Novel

သွေးဆုံးချိန်

အောင်မယ် … သင်းတို့ကများ၊ ငါ့ကို ဒီအသက် ဒီအရွယ်ကြီးနဲ့ စိတ်မကုန်သေးဘူးလားတဲ့… ဟင်။ သယ်… ငါက ဘယ်အရွယ်ရှိနေလို့ စိတ်ကုန်ရမှာတုန်း။ ကဲ… အဲသလိုပြောတော့ နင်တို့ ဘယ့်နှယ့်နေသလဲဟဲ့။ သယ်… ဒီမအေရိုးကို ငါကလော်တုတ်လိုက်ရရင် ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ၀က်၀က်ကွဲသွားရော့မယ်။ နင်တို့က ဘာငြူစူတာလဲ။ နင်တို့ မောင်နှမနှစ်ယောက် သားကြီး သမီးကြီးနဲ့ ဖြစ်လာကြပြီ။ ဒီကနေ့ အထိ ဘာလိုလေသေးတာရှိသလဲ။ အဲဒါတွေဟာ နင်တို့လုပ်စာလား … ဟင်။

 

ဟဲ့ … သာ၀ နင်ဘာမှထပ်မရှည်နဲ့။ နင့်သောက်စကားကို ငါနားကလောလှတယ်။ နင်ဟာ ငါ့သမီးကစပ်မှ ငါ့သမက်တော်ရတာ။ နင် အနေသာကြီးပါဟယ်။ နင်ကကော နင့်လုပ်စာ ဘယ်နှစ်ပြားသားရှိလို့လဲ။ ဒီကနေ့အထိ ယောက္ခမကို မှီခိုပြီး စားနေတာ နင်မဟုတ်လား။ အောင်မယ် … နင်ကလားဟဲ့၊ ငါ့ကို အမယ်ကြီးလို့ ခေါ်ရတာ။ ဟဲ့ … ခွေးမျိုး၊ ၀က်မျိုး။ ငါ့သမီးလည်းယူသေးရဲ့။ ငါ့လည်း ဒီစကားမျိုးပြောသေးရဲ့။ လာလာချည်သေးသတော်။“ ဒီ အမယ်ကြီးဟာ ဘာစကားပြောတာတုန်း” တဲ့။ ပြီးတော့လည်း “ကျုပ် တစ်မိုးတွင်းလုံး နွားနဲ့ ဖက်ရုန်းလို့ စပါးရတာပါ” တဲ့။ ဟဲ့ … နင်က နွားနဲ့သာ ဖက်ရုန်းတတ်တဲ့ အကောင်။ ဒါကြောင့် နင့်ကို ဖက်ရုန်းခိုင်းရတာပေါ့။

 

ဟဲ့ …. ဖိုးရွှေ နင်က နင့်ယောက်ဖထိတော့ မချိအောင် နာတတ်သလား … ဟင်။ အောင်မယ် … ဟိုကောင်မ မိဖွားရုံက သူ့လင်ဘက်က ရှေ့နေလိုက်နေသကိုး။ နင်လဲ အတူတူပဲ။ နင်ဟာ နွားနဲ့ ဖက်ရုန်းတတ်တဲ့သူနဲ့တော်လို့သာ၊ နွားလို အကောင်နဲ့ ညားခဲ့တာပဲ။ စဉ်းစားစမ်း။ ဟဲ့ … မိဖေ၊ နင့်ဟာနင် ကမြင်းကြောထပြီး လင်နောက်လိုက်တုန်းက ငါဘာပြောသလဲ။ လင်ယူတာ ထုံးစံဟဲ့။ ဓမ္မတာဟဲ့။ ဘာဖြစ်ဦးမှာလဲ။ ညည်းလဲ ညည်းကြိုက်တာ ညည်းယူခဲ့ပြီ မဟုတ်လား။ ငါဘာပြောသလဲ။ သာ၀ရဲ့ အမေက လာအပ်တဲ့အခါ ငါက အမွေဖြတ်မဟဲ့လို့များ ပြောဘူးသလား။ နင်တို့ကို ငါ ကြည်ကြည်ဖြူဖြူ အိမ်မှာလက်ခံပြီးတော့ အရင်းအနှီးစိုက်ထုတ်ပေးပြီး၊ ဟိုဗန့်ဗွေးကုန်းတောင်ဘက်က အလံလေးဆယ် လယ်နှစ်ခွက်ကို လုပ်စားဖို့ ပေးခဲ့တယ် မဟုတ်လား။ နင့်လင် သောက်ဖြစ်မရှိလို့ စပါးမအောင်တော့ကော ငါက ဘာပြောဖူးသလဲ။ လယ်သမား သားသမီးတဲ့တော်။ နှီးကလေး တစ်ပင်တောင် မထိုးတတ်ဘူး။ သောက်ဖျင်းနိုင်လိုက်တာလည်းလွန်ရော။

 

ဟဲ့ … ဒီကောင်ကလေးဟာ မျောက်ဟိုဒင်းကို သမန်းရှသလို နန့်တန့် နန့်တန့်နဲ့ သောက်ပေါကလေး။ ဒီမှာ လူကြီးစကားပြောလို့ ပြောမှန်းမသိဘူး။ ဟဲ့ … သောက်လိုက်ကန်းဆိုးမသိတဲ့ သာ၀။ နင့်သား နင်ဆွဲထားစမ်း။ ငါစိတ်ပေါက်ပေါက်နဲ့ ထသတ်ရရင် သင်းချိုင်းရောက်ကုန်လိမ့်မယ်။ ငြိမ်းတုတ် တဲ့နော်။ တစ်တုတ် ထဲရှိတယ်။ အောင်မယ် ဟိုမီးဖိုချောင်ထဲက ကောင်မက ဘာ ဖြစ်တောက် ဖြစ်တောက် လုပ်နေတာလဲ။ ဟဲ့ … ငါမအိုသေးဘူးဟဲ့။ နားမထိုင်းသေးဘူးဟဲ့။ နင့် အဖေ ရင်မောင် တို့လို နားထိုင်းမျိုးမဟုတ်ဘူး။ နားထိုင်းမျိုး။ နားထိုင်းမျိုး။ ကိုင်း … ပြောသဟယ် ဘာဖြစ်သေးသလဲ။ ညည်းက ညည်းလင်တော်မောင် အားကိုးနဲ့ ငါ့ကို အာမခံနဲ့။ ဟေ့ … ဒီမှာ ကြည့်စမ်း၊ မိဂေါက်။ နင့် အမျိုးအကြောင်းကို ပါးစပ်ဟရင် အူမ မကျန် ငါမြင်တယ်။ နင့်ဒွေးတော် အပျိုကြီးဟာလည်း အသက်လေးဆယ်ကျော်မှ လင့်နောက်လိုက်ပြေးတယ် မဟုတ်လား။ ဟေ့ … ဒီမှာ မျက်နှာကို စေ့စေ့ကြည့်စမ်း။ လင်ကောင်တစ်ယောက်ကို ခေါင်းခေါက် ယူနိုင်သေးတယ် မှတ်လိုက်ပါ။ ဒါပေမယ့် နင့်ဒွေးတော်လို ပုန်းလျှိုး ဝှက်လျှိုး လင်နောက် မလိုက်ဖူးမှတ်။ နင့်အမျိုးထဲမှာ အဲသလို လင်နောက်လိုက်ပြေးတဲ့ လူတွေ များလျှက်ကနဲ့ နင်နဲ့ဖိုးရွှေ ညားကြပြီဆိုတော့ ပုန်းလျှိုး ဝှက်လျှိုး မညားရအောင် လူသိနတ်ကြား မင်္ဂလာဆောင်ပြီး ပေးစားလိုက်တာ ငါမဟုတ်လားဟဲ့။ ဟော … အခုမှ ချွေးမပီပီ သောက်ကျေးဇူး မသိတတ်ဘူး။ အောင်မယ် သူကများ ငါ့ကို လင်စိတ်မွှန်သလေ့ ဘာလေးနဲ့။ ကောင်မက ငါဒီကနေပြီး ထွေးခံနဲ့ ပေါက်လိုက်ရင် နဖူးစုတ်သွားမယ်။

 

ဟေ့ … ဖိုးရွှေ။ မင်းဟာ နားရွက်မလှုပ်ပါနဲ့။ နင်ဟာ မောင်နှမနှစ်ယောက်ထဲမှာ ကြီးပေမယ့် အချိန်မစီးဘူး။ နင်သိသင့်တယ်။ နင့် အဖေဆုံးတော့ နင်ဘယ်အရွယ်ရှိပလဲ။ နင်မှတ်မိရဲ့လား။ နင်ဟာ ပုဆိုးကွင်းသိုင်းတုန်း ရှိသေးတယ်။ ဖွားရုံတောင်မှ သင်တိုင်းကလေးနဲ့ နှပ်ချေးတွဲလောင်းပဲ။ နင့်ကိုတောင် ရှင်မပြုရသေးဘူး။ အဲ … နင် ဆယ်နှစ်၊ ဆယ့်တစ်နှစ် အရွယ်လောက်မှာ နင့်အဖေဆုံးတယ်။ နင့်အဖေ ကိုရင်ကြူး ဆုံးတော့ ငါ့ အသက် သုံးဆယ်တောင်မပြည့်သေးဘူး။ ၀တ်ချင်စားချင်နေတုန်း အရွယ်ဘဲ။ အလှဂုဏ်နဲ့ မောက်နိုင်သေးတဲ့ အရွယ်ပဲ။ နင့်ဖိုးဖိုးဟာ ရပ်ရွာမှာ လယ်တစ်ထောင်ခင်းလောက် ပိုင်တာမို့ မုဆိုးမဖြစ်ရပေမယ့် မျက်နှာမငယ်ခဲ့ပါဘူး။ တစ်ပင်လဲမူ တစ်ပင်ထူမယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ကိုရင်ကြူးကို ငါယူတာ မိဘပေးစားလို့ ယူခဲ့ရတာပါ။ အပျိုဖြန်းဘ၀မှာ လင်ယူတာ ဘာအရသာလဲဆိုတာ ငါမသိခဲ့ပါဘူး။ သားတွေသမီးတွေ ထွန်းကားလာတော့မှပဲ အိမ်မှာ နင်တို့မောင်နှမ ပျော်ပျော်ပါးပါးနေကြတာတွေကို တွေ့ရတော့မှ အိမ်ထောင်ရေးသုခဆိုတာ ဒါကိုးလို့ ငါသိခဲ့တယ်။ နင်တို့ကို သားသမီးဆိုပြီး၊ ငါဘယ်လောက်ချစ်ခဲ့ရသလဲ သိလားဟဲ့။ ခုတော့ နင်တို့ကို မိဘမေတ္တာနဲ့ ဖူးဖူးမှုတ်ခဲ့ရသမျှ ငါ့မှာ ၀မ်းရေစပ်တာသာ အဖတ်တင်သဟဲ့။

 

ကြည့်စမ်း။ နင်တို့ သမုတ်နေတဲ့ ကောင်ကလေးဟာ ငါ့သားလောက် အရွယ်ပါဟယ်။ နင်တို့ထက်တောင် ငယ်ပါသေးတယ်။ ငါက စိတ်ကူးထဲ ထည့်မလား … ဟင်။ ခုတော့ နင်တို့ကအစ သမုတ်တော့ ကောင်ကလေးကလည်း ရဲတင်းလာတာပေါ့။ သယ် … သယ် … ဟဲ့ ဖိုးရွှေ … ခွေးမသား၊ နင် ဒီလို မိုက်မိုက်ကန်းကန်း မပြောနဲ့။ ကောင်ကလေးက ရိုးရိုးပါ။ ငါက သားသမီးအရွယ်မို့ ဘယ်သွားသွား အဖော်ခေါ်တယ်။ နင်တို့ မကြိုက်ဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် လူဆိုတာ ဒီလိုပဲ ကိုယ့်အပေါ်ကို လူချစ်လူခင်ရှိအောင် ပေါင်းသင်းဆက်ဆံဖို့လိုတယ်။ ဒါ့ကြောင့်လည်း ငါဟာ ဟိုရွားနီးချုပ်စပ်တွေကို ညမရှောင် နေ့မရှောင် သွားဝံ့တာပေါ့။ သူကလည်း သူ့ကို ငါက လယ်လုပ်သားလို သဘောမထားဘဲ တူလို သားလို သဘောထားတော့ ငါ့ကို အမေအရင်းလို စောင့်ရှောက်တာပေါ့။ နင်တို့က နင်တို့လင်တွေ နင်တို့မယားတွေနဲ့သာ အနားက တစ်ဖဝါးမှ မခွာနိုင်ဖြစ်တော့ ငါလဲ အဖော်ရှာရတာပေါ့။ ဒါ့ကြောင့်လည်း အချိန်တန်တော့ လယ်ထောက်ခ စပါးတွေဟာ ကျီထဲ၀င်လာတာပေါ့။ နင်တို့ ခြေမွှေး မီးလောင်ရရဲ့လားဟင်။ နင်တို့ လက်မွှေး မီးလောင်ရရဲ့လားဟင်။ ဟဲ့ … ဖိုးရွှေ … မအေရိုး၊ ငါပြောတာ နားထောင်စမ်း။

 

ဟေ့ … ဟိုမီးဖိုချောင်ထဲက သောက်ကောင်မဟာ ငါစကားပြောတုန်း ဆောင့်ကြီး အောင့်ကြီးနဲ့ ငရုတ်သီး မထောင်းပါနဲ့။ ဆုံကွဲသွားပမယ်။ ဒီအိမ်မှာ ရှိတဲ့ ပစ္စည်းဟာ ငါ့ပစ္စည်း။ ငါရှာတဲ့ပစ္စည်း။ နင်တို့ လုပ်စာမရှိဘူး။ နင်တို့ဟာ သားသမီးဆိုပေမယ့် သူရင်းငှားသာသာပဲ ရှိတယ်။ ဒီလယ် ဒီချောင်းတွေကို ငါပေးမှ နင်တို့ရမှာ။ နင်တို့ကိုယ်နင်တို့ အထင်မကြီးပါနဲ့။ ချွေးမက ချွေးမလိုနေပါ။ သားအမိ ကိစ္စထဲမှာ ညည်း ဘာမှ ၀င်စွက်ဖို့ မလိုဘူး။ ဒီအိမ်မှာ ငါ့သဘော။ ငါလုပ်ချင်ရာ လုပ်မယ်။ ပြောချင်ရာ ပြောမယ်။ ခုနစ်အိမ် မကဘူး၊ ဆယ်အိမ်ကြားကြား၊ ညည်းအပူ တပြားသားမှ မပါဘူး။ ငြိမ်းတုတ် ဆိုလို့ တစ်တုတ်ထဲ ရှိသကွဲ့နော်။ ညည်းကို ငါက ပါးဆွဲမရိုက်ဝံ့ဘူး အောက်မေ့သလား။

 

နင်တို့တတွေကြောင့် ပေါ့ဟယ်။ နင်တို့ကိုသာ မမွေးရဘူဆိုရင်၊ ဟဲ့ … ဖိုးရွှေ၊ ငါ ဘွင်းဘွင်းပြောမယ်။ နင် ရှင်ပြုတဲ့ နှစ်တုန်းက ငါ နောက်အိမ်ထောင်ပြုဖို့ စိတ်ကူးမိပါတယ်။ ရွာထိပ်က ကိုရင်လှိုင်ကြီးက ငါ့ကို လိုချင်နေတာ ကြာပြီ။ နင်တို့မျက်နှာကိုထောက်ပြီး ငါ မယူခဲ့ပါဘူး။ ငါ့ သားတွေ မျက်နှာငယ်မယ်။ ငါ့ သမီးတွေ မျက်နှာငယ်မယ်။ ကိုရင်ကြူး ထားခဲ့တဲ့ ပစ္စည်းတွေ ဖရိုဖရဲဖြစ်မှာ စိုးတယ်။ နင်တို့အတွက် နောင်ရေးခက်မှာ စိုးလို့ ငါကိုယ်တိုင်က သဘောမတူနိုင်စရာ မရှိပေမယ့် မယူခဲ့ပါဘူးဟဲ့။ ဒါတွင် က ရိုးလား။ ငါ့မှာ သားကြီး သမီးကြီး နှစ်ယောက်ရှိပေမယ့် အိုတယ်သာဆိုရ အပျိုကရှုံးပြန် ဆိုတာလို မုဆိုးမဘဝပေမယ့် မျက်နှာငယ်တယ်လို့များ မအောက်မေ့နဲ့။ ငါက ခေါင်းခေါက်ပြီး လင်ရွေးနိုင်သေးတယ်။ မြို့ကစပါးပွဲစားတွေ ခဏခဏ စကားကမ်းကြပါရဲ့။ ညည်းတို့ မှတ်မိမှာပေါ့။ ဟင်္သာတက စပါးပွဲစား ကိုညိုစိမ့်ဆိုတာ သနားကမားပါ။ ရိုးဂုဏ်လည်း ရှိပါတယ်။ ပစ္စည်း ပစ္စယလည်း မခေပါဘူး။ အခုဆိုတော့ စတီးစပါးဒိုင်မှာ အ၀ယ်တော်ဖြစ်နေပြီ။ သူနဲ့သာ ငါယူခဲ့မယ်ဆိုရင် အခု ညည်းတို့တတွေ စိန်နားကပ် တ၀င်း၀င်းနဲ့နေမှာပေါ့။ ဒါမျိုးကျတော့ ညည်းတို့က ဒီလိုလင်မျိုးကို အမေ နှစ်ထပ်ကွမ်း ယူတော်မူပါလို့တောင် ငါ့ကိုနှူးကြဦးမယ်။ နင်တို့ ဓာတ်ကြောကို သိပါတယ်။ နင်တို့ အဖေ ကိုရင်ကြူး မျက်နှာကို ထောက်ထားပြီး နင်တို့ ပြောနေတာမဟုတ်ပါဘူး။ နင်တို့ဟာ ပစ္စည်းတို့၊ ဂုဏ်တို့ကို အင်မတန်မက်တာ။ ဒါကြောင့် အခု ငါဟာ ကောင်ကလေးနဲ့ တွဲနေတာကို မရှုစိမ့်နိုင်တာပဲ။ ဒီ ကောင်ကလေးကသာ ရွှေတွဲလွဲ ငွေတွဲလွဲဆိုရင် နင်တို့ကအရင် ငါ့ကိုပေးစားမှာပဲ။

 

ဘာမဟုတ်ဘူးလဲ။ အသက်ငယ်ရော ဘာဖြစ်သေးသလဲ။ ငါကကော ဘယ်လောက်ကြီးသေးလို့လဲ။ ဒီအရွယ် သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းတာကို မင်းတို့က ဘာအမှုနဲ့ တရားစွဲချင်သလဲ။ ငါ တစ်သက်လုံးက နံ့သာဖြူ ခြေဆုံးခေါင်းဆုံး လိမ်းလာတာ နင်တို့မသိဘူးလား။ တစ်သက်လုံး မဟာနဖူး သ သ လာတာ နင်တို့ မမြင်မိဘူးလား။ မျက်ခုံးမွှေးနုတ်တာကော နင်တို့နဲ့ ဘာဆိုင်သတုန်း။ နင်တို့ ငါ့ကို ဒီလိုချုပ်ချယ်လို့ ရနိုင်ရိုးလား။ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့ရပေမယ့် အပျိုကလေးလို တစ်သက်လုံးနေလာတာ နင်တို့မသိဘူးလား။ ခွေးမျိုး ၀က်မျိုးတွေ။ နင်တို့ ဒီလောက် သ၀န်ကြောင်မှန်းသိရင် အာလာဂပ္ပချစ်တီးနဲ့တုန်းက ငါယူလိုက်ရ အကောင်းသား။ ဒါမှ သင်းတို့ ချစ်တီးကို ပထွေးတော်ရမယ်။ ကိုင်း … တစ်ခုပြောစမ်း။ ငါ ဒီအသက် ဒီအရွယ်ရောက်လာပြီ၊ ငါ ဘယ်နေရာမှာ လော်မာခဲ့ဘူးသလဲ။ အစစ အရာရာမှာ နင်တို့တစ်တွေကို ထောက်ထားပြီးတော့ အရွယ်ကောင်းတုန်းမှာ တစ်ပင်လဲသော် တစ်ပင်မထူခဲ့ပါဘူး။ ခုလို မြေးတွေရနေတဲ့ အချိန်မှာ ကိုယ့်သိက္ခာ ကိုယ်စောင့်ထိန်းခဲ့တယ်။ အယ် … ဟို ယောကျ်ားနဲ့တွဲတွဲ၊ ဒီယောကျ်ားနဲ့ တွဲတွဲနေတာကကော နင်တို့လို အလေလိုက်ဖို့ တွဲတာမှ မဟုတ်ဘဲ။ ကုန်သည်ဘာ၀ သူ့ အထိုက်အလိုက် ပေါင်းရတာပေါ့။ ဒါကို နင်တို့က မြှူချနေတယ် ထင်သလား။ မြှူချတော့လည်း ကျတယ်မဟုတ်လား။ ဒါ့ကြောင့်လည်း နင်တို့မှာ လယ်တွေချောင်းတွေ တိုးပွားနေတာ မဟုတ်လား။ ငါမြှူတာကို သတ္ထုချကြည့်တော့ ဘယ်သူ့ဖို့လဲ ဟဲ့။ နင်တို့ ကောင်းစားဖို့ပဲ မဟုတ်လားဟင်။ ကိုင်း … ဘာပြောချင်သေးသလဲ။

 

နင်တို့ မျက်နှာမငယ်ရအောင် ငါလုပ်ခဲ့တယ်မဟုတ်လား။ ဒါ့ကြောင့် အခုရွာထဲမှာဆိုရင် နင်တို့ဟာ မြေပိုင်ရှင် ဒေါ်ငြိမ်းတုတ်ရဲ့ သားသမီးများဆိုပြီး လူရာ၀င်လာကြပြီ မဟုတ်လား။ အဲဒီတော့မှ နင်တို့က ငါ့ကို ရမယ်ရှာပြီး အမွေလုချင်ကြသလား။ ဟေ့ … လုစရာ မလိုပါဘူးကွဲ့။ ဟဲ့ … သာ၀ရဲ့၊ ငါတောက်တီတောက်တဲ့ ပြောနေတာမဟုတ်ဘူး။ ဟုတ်တာပြောတာ။ နင်တို့ ငါ့ပစ္စည်းကို ငါမသေခင် အမွေခွဲဖို့ မလိုဘူး။ ငါရှာလာသမျှ နင်တို့ မောင်နှမဖို့ချည်းပဲ။ ငါကတော့ အမေကိုး။ မြစ်ဆိုတာဟာ အညာက အောက်ကိုစုန်တယ်။ အောက်က အထက်ပြန်ဆန်တာ မရှိဘူး။ ဒီတော့ ငါ့စိတ်နဲ့ ငါ့ကိုယ် ငါလုပ်ချင်တာလုပ်တာတောင်မှ နင်တို့ကို အမွေခွဲပေးပြီးမှ လုပ်မယ်။

 

အခု နင်တို့က ငါ့ကို ထွန်းရှိန်နဲ့ အနေအထိုင် မတော်ဘူးလို့ပြောတယ်။ ဟေ့ … ထွန်းရှိန်ဟာ လက်ညှိုးထိုးထည်တောင် ကိုက်တတ်တာ မဟုတ်ဘူး။ ရိုးတယ်။ စိတ်ချရတယ်။ ကူဖော်လောင်ဖက်ရတယ်။ နင်တို့နဲ့တောင် မတူဘူး။ နင်တို့ ကြွေးတောင်းရင် တောင်းလို့ရတဲ့ ပိုက်ဆံထဲက ထန်းရည်ဖိုးနှုတ်သေးတယ်။ ဒီကောင်လေးက အသောက်အစားမရှိ၊ အလောင်းအစားကင်းတယ်။ ပွဲလမ်းသဘင်မှာ အချိန်မဖြုန်းဘူး။ ငါ့စကားကို မြေ၀ယ်မကျ နားထောင်တယ်။ သူ့ကို စာရင်းအင်းကလေးမှတ်ဖို့ ငါခေါ်ထားတာ။ သူက အားအားရှိရင် မနေတတ်ဘူး။ ဒါကြောင့် လယ်ထဲဆင်းနေတယ်။ ဒါတွေဟာ နင်တို့ သက်သာဖို့ချည်းပဲ။ အခုတော့ နင်တို့ပြောပုံ ကောင်းသေးရဲ့လား။ နင်တို့က အဲသလို ကြပ်ကြပ်ပြောတော့ ကောင်ကလေးစိတ်တွေလည်း ဟိုလိုလို ဒီလိုလို ဖြစ်နေတာပေါ့။ ဒီအထဲမှာ ရွာထဲက သွားပုပ်လေလွင့် ပြောကြပြန်တော့ ကောင်ကလေးမှာ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ဆိုပြီး လက်ရဲဇက်ရဲ ဖြစ်လာတယ်။ ဒီအထဲ နင်တို့က မီးလောင် လေပင့် စကားပြောကြပြန်တယ်။ ငါလည်း သောက်ရှက်ကွဲတာပဲ။ နင်တို့လည်း သောက်ရှက်ကွဲတာပဲ။

 

ငါက လင်ငယ်ငယ်ကလေး ယူချင်လို့ပြောနေတာ မဟုတ်ဘူး။ နင်တို့က နင်တို့ကိုယ်နင်တို့ ဘာထင်နေကြတာတုန်း။ ငါ သနပ်ခါး ခေါင်းဆုံးခြေဆုံး လိမ်းတာကအစ နင်တို့က မကြိုက်နိုင်ဘူး။ ငါ အမေ ကိုတောင် နင်တို့က ဘာမတော်ဘူး ညာမတော်ဘူးဆိုပြီး သြဇာပေးရအောင် နင်တို့ကို ငါကမွေးထုတ်တာလား၊ ငါ့ကို နင်တို့က မွေးထုတ်တာလား။ ငါ့ အပေါ်မှာ သြဇာလာမပေးနဲ့။ မနေချင်ရင် အိမ်ကဆင်းသွားကြ။ အေး ငါမသေခင် အမွေတော့ မတောင်းကြနဲ့ဦး။ နင်တို့ အခုလုပ်နေတဲ့ လယ်ကို ဆက်လုပ်ကြ။ ငါရှာသမျှ နင်တို့ဖို့ချည်းပဲ။ ဘယ်ယောကျ်ားကို မြှူချချ စားရရင် နင်တို့ပဲ။ ကိုင်း ဘာပြောဦးမလဲ။ မှတ်ပလား။ ဟဲ့ … ဖိုးရွှေ … ဘာလဲ။ ဟဲ့ … သာ၀ … ဘာလဲ။ နင်တို့ ဘာခွေးစကားပြောတာလဲ။ ငါလင်ငယ်ငယ်နှောင်းနှောင်းကလေးကို ယူချင်တယ်လို့ နင်တို့ပြောနေတာလား။ နင်တို့က ငါ ဒီအသက် ဒီအရွယ်ရောက်မှ လင်တစ်ယောက် ခေါင်းခေါက်ယူလို့ မရဘူးထင်သလား။ အေး … နင်တို့ … အဲသလိုပြောတော့ ငါက အရွဲ့တိုက်ပြလိုက်ရဦး မပေါ့ကွယ်။

 

ဟေ့ … ဖိုးဆောင်တို့ ဖိုးထောင်တို့ လာကြစမ်း။ ဟိုလယ်ထဲက ကောင်ကလေးကို သွားခေါ်စမ်း။ မြန်မြန်ခေါ်စမ်း။ အို .. ကြာလိုက်တာ။ အေး …ထွန်းရှိန်။ ထွန်းရှိန်ရေ။ လာဦးဟေ့။ လာဆို မြန်မြန်လာတာ မဟုတ်ဘူး။ ဘယ်သူ့ကိုမှ သောက်ဂရုစိုက်စရာ မရှိဘူး။ ငါ့ သဘော။ လာခဲ့ လာခဲ့။ ဟဲ့ … သာ၀တို့၊ ဖိုးရွှေတို့၊ ဖွားရုံတို့၊ မိဂေါက်တို့။ နင်တို့ လယ်တစ်ပွဲစီယူပြီး ငါ့အိမ်ပေါ်က ဆင်းသွားကြ။ ဆင်းဆို ခုဆင်း။ ဆန်ကုန်မြေလေးတွေ။ သူတို့ကိုငဲ့ပြီး အရွယ်ရှိတုန်းက နောက်လင်မယူခဲ့ဘူး။ ဟော ခုမှ ခုမှ သွေးဆုံးတဲ့ အရွယ်မှာ လင်ငယ်ငယ်လေးယူပြလိုက်ဦးမယ်။ အဲဒီအရွယ်မှာ နင်တို့လို သားသမီးမျိုးလည်း မမွေးနိုင်တော့ဘူး ဟဲ့။ လာ … မအေပေး ထွန်းရှိန်။ ကြောက်ကန်ကန် လုပ်မနေနဲ့။ အိမ်ပေါ်တက်ခဲ့။ နင် ငါ့လင်ဖြစ်ပြီ။

————–

#မောင်ထင်

 

crd 👉 OpenRead

Leave a Reply

Your email address will not be published. Required fields are marked *