Novel

#ငါးကျပ်တန်တစ်ရွက်

ကျော်အောင်

ည ၁၁-နာရီခွဲခန့် အချိန်ဖြစ်သည်။

ဘစိန်သည် လတ္တာလမ်း တရုတ်ကစားဝိုင်းမှ ဆင်းလာခဲ့သည်။ တရုတ်ကစားဝိုင်းသို့ဝင်စဉ်က ငွေ ၅၀ကျပ်ခန့်သာ ပါသည်။ ပြန်ဆင်းလာသောအခါ ငွေ ၅၀ကျပ် အပြင် နာရီနှင့်ရွှေကြိုးပါ အဆစ်ထည့်ခဲ့ရသေးသည်။

လဆန်း ရှစ်ရက်သည် မှိုင်းမှိုင်းမှုန်၍နေသည်။ ရန်ကုန်မြို့မှာလည်း ရှစ်ရက်လခြမ်း ငွေခြည်အောက်တွင် အိပ်မောကျနေလေသည်။ တစ်ခါတစ်ရံ ဒါလဟိုဇီလမ်းဘက်မှ ကားသံသဲ့သဲ့ကြားရသည်။ ကျုံးကြီးလမ်းဘက်ကမူ အင်းစိန်ဘတ်(စ်)ကားမှ စပယ်ယာ၏အော်သံသည် တစ်ခါတစ်ရံ မြောက်လေနှင့် ပါလာသည်။ တရှပ်ရှပ်နှင့် သန်းခေါင်ကျော်တွင် ကျက်စားတက်သော ညငှက်တို့၏ခြေသံကိုလည်း ကြားရသည့်အခါ ကြားရသည်။

ဘစိန်သည် ကျုံးကြီးလမ်းဘက်သို့ မျှော်ကြည့်ရင်း ဘတ်(စ်)ကားခကို အိတ်ထဲနှိုက်၍ စမ်းကြည့်သည်။ တစ်ပြားမျှပင် မကျန်တော့။ အဝေးတွင် မှိုင်းမှိုင်းမှုန်နေသော လရောင်အောက်၌ ပြားပြားဝပ်နေကြသော လမ်းဘေး တဲဆိုင်ကလေးများကို မြင်ရသည်။ တစ်ဖန် ပြားပြားဝပ်နေသော တဲအိမ်ကလေးများအထက်ကမူ လေးထပ်တိုက်၊ သုံးထပ်တိုက်များက မိုးထားကြသည်။ မျက်မှောက်လောက၏သင်ခန်းစာများ၊ ပစ္စည်းမဲ့ ငရဲဘုံ၏ပြယုဂ် တဲကုပ်ကလေးများ၊ ၄င်းဓနရှင်တို့၏ မိုးသို့မျှော်နေသည့် ထပ်ဆင့်တိုက်တန်းများ။

ဘစိန်သည် လတ္တာလမ်းမှ ကျုံးကြီးလမ်းဘက်သို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်ခဲ့သည်။ ကစားဝိုင်းတွင် ထိုင်စဉ်က ဇောချွေးများပြန်နေ၍ ချမ်းရမှန်းမသိ။ ဘိန်းနံ့ သင်းနေသည့် ပြည်ကြီးသားများအလယ်မှ အပြင်လောကသို့ ထွက်လာမှ ချမ်းရမှန်း သိရတော့သည်။ သို့ပေမဲ့ ဘစိန်မှာ ဤလောက်သော အချမ်းဒဏ်ကို ကောင်းကောင်း ခံနိုင်ရည်ရှိသည်။

ဘစိန်သည် ရန်ကုန်အနောက်ပိုင်း တရုတ်တန်း လမ်းမတော်တစ်ဝိုက်တွင် ကျက်စားနေသူတစ်ဦး ဖြစ်သည်။ ဘစိန်မှာ ဝါသနာသုံးမျိုးစလုံး မပြင်းထန်။ ဖဲရိုက်ရမည်ဆိုလျှင်တော့ သန်းခေါင်ကျော်ပင် အိပ်ရာမှ ထလိုက်တတ်သည်။ သည်လောက်ဝါသနာကြီးသည်။ အရက်ကိုတော့ တစ်ခါတစ်ရံ အပေါင်းအသင်းကောင်းလျှင်သာ သောက်တက်သည်။ သူ့သူငယ်ချင်း အောင်ဘလို စိတ်ညစ်လျှင် အရက်နှင့် အပျော်မရှာတတ်။

ဘစိန်သည် ဖဲအကြောင်းကို ကောင်းကောင်း အရည်လည်သူ ဖြစ်သည်။ တစ်ချပ်ချင်း အပွင့်ကြီးလှန်ရသည်အထိပင် ဖဲသွေးကြီးသည်။ ဖဲသုံးချပ်ကို သူ အလွန်အမင်း ဝါသနာကြီးသည်။

“ဆရာ အင်းစိန်ကိုလေ နောက်ကားမရှိတော့ဘူး ဆရာ”

အသံစာစာနှင့် စပယ်ယာကလေးသည် ကားပေါ်မှ ပြေးဆင်းလာကာ ဘစိန်လက်ကို ဆွဲလေသည်။ ဘစိန် မျက်လုံးအစုံတွင် နှုတ်ခမ်းမွေးရေးရေးနှင့် ဒိုင်တရုတ်လက်ထဲမှ ကုလားဖဲချပ်ကိုသာ မြင်နေသည်။

တရုတ်သည် ဘစိန်မျက်နှာကို မျက်လုံးလှန်ကြည့်ကာ “ကီးလားဖဲ တီမယ်ဆရာ” ဟု ပြော၍ ဖဲသုံးချပ်ကိုနေရာ ပြောင်းလိုက်သည်။ ဘစိန်သည် လက်ယာဘက်ဆုံးအချပ် လက်ညှိုးထိုးလိုက်သည်။

“ဒိုင်စားလယ် ဆရာကြီး”

“ဒိုင်စားလယ် ဆရာကြီး” ဖြင့် ညဦးမှ ၁၁- နာရီ ကျော်ကျော်အထိ ငွေ ၅ဝိ-ဖြူစင်၍ နာရီနှင့် ရွှေကြိုးကိုပါ အဆစ်ထည့်ခဲ့ရသေးသည်။

“နောက်ပိုင်းက ထိုင် ဆရာ… အင်းစိန်ထိ ပို့ရရင် လူနည်းလို့ တစ်ကျပ်ခွဲနော် ဆရာ”

ဒီအခါကျမှ ဘစိန်သည် စပယ်ယာကလေး လက်ထဲမှ ရုန်းထွက်ကာ “ဟာ..ငါမလိုက်ဘူး”ဟု ပြောလိုက်လေသည်။

ကားဆရာသည် ကားကိုဆောင့်ထွက်ကာ ထွက်သွား၍ တတွတ်တွတ် ဘစိန်ကို ကျိန်ဆဲသွားသေးသည်။

ဘစိန်သည် စိန်မေရီကျောင်းထောင့် ပလက်ဖောင်းတွင် တွေတွေကြီး ရပ်နေသည်။ မြေနီကုန်းအထိ ခြေလျင်လျှောက်ရမည့်အရေးကို တွေးရင်း ရင်လေးနေမိသည်။ ၁၂-နာရီ ထိုးခါနီးနေ၍ ဟောင်ကောင်မှ ခါတိုင်းလို ဆူဆူညံညံသံများ မကြားရ။ ဇွဲကောင်းလှသည့် ဟော်တယ်မင်းသား တစ်ယောက် နှစ်ယောက်၏ အာလုတ်သံဖြင့် သီချင်းဆိုသံသာ တစ်ချက်တစ်ချက် ကြားရသည်။ တိတ်ဆိတ်နေ၍ ဟိုတယ်မယ်များ၏သီချင်းသံကိုမူ အရက်သံမပါသဖြင့် ကြည်ကြည်လင်လင် ကြားရပါသည်။ ဒါမျိုးကိုလည်း သူစိတ်မပါ။

“ကျွန်မကို နမ်းတာ ကုလားပါပဲရှင်၊ ပါးမှာ အရာကြီးထင်” တဲ့။ ဧကန္တ ဒီဟိုတယ်သူ ပဋိက္ခရားမင်းသားနှင့် စခန်းသွားနေမည်။

ဘစိန်သည် ငွေရလမ်းကို တွေးရင်း ခြေလှမ်းလေးလေးဖြင့် ကျုံးကြီးလမ်းအတိုင်း အနောက်သို့ လျှောက်ခဲ့သည်။ နောက်မှ တဖျတ်ဖျတ် ခြေသံကို ကြားရ၍ ဘစိန် နောက်သို့ လှည့်ကြည့်လိုက်သည်။ လန်ချားတစ်စင်းသည် သူ့နောက်မှ ကျုံးကြီးလမ်းအတိုင်း အ‌နောက်သို့ ပြေးလာသည်။

ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့် မိန်းမပျိုတစ်ယောက်နှင့် ယောက်ျားပျိုတစ်ယောက် လန်ချားပေါ်တွင် ပါလာသည်ကို လန်ချားဖြတ်အသွား မြင်လိုက်ရသည်။

မိန်းမပျိုက တခစ်ခစ် ရယ်သွမ်းသွေးရင်း စကားပြော လိုက်သွားသည်။ ယောက်ျားပျိုသည် မိန်းမပခုံးတွင် မေးတင်ရင်း မှိန်း၍လိုက်သွားသည်။

“အင်း ရန်ကုန်ဟာ ငွေရှိရင် လောကနိဗ္ဗာန်ပဲ”

ဒီနေ့မှ ဘစိန် ဖဲကံခေလွန်းအားကြီးသည်။ သူ့ပတ်ပတ်လည်တွင် မြန်မာတစ်ယောက်မျှ မတွေ့ရ။ အားလုံး ပြည်ကြီးသားများသာ ဖြစ်သည်။ သူ့ညာဘက်က အင်္ကျီပွပွနှင့် တရုတ်မှာ အလံရှူးဖြစ်ဟန်တူသည်။ ဘစိန်သည် တရုတ်တွေ ကစားဝိုင်းတွင် ကလိမ်ကျသောခြေကို ကောင်းကောင်း မြင်သည်။ သို့ပေမဲ့ မတတ်နိုင်။ ဝိုင်းတွင် ထိုင်ကတည်းက တစ်လက်နှစ်လက်သာ အလျော်ရခဲ့သည်။ အလံရှူးတရုတ်မှာ နှစ်ချီလောက် ငွေနှစ်ဆယ်စီ အလျော်ရလိုက်သည်။

ခဏတွင် အလံရှူး ထသွားကာ ပိုက်ကျူးဝိုင်းတွင် ထိုင်လေသည်။ ဘစိန်မှာ ဖဲသွေးကြီးလွန်းသည်။ တရုတ်တွေအလယ်တွင် တစ်ယောက်တည်းလာ၍ ကစားရဲသည်မှာ အတော်ပင် သတ္တိကောင်းသည်ဟု ခေါ်ရပေမည်။

ဘစိန်သည် ငွေသုံးဆယ်ခန့်ရှုံးအပြီးတွင် တရုတ်ထံမှ ဖဲသုံးချပ်ကို ယူ၍ ကြည့်လေသည်။ ကုလားတစ်ကောင် ရှစ်ဖဲတစ်ချပ်နှင့် တစ်ဖဲတစ်ချပ်။

“ကျီနော်တို့ ကုလီကုမာမလုပ်ဘူးဆရာကြီး”

နောက်မှာမူကား ဘစိန်လက်ညှိုးမှာ ရှစ်ဖဲနှင့် တစ်ဖဲသို့သာ ဝဲလည်နေသည်။ သို့နှင့် ရှိသမျှ ပြောင်မှ ကစားဝိုင်းမှ ဆင်းခဲ့သည်။

တစ်ခုတော့ သူ စဉ်းစားနေပြီ။ အောင်ဘက ၁၂ နာရီပွဲအပြီး ဗဟန်းဘက်မှ ပြန်ရင်တော့ ငွေရနိုင်မည် ပြောသည်။ သို့သော် အသေအချာ အတိအကျမဟုတ်။

ဒါပေမဲ့ ရရင် ချက်ချင်း လတ္တာလမ်းသို့ ပြန်မည်ဟူသော ဇွဲမျိုး ဘစိန်မှာ ကောင်းကောင်း ရှိသည်။ ငွေသာ အခုရရင် အခုပြန်ပြီး ဝိုင်းထိုင်မည်ဟု ဘစိန် စိတ်ပိုင်းဖြတ်ထားသည်။

၁၇ လမ်းထိပ်သို့ ရောက်သောအခါ လမ်းထဲမှ လူနှစ်ယောက်ထွက်လာသည်ကို တွေ့ရသည်။ နှစ်ယောက်စလုံးမှာ တပြုံးပြုံးနှင့် စကားပြောလာကြသည်။ နှစ်ယောက်စလုံး သူတို့ပြီးစီးခဲ့သော အလုပ်တွင် ကျေနပ်ဖွယ်များ တွေ့လာခဲ့ကြဟန်ရှိသည်။ ဒါမျိုးကိုလည်း ဘစိန် စိတ်မဝင်စား။ ခုနေ အောင်ဘဆီအထိ မြေနီကုန်းကို မပြန်ရဘဲ အနီးအနားတွင်သာ ငွေငါးကျပ် တစ်ဆယ်ရရင် သူပြန်သွားပြီး ဝိုင်းတွင်ထိုင်မည်။

ဆေးရုံကြီးမှ ၁၂-နာရီ သံချောင်းခေါက်သံကို ကြားရသည်။ ဘစိန်သည် ဂေါ်ဒဝင်လမ်းအတိုင်း မြောက်သို့ လျှောက်လာခဲ့သည်။ သို့နှင့် မီးရထားခုံးတံတားကို ကျော်လာခဲ့သည်။ မြင်းပြိုင်ကွင်းဟောင်းဆီမှ ခွေးအူသံမှာ တစ်ခါတစ်ရံ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။ လရောင်အောက်တွင် ကုက္ကိုပင်မှ အရိပ်တို့သည် ရာဇမတ် ကွက်သဖွယ် ဟိုတစ်ပြောက် ဒီတစ်ပြောက် ထင်နေသည်။ မြောက်​လေမှာလည်း အသည်းခိုက်အောင် တိုက်လာသည်။ အဝေးရှိ တဲများ အိမ်များကို မှုန်မှုန်မွှားမွှားသာ မြင်ရတော့သည်။

ဘစိန်သည် မြေနီကုန်းကို ရောက်ရန်သာ စိတ် စောနေသည်။ သို့ကြောင့် ပြည်လမ်းသို့ လမ်းရှည်မည်စိုး၍ မဖြတ်ဘဲ အလုံလမ်းအထိ ဂေါ်ဒဝင်လမ်းအတိုင်း လျှောက်ရန် စဉ်းစားမိလေသည်။

လမ်းဘေး တဲအိမ်ကလေးများမှာ အစီအရီ ပြားပြားဝပ်နေကြသည်။ အိမ်ခြေမရှိ ရာခြေမရှိသူတို့၏ ညစခန်းချရာ ဖြစ်သည်။ တဲတိုင်းတွင် ခွေခွေစန့်စန့် အိပ်မောကျနေကြသူ တစ်ဦးနှစ်ဦးကို တွေ့ရသည်။ စစ်ပြီး ရန်ကုန်ဘဝမှာ ကွင်းကွင်းကွက်ကွက် သရုပ်ပေါ်လှသည်။ သို့နှင့် မြို့မကျောင်းအနီးသို့ ရောက်ခဲ့သည်။ နှင်းထုကလည်း အလွန်အမင်း ကြီးစိုးနေသည်။ မြို့မကျောင်း တံခါးပေါက်မှ မီးအရောင်ဖြင့် ၁၅ ကိုက်ပတ်လည်ကို ဘစိန် ထင်ထင်ရှားရှား မြင်ရသည်။ မီးရောင်အောက် တံခါးဘေးတွင် လဲလျောင်းနေသည့် တစ်ဦးတစ်ယောက်၏ ပုံသဏ္ဌာန်ကို သူ မြင်ရသည်။ ဘစိန်သည် အနီးသို့ ကပ်သွားသည်။

“ဟယ်… မိန်းမလေးတစ်ယောက်တည်း အိပ်နေလိုက်တာ”

မိန်းမလေးတစ်ယောက်သည် တံခါးတွင် ခွေခွေကလေး အိပ်ပျော်နေသည်။ နှင်းထုနှင့် မြောက်လေအေးဒဏ်ကို တုန်လှုပ်ဟန်မရှိ။ သူ့တွင် စောင်မပါ။ ဘယ်လက်ကို ခေါင်းတင်၍ ညာဘက်သို့ တစောင်းလှည့်ကာ အိပ်ပျော် နေသည်။ ဘေးတွင် ဒန်ခွက်တစ်ခုကို တွေ့ရသည်။ အင်္ကျီမှာလည်း စုတ်ပြတ်နေသည်။ လုံချည်မှာလည်း ဟောင်းနွမ်းလှသည်။ သူ့ကို လေလွင့်နေသော မိန်းမဟု….ခေါ်ရမလား။ မဟုတ်နိုင်၊ သူတောင်းစားမလေးဟုပင် အသိအမှတ်ပြုလိုက်သည်။

“ကောင်မလေးတော့ ချမ်းရှာမှာပဲ။ ဟေ …လက်ထဲမှာ ငါးကျပ်တန်တစ်ရွက်ပါလား”

ဘစိန်သည် သူတောင်းစားမကလေးကို စေ့စေ့စပ်စပ်ကြည့်ရာမှ ညာလက်တွင် ငါးကျပ်တန်တစ်ရွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို တွေ့ရလေသည်။

ထိုခဏတွင် ဘစိန်ဦးနှောက်၌ ပြုံးပြုံးကလေး မြှူနေသော ကုလားတစ်ကောင်ဟန်ကို အမှတ်ထင်လာသည်။

“ငွေငါးကျပ် တစ်ခါ ထိုးလိုက်ရင် ဆယ့်ငါးကျပ် လျော်မယ်၊ ဆယ့်ငါးကျပ် ဆက်ထိုးရင် လေးဆယ့်ငါးကျပ် လျော်မယ်”

ဤအတွေးဘီလူးမှာ ဘစိန်ကုပ်ကို ခွစီးနေသည်။

မရှိလို့ တောင်းစားနေရသည့် သူတောင်းစားမကလေး၊ သူ့ရှေ့တွင် ခွေခွေကလေး အိပ်ပျော်နေသူမှာ ခြေသလုံး အိမ်တိုင်ပြုကာ တောင်းရမ်းစားနေရသည်။

“ဟယ်၊ နက်ဖြန် အောင်ဘဆီကရမှာပဲ။ ဒီတော့ ဒီသူတောင်းစားမကို တစ်ဆယ်လောက်ပေးလိုက်မှာပေါ့၊ ခုနိုင်လာရင်လည်း သူ့ကို ပြန်ပေးနိုင်တာပဲ”

သူတောင်းစားမကလေး၏မျက်နှာမှာ အပြစ်ကင်းစင်လှသည်။ အသပြာတစ်ပဲသည်ပင် သူ့အဖို့ အတော် မောမောပန်းပန်း တောင်းယူရသည်။

ဘစိန်သည် အချီအချ စိတ်ထဲတွင် စစ်ခင်းနေကြသည်။ ကုလားဖဲတစ်ချပ်မှာ သူ့ကို လွန်မင်းစွာ ကြီးစိုးကာ မြူချော့၍ခေါ်နေသယောင် ထင်မြင်လာပြန်သည်။

ကိစ္စမရှိဘူး၊ ငါပြန်ပေးနိုင်ရမယ်။ မိုးမလင်းခင် ပြန်လာရင် သူ့ကို ငါ ဒီမှာတွေ့ရမှာပဲ။ ဒီတော့ ရှုံးရင်လည်း မြေနီကုန်းဘက် ခေါ်ခဲ့ပြီး အောင်ဘဆီက တောင်းပေးတာပေါ့။

ဘစိန်သည် အသပြာငါးကျပ်ကို သူတောင်းစားမကလေး လက်မှ အသာအယာ ဆွဲယူကာ လတ္တာလမ်းသို့ သုတ်ခြေတင်တော့သည်။

ဘစိန်ခြေလှမ်းမှာ အတော်ပင် သွက်လှသည်။ အလာတုန်းက နာရီဝက်ကျော်ကျော်လာခဲ့ရသော ခရီးကို အပြန်တွင် ဆယ့်ငါးမိနစ်ဖြင့် စံချိန်ချိုးလိုက်သည်။

နှုတ်ခမ်းမွေးရေးရေးနှင့် ဒိုင်တရုတ်သည် ဘစိန် ဝင်လာသည်ကို အမဲတစ်ကောင် ပြန်လာပြီဟူသော မျက်နှာထားနှင့် ကျေနပ်နှစ်သိမ့်စွာ ကြည့်နေသည်။ မငြင်းဆန်ဘဲပင် သူ့ကို လက်ခံလိုက်သည်။

“ငါးကျပ်”

ဘစိန်လက်ညှိုးအောက်တွင် ကုလားရုပ် ပြုံးပြုံးကလေး ပေါ်လာသည်။

ဆယ့်ငါးကျပ်နှင့် ကုလားဖဲပြုံးပြုံး… လေးဆယ့်ငါးကျပ်နှင့် ကုလားဖဲပြုံးပြုံး… တစ်ရာသုံးဆယ့်ငါးကျပ်နှင့် ကုလားဖဲပြုံးပြုံး.. ။

ဘစိန်ရှေ့တွင် ဆယ်တန်၊ ငါးကျပ်တန်၊ ကျပ်တန်များ အထပ်လိုက် အထပ်လိုက် ရောက်လာကြသည်။ တရုတ်တွေကလည်း ဘစိန်ကို ဝိုင်းကြည့်နေကြသည်။ ဘစိန်သည် ငွေနှစ်ထောင်နီးပါး နိုင်လိုက်သည်။

“ဟေး အစံ ဘီယာ သုံးပုလင်းလောက် ရေခဲနဲ့ ပေးစမ်းကွယ်”

ဘစိန်သည် ပါးစပ်ခြောက်နေ၍ ဖောက်သည်အစံကို တောင်းလိုက်သည်။ တစ်ခါတလေတော့ ဘစိန် ဘီယာကို ကြိုက်သည်။ သူ့ခံတွင်းတွင် ဘိလပ်ရည်ကို သောက်ရသလိုပင် ဖိန်းတိန်းတိန်းနေသည် ဟုထင်သည်။

“သွားမယ်ကွာ၊ လင်းခါနီးပြီ။ နက်ဖြန်မှ လာခဲ့ဦးမယ်။ ဒါထက် ငါ့ရွှေဆွဲကြိုးနဲ့ နာရီ ပြန်ပေးဟေ့”

ဘစိန်သည် နာရီနှင့် ရွှေဆွဲကြိုးကို ရွေးကာ လက်ကိုင်ပဝါနှင့်ပင် အင်္ကျီအိတ်သို့ထည့်ကာ တရုတ်တိုက်မှ ဆင်းခဲ့သည်။

ဘစိန်မှာ ဖဲ ဝါရင့်နေပြီ။ နိုင်လျှင်လည်း မတုန်လှုပ်၊ ရှုံးလျှင်လည်း သူ မတုန်လှုပ်၊ သို့သော် တရုတ်ကစားဝိုင်း မှ ဆင်းလာကတည်းက သူ့ခြေလှမ်းများမှာ သွက်သွက်လက်လက် ရှိလှသည်။

“ခွေးကောင်တွေ လိုက်လာချင်လာမှာ”

ဘစိန်သည် စိတ်ချောက်ချားကာ နောက်သို့ လှည့်ကြည့်မိသည်။

ဒီတစ်ခါတော့ သူ့အာရုံတွင် မြို့မကျောင်းရှေ့က သူတောင်စားမကလေးသာ အမှတ်ထင်ခဲ့သည်။ သူ့နာရီလက်တံမှာ သုံးနာရီခွဲနေပြီ။

“ကောင်မကလေး အရင်းအနှီး ထုတ်ပေးလိုက်မယ်၊ တောင်းမစားစေရဘူး။ တို့အဖို့ကတော့ နှဲသမားလိုပဲဟာ ဖောင်းချည်၊ ပိန်ချည်နေမှာပဲ။ ဒီတော့ သူ့ကို ဟိုဟာလေး ဒီဟာလေးစရောင်းရအောင် အရင်းအနှီးကလေး တစ်ရာလောက် ပေးလိုက်ရင် ဝမ်းသာမှာပဲ”

မိုးလင်းခါနီး၍ ညဦးကထက် အချမ်းမှာ ထူးကဲလာသည်။ မြောက်လေကလည်း တဖြူးဖြူး တိုက်ခတ်နေသည်။ နှင်းလည်း တဖွဲဖွဲ အဆက်မပြတ် ကျနေသည်။ ဘစိန်သည် ဂေါ်ဒဝင်လမ်းလမ်းမကြီးပေါ် ရောက်နေသည်။ ဆေးရုံကြီး အနောက်ဆောင်မှ လူနာတစ်ဦး စူးစူးဝါးဝါး အော်သံကို ဘစိန် ဂရုစိုက်မိသည်။

ဘစိန်သည် ခြေလှမ်းသွက်သွက်ဖြင့် မြို့မကျောင်းဆီသို့ ရှေးရှုသုတ်ခြေတင်ခဲ့သည်။

“တော်ပါသေးရဲ့၊ ကောင်မလေးရှိသေးတယ်”

အဝေးမှ မီးရောင်အောက်တွင် ခွေခွေကလေး အိပ်နေသော သူတောင်းစားမလေးသဏ္ဌာန်ကို ဘစိန် မြင်ရသည်။ ကုက္ကိုရွက်များအကြားသို့ မြောက်လေတိုက်၍ သစ်ရွက်မြည်သံသည် မီးရထားခေါင်းတွဲမှ ရေနွေးငွေ့ထုတ်သံလို တရှဲရှဲ မြည်လျက်ရှိသည်။

မြင်းပြိုင်ကွင်းဟောင်းတစ်ဘက် ဦးဝိစာရလမ်းသစ် ဆင်းရဲသားတို့၏စံမြန်းရာ တဲကုပ်များ၏ မည်းမည်းပုပုသဏ္ဌာန်များကို အဝေးမှ မြင်ရသည်။ ရန်ကုန်အရှေ့ပိုင်းတွင် ကုလားများ ကြီးစိုးသည်။ ပန်းဆိုးတန်းတစ်လျှောက်တွင် နိုင်ငံခြားသား အရင်းရှင်ကုမ္ပဏီကြီးများ အခြေစိုက်၍၊ သိမ်ကြီးဈေးအနောက်ဘက်ကိုမူ တရုတ်တို့ ကျက်စားသဖြင့် မြန်မာတို့မှာ မြောက်ဘက်သို့ တရွေ့ရွေ့ ပိဆင်း လာရတော့သည်။

ဦးဝိစာရလမ်းသစ်တစ်လျှောက်မှာ လမ်းဘေးတဲအိမ်ကလေးများ စီတန်းလျက်ရှိသည်။ ရန်ကုန်ရှိ မြန်မာတို့၏စီးပွားရေးကား ရေခဲခြစ်ရောင်းခြင်း၊ ဘုရားကုန်းတော်မှ ပန်းသည်နှင့် ရုပ်ရှင်ရုံရှေ့မှ ကွမ်းယာသည်တို့သာ ဖြစ်လေသည်။

ဤမျှ စီးပွားရေးကျပ်တည်းလှသည့်အခြေတွင် သူတောင်းစားမကလေးတို့၏ လုပ်ငန်းမှာ ခရီးရောက်နိုင်မည်မထင်၊ တစ်နေ့ ငါးမူးရရန် အတော်ပင် ခဲယဉ်းပေလိမ့်မည်။

ဘစိန်သည် မြို့မကျောင်းတံခါးဝတွင် တွေတွေကြီး ရပ်နေလေသည်။ သူသည် သူတောင်းစားမကလေးကို နှိုးကာ ရုတ်တရက် ဝမ်းသာစေလိုက်မည်။ သည်အကြံဖြင့် ဘစိန်သည် အိပ်ပျော်နေသော သူတောင်းစားမကလေးကို လက်ဖြင့် ပုတ်နှိုးလိုက်သည်။ တဖွဲဖွဲကျသော နှင်းထုကြောင့် မိန်းကလေးကိုယ်မှာ အေးစက်နေသည်။

နှစ်ချက်.. သုံးချက်… ။ ဆင့်၍ ဆင့်၍ ပုတ်သော်လည်း သူတောင်းစားမကလေးမှာ မလှုပ်မယှက် တည်ငြိမ်လှသည်။ ထိုအခါတွင် ဘစိန် ဦးနှောက်သို့ ထိုးဖောက်ဝင်လာသော အသိဉာဏ်မှာကား ကောင်မလေး သေများနေသလားဟူ၍ပင် ဖြစ်သည်။

ဘစိန်သည် ခြေလက်တို့ကို စမ်းကြည့်သည်။ ခြေလက်တို့မှာ တောင့်တင်း၍ အေးစက်နေသည်။ အသက်ရှူသံ မကြားရ၊ သည်တော့မှ “ဟယ်…သေရှာပြီ..” ဟု အသံထွက်ကာ ဘစိန် အော်မိလေသည်။

ဘစိန် ရည်ရွယ်ချက်ကား အချည်းနှီးဖြစ်ခဲ့ပြီ။ မဆီမဆိုင် သွေးမတော်သားမစပ်ဘဲ ဘစိန်မှာ ဝမ်းနည်းလွန်း၍ မျက်ရည်ပေါက်ပင် ကျမိသည်။

ဘစိန်သည် ငါးကျပ်တန် အချပ်နှစ်ဆယ်ကို ကိုင်ကာ မလှုပ်မယှက် အလောင်းကိုကြည့်ရင်း တွေတွေကြီး ငိုင်နေလေသည်။
—————
#ကျော်အောင်

📖

သောကြာကြိုက် ‌ေသာ ဝတ္ထုတိုများမှ

Leave a Reply

Your email address will not be published. Required fields are marked *