Novel

#အမရွာပြန်

 

ယောက်ထည်းငယ် တကိုယ်
လျင်စလိုငယ်
ခင်လျှိုရေကျ
သည်တောဝက
အမရွာပြန်
( ဦးကြီး )

***

( ၁ )
အပြင် မှာ နေကျဲကျဲ ပူ သော်လည်း သမ္ဗန်ဝမ်းထဲ ၌ အေးစိမ့်စိမ့်ရှိသည်။ အပြင် မှာ လို အလင်းရောင်က လည်း မျက်စိစူးအောင် မတောက်ပ။ ထို့ပြင် ကမ်းစပ် ရေစပ် သစ်ချုံ ဘာကိုမှ တရိပ်ရိပ် မူးအောင် မမြင်ရ၊ စိတ် ငြိမ်းချမ်းသည်။ သို့သော် သမ္ဗန်ဝမ်းပြင်၏အခင်းမှာ ခိုးလိုးခုလုရှိကာ ညိုမည်း စုတ်ချာသည့် ပေါင်းမိုး အုပ်အုပ်အောက်၌ အနည်း ငယ် ကျဉ်းကျဉ်းကျပ်ကျပ် နိုင်တာသာ ရှိလေသည်။

ဒေါ်လှရင်သည် သမ္ဗန်ဝမ်း ထဲ၌ မိန်းမောလျက်ရှိလေသည်။ သူမသည် ဤလူ့ ဘဝကြီးကို စွန့်ခွာရတော့မည်။ ရက်ပိုင်းလေးမျှသာ လိုတော့သည်ကို ကောင်းစွာ သဘောပေါက်မိလေပြီ။ အင်း .. တစ်နှစ်ကျော်ကျော်မျှ ခံစားခဲ့ရသည့် မီးယပ်သွေးဆုံးရောဂါမှ ကင်းလွတ်ပါတော့မည်။

သူမသည် သေရတော့မည် ဆိုတာကို သိရှိသည်မှာ ကြာပြီ ဖြစ်၏။ သို့သော် စင်စစ် မျှော်လင့်ချက် လုံးလုံး စွန့်လိုက်သည်မှာမူ မနေ့ကမှ ဖြစ်သည်။ ဆေးဆရာအမျိုးမျိုးကိုလည်း ကယ်ပါရန် တောင်းပန်ခဲ့ဖူးပါ၏။ ဆရာဝန်တို့၏ ချွန်မြသည့် အပ်နှင့်လည်း ဆေးထိုးခံခဲ့ဖူးပါ၏။ ယောက်ျားဖြစ်သူ ကိုပင် ပျောက်အောင် ကုမည့်ဆရာ မခေါ်တတ်နိုင် ကောင်းလားဟု အကြိမ်ကြိမ် ရန်ဖြစ်ခဲ့ဖူးလေသည်။ ဒေါ်လှရင် သည် သေရမည်ကို နီးကပ် လာလေလေ၊ ကြောက်ရွံ့လေလေ ဖြစ်ကာ ကိုယ့် ကိုယ်ကိုယ် အားပေးလျက် ရှိခဲ့လေသည်။

သို့သော် မနေ့က မနက် လင်းအားကြီးအချိန်၌ သူမ သည် ပထမဆုံးအကြိမ် စတင် မိန်းမောခဲ့လေပြီ ။

ဒေါ်လှရင်သည် နာတာရှည် လူမမာပီစွာ သတိဆောင် ခဲ့လေသည်။ သို့သော် မနေ့ ကမူ မိန်းမောခဲ့လေပြီ။ ထို့နောက် ဘယ်လိုပင် သတိဆောင်သော်လည်း မတတ်နိုင်တော့ဘဲ မေ့ တစ်ချက် လျော့တစ်ချက် နှင့်ပင် အသက် ရှည်ကြာခဲ့ရသည်။ ညက ဆိုလျှင် လင်သည်က ခေါင်းရင်းမှ ထိုင်ကာ ရတနာသုံးပါး ဂုဏ်တော်ကို ရွတ်ဆို၍ ပေးနေခဲ့သည်။ မနက်ကမူ အနည်းငယ် လန်းပါ၏။

မှောင်နက်သော တစ်ညလုံး ပင် ဒေါ်လှရင်သည် သတိ ဝေ့လည် ဝေ့လည်နှင့်ပင် ရွာပြန်ဖို့ကို စိတ်စောလျက် ရှိသည်။ “ ရွာပြန်ပြီး ခေါင်းချပါစို့ရဲ့ လှရင်ရယ် ” ဟု ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် ပြောနေသည်။ ချက်ချင်းပင် လင်သည်ကို ပူဆာမိလေသည်။ “ ရွာ ပြန်ပါရစေတော့ ကိုအောင် ရယ် .. မိုးလင်းရင် သမ္ဗန်ဆိပ် ဆင်းပါရစေ …” ဟု မပီမသ ပြောရသည်။ သူမ ၏စကားကို တစ်ကြိမ်၊ နှစ်ကြိမ်နှင့်မှ မသဲကွဲကြသော် အလွန်ပင် ထိတ်လန့်လာမိလေသည်။ ဒေါ်လှရင် သည် သန်းခေါင်ကျော်ကြီး မှာပင် ရှိုက်ငင်ကာ ငိုယိုမိ လေသည်။

ယခုမူ ဒေါ်လှရင်သည် ရွာ သို့ ပြန်လာလျက် ရှိပေပြီ။

ဪ … ကိုယ့်ရွာတောင် ကိုယ် မရောက်တာ ဘယ်လောက်ကြာပြီလ၊ ကြာဆို ရွာက ထွက်လာ ကတည်းက တစ်ခါမျှ ပြန် မရောက်တော့ချေ။

ဤအတောအတွင်း နှစ်ပေါင်း နှစ်ဆယ်ကျော်တို့ သည် ကုန်ကျွမ်းခဲ့လေပြီ။ ရွာက ထွက်စဉ်က လှရင် နှင့် ရွာပြန်လာသည့် လှရင် တို့မှာ ကွာလှပါသေး၏။ သူမသည် ရန်ကုန် အစ်မများရှိရာသို့ ထွက်လာစဉ် က အသက် နှစ်ဆယ်ရွယ် မျှစ်စို့ ပမာ နုနယ်ထွားကျိုင်းသည့် အပျိုမကလေး ဖြစ်ခဲ့လေသည်။ ရုပ်ရည်က တယ်မလှသော်လည်း အသားဖြူဖြူ ကိုယ်ပေါက် ကိုယ်ရောက် ခပ်ဖြောင့်ဖြောင့်မို့ သူ့ ခေတ် သူ့အခါမှာ မျက်နှာ တော့လည်း ပွင့်ခဲ့ပေသေးသည်။ သူကြီးဟောင်း၏ သမီးလည်းဖြစ်ပြန်၊ ရွှေလက်ကောက် ရွှေခြေချင်းကလေးများ လည်း ဝတ်နိုင်ပြန် ဆိုတော့ အပျိုမ လှရင်သည် မာန ခပ်ကြီးကြီး နေခဲ့သည်။

လှရင်သည် ရွာမြောက်ပိုင်းမှာဖြင့် နာမည် အကျော်ဆုံး ဖြစ်ခဲ့လေသည်။ ထို့ပြင် ကိုယ့်ကိုယ် ကိုယ်လည်း တန်ဖိုးထားရမှန်း သိတတ်ကာ သူများ အပျိုတွေ ရေခပ်၊ ထင်းခွေ ၍မှ သူမ ဘာမှမလုပ်ချေ၊ ရှားစောင်း ခြံစည်းရိုး ခတ် ထားသည့် ပျဉ်ထောင်အိမ် ပေါ် မှာ ၄၅ ကျပ်တန် ခွေးတံဆိပ် လက်ဆွဲဓာတ်စက်ကလေးနှင့် တေဘုမ္မာ ဓာတ်ပြား ဖွင့်ကာ ဖွင့်ကာ ခပ်ကြွားကြွား နေခဲ့ရသေးသည်။

လှရင်မှာ အမေ မရှိ၊ အဘိုးအရွယ်ရှိသည့် အဖေနှင့် ဦးလေး၊ ဦးကြီး အရွယ်ရှိ သည့် အစ်ကို နှစ်ယောက် နှင့်သာ နေခဲ့ရသည်။ လှရင်မှာ ခပ်ဆိုးဆိုး၊ ဘယ်သူ့ ကိုမှ ကြောက်တယ် မရှိ။

တစ်နေ့မူ … အစ်ကို နှစ်ယောက်သည် ရွာထဲက သတင်း ကြားပြီး လှရင်ကို တစ်လှည့်စီ ရိုက်ကြလေသည်။ ထုံးစံမှာ အင်မတန် ခေါင်းမာသူဖြစ်ပေမဲ့ သည်တစ်ခါမူ နာနာရှိသည်နှင့် “ အဘရေ မဆွဲတော့ဘူးလား ” ဟုပင် အော်မိသေးသည်။ သို့သော် အဖေအို သည် မတုန်တလှုပ်နှင့် ခပ်ကုပ်ကုပ်ပင် လုပ်စရာ ရှိသည်ကို လုပ်လျက်နေလေသည်။

နှမဖြစ်သူ ရည်းစားထား၍ ရိုက်ကြတယ် ဆိုကိုး။ လှရင်မှာ မာနကြီးသော်လည်း အပျိုဖြစ်လာသည်နှင့် ရည်းစားထားချင်စိတ် ပေါက်ကာ ရည်းစားထားမိလေသည်။ စင်စစ် ရိုးမြေကျရယ်လို့ မမှန်း၊ သို့သော် ရည်းစားသည်က ထန်းတောသို့ သွားကာ ကာလသားတို့ထုံးစံအတိုင်း ဦးရေ တစ်ကျိုက်၊ တောကြောင်သား တစ်ကိုက်နှင့် သူ၏ညစွန့်စားခန်းကို ဖောက်သည်ချပြန်သတဲ့။

လှရင်သည် အိပ်ရာမှ နှစ်ရက် သုံးရက်ပင် မထနိုင် ချေ။ ထနိုင်ပြန်ပြီးလည်း အတေးကြီး တေးကာ နေသည်။

သူမသည် သည်အမှုဖြစ်ပြီးသည့်နောက် တစ်လ တောင် မကြာဘူး ထင်သည်။ ရန်ကုန်မြို့သို့ ရင်ကော့ကာ ထွက်ခဲ့လေသည် ။ ရည်းစားသည် လည်း သူ့ နှမဝမ်းကွဲ တစ်ယောက်ကို ကရင်တောသို့ ခိုးပြေးလေသည်။ အစ်ကို နှစ်ယောက်က လယ်ထဲ အဆင်းမပျက်။ အဖေအို ကမူ မျက်ရည်စမ်းစမ်းနှင့် ဆုမွန်တောင်းလိုက် ရှာသည်။ လှရင်သည် လူကြုံ အားကိုးနှင့် တစ်ယောက်တည်းပင် စွန့်စားဖို့ ထွက်လာသည်။

ရန်ကုန်သို့ ချောချောမောမော ရောက် ပါ၏။

(၂)
“ ချောချောမောမောမှ ရောက်ပါ့မလားကွယ် ….”

ဒေါ်လှရင်၏သတိတို့သည် ပြယ်၍ ပြယ်၍ လာလေပြီ။ အမြင်သည် ဝါး၏။ သမ္ဗန်ပေါင်းမိုး၏ ညို့မှိုင်းသော အရောင်၊ ဝါးစ အချွန်အတက်များနှင့် တစ်ဝက်တစ်ပျက် မြင်ရသော ကောင်းကင်အဖြူသည် မဆီမဆိုင်ပင် တစ်ပြေးတည်း ဖြစ်ကာ နေလေသည်။ ဦးနှောက် လည်း မကြည်ပြီကော .. မူးမေ့ရိပ်ရိပ်။

သမ္ဗန်ခတ်သမား၏စိုးရိမ်သံကို ကြားလိုက်၏။ ချောချောမောမော ရောက်ပါ့မလား၊ ဟုတ်လား၊ ဘာဖြစ်လို့လဲကွယ် ။ ငါ အရှင်ကြီး ရှိပါသေးဘယ်။ ဒေါ်လှရင်သည် လန့်ဖျပ် သွားကာ သတိဆောင် လိုက်ပြန်လေသည်။

သူမသည် “ ကိုအောင် … ကိုအောင် ” ဟု လင်သည် ကို ခေါ်၏။

လင်သည်က သမ္ဗန်ဦးမှ ဆင်းလာကာ၊ စိတ်မသက်သာဟန်နှင့် ကြည့် လေသည်။ အို … မယား လူမမာကို ငြီးငွေ့ရှာတာ ကြာပြီကောလေ၊ ကြာပြီကော။

ဒေါ်လှရင်သည် ဒေါသ ထ လာလေသည်။ သို့သော်လည်း ဒေါသဖြစ်ရတာပင် မောပန်းလှပြီ။ အရင် မာတုန်းကလိုသာ ဆိုလျှင် ဘယ်နှချီဖြစ်ဖြစ် လင်မယား ရန်ဖြစ်ဖို့ အသင့် ရှိသည်။ ပြီးတော့လည်း သေခြင်းတရားက အပါးမှာ ကပ်လို့ပဲကွယ်။ ဒီ တဒင်္ဂလေးမှာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သမျှ နေပါစို့ ရဲ့။

ဒေါ်လှရင်က ပျော့လျစွာ … “ ကျွန်မ ရေငတ်လိုက်တာ တော် ” ဟု ပြောသည်။ လင်သည်က ဘာမျှမပြော၊ သမ္ဗန်ဝမ်းတွင်းသို့ တိတ်ဆိတ်ညင်သာစွာ ဆင်းလာပြီး ကြိမ်လက်ဆွဲခြင်းကို ဖွင့်သည်။ စပျစ်ခိုင် တစ်ခိုင်ကို ရေ ဆေး၏။ ပြည့်ဝ ဖောင်းတင်းကာ အရည်ချိုနှင့် ရွှန်းပါ၏။ သို့သော် နှုတ်ခမ်းပေါ် ညှစ်ချပေးသည့်အခါမူ လျှာနှင့်မှ သွက်သွက် မသပ်နိုင်ပါကလား။

ဒေါ်လှရင်သည် အားငယ် သွားကာ ဖြစ်လိုရာ ဖြစ်စေတော့ ဟူသော စိတ်မျိုး ဝင် လာလေ၏။ သေမင်းက တစ်ဝက် ပိုင်ဆိုင်နေပြီလေ။ သို့သော် ဖျတ်ခနဲ ရွာ က လူများကို မြင်ယောင် မိသည်။ သမီး သေတာ တောင် မြင်ရဦးမည့် အသက်ရှည်သည့် အဖေအိုရယ်၊ မြောက်ပိုင်း တစ်ယောက် တောင်ပိုင်း တစ်ယောက် မယားနှစ်ယောက် ယူထားသည့် အစ်ကိုကြီး ရယ်၊ လူတွေနှင့်မနေ နွား နှင့်သာ နေပြီး လယ်ထဲက မထွက်သည့် အကိုလေး ရယ် … ။

“ ရွာ မရောက်မချင်း ငါ မသေဘူး ” ဟု ဒေါ်လှရင် သည် စိတ်တင်းလိုက်ပြန်လေသည်။

သမ္ဗန်သမားက ရောက်ချင်ဇောနှင့် တကျွီကျွီ မြည်အောင် အပြင်းခတ်ပြန်သော် ဒေါ်လှရင်သည် မောလာပြန်သည်။ ရင်တွင်းက ကျပ်လွန်း၍ အသက်မှ ရှူ မဝ၊ ပါးစပ်ကို ဟကာ ပါးစပ်နှင့်ပါ ရှူရလေသည်။

“ ရွာတော့ မရောက်ဘူး ထင်ရဲ့ ” ဟု ဝမ်းနည်းမိသေးသည်။

လင်သည်က သမ္ဗန်သမား ကို အခတ်နှေးစေပြီး

“ မရင်ကြောင့်တော့ ခက်ပါရဲ့ကွာ၊ ရန်ကုန်မှာ အိပ်ရာ ပေါ် ငြိမ်ငြိမ်ကလေး နေ ရင် အသက်ပျောက် တောင်မှသက်သက်သာသာ ရှိပါသေးရဲ့ ” ဟု မတိုးမကျယ် ညည်းနေသေး၏။

ရန်ကုန် ဘာများ မက်စရာတုံး၊ အနှစ် နှစ်ဆယ် နေခဲ့တာ တအောင့်ကလေးများ ပျော်တယ် ထင်သလား။

( ၃ )
စင်စစ် ရန်ကုန်၌ သူမ ပျော်သလောက်တော့ ပျော်ခဲ့သေးသည်ကို ဝန်ခံရပေမည်။

ရန်ကုန် ရောက်စ လှရင်မှာ မိုက်ကလည်း မိုက်ချင်ချင်၊ အိမ်ကိုလည်း စိတ်နာနာမို့ ဘာဖြစ်ဖြစ် စွန့်စားလိုက်ချင်စိတ်တွေသာ ရွရွတက် နေခဲ့ပေသည်။ လှရင်၏ အမမှာ လင်နှင့် သားနှင့် တိုက်တာအိမ်ခြေနှင့် ကောင်းစားနေသည်ကို အားကျမိသည်။ အစ်မက မွေးသည့် မတိမ်းမယိမ်း တူမပျိုများနှင့်အတူ ဝတ်ကာ စားကာ သွားကာ လာကာ ရှိလေသည်။ ရုပ်ရှင် ကိုလည်း အစ်မက ခွင့်ပေး သမျှ ကြည့်ကာ မောင်ညီပု၊ ခင်ခင်ဥ စသည့် အမည် ကိုလည်း အင်မတန်မှ ခေါ်၍ကောင်းမိသည်။ ညတိုင် ဆိုလျှင် အနောက်ပိုင်း ညဈေးတန်း လျှောက်ကာ လက်ဖက်သုပ် ဝယ်စားလိုက်၊ ဂျပန်ဖြစ် ဓာတ်ရိုက်လုံချည် သုံးမူးတစ်ပဲတန် တွေ ဝယ်လိုက်နှင့် လူလုံး ပြ၍ ကောင်းလှသည်။ ကြာတော့ အစ်မဖြစ်သူက “ လှရင် တော်တော် ထတယ်နော် ” ဟု ပြောရလေသည်။

ဘာပြောပြော လှရင်သည် ဟိုက်ကုတ်က စာရေးကြီး ဆိုသော လူတစ်ယောက် နှင့် ချိတ်ဆက်မိလေသည်။

စာရေးကြီးက ခြောက်မောင် ဂျပန်ပိုးအင်္ကျီလေးတွေ၊ ပန်စရာ ဖယောင်းပန်း၊ ဖဲပန်းလေးတွေ ဝယ်ပေးတတ်သည်။ လှရင်သည် မြို့ အနေအထိုင်ကို တပ်မက်လျက်ရှိကာ ရန်ကုန်သူ လုပ်လိုစိတ် ပြင်းပြလျက်ရှိ လေသည်။ စာရေးကြီး ဆိုသည်မှာ ညံ့လှတာ မဟုတ်ဘူး။ အနည်းဆုံး ဝဝ စားပြီး လှလှတော့ ဆင်နိုင်ပေလိမ့်မည်။ ပြီးတော့ ရွာက ထွက်သမျှ အပျိုတွေထဲတွင် မိမိတစ်ယောက်သာ ဗွေဆော်ဦး မြို့သားနှင့် ကျရမည်မှာ ဂုဏ်ယူစရာပေတည်း။

လှရင်သည် အစ်မဖြစ်သူ နှင့် ရန်ဖြစ်စပြုလေသည်။

တစ်ညနေ၌ ထမင်းပွဲမှာ ညီအစ်မ နှစ်ယောက် စကားများ၏။ အစ်မဖြစ်သူက နာနာနှိမ်၍ ပြောသည်။ လှရင်သည် စာရေးကြီး အားကိုးနှင့် ခံလှန်၍ ပြောမိလေသည်။ သည်တော့ အစ်မဖြစ်သူက ဒေါသတကြီးနှင့် တံမြက်စည်းနှင့် ရိုက်ပါလေရော။

လှရင်သည် သူမ၏ရွှေထည်ကလေးများကို ကျစ်ကျစ်ထုပ်ပြီး စာရေးကြီး လက်ထဲ အပ်ကာ ခိုးရာလိုက်ပြေးရပြန်ချေသည်။

လှရင်နှင့် စာရေးကြီးသည် စာရေးကြီး၏သူငယ်ချင်း ဆိုသူ၏အိမ်မှာ နေကြ၏။ သူသည် ရအပ်သည့် လွတ်လပ်ခွင့်နှင့် ပျော်ရွှင်ကာ နေသည်။ လမ်းမတော် ရှင်ဥပဂုတ်ပွဲမှ ရာမဇာတ်ပွဲ စသည်တို့ကို ညဆက် ကြည့်သည်။ ဘိုတထောင် ဘုရားပွဲ ဆိုလည်း ရှေ့က ရောက်သေးသည်။ ပုဇွန်တောင်မှာ ဂရိတ်ဘိုးစိန် က လျှင် လှရင် အငြိမ်မနေနိုင်ပြီ။ သူမသည် စာရေးကြီး နှင့် တွဲမိကာ ပွဲတိုင်းကျော် ဖြစ်၍နေသည်။

စင်စစ်တော့ သူမသည် ရန်ကုန်သူတွေ အပျော်ကြူး သလို သူမလည်း အပျော်ကြူးချင်သည်။ ရန်ကုန်သူတွေ ဝါကြွား သလို သူမလည်း ဝါကြွား ချင်သည်။ ဖြစ်နိုင်လျှင် ရန်ကုန်သူတွေ လည်သလို လည်ကာ၊ ရန်ကုန်သူတွေ လော်မာသလို လော်မာ ချင်သည်။ ရန်ကုန်သည် လှရင်လို အူရိုင်းအဖို့ အင်မတန်ပြင်းသည့် အရက်ပေပဲ။

လှရင်သည် စကားပြော လျှင် မျက်စ ချီတတ်လာသည်။ ပိုလိုစီးကရက်ကို လက်ကြား ညှပ်ချင်လာ၏။ ထို့ပြင် သွား အကောင်းကိုလည်း ရွှေ အုပ်ရပြန်သေး၏။ သူမ သည် ပျားဖယောင်းရုပ်တု ဖြစ်နေ၏။ စာရေးကြီးက သူမအား ခေါ်ဆောင်သွားသည့် လူတန်းစားထဲ၌ အသားကျကျ နေတတ်ဖို့ ကြိုးစားသည်။

သုံးလေးလမျှ ကြာလျှင် စာရေးကြီးသည် တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။ လှရင်၏ရွှေထုပ်ကလေး လည်း ပါသွားသည်။ လှရင်သည် ချွေးခံအင်္ကျီအိတ်ထဲမှ ငွေလေး ငါးကျပ်နှင့် ရွှေ လက်ဖွဲ့ကလေး တစ်ကုံးနှင့် ကြောင်လည်လည် ကျန်ခဲ့သည်။ သတင်းကြားရသည်မှာ စာရေးကြီးမှာ မယားကြီး ရှိ ဆိုပါကလား၊ ထို့ပြင် ဘယ်ရုံးမှာမှ အလုပ်လုပ်နေသူ မဟုတ် ဆိုပဲ။ အ, ပါပေ့ လှရင် ရယ်၊ တစ်နေ့ တစ်နေ့ လှရင်နှင့်ချည်း လျှောက်လည်နေလျက်နှင့်မှ ဟိုက်ကုတ် သွားတာ မမြင်လေရော့သလား၊ လှရင်သည် ပထမဆုံးအကြိမ် လူ့ဘောင်ကြီးကို ကြောက်ရွံ့၍ လာလေသည်။

လှရင်သည် “ စာရေးကြီး ရဲ့ စာရေးကြီးရဲ့ ” … လွမ်းဆွေးနေသေးသည်။ ညဦးများ ကျပြီဆိုလျှင် မီး ထိန်ထိန်လင်းသည့် ရန်ကုန်မြို့ကြီးထဲသို့ ထွက်လာကာ ခြေဦးတည့်ရာ လျှောက်သွားလျက် ရှိလေသည်။

သူမသည် ရှုပ်ပွလှသည့် လမ်းများကိုလည်း တယ်ပြီး မမှတ်မိသေး၊ ကိုယ် နေသည့်အိမ်ကိုပင် ကွမ်းယာဆိုင်ကလေး မှတ်မှတ် ထားပြီး ပြန်လာရချေသည်။

လှရင်သည် များမကြာမီ ပင် စာရေးကြီး၏ သူငယ်ချင်း ဆိုသူ၏ မယားဖြစ်ပြန်လေသည်။

သည့်နောက်ကော၊ သည့်နောက် အဖြစ်အပျက်များကို တော့ သိပ်ပြီးမေ့လိုက်ချင် ပြီ။ ဤအတိတ်၏ အကြောင်းချင်းတများသည် ကြောက်မက်စဖွယ် အိပ်မက်များအဖြစ် ပြန်လည်လာသေးသည်။ သူမသည် လက်ထဲလည်း ပိုက်ဆံမရှိ၊ ဦးနှောက်ထဲ လည်း အသိဉာဏ်မရှိဘဲ .. တစ်လက် မသာလျှင် တစ်လက်သို့ ပြောင်းကာ အစ်မ လို ကောင်းစားခြင်းမျိုးကို ရန်ကုန်မှာ ရှာဖွေရှာလေသည်။

ဒါဟာ ထူးဆန်းလေသလား ဟု သူမ ဖြေပါ၏။ လှရင်သည် တောက ဆင်းရဲသူကလေးများ ရန်ကုန်တက်လာလျှင် ဖြစ်တတ် ပျက်တတ်တာထက် ဘာမှ ပို၍မဖြစ်ပျက်ခဲ့။ အထူးသဖြင့် သူမသည် ပို၍မာနကြီးကာ ပို၍သတ္တိ ကောင်းခဲ့သေးသည် မဟုတ်လား။ ရွာကို ပြန်ဖို့ လည်း စိတ်မကူး၊ အစ်မ၏ အိမ်ပေါ် တက်ဖို့လည်း မကြိုးစား ဖြစ်ချင်ရာဖြစ် … ။ သူမသည် တပ်မက်ခြင်း၊ ဆင်းရဲခြင်း၊ မိုက်မဲခြင်းတို့ နှင့် အတူတကွ သံသရာ လည်ခဲ့ပါပေသည်။

( ၄ )
ဒေါ်လှရင်သည် သမ္ဗန်တက်က အုန်းဆံကြိုး၏ တကျစ်ကျစ် မြည်သံ၊ တက်နှင့် သမ္ဗန်ပေါင် ကြိတ်မိကာ တအီအီ မြည်သံတို့ကို နားထောင်နေလေသည်။ တဖြည်းဖြည်းနှင့် ရွာနှင့် နီးလာပြီ၊ ရွာကို ရောက်တော့မယ်လေ၊ ရွာ ကို ရောက်လျှင် ဗိန္ဒောဆရာကောင်းကောင်း ရှာ၍ တွေ့ချင်လည်း တွေ့ဦးမည်။

သို့သော် သူမသည် ပန်းလျ လှလေပြီ။

ဒေါ်လှရင်သည် လက်ကို အမှတ်မထင် မြှောက် ကြည့်မိလေသည်။ ကြွလို့ မရပါတော့ပြီ။ အောက်ပိုင်းက ဘာဖြစ်နေပြီ မသိ၊ သူမ၏ခြေများ စတင် ဖောရောင်ကတည်းက အောက်ပိုင်းတစ်ခုလုံးကို သူမ မပိုင်ဆိုင်တော့ပေ။ အပေါ့ အလေး သွား၍မှ မသိ၊ အပူအအေးမှ မခံစားတတ်၊ ဖောရောင်ခြင်း သည် တဖြည်းဖြည်း ရင့်လာပြီး ယခု တစ်ရက် နှစ်ရက်အတွင်းမူ နည်းနည်း ကျသွားသလို ရှိသည်ဟု လင်သည်က ပြောသည်။

“ အဖော ကျရင် သေတတ်တာပဲ ” ဟု ဒေါ်လှရင်က ကြောင်တောင်ကြီး ပြောခဲ့မိသည်မှာ တစ်နေ့ကတင် မဟုတ်လား။

ဪ … ငါ ရွာကို ရောက် ရင် မသေခင် လုပ်စရာ ရှိတာ လုပ်ရဦးမယ်ဟု သတိ ရလာလေသည်၊၊ ခေါင်းအုံး အောက်က ခုလု ခုလု အရာ ကို ယခုမှ ခံစားမိတော့လေသည်။ ဒေါ်လှရင်၏ စုဆောင်းထားသည့် ပစ္စည်းအထုပ်မှာ စတိလုပ်ထားသည့် ပုတီးစေ့ ရွှေလက်ကောက် သုံးရန်၊ ဆင်မြီးလက်စွပ် နှစ်ကွင်း၊ ဥဿဖရား ဆွဲကြိုးတစ်ကုံး၊ ရွှေဆွဲကြိုး တစ်ကုံး နှင့် ကျောက်စိမ်း ကြယ်သီး တစ်စုံ ရှိလေသည်။

ဒေါ်လှရင်သည် လက်နှင့် စမ်းသပ် ကိုင်တွယ်ကြည့်ချင်လာလေသည်။ လက် ကို မြှောက်ပြန်၏။ အနည်းငယ် ရွေ့သေးသည်။ မ၍တော့ မရ။

ရွာက လူတွေဟာ ဆင်းရဲပါဘိသနှင့်၊ ငါသေရင် သင်းတို့ သင်္ဂြိုဟ်နေရဦးမယ်၊ ငါ့ ရွှေလက်ကောက် နှစ်ရန် ရောင်းတယ် ဆိုရင် မသာစရိတ် သပိတ်သွတ်ဖို့တော့ လောက် ကောင်းပါရဲ့။ အဲဒါကို ရွာဦး ဘုန်းကြီးကျောင်းက ဆရာတော်ကို မှာပြီး အပ်ခဲ့ရမယ်။

လက်ကောက် တစ်ရန်ကို တော့ အဘ ပေးခဲ့မယ်၊ အိုစာ မင်းစာ။

ကျန်တာတွေတော့ အစ်ကို တို့ ပေးခဲ့ရုံပဲ။ အစ်ကိုကြီး က သားသမီး များများနဲ့၊ ဒီထဲ ငါ့ကို သတိရသေးရင် နောင်ဘဝဖို့ ပါအောင် အလှူဒါနပြုပါလို့ ပြောရမယ်။

လုံချည်၊ အင်္ကျီ အဝတ်အစားများကို ဒေါ်လှရင် သတိရလာပြန်လေသည်။ ဒါတွေကို ဘယ်သူ့ ပေးခဲ့ရပါမလဲ၊ ဪ ငါ့ သမီးလေး မွေးမွေးချင်း သေသွားရှာတဲ့ သမီးလေး၊ သူသာ ရှိရင် ခုနေ အပျို ဖြစ်ပြီ၊ ပေးခဲ့နိုင်မှာ ..။

ဒေါ်လှရင်သည် အဝတ်အစားများအတွက် စိတ်ဝေခွဲမရဖြစ်နေသည်။ သို့သော် သည်လောက် တွေးတောရသည်မှာပင် နွမ်းပျော့လှပြီ။ ခဏထား လိုက်ပါဦး။

သမ္ဗန်ဦးမှ လင်သည်က ချောင်းတစ်ချက် ဟန့် လိုက်လေသည်။

ဒေါ်လှရင်သည် လန့်ပင် လန့်သွားချေတော့သည်။ ငါ့ အကြံအစည်တွေကို များ သူသိလေပြီလား၊ သူ က ရန်ကုန်သားမို့ ပါးက ပါးပါဘိသနဲ့။ လင်သည် ကိုတော့ ဘာမှပေးခဲ့လိုစိတ်မရှိ၊ မိမိမှာရှိသည့် ရွှေထည်ကလေးများ အကြောင်းပင် စကားစမပြောခဲ့။ မိမိမှာ ဘယ်လောက် ရှိသည် ဆိုတာလည်း သူ မသိ၊ ဒေါ်လှရင်သည် မလုံမလဲဖြစ်နေ မိလေသည်။

လင် ဆိုတာ ဘာများ ကောင်းတဲ့ လူတွေလဲဟု ဒေါ်လှရင်သည် စိတ်နာစွဲကလေး ရှိသည်။

ကိုအောင် ဆိုလျှင် အလုပ်နှင့်အကိုင်နှင့် ယောက်ျားကြီးမားမားမို့ ဘယ်တော့မှ မဆင်းရဲနိုင်။ ထို့ပြင် သူမ မှာ ကိုယ့်ဘက်ကိုသာ ပံ့ပိုး ချင်သည့် မယား၏ အလိမ္မာကလေးမျိုး ရှိသည်။ လင် ဆိုတာ စင်စစ် သူစိမ်းတစ်ရံဆံကြီးပဲဟု တွေးလျက် ရှိလေသည်။

ကိုအောင့်အပေါ် မိမိ မယားကောင်း ဖြစ်သလား မဖြစ်သလားတော့ မဆိုနိုင်၊ မိမိ အပေါ် တော့ ကောင်းလှသည့်လင် မဟုတ်ချေ။

အတိတ်က အရိပ်တို့သည် ပြန်လာဖိစီးကြပြန်လေသည်။ လင်မယားနှစ်ယောက် ပေါင်းသင်းခဲ့သည့် ၈ နှစ် ကျော် ၉ နှစ် အတွင်း ဘယ်နှခါ ကွဲ၍၊ ဘယ်နှခါ ပြန်ပေါင်းခဲ့သည် ကိုလည်း မမှတ်မိတော့။ သူကလည်း ရိုက်တတ်သည်။ မိမိကလည်း မိုက်၏။ အသက် သုံးဆယ်အရွယ်တုန်းက မလှရင် သည် လင်ကို ပစ်ကာ တခြား လူပျိုလူရွယ် ခပ်ချောချောကလေးများ နောက်သို့ တစ်ကြိမ် နှစ်ကြိမ်မက လိုက်ဖူးပေသေးသည်။

ဒေါ်လှရင်သည် ခေါင်းကို အနိုင်နိုင် စောင်းငဲ့ကာ သမ္ဗန်ဦးက လင်သည်ကို ကြည့်လေသည်။ သူ၏ မျက်နှာမှာ နေခြည် တစ်ခြမ်း ဟပ်၍၊ တစ်ဝက်ဖြူ တစ်ဝက်မည်းနှင့် နေသည်။ ဘိုကေက စုတ်ဖွာဖွာ၊ လည်ပင်း ကော်လာလေးမှာ တဖျတ်ဖျတ် လွင့်သည်။ အို … အပုံကြီး နုပျိုသေးသားပဲ။

လင်သည် သည် ဒေါ်လှရင် ထက် ၄ နှစ် ကျော်ကျော်မျှ ငယ်လေသည်။ ဒီလိုဆို တော့ သူဟာ ခုမှ သုံးဆယ့်ငါးနှစ်လောက် ရှိသေးတာပဲ။

ငယ်ပါသေးသည်။ မိမိ သေလျှင် နောက်ထပ် ယူနိုင်ပါသေး၏။ ခုခေတ်ကြီး မှာ မိန်းမက ပေါသော ခေတ်၊ အို … ငါ့ရဲ့လုံချည် အင်္ကျီတွေ သူ့ပေးခဲ့ရင် သူ ရဲ့နောက်မယား အစာ ဖြစ် ကုန်မှာပေါ့။

ဒေါ်လှရင်သည် မနာလိုစိတ်များ ပွားလာကာ၊ အမောပင် ဆို့၍ ဆို့၍ လာလေသည်။ မောလှချည်လား၊ ရွာ အရောက်မှ မခံတော့ဘူးလား၊ မြတ်စွာဘုရား ကယ်တော်မူပါ၊ လှရင်မှာ သေရတော့မယ်နော်။

သူမသည် ကြက်သီးများ ချမ်းထလာ၏။ သေခြင်းတရား၏ လက်လှမ်းမမီသည့်ဒေသကို ပြေးသွား လိုက်ချင်၏။ သို့ရာတွင် မလွတ်တော့ပြီ၊ ကြောက်လှချေရဲ့ ကြောက်လှချေရဲ့၊ ကြောက်ရလွန်း၍ ဟုန်ကာ တဖြည်းဖြည်းနှင့် သတ္တိ ကောင်းလာပြန်လေသည်။ ဘာပဲဖြစ်ဖြစ် ဆိုသည့်စိတ် ဝင်လာလေသည်။ နောင် ဘဝကိုပင် မြင်ယောင် မှန်းဆမိလေ၏။ အသံပင် မာလာလေ၏။

( ၅ )
လူမမာ ဒေါ်လှရင် ပါလာသည့် သမ္ဗန်သည် နှစ်ရက်မြောက်သည့်နေ့၌ ရွာသို့ လာဆိုက်သည်။

ရေဆိပ်သို့ ရွာက လူများ ဆင်းကြိုကြလေသည်။ ကလေးတို့ကလည်း အော်ဟစ် ဆူညံလို့ ခွေးတို့ ကလည်း တဟောင်ဟောင်။

ဆွေမျိုးရင်းချာများသည် ကြိတ်ပြီး ငိုကြလေသည်။ အဖေအိုကမူ “ လှရင်၊ လှရင် ” ဟု တတွတ်တွတ် ခေါ်သည်။ အစ်ကို နှစ်ယောက်ကတော့ကာ မျက်ရည်ဝဲကာ၊ မျက်လုံးများကို လှန်ကာ မိုးပေါ် သို့ မော့ပြီး နေကြသည်။

လင်သည် ကိုအောင်ကမူ မမြင်ဖူးသည့် ဆွေမျိုးများ အလယ်၌ အနေရ အထိုင်ရ ခက်နေကာ၊ သမ္ဗန်သမား က ဆေးပေါ့လိပ်ကို မီးညှိသည်။

သမ္ဗန်ဝမ်းတွင်း၌ ဒေါ်လှရင်သည် မလှုပ်မယှက်နှင့် ဂွမ်းစောင်ကလေး ခြုံကာ ပက်လက်ကပင် မျက်ရည်များ တွေတွေကျ၍နေလေ၏။
———–
#ကြည်အေး
ရန်ကုန်တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ၊ ၁၉၅ဝ။

 

Leave a Reply

Your email address will not be published. Required fields are marked *