Novel

ဇရာ

ဒေါက်တာ ဦးရွှေဇင် ဖိတ်ကြားထားသော အနည်းငယ်မျှသော ဧည့်သည်များအနက် ရှေးဦးစွာ ရောက်လာသူမှာ အသက် ခုနှစ်ဆယ်ကျော်ပြီ ဖြစ်၍ မသိမသာ တုန်တုန်ယင်ယင်ဖြစ်နေသော ပါမောက္ခ ဦးဘဖြူ ဖြစ်၏။ ဦးဘဖြူသည် သူကိုယ်တိုင် ကားမမောင်းနိုင်တော့သောကြောင့် သူ၏ တူတော်သူ တစ်ယောက်က သူ၏ကားကို မောင်း၍ ပို့ရ၏။ ထိုတူကပင် ဦးရွှေဇင်၏အိမ် ပေါ်တီကို အောက်၌ ကားရပ်ပြီး နောက်ခန်းတံခါးကို ဖွင့်ကာ အဘိုးကြီးအား တွဲပို့ရသည်။ သူ့တူဆိုသူသည်မှာပင် ငါးဆယ်ကျော်ခန့် ရှိရမည်။

“ဪ… ကိုဘဖြူ လာနိုင်သားပဲ၊ ကျုပ်က ဒီကနေ့ ကိုဘဖြူတစ်ယောက် လာနိုင်ပါစေ၊ လာနိုင်ပါစေလို့ ဆုတောင်းနေရတာ”

ဒေါက်ဘာ ရွှေဇင်က ဝမ်းမြောက် ဝမ်းသာ ဆင်းကြိုရင်း ဦးဘဖြူအား လက်တွဲ၍ယူလိုက်သောအခါ ဦးဘဖြူက သူ့တူအား “ကဲ…မင်း ပြန်ချင်ပြန်၊ ဦးကြီး ပြန်တော့မှ ဖုန်းဆက်ခေါ်မယ်” ဟု အင်္ဂလိပ်လို ပြောလိုက်သည်။ သူ့တူလည်း ဒေါက်တာရွှေဇင်နှင့် နှုတ်ဆက်ပြီး စကားတစ်ခွန်း နှစ်ခွန်းပြောကာ ကားပေါ်သို့တက်ပြီး မောင်းထွက်သွားလေ၏။

“ကျုပ် ဘယ်မှ မသွားဘူးဗျ၊ ကြာလှပြီ၊ အခု ခင်ဗျားဖိတ်စာထဲက ‘မိတ်ဆွေကြီးခင်ဗျား၊ ကျွန်တော် နှစ်ပေါင်းများစွာ လေ့လာ လိုက်စားပြီး လုပ်ထားတဲ့ စမ်းသပ်မှုတစ်ခုကို ပြသလိုပါသဖြင့် ကြွဖြစ်အောင် ကြွခဲ့စေလိုပါသည်၊ သွားလာ ပို့ဆောင်ရေး ခက်ခဲပါက ကျွန်တော့်ထံ တယ်လီဖုန်း ဆက်စေချင်ပါသည်’ ဆိုလို့ ဘာများလဲလို့ သိချင်တာနဲ့ ထလာခဲ့တာပဲ၊ အသက်က ကြီးလာတော့ လှုပ်ရှားရတာ တယ်မလွယ်ဘူး ကိုရွှေမျှင်ရေ”

“ဟုတ်တာပေါ့ဗျာ၊ ကျုပ်ဖြင့် အခုလို ခင်ဗျားတို့နဲ့ အသက်ရှင်လျက် တွေ့ရဆုံရမှာကို တွေးပြီး ပျော်မိပါရဲ့၊ ခေတ်အမျိုးမျိုး အခြေအနေအမျိုးမျိုး ကြုံခဲ့ပြီ၊ သေလောက်တဲ့ ဘေးအန္တရာယ်တွေလဲ တွေ့ခဲ့ရပြီ၊ ဝမ်းသာသဗျာ၊ စားလို့ သောက်(လို့!)တော့ ကောင်းရဲ့မဟုတ်လား”

“ကောင်းပါရဲ့လို့ ပြောရမှာပဲလေ၊ ငယ်ကလိုတော့ တယ်မဟုတ်ချင်တော့ဘူး သွားတွေက မကောင်း၊ ဘာတွေက မကောင်းနဲ့၊ ခင်ဗျားက ဆရာဝန်ဆိုတော့ ကျုပ်တို့ထက် မာပုံရတယ်၊ ဝမ်းသာတယ်”

“ကဲ… ကိုဘဖြူ ဒီမှာ ထိုင်ရအောင်၊ အခု ခင်ဗျား ယမကာကလေး ဘာလေး သုံးဆောင်လျက်ပဲလား”

“အင်း… ဘီယာလောက်ကတော့ မပြတ်သေးဘူး ဆိုပါတော့လေ။ သားတွေက ယူလာလိုက်၊ မြေးတွေက ယူလာလိုက်နဲ့”

“မှန်မှန်ကလေး သောက်ပေးရင် အသက်ရှည်ပါတယ်”

ဦးရွှေဇင်သည် သူကိုယ်တိုင် အခန်းထောင့် တစ်နေရာရှိ ကောင်တာတစ်ခုအတွင်းမှ ဘီယာပုလင်းကို သွားယူကာ သူကိုယ်တိုင်ဖွင့်၍ ကိုင်းတပ် ဖန်ခွက်ကြီးတစ်ခုနှင့်အတူ ဦးဘဖြူ ရှိရာသို့ ပြန်လာသည်။

ထိုအခိုက်မှာပင် အိမ်ရှေ့မှ လူခေါ် ခေါင်းလောင်း မြည်သံ ကြားရ၍ ဦးရွှေဇင် ထွက်သွားသည်။

“ဟဲလို ဗိုလ်မှူးကြီး၊ ကြွပါ ခင်ဗျာ၊ ကြွပါ၊ အထဲမှာ ဦးဘဖြူ ရောက်နေပါပြီ”

ဗိုလ်မှူးကြီး ဆိုသူမှာ ဦးဘဖြူထက် ကျန်းမာ သန်စွမ်းပုံရပြီး သူသည် တစ်နေရာရာမှ နေ၍ ခြေကျင် လျှောက်လာခဲ့ပုံရ၏။

“ခင်ဗျားက ‘အင်ဖော်မယ်’ ဆိုလို့ ကျုပ် အခု ဂေါက်ကွင်းကအပြန် ဝင်လာခဲ့တာပဲ။ ဘာလဲဗျ၊ ခင်ဗျား စမ်းသပ်မှုဆိုတာ”

“ပြောမှာပေါ့လေ၊ လာပါ အထဲကို၊ အခုဆို ခင်ဗျာ့ကို ဘယ်သူလိုက်ပို့လဲ”

“မပို့ဘူးလေ၊ ဂေါက်ကွင်းက ရေချိုး အဝတ်လဲပြီး မိတ်ဆွေကလေးတစ်ယောက်ရဲ့ကားကြုံနဲ့ ဒီဘက် လှည့်ပို့ခိုင်းပြီး လမ်းထိပ်က ဆင်းနေရစ်တာ၊ အိမ်ကကားကိုတော့ စောစောကပဲ ပြန်လွှတ်လိုက်တယ်၊ ဟဲလို… ကိုဘဖြူ သန်တုန်းမြန်တုန်းပဲလား”

“လာဗျာ ထိုင်၊ ဒီလိုပဲပေါ့၊ ဗိုလ်မှူးကြီးကတော်ကော နေကောင်းတယ် မဟုတ်လား”

“ကောင်းတယ် ဆိုပါတော့ဗျာ၊ တနေ့ကတော့ ဆေးရုံတောင် ပို့လိုက်ရသေးတယ်၊ အခုတော့ အိမ်ပြန်ရောက်ပါပြီ။ ကြီးလာတော့ အပြောရ ခက်တယ်ဗျာ၊ မစားပါနဲ့ဆိုတာ စားချင်တယ်၊ မသွားပါနဲ့ဆိုတာ သွားချင်တယ်”

“ဒေါရစ် ဘယ်လောက် ကြီးသေးလို့လဲ၊ ခင်ဗျာ့ထက် အများကြီး ငယ်တာပဲ”

“အံမယ် ဆရာရေ၊ သူလဲ ခြောက်ဆယ့်ရှစ်ဗျ၊ ယီးတီးယားတား မထင်နဲ့”

“ခင်ဗျားက …”

“ကျုပ်က ဆယ်ဗင်တီး နည်းနည်း ကျော်ပြီပေါ့ဗျာ၊ ဘယ်လောက်ကျော်လဲ ဆိုတာတော့ မသိချင်ပါနဲ့တော့၊ ဟား ဟား ဟား”

“ခင်ဗျာ့ရုပ်က ခုနစ်ဆယ်လို့ မထင်ရဘူး”

“ရှစ်ဆယ်လောက် ထင်ရသလား၊ ဟား ဟား ဟား၊ သိပ်မြှောက်မနေနဲ့တော့ ဆရာရေ၊ မရတော့ဘူး။ ဘယ့်နှယ် တခြားလူတွေကော မရောက်သေးဘူးလား၊ ဒါနဲ့ ဒေါက်တာ၊ ဘယ်သူ ဘယ်သူတွေ ဖိတ်ထားသေးလဲ”

“စိတ်ဝင်စားရင် ပြောရသေးတာပေါ့လေ၊ ကျွန်တော် ဖိတ်ထားတာ အားလုံးမှ လေးယောက်တည်းပါ။ ဟောဒီက ဦးဘဖြူရယ် ၊ ခင်ဗျားရယ်၊ ကျုပ်တို့မိတ်ဆွေ တိုင်းမင်းကြီးဟောင်း ဦးလှိုင်ဘွားရယ်၊ နောက်တစ်ယောက်ကတော့… အေးဗျာ နောက်တစ်ယောက်ကိုတော့ ခင်ဗျားတို့ကို ကျွန်တော် ပြောမထားသေးဘူး၊ လာမှပဲ အံ့အားသင့်ချင်လဲ သင့်ကြပေတော့”

“ယောက်ျားလား မိန်းမလားဗျာ၊ ဒါတော့ ပြော”

“ဒါလဲ မပြောဘူး၊ ကဲ… အခု ခင်ဗျား ဘာသောက်မလဲ”

“စကော့ချ်၊ ရေခဲနဲ့ပေးပါ၊ ကျွန်တော် ဒီနေ့ ဘာမှ ဟုတ်တိပတ်တိ မသောက်ခဲ့ရသေးဘူး၊ ဒါနဲ့ ခင်ဗျာ့အိမ်က ကောင်တွေကော”

“ဘယ်သူမှ မရှိပါဘူးဗျာ၊ ခင်ဗျားကလဲ ကျွန်တော် ဒီလိုပဲ တစ်ယောက်တည်း နေနေတာပဲ”

“စားတော့‌ကော”

“စားတော့ ပါးစပ်နဲ့ပါပဲ”

“လုပ်ပြီ၊ ခင်ဗျားနဲ့ တွေ့လိုက်ရင် ဒီဟာသကလေးတွေကတော့ ရှိတယ်၊ ခင်ဗျားကို ဘယ်သူ ထမင်းချက်ကျွေးနေလဲ မေးတာဗျ”

“ဪ… ထမင်းလား၊ ထမင်းချက်တဲ့လူတော့ ရှိပါတယ်၊ တန်းလျားမှာ နေကြတယ်”

ဗိုလ်မှူးကြီးဆိုသူသည် ဦးရွှေဇင်ကိုယ်တိုင် ယူလာပေးသော ဖန်ခွက်ကို လှုပ်၍ ဝီစကီနှင့် ရေခဲတုံးလေးများကို ခလောက်ရင်း အထက်သို့ မြှောက်ကိုင်ကာ “ချီးယားစ်” ဟုဆို၍ သောက်လေသည်။

အခန်းသည် တဖြည်းဖြည်း မှောင်လာသည်။ ဒေါက်တာဦးရွှေဇင်၏ နံရံမှနာရီကို တစ်ချက် လှမ်း၍ ကြည့်လိုက်စဉ်မှာပင် အိမ်ရှေ့က ကားရပ်သံ ကြားရ၍ ထွက်ကြိုသည်။

“ကိုလှိုင်ဘွားကြီးကို မိတ်ဆွေတွေက မျှော်နေကြပြီဗျာ”

ဦးလှိုင်ဘွားသည် ကားပေါ်မှ ဣန္ဒြေရစွာ ဆင်းလာပြီး ဒေါက်တာရွှေဇင်ကို လက်ဆွဲ နှုတ်ဆက်သည်။ ပြုံးရွှင်စွာ ပဋိသန္ဓာရစကားများ ပြောပြီး ဒေါက်တာရွှေဇင်က ကားမောင်းသူအား ငုံ့၍ “သား ပြန်ချင် ပြန်သွားလေ၊ မင့်ဘဘ ပြန်ချင်မှ ဖုန်းဆက်ခေါ်မယ်” ဟု ပြောလိုက်၏။ ဦးလှိုင်ဘွားကမူ ကန့်ကွက်သလို လေသံဖြင့် “ဟာ… နေ… နေပါဦး၊ ကျုပ်က သိပ်ကြာကြာ မနေနိုင်ဘူး၊ သူ့ကို အစောင့်ခိုင်း” ဟု ပြောနေစဉ် ဦးရွှေဇင်က ပြုံးရွှင်စွာ လက်ပြလိုက်သဖြင့် ကားမောင်းသူလည်း မောင်းထွက်သွားလေ၏။

“ကိုလှိုင်ဘွားကတော့ ပုတီးသမားဗျ၊ လိမ္မော်ရည်လောက်ပဲနဲ့ တူတယ်”

“ဟုတ်တယ်၊ အသက်အရွယ်က ကြီးလာတော့ သေဖို့ကလဲ နီးနီးလာပြီ မဟုတ်လားဗျာ၊ တရားလေး ဘာလေး အားထုတ်မှဗျ၊ ကိုဘဖြူကတော့ အခုထက်ထိ တမြမြပဲလား”

“နည်းနည်းပါ အစ်ကိုကြီး၊ ကျွန်တော်လဲ မသောက်တာ ကြာပါပြီ၊ ဘီယာက ဝယ်လို့မရ၊ ပိုက်ဆံကလဲ မရှိဆိုတော့ အခုလို သူများကဖိတ်ပြီး ဧည့်ခံတဲ့အခါ နည်းနည်း ငယ်ကြိုက်ကလေး မြည်းရတာ”

“ဗိုလ်မှူးကြီးကော မပြတ်သေးဘူးလား၊ တရားကလေး ဘာလေး မရှာသေးဘူးလား၊ ဟိုတလောက ကျုပ်ပို့လိုက်တဲ့ ဝိပဿနာကျမ်းစာအုပ် ရရဲ့ မဟုတ်လား”

“ဟာ… ရပါတယ်၊ ကျွန်တော် ဖတ်ကြည့်တယ်၊ တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ”

“စိတ်ဝင်စားရုံ မဟုတ်ဘူးဗျို့၊ လုပ်မှ လုပ်မှ”

“ကျွန်တော်လဲ ခင်ဗျားဆီ လာခဲ့ဦးမယ်လေ”

“အင်း… အသက်အရွယ် အိုမင်းကြီးရင့်ခြင်း ဆိုတာ ငယ်စဉ်ကတော့ မသိလိုက် မသိဘာသာ နေလာခဲ့ကြတာပဲ၊ အခု အိုမင်းတဲ့အရွယ်ရောက်လာမှ ကိုယ့်ဟာကိုယ် ဘာမှမစွမ်းတော့ပါလား ဆိုတာ သိရတယ်၊ အနေတော့တတ်လို့ ခင်ဗျားတို့ ကျုပ်တိုတစ်တွေ ဒီအသက်အရွယ်အထိ မသေ မနာ တွေ့ကြရတာပေါ့၊ ဒါပေမယ့် အသေတတ်ဖို့ကလဲ လိုသေးတယ်ဗျ”

“ဟုတ်တာပါ့ဗျာ၊ ဒါ သိပ်ဟုတ်တာပေါ့”

“ဇာတိရှိရင် ဇရာရှိရမယ်၊ ဇရာရှိရင် ဗျာဓိလဲ ရှိရမှာပဲ၊ ဗျာဓိရှိရင် မရဏ ဆိုတာလဲ ရှိတာပဲ၊ ဒါကို ဘုရားတောင် ရှောင်လို့ မရဘူး”

“ဟုတ်တာပေါ့ဗျာ၊ ဒါ သိပ်ဟုတ်တာပေါ့”

“ဘုရားက အိုခြင်း၊ နာခြင်း၊ သေခြင်း ဘေးဆိုးကြီးတွေက လွတ်အောင် ဟောခဲ့တာ။ မအိုရာ၊ မနာရာ၊ မသေရာကို ညွှန်ခဲ့တာ။ ဒါကို ပုထုဇဉ်တွေက မသိကြဘူး။ ဒီခန္ဓာဟာ မြဲတယ်၊ ဒီခန္ဓာဟာ ငါပဲလို့ ဒီလိုစွဲခဲ့ကြတယ်။ အဲသလို စွဲရာက တပ်မက်ခြင်း တဏှာဆိုတာ ဖြစ်လာတယ်။ တပ်မက်ခြင်းရယ်လို့ ဖြစ်လာရင် ဇာတိဆိုတာ ဖြစ်လာမှာပဲ။ ဇာတိရှိရင် ဇရာ၊ မရဏ ဆိုတာကလဲ အတူပါလာတော့တာပဲ။ ဒီတော့ ကျုပ်တို့တစ်တွေ ခင်ဗျားတို့တစ်တွေအားလုံး ဒီဝဋ်ဆင်းရဲကြီးက လွတ်ကျွတ်အောင်လုပ်ကြဖို့ အချိန်တော်ပြီလေ”

“ဟုတ်တာပေါ့ဗျာ၊ ဒါ သိပ်ဟုတ်တာပေါ့”

ဗိုလ်မှူးကြီးသည် သူ၏ ကုန်သွားသော အရက်ခွက်ကို အနီးရှိ စားပွဲပေါ်သို့ ချလိုက်သည်။ ပါမောက္ခ ဦးဘဖြူသည် မိမိခွက်ထဲမှ ဘီယာလက်ကျန်ကလေးကို အပြီးသတ် မော့လိုက်၏။

“ကဲ… လူကြီးမင်းများ အိမ်ရှေ့မှာ ကျွန်တော့်မော်တော်ကား ပြန်လာတဲ့အသံ ကြားပါတယ်၊ ကျွန်တော် ဒီကနေ့ ဖိတ်ခေါ်ထားတဲ့ စတုတ္ထနဲ့ နောက်ဆုံးဧည့်သည် ရောက်လာပြီ ထင်ပါတယ်၊ ကျွန်တော် ထွက်ကြိုပါဦးမယ်”

ဦးရွှေဇင်က ဤသို့ပြောပြီး ထွက်ခွာသွားရာဆီသို့ သုံးယောက်သား အာရုံပြု၍ ကြည့်နေကြသဖြင့် စကားစ ပြတ်သွားသည်။ မကြာမီပင် အိမ်ရှေ့ဆီမှ စကားပြောသံများနှင့်အတူ ဦးရွှေဇင်နှင့် သူ၏ဧည့်သည်တို့ ခပ်မှောင်မှောင် အလယ်ခန်းကို ဖြတ်၍ လာနေသည်ကို တွေ့ကြရ၏။

“ကဲ… လူကြီးမင်းများ ခင်ဗျား၊ ကျွန်တော် အထူး မိတ်ဆက်ပေးစရာများ လိုပါဦးမလား၊ လိုမယ်ဆိုရင်လဲ…”

ဦးရွှေဇင်နှင့်အတူ ပါလာသော အဘွားအိုကို သုံးယောက်သား ငေးကြောင် ကြည့်နေကြရာမှ ရှေးဦးစွာ ပါမောက္ခ ဦးဘဖြူက ထ၍ကြည့်ကာ “ဒေါ်ခင်ခင်လေး… ဒေါ်ခင်ခင်လေး မဟုတ်လား” ဟု မသေမချာ ပြောသည်တွင် အမျိုးသမီးကြီးက “ဟုတ်ပါသတဲ့ရှင်” ဟု ဆိုကာ ပြုံးပြမှ အားရဝမ်းသာ လက်နှစ်ဖက်ကိုဆွဲ၍ နှုတ်ဆက်လိုက်သည်။ ဗိုလ်မှူးကြီးနှင့် ဦးလှိုင်ဘွားတို့လည်း ထိုအခါမှ အံ့အားသင့်ကြရသည်။

ခင်ခင်လေးကား ကွယ်လွန်သူ ရဲမင်းကြီးဟောင်း ဦးမောင်မောင်လတ်၏ဇနီး မုဆိုးမ ဖြစ်၏။

“ဟဲလို… အယ်မာ့ကို မတွေ့ကြရတာကြာတော့ လမ်းမှာ တွေ့ရင်တောင် မှတ်မိနိုင်စရာ မရှိဘူးလေ”

“သိပ်အိုသွားပြီပေါ့ ဟုတ်လား”

“ဟာ… မဟုတ်ဘူး၊ မဟုတ်ပါဘူး”

“ဟုတ်ပါတယ်ရှင်၊ ကျွန်မကို အလျင်ကသိကြတဲ့လူတွေထဲမှာ ကျွန်မကို မှတ်မိတဲ့လူ အင်မတန် နည်းသွားပါပြီ၊ ကျွန်မကို ဘယ်ဧည့်ခံပွဲကမှ မဖိတ်တာလဲ ကြာပါပြီရှင်၊ ဖိတ်လဲ ကျွန်မ မသွားနိုင်ခဲ့ပါဘူး၊ အခုလဲ ကျွန်မ မလာဘူးလို့ပါပဲ”

“ခင်ခင် လာနိုင်တာ ကျုပ် သိပ်ဝမ်းသာတာပဲဗျာ” ဟု ဦးဘဖြူက ဆိုသည်။

“ကျွန်မကလဲ ဝမ်းသာပါတယ်ရှင်၊ ဒါပေမယ့် … ”

“ဒါပေမယ့်… ဘာဖြစ်လဲဗျာ” ဟု ဗိုလ်မှူးကြီး ဆိုသူက ဝင်ထောက်လိုက်သည်။

“ဒါပေမယ့်… ငယ်ငယ်ကလိုတော့ မပျော်တော့ဘူးရှင့်၊ ဘာမှမကောင်း‌တော့ဘူး”

“ဟုတ်ပါရဲ့၊ ငယ်တုန်းကတော့ အယ်မာတို့များ သူငယ်ချင်းတွေ ဆုံမိကြရင် မြူးခုန်နေတာပဲ၊ အင်း… အသက်တွေကလဲ ကြီးကြပြီလေ၊ ဇရာဆိုတာကတော့ ဘယ်သူမှ ရှောင်ကွင်းသွားလို့ မရဘူးကိုဗျ” ဟု ဦးလှိုင်ဘွားက ဆိုသည်။

သူ့စကားကို ဘယ်သူမှ သဘောကျပုံမရ။ ဘယ်သူကမှ ဘာမှ ဝင်မ‌ထောက်တော့။ “ဟုတ်တာပေါ့ဗျာ၊ ဒါ… သိပ်ဟုတ်တာပေါ့” ဟု လိုက်နေကျ ဗိုလ်မှူးကြီးပင် ငြိမ်သက်နေသည်။

ဦးရွှေဇင်က “ကဲ ကဲ… တစ်ခုခု စားလိုက်ကြဦးစို့၊ ကျွန်တော် စီမံထားတာကတော့ လူတိုင်းနဲ့ကိုက်ညီအောင် အမျိုးစုံပါပဲ၊ ကြိုက်တာကို ကြိုက်သလို စားရအောင်ပေါ့၊ သက်သတ်လွတ်ရော အစားရှောင်သူတွေရော စားနိုင်အောင်၊ ထမင်းစားပြီးမှ အေးအေးဆေးဆေးဆေး စကား ဆက်ပြော ကြတာပေါ့” ဟု ဖိတ်ခေါ် လိုက်သဖြင့် အားလုံး ထမင်းပွဲ ပြင်ထားရာသို့ လေးလေးကန်ကန် ထ၍ စကားတပြောပြောနှင့် လာခဲ့ကြသည်။

“ကိုဘဖြူက ပရိုတင်းနဲ့ မတည့်ဘူး၊ ဒေါ်ခင်ခင်လေးက ဂက်စထရစ်သမား၊ ဗိုလ်မှူးကြီးကကော မတည့်တာ ဘာရှိလဲ”

“ကျွန်တော် အကုန်စားတယ်၊ အစားရှောင်ရတာလောက် စိတ်ညစ်တာ မရှိဘူး”

“ကျန်းမာရေးက ကောင်းနေတော့ ပြောနိုင်တာပေါ့ရှင်၊ အစ်ကိုကြီး ကိုလှိုင်ဘွားကတော့ ဘာရှောင်ရလဲ”

“ကျွန်တော်က သက်သတ်လွတ်သမားလေ”

“ကဲပါလေ၊ ကျွန်တော့်ဆီမှာ အစုံ လုပ်ထားပါတယ်၊ ဒါပေမယ့် ဒီတစ်ပွဲမှာတော့ မိတ်ဆွေကြီးများ စားချင်တာကို စားချင်သလောက် စားကြပါ၊ ဘေးအန္တရာယ် မဖြစ်အောင် စီမံထားပါတယ်၊ တကယ်ပါ၊ ဒီတစ်ညနေအဖို့တော့ စိတ်ကို ထိန်းချုပ်မထားကြပါနဲ့၊ စားချင်သလောက်သာ စားကြပါ။ ငယ်ကြိုက် အစားအစာကလေးတွေ၊ အသက်အရွယ်ကြီးလာလို့ ဆရာဝန်တို့၊ ဆေးဆရာတို့က မသင့်ဘူးဆိုလို့ ရှောင်ထားရတာတွေလဲ စိတ်ရှိရင် စားသာစားကြ၊ ဘေးမမြင်စေရဘူး၊ ကျွန်တော် တာဝန်ယူတယ်”

“ရုပ်ဝတ္ထုတို့ရဲ့ ဖောက်ပြန် ပျက်စီးတတ်တဲ့ သဘောကိုတော့ ဘုရားတောင် ဘာမှ မတတ်နိုင်ဘူး၊ ဒေါက်တာရွှေဇင်ရေ၊ အာမခံ သိပ်မရဲနဲ့”

ဦးရွှေဇင်က သဘောကောင်းစွာ ပြုံးရယ်ရင်း ဧည့်သည် လေးဦးအား စားပွဲဝိုင်းတွင် နေရာချပေးနေသည်။ အားလုံးကပင် အမျိုးသမီးကြီးအား ဦးစားပေး၍ ထမင်းဟင်းများကို ထည့်ပေးကြသည်။ အမျိုးသမီးကြီး၏မျက်နှာမှာ ပြုံးရွှင်နေသော်လည်း ကြည်လင်တောက်ပသည်ဟူ၍ကား မဆိုနိုင်။ ယခုကဲ့သို့ ယောက်ျားများ၏အလယ်တွင် ဂရုစိုက်ခြင်းကို ခံယူနေရသော သူ၏စိတ်ထဲတွင် သူငယ်ငယ်က ဤကဲ့သို့ ယောက်ျားပျိုများက ဝိုင်းဝိုင်းလည်နေအောင် ဂရုစိုက်နေကြပုံကို သွား၍ သတိရမိဟန် တူသည်။ သူ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး သူ့လက်ယာဘက်က ဦးလှိုင်ဘွားကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။ ဦးလှိုင်ဘွားလည်း တစ်စုံတစ်ခုကို တွေးတောနေမိသလို တစ်ချက် တစ်ချက် ငေးတေးတေးဖြစ်သွားသည်ကို ဦးရွှေဇင်က သတိပြုမိသည်။

ဦးဘဖြူသည် သူနှင့် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိသော အဘွားအိုကို တစ်ချက် တစ်ချက် လှမ်းကြည့်နေရာမှ တစ်ခါ တစ်ခါ အကြည့်ချင်း ဆုံသွားသည်။ နှစ်ယောက်စလုံး မသိမသာ ပြုံးလိုက်ကြသည်ကိုလည်း ဒေါက်တာရွှေဇင် သတိပြုမိသည်။

ဒေါ်ခင်ခင်လေးသည် စကားအနည်းငယ်သာ ပြောသော်လည်း သူ့လက်ဝဲဘက်က ဗိုလ်မှူးကြီးက သူ့ရှေ့အရောက် ယူယူပေးသော ဟင်းပန်းကန်ထဲမှ တစ်ဇွန်း တစ်ဇွန်း သူ့ပန်းကန်ထဲသို့ ယူထည့်ရင်း ဗိုလ်မှူးကြီး၏မျက်နှာကို လှမ်းလှမ်းကြည့်တတ်သည်။

ငယ်ပေါင်း မိတ်ဆွေများ ပြန့လည်ဆုံစည်းမိကြသောအခါ ငယ်စဉ်က စကားပြောစရာတွေ များခဲ့ကြဟန်တူသော်လည်း ယခုအခါတွင် ပြောစရာစကားဟူ၍ သိပ်မရှိကြတော့သလို၊ ငယ်ငယ်က အလေ့အကျင့်ကြောင့် ဖြစ်နေသော ယဉ်ကျေးဖွယ်ရာ အပြုအမူကလေးများသာ ရှိတော့သည်ဟု ဆိုရမည်ကဲ့သို့ ဖြစ်နေလေသည်။

ဦးဘဖြူ၏စိတ်ထဲသို့ ဝင်၍ကြည့်နိုင်သည့်အစွမ်း ရှိပါက “ဪ… ဒီမိန်းမ ငယ်ငယ်က အင်မတန်ချော၊ အင်မတန်လှ၊ အင်မတန် သွက်လက် ချက်ချာတာ၊ အခုတော့ အိုမင်းရင့်ရော်နေရှာပြီ၊ နည်းနည်းမှ မက်‌မောစရာ မရှိတော့ပါလား” ဟု တွေးနေသည်ကို သိရပေလိမ့်မည်။

ဦးလှိုင်ဘွား၏စိတ်တွင်ကား “ဇရာဆိုတာ ဒါပဲလေ၊ ဘယ်သူမှ လွန်ဆန်လို့ မရကြပေဘူး၊ ငါတို့ဟာ ငယ်ငယ်ကလို တွေ့လိုက် မြင်လိုက်ရင် စိတ်ထဲက လှုပ်ရှားလာတာတွေ ဘယ်ရောက်ကုန်ပြီလဲ၊ အိပ်မက် မက်နေရသလိုပါပဲလား၊ ခင်ခင်လေးဟာ ဒါလောက်ပဲ အိုမင်းသွားပြီ ဆိုတာ ဟုတ်နိုင်ပါ့မလား၊ ကိုရွှေဇင့်အခန်းကလဲ မီးက မှိန်လိုက်တာ၊ ဒီမီးရောင်မျိုးနဲ့ ခင်ခင်လေးရဲ့ မျက်နှာကလေး ကြည့်လိုက်ရင် ဘယ်တော့မဆို မှုန်ညက်နေတာပဲ၊ သူ့ရဲ့ ဆည်းလည်းသံလို သာယာတဲ့ အသံကလေးလဲ ဘယ်ရောက်သွားပလဲ။ ခေမာမိဖုရားကို ဘုရားရှင် ဆုံးမတော်မူသလို အိုခြင်းတရားက ငါ့ကို ဆုံးမနေပါပေါ့လား၊ အင်း… ဘုရား ဘုရား” ဟု အောက်မေ့နေ၏။

ဗိုလ်မှူးကြီးကမူ ဒေါက်တာရွှေဇင်ကို လှမ်း၍ လှမ်း၍ ကြည့်ရင်း မသိမသာ ပြုံးသည်။ သူ့စိတ်ထဲတွင် “ခင်ဗျားနဲ့ ကျုပ် ဒီမိန်းမကြောင့် ရန်ဖြစ်ခဲ့ကြရတာ မှတ်မိသေးလား၊ သူက ကျွန်တော့်ကို ကြိုက်တယ်၊ ခင်ဗျားကို မကြိုက်ဘူး။ သုံးယောက်သား ဆုံမိကြတော့ ခင်ဗျား သူ့ကို ပြတ်ပြတ်သားသား မေးပြီး နောက်ဆုတ်သွားတာကော။ ပြီးတော့ ဘယ်သူနဲ့မှလဲ မရ၊ အယ်မာက ချစ်သူတွေ ဝိုင်းဝိုင်းလည်နေတော့ ခင်ဗျားရော ကျွန်တော့်ကိုပါ လက်လွှတ်လိုက်ရပေမယ့် သူကတော့ မမှုခဲ့ဘူးပေါ့၊ နောက်တော့ ဘိလပ်ကပြန်လာတဲ့ မောင်မောင်လတ်နဲ့ လက်ထပ်သွားတာ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက် ဆိုတာ အဲဒါမျိုးပဲဗျ၊ အခုနေ အဲသလိုအခြေအနေကို ပြန်စဉ်းစားရတာ ရယ်စရာ မကောင်းဘူးလား” ဟု ပြောနေ၏။

ဒေါက်တာ‌ရွှေဇင်၏ တောင်းပန်ချက်အရ ဧည့်သည်များ ထမင်းစားပွဲမှ မထကြသေးဘဲ စကားပြောနေကြသည်။ ဦးရွှေဇင် ပြောမည် ဆိုသည့် စမ်းသပ်မှုကို ကြည့်ရှုကြရန် ဖြစ်လေသည်။ ပန်းကန်ခွက်ယောက်များ ရှင်းလင်းသွားသော ထမင်းစား စားပွဲပေါ်သို့ ကြွေပန်းကြွများ လှပစွာ ကပ်ထားသည့် ကြွေဇလုံငယ်တစ်ခု ရောက်လာသည်။ ယင်းဇလုံငယ်၌ ရေမှတစ်ပါး ဘာမှမရှိဟု ထင်ရသော်လည်း သေသေချာချာ ကြည့်လျှင် ထိုဇလုံငယ်ရှိ ရေကြည်ထဲ၌ ဗလုံစီ ရေပွက်ကလေးများ တက်နေသည်ကို မြင်ရပေမည်။ မည်သူကမျှ ဘာမှမမေးဘဲ ထိုရေဇလုံလေးကိုသာ အာရုံစူးစိုက် ကြည့်နေကြစဉ် ဒေါက်တာဦးရွှေဇင်က ဖန်ခွက်လေးများ ယူလာကာ ဧည့်သည်များရှေ့တွင် တစ်လုံးစီ ချပေးသည်။ သူ့ရှေ့၌မူ ဖန်ခွက် မထားချေ။

“မိတ်ဆွေများ ဒီဇလုံထဲက ရေကြည်ကို သေသေချာချာ ကြည့်ကြစေချင်ပါတယ်” ဟု ဒေါက်တာရွှေဇင်က ကြေညာလိုက်သောအခါ အားလုံး ရှေ့သို့ကုန်း၍ နီးနီးကပ်ကပ် လေ့လာကြည့်လိုက်ကြ၏။

“လင်မနစ်”

“မဟုတ်ဘူး ခင်ဗျ”

“ထန်းရည်”

“မဟုတ်ပါဘူး”

“ဆူဆေး ဖရူဆော့ အဖားဗဆင့်”

“မဟုတ်ပါဘူး ခင်ဗျာ၊ ခင်ဗျားတို့ ပြောတာတွေ တစ်ခုမှ မဟုတ်ပါဘူး၊ ဒါဟာ ကျွန်တော် နှစ်ပေါင်းများစွာ လေ့လာလိုက်စားပြီး စမ်းသပ်မှုလုပ်လို့ တွေ့ရှိဖော်စပ်ထားတဲ့ အစီအရင်တစ်ခုပါ”

အားလုံး ပါးစပ်အဟောင်းသားနှင့် ဒေါက်တာရွှေဇင်အား မော့်ကြည့်လိုက်ကြပြီး ရေဇလုံဆီသို့ တစ်ချက်ပြန်ကြည့်လိုက်ကြသည်။

“သူ့သတ္တိက…”

“ပြောပါ့မယ်လေ၊ အခုမျက်မြင်အတိုင်း ဗလုံစီကလေးတွေ ထနေတာဟာ ခင်ဗျားတို့ပြောတဲ့ ဆိုဒါဝါးတားတို့ လင်မနစ်တို့ ဆိုတာထဲက ဆူဆေး အဖားဗဆင့် မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ ထာဝစဉ် ရှိနေတဲ့ ဆေးရည်လို ရေတစ်မျိုးပါ”

ထိုအချိန်အထိ တစ်စုံတစ်ရာ အံ့ဩကြဟန် မရှိကြသေး။ ဦးရွှေဇင်က ဆက်လက်၍ သူ့စားပွဲပေါ်မှ စာအုပ်ကြီးတစ်အုပ်ကို သွားယူကာ စာမျက်နှာတစ်ခုကို လှန်လိုက်သောအခါ စာအုပ်ကြားတွင် နှစ်ရှည်လများ ညပ်၍ ပြားနေသော ညိုနေသည့် ပန်းခက်ကလေး တစ်ခုကို တယုတယ ထုတ်ယူလိုက်၏။

“ဒါကတော့ ကျွန်တော် နှစ်ပေါင်း သုံးဆယ်ကျော်ကျော်က တရိုတသေ သိမ်းဆည်းထားခဲ့တဲ့ ပန်းခက်ကလေး တစ်ခက် ဖြစ်ပါတယ်၊ ကျွန်တော် အင်မတန် မြတ်နိုးခဲ့ရတဲ့ မိန်းမလှတစ်ယောက်ရဲ့ ခေါင်းမှာ ပန်ထားရာက ဖြုတ်ပေးလိုက်တဲ့ ပန်း ဆိုပါတော့”

ဒေါက်တာရွှေဇင် ပြောပြပုံမှာ အလွန်တည်ငြိမ်လှသဖြင့် နားထောင်နေသူများမှာ ဘာမျှ ဝင်၍ ထောက်ခြင်း၊ နောက်ပြောင်ခြင်း မပြုကြ။

“ဒီပန်းခက်ကလေးကတော့ အခုဆို ထိလိုက်ရင်တောင် ကြွေကျတော့မယ့် အခြေအနေမို့ တယုတယ ကိုင်တွယ်ရပါတယ်၊ သူ့ခမျာ အချိန်ကာလရဲ့ ဒဏ်ကို ခင်ဗျားတို့ ကျွန်တော်တို့ ခံရသလို ခံရရှာတာပါပဲ၊ အဲ… ဒါပေမယ့်ခင်ဗျာ အခုပဲ ဒီပန်းခက်ကလေးကို ကျွန်တော်တို့ ရှေ့က ရေဇလုံထဲကို ထည့်ကြည့်ရအောင်၊ ကဲ… ထည့်တော့မယ်၊ ကြည့်ကြပါ”

ဧည့်သည်အားလုံး အသက်ရှူရန်ပင် သတိမရနိုင်လောက်အောင် စိတ်ဝင်စာ၊စွာ ကြည့်နေကြစဉ် ဒေါက်တာရွှေဇင်သည် သူ၏လက်ထဲမှ ပန်းခြောက်ကလေးကို ရေဇလုံထဲသို့ အသာအယာ ချလိုက်၏။

ဗလုံစီထနေသော ရေမျက်နှာပြင် အနည်းငယ် လှုပ်သွားသည်မှအပ ရုက်တရက် ဘာမျှမထူးခြားဟု ထင်ရသော်လည်း ရေစိမ့်ဝင်စပြုနေသော ပန်းခြောက်က‌လေး၏ပွင့်ဖတ်များ အရွက်များသည် တဖြည်းဖြည်း အရောင်ပြောင်းလာကာ သူတို့ စိုက်ကြည့်နေစဉ်မှာပင် တဖြည်းဖြည်းချင်း လန်းဆန်း လတ်ဆတ်သော စံပယ်ပန်းကလေးတစ်ခက် ဖြစ်လာသည်ကို တွေ့ကြရလေသည်။ ပန်းကလေးကို မိနစ်ပိုင်းအတွင်းက ကျိုးကြွေလုမတတ် ခြောက်သွေ့နေသည့်အဖြစ်ကိုသာ မမြင်ကြရပါက ယခုလေးပင် အပင်မှ ခူးဆွတ်၍ ရေ၌ထည့်ထားသော ဖူးပွင့်စ စံပယ်ပန်းကလေး တစ်ခက်ဟုသာ တွေ့ကြရပေမည်။

ပန်းခက်ကလေးကို သူတို့လေးယောက်သား မည်မျှကြာအောင် ငေးစိုက်ကြည့်နေလိုက်ကြသည် မသိ။ ရှေးစွာ ပန်းခက်ကလေးဆီမှ ဒေါက်တာဦးရွှေဇင်၏မျက်နှာကို မော့်ကြည့်လိုက်သူမှာ ဦးဘဖြူဖြစ်ပြီး မရှေးမနှောင်းပင် ခေါင်းမော့်လာကာ… “ဒါ မျက်လှည့်ပြတာတော့ မဟုတ်ပါဘူးနော်” ဟု မေးလိုက်သူမှာ ဦးလှိုင်ဘွား ဖြစ်လေသည်။

“ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ခေါ်တာဟာ မျက်လှည့်ပြဖို့ရယ်လို့တော့ မဟုတ်ပါဘူး ခင်ဗျာ၊ ကျွန်တော့် ပြသမှုက မျက်လှည့်နဲ့ တူနေရင်တော့ ခွင့်လွှတ်ကြပါ၊ ခင်ဗျားတို့အားလုံး ကြားဖူးကြမှာပါပဲ၊ ဟိုရှေးက စာတွေထဲမှာ နတ်ရေကန်က ရေချိုးရတဲ့အခါ ဘယ်လောက် အိုမင်းရင့်ရော်နေတဲ့သူပဲဖြစ်ဖြစ် တစ်ဆယ့်ခြောက်နှစ်အရွယ် ပြန်ပြီး နုပျို စိုပြည်သွားတယ် ဆိုတဲ့ ရှေးစကား ကြားဖူးကြရဲ့ မဟုတ်လား ခင်ဗျာ၊ အဲ… ယုံတော့ ယုံကြမယ် မထင်ဘူး၊ ဒါဟာ ပုံပြင်သက်သက်လို့ပဲ ထင်ကြမှာပဲ၊ ဒါပေမယ့် အဲဒါ ပုံပြင်မဟုတ်ဘူး၊ တကယ် ဆိုတာကို ဟောဒီ ခင်ဗျားတို့ရှေ့မှာ အခု မြင်နေရတဲ့ ပန်းခက်ကလေးက သက်သေခံနေပါတယ် ခင်ဗျား၊ လူကြီးမင်းများ မျက်မြင်ပါပဲ ခင်ဗျား”

ဤတွင်မှ အားလုံး အံ့အားသင့်ကာ “ဗျာ….” ဟု ဆိုလိုက်ကြသည်။ အမျိုးသမီးကြီးကား အံ့သြလွန်း၍ ဘာမှမပြောနိုင်။

“ဒါကိုပဲ ခင်ဗျားတို့စိတ်ထဲမှာ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ရှိနေမယ်ဆိုတာ ကျွန်တော် နားလည်နိုင်ပါတယ်၊ အကောင်းဆုံးကတော့ လူကြီးမင်းများ ခင်ဗျား၊ ကိုယ်တိုင် စမ်းသပ်ကြည့်ခြင်းဟာ အကောင်းဆုံးပါပဲ၊ အခု လူကြီးမင်းများရဲ့ ရှေ့မှာ ကျွန်တော် ချပေးထားတဲ့ ဖန်ခွက်ကလေးများနဲ့ ရေကို ခပ်ပြီး ကိုယ်တိုင် သောက်သုံးကြည့်ကြဖို့ပါပဲ”

ဘယ်သူ့ဆီက ဘာမှအသံ ထွက်မလာသော်လည်း စိတ်ထဲတွင်မူ “ဟာခနဲ” ဖြစ်သွားကြ၏။ ရှေးဦးစွာ ဖန်ခွက်ငယ်ကို ကောက်ကိုင်ကာ မရွံ့မရဲ စမ်းသပ်သူမှာ လက်များပင် တုန်နေပြီဖြစ်သော အဘွားအိုကလေး ဖြစ်လေသည်။ သူသည် တုန်ယင်သော လက်များဖြင့် ကြွေဇလုံထဲမှ ရေကို ခပ်ယူကာ နှုဘ်ခမ်း၌တေ့၍ တဖြည်းဖြည်း သောက်လိုက်၏။ စားပွဲရှိလူများက စံပယ်ပန်းကလေးကို ကြည့်စဉ်ကကဲ့သို့ သူ့အား အာရုံစူးစိုက်၍ ကြည့်နေကြလေသည်။

သူတို့မျက်လုံးများသည် ပြူးကျယ်သည်ထက် ပြူးကျယ်လာကြပြီး ဒုတိယမြောက် ဖန်ခွက်ကို ကောက်ကိုင်လိုက်သူမှာ ဗိုလ်မှူးကြီး ဖြစ်လေသည်။ ထိုအချိန်အတွင်း ဒေါ်ခင်ခင်လေးသည် သူ၏ကိုယ်ကို ငုံ့၍ကြည့်လိုက်ပြီး သူ၏ လက်ဖမိုးများကို ဖြန့်ကြည့်သည်။ ထို့နောက် ထိုင်ရာမှထကာ မလှမ်းမကမ်းရှိ ကိုယ်လုံးပေါ်မှန်ကြီးဆီသို့ အပြေးကလေး သွားကာ မှန်ရှေ့တွင် ရပ်လိုက်၏။ အခန်းကြီးထဲမှ မှိန်ပျပျမီးရောင်ဖြင့် သူ၏မျက်နှာပေါ်တွင် အရေးအစင်းများ မရှိတော့။ ပြည့်ဖြိုး စိုပြည်လာသည်ဟု ထင်ရလေသည်။

စိတ်ကထင်တာလား၊ တကယ်လား။ သူ့မျက်နှာသူ သူ၏ ပြည့်ဖြိုး သွယ်တန်းသော လက်ချောင်းများဖြင့် စမ်းသပ်ကြည့်နေစဉ် သူ၏နောက်နားမှ လာရပ်သော ဗိုလ်မှူးကြီးမှာ ဝတ်ဆင်ထားသည့် ကုတ်အင်္ကျီ၊ ဘောင်းဘီ စသည်တို့ ခပ်ပွပွ ဖြစ်နေသည်မှအပ ငယ်ရုပ်ငယ်သွေး ပေါ်နေ၏။

“အံ့ဖွယ်သူရဲပါပဲဗျာ” ဟု ပါမောက္ခဦးဘဖြူ၏ အော်ဟစ်သံ ချီးကျူးသံနှင့် မရှေးမနှောင်းပင်… “ထူးပါပေ့ဗျာ၊ တကယ်ပါပဲ” ဟူသော ဦးလှိုင်ဘွား၏အသံကိုပါ ကြားလိုက်ကြရ၏။

ဒေါ်ခင်ခင်လေးသည် မှန်ရှေ့မှ နောက်သို့လှည့်ကာ ဗိုလ်မှူးကြီးကို ကွင်းရှောင်လျက် ဒေါက်တာရွှေဇင် ရှိရာသို့ ပြေးလာပြီး ဒေါက်တာရွှေဇင်၏ ဆံပင်ဖြူကျိုးကျဲနှင့် နဖူးပြင်ကို နမ်းရှုပ်လိုက်စဉ် နောက်က ဗိုလ်မှူးကြီး ရောက်လာပြီး ပခုံးနှစ်ဖက်မှ ကိုင်ကာ သူ့ဘက်သို့ ဆွဲလှည့်လိုက်၏။

“အယ်မာရယ် စိတ်ပြောင်းသွားပြီလား”

ဦးလှိုင်ဘွားသည် ခပ်သွက်သွက်ပင် ထိုင်ရာမှ ထလာကာ ဒေါ်ခင်ခင်လေး၏ပခုံးနှစ်ဖက်၌ လက်တင်ထားသော ဗိုလ်မှူးကြီး၏လက်များကို ဆွဲချကာ “ဒီမှာ ဝီလီ၊ ပြီးတဲ့ကိစ္စက ပြီးပြီ၊ အယ်မာက ကိုယ့်ကိုယ်လက်ထပ်ဖို့ သ‌ဘောတူပြီးသား၊ ကိုဘဖြူကို မေးကြည့်၊ အယ်မာက ကိုယ်နဲ့ လက်ထပ်ဖို့ သဘောတူခဲ့တယ် မဟုတ်လား” ဟု ဆိုလိုက်သည်။

ဦးဘဖြူက “အို… အစ်ကိုကြီး ကိုလှိုင်ဘွားရယ်၊ ဒါကတော့ ဒီလိုပါ၊ အယ်မာနဲ့ ကျွန်တော်တို့ဟာက ကျောင်းမှာ တစ်တန်းတည်း”

ဟု ဝင်ပြောစဉ် ဗိုလ်မှူးကြီးကလည်း…

“ခင်ဗျားတို့ဟာတွေ ရှုပ်တယ်ဗျာ၊ အယ်မာ့ကိုပဲ မေး၊ ကျုပ်တို့ အခု နုပျိုစိုပြည်လာကြတော့ ကျုပ်တို့အချင်းချင်း ငြင်းခုံပြီး ဆုံးဖြတ်ကြရင်တော့၊ အင်း ကျုပ်မလဲ ကျုပ်ခွန်အားနဲ့ ကျုပ်” ဟု ရန်လိုသံဖြင့် ပြန်ပြောသည်။

ဒေါ်ခင်ခင်လေးမှာ ဘယ်သူ့အားမှလည်း မငြင်း၊ ဘယ်သူ့အားမှလည်း လက်မခံသေးဘဲ…

“နေကြပါဦး၊ နေကြပါဦး၊ ကျွန်မ ပြောပါရစေဦး၊ ကျွန်မ ပြောပါ့မယ်၊ ကျွန်မ အားလုံးကို ချစ်ပါတယ်၊ ရှင်တို့အားလုံးဟာ တကယ့်လူတော်ချည်းပါပဲ။ ဒါပေမယ့်…” ဟု တောင်းတောင်းပန်ပန် လေချိုသွေးနေစဉ်မှာပင်…

“တော်ပြီ အယ်မာ၊ ဘေးဖယ်နေစမ်း၊ ကိုယ်တို့ဘာသာ ကိုယ်တို့ ကြည့်ရှင်းရမယ့် ဒီကိစ္စ” ဟု ဦးလှိုင်ဘွားက ဆိုကာ သူ့အင်္ကျီလက်မောင်းကို ပင့်သည်တွင် ဗိုလ်မှူးကြီးက လက်သီး ဆုပ်သည်။ ဦးဘဖြူက ဒေါ်ခင်ခင်လေးအား သူ့ဘက်သို့ ဆွဲယူလိုက်၏၊ ဦးရွှေဇင်ကား အခန်းထဲတွင် တစ်ဦးတည်းသော အဘိုးအိုအဖြစ် နေရာမှမရွေ့။ သူ့ဧည့်သည်လေးဦး အငြင်းပွားနေကြသည်ကိုသာ ငြိမ်သက်စွာ ကြည့်နေလေသည်။

ဦးလှိုင်ဘွားက ဒေါ်ခင်ခင်လေး၏လက်မောင်းကို ဆုပ်ကိုင်လျက် သူ့ဘက်သို့ ဆွဲလှည့်နေသော ဦးဘဖြူအား ဒေါသမျက်လုံးများဖြင့် ကြည့်ကာ…

“ဪ… မင်းကလဲ ဒီလိုကိုး၊ အချောင်သမား မင့်ကိုလဲ ဆုံးမရသေးတာပေါ့ကွာ” ဟု အံကြိတ်၍ ဆိုလိုက်သည်။

ထိုနောက် တစ်ခဏသည် မည်ကဲ့သို့ ဖြစ်သွားသည် မသိ။ အဘိုးအို သုံးဦးသည် အဘွားအို ဒေါ်ခင်ခင်လေးအား ဝိုင်းအုံကာ သူရကိုယ်ရ လုရန် အားထုတ်လျက် ဒေါ်ခင်ခင်လေးကလည်း တစ်ယောက် တစ်လှည့်စီ တောင်းပန်လိုက် တားမြစ်လိုက်နှင့် တဖြည်းဖြည်း ပြင်းထန် လှုပ်ရှားလာကြကာ စားပွဲပတ်ချာ လှည့်၍ လိုက်တမ်း ပြေးတမ်း ကစားနေကြသည်သို့ ရှိကြ၏။

ဤရုန်းရင်းဆန်ခတ်အတွင်းမှာပင် စားပွဲပေါ်၌ တင်ထားသော ကြွေဇလုံကလေးသည် တစ်စုံတစ်ခုနှင့် ထိခိုက်ပြီး ကြမ်းပြင်ပေါ်သို့ ကျ၍ အစိတ်စိတ် အမြွာမြွာ ကွဲ‌လေ၏။ အထဲမှ ရေတို့သည်လည်း ကြမ်းပြင်တစ်လျှောက် ပြန့်စီးလျှက် မီးရောင်၌ တလက်လက် ရှိလေ၏။

ဒေါက်တာဦးရွှေဇင်သည် ထိုင်ရာမှ ဖြည်းညင်းစွာ ထကာ ကြွေဇလုံကွဲတွေ ကြားမှ ပန်းခက်ကလေးကို ကောက်ယူကာ တယုယ နမ်းလိုက်၏။ ပြီးလျှင် သူ၏ရင်၌ ထိုးထားလိုက်၏၊ သို့ရာတွင် ပန်းခက်ကလေးသည် ရေများ ခြောက်သွားကာ မူလပန်းခြောက်ကလေး၏အသွင်ဖြင့် ဒေါက်တာဦးရွှေဇင်၏ရင်ဘတ်ပေါ်တွင်ရှိဆဲ၊ လူအိုလေးဦးကား ဝရုန်းသုန်းကား ငြင်းခုံဆွဲလွဲကြဆဲ၊ တောင်းပန်ဆဲ၊ မာန်စောင်ရန်ထောင်ဆဲ။

“ကဲ- ကဲ မိတ်ဆွေကြီးများ ခင်ဗျား၊ ကိုယ့်အသက်အရွယ်ကိုလဲ ပြန်သတိရကြပါဦး၊ ခင်ဗျားတို့အသက် ဘယ်လောက်ရှိပြီဆိုတာ ကျုပ်က ထပ်ပြီး သတိမပေးပါရစေနဲ့တော့။ ကဲ… ကဲ၊ ကိုယ့်နေရာကိုယ် ထိုင်ကြပါ” ဟု လေးနက် တည်ကြည်သော အသံဖြင့် ပြောလိုက်ရာ ဧည့်သည်လေးဦးစလုံး ကိုယ့်နေရာ၌ကိုယ် ဝင်၍ ထိုင်လိုက်ကြသည်။ ဒေါသမျက်လုံးများက အရှိန်မပြေနိုင်ကြသေး။ အဘွားအိုတစ်ယောက်သာ ကြမ်းပြင်ပေါ်သို့ ကျကွဲသွားသော ကြွေဇလုံလေးနှင့် ပရမ်းပတာ ဖိတ်ကျလျက်ရှိသော ရေများကိုသာ နှမြောတသစွာ ကြည့်နေလေသည်။

“ဝမ်းနည်းပါတယ် ဒေါက်တာရွှေဇင်၊ ကျွန်မတို့အားလုံး ရုတ်တရက် သတိလစ်သွားကြပါတယ်” ဟု ဒေါ်ခင်ခင်လေးက တောင်းပန်သလို ပြောကာ အရေးအစင်းများနှင့် သူ၏မျက်နှာကို သူ၏ပိန်လှီ ခြောက်သွေ့သော လက်ချောင်းများဖြင့် ပွတ်သပ်သလို စမ်းရင်း မျက်နှာတစ်ခုလုံးကို လက်ဝါးနှစ်ဖက်ဖြင့် အုပ်၍ ငုံ့ထားလိုက်လေသည်။

“ကျုပ်တို့ရုပ်ရည်တွေဟာ ပြန်ပြီး နုပျိုသွားတာကတော့ ဒိဋ္ဌဓမ္မဗျ၊ ဒါ ကျုပ် သတိလစ်သွားတာ မဟုတ်ပါဘူး”

ဦးဘဖြူက ဆိုသည်။

ဦးလှိုင်ဘွားနှင့် ဗိုလ်မှူးကြီးတို့က မသိမသာ ခေါင်းညိတ်ပြကြသည်။

“သတိလစ်သွားတယ် ဆိုတာ မဟုတ်ပါဘူး၊ ကျုပ်တို့ငယ်ရုပ် ပေါ်သွားတာက မျက်မြင်ပဲ၊ ပန်းခက်ကလေးကလဲ မျက်မြင်ပဲ”

“ဟုတ်ပါတယ်၊ ခင်ဗျားတို့ သတိမလစ်ဘူး ဆိုတာလဲ ဟုတ်ပါတယ်၊ သတိလစ်သွားတယ် ဆိုတာလဲ တကယ်ပါပဲ၊ သတိမလစ်ဘူး ဆိုတာက ခင်ဗျားတို့အားလုံးဟာ အစကအဆုံး ဘာတွေဖြစ်တယ် ဆိုတာကို ကောင်းကောင်း မှတ်မိကြပါတယ်၊ ကျုပ်က စိတ်ညှို့ထားလို့ ဖြစ်တာ မဟုတ်ဘဲ၊ ခင်ဗျားတို့ရဲ့ မျက်စိအောက်မှာပဲ အထင်အရှား ဖြစ်တာ မှန်ပါတယ်။ အဲ… ခင်ဗျားတို့ သတိလစ်သွားတယ် ဆိုတာက ခင်ဗျားတို့ဟာ လက်ရှိ အသက်အရွယ်ကို ခဏမေ့သွားကြတာကို ဆိုလိုပါတယ်၊ အသက်အရွယ်အလိုက် ဘဝအတွေ့အကြုံနဲ့ အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန် ပိုင်းခြားတတ်တဲ့ အသိဥာဏ်ဟာ ခေတ္တခဏ ဆိတ်သုဉ်းသွားတယ်လို့ ဆိုနိုင်ပါတယ်…”

အားလုံး တိတ်ဆိတ်နေကြရာမှ ဦးဘဖြူက…

“အံ့သြလောက်ပါတယ် ဒေါက်တာ၊ ဒီ… ဒီ… နတ်ရေစင်ဆေးကို ထပ်မံ ဖော်စပ်လို့ကော ရနိုင်ပါသေးသလား” ဟု မေးသည်တွင် ကျန်ဧည့်သည် သုံးဦးကလည်း ဦးဘဖြူ၏မေးခွန်းကို သဘောတူ ထောက်ခံသည့်အလား ခေါင်းညိတ်၍ ပြကာ ဒေါက်တာရွှေဇင်၏အ‌ဖြေကို နားစွင့်နေကြလေသည်။

“ရပါတယ်၊ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ ဒေါက်တာ”

“ကျွန်တော် ဒါကို ဆက်မလုပ်‌တော့ပါဘူး”

“ဟာ…..”

အားလုံး သံပြိုင် ဆိုလိုက်ကြပြီး ဒေါက်တာ ရွှေဇင်အား စိုက်ကြည့်နေလိုက်ကြသည်။

“ဘာဖြစ်လို့လဲ ဒေါက်တာရယ်”

“ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်စမ်းသပ်မှုက အောင်မြင်ခဲ့ပေမယ့် ကျွန်တော့်ရည်ရွယ်ချက် မအောင်မြင်ခဲ့လို့ပါပဲ၊ ကဲ…လူကြီးမင်းများ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းက ကျွန်တော် လူကြီးမင်းများရဲ့ ကားတွေကို ဖုန်းဆက်မှာထားလို့ အိမ်ရှေ့မှာ ရောက်နေကြပါပြီ၊ အခုလို ကြွရောက်လာကြတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်”

(Nathaniel Hawthorne ၏ Dr.Heidegger’s Experiment of ဖတ်ပြီး ရေးပါသည်။)

———–
#ထင်လင်း
ရင်ခုန်ပွင့် မဂ္ဂဇင်း၊ မတ်၊ ၁၉၉၃။
(စာမျက်နှာ ၃၄-၄၁)

Leave a Reply

Your email address will not be published. Required fields are marked *