးပြီးမှ ရောက်တာပါ။
အဲလိုကုန်းလမ်းက မသွားချင်တဲ့အခါ ဧရာ၀တီမြစ်ထဲမှာ သင်္ဘောနဲ့ ပခုက္ကူအထိရောက်အောင် ဆင်း၊ ပခုက္ကူက မှတစ်ဆင့် အဝေးပြေးကားနဲ့ တစ်နေရာ ကို ရောက်ပါတယ်။ မြို့နာမည်တော့ ကောင်းကောင်း မမှတ်မိတော့ ပါဘူး။ ကွန်ဗင့်မှာ သူငယ်ချင်း ဖြစ်ခဲ့တဲ့ “လီလီစံမူး”တို့ နေတဲ့မြို့ကို ဖြတ်ရလို့ ကျွန်မတို့ ၀င်လည်တာတော့ သတိရ ပါတယ်။ “လှတော” ဆိုတဲ့ ရွာလေးတွေလည်း ရောက်၊ နောက်မှ လှည်းတစ်တန်နဲ့ ကျည်းကန်ရွာ ကို ရောက်တာပါ။
ဘိုးလေးတို့ရွာကို လိုက်လည်ရတာလည်း စိမ့်စမ်းသာတဲ့ တောသဘာ၀မို့ ကျွန်မပျော်တာပါပဲ။ ဘွားမေက ကျွန်မ အဲလို လိုက်လိုက်လည်တာကို သိပ်ကြိုက်တာ မဟုတ်ပါဘူး။
“တောများ ဘာကြည့်စရာရှိလို့ မက်မက်မောမော လိုက်လိုက်သွားချင်ရတာလဲ”နဲ့ဆူပါတယ်။ ကျွန်မ မှာ ခြေဗွေပါ တာကတော့ အဲဒီကတည်းက ထင်ပါရဲ့။
××××××××××××××
အပိုင်း ၆ ဆက်ရန်…
ပတ္တမြားခင်
အတိတ်လမ်းကို ပြန်လျှောက်ခြင်း
#ရွှေစင်ဦးဘလော့ဂ် မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင်
အတိတ်လမ်းကို ပြန်လျှောက်ခြင်း – ပတ္တမြားခင်
အပိုင်း (၆)
ဘွားမေက “တောများ ဘာကြည့်စရာရှိတာမှတ်လို့” ပြောပေမဲ့ ကျွန်မအဖို့တော့ နေ့စဉ်လို အသစ်အဆန်းတွေက ကြုံနေရတာမို့ ပျင်းတယ်လို့ မရှိပါဘူး။
ဘိုးလေးရဲ့ညီ ဦးဘနှစ် မောင်းတဲ့ နွားနှစ်ကောင်က လှည်းယဉ်လေးပေါ်မှာ သင်ဖြူးဖျာချောချောလေး ခင်းပြီးလိုက်စီးလို့ ကျင်းတွေ ချိုင့်တွေထဲ လှည်းဘီးက ဝုန်းဒိုင်းနဲ့ ပြုတ်ကျတဲ့အခါများ ရယ်လိုက်ရတာ။ တစ်ခါတုန်းက လှည်းယဉ်က ကြာတယ်။ ကျွန်မ ရှေ့ကပြေးမယ်ဆိုပြီး နွားနဲ့တောင် အပြိုင်ပြေးရတာလည်း ရှိသေးတယ်။
တကယ်က လုပ်စရာတွေမှ အများကြီးပါနော်။ ဘိုးလေးရဲ့အမေ အရီးသယ်တို့ အိမ်ရဲ့ နောက်ဘက်မှာ ဆီဆုံတဲကြီးလည်းရှိတော့ မြေပဲတွေ၊ နှမ်းတွေကို ဆုံမှာထည့်၊ နွားတပ်တဲ့မောင်းနဲ့ ပတ်ချာလှည့်ပြီး ကြိတ်ရတာပါ။ အဲဒီမောင်းတံပေါ်မှာလည်း သီချင်းတွေ အော်ဆိုပြီး အပျော်လိုက်စီးရတာ ကောင်းမှကောင်း။
ဆီကြိတ်ပြီးလို့ ကျန်တဲ့နှမ်းဖတ် ပဲဖတ်တွေကို နွားစာစဉ်းတဲ့ ကောက်ရိုးနဲ့အတူ နွားစာ သွားကျွေးကြတော့လည်း ကျွန်မရှေ့ကပါတာပဲ။ နွားတဲထဲမှာ နွားတွေနဲ့ လုံးထွေးပြီး နေရတာကိုက မန္တလေး အိမ်မှာ မရနိုင်တဲ့ အခွင့်အရေးမျိုး မဟုတ်လားနော်။
အိမ်ဘေးမှာ မနက်ဆို မောင်းထောင်းနေတတ်တဲ့ ဒေါ်ရွှေရင်ဆီမှာလည်း “ခင်မကြီး ထောင်းကြည့် ချင်လို့ပါ၊ ခဏ ဖယ်ပေးပါနော်” ဆိုပြီး မတတ်တတတ်နဲ့ ၀င်ထောင်းလို့ အဖြစ်မရှိတာ မြင်ရတဲ့အခါ ဒေါ်ရွှေရင်က ရယ်၊ ကျွန်မ က ရယ်၊ ပွဲကိုကျလို့။
အိမ်မှာရှိတဲ့ ဘိုးလေးရဲ့ ညီမတွေ ညနေ ရေခပ်ဆင်းရင်လည်း သူတို့လို အိုးကို ခေါင်းပေါ်မှာ မရွက်တတ်လို့ ခါးစောင်းတင်ပြီး ကျွန်မလိုက်ဖြစ်တာပဲ။ သူတို့လုပ်တာမှန်သမျှ ကျွန်မအကုန် လိုက်လုပ်၊ အကုန်လိုက်ပါ ဆိုတော့ သူတို့လိုပဲ ကျွန်မ ပျော်တာပေါ့။
ကျွန်မက နိုင်ငံခြားသွေး ပါသူမို့ အသားက ထူးထူးခြားခြား ဖြူနေတယ် မဟုတ်လား။ ရေကန်စပ် မှာ ရေလာခပ်တဲ့ တခြားမိန်းကလေးတွေက ကျွန်မကို ကြည့်ပြီး “တော် မျက်နှာချေတွေ လိမ်းထား သလား”လို့ မေးပါတယ်။
“မလိမ်းပါဘူး”လို့ ဖြေတော့…….
“ဟုတ်ပါ့တော်၊ အငြိမ့်သမကျနေအောင် လိမ်းထားတာ အကျွန် မယုံပါဘူး”တဲ့။ သူတို့ဆီမှာက ကျွန်မကို အကျွန်လို့ သုံးတာနော်။
တစ်ယောက်က ကျွန်မရဲ့လက်ကို ဖမ်းဆွဲပြီး သူ့ပါစပ်ထဲက တံတွေးတွေနဲ့ တို့ပြီး ပျက်သလားလို့ တအားပွတ်ကြည့်ပြီးမှ…
“ဟုတ်တယ်တော့်၊ မျက်နှာချေ မဟုတ်ဘူး”တဲ့။
တော်ပါသေး ရဲ့၊ သက်သေခံမဲ့လူ ရှိပေလို့ပဲ။ သူတို့ အသုံးအနှုန်းတွေကို ကျွန်မက နားမလည်တာတွေ
ရှိပါသေးတယ်။ ဘိုးလေးက တစ်နှစ်မှ တစ်ခေါက်ရွာကို ပြန်လာတာဆိုတော့ ဆွေတွေ၊ မျိုးတွေ၊ မိတ်ဆွေတွေက ထမင်းဖိတ်ကျွေးတာကိုလည်း လည်ပြီး အိမ်စေ့အောင် လိုက်စားရသေး တာပါ။
တစ်ခါကျတော့ “မောင်အောင်ညွန့် ထည့်စားကွယ့်။ ဒါယုန်ဆင်းတဲ့ ဟင်းချိုလေး”တဲ့။ အိမ်ရှင် က လောကွတ်နဲ့ ပြောပါရော။
ကျွန်မ အတွေးထဲမှာ “ဟင်းအိုးထဲ ယုန်ကြီး ဘယ်လို ဆင်းလိုက်ပါ လိမ့်၊ ရေနွေးတွေလောင်းပြီး သေမသွားဘူးလား”ပေါ့။
ဒါနဲ့ဘိုးလေးကို လက်တို့ပြီး ဒီအိုးထဲ ယုန်ဆင်းတယ်ဆိုတော့ ယုန်ကြီးသေမသွားဘူးလားလို့ တိုးတိုးလေး မေးလိုက်တော့ ဘိုးလေးရယ်လိုက်တာ ထမင်းတွေ သီးလို့ရေတောင် တောင်းပြီး သောက်ရပါသေးတယ်။
ယုန်ဆင်းတယ် ဆိုတာ တင်စားပြောတာတဲ့လေ။ တကယ်က ဟင်းချိုအောင် ယုန်သားကိုခတ်ထား တာကို ဆိုလိုတာတဲ့။
မှတ်သားစရာ ဆိုတာက တောတောမြို့မြို့ ဘယ်မှာမဆို ရှိတာပါပဲနော်။ ကိုယ်ကကြည့်တတ်၊ မြင်တတ်၊ နားမလည်ရင် မေးတတ်ဖို့ပဲ လိုတာပါ။
နောက်တစ်ခုက ဘိုးလေးတို့ရွာက တောအလှူကိုလည်း ကျွန်မ သိပ်သဘောကျတာပဲ။ ဘိုးလေး နဲ့ဘွားလေးတို့က နှစ်တိုင်းရွာပြန်ရင် ဒူးရင်းယိုတို့၊ မလိုင် ကရေကရာတို့၊ ထိုးမုန့်တို့အပြင် ငါးရံ့ ခြောက်တွေလည်း အများကြီး ၀ယ်သွားတာပါ။
ရွာရောက်လို့ တစ်အောင့်တစ်နား နားပြီးကြရင် စတုဒိသာ အလှူကြီးပေးပါတယ်။ အရီးသယ်ရဲ့ အိမ်ရှေ့မှာ ဝါးတိုင်တွေနဲ့ မဏ္ဍပ်ကြီးထိုး၊ ဖျာခင်းဖျာမိုးပြီး ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးတာပဲ။ ရွာ မှာဆင်းရဲလို့ ရှင်မပြုနိုင်သေးတဲ့ ကလေးတွေ အကုန်ခေါ်ပြီး ရှင်ပြုပေးပါတယ်။
ကျွေးတာကလည်း မြို့မှာလို မဟုတ်ဘူး။ ထမင်းဖြူရိုးရိုးနဲ့ ပဲကြီးနှပ်၊ သရက်ချဉ်သုပ်၊ ငါးခြောက်ထောင်းကြော်၊ ၀က်သားနှပ် ဒါပဲ ပါတာ။ အိမ်ဘေးမှာ မိုးပြဲဒယ်ကြီးတွေနဲ့ ရွာထဲက လူတွေ ဝိုင်းချက်ပေးတာပဲ။ ဘွားလေးတို့က ပါးစပ်က စီမံခန့်ခွဲရုံပဲ လုပ်ရတာပါ။
ရှင်လောင်း လှည့်တော့လည်း ဘာအခမ်းအနားမှ ပါတာမဟုတ်ဘဲ ရှင်လောင်းကို ပခုံးပေါ် ထမ်းပြီး ခေါ် သွားတာပဲ။ ကွမ်းတောင်ကိုင်တွေက ရှေကပေါ့။ ကျွန်မက ငယ်ငယ်လေးပဲ ရှိသေးပေမဲ့ ကွမ်းတောင်ကိုင် အပျိုတွေကြားမှာ အရီးသယ် မြေမြှုပ်ထားတဲ့ အိုးထဲက ထုတ်ဆင် ပေးလိုက်တဲ့ နော် ဇာကုံးတွေ ဘာတွေဆွဲပြီး လိုက်သွားရတာကို ကျေနပ်လို့မဆုံး၊ ပျော်လို့မဆုံးဘူး။
ဘိုးလေးရဲ့ ညီ၀မ်းကွဲ ဦးဘချစ်က ထန်းတောတွေ ပိုင်ပါတယ်။ ဦးဘချစ်ရဲ့ ထန်းတောကို လိုက်သွားတဲ့နေ့ဆို ကျွန်မ အဖို့ တကယ့်ပွဲတော်ကြီးပေါ့။ ဘိုးလေးနဲ့ ဘွားလေးတို့အတွက် ဦးဘချစ်က ထန်းပင်ပေါ်က ထန်းရည်ချို ချပေးရင် ဘွားလေးတို့က လူနဲ့တည့်တယ်ဆိုပြီး သောက်ကြ တယ်။
ထန်းရည်ကလည်း အထူးဆန်းသား။ မနက်ချရင်အချို။ ဟော…ညနေကျတော့ ထန်းရည်ခါးဖြစ်ပြီး မူးပါလေရော။ ကျွန်မကတော့ ဦးဘချစ်ရဲ့ ထန်းလျက်တဲမှာ ပွဲတော်ကြီးကျနေတာလေ။ အချို ကြိုက်တဲ့ မိန်းမ ဆိုတော့ ထန်းလျက်ဖိုက ထန်းလျက်ပျော့ ပူပူနွေးနွေးတွေကလော်ပြီး စားရတာ အရသာရှိလိုက်တဲ့ ဖြစ်ခြင်းပါပဲ။
ညညဆို ဘေးအိမ်က မသန်းနှစ်တို့ ညီအစ်မတစ်တွေနဲ့ ရက်ကန်းစင်မှာ လွန်းပစ်တာကိုပဲ အထူး အဆန်း လုပ်ပြီး စိတ်၀င်တစား သွားကြည့်ရသေးတာ။ ရက်ထည်က ရောင်စုံ အဆင်ကွက် ကလေးတွေ တဖြည်းဖြည်း ပေါ်လာတာကိုလည်း မက်မက်မောမောနဲ့ သဘောတွေကျလို့လေ။ တောမှာလည်း တောအလိုက် ပျော်စရာတွေ၊ စိတ်၀င်စားစရာတွေ ရှိတာပါပဲနော်။
အဲဒီလိုပဲ နွေကျောင်းပိတ်ရက်တွေမှာ ဘိုးလေးတို့ ကျည်းကန်ရွာ တစ်လှည့်၊ အန်တီလေး ရှိတဲ့ တောင်တွင်းကြီးတစ်လှည့် သွားဖြစ်ပါတယ်။ အန်တီလေး လက်ထပ်ပြီးသွားကတည်းက အိမ်မှာ အန်တီလေး အပါအ၀င် သုံးယောက်တောင် လျော့သွားတာဖြစ်လို့ ဘွားမေ၊ မာမီနဲ့ ကျွန်မပဲ ကျန်တော့တာပါ။ အဲ…..ဦးသူရကြီးတော့ ရှိတယ်ပေါ့။ အစ်မ၀မ်းကွဲ မအုန်းခင်က ဘွားလေးတို့ အိမ်မှာ နေတာများပါတယ်။
ကွန်ဗင့်ကျောင်းကို ရောက်စနှစ်က ကျွန်မ ငါးတန်းကျောင်းသူ။ အသက်က ၁၂နှစ်ပဲရှိသေးတော့ ကျွန်မတို့ မြောက်ဘက်လမ်းက ကွန်ဗင့်ကျောင်းကို တက်တဲ့ဇ၀နဆန်စက်ပိုင်ရဲ့သမီး စိန်စိန်ရီကို အပ်ပြီး မာမီက စိန်စိန်ရီနဲ့အတူ ကျောင်းသွားဖို့ ထည့်ပါတယ်။
စိန်စိန်ရီက ကျွန်မထက် တစ်တန်းပဲ ကြီးပေမဲ့ ငယ်ကတည်းက သိပ်ပြီးလူကြီးဆန်တာပါ။ ကျွန်မက လမ်းမှာတွေ့ သမျှ ကျောက်ခဲကို ဘောလုံးလို သဘောထားကန်ရင် “ဟေ့….ခင်၊ ဣန္ဒြေရရ သွားစမ်းကွာ”နဲ့ ဆူပါတယ်။
ခြောက်တန်းကို ရောက်တော့ ကျွန်မအသက်ဆယ့်သုံးနှစ်၊ လူကောင်ကလည်း ထွားတော့ ဖွံ့ဖြိုးစ ပြုနေပြီလေ။ ကျောင်းသွားတဲ့ လမ်းတစ်လျှောက် ကောင်လေးတွေက စာလိုက်ပေးတဲ့အခါ စိန်စိန်ရီ က…
“ဟေ့….ရှေ့မှာ ဟိုကောင်တွေ စာပေးဖို့ စောင့်နေပြီ၊ နင်မယူနဲ့နော်”နဲ့ ကြိုတင်ပြီး ကြိမ်းမောင်း ထားတော့ တာပဲ။ မျက်နှာကလည်း အနားမကပ်ရဲအောင် တင်းမာစူပုပ်ထားလိုက်သေးတယ်။
အဲဒီအထဲကကို လိုက်ပြီးရအောင် ပေးကြတာ။ ကျွန်မကလည်း ရည်းစားစာဆိုတာ ဘယ်လိုရေး ထားမှာလဲ ဆိုတဲ့ သိချင်စိတ်နဲ့ ဖတ်တော့ဖတ်ချင်သား။ စိန်စိန်ရီကို ကြောက်ရတာနဲ့ပဲ မလှုပ်ဝံ့ပါ ဘူး။
ကျွန်မကို ဆုံးမခဲ့တဲ့ ငယ်သူငယ်ချင်း စိန်စိန်ရီ ၁၉၉၆ခု၊ မနှစ်က နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ “သီဟသုဓမ္မသိင်္ဂီ” ဘွဲ့တံဆိပ်ရတော့ ကျွန်မမှာ ၀မ်းသာလိုက်ရတာ။ သူငယ်ချင်းအတွက် ဂုဏ်ယူလိုက်ရတာ။ ငယ်ကတည်းက အရွယ်နဲ့မလိုက် လူကြီးဆန်ခဲ့တဲ့ စိန်စိန်ရီဟာ အိမ်ထောင်ကျပြီးတော့လည်း မန္တလေးမှာ သာသနာရေး ကိစ္စတွေမှာ အားကြိုးမာန်တက် ကိုယ်တိုင်ပါ၀င်ဆောင်ရွက် ရုံတင်မကဘူး။ ဆေးရုံးတွေလှူ။ ခွဲစိတ်ခန်းတွေ လှူ၊ ကျောင်းကန်ဘုရားတွေလည်း လှူထားတာ နေရာအနှံ့ပါပဲ။
၁၉၉၃ ခုနှစ်က ကျွန်မမြန်မာပြည် အလည်ပြန်သွားတော့ အချိန်မရတဲ့ ကြားထဲက အတင်းတရွတ်ဆွဲပြီး ပိတ်ချင်းမြောင် လိုဏ်ဂူနဲ့ ပြင်ဦးလွင်ကို ခေါ်သွားလို့ လမ်းမှာ ကျွန်မရဲ့သမီး “ကေသီခန့်” ကို ညည်းအမေ ငယ်ငယ်တုန်းက ဘယ်လို တေတာပဲ ဆိုတဲ့ဇာတ်လမ်းတွေ ခင်းသွားတာနဲ့ ကျွန်မမှာ သမီးရဲ့ ဟားကွက်ကြီး ကို ဖြစ်လို့လေ။
၇တန်းနှစ် ကို ရောက်တော့ ကျွန်မအပျိုဖော်၀င်ပါပြီ။ မာမီက ကျောင်းသွားကျောင်ပြန် စိတ်မချဘူး ဆိုပြီး ကျွန်မကိုဘော်ဒါပို့ဖို့ စီစဉ်ကြတာနဲ့ နေ့ကျောင်းသူအဖြစ်ကနေ ဘော်ဒါဆောင် ရောက်သွားတော့တာပါပဲ။ အဲလို ဘော်ဒါဆောင်မှာ သွားနေရတာ အဖော်မင်တဲ့ ကျွန်မအတွက် အကြိုက်ကျသွားခြင်းပေါ့။
အိမ်မှာက သိကြတဲ့အတိုင်း ကစားဖော်လည်း ရှိတာမဟုတ်ဘူး။ မာမီက ခေတ်မီသူမို့ ဘယ်တော့မှမချုပ်ချယ်ပေမဲ့ အလွန်ရှေးဆန်တဲ့ ဘိုးလေးက မိန်းကလေးဆိုတာ ပိပြားနေမှ ဟုတ်တာလို့ လက်ခံထားတာ မို့ အပျိုဖော်၀င်ပြီဖြစ်တဲ့ ကျွန်မကို ပြားသထက် ပြားအောင် ထားတော့တာပေါ့။
အိမ်ရှေ့ ၀ရန်တာကိုမထွက်ရ၊ လမ်းပေးကဖြတ်သွားတဲ့ ကာလသားတွေကို လူလုံးမပြရ၊ ရုပ်ရှင်မ ကြည့်ရ၊ ၀တ္ထု မဖတ်ရ ဆိုတာတွေကို အန်တီလေး ထွက်သွားပြီးတဲ့နောက် ကျွန်မအလှည့်ကို ရောက်တော့လည်း ဒီအတိုင်းပြဋ္ဌာန်း ထားတော့တာပဲ။
ဘွားမေ ကတော့ ကျွန်မခြံပြင်မထွက်ရင်ပြီးတာပဲ။ ဘယ်သူနဲ့မှ လူစိမ်းနဲ့ ရောရောနှောနှော မနေရင်ကျေနပ်တာပဲ။ မိန်းကလေးဆိုတာ ဘယ်သူနဲ့မှ မနီးစပ်ရဘူးတဲ့။ တစ်ခုခုဖြစ်တယ်ဆိုတာ နီးစပ်မှုက စတာချည်းပဲလို့လည်း ပြောပါသေးတယ်။
“မဲနဲ့ နီးပါးအတူထား နီးပါး မဲစော်နံတတ်တယ်”ဆိုတဲ့ ပုံခိုင်းစကားလည်း ခဏခဏပြောတာ ကြားရလွန်းလို့ ရိုးနေပါပြီ။ ဒီတော့ ကျွန်မရဲ့ နေရာလေးက နောက်ဖေး၀ရန်တာတစ်ခုပဲ ရှိတော့တာပေါ့။
ညနေစောင်းသွားပြီဆိုရင် အဲဒီနေရာလေးက အရိပ်ရလို့ အေးသွားပြီလေ။ ဖျာတစ်ချပ်ခင်း၊ ခေါင်းအုံး တစ်လုံးချပြီး ဖျာပေါ်မှာ ကျောခင်းရင်း ကောင်းကင်ပြာပြာမှာ လွင့်မျောနေတဲ့တိမ်တွေကို ကြည့်ပြီး တိမ်တွေနဲ့အတူ အတွေးတွေလည်း လွင့်ချင်ရာလွင့် စိတ်ကူးယဉ်ပြီး ကြည်နူးတဲ့အခါလည်းရှိရဲ့။ ၀မ်းနည်းအားငယ်တဲ့ အခါလည်း ရှိပေါ့။ ဒါပေမဲ့ အများအားဖြင့်က အားငယ်ခဲပါတယ်။
အမြဲတမ်း ကိုယ့်စိတ်ကူးနဲ့ကိုယ် ပျော်ပျော်နေတတ်တဲ့ အကျင့်က ရှိနေလို့လား မသိပါဘူး။ ကြံဖန် ပြီး တစ်ခုခုတော့ လုပ်ဖြစ်နေတာချည်းပါပဲ။ ၀ရန်တာပေါ်မှာ ကိုင်းကျနေတဲ့ ဧကရာဇ်ပင်ကြီးက ပန်းတွေ ပွင့်ပြီဆိုရင် ၀ရန်တာပေါ် မှာရော၊ မြေကြီးပေါ်မှာရော ကြွေကျနေတာ အများကြီးပါပဲ။ အဲဒီ ပန်းတွေကို ဗန်းကြီးတစ်ခုနဲ့ လိုက်ကောက်ပြီး ညှာတံ က ရှည်ရှည်လေးတွေမို့ ဖွတ်မြီးထိုးပြီး ပန်းကုံးကြီးလုပ်၊ ခေါင်းမှာ ဝေနေအောင် ပန်ချင်တဲ့ အခါ ပန်။
များများရတဲ့အခါဆို ပန်ကုံးကို လည်ပင်းမှာဆွဲ၊ မှန်ထဲ သွားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း သိပ် လှတယ်လို့ ထင်လိုက်သေးတာလေ။ ဘိုးလေး လစ်တယ်ဆိုရင်လည်း ကျောင်းက သူငယ်ချင်းဆီက
ငှားလာတဲ့ ၀တ္ထုစာအုပ်ကို အဖုံးအပေါ်က “မြန်မာစာ ကောက်နုတ်ချက်”တို့ “စဧကျနိတိ”တို့ စာလုံးကြီးတွေ ခပ်တည်တည်ရေးပြီး စာကျက်သလို ဘာလိုလိုနဲ့ ၀တ္ထုဖတ်တဲ့အခါလည်း ဖတ်ပေါ့။
ဖားတစ်ပိုင်း ငါးတစ်ပိုင်းလို အပျိုပေါက်စိတ်က တစ်ပိုင်း၊ ကလေးစိတ်က တစ်ပိုင်းမို့ အိမ်က မွေးထားတဲ့ ခွေးနဲ့ အဖော်လုပ်ပြီး တစ်ခါတလေလည်း ပြေးတမ်း လိုက်တမ်း။ ဒါမှမဟုတ်လည်း တူတူပုန်းတမ်း ကစားတဲ့အခါလည်း ကစားပါတယ်။
သီတင်းကျွတ် တန်ဆောင်မုန်း ရောက်ပြီဆိုရင် နတ်ပြည်မှာ ရှိတဲ့ စူဠမဏိဘုရားကို မီးပူဇော်တာ ဆိုပြီး မီးပုံပျံတွေ လွှတ်ကြတာ မန္တလေးမှာ ကျွန်မတို့ငယ်ငယ်က အလွန်ကို ခေတ်စားပါတယ်။ ညမှောင်ပြီ ဆိုတာနဲ့ ကောင်းကင်မှာ တက်လာတဲ့ မီးပုံပျံလေးတွေက တလက်လက်နဲ့ သိပ်ပြီး ကြည့်လို့ကောင်းတာပါ။
အဲဒီမီးပုံပျံတွေ ပုံစံအမျိုးမျိုးနဲ့ တက်လာတာ တွေ့ရင်လည်း သဘောတွေကျပြီး မျက်စိတစ်ဆုံး လိုက်ပြီးကြည့်ရသေးတယ်။ ကျွန်မ ငယ်ငယ်တုန်းက အိမ်က မသိအောင်မီးပုံးပျံခိုးပြီး လွှတ်ခဲ့ဖူးတာ လည်း အမှတ်ရမိပါရဲ့။
ဘိုးလေးရဲ့ ကျောင်းမှာ နေတုန်းကပေါ့။ မြောက်ဘက် ကပ်ရက်အိမ်မှာ ဘရီနဲ့ ဘကြည် ဆိုတဲ့ ကောင်လေးနှစ်ယောက်ရှိပါတယ်။ ဘကြည်က ကျွန်မထက် ကြီးတယ်။ ဘရီက ကျွန်မနဲ့ ရွယ်တူ။ အတန်းလည်း တူတယ်။ တစ်နေ့ကျသူတို့ ညီအစ်ကိုနှစ်ယောက်က သီတင်းကျွတ်ကျရင် မီးပုံးပျံ လွှတ်ကြမလို့ မုန့်ဖိုးတွေ စုနေတယ်လို့ပြောတာ ကြားတာနဲ့ ကျွန်မလည်း စိတ်၀င်စားသွားတာ ပေါ့။
ကျောင်းက ပြန်ရောက်တာနဲ့ အ၀တ်အစတွေကို ပုံစံချပြီး ညှပ်နေတဲ့ မာမီရဲ့လက်မောင်းကို အတင်းသွားဆွဲပြီး “မာမီ….မာမီ..ခင်မကြီး မီးပုံးပျံ လွှတ်ချင်တယ်”လို့ သွားပူဆာတာပေါ့။ အာရုံက အ၀တ်စမှာ စူးစိုက် ညှပ်နေတုန်း ကျွန်မက အလိုက်မသိ သွားဆွဲလိုက်တော့ ညှပ်လက်စချော်သွားတာနဲ့ မာမီ က ဒေါသထွက်ပြီး….
“လွှတ်ချင်ဦး၊ လွှတ်ချင်ဦး၊ ဒီမှာညှပ်နေတာမမြင်ဘူးလား”နဲ့ ကျွန်မရဲ့ခေါင်းကို ကိုင်ထားတဲ့ ကတ်ကြေးနဲ့ ဒေါင်ဒေါင်မြည်အောင် ခေါက်ပြီး အော်လွှတ်လိုက်ပါလေရော။
ဘွားမေက တွေ့တော့ “ဟဲ့….မီးပုံးပျံလွှတ်တာ လွယ်မှတ်လို့၊ မိန်းကလေးအလုပ်လည်းမဟုတ်ဘဲ ပူစရာလား၊ ဟိုက အလုပ်ရှုပ်နေတဲ့အထဲမှာ”တဲ့။
ထပ်ဆင့်ပြီး ဆူတာ ခံလိုက်ရပါသေးတယ်။ ကျွန်မကလည်း လုပ်ချင်ပြီဆိုရင် သိပ်လျှော့ချင်တဲ့သူ မဟုတ်တော့ မကျေမနပ်နဲ့ နေနေရတာ။ ဘ၀င်မကျဘူးပေါ့။ နောက်တစ်နေ့ ကျောင်းကိုရောက်တော့
ဘရီကို မီးပုံးပျံ လွှတ်တဲ့အထဲ ငါလည်းပါလို့ရမလားလို့ မေးကြည့်ပါတယ်။
“နင်က အပြင်ထွက်ရတာမှ မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ပါမလဲ”တဲ့။
သူမေးတာလည်း ဟုတ်ပါမှန်ပါရဲ့။
“ငါ့မုန်းဖိုးထဲက စုပြီး မီးပုံးပျံဖိုး ထည့်မယ်လေ၊ မထွက်ရလည်း ဘာဖြစ်လဲ ငါတို့ ပြတင်းကနေ လှမ်းကြည့်ရင် နင်တို့အိမ်ကို မြင်နေရတာပဲဟာ၊ နင်တို့က မီးပုံးပျံကို အိမ်ကနေလွှတ်မှာ မဟုတ်ဘူးလား၊ ငါကြည့် ရရင် ပြီးရောပေါ့”ဆိုတာနဲ့ ဘရီက ကျွန်မရှယ်ယာပါမယ်ဆိုတာ လက်ခံသဘောတူလိုက်ပါတယ်။
သူတို့ပွဲရုံရှေ့က ဝိုင်းထဲမှာ ညနေတိုင်ကျ မီးပုံပျံချိုးဖို့အတွက် မှိုင်းခံစက္ကူတွေ ဆေးဆိုးကြ၊ နေပူလှန်းကြ၊ အလုပ်စ ရှုပ်ပြီဆိုကတည်းက ကျွန်မကလည်း ပြတင်းပေါက်ကနေ ခန်းဆီးစကို ကွယ်ပြီး ကြည့်ရတာ အမောသားလေ။
သူတို့အဖေ ဦးဘဦးကြီးကရော၊ ပွဲရုံလုပ်သားတွေကပါ ဝိုင်းကူလုပ်ပေးကြလို့ သီတင်းလည်း ကျွတ်ခါနီးရော မီးပုံးပျံကြီးလည်း ရုပ်လုံးပေါ်လာပြီး သူတို့ဝိုင်းထဲက မန်ကျည်းပင်ကိုင်းမှာ ချိတ်ပြီး ဆွဲထားတာ တွေ့ရတော့ ကျွန်မ မှာ ပျော်လိုက်တဲ့ ဖြစ်ခြင်းလေ။ ကိုယ်ရှယ်ယာပါထားတဲ့ မီးပုံးပျံကြီးကို အရိပ်တကြည့်ကြည့်နဲ့ပေါ့။
သီတင်းကျွတ် လပြည့်နေ့ညလည်း ရောက်ရော အဲဒီနေ့က မိုးချုပ်ဖို့ စောင့်ရတာကို ကြာလှချည်ရဲ့လို့ ထင်မိသေးတာနော်။ မီးပုံးပျံကြီးကို အားလုံးက ဝိုင်းမ လာကြတော့ တဟေးဟေး တဝါးဝါးနဲ့ အော်လိုက်ကြတာမှ ပျော်စရာကြီး။ ကျွန်မလည်း သူတို့နဲ့အတူ ပါချင်လိုက်တာမှ သေလုရော။ ပါဖို့ များတော့ ဝေးလေစွ။ ကြည့်တာတောင် ခန်းဆီးအကွယ်ကနေ ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်ရတဲ့ အဖြစ်လေ။
ရေနံချေးတွေနဲ့ မိုင်းခံထားတော့ မီးပုံးပျံကြီးက မိုင်းမ၀တ၀မှာ အပေါ်ကို တက်ချင်လှလို့ ရုန်းကန် ပြီး ယိမ်းထိုးနေ လိုက်သေးတယ်။ ကျွန်မရင်ထဲမှာလည်း ကိုယ်ပါ မီးပုံးပျံနဲ့အတူ ပါသွားမဲ့အတိုင်း စိတ်တွေ လှုပ်ရှားပြီး ယိမ်းထိုးနေတာ တလှပ်လှပ်နဲ့ပေါ့။
“ဝေး…ဟေး…ဟေး”ဆိုတဲ့ အော်သံကြီးနဲ့အတူ မှိုင်း၀တဲ့ မီးပုံပျံကြီးလည်း မိုးပေါ်ကို တက်သွားပါ ရော။ အိုး…ကျွန်မဖြင့် ပျော်လိုက်တာ။ ကိုယ်ပါ တိမ်ယံကြားရောက်သွားတယ်လို့တောင် အောက်မေ့ မိပါရဲ့။
မီးပုံးပျံကြီး ကို မျက်စိတစ်ဆုံး လိုက်ကြည့်လို့ ကောင်းနေတုန်းမှာပဲ မီးခိုးတွေအန်ကျလာပြီး မိုးပေါ် မှာယိမ်းထိုး ယိမ်းထိုး ဖြစ်နေရာက တဖြည်းဖြည်း ပြန်ကျလာပါတော့တယ်။ ပျော်လို့မဆုံးသေးဘူး၊ ပြန်ကျလာတဲ့ မီးပုံးပျံကြီးကို မြင်ရတော့ ရင်ထဲမှာ နာကျင်ကြေမွသွားလိုက်တာ သစ်ပင်ဖျားကိုလည်းကွယ်သွားရော ကျွန်မအိပ်ရာပေါ် ပြေးမှောက်ပြီး ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။
အိမ်သားတွေက အပေါ်ထပ်မှာ တစ်ယောက်မှ မရှိကြလို့ တော်ပါသေးရဲ့။ ကိုယ့်စရိတ်နဲ့ကိုယ်၊ ကိုယ့်ဒုက္ခကိုယ်ရှာပြီး ငိုခဲ့ရတဲ့ အဖြစ်တစ်ခုပါပဲ။ အဲလို အိမ်ထဲကနေ အိမ်ပြင်မထွက်ရဘဲ စိတ်ကူး ရှိတာမှန်သမျှ တစ်ယောက်တည်း လုပ်ချင်ရင် လုပ်နေတဲ့အဖြစ်ဆိုတော့ သူငယ်ချင်းတွေအများကြီးနဲ့ အတူနေရမယ့် ဘော်ဒါကျောင်းသူဘ၀ကို ကျွန်မ မက်မက်မောမော လက်ခံမိပါတယ်။
ဘယ်ကျောင်းဖြစ်ဖြစ် ဘော်ဒါဆောင်မှာတော့ စည်းကမ်းတင်းကျပ်တဲ့ ကျောင်းချည်းပါပဲ။ အထူးသဖြင့် သီလရှင်တွေ အုပ်ချုပ်တဲ့ကျောင်းဆိုတော့ ပိုပြီးဆိုးပါသေးတယ်။ ထမင်းစားချိန်မှာ စကားမပြောရ၊ စာကျက်ချိန်မှာ စကားမပြောရ၊ ကိုယ့်ခုံကနေပြီး ဟိုထ ဒီထမလုပ်ရ၊ ရေချိုးတာကအစ အတိုင်းအတာနဲ့ ချိုးကြရတာပါ။
ရေချိုးခန်းကို သီလရှင် စစ္စတာဆိုဖီ ဆိုတာက စောင့်ပါတယ်။ ရေစချိုးချိုးချင်းဖလားနဲ့ ဆယ်ခွက် ချိုးပြီးရင် ရပ်၊ ဆပ်ပြာတိုက်ပြီးရင် ချေးတွန်းပြီးမှ ဖလားနဲ့ခပ်ချိုး။ သူကရပ်တော့ဆိုတာနဲ့ရပ်၊ မျက်နှာသုတ်ပဝါနဲ့သုတ်။ ရေရော၊ အချိန်ရော အားလုံးအတိုင်းအတာနဲ့ လုပ်ရတာဖြစ်တော့ ခု ထက်ထိ ကျွန်မရေချိုးရင် ဆယ်ခွက် ချိုး၊ ဆပ်ပြာတိုက်တဲ့အထိ အကျင့်ပါလျက် ရှိနေပါသေးတယ်။
ညဆိုရင်လည်း အချိန်နဲ့ အိပ်ရာ၀င်၊ ခုတင်ကူးပြီး အတူမအိပ်ရ၊ စကားမပြောရ၊ ညစောင့်သီလရှင် စစ္စတာမိုင်ကယ်လ်က အိပ်ခန်းကို ခေါက်တုံ့ခေါက်ပြန် လျှောက်ပြီး အားလုံး အိပ်မောကျတဲ့အထိ စောင့်ကြည့်တာပါ။ မနက်ဆိုရင်လည်း ခြောက်နာရီ ဒေါင်ခနဲ ထိုးတာနဲ့ အိပ်ရာကထ၊ ကိုယ့်စောင် ကိုယ်ခေါက်၊ ကိုယ့်အိပ်ရာကို ပြန်ခင်း၊ ပြန်ဖုံး၊ အားလုံ သပ်သပ်ရပ်ရပ်လုပ်ပြီးမှ ရေချိုးခန်း၀င် မျက်နှာသစ်ကြရတာပါ။
ကျောင်းမှာ မိတ်ကပ်မလိမ်းရ၊ မျက်ခုံးမွေး မဆွဲရ၊ နှုတ်ခမ်းနီ မဆိုးရ၊ ရေမွှေးမသုံးရဆိုတဲ့ သတ်မှတ်ချက်တွေကလည်း ရှိပါသေးတယ်။ ကျွန်မတို့ ဘော်ဒါဆောင်မှာ နော်မန်ဆရာအတတ် သင်ကျောင်းမှာ တက်နေတဲ့ ဆရာမလောင်း အပျိုကြီးမမတွေလည်း ရှိပါတယ်။
သူတို့က သီးခြားကျောင်းက ဘော်ဒါ လာနေတာမို့ အရွယ်တွေလည်း ရောက်ကြပြီဖြစ်လို့ မတင်း ကျပ်ပါဘူး။ မိုးကုတ်က ကျောင်းလာတက်တဲ့ ဆရာမလောင်း ခင်မမဆိုတာက ချောလည်းချော၊ လှလည်းလှတဲ့ အပြင် ခေတ်ရှေ့ပြေးအောင် အလွန်လည်း ခေတ်ဆန်ပြီး ပြင်ဆင်တတ်တာမို့ ကျွန်မတို့ ချာတိတ်တွေက သူအလှပြင်နေပြီဆိုရင် ဝိုင်းပြီး မော့ကြတာပေါ့။
ပြောရဦးမယ်။ အဲဒီခေတ်က မိန်းကလေးတွေ ရင်သားပြည့်ပြည့်ဖြိုးဖြိုး ရှိနေအောင် မ၀တ်ကြ ရဘူး။ ပြားနေအောင် စည်းရတဲ့ “ရင်စည်း”ဆိုတာ ရှိပါသေးတယ်။ အနံက တစ်ထွာလောက်၊ အရှည်က ကိုယ်နဲ့တစ်ပတ်စာ ပတ်လို့ရအောင် ချုပ်ထားတဲ့ ပိတ်စပိုင်းကို ရင်းသားတွေ ဖောင်းမနေအောင် အတင်းဖိပြီး ကိုယ်မှာပတ်၊ တွယ်အပ်ချိတ်ကြီး နှစ်ချောင်းလောက်နဲ့ ထိုးပြီး ထားလိုက်တော့ ရင်ကပိုပြားသွားပါလေရော။
အဲဒီအပေါ်ကမှ ရှင်မီးကို ထပ်၀တ်ကြရတာ။ ရှင်မီး ဒါမှမဟုတ် ဘော်လီကို ၀တ်လိုက်၊ လုံလုံခြုံခြုံ ဖြစ်သွားပြီ ဆိုကာမှ အပေါ် က အင်္ကျီထပ်၀တ်ရတာမျိုးလေ။ အပျိုတိုင်း အဲလို၀တ်မှ ဣန္ဒြေရတယ် လို့လက်ခံထားတာ။
တခြားဆရာမလောင်းတွေ ရင်စည်း စည်းကြပေမဲ့ ခင်မမက ဘယ်တော့မှ ရင်စည်းမစည်းဘူး။ ဘော်လီပဲ ၀တ်တယ်။ ဒီတော့ ပဒုမ္မာအင်္ကျီပါးပါးအောက်မှာ ရှိုက်ကြီးဖိုငယ်ကို ပြားနေအောင် ဖိမထားတော့ သူ့ကိုယ်လုံးလေးက ခါးသေးရင်ချီဖြစ်ပြီး ကြည့်လို့ ပိုလှတယ်ပေါ့။
ကျွန်မတို့အားလုံးက ခင်မမ လုပ်သမျှကို အတုယူအားကျပြီး သီလရှင်တွေကွယ်ရာမှ မိတ်ကပ်တွေလိမ်းကြ၊ နှုတ်ခမ်းနီတွေ ဆိုးကြ၊ မျက်ခုံးမွေးတွေ ဆွဲကြနဲ့ ကိုယ့်ကိုယ်ကိုယ် လှမယ်ထင်ပြီး လုပ်ကြည့်တာ မျိုးလေ။ Assembly ခေါင်းလောင်းထိုးပြီဆိုမှ ပြေးလွှားပြီး ဖျက်ကြ၊ လုယက်ပြီး မျက်နှာသုတ်ပဝါနဲ့ သုတ်ကြ လုပ်ကြရတယ်။
ကျွန်မက အများထဲမှာ မရွှေကဲ လုပ်ချင်တတ်တာမို့ မမခင်လို့ ကျွန်မတို့ခေါ်ကြတဲ့(ခင်မမ)က မျက်ခုံးမွေးကို လခြမ်းကွေးလေးဖြစ်အောင် ဇာဂနာနဲ့ နာနာပါအောင် နုတ်ထားတဲ့အတိုင်း လိုက်ပြီး နုတ်လေတယ်ပေါ့။
စာကြည့်စောင့်တဲ့ စစ္စတာဖိလစ်မြင်မှာစိုးလို့ စာကြည့်ချိန်မှာ အတင်းကြီးခေါင်းငုံ့ထားပါရက်နဲ့ မျက်စိလျင်လှတဲ့ မစ္စတာဖိလစ်က မြင်ဖြစ်အောင် မြင်လိုက်ပြီး….
“Agnes မတ်တတ်ရပ်စမ်း၊ ခေါင်းမော့စမ်း”တဲ့။
ကျွန်မ ရှေ့တည့်တည့်ကို ရောက်လာပြီး သူ့ပေတံကြီးနဲ့ နဖူးကို ခေါက်ပြီး “မင်း မျက်ခုံးမွေးတွေ နုတ် ထားတာမဟုတ်ဘူးလား”တဲ့။ ကျွန်မ လှုပ်တောင် မလှုပ်ရဲဘူး။ ကြောက်ကြောက် လန့်လန့် နဲ့ ခေါင်းညိတ်ပြတော့ နားရွက်ကို နာနာဆွဲပြီး…
“ကျောင်းသူ အရွယ်မှာ စာကိုပဲ စိတ်၀င်စားရမယ်။ အလှအပကို စိတ်မ၀င်စားရဘူးလို့ မင်းတို့ကို မာသာကြီး ဆုံးမ ထားတယ် မဟုတ်လား။ ဒါပထမဆုံး မင်းကို သတိပေးလိုက်မယ်။ နောက်တစ်ခါ ဆိုရင် မာသာကြီး ရုံးခန်းကို ပို့မယ် မှတ်ထား”တဲ့။
အဲဒီကတည်း က ကျွန်မလည်း နောက်ထပ် “မမခင်”ဘာကြီးပဲ ပြင်နေနေ လိုက်ပြီးမလုပ်ရဲတော့ပါ ဘူး။ ကျောင်းမှာ ကျွန်မတို့အတွဲက သုံးယောက်ရှိပါတယ်။ ကျွန်မရယ်၊ Kathleen Williams ရယ်၊ ၀က်လက်က ဆန်စက်ပိုင်ရှင် ဦးဘိုကြီး ရဲ့သမီး “မေဘိုကြီး”ရယ်ပေါ့။
×××××××××××
ပတ္တမြားခင်
အတိတ်လမ်းကို ပြန်လျှောက်ခြင်း
အပိုင်း ၇ ဆက်ရန်.…..
#ရွှေစင်ဦးဘလော့ဂ် မှ
ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…
ခိုင်နီလာမောင်