Novel

“ချစ်ခြင်းရေစုန် “

ဧကြည်ဖြူ

 

၀တ္ထုတို စ/ဆုံး

*************

“သားနဲ့သမီးအတွက် …အဖေတို့ဘက်က ဘာမှလုပ်မပေးနိုင်တော့ စိတ်မကောင်းဘူးကွယ် ”

 

အထက်ပါ စကားများသည် အေးနှင့်ကိုသက်တို့ မင်္ဂလာပွဲအတွက် နှစ်ဖက်မိဘ၏ လက်ဖွဲ့ စကားဟုပင် ပြောရလေမည်။သို့အတွက်လည်း အေးရောကိုသက်ပါ ရင်ထဲတွင် ထွေထွေထူးထူးမခံစားရပါချေ။သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်လုံးတွင် ငွေကြေးမချောင်လည်ကြသည်မှန်းအေးတို့လည်း သိနေသည်လေ။ မိသားစုနှစ်စုလုံး လက်လုပ်လက်စား ဘ၀သမားများပဲ ဖြစ်သောကြောင့် အေးရော ကိုသက်ပါ မြို့မှာအလုပ်သွားလုပ်ခဲ့ကြသည်။ထိုသို့အလုပ်လုပ်ရင်းဖြင့်ပင် ကိုယ်စီမိသားစုကိုလည်း ထောက်ပံ့ခဲ့သည်။နှစ်ယောက်သား၏ အနာဂါတ်အတွက်လည်း စုဆောင်းခဲ့ကြသည်။

 

~~~~~~~~~~~~~~~~~~~

 

“မလာခဲ့ပါနဲ့ အေးရယ် … မောင်တစ်ယောက်တည်းနိုင်ပါတယ် …တော်ကြာ အေးသိက္ခာကျမှာစိုးတယ် ”

 

” အို …ရိုးရိုးသားသား ဈေးရောင်းစားတာ ဘာလို့သိက္ခာကျရမှာလဲ ….လူတိုင်း ဒီလိုပဲ လုပ်ကိုင်စားနေရတာပဲကို ”

 

အေးကို မြင်သည်နှင့်ကို သက်က စိတ်မကောင်းဟန်နှင့် ပြောလေသည်။ထိုအခါအေးလည်း ရင်ထဲရှိသည့်အတိုင်းပြန်၍ ပြောလိုက်လေသည်။အေး နှင့်ကိုသက်မှာ ဘွဲ့အသီးသီး ရပြီးသူများဖြစ်သည်။သို့သော်လည်း ရိုးရိုးဘွဲ့ လေးတစ်ဘွဲ့နှင့် အလုပ်ကောင်းကောင်းမရနိုင်သော မြို့ကြီးတွင် အေးသည်စတိုးဆိုင်ကြီးတစ်ဆိုင်တွင် အရောင်းစာရေးမ ၀င်လုပ်သည်။ကိုသက်သည် ကုမ္ပဏီတစ်ခုတွင်ဝန်ထမ်းဘဝဖြင့် အလုပ်ဝင်သည်။နှစ်ယောက်သား အလုပ်ချင်းမတူကြသော်လည်း နေသောအဆောင်ကိုတော့ တစ်လမ်းထဲဖြစ်အောင် ရှာငှားခဲ့ကြသည်။ကံကောင်းချင်တော့ အဆောင်များမှာ တစ်လမ်းတည်းဖြစ်ရုံမကဘဲ ကြားတွင် တိုက်နှစ်တိုက်သာခြားသည်။နှစ်ယောက်သား အဆောင်ချင်းနီးလေတော့ စားစရိတ်သက်သာစေရန် ထမင်းဟင်းကိုပေါင်းပြီး ချက်စားခဲ့ကြသည်။ချက်စားခဲ့ကြသည်ဆိုသော်လည်း အေး၏အဆောင်၌သာ ချက်သည်။ချက်ပြီးလျှင် ထမင်းချိုင့်နှစ်ချိုင့်စာပြင်၍ အေးကထည့်သွားသည်။ကိုသက်သည် ကုမ္ပဏီမှာ တစ်နှစ်ကျော်ခန့် လုပ်ပြီးသောအခါ မလောက်ငှသော လစာကြောင့် အလုပ်မှထွက်လိုက်ပြီးလျှင် လမ်းဘေးတွင် တွန်းလှည်းတစ်စီးနှင့် ဈေးသည် လုပ်ခဲ့လေသည်။ချစ်သူကိုသက်ကို ကြည့်၍ အေးမှာစိတ်မကောင်းဖြစ်မိသော်လည်း ၀န်ထမ်းလစာနှင့်တော့ အေးတို့နှစ်ယောက် လက်ထပ်ဖို့ကိစ္စက ကြာတောင့် ကြာရှည်ဖြစ်သွားနိုင်မှန်းသိသောကြောင့် ဘာမျှမပြောဘဲ အေးစုထားသည့် ငွေထဲမှပင် ဈေးရင်းများအောင် ထုတ်ပေးခဲ့သည်။အလုပ်သိမ်းလျှင်လည်း ကိုသက်၏ဆိုင်တွင် အေးကဝင်ကူ ရောင်းပေးသည်။အေး အလုပ်ပိတ်ရက်ဆိုလျှင် ထမင်းဟင်းကို စောစောထချက်ပြီး နှစ်ယောက်စာထည့်ကာ ကိုသက်နှင့်အတူနေကုန်နေခန်းစျေးရောင်းသည်။သို့အတွက် အေးမရှက်ပါ။ဇနီးမောင်နှံတွေ မဟုတ်ကြပါဘဲ ထိုသို့လုပ်ဆောင်နေသည်ကို အေး၏သူငယ်ချင်းအချို့က ကဲ့ရဲ့ပြစ်တင်ကြသည်။အေး၏ နောက်ကွယ်တွင် သွားပုပ်လေလွင့် ပြောကြသည်။ကဲ့ရဲ့ကြသည်။ထို့အတွက်လည်း အေးမရှက်ပါ ။ရှက်စရာဟုလည်း မထင်ခဲ့ပါချေ။အေးသည် အချစ်ရူးရူးနေသောကြောင့် ထိုသို့ပြုမူနေထိုင်ခဲ့ခြင်းမဟုတ်ခဲ့။အေးတို့နှစ်ယောက်၏ အနာဂတ်အတွက် အတူတူ ကြိုးစားရုန်းကန်ခဲ့ခြင်းသာဖြစ်သည်။

 

အေးတို့နှစ်ယောက်သား မိသားစုကိုလည်း ထိုက်သင့်သ၍ထောက်ပံ့ပေးခဲ့ပြီး ကိုယ်စီလည်းခြိုးခြိုးခြံခြံ နှင့်သုံးလေးနှစ်လောက် အလုပ်လုပ်စုဆောင်းပြီးသောအခါ ငွေကြေးအသင့်အတင့်စုဆောင်းခဲ့မိကြသည်၊၊ ထိုမှ နှစ်ယောက်သား နယ်သို့ပြန်ခဲ့ပြီးလျှင် နှစ်ဖက်မိဘများကို ဖွင့်ပြောကာ လက်ထပ်ခဲ့ကြလေသည်။

 

“ကျွန်တော်တို့နှစ်ယောက် လက်ထပ်လိုက်ကြပြီဆိုပေမဲ့ အိမ်ကိုလဲ လစဉ်စရိတ်ပို့ပေးအုံးမှာပါ…မြို့မှာ အိမ်ပိုင်လေးရအောင် ကြိုးစားပြီး နှစ်ဖက်လုံးက ညီတွေ ညီမတွေကို စောင့်ရှောက်နိုင်အောင် ကြိုးစားမှာပါ ”

 

နှစ်ဖက်မိဘများရှေ့မှောက်တွင် ကတိစကားများကို ပြောကြားခဲ့ပြီးလျှင် အေးနှင့်ကိုသက်တို့သည် လက်ဖွဲ့တစ်ချို့တစ်ဝက်ကို ယူကာ မြို့သို့ပြန်လာခဲ့ကြသည်။

 

~~~~~~~~~~~~~~~~~~~~~

အေးတို့၏ မင်္ဂလာဦးနေ့ရက်များသည် ကြည်နူးပျော်ရွှင်စရာကောင်းသလို စိုးရိမ်ပူပန်မှုများလည်းပြည့်နေခဲ့ရသည်။နှစ်ယောက်သား အကြင်လင်မယားဘဝကို ရောက်ခဲ့ကြပြီဖြစ်သောကြောင့် အရင်လို ဈေးသက်သာသော အဆောင်မှာ နေ၍မရတော့ချေ။ စျေးသင့်သော အိမ်ခန်းလေးတစ်ခန်းငှါးရသည်။စားစရိတ်မှာ ယခင်ကတည်းက အတူ ချက်စားခဲ့သောကြောင့် ပို၍မကုန်သော်လည်း အိမ်လခမှာ မထောင်းသာခဲ့။ သည်ကြားထဲ၌ နှစ်ဖက် မိသားစုစရိတ်ပါ ပို့ပေးရသောကြောင့် အေးတို့ ဇနီးမောင်နှံမှာ ငွေကြေးခက်ခဲခဲ့ရသည်။ယုတ်စွအဆုံး နှစ်ယောက်သားမှာ ထမင်းတစ်အိုးသာချက်ပြီး အရောင်းကျန်သော ဝက်သားအစအနများ၊ တို့ဟူး၊ပဲပြား၊ အာလူး၊ အသားတုစသည်များဖြင့် ထမင်းကို ရောနယ်လျက် နေ့စဉ်စားခဲ့ ကြသသည်။မည်သို့ပင်ဖြစ်စေ အေးတို့နှစ်ယောက်လုံး အလွန်ကို ပျော်ရွှင်နေသည်သာ ။ အေးလည်း အရောင်းဆိုင်မှ အလုပ်ထွက်လိုက်ပြီးလျှင် ကိုသက်နှင့်အတူ တွန်းလှည်းကို တစ်ဖက်စီ တွန်းလျက် လူစည်ကားသော လမ်းဆုံတစ်နေရာတွင် ဈေးအတူ ရောင်းကြသည်။ကိုသက်ကတော့ ဆိုင်တွင် အချိန်ပြည့် ထိုင်လေ့ရှိသည်။အေးမှာ ဆိုင်၌ အချိန်ပြည့်ကူရောင်းမပေးနိုင်ဘဲ ဈေးသို့သွားရသည်။ပြီးလျှင် အိမ်ပြန်၍ တုတ်ထိုးလုပ်မည့်အမယ် ပစ္စည်းများကို ကြော်တန်ကြော်၊ ပြုတ်တန် ပြုတ်နှင့် တစ်နေကုန်ဖက်ဖက်မော အောင်လုပ်ရသည်။အေးတို့မှာ

အလုပ်ပြီး၍ နားကြမည်ကြံလျှင် ညအိပ်ရာဝင်ချိန်သို့ ရောက်ပြီ ဖြစ်လေသည်။

 

~~~~~~~~~~~~~~~~~~~~~~~~

 

“အိမ်ပိုင်လေးရမှ ကလေးယူကြမယ်နော်မောင် … မဟုတ်ရင် အေးတို့ရဲ့ကလေး မျက်နှာငယ်မှာစိုးတယ် ” အေး၏စိတ်သဘောထားကို ကိုသက်သည်လည်း သဘောတူခဲ့သည်။သဘောတူခဲ့သည့်နောက် နှစ်ယောက်သားတက်ညီလက်ညီ ကြိုးစားခဲ့ကြသည်။တစ်နှစ်ခန့် ခြစ်ခြစ်ခြုတ်ခြုတ်နှင့် စုဆောင်းနေခဲ့ကြပြီးလျှင် လမ်းဘေးလက်တွန်းလှည်းဆိုင်လေးမှသည် ဆိုင်ခန်းလေးတစ်ခန်းငှါးနိုင်ခဲ့သည်။အေးတို့သည် ထိုဆိုင်ခန်းကျဉ်းလေးထဲမှာပင် ဖြစ်သလိုနေထိုင်ခဲ့ကြပြီး ငွေကိုသာ ကြိုးစားရှာဖွေခဲ့ကြသည်။

 

~~~~~~~~~~~~~~~~~~~~~~

လမ်းဘေးလက်တွန်းလှည်းဆိုင်လေးမှသည် အိမ်ပိုင်လေးတစ်လုံးနှင့် စားသောက်ဆိုင်လေးတစ်ဆိုင်ကို ဖွင့်နိုင်ချိန်တွင် အေးရောကိုသက်ပါ အသက်သုံးဆယ်ကျော်လာခဲ့ပြီဖြစ်လေသည်။အသက်အရွယ်ရလာပြီဖြစ်သော အေးသည် မိမိတို့၏မျိုးဆက်အတွက် စတင်၍စဉ်းစားခဲ့ရသည်။ထိုအကြောင်းကို ချစ်ခင်ပွန်းကိုသက်နှင့် တိုင်ပင်ခဲ့သည်။

 

“အေးတို့ ကလေးယူကြရင်ကောင်းမယ်ထင်တယ်တယ်နော် မောင် … အေးအသက်လဲ သုံးဆယ်ကျော်လာပြီ မဟုတ်လား ”

 

အေးပြောသမျှ သဘောတူလက်ခံခဲ့သောကိုသက်သည် အေးက ထိုသို့ပြောသောအခါ၌ ခေါင်းမငြိမ့်ခေါင်းမခါဘဲရှိခဲ့လေသည်။ထိုသို့ မတုန်မလှုပ် အေးတိအေးစက် ဖြစ်နေသော ကိုသက်၏ အမူအယာကို အေးသည် သတိထားမိခဲ့သော်လည်းစိတ်ထဲ၌

မည်သို့မျှ မတွေးခဲ့မိချေ။စားသောက်ဆိုင်တစ်ဖက်နှင့်အပြင် ဆိုင်ခွဲ တစ်ဆိုင်ဖွင့်နိုင်ရန် ကြိုးစားနေချိန်ဖြစ်သောကြောင့် အေးကို ဂရုမစိုက်နိုင်ခြင်းဟုသာ မှတ်ထင်ခဲ့မိသည်။

 

~~~~~~~~~~~~~~~~~~~~

“ဘယ်လို မောင်ကဟိုဘက်ဆိုင်ကို တာဝန်ယူမှာလား …ကိုလတ်တို့ကိုထွေးတို့ကို ခိုင်းမှာမဟုတ်ဘူးလား ”

 

အေးသည် အံ့ဩစွာပင်မေးခဲ့သည်။ ကိုလတ်နှင့်ကိုထွေးသည် ကိုသက်၏ညီများ ဖြစ်ကြသည်။အေးတို့ စားသောက်ဆိုင် စဖွင့်ကတည်းကပင် ခေါ်ယူထားသောကြောင့် သူတို့သည်လည်း လုပ်ငန်းကျွမ်းကျင်ကြသည်လေ။ယခုသော် ချစ်လင်ကိုသက်သည် ဆိုင်သစ်ကို ညီနှစ်ယောက်ထံသို့ တာဝန်မပေးဘဲ ကိုယ်တိုင် တာဝန်ယူမည်ဆိုသောကြောင့် အေးမှာ အံ့ဩရပြန်လေသည်။လက်ရှိအေးတို့နေသောနေရာနှင့် ဆိုင်သစ်နေရာမှာ ရန်ကုန်မြို့၏တောင်ဖျားနှင့် မြောက်ဖျားဖြစ်သည်။ စားသောက်ဆိုင်ကိုစတင်ဖွင့်လှစ်ပြီဆိုလျှင်ဖြင့် နေစဉ် အိမ်ပြန်ဖို့ရာ မသေချာလှပေ။အပျိုလူပျိုဘဝကပင်လျှင် မခွဲမခွါနေချင်သောကြောင့် နီးနီးကပ်ကပ်ရှိသောအဆောင်ကို ရအောင်ရှာခဲ့သော ချစ်လင်သည် ယခုအခါ နှစ်ယောက်သား ခွဲခွါနေရမည့်နည်းလမ်းကို ကိုယ်တိုင် ရွေးချယ်ခဲ့သောကြောင့် အေးမှာ အံ့ဩ မယုံနိုင်အောင်ဖြစ်ခဲ့ရလေသည်။

 

~~~~~~~~~~~~~~~~~~ ~~~~~

“အေးရေ စိတ်တော့ မဆိုးနဲ့နော် …နင့် ယောကျာ်းကိုသက်ကို အမျိုးသမီးတစ်ယောက်နဲ့ တွေ့တွေ့နေတယ် သိလား …အဲ့ဒါ လွှတ်မထားနဲ့အုံး …ဆိုင်မှာချည်းပဲနေ မနေနဲ့ …လိုက်စရာရှိလိုက်အုံး ”

 

အသိမိတ်ဆွေထံမှ ထိုစကားကို ကြားရသောအခါ အေး မယုံကြည်နိုင်ခဲ့ပါ။အေးစိတ်ထဲ၌ ကိုသက်သည် အေးကို မည်သည့်အခါမှ သစ္စာမဖောက်ဟုယုံကြည်သည်။ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားသည်ဆိုလျှင် ဖြစ်ချင်ဖြစ်နိုင်ပေလိမ့်မည်။ကိုသက်ကတော့ အေးအပေါ် သည်ကဲ့သို ရက်စက်လိမ့်မည်မဟုတ်ဟု အေးယုံကြည်ခဲ့သည်။အေးတို့ကို မလိုမုန်းထားဖြစ်နေသူထံမှ အပိုစကားများဟုသာ အေးသဘောထားခဲ့လေသည်။

 

~~~~~~~~~~~~~~~~~~~~

 

ဆိုင်ခွဲဖွင့်ပြီးချိန်တွင် ကိုသက်မှာ အိမ်သို့ ပုံမှန် ပြန်မလာတော့ ချေ။ပြန်လာဖြစ်လျှင်လည်း ညမှသာ ပြန်လာတတ်သည်။ပြန်လာပြန်တော့လည်း ဖုန်းပြောရင်းနှင့်သာအချိန်ကုန်သည်။အေးကို အချိန်မပေးနိုင်။အေးကို ဂရုတစိုက်နိုင်ဘဲ စကားပြောချိန်ပင်မရခဲ့ပေ။အေးမှာ ပြေးပြေးလွှားလွှားနှင့် စကားလိုက်ပြောရသည်သာ။

 

“ဖုန်းတွေကလဲ လာလှချည်လား မောင် …မသိရင် စားသောက်ဆိုင်ပိုင်ရှင်လို့ မထင်ဘဲ အနုပညာရှင်လို့ ထင်ကြမှာပဲ ” အေးသည် မပြောစဖူး ခနဲ့တဲ့တဲ့ စကားကို ပြောမိသောအခါ ကိုသက် မျက်နှာပျက်သွားသည်ကို အေး သတိထားခဲ့မိသည်။ “ဘယ်သူတွေက ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေကြတာလဲ ” ဟူ၍အေးမမေးခဲ့ပါလေ။ မေးဖို့ရန်လည်း မလိုဟု အေးမှတ်ထင်ခဲ့သည်။ထမင်းကြမ်းတစ်ခဲကို ငါးပိတစ်ဇွန်းနှင့်အတူကိုက်ခဲ့ကြရသူနှစ်ယောက်တွင် ဒုက္ခကိုလည်း အတူ သိခဲ့သည်။သုခကိုလည်းအတူသိခဲ့ကြသည်။ထိုထက်ပို၍ရင်းနှီးသောသူတွေရှိပါအုံးလေမည်လား။အေးနှင့်ကိုသက်သည် တဏှာကိုဖက်၍ ဘဝတစ်ခုထူထောင်ခဲ့ကြခြင်းမဟုတ်ခဲ့ကြပေ။ချစ်ခြင်းမေတ္တာ၊သံယောဇဉ်များဖြင့် ဖွဲ့နှောင်လျက် ဆိုးတူကောင်းဖက် လက်ခံခဲ့ကြပြီး လက်တွဲခဲ့ကြခြင်းမဟုတ်ပါလား။

 

~~~~~~~~~~~~~~~~~~~~~

 

” အေး နေသိပ်မကောင်းဘူးမောင် … ဒီနေ့ ဟိုဘက်ဆိုင်ကို မောင်မသွားဘဲ ကိုလတ်တို့ကိုပဲ လွှတ်လိုက်ပါလား ”

 

အေးသည် ချစ်ခင်ပွန်းကို မဝံ့မရဲပင်တောင်းဆိုမိလေသည်။

 

“မသွားလို့ ဘယ်ဖြစ်မလဲ အေး …ကိုလတ်တို့က ဟိုဘက်ဆိုင်ရဲ့ အထာကိုမှ မသိသေးတာ …ဒီလိုလုပ်လေ အေးကို ဆေးခန်းလိုက်ပို့ဖို့ အငယ်ကောင်တွေကို မှာခဲ့မယ်လေ … ပြီးတော့ ညနေကျရင် မောင်လဲ စောစောပြန်ခဲ့ပါ့မယ် ”

 

~~~~~~~~~~~~~~~~~~~~~~~~

” ခပ်စောစောပြန်ခဲ့မယ်” ဟု ပြောခဲ့သော်လည်း ညဆယ်နာရီထိုးမှပင် ကိုသက်ပြန်ရောက်လာခဲ့သည်။

 

“သက်သာရဲ့လားအေး ” ရောက်ရောက်ခြင်း ထိုတစ်ခွန်း သာမေးပြီးနောက် ထုံးစံအတိုင်းဖုန်းကိုယူကာ အိမ်သာထဲသို့ ဝင်သွားခဲ့သည်မှာ တော်တော်နှင့် ပြန်ထွက်မလာခဲ့။အေးသည် မည်သို့မျှ မဖြစ် သယောင်ပုံစံနှင့် အိပ်ရာထဲတွင် လဲလျက်မှ ကြိတ်၍ မျက်ရည်ကျမိလေသည်။အေးသည် ချစ်သူဘဝကပင် အေးအတူပူအမျှ ဒုက္ခများကို ခါးစောင်းတင်၍ ချစ်သူနှင့်အတူရင်ဆိုင်ခဲ့သူဖြစ်သည်၊၊ ချစ်သူ ပြုံးလျှင်လည်း အေးသိသည်။ချစ်သူ မဲ့လျှင်လည်း အေးသိသည်။အေးသည် ခေတ်မီသောအနေအထိုင်အပြင်အဆင်နှင့် မိန်းမတစ်ယောက် ဖြစ်သည်။ဘာကိုမျှ သိနားလည်ခြင်းမရှိသော ခပ်တုံးတုံးမိန်းမတစ်ယောက်မဟုတ်ပါ။ရေဆန်လေဆန်မှာ အတူရုန်းကန်ခဲ့သော ချစ်လင်ကိုသက်တစ်ယောက် ရေစုန်ကိုရောက်ခါမှ …။

အေးသည် အိပ်ရာထက်တွင် ဘေးတစောင်းလဲလျက်မှ မျက်ရည်များသည် ပိုးပိုးပေါက်ပေါက်ကျလာလေသည်။ရှိုက်သံကဖြင့် မထွက်သော်လည်း နှလုံးသားသည် ဆတ်ဆတ်ခါနာကျင်၍နေသည်။

 

~~~~~~~~~~~~~~~~~~~~~~~

အေးသည် အပူရုပ်ကိုဟန်လုပ်၍ ရင်တွင်းမှ ဝေဒနာများကိုလအတန်ကြာမျှ ကြိတ်၍ ခံစားနေခဲ့သည်။ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသော ဘဝလေးကိုဖြင့် အေးမဖျက်ဆီးရက်သည်မှာ အမှန်ပင်ဖြစ်လေသည်။

 

သို့သော်လည်း ကံကြမ္မာသည် အေးကို နောက်ပြောင်ကျီစယ်ခဲ့လေပြီ။ မမျှော်လင့်ထားသော တစ်နေ့တွင် အေးသည် ချစ်လင်ကိုသက်နှင့် အမျိုးသမီးတစ်ယောက် ရွှေလက်တွဲလျက် သွားလာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရလေသည်။သူတို့ကမူ အေးကို မတွေ့ကြပါလေ။ အေးမှာ ချစ်လင် ကိုသက်တို့စုံတွဲကို ပါးစပ်အဟောင်းသားနှင့် လိုက်၍ ငေးကြည့်နေခဲ့မိသည်။ထိုအချိန်၌ အေးသည် မျက်ရည်မကျခဲ့။အေး၏ နှလုံးသားသည် အေးစက်ထုံကျင်၍သွားသည်လား မသိပါချေ။စိတ်အစဉ်သည် ထင်မှတ်မထားအောင်ငြိမ်သက်လွန်းနေခဲ့လေသည်။

 

~~~~~~~~~~~~~~~~~~~~~

 

” အေးကို အချိန်နည်းနည်းလောက်ပေးပါ …မောင်နဲ့အတူ သွားစရာလေးရှိလို့ပါ…အချိန်သိပ်မကြာပါဘူး ..မသကာ တစ်နာရီသာသာလောက်ပါပဲ …မနက်..နေ့ခင်း ..ညနေ ဘယ်အချိန်ဖြစ်ဖြစ်ရတယ် ”

 

သုံးလေးကြိမ်မျှမကသော စကားကို အေးပြောလိုက်သောအခါ ကိုသက်သည် ထုံးစံအတိုင်း ခေါင်းကို လွယ်လွယ်ငြိမ့်၍ ကတိပေးပြန်လေသည်။

 

“ဒါဖြင့်ရင် ဒီနေ့ညနေဖြစ်ဖြစ် … မနက်ဖြန်ဖြစ်ဖြစ်လိုက်ပို့ပေးပါ မောင် …”

 

~~~~~~~~~~~~~~~~~~~~~

လမ်းတစ်လျှောက်သည် အေးတို့နေခဲ့စဉ်ကထက်ပို၍ စည်းကားရှုပ်ထွေးနေလေသည်။လမ်းတွင်အေးတို့သိခဲ့သော ဈေးသည်များနှင့်မျက်နှာသိများကိုတွေ့ရသလို မျက်နှာစိမ်းများစွာကိုလည်း တွေ့ရလေသည်။အေးက လမ်းတစ်လျှောက် ဟိုသည်ငေးမောလျက်လျှောက်လာခဲ့သော်လည်း ကိုသက်မှာ မျက်နှာမသာမယာနှင့့်လိုက်ပါလျက် ရှိလေသည်။

 

“ဒီကို ဘာလာလုပ်တာလဲ အေးရယ် … အလုပ်တွေ မအားပါဘူးဆိုမှကွာ ”

 

ဆူဆူအောင့်အောင့်လေသံနှင့် ပြောလာသော ကိုသက်ကို အေးက တစ်ချက်မျှ ငဲ့ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လွှဲလိုက်ပြီး ယခင်က နေခဲ့ဖူးသော အဆောင်ခန်းလေးကို ငေးမော၍ကြည့်နေခဲ့မိသည်။

 

“မှတ်မိသေးလားဟင် မောင် … မောင်က စားချင်တယ်ဆိုလို့ ငရုတ်သီးစိမ်းကြော်လေးကြော်မိလို့ အဆောင်မှူးက အေးကိုဆူတာဆိုတာလေ …အဲ့ဒီနောက်ပိုင်း အေးမှာ ဟင်းချက်တော့မယ်ဆိုရင် အဆောင်မှုရှိမရှိကို အရင်ကြည့်ရတာမောင်ရဲ့ ….”

 

အေးသည် ရှေ့ဟောင်းနှောင်းဖြစ်များကို အေးအေးလူလူ ပုံစံနှင့် ပြော၍ နေမိသည်။ကိုသက်ကမူ မျက်နှာမသာမယာနှင့် အေးကို ခပ်စူးစူးကြည့်၍သာနေသည်။

 

“လာပါ မောင်ရယ် …တစ်နေရာပဲ ကျန်ပါတော့တယ် …ပြီးရင် ပြန်ကြတာပေါ့ ”

 

~~~~~~~~~~~~~~~~~~~~~~~~

 

“မှတ်မိသေးရဲ့လား မောင် … ဒီနေရာမှာ အေးတို့ ဈေးစရောင်းခဲ့ကြတာလေ ….အဲ့ဒီတုန်းက မောင်တော့ဘယ်လိုခံစားခဲ့ရလဲမသိဘူး … တွန်းလှည်းကြီးနဲ့ စျေးရောင်းရတော့ အေးတော့ရှက်တယ်ဆိုတာထက် မောင့်ကို သနားခဲ့မိတာ …မောင့်ကို သနားလွန်းလို့ရှက်စိတ်တွေလဲ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်တယ်ထင်ပါရဲ့လေ ”

 

အေး၏စကားကြောင့် ကိုသက်သည် တဒင်္ဂမျှတိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။သို့သော်လည်း တစ်ခဏအကြာမှာပင် လက်မှနာရီကို ငုံ့ကြည့လျက် မရိုးမရွဖြစ်၍ နေလေသည်။

အေးသည် ချစ်လင်၏ အမူအယာများကို ခပ်ဖျော့ဖျော့ပြုံးလျက် ကြည့်လိုက်ပြီး နောက်

 

” ပြန်ချင်နေပြီလား မောင် … ခဏလေးပါနော် … မောင့်ကို အရေးတကြီး စကားပြောစရာရှိလို့ပါ …ပြီးရင် ပြန်ကြတာပေါ့ ”

 

အေးက ကိုသက်ကို ကြည့်၍ ပြောလိုက်သည်။ အေး၏စကားကြောင့် ကိုသက်က အေးမျက်နှာကို စိုက်၍ ကြည့်လာပြီးနောက် ” ပြော “ဟုသော သဘောမျိုးဖြင့် မေးကို ဆတ်ပြလေသည်။

 

“အေးတို့ ကွာရှင်းကြရအောင် … စီးပွားဥစ္စာတွေကိုတော့ တစ်ဝက်စီခွဲယူကြတာပေါ့ ”

 

“ဘာ …ဘာပြောလိုက်တယ် အေး ”

 

ကိုသက်သည် မယုံကြည်နိုင်စွာပင် အေးကိုကြည့်ပြီး မေးလိုက်သည်။

 

“ဘာကြောင့် ကွာရှင်းချင်တာလဲဆိုတာကိုတော့ အေးရှင်းပြစရာမလိုဘူးမဟုတ်လားဟင် …ဒုက္ခတွေကို အေးတို့အတူတူရင်ဆိုင်ခဲ့ပြီးပြီလေ … အတူတူလဲပျော်ရွှင်ခဲ့ရပြီးပြီမို့အေးကျေနပ်ပါတယ် … အေးနဲ့နေရတာကို မပျော်ရွှင်နိုင်တော့တဲ့ လူနဲ့ အေးလဲ အတူတူ မနေနိုင်တော့ဘူး … ဟိုတစ်ချိန်က အေးတို့နှစ်ယောက်အတူတူ ရုန်းကန်ခဲ့စဉ်က သိပ်ကို ပင်ပန်းဆင်းရဲခဲ့တာ မှတ်မိလားဟင် … ဒါပေမဲ့ အခုလက်ရှိအခြေအနေက အဲ့ဒီတုန်းကထက် ပိုပြီး ပင်ပန်းတယ် ….အေးမှာ ခံနိုင်ရည်မရှိတော့ဘူး … အချစ်ကိုရော အိမ်ထောင်ရေးကိုရော အေးစိတ် ကုန်နေပြီ …ကိုသက်သွားချင်တဲ့သူဆီကို လွတ်လွတ်လပ်လပ်သွားပါတော့ … အေး ခွင့်ပြုပေးပါတယ် ”

 

အေးသည် ကိုသက်၏ မျက်နှာကို စေ့စေ့ကြည့်လျက် စကားကို တစ်လုံးချင်း ပြောလိုက်သည်။ အေး၏စကားဆုံးသောအခါ ကိုသက်သည် မျက်လုံး အကြောင်သားနှင့် မယုံကြည်နိုင်စွာ အေးကိုကြည့်သည်။

 

“ဟာ …မ ..မဟုတ်ဘူးလေ အေး … မောင်မှားခဲ့ပါတယ်ကွာ … မောင့် …. မောင့်ကို ခွင့်လွှတ်ပါ ”

 

အေးသည် ကိုသက်ကို ကြည့်လျက် ပြတ်သားစွာပင် လှည့်ထွက်ခဲ့သည်။အေးမငိုတော့ပါ။အေးမှာ ငိုစရာ မျက်ရည်လည်း မရှိတော့ပါ။ အဆုံးစွန်းသော ပေးဆပ်မှုများအောက်တွင် အေး၏စိတ်အစဉ်သည် သတ္တိအပြည့်နှင့် တည်ငြိမ်လျက်ရှိပါလေသည်။

 

~~~~~~~~~~~~~~~~~~~~

 

“အေး …အေး မဟုတ်လားဟင် …”

 

ဆိုင်ထဲသို့ဝင်လာသော အမျိုးသမီးသည် အေးကို တွေ့သောအခါဝမ်းသာအားရ နှုတ်ဆက်လေသည်။အမျိုးသမီး၏ နှုတ်ဆက်သံကြောင့် အေးအပါအဝင် ဆိုင်ထဲမှ အလုပ်သမားများကပါ အမျိုးသမီးကို ဝိုင်း၍ကြည့်လေသည်။ အေးသည် အမျိုးသမီးကို တွေ့မြင်လိုက်ရသည်နှင့် စိတ်ထဲတွင် အနည်းငယ်မျှ ရှုပ်ထွေးနောက်ကျိသွားရလေသည်။ဆိုင်ထဲသို့ ဝင်လာသော ထိုအမျိုးသမီးမှာ အေးနှင့်ကိုသက်တို့၏ ဘေးအိမ်မှာနေသောသူဖြစ်ပါလေသည်။အေးသည် နယ်မြို့ဘက်သို့ ပြောင်းလာခဲ့ပြီးနောက်တွင် သိဟောင်းကျွမ်းဟောင်းများနှင့် ဆုံတွေ့ရခြင်းမှာ ယခုအခါပထမဆုံးအကြိမ်ပင်ဖြစ်ပါလေသည်။

 

“ဒါ အေးရဲ့ ဆိုင်လားဟင် ..ကြည့်ပါအုံးကွယ် …ဆိုင်ကြီးက ကောင်းလိုက်တာ … ဧည့်သည်တွေလဲ အများကြီးပဲနော် ”

 

“ခရီးသွားချိန်မို့ပါ မမဝေ …ကျန်တဲ့အချိန်တွေတော့ လူပါးတယ်လေ ”

 

အေးက အလိုက်သင့်ပြောရင်း မမဝေတို့လူစုစားချင်သည်များကို သေချာချပေးရန် အလုပ်သမားများကို မှာကြားလိုက်ပြီး မမဝေတို့နားမှ မယောင်မလည်နှင့် ထွက်ခဲ့လိုက်သည်။

 

“အေးရေ …ဒါနဲ့ ကိုသက်သတင်းရောကြားပြီးပြီလား ”

 

အနားမှ ရှောင်ထွက်ခဲ့သည့်တိုင် မမဝေသည် အေးနောက်သို့ လိုက်လာပြီးလျှင် အေးကြားရုံမျှ မေးလိုက်လေသည်။အေးသည် ယောင်ယမ်း၍ ခေါင်းကို ခါပြလိုက်သည်။

 

“မကြားပါဘူး မမဝေ …အေးလဲ ဆိုင်အတွက် အလုပ်များနေတော့ ရန်ကုန်မရောက်ဖြစ်ဘူးလေ ”

 

” ဟုတ်လား … အေးကကြီးပွားနေသလောက် ကိုသက်တော့ စီးပွားလဲပျက်တဲ့အပြင် အရက်သမားလုံးလုံးဖြစ်နေပြီလေ … စီးပွားပျက်ဆိုင်ပြုတ်တာလဲ မပြောနဲ့ သူ့မိန်းမကအသုံးအဖြုန်းကြီးတဲ့အပြင် သူ့ညီတွေနဲ့မတည့်တော့ .. စီးပွားလဲ ခွဲလိုက်ကြတယ်လေ ..မှန်တာပြောရရင် မမဝေကတော့ သူတို့ကိုကြည့်ပြီး ဝမ်းသာတယ်သိလား … အေးရဲ့ မေတ္တာကို စော်ကားခဲ့တဲ့သူက ဒီထက်မက ဖြစ်ဒဏ်ခံရသင့်တာမဟုတ်လား ”

 

မမဝေသည် အေးကို တတွတ်တွတ် ပြော၍နေသည်။အေးမှာမူ မမဝေကို ဂရုမစိုက်နိုင်အားဘဲ မြေးဖြစ်သူကို မုန့်ဆိုင်သို့ခေါ်သွားသော မိခင်ဖြစ်သူ ဆိုင်ထဲသို့ဝင်လာမည်ကိုစိုးရိမ်သောစိတ်ဖြင့် ဆိုင်ဝသို့သာအကြည့်များ ရောက်နေမိလေသည်။

 

@@@@@@@@@@@@@@@@@@

 

ဧကြည်ဖြူ

5.10.2022

Leave a Reply

Your email address will not be published. Required fields are marked *