Novel

#ကန်တော်သာမှာ

——————–

နွေလ ကျောင်းပိတ်ရက်၊ သီတင်းကျွတ် ကျောင်းပိတ်ရက်များ ရောက်တိုင်း ကိုခန့်တို့ ရွာကလေးသို့ သွားလိုစိတ်များ ပေါ်လာတတ်သည်။ ကျောင်းသားဘဝ လွတ်လပ်စဉ်က ဆိုလျှင် ကျောင်းရက်ရှည် ပိတ်တိုင်း ကိုခန့်တို့ ရွာသို့ ရောက်မြဲဖြစ်ပေသည်။

ကိုခန့်တို့ ရွာမှာ အခြားသော တောရွာများနှင့် ဘာမျှ ထူးခြားသည် မဟုတ်။ သာမန် တောရွာကလေး မျှသာ ဖြစ်သည်။ သို့ရာတွင် ကျွန်တော့်အဖို့ကား ကိုခန့်တို့ ရွာသည် ကိုခန့်တည်း ဟူသော ကျွန်တော့်မိတ်ဆွေ လူပျိုကြီး ရှိနေသည့် အကြောင်းဖြင့် အခြားသော ရွာများထက် ထူးခြား၍ နေသည်။ ကိုခန့်သည် နေပူကျဲကျဲ သစ်ရွက်ခြောက် တရှဲရှဲ လေရူး တဝဲဝဲ ထဲမှာပင် ကျွန်တော့်အား ရွှင်မြူးကြည်နူးအောင် တတ်နိုင်သူ ဖြစ်သည်။ ကိုခန့်နှင့် တွေ့လျှင် ကျွန်တော် ပျော်သည်။ ရယ်မောရသည်၊ အံ့ဩရသည်။ ကိုခန့်ကား တောသား ရိုးရိုး ကြမ်းကြမ်းကြီး တစ်ယောက်ပင် ဖြစ်သော်လည်း သူ့ရုပ်သွင်မှာ နှစ်လိုဖွယ် ရှိသည်။ ဤသို့ ကျွန်တော်ထင်သည်။ ခံ့ညားသော်လည်း ခင်မင်တတ်သည်။ ဟာသရှိသည်။

ရွာထဲက လူများ လူကြီးလူငယ် မရွေး ကိုခန့်ကို ချစ်ကြသည်။ သူ့ကို နာမည်တစ်လုံးတည်း ခေါ်သူ ရှားသည်။ မောင်ရင်ခန့်၊ ကိုရင်ခန့်၊ ကိုကြီးခန့်၊ မောင်ကြီးခန့် စသည်ဖြင့် ခင်မင်မှု၊ လေးစားမှုပါသော အမည်များဖြင့်သာ တွင်သည်။ သူသည် အသက်သုံးဆယ်ကျော် (ယခု လေးဆယ်ကျော်) ဖြစ်၍ အမေအိုကြီးနှင့် နေသည်။ တစ်ခါတစ်ခါ ကိုခန့်က “အမေက ငါ့ကို ‘နင် လူပျိုဟဲ့၊ လည်ချေ’ ဆိုလို့သာ လည်ရပါသကွာ။ မျက်စိများတောင် မှုန်ပါပြီ” ဟုပြော၍ ရယ်တတ်သည်။

ရွာက ရေခပ်လမ်းတွင် ကိုခန့်နှင့်အတူ လိုက်၍ အပျိုကြည့်ရသော အချိန်များကို ကျွန်တော် သတိအရဆုံး ဖြစ်သည်။ ကိုခန့်ကို ကြီးငယ် ပျိုအိုမရွေး လူချစ်လူခင် ပေါသည်။ လမ်းမှာ တွေ့သမျှ မိန်းကလေးများကို ကိုခန့်က ရယ်စရာမောစရာ ပြောရင်း နောက်ပြောင်၍ သွားသည်။ မိန်းကလေးများကလည်း သူ့ကို စိတ်မဆိုးကြ။ ပြန်လှန် နောက်ပြောင်ခြင်း၊ ပြုံးစိစိ မျက်စောင်းထိုးသွားခြင်း စသော တောဓလေ့ ချစ်စဖွယ် အမူအရာများကို ပြတတ်ကြသည်။

ကိုခန့်ကလည်း တူမတန် တူမ၊ နှမတန် နှမ၊ အချို့ကို ရပ်စကားပြော၊ အချို့ကို ရိုက်မလို့ရွယ်၊ အချို့ကို ရေတောင်းသောက်နှင့် စမြဲ ဖြစ်သည်။ ကျွန်တော်သည် ကိုခန့်ကို အားကျမိသည်။ သူ့ဘဝသည် ပျော်စရာ ကောင်းလှသည်။ မိန်းကလေး အသိတွေ များပြားလှ၏။ ပြောမနာ ဆိုမနာ ခင်မင်ကြသည်။ အင်း- ကောင်းလေစွ၊ ကောင်းလေစွဟု အားကျမိသည်။

“ဟင်း၊ တော့်နော် … လူကြီး”

“ဘာလဲဟဲ့၊ ဒီကောင်မက … ငါ ရွာထဲလျှောက် မောင်းတီးလိုက်ရ … ကျော်ပြန်ရော့မယ်”

“ပြောဝံ့ ပြောစမ်း၊ တော်နဲ့ကျုပ် အတွေ့ပဲ”

ဤသို့ မျက်စောင်းတခဲခဲနှင့် မဲ့ရွဲ့ ဘုတောသွားသော မိန်းကလေး တစ်ယောက်တော့ ရှိသည်။ သူကား ရွာအရှေ့ပိုင်းမှ ဆယ်အိမ်ခေါင်း ဦးသူတော်တူမ လှအေး ဆိုသူပင်တည်း။

ကိုခန့်ဟာ လူတိုင်းနဲ့ ခင်ပါလျက် လှအေးနှင့်ကျမှ ဘုတစ်လုံး ဂွတစ်လုံး ဖြစ်ရပုံကို ကျွန်တော် သိချင်သည်။ ကိုခန့်ကို မေးမှပဲ သိနိုင်တော့မည်။

“ဘာတုန်း ကိုကြီးခန့်ရဲ့၊ ဘာကြောင့်တုန်း”

ကိုခန့်သည် သူ့အကြောင်းသူ စဉ်းစားမိသလို ဟီး … ဟီး … ဟီး ဟု ရယ်ရင်း “မသိချင်ပါနဲ့ကွာ” ဟု ဆိုသည်။

မသိချင်ပါနဲ့ ဆိုမှ ပိုပြီး သိချင်လာသော ကျွန်တော်က

“ပြောစမ်းပါဦး ကိုကြီးခန့်ရာ၊ မှတ်သားရအောင်ပါ့” ဟု ထပ်မံ အရေးဆိုလိုက်ရ ပြန်ပါသည်။ ကိုခန့်လည်း သူ့ဟာသူ ပြန်စဉ်းစားမိသလို တဟီးဟီးနှင့် ရယ်နေရာမှ …

“အလကားပါကွာ၊ ဟောသည် ကောင်မဟာ … ငါ ပြော မပြောချင်ပါဘူး။ ညောင်မြစ်တူး ပုတ်သင်ဥ ပေါ်လွန်းလို့” ဟု ထပ်လောင်း၍ ရင့်ကျူးနေပြန်သည်။

“ပြောပဲ ပြောစမ်းပါဦး ကိုကြီးခန့်ရာ၊ ညောင်မြစ် ဘယ်လိုတူးလို့ ပုတ်သင်ဥ ဘယ်လို ပေါ်တယ်ဆိုတာ ကျွန်တော် သိပါရစေဦး”

ကိုခန့်က မပြောသေးချေ။ သူ့ဟာသူ တဟီးဟီးနှင့် ရယ်ရင်း လမ်းလျှောက်လာကြသည်။ ကျွန်တော်ကလည်း ကြာလေ သိချင်လေ ဖြစ်သည်နှင့် အထပ်ထပ် တောင်းပန်နေသောကြောင့် “မင်း ဒါလောက် မေးနေမှတော့ ငါထားခဲ့တဲ့ ကတိ ဖျက်ပြီး ပြောရသေးတာပကွာ” ဟု ဆိုကာ သူ့ဆေးတံကြီးကို စိမ်ပြေနပြေ မီးညှိလိုက်လေတော့သည်။ ထို့နောက် ကျွန်တော်တို့ နှစ်ယောက်သား သပြေပင်ဝိုင်းနှင့် တုံးတိုကလေး ပေါ်သို့ ဝင်ထိုင်လိုက်ကြသည်။

“မနှစ်က သင်္ကြန်တွင်းကပေါ့ကွာ”

ကိုခန့်က ဤသို့ အစပျိုးပြီး သေလုမတတ် ဖြစ်နေသော သူ့ ဆေးတံကြီးကို မီး ပြန်ရဲလာသည်အထိ တရှူးရှူး ဖွာနေသဖြင့် ကျွန်တော့်မှာ စိတ်ရှည်စွာ စောင့်ဆိုင်းနေရပေသည်။

“အင်း … သင်္ကြန်တွင်းဆိုတော့ တို့ရွာဓလေ့လည်း မင်း သိသား မဟုတ်လား၊ ရွာထဲမှာ လူ ကုန်သလောက်ပဲကွ။ အရှေ့ကျောင်း၊ အနောက်ကျောင်း၊ တောင်ကျောင်း၊ မြောက်ကျောင်းသွား ဥပုသ်ဇရပ်တွေမှာ အေးအေးလူလူ ပုတီးစိပ်တဲ့လူက စိပ်၊ အိပ်တဲ့လူက အိပ်နဲ့ ရွာထဲမှာ လူ ကုန်သလောက်ပဲကွ။ အဲသည့်အခါမျိုးမှာ ငါတို့ကလည်း ‘ကျောင်းတကာ’ နဲ့ ပေါ့ကွာ၊ ဟေ … ဟေ … ဟေ …။ ကျောင်းတကာဆိုလို့ ကျောင်းဆောက်ပြီးလှူတဲ့ တကာ မထင်နဲ့ကွ။ ကျောင်းတကာနှံ့အောင် လျှောက်လည်၊ ဥပုသ်သည်ယောင်ယောင် ဘာယောင်ယောင်နဲ့ ဘုန်းကြီးတွေ၊ ဦးဇင်းတွေနားကပ်၊ ကျွေးသမျှကိုစား၊ နေ့လည်ကျတော့ တော်တဲ့ သစ်ပင်ရိပ်သွား ကားနေအောင် အိပ်သကိုး”

“မနှစ်ကတော့ အမေက ရွာဦးကျောင်းသွား ဥပုသ်စောင့်တာနဲ့ ငါလည်း ကျောင်းမှာ အိပ်နေပါတော့မယ်လို့ အောက်မေ့ပါ့။ တကတည်း ဥပုသ်သည်တွေ စကားများကြတာနဲ့ အိပ်လို့ မရပါဘူးကွာ။ ဒါနဲ့ ငါလည်း ဦးဇင်းကြီးဆီက ဖျာချောချောတစ်ချပ် တောင်းပြီး သစ်ပင်ရိပ် အေးအေး တစ်ခုမှာ သွားနေမှပဲလေလို့ အောက်မေ့ပြီး ဦးဇင်းကြီးဆီ လာခဲ့သကိုး …”

“ဦးဇင်းကြီးကလည်း စိတ်တိုသကိုး၊ အပြောကလည်း ပက်စက်။ ဒါနဲ့ ငါ သွားဝတ်ချတော့ ‘ဟဲ့ ငခန့် … နင် ဥပုသ်တွေဘာတွေ စောင့်လို့ပါလား’ နဲ့ နှုတ်ဆက် အာလာပ သလ္လာပပြောပြီး ပတ်ချွဲနှပ်ချွဲနဲ့ ငါက ဖျာတောင်းရောဟေ့”

“ဒီတော့ ဦးဇင်းကြီးကလည်း ‘သယ် … နင် ဥပုသ်လေး တစ်ရက်စောင့်ပြီး အသေလို အိပ်မလို့ပေါ့လေ၊ မပေးဘူး။ နင် ပုတီးစိပ်ရမယ်၊ အိပ်နေတာတွေ့ရင် ကြိမ်လုံးနဲ့ လှိမ့်ပြီး ရိုက်ပြီးသားပဲ’ လို့ ကြိမ်းတာနဲ့ ငါ့မှာ ဂွကျနေတာပေါ့ကွာ။ တတ်နိုင်ပါဘူး၊ ဦးဇင်းကြီးကလည်း ငယ်ကြောက်ဆိုတော့ ချော့ရတော့တာပ။ ‘တင်ပါ့ဘုရား … တပည့်တော် ပုတီးစိပ်ချင်ပါရဲ့၊ ပုတီးမပါလို့ ဦးဇင်းကြီး ပုတီး ခဏငှားပါ’ ဘာညာနဲ့ ဖြီးချရသပေါ့ကွာ”

“ဒါနဲ့ ငါလည်း ကြံရာမရဖြစ်ပြီး ကျောင်းနဲ့ဝေးတဲ့နေရာ လျှောက်ပြီး အရိပ်ရှာ ထွက်ခဲ့ရောကွာ။ ငါ့မှာ ဒီဦးဇင်းကြီးကို ငယ်ငယ်ကတည်းက ကြောက်လာရတော့ ငါ အိပ်နေတာတွေ့ရင် တကယ် ရိုက်မှာလည်း စိုးသေးတာကွ။ အရိပ်ဆိုတိုင်းလည်း မအိပ်ဝံ့ဘူး။ ဒါနဲ့ လျှောက်ရင်း လျှောက်ရင်းနဲ့ ကျောင်းအရှေ့ဘက် ရေကန်ဘောင်ပေါ် ရောက်လာရောကွ”

“ဒီကန်တော့ မင်းလည်း အသိသား မဟုတ်လား။ ကန်ပေါင်က သပြေပင်ကြီးတွေကလည်း အုပ်သနဲ့။ အကိုင်းတွေကလည်း ရေထဲ ဝဲကျနေတာလေ။ ဘယ်လောက် ကောင်းလဲ။ အင်း … ငါတော့ ဒီကန်ပေါင် တစ်နေရာ အိပ်လေမှပဲလို့ စိတ်ကူးနေတုန်း ခပ်လှမ်းလှမ်းက ဝါတာတာ မြင်လိုက်ရသလို စိတ်ထင်တာနဲ့ အိပ်ရမှာ မရဲသလို ဖြစ်သွားသကွ။ နောက်တော့ ဟာ … ရေထဲ ဝဲကျနေတဲ့ သပြေကိုင်းပေါ် တက်အိပ်လိုက်ရ အကောင်းသား၊ ဦးဇင်းလာတောင် တော်တော်နဲ့ မမြင်ရဘူးဆိုပြီး တက်လိုက်ရော၊ တကယ် နိပ်သကိုးကွ။ အကိုင်းတွေကလည်း ဖြာကျနေလို့ အိပ်စရာ အတော်ကောင်းတာ”

“အပေါ်ရောက်တော့ အကောင်းဆုံး အကိုင်းကိုရှာ၊ အသာမှီကြည့် … ရုတ်တရက် လိမ့်မကျနိုင်မယ့် အကိုင်းမှာ ကျောကပ်။ အဲ … အဲ … ဒီတော့ ငါ့အင်္ကျီ အသစ်လေး ကြေမှာကလည်း စိုးရပြန်တော့ အသာချွတ်ပြီး အထက်စက ကိုင်းပေါ်ချိတ်၊ ပုဆိုးကလည်း ဆီစိမ်ပုဆိုး ခေါက်တောက်တောက် ပေါင်ရင်းထိအောင်လှန်။ လေကလည်း တဟူးဟူးနဲ့ကိုးကွ”

“လက်ထဲက ပုတီးက မစိပ်တစ်ချက် စိတ်တစ်ချက်ဆိုတော့ မတော်တဆ ရေထဲများ လွတ်ကျသွားရင် ဦးဇင်းကြီး ရိုက်ပြန်ချေရဲ့ဆိုပြီး လည်ပင်း ကွင်းလိုက် စွပ်ထားလိုက်ကရော။ ပြီးတော့မှ ဇိမ်ကလေးနဲ့ မှေးကနဲ မှေးကနဲ အိပ်ချင်သလိုလို ဖြစ်ဖြစ်လာတဲ့ အရသာကိုခံ …”

ထိုအခိုက် ခုနက တွေ့လိုက်သော ဘုကျကျ လှအေး၊ ရေခပ် တစ်ခေါက် ပြန်ထွက်လာပြီး ကိုခန့်နှင့် ကျွန်တော်တို့ စကားပြောနေရာ အနီးသို့ ရောက်လျှင် ရှက်ကိုးရှက်ကန်းဖြစ်လျက် ကိုခန့်ကို မျက်စောင်းထိုးကာ ခပ်ဆောင့်ဆောင့် ခပ်သုတ်သုတ် သွားသဖြင့် ကိုခန့်က အတန်ကြာ စိုက်ကြည့်နေပြီး “ကောင်မ … ငါ တွယ်လိုက်ရ မကောင်းဘူး” ကြိမ်းကာ ရယ်နေပါသည်။

“ဒါနဲ့ ဆက်ပါဦး ကိုကြီးခန့်ရဲ့”

“ငါလည်း မှေးမှေး မှေးမှေးနဲ့ အိပ်ပျော်လုပျော်ခင် ဖြစ်နေတုန်းမှာကွာ … ကန်ထဲ စွက်စွက်နဲ့ အသာ ဆင်းလာတဲ့ ရေသံ အောက်ဆီက ကြားလိုက်တော့ ငါလည်း ဘာများပါလိမ့်လို့ ကြည့်လိုက်တော့ လား … လား … မိလှအေးကိုးကွ၊ ဟေ … ဟေ …”

ကိုခန့်သည် မီးအားနည်းသွားသော သူ့ဆေးတံကြီးကို ရှူးကနဲ ရှူးကနဲ ဆောင့်ဆောင့်ဖွာရင်း တဂွက်ဂွက် ဖြစ်လာသဖြင့် အိုးဝကို လက်ဝါးဖြင့် ပိတ်၍ ခါလိုက်ပြီး တစ်ရှူ နှစ်ရှူဖွာ၊ မီးခိုးများ အားရပါးရ ထုတ်ပြီးမှ-

“ကမြင်းမက ဘယ်သူမှ မရှိဘူးဆိုပြီး အလစ်မှာ ရေချိုးရအောင် လာတာကိုးကွ၊ သိလား”

ကိုခန့်က ထိုသို့ပြောပြီး ဟေဟေ … ဟေဟေ …နှင့် ရယ်နေသဖြင့် ကျွန်တော်လည်း သူနှင့်အတူ ရော၍ ရယ်နေလိုက်မိ၏။

“ဒီကန်ထဲ ရေချိုးလို့ ရသလား ကိုကြီးခန့်ရဲ့၊ ကျောင်းကကန် မဟုတ်ဘူးလား”

“ဘယ်ကလာ၊ ဒီကန်က လူတကာ ချိုးနေတာ။ အဲဒီရက်ကသာ အခါတွင်းမို့ နွားကျောင်းသားတွေ မလာလို့ လူရှင်းနေတာကွ။ ကျောင်းကကန်လည်း မဟုတ်ပါဘူး။ ကျောင်းနားနီးတာ တစ်ခုပါ”

“အင်း … အင်း … ဒါနဲ့ ဆက်စမ်းပါဦး”

“ဒါနဲ့ ငါကလည်း အမှတ်တမဲ့ သစ်ရွက်ကြားက ကြည့်လိုက်တော့ သူက ရေချိုးရအောင် လာတာပေမယ့် ရေလဲလုံချည် ပါလာဟန် မတူဘူးကွ”

“ဟောဗျာ … အနော့ ဘယ့်နှယ်ချိုးတယ်”

“တို့တောမှာတော့ ကိစ္စမရှိပါဘူးကွာ၊ ရေထဲ တဖြည်းဖြည်းဆင်းရင်း ခါးကလုံချည် မ ယူသွားပြီး လူတစ်ကိုယ်လုံး ရေထဲထိုင်မိမှ လုံချည်ကို အသာ နီးရာ သစ်ကိုင်းပေါ်တင်ပြီး ချိုးကြတာပါပဲ”

“နိပ်ပေ့ဗျာ ၊ အင်း … အင်း … ဆက်ပါဦး”

“သူကတော့ ဘယ်သူမှ မရှိဘူးဆိုပြီး အသာဆင်းပြီး ခါးကလုံချည်ကလေး ကိုင်းပေါ်တင်၊ ရေလယ်ထိ ကူးသွားပြီး ငုပ်ချည် ပေါ်ချည် ချိုးနေပေမယ့် ငါက သစ်ရွက်ကြားကနေပြီး ငါ့များ မြင်သွားမလားဆိုပြီး စိုးရိမ်လိုက်တာ မပြောပါနဲ့တော့ကွာ။ ငါ့ကို အနေရအထိုင်ရ ခက်လို့ပါပဲ။ ဒါနဲ့ ငါ့မှာ သူ မမြင်ပါစေနဲ့ဆိုပြီး အသက်မရှူပဲ နေပါမှ ပေါင်ကို ခါချဉ်က ဝင်တုပ်လိုက်သေးသကွ”

“ဟောဗျ … အဲဒါမှ ဂွ”

“အေးကွ၊ ငါလည်း တတ်နိုင်သမျှ ငြိမ်ငြိမ်လေး ခါချဉ်ကို ပွတ်ချေနေတုန်း ဘယ်လိုက ဘယ်လို လက်တစ်ဖက်က ပြုတ်သွားတယ် မသိပါဘူးကွာ။ ဝုန်း … ဆို ရေထဲ ကျသွားတော့တာပဲဟေ့”

“ဟောဗျား …”

ကျွန်တော်သည် ကိုခန့် အဖြစ်ကို မျက်စိထဲတွင် ထင်မြင်လာကာ အားရပါးရ ရယ်လိုက်မိပါသည်။

“ကျသွားရုံတင် ဘယ်ဟုတ်မလဲကွ၊ ငါ့ ဆီစိမ်လုံချည်ကြီးက ခေါက်တောက်တောက်ကြီး ဘယ်လိုက ဘယ်လို နေရစ်တယ် မသိဘူး။ သပြေပင်ပေါ် ကျန်ရစ်ရှာတယ်ကွ”

ကျွန်တော် ရယ်၍ပင် အတောမသတ်နိုင်ပါ။ ပါးစပ်မှလည်း “ချောက်ပါပဲ ကိုကြီးခန့်ရာ၊ ကြုံမှကြုံရလေ” ဟု ရယ်ရင်း ပြောလိုက်ရပါသည်။

“ချောက်မှ အကြီးအကျယ် ချောက်ပေါ့ကွာ။ သူကလည်း နေရာက မရွှေ့ဝံ့။ ငါကလည်း ပြန်မတက်ဝံ့နဲ့ အတော်ကို ခက်နေကြတာ”

“ဒါနဲ့ ဘယ်လိုလုပ်ပြီး တက်ကြတယ်”

“အမယ်လေး … ပြော မပြောချင်တော့ပါဘူးကွာ။ ကမြင်းမက နင် ရေထဲငုပ်နေ ငါတက်မယ်ဆိုတော့ သူ ရေထဲမှာ အကြာကြီး မငုပ်တတ်ဘူးတဲ့ကွ။ ငါငုပ်နေပါ့မယ် နင်တက်ပါ ဆိုပြန်တော့လည်း ငါ့ကို မယုံဘူးတဲ့ကွ၊ ဖြစ်ရပုံ။ ပြီးတော့ သူလုံချည်ထားတဲ့ သစ်ကိုင်းနဲ့ သူနဲ့ ကြားထဲ ငါ ရောက်နေတာကိုးကွ။ ငါ့မှာကွာ တကတည်း၊ ငုပ်ပါ့မယ်ဆိုလို့သာ ဆိုရတယ်၊ တကယ်တော့ မငုပ်ချင်လှဘူးပေါ့ကွာ … ဟိ … ဟိ …”

“အေးကွ၊ ဒါနဲ့ ငါတို့မှာ ကန်ထဲက မတက်နိုင်ဘဲ အကျပ်ရိုက်နေရတဲ့ အထဲမယ် ‘ဟဲ့ ကလေးတွေ … ဘုရားပေါ် မတက်ကြနဲ့၊ ခုဆင်း၊ ငါ လာရိုက်ရမလား’ ဆိုတဲ့ ဦးဇင်းကြီးရဲ့ အသံဩဩကြီးနဲ့ ကျောင်းဆီက ကြားလိုက်ရတော့ ဂွပဲဟေ့။ တို့ဘက်များ ရောက်လာရင် ဘယ်လိုလုပ်ရမလဲ မသိဘူးကွ။ ဒီလို ဖြစ်နေရတဲ့ အထဲမှာကွာ …”

ကိုခန့်က သူ့ဆေးတံကို ခေါက်လိုက်ပြီး ဆေးအသစ်ဖြည့်ကာ မီးညှိရန် သူ့မီးခြစ်ကို ထုပ်၍ ခြစ်ပြန်သည်။ မီး တောက်မလာသေးသဖြင့် မီးခြစ်ကို ဖင်ဘက်မှ ချွတ်ကာ ပါးစပ်တွင် ငုံ မှုတ်နေပြန်သည်။ ထို့နောက် ပြန်ပိတ်ပြီး ခြစ်ရာ မီးတောက်လာသဖြင့် ဆေးတံတွင် ကပ်၍ ညှိသည်။

“အကျပ်ရိုက်နေတုန်းမှာကွာ တကတည်း … မိလှအေးက သူရေချိုးတာကို ငါ သစ်ပင်ပေါ်တက်ပြီး ချောင်းကြည့်တာပါရယ်လို့ စွပ်စွဲပြီး ရန်တွေ့လိုက်တာကွာ၊ ကက်ကက်လန်ပါရော။ အရေးထဲမှာ ငါ့မလည်း ဘယ်တတ်နိုင်မတုန်းကွာ၊ ‘မဟုတ်ရပါဘူး မိလှအေးရယ်၊ ဒီကန်ကို ငါက အရင်ရောက်တာပါ။ ငါ ပုတီးစိပ်ရအောင် ဒီသစ်ကိုင်းပေါ် ရောက်နေတာ ကြာပါပြီ။ နင် ရေချိုးတာကိုလည်း ငါ မကြည့်ချင်ရိုးအမှန်ပါဟယ်’ လို့ ဣန္ဒြေရရ ပြောလည်း မရဘူးကွ။ ငါ့လည်ပင်းမှာလည်း ပုတီးကြီးက ကွင်းလိုက် စွပ်ရက်သားဆိုတော့ ကိုယ့်ဟာကိုယ်လည်း ရယ်ချင်ရဲ့။ ကမြင်းမက ရန်တွေ့နေတာကိုလည်း ရှင်းရရဲ့။ ဘယ်လိုလုပ် ငါ့ပုဆိုးလေး အင်္ကျီလေးတွေဆီ ရောက်အောင် သွားရမလဲဆိုတာကို အကြံရကျပ်နဲ့။ သူ့လုံချည်လေးဆီ သူ ရောက်အောင် သွားချင် သွားပါစေတော့လေလို့ ငါက ဘေးဖယ်ပေးမယ်လို့ လှုပ်လိုက်ရင် သူက ‘လူကြီးနော်- ဟင်း’ လို့ ဆိုလိုက်ရင်းနဲ့ နေရာကပဲ မရွှေ့ဝံ့ဘူးကွ”

ထိုအခိုက်တွင် မလှအေးက ရေပြည့်သဖြင့် တစ်ခေါက် ပြန်လာသည်။ ကျွန်တော်တို့ အနီးသို့ ရောက်လျှင် သူ့အကြောင်း ပြောနေမှန်း သိလေသလားတော့ မသိ။ ကျွန်တော်ကလည်း သူ့ကိုမြင်မှ ပိုပြီး ရယ်ချင်လာသည်နှင့် ဣန္ဒြေလုပ်လို့ မရ။ မျက်နှာ တဖက်လွှဲပြီး တခွီးခွီးဖြစ်နေစဉ် ကိုကြီးခန့်နှင့် မလှအေးတို့ အပြန်အလှန် ဘုကျနေကြလေသည်။

“မဟုတ်ပါဘူးဟယ်၊ ငါတို့ တခြားဟာ ပြောနေကြတာပါ”

“တော် ကျိန်ထားတာ၊ တော့် ထိမှာပဲ၊ တော့် မြွေဆိုး ကိုက်မှာပဲ၊ တော့် မိုးကြိုး ပစ်မှာပဲ”

သနပ်ခါး ဘဲကြားရိုက်ထားသော မလှအေးသည် ရှက်ကိုးရှက်ကန်း ဖြစ်လျက် ခြေလှမ်း မမှန်တော့အောင် ဖြစ်ရရာတွင် ခလုတ် ဝင်တိုက်လိုက်ပြန်သဖြင့် ခေါင်းပေါ်က ရေအိုး ကျကွဲရာတွင် မလှအေးသည် ချော်လဲရောထိုင် စိတ်ဆိုးမာန်ဆိုးဖြင့် ကိုကြီးခန့်အား တွေ့ရာ ခဲလုံး၊ အိုးခြမ်းပဲ့တို့ဖြင့် ကောက်ပေါက်ရင်း ရှက်ရမ်း ရမ်းလေသောကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ ရွာသို့ သုတ်ခြေတင်ခဲ့ရပါသည်။

အိမ်သို့ရောက်လျှင် ကျွန်တော်၏ မိခင်ထံမှ လူလွှတ်၍ မန္တလေးမြို့မှ ဘဘကြီး၊ မေမေကြီးနှင့် ဒေါ်လေးတို့ ရောက်နေကြသဖြင့် မှီရာရထားနှင့် ပြန်လာရန် အကြောင်းကြားသော စာကို တွေ့ရပါသည်။

ကိုကြီးခန့်တို့ ရွာနှင့် ၅ မိုင်ခန့်ဝေးသော မီးရထား ဘူတာသို့ နံနက်စောစော ရထားအမှီ လှည်းနှင့် သွားမည်ဖြစ်၍ ကျွန်တော်လည်း စာဖတ်ပြီးပြီးချင်းပင် သွားရန် ပြင်ဆင်ရပါတော့သည်။ ထို့နောက် ကိုကြီးခန့်ကို နှုတ်ဆက်ရင်း သူ့ကို ဘူတာအထိ ခေါ်ကာ ညနေကအကြောင်း ကန်ထဲက တက်ပုံကလေး မေးမည် စိတ်ကူးနှင့် သူ့ဆီ သွားခဲ့သေးသည်။ ကိုကြီးခန့်မှာ အလုပ်မအား၊ အချိန်လည်း မရခဲ့၍ “နောက်များမှ ပြောကြသေးတာပေါ့ကွာ” ဟူသော ကိုကြီးခန့်၏ ကတိဖြင့်သာ မကျေနပ်ဘဲ ပြန်လာခဲ့ရသည်။ နောက်လည်း ကိုကြီးခန့်နှင့် အေးအေးလူလူ မတွေ့ရတော့။

လွန်ခဲ့သောနှစ်က ကျွန်တော်တို့ဆီသို့ ကိုကြီးခန့် ကုန်ဝယ်ရင်း ရောက်လာပါသေးသည်။ ကျွန်တော်က သူ့ကို တွေ့လျှင်တွေ့ချင်း “ကိုကြီးခန့်၊ ကန်ထဲက တက်ပုံလေး ဆက်ပြောစမ်းပါဦးဗျာ၊ သိချင်လွန်းလို့ပါ” ဟု မေးလိုက်မိသေးသည်။ သို့ရာတွင် ကိုကြီးခန့်မှာ ကျွန်တော့် အမေများနှင့် စကားပြောနေခိုက် ဖြစ်၍ ပြုံးရုံသာပြုံးပြီး “မင်း မမေ့သေးဘဲကိုး၊ မှတ်လဲ မှတ်မိတဲ့ ကောင်ပဲ” ဟုသာ ပြောသွားပါသည်။

ကျွန်တော့်မှာ ကိုကြီးခန့်နှင့် မလှအေး ဘယ်လိုများ ကြံဖန်ပြီး ကန်ထဲက တက်ကြပါလိမ့်ဟူသော ပြဿနာရပ်ကြီး မပြေမလည်နှင့် ယနေ့တိုင် ကသိကအောက် ဖြစ်ရလျက် ရှိပါသေးသည်။ ခုနေ သေများသွားလျှင်ဖြင့် အသေမှ ဖြောင့်ပါမည်လားမသိ။

———–
#ထင်လင်း
မြဝတီ မဂ္ဂဇင်းနှင့်
ဂါဒီးယန်း (အင်္ဂလိပ်) သတင်းစာ (လွတ်လပ်ရေးနေ့ အထူး)၊ ဇန်နဝါရီလ၊ ၁၉၆၁။

Leave a Reply

Your email address will not be published. Required fields are marked *