Novel

#ကျောင်းသားဆရာ

————————-မင်းလူ

သူတို့တစ်တွေ မဆုံဖြစ်သည်မှာ အတန်ကြာပြီ။
တစ်လလောက်ရှိပြီ ထင်သည်။ ခါတိုင်းဆိုလျှင် တစ်ပတ်တစ်ကြိမ်လောက် လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ
ဆုံလေ့ရှိသည်။ လမ်းထိပ်လက်ဖက်ရည်ဆိုင် ဆိုသည်မှာ သူတို့ဘာသာပေးထားသော အမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုဆိုင်တွင် ခေါ်စရာ နာမည်ဆိုင်းဘုတ် မရှိသောကြောင့်ပင်။

ထိုဆိုင်သည် ဘတ်စ်ကားမှတ်တိုင်အနီးရှိ ဆိုက်ကားတဲဟောင်းတစ်ခုမှာ ဖွင့်ထားခြင်းဖြစ်သည်။
ဆိုင်တွင်းမှာ စားပွဲနှစ်လုံးလောက်ရှိပြီး ဆိုင်ပြင် ညောင်ပင်အောက်တွင် နှစ်လုံးလောက်ရှိ၏။ ဆိုင်နာမည်မရှိ။ သူတို့ကမူ လမ်းထိပ်မှာဖွင့်ထားသော ဆိုင်ဖြစ်သဖြင့် လမ်းထိပ်ဆိုင်ဟု ခေါ်လေ့ရှိသည်။
သူတို့ကား တင်ထွတ်အောင်၊ မောင်လှနှင့် ထွန်းမြင့်တို့ပင် ဖြစ်သည်။ အားလုံးမှာ
တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြ၏။
တက္ကသိုလ်ကျောင်းသား ဆိုသော်လည်း နေ့စဉ်နေ့တိုင်း လက်ဖက်ရည်ဆိုင် ထိုင်နိုင်သူများ မဟုတ်ကြပါ။
ကျောင်းမှာ သူတို့ချင်း တစ်ခါတစ်ရံ ဆုံကြသောအခါကျမှ ထိုင်ဖြစ်သည်။ လမ်းထိပ်ဆိုင်မှာတော့
တစ်ပတ်လျှင် တစ်ကြိမ်ကျ ဆုံဖြစ်လေ့ရှိသည်။
အခု ကျောင်းပိတ်ရက်အတွင်း၌ကား ဤဆိုင်တွင် တစ်လနီးပါးလောက် မထိုင်ဖြစ်ခဲ့။ သူတို့
ခရီးထွက်နေကြသောကြောင့် ဖြစ်သည်။ အ’သုံးလုံး လုပ်အားပေးခရီး။
မနေ့ကမှ ပြန်ရောက်ကြသည်။ ထို့ကြောင့် ဒီဆိုင်ကလေးမှာ ဒီနေ့ဆုံရန် ချိန်းဆိုထားကြခြင်း ဖြစ်လေသည်။
“ဒီဆိုင်လေးမှာ မထိုင်ရတာတောင် တော်တော်ကြာပြီကွာ”
ဟု တင်ထွတ်အောင်က ပြောလိုက်သည်။
“မင်းတို့က တော်သေးတယ်.. ငါဆိုရင် ဒီဆိုင်ကို အရမ်းလွမ်းတာပဲ”
မောင်လှက ပြောသည်။
ထွန်းမြင့်က..
“ဘာဖြစ်လို့ လွမ်းတာလဲ” ဟု မေး၏။
“ဟာ..ဘာပြောကောင်းမလဲ၊ ငါသွားတဲ့ရွာက လက်ဖက်ရည်ဆိုင် လုံးဝမရှိဘူးကွ၊ သူတို့ဆီမှာ
လက်ဖက်ရည်လည်း မသောက်ကြဘူး၊ ရေနွေးကြမ်းပဲ သောက်ကြတာ”
ဆိုပြီး မောင်လှက သူရောက်ခဲ့သော ရွာအကြောင်း ပြောပြသည်။
သူတို့သုံးယောက်သည် အ’သုံးလုံးလုပ်အားပေး သွားကြရာတွင် တစ်ယောက်တစ်နယ်စီ ကျသဖြင့် အတူတူ
မသွားခဲ့ကြရ။ တသီးတခြားစီ ဖြစ်သည်။ ထို့ကြောင့် ယခုဆုံကြခြင်းသည် မိမိသွားရောက်ခဲ့ရသော
မြို့နယ်များမှ အတွေ့အကြုံများကို အချင်းချင်း ဖလှယ်ကြရန် တွေ့ကြသည့်သဘောပင် ဖြစ်၏။
“ငါသွားရတဲ့ နေရာက ချောင်းရိုးကလေးအတိုင်း ပဲ့ချိတ်လိုဟာကလေးနဲ့ သွားရတာ၊
လှေဆိပ်ရောက်တော့ ရွာကို တစ်မိုင်လောက် သွားရသေးတယ်”
မောင်လှနှင့် အခြား လုပ်အားပေးကျောင်းသားအဖွဲ့ ရွာသို့ရောက်လျှင် ကျေးရွာလူကြီးများက
ကြိုဆိုနေရာချထားပေးကြသည်။ ပြီးတော့ နံနက်စာ ထမင်းပွဲ။ ဥက္ကဋ္ဌအိမ်တွင် စားပွဲဝိုင်းကြီးကြီး မရှိသဖြင့်
ဘုန်းကြီးကျောင်းမှ သွားငှားလာပြီး သူတို့အတွက် ထမင်းပွဲ ပြင်ရသည်။ ဟုတ်လည်း ဟုတ်သည်။
သူတို့အတွက် စီစဉ်ထားသော ဟင်းခွက်အမယ်များမှာ များပြားလွန်းသဖြင့် ဘုန်းကြီးကျောင်းမှ
စားပွဲဝိုင်းကြီးနှင့်မှ ဆန့်မည် ဖြစ်သောကြောင့်ပင်။

“ငါတို့လည်း ထမင်းစားပြီးတာနဲ့ ရွာထဲလျှောက်ကြည့်ဦးမယ်ဆိုပြီး ထွက်ခဲ့ကြတာပေါ့၊ အမှန်က
လက်ဖက်ရည်ဆိုင် လိုက်ရှာတာ၊ တစ်ရွာလုံးမှာ တစ်ဆိုင်မှမရှိဘူး၊ မင်းတို့သိတဲ့အတိုင်း ငါက
လက်ဖက်ရည်မသောက်ရရင် နေနိုင်တဲ့ကောင်မှ မဟုတ်တာ၊ ပြဿနာတက်ရော၊ ငါကွာ.. အဲဒီရွာမှာ
နေခဲ့သမျှ တစ်ချိန်လုံး လက်ဖက်ရည်တစ်ခွက်မှ မသောက်ခဲ့ရဘူး”
“ရွာက လူကြီးတွေက မတိုက်ဘူးလား”
“သူတို့ဆီမှာက လက်ဖက်ရည်သောက်တဲ့ ထုံးစံကို မရှိတာကွ၊ ငါတို့ကိုတော့ မေးပါတယ်၊
ဘာလိုသေးလဲ.. ဘာလိုသေးလဲနဲ့၊ လက်ဖက်ရည်သောက်ချင်တယ် ပြောရင်လည်း မရရအောင်
စီစဉ်ပေးမှာပဲ၊ မြို့တက်ပြီး လက်ဖက်ခြောက်၊ နို့ဆီ၊ သကြား သွားဝယ်ပေးကြမှာပဲ၊ ဒါပေမယ့်ကွာ..
ဘယ်ပြောလို့ကောင်းမလဲ၊ ငါတို့သွားကြတာက အလည်သွားတာမှ မဟုတ်ဘဲ၊ လုပ်အားပေးဖို့
သွားတာပဲဟာ၊ ပြီးတော့ လက်ဖက်ရည်သာ မသောက်ရတာ၊ တစ်နေ့ တစ်နေ့ သူတို့ဧည့်ခံကျွေးမွေးတဲ့
တခြားစားစရာတွေက အများကြီးကွ၊ တစ်မျိုးပြီး တစ်မျိုးပဲ”
ထို့နောက် စာသင်ရာတွင် တွေ့ကြုံရသော အခက်အခဲများ၊ ရယ်စရာများ၊ ပျော်ရွှင်စရာများ ပြောပြသည်။
ပြီးတော့….
“အံမယ်.. ဟေ့ကောင်တွေ၊ ငါရောက်သွားတဲ့ရွာက လက်ဖက်ရည်ဆိုင်သာ မရှိတာ၊ ထန်းရည်ဆိုင်တော့
ရှိတယ်ကွ”
“ဟာ.. ဒါဆို ဘယ်ဆိုးလို့လဲ” ဟု တင်ထွတ်အောင်က ဝင်ပြောသည်။
မောင်လှက..
“မင်းအတွက်တော့ ဟုတ်မှာပေါ့၊ ဒီလိုကွ၊ အဲဒီရွာမှာက ထန်းရည်သိပ်ကောင်းတယ်၊ သူတို့တစ်ရွာလုံး
ထန်းရည်သောက်တတ်ကြတယ်ကွ”
“အားလုံး…. ဟုတ်လား”
“အေးကွ၊ ကလေးတွေရော၊ မိန်းကလေးတွေရော သောက်ကြတာပဲ၊ ကလေးတွေ၊ မိန်းမတွေကတော့
ထန်းရည်အချိုပေါ့ကွာ၊ ယောက်ျားတွေကတော့ အခါးသောက်ကြတယ်၊ လူငယ်တွေဆိုရင်လည်း
ငါတို့ဆီမှာ လက်ဖက်ရည်ဆိုင် ထိုင်ကြသလို ညနေစောင်းရင် ထန်းရည်တဲမှာ ထိုင်ကြတာပဲ”
“ဟာ.. တစ်ရွာလုံး မူးနေကြမှာပေါ့”
“မမူးဘူး၊ သူတို့သောက်ကြတာ အခါးဆိုပေမယ့် ပုစွန်ဆိတ်ခုန်လောက် သောက်ကြတာ၊ ထူးခြားတာက
အဲဒီရွာမှာ အရက်ဆိုင် မရှိဘူး၊ အရက်ချက်တဲ့လူ မရှိဘူး၊ ပြီးတော့ ထန်းရည်သောက်ကြတယ် ဆိုပေမယ့်
မူးပြီးရမ်းတဲ့သူ မရှိဘူး၊ ခိုက်ရန်ဖြစ်တာလည်း မရှိဘူးကွ”
“မင်းရော.. မသောက်ခဲ့ဘူးလား”
“ငါမှ ထန်းရည်မကြိုက်တာ”
“မင်းနဲ့ငါနဲ့ နေရာလဲလိုက်ချင်တယ်ကွာ၊ ငါရောက်သွားတဲ့ နေရာကတော့….” ဆိုပြီး တင်ထွတ်အောင်က
သူလုပ်အားပေးသွားခဲ့ရသော ရွာကလေးအကြောင်း ပြောပြပြန်သည်။
“ငါသွားရတဲ့ နေရာနဲ့တော့ ကွာပါ့ကွာ၊ ရွာကလေးက မြို့နယ်အခြေစိုက်စခန်းကနေ တော်တော်ဝေးဝေး
သွားရသေးတယ်၊ တောင်ခြေက ရွာကလေးကွ၊ အနီးဆုံးဆိုတဲ့ မြို့နဲ့တောင် တော်တော်
အဆက်အသွယ်ပြတ်တယ်၊ နောက်ပြီးတော့ အနီးအနားမှာ တခြားရွာလည်း မရှိဘူးကွာ၊
တော်တော်ခေါင်တယ်လို့ ဆိုရမှာပေါ့၊ ဘယ်လောက်ထိ ခေါင်သလဲဆိုတော့….”

ထိုရွာကလေးတွင် လက်ဖက်ရည်ဆိုင် မရှိ။ ထန်းရည်ဆိုင် မရှိ။ အရက်ဆိုင် မရှိ။ ကုန်စုံဆိုင် မရှိ။
ယုတ်စွအဆုံး ဆေးလိပ်ဆိုင်ပင် မရှိ။ ဆိုင်ဆိုလို့ တစ်ဆိုင်သာရှိသည်။ သို့ရာတွင် သူနှင့် လုံးဝအပ်စပ်သော
ဆိုင်မဟုတ်ဟု တင်ထွတ်အောင်က ဆိုသည်။
“ဘာဆိုင်မို့လို့လဲကွ”
“ဆံပင်ညှပ်ဆိုင်လေ”
မောင်လှနှင့် ထွန်းမြင့်တို့က ရယ်ကြ၏။ တင်ထွတ်အောင်သည် ဆံပင်ရှည်ထားသူ ဖြစ်သည်။
“အဲဒီ ဆံပင်ညှပ်ဆိုင်ကလူကလည်း တစ်မျိုးပဲကွ၊ ရွာကို သူ့ဘာသာသူ ရောက်လာတာ၊
ဆံပင်ညှပ်ဆိုင်ဖွင့်ရင်းက ရွာထဲက ကလေးတွေခေါ်ပြီး စာသင်ပေးတယ်၊ ဒီလိုနဲ့ သူက ရွာရဲ့ကျောင်းဆရာ
ဖြစ်လာတာပေါ့၊ သူ့ကို ဆံပင်ညှပ်ဆရာလို့ ခေါ်ကြတယ်ကွ၊ ပြီးတော့ ထူးခြားတာက တစ်ရွာလုံးမှာ
မျက်မှန်တပ်တာဆိုလို့ အဲဒီဆံပင်ညှပ်ဆရာတစ်ယောက်ပဲ ရှိတယ်၊ အဲဒီမှာ ငါ့အတွက်
ပြဿနာတက်တာပေါ့”
“ဘယ်လိုတက်တာလဲ”
ဟု ထွန်းမြင့်က စကားထောက်ပေးလိုက်သည်။
“ဒီလိုကွ၊ ရွာမှာ စာစသင်ကြတဲ့အခါကျတော့ ငါနဲ့အတူတူသွားတဲ့ တခြားလူတွေ သင်လို့ရှိရင်
ရွာသူရွာသားတွေက လိုက်ဆိုကြတယ်၊ ငါသင်တဲ့အခါကျရင် သိပ်မဆိုချင်ကြဘူး၊ ပြီးတော့
တခြားလူတွေကျတော့ ဆရာလို့ခေါ်တယ်၊ ငါ့ကျတော့ ဆရာလို့ မခေါ်ဘူးကွ”
“မင်းရုပ်က ဆရာနဲ့မတူလို့ နေမှာပေါ့”
“မဟုတ်ဘူးကွ၊ မျက်မှန်မပါလို့”
“ဟင်.. ဘာဆိုင်လို့လဲ”
“ဆိုင်တယ်ကွ၊ သူတို့တစ်ရွာလုံးမှာ မျက်မှန်တပ်တဲ့လူဆိုလို့ ဆံပင်ညှပ်ဆရာတစ်ယောက်ပဲ ရှိတယ်။
ဒီတော့ ရွာသူရွာသားတွေစိတ်ထဲမှာ ဆရာဆိုရင် မျက်မှန်တပ်ရတယ်လို့ စွဲမှတ်နေရတာပေါ့၊ ဖြစ်ချင်တော့
ငါနဲ့အတူတူသွားတဲ့ တခြားနှစ်ယောက်ကလည်း မျက်မှန်နဲ့ပဲ၊ ဒီတော့ ရွာကလူတွေက ငါ့ကို ဆရာလို့
မထင်ကြတော့ဘူးပေါ့ကွာ၊ ဒီတော့ ငါလည်း ဘာလုပ်ရသလဲဆိုတော့ ငါနဲ့အတူတူသွားတဲ့
တခြားတစ်ယောက်ဆီမှာ ပါလာတဲ့ နေကာမျက်မှန်ကြီးယူပြီး စာသင်ဆဲ့ဆီ သွားတဲ့အခါ
တပ်တပ်သွားရတယ်၊ အဲဒီတော့မှပဲ ငါ့ကို ဟိုက ဆရာ၊ ဒီက ဆရာနဲ့ ခေါ်ကြတော့တယ်၊ အံမယ်.. တချို့က
ပြောကြသေးတယ်ကွ၊ ဒီဆရာက စာပိုတတ်တယ်တဲ့၊ ဒါကြောင့် သူ့မျက်မှန်ကြီးက မည်းနေတာတဲ့ကွ”
ထွန်းမြင့်ကလည်း သူ့အတွေ့အကြုံကို ပြောပြလေသည်။ သူရောက်ရှိသွားသော ရွာကလေးမှာ မြို့နှင့်
အတော်လှမ်းသော်လည်း ရွာထိရောက်အောင် ကားသွားလို့ရသည်။ ရွာသူရွာသားတို့၏ လုပ်အားဖြင့်
ဖောက်လုပ်ထားခြင်း ဖြစ်သည်။
လမ်းက မြေနီလမ်း၊ သို့ရာတွင် မိုးပါးသောအရပ်ဖြစ်၍ ရာသီမရွေး သွားလာနိုင်သည်။ ထိုရွာကလေးကို
စနစ်ကျစွာ တည်ဆောက်ထားသည်။ အိမ်ကလေးများသည် အကွက်အကွင်းကျပြီး သပ်သပ်ရပ်ရပ်ရှိသည်။
ရွာလမ်းများမှာ အားလုံးလိုလို ညီညာဖြောင့်တန်းကာ သန့်ရှင်းနေ၏။
“အဲဒီရွာရဲ့ ထူးခြားချက်က ဘာလဲသိလား”
“အရက်ဆိုင်မရှိတာ မဟုတ်လား”

“မဟုတ်ဘူး သူငယ်ချင်း၊ အရက်ဆိုင်ရှိတယ်၊ အစိုးရက ဖွင့်ထားတဲ့ဆိုင်၊ လက်ဖက်ရည်ဆိုင်၊
စားသောက်ဆိုင် အကုန်ရှိတယ်၊ ငါပြောတဲ့ ထူးခြားတယ်ဆိုတာက အဲဒီရွာမှာရှိတဲ့ မိန်းကလေးတွေဟာ
အားလုံးလိုလို လှကြတာချည်းပဲ ဆိုတဲ့အကြောင်းပဲကွ”
“ဒါဆို.. မင်း ဇာတ်လမ်းကလေးတွေ ဖြစ်ခဲ့မှာပေါ့”
“အေး…. ဖြစ်ခဲ့တယ်၊ မဖြစ်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ခဲ့တယ်ဆိုပါတော့”
ရွာက မိန်းကလေးတွေအားလုံး အချောအလှတွေချည်း ဖြစ်၏။ ထိုအထဲတွင် အချောဆုံး
မိန်းကလေးတစ်ယောက် ရှိသည်။ ထိုရွာကလေးမှာမို့ အချောဆုံးဟု ဆိုရခြင်းမဟုတ်။ ထိုမိန်းကလေးကို
ရန်ကုန်တက္ကသိုလ်၏ အလယ်ခေါင်မှာ ချပြလျှင်လည်း အချောဆုံး ဖြစ်နေမည်မှာ သေချာသည်။
တစ်ခုတော့ ရှိသည်။ သူသည် စာမတတ်ရှာချေ။ သူ့မိဘများက စီးပွားရေးအခြေအနေ မဆိုးလှ။
တစ်ဦးတည်းသော သမီးကလေးကို အလွန်ချစ်ကြသည်။ သို့ရာတွင် ထိုမိန်းကလေးသည် ဘယ်လိုမှ
စာသင်ပေးလို့မရ။ ကျောင်းထားလို့လည်း မရ။ သို့ဖြင့် လက်လျှော့ထားရခြင်း ဖြစ်သည်။
“ဘယ်လောက်ထူးဆန်းသလဲဆိုတော့ အဲဒီကောင်မလေးက ငါသင်မယ့် အ’သုံးလုံးတန်းမှာကျတော့
တက်ပါ့မယ် ဖြစ်ကရောကွာ၊ သူ့မိဘတွေဆိုတာ ဝမ်းသာကြလွန်းလို့၊ ဆရာလေးရယ်..
သမီးလေးစာတတ်ရင် တော်ပါပြီလို့ ပြောကြတယ်၊ ပုံစံကတော့ ငါကသာ အဲဒီကောင်မလေးကို
ယူမယ်ဆိုရင် ပေးစားမှာပဲကွ”
“ကောင်မလေးကရော”
“ကောင်မလေးကလား…. ငါ့အပေါ် အရမ်း သံယောဇဉ်ဖြစ်နေတာကွ”
“မင်းကရော”
တင်ထွတ်အောင်က မေးလိုက်သောအခါ ထွန်းမြင့် ငိုင်ကျသွားသည်။ ပြီးတော့..
“ငါ သူ့ကို မြင်မြင်ချင်း စိတ်ဝင်စားခဲ့မိတယ်” ဟု ခပ်တိုးတိုးပြောသည်။
“ဒါဆို အားလုံးအဆင်ပြေနေပြီပဲ”
“ဒါပေမယ့်…. ငါ ဖွင့်မပြောခဲ့ဘူးကွ”
“ဟင်.. ဘာဖြစ်လို့လဲ”
“သူ ငါ့ကို ခင်မင်နေတာဟာ သူ့ကိုစာသင်ပေးတဲ့ ကျေးဇူးရှင်တစ်ယောက်ကို ခင်သလို၊
ကျောင်းသူလေးတစ်ယောက်က ဆရာတစ်ယောက်ကို ခင်မင်နေသလိုမျိုးကွ၊ ငါက သူ့ကို စာသင်ပေးရတဲ့ကျေးဇူးကို အခွင့်ကောင်း မယူချင်ဘူး၊ ပြီးတော့ သူ့ကိုဖွင့်ပြောမယ်လို့ စဉ်းစားလိုက်တဲ့ အခါတိုင်း ငါဟာ
ဆရာပါလားဆိုတဲ့စိတ် ဝင်လာတယ်၊ တကယ်တော့ ငါဟာ ကျောင်းသားတစ်ယောက်၊
အ’သုံးလုံးလုပ်အားပေးဆရာအဖြစ် နေရတာက တစ်လလောက်ပဲ ကြာမယ်၊ ဒါပေမယ့်
အဲဒီရက်ကလေးအတွင်းမှာ ငါ့ကိုယ်ငါ တကယ့်ကျောင်းဆရာအစစ်လို့ ထင်နေမိတယ်၊ ဆရာဆိုတာ
တပည့်ကျောင်းသူအပေါ် မပြစ်မှားကောင်းဘူးဆိုတဲ့ အစွဲဝင်နေတယ်၊ ငါတို့ဟာ တက္ကသိုလ်ကျောင်းမှာ
ရှိနေတဲ့အခါ ကျောင်းသားစိတ်နဲ့ နေချင်နေမယ်၊ ဟိုအချိန်မှာတော့ ဆရာစိတ်နဲ့ပဲ နေရမယ်လို့ ငါ့ကိုယ်ငါ
ဆုံးမပြီး….”

ထွန်းမြင့်သည် စကားမဆက်။ သို့ရာတွင် တင်ထွတ်အောင်နှင့် မောင်လှတို့က နားလည်လိုက်သည်။

မင်းလူ
ကျွန်တော်ချစ်သောစာအုပ်များ မှ

_____________*************_____________

#မင်းလူ
#ကျောင်းသားဆရာ

#ခိုင်နီလာမောင်_ပေ့ခ်ျထဲမှထပ်ဆင့်ကူးယူမျှဝေပေးပါသည်။

#စာပေဟောပြောပွဲမှ

Leave a Reply

Your email address will not be published. Required fields are marked *