Novel

#ဖန်ခွက်ထဲက ရေတစ်ဝက်”

#မစန္ဒာ

 

“တတ်များ တတ်နိုင်ရင်လေ…”

ထိုအတွေးလေးများကို ကိုဖြိုး အမြဲတွေးခဲ့ဖူးသည်။ ငယ်ငယ် တုန်းကတော့

“တတ်များတတ်နိုင်ရင်လေ-ချိုချဉ်တွေ ကိတ်မုန့်တွေနဲ့ အိမ် ဆောက်မှာ”

“တတ်များတတ်နိုင်ရင်လေ-အရမ်းအရိုက်ကြမ်းတဲ့ တီချယ် ဒေါ်စီစီထွေးကို ကျောင်းပြောင်းပစ်လိုက်မှာ”

“တတ်များတတ်နိုင်ရင်လေ၊ အဖေနဲ့အမေကို သူဌေးလိုထားမှာ”

စသည်စသည်ဖြင့် တွေးလေ့ရှိသည်။ ကိုးတန်းနှစ်တုန်းကတော့

“တတ်များတတ်နိုင်ရင် အော်ဂင်တစ်လုံး ချက်ချင်းဝယ်ပစ်လိုက်မှာ” ဟု မကြာခဏ တွေးခဲ့မိသည်။

“တတ်များတတ်နိုင်ရင်လေ – အတန်းထဲမှာ အမြဲတမ်း ပထမရ နေအောင် စာတော်တဲ့သူဖြစ်ချင်လိုက်တာ” ဟူ၍တော့ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

အဘယ်ကြောင့်ဆိုသော် ကြိုဖိးသည် ကိုယ်တိုင် စာသိပ်မတော် သော်လည်း သူ့ထက် စာတော်သူများကို မရှုစိမ့် မဖြစ်ဖူးသလို အားလည်း မကျသောကြောင့်ဖြစ်သည်။ သူ့အတွက်တော့ စာတော်ချင်လျှင် အလွယ်ကလေးပင် ဖြစ်သည်။ စာတော်ချင်လျှင် ဦးစွာပထမ စာကျက်ရမည် ဖြစ်သည်။ စာကျက်ရသောအလုပ်သည် ကြိုဖိး အပျင်းဆုံးအလုပ်ထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။ ဥာဏ်ကောင်းသူမို့ စာရလွယ်သည်။ သူ့ကိုယ်သူ စာရလွယ်မှန်း သိသောကြောင့်လည်း ပို၍ပျင်းခြင်း ဖြစ်လေမလား မသိ၊ကျက်စရာရှိသော စာများကို နောက်ဆုံးအချိန်ကပ်ပြီးမှ ရရုံလောက်သာဝတ္တရားကျေ ကျက်လေ့ရှိသောသူဖြစ်သည်။

ပျင်းတော့လည်း ပျင်းရိခြင်း၏ ရလဒ်ကို သူခံစားရသည်။ ဘယ်တုန်းကမှ အတော်စာရင်းမဝင်ခဲ့ဖူးချေ။ မတော်တော့လည်း သိပ်မညံ့တော့ အတန်းတင်စာမေးပွဲများကို ပွတ်ကာ သီကာ ကပ်၍ အောင်ရင်း ဆယ်တန်းအထိ ချောချောမောမော ရောက်လာသည်။

“ဆယ်တန်းဟာ သိပ်အရေးကြီးတယ်နော်၊ မင်းရဲ့ဘဝရဲ့ရှေ့ရေးကို ဆယ်တန်းက ဆုံးဖြတ်မှာပဲ”

ဖေဖေက တဖွဖွပြောသည်၊ အဖေက နိုင်ငံခြားသင်္ဘော သုံးနှစ်ခန့် လိုက်ဖူး၍ ကားတစ်စီးအဖတ်တင်ခဲ့သည်။ ထိုကားလေးကို အဖေကိုယ်တိုင် အငှားမောင်းရင်း တစ်မိသားစုလုံး၏စားဝတ်နေရေးကို ဖြေရှင်းပေးနေသည် ဖြစ်သည်။ သူကိုယ်တိုင် ဘွဲ့မရဖူးလေတော့ သားသမီးသုံးဦးလုံးကို မျှော်လင့် ချက် ကြီးကြီးထားသည်။ အထူးသဖြင့် သားကြီးဖြစ်သော ကြိုဖိးကို ပိုပြီး မျှော်လင့်သည်။ ဆယ်တန်းအောင်လျှင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း တက်စေချင်နေမှန်း ကြိုဖိးသိသည်။ ထို့ကြောင့် အမှတ်ကောင်းကောင်းလေးနှင့် အောင်စေရန် တစ်ချိန်လုံး တွန်းအားပေးနေခြင်း ဖြစ်လေသည်။

ခက်သည်က အဖေက တွန်းလေ၊ သူက ပျင်းလေဖြစ်နေခြင်းပင်၊ ဆယ်တန်း အရေးကြီးပါသည်ဆိုမှ သူက စာထဲတွင် ခါတိုင်းလောက်ပင် စိတ်ဝင်စား၍မရ။ အရွယ်အပြောင်း၊ သွေးအပြောင်း၊ စိတ်အပြောင်းမို့ စိတ် ဝင်စားမှုကလည်း ပြောင်းသည်။ အသံကလည်း ပြာတာတာ အက်တက်တက်နှင့် ဖြစ်လာသည့်အတွက် ခါတိုင်းလို သီချင်းအော်ဆိုလျှင်ပင် ကိုယ့် အသံကို နားဝင်မချိုချင်တော့၊ ညီမလေးမစိုးက သူစကားပြောလျှင် တစ်ခစ်ခစ်ရယ်ရင်း

“ကြိုဖိးကြီးအသံက ဩတောတော၊ အက်တက်တက်နဲ့ ဘယ်လိုကြီး ဖြစ်နေတာလဲ” ဟုပြောတတ်သည်။

အဖေကတော့ အဲဒါ ဟော်မုန်းပြောင်းတာဟု ပြောသည်။ ဟော်မုန်းပြောင်းတာလား၊ စိတ်ပြောင်းတာလား၊ မျက်စိအမြင်ပြောင်းတာလား၊ ဘာပြောင်းတာမှန်းတော့မသိ သူ့မျက်စိထဲတွင် မြင်မြင်သမျှ ကောင်မလေးများသည် လှနေကြသည်။ စိတ်ကူးယဉ်စရာလည်းကောင်းနေကြသည်။

“ဒီအရွယ်ဟာ သစ်ရွက်လှုပ်တာတောင် ရယ်တတ်တဲ့ အရွယ်”

ဟု အမေကပြောသည်။ ကြိုဖိးကတော့ မရယ်ချင်ပါ၊ မရယ်ချင်သည့် အပြင် လွမ်းနေသည်။ သစ်ရွက်လှုပ်လည်း လွမ်းသည်။ လေတိုက်လည်း လွမ်းသည်။ မည်သူ့ကိုလွမ်းရမှန်းမသိ၊ လွမ်းစရာလည်းမရှိပါဘဲနှင့် လွမ်းလွမ်းဆွေးဆွေးလေး ဖြစ်နေသည်။ သင်္ချာတွက်ရ၊ စာကျက်ရသည်ထက် အချစ်ဝတ္ထု အချစ်ကဗျာလေးများ ဖတ်ရသည်ကို ပိုပြီးပျော်မွေ့လာသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်လေး ငေးရင်း ကဗျာတို စာတိုလေးများရေးရင်း မရှိသေးသောချစ်သူ၊မကွဲရသေးသောချစ်သူကို ြုကိပြီးကွဲကာ လွမ်းနေရသည်မှာ အရသာရှိလှသည်။

“တတ်များတတ်နိုင်ရင်လေ – အဲဒီကောင်မလေးရဲ့အချစ်ဦးဟာ ငါဖြစ်ချင်လိုက်တာ…”

ကြိုဖိး ပထမဆုံြးုကိက်မိသည်က အင်္ဂလိပ်စာကျူရှင်မှ ကောင်မလေးဖြစ်သည်။ အင်္ကျီပန်းရောင်လေးများကို အလဲလဲဝတ်တတ်ပြီး ပန်းရောင် ဖဲစည်ြးုကိးအမျိုးမျိုးစည်းတတ်သောကြောင့် သူ့ကို ကိုယ့်ဟာကိုယ် “ပင်ကီ”ဟု အမည်ပေးထားသည်။ ပင်ကီကတော့ သူ့ကို ဖုတ်လေသည့် ငါးပိ ရှိလေသည်ပင် မထင်၊ နောက်တော့ ဆယ်လူလာဖုန်းလေး ခါးတွင်ချိတ်ထားသော ကောင်လေးတစ်ယောက်က ကျူရှင် လာ၍ ြုကိသည်ကို တွေ့ရလေသည်။ ထိုကောင်လေးကို လှမ်းမြင်လိုက်တိုင်း တောက်တောက် ပပလေး ဖြစ်သွားသော ပင်ကီ၏မျက်လုံးလေးများကို ငေးကြည့်ရင်း ကြိုဖိး၏ အသည်းလည်း လူမသိသူမသိ ဟက်တက်ကွဲခဲ့ရလေသည်။ အသည်းကွဲပြီဆိုတော့လည်း ပိုပြီးလွမ်းလို့ ကောင်းသွားလေသည်။

ဒုတိယအကြိမ် ြုကိက်မိပြန်သည်ကတော့ လမ်းထိပ်မှ ကောင်မလေး ဖြစ်သည်။ အသားညိုစိမ့်စိမ့်နှင့် စံပယ်တင်မှဲ့လေးရှိသည်။ ကောင်မလေး အိမ်နားတွင် မုန့်ဟင်းခါးဆိုင်ရှိ၍ သူက မနက်တိုင်း မုန့်ဟင်းခါး သွားစားရသည်။ ထိုအချိန်တွင် ကောင်မလေးက စာအော်ကျက် နေတတ်သည်။

“တတ်များတတ်နိုင်ရင် အိမ်ချင်းကပ်ပြီး နေချင်လိုက်တာ” ဟု သူက တောင့်တောင့်တတ တွေးမိပြန်သည်။ ကောင်မလေးနှင့်သာ အိမ် ချင်းကပ်လျက်နေရလျှင် အသံကျယ်ကြီးနှင့် တပြဲပြဲ အော်ကျက်သမျှ စာတွေကို ကြိုဖိးတစ်ယောက် မကျက်ဘဲနှင့် အလွတ်ရလောက်သောကြောင့် ဖြစ်သည်။ ဒီကောင်မလေးကိုတော့ သူက “စံပယ်တင်” ဟု အမည်ပေးထားသည်။

“စာကျက်လည်းလာ၊ အိပ်လည်းလာ၊ နေရာတိုင်းမှာ သူ့မျက်နှာ”

ဟု သူက စာတိုလေးစပ်ထားတော့ သူငယ်ချင်းကျော်စိုးပိုင်က “မိုက်တယ်ကွ” ဟု ချီးကျူးရင်း ကူးရေးသွားသည်။ သူလည်း အတော် အားတက် သွားသည်။

“ချစ်စံပယ်တင် မောင့်ရင်ခွင် အမြန်ဝင်ပါတော့…” ဟု ရေးပြီး ကာရန်မဆက်တတ်သောကြောင့် ဆက်မရေးရသေးသော သူ၏ကဗျာကို မူ သူ၏ညီတော်မောင် ရှစ်တန်းကျောင်းသား ကိုတိုးက –

“ချစ်စံပယ်တင်၊ မောင့်ရင်ခွင်၊ အမြန်ဝင်ပါတော့- အဟော့အဟော့- ဗျော့” ဟု ဆက်ရေးထားသောကြောင့် အကြီးအကျယ် ရန်ဖြစ်ရသည်။ သူက ထိုးမည်ကြိတ်မည်လုပ်နေတော့ အဖေလည်းသိသွားသည်။

“ငါက ပညာတတ်ဘွဲ့ရမဟုတ်ခဲ့ဘူး၊ ဒါပေမယ့် ငါ့သားသမီး တွေကိုတော့ အနည်းဆုံးဘွဲ့တစ်ခုစီတော့ ရစေရမယ်လို့ ငါဆုံးဖြတ်ထားတယ်။ မင်းတို့အတွက် ငါကုန်းရုန်းပြီးရှာနေတယ်။ ငါ့အတွက် ငါကွမ်းယာလေး တစ်ယာဝါးဖို့တောင် ငါချွေတာတယ်၊ အေး – ဒါပေမယ့် ပေးနေတဲ့ အချိန်မှာ မယူရင်တော့ မင်းတာဝန်နဲ့ မင်းပဲ၊ အဖေက ပင်ပန်းကြီးစွာနဲ့ တက္ကစီမောင်းနေတဲ့အချိန်မှာ မင်းက စာကို ြုကိြးုကိးစားစား မသင်ဘဲ ချစ်စံပယ်တင် မောင့်ရင်ခွင် အမြန်ဝင်စေချင်နေရင်တော့ ကမ်းနားမှာ ကူလီ သွားထမ်းပေတော့၊ မင်းအတွက် ငါရှာပေးနေတဲ့ ငွေဟာ ပညာသင်ဖို့၊ မယားတရူးဖို့ မဟုတ်ဘူး”

အဖေက ခပ်ကြမ်းကြမ်းပင် ပြောသည်၊ အမေကတော့ ကြိုဖိး ၏ ဆံပင်ကလေးများကို သပ်တင်ကာ “ဒီအရွယ်ဟာ ချစ်ရြုကိက်ရ မိုက်ရမယ့် အရွယ်မဟုတ်သေးဘူး၊ လိမ္မာစမ်းပါသားရယ်” ဟု လေပျော့လေး နှင့် ပြောသည်။

“နှလုံးသားရှိလို့ ချစ်မိတာကို အမေက မိုက်တယ်လို့ ပြောတာ လား အမေ၊ ဒီလိုဆိုရင် ကျွန်တော့်ထက် အရင် မိုက်ခဲ့ကြတာက ကမ္ဘာဦး အစက အာဒံနဲ့ဧဝပါ” ဟု ကြိုဖိးက စိတ်ထဲမှပြန်ပြောရင်း မျက်ရည်စို့စို့ ဝဲချင်နေသည်။ သူ အမှန်တကယ်ပြောချင်သည်က တစ်မျိုး ဖြစ်သော်လည်း အဖေနှင့် အမေကို အာခံသည် ဖြစ်မည် စိုးသောကြောင့် အာဒံနှင့်ဧဝကို ဆွဲထည့်လိုက်ခြင်းဖြစ်သည်။

သို့သော် ဆွဲထည့်ပြီးကာမှ ပို၍ကဗျာဆန်ကာ ဂန္ထဝင်မြောက်သွားသည်ဟု ယူဆပြီး ကိုယ့်စကားကို ကိုယ်တော်တော်သဘောကျ သွားသည်။

“ငါ့သားက အကြီးဆုံး၊ သားရဲ့အောက်မှာ ညီလေးနဲ့ညီမလေး ရှိသေးတယ်၊ ငါ့သားက ရှေ့ကနေ ဖြောင့်ဖြောင့်သွားပါမှ သူတို့တွေ ဖြောင့်ဖြောင့်လိုက်မှာပေါ့ သားရယ်” အမေက အချိုခံလေးနှင့် ဆုံးမသည်၊ ပြောမယ့်သာ ပြောနေသော်လည်း အငယ်နှစ်ယောက်က သူ့ထက် ပိုပြီး လိမ္မာနေကြောင်းကို အမေစိတ်ထဲက သိနေမည်ဟု တွေးမိတော့ ကြိုဖိး၏စိတ်ထဲတွင်လည်း အီလည်လည် ခံစားရသည်။

အဖေနှင့်တူတာလား၊ အမေနှင့်တူတာလားတော့မသိ ကိုတိုးရော၊ မစိုးရော သူ့လိုပင် ဥာဏ်ကောင်းကြသည်။ သူ့လို ဥာဏ်ကောင်းပြီး သူ့လို စာကျက်မပျင်းတော့ နှစ်ယောက်လုံး စာတော်ကြသည်။ ကိုတိုးက ရှစ်တန်း ကျောင်းသားပင်ဖြစ်သော်လည်း သူ့လို ရှစ်တန်းကျောင်းသား အချင်းချင်း ကို စာပြန်သင်ပေးနိုင်သည်။ ဆယ်တန်းအောင်လျှင် ( Study Guide) လုပ်မည်။ အဖေ့ကိုကူပြီး ဝင်ငွေရှာပေးမည်ဟုပြောလွန်း၍ ကြိုဖိးက နားငြီးနေသည်၊ ပနာယူလွန်းသည်ဟူ၍လည်း ယူဆပြီး အမြင်ကတ်နေမိသည်။

ညီမလေးမစိုးကတော့ အတန်းပိုင်ဆရာမများ၏ အချစ်တော် ဖြစ်သည်။ အိမ်မှာလည်း အမေ့အသည်း ဖြစ်သည်။ ထမင်းချက်၊ အဝတ်လျှော်၊ ပန်းကန်ဆေး အမေလုပ်သမျှ သူကူလုပ်သည်။ အမေရေချိုးနေလျှင် သနပ်ခါး ပြေးသွေးတတ်သည်။ အိပ်ခါနီးလျှင် အဖေ့ကိုရော အမေ့ကိုပါနင်းပေး၊ နှိပ်ပေး၊ အကြောဖြေဆေးတွေ လိမ်းပေးနေကျ ဖြစ်သည်။ ထိုသို့အလိုက်သိလွန်း၍ အဖေက

“ခေတ်ပညာတတ်ကလေး” ဟု ကျီစယ်ပြီး ခေါ်တတ်သည်။ သို့သော် ထိုပညာတတ်ကလေးက အမေ့ဆီမှမုန့်ဖိုးကိုလည်း ချွဲနွဲ့ပြီး တောင်းတတ်ပြန်ရာ ကြိုဖိးက ကြည့်မရဘဲ အမြင်ကတ်ပြန်သည်။

“ချစ်စံပယ်တင်၊ မောင့်ရင်ခွင်” လုပ်ပြီးကတည်းက အဖေက သူ့ကို မျက်နှာထားတင်းတင် းနှင့်ကြည့်တတ်သည်ဟု ကြိုဖိး ခံစားရသည်။ သူ၏ မှတ်စုစာအုပ်များကိုလည်း မကြာခဏလှန်လှောပြီး စစ်ဆေး တတ်သည်။ ဒီတော့လည်း ကဗျာတို၊ စာတိုလေးများကိုပင် လွတ်လွတ် လပ်လပ်ရေးခွင့် မရှိသောဘဝကို စိတ်နာရပြန်သည်။ သူ့ကို ခပ်တင်းတင်း ကြည့်တတ်သော အဖေ၏ မျက်လုံးများက အငယ်ကောင် ကိုတိုးနှင့်ကျတော့ ချိုပြီး ပျော့သွားတာကို သတိထားမိပြန်တော့ လုံးဝ မကျေနပ်။

အပယ်ခံ လိုလို၊ အထီးကျန် လိုလို သတ်မှတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သနားနေမိပြန်သည်။ ဒီတော့လည်း ပိုပြီး လွမ်းလွမ်းဆွေးဆွေး ဖြစ်လာသည်။ ဘယ်သူ့ကို လွမ်းမှန်းမသိ လွမ်းပြီး၊ ဘာကြောင့် ပူဆွေးမှန်းမသိ ပူဆွေးနေရသည် မို့ စာကို ကောင်းကောင်း မကျက်နိုင်၊ ကျက်သမျှစာလည်း ခေါင်းထဲမဝင်၊ ဝင်သမျှစာလည်း ခဏလေးနှင့်ပြန်ပြီးပျောက်ကွယ်နေသည်။ ဒီလိုနှင့်ပင် စံပယ်တင်လေးကိုလည်း ဖွင့်မပြောသာဘဲ မုန့်ဟင်းခါး တစ်နေ့ တစ်ခွက် မှန်မှန်စားရင်း စာမေးပွဲကြီး ဖြေရမည့်အချိန်ရောက်လာသည်။ ထင်ထား သည့်အတိုင်း မဖြေနိုင်ခဲ့ပေ။

“တတ်များတတ်နိုင်ရင်လေ၊ ဆယ်တန်းအောင်စာရင်းတွေ ဘယ်တော့မှ မထွက်အောင် တားထားချင်လိုက်တာ”

ပြီးခဲ့သော နွေတစ်နွေလုံး ကြိုဖိး၏ခေါင်းထဲတွင် ထိုအတွေးကသာ စိုးမိုးနေသည်။

မုန့်ဟင်းခါးစားရတာ အတန်ငယ်ငြီးငွေ့လာတော့ စံပယ်တင်ကလေးအပေါ်ကိုလည်း ယခင်ကလောက် မစွဲလမ်းချင်တော့ချေ။ အိမ်ရှေ့က တိုက်အပေါ်ထပ် ညာဘက်ခန်းက လေးတန်း ကျောင်းသားလေးဆီသို့ ကျူရှင်လာပြသည့် ဆရာမလေးကို သဘောကျနေမိပြန်သည်။ ဆရာမလေးက ပိန်ပိန်သွယ်သွယ် ခါးသေးသေးလေး ဖြစ်သည်။ ခါးလယ်အထိ ရှည်သော ပိုးသားလို ဆံပင်ပျော့ပျော့လေးများကို ဖဲပြား အညိုရောင်လေးနှင့် စုပြီး စည်းထားတတ်သည်မှအပ အခြယ်အသမရှိလှ။

ထိုနွေတစ်နွေလုံး သူ့စိတ်တွေ လေနေသည်။ မုန့်ဟင်းခါးသွား စားလိုက်၊ စံပယ်တင်လေးကို မျှော်ကြည့်လိုက်၊ အိမ်မှာနေရင်း သီချင်းဆိုလိုက်၊ ဆရာမလေးကို ငေးကြည့်လိုက်၊ အောင်စာရင်းထွက်မှာ ကြောက်လိုက်နှင့် အချိန်တွေ တရွေ့ရွေ့ကုန်လာသည်။ ဒီနေ့တော့ ကြားရပြီ။

“ဆယ်တန်း အောင်စာရင်းတွေထွက်ပြီ” တဲ့။

“မျက်စိလည်လမ်းမှားပြီး အောင်များအောင်သွားမလားမသိဘူး”

ဟု မရဲတရဲ မျှော်လင့်ချက်ထားမိသော နှစ်ဆယ်ရာခိုင်နှုန်းလောက်သည် မြေကြီးပေါ်သို့ ဘုန်းခနဲဘုန်းခနဲ ြုပတ်ကျသွားသည်။

“သွားပါပြီကွာ”

တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှစာမေးပွဲမကျဖူးသောကြောင့် ကျရှုံးရခြင်းသည် မည်မျှပူလောင်ခါးသက်သနည်း အခုမှလက်တွေ့ သိရသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး အညိုရောင်တိမ်တိုက်တွေ လွှမ်းပြီး အုံ့မှိုင်းညိုဆိုင်းလာသည်ဟု ထင်နေရသည်။ သူမကျေနပ်၊ ဘာကို မကျေနပ်မှန်း၊ ဘယ်သူ့ကို မကျေနပ်မှန်းတော့ မသိ။ သို့သော် မကျေနပ်မှုနှင့် အားငယ်စိတ်၊ ဝမ်းနည်းစိတ်တွေသာမက ဒေါသစိတ်တွေပါ ဆူဝေလာသည်။

သူမော်ကြည့်နေသော အောင်စာရင်းစာရွက်ကြီးကို ဖြန်းခနဲ ဆွဲပြီး ဆုတ်ချေပစ်လိုက်ချင်သည်။ ပါးစပ်မှလည်း ရိုင်းရိုင်းစိုင်းစိုင်း၊ နှုတ်ထွက်ကြမ်းကြမ်းနှင့် ဆဲဆိုအော်ဟစ်ပစ်လိုက်ချင်သည်။

“မင်းကြောင့် ငါကျတာကွ” ဟု တစ်စုံတစ်ဦးကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ဒေါသချောင်းချောင်းလည်း ထွက်ပစ်လိုက်ချင်သည်။ သို့သော် လက်တွေ့တွင်မူ သူ့ခုံနံပါတ်ကို ကျော်လွှားသော အောင်စာရင်းကို မော်ကြည့်ရင်း မလှုပ်မရှက် ရပ်နေမိသည်။

“ဟေး – သုံးလုံးကွ”

သူ့ဘေးသို့ တိုးဝှေ့ဝင်ရောက်လာသော ကျောင်းသားတစ်ဦး က ဝမ်းသာအားရ ခုန်သည်။ ခုန်ရာမှ ပြန်အကျ သူ၏ခြေထောက်ကို ဖိကြိတ်ပြီး တက်နင်းသည်။

“မင်းကွာ…သောက်ရမ်းချည်းပဲ”

သူက ဆောင့်ပြီးတွန်းပစ်လိုက်တော့ ထိုကျောင်းသား ယိုင်သွားသည်။ သို့သော် စိတ်ဆိုးဖို့ သတိရဟန်မတူ၊ သူ၏လက်မောင်းကို လှမ်းကိုင်ရင်း ဝမ်းသာအားရရယ်နေသည်။ ထို့နောက် အလိုက်ကမ်းဆိုးမသိ-

“မင်းရော- ဒီဘယ်နှစ်လုံးလဲ” ဟု မေးလိုက်ချေသေးသည်။ သူက တစ်ချက်ဆဲလိုက်ပြီး သူ၏လက်ကို ဆောင့်ရုန်းလိုက်သည်။ ထို့နောက် နှုတ်ခမ်းဖိကိုက်ကာ ကမူးရှူးထိုး လှည့်ထွက်ခဲ့သည်။ တတ်များတတ်နိုင်လျှင် ထိုကျောင်းသားကို သေဒဏ်ပေးပစ် လိုက်ချင်သည်။

“ဟော”

သူနှင့် မျက်နှာချင်းဆိုင် လျှောက်လာသော စံပယ်တင်ကို တွေ့ရသည်။ မျက်နှာလေးညှိုးပြီး မျက်ရည်ရစ်ဝဲနေသည်။ ကြိုဖိး၏ ရင်တွေ တဆတ်ဆတ်ခုန်သွားသည်။

“ဒါဆိုရင် – သူလဲ – သူလဲ”

ဟု တွေးရင်း သူအနား ခပ်သုတ်သုတ် လျှောက်သွားမိစဉ်

“သမီးက ဒီလေးခု မှန်းထားတာ မေမေရဲ့၊ အခုတော့ နှစ်ခုပဲ ပါတယ်” ဟု ဝမ်းနည်းပန်းနည်းပြောသောအသံကိုကြားရသည်၊ သူ့ဘေးမှ ပါလာသော သူ့အမေကြီးက

“မငိုပါနဲ့သမီးရယ်၊ ဂုဏ်ထူးနှစ်ခုလည်း မနည်းပါဘူး” ဟု ချော့ နေသည်။

“သေလိုက်ပါလား”

ကြိုဖိးက သူ၏ချစ်လှစွာသော စံပယ်တင်ကို ကောင်းချီးပေးရင်း ချာခနဲ လှည့်လိုက်သည်။ စွဲလမ်းငြိတွယ်နေသော သံယောဇဉ်နှောင်ြုကိး ကလေးလည်း ထောက်ခနဲပြတ်ထွက်သွားသည်။ အောင်မြင်ပါလျက်နှင့် အမူပိုနေသူတွေကို မုန်းသည်။

“ကြိုဖိးကြီး”

ကိုတိုးက ပြေးလာသည်။

“အောင်တယ်မဟုတ်လား”

“ကျတယ်”

ကိုတိုး၏မျက်နှာလေးက ညှိုးကျသွားသည်၊ သူ့ကို ငေးကြည့်ရင်း ညည်းညူသလို ပြောသည်။

“အဖေနဲ့အမေတော့ သနားပါတယ် စိတ်ညစ်ကြရတော့မယ်”

သူက တစ်ချက်ဆဲမိပြန်သည်။

“ငါက ကျတဲ့ကောင်ကွ၊ ငါက ပိုပြီး စိတ်ညစ်တာပေါ့”

သူက အော်တော့ ကိုတိုးကလည်း ပြန်အော်သည်။

“စိတ်မညစ်ချင်ရင် နဂိုကတည်းက ြုကိးစားပါလား” တဲ့။ ရှုံ့နေသော ကိုတိုး၏မျက်နှာကို ကြည့်ရင်း ကြိုဖိးက ပိုပြီး စိတ်ညစ်ကာ ထူထူထိုင်းထိုင်း မှိုင်းမှိုင်းဝေဝေဖြစ်သွားသည်။ ကိုတိုးက သူ့အပေါ်တွင် နည်းနည်းမှ ကရုဏာသက်ပုံမရ၊ သူ၏မျက်နှာထားက

“မင်း အလကားကောင်၊ မိဘကိုတောင်မသနားတဲ့ကောင်၊ မညှာတဲ့ကောင် အချိန်တြွေုဖန်းခဲ့တဲ့အကောင်”

ဟု အသံတိတ်ပြောနေဟန်ရှိသည်ဟု တွေးရင်း ကြိုဖိး၏ ရင်ထဲတွင် ချဉ်စုတ်စုတ် တူးတူးခါးခါးဖြစ်လာသည်။ တတ်များတတ်နိုင်လျှင် သူ့ကို ဘုကန်ကန်ကြည့်နေသော ကိုတိုး ကို အဝတ်ဖွပ်သလိုကိုင်ပြီး ဖွပ်ပစ်လိုက်ချင်သည်။

“အဖေတို့ အမေတို့ သနားဖို့ကောင်းတယ်ကွ”

“အေး သနားရင် သူတို့အနားမှာထိုင်ပြီး တစ်နေကုန်ချော့နေ ဟုတ်ပလား”

ကြိုဖိးက ဘောက်ဆတ်ဆတ်ပြောရင်း လှည့်ထွက်လာသည်။ အိမ်ကိုလည်း မပြန်ချင်တော့၊ အဖေအမေနှင့်လည်း ရင်မဆိုင်ချင်တော့၊ သူငယ်ချင်းများနှင့်လည်း မတွေ့ချင်တော့။

“တစ်ခါတလေ စာမေးပွဲကျတာ အပြစ်လားကွ၊ ငါကျတဲ့သူ ပို တောင်မှ စိတ်ညစ်ရသေး၊ မနှစ်တုန်းက ရန်မျိုးအောင်လည်း ကျတာပဲ၊ ထွန်းထွန်းမင်းလည်း ကျတာပဲ၊ သူ့အမေက သူ့သားလေးစိတ်ညစ်မှာ စိုး လို့ ပိုက်ဆံအထပ်လိုက်ပေးပြီး ကာရာအိုကေ သွားဆိုခိုင်းတယ်တဲ့၊ ဒီနှစ် မအောင်ပေမယ့် နောက်နှစ်အောင်မှာပေါ့သားရယ်တဲ့၊ ဟွန်း ကွာပါ့ ကွာပါ့ ငါ့ဘဝနဲ့ များတော့ ကွာပါ့” ဟု တွေးရင်း ကြိုဖိးက သူ့ကိုယ်သူသနားကာ မျက်ရည်ကျသည်။

ဈေးဘက်သို့ ယောင်ပေပေနှင့် ထွက်လာစဉ် ကျော်စိုးပိုင်နှင့် တွေ့ သည်။ သူလည်း ကျသည်ဟု ပြောသည်။ မျက်နှာမကောင်းသော်လည်း ရယ်ကျဲကျဲလုပ်နေသည်။ သူတို့နှစ်ယောက်ပေါင်းမိတော့ ခြေဦးက အရက် ဆိုင်ဘက်သို့ လှည့်ချင်ချင်ဖြစ်လာသည်။

“စိတ်ညစ်လို့ အရက်ကိုသောက်တယ်၊ အရက်သောက်တော့ စိတ်ပိုညစ်တယ်”

ခြေရင်းအိမ်က ဦးလေးဦးစိုးအောင် အရက်မူးတိုင်း ဆိုနေကျ သီချင်းက ခေါင်းထဲ အလိုလိုရောက်လာသည်။

“ဟင်း ဘာတဲ့ အကြောင်းရှာတော့ ခေါင်းမှာချာချာလည်တဲ့ ဟက် ဟက်”

ထိုနေ့ညက အတော်ကြီးကို မိုးချုပ်ခါမှ သူအိမ်သို့ ပြန်လာဖြစ်သည်။ လူကလည်း ယိုင်ထိုးယိုင်ထိုးနှင့် ခြေလှမ်းမမှန်ချင်၊ အဖေက အိမ် တံခါးဝတွင် ရပ်ရင်း သူ့ကိုမျှော်ကြည့်နေသည်။ ကြိုဖိးသည် အဖေ့ကို တစ်သက်လုံး ကြောက်ခဲ့ရသူ ဖြစ်သည်၊ တစ်ခါတစ်ရံမှလည်း ပြန်လှန်ပြီး ခွန်းတုံ့ပြောဖူးသူ မဟုတ်ချေ။

သို့သော် လည်း သူ့ခေါင်းထဲတွင်ဝေနေသော အရက်ခိုးများက သူ့ကိုအတော်ကြီးကို

ပြောင်းလွဲစေခဲ့လေသည်။ အခါတိုင်း ကြောက်နေကျ အဖေကိုပင် သိပ်မကြောက်တော့ချေ။ ကိုတိုးအပေါ်တွင် ချို၍ ပျော့ပြီး သူ့အပေါ်ကျတော့ မာပြီး တင်းသည်ဟု ယူဆထားသော နာကြည်းစိတ်က ခေါင်းပြူလာပြီးထိကပါး ရိကပါး ပြောချင်နေသည်။ ထို့ကြောင့် လက်နှစ်ဖက်ကို ရင်တွင်ယှက်ပြီး

“ခမည်းတော် မင်းဘုရားက သားတော်မောင် အိမ်ရှေ့မင်းသား စာမေးပွဲကျတော်မူလို့ စိတ်ညစ်တော်မူပါသလား ဘုရား”

ဟု ဇာတ်ဟန်ပါပါနှင့် ငုံ့ကာပြောရင်း အိမ်ထဲသို့ သိုင်းကွက်နင်း ကာ လှမ်းဝင်လိုက်သည်။ အဖေကလည်း ဇာတ်ဟန်ပါပါဖြင့် သူ၏ နားရင်းကို ဆီးပြီးအုပ်ထည့်လိုက်သည့်အတွက် သူ့ခမျာ ဖိနပ်ချွတ်တွင် ခွေကနဲ ခေါက်ခနဲ ထိုးလဲသွားရသည်ကတော့ ဇာတ်ဟန်မပါလှချေ။

အမေက “အဖေကြီး၊ မလုပ်နဲ့၊ မလုပ်နဲ့” ဟု အော်ဟစ်တားဆီးနေသော်လည်း အဖေကတော့ ခွေလဲနေသော သူ့ကို ခြေထောက်နှင့်လှိမ့်ကန်နေသေးသည်။ ကြိုဖိးက

“ရိုက်ပါ အဖေရဲ့၊ ကန်ပါ အဖေရဲ့၊ ကျွန်တော်က ညံ့ တဲ့ အကောင်ကိုး၊ ရှော်တဲ့အကောင်ကိုး၊ ကိုတိုးလို သားလိမ္မာလေးမှ မဟုတ်တာ၊ လူတော်လေးမှ မဟုတ်တာ ဟိုကောင်မလေး မစိုးလိုလည်း ကပ်ပါး ရပ်ပါးမှ မလုပ်တတ်တာ” ဟု ပြန်ပြောရင်း ရှိုက်ကြီးတငင် ငိုသည်။ ထိုနောက် အန်သည်။

သူငိုတော့ အမေလည်း ငိုသည်။ မစိုးလည်း ငိုသည်။ အဖေက နံရံကို လက်သီးဖြင့် ထိုးသည်။ ကိုတိုးကတော့ သူ၏ အန်ဖတ်များကို ကျုံးရင်း မျက်နှာကြီးပုပ်သိုးနေသည်။ ချမ်းမြေ့သာယာစွာနေခဲ့ရသော ကြိုဖိးတို့မိသားစုသည် ထိုအချိန် က စ၍ တရှိန်းရှိန်းပူသော အပူမီးများဟပ်ခဲ့ရလေသည်။

 

နောက်တစ်နေ့နံနက် ကြိုဖိး အိပ်ရာမှနိုးတော့ ရှစ်နာရီထိုးနေပြီ ဖြစ်သည်။ ခေါင်းတွေလည်း တစ်အားကိုက်နေသည်။ အိပ်ရာဘေးမှ စားပွဲတင်နာရီ လေးကို လှမ်းကြည့်ရင်း

“အင်း ဒီအချိန်ဆိုရင် အဖေ ထွက်သွားလောက်ပါပြီ” ဟု တွေးမိသည်။ အိမ်မှာ အဖေ ရှိမနေဟူသော အတွေးက သူ့ ကို အတန်ငယ် စိတ်သက်သာရာရစေသည်။ တတ်များတတ်နိုင်လျှင် အဖေနှင့် ဘယ်တော့မှ မျက်နှာချင်း မဆိုင်တော့ဘဲ အဝေးသို့ ထွက်ပြေးလိုက်ချင်သည်။ ခဏနေတော့ အမေ၏ခြေသံကိုကြားရသည်၊ အမေက အခန်းဝ မှ ကဲကြည့်ရင်း

“နိုးပြီလား” ဟု မေးသည်။ သူက အမေ့ကို အားကိုးစွာ လှမ်းကြည့်ရင်း

“ခေါင်းကိုက်တယ် အမေ” ဟု အသံပျော့ပျော့နှင့်ပြောကာ မျက်ရည်ဝဲလာသည်။ အမေက မျက်မှောင်ကုတ်ရင်း

“ကိုက်ရောပေါ့ဟယ်” ဟု ပြောပြီး သက်ပြင်းချသည်။

“မင်းအဖေ အရမ်းစိတ်မကောင်းဖြစ်နေတယ်”

“ကျွန်တော်စာမေးပွဲကျလို့လား”

“ကျတာထက် ပိုဆိုးတာက ဒီအရွယ်နဲ့ အရက်တွေ သောက်လာတာ”

“အမေရော စိတ်ဆိုးလား”

“ဆိုးတာပေါ့”

အမေက ခပ်ပြတ်ပြတ်ပြောသည်။ ပြတင်းပေါက်မှ တိုးဝင်လာသော နေရောင်ခြည်က အမေ့မျက်နှာပေါ်တည့်တည့်ကျနေသည်။ အခုတလော အမေ ပင်ပန်းသည် ထင်သည်။ နားထင် နားရင်းတွေ ကျကာ မျက်ကွင်းနှစ်ဖက်ကလည်း သိသိသာသာညိုနေသည်။

“စိတ်ညစ်လွန်းလို့ပါ အမေရာ”

“အဲဒါကို စိတ်ဆိုးတာပေါ့” အမေ့အသံက မာနေသည်။

“လူ့လောကထဲရောက်ပြီး လူရယ်လို့ ဘဝကို စမိပြီဆိုရင် စိတ် ညစ်စရာဆိုတာတွေက အနည်းနှင့်အများ ရှိလာကြမှာပဲ၊ အဆင်မပြေတာ တွေ အခက်အခဲတွေလည်း တွေ့လာမှာပဲ၊ အဲဒီလို အဆင်မပြေတိုင်း စိတ်ညစ်ရတိုင်း အရှုံးနှင့်တွေ့တိုင်း အရက်ဆိုင်ပြေးပြီး အရက်သောက်နေရင် တစ်ကမ္ဘာလုံး ရှိရှိသမျှလူတွေ အကုန်လုံး အရက်သမားချည်းပဲ ဖြစ်ကုန်မှာပေါ့၊ စိတ်ညစ်လို့အရက်သောက်တယ်ဆိုတဲ့ အကြောင်းပြချက်ကို အမေ အမုန်းဆုံးပဲ”

သူ့ကို ချိုချိုပျော့ပျော့သာ ဆက်ဆံလေ့ရှိသော အမေက တင်းတင်း မာမာ ဖြစ်နေတော့ ကြိုဖိးက တအံ့တဩဖြစ်သွားသည်။ အမေက စကားကို ရှည်ရှည်ပြောလေ့ရှိသူ မဟုတ်၊ စိတ်ဆိုးလေ့ရှိသူလည်း မဟုတ်၊ အခုတော့ သူ၏အမေသည် သူ့ကြောင့် စိတ်ဆိုးကာ စကားရှည်ရှည်ပြောနေပြီ ဖြစ်သည်။ ကြိုဖိးသည် အမေ၏သောကမျက်နှာ ဒေါသမျက်လုံးများကို ငေးကြည့်ရင်း စိတ်တွေ ညှိုးချုံးသွားသည်။

“အမေ ငါ့ကိုစိတ်ပျက်သွားပြီလား မသိဘူး”

ရုတ်ချည်းပေါ်လာသောအတွေးက သူ၏နှလုံးသားကို စည်းချက် မှန်မှန် ထုနေသည်။ သူ့ကို အမေ စိတ်ပျက်သွားမှာကိုတော့ သူ အရမ်း ကြောက်သည်၊ အမေမှစိတ်ပျက်ပြီဆိုလျှင် သူ့တွင် အားကိုးရာမရှိ။

“စာမြုကိးစားဘဲ လေလေပေပေနေခဲ့လို့ စာမေးပွဲကျတာဘာမှ မဆန်းဘူး၊ မြုကိးစားတုန်းက မြုကိးစားဘဲ ကျမှစိတ်ညစ်နေတာ ယောကျာ်း အလုပ်မဟုတ်ဘူး ငါ့သားရဲ့၊ ကိုယ့်အပြစ်ကိုယ်သိလို့ ြုကိးစားချင်စိတ်ရှိ လာမယ်ဆိုရင် ပြန်ြုကိးစား၊ ဒါပဲ ညီတွေ ညီမတွေကိုလည်း လှည့်ပြီး ရန်လုပ်စရာမလိုဘူး”

အမေက အချက်ကျကျပြောသည်၊ အမေ့စကားတွေ မှန်မှန်းသိ သော်လည်း ကြိုဖိး ချက်ချင်းခေါင်းညိတ်ပြီး ဝန်မခံချင်၊ သူ၏ထုံးစံအတိုင်း

“ငါ့ကိုမချစ်လို့၊ ငါ့ကိုနှိမ်ချင်လို့” ဟု လှီးလွှဲပြီး တွေးချင်နေသေးသည်။

သို့သော်လည်း သူဘယ်လို တွေးတွေး အမေက သူ့ကိုချစ်ခင်ကြင်နာကြောင်း၊ ဘယ်တော့မှလည်း မနှိမ့် ချခဲ့ကြောင်းကိုလည်း အတွင်းစိတ်က အမှန်အတိုင်းသိနေပြန်သည်။ ကြိုဖိးက ငေးကြည့်နေစဉ် အမေက စားပွဲစွန်းကို လက်တစ်ဖက် နှင့်ထောက်ကာ ဗိုက်ကို ကျန်လက်တစ်ဖက်နှင့်မသိမသာအုပ်ကိုင်ရင်း တကျွတ်ကျွတ်နှင့်စုတ်သပ်သည်။

“အမေ နေမကောင်းဘူးလား”

“အင်း မကောင်းဘူး”

“ဗိုက်နာလို့လား အမေ”

“အင်း ဒီနားက အောင့်သလိုလို၊ နာသလိုလိုနဲ့ဖြစ်နေတာကြာပြီ”

“ဆရာဝန် မပြဘူးလား”

“မပြပါဘူးကွယ်”

အမေက သက်ပြင်းချသည်။ အမေ့မျက်နှာက လူမမာနှင့်တူနေ ကြောင်း အခုမှ ကြိုဖိး သတိထားမိသည်။ အမေသည် တစ်အိမ်လုံး၏ ကျန်း မာရေးကို ကြောင့်ကြောင့်ကြကြနှင့် ဂရုတစိုက်ရှိလှသော်လည်း သူ့ကိုယ်သူကတော့ ဂရုမစိုက်ခဲ့ပေ။

“သား အဖေလည်း နံရံကိုလက်သီးနဲ့ထိုးထားတာ လက်ကြီးကို ယောင်ကိုင်းနေတာပဲ”

ကြိုဖိးက အမေ့အကြည့်ကိုလွှဲကာ မျက်လွှာချထားလိုက်သည်။ အမေက သူ့ဗိုက်မှာနာနေသည်ထက် အဖေ့လက်ယောင်နေသည်ကို ပိုပြီး ပူပင်နေဟန်ရှိသည်။

“အမေက ဒီနေ့တော့ ကားထွက်မမောင်းစေချင်ဘူး၊ ဒါပေမဲ့ သူက တစ်နေ့မမောင်းရင် တစ်နေ့ဝင်ငွေလျော့မှာပေါ့တဲ့။ နောက်ပြီး ဒီနေ့ အိမ်မှာ ငါငုတ်တုတ်ရှိနေရင် ငါ့သားကြီး အနေခက်နေပါဦးမယ်တဲ့”

အမေ့စကားကြောင့် ကြိုဖိး၏မျက်နှာတစ်ပြင်လုံး ပူရှိန်းသွားသော် လည်း ရင်ထဲတွင် နွေးသွားသည်။ အဖေက သူအနေခက်မည်ကို စိုးရိမ်သည့် အတွက် ကျေနပ်သလိုလို၊ အားနာသလိုလို၊ ကြည်နူးသလိုလိုနှင့် သူ့စိတ်တွေ ပျော့ကျသွားသည်။

“မိသားစုဆိုတာ တစ်ယောက်ရဲ့ဂုဏ်က တစ်ယောက်ကို ဟပ်တယ်ကွ၊ အဖေတို့အမေတို့အတွက် ငါ့သားသမီးတွေ ဘယ်တော့မှ မျက်နှာ မငယ်စေရဘူး၊ အဲဒီလိုပဲ၊ သားတို့သမီးတို့အတွက်လည်း အဖေ ဂုဏ်ယူချင်တယ်” ဟု မကြာခဏပြောခဲ့သော အဖေ၏စကားကို ချက်ချင်းကြားယောင် လာသည်။

အခုတော့ အဖေသည် သူ၏အပေါင်းအသင်းများကြားထဲတွင်

“ကြိုဖိးလား မအောင်ပါဘူးဗျာ” ဟု ပြောနေရရှာပြီထင်သည်။

“အဖေ ထမင်းစားပြန်လာရင် ဘာလုပ်ရမလဲသား၊ ကိုယ့်ကိုယ်ကို သိတယ်မဟုတ်လား”

အမေ၏အသံက မချိုသာ မပျော့ပျောင်းသေးသော်လည်း နူးညံ့ နေသည်။ ကြိုဖိးက အမေ့ကို မော်ကြည့်ရင်း သူဘာလုပ်ရမည်နည်းဟု စဉ်းစားသည်။ မနေ့တုန်းက သူအရက်မူးလာရုံမျှမက အဖေ့ကို ထိကပါး ရိကပါးနှင့် မလေးမခန့်လုပ်ခဲ့သည်။ သူဘာလို့ ဒီလောက်တောင် လုပ်ရဲ ပြောရဲသွားသနည်း ကိုယ့်ကိုယ်ကိုပင် အံ့ဩနေမိသည်။

“အဖေကို အသေအချာကန်တော့ပြီး ပြန်တောင်းပန်လိုက်”

“ဟုတ်ကဲ့”

ကြိုဖိးက ရစ်ဝဲလာသောမျက်ရည်များကို မျက်တောင်တဖျပ်ဖျပ် ခတ်ကာ ထိန်းရင်း ခေါင်းညိတ်သည်။ ဟုတ်သည် အဖေ့ကို သူကန်တော့ပြီး တောင်းပန်မည်။

“သားက အကြီးဆုံး ငါ့သား ဖြောင့်ဖြောင့်သွားမှ အငယ် နှစ်ယောက်လည်း ဖြောင့်ဖြောင့်လိုက်မှာပေါ့”

အမေက သူ၏ဆံပင်များကို သပ်တင်ကာ ပြောနေကျစကားကို ပြောသည်၊ ကြိုဖိးက ဒီတစ်ခါ စိတ်ပါလက်ပါ ခေါင်းညိတ်သည်။

“သား ဒီနှစ်နှစ်မှာ တကယ့်ကို ြုကိးစားတော့မယ် အဖေ” ဟု ကတိ ပေးလိုက်လျှင် အဖေ၏ရင်ထဲတွင် အေးသွားလိမ့်မည်ထင်သည်။ ကြိုဖိးအဖေ့ကို ကြောက်ကြောက်နှင့်မျှော်နေမိသော်လည်း အဖေ က ထမင်းစားပြန်မလာခဲ့ပေ။ အခါတိုင်းလည်း အိမ်နှင့်အလှမ်းဝေးသော နေရာရောက်နေပါက နံနက်စာကို ြုကံသလိုစားတတ်၍ အမေက ပူပူပင်ပင် မရှိလှချေ၊ သို့သော်

“မနေ့တုန်းက စိတ်မကောင်းဖြစ်ပြီး ဒီနေ့လည်း သိပ်နေမကောင်း လို့လားမသိဘူး၊ စိတ်ထဲမှာမရွှင်ဘူး လေးလေးလံလံကြီး” ဟု ခပ်ညှိုးညှိုး ပြောသည်။

နံနက် ထမင်းစားပြန်မလာသည်ကို မပူသော်လည်း အခါတိုင်း ပြန်လာနေကျ ခြောက်နာရီကျော်သည်အထိ ပြန်မလာတော့ အမေက

“သားတို့အဖေ နောက်ကျလိုက်တာကွယ်” ဟု ပြောသည်။

ကိုတိုးနှင့်မစိုးက အိမ်ရှေ့ထွက်ပြီး မျှော်နေကြသော်လည်း သူက အိမ်ရှေ့ခန်းထောင့်တွင် ခပ်ကုပ်ကုပ်ထိုင်ရင်း

“အဖေ ငါနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ ပြန်မလာသေးတာ များလာ

Leave a Reply

Your email address will not be published. Required fields are marked *