“အမေ ဆရာမ”
(ခင်မြဇင်)
သူနှင့် ကျွန်မ လမ်းခွဲကြပြီ ဆိုတော့လည်း ခိုင်မာပြတ်သားစွာပင်။ သူက သူ့ပတ်၀န်းကျင်၊ သူ့အသိုင်းအဝိုင်းဆီ ပြန်ခို၀င်ပြီး အိုးအိမ်သစ် ထူထောင်သည်။ ကျွန်မကတော့ ရှိသမျှ မေတ္တာ စေတနာတွေကို နီနီ၊ သားလတ်၊ ထွေးကလေးတို့ အပေါ်အားလုံး ပုံပေးပြီး ကိုယ့်ဘာသာ ရပ်တည်လာခဲ့သည်။
နှစ်တွေ ကုန်ဆုံးသွားသည်နှင့်အမျှ ကျွန်မဆံပင်မှာ ငွေမျှင်ကျိုးကျဲ ရှိလာသည်။
“ ကဲ သားတို့၊ သမီးတို့ ”
စာသင်ခန်းထဲမှာ ကလေးများကို နှုတ်ခွန်းဆက်သော ကျွန်မလေသံပင် အဘွားကြီးသံ ပေါက်နေပြီလား ထင်လာမိတော့သည်။ ငယ်စဉ်က “ ဘ၀ဆိုတာ ဘာပါလိမ့် ” ဟူသော မေးခွန်းများကို ဘ၀ အတွေ့အကြုံများဖြင့် ဖြေဆိုသင့်သလောက် ဖြေဆိုပြီးပြီ။ ဖြည့်ဆည်းခြင်း ပါရမီကို တည်ဆောက်ရင်း ရင့်ကျက်လာသော ကျွန်မဘ၀တွင် သည်သား၊ သည်သမီးနှင့် တပည့် ကလေးငယ်များသာ ချစ်ခင်ကိုးစားဖွယ်ရာ။ သူကတော့ ကုန်သည်အလုပ်နှင့် ထပ်ဆင့်တိုး ဂဏန်းတွေပွားများရင်း ကြီးပွားသည်ထက် ကြီးပွားနေပေမည်။ သို့သော် သည်အတွက်ကိုတော့ ကျွန်မ ဥပေက္ခာ ပြုလိုက်မိပါ၏။
မနက်တိုင်း ကျွန်မ၏အလုပ်မှာ ကြိမ်ခြင်းကလေး တစ်ဖက်က ဆွဲပြီး တစ်မိုင်သာသာ ဝေးသော ကျောင်းသို့ လမ်းလျှောက်လာရခြင်း ဖြစ်သည်။ ကျွန်မသည် ကားလမ်းမကြီးပေါ်မှာထက် အောက်ဘက် လှည်းလမ်းမပေါ်ကသာ ဖြတ်လျှောက်လာတတ်သည်။ ဝီးခနဲ ဖြတ်မောင်းလာတတ်သည့် ကုန်တင်ကားများအန္တရာယ်ကို ဝေးဝေးကပင် ရှောင်ကြဉ်မိသည်။ လှည်းလမ်းမှာဆိုလျှင် အေးအေးလူလူ မနက်ခင်း စိတ်ကူးစိတ်သန်းအပြည့်ဖြင့် လျှောက်လာနိုင်သလို အသိလှည်းသမားတွေကလည်း –
‘ ဆရာမကြီး လိုက်ခဲ့လေ ’
လှည်းရပ်ပြီး စောင့်တတ်သေးသည်။ ရာသီအလိုက် ဝါဆွတ်ချိန်၊ နှမ်းရိတ်ချိန်တွေမှာလည်း ယာခင်းများဆီမှ ကျွန်မကို အော်ဟစ်နှုတ်ဆက်သူတွေကမရှား။ ပြီးတော့ ကျွန်မ ချစ်သည့် ကလေးငယ်တွေကလည်း ကျွန်မ ခြေလှမ်းကိုအမီလိုက်ရင်း တွတ်တီးတွတ်တာ မေးမြန်းတတ်စမြဲ။ ကလေးတွေကို စာသင်ခန်းထဲမှာလို မဟုတ်ဘဲ လက်တွေ့အမြင်အသိနှင့်ယှဉ်ပြီး လက်တန်းပြောပြသွားရသည့်အခါ ကျွန်မရင်မှာ လန်းဆတ်ကြည်နူးလှသည်။
ကျောင်းသို့ရောက်လျှင် နေ့စဉ်မှတ်တမ်းနှင့် သင်ရိုးညွှန်းတမ်းများကို ညှိနှိုင်းရသည်။ တစ်နေ့တာ လုပ်စရာ ကိုင်စရာတွေကို တေးမှတ်ရသည်။ ပြီးမှ ကလေးတွေ သောက်ရေ ဖြည့် မဖြည့်၊ တံမြက်လှည်း မလှည်း စစ်ဆေးရသည်။ အသင်းလေးသင်းကို နေ့စဉ်လုပ်ငန်းများ စနစ်တကျရှိမှုအပေါ်ကြည့်ပြီး အမြဲအမှတ်ပေးထားသည်။
ကျွန်မနှင့် မရှေးမနှောင်းပင် ဆရာမ မတင်ကြူနှင့် ချိုချိုတို့ ရောက်လာကြသည်။ မတင်ကြူက ကိုယ်၀န်ကြီး တကားကားနှင့် ပန်းလျစွာ ထိုင်နေတတ်သည်။ သူလည်း နေ့တိုင်း နှစ်မိုင်နီးပါးမျှ လမ်းလျှောက်လာရတတ်သည်။ ချိုချိုကတော့ အသက်နှစ်ဆယ်ပင် ပြည့်သေးဟန်မတူ။ သစ်ရွက်ကလေးလို ပေါ့ပါးသွက်လက်သည်။ အငယ်ဆုံး ဆရာမလည်း ဖြစ်၊ စိတ်လည်း ဆတ်သဖြင့် ကလေးတွေနှင့် ခဏခဏ စိတ်ကောက်တတ်သည်။
“ အေး၊ ဆရာမစကား နားမထောင်ရင် စာမပြတော့ဘူး ”
အတန်းထိပ် ကုလားထိုင်မှာ ချိုချို ထိုင်ချသွားပြီဆိုလျှင် ကလေးတွေက ထိန်းမရ သိမ်းမရ ဆူကြ ဆော့ကြသည်။ သူငယ်တန်းဆိုတော့ ခုမှ ကျောင်းစနေသည့် ကလေးတွေဖြစ်ရာ ဆရာမ အထာကို နားမလည်ကြသေး။ တစ်ယောက်နှင့်တစ်ယောက် သားရေကွင်း လုချင် လုမည်။ ကျောက်တံနှင့် ထိုးချင် ထိုးပစ်တတ်သည်။ ပြီးတော့ ဆရာမလက်မှ နာရီကို လက်ညှိုးထိုးပြီး –
“ ကျောင်းဆင်းတော့မှာလား ဆရာမ ”
အော်ဟစ် မေးတတ်သေးသည်။ မတင်ကြူကိုတော့ ကလေးတွေက ပိုပြီးလေးစားကြသည်။ သူက ဒုတိယတန်းမှာ သင်ရသည်။
ဆရာ ကိုထွန်းအောင်က အတန်းထဲသို့ နောက်ကျမှ ၀င်လာသည်။ မနေ့က မြို့နယ်ရုံးသို့ သွားခဲ့ရသဖြင့် အိပ်ရာထ နောက်ကျလာသည် ထင်သည်။ အသားညိုညို၊ ပိန်ပိန်ပါးပါးနှင့် တိုက်ပုံအင်္ကျီကို ဖိုသီဖတ်သီ ၀တ်ထားသည်။ ကလေးတွေအပေါ် လက်သံပြောင်လွန်း၍ ကျွန်မနှင့် မကြာခဏ ပဋိပက္ခ ဖြစ်ရသောဆရာ။ သို့သော် သူသည် စာသင် အလွန်တော်သည်။ ဆရာ စာသင်နေပြီဆိုလျှင် သူ့အတန်းသာမက တခြား အတန်းများပါ တိတ်ဆိတ် ငြိမ်သက်သွားတတ်သည်။
ဤဆရာများဖြင့်ပင် ကျွန်မတို့ တစ်နေ့တာကို စတင်ကြရသည်။ ကလေးများ မနက်ခင်းတေးကို သီတိုင်း ကျွန်မအသက်သည် တစ်ရက်ပြန်ပြီး နုပျိုလာသည် ထင်မိလေသည်။
အခန်းထောင့်မှ ရှိုက်သံသဲ့သဲ့ကြောင့် ကျွန်မတို့ ဆရာမတွေ စကားပြောဆို၊ စားသောက်နေကြသည့်အရှိန် ပျက်သွားသည်။ အခန်းထောင့်ဆီသို့ ကျွန်မ ထ သွားမိသည်။
ပထမတန်းမှ ကလေးငယ်တစ်ယောက် စာသင်ခုံများအကြားတွင် တစ်စုံတစ်ခုကို ငိုရင်း ရှာဖွေနေသည်။ ကျွန်မခြေသံကြောင့် မော့ကြည့်သည်။ မျက်ရည်ဖြင့် ရွှန်းလက်နေသော မျက်လုံးများ၊ ပါးပြင်မှာ မျက်ရည်နှင့် နှာရည်စီးကြောင်းများ စိုရွှဲနေလေသည်။
“ ဘာဖြစ်တာလဲ သမီး၊ နေမကောင်းဘူးလား ”
“ ဟင့်အင်း၊ ကျွန်မ ပိုက်ဆံဆယ်ပြား ပျောက်သွားလို့ ”
“ ပိုက်ဆံ ဟုတ်လား၊ ဘယ်မှာ ပျောက်တာလဲ၊ အခန်းထဲမှာလား၊ ကစားကွင်းထဲမှာလား ”
“ ဒီမှာ ပျောက်တာ ”
ကျွန်မလည်း ခဏမျှ ကူညီရှာဖွေပေးမိသည်။ မတွေ့။
“ ကဲ သမီး လာလာ မုန့်ဆာနေမှာပေါ့။ ရှာမနေပါနဲ့တော့၊ ဆရာမတို့နဲ့အတူ စားရအောင် ”
“ ဟင့်အင်း၊ ကျွန်မ မစားဘူး ”
ကလေးမက ကြောက်ရွံ့စွာ ငြင်းဆန်သည်။ မတင်ကြူက –
“ ဟဲ့ တူးမာ၊ လာဟဲ့ လာခဲ့ပါ ” လှမ်းခေါ်သည်။ ချိုချိုကတော့ လက်ညှိုးကလေး ထောင်ပြီး –
“ ညည်းကလေးနော်၊ နေ့တိုင်း ပိုက်ဆံပျောက် ”
တကယ်တော့ တူးမာမှာ ပျောက်စရာ မုန့်ဖိုးပင် ပါချင်မှ ပါရှာမည်။ သူ့မိဘတွေက လယ်ထဲ ယာထဲမှာ သူရင်းငှားတွေ။ ကျောင်းပင် အနိုင်နိုင် ထားရသည်။ နေ့လယ်စာ ဆာတော့ ကလေးကငိုသည်။ ဆရာမကိုလည်း ထမင်းဆာ၍ ငိုတာပါဟု ပြန်မပြောရဲ။ သည်တော့ အိမ်ကပါမလာသော ပိုက်ဆံ ဆယ်ပြားသည် ခဏခဏ ပျောက်နေရလေသည်။
ဘဲဥဟင်းနှင့် မြိန်ရေရှက်ရေ နယ်စားနေသော ကလေးငယ်ကို ကြည့်ရင်း ကျွန်မရင်မှာ ပီတိဖြာဝေသည်။ မချက်တတ် ချက်တတ်နှင့် သမီးလက်ရာ ဘဲဥဖတ်ကလေးများမှာ တူးမာကလေးအတွက် ဧရာမ ဟင်းကျွေး ဟင်းရံကြီးများပမာ။
သို့သော် ကျွန်မ ပီတိသည် ကြာရှည်မခံ။ နေ့လယ် ကျောင်းပြန်တက်သည်နှင့် လွင့်စဉ် ပျောက်ပျက်ရသည်။
ကျွန်မရှေ့တွင် ခပ်မိုက်မိုက် ကောင်လေးနှစ်ယောက် ရပ်နေသည်။ ဆံပင်တွေ ဖွာလန်ကြဲနေပြီး အင်္ကျီနှင့် ပုဆိုးတွင် ရွှံ့တွေ ပေကျံနေသည်။ နေလောင်၍ ခပ်ညိုညိုအသားများပင် မွဲခြောက်ပြောင်လက်နေသည်။ မျက်လုံးများမှာတော့ စိုးရိမ်ထိတ်လန့်သည့် အရောင်တွေ ယှက်သန်းနေသည်။ သူတို့ကို ဖမ်းခေါ်လာသော ဦးဖူးညိုက လက်ထဲမှ နွားကန်ကို ချိန်ဆရင်း-
“ အစကတည်းက ကျုပ်က ဆော်မလို့၊ ဆရာမကြီး တပည့်တွေပဲလေ၊ ဆရာမကြီး ဆုံးမပါလိမ့်မယ်ဆိုပြီး ဆော်မထည့်တာ၊ ဘယ့်နှယ် နှစ်ရက်ရှိပြီဗျ၊ ကျုပ်ပြောင်းဖူးခင်းထဲ ၀င်ခိုးတာ၊ မနေ့ကလည်း မမိလို့၊ ဒီနေ့တော့ တမင်စောင့်ဖမ်းတာ၊ ဒင်းတို့ မိဘတွေကပဲ မဆုံးမဘဲ ထားရော့သလား မသိ ”
ဦးဖူးညိုက ကျွန်မကို စောင်းပြောသည်။ ကျွန်မအဖို့တော့ စောင်းပြောသည် ဖြစ်စေ၊ တည့်တည့်ပြောသည် ဖြစ်စေ မထူးတော့။ ကျောင်းတက်ချိန် ဆရာတွေ အုပ်ထိန်းမှုအောက်မှ လွတ်ထွက်ပြီး အခင်းတွေထဲမှာ လှည့်လည်ကျက်စားနေကြသည့် ကျောင်းသားဆိုးကလေးတွေ။ သူတို့ကိုတော့ ခပ်စပ်စပ်ကလေး ဒဏ်ပေးဦးမှ ဖြစ်မည်။
“ နေပါဦး၊ မင်းတို့က အရင်တစ်ခါ ကဏန်း သွားနှိုက်တဲ့ အဖွဲ့ကလား ”
“ မ…မဟုတ်ပါဘူး ”
အရပ်ရှည်ရှည်မျောမျော ကလေးက တွန့်ဆုတ်ဆုတ်ဖြေသည်။ ကဏန်းနှိုက်သည့်အဖွဲ့မှာ ကလေးငါးယောက် ရှိသည်။ ကျောင်းပြေးပြီး ငါးဖမ်း၊ ကဏန်းနှိုက်၊ ရှဉ့်လိုက်ပစ်၊ သစ်သီးပင်တွေ ခိုးစား၊ ထင်ရာ လျှောက်လုပ်တတ်သည်။ ပြီးတော့ သည်ကလေးတွေက ရပ်ရွာလူကြီးသားတွေ။ သူတို့ကိုတော့ ထိထိမိမိကလေး ဆုံးမပြီးပြီ။ သည်တစ်ခါလည်း သည်လိုပဲ ဆုံးမရဦးမည်။ ကျွန်မက အခန်းထောင့်မှ ဝါးခြမ်းပြား ခပ်သေးသေးတစ်ချောင်း ဆွဲယူလိုက်သည်။ ကျွန်မမှာ ကလေးတွေကို ရိုက်နှက်ဆုံးမဖို့ ၀န်လေးသလောက် စည်းကမ်းမဲ့မှုကိုလည်း မနှစ်မြို့။ သည်တော့ –
“ ကဲ ပြောစမ်း၊ မင်းတို့ဘာလို့ သူများအခင်းက ပြောင်းဖူးခိုးရတာလဲ၊ ပြောစမ်း၊ ပြောလေ ”
ကလေးနှစ်ယောက်က ကျွန်မလက်ထဲမှ တုတ်ကို ကြောက်လန့်တကြားမော့ကြည့်သည်။ ပြီးတော့ ကြောက်ရွံ့တုန်လှုပ်စွာ –
“ ဆာလို့ ”
မပွင့်တပွင့် ဖြေလိုက်ကြသည်။
ထို တစ်လုံးတည်းသောစကားသည် ကျွန်မရင်တွင်း နာကျင်စူးရှစွာ တိုး၀င်သွားသည်။ သို့သော် “ မဆုံးမဘဲ ထားရော့သလား ” ဆိုသည့် ဦးဖူးညိုစကားက ဆရာမသိက္ခာကို အများကြီး စော်ကားနေရာ ရင်ထဲက မာနကလေးသည် ထကြွတောက်လောင်လာသည်။ သို့ဖြင့် ကလေးနှစ်ယောက် လက်ဝါးများပေါ်သို့ ဖြန်းခနဲ ဖြန်းခနဲ တစ်ချက်စီ ရိုက်နှက်လိုက်မိသည်။ ပြီးတော့မှ ကျွန်မစိတ်မကောင်း။ တူးမာ၏ ဆာလို့ပြဿနာကို ထမင်းတစ်နပ်ဖြင့် ဖြေရှင်းပေးခဲ့ပြီး သည်ကလေးနှစ်ယောက်ကိုတော့ တုတ်စာ ကျွေးပြီး ဖြေရှင်းခဲ့သည်။ လတ်တလော ပြဿနာကို ကျွန်မ သည်လို အဖြေရှာခဲ့သည်မှာ တရားကော တရားပါရဲ့လား။ ပြီးတော့ မနက်စာ ထမင်းကြမ်းခဲပင် စားချင်မှ စားရမည်ဖြစ်သော ကလေးငယ်တွေ၏ နောင်လာလတ္တံ့သော “ ဆာလို့ ” ပြဿနာတွေကို ဆရာမကြီးကျွန်မက ဘယ်ပုံဘယ်နည်း ဖြေရှင်းပေးရပါဦးမည်နည်းဟုလည်း တွေးရင်းတောရင်း ကျွန်မ ရင်မောလာသည်။
××××××××××××××××
“ ဟေ့ ဒီနေ့ အဖေနဲ့ လမ်းမှာတွေ့တယ် ဆရာ ”
စာကြည့်စားပွဲမှ ထုတ်ဖော်ကြေညာသူက သားလတ်။ သားလတ်က သူ့အဖေကို အင်မတန်ခင်တွယ်သည်။ သူ့အဖေကလည်း သားလတ်အပေါ် ပိုပြီး သံယောဇဉ်ကြီးခဲ့သည်။ နီနီက ကျွန်မနှင့် စျေးစာရင်း တွက်နေရာမှ လှမ်းမာန်မဲသည်။
“ ပြောမနေစမ်းပါနဲ့၊ တို့ကိုမှ မချစ်တာ ”
အမေကလည်း သူတို့အဖေအကြောင်းပြောလျှင် နည်းနည်းမှကြိုက်သူမဟုတ်။
“ နင်တို့ အဖေအကြောင်း ပြောလို့ တစ်ပြားရတာ မဟုတ်ဘူး ” ၀င်ဆိုသည်။ သားလတ်က မခံမရပ်နိုင်။
“ အမယ် အဖေက ကျွန်တော့်ကို မုန့်ဖိုးငါးကျပ် ပေးသွားတာ အဘွားရ၊ ဒီမှာ ကြည့်စမ်း ”
သားထွေးက ကျွန်မမျက်နှာကို မော့ကြည့်ရင်း –
“ သူ့ပိုက်ဆံက ဘာလုပ်မှာလဲနော် မေမေ ”
စစ်ကူတောင်းသည်။ သည်လိုနှင့် ပြဿနာမှာ အကျယ် မငြိမ်းဖွယ်ဖြစ်လာဦးမည်။ ကလေးတွေက စာအုပ်တွေဘေးချပြီး စကားစစ်ထိုးကြတော့သည်။
“ ကဲ စာကျက်ကြ ”
ကျွန်မ ဟန့်တားမှသာ ငြိမ်သက်သွားသည်။ အမေကတော့ သူတို့အဖေအကြောင်း ပြောရပါမည်လားဟု တဖျစ်တောက်တောက် ဆိုမြည်ဆဲ။
အိပ်ရာ၀င်ကြသောအခါ သမီးကြီး နီနီက ကျွန်မအနားသို့ တိုးကပ်လာသည်။
“ မေမေ ”
“ ဟင် ”
“ ဒီလ ငွေပိုပါ့မလား ဟင် ”
ကျွန်မ ငြိမ်ပြီး စဉ်းစားသည်။ ခဏကြာမှ –
“ သမီးက ဘာ၀ယ်ချင်လို့လဲ ”
သမီးက ကျွန်မလက်ကို တောင်းပန်သလို ဆွဲကိုင်ရင်း –
“ သမီးကို အင်္ကျီတစ်ထည်လောက် ချုပ်ပေးပါလား မေမေ ”
“ အင်္ကျီတစ်ထည် ဟုတ်လား ”
“ တစ်ထည်တည်းပါ မေမေရယ် နော် ”
သမီးတောင် ၀တ်ချင် စားချင် တတ်လာပြီကော။ ကျွန်မ တွေးမိသည်။ သမီးက ဆယ့်ငါးနှစ် တင်းတင်းပြည့်ပြီ။ သမီးကို သနားသွားသည်။
“ ရှေ့လထဲကျ ၀ယ်ပေးမယ် သမီး ”
“ ဟင် သမီးက ဆရာကန်တော့ပွဲအမီ ချုပ်ချင်တာ၊ စုစုတို့နဲ့ ဆင်တူချုပ်မှာ မေမေ ”
သမီးမျက်နှာကို အမှောင်ထဲမှာ စူးစမ်းနေမိသည်။
“ သမီးကြီးရယ် ဒီလကုန်တော့မယ်လေ၊ မေမေ့မှာ ငွေမရှိတော့ဘူး၊ သမီးကို စျေးဖိုးတောင် ဘယ်လိုပေးရမလဲ မေမေ စဉ်းစားနေတာ၊ သမီးက ကြွေး၀ယ်ရမှာလည်း ရှက်တယ်မို့လား ”
သမီး ငြိမ်သက်သွားသည်။ ခပ်လေးလေး သက်ပြင်းရှူရှိုက်သံမှလွဲ၍ မကြားတော့။ ကျွန်မကို ကျောပေးပြီး စောင်ကို ခေါင်းမြီးခြုံလိုက်သည်။ သည်ထက်ပို၍ ကျွန်မ ရှင်းပြစရာ လိုမည်မထင်။ သမီးကို မီးဖိုချောင် ၀င်ခိုင်းခဲ့သည်မှာလည်း အိမ်စရိတ် မည်မျှကြီးမားကြောင်း သူ နားလည်စေရန်သာ။ ယခင်က စျေးကြွေးအချို့ပင် မပေးဆပ်ရသေး။ နီနီ စျေး၀ယ်သည့်အခါ လကုန်ပေး ၀ယ်ရမှာ အလွန်ရှက်တတ်သဖြင့် နေ့တိုင်း စျေးဖိုးပေးခဲ့ရသည်။ ဒီလမှာ ခါတိုင်းလတွေထက်ပင် ကျပ်တည်းနေပြန်သည်။ ကျွန်မ သက်ပြင်းကို မကြာခဏ ရှူရှိုက်နေမိသည်။ အိပ်မပျော်။
×××××××××××××××
မြေပဲရာသီ ရောက်လာပြီ။ ကလေးအတော်များများ စာသင်ခန်းထဲမှ ပဲခင်းများဆီ ရောက်ကုန်ကြသည်။ မနေ့က တူးမာအမေ ကျောင်းကို ရောက်လာသည်။
“ တူးမာကို တစ်လလောက် ကျောင်းနုတ်ချင်လို့ ဆရာမ ”
“ သြော် ပဲနုတ် လိုက်ကြတော့မယ်လား ”
“ ဟုတ်ပါ့ ဆရာမရယ်၊ ထနောင်းဖိုကြီးဘက် သွားကြမှာ၊ အိမ်က ကိုတင်လှတောင် ရှေ့က သွားနှင့်ပြီ ”
တူးမာအမေက ညစ်ထည်းထည်း သရက်ထည်လုံချည် အနီကလေးကို ၀တ်ထားသည်။ အသက်မှာ နဂိုထက်ပိုပြီး အိုစာသယောင်။ တူးမာလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကိုင်ထားသည်။ တူးမာလေးက ငယ်လွန်းသေးသည်။ သားထွေးနှင့်မှ ရွယ်တူရှိမည်။ အိမ်မှာ သားထွေးက နွဲ့ဆိုး ဆိုးနေချိန်မှာ တူးမာကလေးကတော့ သူ့မိဘတွေ၊ အစ်ကို အစ်မတွေနှင့်အတူ ပဲခင်းထဲမှာ ပဲနုတ်နေရှာပေလိမ့်မည်။ ပဲနုတ်ချိန်ရောက်လျှင် မိသားစုတွေ တစ်အိမ်ထောင်လုံး ရွာနီးချုပ်စပ် ရွှေ့ပြောင်းပြီး အငှားလိုက်တတ်ကြစမြဲ။ ကျွန်မက တူးမာခေါင်းကို ပွတ်သပ်ကာ-
“ ခေါ်သွားပါ မကြင်မြိုင်ရယ်၊ တူးမာ စာတွေ မေ့မပစ်လိုက်နဲ့ဦးနော်၊ ပဲချိန်ပြီးရင် ကျောင်းပြန်တက်၊ ကြားလား ”
တူးမာတို့သားအမိ ထွက်သွားကြသောအခါ ကျွန်မစိတ်ထဲမှာ မကောင်း။ တူးမာကတော့ သူ့အမေ လက်ကိုဆွဲရင်း ခုန်ဆွ ခုန်ဆွနှင့် လိုက်သွားပြီ။ သည်လိုနှင့် ကျောင်းမှာ တစ်စ တစ်စ လူနည်းလာသည်။
ကျောင်းအလာလမ်းမှာ တစ်ယောက်တည်း ဖြည်းလေးစွာ လျှောက်လာမိသည်။ ဆောင်း၀င်လာပြီဆိုတော့ သားလတ်နှင့် သားထွေးတို့အတွက် အနွေးထည်တွေ လိုလာပြန်ပြီ။ နီနီကိုလည်း အင်္ကျီ ၀ယ်မပေးဖြစ်သေး။
ဆောင်းလေသည် ကျွန်မကို ပက်ဖျန်း အေးမြစေသည်။ ပဲခင်းများထဲမှ ကလေးတွေက ကျွန်မကို မြင်လျှင် ပုန်းရှောင်ကြတော့မည်။
“ ဟေ့ ဟိုမှာ ဆရာမကြီး လာနေတယ်ဟေ့ ”
ခပ်လှမ်းလှမ်းမှ အသံနှင့်အတူ အလျှိုလျှို ပျောက်ကွယ်သွားကြသည်။ တချို့က ကျွန်မကို ကျောပေးပြီး မြေပဲနုတ်ကြသည်။ သူတို့ခမျာများအတွက် ၀မ်းနည်းသွားသည်။ သည်ရာသီရောက်လျှင် ကလေးတွေနှင့် ကျွန်မမှာ သူစိမ်းပြင်ပြင် ဖြစ်သွားတတ်သည်။ ကျွန်မက သူတို့တစ်တွေကို စာသင်ခန်းများဆီသို့ လိုက်လံဆွဲခေါ်မည် ထင်နေသလား မသိ။
စာကလေးများက မီးကြိုးတန်းများပေါ်မှာ တကျီကျီ အော်မြည်နေကြသည်။ နေခြည်နုသည် ကျွန်မကိုယ်ကို လွှမ်းခြုံ နွေးထွေးစေသည်။ သို့သော် ကျွန်မရင်မှာ မနွေးနိုင်။ အေးစက်ပြီး ထိုင်းမှိုင်းနေသည်။ အိုကြီးအိုမ အမေ့အတွက်လည်း ခြုံစောင်တစ်ထည်လောက် ၀ယ်ပေးချင်သည်။ အမေ့မှာက ဘာဘူစောင်အဟောင်းအစုတ်ကြီးပဲ ရှိသည်။ ညတိုင်ဆိုလျှင် အမေ့ခမျာ ချောင်းကလည်း တဟွပ်ဟွပ် ဆိုးရှာသည်။
သည်လိုနှင့် ကျောင်းကို ရောက်လာသည်။
ပြတင်းပေါက်များကို လိုက်ဖွင့်သည်။ ကျောင်းသားကြီးထဲက မည်သူမျှမရှိ။ သူငယ်တန်း ကလေးများသာ တစုတဝေး နေဆာလှုံနေကြသည်။ သူတို့ကလေးတွေမှာ ဖလန်နယ်ထည်ကလေးတွေ၊ လက်ရက်ဖျင် အနွေးထည်ကလေးတွေကိုပင် ကိုယ်စီမ၀တ်နိုင်ရှာ။ ဂျင်းဂျာကင် ၀ယ်ပေးပါဆိုသော သားလတ်ကို သတိရမိသည်။
“ မေမေကလည်း ဖိုးတွတ်မှာ ဂျင်းဂျာကင် အနီကလေးနဲ့ဗျ ”
ကြံကြံဖန်ဖန် ပူဆာတတ်သည်။ ဖိုးတွတ်က သူတို့အဖေ နောက်အိမ်ထောင်နှင့် မွေးသော သားကလေး။ ငါးနှစ်လောက် ရှိဦးမည်။ သားက သည်လိုပြောလာတော့ ကျွန်မရင်မှာ နာကျင်ရသည်။
“ သား ပူဆာတာကတော့ ဟုတ်ပါရဲ့၊ ဒါပေမဲ့ မင်းအင်္ကျီဖိုးက မေမေ့လခ တစ်၀က်လောက်တန်တာ၊ မေမေ မတတ်နိုင်ပါဘူး ”
သည်တော့ –
“ အဖေ့ကို ၀ယ်ခိုင်းမှာပေါ့ဗျာ ”
စကားနာထိုးသည်။ ကျွန်မက စိတ်တိုတိုနှင့် သူ့ကို နာနာကြည်းကြည်း ရိုက်ပစ်သည်။
ကျွန်မ ခေါင်းကို ခပ်သွက်သွက် ခါယမ်းမိသည်။
အိမ်က ပြဿနာတွေ ကျောင်းမှာ သယ်လာမိပြန်ပြီ။
ဆရာကိုထွန်းအောင် ရောက်လာသည်။ ပြီးတော့ ချိုချို။ မတင်ကြူက မီးဖွားခွင့် ယူသွားပြီ။
ကျောင်းမှာ ခြောက်သွေ့နေသည်။ ကျောင်းတက် ခေါင်းလောင်းသံက ခပ်ကြောင်ကြောင် မြည်လာသည်။ ကျွန်မ အတန်းထဲမှာ မိန်းကလေးသုံးယောက်ကလွဲ၍ မရှိ။ သူတို့တစ်တွေက စျေးသည် သားသမီးတွေ ဖြစ်မည်ထင်သည်။ သည်အခါမျိုးတွင် သုံးတန်း၊ လေးတန်း ကလေးတွေကို ပူးပေါင်းစေပြီး စာစီစာကုံးကိုသာ တွင်တွင် ရေးခိုင်းရတော့သည်။
အဖြေစာအုပ်တွေ သယ်လာသော ကျွန်မရင်မှာ လေးလံနေသည်။
သူတို့ ဖြေနိုင်မှာ မဟုတ်ပါဘူး။
လေးတန်းကလည်း ဘုတ်အဖွဲ့နှင့် စစ်မည်ဖြစ်ရာ ဒုတိယအစမ်း အဖြေလွှာတွေကိုကြည့်ပြီး အတန်းတင် အောင်နှုန်းကို ခန့်မှန်းရမည်ဖြစ်သည်။ ကျွန်မခြင်းထဲက အဖြေလွှာထုပ်တွေမှာ ဆယ်ခွက်၀င် အလေးကြီးကို ဆွဲသယ်လာရသလို လေးလံစေသည်။
“ အို သူတို့မှာ စာကျက်ချိန်မှ မရခဲ့ကြတာ ”
မြေပဲခင်းများဆီမှ ကမန်းကတန်း ပြန်လာပြီး စာမေးပွဲ ဖြေဆိုကြရသည်မို့ ကျွန်မ တွေးပြီး စိုးရိမ်နေမိသည်။ ကလေးတို့ဘဝတွေက ကျွန်မကို မင်နီတားဖို့ လက်တွန့်စေဦးမည်။
ညနေခင်းသည် မည်းချိပ်ရှည်လျားသော သစ်ရိပ်များအောက်တွင် နှင်းငွေ့မြူငွေ့ဖြင့် မှုန်မှိုင်းနေသည်။ အဝေးကောင်းကင်တွင် တိမ်ဖြူဇာမျှင်များ လွင့်မျောနေသည်။ လေတွင် သစ်ရွက်စိမ်းနံ့ လွင့်ပါလာသည်။ ကျွန်မခြေလှမ်းကို သွက်နိုင်သလောက် ခပ်သွက်သွက် လျှောက်လာသည်။
အမေ့ ချောင်းဆိုးကလည်း မသက်သာသေး။ ရှာချည်လွှာချင်းစောင်တစ်ထည်ပင် ခုနှစ်ဆယ်ဆိုတော့ ရုတ်တရက် မ၀ယ်ဖြစ်သေး။ သားထွေးနှင့် သားလတ်ကို ဖလန်နယ် တစ်ထည်စီ ချုပ်ပေးသည့်တိုင် သားလတ်က မကျေနပ်နိုင်သေး။ သမီး နီနီကကော။ နီနီက ကျွန်မကိုဘာမျှ မပူဆာတော့သည်ကို သတိပြုမိလာသည်။ သမီးအကြည့်များက တစ်နေ့တခြား စိမ်းကားလာသည်။ စျေးဖိုးပေးလိုက်လျှင်လည်း အရင်ကလို ပြန်မအပ်တော့။
ကားလမ်းပေါ်မှာ ကုန်ကားတွေ တသီတတန်းကြီး ဖြတ်မောင်းသွားကြသည်။ ကားဟွန်းသံတွေက ဆူညံ စိတ်ပျက်ဖွယ်ရာ။ သည်ကားတန်းနောက်မှ အဝါရောင် ဂျစ်ကားကလေးပေါ်မှာ လူတစ်ယောက်ကို အမှတ်မထင် လှမ်းမြင်မိသည်။ မျက်မှန်အနက်နှင့်၊ သက္ကလက် ကုတ်အင်္ကျီ နက်ပြာနှင့် ခံ့ထည် ဝြဖိုးနေသော ထိုသူ။
ထိုသူသည်-
ကျွန်မ နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်မိသည်။
မတူညီသော ဘ၀တို့၏ ပေါင်းစည်းခြင်းမျိုးဖြင့် သူနှင့် ကျွန်မတို့ လက်ထပ်ခဲ့ကြသည်။ သို့သော် ငွေမျက်နှာသာ ကြည့်တတ်သော သူ့အသိုင်းအဝိုင်းနှင့် ဆင်းရဲနွမ်းပါးသော မုဆိုးမသမီး ကျွန်မတို့ကြားတွင် သဟဇာတ မရှိခဲ့ကြ။ သူကိုယ်တိုင်ကလည်း ကုန်သည်ပွဲစား အလုပ်ကလွဲ၍ လက်ကြောတင်းအောင် လုပ်ကိုင်တတ်သူ မဟုတ်။ နီနီ၊ သားလတ်၊ ထွေးကလေး ဆိုသော သံယောဇဉ်ကြိုးမျှင်ကလေးတွေ ရစ်ငင်မိသည့်တိုင်အောင် သူသည် သူ့၀န်းကျင်ဟောင်းကို မစွန့်ရဲ။ ကလေးတွေကတော့ ရံဖန်ရံခါမှ တွေ့ရတတ်သော အဖေ့ကို တွယ်တာကြပါ၏။ အဖေ၀ယ်ပေးသော အဖိုးတန် ကစားစရာကလေးများနှင့် သူတို့လေးတွေ ငယ်ဘ၀မှာ အိပ်မက်တစ်ခုလို ပျော်စရာ ကောင်းလှပါ၏။ သို့သော် ရိုးသားမှုနှင့် ကိုယ်ကျင့်သိက္ခာကို အချစ်ထက် တန်ဖိုးထားခဲ့သော ကျွန်မနှင့် ကုန်သည်ပီပီ ငွေအကျင့်၊ ငွေမျက်နှာနှင့် လူ့သိက္ခာကိုပါ တန်ဖိုးမထားတတ်လာသော သူ့အကြားတွင် စိတ်၀မ်းကွဲစရာတွေ အများအပြား ကြုံတွေ့လာခဲ့ရသည်။ သည်လိုနှင့် လမ်းခွဲခဲ့ကြလေသည်။
နာကြည်း တုန်လှုပ်လျက်ကပင် ဟိုစဉ်ဘဝတွေကို ပြန်လည်မြင်ယောင်လာသည်။ သူသည်ပင် ကျွန်မတို့မိသားစုဘဝလေးကို မွှေနှောက်ဖျက်ခြေသူ။
ပြီးတော့ ကလေးတွေကို ဖျက်ဆီးသူ။
ကျွန်မ ရွံမုန်းစွာ မျက်နှာလွှဲရင်း ကျန်ခဲ့သည်။
××××××××××××××××××××
“ နီနီ ”
“ ရှင် မေမေ ”
“ သမီး ဒီအင်္ကျီစကို ဘယ်က ရသလဲဟင်၊ ပြောစမ်း ”
သမီးက မျက်ရည်ဝေ့နေသည်။ ကျွန်မက တက်ထရွန်ပွင့်ရိုက် အင်္ကျီစကလေးကို သူ့ရှေ့မှာဖြန့်ပြီး မေးသည်။ နီနီ့အင်္ကျီ အတိုအကျပ်ကလေးတွေကို ကျောင်းက ကလေးတွေပေးဖို့ရှာရင်း သေတ္တာအောက်ဆုံးမှာ သည်အစကို တွေ့ရသည်။ နီနီထက် အငယ်မိန်းကလေး မရှိတော့ သူ့အ၀တ်ဟောင်းတွေကို အမြဲပေးပစ်ရတတ်သည်။ နီနီက ခေါင်းမာမာ ရပ်နေတော့ ကျွန်မမှာ တုန်လှုပ်ရပြန်သည်။
“ ပြောစမ်းပါ၊ ဘယ်က ရသလဲလို့ ”
“ သမီး စျေးဖိုးထဲက ချုပ်တာ မေမေ၊ ဖေဖေနဲ့ မဆိုင်ပါဘူး ”
“ ဘယ်လို၊ စျေးဖိုးထဲက ဟုတ်လား ”
ကျွန်မ အော်ဟစ်မိသည်။ စာမေးပွဲအချိန် မမီမှာစိုး၍ ကျွန်မ ထမင်းချိုင့် မယူဖြစ်သည်မှာ ကြာပြီ။ သည်တော့ အ်ိမ်မှာ ဘယ်လိုချက်ပြီး စားသောက်နေကြသလဲ၊ ကျွန်မ မသိ။ ညစာများတွင်တော့ ဘဲဥနှင့် ကန်စွန်းရွက်ကြော်က အစဉ်အမြဲ။ မနေ့ညကလည်း အမေ အပြင်းအထန် ချောင်းဆိုးသည်။ ထွေးကလေး ပြောမှ မနက်က ချဉ်ပေါင်ဟင်း စား၍ ချောင်းဆိုးမှန်း သိရသည်။ အိုးသူကြီး နီနီက ကလေးတွေနှင့် ဘွားအေကို ငါးပိကြော်၊ ချဉ်ပေါင်ဟင်း ကျွေးပြီး အင်္ကျီ၀ယ်ဖို့ ကျိတ်စုခဲ့ပေလိမ့်မည်။
နီနီကို ဆောင့်အောင့် ထုရိုက်ပစ်ချင်လာသည်။
“ ကောင်းတယ်၊ ကောင်းတယ်၊ ကလေးတွေကို အငတ်ထားပြီး ၀ယ်တဲ့အင်္ကျီစများ နင်မို့ ၀တ်ရက်တယ် မိနီ ”
နီနီက ကျွန်မကို မုန်းမုန်းတီးတီး ပြန်ကြည့်သည်။
“ နီနီ ၀ယ်ပေးခိုင်းတော့ကော မေမေက ၀ယ်ပေးဖူးလို့လား ”
“ ဟင် မေမေ ၀ယ်မပေးလို့ ဟုတ်လား၊ မေမေ ဘာကြောင့် ၀ယ်မပေးသေးသလဲဆိုတာ နင် သိသားပဲ ”
“ နီနီ့ကို ရိုက်ပါ မေမေ၊ သတ်ချင်လည်း သတ်လိုက်စမ်းပါ၊ နီနီကလည်း ဒီလို အကြင်နာမဲ့တဲ့အိမ်မှာ မနေချင်ပါဘူး ”
“ နီနီ ”
ကျွန်မ ဒေါသတွေ ဆူပွက်လာသည်။ သူ့ကိုယ်ကို ဆတ်ဆတ်ခါ ဆွဲကိုင်လှုပ်ယမ်းမိသည်။ နီနီက ပမာမခန့် ရှေ့တိုးလာသည်။
“ ဟုတ်တယ်၊ မေမေကလည်း သမီးကို မညှာဘူး၊ ဖေဖေကလည်း ရက်စက်တာပဲ၊ နီနီသေရင် အေးမှာပါ၊ မေမေ ပျော်မှာပါ ”
သမီးမျက်နှာကို တအံ့တသြကြီး စိုက်ကြည့်မိသည်။ ဆံစတွေ ဝဲကျလျက် ဖြူဖွေး နုညက်သော သမီးမျက်နှာ၊ ခက်ထန်မာကျောသော သမီးစကားများ။ အမြဲ စိတ်တင်းတတ်သော ကျွန်မ ပါးပြင်ပေါ်သို့ မျက်ရည်ပူများ စီးကျလာသည်။
“ သမီး ”
နီနီက နှုတ်ခမ်းကို ပြတ်လုပြတ်ခင် ကိုက်ထားသည်။ ကျွန်မ လက်ထဲက ရုန်းထွက်သည်။ သမီးကို လွှတ်ပေးပြီး စာကြည့်စားပွဲမှာ ကျွန်မ အကြာကြီးထိုင်နေမိသည်။ ခပ်ဖျော့ဖျော့ မီးလုံးကို စိုက်ကြည့်နေမိသည်။ ကျွန်မ ရင်မှာ ဟာလာဟင်းလင်း ကျန်ရစ်သည်။
ကျွန်မ အားထားသော၊ မြတ်နိုးတွယ်တာသော ကလေးတွေကပင် ကျွန်မကို ဖီလာဆန့်ကျင် ပြုလာကြပြီ။ ကျွန်မအဖို့ နောက်ထပ် ၀မ်းနည်းစရာ မကျန်တော့အောင်ပင် ရင်နာမိသည်။
နီနီက ဟိုးအရင်ကတည်းက အင်္ကျီ ပူဆာခဲ့သည်။ ကျွန်မ ၀ယ်မပေးနိုင်ခဲ့။ သူ့ဟာသူ ဖြေရှင်းလာပြန်တော့ ကျွန်မက ဆူပူမိပြန်သည်။ ကျွန်မပင် ရက်စက်သူ ဖြစ်လေမည်လား။
အမေကလည်း ချောင်းတဟွပ်ဟွပ် ဆိုးနေသည်။ သားထွေးက ကျွန်မလက်ကို လှုပ်ယမ်းခေါ်သည်။
“ မေမေ မေမေ၊ သား စာကျက်ပြီးပြီဆို ”
“ ဟင် ထွေးကလေး ”
သားကို ကြောင်ကြည့်နေမိသည်။ ပြီးမှ တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်။
“ သွား သား၊ သားလတ်နဲ့ နီနီကို ခေါ်ခဲ့ ”
“ နီနီ အိပ်ချင်ဟန် ဆောင်နေတယ် မေမေ ”
“ အေး နေပစေ၊ သားတို့ကို မေမေ ပြောမယ်၊ သားတို့ သိရမှာက မေမေဟာ လခ နှစ်ရာကျော်ကျာ်ပဲ ရတဲ့ တောကျောင်းဆရာမကလေး၊ ဒီတော့ သားတို့ နေချင် ၀တ်ချင်သလို မေမေ မထားနိုင် မဆင်နိုင်ဘူး၊ မေမေ့လခနဲ့တန်ရုံပဲ ကျွေးမွေးပြုစုနိုင်တယ်၊ သားတို့ ငယ်ငယ်တုန်းကလိုတော့ မေမေ မဆင်နိုင်မကျွေးနိုင်ဘူး၊ ခု အစစအရာရာ အရင်လို မဟုတ်ဘူးဆိုတာ သားတို့လည်း သိပြီးသား မဟုတ်လား၊ တကယ်လို့ မေမေနဲ့ နေရတာ မပျော်ရင် ပြော၊ မင်းတို့အဖေဆီမှာ နေချင်သလား၊ သွားနေနိုင်တယ်။ အထူးသဖြင့် သားလတ်နဲ့ နီနီ၊ မင်းတို့ သူ့ဆီမှာ နေချင်သပ ဆိုရင်လည်း သွားကြ၊ ဟိုမှာတော့ ကောင်းကောင်း၀တ်ရ စားရလိမ့်မယ်၊ အေး ဒါပေမဲ့ မိထွေးဆီမှာဆိုတော့ အမေလို မိခင်မေတ္တာမျိုးတော့ မင်းတို့ ရနိုင်မှာ မဟုတ်ဘူး ”
ထိုအချိန်တွင် ကျွန်မနှင့် ကလေးများအကြား သံယောဇဉ်ကြိုးမျှင်ကို ဇွတ်အတင်း ဖြတ်ပစ်မိသည်။ ကျွန်မ နှလုံးသားသည် အက်ကွဲလုမတတ် တင်းမာလာသည်။
သားလတ်က ကျွန်မ ကုလားထိုင်ခြေရင်းတွင် ထိုင်နေရာမှ ကျွန်မ ပေါင်ပေါ်မှာ မေးတင်လာသည်။
“ မေမေ သားတို့ကို အထင်မလွဲပါနဲ့နော်၊ သားက ဖေဖေ့ဆီမှာ နေချင်လို့ပြောတာ မဟုတ်ပါဘူး မေမေရယ် ”
သားလတ်၏ သနားစဖွယ် မျက်နှာကို ကျွန်မ ပြန်မကြည့်။ မျက်နှာလွှဲပစ်မိသည်။ သားထွေးကလည်း ဘာမသိ၊ ညာမသိ ငိုရှိုက်ရင်း-
“ သားကတော့ ဖေဖေဆီိကို မသွားဘူးနော် မေမေ၊ မေမေ သားကို မဆိုရဘူး ”
စူးစူးဝါးဝါး ဟစ်အော်သည်။ အိပ်ရာထဲမှ အမေပင် မနေနိုင်။
“ အမလေး ဒေါ်ရွှေဆရာမ၊ ကလေးတွေကို စိတ်ဆင်းရဲအောင် လုပ်မနေပါနဲ့ အေ ”
အမေ့အသံသည် ပြောရင်း တိမ်၀င်သွားသည်။ ပြီးမှ တုန်ယင်လှိုက်လှဲသော ၀မ်းခေါင်းသံကြီးနှင့် –
“ ဟဲ့ နင်တို့အမေကို ကန်တော့ပြီး အိပ်ကြတော့လေ၊ ညဉ့်နက်လှပြီ ”
အိပ်ရာထဲမှာ ၀င်လှဲမိသည့်တိုင် ကျွန်မ မျက်လုံးတွေ ကြောင်နေသည်။ ခြင်ထောင်လည်း မချမိ။ စောင်လည်း မခြုံမိ။ ပြီးတော့ ပြတင်းပေါက်ပင် မပိတ်မိ။
အပြင်ဘက်ကောင်းကင်တွင် လမင်းသည် တိမ်တိုက်များကြားမှ ရုန်းထွက်နေသည်။ တိမ်ကွန်ရက်တွေက အလင်းကို လက်မည်းကြီးတွေနှင့် ဆွဲကိုင် ဖမ်းယူနေသည်။ လသည် တစ်၀က်တစ်ပျက် ထွက်ပြူလိုက်၊ တိမ်ကြားတွင် ပျောက်ကွယ်သွားလိုက်၊ အမှောင်ခရီးသည်သဖွယ်။ ကြယ်ကလေးတွေအစား ပိုးစုန်းကြူးကလေးတွေကို လင်းလင်းလက်လက် လှမ်းမြင်ရသည်။ ဆောင်းညလေပြည်က ကျွန်မတို့ အိပ်ရာဆီသို့ ဖြတ်သန်းလာသည်။
နီနီက မသိမသာ လှုပ်ရှားလာသည်။ ပြီးတော့ ကျွန်မဘက်ကို စောင်းကြည့်သည်။ ခေါင်းထောင်ပြီး အသံမမြည်အောင် အိပ်ရာမှ ထ သည်။ ကျွန်မက သူ့ကို အမှောင်ထဲမှာ စောင့်ကြည့်နေမိသည်။
“ ဘုရား ဘုရား၊ သမီးလေး ထွက်သွားတော့မလား ”
ကျွန်မ ရင်ထဲမှာ မိခင်မာနနှင့် သံယောဇဉ်တို့ အားပြိုင်နေသည်။ ကျွန်မ ရုတ်တရတ် ခုန်ထ၍ နီနီကို လှမ်းဆွဲလိုက်မလို ဖြစ်သွားသည်။ သို့သော် ကျွန်မ ငြိမ်သက်စွာ လဲလျောင်းနေသည်။
နီနီက တည်တည်ငြိမ်ငြိမ်ပင် ပြတင်းပေါက်ဆီသို့ ထ သွားသည်။ တံခါးပေါင်မှာ မေးတင်ပြီး အကြာကြီး ရပ်နေသည်။ ကျွန်မလိုပဲ လမင်းကို ကြည့်နေမည်။
ပြီးတော့ ပိုးစုန်းကြူးလေးတွေလိုပဲ ကျွန်မ ရင်ခွင်မှ အဝေးသို့ ပြေးထွက်တော့မည်။
အမှောင်သည် စုစည်းရာမှ ပြိုကွဲလာသည်။ လမင်းသည် ရှိသမျှ အင်အားနှင့် အလင်းကို ဖြန့်ကြက်နိုင်ဖို့ ကြိုးပမ်းရှာသည်။ နီနီ တစ်ခုခုတော့ ဆုံးဖြတ်နေပြီထင်သည်။ ပြတင်းပေါက်မှ နီနီ့ အရိပ်မည်းကလေးမှာ ကျောက်ရုပ်ကလေးတစ်ရုပ်ပမာ။
ကျွန်မမှာ ငိုကြွေးပူပန်စရာ မျက်ရည်ပင် ခန်းခြောက်နေပြီ။ သမီး၏ စိမ်းစိမ်းကားကား အကြည့်များကို မြင်ယောင်လာသည်။ ထို ထိုလမင်းသည် တိမ်တိုက်များအကြားမှ ထွက်ပြူလာသည်။ အိပ်ရာခန်းသို့ လရောင်ထိုးကျလာသောအခါ ကျွန်မ မျက်စိကို အတင်း မှိတ်ပစ်မိသည်။
ပြတင်းတံခါးမှာ လှုပ်ရှားသွားသည်။
“ သွားပြီ….သွားပြီ၊ နီနီ ထွက်သွားပြီ ”
ကျွန်မ နှလုံးသားမှာ ကြေမွ အက်ကွဲကုန်သည်။ အသံကုန်ဟစ်အော်ပြီး တားဆီးဖို့ ကြိုးစားသည်။ သို့သော် ဆို့နစ်နေသော လည်ချောင်းမှ အသံထွက်မလာ။
မမျှော်လင့်ဘဲ တံခါးအတွင်း ချက်ထိုးသံ ထွက်ပေါ်လာသည်။
နီနီက ကျွန်မဘေးမှာ ညင်သာစွာ ရပ်သည်။ ပြီးတော့ ကျွန်မကိုယ်ပေါ်သို့ စောင်တစ်ထည် လွှမ်းခြုံပေးသည်။ ခြင်ထောင်ချလိုက်သည်။ သူကိုယ်တိုင် ကျွန်မစောင်ထဲသို့ ညင်သာစွာ တိုး၀င်သည်။ ကျွန်မ ရင်ခွင်မှာ ကြောင်ကလေးလို တိုး၀င်ရင်း ကျိတ်ပြီး ရှိုက်သည်။
“ မေမေ မေမေ ” တီးတိုး ရေရွတ်နေသည်။ ထိုခဏတွင် ကျွန်မ နှလုံးသွေးနှင့် သမီးနှလုံးသွေးတို့ နွေးထွေးစွာ တသားတည်း ဆက်စပ်မိကြသည်။ ကျွန်မသည် ကျလုလု မျက်ရည်ကို အနိုင်နိုင်ထိန်းရင်း –
“ အိပ်တော့နော် သမီး ”
ဆို့နင့်စွာ ပြောမိသည်။ ပြီးတော့ သမီး နဖူးပြင်ကို ခပ်ဖွဖွ ငုံ့နမ်းမိသည်။ သည်လိုဆိုတော့ ကျွန်မ၏ ကလေးငယ်များသည် တောကျောင်းဆရာမလေး၏ ရင်သွေး အစစ်အမှန်များ ဖြစ်လာကြပြီဟု ကျွန်မ ယုံကြည်မိသည်။ သူတို့ဘ၀လမ်း ဖြောင့်ဖြူးရေးမှာ ကျွန်မ တာ၀န်သာ။
ခင်မြဇင်
မိုးဝေစာပေမဂ္ဂဇင်း၊ ၁၉၇၉၊ ဇွန်လ
ပတ္တမြား တစ်ဒါဇင် (ဂျပန်ဘာသာပြန်) (၁၉၈၅)၊ ကမ္ဘာ မကျယ်ပါဘူး( ရုရှားဘာသာပြန်) (၁၉၉၀) ၀တ္ထုတိုစာအုပ်များတွင် ဖော်ပြခဲ့သည်။
Credit – Lin Thit Nay
#ခင်မြဇင် #စာပေပန်းခင်းဝတ္ထုတို